အခန်း (၃၃-၃၄)
Vol. 4 Ch. 33-34
Chapter 33+34
~
အခန်း ၃၃+၃၄ : ဧကရီ ပထမဆုံးအကြိမ် တီဗီကြည့်ခြင်း
~
"နတ်ဆိုးအရှင်..ဒီ..ဒီသိုးအုပ်က စကားပြောနေကြတာပဲ ..သူတို့က ဝိညာဉ်သားရဲတွေများလား.."
လုံယွဲ့သည် ထူးခြားဆန်းပြားသော အရာတစ်ခုကို ရှာဖွေတွေ့ရှိသွားသည့်အလား အံ့အားသင့်သော မျက်နှာလေးဖြင့် လင်းဖန်ကို ဆွဲကာ တီဗီဖန်သားပြင်ပေါ်ရှိ သိုးများကို လက်ညှိုးထိုးပြနေသည် ။
လင်းဖန်သည် သက်ပြင်းတစ်ချက်ချကာ ရယ်မောလိုက်မိသည် ။
"ဟားဟား..ဧကရီ.. ဒါက ကွန်ပျူတာ ဆော့ဖ်ဝဲနဲ့ ဖန်တီးထားတဲ့ ကာတွန်းကားပါ ..အစစ်မဟုတ်ဘူး.."
"အစစ်မဟုတ်ဘူးလား.."
လုံယွဲ့သည် တဝက်တပျက်သာ ယုံကြည်ဟန်ဖြင့် ဇွတ်အတင်း မေးမြန်းနေသည် ။
"ဒါပေမဲ့ သူတို့ စကားပြောနေကြတာ ထင်ထင်ရှားရှားကြီးကို.."
"ဒါက နောက်ကနေ အသံသွင်းထားတာလေ.. တခြား အသံသွင်းထားတဲ့ ကာတွန်းတွေ အများကြီး ရှိသေးတယ် ..ဒီမှာကြည့် ..ဒီဝက်ဝံနှစ်ကောင်လည်း စကားပြောတတ်တယ်.."
လင်းဖန်သည် ရီမုကို ယူကာ ဝက်ဝံနှစ်ကောင်နှင့် ထိပ်ပြောင်လူတစ်ဦး အပြန်အလှန် ဉာဏ်ကစားနေကြသည့် ကာတွန်းချန်နယ်တစ်ခုသို့ ပြောင်းလိုက်သည် ။
လုံယွဲ့သည် တီဗီဖန်သားပြင်ကို စေ့စေ့စပ်စပ် ကြည့်နေသည် ။ ဖန်သားပြင်ပေါ်ရှိ သိုးများ သို့မဟုတ် ဝက်ဝံများမှာ အမှန်တကယ် စကားပြောနေကြသော်လည်း သူတို့၏ ပုံပန်းသဏ္ဌာန်မှာ အစစ်အမှန်နှင့် မတူကြောင်းကိုပါ သတိပြုမိသွားသည် ။
"ဒါတွေက တကယ်ပဲ အစစ်မဟုတ်ဘူးပေါ့.."
"အစစ်မဟုတ်ပါဘူးဆို.."
လင်းဖန်က ခေါင်းညိတ်ပြလိုက်သည် ။
အတည်ပြုချက် ရရှိသွားသောအခါ လုံယွဲ့သည် ခေါင်းငုံ့သွားပြီး သူမ၏ မျက်နှာတွင် စိတ်ပျက်သွားသည့် အရိပ်အယောင်များ အထင်အရှား ပေါ်လွင်လာသည် ။
သူမသည် ဝိညာဉ်သားရဲများ ရှိနေသည်ဟု ထင်မှတ်ကာ အိမ်ပြန်ရန် နည်းလမ်းတစ်ခုခု တွေ့နိုင်မလားဟု မျှော်လင့်ခဲ့သော်လည်း အလကားသာ ဖြစ်သွားခဲ့ရသည် ။
"ဧကရီ..တီဗီမှာ စိတ်ဝင်စားစရာကောင်းတဲ့ ချန်နယ်တွေနဲ့ အစီအစဉ်တွေ အများကြီး ရှိသေးတယ် .. မင်း စိတ်ဝင်စားမယ့် အရာတစ်ခုခု ရှိနိုင်ပါတယ်.."
လုံယွဲ့ စိတ်ပျက်နေသည်ကို မြင်သောအခါ လင်းဖန်သည် ရှေးဟောင်း ဝတ်စုံဝတ် ဒရာမာဇာတ်လမ်းတစ်ခု ပြသနေသည့် ချန်နယ်သို့ ပြောင်းပေးလိုက်သည် ။
မိမိနှင့် ရင်းနှီးကျွမ်းဝင်သော ဝတ်စုံများနှင့် နောက်ခံအခင်းအကျင်းများကို တီဗီတွင် ရုတ်တရက် မြင်လိုက်ရသဖြင့် လုံယွဲ့သည် အထူးအဆန်း ဖြစ်သွား၏ ။
"နတ်ဆိုးအရှင် .. ဒါ.. အဲ့ဒါ . . . ကွန်ပျူတာနဲ့ပဲ လုပ်ထားတာလား.."
"ဒါကတော့ အဲ့ဒီလို မဟုတ်ဘူး .. ဒါက သရုပ်ဆောင်တွေက ရှေးခေတ် အခင်းအကျင်းတွေကို အတုယူ ဖန်တီးပြီး ဇာတ်လမ်းထဲမှာ သရုပ်ဆောင်ထားတဲ့ ရှေးဟောင်း ဝတ်စုံဝတ် ဒရာမာ ဇာတ်လမ်းပဲ.."
"အင်း . . . သရုပ်ဆောင်ဖို့အတွက် အကွက်ချပြီး အတုအယောင်တွေ လုပ်ကြတယ်ပေါ့ .. အဲ့ဒီလိုမျိုး ရိုက်ကူးနေကြတာက ဘာအတွက်လဲ.."
လုံယွဲ့သည် မျက်မှောင်ကြုတ်ကာ ဇဝေဇဝါ ဖြစ်နေသည် ။
လင်းဖန်က ရယ်မောရင်း ရှင်းပြလိုက်သည် ။
"ဒါက လူတွေ ကြည့်ဖို့အတွက်ပေါ့ .. ဒါက လူတွေရဲ့ နေ့စဉ် အပန်းဖြေစရာ လုပ်ငန်းတစ်ခုပဲလေ .. လူအများစုက ဒါကို ကြည့်ရတာ ဝါသနာပါကြတယ်.."
"အနာဂတ် သိပ္ပံဇာတ်လမ်းတွေကနေ ကျောက်ခေတ် လူသားတွေ အချိန်အထိ ဘယ်လို အကြောင်းအရာမျိုးကိုမဆို ရိုက်ကူးလို့ရတယ် ..လက်တွေ့မှာ မရှိတဲ့ အကြောင်းအရာတွေကိုတောင် ရိုက်ကူးလို့ရသေးတယ်.."
"မရှိတဲ့ အကြောင်းအရာတွေ ဟုတ်လား.."
လုံယွဲ့သည် စပ်စုချင်စိတ် ပြင်းပြလာသည် ။
လင်းဖန်သည် လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပြီးနောက် လောလောဆယ် လူကြိုက်များနေသည့် သာမန်လူသားများ၏ ကျင့်ကြံခြင်းလမ်းစဉ် ကို ဖွင့်ပြလိုက်သည် ။
လွန်ခဲ့သော တစ်နှစ် ၊ သူ ရှန်းမိုတိုက်ကြီးသို့ ကူးပြောင်းမသွားမီ ကတည်းက ဤကာတွန်းသည် တစ်နိုင်ငံလုံးတွင် ရေပန်းစားနေခဲ့ခြင်း ဖြစ်သည် ။ သူသည်လည်း အမြဲမပြတ် စောင့်ကြည့်ခဲ့သူ ဖြစ်၏ ။
ယခု တစ်နှစ်အကြာတွင် ဤဇာတ်လမ်းတွဲမှာ မျှော်လင့်ထားသည့်အတိုင်း ပိုမို လူကြိုက်များလာခဲ့သည် ။ လက်ရှိ တရုတ် ကျင့်ကြံခြင်း ကာတွန်းလောက၏ ထိပ်တန်းအဆင့်ဟု ပြောလျှင်ပင် မမှားနိုင်ပေ ။
"နတ်ဆိုးအရှင် .. ဒါ . . . ဒါက ကျင့်ကြံသူတွေရဲ့ တိုက်ပွဲပဲ.."
ဖန်သားပြင်ပေါ်တွင် စိတ်ဝိညာဥ် အဆင့် ကျင့်ကြံသူများ တိုက်ခိုက်နေကြသည်ကို မြင်သောအခါ လုံယွဲ့သည် တစ်ဖန် အကြီးအကျယ် တုန်လှုပ်သွားပြီး စိတ်လှုပ်ရှားစွာဖြင့် တီဗီဖန်သားပြင် အနားသို့ တိုးကပ်သွားသည် ။
ဤတစ်ကြိမ်တွင်တော့ သူမ ဤကမ္ဘာ၌ တွေ့ခဲ့ရသမျှ အရာအားလုံးထက် ပို၍ တုန်လှုပ်စရာ ကောင်းနေသည် ။
အကြောင်းမှာ ဖန်သားပြင်ပေါ်ရှိ မြင်ကွင်းမှာ သူမနှင့် အရင်းနှီးဆုံး ဖြစ်သော ကျင့်ကြံသူများ၏ တိုက်ပွဲ ဖြစ်နေသောကြောင့်ပင် ။
"သူတို့ သုံးနေတဲ့ ကျင့်စဥ်တွေက ငါ့ရဲ့ အင်မော်တယ်လောကက ကျင့်စဥ်တွေနဲ့ နည်းနည်း ကွဲပြားပေမဲ့ တော်တော်များများကတော့ ဆင်တူနေတယ် ၊ ငါတို့ အင်မော်တယ်လောကမှာလည်း အဲ့ဒီလို ကျင့်စဥ်တွေ ရှိတယ်.."
"ဧကရီ..မလောပါနဲ့ဦး .. ဒါက ကျင့်ကြံသူတွေရဲ့ တိုက်ပွဲဆိုတာ ဟုတ်ပေမဲ့ ဒါကလည်း ကွန်ပျူတာ နည်းပညာတွေနဲ့ ဖန်တီးထားတဲ့ ကာတွန်းတစ်ခုပဲလေ.."
လုံယွဲ့သည် တီဗီဖန်သားပြင်ထဲသို့ ခေါင်းတိုးဝင်တော့မည့်အလား စိတ်လှုပ်ရှားနေသဖြင့် လင်းဖန်က နောက်ထပ်တစ်ကြိမ် ရေအေးနှင့် ပက်လိုက်ရပြန်သည် ။
"ဒါလည်း အတုပဲပေါ့.."
လုံယွဲ့၏ ရင်ထဲတွင် ခုနလေးတင် တောက်လောင်လာခဲ့သော စိတ်လှုပ်ရှားမှုမှာ တစ်ဖန် ငြိမ်းသတ်ခြင်း ခံလိုက်ရပြန်သည် ။ သူမ၏ မျက်နှာတွင် မယုံကြည်နိုင်မှုနှင့် စိတ်ပျက်မှုများ ဒွန်တွဲနေသည် ။
သို့သော်လည်း သူမသည် သတိမထားမိသော အချက်တစ်ခုကို ချက်ချင်း ရှာဖွေတွေ့ရှိသွားသည် ။
"နတ်ဆိုးအရှင် .. ဒီကမ္ဘာမှာ ဝိညာဉ်စွမ်းအားလည်း မရှိဘူး..ကျင့်ကြံသူတွေလည်း မရှိဘူးဆိုတာ ထင်ရှားနေတာပဲ .. အဲ့ဒါကို ဒီက သာမန်လူသားတွေက ဘယ်လိုလုပ်ပြီး ငါ့ရဲ့ ရှန်းမိုတိုက်ကြီးနဲ့ ဆင်တူတဲ့ ကျင့်ကြံခြင်းကမ္ဘာတစ်ခုကို ဖန်တီးနိုင်ရတာလဲ.."
"အင်း . . ."
လင်းဖန်သည် သူ၏ မေးစေ့ကို ပွတ်သပ်ကာ ခဏတာ စဉ်းစားလိုက်ပြီးမှ ရှင်းပြလိုက်သည် ။
"ဒါကတော့ ဒီကမ္ဘာမှာလည်း ရှေးခေတ်ကတည်းက အလားတူ နတ်ဘုရားတွေ .. အင်မော်တယ်တွေနဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီတွေ ရှိခဲ့လို့ ဖြစ်လိမ့်မယ် .. အဲ့ဒီကနေမှတစ်ဆင့် လမ်းစဉ်ကို ရှာဖွေကျင့်ကြံတဲ့ အယူအဆတွေ တဖြည်းဖြည်း ပေါ်ပေါက်လာပြီး အခုလို ကျင့်ကြံခြင်း ဇာတ်လမ်းတွေ ဖြစ်လာတာပေါ့.."
"ကဲ . . . အဲ့ဒီလိုကိုး.."
လုံယွဲ့သည် စိတ်အားငယ်စွာဖြင့် သက်ပြင်းချလိုက်သည် ။
သူမသည် နောက်ထပ် သဲလွန်စတစ်ခု တွေ့ပြီဟု ထင်မှတ်ခဲ့သော်လည်း မျှော်လင့်ချက် အမှားတစ်ခုသာ ဖြစ်ခဲ့သည် ။
"ဒီမှာ ရီမု .. မင်း ကြိုက်တဲ့ အစီအစဉ်ကို ရွေးကြည့်လို့ရတယ် .. တီဗီများများကြည့်ရင် ဒီကမ္ဘာအကြောင်း ပိုသိလာလိမ့်မယ်.."
လင်းဖန်သည် ရီမုကို လုံယွဲ့အား ကမ်းပေးလိုက်ပြီး ...
"နောက်ရက်အနည်းငယ်နေရင် ငါ အွန်လိုင်းကနေ မှာထားတဲ့ ဒီကမ္ဘာရဲ့ အခြေခံ ဗဟုသုတ စာအုပ်တွေလည်း ရောက်လာလိမ့်မယ် ..အဲ့ဒီ စာအုပ်တွေက မင်း ဒီကမ္ဘာအကြောင်း မြန်မြန် နားလည်အောင် ကူညီပေးလိမ့်မယ်.."
"ကျေးဇူးတင်ပါတယ် . . ."
လုံယွဲ့သည် ရီမုကို ယူလိုက်ပြီး လင်းဖန်ကို ရိုးရိုးသားသားပင် ကျေးဇူးတင်လိုက်သည် ။
သူမသည် ဤကမ္ဘာအကြောင်းကို မည်သို့ နားလည်အောင် လုပ်ရမည်နည်းဟု စိုးရိမ်နေချိန်တွင် နတ်ဆိုးအရှင်သည် သူမအတွက် တီဗီဖွင့်ပေးရုံတင်မကဘဲ ဗဟုသုတ စာအုပ်များကိုပါ ဝယ်ပေးခဲ့သည်မှာ လက်ရှိအချိန်တွင် သူမအတွက် အကြီးမားဆုံးသော အကူအညီပင် ဖြစ်သည် ။
နတ်ဆိုးအရှင်၏ ထံမှ ဤမျှ ကြီးမားသော စေတနာနှင့် အကူအညီကို တစ်နေ့တွင် ရရှိလိမ့်မည်ဟု သူမ တစ်ခါမျှ မတွေးခဲ့ဖူးပေ ။
သူမ အလွန်အမင်း စိတ်ပျက်အားငယ်ကာ အရာအားလုံးကို အဆုံးသတ်ပစ်ချင်နေချိန်တွင် သူမကို ပြန်လည် ဆွဲတင်ပေးခဲ့သည်မှာလည်း သူပင် ဖြစ်သည် ။
ရီမုကို ယူပြီးနောက် လုံယွဲ့သည် ကြမ်းပြင်ပေါ်တွင် ထိုင်ကာ တီဗီအစီအစဉ်များကို စိတ်ဝင်တစား စတင် စောင့်ကြည့်တော့သည် ။
သူမ စိတ်ဝင်တစား ကြည့်နေသည်ကို မြင်သောအခါ လင်းဖန်သည် အိပ်ခန်းထဲသို့ ပြန်ဝင်လာခဲ့သည် ။ သူ၏ ကွန်ပျူတာ စားပွဲတွင် ထိုင်လိုက်ပြီး ဘဏ်အကောင့်ထဲမှ ပိုက်ဆံများကို စစ်ဆေးလိုက်သည် ။
ဘဏ်ကတ်ထဲရှိ လက်ကျန်ငွေကို မြင်လိုက်ရသောအခါ သူ မျက်မှောင်ကြုတ်သွားပြီး မျက်လုံးများကို စိတ်ပျက်လက်ပျက် ပိတ်လိုက်မိ၏ ။
သူ ရှန်းမိုတိုက်ကြီးသို့ မကူးပြောင်းမီက ဤအခန်းကို ဝယ်ယူခဲ့ခြင်း ဖြစ်ရာ သူ၏ စုဆောင်းငွေများမှာ အနည်းငယ်သာ ကျန်တော့သည် ။ ယခုအခါ ဖုန်းနှစ်လုံးဝယ်ခြင်း ၊ အင်တာနက် wifi တပ်ဆင်ခြင်းနှင့် နေ့စဉ်သုံး ပစ္စည်းများစွာ ဝယ်ယူခဲ့ခြင်းတို့ကြောင့် လက်ကျန်ငွေမှာ လေးထောင်ယွမ် ၄၀၀၀ အောက်သို့ ရောက်ရှိနေလေပြီ ။
လူနှစ်ယောက်၏ အသုံးစရိတ်အတွက် လေးထောင်ယွမ်မှာ အချိန်အကြာကြီး ခံမည်မဟုတ်ပေ ။
သူသည် ငွေကြေး အခက်အခဲများမှ လွတ်မြောက်ခဲ့ပြီဟု ထင်မှတ်ခဲ့သော်လည်း ကမ္ဘာမြေပေါ်သို့ ပြန်ရောက်လာချိန်တွင်မူ ရက်စက်လှသော လက်တွေ့ဘဝကို ပြန်လည် ရင်ဆိုင်နေရပြီ ဖြစ်သည် ။
ခန့်ညားထည်ဝါလှသော နတ်ဆိုးအရှင် ဖြစ်ခဲ့သည့် သူသည်ပင် ပိုက်ဆံကိစ္စအတွက် စိုးရိမ်နေရလိမ့်မည်ဟု သူ တစ်ခါမျှ မထင်မှတ်ခဲ့မိပေ ။
ဤသို့ဆိုလျှင် သူသည် အလုပ်ရှာဖွေရေး ဝဘ်ဆိုက်များကို ပြန်ဖွင့်ပြီး အလုပ် ပြန်ရှာရတော့မည်လော ။
'မဖြစ်နိုင်ဘူး ..လုံးဝမဖြစ်နိုင်ဘူး ..'
' အလုပ်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး .. ဒီဘဝမှာ ငါ နောက်ထပ် အလုပ် လုံးဝ မလုပ်နိုင်တော့ဘူး..'
လင်းဖန်သည် ခေါင်းကို တရစပ် ခါလိုက်ပြီး အလုပ်လုပ်မည်ဟူသော အတွေးကို ချက်ချင်းပင် မေ့ပစ်လိုက်သည် ။
အရင်ကဆိုလျှင် ကိစ္စမရှိသော်လည်း ယခုအခါ သူသည် နတ်ဆိုးအရှင် ဖြစ်ခဲ့သူ တစ်ယောက် ဖြစ်ရာ ဘယ်လိုလုပ်ပြီး တခြားသူတွေရဲ့ ခိုင်းဖတ်အဖြစ် အောက်ကျနောက်ကျ ခံနိုင်ပါမည်နည်း ။
သူသည် မိမိ၏ ဂုဏ်သိက္ခာကို တန်ဖိုးထားသူ တစ်ယောက် ဖြစ်သည် ။ တခြားသူများ၏ ရှေ့တွင် မျက်နှာချိုသွေးကာ ခေါင်းငုံ့ခံနေရမည်ဆိုလျှင် နတ်ဆိုးအရှင် ဆိုသည့် ဂုဏ်သိက္ခာမှာ ဘယ်နားက မြောင်းထဲသို့ လွင့်ပစ်ရမည်နည်း ။
သို့သော် လက်တွေ့ဘဝတွင် အစားအသောက် လိုအပ်သလို ၊ ပိုက်ဆံမှာလည်း မရှိမဖြစ် လိုအပ်သည် ။
ဤကမ္ဘာတွင် ပိုက်ဆံသည် အရာအားလုံး မဟုတ်သော်လည်း ပိုက်ဆံမရှိလျှင် ဘာမှ လုပ်၍ မရနိုင်ပေ ။
ထိုစဉ်မှာပင် လင်းဖန်သည် သူ၏ ဖုန်းထဲရှိ ဝတ္ထုဖတ်သည့် အက်ပ် ကို သတိပြုမိသွားပြီး စိတ်ကူးတစ်ခု ရသွားသည် ။
သူသည် အရင်က ဝတ္ထုများကို တစ်ညလုံး မအိပ်ဘဲ ဖတ်လေ့ရှိသည့် ဝါသနာအိုး တစ်ဦး ဖြစ်သည် ။ တစ်နေ့လျှင် အခန်းပေါင်း ရာနှင့်ချီ၍ ဖတ်နိုင်သူ ဖြစ်သည် ။
ယခုအခါ သူသည် ရှန်းမိုတိုက်ကြီးသို့ ရောက်ရှိခဲ့ပြီး ရာစုနှစ်ပေါင်းများစွာ နတ်ဆိုးအရှင်အဖြစ် စိုးစံခဲ့သူ ဖြစ်ရာ ၊ ဤစစ်မှန်သော အတွေ့အကြုံများကို အခြေခံ၍ ဝတ္ထုတစ်ပုဒ် ဘာလို့ မရေးနိုင်ရမည်နည်း ။
လက်ရှိအချိန်တွင် ကျင့်ကြံခြင်း ဝတ္ထုများမှာ အလွန် ရေပန်းစားနေသည် မဟုတ်ပါလော ။ အောင်မြင်မှု အကြီးအကျယ် မရလျှင်ပင် နေ့စဉ် လူနေမှုစရိတ်အတွက်တော့ ပြဿနာ ရှိမည်မဟုတ်ပေ ။
စဉ်းစားပြီးသည်နှင့် လင်းဖန်သည် ကွန်ပျူတာကို ချက်ချင်း ဖွင့်လိုက်သည် ။ သူ၏ လက်ချောင်းများမှာ ကီးဘုတ်ပေါ်တွင် ကခုန်ရင်း ဝတ္ထုရေးဆရာ တစ်ယောက်၏ ထူးခြားသော တေးသံကို စတင် တီးခတ်လိုက်တော့သည် ။