အခန်း (၁၉-၂၀)
Vol. 2 Ch. 19-20
Chapter 19+20
~
အခန်း ၁၉+၂၀ : ဧကရီ၏ ပထမဆုံးသော လက်ကိုင်ဖုန်း
~
နံနက်ခင်း၏ တောက်ပသော နေရောင်ခြည်က လိုက်ကာများကြားမှတစ်ဆင့် အခန်းထဲသို့ ဖြာကျလာပြီး နွေးထွေးနူးညံ့သော အလင်းရောင်များဖြင့် အခန်းကို လွှမ်းခြုံထား၏။
လုံယွဲ့သည် အိပ်ချင်မူးတူးဖြင့် မျက်လုံးများကို ပွတ်သပ်လိုက်ပြီးနောက် သူမ၏ဘေးနားရှိ ခေါင်းအုံးကို ဖက်တွယ်ကာ သူမ၏လက်ဖြင့် ထို ခေါင်းအုံး ကို အကျင့်ပါနေသည့်အတိုင်း ဟိုဟိုဒီဒီ ပွတ်သပ်နေမိသည်။
သို့သော်လည်း မကြာမီမှာပင် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သူမ တဖြည်းဖြည်း သတိထားမိလာ၏။ သူမ၏ လက်ဖဝါးမှ ခံစားနေရသော အတွေ့မှာ သူမ ရင်းနှီးနေကျဖြစ်သော နူးညံ့သည့် ခေါင်းအုံးမဟုတ်ဘဲ တောင့်တင်းသည့် အတွေ့အထိတစ်ခု ဖြစ်နေခြင်းကြောင့်ပင်။
လုံယွဲ့သည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်ရာ သူမကို ကူကယ်ရာမဲ့ ခါးသက်သက် ပြုံးပြနေသော ချောမောသည့် မျက်နှာတစ်ခုနှင့် ဆုံတွေ့လိုက်ရ၏။
"မင်္ဂလာနံနက်ခင်းပါ ဧကရီအရှင်မ.. ဒီအရှင်ရဲ့ လက်မောင်းကို အခုလောက်ဆိုရင် လွှတ်ပေးလို့ ရပြီလား.."
"အင်း . . . "
လုံယွဲ့မှာ လုံးဝ မနိုးသေးသဖြင့် သူမ၏ လှပသော မျက်နှာလေးမှာ ကြောင်အနေသည်။ သူမ ငုံ့ကြည့်လိုက်သောအခါ သူမသည် နတ်ဆိုးအရှင်၏ လက်မောင်းကို ဖက်တွယ်ထားပြီး ခြေထောက်တစ်ဖက်မှာလည်း သူ၏အပေါ်သို့ တင်ထားကာ လက်ဖဝါးမှာ သူ၏ရင်ဘတ်ပေါ်သို့ ပွတ်သပ်နေသည်ကို တွေ့လိုက်ရ၏။
သူမ အချိန်အတော်ကြာ ပွတ်သပ်နေခဲ့သည်မှာ နူးညံ့သော ခေါင်းအုံးမဟုတ်ဘဲ နတ်ဆိုးအရှင်၏ ကိုယ်ခန္ဓာ ဖြစ်နေခဲ့ခြင်းပင်။
"နတ် . . . နတ်ဆိုးအရှင်.. နင့်ကို ဒီဧကရီရဲ့ အနားကို ဘယ်သူက ဒီလောက်အထိ ကပ်ခိုင်းထားလို့လဲ.."
"နင် . . . နင်... ငါ အိပ်ပျော်နေတုန်း အခွင့်ကောင်းယူပြီး တစ်ခုခု လုပ်ခဲ့တာ မလား.."
သတိဝင်လာသည်နှင့်တစ်ပြိုင်နက် လုံယွဲ့၏ မျက်နှာလေးမှာ နီမြန်းသွားပြီး ဗီဇအတိုင်း လင်းဖန်အား လက်သီးဖြင့် လှမ်းထိုးလိုက်တော့သည်။
လင်းဖန်က လက်ကို မြှောက်ကာ သူ့ဆီသို့ ဦးတည်လာသော နူးညံ့သည့် လက်သီးလေးကို အသာအယာ ဖမ်းဆုပ်လိုက်ပြီး အပြစ်ကင်းစင်သော မျက်နှာဖြင့် ပြန်ပြောလိုက်၏။
"ဧကရီ..အရာရာမှာ သက်သေရှိဖို့ လိုတယ်.. မင်း အမှားအမှန်ကို အရင် ခွဲခြားပြီးမှ တိုက်ခိုက်သင့်တာပေါ့.."
"ဒီအရှင်က မင်းကို ဘာမှ မလုပ်ခဲ့ပါဘူး.. မနေ့ညက စည်းကျော်ပြီး ဒီဘက်ကို အတင်း တိုးလာတာက မင်းကိုယ်တိုင်ပဲလေ.."
"မင်းက ဒီအရှင်ကို ဖက်ထားတဲ့အတွက် ဒီအရှင်က အိပ်ရာက ထလို့မရရုံတင်မကဘူး..ကုတင်ရဲ့ အစွန်းဆုံးမှာ အိပ်ခဲ့ရလို့ ပြုတ်တောင် ကျလုနီးပါး ဖြစ်ခဲ့ရတာ.."
ထိုသို့ပြောရင်း လင်းဖန်က ကုတင်ဘေးရှိ အစွန်းဘက်သို့ ခေါင်းလှည့်ပြလိုက်ရာ သူ၏ တင်ပါးတစ်ဝက်မှာ ကုတင်ပေါ်မှ ကျလုနီးပါး ဖြစ်နေသည်ကို တွေ့ရ၏။
ကုတင်အစွန်းမှ ပြုတ်ကျတော့မည့် လင်းဖန်ကို ကြည့်ပြီးနောက် သူမ၏ နောက်ကျောဘက်ရှိ ဟာလာဟင်းလင်း ဖြစ်နေသော နေရာကို လုံယွဲ့ ပြန်ကြည့်လိုက်ရာ ချက်ချင်းပင် ရှက်ကိုးရှက်ကန်း ဖြစ်သွားတော့သည်။
မနေ့ညက စည်းကျော်ခဲ့သူမှာ မိစ္ဆာအရှင် မဟုတ်ဘဲ သူမကိုယ်တိုင် ဖြစ်နေသည်မှာ အထင်အရှားပင်။
ထို့အပြင် သူမက သူ့ကို တိုက်ခိုက်ဖို့ပင် ကြိုးစားခဲ့သေးသည် မဟုတ်ပါလော။
"ငါ . . . ငါ တောင်းပန်ပါတယ်.. ဒီဧကရီက နင့်ကို အထင်လွဲသွားလို့ပါ . . ."
လုံယွဲ့သည် သူမ၏ နေရာသို့ အမြန် ပြန်တိုးသွားပြီး မျက်နှာနီနီဖြင့် တောင်းပန်လိုက်၏။
သူမ အင်မော်တယ်နယ်ပယ်မှာ ရှိစဉ်က အနားယူသည့်အခါတိုင်း အေးမြပြီး နူးညံ့သော ခေါင်းအုံးကို ဖက်အိပ်ရသည်ကို နှစ်သက်ခဲ့သည်။ မနေ့ညက သူမသည် အကျင့်ပါနေသည့်အတိုင်း သူမဘေးရှိ နတ်ဆိုးအရှင်အား ခေါင်းအုံးဟု အမှတ်မှားကာ မတော်တဆ ဖက်အိပ်မိခဲ့ပုံရလေသည်။
မနေ့ညကတင် သူမသည် ဘယ်တော့မှ စည်းမကျော်ဘူးဟု ယုံကြည်ချက်အပြည့်ဖြင့် ကြေညာခဲ့သော်လည်း ယခုမူ သူမ တကယ်ပင် အရှက်ရနေတော့သည် ။
"ဒင်ဒေါင်.."
ထိုအချိန်မှာပင် အခန်းပြင်ပမှ လူခေါ်ခေါင်းလောင်းသံ မြည်လာသဖြင့် အခန်းထဲရှိ ကြောင်အနေသော အခြေအနေမှာ ပြေလည်သွားခဲ့သည်။
လုံယွဲ့၏ မျက်ခုံးလေးများမှာ တွန့်ကွေးသွားပြီး တံခါးဘက်သို့ သတိကြီးစွာဖြင့် လှည့်ကြည့်လိုက်၏။
"နတ်ဆိအရှင်.. တစ်ယောက် ယောက်ရောက်လာပြီထင်တယ်.."
"ဪ.. အဲ့ဒါ ဒီအရှင် မနေ့က မှာထားတဲ့ ပါဆယ် ရောက်လာတာ ဖြစ်မှာပါ.."
လင်းဖန်က ဂရုမစိုက်ဟန်ဖြင့် တံခါးဖွင့်ရန် ထသွားခဲ့သည်။
ခန့်မှန်းထားသည့်အတိုင်းပင် ပါဆယ်ဘူးတစ်ခုကို ကိုင်ထားသော ပို့ဆောင်ရေးဝန်ထမ်းတစ်ဦးမှာ တံခါးဝတွင် ရပ်နေပေသည်။
"မင်္ဂလာပါ.. မစ္စတာလင်းလားခင်ဗျ..ဒါက ခင်ဗျားရဲ့ ပါဆယ်ပါ.."
" ဟုတ်ပါတယ်ဗျ ..ကျေးဇူးတင်ပါတယ်.."
လင်းဖန်က ကျေးဇူးတင်စကား ဆိုလိုက်ပြီး ဝန်ထမ်းထံမှ ပါဆယ်ဘူးကို ယူကာ ဧည့်ခန်းထဲတွင်ပင် ချက်ချင်း စတင် ဖောက်လိုက်တော့သည်။
မကြာမီမှာပင် လုံးဝ အသစ်စက်စက် လက်ကိုင်ဖုန်း နှစ်လုံးမှာ စားပွဲပေါ်သို့ ရောက်ရှိလာခဲ့၏။
"ဒါက ဘာပစ္စည်းလဲ.."
လုံယွဲ့သည် စားပွဲပေါ်ရှိ ဖုန်းများကို စပ်စုသော မျက်လုံးများဖြင့် အဖန်တလဲလဲ ကြည့်ရှုနေမိသည်။
သူမ၏ နှစ်ပေါင်းထောင်ချီသော အတွေ့အကြုံများဖြင့်ပင် ရှေ့ရှိ ပစ္စည်းမှာ ဘာဖြစ်သည်ကို သူမ မစဉ်းစားနိုင်ဘဲ ဖြစ်နေ၏။
"ဒီအရာကို လက်ကိုင်ဖုန်း လို့ ခေါ်တယ်..ဒီခေတ်မှာ မရှိမဖြစ် လိုအပ်တဲ့ ကိရိယာတစ်ခုပေါ့.."
"ဒီကမ္ဘာက လူတွေအတွက် သူတို့မှာ ဘာမှမရှိဘဲ နေနိုင်ပေမဲ့ လက်ကိုင်ဖုန်း မရှိလို့ကတော့ လုံးဝ မဖြစ်ဘူး.."
လင်းဖန်သည် ဖုန်းတစ်လုံးကို ကောက်ကိုင်လိုက်ရာ သူ၏ မျက်လုံးများမှာ လွမ်းဆွတ်မှုများဖြင့် ပြည့်နှက်နေ၏။
ရာစုနှစ်များစွာ ကြာပြီးမှ လက်ကိုင်ဖုန်းကို ပြန်လည် ထိတွေ့ရသည်မှာ သူ့အတွက် ရင်းနှီးမှုတစ်ခုကို ပြန်လည် ခံစားရသလိုပင် ။
"ဒီပစ္စည်းက အဲ့လောက်တောင် အရေးကြီးတာလား.."
လုံယွဲ့က စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။
"ဒါပေါ့.. ဒီအရှင်က မင်းကို ရိုးရိုးရှင်းရှင်းလေး တစ်ခု ပြမယ်.."
လင်းဖန်သည် ဖုန်းကို ဖွင့်လိုက်ပြီး ပီကာချူး ညအိပ်အင်္ကျီလေး ဝတ်ကာ သူ့ရှေ့တွင် ရပ်နေသော လုံယွဲ့ကို ဓာတ်ပုံတစ်ပုံ ရိုက်လိုက်သည်။
လုံယွဲ့မှာ ကြောင်တောင်တောင် ဖြစ်နေပြီး လင်းဖန်က သူမကို ဖုန်းဖြင့် ချိန်နေသည်ကို ကြည့်ကာ မျက်ခုံးလေးများ တွန့်ကွေးလျက် သတိကြီးစွာဖြင့် မေးလိုက်၏။
"နင် ဒီဧကရီကို ဘာလုပ်နေတာလဲ.."
"ဓာတ်ပုံရိုက်တာလေ.."
လင်းဖန်က အသာ ပြုံးလိုက်ပြီး သူရိုက်ထားသော ဓာတ်ပုံကို လုံယွဲ့အား ကမ်းပေးလိုက်သည်။
လုံယွဲ့သည် သေသေချာချာ ကြည့်ရှုလိုက်ရာ သူမ၏ အမူအရာမှာ ချက်ချင်းပင် အံ့အားသင့်သွားတော့၏။
"ဒါ . . . ဒါက ဒီဧကရီပဲလား.."
"ဒါက လူတွေရဲ့ ပုံရိပ်ကို ဖမ်းယူနိုင်တဲ့ မှတ်တမ်းတင်ကျောက်တုံး လား.. မဟုတ်ဘူး.. မှတ်တမ်းတင်ကျောက်တုံးက ဒီလောက်အထိ အစစ်အမှန်နဲ့ တူတဲ့ ပုံရိပ်တွေကို မဖမ်းယူနိုင်ဘူး.."
ရှန်းမိုတိုက်ကြီးတွင် မှတ်တမ်းတင်ကျောက်တုံးဟု ခေါ်သော ရတနာတစ်ခု ရှိသည်။ ဝိညာဉ်စွမ်းအားဖြင့် ဖွင့်လိုက်ပါက ရှေ့ရှိ ပုံရိပ်ကို ထွင်းထု မှတ်တမ်းတင်နိုင်သည်။ သို့သော် ထိုပုံရိပ်မှာ အရောင်အသွေး မရှိဘဲ ဝေဝေဝါးဝါး ပုံရိပ်လွှာတစ်ခုသာ ဖြစ်၏။
သို့သော် ယခု သူမရှေ့ရှိ ဓာတ်ပုံမှာမူ အရောင်အသွေး စိုပြည်ပြီး အလွန်ပင် ရှင်းလင်းလှသည်။ သူမ၏ မျက်နှာထက်မှ အမူအရာကိုပင် အတိအကျ မှတ်တမ်းတင်ထားနိုင်လေသည် ။
လုံယွဲ့၏ အံ့အားသင့်နေသော အမူအရာကို ကြည့်ကာ လင်းဖန်မှာ ဂုဏ်ယူစွာ ပြုံးလိုက်မိသည်။
"မှတ်တမ်းတင်ကျောက်တုံးက ဒီအရာကို မယှဉ်နိုင်ပါဘူး.."
ထိုသို့ပြောပြီးနောက် လင်းဖန်က ဖုန်းပေါ်ရှိ ဓာတ်ပုံကို ချဲ့ပြလိုက်၊ လှည့်ပြလိုက်ရုံသာမက သူမ၏ ဦးခေါင်းပေါ်တွင် ကြောင်နားရွက်လေး တစ်စုံကိုပါ ချက်ချင်း ထည့်သွင်းပေးလိုက်၏ ။
"ဒါ . . . ဒါက . . . ဒါက ဒီဧကရီပဲလား.. ငါက ဘယ်လိုလုပ်ပြီး နတ်ဆိုးမျိုးနွယ်ဝင်တစ်ယောက်အဖြစ် ပြောင်းသွားတာလဲ ..."
လုံယွဲ့သည် ကြောင်နားရွက်လေးနှင့် သူမကိုယ်သူမ ဓာတ်ပုံထဲတွင် မြင်လိုက်ရသောအခါ မှင်တက်သွားတော့သည်။
ပုံရိပ်တွေကိုပါ ပြောင်းလဲပစ်နိုင်သည့် မှတ်တမ်းတင်ကျောက်တုံ မျိုး သူမ တစ်ခါမျှ မမြင်ဖူးခဲ့ပေ ။
"ဓာတ်ပုံရိုက်တာက ဖုန်းတစ်လုံးရဲ့ အခြေခံအကျဆုံး လုပ်ဆောင်ချက်ပဲ ရှိသေးတာ.. ဒါက မိုင်ပေါင်း ထောင်ချီဝေးတဲ့ လူတွေကိုလည်း တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ပေးနိုင်ပြီး အသံတွေကိုလည်း ကြားစေနိုင်တယ်.."
လင်းဖန်သည် သူအသင့်ပြင်ထားသော ဆင်းကတ် အဟောင်းနှစ်ခုကို ထုတ်ယူကာ ဖုန်းများထဲသို့ ထည့်သွင်းလိုက်ပြီးနောက် ဖုန်းတစ်လုံးမှတစ်ဆင့် အခြားတစ်လုံးသို့ ဖုန်းခေါ်လိုက်သည်။
မကြာမီမှာပင် အခြားဖုန်းမှာ မြည်သံနှင့်အတူ တုန်ခါလာခဲ့၏။
"ဧကရီ ..ဖုန်းစကရင်ပေါ်က အစိမ်းရောင် ခလုတ်လေးကို နှိပ်ကြည့်လိုက်.."
"ဪ . . ."
လုံယွဲ့သည် လင်းဖန်ပြောသည့်အတိုင်း အခြားဖုန်းကို ကောက်ကိုင်ကာ စကရင်ပေါ်မှ ဖုန်းဖြေဆိုသည့် ခလုတ်ကို နှိပ်လိုက်သည်။
နောက်တစ်စက္ကန့်မှာပင် ဖုန်းထဲမှတစ်ဆင့် လင်းဖန်၏ အသံ ထွက်ပေါ်လာ၏။
"ဟဲလို . . . ဟဲလို.."
"အသံ ကြားရတယ်.."
"ဒီအရာက အသံလွှင့်ကျောက်တုံး ရဲ့ အစွမ်းသတ္တိလည်း ရှိနေတာလား.."
ဖုန်းထဲမှ ထွက်ပေါ်လာသော အသံကို ကြားရသောအခါ လုံယွဲ့မှာ များစွာ အံ့အားသင့်သွားရပြန်သည်။
ဒါတင်မကသေးပေ။ လင်းဖန်သည် သူမ၏ရှေ့တွင် လက်နှိပ်ဓာတ်မီး လုပ်ဆောင်ချက်ကို ဖွင့်ပြလိုက်ရုံသာမက သီချင်းကိုပါ ဖွင့်၍ သီချင်းတစ်ပုဒ်ကိုလည်း ပေါ့ပေါ့ပါးပါးပင် ဖွင့်ပြလိုက်သေး၏။
သာယာနာပျော်ဖွယ်ကောင်းသော သီချင်းသံမှာ ဖုန်းထဲမှ ထွက်ပေါ်လာသောအခါ လုံယွဲ့မှာ ဆွံ့အကာမှင်တက်သွားတော့သည်။
မိနစ်အနည်းငယ်အတွင်းမှာပင် သူမမှာ အကြိမ်ကြိမ် အံ့အားသင့်ခဲ့ရ၏။
ကြည့်ရသည်မှာ ဘာမှမဟုတ်သလိုရှိသော ဤအရာလေးထဲတွင် ဤမျှများပြားသော လုပ်ဆောင်ချက်များ ပါဝင်နေခြင်းလော။
အင်မော်တယ်နယ်ပယ်တွင် မှော်ရတနာများစွာ ရှိသော်လည်း ၎င်းတို့၏ လုပ်ဆောင်ချက်မှာ တစ်ခုတည်းသာ ရှိတတ်ကြသည်။ အင်မော်တယ်နယ်ပယ် တစ်ခုလုံးကို ကြည့်မည်ဆိုလျှင်ပင် ဤကဲ့သို့ များပြားလှသော လုပ်ဆောင်ချက်များကို ပေါင်းစပ်ထားနိုင်သည့် မှော်ရတနာမျိုး သူမ တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
အင်မော်တယ်နယ်ပယ်၏ အကျော်ကြားဆုံးသော လက်မှုပညာရှင်များပင်လျှင် ဤကဲ့သို့သော မှော်ရတနာမျိုးကို တီထွင်နိုင်မည် မဟုတ်ပေ။
ဤကဲ့သို့သော အရာမျိုးမှာ သာမန်လူသားတစ်ဦး၏ လက်ထဲမှ ထွက်ပေါ်လာသည်ဆိုသည်ကို သူမ မယုံကြည်နိုင်ဘဲ ရှိနေ၏။
"ဒီအရှင် ပြသခဲ့တာတွေက ဒီဖုန်းရဲ့ အခြေခံအကျဆုံး လုပ်ဆောင်ချက်တွေပဲ ရှိသေးတာပါ.. သူ့ရဲ့ အသုံးဝင်ပုံတွေက ဒီထက်မက အများကြီး ရှိသေးတယ်.. နောက်မှ မင်း ဖြည်းဖြည်းချင်း သိလာလိမ့်မယ်.."
"အခြေခံအကျဆုံး စွမ်းရည်တွေပဲ ရှိသေးတာလား.."
လုံယွဲ့သည် ဖုန်းကို မသိမသာ ဆုပ်ကိုင်ထားမိပြီး သူမ၏ မျက်လုံးများမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေ၏။
"ဒီအရာကို တီထွင်ခဲ့တဲ့ သာမန်လူသားဟာ တကယ်ပဲ ထူးချွန်ပြောင်မြောက်တဲ့လူ ဖြစ်ရမယ်.."
"ဒီဧကရီ သူ့ကို တွေ့လို့ရမလား.."
ထိုသို့ပြောရင်း လုံယွဲ့က လင်းဖန်ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်သည်။
လင်းဖန်၏ မျက်နှာမှာ ခက်ခဲသွားသည့် အမူအရာ ပေါ်လာ၏။
"အဲ . . . အဲ့ဒါကတော့ မဖြစ်နိုင်လောက်ဘူး ထင်တယ် . . ."
"ဟုတ်လား . . . တကယ်ပဲ နှမြောစရာ ကောင်းလိုက်တာ . . ."
ထိုစကားကို ကြားသောအခါ လုံယွဲ့၏ မျက်နှာတွင် ဝမ်းနည်းမှုနှင့် နှမြောတသမှုများ ပေါ်ပေါက်လာခဲ့သည်။
အကယ်၍ ဤကဲ့သို့သော ပါရမီရှင်မျိုးကို သူမ၏ အင်မော်တယ်နယ်ပယ်တွင် အမှုထမ်းရန် စည်းရုံးနိုင်ခဲ့မည်ဆိုပါက မည်မျှ ကောင်းလိုက်မည်နည်း ။
"နတ်ဆိုးအရှင်.. ရော့.. ဒါကို ပြန်ယူလိုက်တော့.."
လုံယွဲ့သည် ဖုန်းကို လင်းဖန်အား နှမြောတသစွာဖြင့် ပြန်ကမ်းပေးလိုက်သည်။
ဤမျှ လုပ်ဆောင်ချက်များစွာ ပါဝင်သည့် ရတနာမျိုးကို သူမ၏ ဘေးနားတွင် ထားရှိနိုင်ခဲ့ပြီး နောင်တစ်ချိန် အင်မော်တယ်နယ်ပယ်သို့ ပြန်ရောက်သည့်အခါ သေသေချာချာ လေ့လာနိုင်မည်ဆိုလျှင် အင်မော်တယ်နယ်ပယ်၏ လက်မှုပညာ အဆင့်အတန်းအတွက် များစွာ အထောက်အကူ ဖြစ်နိုင်မည်ပင် ။
လင်းဖန်သည် လုံယွဲ့ ကမ်းပေးသော ဖုန်းကို ပြန်မယူဘဲ ခေါင်းကို အသာအယာ ခါယမ်းလိုက်၏။
"ဒီအရှင် ပြောခဲ့ပြီးသားပဲ.. ဒီကမ္ဘာမှာ လက်ကိုင်ဖုန်းက မရှိမဖြစ် လိုအပ်တယ်..ဒီဖုန်းက မင်းအတွက် အထူး ဝယ်ပေးထားတာပါ.."
"ဒီ . . . ဒီဧကရီအတွက်လား.. ဒီလောက် အဖိုးတန်တဲ့အရာကို . . . "
လုံယွဲ့၏ အမူအရာမှာ အံ့အားသင့်သွားပြီး သူမ နားကြားမှားသလားဟုပင် ထင်မှတ်သွားမိသည်။
လင်းဖန်က ဂရုမစိုက်ဟန်ဖြင့်...
"ဒီအရာက တကယ်တော့ အဲ့လောက်အထိ အဖိုးမတန်ပါဘူး.. ယွမ်တစ်ထောင်တန် ဖုန်းလေးပဲလေ.."
"မင်းရော ငါရော ဝိညာဉ်စွမ်းအားတွေ ကုန်သလောက် ဖြစ်နေပြီဆိုတော့ အသံနဲ့ ဆက်သွယ်လို့ မရတော့ဘူး.. ဖုန်းရှိနေမှ နောက်ပိုင်း ဆက်သွယ်ရတာ အဆင်ပြေမှာပေါ့.."
"ဒါဆိုရင်တော့ . . . ကျေးဇူးပါပဲ . . ."
လုံယွဲ့သည် လင်းဖန်ကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်ရာ သူမ၏ နှုတ်ခမ်းထောင့်လေးများမှာ မထိန်းနိုင်ဘဲ အနည်းငယ် ပြုံးသွားတော့သည်။ သူမ၏ မျက်လုံးများမှာ လက်ထဲရှိ ဖုန်းကို ကြည့်ရင်း ကလေးတစ်ယောက် ထူးခြားသော ရတနာတစ်ခုကို ရရှိထားသကဲ့သို့ တောက်ပနေ၏။
လင်းဖန်မှာ ခါးသက်သက် ပြုံးလိုက်မိသော်လည်း တွေးကြည့်လျှင်လည်း ဟုတ်ပေသည်။ ဤသည်မှာ ဧကရီမင်းသမီး၏ ဘဝတွင် ပထမဆုံးသော ဖုန်း မဟုတ်ပါလော။ သူကိုယ်တိုင်လည်း ဟိုးအရင်က ပထမဆုံး ဖုန်းရခဲ့စဉ်က ဤကဲ့သို့ပင် ပျော်ရွှင်စိတ်လှုပ်ရှားခဲ့ရသည်ကို ပြန်လည် သတိရမိသဖြင့် သူမ စိတ်လှုပ်ရှားနေသည်မှာလည်း မဆန်းပါချေ ။