ယန်ချင်း၏ မိသားစု (၁)
Vol. 24 Ch. 232
ယန်ချင်းသည် အယ်လီကို ခေါ်ဆောင်ကာ အပန်းဖြေတောင်ကြား၏ ခြေသည်းပုံစံနယ်မြေသို့ ဦးတည်သွားရန် ဆုံးဖြတ်လိုက်သည်။
သူ ဒုက္ခရောက်ရတော့မည်ဆိုပါက ထိုဒုက္ခကို အတူဝေမျှခံစားရန် အဖော်တစ်ယောက် ပါလာသည်က ပိုကောင်းပေလိမ့်မည်။ ထိုအဖော်အဖြစ် အယ်လီက အသင့်တော်ဆုံးပင်။
သူ့အိမ်တွင် မည်သို့သော အန္တရာယ်များ ရှိနေနိုင်သည်ဖြစ်စေ သူမကို ခေါ်သွားရန် သူ အနည်းငယ်မျှ တွန့်ဆုတ်မနေပေ။
သူမသည် သူ့ထံမှ ပစ္စည်းများကို ခိုးယူနေသည်မှာ ကြာလှပြီဖြစ်သလို၊ လွန်ခဲ့သော ရက်အနည်းငယ်က ရွှေဝါးရုံစံအိမ်၏ ဆက်ခံသူနှင့် ပတ်သက်ပြီး သူမ လုပ်ဆောင်ခဲ့သည့် ကိစ္စကြောင့်လည်း ယန်ချင်းအနေဖြင့် သူမကို နှိပ်စက်ခြင်း ခံရစေရန် စိတ်မလုံမလဲ ဖြစ်မနေတော့ပေ။
အမှန်အတိုင်းဆိုရလျှင် သူ၏ ဝိညာဉ်အနက်ရှိုင်းဆုံး တစ်နေရာ၌ အယ်လီတစ်ယောက် ပစ်မှတ်ထားခံရရန်ပင် မျှော်လင့်နေသေးသည်။
ယန်မိသားစုနှင့် အနည်းငယ်ရင်းနှီးဖူးသည့် အယ်လီသည် ယန်ချင်းနှင့်အတူ သူ့မိသားစုရှိရာသို့ သွားရန် သိသိသာသာ ထိတ်လန့်နေရှာသည်။
သို့သော် ယန်ချင်း၏ ‘ယဉ်ကျေးပျူငှာသော’ တောင်းဆိုမှုကြောင့် သူမ ခေါင်းငြိမ့်လိုက်ရုံမှတစ်ပါး အခြားမရှိတော့ပေ။
မသွားမီတွင် သူမသည် ယန်ချင်းထံမှ ငါးအချို့ကို နှစ်သိမ့်ဆုအဖြစ် ရအောင်ယူလိုက်သေးသည်။ ထူးဆန်းစွာပင် ယန်ချင်းက မငြင်းဆန်ဘဲ ပေးလိုက်ခြင်းကြောင့် အယ်လီမှာ ပို၍ပင် သံသယဝင်သွားရသည်။
သို့သော်လည်း သူမကိုယ်သူမ အားတင်းလိုက်ပြီး ဖြစ်လာသမျှ ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်လေသည်။ သူမအတွက် ထွက်ပြေးစရာ လမ်းစမှ မရှိဘဲကိုး။
ထို့ကြောင့် ငှက်တစ်ကောင်နှင့် လူငယ်တစ်ယောက်တို့သည် အပန်းဖြေတောင်ကြား၏ ခြေသည်းပုံစံနယ်မြေသို့ စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာလာကြသည်။
ခြေသည်းပုံစံနယ်မြေသည် အဖွဲ့အစည်းဝန်ထမ်းများ၏ မိသားစုများ အခြေချရာ နေရာဖြစ်သကဲ့သို့ မိသားစု သို့မဟုတ် အုပ်ထိန်းသူမရှိသော ကျောင်းသားများ နေထိုင်ရာ နေရာလည်း ဖြစ်သည်။
ကျောင်းသားများအတွက် အကယ်ဒမီအတွင်း၌ နေစရာများ ရှိသော်လည်း အားလပ်ရက်များ သို့မဟုတ် နားရက်များတွင် အခြေချနေထိုင်နိုင်ရန် ရိုးရှင်းသောဝင်းခြံများကို ပေးထားခြင်း ဖြစ်သည်။
ဤစနစ်ကို ကျင့်သုံးရခြင်းမှာ အဖွဲ့အစည်းဝင်များ၊ မိသားစုများနှင့် ကျောင်းသားများကြား စည်းလုံးညီညွတ်မှု ရှိစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။
…
ယန်ချင်းမှာ မဆုံးနိုင်သော သက်ပြင်းများကို ချနေပြီး အယ်လီမှာမူ တောင်ကြားနှင့် နီးကပ်လာလေလေ တိုးညင်းစွာ ညည်းတွားနေလေလေ ဖြစ်သည်။
တစ်ခါတစ်ရံတွင်မူ သူမ၏ ပျံသန်းနှုန်းမှာ နှေးကွေးလွန်းလှသဖြင့် လေထဲ၌ပင် တန့်နေသည့်အလား ထင်မှတ်ရသည်။ ယန်ချင်းအနေဖြင့်လည်း သူ့မိသားစုထံသို့ အရောက်သွားရန် အလျင်မလိုသဖြင့် ထိုနှေးကွေးမှုကို အပြစ်မဆိုပေ။
သို့သော်လည်း အချိန်ဆွဲနေသည့် ကြားမှပင် သူတို့နှစ်ဦးသည် အပန်းဖြေတောင်ကြား၏ ခြေသည်းပုံစံနယ်မြေသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ထိုနယ်မြေသည် အဖွဲ့အစည်းဝန်ထမ်းများ၏ မိသားစုများ နေထိုင်ရာ နေရာဖြစ်သော်လည်း စည်ကားသော မြို့တစ်မြို့နှင့် မခြားပေ။
ဈေးတန်းများ၊ စားသောက်ဆိုင်များ၊ ပန်းပဲဖိုများမှစ၍ ဆေးလုံးဆိုင်များနှင့် အခြားသော ကျင့်ကြံခြင်းဆိုင်ရာ အရောင်းအဝယ် လုပ်ငန်းများစွာဖြင့် ပြည့်နှက်နေသည်။
အဆောက်အဦးများနှင့် စီးပွားရေးလုပ်ငန်းများကို စနစ်တကျ စီစဉ်ထားပုံ ရသည်။
နေဝင်သွားပြီ ဖြစ်သော်လည်း ထိုနေရာ၌ လူများဖြင့် ပြည့်နှက်နေဆဲပင်။ အသက်အရွယ်စုံ၊ ကျားမမရွေး ကျင့်ကြံသူများသည် တက်ကြွစွာ သွားလာနေကြသည်။
လမ်းဘေးတစ်လျှောက်ရှိ အလင်းပြန်နေသော အဖြူရောင်အလင်းသစ်ပင်များသည် ထိုဒေသ၏ အလင်းရောင် အရင်းအမြစ် ဖြစ်သည်။
ရွှေရောင်အလင်းများဖြင့် ဝန်းရံကခုန်နေကြသော ပိုးစုန်းကြူးများနှင့် ကြယ်တာရာများ စုံလင်လှသော ညကောင်းကင်ယံအောက်တွင် ထိုအလှတရားမှာ ပိုမိုထင်ရှားနေလေသည်။
မူလက ထိုနေရာသည် ဤကဲ့သို့ မဟုတ်ပေ။ အဖွဲ့အစည်းကို စတင်ထူထောင်စဉ်က ထိုဒေသသည် သင်္ချိုင်းကုန်းတစ်ခုကဲ့သို့ အသက်မဲ့နေခဲ့သည်။
ထိုနယ်မြေသည် အဆင့် ၂ အင်ပါယာတစ်ခု၏ အလတ်စား ပြည်နယ်တစ်ခုခန့် ရှိပြီး စတုရန်းကီလိုမီတာ ၄၇၀,၀၀၀ ခန့် ကျယ်ဝန်းသည်။
ဧရိယာကျယ်ဝန်းပြီး လူဦးရေ နည်းပါးလှသဖြင့် မိသားစုများကြား သို့မဟုတ် အဖွဲ့အစည်းဝင်များကြား ဆက်သွယ်မှုမှာ အလွန်နည်းပါးခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ အဖွဲ့အစည်း၏ ကျော်ကြားမှု တိုးလာပြီး လူဦးရေလည်း များပြားလာခဲ့သည်။ ထိုသို့ လူဦးရေ တိုးပွားလာမှုသည် မိသားစုဝင်များဘက်တွင်လည်း ထင်ဟပ်လာသည်။
အသစ်ဝင်လာသူအချို့သည် သူတို့၏ မိသားစုများကို ခေါ်လာကြပြီး အချို့ကမူ တစ်မျိုးနွယ်လုံးကို ခေါ်ဆောင်လာကြသည်။ တဖြည်းဖြည်းနှင့် ထိုဟာလာဟင်းလင်း ဖြစ်နေသော နယ်မြေမှာ ပြည့်နှက်လာပြီး မြို့ငယ်လေးတစ်မြို့ ဖြစ်တည်လာခဲ့သည်။
ထိုနယ်မြေကို အပိုင်းနှစ်ပိုင်း ခွဲထားသည်။ ပထမတစ်ဝက်မှာ စီးပွားရေးလုပ်ငန်းများနှင့် အပန်းဖြေစရာ နေရာများရှိသည့် မြို့ဧရိယာဖြစ်ပြီး ဒုတိယတစ်ဝက်မှာ မိသားစုများနှင့် ကျောင်းသားများ၏ နေအိမ်များ တည်ရှိရာ နေရာဖြစ်သည်။
ယန်ချင်းနှင့် အယ်လီတို့သည် ဆူညံစည်ကားနေသော မြို့ကို ဂရုမပြုဘဲ ယန်မိသားစု တည်ရှိရာ အနောက်မြောက်ဘက်အရပ်သို့ ဖြည်းညင်းစွာ ပျံသန်းသွားကြသည်။
…
“ဒါကို အမြဲရှောင်နေလို့ မရဘူးပဲ။ တော်သေးတာက အဘိုးနဲ့ တခြားအကြီးအကဲတွေကို ဒီနားမှာ မတွေ့မိတာပဲ”
ယန်ချင်းက သူ့အောက်ရှိ စနစ်တကျ စီစဉ်ထားသော ဝင်းခြံများကို ကြည့်ရင်း တွေးလိုက်သည်။ ထိုနေရာတွင် ‘ယန်’ဟု ရေးထိုးထားသော ဆိုင်းဘုတ်ပါသည့် ဝင်ပေါက်တစ်ခု ရှိသည်။
ထိုဝင်ပေါက်တွင် ကင်းစောင့်မရှိပေ။ ကင်းစောင့်ထားခြင်းမှာ အဓိပ္ပာယ်မရှိသကဲ့သို့ ယန်မိသားစုသည် ယခင်ကတည်းက ခန္ဓာကိုယ်သန့်စင်ခြင်းမှအပ ကျန်သည့်ကိစ္စများကို အလေးမထားတတ်ကြပေ။
…
“အယ်လီ... ဆင်းကြစို့”
ယန်ချင်းက ပြောလိုက်သည်။
အယ်လီသည် ညာဘက်အလယ်ပိုင်းရှိ ဝင်းခြံတစ်ခုဆီသို့ ညင်သာစွာ ဆင်းသက်လိုက်သည်။ ထိုဝင်းခြံတွင် စိမ်းလန်းသော နွယ်ပင်များ တွယ်ကပ်နေသည့် အဖြူရောင် တံတိုင်းများ၊ မီးခိုးရောင် အုတ်ကြွပ်မိုးများရှိပြီး မြင်းခေါင်းပုံစံ တံတိုင်းမြင့်ကြီးကို ရေအိုင်လေးတစ်ခုဖြင့် ဝန်းရံထားသည်။
အလားတူ ဒီဇိုင်းမျိုးရှိသော အခြားဝင်းခြံများလည်း ရှိနေသဖြင့် ထိုနေရာတစ်ခုလုံး ရေပေါ်တွင် တည်ဆောက်ထားသည့်နှယ် ထင်မှတ်ရသည်။ ပတ်ဝန်းကျင် လေထုထဲတွင် လန်းဆန်းသော မြစ်ရေနံ့နှင့်အတူ ဆေးဖက်ဝင် အပင်များ၏ ရနံ့များ ရောယှက်နေသည်။
အယ်လီသည် ဝင်းခြံအတွင်းရှိ မြေကွက်လပ်တစ်ခုပေါ်သို့ ဆင်းသက်လိုက်သည်။
ယန်ချင်းသည် သူ၏မိခင်၊ အစ်ကိုဖြစ်သူ၊ မရီးနှင့် သူတို့၏ သားနှစ်ယောက်တို့ ရှိနေသော အိမ်တစ်အိမ်ဆီသို့ လျှောက်သွားလိုက်သည်။ ထို့အပြင် ကျိုးယီနှင့် ကျိုးလီချင်းတို့ကိုလည်း ထိုနေရာ၌ပင် သူ ခံစားသိရှိလိုက်ရသည်။
…
“မေမေ၊ အစ်ကိုကြီးကန်း၊ မရီးယောင်၊ ဟွမ်းအာ၊ ရှဲ့အာ၊ ကျိုးယီ၊ ကျိုးလီချင်း... အားလုံးပဲ နေကောင်းကြရဲ့လား”
ယန်ချင်းက သူ့မိခင်၊ အစ်ကို၊ မရီး၊ တူနှစ်ယောက်နှင့် ကျိုးမောင်နှမတို့ကို အစဉ်လိုက် နှုတ်ဆက်လိုက်သည်။
သူ အိမ်ထဲသို့ ဝင်သွားသောအခါ လူတစ်စုသည် စားပွဲတွင် ဝိုင်းထိုင်နေကြပြီး သိမ်မွေ့နူးညံ့သော အမျိုးသမီးတစ်ဦးက မြေအိုးနီတစ်လုံးကို စားပွဲပေါ် တင်ပေးရန် စောင့်ဆိုင်းနေကြသည်ကို တွေ့လိုက်ရသည်။
ထိုအမျိုးသမီးသည် ဆံပင်ကို ရိုးရိုးရှင်းရှင်းပင် ထုံးထားပြီး တည်ငြိမ်အေးချမ်းသော အငွေ့အသက်နှင့် ပြုံးရွှင်သော မျက်နှာရှိသည်။
သူမ၏ ဆံပင်နက်နက်နှင့် မျက်ဝန်းများသည် ယန်ချင်းနှင့် စားပွဲတွင် ထိုင်နေသည့် အသက် ၃၀ ခန့်ရှိ အမျိုးသားနှင့် အနည်းငယ် တူညီနေသည်။
ထိုအမျိုးသားမှာ ဆံပင်တိုတိုနှင့် ယဉ်ကျေးသိမ်မွေ့ကာ စကားနည်းမည့်ပုံ ပေါက်သည်။ သူသည် တစ်ခုခု ဖိတ်စင်ထားသည့်နှယ် အစွန်းအထင်းအချို့ပါသော ဝတ်ရုံဖြူကို ဝတ်ဆင်ထားသည်။
သူ့ဘေးတွင် ဆံပင်နီနီနှင့် အမျိုးသားနှင့် လုံးဝဆန့်ကျင်ဘက် အငွေ့အသက်ရှိသော အမျိုးသမီးတစ်ဦး ရှိသည်။ ကြည့်ရုံနှင့်ပင် သူမသည် တက်ကြွပြီး ပေါ့ပေါ့ပါးပါး နေတတ်သူမှန်း သိသာသည်။
သူမသည် ရှည်လျားပြီး ကောက်ကွေးသော ဆံနွယ်များဖြင့် ဆွဲဆောင်မှုရှိသော အလှတရားကို ပိုင်ဆိုင်ထားသည်။
စားပွဲ၏ အခြားတစ်ဖက်တွင်မူ မောင်နှမနှစ်ယောက် ရှိနေပြီး တစ်ဦးမှာ ဆံပင်နီကာ တစ်ဦးမှာ ဆံပင်နက်သည်။
သူတို့သည် အသက် ၃၀ အရွယ် အမျိုးသားနှင့် ဆံပင်နီနှင့် အမျိုးသမီးတို့နှင့် ဆင်တူကြသည်။ ဆံပင်နီနှင့် ကလေးမှာ အသက် ၇ နှစ်ခန့်ရှိ အကြီးဖြစ်ပုံရပြီး အငယ်မှာမူ ၅ နှစ်ခန့် ရှိပေလိမ့်မည်။
ကျိုးယီနှင့် ကျိုးလီချင်းတို့သည် သူတို့ဘေးတွင် ထိုင်နေကြသည်။ သူတို့သည် လိမ္မော်နုရောင် ဝတ်ရုံသစ်များကို ဝတ်ဆင်ထားပြီး အနည်းငယ် ရှက်ရွံ့နေပုံ ပေါက်သော်လည်း ယန်ချင်းကို မြင်လိုက်ရသောအခါ မျက်လုံးများ ဝင်းလက်တောက်ပသွားကြသည်။
စိတ်လှုပ်ရှားနေသည်မှာ သူတို့နှစ်ဦးတည်း မဟုတ်ပေ။ ဘေးရှိ ညီအစ်ကိုနှစ်ယောက်မှာလည်း ယန်ချင်းကို တွေ့ရသဖြင့် အလွန်ပင် ဝမ်းသာအားရ ဖြစ်နေကြသည်။