← Chapters

အတိတ်မှအမှားများအတွက် ဖြေရှင်းချက်

Vol. 24 Ch. 235

အတိတ်မှအမှားများအတွက် ဖြေရှင်းချက်

Vol. 24 Ch. 235

သူတို့၏မိခင်ဖြစ်သူ မိုင်ဟမှာမူ ဘာကိုမျှ သတိထားမိပုံမပေါ်ဘဲ ကျိုးမောင်နှမကို ပိုစားရန် တိုက်တွန်းနေပြီး ယန်ချင်း၏ တူလေးများမှာလည်း အစားအသောက်ထဲတွင် အာရုံဝင်နေကြသည်။

ထိုကလေးများမှာ ယန်ချင်း၏ ပုံတူလေးများနှင့်ပင် တူနေတော့သည်။

ပုံမှန်မဟုတ်ဘဲ ဖြစ်နေသူများမှာ ယန်ချင်းနှင့် သူ၏အစ်ကိုကြီး ယန်ကန်းတို့သာ ဖြစ်သည်။

သူတို့နှစ်ယောက်စလုံးမှာ မလွဲမသွေ ရောက်ရှိလာတော့မည့် အခြေအနေကို စောင့်ဆိုင်းရင်း တိတ်ဆိတ်စွာ စားသောက်နေကြသည်။

သိပ်မကြာလိုက်မီမှာပင် ခြံဝင်းတံတိုင်းအပြင်ဘက်မှ ရယ်မောသံနှင့် ဆူညံသံများ ထွက်ပေါ်လာလေသည်။

“ချင်းလေးရေ... လာပြီး မင်းရဲ့အဘိုးကို နှုတ်ဆက်ဦးဟေ့... ဟမ်... ဒါက နံရိုးတိုတွေလား။ ငါ တောင်ကြားထဲမှာ အောင်းနေရတာ ကြာသွားလို့ မိုင်ဟရဲ့ လက်ရာက ဘယ်လောက်တောင် ကောင်းလဲဆိုတာ မေ့တောင်မေ့နေပြီ။”

“ချင်းအာ... နံရိုးတိုလေး နည်းနည်းလောက် ယူခဲ့ပေးပါဦးဟ”

ထိုအသံကို ကြားလိုက်ရသောအခါ ယန်ချင်း တုန်ယင်သွားသည်။

“ကြားတယ်မလား”

မိုင်ဟက ကြက်သွန်မြိတ်ဖြင့် ချက်ထားသော အမဲသားဟင်းအိုးကို ညွှန်ပြရင်း ပြောလိုက်သည်။

ယန်ချင်းမှာ မကျေမနပ်ဖြင့် သူ၏တူကို ချလိုက်ပြီး အမဲသားဟင်းများကို လင်ဗန်းအကြီးကြီးတစ်ခုထဲသို့ ခပ်ထည့်လိုက်ရတော့သည်။

သူသည် သူ၏ပန်းကန်ထဲရှိ ပမာဏနှင့်အမျှ များပြားလှသော၊ လူငါးယောက်စာခန့် ရှိသည့် ဟင်းများကို ခပ်ထည့်လိုက်သည်။

မျိုးရိုးနာမည် တူရုံသာမက ယန်ချင်းနှင့် သူ၏အဘိုးမှာ အစားအလွန်အကြူး စားတတ်သည့်နေရာတွင်လည်း တူကြသည်။

သို့သော် အဘိုးဖြစ်သူမှာ ထမင်းတစ်နပ်စာ နှစ်နပ်စာလောက်ကို အစာငတ်ခံဆေးလုံးများနှင့် အစားထိုးနိုင်သော်လည်း ယန်ချင်းမှာမူ ထမင်းတစ်နပ် လွတ်သွားမည့်အစား လက်တစ်ဖက် အဖြတ်ခံရန်သာ ရွေးချယ်ပေလိမ့်မည်။

ထို့အပြင် သူသည် အစာငတ်ခံဆေးလုံး တစ်ခါမျှ မသောက်ဖူးသည့် အနည်းငယ်သော ကျင့်ကြံသူများထဲမှ တစ်ဦးဖြစ်သည်ကိုလည်း ဂုဏ်ယူနေတတ်သေးသည်။

လူအများစုအတွက် ထိုအရာက ကြွားစရာ မဟုတ်သော်လည်း ယန်ချင်းကမူ ထိုသို့မသောက်ခြင်းကိုပင် တရားမျှတမှုတစ်ခုအလား ထင်မှတ်နေပုံရသည်။

…

“ကျွန်တော်နဲ့ အတူမလိုက်ဘူးလား”

အမဲသားဟင်းများ ခပ်ပြီးနောက် ယန်ချင်းက သူ၏အစ်ကိုကို အသနားခံသကဲ့သို့ မေးလိုက်သည်။

“သူက မင်းကို ခေါ်တာလေ၊ ငါ့ကိုမှ မဟုတ်တာ”

ယန်ကန်းက အပြစ်ကင်းစင်ဟန်ဖြင့် ပြန်ပြောသည်။

“သူက ရောက်တောင် ရောက်နေပြီလေ၊ အစ်ကို ရှောင်နေလို့ရမှာ မဟုတ်ပါဘူး”

ယန်ချင်းက ယန်ကန်းကို လိုက်ခဲ့ရန် ဖျောင်းဖျပြန်သည်။

“ငါသိပါတယ်၊ ဒါပေမဲ့ မင်းနဲ့သူ နှုတ်ဆက်နေတဲ့ အချိန်လေးမှာ ငါက လွတ်လပ်မှုကို ခဏလောက်လေး ဖြစ်ဖြစ် ခံစားချင်သေးလို့ပါ။”

“စိတ်မရှိပါနဲ့ ချင်းလေးရာ၊ ဒီတစ်ခါတော့ ငါ့ကို တစ်ကိုယ်ကောင်းဆန်ခွင့်ပေးပါ။ မင်း နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”

ယန်ကန်းက တောင်းပန်တိုးလျှိုးသည့် အပြုံးနှင့်အတူ ခေါင်းလေးငုံ့ကာ ပြောလိုက်သည်။

ယန်ချင်းမှာ မနိုင်နိုင်မှန်း သိနေသည့် စစ်မြေပြင်သို့ အတင်းအကျပ် အလွှတ်ခံရသော စစ်သားတစ်ဦးကဲ့သို့ ကြိတ်မနိုင်ခဲမရနှင့် အပြင်သို့ ထွက်လာခဲ့သည်။

အပြင်တွင် အဘိုးကြီးငါးယောက် စုဝေးနေကြပြီး အယ်လီကို စိတ်ဝင်တစားဖြင့် စူးစမ်းကြည့်ရှုနေကြသည်ကို တွေ့လိုက်ရသည်။

“အယ်လီ... အဲ့လိုမလုပ်ပါနဲ့၊ ဒီတစ်ခါတော့ တစ်အိုးစာလေးပါပဲလို့ ငါကတိပေးပါတယ်။ ဒီပမာဏလောက်က မင်းအတွက် တစ်မိနစ်အတွင်း ပြန်ဖြည့်လို့ ရပါတယ်၊ ပြီးတော့ အလကား ခိုင်းတာလည်း မဟုတ်ပါဘူး”

“ ဆေးေတာင်ကြားက ငါတို့ဆီမှာ ငါးမျိုးစုံရှိတဲ့ ရေကန်ကြီး တစ်ခုရှိတယ်၊ မင်းကို အဲ့ဒီထဲက ငါးတွေ ယူသွားခွင့်ပြုမယ်”

အဘိုးအိုတစ်ဦးက ကြောက်လန့်တုန်လှုပ်နေသော အယ်လီကို ချော့မော့ပြောဆိုနေသည်။

အယ်လီမှာမူ သတိပေးသံများပြုရင်း ပျံပြေးတော့မည့်ဟန် ပြုနေရာမှ ရုတ်တရက် လေထဲတွင် ရပ်တန့်သွားသည်။

သူမ၏ မျက်လုံးများမှာ ဝေခွဲမရဖြစ်နေသည့် အရိပ်အယောင်များနှင့် တောက်ပလာသည်။

“ကြည့်ရတာ သူမက အဘိုးရဲ့ အကွက်ထဲကို ဆင်းသွားပြီ ထင်တယ်။ သူမရဲ့ လောဘကလည်းနော်...”

ယန်ချင်းမှာ ခေါင်းတခါခါနှင့် စိတ်ပျက်သွားမိသည်။

မီးခိုးရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ပါးလျသော ကိုယ်လုံး၊ ပျမ်းမျှအရပ်နှင့် ဆံပင်များကို တာအိုအမောက်ကဲ့သို့ စုစည်းထားသော ထိုအဘိုးကြီးက အယ်လီကို သွေးလှူရန် ချော့မြှူနေသည်ကို သူ စောင့်ကြည့်နေမိသည်။

မကြာမီမှာပင် အယ်လီက အဘိုးကြီး၏ တောင်းဆိုချက်ကို သဘောတူလိုက်သော်လည်း လွန်လွန်ကျူးကျူး မလုပ်ရန် သတိပေးသံအချို့ ပြုလုပ်နေသေးသည်။

ထိုအဘိုးကြီးသည် အခြေတည်အဆင့်စွမ်းအားသာ ရှိသော်လည်း အယ်လီ၏ တောင်ပံအောက်ဘက်မှ သွေးထုတ်ရန် အပေါက်ငယ်လေးတစ်ခုကို ကျွမ်းကျင်စွာ ဖောက်လိုက်သည်။

ထို့နောက် သွေးများကို အနက်ရောင်ကြွေအိုးထဲသို့ ထည့်လိုက်ပြီး လိုချင်သော အရုပ်ရလိုက်သည့် ကလေးတစ်ဦးကဲ့သို့ မျက်နှာဖြင့် ချက်ချင်း သိမ်းဆည်းလိုက်လေသည်။

ဘေးပတ်လည်ရှိ အခြားအဘိုးကြီးများမှာလည်း ထပ်တူကျသော အမူအရာများ ရှိနေကြသည်။

ယန်ချင်းက သက်ပြင်းချရင်း သူတို့ဆီသို့ လျှောက်သွားလိုက်သည်။

“ဟေး... အဘိုး၊ အကြီးအကဲတို့”

ယန်ချင်းက လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်သည်။

သူတို့မျိုးနွယ်စုမှာ လူမှုရေးထုံးတမ်းစဉ်လာများကို သိပ်ဂရုမစိုက်ကြဘဲ နှုတ်ဆက်ခြင်းကဲ့သို့ ကိစ္စများတွင် လွတ်လပ်ပေါ့ပါးစွာ နေတတ်ကြသဖြင့် ယန်ချင်း၏ နှုတ်ဆက်မှုကလည်း ပေါ့ပေါ့ပါးပါးပင် ဖြစ်နေသည်။

“ချင်းလေး...”

အယ်လီထံမှ သွေးထုတ်ယူခဲ့သော အဘိုးအိုက ခေါ်လိုက်သည်။

သူ၏ မျက်နှာသွင်ပြင်မှာ ဆံပင်မှလွဲ၍ ယန်ချင်းနှင့် ဆင်တူသည်။ ယန်ချင်း၏ မိဘနှစ်ပါးစလုံးမှာ ဆံပင်အနက်ရောင် ရှိကြသော်လည်း တစ်မျိုးနွယ်လုံးတွင် သူတစ်ဦးတည်းသာ ဆံပင်အစိမ်းရောင် ရှိသူဖြစ်သည်။

သူ၏ ပြိုင်ဘက်ကင်းကျောက်စိမ်းခန္ဓာ၏ ယင်ယန်ကျောက်စိမ်းအရိုးများကို စတင်အသုံးပြုနိုင်ချိန်မှစ၍ ဆံပင်အရောင်မှာ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။

“မင်း ဘာလို့ အဆင့်တက်သွားရတာလဲ၊ မင်းရဲ့ အကူအညီသာ ရှိရင် ငါတို့ ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်ကို ဒီထက် ပိုနက်နက်ရှိုင်းရှိုင်း လေ့လာနိုင်မှာ။”

“ငါတို့မျိုးနွယ်စုမှာ မင်းလောက် ပါရမီပါတဲ့သူ တစ်ခါမှ မရှိခဲ့ဖူးဘူး။ ချင်းလေး... မင်းရဲ့ အကူအညီနဲ့ဆိုရင် ငါတို့ မျိုးနွယ်တည်ထောင်သူရဲ့ အိပ်မက်ကို အမှန်တကယ် အကောင်အထည်ဖော်နိုင်မှာ”

အဘိုးအိုက မြည်တမ်းသလို ပြောလိုက်သည်။ အခြားအကြီးအကဲများကလည်း သူ၏စကားကို ထောက်ခံပြောဆိုနေကြသည်။

‘ဘယ်လို အိပ်မက်တွေလဲ။ တည်ထောင်သူက သူ့ရဲ့ ကျင့်ကြံခြင်း ပါရမီကို မြှင့်တင်ဖို့ နည်းလမ်းရှာချင်ရုံတင် မဟုတ်ဘူးလား။’

‘အကယ်၍ သူသာ ချီအာရုံခံနိုင်တဲ့ ပါရမီရှိခဲ့ရင် ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်ကို လှည့်တောင် ကြည့်ခဲ့မှာ မဟုတ်ဘူး’

ယန်ချင်းက တွေးနေမိသည်။ သူတို့၏ စိတ်မကောင်းဖြစ်နေသော မျက်နှာများကို ကြည့်လျှင် သူတို့၏စကားများမှာ အမှန်တရားဟုပင် ထင်မှတ်သွားနိုင်စရာ ရှိသည်။

“ဒါတွေ အားလုံးက ငါ့ရဲ့ နားမလည်တဲ့ သားမိုက်ကြောင့်ပဲ။ ဝမ်လိုင်… မင်း စောင့်နေလိုက်၊ မင်း အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်နေလို့ ငါ့ကို ဘာမဆို လုပ်လို့ရမယ် ထင်နေလား”

“ဒီအဘိုးကြီးက မင်းကို ပညာပြဦးမယ်”

အဘိုးအိုက သူ၏မျက်လုံးများထဲတွင် ကလဲ့စားချေလိုသော အရိပ်အယောင်များနှင့် ပြောလိုက်သည်။

ယန်ချင်းမှာမူ သူ၏ဖခင်အတွက် တိတ်တဆိတ် ဆုတောင်းပေးနေမိရုံသာ တတ်နိုင်သည်။

“အဘိုး... ဒီမှာ အဘိုးရဲ့...”

“ချင်းလေး... အဘိုးနဲ့ အကြီးအကဲတွေမှာ မင်းကို ပြောပြဖို့ သိပ်ကို အရေးကြီးပြီး စိတ်လှုပ်ရှားစရာ ကောင်းတဲ့ သတင်းရှိတယ်”

“မင်းရဲ့ အဖေက မင်းနဲ့ မင်းရဲ့အစ်ကိုအပေါ် လုပ်ခဲ့တဲ့ အမှားတွေကို ငါတို့ နောက်ဆုံးတော့ ပြုပြင်နိုင်တော့မယ်”

ယန်ချင်းက အမဲသားဟင်းများ ကမ်းပေးရန် ပြင်လိုက်စဉ်မှာပင် အဘိုးဖြစ်သူက ကြားဖြတ်ပြောလိုက်သည်။

ယန်ချင်းမှာ သူ၏အဘိုးက ယခုတစ်ခါ ဘယ်လို အရူးအပေါက်မျိုးကို ထပ်ပြောဦးမလဲဟု သိချင်စိတ်ဖြင့် ဝေခွဲမရစွာ ကြည့်နေမိသည်။

“နှစ်ပေါင်းများစွာ မပင်မပန်း ကြိုးစားခဲ့ပြီးတဲ့နောက်မှာ ငါနဲ့ အကြီးအကဲတွေ၊ ပြီးတော့ ဆေးတောင်ကြားက လူတချို့ရဲ့ အကူအညီနဲ့ အဖြေရှာတွေ့သွားပြီ။”

“မင်း အဆင့်တက်သွားပြီးရင်တောင် ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်ကို ဆက်လက် လေ့လာနိုင်မဲ့ နည်းလမ်းကို ရှာတွေ့သွားပြီဟေ့”

“ချင်းလေး... ဒါက ဘာကို ဆိုလိုတာလဲ မင်းသိတယ်မလား။ မင်း၊ မင်းရဲ့အစ်ကိုနဲ့ ငါ့ရဲ့ အဖေကို မရိုသေတဲ့ သားမိုက်တို့ နောက်ဆုံးတော့ ငါတို့ ယန်မျိုးနွယ်စုဝင်တွေရဲ့ ခန္ဓာကိုယ်သန့်စင်ခြင်း ခရီးရှည်ကြီးမှာ ပြန်ပါဝင်နိုင်ပြီပေါ့”

အဘိုးဖြစ်သူက လူငယ်တစ်ဦးကဲ့သို့ တက်ကြွလှသော အရှိန်အဝါများနှင့် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ဘယ်လိုမျိုးလဲဗျာ...”

ယန်ချင်းက မေးရန် ကြောက်ရွံ့နေသကဲ့သို့ တိုးညင်းစွာ မေးလိုက်သည်။

“ခန္ဓာဖိနိုပ်ခြင်း”

အဘိုးဖြစ်သူက ဂုဏ်ယူဝင့်ကြွားသော မျက်နှာပေးဖြင့် ပြန်ဖြေလိုက်လေသည်။

All Chapters