← Chapters

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

Chapter 11 +12

~

အခန်း ၁၁+၁၂ :ဧကရီ လဲပြိုခြင်း

~

​နောက်တစ်နေ့ မွန်းတည့်ချိန်သို့ ရောက်ရှိလာခဲ့သည်။

​အိပ်ခန်းတံခါး ပွင့်ဟလာပြီး လင်းဖန်သည် သမ်းဝေရင်း အပြင်သို့ ထွက်လာခဲ့၏။

​အင်မော်တယ်ဧကရာဇ် အဆင့်သို့ ရောက်ရှိပြီးကတည်းက သူသည် ဤကဲ့သို့ မွန်းတည့်ချိန်အထိ အိပ်စက်ခဲ့ရခြင်း မရှိသည်မှာ ကြာလှပြီ ဖြစ်သည်။

​ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားများ ကုန်ခမ်းသွားခြင်းနှင့်အတူ ကမ္ဘာမြေ၏ ဝိညာဉ်စွမ်းအားမှာလည်း နည်းပါးလွန်းလှသဖြင့် သူ၏ ခန္ဓာကိုယ်လုပ်ဆောင်ချက်များမှာ သာမန်လူသားတစ်ဦးကဲ့သို့ တဖြည်းဖြည်း ပြောင်းလဲလာနေကြောင်း သက်သေပြနေခြင်းပင် ။

​အကယ်၍ ထိုသို့သာဆိုလျှင် သူမကော မည်သို့ရှိနေမည်နည်း ။

​လင်းဖန်သည် ဆိုဖာဘက်သို့ လှည့်ကြည့်လိုက်ရာ မနေ့ညက သူချထားပေးခဲ့သော စောင်နှင့် ခေါင်းအုံးမှာ တစ်ချက်ကလေးမျှ နေရာမရွေ့ဘဲ ရှိနေသည်ကို တွေ့လိုက်ရသည်။ လုံယွဲ့မှာ မနေ့ညကအတိုင်းပင် ဆိုဖာပေါ်တွင် တင်ပျင်ခွေထိုင်ကာ မျက်လုံးမှိတ်လျက် မလှုပ်မယှက် တရားထိုင်နေဆဲ ဖြစ်၏။

​"အို . . ."

' သူတကယ်ပဲ မစားမသောက် ခုချိန်အထိ တရားထိုင်နေနိုင်တာလား.. '

​အင်မော်တယ်နယ်မြေ၏ ဧကရီအရှင်မ ပီသသည်ဟု ဆိုရပေမည်။ သူမတွင် အမှန်တကယ်ပင် ခိုင်မာသည့် စိတ်ဓာတ်ခွန်အား ရှိနေလေ၏ ။

​သူ ဤအမျိုးသမီးကို အနည်းငယ် အထင်သေးမိသွားပုံရသည်။

​လင်းဖန်သည် လုံယွဲ့အား ချီးကျူးသောအကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် သူမကို အနှောင့်အယှက်မပေးဘဲ မျက်နှာသစ်ရန် ရေချိုးခန်းထဲသို့ ဝင်သွားခဲ့သည်။

​သူ မျက်နှာသုတ်ပုဝါဖြင့် မျက်နှာသုတ်နေစဉ်မှာပင် ဧည့်ခန်းထဲမှ ဘုတ် ဆိုသည့် အသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရ၏။ တစ်စုံတစ်ခု ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည့် အသံမျိုးပင် ဖြစ်သည်။

​လင်းဖန်သည် မျက်နှာသုတ်ပုဝါကို ချလိုက်ပြီး ရေချိုးခန်းထဲမှ စပ်စုသောမျက်နှာဖြင့် ခေါင်းပြူကြည့်လိုက်သည်။

​ဆိုဖာပေါ်တွင် ထိုင်နေသော လုံယွဲ့မှာ ကြမ်းပြင်ပေါ်သို့ စောက်ထိုးပြုတ်ကျနေပြီး သူမ၏ ခန္ဓာကိုယ်မှာ တောင့်တင်းနေပုံရသည်ကို သူ မြင်လိုက်ရ၏။

​"ဟေး . . . ဟေး . . . မင်း အဆင်ပြေရဲ့လား.."

​လင်းဖန်သည် လုံယွဲ့ရှိရာသို့ အပြေးအလွှား သွားလိုက်ပြီး စိုးရိမ်တကြီးဖြင့် သူမဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။

​"အင် . . . အား . . ."

​အုန်းယွဲ့၏ မျက်ကွင်းများမှာ ညိုမည်းနေပြီး နှုတ်ခမ်းများမှာလည်း ခြောက်ကပ်နေလေသည်။ သူမ၏ မျက်နှာမှာ အလွန်အမင်း အားနည်းနေသဖြင့် မျက်လုံးပင် ကောင်းကောင်းမဖွင့်နိုင်ဘဲ အသံတိုးတိုးလေးသာ ညည်းညူနိုင်တော့၏။

​"ကြည့်ရတာတော့ အဆင်မပြေတာ သေချာနေပြီ . . ."

​လင်းဖန်သည် လုံယွဲ့ကို ဆိုဖာပေါ်သို့ ဂရုတစိုက် ပြန်တင်ပေးလိုက်ပြီးနောက် ရေတစ်ခွက် ခပ်ယူကာ သူမ၏ နှုတ်ခမ်းနားသို့ တေ့ပေးလိုက်သည်။

​လုံယွဲ့သည် ရေခွက်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ အငမ်းမရ သောက်လိုက်တော့သည်။

​"ဖြည်းဖြည်းသောက်ပါ . . . ဖြည်းဖြည်းသောက်.."

​"တကယ်ပါပဲ.. ကိုယ့်ကိုယ်ကိုယ် အတင်းကြီး မထိန်းထားပါနဲ့လို့ ငါ ပြောသားပဲ.."

​လင်းဖန်က ကူကယ်ရာမဲ့အပြုံး ပြုံးလိုက်ပြီး ရေခွက်အလွတ်ကို စားပွဲပေါ်တင်ကာ မီးဖိုချောင်ထဲသို့ ဝင်သွားသည်။

​"ခဏစောင့်ဦး..ဒီအရှင်က မင်းအတွက် တစ်ခုခု စားဖို့ ပြင်ပေးမယ်.."

​လုံယွဲ့ ယခုကဲ့သို့ ရုတ်တရက် လဲပြိုသွားမည်ကို သူ အနည်းနှင့်အများ ခန့်မှန်းထားပြီးသား ဖြစ်သည်။ ၎င်းမှာ အချိန်စောခြင်း၊ နောက်ကျခြင်းသာ ကွာခြားမည် ဖြစ်၏။

​သူမသည် အစားအစာလည်း မစား၊ ရေလည်း မသောက်ဘဲ အခန်းသန့်ရှင်းရေးကို နှစ်နာရီခွဲကြာ ပြင်းပြင်းထန်ထန် လုပ်ဆောင်ခဲ့သည်။ ထို့အပြင် တစ်ညလုံး မအိပ်ဘဲ နေခဲ့သည့်အပြင် ယခင်ကလည်း သူမ၏ ဝိညာဉ်စွမ်းအားအားလုံးကို အသုံးပြု၍ အင်မော်တယ်ပညာရပ်များကို အတင်းအဓမ္မ ထုတ်သုံးခဲ့သေးသည်။ သူမ၏ ခန္ဓာကိုယ်မှာ ဝိညာဉ်စွမ်းအား ကင်းမဲ့နေမှုကြောင့် အားနည်းနေပြီးသားဖြစ်ရာ ယခုကဲ့သို့ လဲမကျသွားပါမှ ထူးဆန်းနေမည် ဖြစ်၏။

​အမှန်အတိုင်းဆိုရလျှင် သူမ ယခုအချိန်အထိ တောင့်ခံနိုင်ခဲ့သည်မှာပင် သူ ထင်ထားသည်ထက်ပင် ပိုနေလေပြီ ။

​လုံယွဲ့သည် ဆိုဖာပေါ်တွင် အားအင်ကုန်ခမ်းစွာ လဲလျောင်းနေပြီး မျက်နှာကျက်ကို ကြောင်တောင်တောင် ငေးကြည့်နေမိသည်။ သူမ၏ မျက်နှာထက်တွင် မျှော်လင့်ချက်ကင်းမဲ့နေသော အမူအရာများ ပြည့်နှက်နေလေ၏။

​သူမ၏ ကောင်းကင်အင်မော်တယ် ဝိညာဉ်သန္ဓေ သည် ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအားကို စုပ်ယူပြီး သူမ၏ အင်မော်တယ်ခန္ဓာကိုယ်ကို အာဟာရကျွေးနိုင်သောကြောင့် အစာစားရန်၊ ရေသောက်ရန် မလိုဘဲ စင်ကြယ်စွာ နေထိုင်နိုင်သည်။ ဝိညာဉ်စွမ်းအား အနည်းငယ်မျှ ရှိနေသရွေ့ သူမ အစာစားရန် မလိုပေ။

​သူမသည် ဤကမ္ဘာပေါ်တွင် ဝိညာဉ်စွမ်းအား လုံးဝမရှိဟု မယုံကြည်သဖြင့် တစ်ညလုံး ကျင့်စဥ်ပေါင်းများစွာဖြင့် ဝိညာဉ်စွမ်းအားကို စုပ်ယူရန် ကြိုးစားခဲ့၏။

​သို့သော်လည်း သူမ တစ်ညလုံး တရားထိုင်ခဲ့သော်လည်း၊ နည်းလမ်းပေါင်း ဒါဇင်နှင့်ချီ၍ စမ်းသပ်ခဲ့သော်လည်း ဝိညာဉ်စွမ်းအား အစအနလေးမျှပင် မခံစားခဲ့ရချေ။

​ဝိညာဉ်စွမ်းအားကို မစုပ်ယူနိုင်တော့သဖြင့် သူမ၏ ကောင်းကင်အင်မော်တယ် ဝိညာဉ်သန္ဓေမှာလည်း ဤကမ္ဘာတွင် အစွမ်းမပြနိုင်တော့ပေ။

​ခုနက သူမ၏ ခေါင်းမှာ လေးလံလာပြီး ခန္ဓာကိုယ်မှာ ထိန်းမရဘဲ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ခြင်း ဖြစ်သည်။

​လုံယွဲ့သည် ဆိုဖာပေါ်မှ အားယူထကာ သူမ၏ ခြေထောက်များကို လှုပ်ရှားရန် ကြိုးစားလိုက်၏။ နောက်တစ်စက္ကန့်မှာပင် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး ဟန်ချက်ပျက်သွားပြီး ရှေ့သို့ မှောက်ခုံလဲကျသွားတော့သည်။

​မီးဖိုချောင်ထဲရှိ လင်းဖန်သည် ၎င်းကို မြင်သောအခါ လုပ်လက်စများကို ပစ်ချပြီး အမြန်ပြေးလာကာ သူမ လဲမကျခင် အချိန်မီ ဖမ်းထိန်းလိုက်နိုင်သည်။

​"ဧကရီ... ဘာဖြစ်လို့လဲ.. ဘာလို့ ပြန်ထတာလဲ.."

​"ငါ့ခြေထောက်တွေ . . . ငါ့ခြေထောက်တွေက ဘာမှ မခံစားရတော့ဘူး ..."

​လုံယွဲ့သည် လင်းဖန်၏ ရင်ခွင်ထဲတွင် လဲလျောင်းရင်း မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် သူ့ကို ကြည့်လိုက်သည်။ သူမ၏ ဘဝတွင် တစ်ခါမျှ မကြုံဖူးသော ကြောက်ရွံ့မှုကို ခံစားနေရပြီး သူမ၏ အသံမှာ ရှိုက်သံပင် အနည်းငယ် ပါနေ၏။

​သူမ အတိတ်တုန်းက အနည်းဆုံး တစ်ရက်၊ အများဆုံး ဆယ်စုနှစ်နှင့်ချီ၍ တရားထိုင်ခဲ့ဖူးသော်လည်း ယခုကဲ့သို့ ခြေထောက်များ ထုံကျင်ပြီး ဘာမှမခံစားရသည့် အခြေအနေမျိုး တစ်ခါမျှ မကြုံခဲ့ဖူးပေ။

​လင်းဖန် .. " . . ."

​လုံယွဲ့၏ သနားစရာကောင်းပြီး ကြောက်လန့်နေသော အမူအရာကို ကြည့်ကာ လင်းဖန် ခပ်ဖွဖွ ပြုံးလိုက်မိသည်။

​တွေးကြည့်လျှင်လည်း ဟုတ်ပေသည်။ ဆယ်နာရီကျော်ကြာအောင် တင်ပျင်ခွေ၍ မလှုပ်မယှက် ထိုင်နေခဲ့သည်ဆိုလျှင် သူမခြေထောက်များ ထုံကျင်မသွားသည်ကမှ ထူးဆန်းနေဦးမည် ဖြစ်၏။

​ဖြစ်နိုင်သည်မှာ သူမသာ ထိုထက် ပို၍ ထိုင်နေမည်ဆိုပါက ခြေထောက်များပင် ဖြတ်ပစ်ရမည်လော မသိနိုင်ပေ။ ယခုကဲ့သို့ ထုံကျင်ရုံမျှသာ ဖြစ်သည်မှာပင် ကံကောင်းသည်ဟု ဆိုရမည်။

​"ဘာမှမခံစားရတာက ပုံမှန်ပါပဲ..မင်း ဒီလောက်အကြာကြီး ထိုင်နေခဲ့တာဆိုတော့ ခြေထောက်တွေမှာ သွေးလှည့်ပတ်မှု မကောင်းလို့ ခဏ ထုံကျင်သွားတာ.. ခဏလောက် အနားယူလိုက်ရင် ပြန်အဆင်ပြေသွားလိမ့်မယ်.."

​လင်းဖန်သည် လုံယွဲ့ကို မချီကာ ဆိုဖာပေါ်တွင် ပြန်ထိုင်ခိုင်းလိုက်ပြီး စားပွဲပေါ်မှ ရေနောက်တစ်ခွက်ကို ငှဲ့ပေးလိုက်ပြန်သည်။

​"ရော့ . . . ရေများများသောက်.."

​လုံယွဲ့သည် ရေခွက်ကို ကိုင်ကာ အငမ်းမရ ပြန်သောက်လိုက်ပြန်၏။

​လင်းဖန်သည် သူမလက်ထဲမှ ရေခွက်အလွတ်ကို ယူရင်း မေးလိုက်သည်။

​"နောက်ထပ် သောက်ဦးမလား.."

​လုံယွဲ့က ဘာမှ ပြန်မပြောတော့ဘဲ မှန်မှန်လေး အသံရှူနေသည့် အသံတိုးတိုးလေးသာ ထွက်နေတော့သည်။

​လင်းဖန် ငုံ့ကြည့်လိုက်သောအခါ လုံယွဲ့သည် သူ၏ ပုခုံးကို မှီကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။

​ဤဧကရီသည်လည်း နောက်ဆုံးတော့ တောင့်မခံနိုင်တော့ဘဲ အိပ်ပျော်သွားပြီ ဖြစ်သည်။ သို့သော် သူမသည် ဗိုက်ဆာလွန်း၍ သတိလစ်သွားခြင်းလော၊ အိပ်ချင်လွန်း၍ အိပ်ပျော်သွားခြင်းလော ဆိုသည်ကိုမူ သူ မဝေခွဲတတ်ပေ။

​သူမသာ သူ့စကားကို နားထောင်ပြီး အစကတည်းက သေသေချာချာ စားသောက်၊ အနားယူခဲ့ပါက ဤမျှအထိ အားနည်းသည့် အခြေအနေမျိုး ရောက်ရှိမည် မဟုတ်ပေ။

​လင်းဖန်သည် သက်ပြင်းတစ်ချက်ကို အသာ ချလိုက်ပြီး သူမကို မချီကာ အိပ်ခန်းထဲသို့ ပြန်ခေါ်သွားသည်။ ကုတင်ပေါ်တွင် ညင်သာစွာ ချပေးပြီး စောင်ကို သေသေချာချာ ခြုံပေးလိုက်၏။

​အချိန်များ ကုန်ဆုံးသွားပြီး ပြတင်းပေါက်ပြင်ပတွင် မှောင်ရီပျိုးလာခဲ့သည်။ မှောင်မည်းနေသော အိပ်ခန်းထဲတွင် ကွန်ပျူတာစကရင်မှ ထွက်ပေါ်နေသော အလင်းရောင် အမှိန်လေးသာ ရှိတော့သည်။

​"အင်း . . ."

​ကုတင်ပေါ်တွင် လုံယွဲ့သည် မူးနောက်နောက်ဖြင့် မျက်လုံးဖွင့်လာပြီး ကုတင်ပေါ်တွင် ဖြည်းဖြည်းချင်း ထိုင်လိုက်သည်။ သူမ၏ ဆံပင်အနက်ရောင်များမှာ ရှုပ်ပွနေပြီး ရှေ့တွင် ဖရိုဖရဲ ကျဆင်းနေ၏။

​သူမသည် အိမ်မက်တစ်ခု မက်ခဲ့သည်။ အလွန်ပင် ကြောက်စရာကောင်းလှသည့် အိမ်မက် . . .

​အိမ်မက်ထဲတွင် သူမနှင့် နတ်ဆိုးအရှင်သည် တခြားကမ္ဘာတစ်ခုသို့ ပြုတ်ကျသွားခဲ့သည်။ ပို၍ ကြောက်စရာကောင်းသည်မှာ ထိုကမ္ဘာတွင် ဝိညာဉ်စွမ်းအား လုံးဝပင် မရှိချေ။

​အင်မော်တယ်ဧကရီဖြစ်သော သူမသည် ချက်ချင်းပင် သာမန်လူသားတစ်ယောက် ဖြစ်သွားပြီး ဗိုက်ဆာလွန်းသဖြင့် သေလုနီးပါး ဖြစ်ခဲ့ရသည်။

​အမှန်ပင် ကြောက်စရာကောင်းလွန်းလှ၏ ။

​"ယို . . . နိုးလာပြီလား ဧကရီအရှင်မလေး.."

​လုံယွဲ့တစ်ယောက် ကုတင်ပေါ်တွင် ကြောင်တောင်တောင် ဖြစ်နေစဉ် ဘေးနားရှိ ကွန်ပျူတာစားပွဲတွင် ထိုင်နေသော လင်းဖန်က မျက်တောင်ခတ်ပြရင်း ပြုံးလျက် နှုတ်ဆက်လိုက်သည်။

​လုံယွဲ့သည် လင်းဖန်ကို ကြည့်လိုက်ရာ သူမ၏ အမူအရာမှာ ဇဝေဇဝါ ဖြစ်နေသော်လည်း အခန်းတွင်းသို့ လှည့်ပတ်ကြည့်ရှုပြီးနောက်တွင်တော့ သူမ၏ မျက်နှာမှာ လက်လျှော့လိုက်ရသလို ဝမ်းနည်းပူဆွေးသော အမူအရာအဖြစ် ပြောင်းလဲသွားလေသည်။

​"အာ . . . ဒါတွေက အိမ်မက် မဟုတ်ခဲ့ဘူးပဲ . . ."

​ဤသည်မှာ အမှန်တကယ်ပင် ဆိုးရွားလှသည့် ကမ္ဘာကြီး ဖြစ်နေ၏။

​"ဘာဖြစ်လို့လဲ.. မင်း ကြည့်ရတာ ငိုတော့မယ့်အတိုင်းပဲ.. ကောင်းကောင်း မအိပ်ခဲ့ရလို့လား.."

လင်းဖန်က စိုးရိမ်တကြီး မေးလိုက်သည်။

​"ဘာမှ မဟုတ်ပါဘူး.. ဒီဧကရီက ဒီကမ္ဘာကြီးအပေါ် နည်းနည်းလေး မျှော်လင့်ချက် မရှိ ဖြစ်သွားလို့ပါ . . ."

​လုံယွဲ့သည် သူမကိုယ်သူမ လှောင်ပြောင်သလို ပြောလိုက်သည်။ သူမ၏ မျက်နှာတွင် စိတ်ပျက်မှုများ အတိုင်းသား ပေါ်လွင်နေသည် ။

​လင်းဖန် ခဏတာမျှ ကြောင်သွားပြီးနောက် မအောင့်နိုင်ဘဲ ရယ်ချလိုက်မိတော့သည်။

​"ဟားဟားဟား.. ဒီလို စကားမျိုးကို ..ဧကရီအရှင်မရဲ့ ပါးစပ်ကနေ ကြားရလိမ့်မယ်လို့.. ငါ တကယ် မထင်ထားခဲ့ဘူး.."

​လုံယွဲ့သည် လင်းဖန်ကို စိတ်ပျက်သောအကြည့်ဖြင့် ကြည့်လိုက်သည်။ သူမ၏ ဝမ်းဗိုက်အတွင်းရှိ ပြင်းထန်သော ဆာလောင်မှုကြောင့် သူ့ကို ပြန်လည် ချေပရန်ပင် အားအင်မရှိတော့ပေ။

​ယခုအချိန်တွင် သူမ နားလည်သွားသည်မှာ ဤကမ္ဘာတွင် အစာမစားဘဲ ရှင်သန်နိုင်မည် မဟုတ်ပေ။

​ပြန်သွားနိုင်ရန်အတွက်ဆိုလျှင် အရင်ဆုံး အသက်ရှင်နေဖို့ရန် လိုအပ်သည် မဟုတ်ပါလော။

​"ဗိုက်ဆာတယ် . . ."

​လုံယွဲ့သည် သူမ၏ ပြားကပ်နေသော ဝမ်းဗိုက်လေးကို ပွတ်သပ်ရင်း ဘေးနားရှိ လင်းဖန်ကို သနားစရာကောင်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။

​သူမ၏ အားနည်းပြီး ဖြူဖျော့နေသော လှပသည့် မျက်နှာလေးနှင့် တိုးညင်းသော အသံလေးမှာ ယခုအချိန်တွင် အလွန်ပင် ဆွဲဆောင်မှုရှိပြီး အလိုအလျောက် သနားစိတ်ကို ဖြစ်ပေါ်စေ၏။

​လင်းဖန်သည် ခဏတာမျှ ကြောင်အသွားပြီးနောက် သက်ပြင်းတစ်ချက်ချကာ မီးဖိုချောင်ဆီသို့ တစ်ဖန် ပြန်လည် ထွက်ခွာခဲ့တော့သည်။

​' တကယ့်ကိုပဲ.. စောစောကတည်းက ဒီလို ပွင့်ပွင့်လင်းလင်း ပြောခဲ့ရင် ပိုမကောင်းဘူးလား ...'

All Chapters