အခန်း (၇၀၀-၇၀၂)
Vol. 47 Ch. 700-702
Chapter 700 ကံကြမ္မာ၏ သားတော်
"ရူးနေတာလား… မင်းကမှ ရူးနေတာ… မင်းတစ်မိသားစုလုံး ရူးနေတာ"
ရှီထျန်းဟောက် စိတ်ထဲမှ ကြိမ်းမောင်းရင်း အံကြိတ်နေမိသည်။ ရှန်မို၏ ဘိုးဘေး ၁၈ ဆက်ကိုပါ ဆဲဆိုပစ်ချင်သော်လည်း ရှန်မို အဝေးကြီး မရောက်သေးဘဲ ကြားသွားမှာ စိုးရိမ်သဖြင့် စကားတစ်လုံးမှ အပြင်မထွက်ရဲပေ။ "ကံဆိုးလိုက်တာကွာ… မတော်တဆ ရလာတဲ့ မြေပုံနဲ့ ရတနာရှာဖို့ မန်ချန်းတောင်တန်းကို လာပါတယ်ဆိုမှ ဒီလူနဲ့မှ လာတိုးရတယ်လို့"
ရှီထျန်းဟောက် တစ်ယောက် ဒေါသတကြီး ဖြစ်နေတော့သည်။
...
တစ်ဖက်တွင်မူ ရှန်မိုသည် ကောင်းကင်ယံ၌ အရှိန်ပြင်းပြင်း ပျံသန်းရင်း မကြာသေးမီက သူ မြင်တွေ့ခဲ့ရသည့် ကံကြမ္မာများကို ပြန်လည် စဉ်းစားနေ၏။
"တကယ့်ကို ရွှေရောင်တောက်ပတဲ့ ကံကြမ္မာပိုင်ရှင်.. ကံကောင်းခြင်းရဲ့ သားတော်ပဲ"
"ဒီအခွင့်အရေးတွေက ငါ့လက်ထဲကို အလိုလို ရောက်လာသလိုပဲ… တကယ်ကို ကောင်းလိုက်တာ"
"စကားလုံးနဲ့တောင် ဖော်ပြလို့ မရဘူး"
သူ ပါးစပ်နားရွက်ချိတ်မတတ် ပြုံးနေမိသည်။
[လတ်တလော ကံကြမ္မာ ၁ - မှောင်ခိုစျေးကွက်မှ ဝယ်ယူခဲ့သော ရတနာမြေပုံဖြင့် မန်ချန်းတောင်တန်းအတွင်း ရတနာရှာဖွေခဲ့သည်။ မတော်တဆ ကျင့်ကြံသူ အုပ်စုနှစ်စု ရတနာတစ်ခုအတွက် တိုက်ခိုက်နေသည်ကို တွေ့ရှိခဲ့သည်။ နှစ်ဖက်စလုံး ပြင်းထန်စွာ ဒဏ်ရာရနေချိန်တွင် သင် ရုတ်တရက် တိုက်ခိုက်ကာ နိဗ္ဗာန်နယ်ပယ် ကျင့်ကြံသူ လေးဦးကို သတ်ဖြတ်လိုက်သည်။ သူတို့၏ သိုလှောင်အိတ်အားလုံးကို သိမ်းယူပြီး 'အရိုးသန့်စင်မီးတောက်' ရတနာကို ရရှိခဲ့သည်။]
[လတ်တလော ကံကြမ္မာ ၂ - တစ်လအကြာတွင် မန်ချန်းတောင်တန်း အစွန်အဖျားသို့ ရောက်ရှိစဉ် ငလျင်တစ်ခုနှင့် ကြုံတွေ့ရပြီး မြေအောက်သို့ ပြုတ်ကျသွားသည်။ မတော်တဆ ငလျင်ကြောင့် ပေါ်ထွက်လာသော ချောက်ကမ်းပါးတစ်ခုကို တွေ့ရှိခဲ့သည်။ ယင်း၏ အနက်ရှိုင်းဆုံးနေရာတွင် ကျောက်ဖြစ်နေသော သားရဲဥတစ်လုံး ရှိနေပြီး ယင်း၌ သေဆုံးနေသော ဟင်းလင်းပြင်သားရဲသားပေါက်လေး တစ်ကောင် ပါဝင်သည်။ ၎င်း၏ အနှစ်သာရကို သန့်စင်လိုက်ရာ သင်၏ ခွန်အားမှာ သိသိသာသာ မြင့်တက်လာပြီး တာအိုအမှတ်အသား လေးဆယ်ရှိသော နိဗ္ဗာန်နယ်ပယ် ကျင့်ကြံသူ အဆင့်သို့ ရောက်ရှိသွားသည်။]
[လတ်တလော ကံကြမ္မာ ၃ - နှစ်လအကြာတွင် တောင်တန်းအနက်ပိုင်း၌ ကောင်းကင်တိမ်တိုက်စာကလေးနှင့် ကောင်းကင်ခွဲ နတ်ဆိုးပုတ်သင်ညိုတို့၏ ပြင်းထန်သော တိုက်ပွဲကို မြင်တွေ့ခဲ့ရသည်။ သူတို့၏ ပြန့်ကျဲနေသော အသွေးအသား အများအပြားကို စုဆောင်းခဲ့ပြီး ပရမ်းပတာ ဖြစ်နေစဉ်အတွင်း နတ်ဆိုးပုတ်သင်ညိုဥ တစ်လုံးကို ခိုးယူခဲ့သည်။]
[လတ်တလော ကံကြမ္မာ ၄ - လေးလအကြာတွင် မေ့လဲနေသော မြောက်ပြာနွားနတ်ဘုရား၏ အမွှေးအမျှင်များကြားတွင် ပုန်းအောင်းကာ တောင်တန်း၏ အနက်ရှိုင်းဆုံး နေရာသို့ ရောက်ရှိခဲ့သည်။ ရတနာမြေပုံ၏ လမ်းညွှန်မှုဖြင့် ဟိုးရှေးရှေးက ဟန်ဟာရတောင်ပိုင်ရှင် နေထိုင်ခဲ့သည့် ဂူဗိမာန်ကို ရှာတွေ့ခဲ့သည်။ ခွန်အား မလုံလောက်မှုကြောင့် သူ၏ အမွေအနှစ် အစိတ်အပိုင်း အချို့ကိုသာ ရရှိခဲ့ပြီး မြောက်ပြာနွားနတ်ဘုရား၊ ကောင်းကင်တိမ်တိုက်စာကလေး သို့မဟုတ် အခြား သားရဲဘုရင်များကို မစေခိုင်းနိုင်ခဲ့ပေ။]
[လတ်တလော ကံကြမ္မာ ၅ - ငါးလအကြာတွင် ဥက္ကာခဲတစ်ခု ပြုတ်ကျလာသည်ကို မြင်တွေ့ခဲ့ရသည်။ ရတနာရှာဖွေရင်း အခြား ရှာဖွေသူများကို သတ်ဖြတ်ကာ ဥက္ကာသံကို ရရှိခဲ့သည်။ ယင်းအတွင်း၌ ကြယ်ကြွေနှင်းခဲအနှစ်သာရ ပါဝင်သော်လည်း သင်၏ နယ်ပယ်နိမ့်ပါးမှုကြောင့် ယင်းကို မရယူနိုင်ဘဲ ထွက်ခွာခဲ့ရသည်။]
[လတ်တလော ကံကြမ္မာ ၅ - ...]
"ဟန်ဟာရတောင်ပိုင်ရှင်ရဲ့ ဂူဗိမာန်..."
ရှန်မို၏ အမူအရာမှာ တည်ကြည်သွားသည်။ သန့်စင်နက်နဲသော ကမ္ဘာတွင် နေထိုင်ခဲ့သည်မှာ ကြာပြီဖြစ်သဖြင့် ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့သော သူတော်စင်များသည် ခေတ်တစ်ခေတ်တည်းတွင် ရှိခဲ့ကြသည် မဟုတ်ကြောင်း သူ နားလည်ထား၏။ ဟန်ဟာရတောင်ပိုင်ရှင်မှာ ရှေးအကျဆုံး ဖြစ်သည်။ သူ၏ခေတ်တွင် နဂါးမျိုးနွယ်စုမှ နယ်ပယ်အားလုံးကို အုပ်စိုးခဲ့သည်ဟု ဆိုကြသည်။ ထိုစဉ်က နတ်ဆိုးများမှာ အသေးအဖွဲ ကိစ္စမျှသာ ဖြစ်ပြီး ဂရုစိုက်စရာပင် မလိုခဲ့ပေ။ ထိုခေတ်က ကျင့်ကြံသူများသည် အပြင်ဘက်သို့ နယ်မြေချဲ့ထွင်ရန်နှင့် တာအိုလမ်းစဉ်ကို တက်လှမ်းရန်သာ အာရုံစိုက်ခဲ့ကြသည်။ ထို့နောက်မှသာ အကျဉ်းထောင်သူတော်စင်၊ ကိုးယင်သူတော်စင်၊ ရူးလ်အင်ဆက်စတာနှင့် အခြား ထင်ရှားသော ပုဂ္ဂိုလ်များ ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်သည်။ သွေးနတ်ဆိုးသူတော်စင်၊ နတ်ဘုရားဖီးနစ်၊ နတ်ဘုရားမြေခွေး၊ နတ်ဘုရားမိကျောင်း… ယင်းတို့မှာ ထိုစဉ်က သားရဲမျိုးနွယ်စု၏ ခေါင်းဆောင်များ ဖြစ်ကြသည်။ ထိုခေတ်တွင် နတ်ဆိုးများသည် လူသားများ၊ သားရဲများ၊ နဂါးပျံများနှင့် နဂါးစစ်စစ်များအတွက်ပါ ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်လာခဲ့သည်။ ယင်းနောက်တွင်မှ မီးတောက်ဧကရာဇ်နှင့် စစ်နတ်ဘုရားတို့၏ ခေတ် ရောက်လာခြင်း ဖြစ်၏။ သူတို့နှင့် နှိုင်းယှဉ်လျှင် အခြား သူတော်စင်များမှာ လရောင်ရှေ့က ပိုးစုန်းကြူးများကဲ့သို့ မှေးမှိန်လှပေသည်။ သို့သော်လည်း သူတော်စင်အားလုံးနီးပါးသည် ဟန်ဟာရတောင်ပိုင်ရှင်ကို သူတို့၏ အကြီးအကဲအဖြစ် လေးစားကြသည်။ နဂါးဘိုးဘေး တစ်ဦးတည်းသာ သူထက် ပို၍ ရှေးကျပြီး သူ့ကို အနိုင်ယူနိုင်စွမ်း ရှိ၏။ ယခုမူ သူ၏ ဂူဗိမာန်ကို မြင်တွေ့နိုင်မည့် အခွင့်အရေး ရရှိလာပြီ ဖြစ်သည်။
ဒါက အနှိုင်းမဲ့တဲ့ ကံကောင်းမှုပဲ။
ရှီထျန်းဟောက်ရဲ့ အနာဂတ် ကြီးထွားမှု အကန့်အသတ်ကိုတောင် သတ်မှတ်ပေးနိုင်တယ်။ "ဒီဝန်ထုပ်ဝန်ပိုးကို မင်းကိုယ်စား ငါပဲ ထမ်းပိုးပေးလိုက်ပါ့မယ် ညီအစ်ကို ရှီ"
ရှန်မို ခပ်ဖွဖွ ပြုံးလိုက်ရင်း မန်ချန်းတောင်တန်း၏ အနက်ရှိုင်းဆုံးနေရာသို့ ဦးတည်သွားခဲ့သည်။
လမ်းတစ်လျှောက်တွင် ကံကြမ္မာ၌ မြင်တွေ့ခဲ့ရသည့်အတိုင်းပင် ကျင့်ကြံသူ အုပ်စုနှစ်စု အပြင်းအထန် တိုက်ခိုက်နေကြသည်ကို တွေ့လိုက်ရ၏။ သူတို့မှာ မိုးကြိုးအကျဉ်းထောင်မျိုးနွယ်စုနှင့် အရှေ့ပိုင်း လီ အင်ပါယာတို့၏ လက်အောက်ခံ အဖွဲ့အစည်းများမှ ဖြစ်ကြသည်။ စုစုပေါင်း ၁၀ ဦးထက်မက ရှိပြီး အားလုံးမှာ နိဗ္ဗာနနယ်ပယ် ကျင့်ကြံသူများ ဖြစ်ကြသည်။
ရှန်မိုကို မြင်သောအခါ သူတို့အားလုံး ချက်ချင်းပင် သတိထားလိုက်ကြသည်။ သူ့ကို ရှင်းလင်းစွာ မြင်လိုက်ရသောအခါ မိုးကြိုးအကျဉ်းထောင်မျိုးနွယ်စုမှ ကျင့်ကြံသူများမှာ ချက်ချင်းပင် တုန်လှုပ်သွားကြ၏။ အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်တွင် ရှန်မို အခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့သည့် သတင်းမှာ အရှေ့ပြည်နယ်တစ်ခုလုံးသို့ ပျံ့နှံ့နေပြီ ဖြစ်သည်။ အများစုမှာ သူ၏ အမည်ကို ကြားဖူးကြသော်လည်း မျက်နှာကို လူတိုင်း မသိကြချေ။ သို့သော် မိုးကြိုးအကျဉ်းထောင်မျိုးနွယ်စုမှ ကျင့်ကြံသူများအနေဖြင့် သူ၏ ပုံတူကားချပ်ကို လေ့လာခဲ့ပြီး ဖြစ်ရာ တစ်ချက်ကြည့်ရုံဖြင့် ချက်ချင်း မှတ်မိသွားကြသည်။
"မသေချင်ရင် ထွက်သွားစမ်း… ဒါက မင်း ဝင်ပါရမယ့် ကိစ္စမဟုတ်ဘူး”
အရှေ့ပိုင်း လီ အင်ပါယာမှ ကျင့်ကြံသူ ငါးဦးထဲမှ တစ်ဦးက နှာခေါင်းရှုံ့ကာ လှောင်ပြောင် ခြိမ်းခြောက်လိုက်သည်။ မိုးကြိုးအကျဉ်းထောင်မျိုးနွယ်စုမှ ငါးဦးမှာ စိတ်ထဲမှ တုန်ယင်သွားကြ၏။
သတ္တိရှိလှချေလား။
တကယ့်ကို သတ္တိရှိတာပဲ။
အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်ကို အသုံးပြုခွင့် ရရှိထားတဲ့ ဂုဏ်ထူးဆောင် ဝတ်ပြုသူ ရှန်မိုကို ဒီလိုပြောရဲတယ်ဆိုတော့ မဆင်မခြင် လုပ်တာထက်ကို ပိုနေပြီ။
သူတို့သည် အမြန်ပင် ရှေ့သို့ တိုးလာကာ အလွန်အမင်း ရိုသေစွာဖြင့် အလေးအနက် ဦးညွှတ်လိုက်ကြသည်။
"ဂုဏ်ထူးဆောင် ရှန်မို… ဒါက လူကြီးမင်းမှန်း ကျွန်တော်တို့ မသိခဲ့ပါဘူး… ကျွန်တော်တို့ရဲ့ ရိုင်းပျမှုကို ခွင့်လွှတ်ပေးပါ… အကယ်၍ လူကြီးမင်းက ဒီအရိုးသန့်စင်မီးတောက်ကို ရယူချင်တယ်ဆိုရင် ကျွန်တော်တို့က လက်နှစ်ဖက်နဲ့ ဆက်သဖို့ အသင့်ပါပဲ"
"ဂုဏ်ထူးဆောင် ရှန်မို"
ထိုစကားလုံးများ ကြားလိုက်ရပြီး ထိုကဲ့သို့ ရိုသေမှုမျိုးကို မြင်လိုက်ရသောအခါ အရှေ့ပိုင်း လီ အင်ပါယာမှ ငါးဦး မှင်တက်သွားရသည်။
သူတို့ ခဏလောက် စဉ်းစားလိုက်ကြသည်။
ရှန်လား… ဘယ်သူ ရှိဦးမှာလဲ… သေချာပေါက် ကျော်ကြားမှုရဲ့ ထိပ်ဆုံးမှာ ရှိနေတဲ့ အဲဒီလူပဲ ဖြစ်ရမယ်။ သူတို့၏ နဖူးမှ ချွေးများမှာ ရေဖြင့် လောင်းချလိုက်သကဲ့သို့ ချက်ချင်း စီးကျလာတော့သည်။
သူတို့၏ ခေါင်းဆောင်ဖြစ်သူမှာ ဝုန်းခနဲ အသံမြည်အောင် ဒူးထောက်လိုက်ပြီး မြစ်ထဲမှ ဆွဲတင်လာသကဲ့သို့ တစ်ကိုယ်လုံး ကြောက်ရွံ့မှုများဖြင့် ချွေးများစိုရွှဲနေသည်။
"စီနီယာ ရှန်... လူကြီးမင်းမှန်း ကျွန်တော်တို့ မသိခဲ့လို့ပါ… ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ဘာမှ မဟုတ်တဲ့ အမှုန်အမွှားလေးတွေလိုပဲ သဘောထားပြီး အသက်ချမ်းသာပေးပါ"
ရှန်မိုကို ရိုင်းရိုင်းစိုင်းစိုင်း ပြောခဲ့သူမှာမူ ဒူးနှစ်ဖက်လုံး ထောက်ကာ လဲကျသွားပြီး မျက်နှာမှာ ထုံးဖြူသုတ်ထားသကဲ့သို့ ဖြူလျော်နေတော့သည်။
ရှန်မိုမှာ ထိုမြင်ကွင်းကို ကြည့်ပြီး ရယ်ချင်စိတ် ဖြစ်မိသွား၏။
သူ တကယ်ပဲ ဒီလောက်တောင် ကြောက်စရာကောင်းအောင် နာမည်ကျော်နေတာလား။ ကျင့်ကြံသူ အများအပြား၏ မျက်လုံးထဲတွင် သူသည် အထွတ်အထိပ် ပညာရှင်များနှင့် ရင်ဘောင်တန်းနေသူ ဖြစ်နေသည်ကို မသိခဲ့ပေ။ အထွတ်အထိပ် ပညာရှင်တစ်ဦးမှ သူတို့ကို လက်ချောင်းတစ်ချက် လှုပ်ရုံဖြင့် သတ်နိုင်ပြီး အကယ်၍ ရှန်မိုက သူတို့နှင့် တန်းတူဆိုလျှင် သဘာဝကျစွာပင် သူလည်း သတ်နိုင်ပေလိမ့်မည်။
"အရိုးသန့်စင်မီးတောက်က ငါ့အတွက် အသုံးဝင်တယ်… ငါ ယူလိုက်မယ်"
"မင်းတို့ကတော့ တခြား ကြိုက်တဲ့နေရာမှာ သွားတိုက်ကြ… ဒီမှာတော့ မတိုက်နဲ့ဦး… တခြားတစ်ယောက်က အခွင့်ကောင်းယူသွားဦးမယ်"
သူ လက်ကို ဝှေ့ယမ်းကာ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"ဟုတ်ကဲ့၊ ဟုတ်ကဲ့… ကျေးဇူးအများကြီးတင်ပါတယ်၊ ဂုဏ်ထူးဆောင် ရှန်မို”
ကျင့်ကြံသူ အားလုံး တစ်ပြိုင်နက် ဖြေကြားလိုက်ကြပြီး လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သကဲ့သို့ လန့်ဖျပ်သွားသော ယုန်များထက်ပင် ပို၍ မြန်မြန် ထွက်ပြေးသွားကြတော့သည်။
ရှန်မိုသည် သူ၏ လက်ထဲမှ အဖြူရောင် မီးတောက်ကို ခပ်ဖွဖွ ပြုံးရင်း စစ်ဆေးကြည့်လိုက်သည်။ အရိုးသန့်စင်မီးတောက်… အထက်တန်းစား သူတော်စင်ရတနာ တစ်ခု။
ယင်းသည် မီးလည်းမဟုတ်၊ ရေလည်း မဟုတ်ဘဲ စီးဆင်းနေသော ဖန်သားတစ်ခုနှင့် ပိုတူလှသည်။ နိဗ္ဗာန်နယ်ပယ် ကျင့်ကြံသူများအတွက်မူ ယင်းမှာ အသုံးမဝင်သလောက် ဖြစ်ပြီး ယင်း၏ စိတ်ဝိညာဉ်စွမ်းအင်မှာ အဆင့်နိမ့် သူတော်စင်ရတနာများစွာနှင့်ပင် မယှဉ်နိုင်ချေ။ ယင်း၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ အရိုးများကို သန့်စင်ရန် ဖြစ်သည်။ အရိုးသန့်စင်ခြင်းမှာ အထွတ်အထိပ်အရိုးကို ဖြစ်ပေါ်စေရန်အတွက် ပထမဆုံးသော ခြေလှမ်းဖြစ်၏။ သန့်စင်မှု ပို၍ ကောင်းလေလေ၊ နောက်ဆုံးတွင် ရရှိလာမည့် အထွတ်အထိပ်အရိုးမှာ ပို၍ သန်မာလေလေ ဖြစ်သည်။ ယင်းမှာ စက္ကူအလွတ်တစ်ချပ်ပေါ်တွင် ပန်းချီဆွဲခြင်းနှင့် တူလှသည်။ အကယ်၍ စက္ကူမှာ လုံးဝ စင်ကြယ်ပြီး အပြစ်အနာအဆာ မရှိပါက အကောင်းဆုံးသော လက်ရာကို ဖန်တီးနိုင်သည်။ အကယ်၍ စက္ကူမှာ ညစ်ပေနေပါက ပြည့်စုံမှုအတွက် နေရာမှာ ကျဉ်းမြောင်းသွားပေလိမ့်မည်။
အရိုးသန့်စင်မီးတောက် တစ်ခုတည်းမှာ တစ်ကိုယ်လုံးရှိ အရိုးများကို သန့်စင်ရန်အတွက် လုံလောက်မှု မရှိသေးပေ။ သို့သော် တာအိုအမှတ်အသား တစ်ရာရှိသော နိဗ္ဗာန်နယ်ပယ် ကျင့်ကြံသူ အများအပြားအတွက်မူ ယင်းတစ်ခုကို ရရှိရန်အတွက် သူတို့၏ နောက်ဆုံးကျန်သော သူတော်စင်ဝိညာဉ်ကျောက်တုံးများ သို့မဟုတ် ရတနာများကိုပင် ပေးအပ်ရန် ဆန္ဒရှိကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ယင်းက အထွတ်အထိပ်နယ်ပယ်၏ တံခါးကို ခေါက်နိုင်ဖို့အတွက် သော့ချက်ဖြစ်၍ပင်။
သေချာပေါက် ရှန်မိုအတွက်မူ အရိုးသန့်စင်မီးတောက် တစ်ခုတည်းက မလုံလောက်ပေ။ အသန်မာဆုံးသော သူတော်စင်အဆင့် အထွတ်အထိပ်အရိုးကို သွန်းလုပ်ရန်အတွက် အရိုးသန့်စင်မီးတောက်များကို တတ်နိုင်သမျှ များများ လိုအပ်မည် ဖြစ်ပြီး သူ၏ ခန္ဓာကိုယ်ရှိ အရိုးများမှာ လုံးဝ စင်ကြယ်၊ အပြစ်အနာအဆာကင်းပြီး သန့်ရှင်းစင်ကြယ်သွားသည်အထိ သန့်စင်ရမည် ဖြစ်သည်။
Chapter 701: ကျွန်တော် ရောက်ပါပြီ
တစ်လအကြာတွင်။
ရှန်မိုတစ်ယောက် အရာအားလုံး စတင်ခဲ့ရာအရပ် ဖြစ်သည့် ကောင်းကင်ဖုံးလွှမ်း စာကလေးငှက်မကြီး၏ အသိုက်ထံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
သူ အရှေ့ပိုင်းပြည်နယ် လောကသို့ ပထမဆုံး ရောက်ရှိလာစဉ်က ဤအသိုက်အနီးသို့ ပြုတ်ကျခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ကောင်းကင်ဖုံးလွှမ်း စာကလေးငှက်သည် သူ့ကို ပြုစုစောင့်ရှောက်သူတစ်ဦးအဖြစ် သတ်မှတ်ကာ အသိုက်အတွင်း၌ နှစ်အတော်ကြာအောင် မွေးမြူထားခဲ့ဖူးသည်။
ကျောက်ဖြစ်နေသော သားရဲဥနှင့် ပတ်သက်၍မူ သူ ရရှိထားပြီးဖြစ်သည့်အပြင် ၎င်းအတွင်းရှိ ဟင်းလင်းပြင်သားရဲ၏ အဆီအနှစ်များကိုလည်း အကြွင်းမဲ့ စုပ်ယူပြီးစီးသွားပြီ ဖြစ်သည်။
ဟင်းလင်းပြင်သားရဲ၏ သွေးနှင့် အဆီအနှစ်များသည် နှိုင်းယှဉ်၍မရနိုင်လောက်အောင် အစွမ်းထက်လှ၏။ ထို့ကြောင့်ပင် သူ၏ တာအိုပုံရိပ် အမှတ်အသား အရေအတွက်မှာ တစ်ဖန် ပြန်လည်၍ အဆမတန် တိုးပွားလာခဲ့သည်။
လက်ရှိတွင် သူ၏ စုစုပေါင်း တာအိုပုံရိပ် အမှတ်အသား အရေအတွက်မှာ လေးရာ့ငါးဆယ်အထိ ရောက်ရှိနေပြီ ဖြစ်၏။ နောက်ဆုံးပန်းတိုင်ဖြစ်သော တာအိုပုံရိပ် ငါးရာရရှိရန်မှာ အလှမ်းမဝေးတော့ချေ။
“အစ်မတော် စာကလေး... ကျွန်တော် ရောက်လာပြီ အစ်မတော် စာကလေး”
ရှန်မိုသည် သူ၏အသံတွင် စိတ်ဝိညာဉ်စွမ်းအားများ ထည့်သွင်း၍ အော်ဟစ်လိုက်ရာ ထိုအသံသည် လေလှိုင်းများသဖွယ် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့ဟိန်းထွက်သွားတော့သည်။
မကြာမီမှာပင် မိုးကုပ်စက်ဝိုင်းဆီမှ ကြည်လင်ပြတ်သားသော ဟစ်ကြွေးသံတစ်ခု ပြန်လည်ကြားလိုက်ရ၏။ ထို့နောက်တွင် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားစေသည့် ကြီးမားသော အရိပ်မည်းကြီးတစ်ခုသည် အနီးသို့ တိုးကပ်လာခဲ့သည်။
ရှန်မို မော့ကြည့်ရင်း ဝမ်းသာအားရ ရယ်မောလိုက်သည်။ ကောင်းကင်ဖုံးလွှမ်း စာကလေးငှက်သည် အထက်တွင် ဝဲပျံနေပြီး ၎င်းနောက်တွင်မူ ၎င်း၏ ပုံတူကိုယ်ပွားအသေးစားလေး တစ်ကောင် ပါလာသည်။
၎င်းမှာ ဤအတောအတွင်းမှ ကြီးထွားလာသည့် ၎င်း၏ရင်သွေးငယ် ဖြစ်ပေလိမ့်မည်။
ဝူး...
ပြင်းထန်သော လေပြင်းများ တိုက်ခတ်လာပြီး ပတ်ဝန်းကျင်ရှိ သစ်ပင်များ၊ ပန်းများနှင့် မြက်ပင်များသည် ထိုမုန်တိုင်းဒဏ်ကို မခံနိုင်ဘဲ အားလုံး ဖရိုဖရဲ လွင့်စင်ကုန်ကြသည်။
သို့သော် ရှန်မိုကမူ တည်ငြိမ်စွာပင် ရပ်မြဲအတိုင်း ရပ်နေခဲ့၏။
နောက်တစ်ခဏတွင် ကောင်းကင်ဖုံးလွှမ်း စာကလေးငှက်သည် မြင့်မြတ်ပြီး ကျော့ရှင်းသော အမျိုးသမီးတစ်ဦးကဲ့သို့ မြေပြင်ပေါ်သို့ ညင်သာစွာ ဆင်းသက်လိုက်သည်။
သို့သော် ၎င်း၏ရင်သွေးငယ်မှာမူ ထိုမျှအထိ မကျော့ရှင်းနိုင်သေးပေ။
ထိုကလေးငယ်သည် မြေပြင်ပေါ်သို့ မျက်နှာဖြင့် စိုက်ကျသွားပြီး ပေပေါင်း သုံးဆယ်ကျော်ရှည်လျားသော ကျုံးကြီးတစ်ခု ဖြစ်သွားသည်အထိ မြေပြင်ကို နှုတ်သီးဖြင့် တရွတ်တိုက် တွန်းဖယ်သွားပြီးမှ ရပ်တန့်သွားနိုင်ခဲ့သည်။
ကောင်းကင်ဖုံးလွှမ်း စာကလေးငှက်၏ ကျော့ရှင်းစွာ အမွေးအတောင် ပြုပြင်နေမှု ရုတ်တရက် ရပ်တန့်သွားပြီး မကျေမနပ်ဖြစ်ကာ အသံနိမ့်နိမ့်ဖြင့် တစ်ချက် ဟစ်အော်လိုက်သည်။
ရင်သွေးငယ်မှာမူ အလျင်အမြန် ပြန်ထလာပြီး မျက်နှာတွင် ရှက်ရွံ့နေသည့် အရိပ်အယောင်များ ထင်ဟပ်နေသည်။
ရှန်မို အားရပါးရ ရယ်မောလိုက်ပြီး
“ဘာမှမဖြစ်ပါဘူး အစ်မတော် စာကလေးရဲ့… ပျံသန်းဖို့ သင်ယူခါစ ကလေးတွေဆိုတာ ကျော့ကျော့မော့မော့ မရှိတတ်ကြတာ သဘာဝပါပဲ… ပျံသန်းနိုင်နေဖို့ အရေးကြီးတာပဲလေ”
“သူ ဘယ်လိုပျံတက်တယ်ဆိုတာ ဘယ်သူက ဂရုစိုက်မှာမို့လို့လဲ”
ကောင်းကင်ဖုံးလွှမ်း စာကလေးငှက်မှ ကျော့ရှင်းစွာပင် မျက်စောင်းထိုးလိုက်သည်။
ရင်သွေးငယ်လေးသည် လူစကားကို နားလည်ပုံရပြီး ရှန်မိုကို ကျေးဇူးတင်သော အကြည့်များဖြင့် အကြိမ်ကြိမ် ကြည့်နေကာ သူ့အပေါ် ထူးဆန်းသော ရင်းနှီးမှုကို ခံစားနေရသည်။
ကောင်းကင်ဖုံးလွှမ်း စာကလေးငှက်၏ နှုတ်မှ သာယာသော အသံတစ်ခု ထွက်ပေါ်လာသည်။
“မင်း ငါ့ဆီ ရောက်လာတာက ငါတို့ကြားက ကတိတွေ ပြည့်စုံသွားပြီမို့လို့လား”
ရှန်မို ခေါင်းညိတ်ပြလိုက်ပြီး
“ရှောက်ယန်စံအိမ် ပျက်စီးသွားပြီ… လဲ့ကျင်းလုံလည်း သေသွားပြီ”
ကောင်းကင်ဖုံးလွှမ်း စာကလေးငှက် မှင်သက်သွားသည်။
ရှောက်ယန်စံအိမ် အမြစ်ပြတ်သွားလိမ့်မည်ဆိုသည်ကို ခန့်မှန်းထားပြီးသား ဖြစ်သည်။ ရှန်မိုအတွက်မူ ထိုအရာက ခက်ခဲသောကိစ္စ မဟုတ်ပေ။
သို့သော် လဲ့ကျင်းလုံ သေဆုံးသွားပြီဟု ကြားလိုက်ရသည့်အခါတွင်မူ သူ လုံးဝ မမျှော်လင့်ထားခဲ့မိပေ။
၎င်းအနေဖြင့် ကိုယ်တိုင် လှုပ်ရှားခွင့်ပင် မရလိုက်ချေ။
ကောင်းကင်ဖုံးလွှမ်း စာကလေးငှက်သည် မန်ချန်းတောင်တန်းအတွင်း၌ အကြာကြီး နေထိုင်ခဲ့သူ ဖြစ်သဖြင့် ပြင်ပလောကရှိ အဖြစ်အပျက်များကို သိပ်မသိပေ။
အလွန်ဆုံး သိနိုင်သည်မှာ နတ်ဆိုးမျိုးနွယ်များ စတင်လှုပ်ရှားလာသည်ကို ခံစားမိရုံသာ ရှိသည်။
ပို၍ တိကျသော ကိစ္စရပ်များကိုမူ လုံးဝ မသိရှိပေ။
ထို့နောက် ရှန်မိုမှ မကြာသေးမီက ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို အသေးစိတ် မဟုတ်သော်လည်း အစီအစဉ်တကျ ရှင်းလင်းစွာ ပြောပြလိုက်သည်။
“ဒါကြောင့် ဒီလိုတွေ ဖြစ်ခဲ့တာကိုး...”
နားထောင်ပြီးနောက် ကောင်းကင်ဖုံးလွှမ်း စာကလေးငှက်မှ အေးစက်စွာ ရယ်မောလိုက်သည်။
“သေတာပဲ ကောင်းတယ်… ငါ့ကလေးကို လက်ဖျားနဲ့ ထိရဲတဲ့သူက သေဖို့ပဲ ထိုက်တန်တယ်”
ကောင်းကင်ဖုံးလွှမ်း စာကလေးငှက်၏ စိတ်ထဲတွင် ကြီးမြတ်သော အကျိုးတရားများ၊ တရားမျှတမှုများအတွက် မတွေးပေ။ ၎င်း သိထားသည့် အမှန်တရားမှာ တစ်ခုတည်းသာ ရှိသည်။ ၎င်း၏ကလေးကို ခိုးယူရန် ကြိုးစားသူ မည်သူမဆို သေရမည် ဖြစ်သည်။
“ငါ့ရဲ့ကတိက တည်မြဲနေတုန်းပဲ… ငါ့အသိုက်ကို ငါနဲ့အတူ ပြန်လိုက်ခဲ့ပါ… အဲဒီမှာ ထိပ်တန်းအဆင့် သူတော်စင် လက်နက် လေးခု ရှိတယ်… မင်း ကြိုက်တာ တစ်ခုကို ရွေးယူနိုင်တယ်”
ကောင်းကင်ဖုံးလွှမ်း စာကလေးငှက်မှ တည်ငြိမ်စွာ ပြောလိုက်သည်။
“ကောင်းပါပြီ”
ရှန်မို ပြုံးလိုက်သည်။
သို့သော် သူတို့ အသိုက်သို့ ပြန်ရောက်လာသည့်အခါတွင်မူ တောင်ရွှေ့ ဘီလူးမျောက် အုပ်စုတစ်စုသည် အသိုက်ထံသို့ တိတ်တဆိတ် ချဉ်းကပ်နေကြသည်ကို တွေ့လိုက်ရ၏။
ဤသတ္တဝါများ လျှို့ဝှက်စွာ ချောင်းမြောင်းနေစဉ်မှာပင် ရှန်မိုနှင့် ကောင်းကင်ဖုံးလွှမ်း စာကလေးငှက်တို့၏ လက်ပူးလက်ကြပ် ဖမ်းမိခြင်းကို ခံလိုက်ရသည်။
“ဝူး ဝူး ဝူး...”
ခေါင်းဆောင် တောင်ရွှေ့ ဘီလူးမျောက်က အနေရခက်စွာဖြင့် အော်ဟစ်လိုက်သည်။
ကောင်းကင်ဖုံးလွှမ်း စာကလေးငှက်၏ မျက်လုံးများ ပို၍ ပြင်းထန်လာသည်။
ဘီလူးမျောက်များသည် ဘာလုပ်ရမှန်းမသိဘဲ စိုးရိမ်တကြီးဖြင့် သူတို့၏ ခေါင်းများကို ကုတ်နေကြ၏။
ဤအုပ်စုကြီးသည် အစာရှာထွက်နေရမည့်အစား အဘယ်ကြောင့် ရုတ်တရက် ပြန်ရောက်လာကြသနည်း။
သူတို့သည် ကောင်းကင်ဖုံးလွှမ်း စာကလေးငှက် အသိုက်မှာ မရှိသည့် အချိန်မျိုးတွင်သာ အသိုက်ထဲသို့ ခိုးဝင်ရဲကြခြင်း ဖြစ်သည်။ တကယ့်တကယ် တိုက်ခိုက်ရလျှင်မူ မယှဉ်နိုင်ကြချေ။
ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ဤအတိုင်းပင် ဖြစ်ခဲ့သည်။ ကောင်းကင်ဖုံးလွှမ်း စာကလေးငှက် ထွက်သွားတိုင်း ဤကဲ့သို့သော အကြံအစည်များကို မစွန့်လွှတ်နိုင်ခဲ့ကြပေ။
“ဝေါင်း ဝေါင်း”
ခေါင်းဆောင် တောင်ရွှေ့ ဘီလူးမျောက်သည် ရှန်မိုကို ရုတ်တရက် သတိထားမိသွားသည်။ ၎င်း၏မျက်လုံးများတွင် ကောက်ကျစ်သော အရိပ်အယောင်များ ပေါ်လာပြီး သူ့ကို လက်ညှိုးထိုးကာ ကျယ်လောင်စွာ အော်လိုက်၏။
သူတို့ ရှန်မိုနှင့် တိုက်ခိုက်ရန် လာခြင်းဖြစ်သည်ဟု ဆိုလိုဟန် တူသည်။
ရှန်မို မရယ်ဘဲ မနေနိုင်တော့ချေ။
ငါ့ကို တိုက်ခိုက်မလို့လား။
အကယ်၍ ဤအခြေအနေမှာ သူ မန်ချန်းတောင်တန်းသို့ ပထမဆုံး ပြုတ်ကျခဲ့သည့် နှစ်များအတွင်းက ဖြစ်ခဲ့လျှင် သူ ၎င်းတို့အားလုံးကို အမှန်တကယ်ပင် အနိုင်ယူနိုင်လိမ့်မည် မဟုတ်ပေ။
အကြောင်းမှာ သူတို့သည် ခန္ဓာကိုယ် တောင့်တင်းကြံ့ခိုင်ပြီး အင်အား အလွန်ကြီးမားကာ အရေအတွက်လည်း များပြားသောကြောင့် ဖြစ်၏။
သူ ခေါင်းဆောင်ကိုမူ သေချာပေါက် အနိုင်ယူနိုင်သော်လည်း အုပ်စုတစ်ခုလုံးကို အရှုံးပေးအောင် လုပ်နိုင်ဖို့ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင်။
ဤသတ္တဝါများသည် ကောင်းကင်ဖုံးလွှမ်း စာကလေးငှက်ကိုပင် ရန်စရဲကြပြီး ဆယ်စုနှစ်ပေါင်းများစွာကြာအောင် မဆုတ်မနစ် ပြုလုပ်လာခဲ့ကြသည်မှာ အကြောက်တရားဆိုသည်ကို မသိသော ပျားဖွတ်ဝက်ဝံများကဲ့သို့ပင် ဖြစ်သည်။
ကောင်းကင်ဖုံးလွှမ်း စာကလေးငှက်မှ သူတို့ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။
ဤလူသား ကျင့်ကြံသူသည် အထွတ်အထိပ် ပညာရှင်များကိုပင် သတ်ဖြတ်ခဲ့သူ ဖြစ်သော်လည်း သူတို့က တိုက်ခိုက်ချင်နေကြသည်လား။
ဒါက ကိုယ့်သေတွင်းကိုယ် တူးနေတာပဲ။
“ကောင်းပြီ… မင်းတို့ရဲ့ စိန်ခေါ်မှုကို ငါလက်ခံတယ်”
“အရင်တုန်းကလည်း မင်းတို့ မနိုင်ခဲ့ဘူး… နောင်အနာဂတ်မှာလည်း မင်းတို့ ဘယ်တော့မှ နိုင်မှာမဟုတ်ဘူးဆိုတာ ငါ အာမခံနိုင်တယ်”
ရှန်မို အနည်းငယ် ပြုံးကာ ပြောလိုက်သည်။
“ဝူး… ဝါး”
တောင်ရွှေ့ ဘီလူးမျောက်များသည် လူစကားကို နားလည်နိုင်သည်။ ထို့ကြောင့် ဤစကားကို ကြားရသည့်အခါ သူတို့ ဒေါသတကြီး ဖြစ်သွားကြ၏။
အထူးသဖြင့် ခေါင်းဆောင်မျောက်မှာ အလွန်ဒေါသထွက်သွားပြီး ၎င်း၏ နီရဲနေသော မျက်လုံးကြီးများဖြင့် စိုက်ကြည့်နေသည်။
သူ တစ်ဦးချင်း တိုက်ခိုက်ရန်အတွက် ရှန်မိုကို ရှေ့သို့ ထွက်လာရန် လက်ဟန်ပြလိုက်သည်။
သို့သော် ရှန်မို တစ်ဝက်ပင် မရောက်သေးမီမှာပင် မျောက်အုပ်စုသည် တစ်ဦးချင်း တိုက်ခိုက်ရမည့် စည်းကမ်းကို စွန့်လွှတ်ကာ သူ့ထံသို့ တစ်ပြိုင်နက်တည်း စုပြုံတိုးဝင်လာကြတော့၏။
ရှန်မိုမှာ အခြားသော နတ်ဘုရား ပုံရိပ်များကို မထုတ်ဖော်ဘဲ စစ်နတ်ဘုရား ဝံပုလွေမျောက်၏ ပုံရိပ်ကိုသာ ဆင့်ခေါ်လိုက်သည်။
စစ်နတ်ဘုရား ဝံပုလွေမျောက်သည် ကိုယ်တိုင်လည်း မျောက်မျိုးနွယ်ဝင် ဖြစ်သဖြင့် လက်ချင်းယှဉ် တိုက်ခိုက်ရာတွင် အကျွမ်းကျင်ဆုံး ဖြစ်သည်။ တိုက်ပွဲကြာလေလေ ပို၍ သန်မာလာလေလေ ဖြစ်ပြီး ရရှိသော ဒဏ်ရာများ ပြင်းထန်လေလေ ပို၍ ကြောက်မက်ဖွယ် ကောင်းလာလေလေ ဖြစ်သည်။
မန်ချန်းတောင်တန်း၏ အနက်ရှိုင်းဆုံးနေရာတွင် အသားချင်း ရိုက်ခတ်မိသံများ ဟိန်းထွက်နေတော့၏။
ကောင်းကင်ဖုံးလွှမ်း စာကလေးငှက်ပင်လျှင် ထိုမြင်ကွင်းကြောင့် မှင်သက်သွားပြီး သူ့ရင်သွေးငယ်၏ မျက်လုံးများကို အတောင်ပံများဖြင့် အလျင်အမြန် ကွယ်ပေးလိုက်သည်။
ဒီမြင်ကွင်းက အရမ်းကို သွေးထွက်သံယို ဖြစ်လွန်းတယ်၊ ကလေးတွေ မကြည့်သင့်ဘူး ဟု ဆိုလိုသည့်အလားပင်။
သို့သော် ရင်သွေးငယ်မှာမူ တက်ကြွလှုပ်ရှားနေပြီး သာမန်လူသား ကျင့်ကြံသူတစ်ဦးမှ တောင်ရွှေ့ ဘီလူးမျောက် အကောင်ပေါင်း ဒါဇင်များစွာကို ဘယ်လို ကိုင်တွယ်မလဲဆိုသည်ကို အလွန် ကြည့်ချင်နေရှာသည်။
ထို့နောက်တွင် သူ အံ့အားသင့်သွားရတော့၏။
ထိုသေးငယ်လှသော လူသား ကျင့်ကြံသူသည် မကွဲအက်နိုင်သော သံမဏိကဲ့သို့ပင် ဖြစ်သည်။
မျောက်များ၏ လက်သီးချက်များသည် သူ၏ အရေပြားကိုပင် မထိခိုက်နိုင်သော်လည်း သူ့သာမန်လက်သီး တစ်ချက်ဖြင့် ထိုးလိုက်တိုင်း ၎င်းတို့မှာ နာကျင်စွာ အော်ဟစ်ရင်း လွင့်စင်ကုန်ကြသည်။
စက္ကန့် တစ်ရာပင် မပြည့်မီမှာပင် တောင်ရွှေ့ ဘီလူးမျောက် အကောင်ပေါင်း ဒါဇင်များစွာ မြေပြင်ပေါ်တွင် ပြန့်ကျဲလဲကျကုန်ကြသည်။
အချို့က သူတို့၏ ဦးခေါင်းကို အုပ်ထားကြပြီး အချို့ကမူ ဝမ်းဗိုက်ကို ဖိထားကာ နာကျင်မှုကြောင့် လူးလိမ့်နေကြသည်။
“မင်းတို့ အရှုံးပေးပြီလား”
ရှန်မို ခပ်အေးအေးပင် မေးလိုက်သည်။
ခေါင်းဆောင်မျောက်မှာ ဒဏ်ရာများဖြင့် ဗရပွ ဖြစ်နေသော်လည်း ဒေါသတကြီး ဟောက်လိုက်ပြီး စစ်နတ်ဘုရား ဝံပုလွေမျောက် ပုံရိပ်ကို လက်ညှိုးထိုးပြလိုက်၏။ ရှန်မိုမှ နတ်ဘုရား ပုံရိပ်ကို အသုံးပြုခဲ့သဖြင့် ဤတိုက်ပွဲမှာ မတရားဘူးဟု ကန့်ကွက်နေသည့်အလားပင်။
ရှန်မို နှာခေါင်းရှုံ့လိုက်ပြီး
“မင်းတို့ မျောက်အုပ်စုက ငါ့တစ်ယောက်တည်းကို ဝိုင်းတိုက်ကြပြီးတော့မှ တရားမျှတတဲ့ တိုက်ပွဲအကြောင်း ပြောရဲသေးတာလား”
ခေါင်းဆောင်၏ မျက်နှာမှာ အနေရခက်သွားသည်။
“ငါ ထပ်မေးမယ်… အရှုံးပေးမလား… မပေးရင် ငါတို့ ဆက်တိုက်လို့ ရတယ်”
ရှန်မို ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
သူ၏ ခန္ဓာကိုယ်မှာ အလွန်အမင်း သန်မာလှသည်။ တောင်ရွှေ့ ဘီလူးမျောက် အကောင်ပေါင်း ဒါဇင်များကို အနိုင်ယူပြီးသည့်တိုင်အောင် သူ လုံးဝ မမောပန်းသေးပေ။ နောက်ထပ် တစ်ချီ တိုက်ရန်မှာ ဘာမှမဟုတ်ပေ။
“ဝူး ဝူး”
မျောက်များသည် ကြောက်လန့်တကြား အော်ဟစ်ရင်း နောက်သို့ တစ်လှမ်းချင်း ဆုတ်သွားကြ၏။
မတိုက်တော့ဘူး… မတိုက်တော့ဘူး… ဘာပဲဖြစ်ဖြစ် ထပ်မတိုက်တော့ဘူး။
ခေါင်းဆောင်မျောက်သည် ဝမ်းနည်းပက်လက်ဖြင့် အကြိမ်အနည်းငယ် အော်ညည်းလိုက်ပြီးနောက် ၎င်း၏နောက်လိုက်များကို ဦးဆောင်ကာ အမြီးကုတ်ပြီး ထွက်ခွာသွားတော့သည်။
“အစ်မတော် စာကလေး… အစ်မတော် သူတို့နဲ့ ဘယ်လိုလုပ် ရန်ငြိုးတွေ ဖြစ်ခဲ့တာလဲ”
ရှန်မို သိလိုစိတ်ဖြင့် မေးလိုက်သည်။
ကောင်းကင်ဖုံးလွှမ်း စာကလေးငှက်မှာ မျက်စောင်းထိုးလိုက်ပြီး
“သူတို့က တိုက်ခိုက်ရတာကို အရူးအမူး စွဲလန်းနေကြတာလေ… ငါက ဒီနယ်မြေမှာ အသန်မာဆုံးဆိုတော့ သူတို့က ငါ့ကို နေ့တိုင်း စိန်ခေါ်ဖို့ပဲ အာရုံစိုက်နေကြတာပေါ့”
ရှန်မို ဘာမှမတတ်နိုင်ဘဲ ရယ်မောလိုက်ရတော့သည်။
Chapter 702: ဒါက သာမာန်လူ ထိလို့မရဘူး
“ဒါတွေက ထိပ်တန်းအဆင့် သူတော်စင် လက်နက် လေးခုလား”
အသိုက်အတွင်း၌ ရှန်မိုတစ်ယောက် သူ၏ရှေ့တွင် စီတန်းထားသော သူတော်စင် လက်နက်လေးခုကို ကြည့်ကာ မျက်လုံးများ တောက်ပနေသည်။
ကောင်းကင်ဖုံးလွှမ်း စာကလေးငှက်မှ ၎င်း၏ အမွေးအတောင်များကို ကျော့ရှင်းစွာ ပြုပြင်လိုက်ရင်း
“လူသားမျိုးနွယ်က တစ်ခု၊ သားရဲမျိုးနွယ်က တစ်ခု၊ နဂါးမျိုးနွယ်က တစ်ခုနဲ့ နတ်ဆိုးမျိုးနွယ်က တစ်ခုပဲ၊ မင်း ကြိုက်တာ တစ်ခုကို ရွေးယူနိုင်တယ်”
ရှန်မို ခေါင်းကို အသာအယာ ညိတ်ပြလိုက်ပြီး ဂရုတစိုက် စစ်ဆေးကြည့်ရှုသည်။
လူသားမျိုးနွယ်၏ ထိပ်တန်းအဆင့် သူတော်စင် လက်နက်မှာ အနီရောင် ဗူးသီးခြောက်ပုံစံ ပုလင်းဖြစ်ပြီး ၎င်းအတွင်း၌ မီးလျှံများ တဖျတ်ဖျတ် တောက်ပနေဆဲ ဖြစ်သည်။ တိုက်ပွဲတွင် ရန်သူများကို တိုက်ခိုက်ရန်အတွက် မီးများ မှုတ်ထုတ်နိုင်သည်။
သားရဲမျိုးနွယ်၏ လက်နက်မှာမူ လက်ဖျံတစ်ဆစ်ခန့် ရှည်လျားသော အစွယ်တစ်ခု ဖြစ်၏။ ၎င်းမှာ မည်သည့် နတ်ဆိုးသူတော်စင်၏ သွားဖြစ်ပုံရပြီး သားရဲမျိုးနွယ်၏ လက်နက်သွန်းလုပ်မှုမှာ အမြဲတမ်း ကြမ်းတမ်းပြီး သပ်ရပ်မှု မရှိလှပေ၊ ဤသူတော်စင် လက်နက်၏ ပုံပန်းသဏ္ဌာန်မှာ အမှန်တကယ်ပင် ကြည့်မကောင်းလှချေ။
သို့သော် ဤအစွယ်သည် အသုံးပြုသူနှင့် အနီးနားရှိ အပေါင်းအဖော်များကိုပါ စိတ်ဓာတ်တက်ကြွစေသည့် စွမ်းရည် ပါရှိသည်။ အကယ်၍ အပေါင်းအဖော်များသည် နတ်ဆိုးသားရဲများ ဖြစ်ပါက အာနိသင်မှာ ပို၍ပင် ပြင်းထန်လိမ့်မည် ဖြစ်သည်။
“နှမြောစရာပဲ… ရွှမ်ဟွမ် စစ်နဂါးအလံမှာလည်း အလားတူ အာနိသင်မျိုး ပါနေတော့ ဒီနှစ်ခုက တစ်ခုနဲ့တစ်ခု ထပ်နေသလို ဖြစ်နေတယ်”
ရှန်မို အသာအယာ သက်ပြင်းချလိုက်သည်။
နဂါးမျိုးနွယ်၏ ထိပ်တန်းအဆင့် သူတော်စင် လက်နက်မှာ ဦးခေါင်းခွံခန့်ရှိသော ပုလဲလုံးကြီး တစ်လုံး ဖြစ်သည်။ ၎င်းတွင် တိုက်စစ်စွမ်းအား မရှိသော်လည်း ဤပုလဲသည် လောကရှိ ကာကွယ်ရေး နည်းဗျူဟာများနှင့် တိုက်ခိုက်ရေး ကျွမ်းကျင်မှု အားလုံးနီးပါးကို ပုံတူကူးယူနိုင်သည်။
သူတော်စင် စိတ်ဝိညာဉ်ကျောက်တုံးများ လုံလောက်စွာ ပေးနိုင်သရွေ့ ၎င်းသည် အဆုံးမရှိ ပုံတူကူးယူခြင်း၊ သိမ်းဆည်းခြင်းနှင့် လေ့ကျင့်ခန်းများကို ပြုလုပ်ပေးနိုင်သည်။ ဤပုလဲကို လက်ဝယ်ပိုင်ဆိုင်ထားခြင်းသည် ထူးချွန်သော ဆရာတစ်ဦး ရှိနေခြင်းနှင့် အလားတူပေသည်။
တပည့်ဖြစ်သူ ကျွမ်းကျင်တတ်မြောက်သည့်တိုင်အောင် စိတ်ရှည်လက်ရှည်ဖြင့် ထပ်ခါတလဲလဲ သင်ကြားပြသပေးလိမ့်မည်။
“ကံမကောင်းတာက ကျွန်တော်က နည်းစနစ်တွေကို သင်ယူတဲ့နေရာမှာ အရမ်းမြန်လွန်းတယ်… ဒီပုလဲကို လိုအပ်မှာ မဟုတ်ဘူး… နှမြောစရာပဲ”
ရှန်မို နောက်ထပ် သက်ပြင်းတစ်ချက် ထပ်ချလိုက်သည်။
နတ်ဆိုးမျိုးနွယ်၏ ထိပ်တန်းအဆင့် သူတော်စင် လက်နက်မှာ ကြောက်မက်ဖွယ်ကောင်းသော ပုံစံရှိသည့် သွေးရောင်လွှမ်းသော ဓားကြီးတစ်လက် ဖြစ်သည်။ ၎င်း၏ မျက်နှာပြင်တွင် မျက်လုံးတစ်လုံး ပါရှိပြီး ယခုအချိန်တွင် ထိုမျက်လုံးမှာ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေကာ စိတ်နှလုံးကို ဖျက်ဆီးနိုင်သော အလင်းတန်းများကို ဖြာထွက်စေလျက် ရှိသည်။
ဓားသွား၏ အစွန်းတစ်လျှောက်တွင် လွှသွားများနှင့် ဆူးချွန်များ ဖုံးလွှမ်းနေသည်။ ၎င်းကို ကြည့်လိုက်ရုံနှင့်ပင် စိတ်နှလုံးထဲတွင် ချမ်းစိမ့်သွားစေ၏။
ဤနတ်ဆိုးဓားသည် နတ်ဆိုးမျိုးနွယ်၏ ရူးသွပ်ခြင်းဌာနမှ ဖန်တီးထားခြင်း ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
နတ်ဆိုးဌာန ငါးခုအနက် ရှန်မိုသည် အလောင်းကောင်ဌာနနှင့် အညစ်အကြေးဌာနတို့ကို ကြုံတွေ့ခဲ့ဖူးပြီး ဖြစ်သည်။ အလောင်းကောင်ဌာနသည် အလောင်းများကို ထိန်းချုပ်ကာ တစ်ဖန် ပြန်လည် ထကြွလာစေရန် ပြုလုပ်ရာတွင် ကျွမ်းကျင်သည်။ အညစ်အကြေးဌာနမှာမူ ညစ်ညမ်းမှုနှင့် တိုက်စားမှုများကို ပျံ့နှံ့စေရာတွင် ထူးချွန်ပြီး နတ်ဆိုးနယ်မြေများကိုလည်း ၎င်းတို့က ဖန်တီးထားခြင်း ဖြစ်သည်။
ကျန်ရှိသော သုံးခုမှာ ငရဲဌာန၊ အမှောင်ဌာနနှင့် ရူးသွပ်ခြင်းဌာနတို့ ဖြစ်သည်။
ရူးသွပ်ခြင်းဌာနသည် ၎င်း၏ အမည်အတိုင်းပင် မွေးရာပါ ရူးသွပ်နေသော စစ်သည်တော်များဖြစ်ပြီး စစ်ပွဲအတွက် ဖန်တီးထားသော နတ်ဆိုးများ ဖြစ်သည်။ သူတို့၏ ဘဝအချိန်တိုင်းသည် တိုက်ပွဲများအပေါ်တွင်သာ လည်ပတ်နေသည်။
သူတို့၏ တိုက်ခိုက်မှုမှာ အလွန်အမင်း ရက်စက်ကြမ်းကြုတ်ပြီး ဘယ်တော့မှ နောက်မဆုတ်ဘဲ အင်အားကြီးသူများကို အမြဲ စိန်ခေါ်လေ့ရှိသည်။ သူတို့သည် တိုက်ပွဲဝင်ခြင်း၊ တိုက်ပွဲဆီသို့ သွားနေကြခြင်းသာ ဖြစ်သည်။
အကယ်၍ တိုက်ပွဲကို ရှာမတွေ့ပါက သူတို့အချင်းချင်း ပြန်လည် တိုက်ခိုက်ကြ၏။
ထို့ကြောင့် တစ်ခါတစ်ရံတွင် ရူးသွပ်ခြင်းဌာန၏ လုပ်ရပ်များသည် လူသားများ၊ သားရဲများ သို့မဟုတ် နဂါးမျိုးနွယ်များကို မရည်ရွယ်ဘဲ အကျိုးပြုသကဲ့သို့ ဖြစ်သွားတတ်သည်။ အကြောင်းမှာ သူတို့သည် အလုပ်မရှိဖြစ်နေသည့်အခါ သူတို့၏ ဓားသွားများကို သူတို့၏ ကိုယ်ပိုင်မျိုးနွယ်စုများထံသို့သာ ဦးတည်တတ်သောကြောင့် ဖြစ်သည်။
ရှန်မိုသည် ထိုနတ်ဆိုးဓားထံသို့ လက်လှမ်းလိုက်သည်။
ကောင်းကင်ဖုံးလွှမ်း စာကလေးငှက်မှာ သူ၏လုပ်ရပ်ကြောင့် လန့်သွား၏။
“အဲဒီနတ်ဆိုးဓားက သာမန်လူတွေ ထိတွေ့နိုင်တဲ့အရာ မဟုတ်ဘူး… သတိထားဦး”
ရှန်မို အသာအယာ ပြုံးလိုက်ပြီး
“ကျွန်တော်က သာမန်လူထက် နည်းနည်းတော့ ပိုပါတယ်”
ထိုသို့ပြောပြီးနောက် သူ ဘာကိုမျှ ဂရုမစိုက်ဘဲ ဓားရိုးကို တိုက်ရိုက်ပင် လှမ်းကိုင်လိုက်သည်။
နောက်တစ်ခဏတွင် ဓားပေါ်ရှိ မျက်လုံးတစ်လုံးမှာ ထိန်ထိန်လင်းသွားပြီး ရှန်မိုကို ဝန်းရံသွား၏။ ၎င်းသည် သူ့ကို ချက်ချင်းပင် ဖြားယောင်းသွေးဆောင်ကာ နတ်ဆိုးလမ်းစဉ်အတွင်းသို့ အလုံးစုံ ဆွဲခေါ်သွားတော့မည့်အလားပင်။
သို့သော်လည်း နောက်ထပ် တစ်ခဏချင်းမှာပင် ထိုမျက်လုံးသည် ဤလူသား ကျင့်ကြံသူ၏ ဝိညာဉ်နန်းတော်အတွင်း၌ မှန်းဆ၍မရနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခု ရှိနေကြောင်း သိရှိသွားခဲ့သည်။
၎င်း၏ ဖြားယောင်းသွေးဆောင်နေသော အလင်းတန်းများလည်း ချက်ချင်းပင် ပြန်လည် ဆုတ်ခွါသွားတော့၏။
ထိုမျက်လုံးသည် ရှန်မိုကို မြင့်မြတ်သော နတ်ဆိုးသူတော်စင်ကြီး တစ်ဦးသဖွယ် ကြောက်လန့်တကြား အရှုံးပေးသွားပြီး သိမ်မွေ့နူးညံ့သွားခဲ့သည်။
ကောင်းကင်ဖုံးလွှမ်း စာကလေးငှက်မှာ အံ့အားသင့်သွားသည်။
သူ တစ်ချိန်က ဤနတ်ဆိုးဓားကို ကံပါလာသူများအား ပေးအပ်ရန် ကြိုးစားခဲ့ဖူးပြီး ထိုသူများထဲတွင် အထွတ်အထိပ် ပညာရှင်များပင် ပါဝင်သည်။
ခြွင်းချက်မရှိဘဲ သူတို့အားလုံးမှာ ဓား၏ ဖြားယောင်းမှုကို ခံခဲ့ရသဖြင့် ကောင်းကင်ဖုံးလွှမ်း စာကလေးငှက်မှာ သူတို့ကို ဓားနှင့် ဝေးရာသို့ ရိုက်ထုတ်ပြီး အသက်ကယ်တင်ပေးခဲ့ရသည်။
သို့သော် ဤလူသား ကျင့်ကြံသူ ရှန်မိုမှာမူ ၎င်း၏ မျှော်လင့်ချက်များကို လုံးဝ ကျော်လွန်သွားခဲ့၏။
သူသည် နတ်ဆိုးဓားကို ခဏချင်းအတွင်းမှာပင် အောင်မြင်စွာ ထိန်းချုပ်လိုက်နိုင်ခဲ့သည်။
ရှန်မို အသာအယာ ပြုံးလိုက်သည်။
နတ်ဆိုးဓား ဟုတ်လား။
သူ့ခန္ဓာကိုယ်ထဲမှာ ဝှက်ထားတဲ့ အရာတွေက ဘယ်လောက် ကြောက်စရာကောင်းလဲဆိုတာကို ဒီဓားက မသိတာပဲ ဖြစ်မယ်။
ကိုးဆင့်ငရဲ ရေခဲမီးလျှံ၊ ကိုးဆင့်ကောင်းကင် နတ်ဘုရား မိုးကြိုးမီးလျှံ ဒါတွေအားလုံးက နတ်ဆိုးမျိုးနွယ်တွေကို နှိမ်နင်းနိုင်တဲ့ ကောင်းကင်မီးလျှံတွေ မဟုတ်ဘူးလား။
သာမန် နတ်ဆိုးဓားလေးတစ်လက်ရဲ့ ဖြားယောင်းမှု အင်အားလေးက ဘယ်လိုလုပ်ပြီး ဒီလို ထာဝရ မီးလျှံတွေကို ယှဉ်နိုင်မှာလဲ။
ထို့ကြောင့် ရှန်မိုသည် ဤနတ်ဆိုးဓားကို တစ်ခါမျှ မကြောက်ခဲ့ဖူးပေ။
၎င်းကို ထိန်းချုပ်ပြီးနောက် သူ ၎င်း၏အမည်ကို အလွယ်တကူ သိရှိသွားခဲ့သည်။
“ခွမ်တု... နတ်ဆိုးမျိုးနွယ်ရဲ့ ရူးသွပ်ခြင်းဌာနက ပေးနိုင်တဲ့ နာမည်မျိုးပါပဲလား”
ရှန်မို ခပ်တိုးတိုး ရယ်မောလိုက်သည်။
ရူးသွပ်ခြင်းဌာန၏ စိတ်ထဲတွင် စစ်ပွဲ၊ ရူးသွပ်မှု၊ သတ်ဖြတ်မှု၊ ဖျက်ဆီးမှု အစရှိသော စကားလုံးများမှလွဲ၍ ဘာမျှမရှိပေ။
သူတို့၏ သူတော်စင် လက်နက် အားလုံးနီးပါးသည် ဤကဲ့သို့သော အမည်များကိုသာ ပိုင်ဆိုင်ကြ၏။
“အစ်မတော် စာကလေး၊ ထိပ်တန်းအဆင့် အထွတ်အထိပ် အရိုးအတွက် သဲလွန်စကရော ဘာလဲဟင်”
ရှန်မိုသည် ခွမ်တုဓားကို ရှစ်ပါးရတနာ ဝိညာဉ်မွေးမြူရေးစေတီအတွင်းသို့ ပစ်ထည့်လိုက်ပြီး ကောင်းကင်ဖုံးလွှမ်း စာကလေးငှက်ကို မေးလိုက်သည်။
ကောင်းကင်ဖုံးလွှမ်း စာကလေးငှက်က တည်ငြိမ်စွာပင် “ပုံမှန်အားဖြင့် ထိပ်တန်းအဆင့် အထွတ်အထိပ် အရိုးတစ်ခုကို ပေါင်းစည်းဖို့ ရတနာသုံးမျိုး လိုအပ်တယ်”
“ပထမက အရိုးသန့်စင် ရွှေရည်… ဒါက အရိုးတွေကို ကျိုချက်ဖို့ လိုအပ်တယ်”
“ဒုတိယက ကြွေလွင့်ကြယ်စင် အအေးအဆီအနှစ်… ဒါက အရိုးတွေကို ပေါင်းစည်းဖို့ လိုအပ်တယ်”
“တတိယက မြေကမ္ဘာမိခင် အဆီအနှစ်… ဒါက တိုက်ခိုက်ရေး နည်းစနစ်တစ်ခုကို နတ်ဘုရားစွမ်းအားအဖြစ် မြှင့်တင်ဖို့ လိုအပ်တယ်”
ရှန်မို စဉ်းစားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
အမှန်စင်စစ် အထွတ်အထိပ် အရိုးကို ပေါင်းစည်းရန်အတွက် အဆင့်သုံးဆင့် လိုအပ်သည်။
ပထမအဆင့်မှာ အရိုးများကို ကျိုချက်ပြီး အညစ်အကြေးအားလုံးကို သန့်စင်ရန် ဖြစ်သည်။
ဒုတိယအဆင့်မှာ အထွတ်အထိပ် အရိုးကို ပေါင်းစည်းရန်ဖြစ်သည်။ ၎င်းကို ကြာရှည်စွာ ပေါင်းစည်းနိုင်လေ ပိုကောင်းလေဖြစ်ပြီး ကိုးဆင့်မှာ အကန့်အသတ် ဖြစ်သည်။
တတိယအဆင့်မှာ တိုက်ခိုက်ရေး နည်းစနစ်တစ်ခုကို နတ်ဘုရားစွမ်းအားအဖြစ် ပြောင်းလဲရန် ဖြစ်သည်။
နည်းစနစ်၏ အဆင့်အတန်း မြင့်မားလေလေ မြှင့်တင်ရန် ခက်ခဲလေလေ ဖြစ်၏။
ထို့ကြောင့် ထိုကဲ့သို့ မြှင့်တင်နိုင်ရန်အတွက် ရတနာများစွာကို ပြင်ဆင်ထားရသည်။
အဆင့်သုံးဆင့်စလုံးအတွက် သက်ဆိုင်ရာ ရတနာများ လိုအပ်သည်။
ရွေးချယ်ထားသော ရတနာများ၏ အရည်အသွေးနှင့် အရေအတွက်သည် အထွတ်အထိပ် နယ်ပယ်သို့ ခြေလှမ်းလှမ်းလိုက်သည့်အခါတွင် မိမိ၏ အင်အားကို တိုက်ရိုက် ဆုံးဖြတ်ပေးလိမ့်မည် ဖြစ်သည်။
သို့သော် ရှန်မိုသည် ဤအဆင့်များနှင့် သက်ဆိုင်သည့် ရတနာအချို့ကိုသာ သိထားခဲ့သည်။
ကောင်းကင်ဖုံးလွှမ်း စာကလေးငှက်၏ စကားများမှာ သူ့ကို အဖိုးတန်ဆုံးသော ရတနာသုံးမျိုးဆီသို့ တိုက်ရိုက် လမ်းညွှန်ပေးလိုက်ခြင်း ဖြစ်သည်။
ယခုမူ သူသည် ၎င်းတို့ကို ပစ်မှတ်ထားကာ ရှာဖွေနိုင်ပြီ ဖြစ်သည်။
“အစ်မတော် စာကလေးက သဲလွန်စတွေ ပေးပြီးပြီပဲ… ဒါကို ဘယ်မှာ ရှာလို့ရမလဲဆိုတာပါ တစ်ခါတည်း ပြောပြပေးပါလား”
ရှန်မို ပြုံးကာ ပြောလိုက်သည်။
ကောင်းကင်ဖုံးလွှမ်း စာကလေးငှက်မှာ မျက်စောင်းထိုးလိုက်ပြီး
“ငါက နတ်ဆိုးသားရဲပဲ… လူသား မဟုတ်ဘူး”
ရှန်မို ရယ်မောလိုက်ကာ
“ဒါဆိုရင်လည်း အစကနေ အဆုံးထိ ကောင်းတဲ့ သားရဲကြီးပဲ လုပ်ပေးပါတော့”
ကောင်းကင်ဖုံးလွှမ်း စာကလေးငှက်မှ တည်ငြိမ်စွာဖြင့်
“အရိုးသန့်စင် ရွှေရည်ကိုတော့ သေဆုံးသွားတဲ့ အထွတ်အထိပ် ပညာရှင်တွေရဲ့ အထွတ်အထိပ် အရိုးတွေဆီကနေ ရှာဖွေနိုင်တယ်”
“မြေကမ္ဘာမိခင် အဆီအနှစ်ကိုတော့ မြေအောက် ကျန်းပေါင်း တစ်သောင်းကျော် အနက်မှာ တွေ့နိုင်တယ်… သူ့ကို အပူနဲ့ အအေး အလှည့်ကျ ပြောင်းလဲနေတဲ့ နေရာတွေမှာ အများဆုံး တွေ့ရတတ်တယ်”
“ကြွေလွင့်ကြယ်စင် အအေးအဆီအနှစ်ကတော့ ရဖို့ အခက်ဆုံးပဲ… အဲဒါကို ကြွေလွင့်လာတဲ့ ဥက္ကာခဲတွေရဲ့ အတွင်းထဲမှာပဲ တွေ့နိုင်တယ်”
ရှန်မို မျက်ခုံးပင့်လိုက်သည်။
ရှီထျန်းဟောက်၏ ကံကြမ္မာ အခွင့်အလမ်းထဲတွင် လာမည့် ငါးလအတွင်း ဤမန်ချန်းတောင်တန်းသို့ ဥက္ကာခဲတစ်ခု ကျဆင်းလာလိမ့်မည်ဟု ကြိုတင်ဟောကိန်း ထွက်ထားသည်။
ရှီထျန်းဟောက်သည် ၎င်း၏ အပြင်ဘက်အလွှာများမှ ဥက္ကာခဲသံများကို ရရှိခဲ့သည်။
သို့သော် သူ၏ အင်အားမှာ အားနည်းလွန်းသဖြင့် အလွန်အမင်း အေးစက်လှသော ကြွေလွင့်ကြယ်စင် အအေးအဆီအနှစ်ကို မရရှိခဲ့ဘဲ နောင်တများစွာဖြင့် ထွက်ခွာသွားခဲ့ရသည်။
သူ့ကိုယ်တိုင်၏ အင်အားမှာမူ ပို၍ပင် ကြီးမားသည်။
သူ၏လက်များတွင် ထာဝရ မီးလျှံများကို ဝန်းရံထားခြင်းဖြင့် ကြွေလွင့်ကြယ်စင် အအေးအဆီအနှစ်ကို အလွယ်တကူ ယူဆောင်နိုင်မည် ဖြစ်သည်။
ထို့ကြောင့် အခြားသူများအတွက် ရရှိရန် ခက်ခဲသောအရာသည် ရှန်မိုအတွက်မူ အလွန်လွယ်ကူသော အရာ ဖြစ်နေပေလိမ့်မည်။
“အရိုးသန့်စင် ရွှေရည်ကိုတော့ အထွတ်အထိပ် အရိုးတွေကို ဈေးကြီးပေးဝယ်ပြီး ရှာကြည့်လို့ ရတယ်”
“မြေကမ္ဘာမိခင် အဆီအနှစ်နဲ့ ပတ်သက်ပြီးတော့ရော အစ်မတော် စာကလေး ဘယ်မှာတွေ့နိုင်မလဲဆိုတာ သိလား”
ရှန်မို ပြုံးကာ ထပ်မေးလိုက်သည်။
ကောင်းကင်ဖုံးလွှမ်း စာကလေးငှက်သည် အသက်ရှည်ရှည် နေထိုင်ခဲ့သူ ဖြစ်သဖြင့် သူ့ထက် ပိုသိနေမှာ သေချာသည်။ သူ မြေကမ္ဘာမိခင် အဆီအနှစ် ရှိရာ နေရာကိုပင် တိတိကျကျ သိနေပေလိမ့်မည်။
ကောင်းကင်ဖုံးလွှမ်း စာကလေးငှက် မျက်တောင်ခတ်လိုက်ပြီး
“ငါ သိတယ်… ဒါပေမဲ့ မင်း ရနိုင်မယ်လို့တော့ မဆိုလိုဘူးနော်”
“ကျေးဇူးပြုပြီး ပြောပြပေးပါ”
ရှန်မို အလေးအနက် ပြောလိုက်သည်။
ကောင်းကင်ဖုံးလွှမ်း စာကလေးငှက်မှ အနည်းငယ် ဝမ်းနည်းဟန်ဖြင့် ပြောလာ၏။
“ငါက ဒီမှာ အမြဲ နေခဲ့တာ မဟုတ်ဘူး… တစ်ချိန်က တောင်တန်းတွေရဲ့ ပိုပြီး နက်ရှိုင်းတဲ့ နေရာမှာ နေခဲ့တာ… ဒါပေမဲ့ နယ်မြေလုပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက်မှာ ကောင်းကင်ဆွဲဖြဲ နတ်ဆိုးဖွတ်ကြီးက ငါ့ကို မောင်းထုတ်ခဲ့တာပဲ”
“ငါ့ရဲ့ အရင်အသိုက်ရဲ့ အောက်မှာ မြေကမ္ဘာမိခင် အဆီအနှစ် ရှိတယ်… ဒါပေမဲ့ အခုတော့ အဲဒီနေရာက ကောင်းကင်ဆွဲဖြဲ နတ်ဆိုးဖွတ်ကြီး ပိုင်တဲ့နေရာ ဖြစ်နေပြီ”