အခန်း (၃၇-၃၈)
Vol. 4 Ch. 37-38
Chapter 37+38
~
အခန်း ၃၇+၃၈ : ဧကရီ၏ သူဌေးအိမ်မက် ပျက်စီးသွားခြင်း...
~
ဒါယွန်း ရတနာဆိုင်မှ ကြိုဆိုပါသည် ။
မှိန်ပျပျ မီးရောင်များက မှန်ကောင်တာများကို ဖြတ်သန်းလင်းလက်နေစေပြီး အမျိုးမျိုးသော ကျောက်မျက်ရတနာများမှာ မီးရောင်အောက်တွင် စွဲမက်ဖွယ် ကောင်းလောက်အောင် တောက်ပလျက်ရှိသည်။ ရွှေထည်ပစ္စည်းများကိုလည်း သေသပ်စွာ ခင်းကျင်းပြသထားပြီး ခန့်ညားထည်ဝါသော အရောင်အဝါများ ထွက်ပေါ်နေပေသည် ။
ယူနီဖောင်းဝတ်ဆင်ထားပြီး လက်အိတ်အဖြူများ စွပ်ထားသော အရောင်းဝန်ထမ်းများမှာ ဖောက်သည်များ စမ်းသပ်ဝတ်ဆင်နိုင်ရန်အတွက် ပြကွက်များထဲမှ ရတနာများနှင့် ရွှေထည်များကို ဂရုတစိုက် ထုတ်ပေးနေကြ၏ ။
ဆိုင်ထဲတွင် ဖောက်သည် အများအပြား မရှိသဖြင့် အနည်းငယ် ခြောက်ကပ်နေသော်လည်း ရှိနေသမျှ ဖောက်သည်တိုင်းမှာ ရွှေငွေများ ဆင်မြန်းထားသူများ သို့မဟုတ် တန်ဖိုးကြီး သားရေ အဝတ်အထည်များ ဝတ်ဆင်ထားသူများသာ ဖြစ်ကြသည် ။
ထိုစဉ်မှာပင် လမ်းဘေး၌ ဘတ်စ်ကားတစ်စီး ရပ်လိုက်ပြီး လုံယွဲ့နှင့် လင်းဖန်တို့ ဆင်းလာကာ ရတနာဆိုင်ဆီသို့ လျှောက်လှမ်းလာကြ၏ ။
တံခါးဝရှိ ဧည့်ကြိုဝန်ထမ်းမှာ သူတို့ကို မြင်လိုက်ရသောအခါ အံ့အားသင့်ပြီး ခဏတာ တုံ့ဆိုင်းသွားသည် ။
နှစ်ပေါင်းများစွာ အတွေ့အကြုံရှိသော ရတနာအရောင်းဝန်ထမ်းတစ်ဦးအနေဖြင့် သူမသည် ချမ်းသာသော လူငယ်လေးများစွာကို မြင်ဖူးခဲ့သည် ။ လာသမျှသူတိုင်းမှာ တန်ဖိုးကြီး ကားများ သို့မဟုတ် ကိုယ်ပိုင်ဒရိုင်ဘာများနှင့် လာလေ့ရှိကြပြီး သာမန်ဖောက်သည်များပင် ကိုယ်ပိုင်ကားဖြင့် လာကြသည် ။
ယနေ့တွင်မူ သူတို့၏ ရတနာဆိုင်သို့ ဘတ်စ်ကားဖြင့် လာသောသူကို သူမ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင် ဖြစ်သည် ။
"ကြိုဆိုပါတယ် .. ဘာများ ကူညီပေးရမလဲရှင်.."
ခဏတာမျှ အံ့သြသွားပြီးနောက် တံခါးဝမှ ဧည့်ကြိုသည် သူမ၏ ပရော်ဖက်ရှင်နယ် ဆန်သော အမူအရာကို ချက်ချင်း ပြန်လည် ထိန်းသိမ်းလိုက်သည် ။ သူမသည် ပြုံးလျက် လင်းဖန်နှင့် လုံယွဲ့တို့ကို ကြိုဆိုရန် ဆိုင်တံခါးကို အမြန် ဖွင့်ပေးလိုက်သည် ။
သူမ၏ အမြင်အရ ရှေ့တွင် ရှိနေသော သူနှစ်ဦးမှာ နာမည်ကြီး တံဆိပ်များကို ဝတ်ဆင်ထားခြင်း မရှိသော်လည်း သူတို့၏ အရှိန်အဝါမှာတော့ လုံးဝ သာမန်မဟုတ်ကြောင်း သိသာနေသည် ။
လူတစ်ယောက်၏ ပင်ကိုယ်ဟန်ပန်မှာ အချိန်တိုအတွင်း ပြောင်းလဲ၍ ရသောအရာ မဟုတ်ပေ ။ ၎င်းမှာ ငယ်စဉ်ကတည်းက ပတ်ဝန်းကျင်နှင့် မိသားစု နောက်ခံတို့ကြောင့် ပျိုးထောင်လာခဲ့ရသည့် အရာမျိုး ဖြစ်သည် ။
သူမရှေ့မှ လူနှစ်ဦးမှာ လှုပ်ရှားမှုတိုင်းတွင် ပေါ့ပါးတည်ငြိမ်နေပြီး ခေါင်းကိုမော့ ၊ ရင်ကိုကော့ထားကြ၏ ။ သူတို့၏ မျက်နှာတွင် နှစ်ပေါင်းများစွာ ပင်ပန်းနွမ်းနယ်ခဲ့သည့် အရိပ်အယောင်များ လုံးဝ မရှိဘဲ အသားအရေမှာလည်း ထူးခြားစွာ ကောင်းမွန်နေသည် ။ သူတို့၏ မျက်ခုံးများမှတစ်ဆင့် ယုံကြည်မှုနှင့် တည်ငြိမ်မှုများ ထွက်ပေါ်နေသည် ။ ဤအချက်တစ်ခုတည်းနှင့်ပင် သူတို့သည် သာမန်နောက်ခံမှ လာသူများ မဟုတ်ကြောင်း သိနိုင်သည် ။
ချမ်းသာသောသူအချို့မှာ လူမသိအောင် နေထိုင်ရသည်ကို နှစ်သက်ကြပြီး သာမန် အဝတ်အစားများကိုသာ ဝတ်ဆင်တတ်ကြသည် ။ အချို့ဆိုလျှင် ညှပ်ဖိနပ်ပင် စီးလာတတ်ကြသည် မဟုတ်ပါလော ။
ဒီလူနှစ်ယောက်မှာလည်း လူမသိအောင် ဘတ်စ်ကားဖြင့် လာခြင်း ဖြစ်နိုင်သည် ။
လုံယွဲ့သည် ရတနာဆိုင်ထဲသို့ ရောက်ရှိလာသောအခါ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်သည် ။
"ဒီမှာ ကျောက်မျက်ရတနာတွေ ဝယ်လား.."
"ဝယ်ပါတယ်ရှင် ..ရတနာပဲဖြစ်ဖြစ် .. ရွှေပဲဖြစ်ဖြစ် ဒါယွန်းရတနာဆိုင်က အကုန်ဝယ်ပါတယ် .. ရတနာ ရောင်းချင်လို့လားရှင်.."
"ဟုတ်တယ်.."
လုံယွဲ့က ယုံကြည်မှုအပြည့်ဖြင့် ခေါင်းညိတ်ပြလိုက်သည် ။
"ကောင်တာဘက်ကို ကြွပါရှင်.."
အရောင်းဝန်ထမ်းက လမ်းညွှန်ပြသကာ သူမကို ကောင်တာသို့ တိုက်ရိုက် ခေါ်ဆောင်သွားသည် ။
ကောင်တာကို ကျည်ကာမှန်များဖြင့် ကာရံထားပြီး ပစ္စည်းများ လဲလှယ်ရန်အတွက် ပြတင်းပေါက် သေးသေးလေးတစ်ခုသာ ချန်ထား၏ ။
ကောင်တာ၏ တစ်ဖက်တွင်တော့ ရတနာနှင့် ရွှေများကို တန်ဖိုးဖြတ်ရန် တာဝန်ရှိသော ဝန်ထမ်းတစ်ဦး လုံယွဲ့၏ အနားသို့ လျှောက်လာသည် ။
"ဘယ်လို ရတနာမျိုးကို ရောင်းချင်တာလဲရှင်.."
"ဒါပဲ.."
လုံယွဲ့သည် သူမ ကိုင်ဆောင်လာသော မြစိမ်းရောင်ကျောက်မျက်ကို ကောင်တာ ပြတင်းပေါက်ထဲသို့ ယုံကြည်မှုအပြည့်ဖြင့် ထည့်ပေးလိုက်သည် ။
အရောင်းဝန်ထမ်းသည် ထိုကျောက်မျက်ကို ယူကာ မီးရောင်များ ၊ အထူးကိရိယာများဖြင့် အကြိမ်ကြိမ် စစ်ဆေး တန်ဖိုးဖြတ်နေသည် ။
စစ်ဆေးမှုတိုင်းတွင် သူမ၏ မျက်နှာမှာ ပို၍ ဇဝေဇဝါ ဖြစ်လာသည် ။
တခြားသော အရောင်းဝန်ထမ်းများမှာလည်း ထူးခြားမှုကို သတိပြုမိသွားသဖြင့် တန်ဖိုးဖြတ်နေသော ဝန်ထမ်းအနားသို့ စပ်စုရန် လာကြသည် ။
အရောင်းဝန်ထမ်း တစ်အုပ်စုမှာ စုဝေးကာ တိုးတိုးတိုးတိုးဖြင့် ဘာတွေ ပြောနေကြသည် မသိသော်လည်း ခဏခဏ လုံယွဲ့ဘက်သို့ လှည့်ကြည့်နေကြသည် ။
လုံယွဲ့မှာမူ ခေါင်းကိုမော့ကာ ယုံကြည်မှုအပြည့်ဖြင့် အဖြေကို စောင့်နေဆဲ ဖြစ်သည် ။ သူမ၏ အောင်နိုင်သူအပြုံးမှာ ဖုံးဖိ၍ မထားနိုင်လောက်အောင်ပင် ပေါ်လွင်နေလေ၏ ။
ဤကမ္ဘာက သာမန်လူသားတွေမှာ မြစိမ်းရောင်ကျောက်မျက်ကို တစ်ခါမျှ မြင်ဖူးကြလိမ့်မည် မဟုတ်ပေ ။ သူမ ပြလိုက်သော အင်မော်တယ်ကျောက်မျက်ကို မြင်ပြီး လန့်သွားကာ ဘယ်လို တန်ဖိုးဖြတ်ရမလဲ မသိဖြစ်နေပေလိမ့်မည်။
မည်သို့ပင် ဆိုစေကာမူ ဤမြစိမ်းရောင်ရောင်ကျောက်မျက် သေးသေးလေး တစ်လုံးတည်းနှင့်ပင် ဒီနတ်ဆိုးမြို့တော် တစ်ခုလုံးကို ဝယ်နိုင်လောက်သည် မဟုတ်ပါလော ။
လုံယွဲ့၏ ယုံကြည်မှုနှင့် ဆန့်ကျင်ဘက်မှာတော့ လင်းဖန်၏ စိုးရိမ်စိတ်မှာ ပိုမို ပြင်းထန်လာသည် ။ ဘာတွေ ဖြစ်ပျက်နေသလဲဆိုသည်ကို သူ ဝေဝေဝါးဝါး ခန့်မှန်းမိနေသည် ။
"အဲ . . . မမ .. ပစ္စည်းမှားယူလာတာများလားရှင်.."
"မမ ကျွန်မတို့ကို ပေးတဲ့အရာက ကျောက်မျက်ရတနာ မဟုတ်ပါဘူး ..ဒါက သာမန် ကျောက်ခဲတစ်လုံးပဲလေ.."
တိုင်ပင်ဆွေးနွေးပြီးနောက် တန်ဖိုးဖြတ် ဝန်ထမ်းသည် မြစိမ်းရောင်ကျောက်မျက်ကို လုံယွဲ့ထံ ပြန်ပေးလိုက်သည် ။
"သာ . . . သာမန် ကျောက်ခဲ ဟုတ်လား.."
လုံယွဲ့မှာ မှင်တက်သွားရသည် ။ သူမ လက်ထဲရှိ ကျောက်မျက်ကို မြှောက်ပြကာ စိတ်လှုပ်ရှားစွာဖြင့် ကိုယ်တိုင် မိတ်ဆက်ပေးတော့သည် ။
"ဒါက သာမန်ကျောက်ခဲ ဖြစ်ဖို့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ .. သေချာ ပြန်ကြည့်စမ်း.."
"ဒါက အင်မော်တယ်နယ်ပယ်က မြစိမ်းရောင်ကျောက်မျက် .. ကျောက်မျက်အစစ်ပဲ .. ငါ့ရဲ့ အင်မော်တယ် ဝိညာဉ်စွမ်းအား အနည်းငယ်တောင် ပါဝင်နေသေးတယ် .. ဘယ်လိုလုပ်ပြီး သာမန်ကျောက်ခဲ ဖြစ်ရမှာလဲ.."
"အင်မော်တယ်နယ်ပယ် တစ်ခုလုံးမှာတောင် ငါ့လက်ထဲက မြစိမ်းရောင်ကျောက်မျက်နဲ့ ယှဉ်နိုင်တဲ့ မှော်ရတနာဆိုတာ လက်ချိုးရေလို့ ရတယ်.."
"ဒီကျောက်မျက်ရဲ့ တန်ဖိုးက မြို့ပေါင်း ဆယ်မြို့ထက်မက ဝယ်လို့ရတယ်.."
အရောင်းဝန်ထမ်းများ .. " . . ."
တခြားသော ဖောက်သည်များ .. " . . ."
လုံယွဲ့၏ ကျယ်လောင်လှသော အော်ဟစ်သံကြောင့် ဆိုင်ထဲရှိ လူအားလုံး၏ အာရုံမှာ သူမထံသို့ ချက်ချင်း ရောက်ရှိလာပြီး စပ်စုသော အကြည့်များဖြင့် ဝိုင်းကြည့်ကြသည် ။
"ညီမလေး .. စိတ်အေးအေးထားပါ .. မင်း လက်ထဲက အရာက တကယ်ပဲ သာမန်ကျောက်ခဲ တစ်လုံးပါပဲ.."
အရောင်းဝန်ထမ်းသည် လုံယွဲ့ကို နှစ်သိမ့်နေသော်လည်း သူမ၏ အကြည့်မှာတော့ စိတ်ကျန်းမာရေး မကောင်းသူတစ်ဦးကို ကြည့်နေသည့်အလား သံသယများ ပြည့်နှက်နေသည် ။
သူမ၏ သက်တမ်းတစ်လျှောက်တွင် ကျောက်ခဲတစ်လုံးကို ကိုင်ကာ ရှားပါးရတနာဟု အတင်းအကျပ် ပြောဆိုနေသော သူမျိုးကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည် ။
'ဒီအမျိုးသမီးက စိတ်ကျန်းမာရေးဆေးရုံကများ လွတ်လာတာလား ..'
"သာမန် ကျောက်ခဲတဲ့ . . ."
လုံယွဲ့သည် သူမ၏ လက်ထဲရှိ မြစိမ်းရောင်ကျောက်မျက်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်ပြီးနောက် သူမ၏ အိတ်ကပ်ထဲမှ အရောင်အသွေး စုံလင်လှသော ဖန်စီ အင်မော်တယ်ပုတီးစေ့တစ်လုံးကို ထပ်ထုတ်လိုက်သည် ။
"ဒါဆိုရင် ဒါကရော .. ဒါကတော့ ကျောက်မျက် ဖြစ်ရမယ်.."
အရောင်းဝန်ထမ်းသည် ထိုပုတီးစေ့ကို ယူကာ သေချာ စစ်ဆေးပြီးနောက် အားကိုးရာမဲ့စွာဖြင့် ပြန်ပေးလိုက်သည် ။
"ညီမလေး .. ဒါက လှပတဲ့ ဖန်လုံးလေး တစ်လုံးပါ .. ရတနာ မဟုတ်ပါဘူး.."
"ဖန် . . . ဖန်လုံး ဟုတ်လား.."
လုံယွဲ့သည် စိတ်လှုပ်ရှားစွာဖြင့် ကောင်တာပေါ်သို့ ကိုယ်ကိုကိုင်းကာ အားသွန်ခွန်စိုက် ငြင်းခုံတော့သည် ။
"ဒါက ငါကိုယ်တိုင် သန့်စင်ဖန်တီးထားတဲ့ ဖန်စီ အင်မော်တယ်ပုတီးစေ့ ပဲ .. ဒီထဲမှာ ကမ္ဘာငယ်လေး တစ်ခု ပါဝင်နေပြီး နယ်ပယ်ပေါင်း သောင်းခြောက်ထောင်ကို သိမ်းဆည်းထားနိုင်တယ် .. ဒါက ဖန်လုံးသက်သက် မဟုတ်ဘူး.."
"ဝိညာဉ်စွမ်းအား နည်းနည်း ထည့်လိုက်တာနဲ့ ဒီကမ္ဘာပေါ်က ဘယ်အရာကိုမဆို သိမ်းဆည်းထားနိုင်တယ် .. ဒါက ထူးခြားတဲ့ မှော်ရတနာပဲ.."
လူအားလုံး .. " . . ."
ရတနာဆိုင်တစ်ခုလုံး တိတ်ဆိတ်သွားသည် ။ အချို့မှာ ရယ်ချင်စိတ်ကို အောင့်ထားကြပြီး အချို့မှာမူ လုံယွဲ့ကို အရူးတစ်ယောက်အလား ကြည့်နေကြသည် ။
အစပိုင်းတွင် သူတို့ အနည်းငယ် သံသယရှိခဲ့သော်လည်း ယခုအခါတွင်မူ သူတို့ အသေအချာ သိသွားကြလေပြီ ။
ဤမိန်းကလေးမှာ စိတ်ကျန်းမာရေး ပြဿနာ ရှိနေခြင်း သို့မဟုတ် တမင်သက်သက် လာရောက် နှောင့်ယှက်နေခြင်း ဖြစ်ရမည် ။
"ညီမလေး ..စိတ်အေးအေးထားပါ .. မဟုတ်ရင် ငါတို့ ရဲခေါ်ရလိမ့်မယ်.."
"ငါတို့ဆိုင်မှာ ကျောက်ခဲတွေ ..ဖန်လုံးတွေကို လက်မခံပါဘူး .. ကျေးဇူးပြုပြီး မင်းရဲ့ ပစ္စည်းတွေကို ယူပြီး ထွက်သွားပေးပါ.."
"ငါ ထပ်ပြောမယ် .. ဒါတွေက ကျောက်ခဲတွေ .. ဖန်လုံးတွေ မဟုတ်ဘူး.."
"နင်တို့လို အသိဉာဏ်နည်းပြီး အမြင်ကျဉ်းတဲ့ သာမန်လူသားတွေက ငါကိုယ်တိုင် သန့်စင်ထားတဲ့ မှော်ရတနာတွေကို ဘယ်လိုတောင် စော်ကားရဲရတာလဲ.."
"တောင်းပန်စမ်း .. အခုချက်ချင်း တောင်းပန် ..မဟုတ်ရင် ဒီနေရာကို ငါ့လက်ဝါးတစ်ချက်နဲ့ မြေလှန်ပစ်မယ်.."
လုံယွဲ့၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းနေသည် ။ သူမသည် တစ်ခါမျှ မကြုံဖူးသော အရှက်ရမှုကို ခံစားလိုက်ရသဖြင့် အရောင်းဝန်ထမ်းများကို ဒေါသတကြီး အော်ဟစ်နေတော့သည် ။
ဤသည်မှာ ပိုက်ဆံနှင့် လဲလှယ်ရန် ကိစ္စထက် သူမ၏ မြင့်မြတ်သော ဧကရီ ဆိုသည့် ဂုဏ်သိက္ခာနှင့် သက်ဆိုင်သွားပြီ ဖြစ်သည် ။
"ဧကရီ .. စိတ်လျှော့ပါ ..စိတ်လျှော့ပါ ..သွားကြစို့ .. မဟုတ်ရင် ရဲတွေ ရောက်လာလိမ့်မယ် . . ."
အရောင်းဝန်ထမ်းက ဖုန်းကို ကိုင်ကာ ရဲခေါ်ရန် ပြင်နေသည်ကို မြင်သောအခါ လင်းဖန်သည် ဆက်လက် ငြင်းခုံချင်နေသော လုံယွဲ့ကို အမြန်ပွေ့ဖက်ကာ ဆိုင်ထဲမှ ခေါ်ထုတ်သွားခဲ့သည် ။
ဘာပဲဖြစ်ဖြစ် သူမသည် ဤကမ္ဘာက မဟုတ်သလို ၊ သူမတွင် မည်သည့် အထောက်အထားမှလည်း မရှိပါချေ ။
အကယ်၍ ရဲများ ရောက်လာပါက ကိစ္စများ ပိုမို ရှုပ်ထွေးသွားပေတော့မည် ။
"နတ်ဆိုးအရှင် .. ဘာလို့ ငါ့ကို တားတာလဲ.."
"အဲ့ဒီ ယုတ်မာတဲ့ လူသားတွေက ငါ့ရဲ့ ပစ္စည်းတွေကို ကျောက်ခဲတွေ .. ဖန်လုံးတွေလို့ ပြောတယ်..ဒါ အကြီးအကျယ် စော်ကားတာပဲ .. ငါ သူတို့ရဲ့ ဆိုင်အစုတ်ကြီးကို လက်ဝါးတစ်ချက်နဲ့ ရိုက်ခွဲပစ်မယ်.."
အိမ်အပြန် ကားပေါ်တွင် လုံယွဲ့က မကျေမနပ်ဖြင့် ညည်းညူနေသည် ။
အိမ်ရောက်သည်အထိ သူမ၏ စကားမှာ မရပ်တန့်ဘဲ ရှိနေသည်မှာ သူမ၏ မကျေနပ်မှု မည်မျှ ပြင်းထန်ကြောင်း ပြသနေသည် ။
"သတိလေး ထားပါဦး ဧကရီရဲ့ ..မင်း အခု သူတို့ဆိုင်ရဲ့ မှန်တံခါးကိုတောင် ခွဲနိုင်စွမ်း မရှိဘူးလေ.."
" . . . မုန်းစရာကြီး.."
လုံယွဲ့သည် ဒေါသတကြီး နှုတ်ခမ်းစူထားသဖြင့် ပါးဖောင်းကာ မျက်ရည်များ ဝိုင်းနေသည် ။ သူမ၏ ရတနာများကို အမှိုက်ကဲ့သို့ ဆက်ဆံခံရခြင်းမှာ သူမ၏ ဘဝတွင် တစ်ခါမျှ မကြုံဖူးသော အရှက်ရမှုပင် ။
လင်းဖန်သည် သူ၏ နောက်မှ မကျေမနပ် လိုက်လာသော လုံယွဲ့ကို တစ်ချက်ကြည့်လိုက်ပြီး စဉ်းစားကာ သတိပေးစကား ပြောလိုက်သည် ။
"ဧကရီ .. ဒါက ပြောဖို့ အကောင်းဆုံး အချိန် မဟုတ်မှန်း သိပေမဲ့ ငါ မင်းကို သတိပေးဖို့ လိုအပ်တယ်.."
"ဒီလအတွက် အိမ်လခ ပေးရမယ့်ရက် ရောက်တော့မယ်ဆိုတာ မင်း မမေ့သေးဘူး မလား.."
လုံယွဲ့ .. " . . ."