အခန်း (၇၀၃-၇၀၅)
Vol. 47 Ch. 703-705
Chapter 703: တာအိုအမှတ်အသား (၄၇၀)
ကောင်းကင်ဖုံးလွှမ်း တိမ်တိုက်စာကလေးသည် ရှန်မိုကိုကြည့်ကာ တည်တည်ငြိမ်ငြိမ်ဖြင့်
“ကောင်းကင်ဆွဲဖြဲ နတ်ဆိုးဖွတ်ရဲ့ အင်အားက ငါ့ထက်သာတယ်… ငါတို့နှစ်ယောက် ပူးပေါင်းရင်တောင် သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး”
“ရှန်မို... မင်း မြေကမ္ဘာမိခင် အဆီအနှစ်ကို ရနိုင်မှာ မဟုတ်ဘူး”
သို့သော် ရှန်မို ပြုံးလိုက်ပြီး
“အစ်မတော် စာကလေး… အဲဒါက ဒီလိုမျိုး ဖြစ်ချင်မှ ဖြစ်မှာပါ”
“ကောင်းကင်ဆွဲဖြဲ နတ်ဆိုးဖွတ်က တစ်ချိန်က အစ်မတော်ကို အဲဒီနေရာကနေ မောင်းထုတ်ခဲ့တယ်… ဒါပေမဲ့ တစ်နေ့ကျရင် သူကိုယ်တိုင်လည်း ပိုသန်မာတဲ့ သားရဲတစ်ကောင်ရဲ့ မောင်းထုတ်တာကို ခံရနိုင်တာပဲလေ”
“သူ အပြင်းအထန် ဒဏ်ရာရနေတဲ့အချိန်ကျမှ ငါတို့ လှုပ်ရှားကြမယ်… မြေကမ္ဘာမိခင် အဆီအနှစ်ကို လုယူနိုင်ရုံတင်မကဘဲ အစ်မတော်ရဲ့ အရင်က အရှက်ရခဲ့တာတွေကိုပါ တစ်ခါတည်း ဆေးကြောပစ်လို့ ရတာပေါ့”
ကောင်းကင်ဖုံးလွှမ်း တိမ်တိုက်စာကလေး မျက်တောင်ခတ်ကာ နားထောင်နေ၏။
ထိုစကားမှာ မှန်ပေသည်။
ကောင်းကင်ဆွဲဖြဲ နတ်ဆိုးဖွတ်ကြောင့် အသိုက်ကို စွန့်ခွာခဲ့ရခြင်းမှာ ၎င်း၏ စိတ်နှလုံးထဲတွင် အမြဲတမ်း အမာရွတ်တစ်ခု ဖြစ်နေခဲ့သည်။
ထိုစဉ်က သူကာကွယ်ရမည့် ဥသုံးလုံးသာ မရှိခဲ့လျှင် ထိုဖွတ်ကြီးနှင့် အသေအလဲ တိုက်ခိုက်ခဲ့မိမှာ သေချာသည်။
သို့သော် ၎င်း၏ရင်သွေးများကို ကာကွယ်ရန်အတွက်သာ သူ အံကြိတ်၍ မကျေမနပ်ဖြင့် ထွက်ခွာခဲ့ရခြင်း ဖြစ်၏။
ယခုအခါ ဥတစ်လုံး ပေါက်ဖွားပြီးပြီဖြစ်၍ သူ့တာဝန်မှာ သုံးပုံတစ်ပုံ ပြီးမြောက်သွားပြီ ဖြစ်သည်။
ထိုအကြွေးဟောင်းကို ပြန်ဆပ်ရန် အချိန်တန်ပြီ ဖြစ်လေ၏။
သို့သော် ရှန်မိုပြောသည့်အရာမှာ စိတ်ကူးယဉ်ဆန်လွန်းနေသလိုပင်။
ကောင်းကင်ဆွဲဖြဲ နတ်ဆိုးဖွတ်က ပိုသန်မာတဲ့ သားရဲရဲ့ မောင်းထုတ်တာကို ခံရလိမ့်မယ်လို့ သူ ဘယ်လိုလုပ် ဒီလောက် သေချာနေရတာလဲ။
ရှန်မို၏ အပြုံးမှာ ပို၍ နက်ရှိုင်းလာသည်။
ဤအရာမှာ ရှီထျန်းဟောက်၏ လတ်တလော ကံကြမ္မာများမှတစ်ဆင့် သူမြင်တွေ့ခဲ့ရသည့် အရာဖြစ်၏။
ကောင်းကင်ဆွဲဖြဲ နတ်ဆိုးဖွတ်သည် ကောင်းကင်ဖုံးလွှမ်း တိမ်တိုက်စာကလေးနှင့် တစ်ဖန် ပြန်လည် ထိပ်တိုက်တွေ့ရသည့် အကြောင်းရင်းမှာ ၎င်းသည် ပိုမိုအစွမ်းထက်သော သားရဲတစ်ကောင်ဖြစ်သည့် မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီး၏ မောင်းထုတ်ခြင်းကို ခံခဲ့ရသောကြောင့်ပင်။
ထိုမိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီးမှာ မန်ချန်းတောင်တန်း၏ အကြီးမားဆုံးသော အရှင်သခင်များထဲမှ တစ်ကောင်ဖြစ်ပြီး ကောင်းကင်ဖုံးလွှမ်း တိမ်တိုက်စာကလေးထက် များစွာ ပိုမိုသန်မာသည်။
၎င်းသည် ပုံမှန်အားဖြင့် တောင်တန်းကြီး၏ အနက်ရှိုင်းဆုံးနေရာများတွင်သာ နေထိုင်လေ့ရှိသည်။
သို့သော် ၎င်းသည် နတ်ဆိုးမျိုးနွယ်စု၏ အစီအစဉ်တစ်ခုအတွင်း ကျရောက်သွားကာ မီးအဆိပ်သင့်ခဲ့သောကြောင့် အဆိပ်ဖြေရန် နည်းလမ်းရှာရင်း ၎င်း၏နယ်မြေကို စွန့်ခွာခဲ့ရခြင်း ဖြစ်သည်။
မြေကမ္ဘာမိခင် အဆီအနှစ်ကို မွေးဖွားပေးသည့် မြေအောက် ရေအေးကန်မှာ ၎င်း၏ ဝေဒနာအတွက် အကောင်းဆုံး ကုထုံးဖြစ်သည်။
ထို့ကြောင့် မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီးသည် ကောင်းကင်ဆွဲဖြဲ နတ်ဆိုးဖွတ်ကို မောင်းထုတ်ခဲ့ခြင်း ဖြစ်၏။
နွားလားကြီးကို မယှဉ်နိုင်သော နတ်ဆိုးဖွတ်သည် ထွက်ပြေးလာရင်း ကောင်းကင်ဖုံးလွှမ်း တိမ်တိုက်စာကလေးနှင့် ဆုံတွေ့ခဲ့ခြင်း ဖြစ်သည်။
နှစ်ကောင်သား မျက်လုံးချင်းဆုံသည်နှင့် တိုက်ပွဲမှာ ချက်ချင်းပင် စတင်တော့သည်။
ထိုအချိန်တွင် ရှီထျန်းဟောက်မှာ ကောင်းကင်ဆွဲဖြဲ နတ်ဆိုးဖွတ်၏ အသိုက်ထဲသို့ တိတ်တဆိတ် ခိုးဝင်ကာ ပေါက်ဖွားခါနီးဖြစ်သော ဖွတ်ဥတစ်လုံးကို ခိုးယူသွားခဲ့သည်။
ကံကြမ္မာအရဆိုလျှင် ထိုဥ ပေါက်လာသည့်အခါ နတ်ဆိုးဖွတ်လေးမှာ ရှီထျန်းဟောက်၏ အားကိုးရဆုံးသော လက်နက်သစ် ဖြစ်လာလိမ့်မည်။
သို့သော် ယခုမူ...
၎င်းသည် သဘာဝကျကျပင် ရှန်မို၏လက်ထဲသို့ ရောက်ရှိလာပေလိမ့်မည်။
“အစ်မတော် စာကလေး… ကျွန်တော့်ကို ယုံလိုက်ပါ” ရှန်မိုမှ အလေးအနက် ပြောလိုက်သည်။
ကောင်းကင်ဖုံးလွှမ်း တိမ်တိုက်စာကလေးသည် သူ့ကို သေချာစိုက်ကြည့်နေ၏။
အစပိုင်းတွင် သူ ဤလူသား ကျင့်ကြံသူကို အသိုက်စောင့်ရှောက်သူအဖြစ် ခိုင်းစေရန်သာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
သူ အစာရှာထွက်သည့်အချိန်တွင် ဥများကို စောင့်ရှောက်ပေးမည့်သူ တစ်ဦးကို လိုချင်ခဲ့ခြင်းသာ။
သို့သော် ဤလူသား ကျင့်ကြံသူမှာ အကြိမ်ကြိမ် အံ့အားသင့်စေခဲ့သည်။
သူ၏ ရှည်လျားလှသော သက်တမ်းတစ်လျှောက်တွင် ထူးချွန်သော လူသားပါရမီရှင်များစွာကို မြင်တွေ့ခဲ့ဖူးသည်။
သို့သော် မည်သူမျှ ရှန်မိုနှင့် မနှိုင်းယှဉ်နိုင်ဘဲ သူ အမြဲတမ်း နားလည်ရခက်နေဆဲ ဖြစ်သည်။
“ကောင်းပြီ… ငါ မင်းကို ယုံကြည်တယ်”
ကောင်းကင်ဖုံးလွှမ်း တိမ်တိုက်စာကလေးမှ လေးနက်စွာ ပြန်ပြောလိုက်သည်။
ရှန်မို ပြုံးလျက် ခေါင်းညိတ်ပြလိုက်၏။
ထို့နောက်တွင် သူ စာကလေးအသိုက်၌ပင် ဆက်လက်နေထိုင်ခဲ့သည်။
စာကလေးငှက်မနှင့်လည်း မကြာခဏဆိုသလို လက်ရည်စမ်း တိုက်ခိုက်လေ့ရှိသည်။
သဘာဝကျကျပင် ကောင်းကင်ဖုံးလွှမ်း တိမ်တိုက်စာကလေးသည် ၎င်း၏အင်အားကို ပုံရိပ်အမှတ်အသား တစ်ရာရှိသော နိဗ္ဗာန်အဆင့်အထိသာ လျှော့ချထားသည်။
သို့မှသာ လက်ရည်စမ်းမှုမှာ မျှတပေလိမ့်မည်။
ရှန်မိုမှာ အနိုင်ရသည်ထက် ရှုံးနိမ့်သည်က ပိုများသော်လည်း သူ၏ တိုက်ပွဲအတွေ့အကြုံများ ပို၍ ကြွယ်ဝလာခဲ့သည်။
ခွမ်တု လက်နက်ကို အသုံးပြုရာတွင်လည်း ပို၍ ကျွမ်းကျင်လာလေ၏။
တိုက်ခိုက်ရသည်မှာ ပင်ပန်းလာသည့်အခါတွင်လည်း အားလပ်ချိန်၌ စာကလေးပေါက်လေးနှင့် ကစားရင်း အချိန်ဖြုန်းနိုင်သည်။
ဘဝမှာ အေးချမ်းပြီး သာယာလှ၏။
တစ်ဖက်တွင်လည်း သူ၏ တာအိုပုံရိပ် အမှတ်အသား အရေအတွက်မှာ တိုးပွားနေမှုကို မရပ်တန့်ခဲ့ပေ။
ခြောက်လခန့် ကြာပြီးနောက်တွင် သူ၏ တာအိုပုံရိပ်မှာ လေးရာ့ခုနစ်ဆယ်အထိ မြင့်တက်လာခဲ့သည်။
ပန်းတိုင်ဖြစ်သော ငါးရာပြည့်ရန် သုံးဆယ်သာ လိုတော့သည်။
ထိုနေ့တွင်ပင် မန်ချန်းတောင်တန်း၏ အနက်ရှိုင်းဆုံးနေရာမှ မိုးထစ်ချုန်းသံကဲ့သို့သော ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုနက်ရှိုင်းပြီး မြေကမ္ဘာကို တုန်ခါသွားစေသည့် အော်ဟစ်သံမှာ နာကျင်နေသော မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီး၏ အသံ ဖြစ်၏။
ကောင်းကင်ဖုံးလွှမ်း တိမ်တိုက်စာကလေးသည်လည်း ထိုအသံကို ကြားလိုက်ရသဖြင့် ထိတ်လန့်သွားပြီး မသေချာသလို ခံစားလိုက်ရသည်။
သူ ထိုသားရဲအရှင်သခင်၏ အသံကို ချက်ချင်း မှတ်မိလိုက်သည်။
“မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီးက ဘာဖြစ်လို့ ဒီလောက် နာကျင်နေရတာလဲ”
ရှန်မိုမှ အတိုချုံး ရှင်းပြလိုက်သည်။
အညစ်အကြေးမျိုးနွယ်စု နတ်ဆိုးများ၏ အစီအစဉ်မှာ တာအိုသူတော်စင် လက်နက် လေးခုကို ရရှိရန်သာ မဟုတ်ပေ။
၎င်းတို့သည် မန်ချန်းတောင်တန်း၏ အရှင်သခင် သားရဲများကိုလည်း ပစ်မှတ်ထားကြသည်။
၎င်းတို့၏ ရည်ရွယ်ချက်မှာ ဤအင်အားကြီးမားသော အရှင်သခင်များကို ပျက်စီးစေရန်ဖြစ်ပြီး ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင်ရှိသော နတ်ဆိုးသားရဲများအဖြစ် ပြောင်းလဲပစ်ရန် ဖြစ်သည်။
သို့သော် ၎င်းတို့သည် ထိုသားရဲကြီးများ၏ အင်အားကို အထင်သေးခဲ့ကြပုံရ၏။
၎င်းတို့ စေလွှတ်လိုက်သော နတ်ဆိုးအရှင်သခင် အရေအတွက်မှာ နည်းလွန်းလှသည်။
သူတို့မှာ မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီးကို မီးအဆိပ်သင့်စေရုံသာ တတ်နိုင်ခဲ့သည်။
ထိုအတွက် ပေးဆပ်လိုက်ရသော တန်ဖိုးမှာ နတ်ဆိုးအရှင်သခင် နှစ်ဦး သေဆုံးသွားခဲ့ရပြီး ကျန်ရှိသူများမှာလည်း ဒဏ်ရာဗရပွဖြင့် အလန့်တကြား ဆုတ်ခွါသွားခဲ့ရ၏။
ကောင်းကင်ဖုံးလွှမ်း တိမ်တိုက်စာကလေးသည် ကိုယ်တိုင်လည်း သားရဲအရှင်သခင်တစ်ကောင် ဖြစ်သည့်အားလျော်စွာ အခြေအနေကို ချက်ချင်း သဘောပေါက်သွားခဲ့သည်။
“ဒါကြောင့် မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီးက မီးအဆိပ်ကို နှိမ်နင်းဖို့ မြေအောက်ရေအေးကန်ကို အသုံးပြုချင်လို့ ကောင်းကင်ဆွဲဖြဲ နတ်ဆိုးဖွတ်ကို မောင်းထုတ်လိုက်တာကိုး… အခုမှပဲ နားလည်တော့တယ်”
ရှန်မိုမှ မေးလိုက်သည်။
“အစ်မတော် စာကလေး… ဘာလို့ မကျေမနပ်ဖြစ်နေတဲ့ မျက်နှာပေါက် ဖြစ်နေရတာလဲ”
ကောင်းကင်ဖုံးလွှမ်း တိမ်တိုက်စာကလေးမှ အေးစက်စွာ ပြောလိုက်သည်။
“ငါလည်း သားရဲအရှင်သခင် တစ်ကောင်ပဲ မဟုတ်လား… ဘာဖြစ်လို့ အညစ်အကြေးမျိုးနွယ် နတ်ဆိုးတွေက ငါ့ကို ပစ်မှတ်မထားကြတာလဲ”
“ငါ နားလည်ပြီ… သူတို့က ငါ့ကို အထင်သေးနေကြတာပဲ”
“သူတို့တော့ သွားပြီသာ မှတ်တော့”
ရှန်မို စွံ့အသွား၏။
သတ်ဖြတ်လိုစိတ်တွေက အပြင်းအထန်ပါပဲလား။ အစ်မတော် စာကလေးတော့ တကယ် ဒေါသထွက်သွားပြီ။
ဝေးကွာလှသော တောအုပ်များထဲမှ ဟိန်းဟောက်သံများမှာ တုန်ခါနေသည်။
၎င်းနှင့်အတူ နွားလားကြီး၏ နက်ရှိုင်းပြီး ရှည်လျားသော အော်ဟစ်သံမှာလည်း ပါလာသည်။
ကောင်းကင်ဖုံးလွှမ်း တိမ်တိုက်စာကလေးမှာ နှာခေါင်းရှုံ့လိုက်ပြီး
“ဒါက ကောင်းကင်ဆွဲဖြဲ နတ်ဆိုးဖွတ်ရဲ့ အော်သံပဲ… သူတို့ တိုက်နေကြပြီ… ကောင်းတယ်”
“နွားလားကြီးရေ... သူ့အသားတွေကို နည်းနည်းလောက် ကိုက်ဖြတ်ပစ်လိုက်ပါ… ပြီးရင် သူ့အမြီးကိုလည်း တစ်ခါတည်း နင်းခြေပစ်လိုက်ဦး”
ရှန်မို ချွေးပြန်သွားရတော့သည်။
အစ်မတော် စာကလေးကတော့ အငြိုးအတေး တကယ်ကြီးတာပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီက ကိစ္စကို ခုထိ ကွက်ကွက်ကွင်းကွင်း မှတ်မိနေတုန်း။
မြေပြင်တုန်ခါသံများမှာ ပို၍ နီးကပ်လာသည်။
ငှက်အုပ်များလည်း လန့်ဖျပ်ကာ ပျံသန်းကုန်ကြသည်။
လမ်းကြောင်းတစ်လျှောက်ရှိ ရှေးဟောင်းသစ်ပင်ကြီးများမှာ တစ်ပင်ပြီးတစ်ပင် ပြိုလဲကုန်သည်။
ဖုန်မှုန့်များ လွင့်စင်လာပြီး ဝေးကွာသော နေရာမှ ကြီးမားသော သတ္တဝါကြီးတစ်ကောင် ပြေးဝင်လာနေသည်ကို ဖော်ပြနေ၏။
“သူတို့ လာနေပြီ”
“တိုက်ခိုက်ဖို့ ပြင်ထားတော့”
ရှန်မို၏ အသံမှာ တိုးညင်းလှသည်။
ကောင်းကင်ဖုံးလွှမ်း တိမ်တိုက်စာကလေးမှ ခေါင်းညိတ်ပြလိုက်သည်။
ဝုန်း...
ပေတစ်ထောင်ခန့် ရှည်လျားသော ဧရာမဖွတ်ကြီးသည် ဖုန်မှုန့်များကြားမှ တိုးထွက်လာခဲ့သည်။
၎င်း၏ တစ်ကိုယ်လုံးမှာ သွေးများဖြင့် ရွှဲနစ်နေ၏။
သူ့ အကြေးခွံ ထက်ဝက်ခန့်မှာ လွင့်စင်ကုန်ပြီး ကျန်ရှိနေသော အကြေးခွံများမှာလည်း အသားထဲသို့ စိုက်ဝင်နေကြသည်။
အဆိုးရွားဆုံးမှာမူ ၎င်း၏ အမြီးမှာ နင်းခြေခံထားရသဖြင့် သွေးများနှင့် အသားစများရောကာ ပျက်စီးနေခြင်း ဖြစ်သည်။
မန်ချန်းတောင်တန်း၏ အရှင်သခင် တစ်ကောင်ဖြစ်သော ကောင်းကင်ဆွဲဖြဲ နတ်ဆိုးဖွတ်သည် ယခုမူ အလွန်ပင် သနားစဖွယ် အခြေအနေသို့ ရောက်ရှိနေရသည်။
အရှင်သခင်များ အချင်းချင်းကြားမှာပင် အဆင့်အတန်း ကွာခြားမှုရှိနေသည်မှာ သိသာလှသည်။
အချို့က ကြိုးစားအားထုတ်မှ အမှတ်ပြည့်ရသော်လည်း အချို့အတွက်မူ အမှတ်ပြည့်ရရန်မှာ မွေးရာပါ အရည်အချင်း ဖြစ်နေသကဲ့သို့ပင်။
မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီးမှာ သဘာဝကျကျပင် ဒုတိယ အမျိုးအစားဖြစ်ပြီး သားရဲများ၏ မွေးရာပါ အရှင်သခင် ဖြစ်ပေသည်။
ကောင်းကင်ဖုံးလွှမ်း တိမ်တိုက်စာကလေးသည် စကားတစ်ခွန်းမှ မဆိုဘဲ ၎င်း၏ အထွတ်အထိပ် နတ်ဘုရားစွမ်းအားကို ထုတ်ဖော်လိုက်သည်။
ထိုအခါ တောက်ပသော အမွေးအတောင် ကိုးခုမှာ လျှပ်စီးတန်းများကဲ့သို့ ကောင်းကင်ယံကို ဖြတ်သန်းသွားသည်။
အမွေးအတောင် တစ်ခုချင်းစီမှာ ကောင်းကင်ဆွဲဖြဲ နတ်ဆိုးဖွတ်၏ အားနည်းချက်များကို ပစ်မှတ်ထားထားခြင်း ဖြစ်သည်။
အချို့က မျက်လုံးများကို တိုက်ခိုက်သည်၊ အချို့က နှာခေါင်းပေါက်များဆီသို့ ဦးတည်သည်၊ အချို့ကမူ ၎င်း၏ နူးညံ့သော ဝမ်းဗိုက်ပိုင်းကို ထိုးဖောက်ရန် ကြိုးစားသည်။
ကျန်ရှိသော အမွေးအတောင်များမှာမူ ၎င်း၏ ဟောင်းလောင်းပွင့်နေသော ဒဏ်ရာများထဲသို့ တိုက်ရိုက် စိုက်ဝင်သွားတော့၏။
ထိုဖွတ်ကြီး၏ အရေပြားမှာ မာကျောလှသည်ဟု နာမည်ကြီးပြီး မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီး၏ နင်းခြေမှုကြောင့်သာ အရေပြားများ ပေါက်ပြဲခဲ့ရခြင်း ဖြစ်သည်။
မဟုတ်လျှင် ကောင်းကင်ဖုံးလွှမ်း တိမ်တိုက်စာကလေး အနေဖြင့် ၎င်း၏ ကာကွယ်ရေးကို ဖောက်ထွင်းရန် အင်အားများစွာ အသုံးပြုရပေလိမ့်မည်။
ဒေါသတကြီး ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။
ကောင်းကင်ဆွဲဖြဲ နတ်ဆိုးဖွတ်သည် နွားလားကြီး၏ ခြေဖဝါးအောက်မှ သီသီလေး လွတ်မြောက်လာပြီးနောက် ချက်ချင်းပင် ချောင်းမြောင်း တိုက်ခိုက်ခံရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သာမန် ချောင်းမြောင်း တိုက်ခိုက်မှုမျိုး မဟုတ်ဘဲ အထွတ်အထိပ် နတ်ဘုရားစွမ်းအားဖြင့် ပြင်ဆင်ထားသော တိုက်ခိုက်မှု ဖြစ်နေသည်။
သူ သတိလက်လွတ် ဖြစ်သွားသဖြင့် ချက်ချင်းပင် အခြေအနေ ပျက်ယွင်းသွားတော့သည်။
သွေးများ ပန်းထွက်လာကာ အသားစများ လွင့်စင်ကုန်သည်။
ရှန်မိုသည် တိုက်ပွဲ၏ အစွန်းတစ်လျှောက်မှ ပတ်ပြေးရင်း သားရဲကြီး၏ အသားစများကို အမြန်စုဆောင်းလိုက်သည်။
ဒါက သားရဲအရှင်သခင် တစ်ကောင်ရဲ့ အသားပဲ။
အလွန်ကောင်းမွန်တဲ့ အာဟာရပဲ။
Chapter 704: လူသားက ဘာလာလုပ်တာလဲ ထွက်သွားစမ်း
ဟိန်းဟောက်သံများ တောင်တန်းတစ်ခုလုံး ဟိန်းထွက်သွားတော့သည်။
မကြာမီမှာပင် ဒဏ်ရာများကို မခံမရပ်နိုင်ဖြစ်လာသည့် ကောင်းကင်ဆွဲဖြဲ နတ်ဆိုးဖွတ်သည် ဒေါသတကြီး အကြိမ်အနည်းငယ် အော်ဟစ်ပြီးနောက် ထွက်ပြေးသွားတော့၏။ ၎င်း၏ ခန္ဓာကိုယ်မှာ ဧရာမကြီးမားလှသဖြင့် ထွက်ပြေးသွားသည့်တိုင်အောင် မြေပြင်မှာ ငလျင်အသေးစားလေး တစ်ခုလှုပ်နေသကဲ့သို့ တုန်ခါနေခဲ့သည်။ ၎င်းဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ မြင့်မားသော သစ်ပင်ကြီးများမှာလည်း ချက်ချင်းပင် အစိတ်စိတ်အမြွှာမြွှာ ကျိုးပဲ့ကုန်သည်။
အခြားသော သားရဲတိရစ္ဆာန်များစွာမှာလည်း အကြောင်းရင်းမရှိဘဲ ဘေးဒုက္ခနှင့် ကြုံတွေ့ကြရ၏။ သားရဲများမှာ သူတို့အိမ်ထဲ သူတို့အေးအေးဆေးဆေး ထိုင်နေကြသော်လည်း ကောင်းကင်မှ သေမင်းတမန် ဘေးဒုက္ခ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့အားလုံး ပျောက်ကွယ်သွားကြရတော့သည်။
မန်ချန်းတောင်တန်း၏ အစွန်အဖျားတွင်
ရှီထျန်းဟောက်တစ်ယောက် ရှေးဟောင်းတောအုပ်အတွင်းသို့ သတိကြီးစွာဖြင့် စူးစမ်းလေ့လာနေစဉ် နားကွဲမတတ် ဟိန်းဟောက်သံကြီးများကို ကြားလိုက်ရသည်။ ထို့နောက်တွင် မြင်တွေ့လိုက်ရသည်မှာ အလန့်တကြား ထွက်ပြေးလာကြသည့် သားရဲအုပ်ကြီးပင်။ ၎င်းတို့ထဲတွင် သဘာဝအရ သားကောင်နှင့် အမဲလိုက်သည့် သတ္တဝါများစွာ ပါဝင်နေသော်လည်း ယခုမူ အတူယှဉ်တွဲလျက် ထွက်ပြေးနေကြသည်။
တောင်တန်းအနက်ပိုင်းတွင် ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုခု ပေါက်ကွဲထွက်ပေါ်လာကြောင်းကို လူအတစ်ယောက်ပင်လျှင် ရိပ်မိနိုင်ပေသည်။ သေချာပေါက် အင်အားကြီးသားရဲကြီးတစ်ကောင် အတွင်းပိုင်းမှ ပြေးထွက်လာခြင်း ဖြစ်ပေလိမ့်မည်။
ထိုသို့တွေးလိုက်စဉ်မှာပင် ဝေးကွာသော နေရာမှ ပြေးဝင်လာသည့် ဧရာမ ပုံရိပ်ကြီးတစ်ခုကို သူမြင်လိုက်ရ၏။ ၎င်းဖြတ်သန်းရာနေရာတိုင်းတွင် မြေပြင်များ တုန်ခါကာ မြစ်ချောင်းများပင် နှစ်ခြမ်းကွဲကုန်သည်။ ရှီထျန်းဟောက်သည် ဧရာမ ဖွတ်ကြီးကို မြင်လိုက်ရသည့်အခါ ဦးရေပြားများ ထုံကျင်သွားပြီး ဆက်လက်စူးစမ်းရန် စိတ်ကူးများအားလုံး ပျောက်ကွယ်သွားတော့သည်။ သူလည်း သားရဲအုပ်ကြီးများကြားထဲသို့ တိုးဝင်ကာ အသက်လု၍ ပြေးပါတော့သည်။
...
အခြားတစ်နေရာတွင်မူ။
ကောင်းကင်ဖုံးလွှမ်း တိမ်တိုက်စာကလေးသည် ကောင်းကင်ဆွဲဖြဲ နတ်ဆိုးဖွတ်ကို တိုက်ပွဲတွင် အပြတ်အသတ် နှိမ်နင်းနိုင်ခဲ့ပြီး ၎င်းကိုယ်တိုင်မှာမူ ဒဏ်ရာအနာတရ မရှိသလောက်ပင်။ နတ်ဆိုးဖွတ်မှာ ခြိမ်းခြောက်မှု မဟုတ်တော့သည့်အတွက် ရှန်မိုနှင့် စာကလေးငှက်တို့သည် မကြာမီမှာပင် ထိုသားရဲ၏ အသိုက်သို့ ရောက်ရှိသွားကြသည်။
အသိုက်မှာ ပျက်စီးယိုယွင်းနေပြီး တွင်းနက်ကြီးများနှင့် အစင်းကြောင်းများဖြင့် ပြည့်နှက်နေသည်။ ရှန်မို ဝေ့ဝဲကြည့်လိုက်သည့်အခါ ကြီးမားသော ခွာရာများကို သတိထားမိလိုက်သည်။ အနီးနားရှိ ရေကန်များမှာလည်း နင်းခြေခံထားရသဖြင့် ရေများမှာ နိမ့်ဆင်းနေသော တွင်းများထဲသို့ စီးဝင်ကာ ရေကန်အသစ်များ ဖြစ်ပေါ်နေသည်။
အသိုက်၏ အလယ်ဗဟိုတွင်မူ မြေအောက်အနက်ပိုင်းသို့ ဦးတည်နေသော ကျယ်ပြောလှသည့် တွင်းနက်ကြီးတစ်ခု ရှိနေ၏။
“ဒါက မြေအောက်ရေအေးကန်ဆီ သွားတဲ့ အပေါက်ဖြစ်လိမ့်မယ်”
ကောင်းကင်ဖုံးလွှမ်း တိမ်တိုက်စာကလေးမှ တည်ငြိမ်စွာပင် ပြောလိုက်သည်။
“မင်း အထဲကို ဝင်သွားလိုက်ပါ… ငါ ဒီမှာ စောင့်နေမယ်”
သူ ခဏမျှ တွန့်ဆုတ်နေပြီးနောက် အတောင်ပံမှ အမွေးတစ်ခုကို နှုတ်ကာ ရှန်မိုကို ပေးလိုက်သည်။ အမွေးတစ်ခုသာ ဖြစ်သော်လည်း ၎င်းမှာ သူ၏ လက်မောင်းတစ်ဆစ်စာခန့် ရှည်လျားသည်။
“နွားလားကြီးက အခု စိတ်မကြည်မလင် ဖြစ်နေမှာ… မင်း ဇွတ်ဝင်သွားရင် သူက တိုက်ခိုက်လိမ့်မယ်… ဒါကို ယူသွားပါ… မင်းကို ဘေးကင်းစေလိမ့်မယ်”
ရှန်မို ချက်ချင်း လက်ခံလိုက်သည်။ ကောင်းကင်ဖုံးလွှမ်း တိမ်တိုက်စာကလေးနှင့် မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီးတို့မှာ ယခင်ကတည်းက ပတ်သက်မှုရှိပုံရသည်။ အမှန်စင်စစ် ရှီထျန်းဟောက်၏ ကံကြမ္မာအရ သူတို့နှစ်ကောင်လုံးမှာ ဟောင်အရှင်သခင်၏ စိတ်ဝိညာဉ်အိမ်မွေးတိရစ္ဆာန်များ ဖြစ်ခဲ့ကြဖူးသည်။
မြေအောက်သို့ ဆင်းရသည်မှာ ဘာပြဿနာမျှ မရှိခဲ့ပေ။ ကျန်းပေါင်း တစ်သောင်းခန့် အနက်သို့ ရောက်သည့်အခါ ရှန်မို ဧရာမ ပုံရိပ်ကြီးကို နောက်ဆုံးတွင် တွေ့လိုက်ရသည်။ မိုးပြာရောင် အကြေးခွံများ ဖုံးလွှမ်းနေသော ဧရာမ နွားလားကြီးတစ်ကောင်သည် အလွန်အေးစက်သော ရေကန်အတွင်း၌ လဲလျောင်းနေ၏။
၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် ပြင်းထန်သော ဒဏ်ရာတစ်ခု ရှိနေပြီး ထိုဒဏ်ရာအတွင်း၌ ခရမ်းနက်ရောင် မီးလျှံတစ်ခုမှာ လောင်မြဲလောင်နေဆဲ ဖြစ်သည်။ နတ်ဆိုးတစ်ကောင်၏ လျှာသဖွယ် ၎င်းသည် အသားနှင့် သွေးများကို တမြည့်မြည့် ဝါးမြိုစားသောက်နေသည်။ နွားလားကြီးမှာ အသက်ကို ပြင်းပြင်းရှူနေရပြီး မီးအဆိပ်သင့်နေသော ဒဏ်ရာမှာ ၎င်း၏ အသက်စွမ်းအားများကို မရပ်မနား ဝါးမြိုကာ စိတ်ပိုင်းဆိုင်ရာကိုလည်း တဖြည်းဖြည်း တိုက်စားနေသည်။
သို့သော် ရှန်မို သိထားသည်မှာ ဤမန်ချန်းတောင်တန်း၏ အရှင်သခင်သည် အညစ်အကြေးမျိုးနွယ်စု နတ်ဆိုးများ၏ ညစ်ညမ်းစေမှုကို တစ်ခါမျှ အရှုံးမပေးခဲ့ပေ။ သူ့ အသက်မဆုံးရှုံးမီမှာပင် ဟောင်အရှင်သခင်၏ ယုံကြည်မှုကို စောင့်ထိန်းရန်အတွက် မိမိကိုယ်ကိုယ် အဆုံးစီရင်ရန် ရွေးချယ်ခဲ့သူ ဖြစ်သည်။
“ဟင်း...”
“လူသားတစ်ယောက်က ဒီမှာ ဘာလုပ်နေတာလဲ… ထွက်သွားစမ်း”
ရှန်မို ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးသော်လည်း မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီးမှ ခြိမ်းခြောက်သံဖြင့် ဟိန်းဟောက်လိုက်သည်။
ရှန်မို ပြုံးလိုက်ပြီး ငှက်မွေးကို မြှောက်ပြလိုက်သည်။ “နွားလားကြီးရေ... အစ်မတော် စာကလေးက ကျွန်တော့်ကို လွှတ်လိုက်တာပါ”
မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီးသည် ရင်းနှီးသော အငွေ့အသက်ကို ခံစားမိသွားပြီး အနည်းငယ် လျှော့ပေးလိုက်သည်။
“သူက သူ့ရဲ့ အမွေးကိုတောင် ပေးလိုက်တယ်ဆိုရင်တော့ မင်းကို ယုံပုံရတယ်”
“မင်း ကြိုက်တာလုပ်ပါ… ဒီမှာ ငါ့အတွက် မလိုအပ်တဲ့ ကောင်းကင်ရတနာတွေ ရှိတယ်… မင်း ယူသွားလို့ရတယ်”
နွားလားကြီးသည် သူ၏ ကြီးမားသော ခေါင်းကြီးကို ခါလိုက်ပြီး အေးစက်သော ရေကန်အတွင်းသို့ ပိုမို နက်ရှိုင်းစွာ နစ်မြုပ်သွားသည်။
ထိုအခါ ရှန်မိုလည်း မြေကမ္ဘာမိခင် အဆီအနှစ်ကို အလွယ်တကူ ရရှိခဲ့၏။ ဤကောင်းကင်ရတနာမှာ ရေအေးကန်၏ အောက်ခြေတွင် ရှိနေခြင်း ဖြစ်သည်။
သူ ပြုံးလိုက်ပြီး
“နွားလားကြီးရေ... ကျွန်တော် ခင်ဗျားရဲ့ မီးအဆိပ်တွေကို ဖယ်ရှားပေးနိုင်တယ်”
မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီးမှာ မခန့်လေးစားဖြင့် နှာမှုတ်လိုက်သည်။
“နိဗ္ဗာန်အဆင့် ကျင့်ကြံသူလေးက ငါ့ရဲ့ မီးအဆိပ်ကို ဖယ်ရှားပေးနိုင်မယ် ဟုတ်လား”
“အမြန်ထွက်သွားစမ်း… ငါ အခု စိတ်မကြည်ဘူး… ငါ့ကို လာမနှောင့်ယှက်နဲ့… ငါ့ကို ဒေါသထွက်အောင် လုပ်ရင် သူ့နဲ့ ဘယ်လောက်ပဲ ရင်းနှီးရင်းနှီး ငါ မင်းကို သတ်ပစ်လိမ့်မယ်”
ရှန်မို စကားများများ မပြောတော့ဘဲ သူ၏လက်နှစ်ဖက်ကို မြှောက်ကာ မီးလျှံများကို ဆင့်ခေါ်လိုက်သည်။ သူ၏ ဘယ်ဘက်လက်ဖဝါးတွင် ကိုးဘုံငရဲ ရေခဲမီးလျှံ လောင်ကျွမ်းနေသည်။ သူ၏ ညာဘက်လက်တွင်မူ ကိုးဆင့်ကောင်းကင် နတ်ဘုရား မိုးကြိုးမီးလျှံမှာ ထိန်ထိန်တောက်နေလေ၏။
ထိုထာဝရ မီးလျှံနှစ်ခု ရုတ်တရက် ထွက်ပေါ်လာမှုကို ခံစားမိလိုက်သည့်အခါ မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီးမှာ အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်သည်။
ဗွမ်း...
သူ ရေထဲမှ ရုတ်တရက် ထလာခဲ့သည်။ ၎င်း၏ ကြီးမားသော မျက်လုံးကြီးများမှာ ပြူးကျယ်သွားပြီး မီးလျှံများကို မယုံနိုင်စဖွယ် စိုက်ကြည့်နေသည်။
“ဒါက... တကယ်ပဲ”
၎င်း၏ နှာခေါင်းပေါက်များမှ ပူနွေးသော အသက်ရှူသံများ ပန်းထွက်လာရင်း အော်ဟစ်လိုက်သည်။
ကိုးဘုံငရဲ ရေခဲမီးလျှံအတွင်းမှ အသံတစ်ခု ထွက်ပေါ်လာသည်။
“ဟင်... ဒါ နွားပေါက်လေး မဟုတ်လား”
“မတွေ့ရတာ ကြာပြီပဲ… မင်း တော်တော်ကြီးလာတာပဲ”
မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီးသည် စိတ်လှုပ်ရှားစွာဖြင့် တုန်လှုပ်သွားသည်။
“ကျွန်တော့်ကို မှတ်မိနေတာပဲ… အစ်ကိုတော် ရေခဲ”
ကိုးဘုံငရဲ ရေခဲမီးလျှံမှ အားရပါးရ ရယ်မောလိုက်သည်။
“သေချာပေါက် မှတ်မိတာပေါ့… အဲဒီတုန်းက မင်းက ဟောင်အရှင်သခင် ကောက်လာတဲ့ နွားပေါက်လေးပဲ ရှိသေးတာလေ”
မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီးမှာ ရှက်ရွံ့သွား၏။ ကြီးပြင်းလာသော လူကြီးတစ်ယောက်သည် သူ့ကို ငယ်ငယ်က ချီပိုးခဲ့ဖူးသော အဒေါ်နှင့် ပြန်လည်ဆုံတွေ့ရသကဲ့သို့ပင်။
ရှန်မိုမှာလည်း မှင်သက်သွားရသည်။
ကိုးဘုံငရဲ ရေခဲမီးလျှံက မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီးကို အရင်ကတည်းက သိနေခဲ့တာလား။
နွားလားကြီးမှ ၎င်းကို အစ်ကိုတော် ရေခဲဟု ခေါ်သည်။ သူက နွားလားကြီးကို နွားလားကြီးဟု ခေါ်သည်။ သို့သော် သူသည် ကိုးဘုံငရဲ ရေခဲမီးလျှံ၏ သခင် ဖြစ်၏။
ဒါဆိုရင် အထက်အောက် အဆင့်အတန်းများ တော်တော်လေးကို ရှုပ်ထွေးကုန်ပြီ မဟုတ်လား။
မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီးမှ တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီး
“အစ်ကိုတော် ရေခဲ... အခု... ဒီလူသား ကျင့်ကြံသူရဲ့ ထိန်းချုပ်မှုကို ခံလိုက်ရတာလား”
ကိုးဘုံငရဲ ရေခဲမီးလျှံက ၎င်း၏ မျက်နှာကို တစ်ချက် ရိုက်လိုက်ပြီး
“မင်းရဲ့ ဘယ်ဘက်မျက်လုံးက ငါ့ကို ထိန်းချုပ်ခံထားရတယ်လို့ မြင်နေတာလဲ… ငါက ကိုယ့်အတွက် ရေရှည် ထမင်းကျွေးမယ့်သူ တစ်ယောက်ကို ရှာတွေ့ထားတာပဲ”
ကိုးဆင့်ကောင်းကင် နတ်ဘုရား မိုးကြိုးမီးလျှံမှာ ခပ်တိုးတိုး ရယ်မောလိုက်ပြီး
“အတိအကျပဲ… ငါတစ်ယောက်တည်းဆိုရင် ဒီလို သန့်စင်တဲ့ နတ်ဆိုးနှလုံးသားတွေကို နေ့တိုင်း စားရဖို့ မလွယ်ဘူးလေ”
မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီးမှာ ချွေးပြန်သွားရတော့၏။ ၎င်းသည် ကိုးဆင့်ကောင်းကင် နတ်ဘုရား မိုးကြိုးမီးလျှံကို မသိသော်လည်း ကိုးဘုံငရဲ ရေခဲမီးလျှံကိုမူ ရင်းနှီးသည်။ ထိုစဉ်က ဟောင်အရှင်သခင်သည် ၎င်းနှင့် တန်းတူညီမျှသော ပဋိညာဉ်ကို ဖွဲ့ခဲ့ခြင်း ဖြစ်သည်။ ၎င်း နောက်ကွယ်မှ လိုက်ပါခဲ့သည့် တစ်ခုတည်းသော အကြောင်းရင်းမှာ စားစရာ ရှာဖွေရန် ဖြစ်သည်။ ယခုလည်း ထိုနည်းအတိုင်းပင် ဖြစ်ပေလိမ့်မည်။ ဤအချက်က ကိုးဘုံငရဲ ရေခဲမီးလျှံသည် တစ်ခါမျှ ပြန်လည်ဝင်စားခြင်း မရှိခဲ့ဘဲ ၎င်း၏ ဝိညာဉ်မှာ မပြောင်းလဲဘဲ တည်ရှိနေကြောင်း သက်သေပြနေသည်။
“အစ်ကိုတော် ရှိနေမှတော့ အညစ်အကြေးမျိုးနွယ် နတ်ဆိုးတွေ ချန်ထားခဲ့တဲ့ မီးအဆိပ်က သေချာပေါက် ပျောက်ကင်းတော့မှာပဲ”
မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီးမှ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“စိတ်ချပါ နွားပေါက်လေးရာ”
ကိုးဘုံငရဲ ရေခဲမီးလျှံမှာ လူသားတစ်ဦးကဲ့သို့ ပြုံးလိုက်သည်။ ထို့နောက် ချက်ချင်းပင် သူ မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီး၏ ခန္ဓာကိုယ်ပေါ်သို့ ခုန်တက်လိုက်ရာ အဖြူရောင်နှင့် အပြာရောင်ရောယှက်နေသော မီးလျှံများ တောက်ပလာသည်။ ထိုပိုးကောင်ကဲ့သို့ တွယ်ကပ်နေသော မီးအဆိပ်မှာ ခုခံနိုင်စွမ်းမရှိဘဲ လောင်ကျွမ်းပျောက်ကွယ်သွားတော့၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီးသည် ၎င်း၏ အင်အားများ ဆုံးရှုံးနေမှုကို မခံစားရတော့ပေ။ သားရဲအရှင်သခင်တစ်ကောင်၏ ခန္ဓာကိုယ်မှ အံ့မခန်း ပြန်လည်ရှင်သန်နိုင်စွမ်းမှာ ချက်ချင်းပင် အလုပ်လုပ်လာတော့သည်။
နုပျိုသော အသားစနီနီလေးများမှာ သစ်ကိုင်းများသဖွယ် ထွက်ပေါ်လာပြီး အလျင်အမြန်ပင် တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားသည်ကို ရှန်မို မြင်တွေ့လိုက်ရ၏။ စက္ကန့် ငါးရာ မပြည့်မီမှာပင် အမွေးများနှင့် မိုးပြာရောင် အကြေးခွံများမှာ ပြန်လည်ပေါက်ဖွားလာပြီး ၎င်း၏ ခန္ဓာကိုယ်ကို တစ်ဖန် ပြန်လည် ဖုံးလွှမ်းသွားခဲ့သည်။
“ကျေးဇူးတင်ပါတယ်”
မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီးသည် ရှန်မိုကို အရိုအသေပေးသည့်အနေဖြင့် ခေါင်းကို လေးနက်စွာ နှိမ့်လိုက်သည်။
“စောစောက ငါ့စကားတွေက အရမ်း ရိုင်းစိုင်းသွားခဲ့တယ်… ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”
ရှန်မို ပြုံးလျက် ခေါင်းခါပြလိုက်သည်။
“နွားလားကြီးရယ်... ဒီလောက်အထိ အားနာစရာ မလိုပါဘူး… အခုကစပြီး ငါတို့အားလုံးက တစ်ဖက်တည်းသားတွေပဲလေ”
မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီးသည် နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားတော့၏။ ခဏအကြာတွင် တစ်စုံတစ်ခုကို သတိရသွားသည့်အလား သူ လေးနက်စွာဖြင့်
“မင်းမှာ ဒီထာဝရ မီးလျှံနှစ်ခုလုံး ရှိနေတာဆိုတော့... မင်း သခင်ဟောင်းရဲ့ ဂူဗိမာန်ထဲကို ဝင်ပြီး သူချန်ထားခဲ့တဲ့ အမွေအနှစ်အားလုံးကို ရနိုင်လိမ့်မယ်”
“အကယ်၍ မင်း လိုချင်တယ်ဆိုရင် ငါ မင်းကို အဲဒီကို ခေါ်သွားပေးနိုင်ပါတယ်”
Chapter 705 မန်ချန်းတောင်မှ ပညာရှင်များ
ရှန်မို ဘာမျှမတတ်နိုင်ဘဲ ရယ်မောလိုက်ရတော့သည်။
မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီး၏ သဘောထားပြောင်းလဲမှုမှာ အမှန်တကယ်ပင် လျင်မြန်လှသည်။ အစောပိုင်းကမူ ၎င်းသည် မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ စိတ်တိုဒေါသထွက်နေပုံ ပေါက်နေခဲ့၏။ ယခုမူ သူ့ကို အမြဲတမ်း ရိုရိုသေသေ ဆက်ဆံနေတော့သည်။
ရှီထျန်းဟောက်၏ အခွင့်အရေးမှာ မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီး အိပ်ပျော်နေစဉ် တိတ်တဆိတ် ခိုးဝင်ပြီး လျှို့ဝှက်နည်းစနစ်များကို အသုံးပြုကာ ၎င်း၏ အကြေးခွံများကြားထဲ၌ ပုန်းအောင်းရင်း ဟောင်အရှင်သခင်၏ ဂူဗိမာန်ထဲသို့ ခိုးဝင်ခဲ့ခြင်းကြောင့်သာ ရရှိခဲ့ခြင်း ဖြစ်သည်။
သို့သော် သူကတော့ မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီးကိုယ်တိုင် ရိုရိုသေသေ လိုက်လံပို့ဆောင်ပေးတာကို ခံရတော့မှာပဲ။
ရှန်မို ခပ်တိုးတိုး ရယ်မောလိုက်သည်။
“ကောင်းပါပြီ… သွားကြစို့”
မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီးသည် ဝမ်းသာအားရ အော်ဟစ်လိုက်ပြီး ရှန်မိုကို မြေပြင်ပေါ်သို့ ပြန်လည်တင်ဆောင်လာခဲ့၏။
ကောင်းကင်ဖုံးလွှမ်း တိမ်တိုက်စာကလေးသည် ၎င်း၏ အမွေးအတောင်များကို ပြုပြင်နေစဉ် မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီး ရုတ်တရက် ထွက်ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် လန့်သွားခဲ့သည်။
“အစ်ကိုတော် နွားလားကြီး… ဘာလို့ ထွက်လာတာလဲ”
မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီးမှ ပြုံးလိုက်ပြီး
“ဒီပုဂ္ဂိုလ်ကို သခင်ဟောင်းရဲ့ ဂူဗိမာန်ဆီ လိုက်ပို့ပေးမလို့”
စာကလေးငှက်၏ မျက်လုံးများမှာ တင်းမာသွားသည်။ “ဘာ... သခင်ဟောင်းရဲ့ စကားတွေကို အစ်ကိုတော် မေ့သွားပြီလား… ဂူဗိမာန်ထဲကို လူတစ်ယောက်ကို ဒီအတိုင်း ဘယ်လိုလုပ် ခေါ်သွားနိုင်မှာလဲ”
မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီးမှာ သူ့ခွာကိုမြှောက်ကာ ခေါင်းကို ကုတ်လိုက်သည်။
“မင်း သူ့ရဲ့ အထောက်အထားကို သိတယ်လို့ ငါထင်နေတာ”
စာကလေးငှက် မှင်သက်သွားသည်။
ထိုအခါမှ မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီးမှ
“ဒီပုဂ္ဂိုလ်ဆီမှာ ကိုးဘုံငရဲ ရေခဲမီးလျှံနဲ့ ကိုးဆင့်ကောင်းကင် နတ်ဘုရား မိုးကြိုးမီးလျှံ ရှိတယ်”
“အစ်ကိုတော် ရေခဲကို မင်းမှတ်မိသေးလား… အဲဒီတုန်းက မင်းက စာကလေးပေါက်လေးပဲ ရှိသေးတာ… ငါကလည်း နွားပေါက်လေးပဲ ရှိသေးတယ်လေ”
စာကလေးငှက်မှာ အလွန် အံ့အားသင့်သွားသည်။ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် သူ ရှန်မိုကို သေချာစိုက်ကြည့်ကာ
“မင်း... မင်းက အစ်ကိုတော် ရေခဲကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့တာလား… ဘာလို့ ငါ့ကို စောစောက မပြောခဲ့တာလဲ”
ရှန်မို ပခုံးတွန့်ပြလိုက်ပြီး
“ခင်ဗျားမှ မမေးတာ”
စာကလေးငှက်မှာ စွံ့အနေတော့သည်။
“မင်းဆီမှာ ဒီလို ထာဝရ မီးလျှံတွေ ရှိနေမှန်း ငါသိခဲ့ရင် မင်းကို ငါ့အသိုက်မှာ အစောင့်အဖြစ် ဘယ်တော့မှ ထားမှာ မဟုတ်ဘူး”
မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီး၏ မျက်လုံးများ ပြူးထွက်သွားသည်။
“မင်းက တကယ်ပဲ ဒီပုဂ္ဂိုလ်ကို အစောင့်အဖြစ် ခိုင်းရဲတာလား”
စာကလေးငှက် အနေရခက်စွာ ရယ်မောလိုက်သည်။
ရှန်မိုသည် အခြေအနေကို ထိန်းသိမ်းရန်အတွက် အလျင်အမြန် ကြားဝင်လိုက်ရ၏။
“အစ်မတော် စာကလေးကို အပြစ်မတင်ပါနဲ့… နောက်ပြီး သူက ကျွန်တော့်အပေါ် တကယ်ကြီး ရန်လိုတဲ့ စိတ်လည်း မရှိခဲ့ပါဘူး”
ရှန်မို၏ ကြားဝင်ညှိနှိုင်းမှုကြောင့် မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီးမှာ နောက်ဆုံးတွင် စိတ်လျှော့လိုက်သည်။
“လာပါ… မင်းကို သခင်ဟောင်းရဲ့ ဂူဗိမာန်ဆီ ခေါ်သွားပေးမယ်”
“စာကလေး... မင်း လိုက်မလာနဲ့ဦး”
မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီးမဗ အသံနိမ့်နိမ့်ဖြင့် ဟိန်းဟောက်လိုက်သည်။
“ဟုတ်ကဲ့”
စာကလေးငှက်၏ အကြည့်များမှာ မှေးမှိန်သွား၏။
ရှန်မို နားမလည်နိုင်စွာဖြင့်
“ဘာလို့ အစ်မတော် စာကလေးကို လိုက်ခွင့်မပြုတာလဲ”
မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီးမှ ခပ်တိုးတိုး ပြန်ဖြေသည်။
“သူ တစ်ခါက အမှားလုပ်ခဲ့ဖူးတယ်… ဒါကြောင့် သခင်ဟောင်းက သူ့ကို ဂူဗိမာန်ထဲကနေ မောင်းထုတ်ခဲ့တာ… အတိအကျ ပြောရရင် သူက သခင်ဟောင်းရဲ့ စိတ်ဝိညာဉ်သားရဲလို့ မသတ်မှတ်ရတော့ဘူး”
ရှန်မို ခေါင်းညိတ်ပြလိုက်၏။
“ဒါကြောင့်ကိုး”
ဝုန်း... ဝုန်း... ဝုန်း...
မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီးသည် မြေပြင်ကို အသာအယာ နင်းလိုက်ရာ သူ၏ ခန္ဓာကိုယ်မှာ ရွေ့လျားနေသော တောင်ကြီးတစ်လုံးသဖွယ် ရှေ့သို့ တိုးဝင်သွားသည်။ ၎င်းဖြတ်သန်းသွားရာ နေရာတိုင်းတွင် သစ်ပင်များ ပြိုလဲကာ တောင်ကုန်းများမှာ အက်ကွဲကုန်၏။ ငှက်များနှင့် သားရဲတိရစ္ဆာန်များမှာ ထိတ်လန့်တကြား ထွက်ပြေးကြသော်လည်း ကံမကောင်းသော သတ္တဝါများစွာမှာမူ ၎င်း၏ ခွာအောက်တွင် သေဆုံးကုန်ကြသည်။
မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီးသည် ထိုကဲ့သို့သော ကိစ္စအသေးအမွှားများအတွက် အရှိန်မလျှော့ပေ။ ရှန်မိုသည်လည်း ထိုအရာကို ဂရုမစိုက်ခဲ့ပေ။ ဤမျှ အင်အားကြီးမားသော သားရဲကြီးတစ်ကောင်အတွက် သာမန် လှုပ်ရှားမှုတစ်ခုသည်ပင် မရေမတွက်နိုင်သော သက်ရှိများကို သေဆုံးစေနိုင်သည်။ အကယ်၍ ၎င်းသည် သတ်ဖြတ်မိမှာကို ကြောက်ရွံ့ပြီး မလှုပ်ရှားရဲခဲ့လျှင် သေဆုံးသွားတာကမှ ပိုကောင်းပေလိမ့်မည်။
မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီး၏ ခွာလေးဖက်မှ မိုးပြာရောင် လေပြင်းများ ထွက်ပေါ်လာသည်။ မကြာမီမှာပင် ရှန်မိုသည် ဧရာမ နွားလားကြီးကို စီးနင်းလျက် မန်ချန်းတောင်တန်း၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိသွားခဲ့သည်။
မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီး၏ အသံကို တုံ့ပြန်သည့်အလား တောင်တန်းကြီးအတွင်းမှ ဟိန်းဟောက်သံများစွာ ထွက်ပေါ်လာသည်။ ထိုအသံများသည် နက်ရှိုင်းပြီး အင်အားကြီးမားလှသဖြင့် မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီးကဲ့သို့သော အခြား အရှင်သခင်အဆင့် သားရဲများ၏ အသံဖြစ်ကြောင်း သိသာလှသည်။
မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီးသည် ရပ်တန့်ကာ အကြိမ်အနည်းငယ် ပြန်လည်အော်ဟစ်လိုက်သည်။
မကြာမီမှာပင် အရပ်သုံးမျက်နှာမှ ပုံရိပ်သုံးခု ရောက်ရှိလာခဲ့၏။
အရှေ့ဘက်မှ ဧရာမ မြွေနက်ကြီးတစ်ကောင်၊ အနောက်ဘက်မှ လူမျက်နှာပုံစံ အသီးများ သီးနေသော ဧရာမ သစ်ပင်ကြီးတစ်ပင်ကဲ့သို့သော ငှက်ကြီးတစ်ကောင်၊ မြောက်ဘက်မှ ကျောပေါ်တွင် အတောင်ပံနှစ်ဖက် ပါရှိသော အနီရောင် ကျားကြီးတစ်ကောင်တို့ ရောက်လာသည်။
မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီးမှ “မိတ်ဆက်ပေးပါရစေ”
“ဟို မြွေနက်ကြီးက သေမင်းနက် ကောင်းကင်မြွေပဲ”
“ဟို လူမျက်နှာပုံစံ အသီးကတော့ ဟန်အငါ ကောင်းကင် ညောင်ပင်ကြီးရဲ့ အသီးပဲ… သူ့ရဲ့ မြစ်ဖျားခံရာက တောင်တန်းတွေရဲ့ အောက်ခြေမှာ အမြစ်တွယ်နေတာမို့လို့ ဒီကို ကိုယ်တိုင် မလာနိုင်ဘူး… ဒါကြောင့် သူ့ရဲ့ အသီးတစ်လုံးကိုပဲ စေလွှတ်လိုက်တာ”
“ဟို အနီရောင်ကျားကတော့ သွေးနီရောင် အတောင်ပံကျားပဲ”
ရှန်မို အသာအယာ ခေါင်းညိတ်ပြလိုက်သည်။
ဤသုံးကောင်မှာ မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီးနှင့် အဆင့်တူညီသော အရှင်သခင်အဆင့် သားရဲများ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည်။ ကောင်းကင်ဖုံးလွှမ်း တိမ်တိုက်စာကလေးထက် တစ်ဆင့် ပို၍ သန်မာကြသည်။
ရှန်မို စကားမပြောရသေးမီမှာပင် သေမင်းနက် ကောင်းကင်မြွေက ၎င်း၏ စူးရှသောအသံဖြင့် “နွားအိုကြီး... ဘယ်သူက မင်းကို ဒီလူသား ကျင့်ကြံသူကို ဒီခေါ်လာဖို့ ခွင့်ပြုလိုက်တာလဲ”
“သခင်ဟောင်း မထွက်ခွာခင် ပေးခဲ့တဲ့ အမိန့်ကို မင်း မေ့သွားပြီလား”
သွေးနီရောင် အတောင်ပံကျားကလည်း ဟိန်းဟောက်လိုက်သည်။
“ဘယ်လူသား ကျင့်ကြံသူမဆို နတ်ဆိုးတွေရဲ့ ညစ်ညမ်းစေမှုကို ခံထားရနိုင်တယ်”
“အခု မသိသာရင်တောင် သူ့ထဲမှာ ညစ်ညမ်းမှုရဲ့ မျိုးစေ့ ပါလာနိုင်သေးတယ်… သခင်ဟောင်းရဲ့ ဂူဗိမာန်က အရမ်းအရေးကြီးတယ်… ဒါကို နတ်ဆိုးတွေ လုံးဝ မသိစေရဘူး”
လူမျက်နှာပုံစံ အသီးမှ မျက်တောင်ခတ်လိုက်သည်။ ၎င်းအတွင်းမှ အသက်ကြီးသော အသံတစ်ခု ထွက်ပေါ်လာသည်။
“မြွေလေး... ကျားလေး... အလောမကြီးကြပါနဲ့ဦး… နွားလေးကို အရင် ရှင်းပြခွင့်ပေးလိုက်ပါ… သူက အမြဲတမ်း တည်ငြိမ်တဲ့သူပဲ… သူ မိုက်မိုက်မဲမဲ လုပ်မှာ မဟုတ်ဘူးလို့ ငါ ယုံကြည်တယ်”
မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီးမှ အေးစက်စွာ နှာမှုတ်လိုက်၏။
“သေချာပေါက် ငါ မိုက်မိုက်မဲမဲ မလုပ်ပါဘူး”
“ငါ သူ့ကို ဒီခေါ်လာရတဲ့ အကြောင်းရင်းက သူက သခင်ဟောင်း ကိုယ်တိုင် ရွေးချယ်ထားတဲ့ အမွေဆက်ခံသူ ဖြစ်နေလို့ပဲ”
သေမင်းနက် ကောင်းကင်မြွေက ချက်ချင်းပင် တုံ့ပြန်လိုက်သည်။
“အဓိပ္ပာယ်မရှိတာ… ဒီလို မုသားစကားတွေကို မပြောပါနဲ့”
“သူက နိဗ္ဗာန်အဆင့် ကျင့်ကြံသူလေးပဲ ရှိသေးတာ… သူက ဘယ်လိုလုပ်ပြီး သခင်ဟောင်းရဲ့ အမွေအနှစ်ကို ဆက်ခံဖို့ ထိုက်တန်မှာလဲ”
သွေးနီရောင် အတောင်ပံကျားက ထပ်မံ ဟိန်းဟောက်လိုက်သည်။
“လူစကားနဲ့ ပြောရရင် ဒါတွေက အနှစ်မရှိတဲ့ စကားတွေပဲ”
“နွားအိုကြီး... ငါတို့ကို သက်သေပြစမ်း”
ဟန်အင် ကောင်းကင် ညောင်ပင်ကလည်း လေးနက်စွာဖြင့်
“နွားလေး... အရင်တုန်းကလည်း မင်းက လူသား ကျင့်ကြံသူတွေကို ဒီခေါ်လာပြီး သခင်ဟောင်းရဲ့ အမွေဆက်ခံသူလို့ အကြိမ်ကြိမ် ပြောခဲ့ဖူးတယ်… ဒါပေမဲ့ တစ်ယောက်မှ ဟုတ်မနေခဲ့ဘူး”
“မင်းရဲ့ စိတ်ခံစားချက်ကို ငါ နားလည်ပါတယ်… ငါတို့ထဲက ဘယ်သူမှ ဒီမှာ ထာဝရ စောင့်ရှောက်နေချင်ကြတာ မဟုတ်ဘူး… ဒါပေမဲ့ ငါတို့ သခင်ဟောင်းရဲ့ ယုံကြည်မှုကို ဘယ်တော့မှ သစ္စာမဖောက်သင့်ဘူး”
မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီးသည် အနေရခက်သွားပုံရသည်။
ရှန်မိုမှာလည်း ရယ်ရခက်၊ ငိုရခက် ဖြစ်သွားရတော့၏။
ဆိုလိုတာက မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီးက အရင်ကလည်း လူတွေကို ဒီကို မကြာခဏ ခေါ်လာဖူးတာပေါ့။
သေမင်းနက် ကောင်းကင်မြွေက စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။
“မင်း ဘယ်လိုပဲ ပြောပြော ဒီလူသားက သခင်ဟောင်းရဲ့ အမွေကို ဆက်ခံဖို့ အရည်အချင်းရှိမရှိဆိုတာ ငါတို့ အားလုံးရဲ့ စမ်းသပ်မှုကို ခံယူရမယ်”
သွေးနီရောင် အတောင်ပံကျားက
“နွားအိုကြီး... မင်းရဲ့ စေတနာကို ငါတို့ နားလည်ပါတယ်… ဒါပေမဲ့ ဒီအစီအစဉ်ကိုတော့ ကျော်လို့ မရဘူး”
“အကယ်၍ ဒီလူသားက အရည်အချင်းမရှိဘူးဆိုရင် သူ့ရဲ့ မှတ်ဉာဏ်တွေကို ဖျက်ပစ်ရမယ်… ပြီးရင် သူ့ကို မန်ချန်းတောင်တန်းထဲကနေ မောင်းထုတ်ပစ်ရမယ်… ဘယ်တော့မှ ပြန်မလာနိုင်အောင်ပေါ့”
ဤတစ်ကြိမ်တွင် ဟန်အင် ကောင်းကင် ညောင်ပင်ကြီးမှာ စကားမပြောတော့သော်လည်း ၎င်း၏ တိတ်ဆိတ်နေမှုမှာ ထိုစကားကို သဘောတူကြောင်း ဖော်ပြနေသည်။
မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီးမှ ရယ်မောလိုက်၏။ သူ အလွန် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရယ်မောလိုက်ခြင်း ဖြစ်သည်။
“အမှန်အတိုင်း ပြောရရင်... ဒီပုဂ္ဂိုလ်ဆီမှာ ကိုးဘုံငရဲ ရေခဲမီးလျှံနဲ့ ကိုးဆင့်ကောင်းကင် နတ်ဘုရား မိုးကြိုးမီးလျှံ ရှိတယ်”
“သခင်ဟောင်းတောင် မလုပ်နိုင်ခဲ့တဲ့ အရာကို သူက လုပ်ဆောင်နိုင်ခဲ့တယ်”
“သူက သခင်ဟောင်းရဲ့ အမွေအနှစ်ကို ဆက်ခံဖို့ အကြွင်းမဲ့ အရည်အချင်းရှိတယ်”
“ဘာ…”
ထိုစကားကို ကြားရသည့်အခါ သေမင်းနက် ကောင်းကင်မြွေနှင့် သွေးနီရောင် အတောင်ပံကျားတို့မှာ အပြင်းအထန် တုန်လှုပ်သွားကြသည်။ ဟန်အင် ကောင်းကင် ညောင်ပင်၏ အိုမင်းလှသော မျက်လုံးများမှာ ပြူးကျယ်သွားပြီး မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွား၏။
ကိုးဘုံငရဲ ရေခဲမီးလျှံ။
ကိုးဆင့်ကောင်းကင် နတ်ဘုရား မိုးကြိုးမီးလျှံ။
ထာဝရ မီးလျှံစာရင်းတွင် အဆင့်လေးနှင့် အဆင့်နှစ် ရှိသော မီးလျှံများ ဖြစ်သည်။ ဟောင်အရှင်သခင်ကိုယ်တိုင်ပင်လျှင် ကိုးဘုံငရဲ ရေခဲမီးလျှံနှင့် တန်းတူညီမျှသော ပဋိညာဉ်ကိုသာ ဖွဲ့နိုင်ခဲ့ခြင်း ဖြစ်သည်။ ကိုးဆင့်ကောင်းကင် နတ်ဘုရား မိုးကြိုးမီးလျှံဆိုလျှင် ဟောင်အရှင်သခင်ကိုပင် အသိအမှတ် မပြုခဲ့ဖူးပေ။
သို့သော် ဤလူသား ကျင့်ကြံသူမှ နှစ်ခုစလုံးကို အောင်မြင်စွာ ထိန်းချုပ်ထားနိုင်သည်လား။
“မဖြစ်နိုင်တာ…”
သေမင်းနက် ကောင်းကင်မြွေမှ ပါးစပ်ဟလိုက်ရုံသာ ရှိသေးသော်လည်း ရှန်မို သူ၏ လက်နှစ်ဖက်ကို မြှောက်လိုက်သည်။
သူ၏ ဘယ်ဘက်လက်တွင် ရေခဲဖြူရောင် မီးလျှံများ တောက်ပလာသည်။ ညာဘက်လက်တွင်မူ ရွှေရောင် မီးလျှံများ လောင်ကျွမ်းနေ၏။
၎င်းမှာ အမှန်တကယ်ပင် ဒဏ္ဍာရီလာ ထာဝရ မီးလျှံနှစ်ခု ဖြစ်ပေသည်။
သေမင်းနက် ကောင်းကင်မြွေ၊ သွေးနီရောင် အတောင်ပံကျားနှင့် ဟန်အင် ကောင်းကင် ညောင်ပင်ကြီးတို့မှာ လုံးဝ တိတ်ဆိတ်သွားကြတော့သည်။
လေထုမှာ အလွန်ပင် ငြိမ်သက်သွားသဖြင့် အပ်တစ်ချောင်း ကျသံကိုပင် ကြားရနိုင်လောက်ပေသည်။