အခန်း (၃၄၀)
Vol. 34 Ch. 340
အခန်း။ ၃၄၀
"ငါသာ အခြေအနေပေးလို့ သက်သာတဲ့နှုန်းထားနဲ့ တစ်နှစ်စာလောက် အရှိန်မြှင့်နိုင်မယ်ဆိုရင် သွေးစွမ်းအင်တန်ဖိုး ၉၁၂,၅၀၀ တိုးလာမှာ။ အဲဒီကျရင် ငါ့ရဲ့ သွေးစွမ်းအင်က ၄ သန်းအထိ ရောက်သွားလိမ့်မယ်"
ရွှီရန်၏ စကားလုံးများက လူတိုင်းကို တုန်လှုပ်အံ့အားသင့်စေခဲ့သည်။
ကျားမလေး၏ ရွှေရောင်မျက်ဝန်းများတွင် အံ့ဩခြင်းနှင့်အတူ မနာလိုစိတ်များပါ ရောယှက်လာပြီး "တစ်နေ့ကို သွေးစွမ်းအင်တန်ဖိုး ၂,၅၀၀ တိုးတာလား အဲဒီရဲ့ တစ်ဝက်လောက်သာ ရရင်တောင် ဘယ်လောက်ကောင်းမလဲ... ကျွန်မက တစ်နေ့မှ အမှတ် ၂၀၀ ပဲ တိုးတာ... အစ်ကိုရဲ့ ဆယ်ပုံတစ်ပုံပဲ ရှိတာပေါ့..."
သက်တူရွယ်တူချင်း ဖြစ်သော်လည်း ကွာဟချက်မှာ ချောက်ကမ္ဘာကြီးသဖွယ် ကြီးမားလှသဖြင့် စိတ်ပျက်အားငယ်မှုကို ခံစားလိုက်ရသည်။ ကျားမလေးအနေဖြင့် အသေးစား ပတ်လမ်းရတနာ အဆောင်နှင့် အသေးစား နှစ်ဆတိုး ရတနာအဆောင်တို့၏ အကူအညီဖြင့် ကျင့်ကြံနေသော်လည်း ဤမျှ ကွာခြားနေခြင်းပင်။
ထန်ချီချီ၊ ကွမ်းရှင်းနှင့် နင်ရွှမ်တို့က နှုတ်ခမ်းလေးများ ဆူလိုက်ကြပြီး "အသင်းခေါင်းဆောင်... နောက်ခါကျရင် ကျွန်မတို့ကို ဒီလို ရုတ်တရက်ကြီး ခြောက်မလန့်ပါနဲ့ဦး..." ဟု ညည်းတွားကြသည်။
သူတို့၏ လက်ရှိတိုးတက်နှုန်းမှာ တစ်နေ့လျှင် အမှတ် ၃၀၀ သာ ရှိသဖြင့် အသင်းခေါင်းဆောင်နှင့် ယှဉ်လိုက်လျှင် တကယ့် အားနည်းသူများသဖွယ် ခံစားနေရသည်။
ရွှီရန်က လက်ကို ဘေးသို့ဖြန့်လိုက်ကာ "ရွေးချယ်စရာ မရှိဘူးလေ။ မင်းတို့ အသင်းခေါင်းဆောင်ရဲ့ နောက်ခံအကြောင်းကို သိထားဖို့လိုသလို ဒါကိုလည်း ကျင့်သားရအောင် လုပ်ထားရမယ်။ ဒါ့အပြင် ငါက အံ့ဖွယ်အရိုးတည်ဆောက်ပုံပိုင်ရှင်လေ။ အံ့ဖွယ်ဆိုမှတော့ ဒီလောက်တော့ ထူးခြားမှ နာမည်နဲ့ လိုက်ဖက်မှာပေါ့" ဟု ပြောလိုက်သည်။
ရွှီရန်မှာ ကြွားဝါနေခြင်း မဟုတ်သော်လည်း နားထောင်ရသည်မှာ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်စရာပင်။
ကျားမလေးက ကျူးယွီဟန်၏ ရှေ့သို့ ရုတ်တရက် တိုးကပ်သွားပြီး "မမယွီဟန်... ကျွန်မရဲ့ ခွန်အားက မမထက် နည်းတယ်ဆိုတော့ ကျွန်မကို တစ်နှစ်စာလောက် အရှိန်မြှင့်ပေးဖို့ဆိုရင် ဘယ်လောက်ကုန်မလဲ ကျွန်မကို သွေးစွမ်းအင်တန်ဖိုး ၁ သန်း ရောက်အောင် ကူညီပေးလို့ ရမလား" ဟု မေးမြန်းလိုက်သည်။
ကျူးယွီဟန်က အလေးအနက် စဉ်းစားပြီးနောက် "ငါတို့နှစ်ယောက်ပေါင်း သက်တမ်း အနှစ် ၁၀၀ လောက် ပေးဆပ်ရလိမ့်မယ်" ဟု ဖြေသည်။
ထိုတန်ဖိုးကို ကြားလိုက်ရသည့်အခါ ကျားမလေး၏ မျက်ဝန်းမှ စိတ်လှုပ်ရှားမှုများမှာ ချက်ချင်း မှေးမှိန်သွားတော့သည်။ သူမ၏ သက်တမ်းကို နှမြောတသဟန်ဖြင့် "ထားလိုက်ပါတော့... အဲဒါက မခံနိုင်စရာကြီး။ သက်တမ်း အနှစ်ငါးဆယ်လောက် ပိုနေပြီး ဟွာရှရဲ့ ဟင်းလျာအစုံအလင်ကို မြည်းစမ်းကြည့်တာကမှ ပိုတန်ဦးမယ်"
နောင်အနှစ်တစ်ရာဆိုလျှင် သူမ၏ ပါရမီနှင့် အစ်ကိုဖြစ်သူ၏ လမ်းညွှန်မှုများကြောင့် သွေးစွမ်းအင်တန်ဖိုးမှာ ဆယ်သန်းကျော်အထိ သေချာပေါက် ရောက်ရှိမည်ပင်။ သက်တမ်း အနှစ်တစ်ရာ ပေးဆပ်ပြီး သွေးစွမ်းအင် ၁ သန်း ရယူခြင်းမှာ လုံးဝ မထိုက်တန်ပေ။
ရန်သူက ရှေ့တည့်တည့်သို့ ရောက်လာပြီး အောင်ပွဲအတွက် ကိုယ့်ကိုကိုယ် ပေးဆပ်ရမည့် အခြေအနေမျိုးမှလွဲ၍ ဤသို့ လုပ်ဆောင်ရန် မလိုအပ်ပေ။ အထူးသဖြင့် ယခုအခါ သူမ၏ အစ်ကိုဖြစ်သူမှာ သွေးစွမ်းအင်တန်ဖိုး ၃ သန်းအထိ ရှိနေခြင်းပင်။
ဤအဆင့်တွင် သူမ၏ အစ်ကိုဖြစ်သူ တစ်ယောက်တည်းကပင် သူမအတွက် လေဒဏ်မိုးဒဏ်များကို ကာကွယ်ပေးထားနိုင်သည်။ သူမအနေဖြင့် ကျင့်ကြံမှု အခြေခံကို စိတ်ရှည်စွာဖြင့် တစ်ဆင့်ချင်း ခိုင်မာအောင် တည်ဆောက်သွားရုံသာ ဖြစ်သည်။
ကျားမလေး၏ ရုတ်တရက် ပြောင်းလဲသွားသော အမူအရာကို မြင်သဖြင့် အားလုံးက မရယ်ဘဲ မနေနိုင်ကြချေ။
ရွှီရန်က နွေးထွေးစွာ ပြုံးလိုက်ရင်း "အင်း... ဒီနတ်ဘုရားစွမ်းရည်ကို အခုချက်ချင်း သုံးဖို့ မလိုပါဘူး။ နောက်လာမယ့် လေ့ကျင့်ရေးတွေမှာ မင်း စုပ်ယူဖို့အတွက် အချိန်ကျောက်မျက်တွေကို ထပ်ရှာပေးမယ်။ နောက်ဆုံးမှာတော့ မင်းအနေနဲ့ သက်တမ်းကုန်ဆုံးမှု အနည်းဆုံးနဲ့ ငါတို့ရဲ့ ကျင့်ကြံမှုကို မြှင့်တင်ပေးနိုင်မှာ သေချာပါတယ်"
ကျူးယွီဟန်က ခိုင်မာစွာ ခေါင်းညိတ်ပြသည်။
"ဟုတ်ကဲ့ ပေးဆပ်ရမယ့် တန်ဖိုး အနည်းဆုံးဖြစ်အောင် ကျွန်မ သေချာပေါက် ကြိုးစားမှာပါ"
ကျားမလေးကလည်း "ပြီးတော့ ဟင်းလင်းပြင်ကျောက်မျက်လည်း ရှာပေးဦးနော် အစ်ကိုရန်" ဟု ပြောလိုက်သည်။
ရွှီရန်က လက်လှမ်း၍ ကျားမလေး၏ ဆံပင်များကို ဖွလိုက်ကာ "ကောင်းပါပြီ... ဟင်းလင်းပြင်ကျောက်မျက်ကို ရှာတွေ့ခဲ့ရင် မင်းကိုပဲ စုပ်ယူခိုင်းမှာပေါ့" ဟု ကတိပေးလိုက်သည်။
ထန်ချီချီ၊ နင်ရွှမ်နှင့် ကွမ်းရှင်းတို့ကလည်း "အသင်းခေါင်းဆောင်... ကျွန်မတို့လည်း လိုချင်တယ်..." ဟု ဝိုင်းပြောကြပြန်သည်။
ရွှီရန် ခေတ္တမျှ စဉ်းစားလိုက်ပြီး "..."
"အချိန်ကျောက်မျက်နဲ့ ဟင်းလင်းပြင်ကျောက်မျက်တွေကို ရှာတွေ့ဖို့ အခွင့်အရေး များပေမဲ့... ခုခံမှုကျောက်မျက်၊ ကုသရေးကျောက်မျက်နဲ့ စွမ်းအားမြှင့်ကျောက်မျက်တွေအကြောင်းတော့ ငါတစ်ခါမှ မကြားဖူးသေးဘူး။ ဒါပေမဲ့ နောက်လာမယ့် လေ့ကျင့်ရေးတွေမှာတော့ ငါ သေချာ ဂရုစိုက်ပြီး ရှာပေးပါ့မယ်..."
ဒါကိုတော့ သူ အသေအချာ အာမမခံနိုင်ပေ။
"အသင်းခေါင်းဆောင်က ဘာမဆို လုပ်နိုင်တာပဲကို"
"ဟုတ်တယ် ဟုတ်တယ်။ အသင်းခေါင်းဆောင်က ဘာမဆို ဖြစ်အောင် လုပ်ပေးနိုင်ပါတယ်"
မိန်းကလေးသုံးယောက်၏ တတွတ်တွတ် ချီးကျူးသံများကြောင့် ရွှီရန်မှာ ခပ်တိုးတိုး ရယ်မောမိပြီး နွေးထွေးသော အပြုံးဖြင့် ခေါင်းခါယမ်းလိုက်ကာ "ပြင်းပြင်းထန်ထန်သာ လေ့ကျင့်ထားကြပါ။ မင်းတို့သာ အင်အားမကောင်းဘူးဆိုရင် ငါက မင်းတို့အားလုံးကို တစ်ခြားကမ္ဘာက စစ်မြေပြင်ထဲ ခေါ်သွားပြီး ရတနာတွေ လိုက်ရှာဖို့ မဖြစ်နိုင်ဘူးလေ" ဟု ပြောလိုက်သည်။
ကျားမလေးမှာ တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေသည် "ကောင်းပါပြီ အစ်ကို ကျွန်မမှာ အခု သွေးစွမ်းအင်တန်ဖိုး ၁၆၀,၀၀၀ ရှိနေပြီ။ ယွဲ့နယ်ပယ်ကို ရောက်ဖို့ နောက်ထပ် ၈၄၀,၀၀၀ ပဲ လိုတော့တာ"
ကျူးယွီဟန်၏ အမူအရာမှာ နုနယ်သော်လည်း သူမ၏ မျက်ဝန်းများကမူ ခိုင်မာပြတ်သားနေသည်။
ထန်ချီချီ၊ နင်ရွှမ်နှင့် ကွမ်းရှင်းတို့ကလည်း သူတို့၏ လက်သီးလေးများကို မြှောက်ကာ "ကျင့်ကြံမယ် ကျင့်ကြံမယ် ငါတို့ အသက်ရှင်နေသရွေ့တော့ ဆက်ပြီး ကျင့်ကြံသွားမှာပဲ။ အံ့ဖွယ်ဆိုတဲ့ နာမည်ကို တစ်ပါးကမ္ဘာ စစ်မြေပြင်မှာ ကျော်ကြားစေရမယ်။ နတ်ဘုရားအဆင့် သားရဲကြီးတွေတောင် ငါတို့လာတာမြင်ရင် တုန်လှုပ်နေစေရမယ်" ဟု ကြွေးကြော်ကြတော့သည်။
ကြီးမားသော ရည်မှန်းချက်များပင်။
မဆိုးပါဘူး... မဆိုးပါဘူး။
ရွှီရန်၏ အပြုံးမှာ တောက်ပနေသည်။
"ဆက်ပြီး ကြိုးစားကြပါဦး ငါ့ရဲ့ နတ်ဘုရားသတ်အဖွဲ့ရေ... ငါက အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်နေတာဆိုတော့ တခြားအဖွဲ့တွေထက်စာရင် မင်းတို့ ခံရမယ့် ဖိအားက အများကြီး ပိုလိမ့်မယ်"
ထန်ချီချီတို့က "ဒါပေမဲ့ ရရှိမယ့် အကျိုးကျေးဇူးတွေကလည်း ပိုများတာပဲလေ။ ရွှေသွေးအရှင်သခင်တို့၊ ကပ်ဘေးမီးလျှံတို့ဆိုတာ ထိပ်တန်း အရင်းအမြစ်တွေ မဟုတ်ဘူးလား လိုချင်တိုင်းတောင် ရနိုင်တာမျိုး မဟုတ်ဘူး"
"ပြီးတော့ အချိန်ကျောက်မျက်လိုမျိုး ကောင်းမွန်တဲ့ အရာတွေလည်း ရှိသေးတာပဲ"
ကျူးယွီဟန်ကလည်း ထိုစကားကို အလေးအနက် ထောက်ခံသကဲ့သို့ ခေါင်းညိတ်ပြသည်။ ရွှီရန်က နွေးထွေးစွာ ပြုံးလိုက်မိ၏။
သူသည် အချိန်ရလျှင် ညစ်ညမ်းနယ်မြေသို့ နောက်တစ်ခါ သွားရောက်ပြီး အချိန်ကျောက်မျက် အချို့ကို ထပ်မံယူဆောင်လာရန် စီစဉ်နေသည်။ အကယ်၍သာ သလင်းကျောက်သားရဲဥကို အရင်းအနှီးနည်းနည်းဖြင့် အကောင်ဖောက်နိုင်မည်ဆိုပါက ပြီးပြည့်စုံသွားပေလိမ့်မည်။
သတိပြုရမည့်အချက်မှာ သလင်းကျောက်သားရဲဥအတွင်းမှ ပေါက်ဖွားလာမည့် အရာသည် ရိက္ခာများနှင့် ရရှိလာသော ရတနာပစ္စည်းများကို သိုလှောင်နိုင်သည့် ဂိုဒေါင်တစ်ခုအဖြစ် အသုံးတော်ခံနိုင်သည်။ ၎င်းမှာ ရွှီရန် အလိုအပ်ဆုံးဖြစ်သည့် ရွေ့လျားဂိုဒေါင်ပင်။
တစ်ပါးကမ္ဘာ စစ်မြေပြင်၏ ညစ်ညမ်းနယ်မြေသည် အလွန်အန္တရာယ်များသော်လည်း ကိုယ်ဖျောက်စွမ်းရည်ပိုင်ဆိုင်ထားသော ရွှီရန်အတွက်မူ ရတနာသိုက်ကြီးတစ်ခုနှင့် တူသည်။ သယ်ယူရခက်ခဲခြင်းသာ မရှိပါက ပြီးခဲ့သော လေ့ကျင့်ရေးတွင် သူသည် ရတနာပေါင်း ရာနှင့်ချီ၊ ထောင်နှင့်ချီ၍ ယူဆောင်လာနိုင်ခဲ့မည်ပင်။
၎င်းမှာ ရွှီရန်အား စူးစမ်းရှာဖွေရန် စောင့်ကြိုနေသည့် လုံးဝ မထိတွေ့ရသေးသော ရတနာမြေကြီးပင်။
ရွှီရန်၏ မျက်ဝန်းများမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်လောင်နေသည်။ သူ ကျင့်ကြံလာသည်မှာ မကြာသေးသော်လည်း ပြီးခဲ့သော လေ့ကျင့်ရေးတွင် ရရှိခဲ့သော အရင်းအမြစ်များသာ မရှိပါက အသက်တစ်ဆယ်အရွယ်တွင် သွေးစွမ်းအင်တန်ဖိုး ၃ သန်းအထိ ရောက်ရှိရန် မည်သို့မျှ မဖြစ်နိုင်ပေ။ ပါရမီ မည်မျှပင် မြင့်မားစေကာမူ အရင်းအမြစ်မပါဘဲ ဤသို့ မဖြစ်နိုင်ချေ။
ထို့ကြောင့် လျင်မြန်စွာ တိုးတက်ရန်အတွက် သူသည် တစ်ပါးကမ္ဘာ စစ်မြေပြင်ရှိ ညစ်ညမ်းနယ်မြေများကို ဝင်ရောက်စီးနင်းရမည်ဖြစ်သည်။ စီးနင်းရန်အတွက်မူ ရွေ့လျားဂိုဒေါင်တစ်ခု လိုအပ်ပေရာ သလင်းကျောက်သားရဲ၏ သိုလှောင်နိုင်စွမ်းမှာ ရွှီရန်အတွက် ကျားအား အတောင်ပံ တပ်ပေးလိုက်သကဲ့သို့ပင်။
သို့သော် အကောင်ပေါက်ရန် အနှစ် ၂၀ စောင့်ရမည်ဟူသော အချက်ကြောင့် ရွှီရန် တွန့်ဆုတ်နေခြင်းပင်။ ကံကောင်းထောက်မစွာဖြင့် ကျူးယွီဟန်က ပေါက်ဖွားချိန်ကို တိုတောင်းစေနိုင်သည့် စွမ်းရည်သစ်တစ်ခု ရရှိခဲ့သည်။
ကျူးယွီဟန်၏ စွမ်းရည်သစ်သာ ပိုမိုမြင့်မားလာပါက ရွှီရန်အနေဖြင့် ညစ်ညမ်းနယ်မြေများကို စိတ်ရှိလက်ရှိ သိမ်းကျုံးနိုင်တော့မည်ဖြစ်သည်။
စဉ်းစားကြည့်ရုံနဲ့တင် တော်တော်လေး စိတ်လှုပ်ရှားဖို့ ကောင်းနေပြီ။