ယန်ချင်း၏ နန်းတော်နယ်ပယ်
Vol. 24 Ch. 238
ယန်ချင်းသည် သူ၏အဖိုးဖြစ်သူ ပြောလိုက်သော စကားကြောင့် အံ့အားသင့်သွားကာ ကြောင်တောင်တောင်ကြီး ရပ်နေမိလေသည်။
“အဆင့်တွေ ကွဲပြားနေတယ်ဆိုတာ ဘာကိုဆိုလိုတာလဲဟင်။ ကျွန်တော် အဲ့ဒါနဲ့ ပတ်သက်ပြီး ဘာမှမကြားမိပါဘူး။”
“ ပြီးတော့ ရွှေခန္ဓာနဲ့ စိန်ခန္ဓာလို တခြားအဆင့်တွေမှာရော အဆင့်ခွဲတွေ ရှိနေသေးတာလား။”
ယန်ချင်းက စိတ်အားထက်သန်စွာ မေးလိုက်သည်။
သူသည် သူ၏အဖိုးနှင့် အခြားသူများကဲ့သို့ ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်အပေါ် ရူးသွပ်မှုမရှိသော်လည်း ကျင့်ကြံခြင်း၏ နက်နဲမှုများအပေါ်တွင်မူ အလွန်ပင် စိတ်ဝင်စားသူ ဖြစ်သည်။
ထို့ကြောင့်လည်း သူသည် ထူးဆန်းသောပစ္စည်းများကို ဝယ်ယူခြင်း၊ ပျောက်ဆုံးနေသော အတတ်ပညာများနှင့် မပြည့်စုံသော နည်းစနစ်များကို လေ့လာခြင်းတို့ကို နှစ်သက်နေခြင်း ဖြစ်သည်။
ထိုသို့သော နက်နဲမှုများထဲသို့ စူးစမ်းလေ့လာရခြင်းက သူ့ကို အမြဲတမ်း စိတ်လှုပ်ရှားစေသည်။
….
“ငါ့မှာ ခိုင်လုံတဲ့ အထောက်အထားတော့ မရှိဘူး။ ဒါပေမဲ့ အဖိုးကြီးတစ်ယောက်ရဲ့ အလိုလိုသိစိတ်လို့ပဲ မှတ်ယူလိုက်ပါ။”
“ ပြိုင်ဘက်ကင်းကျောက်စိမ်းခန္ဓာကို ပိုင်ဆိုင်ဖို့ ဘယ်လိုလိုအပ်ချက်တွေ ရှိတယ်ဆိုတာကို ငါတို့ အခုထိ မသိသေးဘူး။ ဒီခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး လျှို့ဝှက်ချက်တွေ အများကြီး ရှိနေသေးတယ်။”
“ဘာက ဒါကို စတင်ဖြစ်ပေါ်စေတာလဲ။ တစ်စုံတစ်ယောက် မွေးဖွားလာကတည်းက ပါလာတဲ့ မွေးရာပါ ခန္ဓာကိုယ်မျိုးလား၊ ဒါမှမဟုတ် စိန်ခန္ဓာအဆင့်ကို ရောက်မှသာ နိုးထလာတာလား။ ဒါမှမဟုတ် လူတိုင်းမှာ ဒါကို ကျင့်ကြံနိုင်စွမ်း ရှိပေမဲ့ လူတစ်ဦးနဲ့တစ်ဦး နည်းလမ်းချင်း မတူတာလား။”
“ငါတို့ မသိတာတွေ အများကြီး ရှိနေသေးပေမဲ့ သိထားတဲ့ အချက်တစ်ခုကတော့ ပြိုင်ဘက်ကင်းကျောက်စိမ်းခန္ဓာဟာ လူတစ်ယောက်ရဲ့ ဘဝတစ်လျှောက်လုံးအပေါ် သက်ရောက်မှုရှိနိုင်တဲ့ အတိုင်းအဆမရှိ နက်နဲမှုမျိုး ရှိနေတာပဲ။”
မင်း အခြေတည်အဆင့်မှာ ခရမ်းရောင်အဆင့် မဏ္ဍိုင်တွေကို တည်ဆောက်နိုင်ခဲ့တာဟာ ဒီခန္ဓာကိုယ်ရဲ့ အစွမ်းကြောင့်လည်း ပါတယ် မဟုတ်လား။”
ယန်ဖန်းက မေးလိုက်သည်။
“ဟုတ်ကဲ့။”
ယန်ချင်းက ခေါင်းညိတ်ထောက်ခံလိုက်သည်။
သူ၏ ခရမ်းရောင်အဆင့်မဏ္ဍိုင်များကို တည်ဆောက်နိုင်ခြင်းမှာ ပြိုင်ဘက်ကင်းကျောက်စိမ်းခန္ဓာ၏ အကူအညီအပြင် ကျင့်ကြံခြင်းနယ်ပယ်၏ ‘၁၃ ခုမြောက်အဆင့်’ ဟု လူသိများသည့် ပြီးပြည့်စုံသော ချီလှည့်ပတ်မှုနယ်ပယ်သို့ ရောက်ရှိခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။
“ဒါပေမဲ့ အချက်ကတော့ မင်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေဆီမှာ မြင်ဖူးသလိုမျိုး စိန်ခန္ဓာအဆင့်ရှိတဲ့ သူတွေတောင် ခရမ်းရောင်အဆင့်မဏ္ဍိုင်ကို ရရှိနိုင်ကြတာပဲ။”
“အကယ်၍ ပြိုင်ဘက်ကင်းကျောက်စိမ်းခန္ဓာက ခရမ်းရောင်မဏ္ဍိုင်ကိုရဖို့ပဲ အထောက်အကူပြုတာဆိုရင် ဒါကို ရရှိဖို့ ခက်ခဲလွန်းတာနဲ့ ယှဉ်ရင် အစွမ်းက သိပ်မပြောပလောက်ဘူးလို့ မင်းမထင်ဘူးလား။”
ယန်ဖန်းက အဖြေကို စောင့်ဆိုင်းနေပုံမရဘဲ ဆက်ပြောလိုက်သည်။
“အခြေခံအရ ကြည့်မယ်ဆိုရင် ပြိုင်ဘက်ကင်းကျောက်စိမ်းခန္ဓာက တခြားမွေးရာပါ ခန္ဓာကိုယ်တွေနဲ့ ယှဉ်ရင် တစ်ခုခုလိုအပ်နေသလို ခံစားရတယ်။”
“မင်းရဲ့ အခြေအနေကိုပဲ ဥပမာထားကြည့်ရအောင်။ မင်းမှာ ယင်ယန်ကျောက်စိမ်းခန္ဓာရှိတယ်။”
“အဲ့ဒါက မင်းကို အဆိပ်ပေါင်းတစ်သောင်းကျော်ကို ခံနိုင်ရည်ရှိစေတယ်၊ တခြားသူတွေထက် ချီသိုလှောင်နိုင်စွမ်း ပိုများစေတယ်၊ ပြီးတော့ ယင်နဲ့ယန် သက်စောင့်ဓာတ်တွေအပေါ်မှာ အာရုံခံနိုင်စွမ်းနဲ့ တက်ကြွမှုတွေကို မြင့်မားစေတယ်”
“ ဒါက မင်းကို အလွန်အမင်း အစွမ်းထက်တဲ့ သစ်ပင်တစ်ပင် ဖြစ်စေတာထက် ဘာမှမပိုဘူး မဟုတ်လား။”
ယန်ဖန်က သူ၏မုတ်ဆိတ်ကို ပွတ်သပ်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
‘ဒီအဖိုးကြီးက ငါ့ကို သွယ်ဝိုက်ပြီး နှိပ်ကွပ်နေတာလား’
ယန်ချင်းက တွေးလိုက်မိပြီး သစ်ပင်တစ်ပင်ဟု ခေါ်ဆိုခံရခြင်းကြောင့် သူ၏မျက်နှာမှာ ရှုံ့မဲ့သွားရသည်။
“တကယ်တော့ မင်းနဲ့ တူညီတဲ့ အရည်အသွေးတွေရှိတဲ့ သစ်ပင်တစ်ပင် ရှိတယ်ဟ။ အဲ့ဒါက ခမ်းနားတဲ့ ခရမ်းရောင်ကျောက်စိမ်းပင်ပဲ မဟုတ်လား အကြီးအကဲကွေ့။”
ယန်ဖန်က သူ၏နောက်ကွယ်မှ အကြီးအကဲတစ်ဦးဆီသို့ မေးခွန်းလှည့်မေးလိုက်သည်။
“ဟုတ်ပါတယ်။ တူညီတဲ့ အင်္ဂါရပ်တွေရှိတဲ့ နွေဦးရောင်ခြည်မိုးမခသစ်ပင်လည်း ရှိသေးတယ်၊ ပြီးတော့ မိုးစက်မှုန် ပန်းပင်ရယ်၊ မီးတောက်လေသံ အယ်လ်ဒါပင်ရယ်...”
“ကျေးဇူးပြုပြီး အဓိကအချက်ကိုပဲ ပြောပေးလို့ ရမလားခင်ဗျာ။”
ယန်ချင်းက ဒေါသတကြီး ကြားဖြတ်ပြောလိုက်သည်။
အကြီးအကဲကွေ့သာ ဆက်ပြောနေလျှင် သူ၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုများကို တစ်ခုပြီးတစ်ခု ရိုက်ချိုးနေတော့မည်ဟု ခံစားလိုက်ရသောကြောင့် ဖြစ်သည်။
‘ငါက အပင်တစ်ပင်နဲ့ ဘာမှမထူးဘူးဆိုတာ မယုံနိုင်စရာပဲ။’
ယန်ချင်းသည် ပြိုင်ဘက်ကင်းကျောက်စိမ်းခန္ဓာအကြောင်းကို ဘာလို့ စပ်စုမိပါလိမ့်ဟုပင် နောင်တရလာသည်။ သူ ခုနက ကြားလိုက်ရသည့် စကားများကို ပြန်မေ့ဖျောက်၍ မရတော့ပေ။
ယခုမှစ၍ သူသည် မိမိကိုယ်ကိုယ် ပြန်ကြည့်သည့်အခါတိုင်း အထူးသဖြင့် သူ၏ဆံပင်စိမ်းစိမ်းများနှင့်အတူ မိမိကိုယ်ကိုယ် သစ်ပင်တစ်ပင်အဖြစ် မရည်ရွယ်ဘဲ မြင်ယောင်နေတော့မည် ဖြစ်သည်။
ယန်ဖန်နှင့် အခြားသူများသည် သူတို့၏ စကားများမှာ အနည်းငယ် ပြင်းထန်သွားသည်ကို သတိပြုမိသွားကာ အားနာစွာ ပြုံးလိုက်ကြသည်။
“ငါပြောတာ ဘယ်နားရောက်သွားလဲ... ဪ ဟုတ်ပြီ၊ မွေးရာပါခန္ဓာကိုယ်တွေနဲ့ ပြိုင်ဘက်ကင်းကျောက်စိမ်းခန္ဓာ အကြောင်းပဲ။”
“ ခရမ်းရောင်အဆင့်မဏ္ဍိုင်ကိုရဖို့အတွက်ပဲ အထောက်အကူပြုတာဆိုရင်တော့ ပြိုင်ဘက်ကင်းကျောက်စိမ်းခန္ဓာဟာ ကြိုးစားရကျိုး မနပ်ဘူး။”
“ဘာလို့လဲဆိုတော့ မွေးရာပါ ခန္ဓာကိုယ်တွေကလည်း အဲ့ဒါကို လုပ်နိုင်လို့ပဲ။ ဟိုကောင်မလေး နာမည် ဘယ်လိုခေါ်လဲ... မော့ယွင်ရုလေးလေ၊ သူလည်း ခရမ်းရောင်အဆင့် မဏ္ဍိုင်ကိုရခဲ့တယ် မဟုတ်လား။”
ယန်ဖန်းက မေးလိုက်သည်။
“ဟုတ်ကဲ့၊ ရခဲ့ပါတယ်။”
ယန်ချင်းက ပြန်ဖြေသည်။
“သူမရဲ့ ခန္ဓာကိုယ်က ခရမ်းမြူတိမ်ခန္ဓာထင်တယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး ငါ အများကြီး မသိပေမဲ့ ရေဓာတ်သဘာဝကို အလိုလို သိမြင်နိုင်စွမ်း ပေးသလို၊ လှည့်စားခြင်း မှော်အတတ်တွေကိုလည်း ခံနိုင်ရည်ရှိစေတယ်လို့ ငါထင်တယ်။”
“ အဲ့ဒါတွေက သူမရဲ့ အခြေခံ စွမ်းရည်တွေပဲ ရှိသေးတာ။ သူမက ခန္ဓာကိုယ်ရဲ့ စွမ်းအားတွေကို ပိုပြီး နက်နက်ရှိုင်းရှိုင်း ထုတ်ဖော်နိုင်ရင် ဘယ်လောက်တောင် ဖြစ်မလဲ။”
“နောက်ပြီး သီးခြားလွတ်လပ်တဲ့ အတွေးအခေါ်တွေနဲ့ မတူညီတဲ့ ပါရမီတွေရှိတဲ့ ကိုယ်ပွားတွေကို ဖန်တီးပေးနိုင်တဲ့ ရွှေရောင်ပုဇဥ်းခန္ဓာလည်း ရှိသေးတယ်။”
“ဘယ်လောက်ပဲ ဝေးကွာနေပါစေ တစ်စုံတစ်ယောက်ကို အိပ်မက်ကမ္ဘာထဲ ဆွဲသွင်းပြီး တိုက်ခိုက်နိုင်တဲ့ လကျောက်အိပ်မက်ခန္ဓာလည်း ရှိတယ်။”
“ဒါမှမဟုတ် ခန္ဓာကိုယ်ထဲမှာ ကြယ်အသွင်နဲ့ ဒန်တျန်အများကြီးကို တည်ဆောက်နိုင်စေပြီး ခန္ဓာကိုယ်ကိုလည်း အမြင့်ဆုံးအဆင့် ခံစစ်လက်နက်တွေလို မာကျောစေတဲ့ ကြယ်စင်ကြွယ်ဝခြင်းမြွေခန္ဓာလည်း ရှိသေးတယ်။”
“အကယ်၍ ဒီခန္ဓာကိုယ်တွေထဲက တစ်ခုခုနဲ့ မင်းရဲ့ ခန္ဓာကိုယ်ကို နှိုင်းယှဉ်ကြည့်ရင် မင်းရဲ့ခန္ဓာကိုယ်က အားနည်းနေသလိုပဲ။”
“ငါ့အမြင်မှာတော့ ပြိုင်ဘက်ကင်းကျောက်စိမ်းခန္ဓာဟာ အဲ့ဒီခန္ဓာကိုယ်တွေထဲက ဘယ်တစ်ခုကိုမှ ရှုံးနိမ့်စရာ အကြောင်းမရှိသလို၊ ပိုတောင် သာလွန်သင့်သေးတယ်။”
“ဒါပေမဲ့ ငါတို့က အပြင်ပန်းအချက်အလက်တွေနဲ့ပဲ ကြည့်မယ်ဆိုရင်တော့ ပြိုင်ဘက်ကင်းကျောက်စိမ်းခန္ဓာက ပိုပြီး အားနည်းနေသလို ထင်ရတာပေါ့။”
“ဒါကြောင့်လည်း ပြိုင်ဘက်ကင်းကျောက်စိမ်းခန္ဓာမှာ တခြား အဆင့်တွေ ရှိရမယ်လို့ ငါယုံကြည်နေတာ။ မင်း အခု ပိုင်ဆိုင်ထားတဲ့ စွမ်းရည်တွေက အစပျိုးအဆင့်တွေပဲ ရှိသေးပြီး နက်ရှိုင်းတဲ့ အနှစ်သာရတွေကို မထိတွေ့ရသေးဘူး။”
“အဲ့ဒါကြောင့် ခန္ဓာကိုယ်ပြန်လည်မွေးဖွားခြင်းဆေးရည်က မင်းအတွက် အကျိုးရှိလိမ့်မယ်လို့ ငါထင်တာ။”
“အဲ့ဒီဆေးက မင်းရဲ့ ခန္ဓာကိုယ်ကို အမြင်သစ်နဲ့ ပြန်လည် ဆန်းစစ်နိုင်ဖို့ ကူညီပေးလိမ့်မယ်၊ ပြီးတော့ အရင်က သတိမထားမိခဲ့တဲ့ အရာတွေကိုလည်း မင်း မြင်လာနိုင်တယ်။”
“ဆေးတောင်ကြားက လူတွေကလည်း ဒီအကြောင်းပြချက်တွေကြောင့်ပဲ ငါတို့ကို ကူညီပေးခဲ့ကြတာ။ သူတို့ကိုယ်တိုင်လည်း ဒီလို သံသယမျိုးတွေ ရှိနေခဲ့တာ ကြာပြီပဲ။”
“အဖွဲ့အစည်းထဲမှာ တကယ့်ကို ထူးဆန်းအံ့သြဖွယ်ကောင်းတဲ့ လူထူးဆန်းတွေ မရှားပါဘူး။” ယန်ဖန်က ကျေနပ်စွာ ပြုံးရင်း ပြောလိုက်သည်။
ယန်ချင်းသည် သူ၏အဖိုးပြောသည့် စကားများကို ဖြည်းဖြည်းချင်း တွေးတောရင်း မျက်စိမှိတ်ကာ တိတ်ဆိတ်စွာ ရပ်နေမိသည်။
သူ့ကို နှိမ်ထားသည့် စကားများကို ဖယ်ထုတ်လိုက်လျှင်ပင် သူ၏အဖိုး ပြောသွားသည်မှာ မှန်ကန်သည့် အချက်အလက်များ ဖြစ်ကြောင်း ဝန်ခံရပေမည်။
သူသည် ပြိုင်ဘက်ကင်းကျောက်စိမ်းခန္ဓာကို စတင်ရရှိခဲ့စဉ်က အနည်းငယ် လေ့လာခဲ့သော်လည်း ချီသန့်စင်ခြင်းနယ်ပယ်သို့ ရောက်ရှိသွားသည့်အခါတွင်မူ ထပ်မံ၍ အလေးအနက် မလေ့လာဖြစ်တော့ဘဲ ယင်ယန်စွမ်းအင်များကို အာရုံခံနိုင်စွမ်းနှင့် ဟန်ချက်ညီမှုကဲ့သို့သော ခန္ဓာကိုယ်၏ အလိုအလျောက် စွမ်းဆောင်ရည်များကိုသာ အာရုံစိုက်ခဲ့သည်။
ထို့နောက် သူ၏ ကျင့်ကြံမှု တိုးတက်လာလေလေ ထိုခန္ဓာကိုယ်အကြောင်းကို သူ လျစ်လျူရှုလာလေလေ ဖြစ်ပြီး အထူးသဖြင့် အမြုတေဖွဲ့စည်းခြင်းနယ်ပယ်သို့ ရောက်သည့်အခါတွင် ပို၍ ဆိုးလာသည်။
သို့သော် ယခု ပြန်စဉ်းစားကြည့်သည့်အခါ သူ၏ ကျင့်ကြံမှုအဆင့် မြင့်မားလာလေလေ သူ၏ ခန္ဓာကိုယ်မှ အလိုအလျောက် သက်ရောက်မှုများမှာ ပို၍ သိသာထင်ရှားလာလေလေ ဖြစ်သည်ကို သတိထားမိလိုက်သည်။
တစ်ချိန်က သူသည် သူ၏ခန္ဓာကိုယ်မှာ အသုံးမဝင်တော့ဘဲ ကျင့်ကြံမှုအောက်တွင် မှေးမှိန်သွားပြီဟု ထင်ခဲ့မိသော်လည်း ၎င်းမှာ သူ့ကို အမြဲတမ်း ဖြည်းဖြည်းချင်း လမ်းပြကူညီပေးနေခဲ့ခြင်း ဖြစ်သည်။
ယန်ချင်းသည် သူ၏ ကျင့်ကြံခြင်း နည်းစနစ်ကို ဖြည်းဖြည်းချင်း စတင် လည်ပတ်စေလိုက်သည်။ သူသည် လောကပေါင်းစုံ၏ စကြဝဠာနှစ်ရပ်စုံမက်ခြင်းကျင့်စဥ်ကို ကျင့်ကြံနေခြင်း ဖြစ်သည်။
ဤနည်းစနစ်မှာ ကျင့်ကြံသူအား ပတ်ဝန်းကျင်ရှိ သဘာဝတရားများနှင့် ပိုမိုနီးစပ်စေသည့်အတွက် သူ့အတွက် အလွန်ပင် သင့်တော်လှသည်။
ယင်ယန်ကျောက်စိမ်းအရိုးများ ပိုင်ဆိုင်ထားသူအတွက် ဤနည်းစနစ်မှာ အကောင်းဆုံးဖြစ်သည့်အတွက် မပြည့်စုံသော ခရမ်းရောင်အဆင့်ကျင့်စဥ်တစ်ခု ဖြစ်နေသည့်တိုင် ယန်ချင်းက ၎င်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
နူးညံ့သော မြူဆိုင်းနေသည့် အလင်းတန်းတစ်ခုသည် ယန်ချင်း၏ ခန္ဓာကိုယ်မှ ကျင့်ကြံခြင်းအတတ်ကို လည်ပတ်စေလိုက်သည်နှင့် ထွက်ပေါ်လာသည်။
ထိုအလင်းတန်းတွင် ထူထပ်သော သက်စောင့်အရှိန်အဝါများ ပါဝင်နေပြီး ပတ်ဝန်းကျင်ရှိ မြက်ပင်များနှင့် သစ်ပင်များကို ထိတ်လန့်ဖွယ် ကောင်းလောက်အောင် လျင်မြန်စွာ ကြီးထွားလာစေသည်။
ထိုမျှမကဘဲ အနီးနားရှိ ငှက်များ၊ ပိုးမွှားများ၊ တွားသွားသတ္တဝါများနှင့် အခြားသတ္တဝါများသည်လည်း ယန်ချင်းထံတွင် သူတို့ကို ဆွဲဆောင်နေသည့် အားကောင်းသော အားဆေးတစ်မျိုး ရှိနေသကဲ့သို့ တိုးဝှေ့လာကြသည်။
ယန်ချင်း၏ အခြေအနေကို မြင်သောအခါ ယန်ဖန်နှင့် အခြားသူများသည် သူ့ကို တစ်ယောက်တည်း ထားခဲ့ကာ အိမ်ထဲသို့ ဖြည်းဖြည်းချင်း ဝင်သွားကြသည်။
“မင်းဟာ တကယ်ပဲ ယန်မိသားစုရဲ့ ဂုဏ်ဆောင်ပါပဲ ချင်းအာ။ မင်း ဘယ်လောက်အထိ မြင့်မားတဲ့အဆင့်ကို ရောက်သွားမလဲဆိုတာကို ဒီအဖိုးကြီး မြင်ချင်ပါသေးတယ်။”
ယန်ဖန်က နောက်သို့လှည့်ကာ ယန်ချင်းကို နူးညံ့သော အကြည့်ဖြင့် ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
အခြားအကြီးအကဲများကလည်း ကျေနပ်အားရသော အကြည့်များဖြင့် ကြည့်လိုက်ကြပြီးနောက် အိမ်ထဲသို့ ပြန်ဝင်သွားကြရာ ခြံဝင်းအတွင်း၌ ယန်ချင်း တစ်ယောက်တည်း ကျန်ရစ်ခဲ့လေသည်။
သူ၏ ပတ်လည်တွင် အရောင်အသွေးစုံလင်သော နူးညံ့နွေးထွေးသည့် အလင်းတန်းများ ဝန်းရံနေသည်။
မြက်ပင်များသည် ဒူးခေါင်းအထိ ရှည်လျားလာကာ တစ်ခုခုကို ဆင်နွှဲနေသကဲ့သို့ ညင်သာစွာ ယိမ်းနွဲ့နေကြသည်။ စာကလေး အနည်းငယ်မှာ ယန်ချင်း၏ ပုခုံးပေါ်တွင် နားနေကြပြီး တေးဆိုနေကြသည်။
ထိုတေးဆိုသံမှာ ယိမ်းနွဲ့နေသော မြက်ပင်များ၊ ယန်ချင်းကို ဝန်းရံထားသော အလင်းလှိုင်းများနှင့် ဟန်ချက်ညီနေသည်။
အယ်လီသည် ယန်ချင်းကို အနှောင့်အယှက် မဖြစ်စေရန် ပတ်ဝန်းကျင်ကို စောင့်ကြည့်ရင်း မီတာ ရာဂဏန်းခန့် အကွာတွင် ပျံသန်းနေသည်။
ယန်ချင်းမှလွဲ၍ အနီးအနားတွင် အင်အားအကြီးဆုံး သတ္တဝါ ဖြစ်သည့်အတွက် သူ့ကို စောင့်ရှောက်ရန် တာဝန်မှာ သူမထံသို့ အလိုအလျောက် ရောက်ရှိလာခြင်း ဖြစ်သည်။
ယန်ချင်း၏ ခန္ဓာကိုယ်အတွင်း၌မူ မျက်စိတစ်ဆုံး ကျယ်ပြောလှသော မြေပြင်ကြီး တစ်ခု ရှိနေသည်။ ထိုမြေပြင်မှာ နူးညံ့သောအလင်းများ ထွက်ပေါ်နေသည့် မြက်စိမ်းနုလေးများဖြင့် ပြည့်နှက်နေသည်။
ထိုမြေပြင်၏ အလယ်တွင် သစ်ပင်တစ်ပင်တည်းသာ ရှိပြီး ၎င်းမှာ ယန်ချင်း၏ နောက်ဖေးခြံထဲတွင် ပေါက်နေသော အသက်မီးတောက်သစ်ပင်နှင့် ဆင်တူလှသည်။
ထိုမြေပြင်၏ အလွန်တွင်မူ မြေပြင်ကို ပတ်ပတ်လည် ဝန်းရံထားသည့် နက်ရှိုင်းသော အပြာရောင် သမုဒ္ဒရာကြီး ရှိနေပြီး ကြည်လင်သော ကောင်းကင်ယံတွင် လနှင့် နေတို့ ရှိနေသည်။ နေမင်းမှာ မြေပြင်၏ အထက်တွင် ရှိနေပြီး လမင်းမှာ သမုဒ္ဒရာ၏ အထက်တွင် ရှိနေသည်။
ယန်ချင်း၏ ပုံရိပ်ကို ထိုအသက်မီးတောက်သစ်ပင်၏ အထက်တွင် တင်ပလ္လင်ခွေ ထိုင်နေသည်ကို မြင်တွေ့ရသည်။ ဤမြင်ကွင်းမှာ ယန်ချင်း၏ နန်းတော်နယ်ပယ်ပင် ဖြစ်တော့သည်။