အခန်း (၃၉-၄၀)
Vol. 4 Ch. 39-40
Chapter 39+40
~
အခန်း ၃၉+၄၀ : နတ်ဆိုးအရှင်၏ အရင်းနှီးဆုံး သူငယ်ချင်း
~
ဧည့်ခန်းထဲတွင် လုံယွဲ့နှင့် လင်းဖန်တို့မှာ တိတ်ဆိတ်စွာ ထိုင်နေကြသည် ။ လေထုမှာ ထူးခြားစွာ လေးလံနေပြီး အခန်းအတွင်း ငြိမ်သက်ခြင်းက စိုးမိုးထား၏ ။
လောလောဆယ်တွင် ရှန်းမိုတိုက်ကြီးသို့ မည်သို့ပြန်ရမည်နည်းဟု စဉ်းစားရန်ထက် ဤကမ္ဘာတွင် မည်သို့ ရှင်သန်အောင် နေထိုင်ရမည်နည်း ဆိုသည်မှာပင် ပြဿနာ ဖြစ်လာနေပြီဖြစ်သည် ။
အကယ်၍ အင်မော်တယ်နယ်မြေနှင့် နတ်ဆိုးနယ်မြေ၏ အရှင်သခင် နှစ်ဦးစလုံးမှာ ကမ္ဘာပေါ်တွင် ငတ်ပြတ်ပြီး သေဆုံးသွားခဲ့ကြလျှင်တော့ ဤသတင်းက အင်မော်တယ်နတ်ဆိုးတိုက်ကြီး၏ နှစ်တစ်သောင်းကျော် ပြောစမှတ်တွင်မည့် ဟာသတစ်ခု ဖြစ်သွားပေလိမ့်မည် ။
လင်းဖန်သည် သူ၏ ဖုန်းထဲရှိ အစိမ်းရောင်ရှိသော လူမှုကွန်ရက် အက်ပ်လေးကို ကြည့်ကာ ခေတ္တမျှ တုံ့ဆိုင်းနေသည် ။ ထို့နောက် သူ၏ အကောင့်ထဲသို့ ဝင်လိုက်သည် ။
သူ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် မဖတ်ရသေးသော မက်ဆေ့ချ်များစွာ မှာ ချက်ချင်း ပေါ်လာတော့သည် ။
သူသည် ငယ်စဉ်ကတည်းက မိဘမဲ့တစ်ဦး ဖြစ်ခဲ့သဖြင့် မက်ဆေ့ချ်အများစုမှာ သူငယ်ချင်းများ၏ နှုတ်ဆက်စကားများနှင့် စိုးရိမ်ပူပန်မှုများသာ ဖြစ်ကြသည် ။
သူ ပျောက်ဆုံးနေသည့် တစ်နှစ်အတွင်း သူငယ်ချင်း အများစုမှာ ဘေးကင်းရဲ့လားဟု မေးမြန်းသည့် မက်ဆေ့ချ် တစ်စောင် ၊ နှစ်စောင်သာ ပို့ခဲ့ကြသော်လည်း ၊ လူတစ်ယောက်ကမူ ထိုတစ်နှစ်ပတ်လုံး မက်ဆေ့ချ်ပေါင်း တစ်ရာ ကျော်ကို ဇွဲနပဲဖြင့် ပို့ထားခဲ့သည် ။
သူသည် ထိုသူ၏ မက်ဆေ့ချ်များကို နှိပ်ကြည့်လိုက်ရာ အချိန်နှင့်တပြေးညီ ပို့ထားသော မက်ဆေ့ချ်များမှာ သူ၏ မျက်စိရှေ့တွင် ပေါ်လာသည် ။
သူ ပျောက်ဆုံးသွားသည့် နေ့မှစ၍ တစ်ခါတစ်ရံ မိနစ်အနည်းငယ်ခြား ၊ တစ်ခါတစ်ရံ တစ်ပတ် ၊ နှစ်ပတ်ခြားပြီး ထိုသူက မက်ဆေ့ချ်များ အမြဲ ပို့နေခဲ့ခြင်း ဖြစ်သည် ။
"လင်းဖန် .. မင်း ဘာလုပ်နေတာလဲ .. ဘာလို့ ပြန်မဖြေတာလဲ.."
"တစ်ရက် ရှိသွားပြီနော် .. မင်း ဒီလောက်တောင် အလုပ်များနေတာလား .. မက်ဆေ့ချ် ကြည့်ဖို့တောင် အချိန်မရှိဘူးလား.."
"နောက်မနေနဲ့တော့ .. ဒီမက်ဆေ့ချ်ကို မြင်ရင် ပြန်ဖြေဖို့ မမေ့နဲ့ .. ငါ့ကို နောက်ဖို့ ကြိုးစားနေတာဆိုရင်တော့ မင်းကို ငါ အလွတ်မပေးဘူးနော် .."
"ဟေး .. သေတာလား ..ရှင်တာလား တစ်ခုခုတော့ ပြန်ပြောစမ်းပါအုံးဟ .."
"ငါ မင်းအိမ်ကို လာရှာသေးတယ် .. ဘယ်သူမှ မရှိဘူး .. ညိုကီ..မင်း ဘယ်တွေ ရောက်နေတာလဲ .."
"လင်းဖန် ..မိုက်မဲမနေနဲ့ .. ဘဝမှာ ဖြတ်ကျော်လို့ မရတဲ့ အခက်အခဲဆိုတာ မရှိဘူး .. ပြန်လာခဲ့ပါ ...မင်းရဲ့ အစ်ကိုကြီးက မင်းကို ခြေထောက်နှိပ်တဲ့ဆီ ခေါ်သွားပေးမယ်.."
"ရဲတွေလည်း မင်းကို ရှာမတွေ့ဘူးတဲ့ .. မင်း ဘယ်တွေ သွားနေတာလဲ.."
"လင်းဖန် .. မင်းရဲ့ နို့ဘူးတွေကို ကျောင်းအဆောင်မှာတုန်းက ငါ ခိုးသောက်ခဲ့တာ ငါ ဝန်ခံပါတယ် .. ပြန်လာခဲ့ပါ .. ငါ အားလုံး ပြန်လျော်ပေးမယ် .."
"ဟူး . . . အဲ့ကောင်မ အတွက်နဲ့ မထိုက်တန်ပါဘူးကွာ ..မင်း ဘာလို့ ဒီလောက်အထိ မိုက်မဲရတာလဲ ..ခေါင်းထဲ ချီးတွေ ပြည့်နေတာလား .."
"ညီလေး ..ကောင်းရာမွန်ရာ ရောက်ပါစေ .. တခြား ကမ္ဘာမှာပဲ ပျော်ပျော်ရွှင်ရွှင် နေပါတော့.."
"ငါ မင်းအတွက် ပိုက်ဆံတွေ အများကြီး (ဘီလီယံချီ) ရော ၊ အိမ်တွေ ၊ ကားတွေပါ အများကြီး မီးရှို့ပေးလိုက်တယ် .. မလောက်သေးရင် ငါ့ဆီ ပြန်လာခဲ့ .. ထပ်ရှို့ပေးမယ်.."
" . . ."
ဖုန်းထဲက မက်ဆေ့ချ်များကို ကြည့်ရင်း လင်းဖန်သည် ကျေနပ်စွာ ပြုံးလိုက်မိပြီး မက်ဆေ့ချ် တစ်စောင် ပြန်ပို့လိုက်သည် ။
"ငါ ပြန်ရောက်ပြီ.."
မက်ဆေ့ချ် ပို့လိုက်သည်နှင့် နောက်တစ်စက္ကန့်မှာပင် ပြန်စာများ တရစပ် ရောက်လာတော့သည် ။
"???"
"ဟားဟားဟား..မင်း ငါ့ဆီ တကယ် ပြန်လာတာလား .."
"မင်း သေနေတာလား .. ရှင်နေတာလား.."
"သေတဲ့သူက မင်းကို မက်ဆေ့ချ် ပို့ပါ့မလားကွ.."
လင်းဖန်က ရယ်မောရင်း စာပြန်ရိုက်လိုက်သည် ။
"ယီးပဲ ..တစ်နှစ်ပတ်လုံး ဘာစကားမှ မပြောဘဲ ပျောက်နေတာ ..ငါ့မှာ စိတ်ပူလိုက်ရတာ .."
"မြန်မြန်ပြော .. ငါမပါဘဲ ဘယ်တွေ သွားပြီး သောင်းကျန်းနေတာလဲ.."
"ထားလိုက်တော့ ..မင်းအိမ်ကိုပဲ လာခဲ့မယ် .. အခု အိမ်မှာလား.."
လင်းဖန်သည် လက်ထဲက မက်ဆေ့ချ်ကို ကြည့်လိုက်ပြီးနောက် သူ့ဘေးတွင် အားယားနေသော လုံယွဲ့ကို တစ်ချက် ကြည့်လိုက်သည် ။ ခဏတာ တုံ့ဆိုင်းပြီးနောက် သူ ပြန်စာ ပို့လိုက်သည် ။
"အဆင်ပြေတယ် ..ငါလည်း မင်းနဲ့ ဆွေးနွေးစရာ ရှိတယ် .. အပြင်မှာပဲ တွေ့ကြစို့ .. ငါ လိပ်စာ ပို့ပေးမယ်.."
"အိုကေ .. နှစ်မိနစ်အတွင်း ရောက်လာမယ် .."
"ဧကရီ .. ဒီအရှင် အပြင် ခဏ သွားဦးမယ်.."
တွေ့မည့်နေရာ ချိန်းပြီးနောက် လင်းဖန်သည် ဖုန်းကို အိတ်ထဲထည့်ကာ တံခါးဖွင့်လိုက်သည် ။
"ဘယ်သွားမလို့လဲ.."
လုံယွဲ့က ပျာပျာသလဲ မေးလိုက်သည် ။
"သူငယ်ချင်း တစ်ယောက်နဲ့ သွားတွေ့မလို့.."
လင်းဖန်က ရိုးရိုးရှင်းရှင်းပင် ပြန်ပြောလိုက်ပြီး တံခါးကို "ဘုန်း" ခနဲ ပိတ်ကာ ထွက်သွားခဲ့သည် ။
လင်းဖန် ထွက်သွားသည်ကို ကြည့်ရင်း လုံယွဲ့သည် မကျေမနပ်ဖြင့် နှုတ်ခမ်းဆူလိုက်၏ ။
ဒီလူက သူမကို တစ်ယောက်တည်း အိမ်မှာ ထားခဲ့ပြန်ပြီ ။
. . . . . .
လက်ဖက်ရည်ဆိုင် တစ်ဆိုင်အတွင်း...
ခေတ်မီလှသော အဝတ်အစားများ ဝတ်ဆင်ထားပြီး ဆံပင်ကို ဘေးစောင်း ချထားသော အမျိုးသားတစ်ဦးသည် ပြတင်းပေါက်နားတွင် ထိုင်နေသည် ။ သူသည် ဆိုင်ထဲသို့ ဝင်ထွက်နေသော လူများကို ကြည့်ကာ တစ်စုံတစ်ဦးကို ရှာဖွေနေပုံရသည် ။
လင်းဖန် ဆိုင်တံခါးကို တွန်းဖွင့်လိုက်သည်နှင့် ပြတင်းပေါက်နားက ထောင့်တွင် ထိုင်နေသော ထိုလူကို ချက်ချင်း မြင်လိုက်ရသဖြင့် သူ့ထံသို့ တိုက်ရိုက် လျှောက်သွားလိုက်သည် ။
"မတွေ့တာ ကြာပြီနော် ..ယန့်ကျီ.."
ကျိုးယန် ၊ သူသည် အထက်တန်းကျောင်းကတည်းက ယခုအချိန်အထိ လင်းဖန်၏ အရင်းနှီးဆုံး သူငယ်ချင်း ဖြစ်သည် ။
သူတို့ နှစ်ဦးမှာ ကျောင်းကို အတူတူ သွားကြသည် ၊ ကျောင်းဆောင်တစ်ခုတည်းမှာ အတူတူ နေကြသည် ၊ ထမင်းစားဆောင်မှာလည်း အတူတူ စားကြသည် ။ သူတို့မှာ ခွဲမရအောင် ရင်းနှီးကြပြီး အရာအားလုံးကို ရင်ဖွင့်တိုင်ပင်လေ့ ရှိကြသည် ။
အထက်တန်းမှ တက္ကသိုလ်အထိ ၊ ဘွဲ့ရပြီးသည့်တိုင်အောင် သူတို့နှစ်ဦးမှာ အမြဲတမ်း တွေ့ဆုံလေ့ ရှိကြသူများ ဖြစ်သည် ။
ကျိုးယန်သည် ရှေ့ရှိ လင်းဖန်ကို ခေါင်းမော့ကြည့်လိုက်ရာ သူ၏ မျက်နှာတွင် အံ့သြဝမ်းသာမှုနှင့်အတူ တုန်လှုပ်မှုများလည်း ပြည့်နှက်နေသည် ။
"မင်း . . . မင်းက လင်းဖန် လား.."
သူ့ရှေ့ရှိ လူမှာ သူရင်းနှီးသော ညီအစ်ကို လင်းဖန် ဖြစ်သည်မှာ သေချာသော်လည်း ၊ သူ ထုတ်လွှတ်နေသော အရှိန်အဝါမှာမူ သူတို့ ပထမဆုံး တွေ့ခဲ့စဉ်ကနှင့် လုံးဝ ကွဲပြားနေသည် ။ လူတစ်ယောက်လုံး ပြောင်းလဲသွားသည့်အလားပင် ။
သူ၏ မှတ်ဉာဏ်ထဲတွင် လင်းဖန်သည် ပိန်ပိန်ပါးပါးနှင့် စကားနည်းသူ ၊ လူအုပ်ထဲတွင် ထူးခြားမှု မရှိသူ တစ်ယောက် ဖြစ်သည် ။ သို့သော် အခု မြင်နေရသော သူမှာတော့ လုံးဝ ကွဲပြားနေသည် ။ သူသည် ပို၍ ကြွက်သားထွက်လာပြီး လူမိုက်ဂိုဏ်းခေါင်းဆောင် တစ်ယောက်လို အရှိန်အဝါမျိုးပင် ရှိနေပေ၏ ။
"ငါ မဟုတ်ရင် ဘယ်သူ ဖြစ်ရမှာလဲ ..တစ်နှစ်ပဲ ရှိသေးတာကို မင်း ငါ့ကို မမှတ်မိတော့ဘူးလား.."
လင်းဖန်သည် ထိုင်ခုံကို ဆွဲယူကာ ကျိုးယန်၏ ရှေ့တွင် ထိုင်လိုက်သည် ။
ကျိုးယန့်သည် ရှေ့ရှိ လင်းဖန်ကို အကြိမ်ကြိမ် စစ်ဆေးကြည့်ရှုပြီးနောက် မေးခွန်းတစ်ခု မေးလိုက်မိသည် ။
"လင်းဖန် .. မင်း လူမိုက်ဂိုဏ်းထဲ ဝင်လိုက်တာလား.."
လင်းဖန် .. " . . ."
"ဘာလို့ အဲ့လို မေးတာလဲ.."
လင်းဖန် စကားပင် မပြောနိုင်တော့ပေ ။
"အင်း . . . အခု မင်းရဲ့ ပုံစံက လူမိုက်ဂိုဏ်းက လက်ရဲဇက်ရဲ လူတစ်ယောက်နဲ့ တူနေလို့လေ .. အထူးသဖြင့် မင်းရဲ့ အရှိန်အဝါက တော်တော် ဆင်တူတယ် ..."
" . . . မဟုတ်ပါဘူး ..ငါက ဘယ်လိုလုပ်ပြီး လူမိုက်ဂိုဏ်းထဲ ဝင်မှာလဲ.."
လင်းဖန်သည် တိတ်ဆိတ်သွားပြီးနောက် ငြင်းဆိုလိုက်သည် ။
"ဟုတ်ပါရဲ့ ..မင်းလို ရိုးသားတဲ့သူက ငါးတစ်ကောင်တောင် မသတ်ရဲတာပဲ ..ဘယ်လိုလုပ်ပြီး လူမိုက်ဂိုဏ်းနဲ့ ပတ်သက်မှာလဲ ..ဟားဟားဟား.."
ကျိုးယန့်သည် သူ၏ အတွေးမှာ ရယ်စရာကောင်းနေသဖြင့် အားရပါးရ ရယ်မောလိုက်သည် ။ လင်းဖန်မှာတော့ သူ့ဘေးတွင် တိတ်ဆိတ်စွာ ထိုင်နေမိသည် ။
'နတ်ဆိုးနယ်ပယ်မှာ တိုက်ခိုက်ခဲ့တာက လူမိုက်ဂိုဏ်းနဲ့ ပတ်သက်တယ်လို့ မဆိုလိုပါဘူး .. ဟုတ်တယ်မလား ..'
"ဟင်း . . . လင်းဖန် ..မင်း တကယ်ပဲ လွန်လွန်းတယ် .. တစ်နှစ်ပတ်လုံး ပျောက်နေပြီး မက်ဆေ့ချ် တစ်စောင်မှလည်း ပြန်မပို့ဘူး.."
"အနည်းဆုံးတော့ မင်း ဘယ်သွားမယ်ဆိုတာ ငါ့ကို ပြောခဲ့သင့်တာပေါ့ .. ဟုတ်တယ်မလား.."
ယနေ့ သူ လာတွေ့ရခြင်းမှာ ရှင်းပြချက် တောင်းရန် ဖြစ်ကြောင်း သတိရသွားသဖြင့် ကျိုးယန့်သည် အပြုံးကို ဖျောက်ကာ လင်းဖန်ကို မကျေမနပ်ဖြင့် စိုက်ကြည့်လိုက်သည် ။
လင်းဖန်မှာ တစ်နှစ်ပတ်လုံး ပျောက်ဆုံးနေခဲ့ခြင်း ဖြစ်သည် ။ ရဲတွေကလည်း ပျောက်ဆုံးသူအဖြစ် သတင်းပို့ထားသော်လည်း ရှာမတွေ့ခဲ့ကြပေ ။ သူသည် မတော်တဆမှုတစ်ခုခု ကြုံခဲ့ရသည် သို့မဟုတ် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည်ဟု ခန့်မှန်းထားကြပြီး ကျိုးယန့်ကို စိတ်ဓာတ် ပြင်ဆင်ထားရန် ပြောခဲ့ကြသည် ။
ထို့ကြောင့် သူသည် ညသန်းခေါင်ယံ အချိန်များတွင် စောင်ခြုံကာ တိတ်တိတ်လေး ငိုခဲ့ရသည် မဟုတ်ပါလော။
"တောင်းပန်ပါတယ် .. ငါ အရမ်းဝေးတဲ့ နေရာတစ်ခုကို သွားခဲ့ရလို့ပါ ..ကိစ္စက ရုတ်တရက်ကြီး ဖြစ်သွားတာဆိုတော့ မင်းကို ပြောဖို့ အချိန်မရလိုက်ဘူး.."
လင်းဖန်က အားနာစွာဖြင့် ပြောလိုက်သည် ။
မင်း ပျောက်ဆုံးသွားတဲ့ အချိန်မှာ မင်းအကြောင်းကို အမြဲတွေးပြီး စိုးရိမ်ပေးနေတဲ့ ညီအစ်ကို ကောင်းတစ်ယောက် ရှိနေတာထက် ပိုကောင်းတာ ဘာရှိဦးမှာလဲ ......
"အရမ်းဝေးတဲ့ နေရာကို သွားတယ် ဟုတ်လား ..နိုင်ငံခြား သွားတာလား.."
ကျိုးယန်က စပ်စုကာ မေးလိုက်သည် ။
"အင်း . . . အဲ့ဒီလို ပြောလို့ရတာပေါ့.."
လင်းဖန်သည် သက်ပြင်းတစ်ချက်ချကာ ဝန်ခံလိုက်သည် ။
သူ တခြား ကမ္ဘာတစ်ခုကို ကူးပြောင်းသွားခဲ့သည်ဟု ပြောလိုက်လျှင်လည်း ကျိုးယန်က ယုံမည် မဟုတ်ပေ ။
"ဒါဆို မင်း နိုင်ငံခြား သွားခဲ့တာပေါ့ .. အဲ့ဒါ ကောင်းပါတယ် .. နိုင်ငံခြားမှာ ခရီးထွက်ပြီး စိတ်ပြောင်းလဲလိုက်တာက မဆိုးပါဘူး.."
ကျိုးယန့်သည် ဘာမှ သံသယ မရှိဘဲ လင်းဖန်ကို အပေါ်အောက် စပ်စုကာ ကြည့်လိုက်ပြီး ထပ်မေးလိုက်သည် ။
"လင်းဖန် .. မင်း နိုင်ငံခြားမှာ ရှိနေတဲ့ တစ်နှစ်အတွင်း တိတ်တိတ်လေး လေ့ကျင့်ခန်းတွေ လုပ်နေတာလား .. မင်းရဲ့ ကိုယ်လုံးကိုယ်ပေါက်က ဘယ်လိုလုပ်ပြီး ဒီလောက် မိုက်သွားတာလဲ.."
"အင်း . . . နည်းနည်းပါးပါးတော့ လေ့ကျင့်ခဲ့ရတာပေါ့.."
လင်းဖန်သည် မိမိကိုယ်ကို ပြန်ကြည့်လိုက်သည် ။
သူ နတ်ဆိုးနယ်မြေသို့ ပထမဆုံး ရောက်သွားချိန်တွင် အမြဲတမ်း ထွက်ပြေးတိမ်းရှောင်ရင်း တောတွင်းရှင်သန်နည်းများကို ကျင့်သုံးခဲ့ရသည် ။ အသက်ရှင်ရန်အတွက် သူ ရှာဖွေတွေ့ရှိသမျှကို စားသောက်ခဲ့ရသည် ။ နတ်ဆိုးသားရဲများ၏ အသားနှင့် သွေးများကို စားသုံးပြီး သူတို့၏ နတ်ဆိုးသွေးများဖြင့် မိမိ၏ ခန္ဓာကိုယ်ကို သန့်စင်ခဲ့ရသည် ။ အားကောင်းလှသော ရန်သူများနှင့် အမြဲမပြတ် တိုက်ခိုက်ခဲ့ရခြင်းနှင့်အတူ သူကိုယ်တိုင်ပင် မသိလိုက်ဘဲ သူ၏ ခန္ဓာကိုယ်မှာ လုံးဝ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည် ။
"ဟား .. မိုက်တယ်ဟ .. အစစ်အမှန်တွေပဲ .."
"လေ့ကျင့်ခန်း လုပ်တာက လူတစ်ယောက်ရဲ့ အရှိန်အဝါကို ပြောင်းလဲနိုင်တယ်လို့ ပြောကြတာ အမှန်ပဲကိုး ..."
ကျိုးယန့်သည် လင်းဖန်၏ ရင်ဘတ်ကို လှမ်းစမ်းကြည့်ကာ အားကျသည့် မျက်နှာဖြင့် ချက်ချင်းပင် ကတိပေးလိုက်သည် ။
"ချီးပဲ ..မနက်ဖြန်ကစပြီး ငါလည်း လေ့ကျင့်ခန်း စလုပ်တော့မယ် .."
"လင်းဖန် ..မင်း ငါ့ကို လေ့ကျင့်ပေးနော် .. ငါတို့ အင်္ကျီတွေ ချွတ်ပြီး လမ်းပေါ်မှာ လျှောက်သွားရင် စကီလေးတွေ အကုန် ငါတို့ကို ကြွေကုန်မှာ အသေအချာပဲ.. ဟားဟားဟား.."
ထိုသို့ပြောရင်း ကျိုးယန့်သည် သူ၏ ပုံစံအတိုင်း ရယ်မောလိုက်ပြန်သည် ။
လင်းဖန်သည်လည်း လိုက်၍ ရယ်မောမိသည် ။
သူ့အတွက်တော့ ရာစုနှစ်ပေါင်းများစွာ ကုန်ဆုံးခဲ့သလို ခံစားရသော်လည်း ၊ ဤနေရာတွင်တော့ တစ်နှစ်သာ ရှိသေးသည် ။ သူ၏ သူငယ်ချင်းဟောင်းမှာလည်း ဘာမှ ပြောင်းလဲမသွားခဲ့ပေ ။