အခန်း (၆၉-၇၀)
Vol. 7 Ch. 69-70
အခန်း (၆၉)
ဒီကောင်ကဘယ်သူလဲ?
ဘုန်း!
ရွှေမျောက်ဝံ ချက်ချင်း လှုပ်ရှားလိုက်၏။
တစ်ချိန်တည်းမှာပဲ ၎င်း၏အစွမ်းထက်နတ်ဆိုးမျောက်ဝံသွေးမျိုးဆက်ကို အသက်သွင်းလိုက်ရာ ခန္ဓာကိုယ်ကြီး ရုတ်တရက်ကြီးမားလာပြီး အမွှေးအမျှင်တွေ သံမဏိကဲ့သို့ မာကျောလာ၏။
သူက ဓားရူး၊ အခြားသူတွေနှင့်တိုက်ခိုက်တုန်းက ဤစွမ်းကို မသုံးခဲ့ပေ။
သို့ပေမယ့် ယခုတော့ သုံးဖို့ တွေဝေမနေပေ။
အကြောင်းပြချက်က မုန့်ချန်ချင်း အရမ်းသန်မာတာကို ခံစားမိ၍မဟုတ်ပေ။
ထိုအစား ကြက်သတ်ပြီး မျောက်ကို သတိပေးချင်လို့ဖြစ်သည်။
သူကလည်း အေးအေးဆေးဆေးနေချင်သည့် နတ်ဆိုးသားရဲတစ်ကောင်ဖြစ်၏။
အခြားလူတွေဆီမှ အဆက်မပြတ်နှောက်ယှက်ခံနေရတော့ ပြတ်ပြတ်သားသားလုပ်ရတော့မည်ဖြစ်သည်။
လက်သီးတစ်ချက်တည်းဖြင့် အရာရာကိုဖြေရှင်းပြီး ကျန်ရှိသည့်လူတွေ၏ ထင်ယောင်ထင်မှားဖြစ်နေတာတွေကို ဖြတ်တောက်ပစ်ရမည်ဖြစ်သည်။
"သူ တကယ် သွေးမျိုးဆက်သုံးလိုက်တာပဲ..."
လူတိုင်း ကြောင်သွား၏။
အစောကတင် သူတို့က မုန့်ချန်ချင်း အကွက်ရေဘယ်လောက်ခံနိုင်မလဲ ဆွေးနွေးနေကြသည်။
ယခုကြည့်ရတာတော့ တစ်ကွက်တောင် ခံနိုင်တော့မည်မဟုတ်ပေ။
"ဒီနတ်ဆိုးသားရဲက သိုင်းပညာရှင်တစ်ယောက်ရဲ့ကျင့်ဝတ်နည်းနည်းလေးမှ မရှိတာပဲ...."
"သာမန်သိုင်းပညာရှင်လေးတစ်ယောက်နဲ့တိုက်ခိုက်တာကို တကယ်ပဲ သွေးမျိုးဆက်သုံးနေတယ်...."
"မင်းနားမလည်ဘူးလား။ ဒီသားရဲက ငါတို့ကို သတိပေးချင်နေတာ။ သူ နောက်ထပ်ဓားသွေးကျောက်အဖြစ်မခံတော့ဘူး..."
တစ်စုံတစ်ယောက်ပြောလိုက်သည်။
ထိုအခါ လူတိုင်း ရုတ်တရက် နားလည်သွားကြ၏။
မည်သူက အခြားသူတွေအတွက် ဓားသွေးကျောက်ဖြစ်ချင်မည်နည်း။
အထူးသဖြင့် ဤနတ်ဆိုးသားရဲပင်။ သူက နတ်ဆိုးသွေးမျိုးဆက်တောင် ပိုင်ဆိုင်ထား၏။
၎င်း၏မျိုးနွယ်တွေသာရှိသေးလျှင် ၎င်းက ပါရမီအဆင့်တည်ရှိမှုဖြစ်ပြီး အစွမ်းထက်သားရဲတစ်ကောင်ဖြစ်မှာ သေချာ၏။
သို့ပေမယ့် ဂိုဏ်း၏ကျွန်ပြုခံရခြင်းကြောင့် သူမှာ မကျေနပ်ချက်များစွာရှိနေမှာ သဘာဝပင်။
"ဒီအကိုမုန့်တော့ ဒုက္ခရောက်ပြီ...."
ချက်ချင်းပဲ လူတိုင်း မုန့်ချန်ချင်း လက်သီးတစ်ချက်ဖြင့် ဒဏ်ရာအပြင်းအထန်ရကာ လွင့်ပျံလာမည်ကို မြင်ယောင်နေခဲ့သည်။
လက်သီးချက်မှလေပြင်းကြောင့် မုန့်ချန်ချင်း အဝတ်တွေ တဖျတ်ဖျတ် လွင့်ပျံနေခဲ့သည်။
စတိုက်ခိုက်သည်နှင့် ရွှေမျောက်ဝံ သူ၏နောက်ဆုံးတိုက်ကွက် ထုတ်သုံးမည်သူ မုန့်ချန်ချင်းလည်း မျှော်လင့်မထားပေ။
၎င်းက အလွန်မတန်ကို တိုက်ရိုက်ဆန်လွန်း၏။
"ဒါလည်း ကောင်းတာပဲ..."
မုန့်ချန်ချင်း ပါးစပ် အနည်းငယ်တွန့်ကွေးသွား၏။
ယခုချိန်၌ သူအလိုချင်ဆုံးမှာလည်း ဤကဲ့သို့ပြင်းထန်ပြီး သည်းထိပ်ရင်ဖိုဖြစ်ရသည့် တိုက်ပွဲမျိုးပင်။
"လူသား... အရှုံးကို လက်ခံလိုက်...."
ကြက်သွေးရောင်ရူးသွပ်ခြင်းရွှေမျောက်ဝံ၏မျက်လုံးတွေ နီရဲနေပြီး ထူးမခြားနားသည့် အရိပ်အယောင်တွေရှိနေခဲ့သည်။
ဤလက်သီးချက်ပြီးနောက် ဤနေရာရှိလူသားတွေအားလုံးကြောက်သွားပြီး နောက်ထပ်ရှေ့မတက်ရဲတော့ဟု သူယုံ၏။
သို့ပေမယ့် မကြာခင်, ၎င်းမျက်လုံးတွေ အနည်းငယ် ကျဥ်းမြောင်းသွား၏။
အဘယ်ကြောင့်ဆိုသော် သူ့လက်သီးချက်နှင့်ရင်ဆိုင်ရာ၌ ဤလူသားက လုံးဝ ကြောက်ရွံ့သည့်အရိပ်အယောင်မပြေပေ။
ထိုအစား စိတ်လှုပ်ရှားနေခဲ့သည်။
"ထင်ယောင်ထင်မှားတွေ...."
ကြက်သွေးရောင်ရူးသွပ်ခြင်းရွှေမျောက်ဝံ အများကြီးမတွေးပဲ ဆက်လက်တိုက်ခိုက်လိုက်သည်။
သို့ပေမယ့် မုန့်ချန်ချင်း ရိုးရှင်းစွာလက်မြောက်ပြီး ဓားကို ရှေ့သို့လှမ်းထိုးလိုက်၏။
သာမန်ထိုးချက်ဟု ထင်ရသော်လည်း နောက်တစ်ခဏ၌....
ဘုန်း!
ကြောက်မက်ဖွယ်အော်ရာတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ထက်ရှမှုတွေ ထွက်ပေါ်လာ၏။
ပြိုင်ဘက်ကင်းနတ်ဘုရားဓားတစ်ချောင်း ဓားအိမ်ထဲမှထွက်လာသကဲ့သို့ ကောင်းကင်တစ်လျှောက်ပိုင်းဖြတ်သွား၏။
ပတ်ဝန်းကျင်ရှိ မြက်တွေသစ်ရွက်တွေလည်း ဓားစွမ်းအင်ကြောင့် အပိုင်းပိုင်းစုတ်ပြတ်သတ်သွားခဲ့သည်။
"ဘာ..."
ကြက်သွေးရောင်ရူးသွပ်ခြင်းရွှေမျောက်ဝံ၏ မူလကထူးမခြားနားသည့်အမူအရာ ရုတ်ချည်းပြောင်းလဲသွား၏။
ဤကဲ့သို့ အခြေအနေ ရုတ်တရက်ဖြစ်သွားမည်ဟု သူက မျှော်လင့်မထားပေ။
သာမန်ပုံပေါ်သည့်လူသားက တကယ်ပဲဤကဲ့သို့အစွမ်းထက်အော်ရာကို ပေါက်ကွဲထွက်လာစေခဲ့သည်။
ထို့ပြင် ဤအော်ရာအောက်၌ သူ၏လက်သီးတောင် စုတ်ပြဲတော့မည့်ခံစားချက်တွေ ရရှိနေ၏။
တုန်လှုပ်သွားပြီး ကြက်သွေးရောင်ရူးသွပ်ခြင်းရွှေမျောက်ဝံ အလျှင်အမြန် လက်ပြန်ရုတ်ပြီး ဓားထိပ်ဖျားကို အလျှင်အမြန်ရှောင်လိုက်၏။
အဆုံးမှာတော့ ၎င်းက သွေးမျိုးဆက်စွမ်းအားကိုသာသုံးထားပြီး ပါရမီစွမ်းရည်တွေကို အသက်မသွင်းရသေးပေ။
"ဒါ.. ဓားချီ..."
ရွှေမျောက်ဝံ မျက်လုံးတွေထဲ၌ အတော်လေးတုန်လှုပ်နေခဲ့သည်။
သူခံစားမိတာ မမှားပေ။
ဤအော်ရာက လူသားသိုင်းပညာရှင်တွေသာ ပိုင်ဆိုင်သည့် သိုင်းပညာအဟုန်ဖြစ်၏။
"မင်း တကယ် ဓားချီကိုနားလည်ထားတယ်..."
ကြက်သွေးရောင်ရူးသွပ်ခြင်းရွှေမျောက်ဝံ မုန့်ချန်ချင်းကိုကြည့်ပြီး ၎င်း၏လက်ကြီးတွေကို မသိမသာ တင်ကြပ်စွာ ဆုပ်လိုက်၏။
တုန်လှုပ်မှုအောက်၌ စကားပြောသံတွေတောင် ပိုချောမွေ့လာခဲ့သည်။
ဤအခိုက်အတန့်၌....
ဤလူသားက လူများစွာရှုံးနိမ့်ပြီးတာတောင် ဘာကြောင့်စိန်ခေါ်ရဲလဲဆိုတာနှင့် အစမှအဆုံးထိ မည်သည့်ကြောက်ရွံ့မှုမှ မပြခဲ့တာကို နောက်ဆုံး သူနားလည်သွားခဲ့သည်။
အဖြေကရိုးရှင်း၏။
သူ့၌ အလုံအလောက်ယုံကြည်မှုရှိနေတာပင်။
ဓားချီ...
ရိုးရှင်းသည့်စကားလုံးဖြစ်ပေမယ့် သွေးမျိုးဆက်ဟာကွက်ကို ဖြည့်ဆည်းဖို့ လုံလောက်၏။
"ဓားချီ..."
"ဓားချီ..."
လူအုပ် အာမေဠိတ်သံတွေ စတင်ထွက်ပေါ်လာပြီး မျက်လုံးတွေထဲ၌ မယုံကြည်နိုင်မှုတွေ ပြည့်နှက်နေခဲ့သည်။
ဤအရာက လူတိုင်းအိမ်မက်မက်နေရသည့် သိုင်းပညာဆန်းကြယ်မှုတစ်ခုပင်။
ထိုအရာကို နားလည်နိုင်မှ သာမန်လူတွေကိုကျော်တက်ပြီး ထိပ်ဆုံးမှာ ရပ်တည်နိုင်မှာဖြစ်သည်။
သိုပေမယ့် သိုင်းပညာအဟုန်က လူတိုင်းနားလည်နိုင်သည့်အရာမဟုတ်ပေ။
၎င်းက ကြီးမားသည့်ဉာဏ်အလင်းပွင့်မှု၊ အခွင့်အလမ်းနှင့် ဗဟုသုတွေတွေ လိုအပ်၏။
ဂိုဏ်းထဲ၌တောင် စစ်မှန်တပည့်ထဲမှ အဆင့်မြင့်ပါရမီရှင်တွေသာ ပိုင်ဆိုင်ကြ၏။
အတွင်းစည်းအဆင့်နှင့် နားလည်ဖို့ကတော့ မကြားဖူးသလောက်ပင်။
သို့ပေမယ့် ယခုတော့ သက်ရှိဥပမာတစ်ခု သူတို့ရှေ့မှာ ပေါ်လာခဲ့သည်။
"ဘုရားရေ, ဒါ တကယ် ဓားချီပဲ..."
တပည့်တစ်ယောက် အသိပြန်ဝင်လာပြီး အလွန်စိတ်လှုပ်ရှားနေခဲ့သည်။
သာမန်သိုင်းပညာရှင်တစ်ယောက်အနေဖြင့် သူ့တစ်ဘဝလုံး မရနိုင်သည့်အရာဖြစ်သည်။
သူမပိုင်ဆိုင်ရသော်လည်း အနည်းဆုံး မျက်စိနှင်တပ်အပ်မြင်ဖူးသွားပြီပင်။
ဤအကန့်အသတ်မရှိသည့်အော်ရာက ထက်ရှမှုတိုင်းကို ခွဲခြေနိုင်သလို တကယ်ပဲ တုန်လှုပ်စရာကောင်း၏။
၎င်းမှာ သွေးမျိုးဆက်အမွေခံတွေထက် အားမနည်းပေ။
"ဓားချီ..."
"ဓားချီ..."
လူအုပ် ဆူဆူညံညံဖြစ်လာပြီး တစ်ယောက်ချင်းဆီက အလွန်အမင်းစိတ်လှုပ်ရှားနေခဲ့သည်။
ဤအခိုက်အတန့်၌ ရွှေမျောက်ဝံကဲ့သို့ သူတို့လည်း မုန့်ချန်ချင်း ဘာကြောင့်မောက်မာရလဲဆိုတာ နားလည်လိုက်၏။
အဘယ်ကြောင့်ဆိုသော် သူ့၌ မောက်မာဖို့ အရည်အချင်းရှိတာပဲဖြစ်သည်။
ဤဓားတစ်ချက်နှင့်ကို သာမန်သိုင်းပညာရှင်တစ်ယောက်မဟုတ်တော့ပေ။
သူက သွေးမျိုးဆက်အမွေးဆက်ခံသူတွေနှင့် တစ်တန်းတည်း ရပ်တည်နိုင်၏။
"ဒီကောင်က ဘယ်သူလဲ..."
ဓားရူးနှင့် ရှောင်ကျန်း ရုတ်တရက် မတ်တပ်ထရပ်လာပြီး မျက်လုံးတွေထဲမှာ အံ့သြမှုတွေ အပြည့်ပင်။
အတွင်းစည်းရှိ ထိပ်တန်းပါရမီရှင်တွေအနေဖြင့် ဓားချီကိုနားလည်ဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာ အခြားသူတွေထက်ပိုသိ၏။
၎င်းမှာ အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်၌ ရရှိဖို့ မဖြစ်နိုင်လုနီးပါးပင်။
သို့ပေမယ့် မုန့်ချန်ချင်းအခြေအနေကို ခန့်မှန်းကြည့်လျှင် ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ကို မရောက်ခင်ကတည်းက နားလည်ထားတာ သိသာ၏။
ဤကဲ့သို့ မကောင်းဆိုးဝါးတည်ရှိမှု, အရင်က ဘာကြောင့်သတင်းမကြားခဲ့ရသနည်း။
တကယ်တော့, မုန့်ချန်ချင်း အခြေအနေအကြောင်းပြောရလျှင် အပြင်စည်းအကြီးအကဲစွန်းဟိုင်ရှန်း ဂိုဏ်းအထက်ပိုင်းတွေကို သတင်းပေးခဲ့၏။
သို့ပေမယ့် ဂိုဏ်းက လူထုကို ချမပြခဲ့ပေ။
အကြီးအကဲဖုန်းနှင့် သူ့လူတွေလည်း အတူတူပင်။ သူတို့က ဂိုဏ်းပြန်ရောက်ပြီးနောက် ထိုအကြောင်းကို ထုတ်မပြောခဲ့ကြပေ။
ထို့ကြောင့် မုန့်ချန်ချင်း ဓားချီပိုင်ဆိုင်တာကို တစ်ယောက်မှ မသိခဲ့တာဖြစ်သည်။
ဟုတ်ပါသည်။ ချင်ဖန်းလည်းသိသေး၏။
သို့ပေမယ့် ချင်ဖန်း၌ တစ်ကိုယ်ကောင်းဆန်မှုအနည်းငယ်ရှိပြီး အခြားသူတွေကို မပြောခဲ့ပေ။
အခန်း (၇၀)
အနိုင်ရရှိခြင်း
"အကို, ဒါသိုင်းပညာအော်ရာမလား..."
ရှီယောင် သူ့မျက်လုံးတွေ ပွတ်သပ်ပြီး မေးလိုက်သည်။
"ဟုတ်တယ်...."
ရှီဂွမ်း အသိပြန်ဝင်လာပြီး ခေါင်းညိတ်လိုက်၏။
"ဒါက အနာဂတ်မှာ ငါတို့လည်းနားလည်ရမယ့်အရာပဲ..."
"ဒါပေမယ့် ငါတို့ဦးနှောက်နဲ့ ဒါကိုနားလည်နိုင်ပါ့မလား...'
ရှီယောင်မျက်မှောင်ကြုတ်ပြီး အလေးအနက်ဖြစ်နေ၏။
"...."
ရှီဂွမ်း ဘယ်လိုဖြေရမလဲ မသိဖြစ်သွား၏။
"ဖြစ်နိုင်ပါတယ်, အပြင်ကလူအိုကြီးပြောလိုက်တာ မမှတ်မိဘူးလား။ ဉာဏ်ရည်ကသပ်သပ်, နားလည်နိုင်စွမ်းက သပ်သပ်ဆိုတာလေ..."
"ဒါဆိုလည်းပြီးရော..."
ရှီယောင် သက်သာရာရစွာ ပြောလိုက်သည်။
"အကို, သိုင်းပညာအော်ရာကို ကြည့်စမ်း။ ဘယ်လောက် အထင်ကြီးစရာကောင်းလိုက်လဲ..."
"ငါတို့သွေးမျိုးဆက်ပြောင်းလဲခြင်းထက် မနိမ့်ဘူး..."
"ဟုတ်တယ်...."
ရှီဂွမ်းစိုက်ကြည့်နေပြီး ခြင်ဆီကျောက်တုံးစုပ်ယူခြင်းအပေါ် နောက်ထပ်အာရုံမစိုက်နိုင်တော့ပေ။
"ဓားချီ, ပြောကြတာတော့ ဒါရဲ့အထက်မှာ ဓားရည်ရွယ်ချက်ရှိပြီး ပိုတောင်ကြောက်စရာကောင်းတယ်တဲ့..."
"သာမန်လူလို့ထင်ရတဲ့ စီနီယာအကိုမုန့်က ဓားချီကိုနားလည်ထားမယ်လို့ ထင်မထားဘူး..."
"ဓားချီနဲ့ဆို နတ်ဆိုးသားရဲသွေးမျိုးဆက်သုံးပြီး ဖိနှိပ်ဖို့ ခက်သွားပြီ...."
ရှီဂွမ်း ပြောလိုက်သည်။
"ဒါဆို, ဘယ်သူနိုင်မယ်လို့ အကိုထင်လဲ...."
ရှီယောင် သိချင်စွာဖြင့် မေးလိုက်သည်။
"ငါ မသေချာဘူး..."
ရှီဂွမ်း ခေါင်းခါယမ်းလိုက်သည်။
"သူတို့ရဲ့ ဝှက်ဖဲတွေအပေါ်မှာပဲ မူတည်တယ်။ အတိအကျပြောဖို့က ခက်တယ်..."
တပည့်တွေကြားရှိဆွေးနွေးမှုကလည်း အကွက်ရေအနည်းငယ်ခံနိုင်မှုမှ ဘယ်သူနိင်မလားရှုံးမလားဆိုသည့် အချက်ဆီ ပြောင်းလဲသွားခဲ့သည်။
လူအချို့မှာ နတ်ဆိုးသားရဲဘက်၌ရှိနေသေးသော်လည်း ထုတ်မပြောကြတော့ပေ။
အဆုံးမှာတော့ သွေးမျိုးဆက်ရှိသည့်နတ်ဆိုးသားရဲနှင့်ယှဥ်နိုင်သည့်လူက ရှား၏။
သဘာဝအတိုင်း သူတို့က ထောက်ခံပေးဖို့လိုအပ်၏။
ဤနတ်ဆိုးသားရဲကိုအနိုင်ယူနိုင်မှသာ အတွင်းစည်းဤမျိုးဆက်တပည့်တွေ ယခင်မျိုးဆက်တွေထက် အားမနည်းဘူးဆိုတာ သက်သေပြနိုင်မှာပဲဖြစ်သည်။
"စီနီယာအကိုမုန့်, ကြိုးစားထား..."
စိတ်ဝိညာဥ်တောင်ထိပ်မှ တပည့်တွေ ကျယ်လောင်စွာ အော်ဟစ်လိုက်ကြ၏။
အရင်ကမသိသည့်လူတွေတောင် ဤအခိုက်အတန့်၌ မုန့်ချန်ချင်းကို တရင်းတနှီးပြောလာခဲ့သည်။
လွန်ခဲ့သည့်နှစ်အနည်းငယ်က စိတ်ဝိညာဥ်တောင်ထိပ်၌ အထူးရုပ်ခန္ဓာပိုင်ရှင်တစ်ယောက် ပေါ်လာခဲ့သည်။
ယခုလည်း နောက်ထပ် မကောင်းဆိုးဝါးတစ်ကောင် ပေါ်ထွက်လာပြန်ပြီဖြစ်သည်။
ထိုအရာက စိတ်ဝိညာဥ်တောင်ထိပ်အတွင်းစည်း၏ ယခင်ဂုဏ်ကျက်သရေကို ပြန်ရယူဖို့ လုံလောက်၏။
အတွင်းစည်း၌ အဆင့် ၁ တောင် ဖြစ်သွားနိုင်တာပဲဖြစ်သည်။
"လူသား... မင်းက ဒီလူတွေထဲမှာ အားအကောင်းဆုံးဖြစ်ရမယ်..."
ရွှေမျောက်ဝံ တဖြည်းဖြည်းတည်ငြိမ်လာ၏။
၎င်း၏မျက်လုံးတွေက နောက်ထပ်ထူးမခြားနားမဟုတ်တော့ပဲ လေးနက်မှုတွေ အစားထိုးလာ၏။
"မင်း ငါ့ကိုမြှောက်နေတာပဲ။ ဒါက စွမ်းအင်ပမာဏနည်းနည်းလေးပါ...."
မုန့်ချန်ချင်း ပုံမှန်အတိုင်းတည်ငြိမ်နေပြီး ညင်သာစွာပြောလိုက်သည်။
သို့ပေမယ့် ဓားချီ၏လွမ်းမိုးမှုအောက်၌ ဤအပြုံးကကို အလွန်အမင်းထက်ရှနေပြီး ရန်လိုမှုအပြည့်ပင်။
"ဒါပေမယ့်, ဒါက... သွေးမျိုးဆက်ကွာဟချက်ကို ဖြည့်ဆည်းပေးရုံပဲ။ ငါ့ကိုအနိုင်ယူဖို့ရင်တော့... မင်းမှာ... ပိုသန်မာတဲ့ဝှက်ဖဲတွေရှိဖို့လိုတယ်..."
"မဟုတ်ရင်, မင်းရဲ့ ရလဒ်က... ရှုံးနိမ့်နေအုန်းမှာပဲ..."
ရွှေမျောက်ဝံ ဖြည်းဖြည်းချင်း မတ်မတ်ရပ်လိုက်၏။
ထိုအခါ ၎င်း၏ခန္ဓာကိုယ်မှ များပြားသည့်နတ်ဆိုးစွမ်းအင်တွေ လိမ့်တက်လာပြီး အမွှေးအမျှင်တွေကို ပိုလို့တောင် မာကျောသွားစေ၏။
လက်သည်းတွေ၌လည်း မီးတောက်တွေ စတင်တောက်လောင်လာခဲ့သည်။
ပထမစွမ်းရည်- ကြက်သွေးရောင်မီးလျှံခုတ်ချက်...
ဒုတိယစွမ်းရည်- ရွှေမျောက်ဝံနတ်ဆိုးခန္ဓာ....
နှစ်ခုလုံး တစ်ပြိုင်နက်တည်း အသက်သွင်းလိုက်၏။
"မင်းမြင်မှာပါ..."
မုန့်ချန်ချင်း တည်ငြိမ်စွာ ပြောလိုက်သည်။
"ကောင်းတယ်..."
ထိုစကားတွေထွက်ပေါ်လာသည်နှင့် ရွှေမျောက်ဝံ ချက်ချင်းနေရာမှ ပျောက်ကွယ်သွား၏။
မုန့်ချန်ချင်းလည်း အတူတူပင်။
ဘုန်း! ဘုန်း! ဘုန်း!
ချက်ချင်းပဲ နှစ်ယောက်သား အပြင်းအထန်တိုက်ခိုက်လိုက်ကြရာ လက်သည်းနှင့်ဓား တွေ့ဆုံမှုကြောင့် မီးပွားတွေ နေရာအနှံလွင့်စင်သွား၏။
အရှိန်ကလည်း အလွန်မြန်ကြရာ နောက်ခံပုံရိပ်တွေ ချန်ထားလုနီးပါပင်။
သေချာသည့်ခွန်အားအဆင့်တစ်ခုမရှိပဲနှင့် သူတို့၏လှုပ်ရှားမှုတွေကို လိုက်ကြည့်ဖို့က မဖြစ်နိုင်ပေ။
"ကြက်သွေးရောင်မီးလျှံခုတ်ချက်..."
ကြက်သွေးရောင်ရူးသွပ်ခြင်းရွှေမျောက်ဝံ ဟိန်းဟောက်လိုက်၏။
ထိုအခါ မီးတောက်လက်သည်း ၁၀ ခုက လေဟာနယ်ကိုပိုင်းဖြတ်သွားပြီး ကျယ်လောင်သည့် ပေါက်ကွဲသံကြီးတွေ ဖြစ်ပေါ်သွားစေခဲ့သည်။
"လင်းလုံအေးစက်လမင်း, ကောင်းကင်နှင်းကြေးမှုံ..."
မုန့်ချန်ချင်း ဓားရိုးကိုဆုပ်ကိုင်ပြီး သူ့ခြေထောက်အောက်ရှိမြေပြင်ပေါ် တိုက်ရိုက်စိုက်ချလိုက်သည်။
ဘုန်း!
များပြားသည့်ရေခဲမှန်တွေ မြေပြင်မှကြွတက်လာပြီး လက်သည်းတွေကို ခုခံလိုက်၏။
"လင်လုံအေးစက်လမင်း, မိုင်တစ်ထောင်ရေခဲနယ်မြေ...."
မုန့်ချန်ချင်း အော်ပြောလိုက်သည်။
သူက ခန္ဓာကိုယ်ထဲရှိ စစ်မှန်ချီကို ဓားတစ်လျှောက်ပျံ့နှံ့စေလိုက်ရာ ပတ်ဝန်းကျင်ရှိ မိုင်ပေါင်းများစွာနယ်မြေ ချက်ချင်း ရေခဲပြင်ဖြစ်သွား၏။
ထိုအခါ အေးစိမ့်မှုတွေမြှင့်တက်လာပြီး လေထဲ၌ ရေခဲမြူတွေအပြည့်ပင်။
တပည့်တွေ ချက်ချင်း အမြန်နောက်ဆုတ်လိုက်ရပြီး သက်ရောက်ခံရလုနီးပါးပင်။
"ဒါ ဘာဓားသိုင်းလဲ..."
အခြားတောင်ထိပ်မှတပည့်တွေသာမက စိတ်ဝိညာဥ်တောင်ထိပ်မှတပည့်တွေပါ အတော်လေး ပဟေဠိဖြစ်သွား၏။
သိုင်းကျမ်းဆောင်၌ ရေခဲအထူးပြုအဆင့်မြင့်ဓားသိုင်းမရှိပေ။
ထို့ပြင် ဤဓားသိုင်း၏စွမ်းအားက အဆင့်မြင့်တွေကြားမှာတောင် အတော်လေး အစွမ်းထက်၏။
ကြောက်စရာကောင်းလှသည်။
"ဒီလိုပုံမှန်မဟုတ်တဲ့နားလည်နိုင်စွမ်း, တကယ်ပဲ ဓားချီကိုနားလည်တဲ့ မကောင်းဆိုးဝါးပုံရိပ်အဖြစ် ထိုက်တန်တယ်..."
ဓားရူးမျက်လုံးတွေ အနည်းငယ်ကျဥ်းမြောင်းသွား၏။
"သူက အစကတည်းက သာမန်လူမဟုတ်ဘူးပဲ..."
"ဘယ်လိုတောင်ကြောက်စရာကောင်းတဲ့ နားလည်နိုင်စွမ်းလဲ။ ဓားချီကို နားလည်ထားတာ မအံ့သြတော့ပါဘူး...."
ရှောင်ကျန်း မသိမသာ ဓားရူးနှင့် အကြည့်ချင်းဖလှယ်လိုက်ရာ နှစ်ယောက်လုံး၏မျက်လုံးထဲ၌ လေးနက်မှုတွေ ရှိနေတာ မြင်နိုင်၏။
သူတို့လည်း အနာဂတ်၌ ဂိုဏ်းမှာတောက်ပလာမည့် မကောင်းဆိုးဝါးပုံရိပ်ကို မြင်နေရ၏။
သဘာဝအတိုင်း ရွှေမျောက်ဝံလည်း ထိုအရာကို သတိထားမိသည်။
သူဤနေရာမှာရှိနေခြင်းက ဓားသွေးကျောက်ဖြစ်ဖို့ ဆိုသော်လည်း သူက မဖြစ်ချင်ပေ။
ဤတပည့်တွေ၏တိုးတက်မှုတိုင်းက သူ့ကို အတော်လေးမပျော်မရွင်ဖြစ်စေ၏။
"အဆုံးသတ်သင့်ပြီ..."
ရွှေမျောက်ဝံ ရေခဲသလင်းကျောက်များစွာကို ထိုးခွဲပြီး နောက်ကို ခြေလှမ်းများစွာ ဆုတ်သွား၏။
သွေးမျိုးဆက်စွမ်းအားက ဆန္ဒရှိသလို သုံးမရပေ။
၎င်းက ပြန်လည်ဖြည့်တင်းဖို့ အချိန်လို၏။
မဟုတ်လျှင် သူက ဘာကြောင့် အချိန်အတော်ကြာကတည်းကမသုံးပဲနေမည်နည်း။
သွေးမျိုးဆက်စွမ်းရည်- နတ်ဆိုးမျောက်ဝံနတ်ဘုရားစွမ်းရည်...
စိတ်ထဲ၌ အော်ဟစ်လိုက်ရာ ရွှေမျောက်ဝံ၏ခန္ဓာ နောက်တစ်ကြိမ် ဖောင်းကားလာပြီး ၁၀ မီတာထိထပ်မြင့်မားလာခဲ့သည်။
အော်ရာကလည်း ပိုလို့တောင် ကြမ်းကြုတ်လာခဲ့သည်။
"နောက်ဆုံးတော့, ဒီအကွက်ကို သုံးဖို့ အချိန်ကျပြီ..."
မုန့်ချန်ချင်း မျက်လုံးတွေ အနည်းငယ် လှုပ်ရှားသွား၏။
ရိုးရိုးသားသားပြောရလျှင် သူက ခုချိန်ထိအားမရသေးပေ။
ဖြစ်နိုင်သည်မှာ နားလည်နိုင်စွမ်းမြှင့်တက်မှုကြောင့် ဖြစ်နိုင်၏။
ဤအဆင့်ပြိုင်ဘက်နှင့်တိုက်ပွဲ၌ အတွေးမြင်အသစ်တွေ အမြဲရတတ်ပြီး သူ့အား ဆန်းကြယ်သည့်တံခါးတစ်ခု ပွင့်သွားသလို ခံစားရစေကာ အကျိုးအမြတ်များ၏။
တကယ်ပဲ ရပ်တန့်ဖို့ တွန့်ဆုတ်နေခဲ့သည်။
ထို့ကြောင့် ရွှေမျောက်ဝံ ၎င်း၏အစစ်အမှန်ဝှက်ဖဲကို မသုံးခင် သူလည်း ခွန်အားပြည့်မသုံးခဲ့ပဲ စွမ်းရည်တိုးတက်မည့်အခွင့်အရေးကို အရယူနေခဲ့သည်။
သို့ပေမယ့် ယခုတော့ ရွှေမျောက်ဝံ အစွမ်းကုန်ထုတ်သုံးတော့မည့်ပုံဖြစ်ရာ သူ့၌ ရွေးချယ်စရာမရှိတော့ပေ။
နောက်တစ်ကွက်က အဆုံးအဖြတ်တိုက်ကွက်ဖြစ်လာမည်ဖြစ်သည်။
ရွှေမျောက်ဝံ၏ပြောင်းလဲမှုနှင့် ရှိနေသည့်လူတိုင်းလည်း အစစ်အမှန်အဆုံးအဖြတ်တိုက်ပွဲက ရောက်လာတော့မည်ဆိုတာ သိလိုက်၏။
သူတို့မျက်လုံးတွေ အလိုအလျောက်ပြူးကျယ်လာခဲ့သည်။
"လူသား... မင်း ရှုံးသင့်ပြီ..."
ရွှေမျောက်ဝံ မုန့်ချန်ချင်းကို စိုက်ကြည့်လိုက်သည်။
၎င်း၏အော်ရာက ယခင်အဆင့်ကိုကျော်သွားပြီး လက်သီးတွေက တောင်တန်းတွေကိုတောင် အသာအယာ ထိုးခွဲနိုင်သလိုပင်။
"ရှုံးရမယ်?..."
မုန့်ချန်ချင်း ခပ်ဖွဖွ ပြုံးလိုက်၏။
"အဲ့တာ မင်းကံကြမ္မာပဲဖြစ်မှာ..."
ထို့နောက် ဓားကိုင်ထားသည့်ညာလက်ကိုမြှောက်ပြီး ရွှေမျောက်ဝံကို ချိန်လိုက်သည်။
"လင်းလုံအေးစက်လမင်း, ပြည်နယ်ကိုးခု အေးခဲခြင်း..."
ထိုစကားတွေထွက်ပေါ်လာသည်နှင့် ခမ်းနားသည့်လရောင် စစ်မှန်ချီတွေ သူ့ခန္ဓာကိုယ်တွင်းမှ ပေါက်ကွဲထွက်လာခဲ့သည်။
အဆုံးအစမရှိသလိုပင်။
ဤအရာက ဓားသိုင်း၏ အားအကောင်းဆုံး ဓားချက်ဖြစ်၏။
မလိုအပ်လျှင် မုန့်ချန်ချင်း ဤပမာဏရှိစစ်မှန်ချီကို အလွယ်တကူသုံးမည်မဟုတ်ပေ။
ရွှေမျောက်ဝံမျက်ခွံတွေ အနည်းငယ်ကျုံ့သွား၏။
တကယ်တော့ အဆင့် ၃ သားရဲပဲဖြစ်ဖြစ် ပင်လယ်ခွဲခြားခြင်းနယ်ပယ်ပဲဖြစ်ဖြစ် ၎င်းတို့ကြားရှိခြားနားချက်မှာ စစ်မှန်ချီနှင့် နတ်ဆိုးချီ ပမာဏကွာခြားချက်ပင်။
အဆုံးမှာတော့ ၎င်းက အဆင့် ၃ အလယ်အလတ်အဆင့် နတ်ဆိုးသားရဲဖြစ်၏။
သဘောတရားအရ ၎င်း၏နတ်ဆိုးစွမ်းအင်က ဤလူသားထက် ပိုများသင့်၏။
သို့ပေမယ့် ယခုချိန်ထိ ဤလူသား၏ စစ်မှန်ချီက လုံးဝကုန်ဆုံးမသွားသလိုပင်။
အတော်လေး ကျန်ရှိနေဆဲဖြစ်ပြီး အစွမ်းထက်ဓားသိုင်းများစွာကို အသုံးပြုနိုင်သေးတာပဲဖြစ်သည်။
ခရက်...
စစ်မှန်ချီမြှင့်တက်လာမှုနှင့်အတူ ဧရာမငွေရောင်နှင်းဓားကြီးတစ်လက် တဖြည်းဖြည်းထွက်ပေါ်လာခဲ့သည်။
ဓားကြီးက အလွန်ကြီးမားပြီး မီတာ ၅၀ လောက်ရှည်၏။
၎င်းရှေ့၌ လူတွေက အလွန်သေးငယ်သွားသလိုပင်။
ထို့နောက် ကြောက်မက်ဖွယ်အော်ရာက ပတ်ဝန်းကျင်ကို စိမ့်ဝင်ပျံံ့နှံ့သွားပြီး မရေမတွက်နိုင်သည့်ရေခဲသလင်းကျောက်တွေ ထွက်ပေါ်လာကာ ဧရိယာမိုင်ပေါင်းများစွာကို ရေခဲနယ်မြေအဖြစ် ပြောင်းလဲသွားစေ၏။
"ဘယ်လိုတောင် အစွမ်းထက်တဲ့ ဓားချက်လဲ..."
ရွှေမျောက်ဝံအမူအရာ အကြီးအကျယ်ပြောင်းလဲသွားပြီး မယုံနိုင်သည့်အမူအရာတစ်ခု သူ၏သွေးနီရောင်မျက်လုံးတွေထဲမှာ ပေါ်လာခဲ့သည်။
သူ နားမလည်ပေ။
ဘာကြောင့် ဤကဲ့သို့ကြီးမားသည့်ပြောင်းလဲမှုကြီး ရုတ်တရက်အတွင်းဖြစ်သွားရသနည်း။
ဤဓားချက်၏စွမ်းအားက လုံးဝကို သူ့ကိုယ်ပိုင်ခွန်အားထက် ကျော်လွန်နေခဲ့သည်။
ယှဥ်ပြိုင်ဖို့ မဖြစ်နိုင်ပေ။
ဝှစ်!
မုန့်ချန်ချင်း သူ့ညာလက်ကို အောက်ချလိုက်၏။
ထိုအခါ ဧရာမရေခဲဓားကြီး အမြင့်ပျံတက်သွားပြီး အဝေရှိ ရွှေမျောက်ဝံကို ကြမ်းတမ်းစွာ ခုတ်ချလိုက်၏။
ဓားကကြီးမားလွန်းသည့်အပြင် သူနှင့်နီးကပ်လာပြီဖြစ်ရာ ရှောင်တိမ်းဖို့ လမ်းမရှိတော့ပေ။
ထို့ကြောင့် လက်မောင်းကိုမြှောက်ပြီး ခုခံဖို့သာ တတ်နိုင်တော့၏။
ဘုန်း!
ဓားချက်ကျလာသည်နှင့် ကမ္ဘာမြေကြီးတုန်ခါသွားပြီး အက်ကြောင်းရာများစွာ ပေါ်လာ၏။
မရေမတွက်နိုင်သည့်မြူတွေလည်း မြှင့်တက်လာပြီး အမြင်အာရုံကို ပိတ်ဆို့သွားခဲ့သည်။