← Chapters

အခန်း (၃၅-၃၆)

Vol. 4 Ch. 35-36

အခန်း (၃၅-၃၆)

Vol. 4 Ch. 35-36

Chapter 35+36

~

အခန်း ၃၅+၃၆ : ဒီ ဧကရီ.. သူဌေးဖြစ်တော့မယ်..

~

​တစ်လကြာပြီးနောက် ...

​"သွားပြီ . . ."

​လင်းဖန်သည် ကွန်ပျူတာထဲရှိ သူ၏လက်ရာကို ကြည့်ကာ စိတ်ပျက်အားငယ်သော မျက်နှာဖြင့် ရေရွတ်လိုက်သည် ။

​'ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်ရတာလဲ ..'

​ဤတစ်လအတွင်း သူ၏ အတွေးအမြင်များမှာ စမ်းရေတွင်းကဲ့သို့ စီးဆင်းခဲ့ပြီး စိတ်ကူးစိတ်သန်းများလည်း ကောင်းမွန်ခဲ့သည် ။ ကီးဘုတ်ကို တဖြန်းဖြန်းရိုက်ကာ အကြိမ်ကြိမ် ပြင်ဆင်ပြီးနောက် နောက်ဆုံးတွင် စာလုံးရေ တစ်သိန်းခန့် ရေးသားနိုင်ခဲ့၏ ။

​သို့သော်လည်း သူ ယုံကြည်မှုအပြည့်ဖြင့် ဝဘ်ဆိုက်အယ်ဒီတာ အမျိုးမျိုးထံ တင်ပြလိုက်သောအခါ တစ်ခုမကျန် ပယ်ချခြင်း ခံလိုက်ရပေသည် ။

​အကြောင်းပြချက်များမှာ အတူတူပင် ဖြစ်သည် ။ ဇာတ်လမ်းမှာ အရိုးစွဲနေခြင်း ၊ အကြောင်းအရာမှာ လက်ရှိခေတ်ရေစီးကြောင်းနှင့် မကိုက်ညီခြင်း သို့မဟုတ် ဇာတ်အိမ်အစပျိုးမှု အလွန်နှေးကွေးနေခြင်း စသည်တို့ကြောင့်ပင် ။

​အကြိမ်ကြိမ် ပယ်ချခံရမှုများအောက်တွင် သူသည် မိမိကိုယ်ကိုယ်ပင် သံသယဝင်သွားရသည် ။

​တစ်လအတွင်း ဘာအောင်မြင်မှုမှ မရရှိခဲ့သော်လည်း သူ၏ စုဆောင်းငွေများမှာမူ ကုန်ဆုံးလုနီးပါး ဖြစ်နေလေပြီ ။

​အခြေအနေမှာ လုံးဝ မကောင်းပါချေ ။

​"နတ်ဆိုးအရှင် ..နေ့လယ်စာ ဘာစားမလဲ ..ဆိုင်ကပဲ မှာလိုက်ရမလား.."

​ဧည့်ခန်းအပြင်ဘက်မှ လုံယွဲ့၏ အသံထွက်ပေါ်လာသဖြင့် လင်းဖန်သည် သက်ပြင်းတစ်ချက်ကို အသာချကာ အိပ်ခန်းထဲမှ ဖြည်းဖြည်းချင်း ထွက်လာခဲ့သည် ။

​လုံယွဲ့သည် ဆိုဖာပေါ်တွင် စောင်းလျက်လဲလျောင်းရင်း ကိုကာကိုလာကို ပိုက်ဖြင့် စုပ်သောက်နေသည် ။ ရင်ခွင်ထဲတွင် အာလူးကြော်ထုပ်ကြီး တစ်ထုပ်ရှိနေပြီး သူမရှေ့ရှိ တီဗီတွင်တော့ ဖျော်ဖြေရေးအစီအစဉ်တစ်ခု ပြသနေသည် ။

​မိမိ၏ မှတ်ဉာဏ်နှင့် ဉာဏ်ပညာကို အသုံးချကာ ဤကမ္ဘာကို တစ်လကြာ လေ့လာပြီးနောက် သူမသည် ကမ္ဘာဂြိုလ်နှင့် တဖြည်းဖြည်း ရင်းနှီးကျွမ်းဝင်လာကာ အသားကျလာခဲ့ပြီ ဖြစ်သည် ။

​လောကအကြောင်း ဘာမှမသိခဲ့သော အင်မော်တယ်နယ်မြေ၏ ဧကရီအရှင်မသည် ယခုအခါ သူမ၏ ဖုန်းကို အသုံးချကာ အစားအသောက်မှာယူခြင်းနှင့် အွန်လိုင်းမှ ပစ္စည်းဝယ်ယူခြင်းတို့ကို ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်နေလေပြီ ။

​ဤတစ်လအတွင်း သူမသည် အိပ်ရာပေါ်တွင်လဲလျောင်းကာ ဖုန်းထဲမှ ဗီဒီယိုတိုလေးများကို ကြည့်ခြင်း သို့မဟုတ် ဆိုဖာပေါ်တွင်လဲလျောင်းကာ ဇာတ်လမ်းတွဲများ ကြည့်ခြင်းဖြင့်သာ အချိန်ကုန်ဆုံးခဲ့သည် ။

​ကလေးကမ္ဘာ ကာတွန်းကားများ ၊ ဂျပန် သို့မဟုတ် ကိုရီးယား ဇာတ်လမ်းတွဲများ ၊ ရုပ်ရှင်များ ၊ ဖျော်ဖြေရေးအစီအစဉ်များနှင့် သတင်းများကိုပါ သူမသည် အားရပါးရ ကြည့်ရှုလေ့ရှိသည် ။ တစ်ခါတစ်ရံ မနက် သုံးနာရီ ၊ လေးနာရီအထိ မအိပ်ဘဲ ဇာတ်လမ်းတွဲများ ကြည့်တတ်ပြီး နေ့လယ်မှသာ ပြန်နိုးလေ့ရှိသည် ။

​သူမ၏ စားသောက်နေထိုင်ရေးကို တာဝန်ယူမည်ဟု သူ ကတိပေးထားခဲ့သဖြင့် သူမ၏ ဖုန်းထဲတွင် မိသားစုကတ် တစ်ခု ချိတ်ဆက်ပေးထားခဲ့ရာ သူမ စားချင်သည့် အရာရှိတိုင်း တိုက်ရိုက် မှာယူနိုင်ခဲ့၏ ။

​ထိုအကြောင်းကြောင့်ပင် သူမ၏ အသုံးအဖြုန်းကြီးမှုနှင့်အတူ သူတို့၏ စုဆောင်းငွေများမှာ မျှော်လင့်ထားသည်ထက် ပိုမိုမြန်ဆန်စွာ ကုန်ဆုံးသွားခဲ့ရသည် ။

​လေးထောင်ယွမ်မှာ မူလက နှစ်လစာအတွက် ရည်ရွယ်ထားခြင်း ဖြစ်သော်လည်း တစ်လနှင့်ပင် ကုန်သွားခဲ့သည် ။

​လင်းဖန်သည် အိပ်ခန်းတံခါးဝတွင် ရပ်ကာ လုံယွဲ့ကို စိုက်ကြည့်နေမိသော်လည်း ဘာမှတော့ ထုတ်မပြောဖြစ်ခဲ့ပေ ။

​သူမသည် ကမ္ဘာမြေသို့ ရောက်ရှိလာသည်မှာ မကြာသေးသဖြင့် ဤကမ္ဘာကို နားလည်အောင် ဖြည်းဖြည်းချင်း ကြိုးစားနေရသူ ဖြစ်သည် ။ သူမကို တီဗီများများကြည့်ပြီး ဤကမ္ဘာအကြောင်း လေ့လာရန် တိုက်တွန်းခဲ့သည်မှာလည်း သူကိုယ်တိုင်ပင် ဖြစ်သည် ။ သူ မျှော်လင့်မထားခဲ့သည်မှာ သူမသည် ဤကမ္ဘာနှင့် အသားကျသွားသည်မှာ အနည်းငယ် လွန်ကဲသွားပြီး လုံးဝကို စံနမူနာပြစရာ ဖြစ်သွားခြင်းပင် ။

​တစ်နေကုန် အိမ်မှာပဲ လဲလျောင်းနေပြီး စားလိုက် ၊ သောက်လိုက် ၊ အိပ်လိုက်ဖြင့် အချိန်ကုန်ဆုံးနေသည့် ဤပျင်းရိလှသော အမျိုးသမီးသည် တစ်ချိန်က အင်မော်တယ်နယ်မြေတစ်ခုလုံး၏ ဧကရီအရှင်မ ဖြစ်ခဲ့သည်ဆိုသည်ကို မည်သူက ယုံကြည်နိုင်ပါမည်နည်း ။

​ယခုအခါ သူမသည် တီဗီနှင့် ဖုန်းကို နေ့တိုင်း ပျော်ပျော်ရွှင်ရွှင် ကြည့်နေပြီး ကမ္ဘာမြေသို့ ပထမဆုံး ရောက်ရှိလာစဉ်က ပြသခဲ့သော စိတ်ပျက်အားငယ်မှုနှင့် မကျေနပ်မှုများ လုံးဝ မရှိတော့ပေ ။

​ကုန်လွန်ခဲ့သော တစ်လအတွင်း သူမ အိမ်ပြန်ချင်သည်ဟု ငိုယိုပြောဆိုသံကို သူ နောက်ထပ် မကြားရတော့ ။

​"နတ်ဆိုးအရှင် .. ငါ အခုပဲ အစားအသောက်ဆိုင် အသစ်တစ်ဆိုင် တွေ့တယ် ..ကြက်သားနှပ် ကြက်ဥထမင်းတဲ့ .. အတူတူ စမ်းစားကြည့်မလား.."

​လုံယွဲ့သည် အိပ်ခန်းတံခါးဝတွင် ရပ်နေသော လင်းဖန်ကို သတိပြုမိသွားပြီး သူမ၏ ဖုန်းကို စိတ်လှုပ်ရှားစွာ မြှောက်ပြလိုက်သည် ။

​လင်းဖန်သည် ထိုင်ခုံတစ်ခုကို ဆွဲယူကာ သူမ၏ရှေ့တွင် ထိုင်လိုက်၏ ။ စားပွဲပုလေးပေါ်တွင် လက်တင်ကာ လက်ချောင်းများကို ဆုပ်ကိုင်ထားရင်း သူ၏ မျက်နှာမှာ တည်ကြည်နေသည် ။

​"အင်မော်တယ်ဧကရီ .. ငါ မင်းနဲ့ ဆွေးနွေးရမယ့် ကိစ္စတစ်ခု ရှိတယ်.."

​"အင်း .. ဘာကိစ္စလဲ.."

​လုံယွဲ့သည် ထိုကိစ္စကို အလေးအနက် မထားဘဲ ယနေ့ နေ့လယ်စာ ဘာစားရမည်နည်းဟု စဉ်းစားရင်း အစားအသောက် ရွေးချယ်မှုများကိုသာ ဖုန်းထဲတွင် အာရုံစိုက်နေသည် ။

​"ဘုန်း.."

​လင်းဖန်သည် စားပွဲပုလေးကို လက်ဖြင့် ပြင်းထန်စွာ ရိုက်လိုက်ပြီး သူမဘက်သို့ ကိုယ်ကိုကိုင်းကာ လေးနက်စွာ ပြောလိုက်သည် ။

​"အင်မော်တယ်ဧကရီ .. ငါတို့အိမ်ရဲ့ ငွေကြေးအခြေအနေက အနုတ်လက္ခဏာ ပြနေပြီ.."

​သူ၏ စကားအဆုံးတွင် လုံယွဲ့၏ မျက်နှာမှာ တောင့်တင်းသွားပြီး ဖုန်းပေါ်မှ သူမ၏ လက်ချောင်းများမှာလည်း အလိုအလျောက် ရပ်တန့်သွားသည် ။

​"ဆိုလိုတာက . . . ငါတို့အိမ်မှာ ပိုက်ဆံ ကုန်တော့မှာပေါ့.."

​"အတိအကျပဲ.."

​လင်းဖန်က လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည် ။

​"ပိုက်ဆံတွေက ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် ကုန်သွားရတာလဲ..."

လုံယွဲ့က ဇဝေဇဝါဖြင့် မေးလိုက်သည် ။

​"မင်း အသိဆုံး ဖြစ်မှာပါ .. အင်မော်တယ်ဧကရီ.."

​လင်းဖန်၏ မျက်ခုံးများမှာ အနည်းငယ် တုန်ရီသွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည် ။

​သူမ ဘာမှ မပြောလျှင် တော်သေးသည် ၊ ယခုကဲ့သို့ ပြောလိုက်ခြင်းမှာ သူ၏ ဒေါသကို ပိုမို ဆွပေးလိုက်သလို ဖြစ်သွား၏ ။

​သူမသည် တစ်နေ့ သုံးနပ် စားသောက်ရုံတင်မကဘဲ အွန်လိုင်းမှ မုန့်များနှင့် အအေးများကိုလည်း အများအပြား ဝယ်ယူခဲ့သည် ။ ညဘက် ဇာတ်လမ်းတွဲများ ကြည့်သည့်အခါတွင်လည်း ညစာနှင့် လက်ဖက်ရည်များကို မှာယူစားသောက်လေ့ရှိသည် ။

​သူကိုယ်တိုင်ပင် မှာယူရန် တွန့်ဆုတ်နေရသော အစားအသောက်များကို သူမက ယွမ်ပေါင်းများစွာ အကုန်အကျခံကာ ပေါ့ပေါ့ပါးပါးပင် မှာယူခဲ့ခြင်း ဖြစ်သည် ။

​ဤမျှ အသုံးအဖြုန်းကြီးနေမှတော့ ဘယ်လိုလုပ်ပြီး မကုန်ဘဲ ရှိပါမည်နည်း ။

​"ဒါ . . . ဒါက ငါ့အပြစ် မဟုတ်ပါဘူး .. ဒီကမ္ဘာက ပိုက်ဆံတွေက သုံးရတာ ဒီလောက် လွယ်ကူမှန်း ဘယ်သူ သိမှာလဲ ..ငါ အများကြီး ဝယ်လိုက်တယ်လို့လည်း မထင်မိပါဘူး . . ."

​လင်းဖန်၏ ဆူပူခြင်းကို ခံလိုက်ရသဖြင့် လုံယွဲ့သည် အမှားလုပ်ထားသော ကလေးတစ်ယောက်ကဲ့သို့ ဖြစ်သွားပြီး သူမ၏ လက်ချောင်းလေးများကို အချင်းချင်း ပွတ်သပ်ကာ လင်းဖန်၏ အကြည့်ကို တိုက်ရိုက် မရင်ဆိုင်ရဲဘဲ ခေါင်းလွှဲထားလိုက်သည် ။

​"ဟူး . . . ထားလိုက်ပါတော့ .. ဒါက မင်းအပြစ်လည်း မဟုတ်ပါဘူး.."

​လင်းဖန်သည် သက်ပြင်းတစ်ချက်ချကာ ရင်ထဲမှ မကျေနပ်မှုများကို လျှော့ချရန် ကြိုးစားရင်း ထိုင်ခုံပေါ်တွင် ပြန်ထိုင်လိုက်သည် ။

​သူမ၏ စားသောက်နေထိုင်ရေးကို တာဝန်ယူမည်ဟု ပြောခဲ့သူမှာ သူပင် ဖြစ်သလို ၊ မိသားစုကတ်ကို ချိတ်ဆက်ပေးခဲ့သူမှာလည်း သူပင် ဖြစ်သည် ။ လုံယွဲ့သည် ဤကမ္ဘာသို့ ရောက်ရှိလာသည်မှာ မကြာသေးသလို သူမ၏ ယခင်အဆင့်အတန်းမှာလည်း အင်မော်တယ်ဧကရီ ဖြစ်ခဲ့ရာ ပိုက်ဆံ၏ တန်ဖိုးကို နားမလည်ခြင်းမှာ သဘာဝပင် ဖြစ်သည် ။ ဤသည်က သူမ၏ အပြစ် မဟုတ်ပါချေ ။

​"ငါ အပြင်ကို ခဏသွားဦးမယ်.. မင်း အိမ်မှာပဲ လိမ်လိမ်မာမာ နေခဲ့ .. ဟိုဟိုဒီဒီ လျှောက်မသွားနဲ့ဦး.."

​လင်းဖန် အပြင်ထွက်ရန် ထလိုက်စဉ်မှာပင် လုံယွဲ့က ရုတ်တရက် လှမ်းခေါ်လိုက်သည် ။

​"နေဦး နတ်ဆိုးအရှင် .. နင် ပိုက်ဆံရှာဖို့ နည်းလမ်းသွားရှာမလို့ မဟုတ်လား.."

​"ဟုတ်တယ်.."

လင်းဖန်က ဝန်ခံလိုက်သည် ။

​အကယ်၍ သူ ပိုက်ဆံရှာရန် နည်းလမ်း မြန်မြန် မရှာနိုင်လျှင် နောက်ရက်အနည်းငယ်အတွင်း သူတို့ ငတ်ပြတ်သွားနိုင်သည် ။

​"ဟင်း ..ဟင်း.. ဟင်း..နတ်ဆိုးအရှင် ..ငါ့မှာ ပိုက်ဆံရှိလားဆိုတာကို နင် ဘာလို့ အရင် မမေးတာလဲ.."

​လုံယွဲ့သည် အောင်နိုင်သူတစ်ဦးအလား ချီနေသော မျက်နှာဖြင့် ပြောလိုက်ပြီး သူမ၏ မျက်နှာတွင် မြေခွေးတစ်ကောင်ကဲ့သို့ လျှို့ဝှက်သော အပြုံးတစ်ခု ပေါ်ပေါက်လာသည် ။ လင်းဖန်၏ စိုးရိမ်နေသော မျက်နှာနှင့် ယှဉ်လျှင် သူမသည် ယုံကြည်မှု အပြည့် ရှိနေပေ၏ ။

​လင်းဖန်သည် ဇဝေဇဝါ ဖြစ်သွားသော်လည်း မျှော်လင့်ချက်အပြည့်ဖြင့် လုံယွဲ့ဘက်သို့ တိုးကပ်သွားသည် ။

​"မင်းမှာ ပိုက်ဆံ ရှိလို့လား.."

​လုံယွဲ့က ပြုံးလျက် ခေါင်းခါပြလိုက်သည် ။

​"ငါ့မှာ ပိုက်ဆံ မရှိဘူး .."

​လင်းဖန် .. " . . ."

​"မင်း ငါ့ကို လာနောက်နေတာလား အင်မော်တယ်ဧကရီ.."

​လင်းဖန်သည် စိတ်ပျက်သွားကာ လှည့်ထွက်ရန် ပြင်လိုက်သည် ။

​သူ ဤအမျိုးသမီးအပေါ် မည်သည့် မျှော်လင့်ချက်မှ မထားသင့်ခဲ့ပေ။

​သူမ ကမ္ဘာမြေသို့ ရောက်လာကတည်းက တစ်ခါတစ်ရံ စူပါမားကတ်သို့ ပစ္စည်းဝယ်ရန် အတူတူ သွားခြင်းမှလွဲ၍ အမြဲတမ်း အိမ်မှာပင် နေခဲ့သည် ။ သူမသည် အပြင်သို့ ထွက်လေ့မရှိသလို နေ့တိုင်း စားလိုက်အိပ်လိုက်ဖြင့်သာ အချိန်ကုန်ဆုံးနေသူ ဖြစ်သည် ။ သူမတွင် ပိုက်ဆံ ဘယ်လိုလုပ် ရှိနိုင်ပါမည်နည်း ။

​"ငါ့မှာ ပိုက်ဆံ မရှိပေမဲ့ ..နတ်ဆိုးအရှင် .. ငါ ဘယ်သူလဲဆိုတာ မမေ့နဲ့ဦး.."

​လုံယွဲ့သည် ဆိုဖာပေါ်တွင် မတ်တပ်ရပ်ကာ လက်ကို ခါးထောက်ရင်း ယုံကြည်မှုအပြည့်ဖြင့် ဂုဏ်ယူစွာ ပြောလိုက်သည် ။

​"ငါက အလွန်မြင့်မြတ်သော နတ်နန်းတော်ရဲ့ အင်မော်တယ်ဧကရီ .. အင်မော်တယ်နယ်ပယ်ရဲ့ အရှင်သခင်မပဲ.."

​" . . . အဲ့ဒီတော့ ဘာဖြစ်လဲ.."

​"ငါ့မှာ ဒီကမ္ဘာက ပိုက်ဆံတွေ မရှိပေမဲ့ တန်ဖိုးရှိတဲ့ အရာတွေတော့ ရှိတယ်.."

​ထိုသို့ပြောပြီးနောက် လုံယွဲ့သည် သူမ၏ အိတ်ကပ်ထဲမှ ပြာလဲ့လဲ့ ရတနာကျောက်တစ်လုံးကို ထုတ်ယူလိုက်သည် ။

​"ဒါက အင်မော်တယ်နယ်ပယ်က မြစိမ်းရောင်ကျောက်မျက်ပဲ .. အဖိုးမဖြတ်နိုင်တဲ့ ရှားပါး ရတနာတစ်ခုပေါ့ .. ဒီထဲမှာ ငါ့ရဲ့ အင်မော်တယ် ဝိညာဉ်စွမ်းအား အနည်းငယ် ပါဝင်နေတယ် .. ကျင့်ကြံသူတွေ ဝတ်ဆင်ထားရင် အင်မော်တယ် စွမ်းအားရဲ့ ကာကွယ်မှုကို ရရှိပြီး သူတို့ရဲ့ ဝိညာဉ်နဲ့ အသက်ကို စောင့်ရှောက်ပေးနိုင်တယ် .. သာမန်လူသားတွေ ဝတ်ဆင်ထားရင်တော့ ခန္ဓာကိုယ်ကို အင်မော်တယ် စွမ်းအားက အားဖြည့်ပေးပြီး ဘယ်လို ရောဂါမျိုးကိုမဆို ကာကွယ်ပေးနိုင်သလို အသက်ကိုလည်း ရှည်စေနိုင်တယ်.."

​"ဒါ တစ်လုံးတည်းနဲ့တင် လူသားလောက က မြို့ပေါင်း ဆယ်မြို့ထက်မက ဝယ်လို့ရတယ် .. ဟားဟားဟား .."

​ထိုသို့ပြောရင်း လုံယွဲ့သည် ဤကမ္ဘာ၏ အတိုင်းအဆမရှိသော ချမ်းသာကြွယ်ဝမှုများက သူမကို လက်ယပ်ခေါ်နေသည့်အလား အားရပါးရ ရယ်မောလိုက်တော့သည် ။

​သူမ၏ ဝိညာဉ်စွမ်းအားများ ဆုံးရှုံးသွားပြီး အင်မော်တယ်အဆင့် သိုလှောင်လက်စွပ်ကို ဖွင့်၍ မရသော်လည်း ကံကောင်းထောက်မစွာဖြင့် သူမ၏ ကိုယ်ပေါ်တွင် ကာကွယ်ရေးအတွက် ရတနာအချို့ ကျန်ရှိနေသေးခြင်း ဖြစ်သည် ။

​လင်းဖန်သည် ထိုနေရာတွင် မှင်သက်ကာ ရပ်နေမိသည် ။ သူသည် သူမကဲ့သို့ အကောင်းမြင်မနေ ။ ယင်းအစား အရာရာမှာ မျှော်လင့်ထားသလောက် ချောမွေ့လိမ့်မည် မဟုတ်ဟု သူ ခံစားနေရသည် ။

​အင်မော်တယ်နယ်ပယ်က ကျောက်မျက်တွေက ဤကမ္ဘာတွင် တူညီသည့် တန်ဖိုး ရှိနိုင်ပါမည်လော။

​"နတ်ဆိုးအရှင် ..နင် ငါ့ကို ပြန်ကျွေးဖို့ တောင်းပန်လာမှာကိုပဲ စောင့်နေလိုက်တော့ .."

​"စိတ်မပူနဲ့ ..မင်း နောက်ပိုင်း စားချင်တာ မှန်သမျှ စားနိုင်ဖို့ ငါ ခွင့်ပြုပေးမယ်.."

​လုံယွဲ့သည် သူမ၏ လက်ထဲရှိ မြစိမ်းရောင်ကျောက်မျက်ကို တင်းတင်းဆုပ်ကိုင်ကာ ဆိုဖာပေါ်မှ ခုန်ဆင်းပြီး ခေါင်းကိုမော့ ရင်ကိုကော့ကာ ယုံကြည်မှုအပြည့်ဖြင့် အိမ်အပြင်သို့ လှမ်းထွက်သွားတော့သည် ။

​ဤကမ္ဘာကို တစ်လကြာ လေ့လာပြီးနောက်တွင် ရှေးခေတ်ကကဲ့သို့ အပေါင်ဆိုင်များ ရှိကြောင်း သူမ သိရှိထားခဲ့ပြီ ဖြစ်သည် ။ ထို့ကြောင့် အစကတည်းက သူမသည် ပိုက်ဆံအတွက် စိုးရိမ်ခြင်း မရှိခဲ့ပေ ။

​သူမ၏ လက်ထဲရှိ အင်မော်တယ်ကျောက်မျက်ကို ရောင်းလိုက်သည်နှင့် သူမသည် ဤကမ္ဘာ၏ အချမ်းသာဆုံး လူသားများထဲမှ တစ်ဦး ဖြစ်လာပေတော့မည် ။

All Chapters