အခန်း (၁၇-၁၈)
Vol. 2 Ch. 17-18
Chapter 17+18
~
အခန်း ၁၇ +၁၈ : နတ်ဆိုးအရှင်နှင့်အင်မော်တယ်ဧကရီတို့၏ ပထမဆုံးသော အတူအိပ်စက်ခြင်းည
~
"ဆံပင်တွေက စိုရွှဲနေတာပဲ.. ခြောက်အောင် စောင့်ရဦးမယ် ထင်တယ်.."
လုံယွဲ့သည် သူမ၏ စိုထိုင်းနေသော ဆံနွယ်များကို ကိုင်ကြည့်ရင်း သူမ၏မျက်နှာတွင် အားကိုးရာမဲ့သော အမူအရာများ ပေါ်လွင်နေ၏။
သူမ ဝတ်ဆင်ထားသော ကလေးဆန်လွန်းသည့် ညအိပ်အင်္ကျီထက်စာလျှင် စိုရွှဲနေသော ဆံပင်များက သူမအတွက် ပို၍ ပြဿနာဖြစ်နေသည်။
အနည်းဆုံးတော့ သူမ၏ အဝတ်အစားများကို တခြားသူ မမြင်နိုင်သော်လည်း၊ အိပ်စက်ရန်အတွက်မူ ဆံပင်ခြောက်အောင် စောင့်ရပေဦးမည်။
အကယ်၍ သူမတွင် ဝိညာဉ်စွမ်းအားများ ရှိနေသေးပါက ဆံပင်ခြောက်ရန်မှာ လွယ်ကူလှသော်လည်း ယခုမူ စောင့်ဆိုင်းနေရုံမှတစ်ပါး အခြားမရှိချေ။
ဝိညာဉ်စွမ်းအားများ ဆုံးရှုံးသွားပြီးနောက်တွင် အရာအားလုံးမှာ အလွန်ပင် စိတ်ရှုပ်ထွေးဖွယ် ကောင်းလာလေတော့သည်။
"ခဏစောင့်ဦး.. အဲ့ဒီပစ္စည်း ဒီမှာ ရှိနေသေးလား မသိဘူး.."
လင်းဖန်သည် အိပ်ခန်းထဲသို့ ပြန်ဝင်သွားပြီး အဝတ်ဗီရိုအောက်ရှိ အံဆွဲကိုဖွင့်ကာ ထပ်တလဲလဲ ရှာဖွေနေ၏။
"တွေ့ပြီ.."
မကြာမီမှာပင် သူသည် အံဆွဲထဲမှ ဆံပင်အခြောက်ခံစက် တစ်ခုကို ထုတ်ယူလာခဲ့သည်။
သူ့တွင် ဆံပင်အရှည်ရှိစဉ်က ရေချိုးပြီးလျှင် အမြန်အိပ်စက်နိုင်ရန် ဤစက်ကို ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ သို့သော် ဆံပင်ညှပ်လိုက်ပြီးနောက်တွင်မူ ဤစက်ကို တစ်ခါမျှ ပြန်မသုံးဖြစ်တော့ဘဲ အံဆွဲထဲတွင် ဖုန်တက်နေခဲ့ခြင်း ဖြစ်၏။
"ဒါက ဘာပစ္စည်းကြီးလဲ.."
လုံယွဲ့သည် လင်းဖန်၏ လက်ထဲရှိ ဆံပင်အခြောက်ခံစက်ကို စပ်စုချင်စိတ်ဖြင့် သေသေချာချာ ကြည့်ရှုနေမိသည်။
"ဒါက ဆံပင်အခြောက်ခံစက်လေ.. ဆံပင်ကို မြန်မြန်ခြောက်အောင် လုပ်ပေးတဲ့အရာပေါ့.."
"ထိုင်လိုက်..ငါ မင်းရဲ့ ဆံပင်တွေကို ခြောက်အောင် ကူညီပေးမယ်.."
လင်းဖန်သည် လုံယွဲ့ကို မှန်ရှေ့တွင် ထိုင်ခိုင်းလိုက်ပြီး လက်တစ်ဖက်ဖြင့် သူမ၏ ထူထဲနက်မှောင်သော ဆံနွယ်များကို မကာ အခြားလက်တစ်ဖက်ဖြင့် စက်ကို ဖွင့်လိုက်၏။
"ဝူး . . . ဝူး . . . ဝူး"
လေတိုးသံများနှင့်အတူ စက်ခေါင်းမှ နွေးထွေးသော လေပူများ ပန်းထွက်လာခဲ့သည်။
လုံယွဲ့မှာ များစွာ အံ့အားသင့်သွားရ၏။
"နတ်ဆိုးအရှင်..ဒီအရာက လေပူတွေ ထုတ်ပေးနိုင်တာလား.. ဒါက တကယ်ပဲ မှော်ရတနာ မဟုတ်ဘူးလား.."
"မဟုတ်ပါဘူး.. လျှပ်စစ်စွမ်းအားနဲ့ အပူပေးကြိုးကို အပူပေးပြီး အဲ့ဒီအပူကို ပန်ကာကနေတစ်ဆင့် မှုတ်ထုတ်ပေးလိုက်တာပါ.."
လင်းဖန်က ပြုံးလျက် ရှင်းပြရင်း လုံယွဲ့၏ ဆံပင်များကို အခြောက်ခံပေးနေသည်။
"ဒါကိုလည်း . . . ဒီကမ္ဘာက သာမန်လူသားတွေပဲ တီထွင်ခဲ့တာလား.."
လုံယွဲ့က မယုံနိုင်စရာ ဖြစ်နေသည့်အလား မေးလိုက်၏။
လင်းဖန်က အတည်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်.. ဒီကမ္ဘာမှာ ဝိညာဉ်စွမ်းအား မရှိဘူး..မင်းမြင်သမျှ အရာအားလုံးကို သာမန်လူသားတွေပဲ တီထွင်ခဲ့တာ.."
"ရေနွေးစက်ဖြစ်ဖြစ်.. ဆံပင်အခြောက်ခံစက်ဖြစ်ဖြစ် ဒါတွေက ဒီကမ္ဘာမှာရှိတဲ့ မရေမတွက်နိုင်တဲ့ တီထွင်မှုတွေထဲက တစ်ခုပဲလေ.."
"မရေမတွက်နိုင်တဲ့ အရာတွေထဲက တစ်ခု .."
လုံယွဲ့သည် ကြောင်တောင်တောင်လေး ရေရွတ်နေမိ၏။
သူမ ကိုယ်တိုင်သာ မျက်မြင်မတွေ့ခဲ့ပါက ကျင့်ကြံခြင်းစွမ်းအား မရှိသည့် သာမန်လူသားများက ဤကဲ့သို့သော ရတနာများကို ဖန်တီးနိုင်မည်ဟု သူမ ဘယ်တော့မှ ယုံကြည်မည် မဟုတ်ပေ။
ထို့ပြင် ဤကမ္ဘာတွင် ထူးဆန်းပြီး အသုံးတည့်လှသော ရတနာများစွာ ကျန်ရှိနေသေးသည် ။
လုံယွဲ့မှာ အံ့အားသင့်နေစဉ် ဆံပင်အခြောက်ခံပေးနေသော လင်းဖန်သည် သူမထံမှ ပြင်းထန်သော ပန်းရနံ့တစ်ခုကို တဖြည်းဖြည်း ရရှိလာခဲ့သည်။
ထိုရနံ့မှာ သူကိုယ်တိုင်လည်း မကြာသေးမီက သုံးထားသဖြင့် အလွန်ပင် ရင်းနှီးနေသည့် ရနံ့ ဖြစ်၏။
၎င်းမှာ ရေချိုးဆပ်ပြာနှင့် ခေါင်းလျှော်ရည် ရနံ့ပင် ဖြစ်သည်။
လင်းဖန်သည် လုံယွဲ့၏ ဆံပင်များကို မ၍ သေသေချာချာ အနံ့ခံကြည့်လိုက်ရာ သူ၏ မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွား၏။
'မွှေးလိုက်တာ အရမ်းကို မွှေးလွန်းနေပြီ..နှာခေါင်းထဲကို စူးဝင်သွားတဲ့အထိ မွှေးနေတာပဲ..'
မှန်ထဲမှတစ်ဆင့် လင်းဖန်က သူမ၏ ဆံပင်များကို ကိုင်၍ အနံ့ခံနေသည်ကို တွေ့လိုက်ရသောအခါ လုံယွဲ့သည် ထိတ်လန့်တကြား ခေါင်းကို ချက်ချင်း လှည့်လိုက်၏။
"နင် ဘာလုပ်နေတာလဲ .."
လင်းဖန်က ပြန်မဖြေဘဲ မျက်လုံးကို အနည်းငယ် မှေးလိုက်ကာ ခန့်မှန်းကြည့်လိုက်သည်။
"ဧကရီအရှင်မ..ငါ မင်းဆီက ချွေးနံ့ရတယ်လို့ ပြောလိုက်လို့ ကိုယ်သင်းနံ့ကို ဖျောက်ဖို့အတွက် ရေချိုးဆပ်ပြာနဲ့ ခေါင်းလျှော်ရည်တွေကို အများကြီး သုံးလိုက်တာတော့ မဟုတ်ပါဘူးနော်.."
လုံယွဲ့ .. " . . ."
"မဟုတ် . . . မဟုတ်ပါဘူး.. ငါ နည်းနည်းလေးပဲ သုံးတာပါ .."
သူမ၏ လျှို့ဝှက်ချက်မှာ ချက်ချင်းပင် ပေါ်သွားသဖြင့် လုံယွဲ့သည် ရှက်ကိုးရှက်ကန်းနှင့် အသံတိုးတိုးလေး ပြန်လည် ချေပလိုက်သည်။
ဤမျှ ယုတ္တိမရှိသော ချေပချက်မှာ လင်းဖန်၏ သံသယကို ပို၍ တိုးစေခဲ့သည်။ သူသည် ဆံပင်အခြောက်ခံစက်ကို ချလိုက်ပြီး ရေချိုးခန်းထဲသို့ လှည့်ဝင်သွား၏။
"ဧကရီ.. ငါ့ရဲ့ ရေချိုးဆပ်ပြာနဲ့ ခေါင်းလျှော်ရည်တွေက ဘာလို့ တစ်ဝက်လောက် ရုတ်တရက် ပျောက်သွားတာလဲဆိုတာ ရှင်းပြပေးလို့ ရမလား.."
လင်းဖန်သည် ကုန်လုနီးပါး ဖြစ်နေသော ရေချိုးဆပ်ပြာဘူးနှင့် ခေါင်းလျှော်ရည်ဘူးများကို ကိုင်လျက် ရေချိုးခန်းထဲမှ ပြန်ထွက်လာခဲ့သည်။
လုံယွဲ့ .." . . ."
သက်သေများက လက်ပူးလက်ကြပ် ဖြစ်နေသဖြင့် လုံယွဲ့မှာ ဆက်လက် ငြင်းဆို၍ မရတော့သည်ကို သိလိုက်သည်။ သူမသည် အပြစ်ရှိသကဲ့သို့ ခေါင်းကို တခြားတစ်ဖက်သို့ လွှဲလိုက်ပြီး ..
"ဒါ ငါ ပထမဆုံးအကြိမ် သုံးဖူးတာလေ.. ဘယ်လောက် သုံးရမှန်းမှ ငါ မသိတာ .."
လင်းဖန် .. " . . ."
"ထားလိုက်ပါတော့.. ဒါ မင်းကို ကြိုမပြောထားမိတဲ့ ငါ့အမှားပါ.."
"နောက်တစ်ခါ သုံးရင် တစ်ချက် ဖိလိုက်ရုံနဲ့တင် လုံလောက်ပြီနော်.."
လင်းဖန်သည် သက်ပြင်းတစ်ချက် ချလိုက်ပြီး ဆပ်ပြာဘူးများကို ရေချိုးခန်းထဲသို့ ပြန်ထားကာ လုံယွဲ့၏ ဆံပင်များကို ဆက်လက် အခြောက်ခံပေးခဲ့သည်။
လုံယွဲ့သည် မှန်ရှေ့တွင် အသာတကြည် ထိုင်နေရင်း သူ၏လက်များက သူမ၏ဆံနွယ်များကြားတွင် လှုပ်ရှားနေသည်ကို ခံစားနေရကာ စိတ်ထဲတွင် ခံစားချက်မျိုးစုံ ဖြစ်ပေါ်နေ၏။
သူမ၏ ဆံပင်များကို သူမကိုယ်တိုင် သို့မဟုတ် သူမ၏ အနီးကပ် အစေခံမိန်းကလေးမှတစ်ပါး အခြားသူ တစ်ခါမျှ မထိဖူးခဲ့ချေ။ ယခုမူ ဆန့်ကျင်ဘက်လိင် တစ်ဦးဖြစ်သူ နတ်ဆိုးအရှင်က ပထမဆုံးအကြိမ် ထိတွေ့နေခြင်း ဖြစ်ပေသည်။
မူအရဆိုလျှင် သူမ၏ ဆံပင်များကို ဆန့်ကျင်ဘက်လိင်က ထိတွေ့ခွင့် မရှိပါချေ ။
သို့သော်လည်း နတ်ဆိုးအရှင်က သူမ၏ ဆံပင်များကို ခြောက်အောင် ကူညီပေးနေခြင်းသာ ဖြစ်ရာ တမျိထင်၍ မဖြစ်ချေ ။
"ကဲ ပြီးပြီ.. ဆံပင်တွေ ခြောက်သွားပြီ..စောစောစီးစီး အနားယူလိုက်တော့.."
လုံယွဲ့၏ ဆံပင်များ လုံးဝ ခြောက်သွားပြီဖြစ်ကြောင်း အတည်ပြုပြီးနောက် လင်းဖန်သည် စက်ကို ပြန်သိမ်းကာ မီးခလုတ်ဆီသို့ လျှောက်သွားရင်း သတိပေးလိုက်သည်။
"ငါ မီးပိတ်တော့မယ်နော်.."
"အင်း . . . အင်း . . ."
လုံယွဲ့သည် သတိပြန်ဝင်လာပြီး ကုတင်ပေါ်သို့ အရင်တက်ကာ စောင်ခြုံလိုက်သည်။ သို့သော်လည်း စိတ်မချနိုင်သေးသဖြင့် စောင်ထဲမှ ခေါင်းပြူထွက်ကာ လေးလေးနက်နက် ထပ်မံ သတိပေးလိုက်၏။
"မှတ်ထားဦးနော်..လုံးဝ စည်းမကျော်ရဘူး.."
"သိပါတယ် . . ."
လင်းဖန်က ပြန်ဖြေရင်း မီးပိတ်လိုက်ကာ ကုတင်ပေါ်တွင် လှဲလျောင်းလိုက်တော့သည်။
အမှောင်ထုထဲတွင် လုံယွဲ့သည် ကုတင်ပေါ်တွင် ပက်လက်လှဲလျောင်းလျက် မျက်နှာကျက်ကို ငြိမ်သက်စွာ စိုက်ကြည့်နေသော်လည်း သူမ၏ ရင်ထဲတွင်မူ အချိန်အတော်ကြာသည့်တိုင် တည်ငြိမ်၍ မရနိုင်သေးပေ။
ယခုအချိန်အထိ သူမသည် အိမ်မက်မက်နေသကဲ့သို့ ခံစားနေရဆဲပင်။
သူမသည် နတ်ဆိုးအရှင်ကို သတ်ရမည့်သူ ဖြစ်သော်လည်း ယခုမူ သူ၏ ဂရုစိုက်မှုပေါင်းစုံကို ခံယူနေရရုံသာမက သူနှင့် တစ်ကုတင်တည်းမှာပင် အတူတူ လှဲလျောင်းနေရလေပြီ ။
' ဘာလို့ ဒီလိုတွေ ဖြစ်ကုန်ရတာလဲ..'
လုံယွဲ့သည် သူမဘေးတွင် အိပ်နေသော လင်းဖန်ကို တစ်ချက် ကြည့်လိုက်ရာ ကြောက်စရာကောင်းသော အတွေးတစ်ခုမှာ သူမ၏ ခေါင်းထဲသို့ ရုတ်တရက် ဝင်လာခဲ့သည်။
သူ၏ အသက်ရှူသံကို ကြည့်ရသည်မှာ နတ်ဆိုးအရှင်က အိပ်ပျော်နေပုံရသည်။ သူမ၏ ဘေးနားတွင် ဘာအကာအကွယ်မှ မရှိဘဲ အိပ်ပျော်နေခြင်း ဖြစ်၏ ။
' တကယ်လို့ . . . တကယ်လို့ ငါသာ အခု မီးဖိုချောင်ထဲသွားပြီး ဓားတစ်ချောင်း ယူလာမယ်ဆိုရင် နတ်ဆိုးအရှင်ကို သတ်ပစ်နိုင်မှာပဲ..'
ထိုအတွေး ပေါ်လာသည်နှင့်တစ်ပြိုင်နက် လုံယွဲ့မှာ ထိတ်လန့်သွားပြီး ခေါင်းကို အပြင်းအထန် ခါယမ်းလိုက်သည်။
'မဖြစ်ဘူး.. လုံးဝ မဖြစ်ဘူး..'
' ငါ ဘယ်လိုလုပ်ပြီး ဒီလို ဆိုးရွားတဲ့ အတွေးမျိုး ရှိနိုင်ရတာလဲ..'
' ငါ ကျင့်ကြံခြင်းစွမ်းအားတွေ ဆုံးရှုံးသွားပြီးနောက်မှာ နတ်ဆိုးအရှင်က ငါ့ကို အန္တရာယ် မပြုခဲ့ရုံတင်မကဘဲ ခိုလှုံခွင့်တောင် ပေးထားတာပဲ.. အင်မော်တယ်နယ်ပယ်ရဲ့ ဧကရီတစ်ယောက်အနေနဲ့ ကျေးဇူးကို မကောင်းမှုနဲ့ ဘယ်လိုလုပ်ပြီး တုံ့ပြန်နိုင်မှာလဲ..'
ထို့အပြင် သူမနှင့် နတ်ဆိုးအရှင်သည် ဟင်းလင်းပြင်ကို အတူတူ ဖြတ်ကျော်ပြီး ဤကမ္ဘာသို့ ပြုတ်ကျလာခဲ့ခြင်း ဖြစ်သည်။ ပြန်သွားနိုင်ရန်အတွက် နတ်ဆိုးအရှင်၏ စွမ်းအားမှာလည်း မရှိမဖြစ် လိုအပ်သည် မဟုတ်ပါလော။
သူမ တစ်ဦးတည်းဆိုလျှင် ပြန်ဖို့နေနေသာသာ ဤကမ္ဘာတွင် ရှင်သန်နိုင်ရန်ပင် ပြဿနာ ဖြစ်လာနိုင်သည်။
'နတ်ဆိုးအရှင်ကို သတ်လို့ မဖြစ်သေးဘူး..'
'အနည်းဆုံးတော့ အခုအချိန်မှာပေါ့..'
အကယ်၍ သူမ တိုက်ခိုက်မည်ဆိုပါကလည်း ၎င်းမှာ ရှန်းမိုတိုက်ကြီး သို့ ပြန်ရောက်မှသာ အပြန်အလှန် တရားမျှတစွာ ဆင်နွှဲရမည့် တိုက်ပွဲ ဖြစ်ရပေမည် ။
'အင်း.. ဒါပဲ..'
သူမကိုယ်သူမ နားချပြီးနောက်တွင်တော့ လုံယွဲ့သည် ထိုကြောက်စရာကောင်းသော အတွေးများကို ခေါင်းထဲမှ ထုတ်ပစ်လိုက်ပြီး မျက်လုံးမှိတ်ကာ အိပ်စက်လိုက်တော့သည်။
မှောင်မည်းပြီး တိတ်ဆိတ်လှသော ညဉ့်နက်သန်းခေါင်တွင် လုံယွဲ့အား ကျောပေးထားသော လင်းဖန်သည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်၏။ သူ၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လွင်နေပြီးနောက် မျက်လုံးများကို ပြန်မှိတ်ကာ စိတ်အေးလက်အေး အိပ်စက်လိုက်တော့သည်။
' ဒီညတော့ အန္တရာယ် မရှိနိုင်တော့ဘူး ထင်ပါရဲ့ ..'