← Chapters

ယန်ချင်း၏ မိသားစု (၂)

Vol. 24 Ch. 233

ယန်ချင်း၏ မိသားစု (၂)

Vol. 24 Ch. 233

“ချင်းအာ... မင်းလာမယ်လို့ အမေမထင်ထားဘူး”

စားပွဲတွင်တင်ရန် နောက်ထပ်အိုးတစ်လုံးကို ကမ်းပေးရင်း သက်လတ်ပိုင်းအမျိုးသမီးက ပြောလိုက်သည်။

“ကျွန်တော် မလာဘဲ မနေပါဘူး၊ ယန်ကန်းကိုလည်း လာမယ်လို့ ပြောထားတာပဲဟာ... နောက်ပြီး အမေ့လက်ရာကိုလည်း လက်လွှတ်မခံနိုင်ဘူးလေ၊”

ယန်ချင်းက လူတုံးလေးတစ်ယောက်လို ဖြီးပြရင်း ပြောလိုက်သည်။

“အဆင်ပြေမှာပါလို့ ကျွန်မပြောသားပဲ၊”

ဆံပင်နီနီနှင့် အမျိုးသမီးက သူမဘေးရှိ ယဥ်ကျေးသိမ်မွေ့သော ပုံစံရှိသည့် ယန်ကန်းအား ပြောလိုက်ရာ သူက ပြုံးရုံသာ တုံ့ပြန်လေသည်။

ယန်ချင်း၏ အစားအသောက်အပေါ် စွဲလန်းမှုမှာ သူ၏မိခင်ကြောင့်ပင် ဖြစ်သည်။

ခန္ဓာကိုယ်သန်မာအောင် ကျင့်ကြံသူများ ဖြစ်ကြသည့်အလျောက် အစားအသောက်သည် ယန်မိသားစုအတွက် အဓိကကျသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

ထို့ကြောင့်လည်း အစားအသောက်မှ အကျိုးကျေးဇူး အများဆုံးရရှိစေရန် သူတို့၏ ချက်ပြုတ်မှုစွမ်းရည်ကို များစွာအားစိုက်ခဲ့ကြသည်။

သို့သော်လည်း အာဟာရဖြစ်မှုသည် အရသာရှိမှုနှင့် အမြဲတမ်းထပ်တူမကျပေ။ သူ၏မိခင်မှလွဲ၍ အခြားသူများချက်သော ဟင်းလျာအများစုမှာ အရသာမရှိဘဲ ပေါ့ပျက်ပျက်နိုင်လှသည်။

သူမမှာမူ အာဟာရပိုင်းတွင်သာမက ဟင်းလျာ၏ အရသာပေါ်လွင်အောင် ချက်ပြုတ်ရာတွင်လည်း ကျွမ်းကျင်လှသူ ဖြစ်သည်။

ယန်ချင်း ဝန်မခံသော်လည်း ထိုစဥ်က ယန်မိသားစု၏ ‘ဓလေ့ထုံးစံ’ အတိုင်း ကြိုဆိုခြင်းခံခဲ့ရစဥ် သူထွက်မပြေးဖြစ်ခဲ့ခြင်းမှာ သူမ၏လက်ရာကြောင့်သာ ဖြစ်လေသည်။

“ဒီတစ်ခါတော့ ချစ်ဖို့ကောင်းတဲ့ မော့ယွင်ရုလေးနဲ့ အတူမလာဘူးလား၊”

ယန်ချင်း၏မိခင်က အဓိပ္ပာယ်ပါပါ ပြုံးလျက် မေးလိုက်သည်။

“အမေ ဘာကိုဆိုလိုတာလဲ ကျွန်တော်မသိဘူး။ မနက်ဖြန်ပွဲအတွက် အလုပ်တွေရှုပ်နေတာနဲ့ သူမကို တွေ့ဖို့တောင် အခွင့်မသာခဲ့ပါဘူး”

ယန်ချင်းက အထက်လူကြီးကို အစီရင်ခံစာတင်နေသကဲ့သို့ တည်ကြည်သောမျက်နှာထားဖြင့် ပြန်ဖြေလိုက်သည်။

သူ၏မိခင်က သူ့ကို အကြာကြီးစိုက်ကြည့်နေပြီးနောက် အသာအယာရယ်မောလျက် ပြောလိုက်သည်။

“မင်းကတော့ တစ်စက်ကလေးမှ မပြောင်းလဲဘူးပဲ၊”

သူမက ယန်ချင်း၏ဆံပင်များကို ချစ်ခင်မြတ်နိုးစွာ ဖွလိုက်ပြီးနောက် ပြောလိုက်သည်။

“တော်သေးတာပေါ့ မင်းအစ်ကိုက မြေးလေးတွေ မွေးပေးထားလို့... မင်းကိုပဲ မျှော်နေရမယ်ဆိုရင်တော့...”

သူမက စကားကို အဆုံးမသတ်ခဲ့သော်လည်း ဆိုလိုရင်းက ရှင်းလင်းလှသဖြင့် အစ်ကိုဖြစ်သူနှင့် ဇနီးသည်တို့က ရယ်မောကုန်ကြသည်။

ယန်ချင်းမှာမူ ရှက်ကိုးရှက်ကန်းနှင့် မျက်နှာနီမြန်းကာ ကျန်ရစ်ခဲ့လေသည်။

“ဦးလေးယန်ချင်း၊ ကျွန်တော်တို့ကို ပုံပြင်တစ်ပုဒ်လောက် ပြောပြပါဦး၊”

ဆံပင်နီနှင့် တူတော်မောင် ယန်ဟွမ်းက စိတ်လှုပ်ရှားနေသော အသံဖြင့် ဆူညံစွာ တောင်းဆိုလေသည်။

သူ၏ညီငယ် ယန်ရှဲ့ကလည်း ဝိုင်းစက်နေသော မျက်ဝန်းလေးများဖြင့် ယန်ချင်းကို မျှော်လင့်တကြီး ကြည့်နေသည်။

စိတ်ဝင်စားစရာကောင်းသော အတွေ့အကြုံများနှင့် ပြည့်နှက်နေသည့် ဦးလေးတစ်ယောက်အဖြစ် သရုပ်ဆောင်ရချိန်တွင် ယန်ချင်း၏ အရှက်မရှိ ကြွားလုံးထုတ်နိုင်သော စွမ်းရည်မှာ အသုံးတည့်လှသည်။

နှစ်အနည်းငယ်အတွင်းမှာပင် သူသည် နဂါးများနှင့် လောင်းကစားလုပ်ခဲ့ပုံ၊ ဖီးနစ်မီးတောက်ဖြင့် အသားကင်ခဲ့ပုံ၊ ရွှေရောင်လင်းယုန်နှင့် ပြိုင်ပွဲဝင်ပြီး အနိုင်ရခဲ့ပုံ စသည့် ချဲ့ကားထားသော ပုံပြင်များကို ပြောပြကာ သူတို့ကို ဖျော်ဖြေခဲ့သည်။

သူ၏ပုံပြင်များမှာ မည်မျှပင် မယုံကြည်နိုင်စရာ ကောင်းနေပါစေ တူတော်မောင်များကမူ တစ်ခွန်းမကျန် ယုံကြည်ကြပြီး နောက်ထပ်ပုံပြင်များ နားထောင်နိုင်ရန် သူ၏အလာကို အမြဲစောင့်မျှော်နေကြသည်။

“အခုတော့ မဟုတ်သေးဘူး၊ ခဏနေရင် ပြောပြမယ်လို့ ကတိပေးတယ်၊”

သူတို့ မျက်နှာလေးတွေ ညှိုးငယ်သွားသည်ကို မြင်သောအခါ ယန်ချင်းက ကလေးနှစ်ယောက်လုံး၏ ဆံပင်ကိုဖွရင်း ပြောလိုက်သည်။

“ဒါနဲ့ ယန်ကန်း... အဖေရော ဘယ်မှာလဲ၊”

နောက်ဆုံးအိုးကို စားပွဲပေါ်တင်ပြီးနောက် ယန်ချင်းက ရုတ်တရက် မေးလိုက်သည်။

ထိုမေးခွန်းမှာ စားပွဲတစ်ဖက်တွင် ထိုင်နေသော အသက် ၃၀ ခန့်အရွယ် ယဥ်ကျေးသိမ်မွေ့သည့် အမျိုးသားထံသို့ ရည်ညွှန်းခြင်း ဖြစ်သည်။

သူသည်လည်း ယန်ချင်းကဲ့သို့ပင် ယန်မိသားစု၏ နှိပ်စက်ညှင်းပန်းမှုများကို ခံခဲ့ရသော်လည်း ဆေးဖော်စပ်ခြင်းပညာရပ်တွင် ထူးချွန်မှုရှိသောကြောင့် ယန်မိသားစု၏ စမ်းသပ်ခံသက်ရှိအဖြစ် အသုံးပြုခံရမည့် ဘဝမှ ကံကောင်းထောက်မစွာ လွတ်မြောက်ခဲ့သည်။

ဆေးဆရာတစ်ယောက် ဖြစ်နေခြင်းက သူ့ကို အထောက်အကူ ဖြစ်စေသော်လည်း ရံဖန်ရံခါ အချို့သောကိစ္စရပ်များတွင် ‘အကြံဉာဏ်တောင်းခံခြင်း’ ခံရတတ်သောကြောင့် လုံးဝကြီးတော့ စိတ်မအေးရပေ။

“အဖေက အကယ်ဒမီမှာ၊ လာမယ့် ကျောင်းသားအသစ် လက်ခံပွဲအတွက် ပြင်ဆင်စရာတွေ အများကြီးရှိလို့ မလာနိုင်တော့ဘူးတဲ့”

ယန်ကန်းက အားနာဟန် အပြုံးဖြင့် ပြောလိုက်သည်။

“သူက အဘိုးကို ရှောင်နေတာ မဟုတ်လား”

ယန်ကန်းက အသာအယာ ခေါင်းညိတ်ပြလိုက်ရာ ညီအစ်ကိုနှစ်ယောက်နှင့် ဆံပင်နီနှင့် အမျိုးသမီးတို့မှာ အတူတကွ သက်ပြင်းချရင်း ပြုံးလိုက်ကြသည်။

“အဘိုးက သူ့ကို တော်တော်လေး နှိပ်စက်ခဲ့တာပဲ”

ယန်ချင်းက ခေါင်းခါရင်း တီးတိုးရေရွတ်လိုက်သည်။

သူတို့၏အဘိုးသည် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်၏ နက်နဲမှုကို ရှာဖွေရာတွင် ယန်မိသားစုတည်ထောင်သူ၏ စရိုက်နှင့် စိတ်အားထက်သန်မှုကို အပြည့်အဝ အမွေဆက်ခံထားသူ ဖြစ်သည်။

အချို့ကမူ သူ့ကို မျိုးနွယ်စုတည်ထောင်သူ၏ လူဝင်စားပင်ဖြစ်သည်ဟု သံသယဝင်ကြသည်။ သူ၌ သားတစ်ယောက်တည်းသာ ရှိပြီး ထိုသူမှာ သူတို့၏အဖေပင် ဖြစ်သည်။

သူတို့အဖေမှာ ငယ်စဥ်ကတည်းက အမျိုးမျိုးသော စမ်းသပ်မှုများကို ကြုံတွေ့ခဲ့ရသဖြင့် ယန်ချင်း ခံစားခဲ့ရသည့် အရာများမှာ အားလပ်ရက် အပန်းဖြေခရီးထွက်ရသကဲ့သို့ပင် ထင်မှတ်ရလေသည်။

နောက်ပိုင်းတွင် သူတို့အဖေသည် ဒဏ်မခံနိုင်တော့ဘဲ အိမ်မှထွက်ပြေးသွားခဲ့ပြီး အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိပြီးမှသာ အိမ်ပြန်လာခဲ့သည်။

ထိုသို့ ပြန်လာခြင်းမှာ သူ၏ခန္ဓာကိုယ်သည် နောင်တွင် မည်သည့်စမ်းသပ်မှုများအတွက်မှ ‘အသုံးမဝင်’ တော့ဟု ယူဆစေရန် ဖြစ်သည်။

သို့သော်လည်း သူသည် ခန္ဓာကိုယ်သန့်စင်ခြင်းအပေါ်ထားရှိသည့် အဘိုး၏ စိတ်ဓာတ်ပြင်းထန်မှုကို အလွန်အမင်း လျှော့တွက်မိခဲ့ခြင်း ဖြစ်သည်။

သူ၏အဖေကို နောက်ထပ်အဆိုပြုချက်အသစ်အချို့အတွက် စမ်းသပ်ခံအဖြစ် အသုံးပြုခဲ့သဖြင့် နှိပ်စက်ညှင်းပန်းမှု အဆင့်သစ်တစ်ခု ထပ်မံပေါ်ပေါက်လာပြန်သည်။

ထိုစမ်းသပ်မှုများက အကျိုးကျေးဇူးအချို့ ရရှိစေခဲ့သဖြင့် သူတို့အဘိုးသည်လည်း လေ့လာမှုများ ပိုမိုထိရောက်စေရန် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းခဲ့လေသည်။

သူတို့အဖေ အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိချိန်နှင့် အဖွဲ့အစည်းသို့ ရောက်ရှိလာချိန်မှသာ ထိုနှိပ်စက်မှုများ ရပ်တန့်သွားခဲ့သည်။ ဤနေရာသို့ ပြောင်းရွှေ့လာခြင်းမှာ သူ့အတွက် ကောင်းချီးတစ်ခုပင်။

အဘယ်ကြောင့်ဆိုသော် သူသည် အကယ်ဒမီတွင် ခန္ဓာကိုယ်သန့်စင်ခြင်းဆိုင်ရာ အခြေခံနည်းပြတစ်ဦးအဖြစ် အလုပ်ရခဲ့သောကြောင့် ဖြစ်သည်။

ဤအချက်က သူ၏ဖခင်နှင့် အချိန်ကုန်ဆုံးရမှုကို တတ်နိုင်သမျှ လျှော့ချပေးနိုင်ခဲ့သည်။ ထို့အပြင် သူတို့အဘိုးသည်လည်း ဆေးဝါးတောင်ကြားတွင် ရာထူးတစ်ခု ရရှိခဲ့လေသည်။

သူတို့အဘိုးကို သွားတွေ့ရန် ကြောက်ရွံ့ကြသဖြင့် ထိုနေရာတွင် သူဘာလုပ်နေသည်ကို ယန်ချင်းနှင့် ကျန်မိသားစုဝင်များ မသိကြပေ။

သူတို့သိထားသည်မှာ ထိုနေရာရှိ အလုပ်များကြောင့် အဘိုးဖြစ်သူ အိမ်သို့ပြန်လာခဲသည်ဟူသောအချက်သာ ဖြစ်သည်။

ကံကောင်းသည်မှာ ယန်ချင်းနှင့် ယန်ကန်းတို့၏ အဖေသည် အဘိုးဖြစ်သူ၏ စရိုက်ကို အမွေမရရှိခဲ့ဘဲ သူတို့ကို တတ်နိုင်သမျှ မြန်မြန် အဆင့်တက်ရန်သာ တိုက်တွန်းခဲ့သည်။

ညီအစ်ကိုနှစ်ယောက်မှာ အဖေ့စကားကို နားထောင်၍လား သို့မဟုတ် အခြားသော အကြောင်းပြချက်များကြောင့်လား မသိရသော်လည်း ခိုင်းသည့်အတိုင်း လုပ်ဆောင်ခဲ့ကြသည်။

ယန်ချင်းမှာ နန်းတော်အဆင့်ကျွမ်းကျင်သူတစ်ဦး ဖြစ်လာပြီး သူ၏အစ်ကိုမှာမူ အမြုတေဖွဲ့စည်းခြင်းအဆင့်ကျွမ်းကျင်သူတစ်ဦး ဖြစ်လာခဲ့သည်။

သူတို့အဖေသည် အဘိုးဖြစ်သူနှင့် အကြီးအကဲအချို့ကိုပင် ဖိတ်ကြားကာ ဂုဏ်ပြုပွဲ ကျင်းပပေးခဲ့သည်။

အမှန်စင်စစ်မှာမူ ထိုသူများကို စိတ်အနှောင့်အယှက်ဖြစ်စေရန် ကလဲ့စားချေခြင်းတစ်မျိုးသာ ဖြစ်သည်။ ၎င်းကလည်း အမှန်တကယ်ပင် ထိရောက်မှုရှိခဲ့သည်။

ယန်ချင်း အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိစဥ် ကျင်းပခဲ့သည့် ဂုဏ်ပြုပွဲတွင် အဘိုးဖြစ်သူ၏ သူငယ်ချင်းအချို့မှာ သွေးအန်သည်အထိ ဖြစ်ခဲ့ကြပြီး အဘိုးဖြစ်သူကိုယ်တိုင်မှာလည်း ထိုအခြေအနေသို့ ရောက်ရန် လက်တစ်ကမ်းသာ လိုတော့သည်။

ယန်ချင်း နန်းတော်အဆင့်သို့ တက်လှမ်းချိန်တွင်မူ သူတို့အဖေက ပိုမိုခမ်းနားသော ဂုဏ်ပြုပွဲကို ထပ်မံကျင်းပခဲ့ပြန်သည်။

သို့သော် ထိုအချိန်တွင် အဘိုးဖြစ်သူနှင့် ထိုလူကြီးများမှာ အလွန်တည်ငြိမ်နေကြပြီး သူ၏တိုးတက်မှုအပေါ် ဝမ်းမြောက်နေပုံပင် ပေါက်နေကြသည်။

၎င်းက ယန်ချင်း၊ သူ၏အစ်ကိုနှင့် သူတို့အဖေအတွက် သတိပေးခေါင်းလောင်းသံ မြည်လာစေခဲ့သည်။ ထိုလူကြီးများ၏ တည်ငြိမ်နေသော အမူအရာမှာ တစ်ခုတည်းကိုသာ ဆိုလိုနိုင်ပြီး ၎င်းမှာ သူတို့သုံးယောက်အတွက် မည်သို့မျှ မကောင်းနိုင်ပေ။

ထို့ကြောင့်လည်း ယန်ချင်းမှာ အိမ်ပြန်ရန် တွန့်ဆုတ်နေခြင်း ဖြစ်ပြီး သူတို့အဖေမှာမူ နှစ်ပေါင်းများစွာ သူလုပ်ခဲ့သည့် အပြုအမူများကြောင့် အိမ်ပြန်လာနိုင်ပါဦးမလားဟု ယန်ချင်း သံသယဝင်နေမိသည်။

ထိုဂုဏ်ပြုပွဲပြီးကတည်းက သူတို့အဖေသည် အိမ်သို့ ခြေတစ်လှမ်းမှ မချတော့ဘဲ သူတို့မိခင်ကိုပါ အကယ်ဒမီ၏ဝန်ထမ်းအိမ်ရာသို့ ပြောင်းရွှေ့ရန် တိုက်တွန်းနေခဲ့သည်။

“အဘိုး မလာပါစေနဲ့လို့ ဆုတောင်းရမှာပဲ”

“ကျွန်တော်လည်း အတူတူပဲ”

All Chapters