အခန်း (၂၅၁-၂၅၂)
Vol. 26 Ch. 251-252
အခန်း (၂၅၁) - တိမ်မီးလျှံ ဂဠုန်ငှက်ကြီးနှင့် ဆုံတွေ့ရခြင်း
လော့ထျန်းအဖွဲ့ချုပ်အတွင်းရှိ ကျင့်ကြံသူ တစ်ရာနီးပါးကြားတွင် သတင်းတစ်ခုမှာ လေဟုန်စီးသလို ပျံ့နှံ့သွားခဲ့သည်။ ၎င်းမှာ အခြေအမြစ်မရှိသော ကောလာဟလမျှ မဟုတ်ဘဲ အတည်ပြုပြီးသား အချက်အလက်စစ်စစ် ဖြစ်နေသည်။
စီမံခန့်ခွဲရေးမှူး ဟူသော ရာထူးသစ်တစ်ခုကို အသစ် ခန့်အပ်လိုက်ပြီဖြစ်သည်။
ထိုရာထူးမှာ ခန်းမခေါင်းဆောင်၊ အကြီးအကဲ သို့မဟုတ် တာဝန်ခံ အစရှိသည့် ရာထူးအဆင့်ဆင့်နှင့် လုံးဝဥဿုံ ကွဲပြားခြားနားလှသည်။ အစပိုင်းတွင် ထိုအမည်နာမမှာ လူတိုင်းအတွက် စိမ်းသက်နေသော်လည်း မကြာမီမှာပင် အားလုံး တညီတညွတ်တည်း လက်ခံသွားကြတော့သည်။
စီမံခန့်ခွဲရေးမှူး ဟူသည်မှာ အခြေအနေအရပ်ရပ်ကို ခြုံငုံညွှန်ကြားသူနှင့် နောက်ဆုံးဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင်နိုင် ချမှတ်သူဟု အဓိပ္ပာယ်ရသည်။ ဤကဲ့သို့သော ရာထူးပေါ်ပေါက်လာခြင်းမှာ အံ့ဩဖွယ်ရာတော့မဟုတ်ချေ။ ကျင့်ကြံခြင်း မျိုးနွယ်စုတစ်ခုတွင်ဆိုပါက ၎င်းမှာ မျိုးနွယ်စုခေါင်းဆောင်နှင့် တူညီပြီး မျိုးနွယ်စု ဘိုး ဘေးပြီးလျှင် ဒုတိယအာဏာအရှိဆုံး ဖြစ်သည်။ ဂိုဏ်းတစ်ခုတွင်ဆိုပါက ဂိုဏ်းချုပ်နှင့် တူညီပြီး အမြင့်မြတ်ဆုံး အကြီးအကဲပြီးလျှင် အာဏာအရှိဆုံးပင် ဖြစ်သည်။ စီမံခန့်ခွဲရေးမှူး၏ တာဝန်မှာ အဖွဲ့ချုပ်ခေါင်းဆောင်ကိုယ်စား ကိစ္စရပ်အားလုံးကို စီမံခန့်ခွဲရန်နှင့် အဆုံးအဖြတ်ပေးရန်ဖြစ်သည်။ လော့ထျန်းအဖွဲ့တွင်မူ ပို၍ အရပ်သုံးစကားဆန်သော အခေါ်အဝေါ်ကို အသုံးပြုလိုက်ခြင်းသာ ဖြစ်သည်။
လူအများကို အံ့အားသင့်စေသည်မှာ ရာထူးအသစ် ဖန်တီးခြင်းထက် ထိုရာထူးတွင် ခန့်အပ်ခံရသူကြောင့်ဖြစ်သည်။ အဆိုပါရာထူးမှာ လူတိုင်းရင်နှီးနေသော မုရုံချင်းလျန် ထံသို့ မရောက်ခဲ့သလို၊ အမည်ခံရာထူးသာရှိပြီး အဖွဲ့ချုပ်ခေါင်းဆောင်နှင့် ရင်းနှီးရုံမှအပ ဘာမျှ မယ်မယ်ရရ လုပ်ဆောင်ချက်မပြနိုင်သော ချင်လျန်ချန်း ထံသို့လည်း မရောက်ရှိခဲ့ပေ။ ထို့အစား ရွှေခန်းမဆောင်ဆောင်မှ အမျိုးသမီးကျင့်ကြံသူ စီမာဟွေ့နန် ထံသို့သာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိသွားခြင်း ဖြစ်သည်။
လူတိုင်း သူမကို ကောင်းစွာ သိကြသည်။ သူမသည် တာဟဲဈေးမြို့တော်တွင် နာမည်ကျော်ကြားလှသော စီမာမောင်နှမသုံးဦးထဲမှ နာမည်ကောင်းဖြင့် လူသိများသူ ဖြစ်သည်။ သူမသည် ပြင်ပလောကတွင် နာမည်ကောင်းရှိပြီး ဆက်ဆံရေးပြေပြစ်ကာ အလုပ်လုပ်ရာတွင်လည်း အလျှော့အတင်း မျှတသူဖြစ်သည်ဟု လူသိများသည်။
လော့ထျန်းအဖွဲ့သို့ ရောက်လာချိန်တွင် ချီသန့်စင်အဆင့် ၉ ရှိသော အမျိုးသမီးကျင့်ကြံသူ လေးဦးအနက် တစ်ဦးအဖြစ် လူအများ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။
လော့ထျန်းအဖွဲ့ရှိ အဆင့် (၉) အမျိုးသမီးကျင့်ကြံသူ လေးဦးအနက် အဘွားယွမ်မှာ အသက်ကြီးလှပြီဖြစ်ပြီး၊ မုရုံချင်းလျန်မှာလည်း အိမ်ထောင်သည် ဖြစ်သည်။
ရွှေခန်းမဆောင်ခေါင်းဆောင် ကူချိုင်ယီမှာလည်း အဖွဲ့ချုပ်ခေါင်းဆောင်နှင့် သတင်းထွက်နေသဖြင့် မည်သူမျှ မပတ်သက်ရဲပေ။
ဤတစ်ဦးတည်းသော စီမာဟွေ့နန်မှာမူ စရိုက်ကောင်းပြီး ခေသူမဟုတ်သော်လည်း ထင်ရှားသော ရာထူးမရှိသေးသဖြင့် အမျိုးသားကျင့်ကြံသူများ၏ မျက်စိကျခြင်းကို ခံခဲ့ရသည်။
စီမာမောင်နှမ သုံးဦးထဲမှ သူမ၏ မောင်နှင့် အစ်ကိုဖြစ်သူမှာ အကြီးအကဲနှင့် တာဝန်ခံရာထူးများ ရရှိထားသော်လည်း အတော်ဆုံးဖြစ်သည့် စီမာဟွေ့နန်မှာ အဘယ်ကြောင့် ရွှေခန်းမဆောင်တွင် သောင်တင်နေရသနည်းဟု လူအများက တွေးတောခဲ့ကြဖူးသည်။
သို့သော် အဖွဲ့ချုပ်ခေါင်းဆောင်က ဤမျှအထိ သတ္တိရှိလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။ သူမအား စီမံခန့်ခွဲရေးမှူး ရာထူးသို့ တိုက်ရိုက် မြှင့်တင်ပေးလိုက်သည်။
ထိုအချိန်မှစ၍ လော့ထျန်းအဖွဲ့ချုပ်အတွင်း သူမ၏ အဆင့်အတန်းမှာ လော့ချန်ပြီးလျှင် ဒုတိယအမြင့်ဆုံး ဖြစ်လာခဲ့သည်။ သူမသည် ခန်းမခေါင်းဆောင် လေးဦးအပါအဝင် အားလုံး၏ ထိပ်၌ ရှိနေသည်။ အဘွားယွမ်သည် ဆေးဖော်ခန်းမဆောင်၏ ဒုတိယခေါင်းဆောင် ဖြစ်သော်လည်း သူမ၏ အမိန့်ကို နာခံရပေမည်။ လော့ချန် ဆုံးဖြတ်ရမည့် ကိစ္စရပ်မှန်သမျှကို သူမထံ တင်ပြရမည်ဖြစ်ပြီး စီမာဟွေ့နန်ကသာ ဆုံးဖြတ်ချက် ချပေးတော့မည် ဖြစ်သည်။
သူမ၏ ရုတ်တရက် ရာထူးတက်လာမှုမှာ လူအများကြား ပြောစရာ ဖြစ်လာခဲ့သည်။
မကြာမီမှာပင် ထိုသတင်းမှာ လော့ထျန်းအဖွဲ့ချုပ် တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။ အောက်ခြေကျင့်ကြံသူများက တီးတိုးပြောဆို ဝေဖန်နေကြသော်လည်း လော့ထျန်းအဖွဲ့၏ ထိပ်တန်းခေါင်းဆောင်များမှာမူ တိတ်ဆိတ်နေကြသည်။ မည်သူမျှ ကန့်ကွက်ခြင်း မရှိကြပေ။ လက်တွေ့တွင်လည်း သူတို့သည် ကိစ္စရပ်များကို လော့ချန်ထံသို့ တင်ပြမည့်အစား စီမာဟွေ့နန်ထံသို့သာ တိုက်ရိုက် တင်ပြနေကြပြီ ဖြစ်သည်။
လော့ချန်သည် လူတိုင်း၏ တုံ့ပြန်မှုများကို အရိပ်တကြည့်ကြည့် စောင့်ကြည့်နေခဲ့သည်။ မည်သည့် မငြိမ်မသက်မှုမျှ ဖြစ်မလာသည်ကို မြင်သောအခါမှ သူ စိတ်သက်သာရာရကာ သက်ပြင်းချနိုင်တော့သည်။
စီမာဟွေ့နန်ကို ဂိုဏ်းချုပ်ကဲ့သို့ ထားကာ မိမိကိုယ်မိမိ အမြင့်မြတ်ဆုံး အကြီးအကဲအဖြစ် နေထိုင်ရန် ဆုံးဖြတ်ခြင်းမှာ အနည်းငယ် စွန့်စားရာ ရောက်သော်လည်း ကျင့်ကြံခြင်းလမ်းစဉ်အတွက်မူ ဤခြေလှမ်းမှာ မဖြစ်မနေ လိုအပ်လှပေသည်။ အကယ်၍ သူသာ အဆုံးမရှိသော ဗာဟီရကိစ္စများကြားတွင် နစ်မွန်းနေပါက နတ်ဘုရား ဝိညာဉ်အမြစ် ရှိသည့်တိုင်အောင် တဖြည်းဖြည်း ပင်ပန်းနွမ်းနယ်လာပေလိမ့်မည်။
စီမာဟွေ့နန်ကို ရွေးချယ်ရခြင်းမှာလည်း လော့ချန် အကြိမ်ကြိမ် စဉ်းစားပြီးမှ ဖြစ်သည်။
ပထမအချက်မှာ သူမ၏ အရည်အချင်း ဖြစ်သည်။ ထိုအချက်နှင့် ပတ်သက်လျှင်မူ မည်သူမျှ ငြင်းချက်ထုတ်၍ မရချေ။ အကြောင်းမူ ဤခေတ်ကာလတွင် မောင်နှမ နှစ်ဦးကို ဦးဆောင်ကာ နယ်အနှံ့ လှည့်လည်နိုင်ပြီး မိမိခြေထောက်ပေါ်မိမိ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့သည်မှာ အမှန်တကယ် အရည်အချင်းရှိသောကြောင့်သာလျှင် ဖြစ်သည်။
ဒုတိယအချက်မှာ သူမ၏ ပင်ကိုယ်စရိုက်ဖြစ်သည်။ အကယ်၍ သူမသည် ကျေးဇူးကန်းသူ သို့မဟုတ် အကျိုးအမြတ်တစ်ခုတည်းကိုသာ ကြည့်သူ ဖြစ်ပါက လော့ချန်အနေနှင့် ဘယ်သောအခါမှ ယုံကြည်မည် မဟုတ်ပေ။ သို့သော် သူမ၏ စိတ်နေစိတ်ထားကို သူ ကောင်းစွာ နားလည်ထားသည်။ သူမသည် အဆင့်နိမ့်ကျင့်ကြံသူများအပေါ် စေတနာထားတတ်ပြီး အင်အားကြီးသူများအပေါ်တွင်မူ မတုန်မလှုပ် ရင်ဆိုင်ရဲသည်။
စီမာဟွေ့နန်ကို မခေါ်ယူမီ လော့ချန်သည် ကူချိုင်ယီနှင့် ကျန်းဝမ်တို့ထံမှ သူမအကြောင်းကို မေးမြန်းခဲ့သေးသည်။ သူမသည် လူမှုဆက်ဆံရေး အလွန်ကောင်းမွန်ပြီး လုပ်ဖော်ကိုင်ဖက်များနှင့် ဆက်ဆံရေး ကောင်းမွန်အောင် အမြန် တည်ဆောက်နိုင်သူ ဖြစ်သည်။ ဆက်ဆံရခက်သော မိတ်ဖက်များနှင့် ရင်ဆိုင်ရလျှင်လည်း အပြောအဆိုညက်ကာ အဆင်ပြေသွားအောင် ညှိပေးတတ်သူဖြစ်သည်။ သူမသည် အဖွဲ့အစည်းအတွင်း ဟန်ချက်ညီအောင် ထိန်းညှိနိုင်သလို ပြင်ပဖိအားများကိုလည်း ကြံ့ကြံ့ခံနိုင်စွမ်း ရှိသည်။ ထိုကဲ့သို့သော မျှတမှုရှိသူမှာ စီမံခန့်ခွဲသူ နေရာအတွက် အလွန် သင့်တော်လှပေသည်။
နောက်ဆုံးအချက်မှာ သူမ၏ နောက်ခံဖြစ်သည်။ ဤအချက်မှာ သူမ၏ အရည်အချင်းနှင့် စရိုက်ကဲ့သို့ပင် လော့ချန်အတွက် အရေးကြီးသည်။ သူမသည် ဖိုရှန်းဂိုဏ်းမှ အဖွဲ့ဝင်ဟောင်း မဟုတ်သလို သူ၏ အရင်းနှီးဆုံး လူယုံများထဲကလည်း မဟုတ်ပေ။ သူမသည် ပြင်ပမှ လာသော နယ်လှည့်ကုန်သည်တစ်ဦးသာဖြစ်ပြီး အဖွဲ့အတွင်း၌ မောင်နှမနှစ်ဦးမှလွဲ၍ အခြားအားကိုးရာ မရှိပေ။
သူမကဲ့သို့သော လူမျိုးကို ဂိုဏ်းချုပ်နှင့် ညီမျှသော နေရာတွင် ထားခြင်းဖြင့် အားသာချက်များစွာ ရှိသည်။ သူမသည် အာဏာ အရမ်းကြီးထွားလာမည် မဟုတ်သလို၊ အဖွဲ့အစည်းအတွင်းရှိ အမြစ်တွယ်နေသော ဆက်ဆံရေးများ၏ ဝန်ထုပ်ဝန်ပိုးကိုလည်း ထမ်းထားရမည် မဟုတ်ပေ။ အရေးအကြီးဆုံးမှာ သူမသည် အောက်ခြေကျင့်ကြံသူများအတွက် စံပြနမူနာတစ်ခု ဖြစ်လာနိုင်ခြင်းပင်။
သူမကို ခန့်အပ်လိုက်ခြင်းမှာ အဖွဲ့ချုပ်ခေါင်းဆောင်သည် ပုဂ္ဂိုလ်ရေး ဆက်ဆံရေးထက် အရည်အချင်းကိုသာ ဦးစားပေးကြောင်း သက်သေပြလိုက်ခြင်း ဖြစ်သည်။ အမှန်တကယ် အရည်အချင်းရှိပါက ပြင်ပလူ ဖြစ်နေသည့်တိုင်အောင် အစစ်အမှန် အာဏာရှိသော နေရာသို့ တက်လှမ်းနိုင်ကြောင်း ပြသလိုက်ခြင်းပင် ဖြစ်သည်။ ထိုအချက်အားလုံးကို ချိန်ဆပြီးနောက် လော့ချန် ဤဆုံးဖြတ်ချက်ကို ပြတ်သားစွာ ချမှတ်ခဲ့ခြင်း ဖြစ်သည်။
....
ခန့်အပ်မှု ကြေညာပြီးနောက်တွင် လော့ထျန်းအဖွဲ့ချုပ်မှာ ပြောင်းလဲသွားခဲ့သည်။ အဖွဲ့ဝင်များမှာ ယခင်က ခေါင်းပြတ်နေသော ယင်ကောင်များကဲ့သို့ ပရမ်းပတာ ဖြစ်နေခဲ့သော်လည်း ယခုအခါ တည်ငြိမ်လာတော့သည်။
ခန်းမခေါင်းဆောင် သုံးဦးမှာလည်း အသေးအဖွဲ့ကိစ္စရပ်တိုင်းအတွက် ဆေးဖော်ခန်းမဆောင်သို့ အပြေးအလွှား သွားစရာ မလိုတော့ချေ။ အရေးကြီးသော ကိစ္စများအတွက်လည်း လော့ချန် ဆေးဖော်စပ်နေစဉ် နှောင့်ယှက်မိမှာ စိုး၍ အပြင်ဘက်တွင် တွန့်ဆုတ်ကာ စောင့်နေစရာ မလိုတော့ပေ။ ထို့အစား သူတို့သည် စီမာဟွေ့နန်ထံသို့သာ တိုက်ရိုက် အစီရင်ခံကြသည်။ ဆွေးနွေးပြီးနောက် သူမမှ ဆုံးဖြတ်ချက်များကို လျင်မြန်စွာ ချမှတ်ပေးသည်။
လော့ထျန်းအဖွဲ့၏ လည်ပတ်မှုမှာ ပိုမိုမြန်ဆန်လာသည်။
လူအင်အားနှင့် အရင်းအမြစ်များကို အသုံးချမှုမှာလည်း မှန်ကန်သော ဟန်ချက်တစ်ခုအတွင်းသို့ ကျရောက်သွားတော့သည်။
အရေးကြီးဆုံးမှာ လော့ချန်တစ်ယောက် အသေးအဖွဲကိစ္စများမှ လွတ်မြောက်သွားခြင်းပင်။ အလွန် အရေးကြီးသော ကိစ္စမဟုတ်ပါက မည်သူမျှ သူ၏ ဆေးဖော်စပ်ခြင်းနှင့် ကျင့်ကြံခြင်းကို မနှောင့်ယှက်ကြတော့ချေ။
ထို့အပြင် စီမာဟွေ့နန်က သူ့အာဏာကို သိမ်းပိုက်သွားမည်ကိုလည်း စိုးရိမ်စရာမလိုပေ။
အကြောင်းမှာ လော့ထျန်းအဖွဲ့တစ်ခုလုံးမှာ သူကိုယ်တိုင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အဓိကနေရာများတွင် ရှိနေသူများမှာလည်း သူ၏ ရင်းနှီးသော လူရင်းများသာ ဖြစ်သောကြောင့်ပင်။
အချိန်ကြာလာသည်နှင့်အမျှ စီမာဟွေ့နန်ကို စီမံခန့်ခွဲရေးမှူးအဖြစ် ခန့်အပ်လိုက်ခြင်း၏ နောက်ထပ် အားသာချက်တစ်ခုကို လော့ချန် တွေ့ရှိခဲ့သည်။ သူမသည် အခြားသူများ၏ ပြစ်ချက်ကို ထောက်ပြပြောဆိုရမည့် ဝန်ထုပ်ဝန်ပိုးကို လော့ချန်ကိုယ်စား ထမ်းဆောင် ပေးမည့်သူ ဖြစ်လာခြင်းပင် ဖြစ်သည်။
အကြောင်းမူ ယခင်က လော့ချန်သည် လော့ထျန်းအဖွဲ့ချုပ်ရှိ ကျင့်ကြံသူများကို အမြဲ စေတနာဖြင့် ဆက်ဆံခဲ့သည်။ သူသည် အသံကျယ်ကျယ်ဖြင့် အော်ဟစ်လေ့ မရှိသလို အပြစ်ပေးခြင်းလည်း ရှားပါးလှသည်။ ဤသည်မှာ လော့ထျန်းအဖွဲ့ချုပ်၏ ဖွဲ့စည်းပုံနှင့်လည်း သက်ဆိုင်နေသည်။ အဖွဲ့အတွင်းရှိ လူအများအပြားမှာ သူ၏ လက်အောက်ငယ်သားဟောင်းများ သို့မဟုတ် မိတ်ဆွေရင်းများ ဖြစ်နေသောကြောင့်ပင်။ မိတ်ဆွေများအား အသေးအဖွဲကိစ္စများအတွက် ပြင်းပြင်းထန်ထန် ပြောဆိုရန်မှာ သူ့အတွက် ခက်ခဲလှသည်။
ရေတိုတွင် ထိုသို့ သက်ညှာခြင်းမှာ ဆိုးကျိုးမရှိသော်လည်း ကာလရှည်တွင်မူ အဖွဲ့၏ ဖွံ့ဖြိုးတိုးတက်မှုကို ခြိမ်းခြောက်လာနိုင်သည်။ လော့ချန်သည် ဤအချက်ကို ကောင်းစွာ နားလည်သော်လည်း ရုတ်တရက်အုပ်ချုပ်မှုပုံစံကို ပြောင်းလဲရန် ခက်ခဲနေခဲ့သည်။ ထိုအချိန်မျိုးတွင် သမိုင်းတွင် လေ့လာရဖူးသည့် ဧကရာဇ်မင်းတစ်ပါးသည် ယခင် သူ တိုင်းပြည်များကို သိမ်းပိုက်စဥ်က ကူညီခဲ့သော စစ်သူကြီးများကို နောက်ပိုင်းတွင် အာဏာဖီဆန်လာ၍ မတတ်သာဘဲ ကွပ်မျက်ခဲ့သည်ကို မဆီမဆိုင်သတိရစေသည်။
ယခုအခါ စီမာဟွေ့နန်က စီမံခန့်ခွဲရေးမှူး တာဝန်ကို ယူလိုက်သောအခါတွင်မူ အခြေအနေများ ပြောင်းလဲသွားသည်။ သူမသည် ပြင်ပလူတစ်ဦး ဖြစ်ပြီး အဖွဲ့ချုပ်အတွင်း၌ မည်သူနှင့်မျှ မျက်နှာပူရမည့် ဆက်ဆံရေးမျိုးမရှိပေ။ ထို့ကြောင့်ပင် သူမသည် ကိစ္စရပ်များကို ကိုင်တွယ်ရာတွင် ပိုမို တင်းကျပ်သော ပုံစံကို ကျင့်သုံးလာခဲ့သည်။ အဖွဲ့ဝင်များကို အပြင်းအထန် အပြစ်ပေးခြင်းမျိုး မလုပ်သော်လည်း မပြောမဖြစ်ပြောရမည့် ကိစ္စများ၊ အလုပ်အပါးခိုကာ ပျင်းရိမှုများကိုမူ အဆုံးသတ်စေခဲ့သည်။
ဥပမာအားဖြင့် လော့ချန်၏ မိတ်ဆွေဟောင်း ကျန်းဝမ်ပင်လျှင် ရွှေခန်းမဆောင်ရှိ သူ၏ တာဝန်များကို ကျေပွန်စွာမထမ်းဆောင်ဘဲ ထပ်ခါတလဲလဲ ပေါ့လျော့ခဲ့သောကြောင့် စီမာဟွေ့နန်၏ ပြင်းထန်စွာ ဝေဖန်ခြင်းကို ခံရကာ လစာပင် အဖြတ်ခံလိုက်ရသည်။
ထိုအခါ ဒေါသူပုန်ထသွားသော ကျန်းဝမ်သည် ထန်ချွမ်ထံသို့ သွားကာ လော့ချန် အားမည့်အချိန်ကို မေးမြန်းခဲ့ပြီးနောက် လော့ချန်ထံသို့ တိုက်ရိုက် လာရောက် တိုင်တန်းတော့သည်။
လော့ချန်သည် သူ့မိတ်ဆွေဟောင်းကြီး စိတ်သက်သာရာ ရစေရန်အတွက် စီမာဟွေ့နန်ကို သူပါ မကျေနပ်သယောင် အတူတူ ဝိုင်း၍ ဆဲပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် အာဏာလွှဲထားပြီးဖြစ်၍ သူမ၏ ဆုံးဖြတ်ချက်ကို လေးစားရမည်ဟု ပြောဆိုကာ ဖျောင်းဖျလိုက်သည်။ နောက်ဆုံးတွင် သူသည် ကျန်းဝမ်အား ဆေးလုံး တစ်ပုလင်း၊ နှစ်ပုလင်းပေးကာ ချော့မော့ ပြန်လွှတ်လိုက်သည်။ စီမာဟွေ့နန်၏ ဆုံးဖြတ်ချက်ကိုမူ လုံးဝ ပြင်ဆင်ခြင်းမပြုခဲ့ပေ။ ကျန်းဝမ်အား ပြန်လွှတ်လိုက်ပြီးနောက် လော့ချန်၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာသည်။
“ဟားဟား.... စီမံခန့်ခွဲတယ်ဆိုတာ ဒါမျိုးပဲ ဖြစ်ရမယ်.... အင်းလေ တစ်ယောက်က လူကောင်းဖြစ်ချင်ရင် တစ်ယောက်ကတော့ အမုန်းခံရမှာပေါ့.... တကယ်လို့ ငါ့အနေအထားနဲ့ အဖွဲ့ဝင်တွေကို ပြစ်ချက် တွေ့တိုင်း လိုက်ထောက်မယ်ဆို ငါ့ကိုလူမုန်းများကြမှာပဲ.... လူရင်းတွေကို ပြောမိရင် သူတို့တွေ စိတ်ခုပီး တစ်ချိန်ချိန် လော့ထျန်းအဖွဲ့ချုပ် ပြိုကွဲတဲ့အထိတောင် ဖြစ်သွားနိုင်တယ်.... အခု စီမာဟွေ့နန်က အဲ့ဒီတာဝန်ကို ယူထားပေးတော့ အရမ်းအဆင်ပြေသွားပြီ.... ဒီမိန်းကလေး အလုပ်လုပ်တာ တော်တယ်ပြောရမယ်.... ဒီရာထူးနဲ့တော့လိုက်သားပဲ....”
ထိုအတွေးများနှင့်အတူ လော့ချန်သည် ဆေးဖော်စပ်ခန်းအတွင်းသို့ ခြေလှမ်းကျဲကြီးဖြင့် ဝင်လိုက်သည်။ ယခုအခါ ချီလမ်းကြောင်းဆေးလုံးများကို ဖော်စပ်ရမည့် အချိန်ဖြစ်သည်။
ပြီးခဲ့သော ရက်များအတွင်း သူသည် စီမာဟွေ့နန်ထံသို့ တာဝန်များ လွှဲပြောင်းပေးခြင်းနှင့် သူမ၏ အာဏာကို ခိုင်မာအောင် လုပ်ဆောင်ပေးခြင်းတို့ဖြင့် အလုပ်ရှုပ်နေခဲ့သည်။ ထို့ကြောင့် သူ၏ ဆေးဖော်စပ်ခြင်းမှာ ပုံမှန် မရှိခဲ့ဘဲ စမ်းသပ်ဖော်စပ်ခဲ့သော အကြိမ်အနည်းငယ်မှာလည်း ကျရှုံးမှုဖြင့်သာ အဆုံးသတ်ခဲ့ရသည်။
ယနေ့တွင်မူ စိတ်အေးလက်အေးဖြင့် ဆေးဖော်နိုင်ပြီ ဖြစ်သည်။ သူ မီးမွှေးကာ ဆေးအိုးကို အပူပေးလိုက်သည်။ ဆေးဖက်ဝင်ကုန်ကြမ်းများကို တစ်ခုပြီးတစ်ခု ထည့်လိုက်ပြီး ကျွမ်းကျင်တည်ငြိမ်စွာ ဆေးဖော်စပ်ခြင်း နည်းစနစ်များကို အသုံးချလိုက်သည်။
....
နှစ်နာရီခန့် ကြာပြီးနောက် လော့ချန် ဆေးအိုးကို ကျေနပ်စွာ ကြည့်လိုက်မိသည်။ လတ်လတ်ဆတ်ဆတ် ဖော်စပ်ထားသော ချီလမ်းကြောင်း ဆေးလုံး သုံးလုံးမှာ ဆေးအိုးအတွင်း၌ တလက်လက် တောက်ပြောင်စွာ တည်ရှိနေသည်။
ဤချီလမ်းကြောင်းဆေးလုံး သုံးလုံး ထွက်ပေါ်လာခြင်းမှာ အနည်းဆုံး တစ်လစာ ကျင့်ကြံခြင်းအတွက် လုံလောက်သွားပြီဖြစ်သည်။ ထိုဆေးသည် စိတ်ဝိညာဉ်အခြေခံကို တိုးတက်စေရုံသာမက ဆေးလုံးသောက်ပြီးတိုင်း စိတ်ဝိညာဉ်ခြောက်ခြားခြင်းမှော်အတတ် ကိုလည်း လေ့ကျင့်နိုင်သည်။ ဤလေ့ကျင့်မှုသည် ဆေး၏ အစွမ်းသတ္တိများကို စုပ်ယူနိုင်စေသလို တစ်ချိန်တည်းမှာပင် ကျွမ်းကျင်မှုကိုလည်း တိုးတက်စေသည်။ ယခင်ကဆိုလျှင် အချိန်မလောက်ငသကဲ့သို့ ခံစားရသော်လည်း ယခုမူ အရာရာတိုင်းမှာ စနစ်တကျ ရှိနေတော့သည်။
“အင်း.... နောက်ဆုံးတော့ လော့ထျန်းအဖွဲ့ လမ်းမှန်ပေါ်ရောက်သွားတာတင်မကဘူး၊ ငါ့ရဲ့ ကျင့်ကြံခြင်းကလည်း စနစ်တကျ ဖြစ်သွားပြီ"
....
ကိုယ်ပိုင်အချိန်များ ပိုထွက်လာခြင်းက လော့ချန်အား ကျင့်ကြံခြင်းခရီးလမ်းတွင် မကြုံစဖူးသော လွတ်လပ်မှုကို ပေးစွမ်းခဲ့သည်။
သူ့အပေါ်တွင် ဖိနှိပ်မည့် သို့မဟုတ် စောင့်ကြည့်မည့် မည်သည့် အထက်လူကြီးမျှ မရှိသလို သူ့လက်အောက်ရှိ လူများကလည်း အမိန့်ကို မဆိုင်းမတွ နာခံကြသည်။ သူလုပ်ချင်ရာကို လုပ်နိုင်ကာ သူဖော်စပ်ချင်သည့် ဆေးကို ဖော်စပ်နိုင်သည်။
မီးလုံးမှော်အတတ်ကို အသေးစိတ် လေ့လာခြင်းမှာ အလွန်အရေးကြီးသော အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
သူသည် ဖူမျိုးနွယ်စု၏ မှော်စာရွက် ရေးဆွဲနည်း အတတ်ပညာများဖြင့် မကျေနပ်နိုင်တော့ချေ။ ထို့အစား သူကိုယ်တိုင်၏ နားလည်မှုများကိုပါ စတင် ထည့်သွင်းလာခဲ့သည်။
ကျောက်စိမ်းအဆီအနှစ် ဆေးလုံးများကို ဖော်စပ်စဉ်က သူသည် ဆန်းသစ်သော နည်းစနစ်အချို့ကို ဖန်တီးခဲ့သည်။ ယခုအခါ ထိုမူဝါဒများကိုပင် မီးလုံးမှော်အတတ်တွင် အသုံးချလိုက်ရာ မမျှော်လင့်ထားသော ရလဒ်များကို ရရှိခဲ့သည်။
"မီးလုံးမှော်အတတ်ရဲ့ အခြေခံက စုစည်းခြင်းနဲ့ ဖြန့်ကျက်ခြင်းပဲ"
"ချီစွမ်းအားကို စုစည်းပြီး မီးလုံးဖန်တီးတာက စုစည်းခြင်း၊ အဲဒါကို ပေါက်ကွဲစေပြီး ရန်သူကို တိုက်ခိုက်တာက ဖြန့်ကျက်ခြင်း"
"ငါသာ ကျောက်စိမ်းအဆီအနှစ်ဆေးလုံးမှာလို စုစည်းခြင်းနဲ့ ဖြန့်ကျက်ခြင်းရဲ့ ကြားခံအချိန်ကို ကြိုတင်ထိန်းချုပ်နိုင်မယ်ဆိုရင်...."
လော့ချန် စိတ်ကူးရသည်နှင့် လက်တစ်ချက် ဝှေ့ယမ်းကာ မီးလုံးငယ် ဆယ်လုံးကို ပစ်လွှတ်လိုက်သည်။ မီးလုံးများမှာ ပျံထွက်သွားသော်လည်း တိုက်ရိုက်မပေါက်ကွဲသွားပေ။ လော့ချန်၏ အားကောင်းသော ဆွဲငင်မှော်အတတ်ကြောင့် ၎င်းတို့မှာ သူ့အား ဝန်းရံကာ ပျံဝဲနေကြသည်။ မီးလုံးများသည် သူ၏ ပတ်လည်တွင် စနစ်တကျ လည်ပတ်နေကြသည်။
“ပေါင်းစည်းစမ်း” ဟု လော့ချန် အော်ဟစ်လိုက်သည်။
ခဏချင်းမှာပင် မီးလုံးငယ် ဆယ်လုံးမှာ ပေါင်းစပ်သွားပြီး အလွန်ကြီးမားသော မီးလုံးကြီး ဖြစ်သွားသည်။ အကယ်၍ ဤနည်းအတိုင်းထပ်မံ မြှင့်တင်နိုင်ပါက နေမီးလျှံ၏ အခြေခံပုံစံ ဖြစ်လာပေလိမ့်မည်။ လော့ချန် စိတ်လှုပ်ရှားသွားပြီး မီးလုံးကြီးကို ချက်ချင်းပင် အပြင်ဘက်ပါးကာ အတွင်းဘက်ထူသော ဧရာမ ဒိုင်းကာကြီးအဖြစ် ပြောင်းလဲလိုက်သည်။
မီးဒိုင်းမှော်အတတ်....။
၎င်းကို မီးဒိုင်းမှော်အတတ်ဟု သူ အမည်ပေးလိုက်သည်။
အဆုံးအဖြတ်စင်မြင့်၏ အခြားတစ်ဖက်ရှိ လေ့ကျင့်ဖော် လျိုချန်းမှာ ဤမြင်ကွင်းကို မြင်သောအခါ အံ့သြသွားသည်။
သူ၏ မှော်လက်နက်မှာ ထိုဒိုင်းလွှာကို အကြိမ်ကြိမ် ရိုက်ခတ်သော်လည်း အလွှာတစ်ခုချင်းစီက ထိုတိုက်ခိုက်မှုများကို ကြံ့ကြံ့ခံနေသည်။ လက်နက်မှာ ရှေ့သို့ တိုးဝင်ရန် ကြိုးစားသော်လည်း မီးဒိုင်း၏ အပူရှိန်က လျိုချန်း၏ လက်နက်အတွင်း ထည့်သွင်းထားသော ချီအမှတ်အသားကို တဖြည်းဖြည်း လောင်ကျွမ်းဖျက်ဆီးနေသည်။
လော့ချန် ရုတ်တရက် လက်ကို ဆန့်ထုတ်လိုက်သည်။ လျိုချန်း၏ အံ့အားသင့်နေသော အကြည့်အောက်တွင် သူ၏ မှော်ဓားပျံမှာ လော့ချန်၏ လက်ထဲသို့ ကျရောက်သွားတော့သည်။ လျိုချန်းသည် တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ရင်း အလန့်တကြားပြောလိုက်သည်။
“အဖွဲ့ချုပ်ခေါင်းဆောင်.... အခုလေးတင် ကျွန်တော့်လက်နက်ပေါ်က ချီအမှတ်အသားကို အရည်ပျော်အောင် လုပ်လိုက်တာလားဗျ....”
လော့ချန်က ပြုံးလျက် မှော်ဓားပျံကို သူ့ထံ ပြန်ပေးလိုက်သည်။ ထို့အပြင် ဓားအတွက် လျော်ကြေးအဖြစ် ဆေးလုံးတစ်ပုလင်းကိုလည်း ပေးလိုက်သည်။
“ငါ့အမှားပါကွာ.... အားနာလိုက်တာ.... ဓားပြန်ပြင်ဖို့ အချိန်နည်းနည်း ထပ်ပေးရလိမ့်မယ်ထင်တယ်....”
လျိုချန်းက ခေါင်းကို အမြန်ခါယမ်းလိုက်သည်။ ချီသန့်စင်အဆင့်ရှိ ကျင့်ကြံသူတစ်ဦးအတွက် လက်နက်တစ်ခုကို ပြန်လည်သန့်စင်ခြင်းမှာ ရိုးရှင်းလှပြီး အချိန်အများကြီး မပေးရချေ။ သူ့အား အမှန်တကယ် ထိတ်လန့်စေသည်မှာ လော့ချန်၌ ဤကဲ့သို့သော နည်းစနစ်မျိုး ရှိနေခြင်းပင် ဖြစ်သည်။ လော့ချန်သည် လျိုချန်း၏ အံ့အားသင့်မှုကို အထူးတလည် ဝင့်ကြွားနေဟန်မထားဘဲ လက်နှစ်ဖက်ကို နောက်ပစ်ကာ သူ့အတွေးနှင့်သူ ထွက်ခွာသွားခဲ့သည်။
မီးလုံးမှော်အတတ်မှ ဆင်းသက်လာသော မီးဒိုင်းမှော်အတတ်မှာ ခံစစ်ပိုင်းတွင် အလွန်အမင်း စွမ်းလှသည်တော့ မဟုတ်ချေ။ ၎င်း၏ အားသာချက်မှာ ရန်သူ့လက်နက်ပေါ်ရှိ ချီအမှတ်အသားများကို လောင်ကျွမ်းစေနိုင်သော အလွန်အမင်း ပြင်းထန်သည့် အပူရှိန်ပင်။ ၎င်းကို အထွတ်အထိပ်အဆင့် ဆွဲငင်ခြင်းမှော်အတတ်နှင့် ပေါင်းစပ်လိုက်ပါက ရန်သူ့လက်နက်ကိုပင် လက်ဗလာဖြင့် သိမ်းယူနိုင်သည်။
တိုက်ပွဲအတွင်းတွင်မူ ဤနည်းစနစ်က အလွန်အစွမ်းထက်မည်တော့ မဟုတ်ပေ။ အကြောင်းမှာ တိုက်ပွဲသည် အမြဲတမ်း ပြောင်းလဲနေသောကြောင့်ဖြစ်သည်။ သို့သော်လည်း ဤနည်းစနစ်မှာ ရန်သူ့ကို အငိုက်မိစေရန်အတွက်မူ လုံလောက်လှသည်။ တိုက်ပွဲအတွင်း မိမိ၏ အဓိကလက်နက်မှာ တစ်ဖက်လူ၏ လက်ထဲသို့ ရောက်သွားသည်ကို မြင်လျှင် မည်သူမဆို စိတ်ဓာတ်ကျသွားပေလိမ့်မည်။
လော့ချန် အပျော်ဆုံးအချက်မှာ မီးလုံးမှော်အတတ်၏ စုစည်းခြင်းနှင့် ဖြန့်ကျက်ခြင်း လျှို့ဝှက်ချက်ကို သိရှိသွားခြင်းပင်။ အကယ်၍ ရှေ့သို့ ဆက်လက် တိုးချဲ့သွားမည်ဆိုလျှင် နေမီးလျှံနှင့် ပေါင်းစပ်ရန်မှာ အလွန်လွယ်ကူသွားပေလိမ့်မည်။
“နေမီးလျှံက အထွတ်အထိပ်အဆင့်ရှိတဲ့ မီးလုံးမှော်အတတ်ကနေ ဆင်းသက်လာတာဆိုတော့ ဒုတိယအဆင့် မှော်အတတ်ဖြစ်လာမှာ အသေအချာပဲ....”
"နောက်ထပ် သုံးရက်၊ ငါးရက်လောက်ဆိုရင် ငါဟာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူနဲ့ ယှဉ်နိုင်တဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်တော့မယ်"
ဤမပြောပလောက်သော အောင်မြင်မှုသည် သူ့အား နက်နက်ရှိုင်းရှိုင်း ကျေနပ်စေခဲ့သည်။
သို့သော် ဘဝသည် ကျင့်ကြံခြင်းသက်သက်သာ မဟုတ်ပေ။
ထိုညတွင် လော့ချန်သည် တောင်ကြားမှ တိတ်ဆိတ်စွာ ပြန်လည် ထွက်ခွာခဲ့ပြန်သည်။
....
ရတနာနဂါး မှောင်ခိုဈေးကွက်တွင် လော့ချန်သည် ထျန်းရှင်းကျီနှင့် ဆုံတွေ့ခဲ့သည်။ ထျန်းရှင်းကျီ၏ မျှော်လင့်တကြီး အကြည့်အောက်တွင် လော့ချန်သည် ကျောက်စိမ်းပုလင်း အကြီးစားတစ်ပုလင်းကို ထုတ်လိုက်သည်။
သူ အသာအယာ လှုပ်ယမ်းလိုက်သောအခါ အထဲမှ ဆေးလုံးများ ထိခတ်သံ ထွက်ပေါ်လာသည်။
“ဟာ.... သတိထားပါဦး ဖြည်းဖြည်းလုပ်ပါကွာ.... အထဲမှာ အလုံး ၅၀ စလုံး ပါတယ်မလား ညီလေး”
ထျန်းရှင်းကျီသည် မထိရက် ထိရက်ဖြင့် ဆေးပုလင်းကို အမြန်ယူကာ အမြတ်တနိုး ပိုက်ထွေးလိုက်သည်။
“သေချာတာပေါ့ဗျာ”
လော့ချန် အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်ပြီး မှောင်ခိုဈေးကွက် ခန်းမအတွင်းသို့ ဝေ့ကြည့်လိုက်သည်။ ထိုအချိန်တွင် ကျင့်ကြံသူများ ကိုယ်တိုင် ဦးဆောင်ကျင်းပသော လေလံပွဲတစ်ခုမှာ စတင်နေပြီ ဖြစ်သည်။ ယနေ့ စုဝေးမှုမှာ ထူးခြားလှသည်။ သူနှင့် ဝမ်ယွမ်အား ဟင်္သာအသွင်ပြောင်း ကျင့်စဥ်ကို ရောင်းခဲ့ဖူးသော တစ်ကိုယ်တော်ကျင့်ကြံသူမှအပ အခြေခံတည်ဆောက်ခြင်းအဆင့်ရှိသော ကျင့်ကြံသူ အနည်းငယ်သာ ရှိနေသည်။ ထျန်းရှင်းကျီသည် ဆေးလုံးများကို ရေတွက်ပြီးနောက် ကျောက်စိမ်းပုလင်းကို ကျေနပ်စွာ သိမ်းဆည်းလိုက်သည်။
“ညီလေးရာ.... မင်း သူငယ်ချင်းကတော့ ဆေးဖော်စပ်တာ တကယ်ဆရာကျတာပဲဟေ့....” ဟု သူ ချီးကျူးလိုက်သည်။
ထိုအခါ လော့ချန် သဘောကျစွာ ရယ်မောလိုက်သည်။
“အဲ့ဒါကတော့ဗျာ.... အစ်ကိုကြီးဆီက ဝယ်လိုက်တဲ့ ရေဓာတ်အခြေခံဆေးဖော်နည်းက အရမ်းကောင်းလွန်းလို့ပါပဲ.... အဲ့ဒါက သာမန် ဆေးဖော်စပ်တဲ့ နည်းလမ်းတွေထက် အများကြီး သာလွန်တယ်.... ဂိုဏ်းကြီးတွေမှာဆိုရင်တောင် ဒါဟာ သီးသန့် သင်ကြားရေးကျမ်းတစ်ခုအနေနဲ့ သတ်မှတ်လို့ ရနိုင်....”
လော့ချန်း၏ စကား ရပ်တန့်သွားသည်။
သူ၏ အကြည့်များမှာ တစ်နေရာတွင် စူးစိုက်သွားခဲ့သည်။
သူ ရုတ်တရက် လက်ညှိုးထိုးကာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကို ညွှန်ပြလိုက်သည်။
“အဲ့ဒါကို ကျွန်တော် လိုချင်တယ်ဗျာ....”
ထိုအခါ ထျန်းရှင်းကျီမှာ မှင်သက်သွားပြီး နောက်သို့လှည့်ကြည့်လိုက်သည်။
ထို အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူသည် ဧရာမ သားရဲကြီးတစ်ကောင်၏ အလောင်းကို ထုတ်ဖော်ကာ လေလံတင်နေခြင်း ဖြစ်သည်။
သားရဲ၏ ခန္ဓာကိုယ်မှာ အလွန်ကြီးမားလှသဖြင့် ခန်းမအလယ်ဗဟိုတစ်ခုလုံးကို ပြည့်နှက်လုနီးပါး ဖြစ်နေသည်။ အထူးသဖြင့် သုံးလေးပေခန့် ရှည်လျားသော အတောင်ပံတစ်စုံမှာ ခန်းမထဲမှ ကျင့်ကြံသူအားလုံး၏ အာရုံကို ဖမ်းစားထားလေသည်။ ဤသားရဲ အသက်ရှင်နေစဉ် တောင်ပံဖြန့်လိုက်မည်ဆိုလျှင် မိုးကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားနိုင်လောက်သည်။
“ဩော်.... အဲဒါက တိမ်မီးလျှံ ဂဠုန်ငှက်ကြီး ပဲကွ....”
ထျန်းရှင်းကျီက မုတ်ဆိတ်ကို သပ်ရင်း ရယ်မောလိုက်သည်။
"ဒါက ဒုတိယအဆင့် သားရဲတွေထဲမှာ အင်အားကြီးတဲ့ အမျိုးအစားပဲ.... သူက အမြန်နှုန်းမှာ နာမည်မကြီးပေမဲ့ တိုက်ခိုက်ရေးစွမ်းအားကတော့ အရမ်းပြင်းတယ်.... သူ့ရဲ့ မီးလျှံတွေ ထွက်လာပြီဆိုရင် ရွှေကိုတောင် အရည်ပျော်စေနိုင်တယ်.... သာမန် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေတောင် အနားမကပ်ရဲဘူး"
"မိတ်ဆွေ ရှုံကွမ်းက ဒီလို သားရဲမျိုးကို ဖမ်းဆီးနိုင်တာ တကယ်ကို ချီးကျူးစရာပဲ"
"ဒီလူ့နာမည်က ရှုံကွမ်း တဲ့လား...."
ထို့နာမည်ကို ရေရွတ်လိုက်ရင်းမှ လော့ချန် အတွေးထဲ နစ်ဝင်သွားသည်။
သူ၏ စိတ်ဝိညာဉ် အခြေခံ တိုးတက်လာခြင်းကြောင့် သူ၏ မှတ်ဉာဏ်များမှာလည်း ပိုမို ကြည်လင်လာခဲ့သည်။ ကျင့်ကြံလာခဲ့သည်မှာ သုံးနှစ်ခန့်သာ ရှိသေးသဖြင့် ယခင်က ကိစ္စအချို့ကို သူ ပြန်လည် မှတ်မိလာသည်။ ဤလူသည် သူနှင့် ယခင်က ဆုံဖူးခဲ့သည်။
အဆုံးအဖြတ်စင်မြင့် ဖွင့်လှစ်စဉ်က လော့ချန်သည် ကျောက်ဖြူရင်ပြင်တွင် လက်မှတ်များ ပြန်လည် ရောင်းချခဲ့သေးသည်။ ထိုစဉ်က နောက်ဆုံးလက်မှတ်တစ်စောင်ကို ကျောက်စိမ်းပြား ၂၀၀ ဖြင့် ဝယ်ယူသွားသူမှာ ဤလူပင် ဖြစ်သည်။
“ဒီမယ် ငါ့ညီ.... မင်း တိမ်မီးလျှံ ဂဠုန်ငှက်ကြီးရဲ့ ဘယ်အစိတ်အပိုင်းကိုမဆို ကြိုက်စျေးပြောပီးဝယ်လို့ရပါတယ်ကွ....”
ထျန်းရှင်းကျီက ရယ်မောလျက် ဆိုသည်။
“အစ်ကိုနဲ့ အဲဒီ မိတ်ဆွေရှုံက ဆက်ဆံရေး ကောင်းပါတယ်၊ အစ်ကို့မျက်နှာကြောင့် သူ လျှော့ဈေး ပေးပါလိမ့်မယ်ကွာ....”
သူ၏ စိတ်ထဲတွင် လော့ချန်သည် ထိုဂဠုန်ငှက်ကြီး၏ မိစ္ဆာအမြုတေ သို့မဟုတ် အတောင်ပံများကို မျက်စိကျနေသည်ဟု ထင်မှတ်နေခဲ့သည်။ ထိုအရာများမှာ ဂဠုန်ငှက်ကြီး၏ ကိုယ်ပေါ်ရှိ တန်ဖိုးအရှိဆုံး အစိတ်အပိုင်းများ ဖြစ်သောကြောင့်ပင်။ သို့ရာတွင် လော့ချန်၏ တုံ့ပြန်စကားက သူ့အား မှင်သက်သွားစေခဲ့သည်။
“အကုန်.... အကုန်လုံး.... အဲ့ဒီအကောင်ကြီး တစ်ကောင်လုံးကို ကျွန်တော် ဝယ်ချင်တာဗျ....”
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၂၅၂) - မိစ္ဆာများနှင့် ကခုန်ခြင်း
“ဟမ်.... မင်း တကယ်ပဲ တစ်ကောင်လုံးကို သိမ်းကျုံးဝယ်ချင်တာလားကွ....”
ရှုံကွမ်းသည် မျက်မှောင်ကြုတ်လျက် သံသယအထပ်ထပ်ဖြင့် လော့ချန်ကို စိုက်ကြည့်ကာ မေးလိုက်သည်။ သူတို့၏ဘေးတွင်မူ ထျန်းရှင်းကျီသည် နှစ်ဦးနှစ်ဖက်ကြား စေ့စပ်ညှိနှိုင်းပေးသူအဖြစ် တည်ငြိမ်ရင့်ကျက်စွာ ရပ်နေ၏။
ယခုအချိန်တွင် မှောင်ခိုဈေးကွက် အရောင်းအဝယ်များ ပြီးဆုံးသွားပြီဖြစ်ရာ ခန်းမထဲတွင် သူတို့ သုံးဦးသာ ကျန်ရှိတော့သည်။
အစောပိုင်းက ထျန်းရှင်းကျီ၏ စိတ်ချင်းဆက်သွယ်မှုကြောင့် ရှုံကွမ်းသည် မိစ္ဆာသားရဲကို လေလံတင်ခြင်းမှ ရုတ်တရက် ရပ်တန့်ခဲ့ပြီး ည၏ နောက်ဆုံးအပိတ် အရောင်းအဝယ်အဖြစ် သီးသန့်ဖယ်ချန်ထားခဲ့ခြင်း ဖြစ်သည်။ ရောင်းမထွက်မည်ကိုလည်း ရှုံကွမ်း စိုးရိမ်ခြင်းမရှိချေ။ ဒုတိယအဆင့် မိစ္ဆာသားရဲအလောင်းများမှာ အမြဲ ဝယ်လိုအားရှိနေသည်။ အကယ်၍ လော့ချန် စိတ်ပြောင်းသွား၍ လက်ရှောင်လျှင်ပင် ထျန်းရှင်းကျီ ကိုယ်တိုင် ဝယ်ယူထားနိုင်စွမ်း ရှိသည်။ မည်သို့ပင်ဖြစ်စေ သူ အရှုံးမရှိနိုင်သည်မှာ အသေအချာပင် ဖြစ်သည်။
လော့ချန်၏ အစောပိုင်းက တုန်လှုပ်ချောက်ချားနေသော စိတ်အစဉ်သည် ပြန်လည်တည်ငြိမ်သွားပြီ ဖြစ်သည်။ ဤရုတ်တရက် ဆုံးဖြတ်လိုက်သည့် မိစ္ဆာသားရဲအလောင်း အရောင်းအဝယ်နှင့် ပတ်သက်၍ သူ အရှုံးအမြတ်ကို တွက်ချက်နေပြီ ဖြစ်သည်။
ဒုတိယအဆင့် မိစ္ဆာသားရဲတစ်ကောင်ဖြစ်ပြီး ခန္ဓာကိုယ်မှာလည်း အတော်အတန် လတ်သေးကာ နဂိုအတိုင်း ရှိနေဆဲပင်။ ရှုံကွမ်းသည် ဤသားရဲကို မည်သို့သော နည်းလမ်းဖြင့် သတ်ဖြတ်ခဲ့သည်ကို သူ မသိသော်လည်း ၎င်းက အရေးမကြီးတော့ချေ။ အရေးကြီးသည်မှာ ရောင်းစျေးတန်ဖိုးသာ ဖြစ်တော့သည်။
အကယ်၍ သူသာ ဤသားရဲကို ပိုင်ဆိုင်နိုင်ပါက နတ်ဒေဝါ ပျားရည် ဖော်စပ်ရန်အတွက် အဓိကကုန်ကြမ်းအဖြစ် အသုံးချနိုင်သည်။
နတ်ဒေဝါ ပျားရည်၏ ကုန်ကြမ်းလိုအပ်ချက်မှာ အလွန်တိကျသည်။ ၎င်းမှာ တူညီသော မျိုးနွယ်စုဝင် မိစ္ဆာသားရဲ၏ အရိုး၊ သွေးနှင့် အသားတို့ ဖြစ်ရမည်ဖြစ်ပြီး အကယ်၍ မိစ္ဆာအမြုတေ ပါရှိပါက ပို၍ပင် ကောင်းမွန်ပေမည်။ လော့ချန်သည် အလောင်းဘေးတွင် လှည့်ပတ်ကြည့်ရှုရင်း အခြေအနေကို စစ်ဆေးရန် သူ၏ နတ်မျက်စိမှော်အတတ်ကို အခါအားလျော်စွာ အသုံးပြုနေသည်။ ကြည့်ရှုရင်းနှင့်လည်း အပြစ်ရှာရန် သူ မမေ့ခဲ့ပေ။
“ကျွတ်.... ကျွတ်.... တကယ့်အဖိုးတန်တဲ့ တိမ်မီးလျှံအတောင်ပံ တစ်ဖက်က တော်တော်လေး ပျက်စီးနေပြီပဲ.... နှမြောစရာကြီးဗျာ.... အကုန်အကောင်းပါတာ ထက်စာရင် လျှော့စျေးပေးရမယ့် သဘောဖြစ်သွားတာပေါ့....”
“ဟော.... အသားကတော့ မဆိုးပါဘူး.... အသားနဲ့ သွေးတွေက ပြည့်စုံနေပေမဲ့ မိစ္ဆာအမြုတေကတော့ စွမ်းအားတွေ အလွန်အကျွံ သုံးစွဲထားပုံရတယ်၊ အထဲမှာ မိစ္ဆာစွမ်းအင်က ကုန်သလောက်ပဲ”
ထိုသို့ ဝေဖန်လေကန်ပြီးနောက် သူ ရှုံကွမ်းကို အကဲခတ်သလို စူးစိုက်ကြည့်လိုက်သည်။
“အစ်ကိုကြီးရာ.... တစ်ကောင်လုံးမှာ တန်ဖိုးအရှိဆုံးဟာ နှစ်ခုစလုံးက ဒီလောက်အထိ ပျက်စီးနေတာဆိုတော့ ကျွန်တော့်ဘက်က အစ်ကိုကြီး မျှော်လင့်ထားတဲ့ ဈေးနှုန်းကို ပေးနိုင်မှာ မဟုတ်ဘူးဗျ....”
ထိုအခါ ရှုံကွမ်းက အမြင်ကတ်ဟန်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။
“ဟိတ်.... ငါပြောတာနားထောင်.... ဘာလဲ.... မင်းက ပျံသန်းနိုင်တဲ့ မိစ္ဆာသားရဲတစ်ကောင်ကို သတ်ဖို့ဆိုတာ ဘယ်သူမဆို လုပ်နိုင်တယ်လို့ ထင်နေတာလား.... ပြီးတော့ ခုမင်းရှေ့က အကောင်ကြီးက သာမာန်သားရဲမဟုတ်ဘူးကွ ဂဠုန်.... ဂဠုန်....”
“တိမ်မီးလျှံ ဂဠုန် ဆိုတဲ့ နာမည်တစ်ခုတည်းတင် ဝိညာဉ်ကျောက်တုံး ၅၀၀၀ ထက်မနည်း တန်ဖိုးရှိတယ်၊ ပြီးတော့ ငါ ဒီအကောင်ကြီးကိုယ်ထဲက ဘာတစ်ခုမှ မယူရသေးဘူး.... အမဲဖျက်ပီး အစိတ်အပိုင်းတွေကို သီးသန့်ခွဲရောင်းရင်တောင် နောက်ထပ် ၅၀၀၀ လောက် အေးဆေး ရဦးမှာ သဘောပေါက်လား....”
လော့ချန် သက်ပြင်းတစ်ချက် ခပ်လေးလေး ချလိုက်မိသည်။ ဤလူသည် ရောင်းစျေး ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ ကို လုံးဝမလျှော့ပဲ တင်းခံနေတော့မည့်သဘောရှိလေသည်။
သူသည် နတ်ဒေဝါ ပျားရည်နှင့် ပတ်သက်သော သုတေသနကို ပြီးဆုံးလုနီးပါး ဖြစ်နေသော်လည်း သူ၏ ရေဓာတ်အခြေခံဆေးဖော်နည်းမှာမူ တိမ်တိုက်အသွင်ပြောင်းခြင်း ဆိုသည့် အရေးကြီးသော အဆင့်တွင် တန့်နေပြီး အပြည့်အဝ မတတ်မြောက်သေးချေ။ အကယ်၍ သူသာ ဤမီးလျှံတိမ်တိုက် ဂဠုန်ကြီးကို ဝယ်ယူဖြစ်ခဲ့လျှင်ပင် နတ်ဒေဝါ ပျားရည်ကို ချက်ချင်း ဖော်စပ်နိုင်ဦးမည် မဟုတ်ချေ။
ရှုံကွမ်းသည်လည်း လော့ချန်ကို မှတ်မိနေသည်။ ပြီးခဲ့သည့်အကြိမ်က အခြားတစ်ယောက်နှင့် ပူးပေါင်း၍ သူ၏ ပျက်စီးနေသော ကျင့်စဉ်စာအုပ်ကို ဝယ်ယူခဲ့သူ မဟုတ်ပါလော။
သူ လှောင်ပြောင်သော လေသံဖြင့် စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။
“ဟားဟား.... မင်း ဒီသားရဲကို သုံးပြီးတော့ အရင်တစ်ခေါက်က ဝယ်သွားတဲ့ ဟင်္သာ အသွင်ပြောင်းခြင်း အတတ်ကို လေ့ကျင့်မလို့ မဟုတ်ဘူးလား.... စျေးလျှော့ဖို့ စိတ်ကူးမရှိဘူးကွ.... ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ .... ဒီသားရဲက ဒီဈေးနဲ့ တန်ပါတယ်ကွာ....”
လော့ချန် တွန့်ဆုတ်သွားသည်။ အမှန်စင်စစ် သူ ထိုသို့ မစဉ်းစားမိခဲ့ချေ။ ထို့နောက် သူ မအီမလည်မျက်နှာဖြင့် မပြုံးချင် ပြုံးချင် ပြုံးပြလိုက်သည်။
“ဒါပေမဲ့လည်းဗျာ စျေးက အရမ်း များလွန်းပါတယ်.... ဘယ်လိုပဲပြောပြော ဒါက သေနေတဲ့ ဒုတိယအဆင့် မိစ္ဆာသားရဲတစ်ကောင်ပဲလေ.... သူ့ရဲ့ တန်ဖိုးကို ဒုတိယအဆင့် ကုန်ကြမ်းစျေးနဲ့ပဲ တွက်ပေးရမှာပေါ့ဗျ.... ဒီလိုကုန်ကြမ်းတွေနဲ့ အချောသတ်လုပ်ထားတဲ့ ဆေးတွေ၊ မှော်လက်နက် တွေတောင် ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ လောက်က စပြီး စျေးခေါ်ကြတာလေဗျာ....”
မှန်ပေသည်။ ဒုတိယအဆင့် ကုန်ကြမ်းများ၏ ဈေးနှုန်းမှာ အမြဲ အတက်အကျ ကြီးမားတတ်သည်။ ဥပမာအားဖြင့် ဆေးလုံးများမှာ သုံးရာ၊ ငါးရာဝန်းကျင်မှ စတင်တတ်ပြီး၊ ဆေးဖက်ဝင် အပင်များမှာလည်း ထိုနည်းတူပင် ဖြစ်သည်။ အမှန်စင်စစ် မြေကမ္ဘာအမြစ်ကဲ့သို့သော အဆင့်တက်ရာတွင် အသုံးဝင်သည့် ရတနာပင်လျှင် ၅၀၀၀ ကျော်အထိသာ ပေါက်စျေးရှိသည်။ သတ္တုရိုင်းများမှာမူ အများအားဖြင့် အစုလိုက်အပြုံလိုက်သာ ကြိုက်စျေးကိုညှိ၍ ရောင်းချလေ့ရှိသည်။
ဤမီးလျှံတိမ်တိုက် ဂဠုန်ကြီးမှာ အလွန်ကြီးမားသော်လည်း ၎င်း၏ တန်ဖိုးအရှိဆုံး အစိတ်အပိုင်း နှစ်ခုမှာ ဆိုးရွားစွာ ပျက်စီးနေခဲ့ပြီဖြစ်သည်။ သို့တိုင်အောင် အမှန်တကယ်ပင် တစ်သောင်းတန်နေသေးသည်လော။ တစ်သောင်းဆိုသည်မှာ အလွန်အမင်း များလွန်းလှပေသည်။
ရှုံကွမ်းသည် အလိုမကျဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် လော့ချန်ကို အကြပ်ကိုင်၍ ရောင်းနိုင်လိမ့်မည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် လော့ချန်မှာ ဝယ်ယူရန် အသည်းအသန် ဆန္ဒပြင်းပြနေပုံ မရပေ။ နှစ်ဦးသားမှာ စျေးနှုန်းမညှိနှိုင်းနိုင်ဘဲ အကျပ်ရိုက်နေကြသည်။ ထိုအချိန်တွင် ကြားလူဖြစ်သည့် ထျန်းရှင်းကျီက ဝိုင်းဝန်းညှိနှိုင်းပေးလာသည်။
“အစ်ကိုပြောမယ် ညီလေးရာ.... ၅၀၀၀ ဆိုတာက တကယ်ကို နည်းလွန်းပါတယ်.... ဘာပြောပြော မိတ်ဆွေရှုံက ဒီကောင်ကြီးအတွက် သူ့အသက်ကိုတောင် ရင်းခဲ့ရတာလေ”
ထိုအခါ လော့ချန် ခေါင်းညိတ်ပြလိုက်သည်။ ဤအချက်ကို သူ အသိအမှတ်ပြုလေသည်။ တောင်တန်းများထဲတွင် အသက်ဘေးကို ရင်ဆိုင်ကာ မိစ္ဆာသားရဲများကို လိုက်လံအမဲလိုက်၍ ရရှိလာသော ကုန်ကြမ်းများမှာ အမှန်တကယ်ပင် မြင့်မားသော စျေးနှုန်းနှင့် ထိုက်တန်ပေသည်။
ထျန်းရှင်းကျီက ခဏမျှ ရပ်လိုက်ပြီး ရှုံကွမ်းဘက်သို့ လှည့်ပြောလိုက်သည်။
“ဒါပေမဲ့လဲ မိတ်ဆွေကြီးရှုံရေ.... ခေါ်စျေး ၁၀၀၀၀ ဆိုတဲ့ စျေးကလည်း ပေးနိုင်တဲ့လူ ရှားပါတယ်.... စောစောလေးကတောင် ကျွန်တော်တို့ လေလံခန်းမကို သားသတ်ရုံအဖြစ် ပြောင်းဖို့ စဥ်းစားနေသေးတာမလား.... စျေးနည်းနည်း လျှော့ပေးလိုက်ပါဗျာ....”
သူ၏ စကားကြောင့် ရှုံကွမ်း၏ မျက်နှာမှာ အနည်းငယ် အနေရခက်သွားရသည်။ အကြောင်းမှာ သူသည် လေလံပွဲအတွင်း၌ ထိုသို့လုပ်ရန် အမှန်တကယ်ပင် စဉ်းစားခဲ့သောကြောင့် ဖြစ်သည်။ ဤမျှ ကြီးမားသော အလောင်းကြီးကို ခေါင်းလောင်းရွှေအိုးရိပ်မြုံ၊ သို့မဟုတ် ရတနာနန်းဆောင် ကဲ့သို့သော ဂိုဏ်းကြီးများနှင့် ဆက်နွှယ်နေသော ဆိုင်များ မရှိဘဲနှင့် ကိုင်တွယ်ရန် မလွယ်ကူပေ။
သူ၏ မူလအစီအစဉ်မှာ ဤစျေးကွက်တစ်နေရာတွင်ပင် ခုတ်ထစ်ကာ အပိုင်းပိုင်းခွဲ၍ လိုချင်သူများကို ရောင်းချရန် ဖြစ်သည်။ အကယ်၍သာ ထိုအတိုင်းသာ ဖြစ်ခဲ့လျှင် နဂါးရတနာ မှောင်ခိုဈေးကွက်၏ လေလံခန်းမကြီးမှာ ချက်ချင်းပင် သွေးသံရဲရဲနှင့် သားသတ်ရုံသဖွယ် ပြောင်းလဲသွားပေလိမ့်မည်။ ရှုံကွမ်း၏ တွေဝေနေသော အခြေအနေကို မြင်သောအခါ ထျန်းရှင်းကျီက အခွင့်အရေးကို အရယူကာ ဆက်ပြောသည်။
“ကုန်ကုန်ပြောမယ်ဗျာ.... ကျွန်တော် ခင်ဗျားဆီကနေ ဒါကြီးကို ဝယ်ပေးထားရင်တောင် ပြန်ရောင်းထုတ်ဖို့က အချိန်အတော်ကြာဦးမှာ.... အဲ့ဒီကြားထဲမှာ တစ်ခုခု အခက်အခဲ ဖြစ်လာခဲ့ရင် နောက်ဆုံးရမယ့် ဈေးနှုန်းက ခင်ဗျား မျှော်လင့်သလောက် ဖြစ်လာမှာ မဟုတ်ဘူး.... အဲ့ဒီတော့ နှစ်ဦးနှစ်ဖက်လုံးက တစ်လှမ်းစီ ဆုတ်ပေးကြပြီးတော့ ကျေနပ်စရာကောင်းတဲ့ ဈေးနှုန်းတစ်ခုမှာ သဘောတူလိုက်ကြရင် မကောင်းဘူးလား”
သူ့ဘေးမှ လူနှစ်ဦးလုံး တုံ့ဆိုင်းသွားသည်ကို မြင်သောအခါ ထျန်းရှင်းကျီက အသာအယာ ပြုံးလိုက်သည်။
“ကျွန်တော့်အမြင်အရတော့ ၈၀၀၀ ဆိုတဲ့ ဂဏန်းက ကောင်းမွန်ပြီးတော့ မင်္ဂလာရှိတဲ့ ဂဏန်းတစ်ခုပါပဲ.... ဘယ်လိုသဘောရကြလဲဗျ....”
ရှုံကွမ်း အနည်းငယ် တွန့်ဆုတ်နေမိသည်။ ဝိညာဉ်ကျောက်တုံး ၂၀၀၀ ခန့် ရုတ်တရက် လျော့နည်းသွားခြင်း ဖြစ်သည်။ သူကဲ့သို့သော တစ်ကိုယ်တော် အခြေခံ တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးအတွက် ၎င်းမှာ သေးငယ်သော ပမာဏ မဟုတ်ပေ။ သူသည် အခြားကျင့်ကြံသူများကဲ့သို့ နောက်ခံအင်အား၊ မျိုးနွယ်စု သို့မဟုတ် ထူးခြားသည့် အတတ်ပညာ တစ်ခုခု မရှိချေ။ သူ၏ ကျင့်ကြံခြင်း အရင်းအမြစ်အားလုံးသည် မိစ္ဆာသားရဲများကို ကိုယ်တိုင် အမဲလိုက်ရာမှ ရရှိခြင်း ဖြစ်သည်။
သူသည် အမှန်တကယ်ပင် အသက်နှင့်ရင်း၍ ငွေရှာနေရသူ ဖြစ်သည်။ သို့သော် ထျန်းရှင်းကျီ၏ ပြောစကားမှာလည်း မှန်ကန်လှသည်။ အစိတ်အပိုင်း တစ်ခုချင်းစီ လိုက်ရောင်းနေမည့်အစား တစ်ခါတည်း အကုန်ရောင်းလိုက်ခြင်းက ပို၍ ကောင်းပေသည်။ အမြတ် အနည်းငယ် လျော့သွားသော်လည်း သက်သာသွားသည့် အချိန်ကို ကျင့်ကြံခြင်းတွင် အာရုံစိုက် အသုံးချနိုင်သည်။
“အင်း.... ၈၀၀၀ ဆိုရင်တော့ ရပါတယ်.... ကျွန်တော် သဘောတူတယ်” ဟု လော့ချန်က ဝန်လေးဟန်ဖြင့် ပြောလိုက်သည်။
ရှုံကွမ်းသည်လည်း မတတ်သာသည့်အဆုံး ထိုစျေးဖြင့်ပင် သဘောတူလိုက်ရတော့သည်။
မည်သို့ပင်ဖြစ်စေ ထျန်ရှင်းကျီနှင့် လော့ချန်တို့က သူ့အား မျက်နှာသာ ပေးခဲ့ကြသည်။
တစ်ဖက်က ၅၀၀၀မှ ၈၀၀၀ အထိ ၃၀၀၀ တိုးပေးခဲ့ပြီး၊ တစ်ဖက်က ၁၀၀၀၀မှ ၈၀၀၀ အထိ ၂၀၀၀ လျှော့ပေးခဲ့သည်။ ဤနည်းဖြင့် နှစ်ဖက်စလုံး၏ သိက္ခာကို ပါးပါးနပ်နပ် ထိန်းသိမ်းနိုင်ခဲ့ကြသည်။
အရောင်းအဝယ် ပြီးဆုံးသွားသည်နှင့် လော့ချန်သည် ကြာကြာ မနေတော့ဘဲ ချက်ချင်းပင် နှုတ်ဆက် ထွက်ခွာခဲ့သည်။
ခန်းမအတွင်း၌ ရှုံကွမ်းနှင့် ထျန်းရှင်းကျီတို့သာ ကျန်ရစ်တော့သည်။
လော့ချန် ထွက်ခွာသွားသည်ကို ကြည့်ရင်း ရှုံကွမ်းက သတိကြီးစွာဖြင့် မေးလိုက်သည်။
“မိတ်ဆွေ.... အစောပိုင်းက တစ်ခုခု အပြောင်းအလဲ ဖြစ်လာခဲ့ရင်လို့ ပြောခဲ့တယ်နော်.... နောက်ပိုင်းမှာ တစ်ခုခု ဖြစ်တော့မှာမလို့လား”
ထို ပါးနပ်သောမေးခွန်းကို ထျန်းရှင်းကျီက တိကျစွာ မဖြေဘဲ ရှောင်လွှဲလိုက်သည်။ ထို့အစား သူ ပြုံးကာ ပြန်မေးလိုက်သည်။
“ဒါတွေမသိချင်ပါနဲ့ မိတ်ဆွေရှုံရာ.... စကားမစပ် ကျွန်တော်တို့အဖွဲ့ထဲ ဝင်ဖို့ရော စဥ်းစားပြီးပြီလားဗျ”
ရှုံကွမ်း တွန့်ဆုတ်သွားသည်။ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် သူ ပြတ်သားစွာ ခေါင်းခါလိုက်သည်။
“မဝင်တော့ပါဘူးဗျာ.... ကျွန်တော်က ဒီလို လွတ်လွတ်လပ်လပ် နေရတဲ့ ဘဝကိုပဲ ကျင့်သားရနေပြီ.... နေရတာ ရုန်းကန်ရတာ ခက်ခဲရင် ခက်ခဲမယ်.... ဒါပေမဲ့ အနည်းဆုံးတော့ စည်းမျဉ်းစည်းကမ်းတွေကြားမှာ ပိတ်လှောင်မနေရဘူးလေ”
ထိုပြတ်သားသောအဖြေကြောင့် ထျန်းရှင်းကျီ ထပ်မံ၍ တိုက်တွန်းခြင်း မပြုတော့ချေ။
“ဒါဆိုလည်း မိတ်ဆွေရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော် လေးစားပါတယ်.... နောက်ပိုင်း ကျွန်တော် ဒီမှာ မရှိတော့ရင်တောင် ကျွန်တော့်ရဲ့ အမှတ်အသားကို ကိုင်ပြီး ဘယ်နဂါးရတနာ မှောင်ခိုဈေးကွက်မှာမဆို အရောင်းအဝယ် လုပ်နိုင်ပါတယ်”
ဤသည်မှာ ရှုံကွမ်းအတွက် အရောင်းအဝယ် လမ်းကြောင်းတစ်ခုကို အခိုင်အမာ ပေးအပ်လိုက်ခြင်းပင် ဖြစ်သည်။ ရှုံကွမ်းက ကျေးဇူးတင်စွာဖြင့် အရိုအသေပြုနှုတ်ဆက်လိုက်သည်။
သို့သော် နှစ်ဦးသား လမ်းမခွဲခင် ရှုံကွမ်းက သိလိုစိတ်ဖြင့် မေးလိုက်သည်။
“ဒါနဲ့ မိတ်ဆွေ.... မင်းတို့အားလုံး ဘယ်တော့ ထွက်ခွာကြမှာလဲ”
ထျန်းရှင်းကျီက ဤနေရာကိုသံယောဇဥ်တွယ်ကာ ဆွေးငေးနေဟန်ဖြင့် သက်ပြင်းချလိုက်သည်။
“မကြာခင်ပေါ့ဗျာ.... သိပ်မကြာတော့ပါဘူး”
....
မဟူရာ ညအမှောင်အောက်တွင် လူရိပ်တစ်ခုမှာ အံ့ဩဖွယ် အမြန်နှုန်းဖြင့် ကောင်းကင်သို့ ပျံတက်သွားသည်။
ရုတ်တရက် အနက်ရောင် တိမ်တိုက်တစ်ခု ပေါ်လာပြီး ထိုသူအား ပင့်တင့်ကာ မြေပြင်မှ ဝေးရာသို့ ခေါ်ဆောင်သွားတော့သည်။
အပြင်ဘက်တွင် ပုန်းအောင်းနေသော ဓားပြများမှာ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူတို့၏ သတ်ဖြတ်လုယက်ရန် အစီအစဉ်များကို ချက်ချင်းပင် လက်လွှတ်လိုက်ကြတော့သည်။
ထိုလူရိပ်မှ ထွက်ပေါ်နေသော ချီစွမ်းအင်မှာ ချီသန့်စင်အဆင့်မျှသာ ရှိသော်လည်း တိမ်စီး၍ ခရီးနှင်နိုင်သည့် စွမ်းရည်မှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများသာ တတ်မြောက်နိုင်သည့် အရာဖြစ်သည်။ မည်သူမျှ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူကို သွား၍ မနှောင့်ယှက်ရဲကြချေ။
အနက်ရောင် တိမ်တိုက်ပေါ်တွင် လော့ချန်၏ နှလုံးသားမှာ တဒိန်းဒိန်း ခုန်နေသည်။
အကြောင်းမှာ မိစ္ဆာသားရဲ တစ်ကောင်အတွက် ဝိညာဉ်ကျောက်တုံး ၈၀၀၀ အထိ သုံးစွဲလိုက်ရခြင်းကြောင့် မဟုတ်ချေ။
ထို့အစား အစောပိုင်းက ထျန်းရှင်းကျီနှင့် စကားပြောနေစဉ်အတွင်း တစ်ဖက်လူ မည်သူဆိုသည်ကို သူ နီးနီးကပ်ကပ် သိမြင်သွားသောကြောင့် ဖြစ်သည်။
“လော့ယွင်မြူခိုးအတတ်....”
“ဒါက ဂိုဏ်းတစ်ခုရဲ့ အမွေအနှစ်ပဲ ဖြစ်ရမယ်”
“ဒီလို နည်းလမ်းမျိုးက လမ်းဘေးမှာ အလွယ်တကူ ရနိုင်တဲ့ ပစ္စည်း မဟုတ်ဘူး၊ ဒါက တိမ်ပြိုဂိုဏ်းရဲ့ ဆေးဖော်စပ်နည်း အစစ်အမှန်ပဲ”
အစောပိုင်းတွင် ထျန်းရှင်းကျီနှင့် ထိုသူ ခဏမျှ စကားပြောနေစဉ်က အချင်းချင်းသာမန် နှုတ်ဆက်စကားဟု ထင်ရသော်လည်း သူ၏ စိတ်ထဲတွင် ရုတ်တရက် အလင်းပွင့်သလို အတွေးတစ်ခု ဝင်လာခဲ့သည်။
အကယ်၍ ၎င်းမှာ အခြေအမြစ်မရှိသော တွေးတောမှုသာ ဆိုလျှင် သူ လျစ်လျူရှုလိုက်မည် ဖြစ်သည်။ သို့သော် သူ၏ စိတ်မှာ မကြာသေးမီကပင် ပုံမှန်ထက် ပိုမို ဝေဖန်ပိုင်းခြားနိုင်လာကာ ယခင်ကကဲ့သို့ ဝေဝါးနေခြင်း မရှိတော့ချေ။
ထိုခဏအတွင်းမှာပင် သူသည် ရတနာနဂါး မှောင်ခိုဈေးကွက်နှင့် ပတ်သက်သော ယုတ္တိမတန်သည့် အရာ အားလုံးကို ပြန်လည် သတိရလာခဲ့သည်။
ရတနာနဂါး မှောင်ခိုဈေးကွက်သည် ဈေးကွက်များစွာကို ဖြန့်ကျက်ထားပြီး ကြီးမားသော ကွန်ရက်တစ်ခုကဲ့သို့ လည်ပတ်နေသည်။ သူတို့သည် မှော်ရုပ်သေးရုပ်များကို မကြာခဏ ရောင်းချလေ့ရှိပြီး တစ်ခါကဆိုလျှင် ချီသန့်စင် အထွတ်အထိပ်အဆင့်ရှိ ကျင့်ကြံသူနှင့် ယှဉ်နိုင်သော တိုက်ခိုက်ရေး ရုပ်သေးရုပ်ကိုပင် လေလံတင်ခဲ့ဖူးသည်။ ထိုကဲ့သို့သော အရာများမှာ လမ်းကြောင်းများရုံ၊ အဆက်အသွယ် ကောင်းရုံနှင့် ရနိုင်သော အရာများ မဟုတ်ပေ။
အကြောင်းမှာ ကျောက်စိမ်းအိုးနယ်မြေတွင် တိမ်ပြိုဂိုဏ်း တစ်ခုတည်းကသာ တိုက်ခိုက်ရေး ရုပ်သေးများကို ထုတ်လုပ်နိုင်ပြီး ပြင်ပသို့လည်း လုံးဝ မရောင်းချသောကြောင့် ဖြစ်သည်။ အကယ်၍ နဂါးရတနာ မှောင်ခိုဈေးကွက်သည် တိမ်ပြိုဂိုဏ်း၏ စီးပွားရေးလုပ်ငန်း ဖြစ်နေမည်ဆိုလျှင် အရာအားလုံးက ယုတ္တိရှိသွားပြီ ဖြစ်သည်။
ထို့နောက်တွင် တစ္ဆေဘုရင် သုံးပါးကို မဆင်မခြင် လွှတ်ပေးခဲ့သော မီးခိုးရောင်ဝတ်ရုံရှင် ရွှေအမြုတေအဆင့် ကျင့်ကြံသူ ရှိနေသေးသည်။ ၎င်းမှာ ဒေါသထွက်၍ မဆင်မခြင်လွှတ် ပေးခဲ့သည့် လုပ်ရပ်နှင့်မတူပဲ အသေအချာအကွက်ချ စီစဥ်ထားပုံရသည်။
အကြောင်းမှာ တစ္ဆေဘုရင်များသည် ရက်စက်ကြမ်းကြုတ်မှုကြောင့် နာမည်ကြီးလှသည်။ သူတို့လွတ်မြောက်သွားသည်နှင့် တပြိုင်နက် သူတို့အား အချုပ်အနှောင်မှ လွှတ်ပေးခဲ့သော လူကိုပင် ဂရုမစိုက်ဘဲ ပြန်တိုက်ခိုက်တတ်ကြသည်။ သို့သော် ထိုမီးခိုးရောင်ဝတ် ကျင့်ကြံသူမှာ ၎င်းတို့ကို စေခိုင်းကာ ဓားကျင့်ကြံသူ ဖန်ရင်ရှုံကိုပင် ဝိုင်းရံတိုက်ခိုက်ရန် စေခိုင်းနိုင်ခဲ့သည်။
သာမန် ရွှေအမြုတေအဆင့် ကျင့်ကြံသူများအနေဖြင့် ဤအဆင့်အထိ မလုပ်ဆောင်နိုင်ပေ။
သို့သော် အကယ်၍ တိမ်ပြိုဂိုဏ်း၏ ရုပ်သေးမှော်အတတ်ဖြင့် ပေါင်းစပ်ကာ အသေအချာ စီစဉ်ထားခြင်း ဖြစ်ပါက မဖြစ်နိုင်စရာ မရှိပေ။ ထိုတစ္ဆေဘုရင် သုံးပါးကို ရုပ်သေးရုပ်များကဲ့သို့ အစီအရင်များ လုပ်ထားပြီးမှသာ ခိုင်းစေခဲ့ခြင်း ဖြစ်ပေမည်။
ဖြစ်ပျက်ခဲ့ပြီးသော ကိစ္စများအားလုံးကို ခြုံငုံသုံးသပ်ကြည့်ပြီးနောက်တွင်မူ လော့ချန် ကျောချမ်းသွားရတော့သည်။
အကယ်၍ သူသာ တစ်ဖက်လူ၏ နောက်ခံကို ထိုနေရာတွင်ပင် ဖော်ထုတ်လိုက်မည်ဆိုပါက ထျန်းရှင်းကျီသည် သူ့အား နှုတ်ပိတ်ရန် သတ်ဖြတ်ပစ်မည်လား သူ မတွေးရဲပေ။
ထို့ကြောင့်ပင် သူ စကားလမ်းကြောင်းကို အမြန်ပြောင်းကာ ထိုကိစ္စကို တမင်တကာ ရှောင်ရှားခဲ့ခြင်း ဖြစ်သည်။
ဝိညာဉ်ကျောက်တုံး ၈၀၀၀ တန်သော မိစ္ဆာသားရဲကောင်ကြီးမှာ ထျန်းရှင်းကျီအနေနှင့် သူ၏ ခဏတာ အမှားကို လျစ်လျူရှုမိသွားစေရန် လုံလောက်သော အာရုံလွှဲမှုတစ်ခု ဖြစ်နိုင်ပါ့မလား မသိပေ။ သို့သော် အနည်းဆုံးတော့ သူ ရတနာနဂါး မှောင်ခိုဈေးကွက်မှ ဘာဒဏ်ရာမှမရဘဲ ထွက်လာနိုင်ခဲ့လေရာ ထျန်းရှင်းကျီ ဘာမှ သတိထားမိခဲ့ပုံ မရပေ။
“ဆိုးတဲ့အချက်က ထျန်းရှင်းကျီက အရမ်းပါးတဲ့လူဖြစ်နေတာပဲ.... ဒီလောက် လူရည်လည်တဲ့ လူမျိုးက ငါ အာချောင်လိုက်မိတဲ့ အမှားကို သတိမထားမိပဲတော့နေမှာမဟုတ်ဘူး.... အဲ့ဒါဆို သူဘာလို့ မရိပ်မိသလို ကျော်သွားပေးလိုက်ရတာလဲ.... ဩော်.... သိပြီ.... သိပြီ.... သွေးအဆီအနှစ်ဆေးလုံး အရောင်းအဝယ်ကြောင့်ပဲ ဖြစ်ရမယ်.... သွေးအဆီအနှစ်ဆေးလုံး.... သွေးအဆီအနှစ်ဆေးလုံး....” ဟု လော့ချန် တွေးရင်း တတွတ်တွတ်ရေရွတ်နေမိသည်။
လော့ချန် နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်မိသည်။ ယခုမှပင် သူ၏ စိတ်နှင့် အတွေးများမှာ တိမ်ကင်းစင်သော ကောင်းကင်ပြာကြီးကဲ့သို့ ကြည်လင်လန်းဆန်းသွားတော့သည်။
ထိုကဲ့သို့သော ဆေးလုံးမှာ ချီသန့်စင်အဆင့်ရှိ ကျင့်ကြံသူများအတွက် အစွမ်းထက်သော လက်နက်တစ်ခု ဖြစ်သော်လည်း အခြေခံ တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ အတွက်မူ ထိုမျှလောက် တန်ဖိုး မရှိချေ။ သို့သော် ထျန်းရှင်းကျီက ၎င်းကို အလွန်အမင်း တန်ဖိုးထားကာ အမြောက်အမြား ဝယ်ယူနေခြင်း ဖြစ်သည်။ ထိုအချက်များကို ထောက်ရှုခြင်းအားဖြင့် လယ်ပြင်မှာ ဆင်သွားသလို အကြောင်းရင်းကို သူခန့်မှန်းရလွယ်သွားလေသည်။
“ဒါ.... ဒါဆိုရင် သွေးအဆီအနှစ်ဆေးလုံးကို အမြတ်ရဖို့ ပြန်ရောင်းဖို့ မဟုတ်ဘူးပဲ.... တခြားဈေးမြို့တော်တွေမှာဆိုရင် သွေးအဆီအနှစ် ဆေးလုံးက ဒီလောက်ဈေးကောင်း ရမှာ မဟုတ်ဘူး.... သူ ဒါတွေကို တိမ်ပြိုဂိုဏ်းအတွက် ဝယ်ပြီးစုပေးနေတာပဲ.... ထူးဆန်းတာက တိမ်ပြိုဂိုဏ်းက သွေးအဆီအနှစ် ဆေးလုံးတွေ ဒီလောက်အများကြီးကို ဘာလို့ကျိတ်ဝယ်နေတာလဲ....ဘာအတွက် လိုတာလဲ....”
လော့ချန်စဥ်းစားနေရင်းမှ အာခေါင်များပင် ခြောက်လာကာ တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ရသည်။ ရုတ်တရက် သူ့ စိတ်ထဲတွင် အဖြေတစ်ခု ပေါ်လာခဲ့သည်။
“စစ်ပွဲ....”
တစိမ့်စိမ့် တိုက်ခတ်နေသော မြောက်လေအေးသည် လော့ချန်၏ မျက်နှာကို လာရောက်ရိုက်ခတ်လေရာ သူ၏ ရင်ထဲဝယ် အေးစိမ့်သွားရသည်။
“အင်း.... နဂါးရတနာမှောင်ခိုဈေးကွက်က ဖန်ရင်ရှုံကို သတ်ရဲတဲ့ အထိ ဘာလို့ သတ္တိရှိနေတာလဲဆိုတာ ငါ အမြဲတမ်း သိချင်နေခဲ့တာ.... ဘာလို့ဆို ဖန်ရင်ရှုံကိုသွားထိတာက ကျောက်စိမ်းအိုး ဓားဂိုဏ်းကို စစ်ကြေညာတာနဲ့ အတူတူပဲလေ.... ဒါပေမဲ့ သူတို့ စစ်ပွဲအတွက် အစကတည်းက ကျိတ်ပြင်ဆင်နေကြလိမ့်မယ်လို့ မထင်ထားလိုက်ဘူး....”
“နေရာအနှံ့မှာရှိနေတဲ့ မှောင်ခိုဈေးကွက်တွေက ရသမျှ အရင်းအမြစ်မျိုးစုံကို အသည်းအသန် လိုက်ဝယ်ပြီးစုနေကြတာ.... ဟုတ်တယ်.... ဒီလိုမျိုးစုတယ်ဆိုတာ စစ်ပွဲကြီးတစ်ခု မဖြစ်ခင်မှာ လုပ်လေ့ရှိတဲ့ အရင်းအမြစ် စုဆောင်းမှုမျိုးပဲ.... သူတို့က ဂိုဏ်းရဲ့ ကိုယ်ပိုင် ရုပ်သေးရုပ်တွေကိုတောင် စရောင်းနေပြီဆိုတော့ တိမ်ပြိုဂိုဏ်းဟာ လိုအပ်တာတွေ တော်တော်များများ ပြင်ဆင်ပြီးသွားလောက်ပြီ.... ဒါပေမဲ့ သူတို့က ဒီဒေသရဲ့ အရှင်သခင်ကို စိန်ခေါ်ဖို့အထိ ဘယ်က သတ္တိတွေရလာတာလဲ ဆိုတာတော့စဥ်းစားစရာပဲ....”
ရုတ်တရက် လော့ချန် ကောလာဟလတစ်ခုကို သတိရသွားသည်။ ယခင်က ချင်လျန်ချန်း ဇနီးမောင်နှံနှင့် ပထမဆုံး တွေ့ဆုံစဉ်က ဖြစ်သည်။ သူတို့သည် သားဖြစ်သူ ရှောင်ဟူကို တိမ်ပြိုဂိုဏ်း၏ တပည့်ရွှေးချယ်ပွဲသို့ ပို့ဆောင်ရန် ပြင်ဆင်နေကြစဉ် ဖြစ်သည်။
သူတို့ ပြောခဲ့ဖူးသည်မှာ တိမ်ပြိုဂိုဏ်း၏ ဂိုဏ်းချုပ် ဟန်ကျန်းသည် ဝိညာဉ်သန္ဓေတည်အဆင့်သို့ တက်လှမ်းနိုင်မည့် အလားအလာ ရှိသည် ဟူ၍ ဖြစ်သည်။
ယခုအချိန်တွင် ထိုသို့အဆင့်တက်လှမ်းနိုင်သွားသောကြောင့် ကျောက်စိမ်းအိုး ဓားဂိုဏ်းအား ဆန့်ကျင်တိုက်ခိုက်ရန် ယုံကြည်မှု ရှိသွားခြင်းပင် ဖြစ်ပေလိမ့်မည်။ အကယ်၍ ထိုသို့သာ ဖြစ်ခဲ့လျှင် အရာအားလုံးက ယုတ္တိရှိသွားပြီ ဖြစ်သည်။
နယ်မြေတစ်ခုတွင် အရင်းအမြစ်များစွာ ရှိသော်လည်း ဝိညာဉ်သန္ဓေတည်အဆင့် ဂိုဏ်းကြီး နှစ်ခုကို ထောက်ပံ့ရန် မလွယ်ကူပေ။ ယခင်က ကျောက်စိမ်းအိုးဓားဂိုဏ်းသည် နယ်မြေချဲ့စစ်ပွဲကို စတင်ခဲ့ခြင်းမှာလည်း မူလနယ်မြေတွင် အရင်းအမြစ်များ မလုံလောက်တော့သောကြောင့် ဖြစ်သည်။
ယခုအခါ တိမ်ပြိုဂိုဏ်းသည်လည်း ထိုအခြေအနေသို့ ရောက်ရှိနေပုံရသည်။
သူတို့၏ အင်အားနှင့်ဆိုလျှင် နယ်မြေသစ် သိမ်းပိုက်ရန်မှာ မဖြစ်နိုင်သလောက် ရှိရာ ပြည်တွင်း၌သာ အာဏာလုရန် ကြိုးစားနေခြင်း ဖြစ်ပေလိမည်။
“ဟူး.... ငါလည်း ရမ်းသမ်းမှန်းသန်းတွေ လျှောက်တွေးနေတာ.... မှန်လား၊ မှားလားဆိုတာတော့ ဘုရားပဲသိမယ်.... ဟားဟား”
လော့ချန် ခါးသီးစွာ ပြုံးလိုက်မိသည်။ ဤကဲ့သို့သော ခေတ်ရေစီးကြောင်းကြီးအောက်တွင် သူကဲ့သို့ ချီသန့်စင် အဆင့် ၉ ကျင့်ကြံသူမှာ ရေစီးရာမျောရုံသာ ရှိတော့သည်။
သူသည် လက်ရှိနေရာသို့ရောက်ရန် ခြေလှမ်းတိုင်းအား သတိထားကာ ခက်ခက်ခဲခဲ တည်ဆောက်ထားရခြင်း ဖြစ်လေသည်။ မည်သူက ရေစီးရာမျောချင်ပါမည်နည်း။
သို့သော် ငဲ့စရာ အဖွဲ့အစည်းတစ်ခုလုံးရှိနေသော လော့ချန်သည် ရှုံကွမ်းကဲ့သို့ မိစ္ဆာသားရဲများကို အမဲလိုက်ကာ စားဝတ်နေရေး ဖြေရှင်းရသည့် တစ်ကိုယ်တော်ကျင့်ကြံသူ ဘဝကို ပြန်မလိုချင်တော့ပေ။
“အာ.... တော်ပါ ပြီကွာ.... ဖြစ်မလာသေးတာတွေကို စဉ်းစားပူပင်နေတာက အဓိပ္ပာယ် မရှိဘူး.... အခု အရေးကြီးဆုံးက ကျင့်ကြံဖို့ပဲ၊ ငါ အမြန်ဆုံး အခြေခံ တည်ဆောက်ခြင်းအဆင့်ကို ရောက်အောင် လုပ်ရမယ်....”
“လော့ထျန်းအဖွဲ့ချုပ်ကို အခြေစိုက်စခန်းအဖြစ် ထားရမယ်.... တကယ်လို့ ပြည်တွင်းစစ်ဖြစ်လာခဲ့ရင်တောင် ငါ့မှာ ကိုယ်ပိုင် ရွေးချယ်မှုတွေ လုပ်နိုင်ဖို့ လုံလောက်တဲ့ အခွင့်အလမ်းတွေ ရှိလာမှာပါလေ....”
သက်ပြင်းချရင်း လော့ချန်သည် အနက်ရောင် တိမ်တိုက်ကို ထိန်းကျောင်း၍ လော့ထျန်းအဖွဲ့ရှိရာဆီသို့ ဦးတည် ပျံသန်းသွားခဲ့သည်။
....
အေးစက်သော ညဉ့်ဦးတွင် အနက်ရောင် တိမ်တိုက်သည် တဖြည်းဖြည်း ရွေ့လျားနေသည်။
၎င်းမှာ သတိထားမိရန် ခက်ခဲလှပြီး ကျင့်ကြံသူများ မော့ကြည့်လျှင်ပင် သတိပြုမိမည် မဟုတ်ချေ။
မကြာမီမှာပင် လော့ချန်သည် လခြမ်းတောင်ကြား၏ နယ်မြေစည်းနားသို့ ရောက်ရှိလာသည်။ သို့သော် သူ မြေပြင်သို့ မဆင်းသက်နိုင်ခင်မှာပင် ရင်ဝကို ခြေဖြင့်ဆောင့်ကန်ခံရသလို ခံစားလိုက်ရတော့သည်။
“တောက်.... ငါ ခက်ခက်ခဲခဲ လုပ်ထားရတဲ့ဟာကို ခြေနဲ့ဖျက်ချင်နေကြတယ်ပေါ့.... လာပြီ.... ငါနဲ့အတွေ့ပဲ....”
ထိုညတွင် လရောင်မှာ ငွေရည်များကဲ့သို့ တောက်ပနေကာ ကဗျာဆန်ချင်တိုင်း ဆန်နေသည်။ ထိုငွေလရောင်အောက်ရှိ လခြမ်းတောင်ကြား၏ အပြင်ဘက်တွင် ဓာတ်ကြီးငါးပါးအစီအရင် ချထားသည်ကိုလည်းအတိုင်းသား မြင်နေရသည်။
ထိုကဗျာဆန်သော ညနှင့် မအပ်စပ်လှစွာ လေထုထဲတွင် သွေးညှီနံ့များ ပြည့်နှက်နေပြီး သားရဲများ၏ မရပ်မနား ဟိန်းအော်သံများကလည်း နားစည်ကွဲမတတ် ထွက်ပေါ်နေသည်။ ထိုအဖြစ်ကိုကြည့်ခြင်းအားဖြင့် လော်ထျန်းအဖွဲ့အစည်းသည် စတင်တည်ထောင်ချိန်မှစ၍ မကြုံဖူးသေးသော အကျပ်အတည်းကြီးနှင့် ရင်ဆိုင်နေရ ပြီဟု အတတ်သိနိုင်ပေသည်။
ထိုငွေလရောင် ညလေးသည် ကြောက်မက်ဖွယ် မိစ္ဆာသားရဲလှိုင်းလုံးကြီးများနှင့် နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရသဖြင့် မုန်တိုင်းထန်သော မကောင်းဆိုးဝါးညတစ်ညကဲ့သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။