အခန်း (၂၇-၂၈)
Vol. 3 Ch. 27-28
Chapter 27+28
~
အခန်း ၂၇+၂၈ : ဧကရီမင်းသမီးနှင့်အတူ ဟင်းချက်ခြင်း
~
"ဘန်း.."
တံခါးပိတ်သွားသည်နှင့် လုံယွဲ့သည် ဆိုဖာပေါ်သို့ ဆားနယ်ထားသော ငါးတစ်ကောင်နှယ် ပစ်လှဲချလိုက်ပြီး လက်တစ်ချောင်းမျှပင် မလှုပ်ချင်လောက်အောင် ပင်ပန်းနွမ်းနယ်နေတော့သည်။
သူမ၏ တစ်သက်တာတွင် မြေပြင်ပေါ်၌ ဤမျှခြေလှမ်းများစွာ တစ်ခါမျှ မလျှောက်ဖူးခဲ့ပေ။ တစ်နေကုန် ဈေးဝယ်ထွက်ပြီးနောက်တွင် သူမ၏ ခြေဖဝါးများမှာ အလွန်အမင်း နာကျင်ကိုက်ခဲနေ၏။
သာမန်လူသားတစ်ယောက်၏ ခန္ဓာကိုယ်မှာ ဤမျှနုနယ်လှသည်ဟု သူမ ထင်မထားမိခဲ့ချေ ။
ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုအပြင် စိတ်ပိုင်းဆိုင်ရာအရလည်း နွမ်းဖတ်နေလေပြီ။
ကုန်တိုက်တွင် ရောက်လေရာရာ၌ နတ်ဆိုးအရှင်နှင့် ချစ်သူများအဖြစ် အထင်လွဲခံရရုံတင်မကဘဲ အတွင်းခံဆိုင်တွင်လည်း ထူးဆန်းသော အတွင်းခံမျိုးစုံကို အတင်းအကျပ် စမ်းဝတ်ကြည့်ခဲ့ရသေးသည်။
ခုထိတိုင် သူမ၏ ကိုယ်ခန္ဓာကို စူးစိုက်ကြည့်နေသော အရောင်းဝန်ထမ်း အမျိုးသမီး၏ မျက်လုံးများကို သူမ မေ့မရနိုင်သေးပေ။ ပို၍ ဆိုးသည်က ထိုအမျိုးသမီးသည် တစ်ခါတစ်ရံ သူမကို လှမ်းကိုင်ကြည့်ရင်း "ကျွန်မက လိင်တူချင်း စိတ်ဝင်စားတာ မဟုတ်ပါဘူးနော်၊ မမက အရမ်းလှလွန်းလို့ ကြည့်နေမိတာပါ . . ." ဟု တတွတ်တွတ် ပြောနေခဲ့ခြင်းပင်။
နောက်ဆုံးတွင်တော့ သူမ အတွင်းခံ အစုံအချို့ကို အမြန်ရွေးကာ ထိုဆိုင်မှ အမြန်ဆုံး ထွက်ပြေးလာခဲ့ရသည်။
"ဟားဟားဟား..တစ်နေကုန် လမ်းလျှောက်လိုက်ရတော့ အင်မော်တယ်နယ်မြေရဲ့ ဧကရီလည်း တကယ် ပင်ပန်းသွားတဲ့ပုံပဲ.."
လုံယွဲ့သည် ဆိုဖာပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေပြီး သူမ၏ ပါးဖောင်းဖောင်းလေးများမှာ ဆိုဖာနှင့် ဖိကပ်ကာ အထက်သို့ ကြွတက်နေ၏။ ကြည့်ရသည်မှာ ချစ်စရာကောင်းသလို အားကိုးရာမဲ့နေသည့် အမူအရာမျိုးလည်း ဖြစ်နေသဖြင့် လင်းဖန်မှာ မနေနိုင်ဘဲ ရယ်မောလိုက်မိသည်။
လုံယွဲ့က လင်းဖန်ကို မကျေမနပ် တစ်ချက် လှည့်ကြည့်လိုက်သော်လည်း စကားပြန်ပြောရန်ပင် အင်အားမရှိတော့။
"ကိတ်မုန့်ကိုတော့ ရေခဲသေတ္တာထဲ ခဏ ထည့်ထားလိုက်မယ်..ခိုးမစားနဲ့နော်. ညစာစားပြီးမှ စားရမှာ.."
လင်းဖန်က ကိတ်မုန့်ကို ရေခဲသေတ္တာထဲ ထည့်ရင်း လုံယွဲ့ကို အထူးတလည် သတိပေးလိုက်ပြီးနောက် ဝယ်လာသော စားသောက်ကုန်များကို မီးဖိုချောင်ထဲသို့ သယ်သွားခဲ့သည်။
"ငါက ခိုးစားမယ့်သူ မဟုတ်ပါဘူး.."
မီးဖိုချောင်ထဲ ဝင်သွားသော လင်းဖန်၏ ကျောပြင်ကို ကြည့်ကာ လုံယွဲ့က မကျေမနပ်ဖြင့် ပြန်အော်လိုက်၏။
' ဟမ့်..ဘာပဲဖြစ်ဖြစ် ငါက အင်မော်တယ်နယ်မြေရဲ့ ဧကရီပဲလေ..ဘယ်လောက်ပဲ စားချင်နေပါစေ အစားအသောက် ခိုးစားတာမျိုးလို အရှက်သိက္ခာမဲ့တဲ့ အလုပ်မျိုးကိုတော့ ငါ ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး..'
'ဒီ လူယုတ်မာ နတ်ဆိုးအရှင်က ငါ့ရဲ့ မြင့်မြတ်တဲ့ သိက္ခာကိုတောင် သံသယဝင်ရဲတယ်ပေါ့လေ..'
မီးဖိုချောင်အတွင်း၌ လင်းဖန်သည် စားသောက်ကုန်များကို ကျွမ်းကျင်စွာ ကိုင်တွယ်ရင်း မီးဖိုနှစ်ခုလုံးပေါ်တွင် တစ်ပြိုက်နက် ချက်ပြုတ်နေသည်။
မီးဖိုချောင်ထဲမှ ထွက်ပေါ်လာသော အသံများကို ကြားရသောအခါ လုံယွဲ့သည် စပ်စုချင်စိတ်ဖြင့် ထလာပြီး အတွင်းသို့ လျှောက်ဝင်သွားခဲ့၏။
"နတ်ဆိုးအရှင်.. နင်က ဟင်းချက်တတ်တာလား.."
"ဟုတ်တယ်..ငါ့ဘာသာငါ အမြဲ ချက်စားခဲ့တဲ့ အချိန်တွေ ရှိခဲ့တယ်လေ.."
လင်းဖန်က အသားများကို လှီးဖြတ်ရင်း တည်ငြိမ်စွာ ရှင်းပြလိုက်သည်။
သူ နတ်ဆိုးလောကသို့ မရောက်ရှိမီ ကျောင်းပြီးစအချိန်က ကိုယ်ပိုင်အိမ်ဝယ်ရန် ပိုက်ဆံစုသည့်အနေဖြင့် သူသည် အမြဲတမ်း ကိုယ်တိုင်ချက်ပြုတ် စားသောက်ခဲ့သည်။
ယခု ရာစုနှစ်ပေါင်းများစွာ ကြာပြီးနောက်မှ မီးဖိုချောင်ထဲသို့ ပြန်လည်ဝင်ရောက်ခွင့်ရသည်မှာ သူ့အတွက် ရှားပါးလှသော အခွင့်အရေးတစ်ခုပင်။
လုံယွဲ့၏ မျက်နှာတွင် အံ့အားသင့်သည့် အရိပ်အယောင်များ ပေါ်လာ၏။
ကြောက်စရာကောင်းလှသော နတ်ဆိုးလောက၏ အရှင်သခင်က သာမန်လူသားတစ်ယောက်လို ကိုယ်တိုင် ဟင်းချက်စားခဲ့သည်လော ။
ဤသည်က သူမ ထင်မှတ်ထားခဲ့သည့် နတ်ဆိုးအရှင်၏ ပုံစံနှသ့် လုံးဝ ကွဲပြားနေသည် ။
"အကူ . . . အကူအညီ လိုလား.."
အလုပ်များနေသော လင်းဖန်၏ ပုံစံကို ကြည့်ကာ လုံယွဲ့က တုံ့ဆိုင်းပြီးမှ မေးလိုက်၏။
လင်းဖန်သည် သူ၏ ဓားကို ခဏရပ်လိုက်ပြီး သူမကို အံ့အားသင့်စွာ လှည့်ကြည့်လိုက်သည်။
" ဧကရီက တကယ်ပဲ ကူညီချင်လို့လား.."
လုံယွဲ့၏ လှပသော မျက်နှာလေးမှာ နီမြန်းသွားကာ ..
"ဒီဧကရီက နင့်ရဲ့ ကျေးဇူးကို အလကား မယူချင်လို့ပါ နတ်ဆိုးအရှင်.."
ထိုစကားကို ကြားသောအခါ လင်းဖန်က လက်ညှိုးဖြင့် ဇလုံထဲတွင် စိမ်ထားသော ဟင်းသီးဟင်းရွက်များကို ညွှန်ပြလိုက်၏။
"ဒါဆိုရင်တော့ ဧကရီကို ဒီဟင်းသီးဟင်းရွက်လေးတွေ ဆေးပေးဖို့ အကူအညီ တောင်းရမှာပဲ..ဧကရီအတွက်တော့ ဒါက ပြဿနာ မရှိဘူး မလား.."
"ဟွန့်..ဟင်းသီးဟင်းရွက် ဆေးတာပဲဟာ . ဒီဧကရီကို အထင်မသေးနဲ့.."
လုံယွဲ့က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး သူမ၏ အင်္ကျီလက်များကို ယုံကြည်မှုအပြည့်ဖြင့် လိပ်တင်ကာ ဘေစင်ဆီသို့ လျှောက်သွားခဲ့သည်။
မကြာမီမှာပင် သူမသည် ဆေးကြောပြီးသား ဟင်းရွက်များကို မြှောက်ပြကာ လင်းဖန်အား ဂုဏ်ယူဟန်ဖြင့် ပြသလိုက်၏။
"ကြည့်စမ်း..ဒီဧကရီ ဆေးပြီးပြီ.. ဒါက ဘာမှ မခက်ပါဘူး.."
လင်းဖန်က ဘာမှ ပြန်မပြောဘဲ သူမလက်ထဲရှိ ဟင်းရွက်များထဲမှ တစ်ရိုးကို ဆွဲထုတ်လိုက်ကာ အရိုးနှင့် အရွက်ကြားက အကြိုအကြားများကို စမ်းသပ်လိုက်ရာ သူ၏ လက်ထိပ်တွင် သဲမှုန်အချို့ ကပ်ပါလာခဲ့သည်။
"ဧကရီ.. ဟင်းရွက်ဆေးတာမှာလည်း နည်းစနစ် ရှိတယ်.. အရွက်တွေကိုပဲ ဆေးလို့ မရဘူး..အရိုးတွေနဲ့ အကြိုအကြားတွေမှာ ရှိနေတဲ့ မြေကြီးတွေ..သဲတွေကို သေသေချာချာ စင်အောင် ဆေးရမှာ.."
"ပြီးတော့ တစ်ခါတည်း ဆေးတာနဲ့တင် မလုံလောက်ဘူး.. အနည်းဆုံး နှစ်ခါလောက်တော့ ဆေးရမယ်.."
အင်မော်တယ်နယ်မြေ၏ ဧကရီဖြစ်သည့် လုံယွဲ့သည် မီးဖိုချောင်အလုပ်ကို တစ်ခါမျှ လက်ဖျားနှင့်ပင် မထိဖူးသဖြင့် သူမအနေနှသ့် ဟင်းရွက်၏ အပေါ်ယံကိုသာ ဆေးလိမ့်မည်ဟု သူ ကြိုတင် ခန့်မှန်းထားပြီးသား ဖြစ်သည်။
"ဒီဧကရီက မေ့သွားလို့ပါ.. အခု ချက်ချင်းပဲ ပြောင်အောင် ပြန်ဆေးပြမယ် ကြည့်နေ.."
လုံယွဲ့မှာ အရှက်ရသွားသဖြင့် မကျေမနပ်ဖြင့် ဟင်းရွက်များကို ဇလုံထဲ ပြန်ထည့်ကာ ပြန်လည် ဆေးကြောတော့သည်။
လင်းဖန်က အသာ ပြုံးလိုက်ပြီး မီးကို မြှင့်ကာ ဒယ်အိုးကို စတင် မွှေနှောက်လိုက်၏။
ဒယ်အိုးထဲမှ အသံများနှင့်အတူ ဟင်းနံ့များမှာ မီးဖိုချောင်အတွင်း တဖြည်းဖြည်း လွှမ်းခြုံလာသည်။ လင်းဖန်က ချက်ပြုတ်ခြင်းကို တာဝန်ယူပြီး လုံယွဲ့ကတော့ သူ၏ ညွှန်ကြားမှုအောက်တွင် လိုအပ်သော ဟင်းခတ်အမွှေးအကြိုင်များကို လှမ်းပေးရသည်။
"ပဲငံပြာရည်.."
"ပဲ . . . ပဲငံပြာရည်.. ဘယ်ဟာက ပဲငံပြာရည်လဲ . . ."
"ပုလင်းအမည်းလေ.."
"ဪ . . ."
"ဒါက ပဲငံပြာရည် အနောက်လေ.. ဧကရီရဲ့.."
" . . ."
"ဆား.."
"အဲ . . . ဆားကိုတော့ ဒီဧကရီ သိပါတယ်..ဒါပဲ ဖြစ်ရမယ်.."
"ဧကရီ..ဒါက သကြားလေ.. သကြား.. ဆားက ငန်တယ်.. ငန်.. တယ်.."
"ဪ . . ."
မကြာမီမှာပင် သူတို့နှစ်ဦး၏ အနည်းငယ် ကယောက်ကယက် ဖြစ်နေသော ပူးပေါင်းမှုကြောင့် ဟင်းသုံးမျိုးနှင့် ဟင်းရည်တစ်မျိုးမှာ ထမင်းစားပွဲပေါ်သို့ ရောက်ရှိလာခဲ့သည်။
စားပွဲပေါ်ရှိ အရောင်အသွေး စုံလင်ပြီး မွှေးကြိုင်လှသော ဟင်းလျာများကို ကြည့်ကာ လုံယွဲ့၏ ရင်ထဲတွင် ဖော်ပြမပြတတ်သော ဂုဏ်ယူမှုတစ်ခု ဖြစ်ပေါ်လာ၏။
သူမ မီးဖိုချောင်တွင် လက်ထောက်အဖြစ်သာ ကူညီခဲ့ရသော်လည်း ဤသည်မှာ သူမ၏ တစ်သက်တာတွင် ပထမဆုံးအကြိမ်အဖြစ် ဟင်းချက်ရာ၌ ပါဝင်ခဲ့ခြင်း ဖြစ်သည် မဟုတ်ပါလော။
'ငါလေးက တကယ်ကို တော်တာပဲ..'
"မြည်းကြည့်ဦး.."
လင်းဖန်က ထမင်းတစ်ပန်းကန် ခပ်ပေးကာ လုံယွဲ့အား ကမ်းပေးလိုက်ပြီးနောက် သူ၏ တူဖြင့် အသားတစ်ဖဲ့ကို သူမ၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်၏။
လုံယွဲ့သည် အသားကို ပါးစပ်ထဲသို့ အားရပါးရ ထည့်လိုက်ပြီးနောက် ထမင်းကို နှစ်လုပ်ခန့် ကမန်းကတန်း စားလိုက်ရာ သူမ၏ လှပသော မျက်နှာလေးမှာ နေကြာပန်းလေးတစ်ပွင့်ကဲ့သို့ တောက်ပသော အပြုံးများဖြင့် ဝေဆာသွားတော့သည်။
သူမ တစ်နေကုန် ဗိုက်ဆာနေခဲ့ခြင်းဖြစ်ရာ ထမင်းတစ်နပ်ကို ဝဝလင်လင် စားရခြင်းမှာ မည်မျှ ပျော်ရွှင်စရာကောင်းပြီး ကျေနပ်စရာကောင်းသည်ကို ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်းပင်။
ထမင်းစားပွဲတွင် သူတို့နှစ်ဦး မျက်နှာချင်းဆိုင် ထိုင်ကာ ပုဂံ၊ တူ အသံများမှအပ တိတ်ဆိတ်စွာ စားသောက်နေကြသည်။
ညစာ စားပြီးနောက်တွင် လင်းဖန်က မီးဖိုချောင်တွင် ပုဂံဆေးနေပြီး လုံယွဲ့ကတော့ ဆိုဖာပေါ်တွင် ထိုင်ကာ အားရပါးရ ကိတ်မုန့် စားနေ၏။
"နတ်ဆိုးအရှင်..ဒီဧကရီ နင့်ကို မေးချင်နေတာ ကြာပြီ.. နင်က ဘာလို့ ဒီကမ္ဘာအကြောင်းကို ဒီလောက်အထိ အများကြီး သိနေရတာလဲ.."
ကိတ်မုန့် အကြီးကြီး တစ်ဖဲ့ကို ပါးစပ်ထဲ ထည့်ပြီးနောက် လုံယွဲ့က မီးဖိုချောင်ရှိ လင်းဖန်ကို ကြည့်ကာ မေးလိုက်သည်။
သူမ စဉ်းစားရခက်နေသည်မှာ ကြာပြီ ဖြစ်သည်။ သူတို့နှစ်ဦးလုံးက တစ်ပြိုင်နက်တည်း ဤလောကသို့ မတော်တဆ ရောက်လာကြခြင်း ဖြစ်သော်လည်း သူမက ဘာမှ မသိဘဲ နတ်ဆိုးအရှင်ကတော့ ဒီကမ္ဘာအကြောင်းကို အကုန်သိနေရုံတင်မကဘဲ နေစရာ နေရာပင် ရှိနေသေး၏။
ကုန်တိုက်တွင် သူမ ဘာမေးမေး သူက အကုန်ဖြေနိုင်သည်မှာ ဤကမ္ဘာသို့ ပထမဆုံးအကြိမ် ရောက်ဖူးသူနှင့်ပင် မတူပါချေ ။
"ဘာလို့လဲဆိုတော့ ဒီနေရာက ငါ့ရဲ့ ပထမဆုံး အိမ်ဖြစ်ခဲ့လို့ပေါ့.."
လင်းဖန်က ပန်းကန်ဆေးရင်း ပေါ့ပေါ့ပါးပါးပင် ရှင်းပြလိုက်သည်။
"ဘာ . . . "
လုံယွဲ့၏ အမူအရာမှာ ထိတ်လန့်သွားပြီး သူမလက်ထဲမှ ကိတ်မုန့်ပင် မတော်တဆ ပြုတ်ကျသွားခဲ့သည်။
"နတ်ဆိုးအရှင်.. နင်က ဒီမှာ မွေးတာလား.."
"ဟုတ်တယ်လေ..ဘာဖြစ်လို့လဲ.."
လင်းဖန်သည် လုံယွဲ့၏ ပြင်းထန်လှသော တုံ့ပြန်မှုကြောင့် ဇဝေဇဝါ ဖြစ်သွားရသည်။
"ဖြစ်တာပေါ့.."
လုံယွဲ့သည် ဆိုဖာပေါ်မှ စိတ်လှုပ်ရှားစွာ ထရပ်လိုက်ပြီး သူမ၏ မျက်နှာတွင် စိုးရိမ်ထိတ်လန့်မှုများ ပေါ်ပေါက်လာ၏။
"ဒါက နင့်ရဲ့ ပထမဆုံးအိမ်ဆိုတော့ . . . ဒါဆိုရင် . . . ဒီမှာရှိတဲ့ လူတွေ အကုန်လုံးက တကယ်တော့ နတ်ဆိုးတွေပေါ့ ဟုတ်လား.."
လင်းဖန် .. " . . ."
လင်းဖန်က လုံယွဲ့ကို စိတ်ပျက်လက်ပျက်ဖြင့် မျက်စောင်းထိုးလိုက်ပြီး သူမ၏ ထူးဆန်းလှသော စိတ်ကူးယဉ်မှုများကို စကားဖြင့်ပင် ရှင်းမပြနိုင်တော့ချေ ။
"အင်မော်တယ်နယ်မြေရဲ့ ဧကရီအရှင်မ..မင်း အရမ်း တွေးလွန်းနေပြီ.. ဒီလူတွေ အကုန်လုံးက သာမန်လူသားတွေပါ.."
"သာမန်လူသားတွေ..ဒါပေမဲ့ နတ်ဆိုးအရှင် . . . နင်က . . . နတ်ဆိုးတစ်ယောက် မဟုတ်ဘူးလား.."
လုံယွဲ့ ခေတ္တမျှ ခေါင်းနားပန်းကြီးသွားရသည်။
ဤကမ္ဘာက နတ်ဆိုးအရှင်၏ ပထမဆုံးအိမ် ဖြစ်သော်လည်း ဤနေရာတွင် ဝိညာဉ်စွမ်းအား မရှိဘဲ လူများမှာလည်း သာမန်လူသားများသာ ဖြစ်နေသည်။
' ဒါဆိုရင် နတ်ဆိုးအရှင်ကလည်း . . . သာမန်လူသား ဖြစ်နေခဲ့တာလား..'
ထိုသည်ကို တွေးမိသည်နှင့် လုံယွဲ့၏ မျက်လုံးများမှာ ချက်ချင်း ပြူးကျယ်သွားပြီး လင်းဖန်ကို မယုံနိုင်စရာ ဖြစ်နေသည့်အလား ကြည့်လိုက်တော့သည်။
"နတ်ဆိုးအရှင် . . . နင်က တကယ်တော့ သာမန်လူသား တစ်ယောက်ပဲလား.."