← Chapters

အခန်း (၁၅-၁၆)

Vol. 2 Ch. 15-16

အခန်း (၁၅-၁၆)

Vol. 2 Ch. 15-16

Chapter 15+16

~

အခန်း ၁၅+၁၆ : ဧကရီ၏ ပထမဆုံး ရေချိုးခြင်း

~

​"အဲ့ဒီ ယုတ်မာတဲ့ နတ်ဆိုးအရှင်က . . . ငါ့ဆီကနေ အနံ့ရနေတယ်လို့ ပြောရဲတယ်ပေါ့.."

​ရေချိုးခန်းအတွင်း၌ လုံယွဲ့သည် မှန်ရှေ့တွင် ရပ်နေရင်း လင်းဖန်အား တိုးတိုးလေး မကျေမနပ် ရေရွတ်နေလေ၏။

​သူမသည် မြင့်မြတ်လှသော ဧကရီအရှင်မတစ်ဦး ဖြစ်ရုံသာမက ကောင်းကင်ဝိညာဉ်သန္ဓေကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ရာ အပြစ်အနာအဆာကင်းသည့် အင်မော်တယ်ခန္ဓာကိုယ်ကို မူလကတည်းက ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ လောကီအညစ်အကြေးများမှာ သူမ၏ခန္ဓာကိုယ်အနားသို့ပင် မချဉ်းကပ်နိုင်သည့်အတွက် သာမန်လူသားများကဲ့သို့ ချွေးနံ့ဘယ်မှာ ရှိနိုင်ပါမည်နည်း။

​သူမ၏ တစ်သက်တာတွင် တစ်စုံတစ်ယောက်က သူမ၏ ကိုယ်သင်းနံ့ကို ဝေဖန်ရဲသည်မှာ ဤသည်မှာ ပထမဆုံးအကြိမ် ဖြစ်ပြီး ထိုသူမှာလည်း ယုတ်မာလှသည့် နတ်ဆိုးအရှင် ဖြစ်နေပြန်သည်။

​သူ့ကို ဆဲဆိုကြိမ်းမောင်းပြီးနောက် လုံယွဲ့သည် တုံ့ဆိုင်းသွားပြီးမှ သူမ၏ လက်မောင်းကို မြှောက်ကာ ချိုင်းအောက်နားကို သေသေချာချာ အနံ့ခံကြည့်လိုက်၏။

​'အင်း . . .'

​'အနံ့ အနည်းနည်းတော့ ရှိနေသလိုပဲ ..'

'​ဒါပေမဲ့လည်း အဲ့ဒီလူက ဒီထက်ပိုပြီး ယဉ်ယဉ်ကျေးကျေး ပြောလို့မရဘူးလား..ကျွတ်.. တကယ်ပါပဲ..'

​လုံယွဲ့သည် စိတ်ထဲမှ လင်းဖန်ကို ထပ်မံ ကြိမ်းမောင်းလိုက်ပြီးနောက် ရေချိုးရန် ပြင်ဆင်လိုက်စဉ်မှာပင် သူမ ကြောင်အသွားရပြန်သည်။

​ရေချိုးခန်းထဲတွင် ရေချိုးကန်လည်း မရှိ၊ သစ်သားရေပုံးလည်း မရှိဘဲ အတွင်းဘက်သို့ ချိုင့်ဝင်နေသော ရေကန်ငယ်လေးတစ်ခုသာ ရှိနေသည်။

​ထိုရေကန်ငယ်လေးမှာ သူမ၏ ခြေထောက်တစ်ဖက်ပင် ဆံ့မည်မဟုတ်သလို ရေမှာလည်း အလွန်ပင် နည်းပါးလှ၏။ ၎င်းမှာ ရေချိုးရန်အတွက် ပုံစံမျိုး မဟုတ်ဘဲ အပေါ့အလေး သွားရန်အတွက်သာ ဖြစ်ပုံရပေသည်။

​သူမ ဤအရာထဲတွင် မည်သို့ ရေချိုးရမည်နည်း ။

​လုံယွဲ့ ဘာလုပ်ရမှန်းမသိ ဖြစ်နေစဉ်မှာပင် ရေချိုးခန်းအပြင်ဘက်မှ လင်းဖန်၏ အသံ ထွက်ပေါ်လာသည်။

​"နံရံမှာ လက်ကိုင်လိုမျိုး ခလုတ်တစ်ခု တွေ့လား.. အဲ့ဒီခလုတ်ကို အပေါ်ကို တွန်းလိုက်ရင် ရေထွက်လာလိမ့်မယ်.."

​" အား...သိတယ်.. သိတယ် အနားကို အရမ်း ကပ်မလာနဲ့နော်.."

​"ပြီးတော့.. နင်..နင် လုံးဝ.. လုံးဝ အထဲကို ဝင်မလာနဲ့နော်.."

​လုံယွဲ့သည် ရေချိုးခန်းတံခါးအပြင်ဘက်ရှိ လင်းဖန်အား မျက်စောင်းတစ်ချက် ထိုးလိုက်ပြီးနောက် သူပြောသည့်အတိုင်း နံရံရှိ ခလုတ်ကို အသာအယာ အပေါ်သို့ တွန်းလိုက်သည်။

​ချက်ချင်းဆိုသလိုပင် နံရံရှိ ရေပန်းခေါင်းမှ အင်အားပြင်းလှသော ရေစီးကြောင်းတစ်ခု ပန်းထွက်လာတော့သည်။

​"အာ.."

​သတိမထားမိလိုက်သဖြင့် ရေပန်းအောက်တွင် ရပ်နေသော လုံယွဲ့မှာ တစ်ကိုယ်လုံး ရွှဲရွှဲစိုသွားတော့၏။

​"ဘာဖြစ်လို့လဲ.."

​ဆူညံသံကို ကြားလိုက်ရသဖြင့် လင်းဖန်သည် ရေချိုးခန်းတံခါးကို အမြန်ဖွင့်လိုက်သည်။ လုံယွဲ့မှာ တံခါးကို မည်သို့ ဂျက်ချရမည်ကို မသိသဖြင့် ရေချိုးခန်းတံခါးမှာ အလွယ်တကူပင် ပွင့်သွားတော့၏။

​တံခါးပွင့်သွားသည်နှင့် သူ ပထမဆုံး မြင်လိုက်ရသည်မှာ သူ့ရှေ့တွင် ရွှဲရွှဲစိုလျက် ရပ်နေသော လုံယွဲ့ပင် ။ စိုရွှဲနေသော အဝတ်အစားများမှာ သူမ၏ ခန္ဓာကိုယ်တွင် ကပ်နေသဖြင့် သူမ၏ လှပကျော့ရှင်းသော ခန္ဓာကိုယ်မှာ အထင်အရှား ပေါ်လွင်နေပြီး သူမ ဝတ်ဆင်ထားသော အတွင်းခံအင်္ကျီမှာလည်း မထင်မရှား မြင်နေရ၏။

​လင်းဖန်သည် လုံယွဲ့ကို အိုးတိုးအမ်းတန်း ကြည့်နေမိသလို လုံယွဲ့သည်လည်း ရုတ်တရက် တံခါးဖွင့်ဝင်လာသော လင်းဖန်ကို ကြောင်တောင်တောင် စိုက်ကြည့်နေမိသည်။ သူတို့နှစ်ဦး၏ အကြည့်များ ဆုံသွားကြပြီး လေထုမှာ ခဏတာမျှ ငြိမ်သက်သွားတော့သည်။

​လုံယွဲ့သည် သူမ၏ ခန္ဓာကိုယ်မှာ အကုန်လုံးနီးပါး ပေါ်လွင်နေသည်ကို တွေ့လိုက်ရသောအခါ ခေါင်းကို ဖြည်းဖြည်းချင်း ငုံ့လိုက်သည်။ သူမ၏ လှပသော မျက်နှာလေးမှာ ချက်ချင်းပင် နီမြန်းသွားပြီး သူမ၏ လက်သီးလေးများကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် ဒေါသတကြီး အော်ဟစ်လိုက်တော့၏။

​"နတ်ဆိုး. . . အရှင်... သေလိုက်တော့.."

​"အဲ . . . ဟို..ဟွာလေ.. မင်း ဆက်လုပ်ပါ.. ငါ အနှောင့်အယှက် မပေးတော့ဘူး.."

​အခြေအနေ မဟန်သည်ကို သိလိုက်သဖြင့် လင်းဖန်သည် သူ၏ ပါးကို ရှက်ကိုးရှက်ကန်း ပွတ်လိုက်ကာ ရေချိုးခန်းထဲမှ ဇလုံများ ၊ ခေါင်းလျှော်ရည်များနှင့် ရေချိုးဆပ်ပြာဘူးများ သူ့ဆီသို့ ပျံမလာခင်မှာပင် ရေချိုးခန်းတံခါးကို အမြန် ပြန်ပိတ်လိုက်ရတော့သည်။

​သူ့ဘဝတွင် ဤကဲ့သို့သော မြင်ကွင်းမျိုးနှင့် ကြုံရလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးခဲ့ဖူးပေ ။

​လုံယွဲ့၏ ဒေါသတကြီး အော်ဟစ်သံများနှင့်အတူ တံခါးကို တစ်ခုခုနှင့် လွှင့်ထုသံများမှာ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာ၏။

​အတန်ကြာပြီးနောက် လုံယွဲ့မှာ မောသွားသဖြင့် တဖြည်းဖြည်း တည်ငြိမ်သွားပြီး ရေချိုးခန်းအပြင်ဘက်ရှိ လင်းဖန်ကို မကျေမနပ် မေးလိုက်သည်။

​"နတ်ဆိုးအရှင်.. နင့်ကို ငါ မေးမယ်.. ဒီတံခါးက ဂျက်ချလို့ မရဘူးလား.."

​ယခင်ကဆိုလျှင် သူမသည် အကာအကွယ်အတားအဆီးတစ်ခု သို့မဟုတ် ကန့်သတ်ချက်တစ်ခုကိုသာ ချထားလိုက်မည်ဖြစ်ရာ ရေချိုးနေစဉ် ချောင်းကြည့်ခံရမည်ကို စိုးရိမ်စရာ မလိုပေ။

​ယခုမူ သူမတွင် မှော်စွမ်းအားများ မရှိတော့သဖြင့် တံခါးကိုပင် ဂျက်ချ၍ မရဘူးဆိုလျှင် သူမ တကယ်ပဲ စိတ်အေးလက်အေး ရေမချိုးရဲတော့ပေ။

​သူမ အဝတ်အစားဗလာနှင့် ရှိနေစဉ်မှာပင် တစ်စုံတစ်ယောက်က ရုတ်တရက် တံခါးဖွင့်ဝင်လာမည်ကို မည်သူ သိနိုင်ပါမည်နည်း ။

​"ဧကရီ..တံခါးလက်ကိုင်အောက်မှာ လှည့်လို့ရတဲ့ ခလုတ်တစ်ခု ရှိတယ်.. အဲ့ဒါကို လှည့်လိုက်ရင် ဂျက်ကျသွားလိမ့်မယ်.."

လင်းဖန်က ရေချိုးခန်းတံခါးကို မှီလျက် ပြန်ဖြေလိုက်သည်။

​လုံယွဲ့သည် ရေချိုးခန်းတံခါးဆီသို့ လျှောက်သွားပြီး ခလုတ်ကို လှည့်ကြည့်လိုက်၏။ "ဂျောက် "ဆိုသည့် အသံနှင့်အတူ ရေချိုးခန်းတံခါးမှာ အတွင်းဘက်မှ ပိတ်သွားသည်။

​တံခါးကို ဂျောက်ချပြီးမှသာ လုံယွဲ့သည် သက်ပြင်းချနိုင်တော့၏။ သူမသည် ခါးရှိ ပိုးသားရင်စည်းကို ဖြေလျှော့ကာ အင်မော်တယ်ဝတ်ရုံကို ချွတ်လိုက်ပြီး ရေပန်းအောက်တွင် ရပ်လိုက်သည်။

​သူမ ရေပန်းကို ထပ်မံ ဖွင့်လိုက်ရာ နွေးထွေးသော ရေများမှာ "ရှဲ" ဆိုသည့် အသံနှင့်အတူ စီးကျလာခဲ့သည်။

​လုံယွဲ့သည် သူမ၏ တစ်ကိုယ်လုံးသို့ စီးကျလာသော ရေနွေးနွေးလေးကို ခံစားရင်း စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။

​"နတ်ဆိုးအရှင်.. ဒါက ရေတွေ သိုလှောင်ထားတဲ့ မှော်ရတနာ တစ်မျိုးမျိုးလား.."

​သူမတွင် အပြစ်အနာအဆာကင်းသော အင်မော်တယ်ခန္ဓာကိုယ် ရှိနေသဖြင့် သူမ ရေချိုးခဲလှသည်။ ရေချိုးသည့်အခါတွင်ပင် နတ်ရေကန်တွင် ကိုယ်ခန္ဓာကို ဝင်နှစ်လိုက်ရုံသာ ရှိပြီး ယခုကဲ့သို့ မိုးရွာနေသကဲ့သို့ ကိုယ်ခန္ဓာကို ဆေးကြောရသည့် အတွေ့အကြုံမျိုး တစ်ခါမှပင် မရှိခဲ့ဖူးပေ။

​"အဲ့ဒါက မှော်ရတနာ မဟုတ်ပါဘူး.. ပိုက်လိုင်းတွေကနေတစ်ဆင့် ဖိအားနဲ့ ပေးပို့ထားတဲ့ ရေတွေလေ.. ပြီးတော့ ရေနွေးစက်နဲ့ အပူပေးထားတာ.."

​"ညာဘက်ကို လှည့်ရင် ရေက အေးသွားလိမ့်မယ်.. ဘယ်ဘက်ကို လှည့်ရင်တော့ ပူလာလိမ့်မယ်.. အလယ်မှာ ထားရင်တော့ ရေနွေးနွေးလေး ရလိမ့်မယ်.."

​"တကယ်ပဲ.. ရေအပူချိန်က ပြောင်းသွားတာပဲ.."

​လုံယွဲ့သည် လင်းဖန်ပြောသည့်အတိုင်း ခလုတ်ကို ဘယ်ညာ လှည့်ကြည့်လိုက်ရာ ခလုတ်ကို လှည့်လိုက်သည်နှင့်အမျှ ရေအပူချိန်မှာ အမှန်တကယ်ပင် ပြောင်းလဲသွားကြောင်း တွေ့လိုက်ရသဖြင့် အံ့အားသင့်သွား၏။

​အင်မော်တယ်နယ်ပယ်တွင် ရေအပူချိန်ကို ချိန်ညှိရန်မှာ လွယ်ကူလှသည်၊ ဝိညာဉ်စွမ်းအားကို သုံးပြီး မိမိအလိုရှိသလို ပြောင်းလဲလိုက်ရုံသာပင်။ သို့သော်လည်း ဝိညာဉ်စွမ်းအား မရှိသည့် သာမန်လူသားလောကတွင်ပင် ရေအပူချိန်ကို ဤမျှ လွတ်လပ်စွာ ချိန်ညှိနိုင်နေကြခြင်းလော ။

​"ဒါကိုလည်း သာမန်လူသားတွေပဲ တီထွင်ခဲ့တာလား.."

​"ဒါပေါ့..ဧကရီ.. မင်း သာမန်လူသားတွေရဲ့ ဉာဏ်ပညာနဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို ဘယ်တော့မှ အထင်မသေးသင့်ဘူး.."

​"သိပါတယ် .."

​လုံယွဲ့က နှုတ်ခမ်းလေးကို ဆူလိုက်ကာ မကျေမနပ် ရေရွတ်လိုက်၏။

​နတ်ဆိုးအရှင်ထံမှ သာမန်လူသားများကို အထင်မသေးရန် ပြောဆိုခံရသည်မှာ သူမအတွက်တော့ ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်နေပေသည်။

​မူအရဆိုလျှင် ဤစကားမျိုးမှာ တရားသောလမ်းကို လျှောက်လှမ်းသူအနေဖြင့် သူမ၏ ပါးစပ်မှ ထွက်လာသင့်သည့် စကားမျိုး မဟုတ်ပါလော ။ နတ်​ဆိုးအရှင်တစ်ယောက်က မည်သည့်အတွက်ကြောင့် လူသားများဘက်မှ ပြောနေပါသနည်း ။

​"ဧကရီမင်းသမီး.. အထဲမှာ ဆံပင်နဲ့ ခန္ဓာကိုယ်ကို သန့်စင်ဖို့ ဆပ်ပြာရည်တွေ ရှိတယ်.. မင်း အဆင်ပြေသလို သုံးနော်.. ငါ မင်းအတွက် သင့်တော်မယ့် အဝတ်အစားတစ်စုံ သွားရှာပေးမယ်.."

​လင်းဖန်၏ အသံမှာ ရေချိုးခန်းအပြင်ဘက်မှ ထွက်ပေါ်လာသည်။ လုံယွဲ့သည် စပ်စုချင်စိတ်ဖြင့် ငုံ့ကြည့်လိုက်ကာ ခုနက သူမ လွှင့်ပစ်ခဲ့သော ခေါင်းလျှော်ရည်နှင့် ရေချိုးဆပ်ပြာဘူးများကို ကောက်ယူလိုက်၏။ မတော်တဆ ခလုတ်ကို ဖိမိသွားရာ ရေချိုးဆပ်ပြာရည်များမှာ သူမ၏ မျက်နှာပေါ်သို့ ချက်ချင်းပင် ပန်းထွက်လာတော့သည်။

​သူမသည် မျက်နှာပေါ်မှ ဆပ်ပြာရည်များကို သုတ်လိုက်ပြီး လက်ထဲရှိ ဆပ်ပြာရည်ကို သေသေချာချာ အနံ့ခံကြည့်လိုက်ရာ သူမ၏ မျက်လုံးလေးများမှာ ချက်ချင်းပင် လင်းလက်သွားတော့၏။

​"အရမ်း မွှေးတာပဲ.."

​လုံယွဲ့သည် ရေချိုးဆပ်ပြာရည်များကို သူမ၏ တစ်ကိုယ်လုံးသို့ စိတ်အားထက်သန်စွာ ပွတ်တိုက်လိုက်ရာ အမြှုပ်များစွာ ထွက်ပေါ်လာပြီး သူမ ပျော်ရွှင်စွာ ဆော့ကစားနေတော့သည်။

​ရေချိုးခန်းအပြင်ဘက်တွင် နာရီဝက်နီးပါး စောင့်ဆိုင်းနေသော လင်းဖန်သည် နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ တံခါးကို ခေါက်လိုက်၏။

​"ဧကရီ .. မင်း မပြီးသေးဘူးလား.. ငါ အဝတ်အစားတွေ ယူလာပေးပြီ.."

​"ပြီးတော့မယ်.. မျက်နှာလွှဲထားဦး..လှည့်မကြည့်နဲ့နော်.."

​ရေချိုးခန်းအတွင်းမှ လုံယွဲ့သည် ခန္ဓာကိုယ်ကို မျက်နှာသုတ်ပုဝါဖြင့် ဖုံးကွယ်လျက် ရေချိုးခန်းတံခါးကို ဂရုတစိုက် ဖွင့်လိုက်သည်။ လင်းဖန် ကျောပေးထားသည်ကို အတည်ပြုပြီးနောက်တွင်တော့ သူမသည် တံခါးကြားမှတစ်ဆင့် သူ၏လက်ထဲမှ အဝတ်အစားများကို အမြန်လှမ်းယူလိုက်ပြီး တံခါးကို "ဘုန်း" ဆိုသည့် အသံနှင့်အတူ ပြန်ပိတ်လိုက်တော့၏။

​လင်းဖန်သည် ခေါင်းကို ခါယမ်းလိုက်မိသည်။

​ဤဧကရီအရှင်မမှာ သူက သူမကို အလွန်အမင်း ကြည့်ချင်နေသကဲ့သို့ အလွန်ပင် ဂရုတစိုက် ရှိလွန်းလှသည် ။

​မကြာမီမှာပင် ရေချိုးခန်းတံခါး ပြန်ပွင့်လာပြီး အပေါ်တွင် ပီကာချူးပုံပါသော ညအိပ်အင်္ကျီနှင့် အောက်တွင် ထိုပုံစံတူ ဘောင်းဘီရှည်ကို ဝတ်ဆင်ထားသော လုံယွဲ့ ထွက်လာခဲ့သည်။ သူမ၏ စိုရွှဲနေသော ဆံပင်များမှာ သူမ၏ ပုခုံးပေါ်တွင် ဝဲကျနေ၏။

​"နတ်ဆိုးအရှင် . . . ဒါ.. ဒါက ကလေးတွေ ဝတ်တဲ့ အင်္ကျီတော့ မဟုတ်ပါဘူးနော်.."

​လုံယွဲ့သည် သူမ၏ ရှက်သွေးဖြာနေသော မျက်နှာဖြင့် လင်းဖန်ကို မကျေမနပ် မေးခွန်းထုတ်လိုက်သည်။

​အဝတ်အစားပေါ်တွင် ပါသောပုံမှာ ဘာပုံမှန်း သူမ မသိသော်လည်း ကြည့်ရသည်မှာ ထုံအအနှင့် ချစ်စရာကောင်းနေသဖြင့် ကလေးဆန်လွန်းသည်ဟု သူမ ခံစားနေရသည်။ ၎င်းမှာ ကလေးများသာ ဝတ်ဆင်မည့်အရာမျိုးဟု သူမ ထင်မှတ်နေ၏။

​"အင်း.. ကြည့်လို့ ကောင်းသားပဲ မဟုတ်လား.."

​လင်းဖန်သည် လုံယွဲ့ကို ခြေဆုံးခေါင်းဆုံး စစ်ဆေးကြည့်လိုက်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

​"တခြား အဝတ်အစားတွေက မင်းနဲ့ သိပ်မလိုက်သလိုပဲ.. ဒီတစ်စုံကတော့ လောလောဆယ်မှာ အသင့်တော်ဆုံးပဲလို့ ငါ ထင်တယ်..ဒါနဲ့ပဲ ခဏလောက် အဆင်ပြေအောင် ဝတ်ထားလိုက်ပါ.."

​"ဒါက အရမ်း ချစ်ဖို့မကောင်းဘူးလား ဧကရီအရှင်မ.."

​"ချစ်ဖို့တော့ ကောင်းပါတယ်.. ဒါပေမဲ့ အဲ့ဒီစကားလုံးက ငါနဲ့ မလိုက်ဖက်ဘူး . . ."

​လုံယွဲ့သည် သူမ၏ မျက်ခုံးလေးများကို ပင့်ကာ ရှက်ကိုးရှက်ကန်း ပြောလိုက်၏။

​အကယ်၍ အင်မော်တယ်နယ်ပယ်က တစ်စုံတစ်ယောက်ကသာ သူမကို ယခုလို မြင်သွားမည်ဆိုလျှင် သူမ မြေကြီးထဲသို့ တိုးဝင်သွားမိပေလိမ့်မည် ။

သူမ တွင် လဲစရာ အဝတ်အစားများ ရှိနေပါက ဤသို့ အဝတ်အစားမျိုးကို ဝတ်မည်မဟုတ်ချေ ။ အလွန် ရှက်စရာ ကောင်းလွန်းလှ၏ ။

All Chapters