ကျင့်ကြံခြင်းအဆင့် တိုးတက်လာခြင်း
Vol. 24 Ch. 240
“ဟိုသစ်ပင်က ဘာပါလိမ့်။ ယင်ယန်ကျောက်စိမ်းခန္ဓာကြောင့်လား၊ ဒါမှမဟုတ် ငါကျင့်နေတဲ့ ကျင့်စဥ်နဲ့ ပတ်သက်နေတာလား...”
ယန်ချင်းက မေးစေ့ကို ပွတ်သပ်ရင်း တိတ်တဆိတ် တွေးတောနေမိလေသည်။
ခရမ်းရောင်အဆင့် ကျင့်စဉ်များသည် အခြားအဆင့်များနှင့် မတူညီသည့် ထူးခြားချက်တစ်ခုရှိရာ ၎င်းမှာ ဝိညာဉ်ဓာတ် ကိန်းအောင်းနေခြင်းပင် ဖြစ်သည်။
အချို့သော ခရမ်းရောင်အဆင့် ကျင့်စဉ်များသည် ဖန်တီးသူမှလွဲ၍ ကျင့်ကြံမည့်သူကို ကိုယ်တိုင်ရွေးချယ်တတ်ကြ၏။
ထို့ကြောင့် တစ်ခါတစ်ရံတွင် လောကကို တုန်လှုပ်စေနိုင်သော ပါရမီရှင်တစ်ဦးသည် ခရမ်းရောင်အဆင့်ကျင့်စဉ်ကို ကျင့်ကြံရန် မအောင်မြင်ဘဲ ဖြစ်နေတတ်သော်လည်း သာမန်အရည်အချင်းသာရှိသော ကျင့်ကြံသူတစ်ဦးမှာမူ ထိုကျင့်စဉ်၏ မျက်နှာသာပေးမှုကို ရရှိပါက ကံကောင်းထောက်မစွာဖြင့် ကျင့်ကြံနိုင်ပေသည်။
ယန်ချင်း ကျင့်ကြံနေသော ကျင့်စဉ်မှာ မပြည့်စုံသေးသော်လည်း ခရမ်းရောင်အဆင့်၏ ဝိညာဉ်ဓာတ် ရှိနေဆဲပင်။
ထို့ကြောင့် သူ၏ နန်းတော်နယ်ပယ် အတွင်းပိုင်းတွင် တွေ့လိုက်ရသော ကျောက်စိမ်းသစ်ပင်မှာ သူ၏ကျင့်စဉ်ကြောင့် ဖြစ်ပေါ်လာခြင်းလားဟု သံသယဝင်နေခြင်း ဖြစ်၏။
ယခုလေးတင် သူခံစားလိုက်ရသည့် ကန်ထုတ်ခံရသော ခံစားချက်မှာ စကြဝဠာနှစ်ရပ် လောကသောင်းခြောက်ထောင်ကျင့်စဥ်ကို စတင်ကျင့်ကြံစဉ် အစောပိုင်းကာလများက မကြာခဏ ကြုံတွေ့ခဲ့ရသော ခံစားချက်မျိုး ဖြစ်သည်။
ကန်ထုတ်ခံရခြင်းအပြင် သစ်ပင်ပေါ်တွင်ရှိသော မတူညီသည့် အပင်များမှဖြစ်ပုံရသည့် များပြားလှသော သစ်ရွက်များသည်လည်း သူ၏ကျင့်စဉ်ထဲမှ လောကသောင်းခြောက်ထောင်ဆိုသည့် အပိုင်းကို ကိုယ်စားပြုနေသယောင် ရှိသည်။
သို့သော်လည်း ထိုကျောက်စိမ်းသစ်ပင်သည် သူ၏ကျင့်စဉ်နှင့်သာ သက်ဆိုင်သည်မဟုတ်ဟု ထင်စေသည့်အချက်မှာ ထိုအပင်နှင့် သူ၏ကြားတွင် ခံစားနေရသော ရင်းနှီးကျွမ်းဝင်မှုပင် ဖြစ်သည်။
၎င်းမှာ သူ၏ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကဲ့သို့ ခံစားနေရခြင်း ဖြစ်၏။
ယန်ချင်းသည် မျက်လုံးများကို မှိတ်လိုက်ပြီး ကျောက်စိမ်းသစ်ပင်ကို ပြန်လည်ရှာဖွေရန် သူ၏စိတ်အာရုံကို နန်းတော်နယ်ပယ်ထဲသို့ ထည့်သွင်းရန် ကြိုးစားလိုက်သည်။
သို့သော် သူ၏စိတ်အာရုံမှာ စတင်သည်နှင့် ပိတ်ဆို့ခံလိုက်ရသဖြင့် အဝေးသို့ မရောက်နိုင်ခဲ့ပေ။ ထိုသစ်ပင်၏ ပုံရိပ်ကိုပင် မဖော်ဆောင်နိုင်တော့ချေ။
ထိုနေရာသို့ သွားရာလမ်းကြောင်းမှာ ကာရံထားခြင်း ခံလိုက်ရပုံရသည်။
…
“အဖိုးပြောတာ မှန်နေတာလား... လိုအပ်ချက်တွေ ရှိနေတာလား...”
ယန်ချင်းက မျက်မှောင်ကြုတ်ရင်း တွေးနေမိသည်။
အကယ်၍ ထိုကျောက်စိမ်းသစ်ပင်သည် သူ၏ ယင်ယန်ကျောက်စိမ်းအရိုးများနှင့် ဆက်စပ်နေသည်ဟု ယူဆပါက အဖိုး၏ ပြောကြားချက်အရ သူ ကန်ထုတ်ခံရခြင်းမှာ ထိုနေရာသို့ ချဉ်းကပ်ရန် မဆိုထားနှင့်၊ ရှိနေရန်အတွက်ပင် လိုအပ်ချက်များကို မပြည့်မီသေးသောကြောင့် ဖြစ်နိုင်ပေသည်။
“ပြီးတော့ ဟိုအသံက ဘာလဲ...”
မြူနှင်းများထဲမှ ထွက်ပေါ်လာသော အသံမှာ သူတစ်ခါမျှ မကြားဖူးသော ဘာသာစကားမျိုး ဖြစ်နေသည်ကို ယန်ချင်း အထင်အရှား မှတ်မိနေသေးသည်။
“အင်း…”
ယန်ချင်း၏ မျက်မှောင်ကြုတ်မှုမှာ ပို၍ပင် ကြီးမားလာသည်။
သူကြားလိုက်ရသည့် စကားလုံးများကို ပြန်လည်ပြောဆိုရန် ကြိုးစားသော်လည်း ထိုစကားလုံးများသည် လည်ချောင်းထဲတွင် တစ်နေသကဲ့သို့ ဖြစ်ကာ ထွက်မလာခဲ့ချေ။
ထို့ပြင် ထိုစကားလုံးများနှင့် ပတ်သက်သည့် သူ၏မှတ်ဉာဏ်မှာလည်း သူ၏ဦးနှောက်ထဲတွင် မရှိဘဲ သီးခြားနေရာတစ်ခုတွင် သိမ်းဆည်းထားသကဲ့သို့ ခံစားနေရသည်။
၎င်းမှာ ကျောက်စိမ်းပေလွှာများထဲတွင် အချက်အလက်များကို သိမ်းဆည်းထားပြီး သူက လှမ်း၍ ကြည့်ရုံသာ ကြည့်နိုင်သော်လည်း အရင်းအမြစ်မှာ တခြားတစ်နေရာတွင် ရှိနေသကဲ့သို့ ဖြစ်နေသည်။
“ဒါကတော့ ဝမ်းသာစရာ အံ့အားသင့်စရာပဲ... ငါ့ရဲ့ နယ်ပယ်က နန်းတော်အဆင့်ရဲ့ ပထမအဆင့် အထွတ်အထိပ်ကို ရောက်သွားပြီပဲ။”
ယန်ချင်းက စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။
သူသည် ရုတ်တရက် တွေ့ရှိလိုက်ရသော အကြောင်းအရာများကြောင့် စိတ်လွင့်နေသဖြင့် သူ၏ ကျင့်ကြံခြင်းအဆင့်ကို သတိမထားမိဘဲ ကျော်သွားခဲ့ခြင်း ဖြစ်သည်။
ကျောက်စိမ်းသစ်ပင်ကိစ္စကို နောက်မှ စဉ်းစားမည်ဟု ဆုံးဖြတ်လိုက်ပြီးမှသာ သူ၏ကျင့်ကြံခြင်းအဆင့် တိုးတက်လာသည်ကို ရှာဖွေတွေ့ရှိလိုက်ခြင်း ဖြစ်၏။
သူ နန်းတော်အဆင့်သို့ စတင်ဝင်ရောက်ခဲ့သည်မှာ ၁၁ လပင် ရှိခဲ့ပြီ ဖြစ်သည်။
ကျင့်ကြံခြင်းအဆင့်ကို တည်ငြိမ်အောင် ပြုလုပ်ရန်နှင့် သူ၏နယ်ပယ်ကို ရင်းနှီးကျွမ်းဝင်အောင် ပြုလုပ်ရန် ၅ လခန့်ကြာမြင့်ခဲ့သည်။
သူ၏ အဆင့်တက်လှမ်းမှုမှာ အမြန်ဆုံးများထဲတွင် ပါဝင်ပြီး အလွန်ပင် ချောမွေ့ခဲ့သည်။
သာမန်အားဖြင့် အဆင့်တက်ရန်နှင့် တည်ငြိမ်ရန် ၉ လမှ ၁၂ လအထိ ကြာတတ်သဖြင့် သူက ၈ လကြာသည်ဟု လိမ်ညာပြောဆိုနိုင်မည်ဟု ထင်ခဲ့ကာ မိမိကိုယ်ကိုယ် တော်သည်ဟု မှတ်ယူခဲ့သည်။
သို့သော် သူ၏ ပြည့်စုံလွန်းသော အဆင့်တက်လှမ်းမှုက သူ့ကို သစ္စာဖောက်သွားခဲ့ရာ လဲ့ဝေယွမ်က ရိပ်မိသွားပြီး သူလိမ်ခဲ့သည့် ၃ လအတွက် နောက်ထပ် အလုပ် ၃ လစာ ပိုခိုင်းခြင်း ခံခဲ့ရလေသည်။
၁၁ လတာ ကုန်ဆုံးသွားပြီး ယန်ချင်းက ဝီရိယရှိရှိ ကျင့်ကြံနေခဲ့သော်လည်း နန်းတော်အဆင့်၏ ပထမအဆင့် အထွတ်အထိပ်သို့ ရောက်ရန် နောက်ထပ် ၃ လ သို့မဟုတ် ၄ လခန့် ကြာဦးမည်ဟု သူထင်ထားခဲ့ခြင်း ဖြစ်သည်။
နန်းတော်အဆင့်သည် တာအိုအပေါ် နားလည်မှုကို ပိုမိုနက်ရှိုင်းစေရန် အာရုံစိုက်ရသဖြင့် အောက်အဆင့်များနှင့် နှိုင်းယှဉ်ပါက တိုးတက်မှုမှာ နှေးကွေးလှ၏။
ရုတ်တရက် တိုးတက်လာမှုမှာ ယန်ချင်းအတွက် ဝမ်းသာစရာ အံ့အားသင့်စရာ ဖြစ်လာသည်။
ယခု သူ၏ကျင့်ကြံခြင်းအဆင့်မှာ ပထမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ရာ နောက်ထပ် တစ်လ သို့မဟုတ် နှစ်လအတွင်း နန်းတော်အဆင့်၏ ဒုတိယအဆင့်သို့ တက်လှမ်းနိုင်မည်ဟု ခံစားနေရသည်။
သူ၏ နန်းတော်နယ်ပယ်ထဲတွင် မြောက်ဘက်အရပ်ရှိ မြေပြင်၏ နယ်နိမိတ်၌ မြစ်တိမ်တိမ်လေးတစ်ခု ဖြစ်ပေါ်နေပြီး ၎င်းမှာ ဘေးနားရှိ သမုဒ္ဒရာထဲသို့ စီးဝင်နေသည်။
ထိုမြစ်ရေမှာ အပြာနုရောင်ဖြစ်ပြီး ကြည်လင်သော ကျောက်စိမ်းရောင်ကဲ့သို့ တောက်ပနေ၏။
မြစ်မှာ တိမ်ပြီး ၅ မီတာခန့်သာ ကျယ်သော်လည်း ယန်ချင်းမှာမူ ထိုမြစ်ရှိနေခြင်းကို အလွန်ပင် ပျော်ရွှင်နေမိသည်။
အကြောင်းမှာ ထိုမြစ်ထဲတွင် မြက်ခင်းပြင်၊ သမုဒ္ဒရာ သို့မဟုတ် အထက်ရှိ နေနှင့်လတို့ထက် ပိုမိုထူးခြားသည့် အသက်ဓာတ် အရိပ်အယောင်တစ်ခုကို သူ ခံစားလိုက်မိသောကြောင့် ဖြစ်၏။
“ဒါကတော့ အဖိုးကို တကယ်ကျေးဇူးတင်ရမှာပဲ...”
ယန်ချင်းက အိမ်သို့ ပြန်လှည့်လာရင်း ရယ်မောကာ ရေရွတ်လိုက်သည်။ အကယ်၍ အဖိုးသာ မရှိပါက သူ၏ ခန္ဓာကိုယ်အကြောင်းကို စူးစမ်းရန် မည်မျှကြာဦးမည်ကို မသိနိုင်ပေ။
အဖိုး၏ နည်းလမ်းများကြောင့် အနည်းငယ်စိတ်ဒဏ်ရာရခဲ့သော်လည်း ယခု သူ၏အောင်မြင်မှုများမှာ အဖိုးနှင့် ယန်မိသားစုကြောင့် တစ်စိတ်တစ်ပိုင်း ပါဝင်နေသည်ကို သိရှိထားသည်။
ပြိုင်ဘက်ကင်းကျောက်စိမ်းခန္ဓာဖြစ်လာစေရန် သူတို့အသုံးပြုခဲ့သည့် ဆေးရည်တွင် မည်သည့်အရာများ ပါဝင်သည်ကို အတိအကျ မသိသော်လည်း ၎င်းမှာ အလွန်တန်ဖိုးကြီးကြောင်း သူသိ၏။
ထို့ပြင် အာရုံများကို ပိတ်ဆို့ရန် အသုံးပြုခဲ့သော တံဆိပ်များကိုပါ ထည့်တွက်မည်ဆိုလျှင် ယန်မိသားစုအနေဖြင့် ဤမျှအကုန်အကျများလှသည်ကို မည်သို့ တတ်နိုင်ခဲ့သည်ကို ယနေ့ထက်တိုင် သူ မဝေခွဲနိုင်သေးချေ။
“ကျေးဇူးပဲ အယ်လီ…”
ယန်ချင်းက ထွက်ခွာသွားစဉ် ပြောလိုက်သည်။ သူက ငါးအနည်းငယ်ကို အယ်လီထံသို့ ပစ်ပေးလိုက်ရာ အယ်လီမှာ စိတ်လှုပ်ရှားစွာ အော်ဟစ်ပြီး တစ်လုပ်တည်းနှင့် အကုန်မျိုချပစ်လိုက်လေသည်။