အခန်း (၂၅၃-၂၅၄)
Vol. 26 Ch. 253-254
အခန်း (၂၅၃) - မိစ္ဆာသားရဲလှိုင်းလုံးကြီးနှင့် လော့ထျန်း၏ခံစစ်
လွန်ခဲ့သော တစ်နာရီခန့်က ဖြစ်သည်။
ကျင့်ကြံပြီးစဖြစ်သော စီမာဟွေ့နန်သည် အိပ်စက်ရန် ပြင်ဆင်နေစဉ် ယွမ်ရှောင်ယွဲ့က သူမထံ အပြေးအလွှား ရောက်ရှိလာခဲ့သည်။
“စီမံခန့်ခွဲရေးမှူးရှင့်.... တောင်ကြားအနီးအနားမှာ မိစ္ဆာသားရဲတွေ အများအပြား စုဝေးနေတာကို တွေ့ရပါတယ် ”
စိုးရိမ်တကြီး ဖြစ်နေသော မိန်းကလေးငယ်ကို ကြည့်ရင်း စီမာဟွေ့နန် ရင်ထိတ်သွားသော်လည်း မျက်နှာအမူအရာမှာမူ တည်ငြိမ်မြဲ တည်ငြိမ်နေဆဲ ဖြစ်သည်။ သူမသည် အပေါ်ဝတ်ရုံကို ကောက်စွပ်ရင်း အပြင်ဘက်သို့ အခြေအနေအကဲခတ်ရန် ထွက်လာခဲ့သည်။
“အတိအကျပြောစမ်းပါဦး.... အခြေအနေက ဘယ်လိုဖြစ်တာလဲ” ဟု သူမ မေးလိုက်သည်။
ယွမ်ရှောင်ယွဲ့သည် လော့ချန် သူမအတွက် အထူးစီစဉ်ပေးထားသည့် လက်ထောက်ဖြစ်ပြီး သတင်းအချက်အလက်များကို ပို့ဆောင်ပေးရန် တာဝန်ရှိသည်။
အမြင်အရသာ ထိုသို့ဆိုသော်လည်း စင်စစ်မှာ လော့ချန်က သူမအား ထိုမိန်းကလေးငယ်ကို စောင့်ရှောက်ပေးစေလိုသည့် သဘောလည်း ဖြစ်သည်။ စီမာဟွေ့နန်၏ တည်ငြိမ်သော အမူအယာ၏ လွှမ်းမိုးမှုအောက်တွင် ယွမ်ရှောင်ယွဲ့လည်း စိတ်ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။
“ညကင်းလှည့်နေတဲ့ တိုက်ခိုက်ရေးခန်းမဆောင်က ကျင့်ကြံသူတွေက မိစ္ဆာသားရဲတွေကို စတွေ့တာပါပဲရှင်” ဟု ယွမ်ရှောင်ယွဲ့က အစီရင်ခံသည်။
“မိစ္ဆာသားရဲတွေကို ကြည့်ရတာ အရှေ့ပိုင်းလွင်ပြင် တောင်တန်းကြီးတွေဘက်ကနေ လာကြတဲ့သဘောမှာရှိပါတယ်.... အများစုကတော့ မျောက်ဝံမျိုးနွယ် မိစ္ဆာသားရဲတွေပါပဲ....”
“အခု လောလောဆယ်မှာတော့ ကာကွယ်ရေးတပ်ဖွဲ့ဝင် အကြီးအကဲ ကျိုးယွမ်လီက အကာအကွယ်စည်း တည်ဆောက်ဖို့ စဦးဆောင်နေပါတယ်.... တိုက်ခိုက်ရေးခန်းမဆောင် တစ်ခုလုံးကိုလည်း အကြောင်းကြားထားပြီးပါပြီရှင်....”
စီမာဟွေ့နန် ခြေလှမ်းများ ရပ်တန့်သွားသည်။ သူမ မျက်မှောင်ကြုတ်ကာ လှည့်ကြည့်ရင်း မေးလိုက်သည်။
“ဟမ်.... အရှေ့ပိုင်းလွင်ပြင် တောင်တန်းကြီးက မိစ္ဆာသားရဲတွေ ဟုတ်လား....”
လခြမ်းတောင်ကြားသည် လပြည့်ညတောင်တန်း နှင့် ကပ်လျက်ရှိပြီး ဟွေ့ယဲ့တောင်တန်းကို ကျောပေးထားကြောင်း သူမ သိသည်။ ထိုဒေသရှိ မိစ္ဆာသားရဲများမှာ အဓိကအားဖြင့် မီးခိုးသစ်ရွက်ဝံပုလွေ များသာ ဖြစ်သည်။ သို့ဆိုလျှင် မျောက်ဝံ မိစ္ဆာသားရဲများက အဘယ်ကြောင့် ဤနေရာကို ရုတ်တရက် ရောက်လာရသနည်း။
အရှေ့ပိုင်းလွင်ပြင် တောင်တန်းကြီးနှင့် အနီးဆုံးရှိသော တောင်မှာ ကျိုးယီတောင် ဖြစ်ပြီး ထိုတောင်မှာ မျောက်ဝံ မျိုးနွယ် မိစ္ဆာသားရဲများ၏ ခိုအောင်းရာ ဖြစ်လေသည်။ သို့ရာတွင် ထိုတောင်မှာ ဤနေရာနှင့် မိုင်ပေါင်း ရာနှင့်ချီ၍ ဝေးကွာလှပေသည်။ ဤ သားရဲများ အဘယ်ကြောင့် ခရီးဝေးနှင်လာကြသနည်းဆိုသည်မှာ ပဟေဠိသဖွယ်ဖြစ်နေလေသည်။ စီမာဟွေ့နန် စိတ်ရှုပ်သွားဟန်ဖြင့် ခေါင်းခါလိုက်သည်။ သူမသည် အချိန်မဖြုန်းတော့ဘဲ အပြင်ဘက်သို့ အမြန်လျှောက်လှမ်းရင်း တစ်ဆက်တည်း အမိန့်များကို ပြတ်သားစွာ ထုတ်ပြန်လိုက်တော့သည်။
“ရှောင်ယွဲ့ရေ.... ခန်းမဆောင် လေးခုစလုံးက ခေါင်းဆောင်တွေကို ချက်ချင်း ဆင့်ခေါ်လိုက်.... အကြီးအကဲ တွမ်ဖုန်းကို ဓာတ်ကြီးငါးပါး အကာအကွယ်အစီရင်ငယ်ကို ကြီးကြပ်ဖို့ ခိုင်းလိုက်ပါ.... လိုအပ်ရင် အရန်သိမ်းထားတဲ့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတွေကို သုံးပြီးတော့ အစီအရင်ရဲ့ စွမ်းအားကို အပြည့် အသက်သွင်းလိုက်.... ပြီးတော့.... အဖွဲ့ချုပ်ခေါင်းဆောင်ကိုလည်း သွားပြီး အကြောင်းကြားလိုက်ဦး.... ကြားလား”
ထို အမိန့်ရသည်နှင့် ယွမ်ရှောင်ယွဲ့မှာ ချက်ချင်းလုပ်ဆောင်ရန် ပြေးထွက်သွားတော့သည်။
စီမာဟွေ့နန်မှာမူ သူမ၏ နားထင်ကို နှိပ်ရင်း ခေါင်းထဲတွင် မေးခွန်းများစွာ ပြည့်နှက်နေသည်။
လခြမ်းတောင်ကြားသည် တာဟဲဈေးမြို့တော်နှင့် အလှမ်းဝေးသော်လည်း မိစ္ဆာသားရဲများ၏ တိုက်ခိုက်မှုကို ခံရခဲလှသည်။ ယနေ့ကဲ့သို သားရဲများ တိုက်ခိုက်လာနိုင်သည်ဆိုသည့် ဖြစ်ရပ်မှာ ထူးခြားသော်လည်း အဖွဲ့အစည်း၏ ရှေ့ရေးဆွေးနွေးမှုများတွင် ကြိုတင် ခန့်မှန်းထားသော ကိစ္စတစ်ခု ဖြစ်သည်။ သို့သော် ကျိုးယီတောင်မှ မိစ္ဆာသားရဲများ ဖြစ်နေလိမ့်မည်ဟုတော့ မည်သူမျှ မထင်ထားခဲ့ဖူးပေ။
ထိုသို့ အတွေးများစွာနှင့်ပင် စီမာဟွေ့နန်သည် ကင်းမျှော်စင်သို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။ ကျိုးယွမ်လီသည် ထိုနေရာတွင် အမိန့်များပေးရင်း ကာကွယ်ရေးစည်းများကို တည်ဆောက်နေသည်။
နှစ်ဦးသား နားလည်မှုရှိရှိ ခေါင်းညိတ်ပြလိုက်ကြပြီးနောက် စီမာဟွေ့နန်သည် သူမ၏ နတ်မျက်စိမှော်အတတ်ကို အသုံးပြု၍ တံတိုင်းအပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
တံတိုင်းအပြင်ဘက်တွင် မျောက်ဝံ၊ ရွှေဝိညာဉ်မျောက် နှင့် ကျောက်စိမ်းပြာမျောက် အုပ်စုငယ်များကို တွေ့နေရသည်။ တစ်အုပ်စုတွင် ဆယ်ကောင်ခန့်သာ ရှိသဖြင့် အလွန်အမင်း များပြားလှသည်တော့ မဟုတ်ချေ။ သို့သော် စီမာဟွေ့နန်၏ ရင်ထဲတွင် ထိတ်လန့်သွားရသည်။ အကြောင်းမူ ဤမိစ္ဆာသားရဲများသည် ပုံမှန်အားဖြင့် ဤကဲ့သို့ စုဝေးလေ့ မရှိကြချေ။ အဆင့်မြင့် မိစ္ဆာသားရဲတစ်ကောင်မှ သူတို့အား စေခိုင်းခြင်းဖြစ်ပေလိမ့်မည်။ ထိုကြိုးကိုင်နေသော သားရဲကြီးသည် လခြမ်းတောင်ကြားကို တိုက်ခိုက်ရန် သာမန်အဆင့်သားရဲများအား ရှေ့ပြေးတပ်ဖွဲ့များအဖြစ် အသုံးချနေခြင်းမှာ ထင်ရှားလှပေသည်။
“သူတို့နောက်မှာ အကောင် ဘယ်လောက်များများ ကျန်သေးလဲ” ဟု စီမာဟွေ့နန်က ချက်ချင်း မေးလိုက်သည်။
ကျိုးယွမ်လီက သေချာစဥ်းစားရင်း ပြန်ဖြေသည်။
“ကျွန်တော်တို့ ကင်းထောက်တွေရဲ့ ပြောကြားချက်အရဆိုရင် အကောင် တစ်ရာထက်မနည်းဘူး.... နှစ်ရာ သုံးရာလောက်တောင် ရှိနိုင်တယ်ဗျ”
ထိုအရေအတွက်ကို ကြားသောအခါမှ စီမာဟွေ့နန် အနည်းငယ် စိတ်သက်သာရာရသွားသည်။ ကံကောင်းထောက်မစွာဖြင့် ၎င်းမှာ အသေးစား မိစ္ဆာသားရဲလှိုင်းလုံးမျှသာ ဖြစ်သည်။
တာဟဲဈေးမြို့တော်၏ သမိုင်းတစ်လျှောက်တွင် ထိုကဲ့သို့သော အသေးစား မိစ္ဆာသားရဲလှိုင်းလုံးများမှာ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ဖြစ်ပွားခဲ့ဖူးသည်။ ထို့အပြင် ၎င်းတို့မှာ များသောအားဖြင့် ဆောင်းရာသီတွင် ဖြစ်ပွားလေ့ရှိရာ ယခုကဲ့သို့သော ရာသီဥတုတွင် ဖြစ်လာခြင်းမှာ အံ့ဩစရာတော့ မဟုတ်ပေ။
သို့သော် စီမာဟွေ့နန်သည် ဤကိစ္စကို ပေါ့ဆ၍ မရကြောင်းကိုလည်း ကောင်းစွာ သိထားသည်။ အကြောင်းမူ လခြမ်းတောင်ကြားရှိ ကျင့်ကြံသူ အရေအတွက်မှာ တစ်ရာခန့်သာ ရှိပြီး ထိုအထဲတွင်မှ အမှန်တိုက်ခိုက်ရေးစွမ်းရည်ရှိသူမှာ သုံးဆယ်မှ ငါးဆယ်ခန့်သာ ရှိသောကြောင့် ဖြစ်သည်။
“ယွမ်လီ.... ချက်ချင်း တိုက်ခိုက်ရေးခန်းမဆောင်ကို အကြောင်းကြားလိုက်၊ အဖွဲ့ဝင်တပ်သားတွေ အကုန်စုကြ.... တခြားခန်းမဆောင် သုံးခုက ချီသန့်စင်အဆင့်မြင့် ကျင့်ကြံသူတွေ အားလုံးလည်း ဒီတိုက်ပွဲကို လာကူရမယ်လို့ပြောလိုက်....”
“ဟုတ်ကဲ့.... နားလည်ပါပြီ စီမံခန့်ခွဲရေးမှူးခင်ဗျာ”
ကျိုးယွမ်လီသည် လေးစားစွာ အရိုအသေပေးလိုက်ပြီး အမိန့်ကို လက်ဆင့်ကမ်းရန် လူများကို ချက်ချင်း လွှတ်လိုက်တော့သည်။ သူသည် ကာကွယ်ရေးတပ်ဖွဲ့ အကြီးအကဲ ရာထူးကို ရယူထားသော်လည်း ကျင့်ကြံသူအားလုံးကို စေခိုင်းနိုင်သည့် အာဏာမရှိချေ။
အဖွဲ့ချုပ်ခေါင်းဆောင် လော့ချန်ကိုယ်တိုင် ခန့်အပ်ထားသော စီမာဟွေ့နန် တစ်ဦးတည်းသာလျှင် အရေးပေါ် ဆုံးဖြတ်ချက်များ ချမှတ်ရန်နှင့် အခြေအနေအားလုံးကို ကြီးကြပ်ရန် အာဏာရှိပေသည်။
အမိန့်ပေးပြီး မကြာမီမှာပင် လခြမ်းတောင်ကြားမှာ မီးရောင်များဖြင့် လင်းထိန်သွားတော့သည်။ ကောင်းကင်ယံတွင် အလင်းတန်းများစွာ ဟိုဟိုဒီဒီ ပျံသန်းနေကြသည်။ လူအများစု စုဝေးပြီးသည်ကို မြင်သောအခါ စီမာဟွေ့နန်က နောက်ထပ် အမိန့်တစ်ခုကို ထုတ်ပြန်လိုက်ပြန်သည်။
“အကြီးအကဲ တွမ်ဖုန်း.... ရှင့်အဖွဲ့ကို ဦးဆောင်ပြီး အစီအရင်ကို စောင့်ကြည့်ပြီးလိုသလို ထိန်းချုပ်လိုက်ပါ၊ အကြီးအကဲကျိုး.... ရှင်ကတော့ စစ်မြေပြင်ကို ဦးဆောင်ဖို့ အသင့်တော်ဆုံးပဲ၊ ဒီနေရာကို ရှင် တာဝန်ယူပါ၊ တစ်ခုခု လိုအပ်ရင်လည်း ကျွန်မကို တိုက်ရိုက် လာပြောပါ၊ လော့ထျန်းအဖွဲ့က ကျင့်ကြံသူတိုင်းက ရှင့်ကို ကူညီပေးလိမ့်မယ်”
ကျိုးယွမ်လီ ခေါင်းညိတ်ကာ တာဝန်ကို မဆိုင်းမတွ လက်ခံလိုက်သည်။ သူသည် ကင်းမျှော်စင်ထိပ်တွင် ရပ်ရင်း ချီစွမ်းအားဖြင့် အသံကို ဟိန်းထွက်စေကာ အမိန့်များကို စတင် ထုတ်ပြန်တော့သည်။
မိစ္ဆာသားရဲလှိုင်းလုံး အပြည့်အဝ မစုဝေးခင်မှာပင် သူသည် ရှေ့ပြေးမိစ္ဆာသားရဲများကို ရှင်းလင်းရန် ကာကွယ်ရေးတပ်သား အဖွဲ့ငယ်များကို ချက်ချင်း စေလွှတ်လိုက်သည်။
မှောင်မိုက်သော ညအောက်တွင် မိစ္ဆာ သတ်ဖြတ်ပွဲမှာ စတင်လာခဲ့ပြီ ဖြစ်သည်။
ခန်းမဆောင်အားလုံးမှ ကျင့်ကြံသူ အဖွဲ့ငယ်များ၏ စနစ်တကျ ပူးပေါင်းဆောင်ရွက်မှုအောက်တွင် ပြန့်ကျဲနေသော မိစ္ဆာသားရဲများမှာ ခုခံနိုင်စွမ်း မရှိကြချေ။ မှော်လက်နက်များ ကောင်းကင်တွင် ဝဲပျံနေပြီး မိစ္ဆာသားရဲများ၏ သွေးများမှာ နေရာအနှံ့သို့ လွင့်စင်နေသည်။ သွေးညှီနံ့များမှာ ပိုမို ပြင်းထန်လာခဲ့သည်။
စီမာဟွေ့နန်သည် နောက်ဘက်မှနေရင်း သူမ၏ မှော်လက်နက်ကို တင်းတင်းဆုပ်ထားသည်။ သူမသည် အစီအရင်စည်းကို ကျော်ဖြတ်လာမည့် မည်သည့်သားရဲကိုမဆို တိုက်ခိုက်ရန် အသင့်ရှိနေသည်။ သူမ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ မျက်မှောင်များ ကြုတ်သွားရသည်။
“ဟမ်.... အဖွဲ့ချုပ်ခေါင်းဆောင်နဲ့ တိုက်ခိုက်ရေးခန်းမခေါင်းဆောင် ဝမ်ယွမ်တို့ အခုထိ ဘာလို့ ပေါ်မလာသေးတာလဲ....”
ထိုအခါ လျိုချန်းက ခေါင်းခါလိုက်သည်။
“အဖွဲ့ချုပ်ခေါင်းဆောင်ရဲ့ အိပ်ခန်းက အစီအရင်က အခုထိ အသက်ဝင်နေတုန်းပဲ၊ အသံလွှင့် မှော်စာရွက်တွေကိုလည်း ဘာတုံ့ပြန်မှုမှ မပေးသေးဘူး၊ တိုက်ခိုက်ရေးခန်းမခေါင်းဆောင် ဝမ်ယွမ်ကတော့....”
သူ့ စကားမဆုံးခင်မှာပင် ကျိုးယွမ်လီ၏ ပြတ်သားသော အသံမှာ ကင်းမျှော်စင်ထိပ်မှ ဟိန်းထွက်လာသည်။
“မိစ္ဆာသားရဲလှိုင်းလုံး ဒီကို ရောက်တော့မယ်ဟေ့.... အားလုံး သတိအပြည့်ထားကြ၊ အကာကွယ်တံတိုင်း အပြင်ဘက်မှာ ရှိနေတဲ့ ကျင့်ကြံသူတွေအားလုံး ချက်ချင်း ပြန်လာကြပြီး အစီအရင်အတွင်းက မင်းတို့ရဲ့ နေရာတွေကို ယူကြ ”
တခဏချင်းမှာပင် အပြင်ဘက်၌ သားရဲများကို လိုက်တိုက်နေကြသော ကျင့်ကြံသူများသည် အသိုက်ပြန်သည့် ပျံလွှားငှက်များကဲ့သို့ အပြေးအလွှား ပြန်ဝင်လာကြသည်။ သူတို့သည် မြင့်မားသော တံတိုင်းများပေါ်တွင် ဆင်းသက်လိုက်ကြပြီး မျက်နှာထားတင်းကာ သတိအနေအထားဖြင့် အဆင်သင့်ရှိနေကြသည်။
ဖူမျိုးနွယ်စုနှင့် တိုက်ပွဲဖြစ်စဉ်က ခံစစ်၏ အရေးပါကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသဖြင့် လော့ထျန်းအဖွဲ့ချုပ်သည် ၎င်းတို့၏ ကိုယ်ပိုင်အကာအကွယ်တံတိုင်းများကို အခိုင်အမာ ပြန်လည် တည်ဆောက်ခဲ့ကြသည်။ တောင်တန်းများအား အမှီပြုကာ တောင်ကြားကို ဗဟိုပြုသော အကာကွယ်တံတိုင်းကြီးများ တည်ဆောက်ရသည်မှာ ကျင့်ကြံသူများအတွက် ခက်ခဲသော အလုပ်မဟုတ်ချေ။
သို့ရာတွင် သူတို့အတွက် လိုအပ်နေသည်မှာ ဖူမျိုးနွယ်စုကဲ့သို့ မှော်အစီအရင်များကို တံတိုင်းအတွင်းသို့ တိုက်ရိုက် ထည့်သွင်းနိုင်သည့် နည်းလမ်းသာ ဖြစ်သည်။ ကံကောင်းသည်မှာ လော့ထျန်းအဖွဲ့ချုပ်၌ အစွမ်းထက်သော ဓာတ်ကြီးငါးပါး အကာအကွယ်အစီရင်ငယ် ရှိနေသည်။ ၎င်းမှာ အခြေခံ တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများကိုပင် အချိန်တစ်ခုထိ မဝင်နိုင်ရန် ဟန့်တားနိုင်စွမ်း ရှိသည်။ ထိုအစီရင်ငယ်ကြောင့်ပင် တိုက်ခိုက်ရေးခန်းမဆောင်ရှိ ကာကွယ်ရေး တပ်သားများမှာ အလွန်အမင်း ထိတ်လန့်ခြင်း မရှိကြခြင်းဖြစ်လေသည်။
သို့သော်လည်း အပြင်ဘက်တွင် တစတစ တိုးပွားလာနေသော မိစ္ဆာသားရဲ အရေအတွက်ကို ကြည့်ရင်း သူတို့၏ ရင်ထဲတွင် တုန်လှုပ်နေသည်ကိုမူ ဝန်ခံရပေမည်။
တစ်ရာ.... နှစ်ရာ.... သုံးရာ....။
ညမှောင်မှောင်အောက်တွင် မျောက်ဝံများ၏ စူးရှသော အော်ဟစ်သံများမှာ ပိုမို တုန်လှုပ်ဖွယ်ရာ ဖြစ်လာသည်။ တောင်ပြိုကျသကဲ့သို့ သို့မဟုတ် ပင်လယ်ပြင်တွင် ဒီရေလှိုင်းလုံးကြီးများ တိုက်စားလာသကဲ့သို့ အသံပေါင်း ထောင်ချီ၍ တစ်ပြိုင်နက်ထဲ ဟိန်းဟောက်နေသကဲ့သို့ ခံစားရသည်။
အပြင်ဘက်ရှိ မိစ္ဆာသားရဲလှိုင်းလုံးမှာ အကောင် နှစ်ရာ၊ သုံးရာခန့်သာ ရှိကြောင်း သူတို့ သိထားသော်လည်း တစတစ လွှမ်းမိုးလာသော မိစ္ဆာစွမ်းအားများက သူတို့ကို ထိတ်လန့်လာစေသည်။ ခဏတာမျှ ကျင့်ကြံသူအားလုံး၏ အကြည့်မှာ ကျိုးယွမ်လီနှင့် စီမာဟွေ့နန်ထံသို့ ရောက်ရှိသွားသည်။
တစ်ဦးမှာ တိုက်ပွဲကို ဦးဆောင်နေသူ ဖြစ်ပြီး အခြားတစ်ဦးမှာ လော့ထျန်းအဖွဲ့၏ ရှေ့ဆက်ရမည့် လမ်းစဉ်ကို ဆုံးဖြတ်ပေးမည့် စီမံခန့်ခွဲရေးမှူး ဖြစ်သည်။ ကျိုးယွမ်လီ၏ မျက်နှာမှာ တင်းမာနေပြီး ကြောက်ရွံ့မှု အရိပ်အယောင် စိုးစိမျှပင် မရှိချေ။ ဤကဲ့သို့သော အခြေအနေမျိုးကို သူ ပထမဆုံးအကြိမ် ရင်ဆိုင်ရခြင်း မဟုတ်ပေ။ သူ့အတွက် အတွေ့အကြုံရမည့် နောက်ထပ် တိုက်ပွဲတစ်ခုမျှသာ ဖြစ်သည်ဟု ခံယူထားဟန်တူသည်။
သို့သော် စီမာဟွေ့နန်မှာမူ မတူညီချေ။ သူမ၏ မျက်နှာမှာ အနည်းငယ် ဖြူဖျော့နေသည်။ အကြောင်းမူ သူမသည် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးအဖြစ်သာ နေထိုင်ခဲ့ပြီး ဤကဲ့သို့ ကြီးမားသော တိုက်ပွဲမျိုးကို တစ်ခါမျှ မရင်ဆိုင်ခဲ့ဖူးချေ။ ယခင်အခြေအနေတိုင်းသာဆိုပါက သူမ ဘာမှမစဉ်းစားဘဲ သူမ၏ အစ်ကိုကြီးနှင့် မောင်လေးကို ခေါ်ကာ ချက်ချင်း ထွက်ပြေးမိမှာ သေချာသည်။ သို့သော် ယခုအခါ သူမသည် လော့ထျန်းအဖွဲ့ချုပ်၏ စီမံခန့်ခွဲရေးမှူး ဖြစ်နေလေရာ ဤကဲ့သို့သော အရေးကြီးသည့်အချိန်တွင် ထွက်ပြေးရန်အတွေး မဝင်မိတော့ပေ။
စီမာဟွေ့နန်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး တည်ငြိမ်သော အသံဖြင့် အော်ဟစ် အမိန့်ပေးလိုက်သည်။
“အားလုံးပဲ.... တိုက်ပွဲအတွက် ပြင်ကြ.... “
“အခု ငါတို့နောက်မှာ ရှိနေတာက လော့ထျန်းအဖွဲ့ချုပ်ပဲ၊ ဒီအဖွဲ့ကို ဒီမြေမှာ ခြေကုပ်မိအောင် ငါတို့ ခြောက်လကြာအောင် ခက်ခက်ခဲခဲ တည်ဆောက်ခဲ့ရတယ်.... အဲဒီတော့ ဒီလော့ထျန်းကို လာထိရဲတဲ့ ဘယ်သူ့ကိုမှ အရှင်မထားဘူး.... အကုန်အသေဆိုးနဲ့သေစေရမယ်.... ငါတို့နောက်မှာ ငါတို့ကို အားကိုးနေတဲ့ မိသားစုတွေရှိတယ်၊ မျိုးဆက်သစ် ကလေးငယ်တွေရှိတယ်.... ဒီအချက်တွေကို စိတ်ထဲမှာ သံမှိုစွဲရိုက်သလို မှတ်ထားပြီး တိုက်ပွဲဝင်ကြ.... မိစ္ဆာသားရဲတွေကို အပိုင်းပိုင်းသတ်ပစ်ကြ....”
ထိုအမိန့်စကားကို ကြားသောအခါ ကျင့်ကြံသူအများစုမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကာ အားတက်လာကြသည်။ သို့သော် စုန်းပြူး အချို့မှာမူ ထွက်ပြေးရန်အတွက် ချောင်းနေကြသည်။
မိစ္ဆာသားရဲလှိုင်းလုံးမှာ အကောင် ၂၀၀၊ ၃၀၀ ခန့်ရှိလာပြီဖြစ်ရာ ဤနှုန်းဖြင့် ထပ်တိုးလာမည်ဆိုပါက ထိတ်လန့်စရာ ကောင်းလှပေသည်။ စီမာဟွေ့နန်သည် အားလုံးကို အကဲခတ်ရင်း ထိုသွေးကြောင်သော ကျင့်ကြံသူများ၏ စိတ် အပြောင်းအလဲကို ချက်ချင်း ရိပ်မိလိုက်သည်။ သူမသည် လေထဲသို့ ခုန်တက်လိုက်ပြီး စုဝေးနေသော ကျင့်ကြံသူများကို ငုံ့ကြည့်လိုက်သည်။
“အားလုံးနားထောင်ကြစမ်း.... ထွက်ပြေးဖို့တော့ ယောင်လို့တောင် စိတ်မကူးကြနဲ့.... ဒီလောက် ခက်ခက်ခဲခဲ တည်ဆောက်ထားတဲ့ အဖွဲ့ကို စွန့်ပစ်ချင်ကြတာလား.... ပြေးမလို့လား.... ရှင်တို့ ဘယ်ကို ပြေးမှာလဲ.... အဖွဲ့ချုပ်ခေါင်းဆောင် လော့ချန်က ရှင်တို့ကို လတိုင်း လစာတွေ ခံစားခွင့်တွေ အများကြီး ပေးနေတာဟာ အရေးကြုံရင် ဖင်ပိတ်ပြေးတဲ့ သောက်ပျင်းတွေ ဖြစ်လာအောင်မဟုတ်ဘူး.... ကျွန်မ တစ်ခုပဲပြောမယ်.... လော့ထျန်းကလွဲရင် တခြားဘယ်အင်အားစုကမှ ရှင်တို့ကို ဒီလောက် ကောင်းကောင်းဆက်ဆံမှာ မဟုတ်ဘူး”
“ကျွန်မ အပိုစကားတွေ ပြောပြီး အချိန်မဖြုန်းတော့ဘူး၊ ခုနောက်ဆုံးပြောတာ သေချာနားထောင်.... ရှင်တို့ သတ်လိုက်တဲ့ မိစ္ဆာသားရဲ တစ်ကောင်ချင်းစီအတွက် ဂုဏ်ပြုမှတ် တစ်မှတ်စီ ရမယ်.... ငါးမှတ် ရရင် ဝိညာဉ်ကျောက်တုံး ၂၀၀ နဲ့ လဲနိုင်တယ်.... ဆယ်မှတ် ရရင် ကုသိုလ်တော်ခန်းမဆောင်ကနေ ကြိုက်တဲ့ ကျင့်စဉ်ကျမ်းတစ်ခုကို ပေးမယ်....”
“တကယ်လို့ အမှတ် နှစ်ဆယ်နဲ့ အထက် ရရင်တော့.... အဆင့်မြင့် မှော်လက်နက် တစ်ခုကို ဆုအဖြစ် ချီးမြှင့်ပေးမယ်.... ကြားကြလား”
သူမ စကားဆုံးသည်နှင့် လူအုပ်ကြီးမှာ စိတ်လှုပ်ရှားစွာဖြင့် ဆူညံသွားတော့သည်။ မိစ္ဆာသားရဲ အကောင် နှစ်ဆယ် သတ်ရုံနှင့် အဆင့်မြင့် မှော်လက်နက် တစ်ခုကို ရနိုင်မည့်အခွင့်အရေးကို သူတို့လက်လွှတ်မခံချင်ကြတော့ပေ။ နောက်တစ်ချက်မှာ အပြင်ဘက်ရှိ အသေးစား မိစ္ဆာသားရဲလှိုင်းလုံးထဲတွင် အားနည်းသော ပထမအဆင့် မိစ္ဆာသားရဲများစွာ ပါဝင်နေသည်။ မိမိတို့ အဖွဲ့ဝင် အများစုမှာ ချီသန့်စင်အဆင့်မြင့် ကျင့်ကြံသူများ ဖြစ်လေရာ ထူးပြီး ကြောက်စရာ အကြောင်း မရှိလှပေ။
ထိုတခဏချင်းမှာပင် သူတို့၏ မျက်လုံးများမှာ အရောင်တောက်လာကြသည်။ သူတို့မျက်လုံးထဲတွင် အပြင်ဘက်ရှိ သားရဲကောင်များမှာ ထိတ်လန့်စရာ မိစ္ဆာသားရဲများ မဟုတ်တော့ဘဲ ဝိညာဉ်ကျောက်တုံးများနှင့် မှော်လက်နက်ပုံကြီးများအဖြစ်သာ မြင်လာကြတော့သည်။ နောက်ဆုံးတွင်မူ တိုက်ပွဲဝင် စိတ်ဓာတ်များ ပြန်လည် မြင့်တက်လာခဲ့ပြီ ဖြစ်သည်။
ထိုအခါမှသာ စီမာဟွေ့နန် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။
မည်သို့ပင်ဖြစ်စေ ဤသည်မှာ ဂိုဏ်းတစ်ခု သို့မဟုတ် မျိုးနွယ်စုတစ်ခု မဟုတ်သောကြောင့် စည်းလုံးမှုမှာ လုံလောက်မှု မရှိပေ။ ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရလျှင် လူတိုင်း၏ ပထမဆုံး အတွေးမှာ ထွက်ပြေးရန်သာ ဖြစ်သည်။ တည်ဆောက်ခဲ့သည့် အရာများ၊ မိသားစုဝင်များ ဆိုသည်မှာ အနှစ်သာရမရှိသော စကားများသာ ဖြစ်သည်။ ထိုအချိန်မျိုး၌ အပြစ်တင်နေမည့်အစား လက်တွေ့ကျကျဖြင့် ရရှိနိုင်မည့် အကျိုးအမြတ်နှင့် ဆုလာဘ်များကသာ ကျင့်ကြံသူများကို လှုပ်ရှားစေနိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။
“ခန်းမခေါင်းဆောင်မုရုံ.... ဂုဏ်ပြုမှတ်တွေ တွက်ချက်ဖို့အတွက် ခေါင်းဆောင်ကိုပဲ အားကိုးရပါလိမ့်မယ်”
မုရုံချင်းလျန်မှာ ခဏမျှ မှင်သက်သွားသည်။ ဤသည်မှာ သူမအား တိုက်ပွဲတွင် ပါဝင်ခွင့် မပေးခြင်းလော ဟု ဇဝေဇဝါ ဖြစ်သွားသည်။ ဘေးတွင်ရှိသော ချင်လျန်ချန်းက သူမ၏ လက်ကလေးကို အသာအယာ ဆုပ်ကိုင်လိုက်ကာ အားပေးလိုက်သဖြင့် သူမ နားလည်စွာဖြင့် ချက်ချင်း ခေါင်းညိတ်ပြလိုက်တော့သည်။
အရာအားလုံးမှာ အသင့်ဖြစ်နေလေပြီ။ တစ်ချိန်တည်းမှာပင် အပြင်ဘက်ရှိ မိစ္ဆာသားရဲလှိုင်းလုံးမှာ ခံတပ်တံခါးဝသို့ ရောက်ရှိနေပြီ ဖြစ်သည်။
“တိုက်ကြဟေ့”
ကျိုးယွမ်လီ၏ အမိန့်ပေးသံနှင့်အတူ တိုက်ခိုက်ရေးခန်းမဆောင်ကို အခြေပြု၍ လော့ထျန်းအဖွဲ့၏ ချီသန့်စင် အဆင့်မြင့်ကျင့်ကြံသူ အားလုံးသည် တိုက်ပွဲအတွင်းသို့ ခုန်ဝင်သွားကြလေတော့သည်။
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၂၅၄) - ဧရာမ မျောက်မိစ္ဆာကြီးနှင့် မုန်တိုင်းကြားမှသံသယများ
“သတ်ကြဟေ့”
ကောင်းကင်ယံ၌ ဝဲပျံနေသော မှော်ဓားများမှာ လျှပ်စီးတန်းများအလား အလုံးအရင်းနှင့် တိုးဝင်လာသော မိစ္ဆာသားရဲလှိုင်းလုံးကြီးကို ခုတ်ဖြတ်နေကြသည်။ ခဏချင်းမှာပင် အားအင်ချိနဲ့နေသော မျောက်ဝံတစ်ကောင်မှာ အသတ်ခံလိုက်ရပြီး ၎င်းကို နှိမ်နင်းလိုက်သော ကျင့်ကြံသူက ရက်စက်ကြမ်းကြုတ်စွာ ပြုံးလိုက်လေသည်။
အဆင့်နိမ့် မိစ္ဆာသားရဲများသည် အမှန်စင်စစ် ထင်ထားသလောက် မသန်မာကြချေ။ သန်မာသော ကိုယ်ခန္ဓာ မရှိကြသလို အများစုမှာ မပျံသန်းနိုင်ကြချေ။ ၎င်းတို့၏ တိုက်ခိုက်မှုများမှာလည်း အရိုင်းဆန်ကာ အသိဉာဏ်ကင်းမဲ့လှသည်။ ဗျူဟာနှင့် အမြော်အမြင် ရှိရန်ဆိုသည်မှာ ဝေလာဝေးပင်။
ယခင်က ၎င်းတို့ကို အမဲလိုက်ရန် ခက်ခဲခြင်းမှာ အန္တရာယ်များသော တောင်တန်းကြီးများနှင့် ရွှံ့နွံအိုင်များထဲတွင် ခိုအောင်းနေသောကြောင့် ဖြစ်သည်။
မြေမျက်နှာသွင်ပြင် ရှုပ်ထွေးလှသကဲ့သို့ ချောင်းမြောင်းတိုက်ခိုက်ခံရမှုများမှာလည်း မရှောင်လွှဲနိုင်ပေ။ ထို့အပြင် အမဲလိုက်၍ မဆင်မခြင် သတ်ဖြတ်ခြင်းက အဆင့်မြင့် သားရဲဗိုလ်ချုပ်များ သို့မဟုတ် သားရဲဘုရင်များကိုပင် နိုးဆွပေးသကဲ့သို့ ဖြစ်စေတတ်သည်။ ထို့ကြောင့်ပင် မိစ္ဆာသားရဲ အမဲလိုက်ခြင်းသည် အမြတ်အစွန်း သိပ်မရှိသော အလုပ်တစ်ခု ဖြစ်နေခြင်း ဖြစ်သည်။ ယခင်က ဖိုရှန်းဂိုဏ်းကဲ့သို့သော အင်အားစုကြီးများသာလျှင် ဂိုဏ်းအင်အားနှင့် နယ်မြေတည်ငြိမ်မှု ရှိသောကြောင့် တစိုက်မတ်မတ် အမဲလိုက်နိုင်ခြင်း ဖြစ်သည်။
သို့သော် ယခုအခါတွင်မူ မိစ္ဆာသားရဲများသည် တောင်ပေါ်မှ ဆင်းလာပြီး လော့ထျန်းအဖွဲ့ဆီသို့ တိုက်ရိုက် ဦးတည်လာကြပြီ ဖြစ်သည်။ ထိုအချက်မှာ သူတို့ကိုယ်သူတို့ အသတ်ခံရန် လာပေးနေခြင်းနှင့် မခြားတော့ချေ။
လန်မုသည် အောက်ဘက်ရှိ မိစ္ဆာသားရဲများကို ကြည့်ရင်း မျက်လုံးများ အရောင်တောက်နေသည်။ ကောင်းကင်မှ ရတနာပုံကြီး ပြုတ်ကျလာသကဲ့သို့ သူ ခံစားနေရသည်။ သူသည် ဖိုရှန်းဂိုဏ်း ပြိုလဲမှုကိုရော၊ ဖူမျိုးနွယ်စုနှင့် တိုက်ပွဲကိုပါ ကြံ့ကြံ့ခံ ကျော်ဖြတ်နိုင်ခဲ့သူ ဖြစ်သည်။ ကံမကောင်းစွာဖြင့် သူ၏ ကံဇာတာမှာ ထူးထူးခြားခြား ကောင်းမွန်ခြင်း မရှိခဲ့သဖြင့် ထိုတိုက်ပွဲများတွင် မည်သည့် ရတနာကိုမျှ မရရှိခဲ့ချေ။ သို့သော် ယခု လော့ထျန်းအဖွဲ့သို့ ဝင်ရောက်ပြီးနောက်တွင်မူ ဤကဲ့သို့သော အခွင့်အရေးကြီးမှာ သူ့ရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
“ဟက်.... ဒါနဲ့ဆို သုံးကောင်ရှိပြီ၊ ငါ့အစွမ်းကို ပြရမယ့်အချိန်ပဲ.... အား....”
သူ စကားမဆုံးခင်မှာပင် ဘေးဘက်သို့ လှမ်းကြည့်လိုက်ရာ မျက်နှာပျက်သွားရတော့သည်။ လရောင်အောက်တွင် လျင်မြန်လှသော ပုံရိပ်တစ်ခုမှာ လေထဲသို့ ပျံတက်သွားပြီး လေခွင်းအတတ်ဖြင့် ထွက်ပြေးရန် ကြိုးစားနေသော ချီသန့်စင်အဆင့်မြင့် ကျင့်ကြံသူတစ်ဦးကို ဖမ်းဆွဲကာ နှစ်ပိုင်း ပိုင်းပစ်လိုက်သည်။
“ဟာ.... ရွှေဝိညာဉ်မျောက်ကြီး ပါလား.... ဘုရား ဘုရား”
ထို ဧရာမမျောက်ကြီးသည် ဉာဏ်ရည်မြင့်မားလှသော မိစ္ဆာသားရဲ တစ်မျိုး ဖြစ်သည်။
သွေးမိုးများ မြေပြင်သို့ ဖြာကျလာသည်။ အစောပိုင်းက သတ်ဖြတ်ပွဲတွင် သာယာနေသော လန်မုမှာ မသိမသာ တုန်လှုပ်သွားရသည်။ သူ စစ်မြေပြင်ကို ဝေ့ကြည့်လိုက်ရာ အခြေအနေမှာ သူ ထင်ထားသည်ထက် ပို၍ ဆိုးရွားနေကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားတော့သည်။
မိစ္ဆာသားရဲ အရေအတွက်မှာ များလွန်းလှသည်။ အရေအတွက်အားဖြင့် သုံးရာဆိုသည်မှာ သိပ်မများဟု ထင်ရသော်လည်း လော့ထျန်းအဖွဲ့၌ အမှန်တကယ် တိုက်ခိုက်နိုင်သော ကျင့်ကြံသူမှာ ငါးဆယ်ခန့်သာ ရှိသည်။ အသေအချာ တွက်ချက်လျှင် ငါးဆယ်ထက် မပိုချေ။ ထိုခဏချင်းမှာပင် ချီသန့်စင် အဆင့်မြင့် ကျင့်ကြံသူ ခြောက်ဦး၊ ခုနစ်ဦးခန့်မှာ ကျဆုံးသွားခဲ့ပြီ ဖြစ်သည်။
“မဖြစ်တော့ဘူးဟ.... ငါ အထဲကို ပြန်ဆုတ်ပြီး ခုခံမှ ဖြစ်တော့မယ်”
လန်မု၏ ရင်ထဲတွင် အေးစိမ့်သွားပြီး သူ ထွက်ပြေးရန် အလိုအလျောက် နောက်လှည့်လိုက်သည်။ သို့သော် သူ လှည့်လိုက်သည်နှင့် တစ်ပြိုင်နက် ကြီးမားသော ကျောက်တုံးကြီးတစ်ခုမှာ လေထဲမှ သူ့တည့်တည့်ဆီသို့ ဝဲပျံလာလေသည်။ သူသည် တုံ့ပြန်မှု မြန်ဆန်စွာဖြင့် သူ၏ အလယ်အလတ်အဆင့် ကာကွယ်ရေး မှော်လက်နက်ကို အသက်သွင်းလိုက်သည်။ သို့သော် ကျောက်တုံးကြီး၏ ပြင်းထန်လှသော အရှိန်ကြောင့် သူ၏ မှော်လက်နက်သည် ခဏချင်းမှာပင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားတော့သည်။ ထိုမျှနှင့် မရပ်တန့်ဘဲ ကျောက်တုံးကြီးသည် အဖွဲ့ချုပ်တံတိုင်းကို ကာကွယ်ထားသော အစီအရင်ကိုပါ သွားရောက် ရိုက်ခတ်မိတော့သည်။
ထိုအခါ ဓာတ်ကြီးငါးပါး အကာအကွယ်အစီရင်ငယ်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး ၎င်း၏ အလင်းရောင်မှာ မှိန်ဖျော့သွားကာ ပြိုလဲတော့မည့် အခြေအနေသို့ ရောက်သွားသည်။
သူ၏ နောက်ဆုံးအချိန်တွင် လန်မု၏ မျက်လုံးများမှာ မယုံကြည်နိုင်လောက်အောင် ပြူးကျယ်သွားပြီး လွင်ပြင်ထဲမှ ပြေးဝင်လာသော ဧရာမ မိစ္ဆာသားရဲကြီးကို စိုက်ကြည့်နေမိတော့သည်။
“ဒါ.... ဒါ.... မဖြစ်နိုင်တာ.... ငါဒီလိုတော့ အဆုံးမသတ်ချင်....”
လန်မုသည် စကားမဆုံးသေးခင်မှာပင် သူ့ အသားစများနှင့် အရိုးများ လွင့်စင်သွားတော့သည်။ ကျောက်တုံးကြီး ရိုက်ခတ်သံမှာ ရူးသွပ်နေသော သားရဲများ၏ ဟိန်းဟောက်သံများကြားတွင် ပျောက်ကွယ်သွားတော့သည်။ သူတို့၏ သွေးဆာနေသော ဗီဇများမှာ ဆာလောင်မြဲ ဆာလောင်နေဆဲပင်ဖြစ်သည်။ ၎င်းတို့သည် အစီအရင်ကို ဝိုင်းအုံကာ ကြောက်ရွံ့မှု အလျဉ်းမရှိဘဲ ကုတ်ခြစ်ခြင်း၊ ကိုက်ခဲခြင်းနှင့် တိုက်ခိုက်ခြင်းများကို ပြုလုပ်နေကြသည်။
အစောပိုင်းက တံတိုင်းအပြင်ဘက်တွင် ရဲရဲဝံ့ဝံ့ တိုက်ခိုက်နေသော တိုက်ခိုက်ရေးခန်းမဆောင်မှ ကျင့်ကြံသူများမှာ ယခုအခါ အလုအယက် ပြန်ဆုတ်ကြရတော့သည်။ ထိုအချိန်တွင်ပင် ဝေးလံသော လွင်ပြင်ဆီမှ မိုးခြိမ်းသံကဲ့သို့သော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာသည်။ ထိုခဏ၌ ကျင့်ကြံသူတိုင်း၏ မျက်နှာများမှာ ဖြူဖျော့သွားကြတော့သည်။
“ဒုတိယအဆင့် မျောက်ဝံပဲဟေ့.... အဲ့အကောင်ကို အစီအရင်နားကို အကပ်မခံနဲ့ ”
စီမာဟွေ့နန်၏ စူးရှသော ထို အော်ဟစ်သံမှာ မျှော်လင့်ချက် ကင်းမဲ့နေသော အခြေအနေကြားမှ ထွက်ပေါ်လာသည်။ သို့သော် မည်သူကများ ရှေ့ထွက်ရဲပါမည်နည်း။ စီမာဟွေ့နန်သည် ပထမဆုံးအကြိမ်အဖြစ် မျှော်လင့်ချက်မဲ့သွားသလို ခံစားလိုက်ရသည်။
ဒုတိယအဆင့် မိစ္ဆာသားရဲ ပေါ်လာရုံသာမက ၎င်းမှာ အကြမ်းတမ်းဆုံးနှင့် အင်အားအကြီးဆုံး ဖြစ်သည့် မျောက်ဝံမျိုးနွယ် ဖြစ်နေသည်။
လော့ထျန်းအဖွဲ့ ပျက်စီးရတော့မည် ထင်သည်။ သူမ၏ စီမံခန့်ခွဲရေးမှူး တာဝန်မှာလည်း စတင်ကာစမှာပင် အဆုံးသတ်ရတော့မည်လားဟု တွေးကာ သူမ စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။
“တွမ်ဖုန်း နဲ့ စီမာရှန့်.... ငါနဲ့အတူ လိုက်ခဲ့ကြ”
ပြောလိုက်သူမှာ ချင်လျန်ချန်း ဖြစ်သည်။ သူသည် မြို့တံတိုင်းပေါ်တွင် ကြီးမားသော ရွှေရောင်တူကြီးကို တင်းတင်းဆုပ်ကိုင်ထားပြီး မျက်နှာမှာလည်း ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေသည်။ တွမ်ဖုန်းသည်လည်း ဘာမှတွန့်ဆုတ်မနေဘဲ သူ၏ ဓားကို ဆွဲထုတ်ကာ အသင့်အနေအထားဖြင့် ရပ်နေသည်။ စီမာရှန့်မှာမူ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သူ၏ ညီမဖြစ်သူ စီမာဟွေ့နန်ကို လှမ်းကြည့်လိုက်ရာ သူမ မှိုင်တွေနေသည်ကို တွေ့လိုက်ရသည်။
“နောက်ဆုတ်လို့မဖြစ်ဘူး.... ငါတို့မောင်နှမတွေ အခုမှ ကျင့်ကြံဖို့ နားခိုစရာနေရာတစ်ခု ရလာရုံရှိသေးတယ်၊ ဒီလောက်လွယ်လွယ်နဲ့ အပျက်စီးခံလို့တော့ မဖြစ်ဘူး၊ ငါ့ကျင့်ကြံလမ်းစဉ်က မျှော်လင့်ချက် မရှိတော့ဘူး၊ ဒါပေမဲ့ ငါ့ညီမလေးကတော့ အခု နေရာတစ်နေရာရပြီး အသိအမှတ်ပြုခံနေရပြီ.... ငါ့အတွက်မဟုတ်တောင် ငါ့ညီမလေးအတွက် လော့ထျန်းအဖွဲ့ကိုမဖြစ်မနေ ကာကွယ်ရမယ်”
စီမာရှန့်သည် ထိုသို့ သန္နိဋ္ဌာန်ချကာ တွန့်ဆုတ်မှုအားလုံးကို ဘေးဖယ်ထားလိုက်တော့သည်။ ထို့နောက် ချင်လျန်ချန်း၏ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါ၍ ရှေ့သို့ ခုန်ထွက်လိုက်တော့သည်။
ပုံရိပ်သုံးခုသည် ချီစွမ်းအင်များကို ထုတ်လွှတ်၍ သားရဲအုပ်စုကို ဖြတ်ကျော်ကာ ထိုပြေးလာနေသော မျောက်ဝံကြီးဆီသို့ ဦးတည်သွားကြသည်။
အစ်ကိုကြီး ဖြစ်သူ အမည်ကို ကြားလိုက်ရသဖြင့် စီမာဟွေ့နန် ချက်ချင်း သတိဝင်လာသည်။
“ဟာ.... မဖြစ်ဘူး၊ သူတို့ သုံးယောက်တည်းနဲ့ သွားသတ်ဖို့ မလုံလောက်ဘူး”
သူမ ချက်ချင်းအော်ဟစ်လိုက်မိသည်။
“ကျန်းဝမ်.... ဝမ်ကျဲ.... နင်တို့ ဘယ်ရောက်နေလဲ”
သူတို့နှစ်ဦး ပြန်မထူးခင်မှာပင် လေထုထဲမှ ကျယ်လောင်လှသော အသံနက်ကြီးတစ်သံ ထွက်ပေါ်လာသည်။
“ထားလိုက်.... သူတို့တွေ မလာလဲရတယ်”
နောက်တစ်စက္ကန့်မှာပင် လခြမ်းတောင်ကြားအတွင်းမှ ပြင်းထန်လှသော စွမ်းအားတစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။ ညမှောင်မှောင်အောက်တွင် သွေးနီရောင် လူရိပ်တစ်ခုမှာ လေးညှို့မှ လွတ်ထွက်သွားသော မြားတစ်စင်းကဲ့သို့ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ချင်လျန်ချန်းတို့ သုံးဦးကို ကျော်တက်သွားတော့သည်။
“အခုချက်ချင်းပြန်.... လခြမ်းတောင်ကြားကို ကာကွယ်လိုက်ကြ....”
သူတို့ သုံးဦးလုံးမှာ အံ့ဩလွန်းသဖြင့် မှင်သက်သွားကြသည်။ တွမ်ဖုန်းက ထိုအသံကို ချက်ချင်း မှတ်မိသွားသည်။
“ဒါ ခန်းမခေါင်းဆောင်ဝမ်ပဲ”
“သူ.... သူ ဒီအကောင်ကြီးကို ရင်ဆိုင်နိုင်ပါ့မလား”
စီမာရှန့်က စိုးရိမ်းတကြီး မေးလိုက်သည်။
ဒုတိယအဆင့် မိစ္ဆာသားရဲတစ်ကောင် အထူးသဖြင့် မျောက်ဝံကဲ့သို့ ရက်စက်လှသော သားရဲကို တစ်ဦးတည်း ရင်ဆိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။ ၎င်းမှာ သာမန် ချီသန့်စင်အဆင့် ကျင့်ကြံသူတစ်ဦး မလုပ်နိုင်သည့် အရာ ဖြစ်သည်။
ချင်လျန်ချန်းသည် ကြယ်တံခွန်တစ်ခုကဲ့သို့ ဆင်းသက်သွားသော ထိုလူရိပ်ကို ကြည့်ရင်း အခြေအနေကိုသုံးသပ်ကာ အံကြိတ်လိုက်မိသည်။
“ကဲ့.... ငါတို့ ပြန်မယ်.... အခြေအနေအရ လခြမ်းတောင်ကြားက ငါတို့ကို ပိုပြီး လိုအပ်နေလောက်တယ် ”
သူ နောက်ပြန်မလှည့်မီ နောက်ဆုံးတစ်ချက် လှမ်းကြည့်လိုက်သည်။ လွင်ပြင်တစ်ခွင်တွင် တောက်လောင်နေသော အနီရောင် အလင်းတန်းများ ဖုံးလွှမ်းထားသော အရိပ်နှစ်ခုမှာ စတင် ထိပ်တိုက်တွေ့နေကြပြီ ဖြစ်သည်။
အရိပ်တစ်ခုမှာ ပေ ၅၀၊ ၆၀ ခန့် မြင့်မားကာ စစ်မြေပြင်ကို လွှမ်းမိုးထားသော ဧရာမ သားရဲကောင်ကြီး၏ အရိပ် ဖြစ်သည်။ အခြားအရိပ်တစ်ခုမှာမူ ၇ ပေခန့်သာ မြင့်သော်လည်း အရှိန်အဝါမှာမူ ထိုသားရဲကြီးထက် နည်းနည်းမှ လျော့မနေပေ။
“မယုံနိုင်စရာပဲ.... သူ တကယ်ပဲ ဒီလောက်တောင် သန်မာလာတာလား”
ချင်လျန်ချန်းသည် တိုးတိုးလေး ရေရွတ်လိုက်ပြီး အချိန်မဖြုန်းတော့ဘဲ တောင်ကြားအပြင်ဘက်ရှိ တိုက်ပွဲအတွင်းသို့ ခုန်ဝင်သွားတော့သည်။
....
တွမ်ဖုန်းသည် အစီအရင်ကို ဆက်လက် မထိန်းချုပ်နိုင်တော့သဖြင့် ဓာတ်ကြီးငါးပါး အစီရင်ငယ်၏ စွမ်းအားမှာ သိသိသာသာ လျော့နည်းသွားသည်။ ဘေးမှ ကျိုးယွမ်လီက ဝိညာဉ်ကျောက်တုံး အမြောက်အမြားဖြင့် အရှိန်မပျက် အားဖြည့်ပေးနေသော်လည်း အစီရင်၏ အားနည်းလာမှုကို မဖုံးကွယ်နိုင်တော့ချေ။ မိစ္ဆာသားရဲငယ် အမြောက်အမြားမှာ တောင်ကြားအတွင်းသို့ ကျူးကျော်ဝင်ရောက်နေပြီ ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် အဘွားယွမ်နှင့် ကူချိုင်ယီတို့သည် ချီသန့်စင် အလယ်အလတ်အဆင့် ကျင့်ကြံသူများကို ဦးဆောင်ကာ ထိုသားရဲများကို တစ်ကောင်ချင်းစီ ရှင်းလင်းပေးနေကြသည်။
“အဘွားယွမ်ရယ်.... သားရဲတွေက အရမ်း များလွန်းတယ်.... ဒီအတိုင်းဆိုရင် ရှင်းရတာ ဘယ်တော့မှ ပြီးတော့မှာလဲ.... ဒုက္ခပါပဲ....”
ထို ရုန်းရင်းဆန်ခတ် ဖြစ်နေသော သားရဲအုပ်ကြီးထဲမှနေ၍ စီမာဟွေ့နန်သည် နောက်လှည့်၍ မှော်စာရွက် တစ်ခုကို ပစ်လွှတ်လိုက်သည်။ နားကွဲလုမတတ် ပေါက်ကွဲသံကြီးနှင့်အတူ ကျောက်စိမ်းပြာမျောက် နှစ်ကောင်မှာ သွေးအိုင်ထဲတွင် လဲကျသွားသည်။ သို့သော်လည်း သူတို့၏ ထူထဲလှသော အရေခွံများကြောင့် အချို့မှာ ခဏတာမျှ မိန်းမောကာ ငြိမ်သွားသော်လည်း မကြာမီမှာပင် အနီးနားရှိ ကျင့်ကြံသူများကို ပြန်လည် တိုက်ခိုက်လာကြပြန်သည်။
“သတိထား.... နောက်မှာ....”
စီမာဟွေ့နန် ကိုယ်တိုင်လည်း ထိုသတိပေးသံ မထွက်ပေါ်လာခင်မှာပင် အန္တရာယ်ကို သတိပြုမိလိုက်သည်။ သူမ တွန့်ဆုတ်မနေဘဲ ရေဒိုင်းလွှာကို ဖန်တီးလိုက်သည်။
ဖုန်း....
ပြင်းထန်လှသော စွမ်းအားတစ်ခုက ရိုက်ခတ်လိုက်သဖြင့် သူမ ပေပေါင်းများစွာ ဝေးရာသို့ လွင့်စင်သွားရတော့သည်။ သူမ မြင်လိုက်ရသည်မှာ ဆယ်ပေခန့် မြင့်မားသော ဧရာမ မျောက်ဝံကြီးတစ်ကောင်သည် ဒေါသတကြီးဖြင့် သူ၏ ရင်ဘတ်ကို အဆက်မပြတ် ထုနေသည့် မြင်ကွင်းဖြစ်သည်။ သူမ ကြောက်လန့်တကြား အထစ်ထစ်အငေါ့ငေါ့ဖြင့် ရေရွတ်လိုက်မိသည်။
“ဟမ်.... ပထမအဆင့် အထွတ်အထိပ် မိစ္ဆာသားရဲ”
ဤကဲ့သို့သော အရွယ်အစားနှင့် အရှိန်အဝါသည် ချီသန့်စင် အထွတ်အထိပ် ကျင့်ကြံသူတစ်ဦးထက် အနည်းငယ်မျှ မနိမ့်ကျချေ။
စီမာဟွေ့နန်မှာ တုန်လှုပ်နေဆဲ ဖြစ်သော်လည်း ချက်ချင်းပင် အနောက်သို့ လှည့်ပြေးကာ ကောင်းကင်သို့ ပျံတက်လိုက်သည်။ သို့သော် ထိုမျောက်ဝံကြီးမှာ သူမကို ပစ်မှတ်ထားလိုက်ပုံရသည်။ မိစ္ဆာသားရဲကြီးသည် အနီးနားရှိ သားရဲအလောင်းတစ်ခုကို ကောက်ယူ၍ လက်နက်တစ်ခုကဲ့သို့ သူမဆီသို့ ပစ်ပေါက်လိုက်သည်။
“ဖျက်ဆီးစမ်း”
ဘေးနားမှ စူးရှသော အော်ဟစ်သံနှင့်အတူ ဓားပျံတစ်စင်းသည် လေထဲတွင် ဝဲပျံသွားပြီး ထိုအလောင်းကို အပိုင်းပိုင်း ပြတ်သွားအောင် ခုတ်ထစ်ပစ်လိုက်သည်။ ထိုသူမှာ မုရုံချင်းလျန်ပင် ဖြစ်သည်။
“ဟူး.... ကယ်ဆယ်ပေးတာ ကျေးဇူးတင်ပါတယ်”
ထိုသို့ပြောရင်း စီမာဟွေ့နန် သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ မုရုံချင်းလျန်၏ မျက်နှာမှာ တည်ငြိမ်နေသော်လည်း အခြေအနေကို လေးနက်စွာတွေးနေပုံပေါက်သည်။
“ဘယ်လိုဆက်လုပ်ကြမလဲဟင်.... ဒီအတိုင်းဆိုရင်တော့ မလွယ်ဘူး”
စီမာဟွေ့နန်သည်လည်း ထိုနည်းတူစွာပင် ခံစားနေရသည်။
“ခက်တာက မိစ္ဆာသားရဲ အရေအတွက်က လော့ထျန်းအဖွဲ့ရဲ့ အင်အားထက် အဆမတန် များနေတယ်၊ ဒီအတိုင်းသာ ဆက်သွားရင် ဒီပွဲမှာ နိုင်ခဲ့ရင်တောင် လော့ထျန်းမှာ အထိအခိုက် အကျအဆုံးတွေ တော်တော်များကုန်လိမ့်မယ်”
မှန်ပေသည်။ အကယ်၍ သူတို့ အင်အား သုံးပုံနှစ်ပုံကျော် ဆုံးရှုံးသွားခဲ့လျှင် လော့ထျန်းအဖွဲ့အစည်းမှာ အခွံသက်သက်သာ ကျန်ရစ်ပေတော့မည်။
“ဒါနဲ့ အဖွဲ့ချုပ်ခေါင်းဆောင်က ဘယ်မှာလဲ”
စီမာဟွေ့နန်သည် တရစပ် တိုက်ခိုက်နေရင်းမှ မုရုံအား လူတိုင်းသိချင်နေကြသော မေးခွန်းကို ထုတ်မေးလိုက်သည်။
ဤကဲ့သို့သော အရေးကြီးသည့် အချိန်မျိုးတွင် လော့ချန် ပေါ်မလာခြင်းက အံ့သြစရာပင်။
သူတို့အားလုံး လော့ထျန်းအဖွဲ့အတွက် အသက်ပေး တိုက်နေကြချိန်တွင် လော့ချန်ကမူ ရှောင်ဖယ်နေကာ အကျိုးအမြတ်တွေသာ ရယူတတ်သည့် လူစားမျိုးပေလား ဟူ၍ ခဏမျှ သံသယဝင်မိသွားသည်။
“သူ.... သူ ထွက်ပြေးသွားတာများလား”
“တိတ်စမ်း.... သူက အဲ့ဒီလို လူစားမျိုး မဟုတ်ဘူး”
ဟွေ့နန်၏ သံသယအား မုရုံချင်းလျန်က ဒေါသတကြီး ပြန်အော်လိုက်သည်။ စီမာဟွေ့နန် ရုတ်တရက် မှင်သက်သွားရသည်။ သူမ၏ သံသယကို မုရုံ အဘယ်ကြောင့် ဤမျှ ပြင်းထန်စွာ တုံ့ပြန်လေသနည်း ဟုလည်း တွေးမိသွားသည်။
ထိုစဥ်မှာပင် စူးရှသော အော်ဟစ်သံနှင့်အတူ ကောင်းကင်မှ အနက်ရောင် တိမ်တိုက်တစ်ခု ဆင်းသက်လာခဲ့သည်။ ထိုအရာနှင့်အတူပင် လေထုထဲမှ နားကွဲလုမတတ် လေးတိုးသံများလည်း ထွက်ပေါ်လာခဲ့သည်။
ရှူး.... ရှူး.... ရှူး
ရှူး.... ရှူး.... ရှူး