အခန်း (၂၃-၂၄)
Vol. 3 Ch. 23-24
Chapter 23+24
~
အခန်း ၂၃+၂၄ : ဧကရီ ၏ ပထမဆုံးသော ဈေးဝယ်ထွက်ခြင်း
~
"နတ်ဆိုးအရှင်.. နတ်ဆိုးအရှင် .. ဒါက ဘာလဲ.."
"ဒါက လေပူကြော်စက် လေ..အစားအသောက်တွေ ချက်ပြုတ်ဖို့ သုံးတာ..အစားအစာကို အထဲထည့်လိုက်ရုံနဲ့ ကျက်သွားတဲ့အထိ အပူပေးပေးလိမ့်မယ်.."
"ဒီဧကရီ နားလည်ပြီ.. ဒါက ဆေးဖော်စပ်တဲ့ မီးဖို နဲ့ ဆင်တူတဲ့ မှော်ရတနာမျိုးလား.."
"အဲ . . . အဲ့လိုမျိုးပေါ့.."
"နတ်ဆိုးအရှင်.. ဒါကရော ဘာလဲ.."
"အဲ့ဒါက ရေခဲသေတ္တာလေ.. အိမ်မှာလည်း တစ်လုံးရှိတယ်..ဒါပေမဲ့ အရွယ်အစားနဲ့ ပုံစံကတော့ မတူဘူး.. အစားအသောက်တွေကို အေးခဲထားဖို့နဲ့ ဟင်းသီးဟင်းရွက်တွေကို လတ်ဆတ်အောင် ထားဖို့ သုံးတာ.."
"ဪ.. သူတို့မှာ အပူပေးတဲ့ မှော်ရတနာတွေတင်မကဘဲ အအေးပေးတဲ့ အရာတွေလည်း ရှိတာပဲ.."
"ဒီကမ္ဘာက သာမန်လူသားတွေကို တကယ်ပဲ အထင်သေးလို့ မရဘူး.."
" . . ."
ကုန်တိုက်အတွင်း၌ လုံယွဲ့သည် မြို့ပေါ်သို့ ပထမဆုံးအကြိမ် ရောက်ဖူးသည့် တောသူမလေးတစ်ဦးကဲ့သို့ပင် သူမ၏ အကြည့်များမှာ ကုန်တိုက်၏ ထောင့်တိုင်းကို စပ်စုစွာ ကြည့်ရှုနေသည်။ ထူးခြားပြီး မမြင်ဖူးသည့် အရာတစ်ခုခုကို တွေ့တိုင်း သူမသည် သိလိုစိတ်ပြင်းပြနေသော ကလေးငယ်တစ်ဦးကဲ့သို့ လင်းဖန်ကို မေးမြန်းနေတော့သည်။
လမ်းသွားလမ်းလာများမှာ သူမ၏ အပြစ်ကင်းစင်ပြီး စပ်စုတတ်သော အသွင်အပြင်ကြောင့် ဆွဲဆောင်ခြင်း ခံရကာ လှည့်ကြည့်မိကြသည် ။
"အဲ့ကောင်မလေးက ထူးထူးဆန်းဆန်းတွေ ပြောနေသလားလို့.."
"ငါလည်း ကြားတယ်.. ဒီဧကရီတို့ နတ်ဆိုးအရှင် တို့တဲ့..သူ ရှန်းရှ ဝတ္ထုတွေ အဖတ်များပြီး စိတ်ကူးယဉ်လောကထဲ ရောက်နေတာ ထင်တယ်.."
"ဒီလောကမှာ လေပူကြော်စက်နဲ့ ရေခဲသေတ္တာကို မမြင်ဖူးတဲ့သူ တကယ်ရှိလို့လား.."
"သူက တောဘက်က လာတဲ့ မိန်းကလေးလား.."
"မဖြစ်နိုင်တာ.. တောင်ပေါ်မှာ နေတဲ့ ငါ့အဖွားတောင် ရေခဲသေတ္တာ ရှိသေးတာပဲ.."
"ဟားဟားဟား.. သူက ဂြိုဟ်သား ဖြစ်နေမလားပဲ.."
" . . ."
လူအုပ်၏ တိုးတိုးတိတ်တိတ် ပြောဆိုသံများကြားတွင် ကုန်တိုက်အတွင်းရှိ လူများစွာမှာ သူတို့ထံသို့ အကြည့်များ ပို၍ ရောက်ရှိလာကြသည်။
လုံယွဲ့ကတော့ ထိုအရာများကို ဂရုမစိုက်ဘဲ ကုန်တိုက်၏ ထောင့်တိုင်းကို ဟိုကြည့်ဒီကြည့်ဖြင့် လျှောက်ကြည့်နေ၏။
ဘေးပတ်ဝန်းကျင်မှ စူးစမ်းသော အကြည့်များကို ခံစားမိသဖြင့် လင်းဖန်သည် သူမ၏ ဘေးနားသို့ လျှောက်သွားကာ တိုးတိုးလေး သတိပေးလိုက်သည်။
"လုံယွဲ့.. ငါတို့ အပြင်ထွက်တဲ့အခါ မင်းကိုယ်မင်း ဒီဧကရီ လို့ မသုံးနှုန်းတာ အကောင်းဆုံးပဲ.."
"ပြီးတော့ ငါ့ကိုလည်း နတ်ဆိုးအရှင် လို့ မခေါ်နဲ့တော့.. လင်းဖန် လို့ပဲ ခေါ်.."
"ဘာလို့လဲ .. ငါက ကျိရှန်း ကောင်းကင်နန်းတော် ရဲ့ ဧကရီပဲ.. ငါ့ကိုယ်ငါ ဒီဧကရီ လို့ အမြဲ သုံးခဲ့တာ.. အဲ့ဒါ ဘာဖြစ်လို့လဲ.."
လုံယွဲ့၏ မျက်ခုံးလေးများ တွန့်ကွေးသွားပြီး သူမ၏ မျက်နှာတွင် ဇဝေဇဝါ ဖြစ်သွားသည့် အမူအရာ ပေါ်လာ၏။
လင်းဖန်က သူမကို ဆွံ့အစွာ ကြည့်လိုက်ပြီး ဘေးပတ်ဝန်းကျင်က လူအုပ်ကို အကြည့်ဖြင့် ညွှန်ပြကာ ဆက်လက် ရှင်းပြလိုက်သည်။
"ဒီကမ္ဘာမှာ အင်မော်တယ်နန်းတော်က ဧကရီတွေရော.. နတ်ဆိုးလောကက အရှင်သခင်တွေရော မရှိဘူး . . ."
"မင်းက မင်းကိုယ်မင်း ဒီဧကရီ လို့ သုံးတာဖြစ်ဖြစ်.. ငါ့ကို နတ်ဆိုးအရှင် လို့ ခေါ်တာဖြစ်ဖြစ် တခြားလူတွေ မျက်စိထဲမှာ အရမ်း ထူးဆန်းနေပြီး အာရုံစိုက်ခံနေရလိမ့်မယ်.."
"တကယ်လို့ ငါတို့က ရှန်းမိုတိုက်ကြီး က လာတာမှန်း လူတွေ သိသွားရင် ပြဿနာတွေ ရှုပ်သွားနိုင်တယ်.."
"အမှန်အတိုင်း ပြောရရင် ဒီကမ္ဘာက လူတွေက အင်မော်တယ်တွေအပေါ်မှာ စပ်စုချင်စိတ် အပြည့်ပဲ ဧကရီရဲ့.. မင်းရဲ့ ကျင့်ကြံခြင်း စွမ်းအားတွေ လက်ရှိမှာ ဆုံးရှုံးနေတာကို တခြားလူတွေ သိသွားစေချင်မှာ မဟုတ်ဘူး မလား.."
လုံယွဲ့ .. " . . ."
လုံယွဲ့သည် ဘေးပတ်ဝန်းကျင်မှ လူအုပ်၏ စူးရဲသော အကြည့်များကို ကြည့်ရင်း စဉ်းစားလိုက်ပြီးနောက် နောက်ဆုံးတွင် အသာတကြည် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ . . . ဒီဧကရီ . . . အဟမ်း..အဟမ်း အခုတော့ နင့်စကားကို နားထောင်ပေးမယ်.. နတ်ဆိုး . . . မဟုတ်ဘူး.. လင်းဖန် . . ."
နှစ်ပေါင်းထောင်ချီ၍ သူမကိုယ်သူမ ဒီဧကရီ ဟု အမြဲ သုံးနှုန်းခဲ့သဖြင့် ယခုကဲ့သို့ အလေ့အကျင့်ကို ရုတ်တရက် ပြောင်းလဲလိုက်ရသည်မှာ အလွန်ပင် အသားမကျ ဖြစ်နေ၏။
အထူးသဖြင့် နတ်ဆိုးအရှင်ကို သူ၏ အမည်ရင်းဖြင့် ခေါ်ရခြင်းမှာ သူမ၏ စိတ်ထဲတွင် ဖော်ပြရခက်သည့် ထူးဆန်းမှုတစ်ခုကို ခံစားနေရသည်။
သူ့ကို နတ်ဆိုးအရှင် ဟု ခေါ်ခြင်းနှင့် လင်းဖန် ဟု ခေါ်ခြင်းမှာ လုံးဝ ကွဲပြားသော ခံစားချက်နှစ်မျိုး ဖြစ်နေသည်။
"ဒါပေါ့ လုံယွဲ့ ရဲ့ .."
လင်းဖန်က သဘောကျစွာ ခေါင်းညိတ်လိုက်ပြီး လုံယွဲ့၏ အမည်ကို နူးညံ့စွာ ခေါ်ဆိုလိုက်သည်။
လုံယွဲ့က လင်းဖန်ကို မကျေမနပ် မျက်စောင်းထိုးလိုက်၏။
နတ်ဆိုးအရှင်ထံမှ သူမ၏ အမည်ကို တိုက်ရိုက် ခေါ်ဆိုခံရခြင်းမှာ သူမ၏ စိတ်ထဲတွင် အသားမကျလှပေ။
ငယ်စဉ်ကတည်းက သူမအား ဧကရီ နှင့် ဧကရီအရှင်မဟုသာ ခေါ်ဆိုခံခဲ့ရပြီး တစ်စုံတစ်ယောက်က သူမ၏ အမည်ရင်းဖြင့် ခေါ်သည်မှာ ဤသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည် ။
သူတို့နှစ်ဦး လျှောက်သွားကြရင်း မသိလိုက်မသိဘာသာပင် ကုန်တိုက်၏ မုန့်ပဲသရေစာ အရောင်းနေရာသို့ ရောက်ရှိလာခဲ့သည်။
စင်ပေါ်ရှိ စုံလင်လှသော မုန့်များကို ကြည့်ရင်း လုံယွဲ့မှာ ဝင်္ကပါထဲ ရောက်နေသကဲ့သို့ ဘာဝယ်ရမှန်း မသိဖြစ်နေ၏။
"ပစ္စည်းတွေ အများကြီးပဲ..နတ်ဆိုး . . . လင်းဖန်.. ဒါတွေက ဘာတွေလဲ .."
"ဒါတွေ အကုန်လုံးက မုန့်ပဲသရေစာတွေလေ.."
"ဝိညာဉ်ကျောက်တုံးတွေလား . ကျင့်ကြံခြင်းအတွက် သုံးတဲ့ ဝိညာဉ်ကျောက်တုံးတွေလား.."
လုံယွဲ့၏ မျက်နှာမှာ ပျော်ရွှင်မှုများဖြင့် လင်းလက်သွားပြီး သူမ၏ စိတ်လှုပ်ရှားမှုကို မနည်း ထိန်းထားရသည်။
လင်းဖန်က သူမကို တုံးလှချည်လော ဆိုသည့် အမူအရာဖြင့် လှည့်ကြည့်လိုက်၏။
"ဒါတွေက အဆင့်ဆင့် ပြုပြင်ထားတဲ့ အစားအစာတွေပါ.. ကျင့်ကြံခြင်းအတွက် သုံးတဲ့ ဝိညာဉ်ကျောက်တုံးတွေ မဟုတ်ဘူး.."
"ဪ.. စားစရာတွေပေါ့ . . ."
"ဒါပေမဲ့ အရမ်းကို များလွန်းတယ်.."
လုံယွဲ့၏ မျက်နှာပေါ်မှ ပျော်ရွှင်မှုမှာ စိတ်ပျက်မှုအဖြစ် ပြောင်းလဲသွားသော်လည်း သူမရှေ့ရှိ မုန့်အမျိုးမျိုးကို မြင်ကာ အံ့သြနေမိဆဲ ဖြစ်သည်။
ပတ်ပတ်လည်ကို ကြည့်လိုက်လျှင် အစားအသောက် အရေအတွက်မှာ အနည်းဆုံး ရာနှင့်ချီ၍ ရှိနေပေလိမ့်မည် ။
"ဒါက နည်းသေးတယ်လို့ ပြောလို့ရတယ်.."
"ငါလည်း မုန့်မစားရတာ ကြာပြီဆိုတော့ အိမ်ပြန်ရင် စားဖို့ မုန့်နည်းနည်း ဝယ်သွားမယ်.."
လင်းဖန်သည် စင်ဆီသို့ လျှောက်သွားကာ အာလူးကြော်ထုပ် အချို့ကို ကောက်ယူလိုက်ပြီး လုံယွဲ့ကို လှည့်ပြောလိုက်သည်။
"မင်း စားချင်တာ တစ်ခုခုရှိရင် အားမနာနဲ့..ယူလိုက်.."
လုံယွဲ့သည် သူမဘေးရှိ အာလူးကြော်ထုပ် တစ်ထုပ်ကို ကောက်ကိုင်လိုက်ပြီးနောက် မုန့်ရွေးနေသူ အများစုမှာ ကလေးများ ဖြစ်နေသည်ကို မြင်သောအခါ တုံ့ဆိုင်းသွားပြီး အာလူးကြော်ထုပ်ကို မူလနေရာသို့ ပြန်ထားလိုက်သည်။
"မုန့်တွေဆိုတာ သာမန်လူသား ကလေးတွေ စားဖို့ပဲ.. ငါက ကလေးမဟုတ်ဘူး..ဒါကြောင့် စိတ်မဝင်စားဘူး.."
"မုန့်စားဖို့အတွက် အသက်အရွယ် ကန့်သတ်ချက် မရှိပါဘူး.."
လင်းဖန်က ပြန်လည် ချေပလိုက်သည်။
"ဒါပေမဲ့လည်း ဒီလို ကလေးဆန်တဲ့ မုန့်တွေကို ငါ ကြိုက်မှာ မဟုတ်ဘူး.."
လုံယွဲ့မှာ အမူအရာ ပြောင်းလဲခြင်း မရှိဘဲ သူမ၏ အမူအရာမှာ ခိုင်မာနေဆဲ ဖြစ်သည်။
အင်မော်တယ်နယ်မြေ၏ ဧကရီမင်းတစ်ပါးအနေဖြင့် ကလေးတစ်ယောက်လို မုန့်တွေ စားနေမည်ဆိုလျှင် အင်မော်တယ်နယ်မြေ၏ ပုံရိပ်ကို ထိခိုက်ပေလိမ့်မည် ။
'သာမန်လူသားတွေရဲ့ မုန့်တွေက ငါ့လိုမြင့်မြတ်လှတဲ့ ဧကရီကို ဘယ်လိုလုပ် စွဲဆောင်နိုင်မှာလဲ..'
"ကိတ်မုန့်လေးတွေ ရပါပြီရှင် .. လတ်လတ်ဆတ်ဆတ် ဖုတ်ထားတဲ့ ကိတ်မုန့်လေးတွေကို အခမဲ့ မြည်းစမ်းကြည့်နိုင်ပါတယ်ရှင် .."
ထိုအချိန်တွင် ရှေ့ဘက်အကွေ့၌ အရောင်းဝန်ထမ်းတစ်ဦးသည် အခမဲ့ မြည်းစမ်းရန်အတွက် ကိတ်မုန့်များကို လှီးဖြတ်ကာ လမ်းသွားလမ်းလာ ဖောက်သည်များကို ဝေငှနေသည်။
လုံယွဲ့ ဖြတ်သွားသောအခါ ဝန်ထမ်းက သူမကို တစ်ဖဲ့ ကမ်းပေးလိုက်၏။
"မင်္ဂလာပါရှင် ..လတ်လတ်ဆတ်ဆတ် ဖုတ်ထားတဲ့ ကိတ်မုန့်လေး မြည်းကြည့်ဦးမလားရှင့်.."
"ကိတ်မုန့် .."
လုံယွဲ့သည် ရှေ့ရှိ ကိတ်မုန့်ကို ကြည့်လိုက်ပြီးနောက် ဇဝေဇဝါဖြင့် လင်းဖန်ကို လှည့်ကြည့်လိုက်ရာ သူကတော့ အရသာရှိရှိ စားနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
"အင်း .. အရသာ ရှိသားပဲ.."
" . . ."
လင်းဖန်၏ အရသာခံစားနေသော အမူအရာနှင့် သူမအား ကမ်းပေးထားသော ကိတ်မုန့်ကို ကြည့်ကာ လုံယွဲ့ တုံ့ဆိုင်းသွားသည်။ နောက်ဆုံးတွင်တော့ သူမသည် ကိတ်မုန့်ကို မဝံ့မရဲ ယူလိုက်ပြီး ဇွန်းလေးဖြင့် တစ်ဇွန်းခပ်ကာ ပါးစပ်ထဲ ထည့်လိုက်၏။
ကိတ်မုန့် ပါးစပ်ထဲ ရောက်သည်နှင့် နူးညံ့လှသော ခရင်မ်နှင့် ပေါင်မုန့်သားတို့မှာ လျှာပေါ်တွင် ချက်ချင်း အရည်ပျော်သွားပြီး နို့နံ့သင်းသင်းလေးမှာ ပါးစပ်တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
"အရမ်း . . . အရမ်း အရသာ ရှိတာပဲ .."
လုံယွဲ့၏ မျက်လုံးများမှာ လင်းလက်သွားပြီး သူမ၏လက်ထဲရှိ ကိတ်မုန့်ကို မယုံနိုင်စရာ ဖြစ်နေသည့်အလား စိုက်ကြည့်နေမိသည်။
ရှန်းမိုတိုက်ကြီးမှာတုန်းက သူမသည် ကမ္ဘာပေါ်ရှိ အစားအသောက်ပေါင်းစုံကို မြည်းစမ်းခဲ့ဖူးသော်လည်း ပထမဆုံး တစ်လုပ်စားလိုက်ရုံနှင့် ဤမျှ အံ့အားသင့်စရာကောင်းသော အရသာမျိုးကို တစ်ခါမျှ မခံစားခဲ့ဖူးပေ ။
အနံ့အရသာပေါင်းစုံ ပါဝင်သော ခေါက်ဆွဲခြောက်နှင့် မတူဘဲ ဤကိတ်မုန့်မှာ သူမကို နူးညံ့ပြီး မမေ့နိုင်စရာ အရသာမျိုး ပေးစွမ်းနေခြင်း ဖြစ်သည် ။
'ဒါက ရိုးရိုးပေါင်မုန့်လေးပဲ ဖြစ်ရမှာကို ဘယ်လိုလုပ်ပြီး ဒီလောက်အထိ နူးညံ့ပြီး အရသာရှိအောင် လုပ်ထားနိုင်ရတာလဲ..'
သူမအနေဖြင့် ဤကိတ်မုန့်ကို ခေါက်ဆွဲခြောက်ပြီးလျှင် သာမန်လူသားလောက၏ ဒုတိယမြောက် မြင့်မြတ်သော အစားအစာအဖြစ် သတ်မှတ်လိုက်တော့သည် ။
လုံယွဲ့၏ ကိတ်မုန့်ကို အားရပါးရ စားနေသော အမူအရာကို အနီးရှိ ဝန်ထမ်းက မြင်တွေ့သွားသဖြင့် အခွင့်ကောင်းယူကာ စတင် အရောင်းမြှင့်တင်တော့သည်။
"မင်္ဂလာပါရှင်.. အရသာ ရှိတယ် မဟုတ်လားရှင့်.. တစ်ခုလောက် ဝယ်သွားမလားရှင့်.."
"အခု လျှော့ဈေးလည်း ရှိပါတယ်..ကိတ်မုန့်တစ်လုံးကို တစ်ရာ့ရှစ်ဆယ်ပဲ ကျသင့်မှာပါရှင်.."
"အ . . ."
လုံယွဲ့၏ မျက်နှာတွင် အခက်တွေ့သွားသည့် အမူအရာ ပေါ်လာပြီး ဘာပြန်ပြောရမှန်း မသိဖြစ်နေ၏။
သူမ ထပ်စားချင်နေသည်မှာ အမှန်ပင်။ သို့ရာတွင် သူမ ရင်ဆိုင်နေရသော ရက်စက်သည့် လက်တွေ့ဘဝမှာ ...သူမတွင် ဝယ်စားစရာ ပိုက်ဆံ မရှိ ။
လုံယွဲ့ အခက်တွေ့နေစဉ်မှာပင် လင်းဖန်သည် သူမ၏ ဘေးသို့ ရုတ်တရက် လျှောက်လာကာ ဝန်ထမ်းအား ပြုံးပြလိုက်သည်။
"တစ်ခု ပေးပါ.."
"ဟုတ်ကဲ့ပါ.. ခဏလောက် စောင့်ပေးပါဦးရှင် .."
ဝန်ထမ်းက ပြုံးရွှင်စွာဖြင့် ကိတ်မုန့်ကို ချက်ချင်း စတင် ထုပ်ပိုးပေးတော့သည်။
လုံယွဲ့သည် သူမ၏ ဘေးရှိ လင်းဖန်ကို ကြည်လင်တောက်ပသော မျက်လုံးများဖြင့် ကြည့်ရင်း ရင်ထဲတွင် ခံစားချက်တစ်ခု တိုးဝင်လာ၏။ သူမ ခေါင်းငုံ့လိုက်ပြီး တိုးတိုးလေး ကျေးဇူးတင်လိုက်သည်။
"ကျေး . . . ကျေးဇူးတင်ပါတယ် . . ."
လင်းဖန်ကတော့ မသိသလို ဟန်ဆောင်ကာ နောက်ပြောင်လိုက်သည်။
"ဟမ်.. ဘာအတွက် ကျေးဇူးတင်တာလဲ.. စိတ်ကူးယဥ်မနေနဲ့.. ဒါက ငါစားဖို့ ဝယ်တာလေ.."
" . . . နင် . . . နင်.."
လုံယွဲ့၏ လှပသော မျက်နှာလေးမှာ ခရမ်းချဥ်သီး အမှည့်ကဲ့သို့ နီမြန်းသွားပြီး သူမ၏ လက်သီးလေးများကို ဆုပ်ကာ ရှက်ရှက်နှင့် ဒေါသထွက်နေတော့သည်။
"နင် . . . နင် သေလိုက်တော့.. နတ်ဆိုးအရှင်.."
' ငါကတော့ နတ်ဆိုးအရှင်က ငါ့အတွက် သီးသန့် ဝယ်ပေးတာ ထင်ပြီး အားနာသလိုလို ကျေးဇူးတင်သလိုလို ဖြစ်သွားတာကို.. ဒီလူယုတ်မာကတော့ ..ငါ အထင်လွဲနေတာလို့ ပြောရဲတယ်ပေါ့.. ငါ့ကိုများ စိတ်ကူးယဉ်တာ များသွားပြီတဲ့လား..'
' လူယုတ်မာ ငါ့ရဲ့ ကျေးဇူးတင်စကားကို ပြန်ပေးစမ်း..'