အခန်း (၂၁-၂၂)
Vol. 3 Ch. 21-22
Chapter 21+22
~
အခန်း ၂၁+၂၂ : ဧကရီ ပထမဆုံး ကားစီးခြင်း...
~
"ဘန်း.."
တံခါးပိတ်သွားသည်နှင့် လင်းဖန်သည် သော့ကိုထည့်ကာ သော့ခတ်လိုက်၏ ။
လုံယွဲ့က အမျိုးသားဝတ် ပေါ့ပေါ့ပါးပါး အဝတ်အစားတစ်စုံကို လဲလှယ်ဝတ်ဆင်ထားပြီး သူမ၏ ဆံပင်ရှည်များကို နောက်တွင် မြင်းမြီးချီ ထားကာ ဦးထုပ်တစ်လုံးကိုလည်း ဆောင်းထားသည်။ လင်းဖန်၏ နောက်တွင် ရပ်နေသော သူမ၏ အသွင်အပြင်မှာ နတ်သက်ကြွေထားသည့်အလား နူးညံ့သိမ်မွေ့မှုများ လျော့ပါးသွားသော်လည်း ရဲရင့်ပြတ်သားသည့် အငွေ့အသက်များမှာမူ ပို၍ တိုးလာခဲ့သည်။
"နတ်ဆိုးအရှင်.. နင် ဘာလို့ ရုတ်တရက်ကြီး ဒီဧကရီကို အဝတ်အစားတွေ လဲခိုင်းရတာလဲ.. နင် ဒီဧကရီကို ဘယ်ကို ခေါ်သွားမလို့လဲ.."
"ပစ္စည်းအချို့ ဝယ်ဖို့လေ.. ပြီးတော့ မင်း အတွက် အဝတ်အစားအချို့လည်း ဝယ်ရမယ် "
"မင်းရဲ့ အင်မော်တယ်ဝတ်ရုံတွေကို ဒီမှာ ဆက်ဝတ်လို့ မရတော့ဘူး.. ဒီကမ္ဘာမှာ အဲ့ဒါတွေက လူအများ အာရုံစိုက်တာ ခံရလွန်းတယ်. ပြီးတော့ ငါ့အင်္ကျီတွေကိုပဲ မင်း အမြဲ ဝတ်နေလို့လည်း မဖြစ်ဘူးလေ.. အဲ့ဒါကြောင့် လဲဝတ်ဖို့ အဝတ်အစား နည်းနည်းတော့ လိုတယ်.."
လင်းဖန်က လှည့်မကြည့်ဘဲ လှေကားမှ ဆင်းရင်း ပြောလိုက်သည်။
ကမ္ဘာပေါ်သို့ ပြန်ရောက်ခါစဖြစ်သဖြင့် ဝယ်ယူရန် လိုအပ်သည့် အိမ်သုံးပစ္စည်းများစွာ ရှိနေသေးပြီး လုံယွဲ့အတွက်လည်း အဝတ်အစား လိုအပ်နေသည်။ ဖုန်းဝယ်ပြီးနောက် ဒုတိယမြောက် လုပ်ဆောင်ရမည့်အရာမှာ နေ့စဉ်သုံးပစ္စည်းများကို ဖြည့်တင်းရန်ပင် ဖြစ်၏။
လုံယွဲ့သည် သူမ ဝတ်ဆင်ထားသော အဝတ်အစားများကို ငုံ့ကြည့်ကာ စဉ်းစားပြီးနောက် နှုတ်ခမ်းလေးကို အနည်းငယ် စူလျက် လင်းဖန်၏ နောက်မှ အသာတကြည် လိုက်ပါလာခဲ့သည်။
သူမ၏ ငွေရောင်လမင်း အင်မော်တယ်ဝတ်ရုံ မှာ ဝိညာဉ်စွမ်းအား ထောက်ပံ့မှု မရှိတော့သဖြင့် ၎င်းကို ဝတ်ထားလျှင်ပင် မူလရှိခဲ့သော အကာအကွယ် စွမ်းရည်များ မရှိတော့ပေ။ ဤကမ္ဘာတွင် ထိုဝတ်ရုံကို ဝတ်ထားခြင်းမှာလည်း အမြင်မသင့်တော်ဘဲ အလွန်ပင် ထင်ရှားလွန်းနေသဖြင့် သူမအတွက် အဝတ်အစားသစ်များ ဝယ်ယူရန် လိုအပ်သည်မှာ အမှန်ပင် ဖြစ်၏။
လင်းဖန်သည် လုံယွဲ့ကို ခေါ်ဆောင်ကာ လူနေအိမ်ရာအတွင်းမှတစ်ဆင့် အိမ်ရာဝန်း၏ အဓိက တံခါးဝသို့ လျှောက်လာခဲ့သည်။
"ငါတို့ လမ်းမလျှောက်တော့ဘူးလား.."
လင်းဖန် ရပ်လိုက်သည်ကို မြင်သောအခါ လုံယွဲ့က ရှေ့သို့ လှမ်းလာပြီး စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။
လင်းဖန်သည် သူ၏ဖုန်းကို မြှောက်ပြလိုက်ရာ ဖုန်းစကရင်ပေါ်ရှိ မြေပုံတွင် ကားတစ်စီးမှာ သူတို့ရှိရာသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာနေသည်ကို တွေ့ရသည်။
"ဒီအရှင် ကားတစ်စီး ခေါ်ထားတယ်..အခုပဲ ရောက်လာတော့မှာပါ.."
သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ကားတစ်စီးမှာ အဝေးမှ မောင်းနှင်လာပြီး သူတို့ရှေ့တွင် ဖြည်းဖြည်းချင်း ရပ်တန့်သွားသည်။
"ဪ..ဒါဆိုရင် ဒီသံတုံးကြီးက ဒီကမ္ဘာရဲ့ ရထားလုံးပေါ့.. တကယ်ကို ထူးခြားတဲ့ ပုံစံပဲ.."
လုံယွဲ့သည် ကားနားသို့ တိုးသွားကာ သူမရှေ့ရှိ ယာဉ်ကို စပ်စုသော မျက်လုံးများဖြင့် စစ်ဆေးကြည့်ရင်း မနေနိုင်ဘဲ လက်ဖြင့် ကိုင်ကြည့်လိုက်မိသည်။
"ဒါကို သံနဲ့ လုပ်ထားတာ မလား.. ဒါပေမဲ့ ဒါက ဘယ်လို ရွေ့တာလဲ.. ဒီဧကရီကတော့ ဒါကို ဆွဲတဲ့ နွားတွေ.. မြင်းတွေကို မတွေ့မိပါဘူး.."
"နွားတွေ.. မြင်းတွေနဲ့ ရထားလုံးဆွဲတဲ့ခေတ်က ကုန်သွားပါပြီ.. အခုကတော့ စက်အင်ဂျင် ခေတ်လေ.."
"စက်အင်ဂျင်.. အဲ့ဒါက ဘာလဲ.."
လုံယွဲ့၏ မျက်နှာမှာ စပ်စုချင်စိတ်များဖြင့် ပြည့်နှက်နေ၏။
"ဒါက လက်ကိုင်ဖုန်းပြီးရင် လူသားသမိုင်းရဲ့ နောက်ထပ် ကြီးကျယ်တဲ့ တီထွင်မှုတစ်ခုပဲ.."
လင်းဖန်က ပြုံးလိုက်ပြီး သူမဘေးရှိ ကားတံခါးကို လှမ်းဖွင့်လိုက်သည်။
"ကဲ ..မြန်မြန် ကားပေါ်တက်တော့.."
လုံယွဲ့ ကားပေါ်သို့ တက်လိုက်သည်နှင့် မောင်းနှင်သူနေရာတွင် ထိုင်နေသော ဒရိုင်ဘာကို ချက်ချင်း မြင်လိုက်ရသည်။ သူမက ထိုသူကို လက်ညှိုးထိုးပြကာ ..
"နတ်ဆိုးအရှင်.. သူက နင့်ရဲ့ အစေခံလား.."
လင်းဖန် .. " . . ."
ဒရိုင်ဘာ .. " . . ."
ထိုစကားကြောင့် လင်းဖန်နှင့် ဒရိုင်ဘာတို့နှစ်ဦးလုံး ဆွံ့အသွားကာ တိတ်ဆိတ်သွားကြ၏။
လုံယွဲ့၏ လှပသော မျက်နှာလေးမှာတော့ ကြောင်အသွားသည်။
'ငါ မမေးသင့်တာကို မေးလိုက်မိတာလား ..'
"ဧကရီ . . . လုံယွဲ့.. သူက ကားမောင်းသူလေ.. ငါ့ရဲ့ အစေခံ မဟုတ်ဘူး.."
လင်းဖန်က အမြန် ရှင်းပြလိုက်ပြီး ကားပေါ်သို့ တက်ကာ ဒရိုင်ဘာကို ပြုံးလျက် တောင်းပန်လိုက်သည်။
"ဦးလေး.. စိတ်မရှိပါနဲ့ဗျာ..သူက နောက်နေတာပါ.."
"ဟားဟားဟား ..ရပါတယ်.. ရပါတယ်ဗျ.."
ဒရိုင်ဘာမှာ သက်ကြီးပိုင်းအရွယ် ဖြစ်သဖြင့် စိတ်ထဲမထားဘဲ ရယ်မောလိုက်၏။ သူသည် ဖုန်းနံပါတ် နောက်ဆုံးဂဏန်း လေးလုံးကို အတည်ပြုပြီးနောက် ကားကို စတင် မောင်းနှင်ကာ စည်ကားလှသော လမ်းမကြီးပေါ်သို့ တက်လိုက်တော့သည်။
" ဝါးး.. ဒါက တကယ် ရွေ့နေတာပဲ.."
လုံယွဲ့သည် ကားထဲတွင် ထိုင်နေရင်း ကားရွေ့လျားနေသည်ကို ခံစားမိကာ အံ့အားသင့်စွာ အော်ဟစ်လိုက်မိ၏။
အင်မော်တယ်နယ်မြေရှိ ရထားလုံးများမှာလည်း မည်သည့် မိစ္ဆာသားရဲကိုမျှ အသုံးမပြုဘဲ ရွေ့လျားနိုင်သော်လည်း ၎င်းမှာ ဝိညာဉ်စွမ်းအားဖြင့် ထိန်းချုပ်ရန် လိုအပ်သည်။
သို့သော် ယခု ဤကားမှာ ဝိညာဉ်စွမ်းအားလည်း မလို၊ ဆွဲရန် နွားနှင့် မြင်းလည်း မလိုဘဲ ရွေ့လျားနေသည်မှာ တကယ်ပင် ထူးဆန်းလွန်းလှပေသည်။
သွားနေစဉ်မှာလည်း အလွန်ပင် ချောမွေ့လှပြီး ဆောင့်တာ တုန်တာမျိုးလည်း သူမ မခံစားရသလောက်ပင်။
လုံယွဲ့သည် ပြတင်းပေါက်မှတစ်ဆင့် ခေါင်းကို အပြင်သို့ ထုတ်ကြည့်လိုက်ရာ လမ်းမပေါ်တွင် မပြတ်တမ်း စီးဆင်းနေသော ကားများနှင့် အပြင်ဘက်ရှိ ခန့်ညားထည်ဝါလှသော မိုးမျှော်တိုက်ကြီးများကို မြင်လိုက်ရသည်။ သူမ၏ ပါးစပ်လေးမှာ အနည်းငယ် ဟသွားပြီး သူမ၏ လှပသော မျက်နှာလေးမှာလည်း အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေ၏။
သူမ ဤကမ္ဘာသို့ ရောက်ရှိလာသည့်ညမှာ အလွန် နောက်ကျနေပြီဖြစ်သလို နတ်ဆိုးအရှင်ကို နှိမ်နင်းရန် လောနေသဖြင့် မြို့ထဲရှိ မြင့်မားလှသော အဆောက်အအုံများကို သေသေချာချာ မလေ့လာနိုင်ခဲ့ပေ။ ယခုမူ ကြည်လင်သော ကောင်းကင်အောက်တွင် စည်ကားလှပသော မြို့ပြအလှမှာ အထင်အရှား ပေါ်လွင်နေတော့သည်။
သေးငယ်သော ခန္ဓာကိုယ်ရှိသည့် သာမန်လူသားများက ဤမျှ ခန့်ညားထည်ဝါလှသော မြင်ကွင်းကို ဖန်တီးနိုင်သည်ဆိုသည်မှာ ယုံကြည်ရန် ခက်ခဲလှ၏။
"လူငယ်လေး.. မင်းရဲ့ ရည်းစားကို မြို့ထဲ ပထမဆုံးအကြိမ် ခေါ်လာတာလား.."
ဒရိုင်ဘာက ကားပြတင်းပေါက်တွင် ကပ်နေသလောက် ဖြစ်နေသော လုံယွဲ့ကို နောက်ကြည့်မှန်မှတစ်ဆင့် ကြည့်ကာ ပြုံးလျက် မေးလိုက်သည်။
လုံယွဲ့သည် မျက်ခုံးလေးများ တွန့်ကွေးသွားပြီး ဒရိုင်ဘာကို မကျေမနပ် လှည့်ကြည့်လိုက်၏။
"ဒီဧကရီက ဒီလူရဲ့ မိန်းမ မဟုတ်ဘူး.."
"တကယ်လို့ ဒီဧကရီကို နောက်တစ်ခါ ထပ်စော်ကားမယ်ဆိုရင် နှုတ်ပိတ်စွမ်းရည် ကို သုံးလိုက်မှာနော်၊ ဘယ်တော့မှ စကားပြောလို့ မရတော့အောင် လုပ်ပစ်မယ်.."
ထိုသို့ပြောပြီးနောက် လုံယွဲ့သည် လက်ပိုက်ကာ နှုတ်ခမ်းလေးကို ဆူလျက် စိတ်ကောက်နေသည့်အလား မျက်နှာက စူပုပ်ပုပ် ဖြစ်နေ၏။
' ဟမ့်.. လူတိုင်းက ဘာလို့ ငါနဲ့ နတ်ဆိုးအရှင်ကို ချစ်သူတွေလို့ ထင်နေကြတာလဲ..'
'ငါက မြင့်မြတ်လှတဲ့ ဧကရီအရှင်မလေ..နတ်ဆိုးအရှင်ရဲ့ မိန်းမ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..'
လင်းဖန် .. " . . ."
ဒရိုင်ဘာ .. " . . ."
ဒရိုင်ဘာမှာ တိတ်ဆိတ်သွားပြီး နောက်ပိုင်းတွင် စကားမပြောရဲတော့ပေ။
သူ သတင်းတွေထဲတွင် အရင်က တွေ့ဖူးသည်။ ဒရိုင်ဘာအချို့မှာ အမျိုးသမီး ခရီးသည်များကို စိတ်ဆိုးအောင် လုပ်မိသဖြင့် ဓားနှင့် အချက်ပေါင်းများစွာ ထိုးခံရခြင်း သို့မဟုတ် ခရီးသည်က ကားပေါ်မှ ရုတ်တရက် ခုန်ချသွားခြင်းမျိုး ရှိတတ်၏။
ထိုအမျိုးသမီး ခရီးသည်များ အားလုံး၏ တူညီချက်တစ်ခုမှာ သူတို့၏ စိတ်ကျန်းမာရေးမှာ သိပ်မကောင်းလှခြင်းပင် ။
ယခု သူ၏ ကားပေါ်တွင် ပါလာသော အမျိုးသမီးမှာလည်း စိတ်အခြေအနေ တစ်မျိုးမျိုး ဖြစ်နေပုံရသည်။
သာမန်လူတစ်ယောက်ကတော့ သူ့ကိုယ်သူ "ဒီဧကရီ" လို့ ခေါ်ပြီး သူ့ချစ်သူကို "နတ်ဆိုးအရှင်" လို့ ခေါ်မည်မဟုတ်ပေ ။
"ကားဆရာကြီး.. ကျွန်တော့်ရဲ့ ရည်းစားက စိတ်ပိုင်းဆိုင်ရာ နည်းနည်းလေး ဖြစ်နေလို့ပါ.. စိတ်ထဲမထားပါနဲ့ဗျာ . . ."
လင်းဖန်က ဒရိုင်ဘာဘက်သို့ တိုးသွားပြီး သူ၏ ဦးခေါင်းကို လက်ညှိုးထိုးပြကာ တောင်းပန်လိုက်သည်။
ဒရိုင်ဘာမှာ "ထင်တဲ့အတိုင်းပဲ" ဆိုသည့် အမူအရာမျိုး ပြလိုက်ပြီး ပြုံးလျက် ခေါင်းညိတ်ပြ၏။
"ရပါတယ်.. ရပါတယ်.. ဦးလေး နားလည်ပါတယ်.."
ထိုသို့ပြောပြီးနောက် ဒရိုင်ဘာသည် ကားမောင်းခြင်းကိုသာ အာရုံစိုက်နေတော့သည်။
ထိုအချိန်မှစ၍ ဒရိုင်ဘာမှာ စကားတစ်လုံးမျှ မပြောရဲတော့ဘဲ ကားမှာ တိတ်ဆိတ်စွာဖြင့် ရည်မှန်းထားရာ နေရာသို့ ရောက်ရှိလာခဲ့သည်။
"လူငယ်လေး ရောက်ပါပြီ.."
"ကျေးဇူးတင်ပါတယ် ဦးလေး.."
လင်းဖန်က ကျေးဇူးတင်စကား ဆိုလိုက်ပြီး ကားတံခါးကို ဖွင်ကာ လုံယွဲ့နှင့်အတူ ဆင်းလိုက်သည်။ သူတို့ ရောက်ရှိလာသည့် နေရာမှာ မာလ်ဗို ကုန်တိုက်ကြီး၏ အဝင်ဝပင် ဖြစ်၏။
ကုန်တိုက်အဝင်ဝတွင် လူများမှာ အဝင်အထွက် အမြဲရှိနေပြီး ကြည့်လိုက်လေရာရာတွင် လူခေါင်းများကိုသာ မြင်နေရကာ ဆူညံသံများမှာလည်း နားထဲသို့ မပြတ်တမ်း ဝင်ရောက်နေသည်။
"လူတွေ အများကြီးပဲ . . ."
လုံယွဲ့အဖို့ ယခုကဲ့သို့ စည်ကားလှပသော မြို့ပြမြင်ကွင်းကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ရာ သူမမှာ အံ့အားသင့်သွားပြီး တစ်နေရာတည်းတွင် ကြောင်ရပ်နေမိ၏။
"ဒီနေ့က ရုံးဖွင့်ရက်မို့လို့ ဒီလောက်လူရှိတာက နည်းသေးတယ်လို့ ပြောလို့ရတယ်.."
"သွားကြစို့.. ဒီအရှင် မင်းကို လောကကြီးအကြောင်း လိုက်ပြပေးမယ်.."
လင်းဖန်က ခပ်ဖွဖွ ပြုံးလိုက်ပြီး ကုန်တိုက်အဝင်ဝသို့ ဦးဆောင်ကာ ဝင်သွားခဲ့သည်။
"ဟွန့်.. ဒီဧကရီက အင်မော်တယ်နယ်မြေရဲ့ ဂိုဏ်းပေါင်းစုံကို အုပ်ချုပ်တဲ့ ဧကရီအရှင်မပဲ.. ဘယ်လိုလုပ်ပြီး လောကကြီးမျိုးကို မမြင်ဖူးဘဲ နေမှာလဲ.."
လုံယွဲ့သည် လင်းဖန်၏ စကားကို မကျေမနပ် ဖြစ်သွားသဖြင့် နှာခေါင်းတစ်ချက် ရှုံ့လိုက်မိသည်။
လင်းဖန်ကတော့ ဘာမှ ပြန်မပြောဘဲ ပြုံးလျက်သာ သူမကို ကုန်တိုက်အတွင်းသို့ တိတ်ဆိတ်စွာ ခေါ်ဆောင်သွားခဲ့သည်။
တစ်ခါတစ်ရံတွင် စကားလုံးပေါင်း ထောင်သောင်းချီ ပြောနေခြင်းထက် ကိုယ်တိုင် မျက်မြင်တွေ့ရှိရခြင်းက ပို၍ ထိရောက်သည် မဟုတ်ပါလော။
ကုန်တိုက်၏ ပလတ်စတစ်လိုက်ကာများကို တွန်းဖွင့်လိုက်ပြီးနောက် လင်းဖန်နှင့် လုံယွဲ့တို့သည် ကုန်တိုက်အတွင်းသို့ အတူတူ ဝင်ရောက်ခဲ့ကြသည်။
ကုန်တိုက်အတွင်းတွင် မီးရောင်များမှာ အလွန်တောက်ပနေပြီး လင်းထိန်နေသော မီးရောင်များမှာ နေရာအနှံ့အပြားကို နေ့ခင်းဘက်ကဲ့သို့ ထွန်းလင်းစေလျက်ရှိသည် ။
ဖောက်သည်များမှာ ဆိုင်အသီးသီးကြားတွင် လှုပ်ရှားသွားလာနေကြပြီး ဖောက်ထွင်းမြင်ရသော ဖန်သားအရောင်းပြခန်းများအတွင်းရှိ ကုန်ပစ္စည်းမျိုးစုံမှာလည်း မီးရောင်အောက်တွင် တလက်လက် တောက်ပနေ၏။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လုံယွဲ့မှာ မင်သက်ကာ ကြောင်ရပ်နေမိတော့သည်။
သူမသည် အင်မော်တယ်နယ်မြေရှိ ဈေးတန်းများနှင့် သာမန်လူသားလောကရှိ စည်ကားသော မြို့ပြများကို မမြင်ဖူးသည်တော့ မဟုတ်ပေ။ ၎င်းတို့မှာလည်း စည်ကားပြီး ခန့်ညားထည်ဝါကြသည်ပင်။ သို့ရာတွင် ယခု မြင်တွေ့နေရသည့် စည်ကားမှုမှာတော့ လုံးဝ ကွဲပြားခြားနားလှပြီး သူမ၏ မျက်စိရှေ့တွင် ရွှေရောင်လွှမ်းသော ခေတ်မီစည်ကားမှုကြီး တစ်ခုအဖြစ် ပေါ်ထွက်နေခြင်း ဖြစ်၏ ။
'ပြီးတော့ . . . ဒါက ဒီကမ္ဘာမှာရှိတဲ့ မရေမတွက်နိုင်တဲ့ ကုန်တိုက်တွေထဲက တစ်ခုတဲ့လား ..'