အခန်း (၆၉၇-၆၉၉)
Vol. 47 Ch. 697-699
Chapter 697 အရှေ့ပြည်နယ်ဂုဏ်ဆောင် ပီသပါတယ်
တောင်ထိပ်ပေါ်တွင်မူ အထွတ်အထိပ်ပညာရှင်များသာ ရပ်တည်ရန် အရည်အချင်းရှိကြသည်။ အထွတ်အထိပ်ပညာရှင်များ၏ တိုက်ပွဲရိုက်ခတ်မှုသည်ပင် နိဗ္ဗာန်အဆင့်ကျင့်ကြံသူတစ်ဦးကို လေထဲသို့ လွင့်စင်သွားစေရန် လုံလောက်လှ၏။ အကယ်၍ နိဗ္ဗာန်အဆင့်ကျင့်ကြံသူတစ်ဦး၏ အခြေခံမှာ မခိုင်မာဘဲ ဖြစ်တည်မှု အားနည်းနေမည်ဆိုလျှင် အထွတ်အထိပ်ပညာရှင်များ တိုက်ပွဲ၏ တန်ပြန်သက်ရောက်မှုမှ သူတို့ကို အစိတ်စိတ်အမွှာမွှာပင် ကွဲအက်သွားစေနိုင်သည်။
မည်သည့်နိဗ္ဗာန်အဆင့်ကျင့်ကြံသူမျှ တောင်ထိပ်ပေါ်သို့ တက်ရောက်ရန်လောက်အောင် မိုက်မဲမည်မဟုတ်ပေ။ ထိုသို့လုပ်ခြင်းမှာ ကျင်းပုပ်ထဲသို့ ကောက်ရိုးဖြင့် ထိုးဆွသကဲ့သို့ သေမင်းကို ကိုယ်တိုင်ဖိတ်ခေါ်နေခြင်း မဟုတ်ပါလား။
လီယွန်လုံ ခဏမျှစဉ်းစားပြီးနောက် ဤအဓိပ္ပာယ်မရှိသော အတွေးကို မေ့ပျောက်လိုက်သည်။
ထိုခဏ၌ တောင်ထိပ်ပေါ်မှ ပိုမိုပြင်းထန်သော တုန်ခါမှုတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာ၏။ ကြောက်မက်ဖွယ်ကောင်းသော ထိုလှိုင်းလုံးကြီးမှာ တိမ်တိုက်လွှာများ ပေါက်ကွဲထွက်လာသည့်အလား အပြင်ဘက်သို့ ပြန့်နှံ့သွားသည်။ ၎င်းဖြတ်သန်းသွားသည့် နေရာတိုင်းရှိ ကျင့်ကြံသူများ၏ စိတ်အာရုံမှာ ဗလာဖြစ်သွားကြ၏။ သူတို့အနေဖြင့် ကြီးမားလှသော စွမ်းအားတစ်ခု၏ ဆေးကြောမှုကို ခံလိုက်ရသည်ဟု ခံစားလိုက်ရသည်။ ထိုစွမ်းအားထဲတွင် ကောင်းကင်နှင့်မြေကြီး၏ အမှန်တရားများ ပါဝင်နေပုံရ၏။ ၎င်း၏ အလွန်သေးငယ်သော အစအနလေးတစ်ခုပင်လျှင် သူတို့၏ အတွေးများကို ရပ်တန့်စေကာ မဟာတာအို၏ အမှန်တရားထဲတွင် ပိတ်မိသွားစေရန် လုံလောက်လှသည်။
ခဏမျှ တန့်သွားပြီးနောက် အချို့သော ကျင့်ကြံသူများမှာ တဖြည်းဖြည်း နိုးကြားလာကြသည်။
"ထူးဆန်းတဲ့ ခံစားချက်ပဲ… ငါ ကောင်းကင်နဲ့မြေကြီးရဲ့ ဝိညာဉ်စွမ်းအင်တွေနဲ့ ပိုပြီး လိုက်လျောညီထွေ ဖြစ်လာသလို ခံစားရတယ်"
"ကောင်းကင်ကြီး ရေ… ငါ့ရဲ့ အဆင့်က တိုးတက်သွားပြီ… နောက်ထပ် အဆင့်ငယ်တစ်ခုကို ရောက်ဖို့ လက်တစ်ကမ်းပဲ လိုတော့တယ်"
"ငါ့ရဲ့ ဓားသိုင်းအပေါ် နားလည်မှုကလည်း ပိုပြီး ထက်မြက်လာပြီ"
ကျင့်ကြံသူများ ဝမ်းသာအားရ ဖြစ်နေကြပြီး သူတို့ရရှိထားသည့် အကျိုးကျေးဇူးများကို တစ်ဦးနှင့်တစ်ဦး ဖလှယ်နေကြသည်။ သို့သော် လီချန်းဖုန်း၊ ချောင်းချင်းဝမ်နှင့် အခြားသော အရှေ့ပိုင်းပြည်နယ်၏ ပါရမီရှင်များမှာမူ နိုးကြားခြင်းမရှိဘဲ သူတို့၏ ဝိညာဉ်လောကထဲတွင် နစ်မြုပ်နေဆဲဖြစ်သည်။ ကျင့်ကြံသူများကြားတွင် တိုးတိုးတိုးတိုးဖြင့် စကားများ ပျံ့နှံ့သွားသည်။ မကြာမီမှာပင် သူတို့ ကောက်ချက်ချလိုက်ကြသည်မှာ ပါရမီ ပိုကြီးလေလေ၊ ထိုအခြေအနေထဲတွင် ပိုကြာကြာ ရှိနေလေလေ ဖြစ်သည်။ ရရှိမည့် အကျိုးကျေးဇူးများမှာလည်း ပိုမိုကြီးမားပေလိမ့်မည်။
တာအိုအမှန်တရား၏ ဆေးကြောမှုသည် သာမန်ကျင့်ကြံသူများကို အဆင့်တက်စေကာ နည်းဗျူဟာများကို နားလည်သဘောပေါက်စေနိုင်သည်။ ထူးခြားသော ပါရမီရှိသည့် ပါရမီရှင်များအတွက်မူ ၎င်း၏ သက်ရောက်မှုမှာ ပိုမိုပြင်းထန်ပေလိမ့်မည်။
တစ်နာရီ၏ လေးပုံတစ်ပုံခန့် ကြာပြီးနောက် တုန်းလီမင်းဆက်၏ မင်းသား လီယင်မှာ ပထမဆုံး နိုးကြားလာသူ ဖြစ်သည်။ သူ မထိန်းနိုင်ဘဲ ကျယ်လောင်သော အော်ဟစ်လိုက်၏။ သူ၏ အရှိန်အဝါလည်း ပြင်းထန်စွာ မြင့်တက်လာသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်ထဲ၌ တာအိုအမှတ်အသား ငါးခု တောက်လောင်လာ၏။ ၎င်းမှာ နှစ်ပေါင်း နှစ်ရာ သို့မဟုတ် သုံးရာခန့် ခါးသီးစွာ ကျင့်ကြံရခြင်းနှင့် ညီမျှသည်။
လီယင် နိုးကြားလာခြင်းမှာ အချက်ပြတစ်ခု ဖြစ်သွားခဲ့သည်။ ချောင်းချင်းဝမ်၊ လီယွန်လုံ၊ စီခုန်းလျဲ့၊ စီခုန်းယန်နှင့် အခြားသူများမှာ ဆက်တိုက်ဆိုသလို နိုးကြားလာကြသည်။ တစ်ဦးချင်းစီမှာ အမြင်သစ်များ ရရှိခဲ့ကြလေ၏။ ၎င်းမှာ တိုက်ခိုက်ရေး နည်းဗျူဟာများတွင် ဖြစ်နိုင်သလို၊ ကျင့်စဉ်နည်းလမ်းများတွင်လည်း ဖြစ်နိုင်သည်။ ဟင်းလင်းပြင်အပေါ် နားလည်မှုတွင် ဖြစ်နိုင်သလို တာအိုအမှတ်အသားများ အကြီးအကျယ် တိုးပွားလာခြင်းလည်း ဖြစ်နိုင်၏။ ပါရမီရှင်တိုင်း အကျိုးကျေးဇူး အမြောက်အမြား ရရှိခဲ့ကြသည်။
နောက်ဆုံးမှ နိုးကြားလာသူမှာ လီချန်းဖုန်း ဖြစ်သည်။ ထိုခဏ၌ အလွန်အန္တရာယ်များသော ဓားအသိတစ်ခု သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။ လီယင် လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး တုန်းလီမင်းဆက် ကျင့်ကြံသူများကို အဝေးသို့ ဆွဲခေါ်သွားခဲ့သည်။ မဟုတ်ပါက ထိုအကာအကွယ်မဲ့နေသော နိဗ္ဗာန်အဆင့်ကျင့်ကြံသူများသည် ထိုးဖောက်လာသည့် ဓားစွမ်းအင်များကြောင့် တိုက်ရိုက် သေဆုံးသွားနိုင်ပေသည်။
ချွင်! ချွင်! ချွင်!
ဓားအသံများသည် ကောင်းကင်ယံကို ထိုးဖောက်ကာ အထက်သို့ တည့်တည့် တိုးဝင်သွားသည်။ ချောင်းချင်းဝမ်၊ လီယွန်လုံနှင့် အခြားပါရမီရှင်များမှာ သူ့ကို စိုးရိမ်တကြီး ကြည့်နေကြသည်။ အရှေ့ပိုင်းပြည်နယ်၏ ပထမဆုံး ပါရမီရှင်ဟူသော ဘွဲ့နှင့် အမှန်တကယ် ထိုက်တန်လှပေ၏။
လီချန်းဖုန်း သူ၏ မျက်လုံးများကို အပြည့်အဝ ဖွင့်လိုက်သည်။
ဝုန်း!
ရွှေရောင် ဧရာမဓားကြီး၏ ဖြစ်တည်မှု ပေါ်ထွက်လာသည်။ ၎င်းပေါ်ရှိ တာအိုအမှတ်အသားများမှာ လျင်မြန်စွာ တိုးပွါးလာ၏။ ကိုးဆယ့်ကိုးခုသို့ ရောက်ရှိသွားသည့်အခါမှသာ နောက်ဆုံးတွင် ရပ်တန့်သွားတော့သည်။
"ဒါက လီချန်းဖုန်းရဲ့ သူတော်စင်ဓား ဖြစ်တည်မှုလား… ကြည့်ရတာတင်ပဲ အားရစရာကောင်းလိုက်တာ… ငါ့ကို ဘယ်အချိန်မဆို နှစ်ပိုင်းပိုင်းပစ်နိုင်သလိုပဲ"
"သူက တစ်သက်တည်းနဲ့ တာအိုအမှတ်အသား ရှစ်ခုတောင် တိုးသွားတာပဲ… အခုဆို ကိုးဆယ့်ကိုးခု ရှိနေပြီ"
"အရမ်း ကြောက်ဖို့ကောင်းတာပဲ… အရှေ့ပိုင်းပြည်နယ်ရဲ့ ပထမဆုံး ပါရမီရှင်… ဒီဘွဲ့နဲ့ တကယ် ထိုက်တန်ပါတယ်”
ကျင့်ကြံသူများမှာ အံ့သြတကြီးဖြင့် တိုးတိုးလေး ပြောနေကြသည်။ လီချန်းဖုန်းအပေါ် ထားရှိသော သူတို့၏ အကြည့်များတွင် ချီးကျူးမှု၊ ကြည်ညိုမှုနှင့် မနာလိုမှုများဖြင့် ပြည့်နှက်နေ၏။ သူတို့သာ လီချန်းဖုန်း၏ နေရာတွင် အစားဝင်ကာ အရှေ့ပိုင်းပြည်နယ်၏ ပြိုင်ဘက်ကင်း ပထမဆုံး ပါရမီရှင် ဖြစ်လာချင်ကြသည်။
လီချန်းဖုန်းမှာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး သိမ်မွေ့စွာ ပြုံးလိုက်၏။
တာအိုအမှတ်အသား ကိုးဆယ့်ကိုးခု။
သူ အထွတ်အထိပ်အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။
"ငါ့ရဲ့ ခွန်အားက နိမ့်တော့တာ မဟုတ်ဘူး… မိုးကြိုးနွယ်နဂါးကို မောင်းထုတ်ခဲ့တဲ့ အဲဒီ အနက်ရောင်ဝတ်စုံနဲ့ ကျင့်ကြံသူနဲ့ နှိုင်းယှဉ်ရင်တောင် ငါက သူ့ကို သာလွန်နေလောက်ပြီ"
လီချန်းဖုန်း တိုးတိုးလေး စဉ်းစားလိုက်သည်။
သူ၏ မျက်လုံးထဲတွင် ချောင်းချင်းဝမ်နှင့် လီယွန်လုံကဲ့သို့သော ပါရမီရှင်များမှာ သူ့အတွက် ပြိုင်ဘက် မဟုတ်ကြပေ။ အလွန်ဆုံးရှိလျှင် စီခုန်းညီအစ်ကိုဖြစ်သော စီခုန်းလျဲ့နှင့် စီခုန်းယန်တို့ ပူးပေါင်းမှသာ ခြိမ်းခြောက်မှု တစ်ခု ဖြစ်နိုင်ပေလိမ့်မည်။
သို့သော် ထောင်သောင်းမကသော မိုးကြိုးအကျဉ်းထောင်ထဲသို့ ဝင်ရောက်လာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် သူသည် ပြိုင်ဘက်တစ်ဦးကို တွေ့ရှိခဲ့သည်။ ၎င်းမှာ ထိုနေ့က မိုးကြိုးနွယ်နဂါးကို အတင်းအကျပ် ဆုတ်ခွာစေကာ လီယင်၊ စီခုန်းလျဲ့၊ ဟူရှင်းယွဲ့နှင့် အခြားသူများကို သွယ်ဝိုက်၍ ကယ်တင်ခဲ့သော အနက်ရောင်ဝတ်စုံနှင့် ကျင့်ကြံသူပင်။ ဤအချိန်အတောအတွင်း သူ မိုးကြိုးအကျဉ်းထောင်ထဲ၌ ထိုလူရိပ်ကို လိုက်လံရှာဖွေနေခဲ့သော်လည်း ဘယ်တော့မှ မတွေ့ခဲ့ရပေ။ ယခုမူ သူသည် တစ်ကြိမ်တည်းနှင့် တာအိုအမှတ်အသား ရှစ်ခု တိုးလာခဲ့ပြီဖြစ်၏။ ထိုသူသည် အမှတ်အသားတစ်ရာ ကျင့်ကြံသူ မဟုတ်ခဲ့လျှင် သူကသာ ပို၍ သေချာပေါက် အစွမ်းထက်ပေလိမ့်မည်။
"တောင်ထိပ်ပေါ်မှာ... တိုက်ပွဲက အခုလောက်ဆိုရင် အဆုံးအဖြတ် ပေါ်လောက်ပြီ မဟုတ်လား"
လီချန်းဖုန်း တောင်ထိပ်ဆီသို့ ခေါင်းမော့ကြည့်လိုက်သည်။ အခြားသူများလည်း လိုက်ကြည့်ကြ၏။ ထိုကြောက်မက်ဖွယ်ကောင်းသော ရွှေရောင်မိုးကြိုးအောက်တွင် မည်သည့်နတ်ဆိုးမျှ ရှင်သန်နိုင်မည် မဟုတ်ပေ။ ဤမျှ ကြီးကျယ်ခမ်းနားလှသော တိုက်ပွဲကြီးမှာ အဆုံးသတ်သို့ ရောက်ရှိသွားပြီ ဖြစ်ရမည်။
ထိုခဏ၌ တောင်ထိပ်ပေါ်တွင်။
မိုးကြိုးအလင်းတန်းများမှာ မှေးမှိန်သွားခြင်း မရှိသေးပေ။ ဖျက်ဆီးခြင်းစွမ်းအားများဖြင့် ပြည့်နှက်နေသော မြင့်မြတ်သည့် ရွှေရောင်မိုးကြိုးများသည် အရည်ပျော်နေသော လျှပ်စီးများကဲ့သို့ စီးဆင်းကျဆင်းနေသည်။ ၎င်းသည် လဲ့ကျင်းလုံကို လုံးဝ လွှမ်းခြုံထား၏။ အထွတ်အထိပ်ပညာရှင် ခုနစ်ဦးမှာ သူ့ကို ရှင်းရှင်းလင်းလင်း မမြင်ရဘဲ မုန်တိုင်းထဲတွင် လူးလွန့်ကာ အော်ဟစ်နေသည့် လူရိပ်တစ်ခုကိုသာ မြင်နေရသည်။
လဲ့တောက်ဟန်၏ ခန္ဓာကိုယ်မှာ တုန်ယင်နေပြီး သူ၏ အကြည့်ကို ရှန်မိုဆီသို့ လွှဲလိုက်သည်။ သူ နားလည်နိုင်စွမ်းထက် ကျော်လွန်သောအရာတစ်ခုကို မြင်နေရသည့်အလား ဖြစ်နေသည်။
သူသာမက ရှန့်ကူ၊ ဟူချင်းနှင့် အဖြူရောင်အထွတ်အထိပ်ပညာရှင်တို့ကလည်း ရှန်မိုဆီသို့ အကြည့်များ ရောက်သွားကြသည်။ သူတို့သည် ကိုးထပ်ကမ္ဘာ မိုးကြိုးနတ်ဘုရားမီးလျှံကို မမှတ်မိလျှင်ပင် ကောက်ချက်ချနိုင်ကြသည်။ လဲ့ကျင်းလုံကို ဤမျှအထိ ဒဏ်ရာရစေကာ ထိုကဲ့သို့ နာကျင်စွာ အော်ဟစ်စေနိုင်သော မိုးကြိုးဆိုသည်မှာ တည်ရှိသမျှတွင် အစွမ်းအထက်ဆုံး မိုးကြိုးသာ ဖြစ်ရမည်။ ထာဝရမီးလျှံစာရင်းတွင် ဒုတိယအဆင့်ရှိသော ကိုးထပ်ကမ္ဘာ မိုးကြိုးနတ်ဘုရားမီးလျှံ ပင် ဖြစ်သည်။
သူတို့ နားမလည်နိုင်သောအရာမှာ နိဗ္ဗာန်အဆင့်ကျင့်ကြံသူတစ်ဦးမှ ကောင်းကင်နှင့်မြေကြီး၏ ထိုကဲ့သို့သော နတ်ဘုရားရတနာကို မည်သို့ နှိမ်နင်းထားနိုင်သနည်း ဆိုသည့် အချက်ပင်။
၎င်းမှာ မီးတောက်ဧကရာဇ်ပင် မလုပ်နိုင်ခဲ့သော စွမ်းဆောင်ချက် မဟုတ်ပါလား။
"အားးးးး!"
အလွန်တရာ ဝမ်းနည်းကြေကွဲဖွယ်ကောင်းသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ အဆုံးမရှိသော နတ်ဆိုးစွမ်းအင်များ လဲ့ကျင်းလုံ၏ ပါးစပ်မှ ထွက်ပေါ်လာသော်လည်း ရွှေရောင်မိုးကြိုးများ၏ ချေမှုန်းခြင်းကို ခံလိုက်ရသည်။
ရှန်မို လက်ကို မြှောက်လိုက်သည်။ ကိုးထပ်ကမ္ဘာ မိုးကြိုးနတ်ဘုရားမီးလျှံမှာ သူ၏ လက်ဖဝါးထဲသို့ ပြန်လည်ရောက်ရှိလာပြီး နတ်ဘုရားနန်းတော်ထဲသို့ ပျောက်ကွယ်သွားခဲ့သည်။ မနားတမ်း ကျဆင်းနေသော ရွှေရောင်မိုးကြိုးများမှာ နောက်ဆုံးတွင် အားနည်းသွားခဲ့သည်။ တဖြည်းဖြည်းနှင့် ၎င်းတို့မှာ ခရမ်းရောင်လျှပ်စီးများအဖြစ် ပြန်လည်မှေးမှိန်သွားသည်။ ဧရာမ ခရမ်းရောင်မိုးကြိုးလှံကြီးများမှာလည်း လျော့နည်းသွား၏။ နောက်ဆုံးတွင် မိုးကြိုးအစအနလေးမျှပင် မကျန်တော့ပေ။
၎င်း၏ နေရာတွင် ကြီးမားလှသော ကျင်းကြီးတစ်ခု ကျန်ရစ်ပြီး ကျင်း၏ အောက်ခြေတွင် မီးလောင်ကျွမ်းထားသော အလောင်းတစ်ခု ဒူးထောက်နေသည်။ အမွှေးအမျှင်များနှင့် အရေပြားအားလုံးမှာ ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးကြောင့် လောင်ကျွမ်းသွားခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ လူသားတစ်ဦးနှင့်ပင် မတူတော့ပေ။ ထိုအလောင်းထဲတွင် အသက်ဓာတ် အစအနလေးမျှပင် မရှိတော့ပေ။ လဲ့ကျင်းလုံမှာ မိုးကြိုးရေလှိုင်းကြားတွင် သေချာပေါက် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ မိုးကြိုးအကျဉ်းထောင်မျိုးနွယ်စု၏ အသစ်တက်လာသော အထွတ်အထိပ်ပညာရှင်အတွက်မူ သေဆုံးခြင်းသည်သာ အကောင်းဆုံး လွတ်မြောက်ခြင်း ဖြစ်ပေလိမ့်မည်။
လဲ့တောက်ဟန်သည် မီးလောင်ထားသော အလောင်းကို ကြည့်ကာ သူ၏ မျက်လုံးထဲတွင် ခံစားချက်မျိုးစုံဖြင့် ပြည့်နှက်နေသည်။ ဝမ်းနည်းမှု၊ နောင်တရမှု၊ ဒေါသထွက်မှု အားလုံးမှာ ရောယှက်နေသည်။
သူ အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ပြီးနောက် နောက်ဆုံးတွင် ရှန်မိုဆီသို့ လှည့်လိုက်သည်။ ဤနေရာတွင် ရှိနေသော အထွတ်အထိပ်ပညာရှင် ခုနစ်ဦးထဲတွင် အသက်အကြီးဆုံးဖြစ်သည့် မိုးကြိုးအကျဉ်းထောင်မျိုးနွယ်စုမှ ထိုအကြီးအကဲမှာ ရှန်မိုကို အရိုအသေပြုကာ ဦးညွှတ်လိုက်သည်။
"မိတ်ဆွေ… နတ်ဆိုးကို နှိမ်နင်းပေးပြီး ငါတို့ရဲ့ ထောင်သောင်းမကသော မိုးကြိုးအကျဉ်းထောင်ကို ပြန်လည် သန့်စင်ပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်"
ရှန်မိုမှ အထွတ်အထိပ်ပညာရှင်အိုကြီးကို အနည်းငယ် အံ့သြစွာဖြင့် ကြည့်လိုက်သည်။ သူသည်လည်း လက်အုပ်ချီကာ ပြန်လည် အရိုအသေပြုလေ၏။ "အထွတ်အထိပ်ပညာရှင်အိုကြီး… ခင်ဗျားက အရမ်း ယဉ်ကျေးလွန်းနေပါပြီ"
"နတ်ဆိုးတွေက ကောင်းကင်နဲ့မြေကြီးကို ညစ်ညမ်းစေတယ်… သူတို့ကို အမြစ်ပြတ်ချေမှုန်းဖို့က ကျင့်ကြံသူတစ်ယောက်အနေနဲ့ ကျွန်တော်တို့ရဲ့ တာဝန်ပဲ မဟုတ်လား"
လဲ့တောက်ဟန် ဤမျှအထိ ကျေးဇူးတင်စကား ပြောနေသည်ကို မြင်သည့်အခါ အဖြူရောင်အထွတ်အထိပ်ပညာရှင်နှင့် အခြားအထွတ်အထိပ်ပညာရှင်များလည်း ရှန်မိုကို လက်အုပ်ချီကာ အရိုအသေပြုလိုက်ကြသည်။ အထွတ်အထိပ်ပညာရှင် ခုနစ်ဦးစလုံး နိဗ္ဗာန်အဆင့်ကျင့်ကြံသူတစ်ဦးကို ကျေးဇူးတင်သောအားဖြင့် ဦးညွှတ်လိုက်ကြခြင်း ဖြစ်၏။
ဤသည်မှာ လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းနှင့် လာမည့် နှစ်ပေါင်းတစ်သောင်း ကာလပတ်လုံး ထိုကဲ့သို့သော မြင်ကွင်းမျိုးကို နောက်ထပ် မြင်တွေ့ရတော့မည် မဟုတ်ပေ။
Chapter 698 ဘိုးဘေးကို တင်ပြပါမယ်
"တိုက်ပွဲပြီးလောက်ပြီ… အမြန် တောင်ပေါ်တက်ကြစို့"
"ဟုတ်တယ်… သွားဖို့အချိန်တန်ပြီ"
တောင်ခြေရှိ ကျင့်ကြံသူများသည် တောင်ထိပ်မှ မိုးကြိုးများ ထပ်မံကျမလာတော့သည်ကို သိလိုက်ကြ၏။ ချက်ချင်းပင် သူတို့အားလုံး စိတ်ဓာတ်များ တက်ကြွလာပြီး ရှေ့သို့ ချီတက်ခဲ့ကြသည်။ လမ်းတစ်လျှောက်တွင် ကြောက်မက်ဖွယ် ကောင်းလောက်အောင် ပျက်စီးနေသည့် နတ်ဆိုးမိုးကြိုးသားရဲကြီးများ၏ အလောင်းများကို မရေမတွက်နိုင်အောင် တွေ့ခဲ့ရသည်။ ထိုအရုပ်ဆိုးလှသော သတ္တဝါကြီးများမှာ ရွှေရောင်မိုးကြိုး၏ နောက်ဆက်တွဲ ရိုက်ခတ်မှုကြောင့် ပြင်းထန်သော ဒဏ်ရာများ ခံစားခဲ့ကြရပြီး ဖြစ်သည်။ ကျင့်ကြံသူအုပ်စုမှာ မည်သည့်အတားအဆီးမျှ မရှိဘဲ တောင်ထိပ်သို့ လျင်မြန်စွာ ရောက်ရှိသွား၏။ သူတို့ ရောက်သွားချိန်တွင် အထွတ်အထိပ် ပညာရှင် ခုနစ်ဦးမှာ လူတစ်ယောက်ကို ဝိုင်းရံထားကြသည်ကို တွေ့လိုက်ရသည်။
"လူငယ်လေး… ငါတို့ရဲ့ တောက်လောင်နေတဲ့ ကောင်းကင် နတ်ဘုရားဂိုဏ်းကို လာခဲ့ပါ… မင်းက ထာဝရမီးတောက်ကို ထိန်းချုပ်နိုင်တယ်မလား… ငါတို့ဆီမှာလည်း တစ်ခုရှိတယ်… ဒါဟာ ငါတို့ကြားက ကံကြမ္မာပဲ"
"လူငယ်လေး ဟုတ်လား… မဟုတ်ပါဘူး တာအိုမိတ်ဆွေပါ… တာအိုမိတ်ဆွေ... ငါတို့ရဲ့ ကောင်းကင်ဖန်ဆင်းရှင်ဂိုဏ်းက တောက်လောင်နေတဲ့ ကောင်းကင်ထက် ပိုသာပါတယ်… ငါတို့ဆီကို လာမယ်ဆိုရင် မင်းကို ချက်ချင်း ပါရမီရှင်အဆင့် သတ်မှတ်ပေးမယ်… မင်း ငါတို့ရဲ့ ချောင်ချင်းဝမ်နဲ့လည်း တွေ့ဖူးတယ်လေ… မင်းဆန္ဒရှိမယ်ဆိုရင် နင်တို့နှစ်ယောက် တာအိုအဖော်တွေတောင် ဖြစ်သွားနိုင်တာပေါ့”
"ဟမ်း... ခင်ဗျားတို့အားလုံးက တာအိုမိတ်ဆွေ ရှန်မိုက နတ်ဆိုးတွေကို တိုက်ထုတ်တဲ့နေရာမှာ ဘယ်လောက် အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေလဲဆိုတာ မမြင်ကြဘူးပဲ… သူက ငါတို့ရဲ့ သံသရာ မြင့်မြတ်တဲ့နယ်မြေနဲ့ပဲ ထိုက်တန်ပါတယ်" "တာအိုမိတ်ဆွေ ရှန်မိုက အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်ကို ပြန်လည်နိုးထစေခဲ့သူပဲ… သူက ငါတို့ မိုးကြိုးအကျဉ်းထောင်မျိုးနွယ်စုအပေါ်မှာ ကျေးဇူးအများကြီး ရှိခဲ့တယ်… သူ ငါတို့ဆီမှာ ခဏလောက် နားနားနေနေ နေသင့်တာပေါ့"
"အထွတ်အထိပ် ပညာရှင်ကြီး… အဲဒါတော့ မဟုတ်သေးဘူး… ဘယ်မှာပဲ နားနား နားတာပါပဲ… ငါတို့ရဲ့ အရှေ့ပိုင်း လီ အင်ပါယာက အရှေ့ပြည်နယ်ရဲ့ အင်အားအကြီးဆုံး အဖွဲ့အစည်း ငါးခုထဲမှာ ထိပ်ဆုံးကပဲ… ဒါကြောင့် သူ့အတွက် အကောင်းဆုံးနေရာက ငါတို့ဆီပဲ ဖြစ်မှာပေါ့"
အထွတ်အထိပ် ပညာရှင်များသည် မျက်နှာများ နီရဲသည်အထိ အပြင်းအထန် ငြင်းခုံနေကြပြီး အချိန်မရွေး တိုက်ပွဲဖြစ်သွားနိုင်သည့် ပုံစံမျိုး ရှိနေ၏။ စောင့်ကြည့်နေသော ကျင့်ကြံသူများမှာလည်း ဆွံ့အသွားကြရသည်။ အထွတ်အထိပ် ပညာရှင်များကို အမြဲတမ်း မြင့်မြတ်ပြီး ခန့်ညားထည်ဝါသော ပုံစံဖြင့်သာ မြင်တွေ့ဖူးကြပြီး ယခုကဲ့သို့ ပြုမူလိမ့်မည်ဟု ဘယ်သူက ထင်ထားပါမည်နည်း။ မသိသူများဆိုလျှင် ကလေးတစ်ယောက်ကို လုနေကြသည့် ဘိုးဘိုးဘွားဘွားများဟုပင် ထင်မှတ်သွားနိုင်ပေသည်။
"ဟမ်း..."
တိတ်ဆိတ်နေသော ဟူချင်းမှ ခပ်တိုးတိုး ချောင်းဟန့်လိုက်သည်။ ထိုအခါမှသာ အထွတ်အထိပ် ပညာရှင်များသည် လီချန်းဖုန်းတို့ အုပ်စုကို သတိထားမိသွားကြပြီး အမူအရာများ ချက်ချင်း ပြောင်းလဲသွားသည်။
"နင်တို့ ဘာလို့ ဒီကို ရောက်နေတာလဲ… တောင်ခြေမှာ ဘာလို့ အေးအေးဆေးဆေး မနေခဲ့ကြတာလဲ"
ကောင်းကင်ဖန်ဆင်းရှင်ဂိုဏ်းမှ အဖြူရောင် အထွတ်အထိပ် ပညာရှင်က ဟောက်လိုက်သည်။ ချောင်ချင်းဝမ် အားနာစွာ ပြုံးလိုက်ပြီး
"ဘိုးဘေး… တောင်ထိပ်က တိုက်ပွဲပြီးသွားတာ မြင်လို့ ကျွန်မတို့ အမြန်တက်လာကြတာပါ… ဘိုးဘေးတို့ ဘေးကင်းရဲ့လားလို့ စိုးရိမ်လို့ပါ"
အဖြူရောင် အထွတ်အထိပ် ပညာရှင်မှ နှာတစ်ချက်မှုတ်ကာ
"ငါ့အတွက် ဘာအန္တရာယ် ရှိနိုင်မှာလဲ"
"နင် ခုနက ဘာတွေကြားလိုက်လဲ"
ချောင်ချင်းဝမ် တည်တည်ငြိမ်ငြိမ်ပင်
"ခုနကလား… ဘာခုနကလဲဟင်… ကျွန်မ နားသိပ်မကောင်းလို့ ဘာမှ မကြားလိုက်ရပါဘူး"
အရှေ့ပိုင်း လီ အင်ပါယာ၊ တောက်လောင်နေသော ကောင်းကင် နတ်ဘုရားဂိုဏ်းနှင့် သံသရာ မြင့်မြတ်တဲ့နယ်မြေတို့မှ အထွတ်အထိပ် ပညာရှင်များကလည်း သူတို့၏ ကိုယ်ပိုင် ပါရမီရှင်များဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ လီချန်းဖုန်း၊ လီယွမ်လုံ၊ စီခုန်းလျဲ့နှင့် စီခုန်းယန်တို့မှာ တုံးအသူများ မဟုတ်ကြချေ။ သူတို့ ချက်ချင်းပင် နားလည်သွားကြပြီး ဘာမှ မမြင်၊ ဘာမှ မကြားခဲ့ကြောင်း ပြောဆိုကြတော့သည်။
လဲ့တောက်ဟိန်းမှ လဲ့ကျီကျိန်းကို ကြည့်ကာ ဒဏ်ရာမရသည်ကို အတည်ပြုပြီးနောက်
"ကျီကျိန်း… မင်းကော ဘာကြားလိုက်လဲ"
လဲ့ကျီကျိန်း မတ်မတ်ရပ်ကာ
"ဘိုးဘေးကို တင်ပြပါတယ်… ကျွန်တော် ကြားလိုက်ပါတယ်… ဘိုးဘေးတို့ သူ့ကို လုနေကြတာပါ”
လဲ့တောက်ဟိန်း - "..."
လူတိုင်း - "..."
"သူ့ကို ရိုက်စမ်း"
လဲ့တောက်ဟိန်း လက်ယမ်းပြလိုက်သည်။
"ကျွန်မ ရိုက်ပေးမယ်"
လီယွမ်လုံမှ ပြုံးဖြဲဖြဲဖြင့် လဲ့ကျီကျိန်းကို ဆွဲခေါ်သွားတော့သည်။
လဲ့ကျီကျိန်းမှာ ကြောင်တောင်တောင် ဖြစ်သွားရ၏။
"ငါ ဘာလုပ်လို့လဲ… ငါ ဘာလုပ်မိလို့လဲ… လူဆိုတာ ရိုးသားရမှာပေါ့"
ခဏအကြာတွင် သူ၏ သနားစရာကောင်းသော အော်ဟောက်သံများ ပျံ့လွင့်လာတော့သည်။
"အား! မျက်နှာကိုတော့ မရိုက်နဲ့လေ"
"ဟေး... ဟေး... မလုပ်နဲ့ဦး…"
ထိုအခါမှသာ ကျင့်ကြံသူများသည် အထွတ်အထိပ် ပညာရှင်များ၏ အလယ်ဗဟိုသို့ အကြည့်များ ပြန်လည် ရောက်သွားကြသည်။ နောက်ဆုံးတွင် ထိုသူ၏ မျက်နှာကို ရှင်းလင်းစွာ မြင်လိုက်ရသည်။
ဟူရှင်းယွဲ့၊ လီယင်နှင့် စီခုန်းလျဲ့တို့ ထိတ်လန့်သွားကြ၏။ သူတို့ ချက်ချင်း မှတ်မိသွားကြသည်။ ဒါက ဟိုတစ်နေ့က နတ်ဆိုး မိုးကြိုးနွယ်ပင်နဂါးကို တိုက်ထုတ်ပြီး သူတို့ရဲ့ အသက်ကို တစ်နည်းအားဖြင့် ကယ်တင်ခဲ့တဲ့ ဝတ်စုံနက်နဲ့ ကျင့်ကြံသူပဲ။
လီချန်းဖုန်းသည် လီယင်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို သတိပြုမိသဖြင့်
"ဘာဖြစ်လို့လဲ"
လီယင်သည် အလယ်ဗဟိုတွင် ဝိုင်းရံခံထားရသော ရှန်မိုကို လက်ညှိုးထိုးပြကာ တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီး
"သူပဲ... သူက နတ်ဆိုး မိုးကြိုးနွယ်ပင်နဂါးကို အတင်းအကျပ် ဆုတ်ခွာခိုင်းပြီး ကျွန်တော့်အသက်ကို ကယ်ခဲ့တာ"
လီချန်းဖုန်း မှင်တက်သွားရသည်။
ထိုသူမှာ မရင်းနှီးသော အထွတ်အထိပ် ပညာရှင်တစ်ဦး ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း မမျှော်လင့်ဘဲ သူသည် နိဗ္ဗာန်နယ်ပယ် ကျင့်ကြံသူတစ်ဦးသာ ဖြစ်နေသည်ကို သိလိုက်ရသောအခါ လွန်စွာ အံ့အားသင့်သွားရသည်။
ခေတ္တမျှ အံ့သြသွားပြီးနောက် လီချန်းဖုန်းမှာ ရှက်စိတ်များ ဖုံးလွှမ်းသွားသည်။
ခုနကတင် သူ တာအိုအမှတ်အသား ကိုးဆယ့်ကိုးခု ရှိသဖြင့် ထိုသူကို နှိမ်နင်းနိုင်လိမ့်မည်ဟု ယုံကြည်ကာ မာန်တက်နေခဲ့ခြင်း ဖြစ်သည်။ ထိုသူကိုယ်တိုင်က ယခုအခါ တောင်ထိပ်တွင် ရပ်နေလိမ့်မည်ဟု ဘယ်သူ ထင်ထားပါမည်နည်း။
အထွတ်အထိပ် ပညာရှင် ခုနစ်ဦး၏ ဝိုင်းရံမှုကို ခံထားရပြီး၊ တစ်ဦးချင်းစီက သူတို့၏ ဂိုဏ်းအတွင်းသို့ ဝင်ရောက်ရန် အသည်းအသန် ဖိတ်ခေါ်နေကြသည်။
ဒါက ဘယ်လိုမျိုး ဆက်ဆံမှုကြီးလဲ။
လီယွမ်လုံ၊ ချောင်ချင်းဝမ်၊ စီခုန်းလျဲ့နှင့် အခြားသူများလည်း ယခုအခါ အမှန်တရားကို သိမြင်သွားကြပြီ ဖြစ်သည်။ ရှန်မိုအပေါ် ထားရှိသော သူတို့၏ အကြည့်များတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေ၏။
အရမ်း ကြောက်စရာကောင်းလွန်းတယ်။
တကယ်ပဲ သူ ဖြစ်နေတာပဲ။
အခြားသူများ၏ မျက်လုံးထဲတွင် အံ့သြလေးစားမှုများ ရှိနေသော်လည်း ရှီထျန်းဟောက်၏ အမူအရာမှာမူ ပို၍ ရှုပ်ထွေးလှသည်။ ဤနေရာတွင် ရပ်နေသော ကိုးဦးမြောက် ပုဂ္ဂိုလ်မှာ ရှန်မို ဖြစ်လိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
ရှန်မို မည်မျှအထိ ကြောက်စရာကောင်းသည်ကို ရှီထျန်းဟောက်က အသိဆုံး ဖြစ်သည်။
အခြေအနေ ဤသို့ ဖြစ်လာပြီဆိုလျှင် မိုးကြိုးအကျဉ်းထောင်အတွင်းရှိ အကြီးမားဆုံးသော ကံကောင်းမှုမှာ ရှန်မို၏ လက်ထဲသို့ ရောက်သွားပြီ ဖြစ်သည်။ သူ၏ ကြာမြင့်စွာ တွက်ချက်ထားမှုများမှာလည်း အလဟဿ ဖြစ်သွားခဲ့ရ၏။ သူ၏ ရင်ဘတ်ထဲတွင် ကြီးမားသော ကျောက်တုံးကြီးတစ်ခု တစ်နေသကဲ့သို့ ခံစားနေရသည်။
ချလည်းမချနိုင်၊ မလည်းမမနိုင်။
စိတ်ပျက်မှု၊ အသက်ရှူကျပ်မှုနှင့် ဝမ်းနည်းပူဆွေးမှုများ။ အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်အတွင်းရှိ အနှိုင်းမဲ့သော အခွင့်အရေးမှာ သူ့ပိုင်ဆိုင်မှု ဖြစ်သင့်သည်။ သူ၏ ကံကြမ္မာမှာ လီချန်းဖုန်းနှင့် အခြားပါရမီရှင်များထက် ပို၍ ကြီးမား၏။
သူသာလျှင် တကယ့် အောင်နိုင်သူ ဖြစ်သင့်သည်။
ရှီထျန်းဟောက်၏ စိတ်ခံစားချက်များမှာ ပြင်းထန်စွာ လှုပ်ခတ်နေပြီး တည်ငြိမ်မှုပင် ပျက်ပြားလုနီးပါး ဖြစ်နေသည်။ သို့သော်လည်း ဤအခိုက်အတန့်တွင် လူတိုင်း၏ အာရုံမှာ ရှန်မိုအပေါ်၌သာ ရှိနေသဖြင့် သူ့လို အမည်မသိ နိဗ္ဗာန်နယ်ပယ် ကျင့်ကြံသူတစ်ဦးကို မည်သူမျှ ဂရုမပြုမိကြချေ။
အသစ်စက်စက် အရိုက်ခံထားရသော လဲ့ကျီကျိန်းမှာ မမေးဘဲ မနေနိုင်တော့ပေ။
"ဘိုးဘေး… တောင်ထိပ်မှာ တကယ်ပဲ ဘာတွေ ဖြစ်ခဲ့တာလဲ"
ယင်းမှာ ကျင့်ကြံသူအားလုံး သိချင်နေကြသော မေးခွန်းပင် ဖြစ်သည်။
လူတိုင်း ဘာတွေ ဖြစ်ပျက်ခဲ့သလဲဆိုသည်ကို နားလည်ချင်နေကြသည်။ အဆုံးမရှိသော နတ်ဆိုးမိုးကြိုးသားရဲကြီးများ၊ ကောင်းကင်မှ ကျဆင်းလာသော ရွှေရောင်မိုးကြိုးလှံတံများ… ဒါတွေကို ဘယ်သူက ခေါ်ယူခဲ့တာလဲ။
လဲ့တောက်ဟိန်း ခဏမျှ တိတ်ဆိတ်သွားပြီး သူ၏ဘေးရှိ အထွတ်အထိပ် ပညာရှင်များကို လှမ်းကြည့်လိုက်သည်။ သူတို့သည်လည်း တိတ်ဆိတ်နေကြ၏။
"ဒီကိစ္စက အရမ်းအရေးကြီးသလို ရှင်းပြဖို့လည်း မလွယ်ကူဘူး"
"လောလောဆယ်တော့ အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်ကနေ ထွက်ခွာကြဦး… နောက်မှ ငါတို့ ဆက်ပြီး ဆွေးနွေးကြတာပေါ့"
လဲ့တောက်ဟိန်း တည်ကြည်စွာ ပြောလိုက်သည်။
လဲ့ကျီကျိန်းလည်း ဆက်လက် မမေးသင့်တော့ကြောင်း နားလည်လိုက်သဖြင့် ခေါင်းငြိမ့်ပြကာ
"ဟုတ်ကဲ့"
ပါရမီရှင်များသည် သူတို့၏ နောက်လိုက်များကို ဦးဆောင်ကာ ထွက်ခွာသွားကြသည်။ မကြာမီမှာပင် ကျယ်ပြောလှသော မိုးကြိုးအကျဉ်းထောင်အတွင်း ရှန်မိုနှင့် အထွတ်အထိပ် ပညာရှင် ခုနစ်ဦးသာ ကျန်ရစ်တော့သည်။ အဖြူရောင်အထွတ်အထိပ် ပညာရှင်မှ ပြုံးကာ
"လူငယ်လေး… မင်း ဆုံးဖြတ်ပြီးပြီလား… ငါတို့ရဲ့ ကောင်းကင်ဖန်ဆင်းရှင်ဂိုဏ်းရဲ့ တံခါးတွေက မင်းအတွက် အမြဲ ပွင့်နေပါတယ်"
အခြား အထွတ်အထိပ် ပညာရှင်များကလည်း ဆွဲဆောင်မှုရှိသော အကျိုးခံစားခွင့်များကို အသီးသီး ကမ်းလှမ်းကြသည်။ ထိုအကျိုးခံစားခွင့်များမှာ အထွတ်အထိပ် ပညာရှင်တစ်ဦးပင်လျှင် မက်မောလောက်သော အရာများ ဖြစ်ကြ၏။
သို့သော် ရှန်မိုကို သူတို့ဘက်ပါအောင် ဆွဲဆောင်ရန်အတွက် ယင်းတို့ကို ပေးအပ်ရန် ဆန္ဒရှိနေကြခြင်း ဖြစ်သည်။ ကိုးမိုးကောင်းကင် နတ်ဘုရား မိုးကြိုးမီးတောက်မှာ သခင်ကို အသိအမှတ်ပြုပြီးသား ဖြစ်သည်။ ယင်းကို လုယူရန်မှာ မဖြစ်နိုင်တော့ချေ။ တစ်ခုတည်းသော ရွေးချယ်စရာမှာ ရှန်မိုကို သူတို့၏ အဖွဲ့အစည်းအတွင်းသို့ ဆွဲခေါ်ရန်သာ ရှိတော့၏။ အထူးသဖြင့် သံသရာ မြင့်မြတ်တဲ့နယ်မြေ၏ အမြင်တွင်မူ ရှန်မိုသည် ကိုးမိုးကောင်းကင် နတ်ဘုရား မိုးကြိုးမီးတောက်၏ သခင်ဖြစ်သဖြင့် နတ်ဆိုးများကို တိုက်ထုတ်ရာတွင် တကယ့် မျှော်လင့်ချက်ပင် ဖြစ်သည်။ အကယ်၍ အခြားအဖွဲ့အစည်းတစ်ခုက သူ့ကို ရန်စရန် ကြိုးစားလာပါက သံသရာ မြင့်မြတ်တဲ့နယ်မြေက ဘယ်သောအခါမျှ ခွင့်ပြုမည် မဟုတ်ပေ။
"ကျွန်တော့်ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး တစ်ယောက်တည်း စဉ်းစားဖို့ အချိန်နည်းနည်းလောက် ပေးလို့ ရမလား"
ရှန်မိုမှ စိတ်အားထက်သန်နေကြသော အထွတ်အထိပ် ပညာရှင်များကို လက်အုပ်ချီ၍ မေးလိုက်သည်။ "သေချာတာပေါ့… စိတ်ကြိုက် အချိန်ယူပါ"
"တာအိုမိတ်ဆွေ ရှန်မို.. သေချာ စဉ်းစားပါ… ဒါက အရမ်းအရေးကြီးတဲ့ ရွေးချယ်မှုပဲ"
အထွတ်အထိပ် ပညာရှင်များထဲမှ မည်သူမျှ မငြင်းဆန်ကြဘဲ သူတို့၏ စိတ်အားထက်သန်မှုကို ဆက်လက် ပြသနေကြသည်။ ထို့နောက် တစ်ဦးပြီးတစ်ဦး ထွက်ခွါသွားကြတော့၏။ ဤတိုက်ပွဲအပြီးတွင် သူတို့လည်း အပြင်းအထန် ဒဏ်ရာရရှိထားကြသဖြင့် အနားယူရန် လိုအပ်နေသည်။
လဲ့တောက်ဟိန်းမှာ အလွန်တည်ကြည်သော အမူအရာဖြင့်
"လူငယ်လေး… မင်းကြောင့် အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်က ပြန်လည် နိုးထလာခဲ့ရတာဆိုတော့ မိုးကြိုးအကျဉ်းထောင်မျိုးနွယ်စုရဲ့ ကိုယ်စား မင်းကို အဲ့ဒါအတွက် ထိန်းချုပ်နိုင်မယ့် အခွင့်အရေးတစ်ခု ငါ ပေးအပ်ပါတယ်"
"ဒါက မင်းကို ငါတို့ဘက်ပါအောင် ဆွဲဆောင်တာ မဟုတ်ဘဲ စစ်မှန်တဲ့ လက်ဆောင်တစ်ခုပါ"
Chapter 699 အရည်အချင်းပြည့်မီမှု
ဤသည်ကို ကြားလိုက်ရသောအခါ ရှန်မို ပြုံးလိုက်မိသည်။ အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်ကို တစ်ကြိမ်တစ်ခါ အမိန့်ပေးစေခိုင်းခွင့် ရရှိခြင်းမှာ အရေးကြီးဆုံးသော အခွင့်အရေးပင် ဖြစ်သည်။ အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်သည် တာအိုသူတော်စင်လက်နက်တစ်ခု ဖြစ်၏။ ယင်းကို အသက်သွင်းရန်အတွက် များပြားလှသော စိတ်ဝိညာဉ်စွမ်းအင်များ လိုအပ်ပေသည်။ အမြင့်ဆုံးအဆင့် စိတ်ဝိညာဉ်ကျောက်တုံးများပင်လျှင် တာအိုသူတော်စင်လက်နက်တစ်ခု၏ လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်ချေ။ သူတော်စင်ဝိညာဉ်ကျောက်တုံးများဖြင့်သာ အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်ကို မောင်းနှင်နိုင်သည်။ ဤသို့ တစ်ကြိမ်တစ်ခါ အသုံးပြုခွင့် ရရှိထားခြင်းကြောင့် အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်မှ ထွက်ခွာသွားပြီးနောက်တွင်ပင် ရှန်မို၌ အသက်ဘေးမှ ကာကွယ်ပေးမည့် အားကိုးရာတစ်ခု ရှိနေပြီဖြစ်သည်။ သူသည် အထွတ်အထိပ် ပညာရှင်တစ်ဦး၏ တိုက်ခိုက်မှုကို ကြောက်ရွံ့နေရန် မလိုတော့ချေ။ ကိုးမိုးကောင်းကင် နတ်ဘုရား မိုးကြိုးမီးတောက်ကို အသုံးပြုခဲ့စဉ်ကတည်းက လွတ်မြောက်ရာ လမ်းကြောင်းတိုင်းကို ကြိုတင်စဉ်းစားထားပြီးသား ဖြစ်သည်။ ရောက်ရှိနေသော အထွတ်အထိပ် ပညာရှင် ခုနစ်ဦးထဲတွင် ကိုးမိုးကောင်းကင် နတ်ဘုရား မိုးကြိုးမီးတောက်ကို မက်မောမည့်သူများ ရှိနေမည်မှာ သေချာသည်။ သို့သော် ပထမဦးစွာ ထိုကဲ့သို့သော ကိစ္စမျိုးကို သံသရာ မြင့်မြတ်တဲ့နယ်မြေက ကန့်ကွက်ပေလိမ့်မည်။ သံသရာ မြင့်မြတ်တဲ့နယ်မြေသည် အလွန်တရာ တင်းကျပ်လွန်းသည်ဟု နာမည်ကျော်ကြားလှ၏။ နတ်ဆိုးမျိုးနွယ်စုကို အမြစ်ပြတ်သုတ်သင်ရာတွင် အကျိုးရှိမည့် မည်သည့်အရာကိုမဆို သူတို့ ထောက်ခံကြသည်။ ထိုရည်ရွယ်ချက်ကို ထိခိုက်စေမည့် မည်သည့်အရာကိုမဆို သူတို့ ဆန့်ကျင်ကြ၏။ ရှန်မိုကို သတ်ပြီး ကိုးမိုးကောင်းကင် နတ်ဘုရား မိုးကြိုးမီးတောက်ကို လုယူခြင်းမှာ နတ်ဆိုးများ အမြစ်ပြတ်သုတ်သင်ရေးအတွက် ဘာမှ အကျိုးမရှိဘဲ ထိခိုက်မှုသာ ဖြစ်စေမည် ဖြစ်သဖြင့် အထွတ်အထိပ် ပညာရှင်တစ်ဦးမှ သူ့ကို တိုက်ခိုက်လာခြင်းအား ခွင့်ပြုမည် မဟုတ်ပေ။ သေချာပေါက်ပင် သူတို့၏ အကာအကွယ် ရှိနေသော်လည်း ရှန်မိုအနေဖြင့် ကိုယ်ပိုင် ခုခံကာကွယ်မှု နည်းလမ်းများ လိုအပ်သည်။ အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်ကို စေခိုင်းနိုင်သည့် အရည်အချင်းမှာ သူကိုယ်တိုင် ရှာဖွေနိုင်ခဲ့သော အသန်မာဆုံးနှင့် အခိုင်မာဆုံး ဝှက်ဖဲပင် ဖြစ်သည်။ တာအိုသူတော်စင်လက်နက်တစ်ခု၏ လွှမ်းမိုးနိုင်စွမ်း အတိုင်းအတာမှာ စိတ်ကူးကြည့်ရန်ပင် ခက်ခဲလောက်အောင် ကျယ်ပြောလှသည်။ ရှန်မိုသည် အရှေ့ပြည်နယ်အတွင်း ရှိနေသရွေ့ အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်သည် သူ့ကို ကာကွယ်စောင့်ရှောက်ရန် ကောင်းကင်ယံမှ ဆင်းသက်လာနိုင်သည်ဟု ဆိုပါက အပိုပြောခြင်း မဟုတ်ပေ။
"အထွတ်အထိပ် ပညာရှင်ကြီးက ဒီလိုပြောမှတော့ ကျွန်တော့်ဘက်က ငြင်းပယ်စရာ အကြောင်းမရှိပါဘူး… ကျေးဇူးတင်ပါတယ်ခင်ဗျာ"
ရှန်မိုသည် ထိုအထွတ်အထိပ် ပညာရှင်ကြီးကို လေးလေးစားစား ကြည့်ကာ ပြောလိုက်သည်။ လဲ့တောက်ဟိန်း ပြုံးလိုက်၏။
သူ၏ ခုနက စကားများမှာ စစ်မှန်လှပေသည်။
ရှန်မို၏ ကြောက်မက်ဖွယ်ကောင်းသော ပါရမီဖြင့်ဆိုလျှင် တစ်နေ့တွင် သူ အထွတ်အထိပ်နယ်ပယ်သို့ သေချာပေါက် ရောက်ရှိလာမည်ကို သိထားသည်။ ယခုကတည်းက ရင်းနှီးမှု တည်ဆောက်ထားခြင်းမှာ ပိုကောင်းပေ၏။ အကယ်၍ တစ်ဖက်လူက အထွတ်အထိပ် ပညာရှင်တစ်ဦး အမှန်တကယ် ဖြစ်လာမှသာ မျက်နှာသာရအောင် ကြိုးစားမည်ဆိုလျှင်မူ နောက်ကျသွားပြီ ဖြစ်သည်။
လူတို့သည် ပန်းခင်းထဲတွင် ပန်းထပ်ပေးသူထက် ဆီးနှင်းထဲတွင် အကူအညီ ပေးခဲ့သူကိုသာ မှတ်မိကြသည် မဟုတ်လား။
သေချာပေါက်ပင် ရှန်မိုသည် သူ၏ စိတ်ရင်းမှန်ကို အသိအမှတ်ပြုပြီး မိုးကြိုးအကျဉ်းထောင်မျိုးနွယ်စုမှာ နေထိုင်ရန် ရွေးချယ်ခဲ့လျှင်မူ ပို၍ပင် ကောင်းပေလိမ့်မည်။
"တာအိုမိတ်ဆွေ ရှန်မို… မင်းဆီမှာ မိုးကြိုးအကျဉ်းထောင်မျိုးနွယ်စုရဲ့ ကောင်းကင်ဝတ်ပြုကတ်ပြားလည်း ပါလာတာပဲ… မင်းက လဲ့ကျီကျိန်းကို ကယ်ခဲ့တဲ့သူ ဖြစ်မှာပေါ့"
လဲ့တောက်ဟိန်းမှ ရင်းနှီးမှု ရရှိစေရန် ရည်ရွယ်၍ အေးအေးလူလူ စကားစမြည် ပြောဆိုလိုက်သည်။ ရှန်မိုကလည်း ယဉ်ကျေးစွာ ပြန်လည် တုံ့ပြန်၏။ ဤအထွတ်အထိပ် ပညာရှင်ကြီးမှာ ချဉ်းကပ်ရ လွယ်ကူလှပြီး သူ၏ စကားပြောပုံနှင့် အမူအရာများမှာ ရှန်မိုကို စိတ်သက်သာရာ ရစေသည်။ သူတို့နှစ်ဦး အပြန်အလှန် စကားပြောဆိုရင်း အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်၏ အဝင်ဝဆီသို့ ပျံသန်းသွားကြပြီး နောက်ဆုံးတွင် ထိုသေမင်းတမန် နယ်မြေမှ ထွက်ခွာခဲ့ကြသည်။
အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်သည် အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်နှင့် အဖြူရောင်အရိုး နတ်ဆိုးကျမ်းစာတို့အကြား နှစ်ပေါင်းသောင်းချီ၍ တိုက်ခိုက်ခဲ့ပြီးနောက် ဖြစ်ပေါ်လာခြင်း ဖြစ်၏။ ယခုအခါ နတ်ဆိုးကျမ်းစာ၏ အစိတ်အပိုင်း အချို့မှာ အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်အတွင်းသို့ ပေါင်းစပ်သွားခဲ့ပြီး အချို့မှာမူ လဲ့ကျင်းလုံ အတွင်းသို့ ပေါင်းစပ်သွားခဲ့သည်။
လဲ့ကျင်းလုံအတွင်းသို့ ပေါင်းစပ်သွားသော အစိတ်အပိုင်းကို ရှန်မိုမှ အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်မှတစ်ဆင့် နှိုးဆွပြီး လုံးဝ ဖျက်ဆီးပစ်ခဲ့သည်။ အဖြူရောင်အရိုး နတ်ဆိုးကျမ်းစာမှာ မရှိတော့ဟု ဆိုနိုင်လေ၏။ သဘာဝကျစွာပင် အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်သည် တဖြည်းဖြည်း မှေးမှိန်သွားကာ နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားပေလိမ့်မည်။ သို့သော် အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်၏ ဝိညာဉ်အသိစိတ်မှာ ယခုအခါ နိုးထလာပြီ ဖြစ်သည်။ အနာဂတ်တွင် မိုးကြိုးအကျဉ်းထောင်မျိုးနွယ်စုသည် ယင်းကို အသုံးပြုကာ သူတို့၏ မျိုးဆက်သစ်များကို လေ့ကျင့်ပေးနိုင်တော့မည် ဖြစ်၏။ သူတို့၏ ခွန်အားမှာလည်း ပိုမို ကြီးထွားလာပေလိမ့်မည်။ ဤသည်မှာ လဲ့တောက်ဟိန်းမှ ရှန်မိုကို ထိုကဲ့သို့ ကြီးမားသော ကျေးဇူးတုံ့ပြန်မှုကို ပေးအပ်ရန် ဆန္ဒရှိနေခြင်း၏ အကြောင်းရင်းပင် ဖြစ်သည်။
ထို့နောက်တွင် ရှန်မို မိုးကြိုးအကျဉ်းထောင်မျိုးနွယ်စုတွင် တစ်လကြာ နေထိုင်ခဲ့သည်။ ဤတစ်လအတွင်း၌ အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်နှင့် ဆက်သွယ်မှု ပြုလုပ်ခဲ့ပြီး ဘေးအန္တရာယ်နှင့် ကြုံတွေ့ရချိန်တွင် ယင်း၏ အကာအကွယ်ကို ခေါ်ယူနိုင်ရန် သေချာအောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ သူသည် မန်ချန်းတောင်တန်းသို့ သွားရောက်ကာ ကောင်းကင်တိမ်တိုက်စာကလေးကို ရှာဖွေရန်အတွက်လည်း ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။ ရှန်မိုသည် ငှက်မိခင်ကြီး၏ ကတိကို မှတ်မိနေဆဲ ဖြစ်သည်။ ရှောင်ယန်အိမ်တော်ကို ဖျက်ဆီးပေးပါက ၎င်းက သူ့ကို အဆင့်မြင့် သူတော်စင်လက်နက်တစ်ခု ပေးမည်ဖြစ်ပြီး လဲ့ကျင်းလုံကို သတ်ဖြတ်ပေးပါက သူတော်စင်အဆင့် အထွတ်အထိပ်အရိုး တစ်ခုအတွက် သဲလွန်စ ပေးမည်ဟု ဆိုခဲ့သည်။ ယခု ရှန်မိုအတွက်မူ ယင်းတို့မှာ လက်လွတ်မခံနိုင်သော အခွင့်အရေးများ ဖြစ်ကြ၏။
တစ်လအကြာတွင်။
ထိတ်လန့်ဖွယ် သတင်းတစ်ခုမှာ အရှေ့ပြည်နယ်တစ်ခုလုံးသို့ မုန်တိုင်းတစ်ခုကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။ အင်အားကြီး အဖွဲ့အစည်း ငါးခုနှင့် မရေမတွက်နိုင်သော ကျင့်ကြံသူများ တုန်လှုပ်သွားကြရ၏။ ညစ်ညမ်းဌာနမှ ညစ်ညမ်းနတ်ဆိုးမျိုးနွယ်စုသည် အဖွဲ့ငါးဖွဲ့ကို တစ်ပြိုင်နက် စေလွှတ်ခဲ့ပြီး သူတို့ နှစ်ပေါင်းသောင်းချီ၍ မွေးမြူထားသော လျှို့ဝှက်အေးဂျင့်များနှင့် ပူးပေါင်းကာ အင်အားကြီး အဖွဲ့အစည်း ငါးခုအတွင်းသို့ ထိုးဖောက် ဝင်ရောက်ခဲ့ကြသည်။ ကောင်းကင်ဖန်ဆင်းရှင်ဂိုဏ်းမှာ သူတို့၏ ပထမဆုံးသော ဂိုဏ်းထောင်ဘိုးဘေး၏ ခေါင်းတလားဖြင့် အမည်းရောင် သေခြင်းတရားပင်လယ်ရတနာကို နှိမ်နင်းထားခဲ့ခြင်း ဖြစ်သည်။ သို့သော် နောက်ဆုံးတွင် အတွင်းသစ္စာဖောက်များနှင့် ညစ်ညမ်းဌာန နတ်ဆိုးများ ပူးပေါင်းမှုကြောင့် ထိုရတနာမှာ အခိုးခံလိုက်ရသည်။ ကောင်းကင်ဖန်ဆင်းရှင်ဂိုဏ်းမှ အထွတ်အထိပ် ပညာရှင်တစ်ဦးပင်လျှင် အမည်းရောင် သေခြင်းတရားပင်လယ်ရတနာကို ကာကွယ်ရင်း တိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည်။
အရှေ့ပိုင်း လီ အင်ပါယာမှာ ကမ္ဘာကြီးကို လောင်ကျွမ်းစေသော အိုးကြီးအား သူတို့၏ တိုင်းပြည်ကံကြမ္မာဖြင့် နှိမ်နင်းထားခဲ့ခြင်း ဖြစ်သည်။ ညစ်ညမ်းဌာန နတ်ဆိုးများမှာ အလွန်လေးစားခံရသော တော်ဝင်ဦးလေးကြီးကို ဖျက်ဆီးပြီး ၎င်းကို အသုံးပြုကာ တိုင်းပြည်၏ ကံကြမ္မာကို ယာယီ ကမောက်ကမ ဖြစ်အောင် လုပ်ဆောင်ခဲ့ကြသည်။ ထိုအခွင့်အရေးကို အသုံးချကာ သူတို့ အိုးကြီးကို ခိုးယူရန် ကြိုးစားခဲ့ကြသေး၏။ သို့သော် မီးတောက်ဧကရာဇ်၏ တားမြစ်ချက်များမှာ အသက်ဝင်လာခဲ့သည်။ ကမ္ဘာကြီးကို လောင်ကျွမ်းစေသော အိုးကြီး၏ အစိတ်အပိုင်း တစ်ခုကို ညစ်ညမ်းဌာန နတ်ဆိုးများက ယူဆောင်သွားနိုင်ခဲ့သော်လည်း သူတို့ဘက်မှ နတ်ဆိုးအထွတ်အထိပ် ပညာရှင် သုံးဦး၏ အသက်များဖြင့် ပေးဆပ်ခဲ့ရသည်။
တောက်လောင်နေသော ကောင်းကင် နတ်ဘုရားဂိုဏ်းနှင့် သံသရာ မြင့်မြတ်တဲ့နယ်မြေတို့က နှိမ်နင်းထားသော ညစ်ညမ်းနတ်ဆိုး သံသရာရေကန် အစိတ်အပိုင်းများမှာလည်း ပစ်မှတ်ထားခြင်း ခံခဲ့ရသည်။ သို့သော် ထိုအဖွဲ့အစည်း နှစ်ခု၏ ခုခံကာကွယ်မှုမှာ အလွန်အမင်း တင်းကျပ်လှသည်။ အထွတ်အထိပ် ပညာရှင်များ ပြင်းထန်စွာ ဒဏ်ရာရရှိပြီး သတိလစ်ကုန်ကြသော်လည်း ညစ်ညမ်းဌာန နတ်ဆိုးများသည် ထိုတာအိုသူတော်စင်လက်နက်များကို မရရှိခဲ့ကြပေ။
နောက်ဆုံးအနေဖြင့် အဖြူရောင်အရိုး နတ်ဆိုးကျမ်းစာကို နှိမ်နင်းထားသော မိုးကြိုးအကျဉ်းထောင်မျိုးနွယ်စု ရှိသည်။ ညစ်ညမ်းဌာနသည် အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်ကို အဖြူရောင်အရိုး နတ်ဆိုးကျမ်းစာထံမှ ခွဲထုတ်ရန် ကြိုးစားခဲ့ပြီး နတ်ဆိုးကျမ်းစာကို သူတို့၏ တာအိုသူတော်စင်လက်နက်အဖြစ် ပြန်လည် ရယူရန် ကြိုးစားခဲ့ကြသည်။ အကြီးအကဲ အထွတ်အထိပ် ပညာရှင် လဲ့တောက်ဟိန်း၏ ပြောကြားချက်အရ မိုးကြိုးအကျဉ်းထောင်မျိုးနွယ်စု၏ အထွတ်အထိပ် ပညာရှင်အသစ် လဲ့ကျင်းလုံမှာ ဤတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည်ဟု ဆိုသည်။ အခြားသော အထွတ်အထိပ် ပညာရှင်များမှာလည်း ဆိုးရွားသော အခြေအနေများနှင့် ကြုံတွေ့ခဲ့ရ၏။ အရေးကြီးသော အခိုက်အတန့်တွင် မျိုးနွယ်စု၏ ကောင်းကင်ဝတ်ပြုသူ ရှန်မိုသည် အိပ်မောကျနေသော အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်၏ ဝိညာဉ်အသိစိတ်ကို နိုးထစေခဲ့ပြီး ညစ်ညမ်းဌာနမှ နတ်ဆိုးအထွတ်အထိပ် ပညာရှင် လေးဦးကို သတ်ဖြတ်ကာ အခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့သည်။
ထိုသတင်းမျိုးမှာ အရှေ့ပြည်နယ်တစ်ခုလုံးသို့ ဟာရီကိန်းမုန်တိုင်းကဲ့သို့၊ မိုးကြိုးသံကဲ့သို့ ပျံ့နှံ့သွားခဲ့၏။ ယခင်က တောင်ပိုင်းကောင်းကင်တွင် တိတ်ဆိတ်နေခဲ့သော ရှန်မိုဟူသည့် အမည်မှာ ယခုအခါ အရှေ့ပြည်နယ်တစ်ခုလုံးကို တားဆီး၍မရသော အင်အားဖြင့် လွှမ်းမိုးသွားခဲ့လေပြီ။
…
မန်ချန်းတောင်တန်း၏ အစွန်အဖျားတွင်။
ဝုန်း!
ဓားသွားကဲ့သို့ ကျားတစ်ကောင်သည် နောက်ဆုံး အော်ဟောက်သံနှင့်အတူ လဲကျသွားပြီး အသက်ပျောက်သွားတော့သည်။
၎င်း၏ ခန္ဓာကိုယ်မှာ သွေးများဖြင့် ရွှဲနစ်နေပြီး ဝမ်းဗိုက်၊ နောက်ကျောနှင့် ခြေလက်များတွင် ဒဏ်ရာများ ပြတ်ရှနေသည်။ သို့သော် ဒဏ်ရာအများစုမှာ သေလောက်သည်အထိ မပြင်းထန်ဘဲ သွေးထွက်အောင်သာ ရည်ရွယ်ထားခြင်း ဖြစ်၏။ သေချာပေါက်ပင် သူ မသေဆုံးမီတွင် မပြောပြနိုင်လောက်သော နှိပ်စက်မှုများကို ခံစားခဲ့ရခြင်း ဖြစ်သည်။ သတ်ဖြတ်သူမှာ သူ့ကို မြန်မြန်ဆန်ဆန် သေစေချင်ခြင်း မဟုတ်ဘဲ ရက်စက်မှုကို ပျော်မွေ့နေခြင်းသာ ဖြစ်သည်။
ခြေထောက်တစ်ဖက်က ထိုသားရဲ၏ ဦးခေါင်းကို နင်းလိုက်၏။
မော့ကြည့်လိုက်သောအခါ ထိုသူမှာ အရပ်ရှည်ပြီး ချောမောသော ရှီထျန်းဟောက် ဖြစ်သည်။
"ဘာလို့ သူဖြစ်နေရတာလဲ… ဘာလို့ အမြဲတမ်း သူပဲ ဖြစ်နေရတာလဲ..."
ရှီထျန်းဟောက်၏ မျက်နှာမှာ ဒေါသနှင့် အရူးအမူးဖြစ်မှုတို့ကြောင့် တွန့်လိမ်နေသည်။ ရှန်မို၏ အောင်မြင်မှု သတင်းများမှာ အရှေ့ပြည်နယ်တစ်ခုလုံးသို့ ပျံ့နှံ့နေ၍ သူလည်း သေချာပေါက် ရှင်းလင်းစွာ ကြားသိရသည်။ သူ မကြားချင်လျှင်ပင် ပတ်ဝန်းကျင်ရှိ လူတိုင်းက ထိုအကြောင်းကိုသာ ထပ်တလဲလဲ ပြောဆိုနေကြ၏။ ရှန်မို၏ စွမ်းဆောင်ချက်များသည် သူ၏ နားထဲသို့ နတ်ဆိုး၏ ဂါထာများကဲ့သို့ ဝင်ရောက်လာပြီး အားနည်းပြီး ထိခိုက်လွယ်သော စိတ်အစဉ်ကို ရိုက်ခတ်နေသည်။
"တောက်… ချီးပဲ"
ရှီထျန်းဟောက် ဟောက်လိုက်ပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ရူးသွပ်စွာ တိုက်ခိုက်နေတော့သည်။ ထိုအခိုက်အတန့်တွင် ကောင်းကင်ယံ၌ အလင်းတန်းတစ်ခု ဖြတ်သန်းသွား၏။
ရှီထျန်းဟောက်ကို အာရုံခံမိလိုက်သဖြင့် ယင်းက ဆင်းသက်လာပြီး သူ၏ရှေ့တွင် ရပ်နားလိုက်သည်။
ရှီထျန်းဟောက် တောင့်ခဲသွားပြီး သူ၏ ရူးသွပ်မှုများ ပျောက်ကွယ်သွားကာ ထိတ်လန့်မှုများ အစားထိုးဝင်ရောက်လာသည်။ ရောက်ရှိလာသူ၏ မျက်နှာကို မြင်လိုက်ရသောအခါ သူ၏ နှလုံးသားမှာ ကြောက်ရွံ့မှုများဖြင့် လှုပ်ခတ်သွားရ၏။
ဒါ ရှန်မိုပဲ။
"သူ ဒီမှာ ရပ်လိုက်တယ်… သူ ငါ့ကို မှတ်မိနေတာလား"
ရှီထျန်းဟောက်၏ ကြောက်ရွံ့မှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။
ရှန်မိုမှ သူ့ကို အေးစက်စွာ ကြည့်လိုက်ပြီး
"မင်းက လဲ့ကျီကျိန်းရဲ့ သူငယ်ချင်းဆိုတာ ငါ မှတ်မိတယ်"
"မင်း ဘာလို့ ဒီမှာ အရူးတစ်ယောက်လို သောင်းကျန်းနေရတာလဲ"
ရှီထျန်းဟောက် သက်ပြင်းတစ်ချက်ကို အရှည်ကြီး ချလိုက်မိသည်။
သူ ငါ့ကို မမှတ်မိသေးဘူးပဲ။
တော်သေးတာပေါ့။
သူ အမြန်ပင် ဦးညွှတ်လိုက်ပြီး
"လေးစားရတဲ့ တာအိုမိတ်ဆွေ ရှန်မို… ကျွန်တော် စိတ်ညစ်နေလို့ ပေါက်ကွဲလိုက်မိတာပါ… ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"
ရှန်မို သူ့ကို ခဏမျှ စစ်ဆေးကြည့်လိုက်ပြီး ဒါက မတော်တဆ ဆုံတွေ့မှုတစ်ခုသာ ဖြစ်ကြောင်း မှတ်သားလိုက်သည်။
ထို့နောက် သူ တည်ငြိမ်စွာဖြင့်
"ရပါတယ်… ရူးသွပ်တဲ့အထိတော့ စိတ်လွတ်မသွားစေနဲ့"
ထိုသို့ ပြောပြီးနောက်တွင် သူ လေထဲသို့ ပျံတက်သွားပြီး နောက်တစ်ကြိမ် ပြန်မကြည့်တော့ဘဲ ထွက်ခွာသွားတော့သည်။