အခန်း (၇၆၃-၇၆၄)
Vol. 77 Ch. 763-764
အခန်း (၇၆၃) သားရဲနယ်မြေမှ တိုက်ပွဲ
အသက်လတ်ပိုင်း အမျိုးသား၏ အလောင်းမှာ မြေပြင်ပေါ်၌ အသက်မဲ့စွာ လဲလျောင်းနေပြီး လုံချန်းမှာမူ ထိုအလောင်းရှေ့၌ ခန့်ညားထည်ဝါစွာ မတ်တပ်ရပ်နေ၏။
သူသည် ရှေ့တည့်တည့်သို့ စိုက်ကြည့်ကာ ခက်ထန်သော လေသံဖြင့် ဆိုလိုက်သည်။ “မင်းတို့ဘာသာ အရိပ်ထဲကနေ ထွက်လာကြမလား... ဒါမှမဟုတ် ငါ့နောက်က လူလိုပဲ အရှာခံပြီး အချေမှုန်းခံချင်ကြလား”
ထိုစဉ် ဟင်းလင်းပြင်ထဲမှ ရုတ်တရက် ပေါ်ထွက်လာသကဲ့သို့ လူဆယ်ဦးသည် လုံချန်း၏ ရှေ့မှောက်၌ ပေါ်လာကြ၏။
“ပုန်းနေသေးတဲ့ နောက်ထပ် နှစ်ယောက်ကရော... ငါကပဲ အထူးဖိတ်ကြားစာ ပေးပို့ရဦးမှာလား” လုံချန်းသည် မတ်တပ်ရပ်လျက် ဘယ်ဘက်သို့ အသာဝဲကြည့်ကာ မေးလိုက်ရာ နောက်ထပ် လူနှစ်ဦးမှာလည်း ဟင်းလင်းပြင်ထဲမှ ပေါ်ထွက်လာပြန်သည်။
“မင်းတို့ ၁၂ ယောက်လုံး ဒီနေရာကနေ မထွက်ခဲ့ကြဘူး ထင်တယ်၊ အပြင်က သတင်းကို သိပုံမရဘူး။ ငါဟာ နဂါးစစ်သည်တော် အဖွဲ့ကပဲ။ အပြင်က မြို့တစ်ဝက်ကို ငါ ဖျက်ဆီးခဲ့ပြီးပြီ၊ မင်းတို့ရဲ့ ခေါင်းဆောင်ကိုလည်း ငါ သတ်ခဲ့ပြီးပြီ” လုံချန်းသည် သူ၏ နောက်က အလောင်းကို တစ်ချက်ကြည့်ကာ ကြေညာလိုက်၏။
“အခု မင်းတို့ ဆုံးဖြတ်ရမှာက တစ်ခုပဲ ရှိတယ်။ မင်းတို့အတွက် ရတနာတွေကို ကာကွယ်ဖို့က ပိုအရေးကြီးလား၊ ဒါမှမဟုတ် ကိုယ့်အသက်ကို ကာကွယ်ဖို့က ပိုအရေးကြီးလား” သူသည် လေးနက်သော အသံဖြင့် မေးမြန်းလိုက်သည်။
“ကိုယ့်အသက်ထက် သစ္စာတရားကို ပိုတန်ဖိုးထားတယ်ဆိုတဲ့လူ ရှိရင် ရှေ့ကို တက်ခဲ့ပြီး ငါ့ကို တိုက်ခိုက်ကြစမ်း။ မင်းတို့ ဆယ်လှမ်း မလှမ်းရခင်မှာတင် အသက်ပျောက်သွားစေရမယ်လို့ ငါ ကတိပေးတယ်။ တကယ်လို့ ကိုယ့်အသက်ကို ပိုတန်ဖိုးထားတယ်ဆိုရင်တော့ မနက်ဖြန် လေလံတင်မယ့် ရတနာတွေ သိမ်းထားတဲ့နေရာကို ငါ့ကို လမ်းပြကြ” သူ၏ အကြည့်သည် လူအပေါင်းကို တစ်ယောက်စီ ဝှေ့ကြည့်သွား၏။ “ငါ လိုချင်တာ ရတာနဲ့ ငါ ထွက်သွားမယ်။ မင်းတို့လည်း အသက်ချမ်းသာရမယ်၊ အသက်ပေါင်းများစွာလည်း ကယ်တင်ပြီးသား ဖြစ်လိမ့်မယ်”
အစောင့်တို့သည် အချင်းချင်း ကြည့်လိုက်ကြပြီးနောက် မလိုလားသော်လည်း ခေါင်းညိတ် သဘောတူလိုက်ကြရ၏။ သူတို့သည် လုံချန်းအား နောက်က လိုက်ခဲ့ရန် အချက်ပြပြီးနောက် ဖြည်းညင်းစွာ လျှောက်လှမ်းသွားကြတော့သည်။
လုံချန်းသည် သူတို့နောက်မှ အေးဆေးစွာ လိုက်ပါသွား၏။ ဤကမ္ဘာ၌ သူ့အတွက် အသုံးဝင်မည့် အရာတစ်ခုခု ရှိမရှိ သူ မသေချာသော်လည်း မျှော်လင့်ချက်ကိုတော့ မစွန့်လွှတ်သေးချေ။ ရှားပါးသော ကျင့်ကြံခြင်း အထောက်အကူများ သို့မဟုတ် သူ၏ စစ်ဝိညာဉ်ကို နိုးထစေနိုင်မည့် အရာတစ်ခုခု ရရှိခဲ့လျှင်ပင် သူ့အတွက် လုံလောက်ပေပြီ။ လက်နက်ဆိုလျှင်လည်း သူ့ထံ၌ မီးလျှံရေခဲဓားနှင့် အချိန်ဓား ကဲ့သို့သော အကောင်းဆုံး လက်နက်များ ရှိနေပြီးသား ဖြစ်သည်။ သူသည် လောက၌ တည်ရှိနေဆဲဖြစ်သော နတ်ဘုရားအဆင့် လက်နက် ငါးမျိုးအနက် တစ်ခုကို ဂုဏ်ယူစွာ ပိုင်ဆိုင်ထားသူ မဟုတ်ပါလား။
သူသည် ထိုသူများနောက်မှ လျှောက်လှမ်းနေစဉ် တစ်စုံတစ်ခုကို စဉ်းစားမိသွား၏။ သူသည် အချိန်ဓား၏ စွမ်းပကားကို ပြန်လည် ဆင်ခြင်နေခြင်း ဖြစ်သည်။ အကယ်၍ သူသာ အချိန်နောက်သို့ ပြန်သွားနိုင်လျှင် သူ ဤကမ္ဘာသို့ မကူးပြောင်းမီ အချိန်ဆီသို့ ပြန်သွားနိုင်မည်လား။ ကမ္ဘာမြေဆီသို့ သူ ပြန်သွားနိုင်မည်လား။
၎င်းမှာ ဖြစ်နိုင်ခြေ ရှိသော်လည်း ယခုအချိန်၌ သူ ပြန်မသွားချင်တော့ချေ။ သူ့အတွက် ဤဘဝမှာသာ အစစ်အမှန် ဖြစ်နေပေပြီ။ သူ၏ အရင်ဘဝဟောင်းမှာမူ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ အကယ်၍ သူ အချိန်နောက်ပြန် သွားခဲ့လျှင်ပင် ၂၄ နာရီသာ အချိန်ရမည် ဖြစ်ပြီး ထို့နောက်တွင်မူ သူ၏ တည်ရှိမှုတစ်ခုလုံး သမိုင်းစာမျက်နှာမှ ပျောက်ကွယ်သွားမည် မဟုတ်လော။ ထိုသို့ အဖြစ်ခံရန်မှာ လုံးဝ မထိုက်တန်ပေ။
‘ရွှင်း... ငါသာ အချိန်ဓားကို သုံးပြီး အချိန်နောက်ပြန် သွားခဲ့ရင် ငါ ပျောက်ကွယ်သွားတဲ့အခါ နင်နဲ့ ဒီလက်စွပ်က ဘာဖြစ်သွားမလဲ’ လုံချန်းက စပ်စုလိုစိတ်ဖြင့် မေးလိုက်၏။
“အဲဒီလို လုပ်ဖို့ကို စိတ်ကူးတောင် မယဉ်နဲ့။ အဲဒီ စွမ်းအားကို သုံးရမယ့် အချိန် ရောက်လာနိုင်ပေမဲ့ အခု နင့်လက်ထဲမှာ ရှိနေတုန်းတော့ မဟုတ်သေးဘူး။ နင့်မှာ ပျောက်ကွယ်မသွားခင် လုပ်ဆောင်ရမယ့် အရေးကြီးတဲ့ အရာတွေ အများကြီး ရှိသေးတယ်။ အရေးကြီးတဲ့ အသက်ပေါင်းများစွာက နင့်ရဲ့ ကြီးထွားလာမှုအပေါ်မှာ မှီခိုနေကြတာ” ရွှင်းက လုံချန်းအား ပြတ်သားစွာ သတိပေးလိုက်၏။
“အရေးကြီးတဲ့ အသက်တွေက ငါ့အပေါ်မှာ မှီခိုနေတယ် ဟုတ်လား။ ငါ့မိသားစုကို ပြောတာလား။ ဟုတ်ပါတယ်... သူတို့အတွက် ဘေးကင်းလုံခြုံတဲ့ နေရာတစ်ခု ငါ ရှာပေးရဦးမယ်။ မကြာခင်မှာ ငါ့ရဲ့ ကိုယ်ပိုင်အတွင်းကမ္ဘာကို ငါ ဖန်တီးနိုင်တော့မယ်။ အဲဒီကျရင် တစ်မြို့လုံးကို ငါ့ကမ္ဘာထဲ ရွှေ့ထားလိုက်မယ်။ သူတို့တွေ အဲဒီမှာ ပျော်ပျော်ရွှင်ရွှင် နေနိုင်ကြလိမ့်မယ်။ အဲဒါက ငါ သေသွားရင်တောင် ပျောက်ကွယ်မသွားမယ့် တကယ့် ကမ္ဘာအစစ် ဖြစ်လာမှာပါ” လုံချန်းက တိုးတိုးလေး ရေရွတ်လိုက်မိသည်။
ဝိညာဉ်ကမ္ဘာနှင့် အလွန်ဝေးကွာသော နေရာတစ်ခုရှိ မှောင်မည်းသော ဂူသင်္ချိုင်းတစ်ခုအတွင်း...။
လုံချန်း၏ ခန္ဓာကိုယ်မှာ ထိုဂူသင်္ချိုင်းအတွင်း မြေပြင်ပေါ်၌ လဲလျောင်းနေဆဲ ဖြစ်၏။ သူ၏ ဝိညာဉ်အသိမှာ ဝိညာဉ်ကမ္ဘာရှိ ခန္ဓာကိုယ်အသစ်အတွင်း ရောက်ရှိနေသော်လည်း သူ၏ ခန္ဓာကိုယ်အစစ်မှာမူ ဤနေရာ၌ပင် ရှိနေသေးသည်။
သူ၏ လက်၌မူ ထည်ဝါလှသော ရှေးဟောင်းလက်စွပ်ကြီး ရှိနေဆဲ ဖြစ်၏။ ထိုလက်စွပ်အတွင်း၌ နယ်မြေပေါင်းများစွာနှင့် လျှို့ဝှက်ချက်ပေါင်းများစွာ ရှိပေသည်။ ထိုနယ်မြေများအနက် တစ်ခုမှာ သားရဲနယ်မြေပင် ဖြစ်ပြီး ထိုနေရာ၌ သူ၏ သားရဲများသည် ရှားပါးဆေးဖက်ဝင် အပင်များကို စားသုံးရင်း တစ်နေ့ထက်တစ်နေ့ အစွမ်းထက်လာကြသည်။
ယခုအချိန်၌ နှင်းခဲလေးမှာ တစ်စုံတစ်ခုကို စိတ်လှုပ်ရှားစွာ ကြည့်ရှုနေ၏။ နှလုံးစားပိုးကောင်ကလည်း နှင်းခဲလေး ကြည့်နေသည့် ဘက်သို့ လှမ်းကြည့်လိုက်သည်။ အခြားသော သားရဲများကလည်း စိတ်ဝင်စားဖွယ်ရာ အဖြစ်အပျက်တစ်ခုကို ဝိုင်းဝန်း ကြည့်ရှုနေကြ၏။
၎င်းမှာ မုဆိုးကြယ်နှင့် မြွေဘုရင်တို့ တိုက်ခိုက်တော့မည့် မြင်ကွင်းပင် ဖြစ်သည်။ အချင်းချင်း အရည်အချင်း စမ်းသပ်သည့် လေ့ကျင့်မှုမျှသာ ဖြစ်သော်လည်း သားရဲနယ်မြေထဲတွင် အောင်းနေရသည်မှာ ကြာပြီဖြစ်သော သူတို့အတွက်တော့ ဤသည်မှာ တကယ့်ကို ဖျော်ဖြေမှု တစ်ခုပင်။
မြွေဘုရင်၏ အကြံပြုချက်အရ သားရဲများသည် ပြိုင်ပွဲငယ်လေးတစ်ခု ပြုလုပ်ခဲ့ကြ၏။ အကြိုဗိုလ်လုပွဲများတွင် မုဆိုးကြယ်နှင့် မြွေဘုရင်တို့က အသီးသီး အနိုင်ရခဲ့ကြပြီး ယခုအခါ လုံချန်း၏ အစွမ်းအထက်ဆုံး သားရဲနှစ်ကောင် ဗိုလ်လုပွဲတွင် ရင်ဆိုင်ကြရတော့မည် ဖြစ်သည်။
နှင်းခဲလေးမှအပ ကျန်သော သားရဲအားလုံး ပါဝင်ယှဉ်ပြိုင်ခဲ့ကြ၏။ မြွေဘုရင်ကမူ နှင်းခဲလေးမှာ မိန်းကလေးဖြစ်သည်ဟု အကြောင်းပြကာ သူမအား ပြိုင်ပွဲဝင်ခွင့် ပိတ်ပင်ခဲ့သည်။ အမှန်စင်စစ်မှာမူ သူမ၏ အရှိန်အဝါကြောင့် သူ၏ သွေးမျိုးဆက်မှာ ကြောက်လန့်နေရသဖြင့် သူမနှင့် မရင်ဆိုင်ချင်၍ အကြောင်းပြခြင်းသာ ဖြစ်ပေသည်။
သူသည် အခြားသားရဲများရှေ့၌ သူ၏ ဘုန်းတန်ခိုးအား ပြသချင်သဖြင့် ဤပြိုင်ပွဲကို ပြုလုပ်ခြင်းဖြစ်ရာ နှင်းခဲလေးကို ရှုံးနိမ့်ပြီး အရှက်ကွဲမည်အား မလိုလားပေ။
“လာစမ်းပါ ခွေးကလေးရ။ ဒီဖေဖေကြီးက မင်းကို အရင်တိုက်ခိုက်ဖို့ အခွင့်အရေး ပေးပါတယ်။ ဘာလို့ ကြောက်နေတာလဲ။ ဒီဘုရင်ကြီးဟာ နတ်ဘုရားဘုံမှာတုန်းက မသေနိုင်တဲ့ နတ်ဘုရားပေါင်း ထောင်သောင်းချီ သတ်ခဲ့တာ မှန်ပေမဲ့ မင်းကိုတော့ ညှာတာ ပေးပါ့မယ်။ မပူပါနဲ့... မင်းရဲ့ ဖေဖေကြီးကို တိုက်ခိုက်စမ်းပါ၊ ဒါမှ မင်းကို မြန်မြန် အနိုင်ယူပြီး သားရဲဘုရင်လို့ ဘွဲ့ခံယူလို့ ရမှာ” မြွေဘုရင်က လှောင်ပြောင်သော လေသံဖြင့် ဆိုလိုက်၏။
“နှင်းခဲလေး... ဒီဘုရင်ကြီးရဲ့ တိုက်ခိုက်ပုံ အစွမ်းအစတွေကို သေသေချာချာ ကြည့်ထားလိုက်စမ်းပါ” သူက နှင်းခဲလေးအား ပြောဆိုပြီးနောက် တဟားဟား ရယ်မောလေသည်။
မုဆိုးကြယ်ကမူ မြွေဘုရင်၏ ထူးဆန်းသော အမူအရာကို နားမလည်နိုင်သကဲ့သို့ ကြည့်နေရှာ၏။ သူသည် ခေါင်းခါယမ်းလိုက်ပြီးနောက် အရိပ်အဖြစ်သို့ ပြောင်းလဲကာ မြွေဘုရင်ထံသို့ ပြေးဝင် တိုက်ခိုက်လိုက်လေတော့သည်။
လက်စွပ်အတွင်းရှိ သားရဲနယ်မြေ၌ သားရဲဘုရင် ဘွဲ့အတွက် တိုက်ပွဲဖြစ်နေစဉ်မှာပင် အခြားသော လက်စွပ်တစ်ကွင်းအတွင်း၌လည်း အဖြစ်အပျက်များ ရှိနေပေသည်။
လုံချန်း၏ ကမ္ဘာတုလက်စွပ် အတွင်း၌ ကမ္ဘာတစ်ခု ရှိပေသည်။ ၎င်းကို ကမ္ဘာတုဟု ခေါ်ဆိုသော်လည်း ကမ္ဘာအစစ်နှင့် မခြားလှပေ။ ကွာခြားချက်မှာ လုံချန်း၏ လက်စွပ်အတွင်း၌ တည်ရှိနေခြင်းသာ ဖြစ်၏။
တစ်ချိန်က လုံရန်နှင့် အခြားသူများ ဆောက်လုပ်ခဲ့သော အိမ်ငယ်လေးမျှသာ ရှိသည့် လွင်တီးခေါင်နေရာမှာ ယခုအခါ မြို့ငယ်လေး တစ်မြို့သဖွယ် ဖြစ်နေချေပြီ။ ဝိညာဉ်နတ်မိမယ်လေးများကလည်း ထိုနေရာကို သူတို့၏ အိမ်အဖြစ် ဖန်တီးထားကြ၏။ ယခုအခါ မည်သည့်အရာမျှ မလိုအပ်တော့ဘဲ လူသူစည်ကားနေသဖြင့် အထီးကျန်ခြင်း ဒဏ်ကိုလည်း ခံစားရပုံ မပေါ်တော့ချေ။
ထိုကမ္ဘာတုအတွင်း တည်ဆောက်ထားသော လုံမျိုးနွယ်စု စံအိမ်ကြီးအတွင်း၌ ရွှယ်၊ မေ၊ မင်ယု၊ ကျီချင်းနှင့် အခြားသူများမှာ အခန်းတစ်ခန်းအတွင်း ထိုင်နေကြ၏။
“အချိန်တွေ အများကြီး ကုန်သွားပြီ၊ ဒါပေမဲ့ သူ ငါတို့ကို အပြင်ကို မခေါ်သေးဘူး။ သူ နေကောင်းရဲ့လား။ နင် ပြောတုန်းကတော့ သူ တစ်စုံတစ်ခုနဲ့ ပဋိပက္ခ ဖြစ်နေပုံရလို့ ငါတို့ကို ဒီကို ပို့လိုက်တာဆို။ ဘယ်သူ့ကိုမှလည်း ပြန်မခေါ်သေးဘူး... ငါ တကယ် စိုးရိမ်မိတယ်” မင်ယုက လုံချန်းအတွက် စိုးရိမ်တကြီး ပြောလိုက်၏။
“ငါတို့ ဒီမှာ ထိုင်ပြီး သူ ဘာဖြစ်မလဲဆိုတာကိုပဲ စောင့်နေလို့ မဖြစ်ဘူး။ ငါတို့ တစ်ခုခု လုပ်ရမယ်” လုံချန်း၏ ဖခင် လုံကျွင်းက လေးနက်စွာ ဆိုကာ မတ်တပ် ရပ်လိုက်လေသည်။
အခန်း (၇၆၄) ပုပ်သိုးနေသော ပန်းသီး
“ငါတို့ ဘာများ လုပ်နိုင်မှာမို့လို့လဲ” လုံရန်က သူ၏ သားဖြစ်သူကို မေးလိုက်၏။ သူတို့အနေဖြင့် မည်သည်များ လုပ်ဆောင်နိုင်မည်နည်း။ ဤနေရာမှနေ၍ လုံချန်းကို ဆက်သွယ်ရန်မှာ မဖြစ်နိုင်ပေ။ ဤနေရာမှ ထွက်ခွာရန်အတွက် အင်အား လိုအပ်သော်လည်း သူတို့မှာ ထိုမျှ အင်အားမရှိကြချေ။
စောင့်ဆိုင်းနေခြင်းမှတစ်ပါး အခြားသော နည်းလမ်းရှိမည်ဟု သူ မထင်မိချေ။
“ကျွန်တော်တို့ လုပ်နိုင်တာ တစ်ခုရှိပါတယ်။ အဲဒါကတော့ အရေးပေါ် ထွက်ပေါက်ကို ရှာဖို့ပါပဲ။ ဒီလို ထူးခြားတဲ့ နေရာတိုင်းမှာ တကယ့်ကမ္ဘာအစစ်ကို သွားနိုင်တဲ့ အရေးပေါ် ထွက်ပေါက်တစ်ပေါက် ရှိတတ်တယ်လို့ ကျွန်တော် အရင်က ပြောဖူးတယ် မဟုတ်လား။ အခု ကျွန်တော်တို့လုပ်ရမှာက အဲဒါကို ရှာဖို့ပဲ” လုံကျွင်းက ဆုံးဖြတ်ချက် ခိုင်မာသော မျက်ဝန်းတို့ဖြင့် အားလုံးကို ပြောလိုက်၏။
“ဘယ်လိုလုပ်ပြီး ရှာမှာလဲ။ ဒါက ဖြစ်နိုင်ပါ့မလား။ ဒီကမ္ဘာဟာ တကယ့်ကမ္ဘာကြီးလိုပဲ ကျယ်ပြောလှတာ။ ပင်လယ်တွေ၊ မြစ်တွေ၊ တောတောင်တွေ အကုန်ရှိတယ်။ ငါတို့ကလွဲလို့ တခြား သက်ရှိတွေ မရှိဘူး ဆိုပေမဲ့လည်း ဒီလောက် ကျယ်ပြောလှတဲ့ ကမ္ဘာကြီးထဲမှာ ထွက်ပေါက်တစ်ပေါက်တည်းကို ရှာဖို့ဆိုတာ တကယ်ပဲ ဖြစ်နိုင်ပါ့မလား” လုံရန်က စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
“ကျွန်တော်တို့ ရှာတွေ့နိုင်မလားဆိုတာ ကျွန်တော်မသိဘူး။ ဒါဟာ ဖြစ်နိုင်မလားဆိုတာလည်း ကျွန်တော် မသိဘူး။ ဒါပေမဲ့ ကျွန်တော် သိတာ တစ်ခုပဲ ရှိတယ်။ ကျွန်တော်တို့ ဒါကို ရှာကိုရှာရမယ်။ သူ့အတွက် ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ ဒါကို လုပ်ရမယ်။ သူ့အသက် အန္တရာယ် ရှိနေနိုင်တယ်။ ကျွန်တော်တို့ ဒီမှာ လက်ပိုက်ကြည့်ပြီး မကောင်းတာတွေ ဖြစ်လာမှာကို ထိုင်စောင့်နေလို့ မဖြစ်ဘူး။ သူ အန္တရာယ်ကင်းနေရင်တောင်မှ နောင်တစ်ချိန် အရေးပေါ်ကိစ္စတွေ ရှိလာရင် အသုံးချနိုင်အောင် ဒီထွက်ပေါက်ကို ကျွန်တော်တို့ ရှာထားရမယ်” လုံကျွင်းက ဆို၏။
“ကျွန်မ သဘောတူပါတယ်” မင်ယုက မတ်တပ်ရပ်လျက် ထောက်ခံလိုက်၏။
“ကျွန်မလည်း သဘောတူပါတယ်။ အပြင်မှာ အခြေအနေတွေ ကောင်းရဲ့လားဆိုတာ သိရအောင်၊ ပြီးတော့ သူ့ကို ကူညီနိုင်အောင် နည်းလမ်းရှာရမှာပေါ့” ကျီချင်းကလည်း ခိုင်မာစွာ ဆိုလေသည်။
“ကျွန်မ... ကျွန်မတို့လည်း ကူညီချင်ပါတယ်” ရွှယ်နှင့် မေတို့ကလည်း တညီတညွတ်တည်း ဆိုကြ၏။
တစ်ယောက်ပြီး တစ်ယောက် သူတို့၏ ဆန္ဒများကို ထုတ်ဖော်ကြရာမှ နောက်ဆုံးတွင် အားလုံး ပါဝင်လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်ကြတော့သည်။ သူတို့သည် နယ်မြေအနှံ့ အပြားသို့ ခွဲထွက်ကာ ထွက်ပေါက်ကို ရှာဖွေကြမည်ဖြစ်ပြီး တစ်စုံတစ်ယောက်က ရှာတွေ့ခဲ့လျှင် အခြားသူများကို အသိပေးရန် သဘောတူလိုက်ကြ၏။
လုံမျိုးနွယ်စုဝင်များနှင့် လုံချန်း၏ အမျိုးသမီးများသာမက ဝိညာဉ်နတ်မိမယ်လေးများပါ ဤအစီအစဉ်တွင် ပါဝင်ကူညီရန် သဘောတူလိုက်ကြလေသည်။
သားရဲနယ်မြေအတွင်း၌မူ မုဆိုးကြယ်နှင့် မြွေဘုရင်တို့၏ တိုက်ပွဲမှာ အရှိန်တက်နေပြီ ဖြစ်သည်။
မြွေဘုရင်သည် မုဆိုးကြယ်အား အချိန်ပိုင်းအတွင်း ရပ်တန့်နိုင်သည့် သူ၏ စွမ်းအားကို အသုံးပြုနိုင်သော်လည်း မုဆိုးကြယ်ကမူ သူ့အား အခွင့်အရေး မပေးချေ။ မုဆိုးကြယ်သည် အလွန်အမင်း မြန်ဆန်လှသဖြင့် မြွေဘုရင်မှာ သူ၏ စွမ်းအားကို အသုံးချနိုင်ရန်အတွက် မုဆိုးကြယ်အား မျက်ခြေမပြတ် ကြည့်ရှုနိုင်ဖို့ပင် ခဲယဉ်းနေရှာ၏။
“ဟင်း... မင်းရဲ့ စွမ်းရည်တွေက မဆိုးပါဘူး ခွေးကလေးရ။ ဒီနေရာက ဆေးပင်တွေက မင်းကို အများကြီး ကြီးထွားစေခဲ့တာပဲ။ ဒါပေမဲ့ မင်းရဲ့ ဖေဖေကြီးကို နိုင်ဖို့တော့ အင်အား မလုံလောက်သေးဘူးကွ” မြွေဘုရင်သည် လှောင်ပြောင်လျက် သူ ပိုမိုမြန်ဆန်စွာ လှုပ်ရှားနိုင်ရန်အတွက် သူ၏ ခန္ဓာကိုယ်ကို သေးငယ်အောင် ပြုလုပ်လိုက်၏။ သို့သော် ထိုစဉ်မှာပင် မုဆိုးကြယ်၏ ပါးစပ်အတွင်းမှ အရိပ်လုံးတစ်ခု ထွက်ပေါ်လာပြီး မြွေဘုရင်ထံသို့ ပြေးဝင်လာတော့သည်။
မြွေဘုရင်မှာ ရှောင်တိမ်းရန် အချိန်မရမီမှာပင် ထိုအရိပ်လုံး၏ ထိမှန်ခြင်းကို ခံလိုက်ရ၏။ သူသည် ခန္ဓာကိုယ်ကို သေးငယ်အောင် ပြုလုပ်ထားသဖြင့် ထိုတိုက်ခိုက်မှုမှာ ပို၍ ထိရောက်သွားပြီး နောက်သို့ လွင့်ထွက်ကာ သစ်ပင်တစ်ပင်နှင့် သွားရောက် ရိုက်မိတော့သည်။
“နာလိုက်တာ...” မြွေဘုရင်က ရေရွတ်ရင်း ပြန်လည် ပျံသန်းလိုက်၏။ သူ၏ အရေပြားမှာ ကာကွယ်ရေး အစွမ်းရှိသဖြင့် အရှိန်အဟုန်အများစုအား တားဆီးပေးလိုက်သော်လည်း နာကျင်မှုကိုမူ ခံစားလိုက်ရပေသည်။
သားရဲနယ်မြေ၌ တိုက်ပွဲ အရှိန်တက်နေစဉ် လုံချန်းမှာမူ လေလံရုံအတွင်းရှိ အခန်းတစ်ခန်းအတွင်းသို့ ခေါ်ဆောင်ခြင်း ခံလိုက်ရ၏။
ထိုနေရာ၌ အစောင့်များစွာ ရှိနေသော်လည်း လုံချန်းအား ခေါ်ဆောင်လာသော အစောင့် ၁၂ ဦးက အခြေအနေကို ရှင်းပြလိုက်၏။ အခန်းတံခါးမှာ ပွင့်သွားတော့သည်။
“ရတနာအားလုံး အထဲမှာ ရှိပါတယ်။ မင်း အထဲဝင်ပြီး လိုချင်တာကို ကြည့်နိုင်တယ်” အစောင့်တို့က လုံချန်းအား လမ်းဖယ်ပေးလျက် ဆိုကြ၏။
လုံချန်းသည် သူ၏ မျက်နှာထက်တွင် မဲ့ပြုံးတစ်ခုဖြင့် အခန်းအတွင်းသို့ လှမ်းဝင်လိုက်သည်။ သူသည် အပြင်ဘက်၌ ရပ်နေသော အစောင့်များကို ဂရုမစိုက်ဟန်ဖြင့် ရတနာများရှိရာသို့ တည့်တည့် လျှောက်သွား၏။ ထိုအစောင့်တို့ မည်သို့ လုပ်ကြမည်ကို သူ ကြိုတင် သိရှိပြီးသား ဖြစ်သော်လည်း သူတို့၏ တုံ့ပြန်မှုအား သိချင်သဖြင့် စောင့်ကြည့်နေခြင်း ဖြစ်ပေသည်။
လုံချန်း အခန်းထဲသို့ ရောက်သည်နှင့် တံခါးပိတ်သံကြီးကို ကြားလိုက်ရ၏။
“ဒီရတနာတွေနဲ့အတူ ဒီထဲမှာပဲ နေပြီး ငါတို့ လူကြီးတွေ လာတဲ့အထိ စောင့်နေလိုက်စမ်း။ တံခါးပြန်ပွင့်တဲ့ အချိန်ဟာ မင်း သေရမယ့် အချိန်ပဲ” အစောင့်တို့က လုံချန်းအား ရတနာခန်းအတွင်း ပိတ်လှောင်နိုင်ခဲ့ပြီဟု ထင်မှတ်ကာ အပြင်ဘက်မှ လှောင်ပြောင် ရယ်မောလိုက်ကြလေသည်။
“အယုတ်တမာတွေ... ငါ ထင်တဲ့အတိုင်းပါပဲလား။ ဘာပဲဖြစ်ဖြစ်လေ၊ တံခါး ပြန်ပွင့်လာတဲ့အခါ သူတို့ရဲ့ မျက်နှာတွေကို မြင်ရတာ တန်ဖိုးရှိမှာပါ” လုံချန်းသည် တံခါးဘက်သို့ ကြည့်ကာ ရေရွတ်လိုက်၏။
တစ်စက္ကန့်မျှပင် မကြာမီမှာပင် သူသည် ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။
ရတနာခန်းမကြီးမှာ ခေတ္တမျှ ပြန်လည် တိတ်ဆိတ်သွားပြီးနောက် မိနစ်အနည်းငယ် အကြာတွင် တံခါးကြီး ပွင့်သွားတော့၏။ လုံချန်းသည် အရှေ့တံခါးမှတစ်ဆင့် ရတနာခန်းအတွင်းသို့ အေးဆေးစွာ လှမ်းဝင်လာခဲ့သည်။ သူ၏ လက်ထဲတွင်မူ သွေးစွန်းနေသော မီးလျှံရေခဲဓား ရှိနေသည်။
ဓားဖျားမှ သွေးစက်တို့သည် တတောက်တောက် ကျဆင်းနေသော်လည်း လုံချန်း၏ မျက်နှာမှာမူ မည်သည်မျှ မဖြစ်သကဲ့သို့ တည်ငြိမ်နေပေသည်။ သူသည် ဓားကို သုတ်ကာ ဓားအိမ်အတွင်းသို့ ပြန်ထည့်လိုက်ပြီးနောက် လေလံတင်မည့် ရတနာများကို စတင် ကြည့်ရှုတော့၏။
“ဟင်း... တစ်ယောက်ယောက်ကိုတော့ အသက်ချမ်းသာပေးပြီး ဒါတွေက ဘာတွေလဲဆိုတာ မေးခဲ့သင့်တာ” သူသည် ထိုပစ္စည်းအများစုကို မမှတ်မိသဖြင့် ရေရွတ်လိုက်မိသည်။
“ဒါ... ဒါက ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေတာလဲ” ရွှင်းသည် လုံချန်း၏ ဘေး၌ ရုတ်တရက် ပေါ်လာပြီး အံ့ဩတုန်လှုပ်စွာ အော်ဟစ်လိုက်၏။
“ဘာရှိနေလို့လဲ။ နိယာမ ရတနာလုံးများ ရှိနေလို့လား” လုံချန်းက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
“နိယာမ ရတနာလုံး မဟုတ်ဘူး၊ ဒါပေမဲ့ တကယ့်ကို ကောင်းတဲ့အရာပဲ။ ဟိုမှာရှိတဲ့ ပုပ်နေတဲ့ ပန်းသီးကို မြင်လား” ရွှင်းက မေးလိုက်၏။
“အေး... မြင်တယ်။ ဒါက ဒီမှာ ဘာလုပ်နေတာလဲလို့ ငါ စဉ်းစားနေတာ။ ဒီအရာက ထူးခြားလို့လား” လုံချန်းသည် လုံးဝ ပုပ်သိုးနေသည်ဟု ထင်ရသော ပန်းသီးကို ကောက်ယူရင်း မေးလိုက်၏။
“ဟုတ်တယ်... ဒါဟာ ရှားပါးလှတဲ့ ကျင့်ကြံခြင်း အဆင့်တက်စေတဲ့ အသီးဖြစ်တဲ့ ချီစွမ်းအင် မြှင့်တင်သီးပဲ။ ဒါကို စားလိုက်ရင် နင့်ရဲ့ ကျင့်ကြံဆင့်ကို တက်လှမ်းဖို့ ကူညီပေးမယ့် ချီစွမ်းအင်တွေ ရရှိလိမ့်မယ်။ ယူထားလိုက်စမ်းပါ။ နင် ဘေးကင်းတဲ့နေရာ ရောက်မှ လမ်းမှာ စားလိုက်ပေါ့။ ဒီထဲမှာရှိတဲ့ စွမ်းအင်ဟာ နင့်ကို အဓိက အဆင့်ကြီး တစ်ဆင့်ကျော်အထိ တက်လှမ်းစေနိုင်တယ်။ ဒါကို စားပြီးရင် နင်ဟာ ကောင်းကင်အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်လာလိမ့်မယ်” ရွှင်းက လုံချန်းအား ပြောပြလိုက်၏။
“ဘာပြောတယ်။ ဒါက ငါ့ကို အပြင်ကမ္ဘာမှာ ရှိခဲ့တဲ့ အဆင့်အထိ ရောက်အောင် ပို့ပေးနိုင်တာလား။ ဒီလောက်အထိ ရှားပါးတာဆိုရင် ငါ ဒါကို သိမ်းထားပြီး တကယ့်ကမ္ဘာအစစ်ကို ပြန်ရောက်မှ သုံးမယ်” လုံချန်းသည် ထိုပုပ်စုတ်စုတ် ပန်းသီးကို ရတနာတစ်ခုသဖွယ် ကြည့်ရင်း စိတ်လှုပ်ရှားစွာ ဆိုလိုက်သည်။
“ဒါပေမဲ့ ဒါက ပုပ်နေသလိုပဲနော်။ အာနိသင် ရှိပါ့မလား” လုံချန်းက ပန်းသီး၏ အခြေအနေကို ကြည့်ကာ သံသယဖြင့် မေးလိုက်၏။
“ဒါက ပုပ်နေတာ မဟုတ်ဘူး၊ သူ့ရဲ့ ပုံစံကိုက ဒီလို ရှိရမှာ။ မစိုးရိမ်ပါနဲ့... ဒါကို စားသုံးဖို့ လုံးဝ ဘေးကင်းသလို သူ့ရဲ့ စွမ်းဆောင်ရည်ကလည်း တကယ့်ကို ကောင်းမွန်မှာပါ” ရွှင်းက ရှင်းပြလိုက်သည်။
လုံချန်း၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာ၏။ သူသည် အပြင်ကမ္ဘာတွင် ကောင်းကင်နယ်ပယ် ကျင့်ကြံသူ ဖြစ်ခဲ့သဖြင့် ယခုထက် ချီစွမ်းအင် ပိုမို လိုအပ်မည် ဖြစ်ပေသည်။ ထို့ကြောင့် ဤအသီးမှာ အပြင်ကမ္ဘာတွင် ကျင့်ကြံဆင့် အကြီးအကျယ် တက်လှမ်းရန် မကူညီနိုင်သော်လည်း ကောင်းကင်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိရန်မူ ကူညီပေးနိုင်လိမ့်မည်ဟု သူ နားလည်လိုက်သည်။
သို့သော် ရွှင်း၏ နောက်ထပ် စကားတစ်ခွန်းက သူ၏ မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်တော့၏။
“ဒီအသီးကို နင့်ရဲ့ ကမ္ဘာကို ယူသွားလို့ မရဘူး။ အဲဒီကို ရောက်တာနဲ့ ဒါက ပျက်စီးသွားလိမ့်မယ်။ ဒါဟာ သူ ပေါက်ဖွားရာ ကမ္ဘာရဲ့ လေထုထဲမှာပဲ တည်ရှိနိုင်တာ။ တစ်ခြားကမ္ဘာကို ယူသွားရင် နင့်ရဲ့ နှုတ်ခမ်းနားကို မရောက်ခင်မှာတင် သူ့ထဲက ချီ စွမ်းအင်တွေ အကုန် ပျောက်ဆုံးသွားလိမ့်မယ်” ရွှင်းက ပြောပြလိုက်၏။
“ဒါပေမဲ့...” သူမက ဆက်လက်၍…