← Chapters

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

Chapter 31+32

~

အခန်း ၃၁+၃၂ : နတ်သမီးတွေက အင်အင်း မပါဘူး...

~

​နောက်တစ်နေ့ မနက်ခင်း ။

​"ဟွားးး. . ."

​လင်းဖန်သည် အိပ်ရာမှ နိုးထလာပြီး လန်းဆန်းသွားစေရန် အိပ်ခန်းထဲမှ ရေချိုးခန်းသို့ လျှောက်လာခဲ့သည် ။ ဧည့်ခန်းကို ဖြတ်အသွားတွင် ဆိုဖာပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေသော လုံယွဲ့ကို မြင်လိုက်ရသဖြင့် သူ လန့်သွား၏ ။

​"အာ.. ဧကရီ ..နိုးနေရင်လည်း အသံလေးဘာလေး ပေးဦးလေ .. သရဲတစ်ကောင်လို တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေတာ ကြောက်စရာကြီး.."

​"ဒီဧကရီတော့ သွားပြီ . . . အကုန်သွားပြီ . . ."

​လုံယွဲ့သည် လင်းဖန်ကို ဂရုမစိုက်ဘဲ ခေါင်းငုံ့ကာ သူမဘာသာ တိုးတိုးလေး ရေရွတ်နေလေ၏ ။ သူမ၏ ပုံစံမှာ အကြီးအကျယ် ရှုံးနိမ့်သွားသူတစ်ဦးနှင့် တူနေသည် ။

​လင်းဖန်သည် စိုးရိမ်တကြီးဖြင့် သူမအနားသို့ လျှောက်သွားလိုက်သည် ။

"ဘာဖြစ်တာလဲ.. ဘာတွေ ဖြစ်ခဲ့လို့လဲ.."

​မနေ့ညက ကိတ်မုန့်တစ်လုံးလုံးကို အားရပါးရ စားပြီးနောက်ပိုင်း သူမ၏ စိတ်အခြေအနေမှာ တော်တော်လေး ကောင်းမွန်နေခဲ့သည် ။ အခုကျမှ မည်သို့ ဖြစ်သွားပါသနည်း ။

​"ဝူးဝူးဝူး . . . ဒီဧကရီတော့ သွားပြီ ..သွားပြီ . . ."

​လုံယွဲ့သည် ရုတ်တရက် သူမ၏ မျက်နှာကို လက်နှင့်အုပ်ကာ ရှိုက်ကြီးတငင် ငိုကြွေးတော့သည် ။

​လင်းဖန် အံ့အားသင့်သွား၏ ။ အမြဲတမ်း အေးစက်ပြီး စိတ်ဓာတ်ကြံ့ခိုင်သော ဧကရီအရှင်မက ဤကဲ့သို့ ဖြစ်နေသည်ကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင် ။

​"ဟေး ..ဟေး ..ဟေး ..ဘာတွေ ဖြစ်နေတာလဲ ..ငိုပဲမငိုနေနဲ့လေ .. ဘာဖြစ်တာလဲ ရှင်းပြပါဦး.."

​"ဝူးဝူးဝူး . . . ဒီဧကရီ ... ဒီဧကရီ . . . ဒီဧကရီက မစင်ကြယ်တော့ဘူး..အီး.ဝူးဝူး.."

​လုံယွဲ့သည် လင်းဖန်၏ အင်္ကျီကော်လာကို ဆွဲကိုင်ကာ နှလုံးသားနာကျင်နေဟန်ဖြင့် အော်ဟစ်ငိုယိုနေတော့သည် ။

​"ဟမ်..ဘာလို့ မစင်ကြယ်ရတာလဲ ..ငါ မင်းကို ဘာမှ မလုပ်ရသေးပါဘူး.."

​လင်းဖန် ကြောင်တောင်တောင် ဖြစ်သွား၏ ။

​လုံယွဲ့က ခေါင်းမော့လိုက်ရာ သူမ၏ မျက်လုံးများ နီရဲနေပြီး သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည် ။

​"ဒီဧကရီက အဲ့ဒီကိစ္စကို ပြောတာ မဟုတ်ဘူး.."

​"ဒါဆို မစင်ကြယ်ဘူးဆိုတာက ဘာကို ဆိုလိုတာလဲ..."

လင်းဖန်မှာ ပို၍ပင် နားမလည်နိုင် ဖြစ်သွားသည် ။

​"နင်ကတော့ တကယ်ပဲ .. ဒီဧကရီကို ဒါမျိုး ထုတ်ပြောခိုင်းနေတာလား.."

​"ကောင်းပြီလေ..ကောင်းပြီ.. ဒီဧကရီ ပြောမယ် ..ဒီဧကရီ အညစ်အကြေး စွန့်လိုက်ပြီ .. ကျေနပ်ပြီလား ..အီးးး... ဝူးဝူးဝူး . . ."

​ထိုသို့ပြောပြီးနောက် လုံယွဲ့သည် ပို၍ စိတ်လှုပ်ရှားလာကာ ထိန်းမနိုင်သိမ်းမရ ပြန်လည် ငိုကြွေးပြန်သည် ။

​လင်းဖန်သည် ထိုနေရာတွင် ဆွံ့အကာ ရပ်နေမိ၏ ။

​"အညစ်အကြေး စွန့်တယ် ဟုတ်လား .. အဲ့ဒီတော့ ဘာဖြစ်လဲ.."

​"ဘာဖြစ်လဲ ဟုတ်လား ..ဒါက အရမ်းကို ပြင်းထန်တဲ့ ကိစ္စပဲ ... ဒါက လုံးဝ လက်ခံနိုင်စရာ မရှိဘူး.."

​"ဒီဧကရီက အားလုံးရဲ့ ကြည်ညိုလေးစားမှုကို ခံရတဲ့ အလွန်မြင့်မြတ်သော နတ်နန်းတော် ရဲ့ ဧကရီအရှင်မပဲ .. ဘယ်လိုလုပ်ပြီး . . . ဘယ်လိုလုပ်ပြီး.. သာမန်လူသားတစ်ယောက်လို ကိုယ်ခန္ဓာထဲက ညစ်ပတ်တဲ့ အရာတွေကို စွန့်ထုတ်နိုင်မှာလဲ.."

​"လက်မခံနိုင်ဘူး .. ဒီဧကရီ ဒါကို လုံးဝ လက်မခံနိုင်ဘူး .. ဒါက အစစ်အမှန် မဖြစ်နိုင်ဘူး.."

​လုံယွဲ့သည် သူမ၏ ခေါင်းကို လက်နှစ်ဖက်နှင့် အုပ်ကာ ၊ လက်ခံနိုင်စရာမရှိသည့် ဖြစ်ရပ်ကြောင့် အသည်းကွဲသလို စိတ်ပျက်အားငယ်နေသည် ။

​ကျင့်ကြံသူများသည် အဆင့်တစ်ခုသို့ ရောက်ရှိသွားပါက ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအားကိုသာ စုပ်ယူပြီး အသက်ဆက်နိုင်ကြသည် ။ သူတို့သည် အစာစားရန် မလိုတော့သလို ၊ သဘာဝအရ အညစ်အကြေး စွန့်ရန်လည်း မလိုတော့ပေ ။

​အကယ်၍ စားချင်စိတ်ကြောင့် အစားအသောက် အချို့ကို စားမိလျှင်ပင် ခန္ဓာကိုယ်အတွင်းမှာ လုံးဝ သန့်စင်စုပ်ယူနိုင်သည် ။

​သန့်စင်စုပ်ယူ၍ မရသော အရာများ ရှိခဲ့ပါကလည်း ညစ်ညမ်းသော အငွေ့အဖြစ် သော်လည်းကောင်း ၊ အလုံးအကျိတ် အဖြစ်သော်လည်းကောင်း ပြောင်းလဲသွားပြီး ပါးစပ်မှ သို့မဟုတ် အရေပြားပေါ်မှတစ်ဆင့်သာ ထွက်ခွာသွားလေ့ရှိသည် ။

​သူမသည် သာမန်လူသားတစ်ယောက်ကဲ့သို့ အောက်ပိုင်းမှ အညစ်အကြေး စွန့်ခြင်းမျိုး တစ်ခါမျှ မလုပ်ခဲ့ဖူးပေ ။

​တစ်ခါမျှ မရှိခဲ့ဖူးပေ ။

​ဤသည်က သူမအတွက်တော့ လုံးဝ လက်ခံနိုင်စရာ မရှိသော ကိစ္စရပ်ဖြစ်သည် ။ သူမ၏ ဘဝတွင် အမည်းစက်တစ်ခု နှင့် အရှက်ရစရာ ကိစ္စတစ်ခု ဖြစ်သွားလေပြီ ။

​အကယ်၍ တခြားသူများသာ သိသွားပါက သူမ၏ အင်မော်တယ်ဧကရီ ဆိုသည့် ဂုဏ်သတင်းမှာ ပျောက်ကွယ်သွားပေတော့မည် ။

ယခုအချိန်တွင် သူမသည် အရာအားလုံးကို အဆုံးသတ်ပစ်ချင်သည့် စိတ်ပင် ပေါက်နေသည် ။ သူမသည် ဟင်းလင်းပြင်ထဲကို ကျသွားကတည်းက သေသွားခဲ့သင့်သည်ဟုပင် တွေးနေမိသည် ။

​"ငါက အရေးကြီးတဲ့ ကိစ္စတစ်ခုခုများလားလို့ .. အိမ်သာသွားတာပဲဟာကို.."

​"အိမ်သာသွားတယ်ဆိုတာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားတာပဲ .. ဒါက ကောင်းတဲ့ ကိစ္စပဲလေ..လူတစ်ယောက်က အိမ်သာမတက်ဘဲ ဝမ်းချုပ်နေရင် သေသွားမှာပေါ့ ဟုတ်တယ်မလား ."

​အိမ်သာသွားသည့် ကိစ္စမှန်း သိလိုက်ရသဖြင့် လင်းဖန်မှာ စိတ်သက်သာရာ ရသွားပြီး သူမကို ပေါ့ပေါ့ပါးပါးပင် နှစ်သိမ့်လိုက်သည် ။

​မနေ့ညက သူမသည် ခရင်မ်ကိတ်မုန့် တစ်လုံးနီးပါးကို တစ်ယောက်တည်း စားခဲ့ခြင်းဖြစ်ရာ ဗိုက်နာ၍ အိမ်သာသွားချင်စိတ် ပေါက်လာသည်မှာ မဆန်းပါပေ ။

​ယခုအခါ သူမ၏ ဝိညာဉ်ချီစွမ်းအားများမှာ လုံးဝ နီးပါး ပျောက်ကွယ်နေပြီဖြစ်ရာ သူမ၏ ကိုယ်ခန္ဓာသည် အလုပ်လုပ်နိုင်ရန် အစားအသောက် လိုအပ်နေသည် ။ ထို့ကြောင့် သာမန်လူသားတစ်ယောက်ကဲ့သို့ အဆိပ်အတောက် ဖယ်ရှားရန် လိုအပ်လာခြင်းမှာ သဘာဝပင် ။ သူ့အမြင်တွင်တော့ ဤအရာအားလုံးမှာ ပုံမှန် သာမန်ဖြစ်ရပ်များသာ ဖြစ်သည် ။

​လုံယွဲ့သည် ဤအချက်ကို လက်မခံနိုင်ဘဲ လင်းဖန်ကို အသကုန် အော်ဟစ်လိုက်၏ ။

​"ဒါ ကောင်းတဲ့ ကိစ္စ မဟုတ်ဘူး.."

​"ဒီဧကရီက အလွန်မြင့်မြတ်သော နတ်နန်းတော် ရဲ့ ဧကရီ .. အင်မော်တယ်နယ်ပယ်ရဲ့ အရှင်သခင်မပဲ.."

​"နတ်သမီးတွေက အညစ်အကြေး မစွန့်ဘူး.."

​လင်းဖန် .. " . . ."

​လင်းဖန် စကားမပြောနိုင်တော့ပေ ။ ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူ ချောင်းတစ်ချက် ဟန့်လိုက်ပြီး တခြားဘက်မှနေ၍ သူမကို နှစ်သိမ့်ရန် ကြိုးစားလိုက်သည် ။

​"ဧကရီ..မင်းရဲ့ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေနဲ့ အဆိပ်အတောက်တွေကို စွန့်ထုတ်တာက သဘာဝတရားရဲ့ လုပ်ဆောင်ချက်တစ်ခုပဲ . အခု မင်းနဲ့ ငါက ကျင့်ကြံခြင်း စွမ်းအားတွေ ဆုံးရှုံးနေတာဆိုတော့ ငါတို့ရဲ့ ခန္ဓာကိုယ်က အညစ်အကြေးတွေကို သူ့ဘာသာ သန့်စင်နိုင်စွမ်း မရှိတော့ဘူးလေ.. ဒါကြောင့် သာမန်လူသားတွေလို စွန့်ထုတ်ပစ်ရတာပေါ့.."

​"မင်း တစ်ယောက်တည်း မဟုတ်ပါဘူး .. ငါလည်း တူတူပါပဲ .. အညစ်အကြေး စွန့်တာက လူသားတွေရဲ့ သဘာဝပဲ .. ရှက်စရာ အကြောင်း ဘာမှ မရှိဘူး.."

​ထိုစကားကို ကြားသောအခါ လုံယွဲ့သည် စိတ်သက်သာရာ အနည်းငယ် ရသွားပြီး ငိုနေခြင်းကို ရပ်လိုက်သည် ။

​"တ..တကယ်လား .. ဒါဆို နတ်ဆိုးအရှင် . နင်လည်း အဲ့ဒါကို လုပ်ပြီးပြီလား.."

​" . . . အဲ .ဒါပေါ့ ငါ မနေ့ညကတည်းက အတုံးအကြီးကြီး စွန့်ထုတ်ပြီးပြီ . ဒါကြောင့် ဧကရီအရှင်မ အဲ့ဒါကို စိတ်ထဲမထားနဲ့တော့.."

လင်းဖန်သည် ခဏတာမျှ တုံ့ဆိုင်းပြီးနောက် ဝန်ခံလိုက်သည် ။

​လုံယွဲ့သည် မျက်ရည်များကို သုတ်လိုက်ပြီး သူမ၏ စိတ်အခြေအနေမှာ ချက်ချင်းပင် တည်ငြိမ်သွား၏။

​"ဒါပေမဲ့ နတ်ဆိုးအရှင် ..နင်က နတ်ဆိုးတစ်ယောက်ပဲလေ .. မူလကလည်း သာမန်လူသားပဲ .. နင့်ရဲ့ ခန္ဓာကိုယ်က ညစ်ပတ်တဲ့ အရာတွေကို စွန့်ထုတ်တာက ပုံမှန်ပါပဲ .. ဒီဧကရီက နင်နဲ့ မတူဘူးလေ.."

​လင်းဖန် .. " . . ."

​"ဧကရီမင်းသမီး ..မင်းပြောတာက တော်တော်လေး ရိုင်းနေပြီနော် . . ."

​သူ စေတနာနှင့် နှစ်သိမ့်လိုက်သော်လည်း စကားနာ အထိုးခံလိုက်ရသဖြင့် ဆွံ့အသွားချေသည် ။ပြန်

​သူမကို နှစ်သိမ့်ရန်အတွက် သူက စေတနာနှင့် လိမ်ညာပြောဆိုခဲ့သော်လည်း သူမက နတ်ဆိုးတွေ အညစ်အကြေး စွန့်တာက သဘာဝကျသည်ဟု ထင်နေသည်။

​အကယ်၍ သူတို့တွင် ကျင့်ကြံခြင်း စွမ်းအားများ ရှိနေသေးလျှင် သူတို့ နတ်ဆိုးမျိုးနွယ်များသည်လည်း အညစ်အကြေး စွန့်စရာ မလိုအပ်ပေ ။

​"တောင်းပန်ပါတယ် .. ဒီဧကရီ မယဉ်ကျေးမိဘူး ဖြစ်သွားတယ်.."

​လုံယွဲ့သည်လည်း သူမ၏ စကားမှာ မလျော်ကန်မှန်း သိသွားသဖြင့် အမြန် တောင်းပန်လိုက်သည် ။

​လင်းဖန်၏ ရှင်းပြချက်ကြောင့် သူမ ပို၍ စိတ်သက်သာရာ ရသွားသည် ။

​'ဘာပဲဖြစ်ဖြစ် ဒါက ခန္ဓာကိုယ်ရဲ့ ကိုယ်တိုင်ကာကွယ်ရေး စနစ်တစ်ခုပဲလေ .. နောက်ပိုင်းမှာ ရှန်းမိုတိုက်ကြီးကို ပြန်နိုင်ဖို့အတွက် ဒါတွေကို ငါ လက်ခံနိုင်အောင် ကြိုးစားရမယ်.. '

​"ကိစ္စမရှိပါဘူး.."

​လုံယွဲ့ စိတ်သက်သာရာ ရသွားသည်ကို မြင်သောအခါ လင်းဖန်သည် ရေချိုးခန်းသို့ လျှောက်သွားပြီး မနက်ခင်း ကိုယ်လက်သန့်စင်ရန် ပြင်ဆင်လိုက်သည် ။

​ရေချိုးခန်း တံခါးကို ဖွင့်လိုက်သောအခါ သူ ထိုနေရာတွင်ပင် ကြောင်အသွားရသည် ။

​တစ်ချိန်တည်းမှာပင် လုံယွဲ့၏ အေးစက်လှသော စကားသံမှာ နောက်မှ ထွက်ပေါ်လာပြီး အေးစက်လှသော သတ်ဖြတ်လိုသည့် အငွေ့အသက်မှာ သူ၏ ကျောပြင်ဆီသို့ လွှမ်းမိုးလာသည် ။

​"နင်သာ အဲ့ဒီထဲမှာ နံတယ်လို့ ပြောရဲရင် ..ဒီဧကရီ နင့်ကို သတ်ပစ်မယ်.."

​လင်းဖန်သည် ငြိမ်သက်စွာ ရပ်နေရင်း ဦးနှောက်ကို အမြန်အလုပ်ပေးလိုက်သည် ။ သုည ဒသမ သုညသုညသုညသုညတစ် စက္ကန့်မျှ တုံ့ဆိုင်းသွားပြီးနောက် သူသည် ပြုံးလျက် ချက်ချင်းပင် နောက်သို့ လှည့်ကြည့်ကာ လုံယွဲ့ကို လက်မထောင်ပြပြီး နှစ်သိမ့်လိုက်၏ ။

​"ဘာ အနံ့လဲ .. ဧကရီရဲ့ အညစ်အကြေးတွေက မွှေးတောင် မွှေးနေသေးတယ်.."

​သူ၏ စကားအဆုံးမှာပင် ဆိုဖာခေါင်းအုံး တစ်လုံးသည် သူ၏ မျက်နှာဆီသို့ အရှိန်ဖြင့် ပျံသန်းလာသည် ။

​" . . . နင် လဲသေလိုက်တော့.."

​လုံယွဲ့၏ မျက်နှာမှာ ရှက်တာကြောင့်လား ၊ ဒေါသထွက်တာကြောင့်လား မသိဘဲ နီမြန်းနေလေသည် ။

​ဒုတိယမြောက် ခေါင်းအုံး မရောက်လာမီ လင်းဖန်သည် ရေချိုးခန်းထဲသို့ အမြန် ပြေးဝင်သွားခဲ့သည် ။

​"လူယုတ်မာ နတ်ဆိုးအရှင် ..."

​လုံယွဲ့သည် ဒေါသတကြီးဖြင့် အံကြိတ်လိုက်ပြီးနောက် ဆိုဖာပေါ်သို့ အားကိုးရာမဲ့စွာဖြင့် ပြန်လဲလျောင်းလိုက်သည် ။

​လင်းဖန် ရေချိုးခန်းထဲမှ သတိထားကာ ခေါင်းပြူကြည့်လိုက်သောအခါ သူမသည် မျက်ရည်ဝိုင်းနေသော မျက်လုံးများဖြင့် မျက်နှာကြက်ကို ကြည့်ကာ သူမဘာသာ ရေရွတ်နေသည်ကို မြင်လိုက်ရ၏ ။

​"အိမ် . . . ဒီဧကရီ ..အိမ်ပြန်ချင်တယ် . . ."

​သူမသည် ဤအသစ်အဆန်းဖြစ်သော ကမ္ဘာအကြောင်းကို ဘာမှ မသိရှိသလို ၊ ဘယ်လို လေ့လာရမလဲဆိုတာကိုလည်း မသိပါပေ ။

​နောက်ထပ် ဘာဆက်လုပ်ရမလဲဆိုသည်ကို သူမ မသိသလို ၊ သူမ၏ ဘဝလမ်းကြောင်းမှာလည်း ပျောက်ဆုံးနေလေသည် ။

​"ဧကရီမင်းသမီး .. မင်းက အရမ်း အားနေလို့ အဲ့ဒီလိုတွေ အများကြီး တွေးနေတာ.."

​လုံယွဲ့ စိတ်ဓာတ်ကျနေသည်ကို မြင်သောအခါ လင်းဖန်သည် သူမ၏ ဘေးတွင် ထိုင်လိုက်ပြီး ဧည့်ခန်းအလယ်ရှိ တီဗီကို ညွှန်ပြလိုက်သည် ။

​"ငါ တီဗီကို အဆင်သင့်ဖြစ်အောင် လုပ်ထားပြီးပြီ .. မင်း ကြည့်ချင်လား ."

​"တီဗီ ဟုတ်လား ..ဒါက အဲ့ဒီ မှန်အမည်းကြီးလား.."

​လုံယွဲ့သည် တီဗီကို လှည့်ကြည့်လိုက်ရာ သူမ၏ အမူအရာမှာ ဇဝေဇဝါ ဖြစ်နေသည် ။

​တီဗီ၏ မှောင်နေသော ဖန်သားပြင်ပေါ်တွင် သူမနှင့် ဧည့်ခန်း၏ ပုံရိပ်မှာ ထင်ဟပ်နေသဖြင့် မှန်အမည်းကြီးနှင့် တူနေခြင်းပင် ။

​"ဒါက မှန်မဟုတ်ဘူး .. ဒါက တီဗီလို့ ခေါ်တယ် ..ဗီဒီယိုတွေ ကြည့်ဖို့အတွက် သုံးတဲ့ စက်ပစ္စည်းတစ်ခုပေါ့ .. ဒီဘက်ခေတ် လူတွေရဲ့ အပန်းဖြေစရာ နည်းလမ်းတွေထဲက တစ်ခုပဲ.."

​လင်းဖန်သည် အကျဉ်းချုပ် ရှင်းပြလိုက်ပြီးနောက် ရီမုကို ယူကာ တီဗီ ဖွင့်လိုက်သည် ။

​တီဗီ ဖန်သားပြင် လင်းလာသည်နှင့် ပုံရိပ်နှင့် အသံများ ချက်ချင်း ထွက်ပေါ်လာသည် ။ စကားပြောနေသည့် သိုးအချို့ကို ဖန်သားပြင်ပေါ်တွင် မြင်လိုက်ရသည် ။

​ထိုသည်ကို မြင်သောအခါ လုံယွဲ့၏ မျက်လုံးများမှာ ချက်ချင်း ပြူးကျယ်သွားပြီး ဆိုဖာပေါ်မှ ထိတ်လန့်တကြား ထရပ်ကာ ဖန်သားပြင်ကို လက်ညှိုးထိုးပြလိုက်သည် ။

​"သိုး .. သိုးတွေက စကားပြောနေကြတယ်.."

All Chapters