← Chapters

အခန်း (၃၃၂)

Vol. 34 Ch. 332

အခန်း (၃၃၂)

Vol. 34 Ch. 332

အခန်း။ ၃၃၂

တစ်ချိန်တည်းမှာပင် အရေးအကြီးဆုံးကိစ္စမှာ လယ်ယာစိုက်ပျိုးရေးနတ်ဘုရားစစ်မြေပြင်အပြင်ဘက်ရှိ အစီအရင်၏ နောက်ဆုံးအပိုင်းမှာ ပြီးစီးလုနီးပါးဖြစ်နေပြီး နောက်ဆုံးကျောက်တိုင်တစ်တိုင်သာ ကျန်ရှိတော့ခြင်းပင်။

အမြင့် မီတာ ၅၀၀ နှင့် အချင်း မီတာ ၅၀ ရှိသည့် အဆုံးစွန်သတ္တုကျောက်တိုင်များကို စစ်မြေပြင်အား ဝန်းရံထားသည့် တောင်ထိပ်များပေါ်တွင် စိုက်ထူထားသည်။

ကီလိုမီတာပေါင်းများစွာ မြင့်မားသည့် တောင်တန်းများပေါ်တွင် မီတာ ၅၀၀ မြင့်သည့် ကျောက်တိုင်ကြီးများ ရှိနေပြီး ၎င်းတို့ပေါ်တွင် မြွေနဂါးများတွားသွားသကဲ့သို့ အင်းကွက်များကို ထွင်းထုထားသည်။ သတ္တုကြောဧရာမတိုင်ကြီးများပေါ်တွင် ရိုက်နှိပ်ထားသည့် ထိုအင်းကွက်များသည် ကောင်းကင်ထောက်တိုင်ကြီးများအလား ထူးခြားဆန်းပြားသည့် အလင်းတန်းများဖြင့် တောက်ပနေတော့သည်။

နေရောင်ခြည်သည် မြင့်မားလှသော ကျောက်တိုင်ကြီးများပေါ်သို့ ဖြာကျနေပြီး အရောင်အသွေးစုံလင်သည့် သက်တံရောင်စဉ်တန်းများမှာလည်း အလွှာလိုက် အလွှာလိုက် စီးဆင်းနေသည်။

(၁၀၈) တိုင်မြောက် ကျောက်တိုင်ကြီးပေါ်တွင် ရွှီရန်သည် သူ၏ဓားကို ကျွမ်းကျင်စွာဝှေ့ယမ်းရင်း လေထဲတွင် ဝဲပျံနေသည်။ သူ၏ ဓားချက်များမှာ ရေစီးကြောင်းတစ်ခုအလား စီးဆင်းနေ၏။

ဓားနှင့် သတ္တုတိုင်တို့ ထိခိုက်သံမှာ ဂီတသံစဉ်တစ်ခုကဲ့သို့ ရိုက်ခတ်နေသည်။

နောက်ဆုံးဓားချက်ကို ထွင်းထုလိုက်ကာ ရွှီရန်သည် သူ၏နဖူးမှ ချွေးများကို သုတ်လိုက်ရင်း သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်မိသည်။

“ပြီးပြီ”

ရက်ပေါင်း ၂၀ ကြာ ပင်ပင်ပန်းပန်း ထွင်းထုခဲ့ရပြီးနောက် နောက်ဆုံးဓားချက်မှာ ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ အစီအရင်ကို စတင်နှိုးဆွလိုက်သည်နှင့် ၎င်းသည် ဧရာမ ဝါးမြိုခြင်းနှင့် ပြိုကွဲခြင်း အစီအရင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပေတော့မည်။

ယဲ့ဖျင်သည် သတင်းထောက်အဖွဲ့တစ်ဖွဲ့နှင့်အတူ ဘေးတွင် ရပ်နေသည်။

အချို့မှာ ကင်မရာများကို ပခုံးပေါ်တွင် ထမ်းထားကြပြီး အချို့မှာ မြေပြင်တွင် အသေတပ်ဆင်ကာ ဤအရေးကြီးသော အခိုက်အတန့်ကို မှတ်တမ်းတင်နေကြသည်။

“အားလုံး ထွင်းပြီးပြီလား အခုပဲ စတင်လည်ပတ်လို့ ရပြီလား”

ရွှီရန်က ခေါင်းညိတ်ပြသည်။

“ထွင်းတာ ပြီးပါပြီ။ ကျွန်တော့်ရဲ့ ဝိညာဉ်စွမ်းအားနဲ့ သွေးစွမ်းအင်ကို သုံးပြီး တစ်ခါလောက် စတင်နှိုးဆွပေးဖို့ပဲ လိုတော့တယ်”

၎င်းမှာ ရေတွင်းဟောင်းတစ်ခုအတွင်းမှ ရေကို ပြန်ထုတ်ယူရန်အတွက် ရှေ့ပြေးရေ အနည်းငယ် လောင်းထည့်ပေးရသကဲ့သို့ပင်။

အစီအရင်တစ်ခု ထွင်းထုပြီးချိန်တွင်လည်း စတင်လည်ပတ်နိုင်ရန် လမ်းပြစွမ်းအင် အနည်းငယ် လိုအပ်သည်။

ယဲ့ဖျင်၏ မျက်နှာတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။

“ရွှီရန်လေး... အခုပဲ စတင်လိုက်တော့။ အားလုံးက မင်းကို မှတ်တမ်းတင်နေကြပြီ”

ရွှီရန် “အဝေးက မြင်ကွင်းတွေကို ရိုက်ကူးဖို့ အကြံပေးချင်ပါတယ်။ ဒီမြင်ကွင်းက တကယ့်ကို ခမ်းနားမှာမို့လို့ပါ”

ညွှန်ကြားချက်အတိုင်းပင် ကင်မရာဆရာများမှာ ချက်ချင်းပင် နေရာညှိလိုက်ကြသည်။

ရွှီရန်သည် နောက်ဆုံးကျောက်တိုင်ကြီးရှေ့တွင် ရပ်ကာ သွေးစွမ်းအင်တန်ဖိုးနှင့် ဝိညာဉ်စွမ်းအားတို့ကို ထည့်သွင်းလိုက်ပြီးနောက် ရွှေရောင်အလင်းတန်းများ လွှမ်းခြုံလျက် ကျောက်တိုင်များအကြားသို့ ခုန်ကူးသွားတော့သည်။

ဒရုန်းဖြင့် ရိုက်ကူးထားသည့် အမြင့်မြင်ကွင်းတွင် ထိုလူငယ်လေးသည် ကျောက်တိုင်များအကြား လျင်မြန်စွာ ခုန်ကူးနေပြီး ရွှေရောင်အလင်းတန်းများက တစ်တိုင်နှင့်တစ်တိုင် စတင်ချိတ်ဆက်သွားသည်ကို တွေ့ရသည်။

မကြာမီမှာပင် ရွှေရောင်အလင်းတန်းသည် ကျောက်တိုင် (၁၀၈) တိုင်စလုံးကို ချိတ်ဆက်မိသွားသည်။

“ဝီ... ဝီ...”

“ဝီ... ဝီ...”

ကောင်းကင်နှင့် မြေကြီးကို သတ္တုသံဖြင့် ပဲ့တင်ထပ်စေသကဲ့သို့ ထူးဆန်းလှသော တုန်ခါမှုများက လေထုထဲတွင် ပျံ့နှံ့သွားသည်။

ထို့နောက် ပိုမိုအားကောင်းသည့် ရွှေရောင်တန်းများသည် ကျောက်တိုင်များမှ ထွက်ပေါ်လာကာ ကောင်းကင်ယံသို့ ပြန့်ကားသွားပြီး မြို့ရိုးများကဲ့သို့ ထူထဲကာ နတ်ဘုရားအရှိန်အဝါများ စီးဆင်းနေသည့် အလင်းအလွှာတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

စတုရန်းမီတာ ၆ သိန်း ကျယ်ဝန်းသည့် စစ်မြေပြင်တစ်ခုလုံးနှင့် လယ်ယာစိုက်ပျိုးရေးနတ်ဘုရား၏ ကျယ်ပြောလှသော သစ်တောကြီးမှာလည်း လွှမ်းခြုံခံလိုက်ရသည်။

မီတာ ၅၀၀ မြင့်သည့် ဧရာမကျောက်တိုင် အစီအရင်ကြီးသည် ခွက်ပုံစံစစ်မြေပြင်ထက် ဆယ်ဆခန့် ပိုမိုကျယ်ဝန်းသည်။

မီတာ ၄,၀၀၀ မြင့်သည့် တောင်တန်းများနှင့် မီတာ ၅၀၀ မြင့်သည့် ကျောက်တိုင်ကြီးများမှာ အထပ် ၂၀၀ ရှိသော မိုးမျှော်တိုက်ကြီးများအလား အဝေးမှပင် အထင်အရှား မြင်တွေ့နေရသည်။

တောင်ထိပ်များပေါ်တွင် နတ်ဘုရားလက်ရာတစ်ခုကို စိုက်ထူထားသကဲ့သို့ပင်။

အစီအရင်မှ ထွက်ပေါ်လာသည့် ရွှေရောင်အလင်းတန်းများက ထိုဒေသတစ်ခုလုံးကို လွှမ်းခြုံသွားသည့်အခါ ကြောက်မက်ဖွယ်ကောင်းသော စုပ်ယူခြင်း၊ ဆုတ်ဖြဲခြင်း၊ ပြိုကွဲစေခြင်းနှင့် အသွင်ပြောင်းလဲခြင်း စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

ခွက်ပုံစံစစ်မြေပြင်အတွင်းရှိ မီတာတစ်ရာကျော် ရှည်လျားသည့် ဧရာမ ဝေလငါးကြီးမှာ ထိုစွမ်းအားကို ပထမဆုံး ခံစားလိုက်ရသည်။

၎င်းတို့မှာ အပိုင်းပိုင်းအပြတ်ပြတ် ဆုတ်ဖြဲခံလိုက်ရပြီး ခန္ဓာကိုယ်အတွင်းရှိ ညစ်ညမ်းမှုများမှာ လေဆင်နှာမောင်းတစ်ခုအဖြစ် ပြောင်းလဲကာ ကျောက်တိုင်ကြီးများဆီသို့ ဆွဲငင်ခံလိုက်ရသည်။

အစီအရင်အတွင်းရှိ ညစ်ညမ်းတိမ်တိုက်များမှာလည်း လိမ်ဖယ်၍ ပြန့်ကျဲသွားကြသည်။ ထိုညစ်ညမ်းမှုများသည် သန့်စင်ခြင်းဝဲဂယက်အတွင်းသို့ ရောက်ရှိသွားသည်နှင့် ချက်ချင်းပင် ဝိညာဉ်စွမ်းအင်များအဖြစ် ပြောင်းလဲသွားတော့သည်။

ကောင်းကင်ယံအထက် ကောင်းကင်ဘုံ၏ အက်ကြောင်းမှနေ၍ ဆီကဲ့သို့ မည်းနက်နေသည့် အညစ်အကြေးစီးကြောင်းကြီးမှာ အစီအရင်ပေါ်သို့ တိုက်ရိုက် စီးကျလာသည်။

၎င်းမှာ နဂါးနက်ကြီးတစ်ကောင် အစီအရင်ကို ဝင်တိုက်လိုက်သကဲ့သို့ပင်။

သို့သော် အစီအရင်မှာ တုန်လှုပ်ခြင်းမရှိဘဲ ၎င်း၏ နတ်ဘုရားစွမ်းအားဖြင့် ထိုပျစ်ချွဲနေသော ညစ်ညမ်းမှုများကို ဝါးမြိုပစ်လိုက်သည်။

ဝဲဂယက်ကြီးတစ်ခု ပေါ်ပေါက်လာကာ ပြိုကွဲခြင်းနှင့် သန့်စင်ခြင်းအပြင် ကျောက်တိုင်ကြီးတစ်ခုချင်းစီ၏ အထက်မှနေ၍ ဧရာမ ဆည်ကြီးတစ်ခု ကျိုးကျသွားသကဲ့သို့ ဖြူဖွယ်သော ရေတံခွန်စီးကြောင်းကြီးများ ပန်းထွက်လာတော့သည်။

အဖြူရောင် ရေတံခွန်တန်းများမှာ လေထုကို ဖြတ်သန်းသွားကြပြီး တလိမ့်လိမ့် တက်လာနေကာ ၎င်းတို့အားလုံးမှာ ဝိညာဉ်စွမ်းအင်များသာ။

ကျောက်တိုင် (၁၀၈) တိုင်စလုံးမှာ ညစ်ညမ်းမှုများကို တပြိုင်နက်တည်း သန့်စင်ပေးနေပြီး ဝိညာဉ်စွမ်းအင်များကိုလည်း အရှိန်အဟုန်ဖြင့် ထုတ်လွှတ်နေတော့သည်။

ဝိညာဉ်စွမ်းအင် အဖြူရောင်ရေတံခွန်တန်းကြီးမှာ တောင်ခြေဆီသို့ တိုးဝင်သွားပြီး ကောင်းကင်ယံတွင် တောက်ပသော အဖြူရောင် အကွေးအဆန့်တန်းကြီးအဖြစ် တည်ရှိနေသည်။ တောက်ပလှသော နေရောင်ခြည်အောက်တွင် သက်တံရောင်စဉ်တန်းများမှာလည်း တစ်ခုပြီးတစ်ခု မွေးဖွားလာကြသည်။

“အာ...”

“ဟား...”

ကင်မရာဆရာများမှာ မှင်သက်မိနေကြသည်။

တိုက်ရိုက်ထုတ်လွှင့်နေသူများမှာလည်း ခဏတာ စကားလုံးပျောက်ရှသွားပြီး ဤမြင်ကွင်းကို မည်သို့ဖော်ပြရမည်မှန်း မသိဖြစ်နေကြသည်။

“ပရိသတ်တို့... ကျွန်မရဲ့နောက်မှာရှိနေတာကတော့ ညစ်ညမ်းမှုတွေကို ဝိညာဉ်စွမ်းအင်အဖြစ် ပြောင်းလဲပေးနိုင်တဲ့ မဟာကရုဏာအစီအရင်ပဲ ဖြစ်ပါတယ်။ ဒီလောက်ခမ်းနားတဲ့ ဝိညာဉ်

စွမ်းအင် ရေတံခွန်ကြီးကို မြင်တွေ့ရတာက တကယ့်ကို အံ့မခန်း အံ့ဖွယ်မြင်ကွင်းကြီးပါပဲ”

ယဲ့ဖျင်မှာလည်း အံ့အားသင့်နေမိသည်။

“ဝိညာဉ်စွမ်းအင်ကို ဒီလိုမျိုး ဖန်တီးယူလို့ရတာလား ကောင်းကင်ယံက ကျလာတဲ့ ညစ်ညမ်းမှုတွေကိုတောင် ဝိညာဉ်စွမ်းအင်အဖြစ် သန့်စင်နိုင်တယ်ပေါ့။ ဒါဆိုရင် အပြာရောင်ဂြိုဟ်ပေါ်က ညစ်ညမ်းမှုတွေက နောက်ဆုံးမှာ လုံးဝဥဿုံ သန့်စင်သွားနိုင်တာလား”

သတင်းထောက်က ဘေးသို့ကိုယ်ကိုစောင်းလိုက်ပြီး နောက်ကွယ်မှ အဖြူရောင်ရေတံခွန်ကို လက်ညှိုးညွှန်ပြကာ “မိဘပြည်သူတို့... ဒီအခိုက်အတန့်ကို ကျွန်မ ဘယ်လိုဖော်ပြရမလဲတောင် မသိတော့ပါဘူး။ ကိုယ်တိုင်ပဲ ခံစားကြည့်လိုက်ကြပါတော့ရှင်”

တစ်ချိန်တည်းမှာပင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသော ပြည်သူများမှာလည်း တုန်လှုပ်ချောက်ချားသွားကြသည်။

“ဒါ... ဒါက ခမ်းနားလွန်းတယ်”

“ကောင်းကင်ကကျလာတဲ့ ညစ်ညမ်းမှုတွေအားလုံးကို ဝိညာဉ်စွမ်းအင်အဖြစ် ပြောင်းလဲပစ်နိုင်ပုံပဲနော်”

“ဒီအစီအရင်သာ ဆက်ပြီးလည်ပတ်နေမယ်ဆိုရင် ဒုတိယအကြိမ်မြောက် ဝိညာဉ်စွမ်းအင်နိုးထမှုကို ဖြစ်ပေါ်စေနိုင်မလား”

“ကျွန်တော် ကြေညာလိုက်မယ်။ ဝိညာဉ်စွမ်းအင်နိုးထမှုက ရောက်လာပြီ အခုက ခေတ်သစ်ရဲ့ ဒုတိယအဆင့်ပဲ”

“နောင်မှာ အပြာရောင်ဂြိုဟ်ပေါ်မှာ ညစ်ညမ်းမှုတွေမရှိတော့ဘဲ ဝိညာဉ်စွမ်းအင်တွေနဲ့ပဲ ပြည့်နှက်နေတော့မှာလား အံ့ဖွယ်သစ်ပင်ပန်းမန်တွေနဲ့ နတ်ဘုရားတွေပျော်စံရာ မြေထူးမြေမြတ်ကြီး ဖြစ်လာတော့မှာလား”

“သေချာတာပေါ့”

“အံ့ဖွယ်အရိုးတည်ဆောက်ပုံဆိုတာ တကယ်ပဲ မဆန်းပါဘူး အံ့ဖွယ်တွေကို တစ်ခုပြီးတစ်ခု ဖန်တီးပြနေတာပဲ”

တစ်နိုင်ငံလုံးမှာ ဆူညံပွက်လောရိုက်သွားတော့သည်။

အခြားတစ်ဖက်တွင်မူ နတ်ဘုရားအထွက်အထိပ်ဆောင်ရှိ ဘဏ်ပညာရှင်၊ လက်မှုပညာရှင်၊ ရေမှတ်တမ်းအရာရှိ၊ ဝန်ကြီးအဖွဲ့ဝင်နှင့် ဗေဒင်ပညာရှင်တို့မှာ ကင်မရာမှတစ်ဆင့် အစီအရင် နိုးထလာမှုကို ကြည့်ရှုနေကြသည်။

ကောင်းကင်ယံမှ ကျဆင်းလာသော ညစ်ညမ်းမှုများသည် အစီအရင်အတွင်း၌ ဝိညာဉ်

စွမ်းအင်အဖြစ် သန့်စင်သွားပြီးနောက် အဖြူရောင် ရေတံခွန်စီးကြောင်း ၁၀၈ ခုအဖြစ် ပန်းထွက်လာသည်ကို မြင်လိုက်ရသောအခါ ထိုငါးဦးစလုံး၏ မျက်နှာတွင် အံ့ဩခြင်းများဖြင့် ပြည့်နှက်သွားတော့သည်။

ကလေးငယ်တစ်ဦး၏ ပုံသဏ္ဌာန်ရှိသော လက်မှုပညာရှင်က “ဒါက အံ့ဖွယ်အရိုးတည်ဆောက်ပုံရဲ့ စွမ်းဆောင်ရည်လား တကယ့်ကို ကြောက်စရာကောင်းတဲ့ မိစ္ဆာတစ်ကောင်လိုပဲ” ဟု ပြောလိုက်သည်။

ရေမှတ်တမ်းအရာရှိက “ဒီအစီအရင်ရှိနေရင် နောင်မှာ အပြာရောင်ဂြိုဟ်ပေါ်က ညစ်ညမ်းမှုအားလုံး လုံးဝသန့်စင်သွားမှာပဲ။ အစီအရင်တွေ ပိုပြီးတည်ဆောက်မယ်ဆိုရင် ဟွာရှတစ်ခွင်လုံးက မြေထူးမြေမြတ်ကြီး ဖြစ်လာနိုင်တယ်” ဟု ပြောသည်။

ဗေဒင်ပညာရှင်က “အနာဂတ်မှာ နတ်ဘုရားအဆင့် ပါရမီရှင်တွေ ပိုပြီးထွက်ပေါ်လာလိမ့်မယ်လို့ ကျွန်တော် ကြိုတင်နိမိတ်မြင်နေတယ်” ဟု ဆို၏။

ဝန်ကြီးအဖွဲ့ဝင်က “မင်းရဲ့ နိမိတ်တွေကို လိုသေးလို့လား မြို့တော်၊ ရှန်ဟိုင်းနဲ့ အနောက်မြောက်ဒေသတွေမှာ နတ်ဘုရားအဆင့် အရိုးတည်ဆောက်ပုံတွေ တကယ်ပေါ်နေပြီလေ” ဟု ပြန်ပြောသည်။

ဘဏ်ပညာရှင်က ခေတ္တစဉ်းစားပြီး “ဝိညာဉ်စွမ်းအင်တွေ ပေါများလာပြီဆိုတော့ ငါတို့ရဲ့ မျိုးစေ့ဘဏ်တိုက်ထဲက အပင်တွေကို အခု စမ်းစိုက်ကြည့်လို့ရပြီ။ အရင်က ညစ်ညမ်းနယ်မြေတွေမှာ ဝိညာဉ်ဆေးပင် မဖြစ်နိုင်ခဲ့ပေမဲ့ ဝိညာဉ်စွမ်းအင်တွေ ကြွယ်ဝတဲ့ နတ်ဘုရားမြေမှာဆိုရင် ဖြစ်ထွန်းလာနိုင်တယ်။ ကျင့်ကြံမှုအတွက် အကျိုးရှိစေမယ့် ဆေးစွမ်းကောင်းတွေ ထုတ်လုပ်

နိုင်မှာပါ” ဟု ပြောလိုက်သည်။

ဝန်ကြီးအဖွဲ့ဝင်၏ မျက်လုံးများ တောက်ပလာကာ “ဘေးကင်းဇုန်တွေမှာလည်း ဒီလိုအစီအရင်တွေ လိုအပ်တယ် အထူးသဖြင့် ဘေးကင်းဇုန်ထဲက ရတနာတိုက်တွေမှာ မဟာကရုဏာအစီအရင် အသေးစားလေးတွေ အထူးလိုအပ်တယ်။ နောက်ဆိုရင် ဘေးကင်းဇုန်ထဲက ညစ်ညမ်းမှုပြဿနာတွေက ခေါင်းခဲစရာ ဖြစ်တော့မှာ မဟုတ်ဘူး”

“ရွှီရန်လေးဆိုတဲ့ ကောင်လေးကို ထူးကဲတယ်ဆိုတဲ့ စကားလုံးနဲ့တင် ဖော်ပြလို့ မရနိုင်တော့ဘူး”

“မူလက ဒါက မျိုးသုဉ်းစေမယ့် ကပ်ဘေးကြီးပဲ။ ဒါပေမဲ့ အခုတော့ အထက်တန်းစား နတ်ဘုရားဆိုတာကြီးတောင် ဆင်းသက်လာဖို့ ခက်ခဲသွားလိမ့်မယ်။ အဲဒီနတ်ဘုရားက သူ့ရဲ့စွမ်းအားကို ပြသဖို့ ညစ်ညမ်းမှုတွေ လိုအပ်တာလေ။ ဝိညာဉ်စွမ်းအင်တွေ ပြည့်နေတဲ့ အပြာရောင်ဂြိုဟ်ဆိုတာ မိစ္ဆာတွေအတွက်တော့ အဆိပ်ငွေ့တွေ ပြည့်နေတဲ့ အခန်းထဲ ရောက်နေသလိုပဲ။ အတင်းအဓမ္မ ဆင်းသက်လာမယ်ဆိုရင် သူ့ရဲ့စွမ်းအားက အနည်းဆုံး တစ်ဝက်လောက် လျော့သွားမှာ သေချာတယ်”

“သူ ဆင်းသက်ရဲတဲ့ သတ္တိရှိမရှိ စောင့်ကြည့်ရမှာပဲ။ ငါတို့ဆီမှာ နောက်ဆုံးလက်နက်တွေ ပြင်ထားရုံတင်မကဘူး... ရွှီရန်လေးက သဲကန္တာရ ကောင်းကင်ဘေးဒုက္ခကိုတောင် ရှင်းနိုင်ခဲ့တာဆိုတော့ သူ့မှာ အဲဒီ အထက်တန်းစားနတ်ဘုရားကို ရင်ဆိုင်ဖို့ ဖဲချပ်တစ်ခုခု ရှိနေလောက်မှာပါ”

“အဲဒီကောင်လေးရဲ့ နောက်ဆုံးဖဲချပ်က ငါတို့ထက်တောင် ပိုကောင်းပြီး ကုန်ကျစရိတ် ပိုသက်သာနိုင်သေးတယ်”

နတ်ဘုရားအထွက်အထိပ်ဆောင်မှ လူကြီးငါးဦးမှာ ရွှီရန်ကို ချီးကျူး၍ မဆုံးဖြစ်နေကြသည်။

“ဒါပေမဲ့ ဒီတစ်ခါရော သူ့ကို ဘာဆုပေးရမလဲ”

ဘဏ်ပညာရှင်က “မရှိပါဘူး... ဒါပေမဲ့ လွန်ခဲ့တဲ့ တစ်လက ငါးဖွဲ့မြောက် နတ်ဘုရားသတ်အဖွဲ့ဝင် အာလိုင်က ဆန်းကြယ်ရှေးဟောင်းအုတ်ချပ်တွေနဲ့ လုပ်ထားတဲ့ ရှေးဟောင်းမြို့ရိုးတစ်ခုကို ရှာတွေ့ခဲ့တယ် မဟုတ်လား”

“ဒီသတင်းကို ရွှီရန်ကို ပြောပြလို့ရတယ်မလား သူ အဲဒီကနေ အကျိုးကျေးဇူးတစ်ခုခု ရနိုင်ကောင်းပါရဲ့”

ဗေဒင်ပညာရှင် “ကောင်းပြီ ဒီသတင်းကို သူ့ကို ပြောပြလိုက်ကြရအောင်”

“ပြီးတော့ ကောင်းကင်ဘေးဒုက္ခ ညစ်ညမ်းနယ်မြေထဲမှာရှိတဲ့ လျှို့ဝှက်နယ်မြေအဝင်ဝအကြောင်းကိုလည်း သူ့ကို အသိပေးလိုက်ဦး”

ရေမှတ်တမ်းအရာရှိ “အဲဒီ လျှို့ဝှက်နယ်မြေ အဝင်ဝလား”

“ဟုတ်တယ်။ နတ်ဘုရားသတ်အဖွဲ့က အဲဒီထဲမှာ အံ့ဖွယ်အပင်တွေနဲ့ ထူးဆန်းတဲ့ အဆောက်အဦးတွေ အများကြီး မြင်ခဲ့တယ်လို့ ပြောတယ်။ အဲဒီကောင်လေးက အဲဒီကနေ စွမ်းအားတွေ ထပ်ရနိုင်လိမ့်မယ်”

“ဒါတင်မကဘူး။ ဒီကောင်လေးက ဘေးကင်းဇုန် ရတနာတိုက်မှာ မဟာကရုဏာအစီအရင် အသေးစားလေးတွေ ထွင်းပြီးသွားရင် ကျောက်စိမ်းစင် မိုးမခသားကို စစ်တုရင်မြို့တော်မှာ ပြန်စိုက်ကြည့်လို့ ရတယ်။ ဝိညာဉ်စွမ်းအင်တွေ ပေါများလာရင် အဲဒါ ပြန်ရှင်လာနိုင်မလား”

အားလုံးက ခေါင်းညိတ်၍ ထောက်ခံကြသည်။

ရက်ပေါင်း ၃၀၀ ကျော်ကြာ စုပြုံနေခဲ့သော သောကတိမ်တိုက်များမှာ လွင့်စင်သွားခဲ့ပြီဖြစ်သည်။

ဤကာလအတွင်း သူတို့သည် အလွန်ပင် ပူဆွေးသောကရောက်ခဲ့ကြရပြီး၊ အကယ်၍ နောက်ဆုံးခြေလှမ်းအထိ လျှောက်လှမ်းခဲ့ရလျှင် တကယ့်ကို ဝမ်းနည်းစရာ ကောင်းလှပေလိမ့်မည်။

ရွှီရန်၏ ရုတ်တရက် ပေါ်ထွက်လာမှုက ထိုနာကျင်ဖွယ်ကောင်းသော စတေးမှုများကို ရှောင်လွှဲနိုင်စေခဲ့သည်။

အခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့ရုံတင်မက အရာအားလုံးကို ပိုမိုကောင်းမွန်သည့် ဦးတည်ရာသို့ ရောက်အောင် ပို့ဆောင်ပေးခဲ့သည်။

တကယ့်ကို အံ့မခန်းပါပဲ။

နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းအပေါ် ရင်းနှီးမြှုပ်နှံခဲ့ခြင်းမှာ အဆပေါင်း ရာချီ၍ ထိုက်တန်သည်။

...

တစ်နိုင်ငံလုံးက ထူးကဲ မဟာကရုဏာအစီအရင်၏ အစွမ်းအာနိသင်ကို ဂုဏ်ပြုနေကြစဉ်

ရွှီရန်သည်လည်း သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိသည်။

သူသည် အဖြူရောင် ရေတံခွန်၏ အောက်ခြေသို့ လှမ်းတက်လိုက်ပြီး ဝိညာဉ်စွမ်းအင်များအား သူ၏ခန္ဓာကိုယ်ကို ဆေးကြောသွားစေရန် ခွင့်ပြုလိုက်သည်။ တစ်ချိန်တည်းမှာပင် ဝိညာဉ်စွမ်းအင်များကို စုပ်ယူ၍ သွေးစွမ်းအင်အဖြစ် ပြောင်းလဲရန်လည်း ကြိုးစားနေမိ၏။

“အောင်မြင်မလားဆိုတာ သိချင်မိသား...”

“ငါသာ ဝိညာဉ်စွမ်းအင်ကို တိုက်ရိုက်စုပ်ယူပြီး သွေးစွမ်းအင်အဖြစ် ပြောင်းလဲနိုင်မယ်ဆိုရင်တော့ တကယ့်ကို အံ့ဩစရာကောင်းမှာပဲ”

ရွှီရန်သည် လေထဲတွင် တရားထိုင်နေသည့် ရဟန်းတစ်ပါးကဲ့သို့ တင်ပျဉ်ခွေထိုင်လိုက်သည်။

All Chapters