← Chapters

အခန်း (၁၂၅-၁၂၆)

Vol. 13 Ch. 125-126

အခန်း (၁၂၅-၁၂၆)

Vol. 13 Ch. 125-126

အခန်း ၁၂၅ - အလွဲသုံးစားမှု

"ပါးစပ်ပိတ်ထား တိတ်တိတ်နေစမ်း"

ဆာဖီနာက အော်ဟစ်တားဆီးသော်လည်း အိုင်စလာကတော့ ကျေနပ်ဂုဏ်ယူနေမိသည်။ ပြောသင့်သမျှကို ပြောပြီးသွားပြီလေ။

'ဒီတစ်ခါတော့ အိုင်ဗီ ငါ့ကို ဆုလာဘ်တွေ အများကြီး ပေးတော့မှာပဲ အား... ရေ! နောက်ဆုံးတော့ ငါ ရေသောက်နိုင်တော့မယ်' အိုင်စလာက ဝမ်းသာအားရ တွေးနေမိသည်။ သူမသည်

ရေငတ်လွန်းသဖြင့် စိတ်ကယောင်ကတမ်း ဖြစ်နေကာ ထိုကဲ့သို့သော လျှို့ဝှက်ချက်ကြီးကို တွန့်ဆုတ်မှုမရှိဘဲ ထုတ်ပြောလိုက်ခြင်း ဖြစ်သည်။

ဆာဖီနာကတော့ မျှော်လင့်ချက်မဲ့စွာ မျက်လုံးမှိတ်ထားလိုက်သည်။ သူမသည် ထိုလျှို့ဝှက်ချက်များကို နောက်ဆုံးလက်နက် အဖြစ် အသုံးချပြီး သူတို့အားလုံးအတွက် ပိုကောင်းတဲ့ အပေးအယူတစ်ခု လုပ်ရန် ကြံစည်ထားသော်လည်း အခုတော့... သူမရဲ့ သမီးလိမ္မာလေးက မျှော်လင့်ချက်အားလုံးကို ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်သည်။

ဆာဖီနာ၏ ရင်ထဲတွင် မုန်းတီးမှုနှင့် နာကျည်းမှုများ ပြည့်နှက်သွားသည်။ 'အခုထိတော့ အိုင်ဗီက ငါနဲ့ သွေးမတော်သားမစပ်လို့ ငါ့ကို သစ္စာဖောက်လိမ့်မယ်လို့ပဲ အမြဲတွေးခဲ့တာ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ငါ့ကို ချောက်ထဲတွန်းချလိုက်တာက ငါ့ရဲ့ သမီးအရင်း ဖြစ်နေပါရောလား။'

အိုင်ဗီသည် သူတို့ကို စိုက်ကြည့်ပြီးနောက် ခပ်တိုးတိုး ရယ်မောလိုက်သည်။ ထို့နောက် သူမ၏ ရယ်သံမှာ တဖြည်းဖြည်းနှင့် သွေးအေးလှသော ရယ်သံကြီးအဖြစ် ပြောင်းလဲသွားရာ ရာဗင်ခရော့ဖ် မိသားစုမှာ ကြောက်လန့်တကြား တုန်ရင်သွားကြတော့သည်။

"တကယ့်ကို မိုက်မဲတဲ့ လူတစ်စုပဲ" သူမက မျက်ဝန်းထောင့်မှ မျက်ရည်များကို သုတ်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

"ရှင်တို့အားလုံးက အဲ့ဒီ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို တကယ်ပဲ ယုံနေကြတာလား"

"မယုံလို့ ဘာလုပ်ရမှာလဲ! ငါတို့ရဲ့ အခြေအနေတွေ တကယ်ပဲ တိုးတက်လာခဲ့တာပဲ ငါ့ကိုယုံပါ အိုင်ဗီ နင်လည်း ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် လုပ်ကြည့်ပါလား၊ နင်လည်း အကျိုးကျေးဇူးတွေ ရနိုင်တာပဲလေ" ဟု အိုင်စလာက အကြံပြုလိုက်သည်။

"အင်း... ရှင်တို့ရဲ့ စကားအတိုင်းဆိုရင် သူက..." အိုင်ဗီက မက်ဂနပ်စ်ကို လက်ညှိုးထိုးပြလိုက်သည်။

"...အခုဆို ရာထူးတက်နေရပြီ မဟုတ်လား ရှင်တို့အားလုံး ချမ်းသာနေသင့်ပြီလေ။ ရှင်တို့ စုထားတဲ့ ဒေါ်လာ ၅၀,၀၀၀ က ဘာလို့ နှစ်ပေါင်းများစွာ ကြာတဲ့အထိ ၅၀,၀၀၀ ပဲ ဖြစ်နေရတာလဲ"

အိုင်ဗီ၏ မေးခွန်းများကြောင့် မက်ဂနပ်စ်နှင့် ဆာဖီနာတို့၏ မျက်နှာများမှာ ဖြူဖျော့သွားပြီးနောက် စိမ်းဖန့်ဖန့် ဖြစ်သွားကြသည်။ သူတို့ အမှန်တရားကို သိကြသည်။ ထိုစာထဲက စကားလုံးများသည် အဓိပ္ပာယ်မရှိမှန်း သူတို့ကိုယ်တိုင်လည်း ကြာလှပြီဖြစ်သော အချိန်ကတည်းက သံသယဝင်ခဲ့ကြသည်။ သို့သော်လည်း... သူတို့ မရပ်တန့်ခဲ့ကြပါ၊ အကြောင်းမှာ... နှိပ်စက်ရခြင်းက သူတို့အတွက် စိတ်ထွက်ပေါက်တစ်ခု ဖြစ်နေသောကြောင့်ပင်။

"မဟုတ်ဘူး... ငါတို့ အဆက်ပြေခဲ့တယ်... ဥပမာ... ငါ့ရဲ့ အမှတ်တွေ ဟုတ်တယ် နင့်ကို နှိပ်စက်ပြီးနောက်ပိုင်း ငါ့အမှတ်တွေ တက်လာခဲ့တာ" အိုင်စလာက သူမ၏ ယုံကြည်ချက်ကို ဇွတ်အတင်း ဆုပ်ကိုင်ထားသော်လည်း အိုင်ဗီက သူမကို လှောင်ပြောင်လိုက်သည်။

"အမှတ်တက်ဖို့အတွက် နင်က ပါမောက္ခတွေနဲ့ ဆရာတွေကို ပြုစုပေးခဲ့တာ မေ့နေပြီလား"

မက်ဂနပ်စ်နှင့် ဆာဖီနာတို့၏ မျက်နှာများမှာ ပို၍ ဖြူဖျော့သွားကာ အိုင်စလာကို မယုံနိုင်သလို ကြည့်လိုက်ကြသည်။ သူတို့သမီးက... ဒီလောက်တောင် အရှက်မရှိတာလား နောက်ဆုံးတွင် ထိုဇနီးမောင်နှံ တိတ်ဆိတ်သွားကြပြီး သူတို့ကိုယ်တိုင်ပင် သူတို့သမီးကို မိုက်မဲပြီး ရက်စက်တဲ့သူတစ်ယောက် ဖြစ်လာအောင် ပုံသွင်းခဲ့မိမှန်း သိလိုက်ရတော့သည်။

"ကဲ... ငါပေးထားတဲ့ ကတိအတိုင်း လုပ်ပေးမယ်။ ရေက မက်ဂနပ်စ်အတွက်ပဲ ဖြစ်မယ်။ အိုင်စလာကိုတော့ ငါ ဘာမှ ကတိမပေးခဲ့သလို သူမကလည်း သူမဘာသာသူမ ပြောခဲ့တာဖြစ်လို့ ရေအများဆုံးပါတဲ့ခွက်ကို သူမကို ပေးဖို့ ငါ့မှာ တာဝန်မရှိဘူး။"

ထို့နောက် အိုင်စလာ၏ ကန့်ကွက်သံနှင့် ဒေါသတကြီး အော်ဟစ်သံများကို လျစ်လျူရှုကာ အိုင်ဗီသည် သူတို့၏ လည်ချောင်းထဲသို့ ရေများကို အတင်းလောင်းထည့်လိုက်ပြီး စွမ်းအင် သိုလှောင်ရုံထဲသို့ ပြန်လည် သိမ်းဆည်းလိုက်သည်။ သူမ အပြင်ထွက်ရန် ပြင်နေစဉ်မှာပင် အက်ဒဝပ်ထံမှ မက်ဆေ့ချ်တစ်ခု ရရှိခဲ့သည်။

ကျဆင်းနေသော သူမ၏ စိတ်အခြေအနေမှာ ထိုမက်ဆေ့ချ်ကို မြင်လိုက်ရသည်နှင့် ချက်ချင်း ပြန်လည် မြင့်တက်သွားသည်။ မြို့တော်ဝန် ဒန်နီရယ်သည် အစားအသောက် အလွန်အမင်း လိုအပ်နေပြီး အစားအသောက်အတွက်နှင့် သူ့မြေကွက်ကို ရောင်းချရန် ဖြစ်နိုင်ချေ များနေပြီဖြစ်သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူမ၏ စွမ်းအားကို အသုံးပြု၍ အိုင်ဗီသည် ဆန်ထုပ်ပေါင်း ၅,၆၀၀ ကို ကောက်ယူထားခဲ့သည်။ အခု အ့ဟာတွေကိုသာ ပွားလိုက်မယ်ဆိုရင်…

စိတ်လှုပ်ရှားနေသော အိုင်ဗီသည် အဝတ်အစားလဲကာ အပြင်သို့ အပြေးအလွှား ထွက်လာခဲ့သည်။ စစ်တပ်နယ်မြေအပြင်ဘက်ရှိ အခြေအနေမှာ ပိုပို ဆိုးရွားလာပြီး ဇမ်ဘီများလည်း ပိုမိုများပြားလာသည်။

သို့သော် အိုင်ဗီ့အတွက်တော့ ဒါဟာ ဘာမှမဟုတ်ပါ။ မကြာမီ သူမသည် ဒန်နီရယ်၏ မြေကွက်သို့ ရောက်ရှိသွားပြီး ထိုနေရာတွင် အက်ဒဝပ်နှင့် တွေ့ဆုံခဲ့သည်။ သူက နွေးထွေးသော အပြုံးဖြင့် သူမကို နှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ အိုင်ဗီ။"

"မင်္ဂလာပါ" အိုင်ဗီ ခေါင်းညိတ်ပြလိုက်ပြီး မေးလိုက်သည်။

"ဒါနဲ့... သူက တကယ်ပဲ မြေကွက်ရောင်းဖို့ သူ့မိသားစုနဲ့ တိုင်ပင်နေတာလား"

"ဟုတ်တယ်" အက်ဒဝပ်က အတည်ပြုပေးသည်။

သူ၏ ယောက်ျားပီသသော အသံဖြင့် ဆက်ပြောသည်။

"ကျွန်တော် နည်းနည်း ချောင်းနားထောင်ကြည့်တော့ သူတို့မှာ စားစရာတွေ ပြတ်လပ်နေတာ ကြာပြီဖြစ်လို့ မြေကွက်ကို ဝယ်မယ့်သူ လိုက်ရှာနေကြတာ"

အိုင်ဗီ၏ မျက်လုံးများ ဝင်းလက်သွားသည်။

"ကောင်းပြီလေ။ ရှင် အခု ပြန်လို့ရပါပြီ၊ ကျန်တဲ့ ငွေပေးချေမှုကိုတော့ ညနေပိုင်းမှာ ကျွန်မကိုယ်တိုင် လာပေးပါ့မယ်။"

အက်ဒဝပ်၏ မျက်နှာမှာ ဝင်းပသွားပြီး ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပါပြီ။ ကျေးဇူးအများကြီး တင်ရမှာပဲ။"

သူသည် တကယ့် အထက်လူကြီး က ဘယ်သူလဲဆိုတာကို တစ်ခါမျှ မမေးမြန်းခဲ့ပါ။ တစ်ခါတစ်ရံတွင် တိတ်တိတ်ဆိတ်ဆိတ် အလုပ်လုပ်ပြီး အများကြီး မမေးမြန်းတာက ပိုကောင်းတယ်လေ။

အက်ဒဝပ် ထွက်သွားပြီးနောက် အိုင်ဗီသည် လယ်ကွင်းအစွန်းရှိ အိမ်အသေးလေးသို့ သွားရောက်ကာ တံခါးခေါက်လိုက်သည်။ သူမ မျှော်လင့်တကြီး စောင့်ဆိုင်းနေစဉ်မှာပင် တံခါးပွင့်လာသည်။

"မင်းက ဘယ်သူလဲ" ဒန်နီရယ်၏ သံသယရှိသောအသံက ထွက်ပေါ်လာသည်။ သူ၏ အမည်မှာ ဆိုင်းလပ်စ်၏ ဖခင်အမည်နှင့် ဆင်တူသော်လည်း နှစ်ဦးစလုံးမှာ လုံးဝ ကွဲပြားကြသည်။ ဆိုင်းလပ်စ်၏ ဖခင်မှာ နည်းဗျူဟာ ကြွယ်ဝပြီး မျိုးချစ်စိတ်ရှိသော်လည်း၊ မြို့တော်ဝန် ဒန်နီရယ်မှာမူ သံသယစိတ်များပြီး လောဘကြီးသူ တစ်ဦးဖြစ်သည်။

"မင်္ဂလာပါ ဆရာ၊ ကျွန်မ နာမည်က အိုင်ဗီပါ။ ကျွန်မ ဒီမြေကွက်ကို ဝယ်ဖို့ စိတ်ဝင်စားလို့ပါ။ ဆရာ ဒီမြေကွက်ကို ရောင်းဖို့ အစီအစဉ်ရှိတယ်လို့ ကြားမိလို့ပါ။ ဈေးနှုန်းက သင့်တင့်မယ်ဆိုရင် ကျွန်မ ဝယ်ချင်ပါတယ်"

မြို့တော်ဝန် ဒန်နီရယ် မျက်မှောင်ကြုတ်လိုက်သည်။

"မင်းက ဒီမြေကွက်ကို ဘာအတွက် ဝယ်ချင်ရတာလဲ"

သူ့မျက်လုံးထဲက သံသယတွေကို မြင်တော့ အိုင်ဗီ စိတ်ထဲကနေ ရယ်လိုက်မိသည်။ ကမ္ဘာပျက်ကပ်ရဲ့ အစောပိုင်းနှစ်တွေမှာ မြေကွက်ဆိုတာ အသုံးမဝင်ဆုံး ပစ္စည်းတစ်ခုပါ။ အထူးသဖြင့် မြို့တော်ဝန်ပိုင်တဲ့ ဒီမြေကွက်က စိုက်ပျိုးရေးမြေလည်း မဟုတ်ဘူးလေ။ ဒါကြောင့် သူမရဲ့ ဝယ်ယူမယ့် ကမ်းလှမ်းချက်က သူ့ကို သံသယဝင်စေတာ မဆန်းပါဘူး။

"ဒီလိုပါ၊ ကျွန်မ ဒီမှာ စီးပွားရေးတစ်ခု လုပ်ဖို့ အစီအစဉ်ရှိလို့ပါ။ ကျွန်မ အမြင်အရတော့ ဒီကမ္ဘာပျက်ကပ်က မကြာခင် ပြီးဆုံးသွားတော့မှာပါ။ ဒါကြောင့် အခွင့်အရေးရတုန်း မြေကွက်တစ်ကွက် ဝယ်ထားတာ ကောင်းမယ်လို့ တွေးမိလို့ပါ" အိုင်ဗီသည် အပြစ်ကင်းစင်သော ဟန်ဆောင်မှုဖြင့် ဆက်ပြောလိုက်သည်။

မြို့တော်ဝန် ဒန်နီရယ်၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး ဒီအမျိုးသမီးငယ်လေးကို အိမ်ထဲသို့ အတင်းဆွဲခေါ်သွားချင်စိတ်ပင် ပေါက်လာသည်။ ဒီလို ငတုံးမလေးနဲ့ တွေ့ရတာကို သူက ဘာလို့ အမြတ်မထုတ်ဘဲ နေမလဲ။

သူရရှိထားတဲ့ သတင်းတွေအရဆိုရင် ဒီကမ္ဘာပျက်ကပ်က အနည်းဆုံး ဆယ်စုနှစ်တစ်ခုလောက် ကြာနိုင်ပြီး၊ အဆိုးဆုံး အခြေအနေကတော့... ဒီဇမ်ဘီတွေကပဲ သူတို့ရဲ့ လက်တွေ့ဘဝသစ် ဖြစ်လာနိုင်တာပါ။

သူက ဒီသတင်းကို တစ်ခါမျှ သံသယမဝင်ခဲ့ပါ၊ အကြောင်းမှာ အ့သတင်းကို အာဏာရှိသူတစ်ဦးက သူ့ထံသို့ လျှို့ဝှက်ပေးပို့ထားသော သတင်းဖြစ်သောကြောင့်ပင်။ အများပြည်သူကလည်း ဒီအမှန်တရားကို နားလည်စပြုလာကြပြီဖြစ်လို့ ဘယ်သူမှ သူ့မြေကွက်ကို ဝယ်ဖို့ အဆင်သင့်မဖြစ်ကြတာပါ။

ဒါပေမဲ့ အခုတော့…

"အမျိုးသမီးလေး၊ အထဲကို ကြွပါဦး" ဟု သူက ဖိတ်ခေါ်လိုက်သည်။ သူမဟာ အတိုက်အခံပါတီက လွှတ်လိုက်သော လူသတ်သမား ဖြစ်နေမည်ဆိုတာကိုလဲ သူ မစိုးရိမ်တော့ပါ။

သူ့ရဲ့ ရန်သူအတော်များများကတော့ ဇမ်ဘီကပ်ဘေးကြောင့် သေကုန်ကြပြီဖြစ်ပြီး ကျန်တဲ့သူတွေကလည်း သူတို့ရဲ့ အသက်ကို လုနေရတာ ဒါမှမဟုတ်ရင်တောင် သူ့လိုပဲ စားနပ်ရိက္ခာ ပြဿနာကို ဖြေရှင်းနေကြရတာပဲလေ။

အိုင်ဗီ အထဲရောက်သောအခါ အိမ်အခြေအနေကို ခေတ္တလေ့လာပြီးနောက် မြို့တော်ဝန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"ကျွန်မ စကားတွေ အများကြီး မပြောတော့ပါဘူး၊ ဆရာ ရောင်းချင်တဲ့ ဈေးနှုန်းကိုသာ ပြောပေးပါ"

အခန်း ၁၂၆ - ညှိနှိုင်းဆွေးနွေးခြင်း

မြို့တော်ဝန် ဒန်နီရယ်က ဖားချင်ယားချင်သော အပြုံးတစ်ခုကို ပြုံးလိုက်ပြီး။

"အဲ့ဒါကို မပြောခင်၊ မင်းက တစ်ယောက်ယောက်ရဲ့ ခိုင်းဖတ်အဖြစ် လာတာလား၊ ဒါမှမဟုတ် မင်းကိုယ်တိုင်ကပဲ လုပ်ငန်းရှင်လားဆိုတာ သိပါရစေ။ လက်အောက်ခံ ဝန်ထမ်းတစ်ယောက်နဲ့ စကားပြောပြီး ငါ့အချိန်တွေကို အကုန်မခံချင်ဘူး။ ပြောရရင် ဒီမြေကို ဝယ်ချင်တဲ့သူတွေ အများကြီး ရှိနေသေးတာမို့လို့ပါ"

အိုင်ဗီဟာ သူမ၏ မျက်နှာအမူအရာကို တည်ငြိမ်အောင် ထိန်းသိမ်းလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

"မြို့တော်ဝန် ဒန်နီရယ်ကတော့ ပညာရှိပီသပါပေတယ်။ ဟုတ်ပါတယ်၊ ကျွန်မက ကျွန်မရဲ့ အထက်လူကြီးကိုယ်စား ဆောင်ရွက်ပေးနေတာပါ။ သူက သူ့ရဲ့ ဘယ်သူဘယ်ဝါဖြစ်ကြောင်းကို လျှို့ဝှက်ထားချင်လို့ပါ။ ဒါပေမဲ့ ကျွန်မ အာမခံပါတယ်၊ အကယ်၍ ကျွန်မတို့ သဘောတူညီမှု ရခဲ့မယ်ဆိုရင် နောက်တစ်ကြိမ် တွေ့ဆုံမှုမှာ ငွေပေးချေမှုကို အပြီးအပိုင် ရရှိစေရပါမယ်"

ထိုသို့ ပြောနေစဉ် အိုင်ဗီသည် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ မြို့တော်ဝန် ဒန်နီရယ်၏ အိမ်မှာ ဟာလာဟင်းလင်း ဖြစ်နေသည်။ ကုလားထိုင် အနည်းငယ်၊ စားပွဲပေါ်ရှိ ခွက်အချို့နှင့် ယိုစိမ့်နေသော မျက်နှာကြက်မှလွဲ၍ ဘာမျှမရှိတော့ပေ။

ဟုတ်ပါတယ်။ မြို့တော်ဝန် ဒန်နီရယ်က သူ့အိမ်ထဲတွင် အခွင့်အရေးရလျှင် တိုက်ခိုက်ရန်အတွက် ဖဲချပ်အချို့ (လူအင်အား) ဝှက်ထားနိုင်သည်ကို အိုင်ဗီ နားလည်ထားသည်။

မြို့တော်ဝန် ဒန်နီရယ်၏ မျက်နှာတွင် စဉ်းစားဟန် ပေါ်လာပြီး ထပ်မံ၍ စမ်းသပ်မေးမြန်းလိုက်သည်။

"ဪ... ဒါဆိုရင်တော့ မင်းက မင်းရဲ့ အထက်လူကြီးနဲ့ တော်တော်လေး နီးစပ်ပုံရတာပဲ။ ဒီလို ကမ္ဘာပျက်ကပ်ကြီးထဲမှာ တစ်ယောက်ကိုတစ်ယောက် ဒီလောက်အထိ ယုံကြည်ဖို့ဆိုတာ... မင်းနဲ့ မင်းရဲ့ အထက်လူကြီးကြားက ဆက်ဆံရေးက တော်တော်လေး ထူးခြားမှာပဲနော်"

အိုင်ဗီက ခပ်တိုးတိုး ရယ်မောလိုက်ပြီး မြို့တော်ဝန်၏ မျက်လုံးများကို တည့်တည့်စိုက်ကြည့်လိုက်သည်။

"အကယ်၍ ဆရာက ကျွန်မကို ပြန်ပေးဆွဲပြီး ကျွန်မရဲ့ အထက်လူကြီးဆီကနေ အစားအသောက်တွေနဲ့ ပြန်လဲဖို့ ကြံစည်နေတာဆိုရင်တော့... ဆရာ စိတ်ပျက်ရမှာ အသေအချာပါပဲ"

မြို့တော်ဝန် ဒန်နီရယ်၏ မျက်နှာမှ အပြုံးများ ပျောက်ကွယ်သွားသည်။ သူ့ရင်ခုန်သံ မြန်သွားသော်လည်း တည်ငြိမ်သော မျက်နှာထားကြောင့် ဘာအရိပ်အယောင်မှ မထွက်ပေ။

"မင်း အများကြီး တွေးနေပြီ ထင်တယ် အိုင်ဗီလေး။ တို့တွေက ယဉ်ကျေးတဲ့ ကမ္ဘာမှာ နေထိုင်နေကြတာလေ"

"မဟုတ်ဘူး... တို့တွေ အဲ့ဒီကမ္ဘာမှာ မရှိတော့ဘူး" အိုင်ဗီက ပြုံးစစဖြင့် တုံ့ပြန်လိုက်သည်။

"မြို့တော်ဝန် ဒန်နီရယ်၊ ကျွန်မ ရှင့်ကို နားလည်ပါတယ်။ ရှင်က တစ်ခုခုကို အလကားရနိုင်မယ်ဆိုရင် ဘယ်တော့မှ အဖိုးအခ ပေးမှာ မဟုတ်ဘူး။ အထူးသဖြင့် မြို့ပြပြန်လည် တည်ဆောက်ရေး အစီအစဉ်တွေ လာရင် အဆပေါင်း ရာနဲ့ချီ မြတ်မယ်ဆိုတဲ့ စိတ်ကူးနဲ့ ဝယ်ထားတဲ့ ဒီမြေကွက်ကြီးကိုပေါ့"

မြို့တော်ဝန် ဒန်နီရယ်၏ မျက်နှာထားမှာ ခက်ထန်သွားပြီး သူ့ရှေ့မှ အမျိုးသမီးငယ်လေးကို အသစ်တစ်ဖန် ပြန်လည် အကဲဖြတ်မိသည်။ သူမက ထက်မြက်တယ် ပါးနပ်တယ်... ပြီးတော့ သူတပါး၏ စိတ်ကို ဖတ်နိုင်စွမ်း ရှိပုံရသည်။

မဟုတ်လျှင် သူ၏ နောက်ထပ်ခြေလှမ်းကို သူမ ဘယ်လို သိနိုင်မှာလဲ

"အထဲမှာရှိတဲ့ ရှင့်ရဲ့ သက်တော်စောင့်တွေက ရှင့်ရဲ့ အချက်ပေးမှုကို စောင့်နေကြတယ်ဆိုတာ ကျွန်မ သိပါတယ်။ အချက်ပေးလိုက်တာနဲ့ သူတို့ ကျွန်မကို တိုက်ခိုက်တော့မယ်ဆိုတာလည်း သိတယ်။ ဒါပေမဲ့ ရှင်မသိတာက..." အိုင်ဗီက ပြုံးလိုက်ပြီး။

"ကျွန်မ သူတို့အားလုံးကို ကိုင်တွယ်နိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် အဓိပ္ပာယ်မရှိတဲ့ ရန်ငြိုးတွေအတွက် အချိန်မဖြုန်းကြရအောင်။ ဈေးနှုန်းတစ်ခုကိုသာ ပွင့်ပွင့်လင်းလင်း ပြောလိုက်တာက ပိုကောင်းပါလိမ့်မယ်"

မြို့တော်ဝန် ဒန်နီရယ် တစ်ကိုယ်လုံး အေးစက်သွားသည်။ သူ ဝန်မခံချင်သော်လည်း အိုင်ဗီ၏ လက်ရှိ အကြည့်များက သူ့ကို ကြောက်လန့်စေသည်။

ပတ်ဝန်းကျင်၏ ဖိအားနှင့် တင်းမာမှုများမှာ အသက်ရှူကျပ်မတတ် ဖြစ်နေစဉ် အိုင်ဗီ၏ မျက်နှာတွင် အပြုံးတစ်ခု ပွင့်လန်းလာသည်။

"ကဲ... မြို့တော်ဝန် ဒန်နီရယ်၊ ကျွန်မတို့ စကြမလား"

မြို့တော်ဝန်၏ ခေါင်းထဲမှ အတွေးများအားလုံး လွင့်စင်သွားပြီး သူက တည်တည်ငြိမ်ငြိမ်ဖြင့်။

"မင်းသိတဲ့အတိုင်းပဲ၊ ဒီမြေကွက်က ၂၅ စတုရန်းကီလိုမီတာလောက် ရှိတယ်။ စီးပွားရေးလုပ်ဖို့အတွက် အကောင်းဆုံး တည်နေရာတွေထဲက တစ်ခုပဲ"

"ဒါဆို ဈေးနှုန်းက ဘယ်လောက်လဲ"

အိုင်ဗီက စကားကို လှည့်ပတ်မနေတော့ဘဲ တည့်တည့်မေးလိုက်သည်။

မြို့တော်ဝန် ဒန်နီရယ်ကဲ့သို့ လောဘကြီးသော သူများနှင့် ဆက်ဆံရာတွင် ပွင့်လင်းပြတ်သားရန် လိုအပ်ကြောင်း သူမ သိသည်။ မဟုတ်လျှင် သူသည် အချက်အလက် အမျိုးမျိုးကို အသုံးချကာ နောက်ဆုံးတွင် အသုံးမကျသော အရာကို ဒေါ်လာ ၄ သန်းဖြင့် ရောင်းချသွားလိမ့်မည်။

"မြေ ၁ စတုရန်းကီလိုမီတာကို ဆန် ကီလိုဂရမ် ၁၀၀,၀၀၀နဲ့ ရောင်းမယ်" ဟု မြို့တော်ဝန် ဒန်နီရယ်က ကြေညာလိုက်သည်။ သူ စိတ်ထဲတွင်တော့ အရှုံးပေးသလို ခံစားနေရသည်။ ဒီဟာမလေးကို လှည့်စားရန်မှာ အလွန်ခက်ခဲလွန်းလှသဖြင့် ဈေးကို ခပ်မြင့်မြင့် ခေါ်ထားလိုက်ကာ အခြေအနေကို စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

"မြေ ၁ စတုရန်းကီလိုမီတာကို ဆန် ကီလိုဂရမ် ၁၀,၀၀၀ ပေးမယ်။ ပြီးတော့ ၁ စတုရန်းကီလိုမီတာအတွက် ငါး ၅ ကောင်စီ အပိုပေးမယ်" ဟု အိုင်ဗီက ဈေးဆစ်လိုက်သည်။ မြို့တော်ဝန် ဒန်နီရယ်၏ မျက်နှာ တဖြည်းဖြည်း ညှိုးနွမ်းသွားသည်ကို သူမ စိတ်ဝင်တစား ကြည့်နေလိုက်သည်။

အိုင်ဗီ၏ ကမ်းလှမ်းမှုကို ကြားသောအခါ မြို့တော်ဝန်၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းလာသည်။ သူက စားပွဲကို အသာအယာ ရိုက်လိုက်ပြီး ရှေ့သို့ ကိုင်းလိုက်ကာ

"မစ္စအိုင်ဗီ၊ မင်း ငါ့ကို ငတုံးလို့ ထင်နေတာလား။ မြေတစ်စတုရန်းကီလိုမီတာကို ဆန်တစ်သောင်း ကီလိုဂရမ်ပဲလား ဒါက ဓားပြတိုက်တာပဲ"

အိုင်ဗီက တုန်လှုပ်ခြင်း မရှိပေ။ သူမသည် လက်ကို ပေါင်ပေါ်တွင် အေးအေးဆေးဆေး တင်ထားပြီး ခေါင်းကို အနည်းငယ်စောင်း၍။

"ဓားပြတိုက်တာ ဟုတ်လား မဟုတ်ပါဘူး မြို့တော်ဝန်၊ ဒါကို လက်တွေ့ကျခြင်းလို့ ခေါ်ပါတယ်။ ဒီမြေကို မကာကွယ်နိုင်ဘူး အသုံးမချနိုင်ဘူးဆိုရင် ဒါက ဘာမှတန်ဖိုးမရှိဘူးဆိုတာ ရှင် အသိဆုံးပါ။ အခုချိန်မှာ ရှင့်ရဲ့မြေက ဒီအတိုင်း ဟာလာဟင်းလင်း ဖြစ်နေတာ။ ကမ္ဘာပျက်ကပ်ကြီးထဲမှာ မြေက လူတွေကို ဗိုက်မဝစေဘူး။ ဆန်ကမှ ဗိုက်ဝစေတာ"

သူမ၏ စကားများကြောင့် မြို့တော်ဝန်၏ မေးရိုးများ တင်းသွားသည်။ သူ ပြန်ပြောရန် ကြိုးစားသော်လည်း အိုင်ဗီက အလျင်ဦးအောင် ဆက်ပြောလိုက်သည်။

"သေချာစဉ်းစားကြည့်ပါ။ ၁ စတုရန်းကီလိုမီတာ မြေကို ဆန် ကီလို တစ်သိန်း ဆိုတာ မဖြစ်နိုင်ဘူး။ တစ်ယောက်ယောက်မှာ ဆန် အဲ့လောက်အထိ ရှိနေရင်တောင် သူတို့က လူတွေကို ကျွေးမွေးပြီး သစ္စာစောင့်သိမှု ရအောင် လုပ်မှာပဲ။ မြေကြီးနဲ့ ကျိုးပဲ့နေတဲ့ ကွန်ကရစ်တွေအတွက် အဲ့ဒီဆန်တွေကို အလဟဿ အကုန်ခံမှာ မဟုတ်ဘူး။ ရှင်က ဘယ်သူမှ မပေးနိုင်တဲ့ ဈေးနှုန်းကို သတ်မှတ်နေတာ။ ဒါကြောင့် ရှင့်ရဲ့မြေက ရှင့်လက်ထဲမှာတင် ပုပ်သိုးသွားပြီး နောက်ဆုံး ရှင်ကိုယ်တိုင်ပဲ မျှော်လင့်ချက်မဲ့ သွားလိမ့်မယ်"

မြို့တော်ဝန်၏ မျက်လုံးများ တုန်လှုပ်သွားသည်။ အိုင်ဗီ၏ တည်ငြိမ်ပြီး ယုံကြည်ချက်ရှိသော အသံက သူ့အပေါ် ဖိအားတစ်ခုလို သက်ရောက်နေသည်။

သူမသည် ရှေ့သို့ အနည်းငယ် ကိုင်းလိုက်ရာ သူမ၏ ပန်းရောင်ဆံနွယ်များက ပါးပြင်ကို လာရောက်ထိတွေ့နေသည်။

"ဒါပေမဲ့ ကျွန်မ ရှင့်ကို အခွင့်အရေးတစ်ခု ပေးနေတာပါ။ ဆန် ကီလိုဂရမ် တစ်သောင်းဆိုတာ နည်းတဲ့ ပမာဏ မဟုတ်ဘူး။ ရှင် အချို့ကို သိမ်းထားနိုင်တယ်၊ အချို့ကို လဲလှယ်နိုင်တယ်၊ ပြီးတော့ ရှင့်ရဲ့ အာဏာကို ပြန်လည် တည်ဆောက်တဲ့နေရာမှာ အသုံးချနိုင်တယ်"

မြို့တော်ဝန် ဒန်နီရယ် မျက်မှောင်ကြုတ်လိုက်သော်လည်း စားပွဲအောက်ရှိ သူ့လက်များမှာ တုန်ယင်နေသည်။ သူမ ပြောတာ မှန်နေမှန်း သူ သိသည်။ သို့သော် သူက ထပ်မံ၍ ငြင်းချက်ထုတ်ရန် ကြိုးစားသေးသည်။

"ငါ သဘောတူရင်တောင် ဒါက ဒီမြေရဲ့ တန်ဖိုးအတွက် မလုံလောက်ဘူး။ ဒီနေရာက အချက်အချာကျတဲ့ နေရာပဲ။ ကမ္ဘာဟောင်းမှာဆိုရင် ဒါက ဘီလီယံနဲ့ချီ တန်တာ"

အိုင်ဗီ၏ အပြုံးက ပို၍ အေးစက်သွားသည်။

"မြို့တော်ဝန် ဒန်နီရယ်၊ ဒါက ကမ္ဘာဟောင်း မဟုတ်တော့ဘူး။ ငွေကြေးဆိုတာ ဒီမှာ အဓိပ္ပာယ်မရှိဘူး။ မြေဆိုတာလည်း မကာကွယ်နိုင်ရင် တန်ဖိုးမရှိဘူး။ အခုချိန်မှာ အစားအသောက်ကသာ တကယ့် ငွေကြေးအစစ်အမှန်ပဲ။ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ၊ ဒီည ရှင့်ရဲ့ ငတ်မွတ်မှုကို ဘယ်အရာက ကယ်တင်ပေးနိုင်မလဲ ဒေါ်လာ ဘီလီယံပေါင်းများစွာလား၊ ဒါမှမဟုတ် ဆန်တစ်လုံးကလား"

မြို့တော်ဝန် ပါးစပ်ဟလိုက်သော်လည်း ဘာစကားမှ ထွက်မလာတော့ပေ။

အိုင်ဗီက ရှေ့သို့ ကိုင်းလိုက်ပြီး သူမ၏ အသံမှာ တိုးသော်လည်း ပြတ်သားလှသည်။

"ဒီကမ်းလှမ်းမှုကို ယူလိုက်ပါ။ ၁ စတုရန်းကီလိုမီတာကို ဆန် ကီလိုတစ်သောင်းနဲ့ ငါး ငါးကောင်။ ရှင် လက်ခံရင် ရှင် ရှင်သန်နိုင်မယ်။ ရှင် ငြင်းမယ်ဆိုရင်တော့ ကျွန်မ ထွက်သွားမယ်။ ရှင် ငတ်လို့ သေသွားတဲ့အခါ ရှင့်ရဲ့ ဒီမြေကွက်ကြီးက ဘာမှတန်ဖိုးမရှိတော့ဘူး"

ယိုစိမ့်နေသော မျက်နှာကြက်မှ ရေစက်ကျသံလေးမှလွဲ၍ အခန်းထဲတွင် တိတ်ဆိတ်နေသည်။ မြို့တော်ဝန် ဒန်နီရယ်၏ မျက်နှာမှာ မာနနှင့် ကြောက်ရွံ့မှုတို့ကြားတွင် ဗျာများလျက် ပုံပျက်ပန်းပျက် ဖြစ်နေတော့သည်။

All Chapters