အခန်း (၁၂၁-၁၂၂)
Vol. 13 Ch. 121-122
အခန်း ၁၂၁ - စိတ်ဝိညာဉ်အမြူတေများ
နောက်တစ်နေ့တွင် အိုင်ဗီသည် စောစောလေး နိုးထလာခဲ့သော်လည်း ဆိုင်းလပ်စ် ပြင်ဆင်ထားသော နံနက်စာက အဆင်သင့် ဖြစ်နေနှင့်ပြီ။
သူမ သက်ပြင်းတစ်ချက်ချပြီးနောက် နံနက်စာ စားလိုက်သည်။
ကံကောင်းထောက်မစွာနဲ့ သူမ၏ စွမ်းအားကို ချက်ချင်းအသက်သွင်းနိုင်ခဲ့ပြီး တည်နေရာမှာ ဆိုင်းလပ်စ်၏ အိမ်ပင် ဖြစ်နေပြန်သည်။
ယခုတစ်ကြိမ်မှာလဲ ဆန်ထုပ်အမျိုးမျိုးကိုပင် ထပ်မံရရှိခဲ့သဖြင့် အိုင်ဗီအားလုံးကို သိမ်းဆည်းလိုက်သည်။ သူမ၏ လေ့ကျင့်ထားမှုနှင့် အရှိန်အဟုန်ကြောင့် ဆန်ထုပ်ပေါင်း ၁,၅၀၀ ကို ကောက်ယူနိုင်ခဲ့သည်။
ထူးခြားသည်မှာ ထိုရိက္ခာများမှာ တစ်မျိုးပြီးတစ်မျိုး ပြန်လည်ဖြည့်တင်းနေခြင်းပင်။ ဧည့်ခန်းထဲမှ ဆန်ထုပ်အားလုံးကို ကောက်ယူပြီး မီးဖိုချောင်သို့ သွားရောက်သိမ်းဆည်းကာ ပြန်ထွက်လာချိန်တွင် ဧည့်ခန်းထဲ၌ ဆန်ထုပ်များ ပြန်လည်ပြည့်နှက်နေပြန်သည်။
အိုင်ဗီ၏ ရင်ခုန်သံမှာ မြန်လာသော်လည်း သူမ၏ အရှိန်ကို အသုံးချကာ အချိန်မကုန်မီ ဧည့်ခန်းထဲမှ ဆန်ထုပ်များကို နောက်တစ်ကြိမ် အမြန်သိမ်းဆည်းလိုက်သည်။ ရိက္ခာများကို ချက်ချင်းမပွားသေးဘဲ လေ့ကျင့်ခန်းလုပ်ကာ ဟင်းလင်ပြင် ထဲတွင် ရေအမြန်ချိုးပြီးနောက် အက်တလပ်၏ ဂိုဒေါင်သို့ ထွက်ခွာခဲ့သည်။
လမ်းခရီးတွင် စစ်တပ်နယ်မြေဝန်းကျင်ရှိ ကားများမှာ အနည်းငယ် ရှင်းလင်းသွားပြီဖြစ်ကြောင်း အိုင်ဗီ သတိပြုမိလိုက်သည်။ သူမလဲ စကူတာလေးဖြင့် အေးအေးဆေးဆေး ခရီးဆက်ခဲ့သည်။
အချိန်ကို သေချာတွက်ချက်ထားသော်လည်း ဂိုဒေါင်သို့ နာရီဝက်ခန့် စော၍ ရောက်ရှိသွားသည်။ အချိန်အလဟဿ မဖြစ်စေရန် အိုင်ဗီသည် ပတ်ဝန်းကျင်ရှိ ဇမ်ဘီများကို တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။
ဇမ်ဘီအတော်များများမှာ တစ်နည်းနည်းဖြင့် ဆင့်ကဲပြောင်းလဲလာကြပြီး အိုင်ဗီ၏ တည်ရှိမှုကို ပိုမိုသိရှိလာကြသည်။ စွမ်းအားကာကွယ်မှု မရှိသည့်အချိန်တွင် အိုင်ဗီသည် သူမ၏ အသက်ကို ဖက်နဲ့ထုပ်ကာ တိုက်ခိုက်ရတော့သည်။
ရုပ်လဆိုးသလို ကြည့်ရဆိုးသော သတ္တဝါကြီးတစ်ကောင်က ဟိန်းဟောက်ရင်း သူမဆီသို့ ခုန်အုပ်လာသည်ကို သူမ မြင်လိုက်ရသည်။ ပုပ်စပ်နေသော အရေပြားအနံ့က နှာခေါင်းထဲသို့ ဝင်ရောက်လာသည်။
စကူတာကို ဟင်းလင်ပြင်ထဲသို့ သိမ်းဆည်းလိုက်ပြီးနောက် သူမ နောက်သို့ ခုန်ဆုတ်ကာ ခြေထောက်ကို လျင်မြန်စွာ ဝှေ့ယမ်းကန်လိုက်ရာ ဇမ်ဘီမှာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။
ဘုန်း
ဇမ်ဘီမှာ မလှုပ်မယှက် ဖြစ်သွားသဖြင့် အသက်ထွက်သွားပြီဟု ယူဆရသော်လည်း ကြိုတင်ကာကွယ်သည့်အနေဖြင့် အိုင်ဗီက ဟင်းလင်ပြင်ထဲမှ နှင်တံကို ထုတ်ယူကာ ၎င်း၏ဦးခေါင်းကို အားပြင်းပြင်းဖြင့် ရိုက်ချလိုက်သည်။
ရိုက်ချက်တစ်ချက်တည်းနှင့်ပင် ဦးနှောက်ရှေ့ပိုင်းတွင် မြှုပ်နေသော ပန်းရောင်သန်းနေသည့် အမြူတေလေးတစ်ခုကို အိုင်ဗီ မြင်လိုက်ရသည်။ သူမ ဝမ်းသာအားရဖြင့် ထိုအမြူတေကို ထုတ်လိုက်သည်။
"ဝိုး... နောက်ဆုံးတော့ စိတ်ဝိညာဉ်အမြူတေ တစ်ခု ရပြီပဲ ဒါတွေ တကယ်မရှိတော့ဘူးလို့တောင် ထင်နေတာ"
သူမ အမြူတေကို အာရုံစိုက် စစ်ဆေးနေစဉ်မှာပင် နောက်ကွယ်မှ ချောင်းမြောင်းနေသော ဇမ်ဘီတစ်ကောင်က သူမကို ခုန်အုပ်လိုက်သည်။ အဲ့ဒီကောင်ရဲ့ဓားသွားလိုရှနေသော လက်သည်းများက အိုင်ဗီ၏ လည်ပင်းနောက်ဘက်ကို ဦးတည်နေပြီး သူမကို တစ်ခါတည်း ဇာတ်သိမ်းပေးရန် ကြံစည်နေခြင်း ဖြစ်သည်။
သို့သော် အိုင်ဗီက ဘေးသို့ အသာအယာ တိမ်းရှောင်လိုက်ပြီး လက်သည်းများကို ရှောင်လိုက်သည်။ သူမ၏ ဘယ်ဘက်တံတောင်ဖြင့် ဇမ်ဘီ၏ နံရိုးကို ပစ်မှတ်ထားပြီး ပိတ်ထိုးလိုက်ရာ ထိုသတ္တဝါမှာ နောက်သို့ ယိုင်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
နံရိုးကျိုးသွားသံက ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားပြီး နောက်ထပ် ဇမ်ဘီတစ်ကောင်၏ ကံကြမ္မာမှာလည်း နိဂုံးချုပ်သွားခဲ့သည်။
အိုင်ဗီသည် ဇမ်ဘီပေါင်း ၁၀၀ ခန့်ကို တစ်ကောင်ပြီးတစ်ကောင် ရှင်းလင်းပြီးနောက် အနားယူရန် ဟင်းလင်ပြင်ထဲသို့ ဝင်လိုက်သည်။ အချိန်အနည်းငယ် ကြာပြီးနောက် အက်တလပ်နှင့် တွေ့ဆုံရမည့် အချိန်ရောက်သောအခါ အိုင်ဗီ ဟင်းလင်ပြင်ထဲမှ ထွက်လာပြီး အက်တလပ် စောင့်ကြိုနေသော ဂိုဒေါင်သို့ လျှောက်လှမ်းသွားသည်။
"မစ္စအိုင်ဗီ လမ်းခရီးမှာ အဆင်ပြေရဲ့လား ပြဿနာတစ်စုံတစ်ရာ မကြုံခဲ့ဘူးလို့ မျှော်လင့်ပါတယ်ဗျာ။" အက်တလပ်က ပြုံးပြရင်း နှုတ်ဆက်လိုက်သည်။
သူ့မျက်လုံးထဲတွင် ဒေါ်လာသင်္ကေတများ လက်ခနဲ ဖြစ်သွားသလားပင် အောက်မေ့ရသည်။
အိုင်ဗီ၏ နှုတ်ခမ်းများ တွန့်သွားပြီး သူမက ပြုံးပြလိုက်သည်။
"အဆင်ပြေပါတယ်။ ကျွန်မ ကြိုတင်ငွေပေးချေပါ့မယ်။ ကျွန်မ မှာထားတာတွေကို သီးသန့်အခန်းထဲမှာ ထားပေးထားရဲ့လား"
အက်တလပ်က ဝမ်းသာအားရ ခေါင်းညိတ်ပြကာ "ဟုတ်ကဲ့ ထားပေးထားပါတယ် ကျွန်တော် အဲ့ဒီကို လိုက်ပို့ပါ့မယ်"
သူ မသိခဲ့သည်မှာ... သူ့ဇနီး အယ်လာနီ သည် သူတို့နှစ်ဦးကို အဝေးမှနေ၍ ဒေါသတကြီး စိုက်ကြည့်နေခြင်းပင်။ သူမသည် ဇမ်ဘီများကို ကြောက်သဖြင့် သူမ၏ လျှို့ဝှက်စုဆောင်းငွေဖြင့် သက်တော်စောင့်အချို့ကို ငှားရမ်းကာ ခင်ပွန်းဖြစ်သူကို စုံစမ်းခိုင်းထားခြင်း ဖြစ်သည်။
'ဒီလူယုတ်မာ သူက ငါ့အပေါ် ဖောက်ပြန်ရဲတယ်ပေါ့လေ သူ့ကို အရင်းအနှီးတွေ ထောက်ပံ့ပေးခဲ့တာ ငါ့အဖေဆိုတာ သူ မေ့သွားပြီလား ငါ သူ့ကိုရော သူ့နောက်ဟာမကိုရော သတ်ပစ်မယ် အဲ့ဒီ ပန်းရောင်ဆံပင်နဲ့ ကောင်မလေးကလည်း... သူမက ဒီလောက်လှတာ ပိုချမ်းသာတဲ့သူကို တွဲလို့ရပါလျက်နဲ့ ဘာလို့ အိမ်ထောင်သည်ကိုမှ ရွေးရတာလဲ ငါတို့မှာ စားစရာတောင် သိပ်မရှိတော့တာ သူက ချမ်းသာတာလည်း မဟုတ်ဘဲနဲ့ မရဘူး ဒီနေ့ လက်ပူးလက်ကြပ် ဖမ်းပြီး ငါ့ယောကျ်ားကို အသေသတ်ပစ်မယ်”
သူ့ဇနီး၏ ထွေပြားသော အတွေးများကို မသိရှာသော အက်တလပ်သည် အိုင်ဗီ့ကို အခန်းတစ်ခုအတွင်းသို့ ခေါ်ဆောင်သွားပြီးနောက် သူပါ လိုက်ဝင်သွားသည်။
ထိုအဖြစ်ကို မြင်လိုက်ရသော အယ်လာနီမှာ ရင်ကွဲမတတ် ခံစားလိုက်ရပြီး ခင်ပွန်းဖြစ်သူ၏ အသားကို စား၊ သွေးကို သောက်ချင်စိတ်ပင် ပေါက်လာသည်။ သူမ သူတို့နောက်သို့ အမြန်ပြေးလိုက်သွားပြီး ၅ မိနစ်ခန့် စောင့်ဆိုင်းကာ တံခါးကို ဝုန်းခနဲ တွန်းဖွင့်လိုက်သည်။
"မလှုပ်နဲ့ ရှင်တို့ ဖောက်ပြန်နေတာ ကျွန်မသိပြီးသား..."
တိတ်ဆိတ်သွားသည်။ အယ်လာနီ၏ မျက်လုံးများက ကြောင်တောင်တောင် ဖြစ်နေသော ပန်းရောင်မျက်ဝန်းတစ်စုံနှင့် ဆုံမိသောအခါ သူမ ပြင်ဆင်လာသော စကားလုံးများမှာ လည်ချောင်းထဲတွင် တစ်ဆို့သွားလေတော့သည်။
သူမ စိတ်ကူးထားသည့် မြင်ကွင်းမျိုး လုံးဝဖြစ်မနေပါ။ အိုင်ဗီသည် အဝတ်အစား အပြည့်အစုံနှင့် ဖြစ်ပြီး အက်တလပ်နှင့် သူမကြားတွင် အကွာအဝေးမှာ မီတာ ၂၀ ကျော်လောက် ခြားနေသည်။
အခန်းထဲတွင် ကုတင်မရှိဘဲ ကုလားထိုင်တစ်လုံးနှင့် ဆိုလာပြားများ၊ ဆိုလာမီးစက်များသာ ပြည့်နှက်နေသည်။ အခြေအနေကို အယ်လာနီ နားမလည်ခဲ့လျှင် သူမ၏ နဖူးပေါ်တွင် "ငတုံး" ဟု ရေးထားရပေမည်။
"မင်း ဒီမှာ ဘာလုပ်နေတာလဲ" အက်တလပ်၏ တုန်ယင်နေသော အသံက အခန်းထဲတွင် ပဲ့တင်ထပ်သွားသည်။ အယ်လာနီ မျက်လုံးကို ခဏမှိတ်လိုက်ပြီးနောက် လက်ထဲက တုတ်ကို နောက်ကျောတွင် ဝှက်ကာ အပြုံးတုကို လုပ်ယူပြီး ချိုသာသောအသံဖြင့် ပြောလိုက်သည်။
"မောင်ရယ်... မောင် အလုပ်တွေ အရမ်းပင်ပန်းနေတာ မြင်ရတော့ မမ ရင်ကျိုးရလို့ပါ။ ဒါနဲ့ နေ့လယ်စာ ဘာထူးထူးခြားခြား စားချင်လဲလို့ လာမေးတာပါ။ ဪ... ဒါက ကျွန်မတို့ရဲ့ ဧည့်သည်ပေါ့။ ဘယ်လောက်တောင် လှတဲ့ အမျိုးသမီးလေးလဲ။ ဧည့်သည်လေးရော တစ်ခုခု သောက်ဦးမလားရှင့်"
အယ်လာနီ၏ မျက်နှာပေါ်မှ ကြောက်စရာကောင်းသော အမူအရာမှာ အပြစ်ကင်းစင်သော အသွင်သို့ ပြောင်းလဲသွားသော်လည်း၊ အိုင်ဗီကမူ အက်တလပ်ကို သနားစပြုလာသည်။
အယ်လာနီ၏ ပြောင်းလဲမှုမှာ "မိစ္ဆာယုန်ကလေး" နှင့် တူလှသည်။ အခုတော့ ချစ်စရာကောင်းပြီး သဘောကောင်းပုံ ပေါက်နေသော်လည်း... စောစောကမူ သူမ၏ သွားများမှာ ဘီလူးသွားများကဲ့သို့ ထွက်လာပြီး လျှာမှာလည်း မြွေတစ်ကောင်လို လှုပ်ရှားနေခဲ့တာလေ။
"ဘာမှ မလိုပါဘူး..." အိုင်ဗီက သူမ၏ ကြောက်စိတ်ကို ဖုံးကွယ်ရင်း ပြန်ဖြေလိုက်သည်။
"ဘယ်လိုဖြစ်ရတာလဲ ကျွန်မယောကျ်ားက လူမှုရေးမရှိပေမဲ့ ကျွန်မကတော့ အဲ့လိုမဟုတ်ပါဘူး"
အခန်း ၁၂၂ - သတင်းစကား
အက်တလပ် “...”
မိန်းမတို့သဘာဝပါပဲလား စောစောလေးတင်ပဲ ငါးစိမ်သည်မတစ်ယောက်လို အော်ဟစ်နေခဲ့တာ ဘယ်သူပါလိမ့်
အိုင်ဗီသည် သူမ၏ နှုတ်ခမ်းထက်တွင် ပေါ်လာသော အပြုံးကို ဖုံးကွယ်ရန် အသာအယာ ချောင်းဟန့်လိုက်သည်။ အပြင်လောကမှ ရုန်းရင်းဆန်ခတ်မှုများနှင့် နှိုင်းယှဉ်လျှင် အက်တလပ်နှင့် အယ်လာနီတို့မှာ အတော်အတန် ကောင်းမွန်သော ဘဝကို ပိုင်ဆိုင်ထားကြသည်ဟု ဆိုရမည်။
"ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်မရဲ့အဖြေကတော့ 'ဟင့်အင်း' ပါပဲ။ ကျွန်မမှာ လုပ်စရာလေးတွေ ကျန်သေးလို့ ဒီအရောင်းအဝယ်ကို အရင်အဆုံးသတ်လိုက်ရအောင်" ဟု အိုင်ဗီက ရှင်းပြလိုက်ရာ ဇနီးမောင်နှံနှစ်ဦးလည်း ငြင်းခုံနေခြင်းကို ရပ်တန့်သွားကြတော့သည်။
အိုင်ဗီက သူတို့ကို အခက်အခဲဖြစ်အောင် လုပ်မည့် အစီအစဉ်မရှိမှန်း သိလိုက်ရသောအခါ အယ်လာနီ သက်ပြင်းချနိုင်သွားပြီး တစ်ချိန်တည်းမှာပင် သူမ၏ သမီးဖြစ်သူကို သင်ခန်းစာကောင်းကောင်း ပေးရမည်ဟု ဆုံးဖြတ်လိုက်သည်။ အဓိပ္ပာယ်မရှိသော သတင်းများ ဖတ်ပြတတ်သည့် သမီး၏ အကျင့်ကြောင့် ယနေ့တွင် ဖောက်သည်ကြီးတစ်ဦးကို သူမ စော်ကားမိတော့မည့်ဆဲဆဲ ဖြစ်ခဲ့တာလေ
သူတို့သမီး "..." ဘာဖြစ်လို့လဲ သမီး ဘာမှလည်း မလုပ်ရပါဘဲနဲ့…
ထိုဖြစ်ရပ်လေးမှာ ထိုမျှနှင့်ပင် ပြီးဆုံးသွားခဲ့သည်။ အရောင်းအဝယ် ကိစ္စများ ပြီးစီးပြီးနောက် အိုင်ဗီသည် ပစ္စည်းများကို သိမ်းဆည်းကာ ထွက်ခွာလာခဲ့သည်။ သူမ၏ နောက်ထပ်ခြေလှမ်းမှာ အချိန်တန်လျှင် သူမ၏ အခြေစိုက်စခန်းကို ကာကွယ်နိုင်ရန် စွမ်းအားများကို ဆက်လက် လေ့ကျင့်ရန်ပင် ဖြစ်သည်။
ထို့ကြောင့် သူမသည် ဇမ်ဘီများကို အဆက်မပြတ် လိုက်လံနှိမ်နင်းရာ အယ်လာနီ၊ အက်တလပ်နှင့် အခြားသက်တော်စောင့်များမှာ သူမကို ကြည့်ပြီး အံ့အားသင့်နေကြရသည်။ သူမသည် ဂိုဒေါင်ပတ်ဝန်းကျင်ရှိ ဇမ်ဘီအားလုံးကို ရှင်းလင်းပစ်ခဲ့သည်။
တိုက်ခန်းသို့ ပြန်ရောက်သောအခါ ဆိုင်းလပ်စ်ပ ညစာ ချက်ပြုတ်ပြီးနှင့်ပြီဖြစ်ကာ ထမင်းစားပွဲရှိ အိုင်ဗီ၏ လွတ်နေသော နေရာကို တွေတွေကြီး စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။
သူမ ရောက်လာသည်ကို သိလိုက်ရသည်နှင့် သူက အတင်းပြုံးကာ ကြိုဆိုရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပါ။ တစ်စုံတစ်ခုက သူ့ကို ခြောက်လှန့်နေသည်မှာ သိသာလှသည်။
အိုင်ဗီ၏ မျက်ဝန်းထဲတွင် စိုးရိမ်ရိပ်များ ဖြတ်ပြေးသွားသည်။
"ဘာဖြစ်လို့လဲ တစ်ခုခုကို စိတ်ပူနေတာလား"
ဆိုင်းလပ်စ်သည် အိုင်ဗီက သူ့စိတ်အခြေအနေကို သိရှိသွားသည့်အပေါ် အံ့ဩခြင်းမရှိပါ။ စကားလက်က သူ့ကို လေးစားသည်ဟု ပြောကောင်းပြောနိုင်သော်လည်း သူ့မိဘများနှင့် အစ်မဖြစ်သူမှလွဲလျှင် အိုင်ဗီတစ်ယောက်သာ သူ၏ ခံစားချက်ကို နားလည်နိုင်စွမ်း ရှိသည်။
"ဘာမှမဟုတ်ပါဘူး။ အရင်ဆုံး ညစာ စားလိုက်ပါဦး" ဟု ဆိုင်းလပ်စ်က အကြံပေးလိုက်သည်။ သူ ပြောမည့်စကားများက အိုင်ဗီကို ထမင်းစားပျက်စေမည်ကို သူ သိနေသည်။
အိုင်ဗီက စိတ်ပူနေသော်လည်း ဆိုင်းလပ်စ်၏ စကားကို နားထောင်ကာ ညစာကို အရင်စားလိုက်သည်။ သူမ ဇွန်းကို ချလိုက်သည်နှင့် ဆိုင်းလပ်စ်က ပန်းကန်များကို ဆေးကြောပြီး ထမင်းစားပွဲသို့ ပြန်လာသည်။ ထိုအချိန်တွင် အိုင်ဗီက စားပွဲကို ရှင်းလင်းပြီး သူ့ကို စောင့်နေပြီဖြစ်သည်။
"ကိုယ့်မှာ သတင်းကောင်းတစ်ခုနဲ့ သတင်းဆိုးတစ်ခု ရှိတယ်။ ဘယ်ဟာကို အရင် နားထောင်ချင်လဲ" ဟု ဆိုင်းလပ်စ်က မေးလိုက်သည်။ သူက လေယူလေသိမ်းကို အတတ်နိုင်ဆုံး လျှော့ပြောသော်လည်း၊ ထိုမေးခွန်းကပင် အိုင်ဗီကို တင်းမာသွားစေသည်။
"သတင်းဆိုး" ဟု အိုင်ဗီက တိုးတိုးလေး ရေရွတ်လိုက်သည်။ သူမအတွက် ဘယ်သတင်းကမှ သူမ၏ ယုံကြည်မှုကို မဖျက်ဆီးနိုင်သယောင် တည်ငြိမ်စွာ ရှိနေသည်။
"ဒေမီယန်က ငါတို့ ထိန်းချုပ်လို့မရနိုင်အောင် သန်မာလာပြီ။ သူ့ကို ဖမ်းဖို့က အတော်လေး ခက်ခဲနေတယ်။ ပြီးတော့ သူက ထူးဆန်းတဲ့ လေ့ကျင့်မှု နည်းလမ်းတစ်ခုကို တွေ့ထားပုံရတယ်... အဲ့ဒါက လူသားရဲ့အသွေးအသားဆက်စပ်နေတယ်။ သူ့ရဲ့ လက်ရှိ အခြေအနေကလည်း...ကိုယ့်လူတွေဆီက ကြားရသလောက်ဆိုရင်... နည်းနည်း စိုးရိမ်စရာ ဖြစ်နေပြီ" ဟု ဆိုင်းလပ်စ်က ရှင်းပြသည်။
အိုင်ဗီသည် ရာဗင်ခရော့ဖ်မိသားစု၏ အချစ်ကို ရရှိလိုသည့် စွဲလမ်းမှုကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း သူ သိသော်လည်း သူမ၏ အစ်ကိုဖြစ်သူအကြောင်းကို ကြားရလျှင် သူမ ဘယ်လို ခံစားရမလဲဆိုတာကို သူ မသေချာသေးပါ။
အမှန်အတိုင်း ပြောရလျှင် ဆိုင်းလပ်စ်သည် အခြေအနေကို အတတ်နိုင်ဆုံး လျှော့ပြောနေခြင်း ဖြစ်သည်။ အမှန်တရားမှာ ဆိုင်းလပ်စ်၏ လူများ ဒေမီယန်ကို မြင်လိုက်ရချိန်တွင် သူသည် မိစ္ဆာတစ်ကောင်နှင့် တူနေခြင်းပင်။
သူ့မျက်လုံးများမှာ လုံးဝ မည်းနက်နေပြီး၊ ပါးစပ်မှ သွေးများ စီးကျနေကာ ဖြူဖျော့သော အရေပြားအောက်တွင် အနက်ရောင် သွေးကြောများမှာ စီးနေသည်။
၎င်းမှာ ကြောက်မက်ဖွယ်ကောင်းလှပြီး၊ ထိုမြင်ကွင်းမှာ စက္ကန့်ပိုင်းမျှသာ ကြာကာ သူ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး ထွက်ပြေးသွားသော်လည်း မြင်လိုက်ရသူများကို ခြောက်လှန့်ရန် လုံလောက်လှသည်။
အိုင်ဗီသည် သတင်းကို ကြားပြီးနောက် တိတ်ဆိတ်သွားသည်။ သူမ၏ မှတ်ဉာဏ်ထဲတွင် ဒေမီယန် လူသားအသား စားခဲ့သည်ကို မမှတ်မိပါ။
ယခင်ဘဝတုန်းက သူသည် တစ်လလျှင် နှစ်ရက်၊ သုံးရက်ခန့် ပျောက်ကွယ်သွားတတ်သော်လည်း သူသည် လူသားစားသူ ဖြစ်နေလိမ့်မည်ဟု သူမ မထင်ခဲ့မိပါ။ ၎င်းမှာ သူ၏ စွမ်းအား တိုးတက်လာမှုကြောင့် ဖြစ်ပေါ်လာသည့် ဘေးထွက်ဆိုးကျိုး တစ်မျိုးလား။ ဖြစ်နိုင်ချေရှိသည်။ သို့သော် သူမ စိုးရိမ်သည်မှာ…
"သူ ဘယ်လောက်အထိ သန်မာလာပြီလဲ" ဟု အိုင်ဗီက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"အဆင့်သတ်မှတ်ချက် ရှိမယ်ဆိုရင် သူက အဆင့်၂ လောက် ရောက်နေပြီ" ဟု ဆိုင်းလပ်စ်က အချက်အလက်များကို ပြန်တွေးကာ ပြောလိုက်ပြီး သူမကို စမ်းတဝါးဝါး ကြည့်လိုက်သည်။
"တကယ်တော့ နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်၊ မင်းရဲ့အစ်ကိုက ထူးဆန်းတဲ့ ဆေးဖက်ဝင်အပင်တွေကို လိုက်ရှာနေပြီး အလောင်းတွေကိုပါ လိုက်စုနေပုံရတယ်"
"ဟင်" အိုင်ဗီမှာ ရုတ်တရက် ရောက်ရှိလာသော သတင်းများကြောင့် ကြောင်သွားရသည်။ ယခင်ဘဝတုန်းက ရာဗင်ခရော့ဖ် မိသားစု၏ နှိပ်စက်မှုဒဏ်ကို ခံစားနေရသဖြင့် ဒေမီယန်၏ ထူးဆန်းသော အပြုအမူများကို သူမ သတိမပြုမိခဲ့ခြင်း ဖြစ်နိုင်သည်။
အနည်းဆုံးတော့ သူမ၏ အမြင်တွင် ဒေမီယန်သည် ထိုကဲ့သို့သော အရာများကို မလုပ်ခဲ့ပါ။ ဒါမှမဟုတ် လုပ်ခဲ့တာလား သူမအတွက်တော့ ပဟေဠိတစ်ခုပါပဲ။
"မင်း သူ့ကို ဖမ်းခေါ်လာစေချင်လား" ဟု ဆိုင်းလပ်စ်က ဂရုတစိုက် မေးလိုက်သည်။ ဒါဟာ ခက်ခဲသော အလုပ်ဖြစ်မှန်း သူ သိသော်လည်း အိုင်ဗီအတွက်ဆိုလျှင် ငရဲပြည်အထိ သွားရန် သူ အသင့်ရှိနေသည်။
"ဟင့်အင်း။ ထားလိုက်ပါတော့။ ဖြစ်နိုင်ရင် သူ့အတွက် အရင်းအနှီးတွေ ရဖို့ ခက်ခဲအောင်ပဲ လုပ်ပေးပါ။ သူ့ကို သတ်လို့မရရင်တောင် သူ မသန်မာလာအောင် တားထားပေးပါ" ဟု အိုင်ဗီက တောင်းဆိုလိုက်သည်။ သူမ၏ ပြတ်သားသော အဖြေက ဆိုင်းလပ်စ်ကို အံ့ဩစေသလို ဝမ်းသာစေခဲ့သည်။
"ကောင်းပါပြီ" ဆိုင်းလပ်စ်က ခဏရပ်ကာ အိုင်ဗီ့ကို ကြည့်လိုက်သည်။
"ဟယ်လီနာ နဲ့ ဗစ်တာ နိုက်တ်ဘိန်း တို့နဲ့ ပတ်သက်ပြီးတော့လည်း ကိုယ့်မှာ သတင်းရှိတယ်"
'အမေနဲ့ အဖေလား' အိုင်ဗီ၏ မျက်လုံးများ ဝင်းလက်သွားပြီး ကိုယ်ကို မတ်လိုက်သည်။ "ဘာသတင်းလဲ"
"ကိုယ့်လူတွေ သူတို့ကို နောက်ဆုံးတွေ့ခဲ့တာ အမ် နိုင်ငံမှာပဲ။ သူတို့ရှိတဲ့ တည်နေရာအတိအကျကို သိဖို့ ခက်ဦးမှာဖြစ်ပေမဲ့ သုံးလပိုင်း အကုန်လောက်မှာတော့ သူတို့ရှိနိုင်တဲ့ နေရာကို ကိုယ့်တို့ သိရတော့မယ်" ဟု ဆိုင်းလပ်စ်က ပြန်ဖြေလိုက်သည်။ သူသည် မျက်ဝန်းများ တောက်ပနေသော ထိုအလှပိုင်ရှင်လေးကို ကြည့်ရင်း ရင်ခုန်သွားရသည်။
အိုင်ဗီ၏ ရင်ခုန်သံမှာလည်း မြန်လာသည်။ အမ် နိုင်ငံလား အဲ့ဒီနိုင်ငံမှာ ယူ နိုင်ငံနှင့် အလွန်ဝေးကွာလှသည်။ သူမသည် အခုချက်ချင်း အမ် နိုင်ငံသို့ ပျံသန်းသွားချင်သော်လည်း လက်တွေ့ဘဝမှာ ရက်စက်လှသည်။
ကမ္ဘာပျက်ကပ်ကြီး ဆိုက်ရောက်ပြီးနောက် ချစ်ရသူများ၏ သတင်းကို ရရှိရန်မှာ ကောက်ရိုးပုံထဲ အပ်ရှာသကဲ့သို့ ခက်ခဲလှသည်။
ဒြါအပြင် သူမ၏ မိဘများ၏ မျက်နှာ၊ ဖုန်းနံပါတ် မဟုတ်ရင်တောင် တိကျသော တည်နေရာကို မသိဘဲ အမ် နိုင်ငံတွင် လိုက်ရှာရန်မှာ တစ်နှစ်ခန့် ကြာနိုင်သည်။
သို့သော် ဆိုင်းလပ်စ်၏ အဆက်အသွယ်များကြောင့် သူမသည် လာမည့် ၆ လအတွင်း သူတို့နှင့် ပြန်လည် ဆုံတွေ့နိုင်ပေတော့မည်။