← Chapters

အခန်း (၂၅၅-၂၅၆)

Vol. 26 Ch. 255-256

အခန်း (၂၅၅-၂၅၆)

Vol. 26 Ch. 255-256

အခန်း (၂၅၅) - ထူးဆန်းလှသော ကိုယ်လုံးတီးနှင့် လူဘီလူးကြီး

လခြမ်းတောင်ကြား အပြင်ဘက်၊ မိစ္ဆာသားရဲလှိုင်းလုံးကြီး၏ အလယ်ဗဟိုတွင်ဖြစ်သည်။

အဖွဲ့ဝင် အများအပြားမှာ အသက်လုတိုက်ပွဲအတွင်း ပိတ်မိနေကြပြီး အချိန်နှင့်အမျှ ခြေကုန်လက်ပန်းကျလာကာ စိုးရိမ်စိတ်များ၊ ဖိအားများမှာ ပိုမိုမြင့်တက်လာနေသည်။ သူတို့ အားကိုးရမည့် ကာကွယ်ရေး တပ်သား အရေအတွက်မှာလည်း တဖြည်းဖြည်း နည်းပါးလာသည်။ ချီစွမ်းအား ကုန်ခမ်းသွားပြီး သားရဲအုပ်ကြီးထဲသို့ ကျသွားသည်နှင့်တပြိုင်နက် သေဆုံးရန်သာ ရှိတော့သည်။

လေထဲတွင် ပျံသန်းတိုက်ခိုက်နေသူများပင်လျှင် သူတို့ကို ဆွဲချရန် ခုန်တက်လာသော မိစ္ဆာသားရဲများ သို့မဟုတ် ပစ်ပေါက်လိုက်သော ကျောက်တုံးကြီးများနှင့် သစ်ပင်လုံးကြီးများကို သတိထားကာ ကာကွယ်နေကြရသည်။ ဤအတိုင်းသာ ဆက်သွားပါက သူတို့အားလုံး ကျရှုံးပြီး သေဆုံးရတော့မည်မှာ အချိန်ပိုင်းမျှသာ လိုပေ တော့သည်။

“တောက်.... အဖွဲ့ချုပ်ခေါင်းဆောင်က ဘယ်မှာလဲကွာ.... ငါတော့ တောင့်မခံနိုင်တော့ဘူးထင်တယ်....”

ထိုသို့ အခြေအနေများ ပိုမိုဆိုးရွားလာသည်နှင့်အမျှ စီမာဟွေ့နန်၏ စိတ်ထဲတွင် ပေါ်ပေါက်ခဲ့သော သံသယမေးခွန်းမျိုးသည် လူတိုင်း၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာတော့သည်။

“အဖွဲ့ချုပ်ခေါင်းဆောင်က ငါတို့ကို ကူမပေးတော့ဘူးလား.... ဘာတွေလုပ်နေတာလဲ”

ထိုမေးခွန်း၏ အဖြေမှာ မကြာမီမှာပင် ထွက်ပေါ်လာခဲ့သည်။

ပုံရိပ်တစ်ခုသည် သူ၏ ဘေးပတ်ပတ်လည်တွင် လက်သီးဆုပ်ခန့်ရှိသော မီးလုံး ၁၀ လုံးကို ဝန်းရံထားပြီး လေပြင်းတစ်ခုကဲ့သို့ သားရဲအုပ်စုထဲသို့ တိုးဝင်လာခဲ့သည်။

၎င်းနှင့်အတူ အရောင်စုံ ကျောက်စိမ်းစေ့များမှာလည်း မိုးသည်းထန်စွာ ရွာသွန်းသကဲ့သို့ ကျဆင်းလာသည်။ ကျောက်စိမ်းစေ့များသည် မိုးစက်များကဲ့သို့ ကျရောက်လာပြီး မိစ္ဆာသားရဲများသည် နေရာအနှံ့တွင် သွေးချင်းချင်းနီသွားကြသည်။ သားရဲများ ဒေါသတကြီးဖြင့် ပြန်မတုံ့ပြန်နိုင်ခင်မှာပင် ထိုလူရိပ်ကို ဝန်းရံထားသော မီးလုံးများမှာ မြှားများကဲ့သို့ မိစ္ဆာသားရဲများထံ တဟုန်ထိုး ထိုးဆင်းသွားလေသည်။

ဖုန်း.... ဖုန်း.... ဖုန်း....

ထိုမီးလုံးများ ကျဆင်းသွားသည်နှင့် ဆက်တိုက်ဆိုသလို ပြင်းထန်လှသော ပေါက်ကွဲသံကြီးများမှာ တိုက်ပွဲမြေပြင်တစ်ခွင် ပဲ့တင်ထပ် ထွက်ပေါ်လာသည်။

ပေါက်ကွဲမှု တစ်ခုချင်းစီတိုင်းတွင် မိစ္ဆာသားရဲ တစ်ကောင် သို့မဟုတ် တစ်ကောင်ထက်မကမှာ တမဟုတ်ချင်း အငွေ့ပျံ ပျောက်ကွယ်သွားရတော့သည်။

မြင်သာအောင်ပြောရမည်ဆိုပါက လယ်သမားကြီး တစ်ဦး လယ်ကွင်း၌ စပါးရိတ်သိမ်းနေသည်နှင့်ပင် တူလှတော့သည်။ သို့သော် သူ ရိတ်သိမ်းနေသည်မှာ ကောက်ပဲသီးနှံများ မဟုတ်ဘဲ မိစ္ဆာတို့၏ အသက်များသာ ဖြစ်သည်။

ရုတ်တရက် ထိုလူရိပ်သည် အစီအရင် တံတိုင်းအနီးတွင် ရပ်တန့်သွားသည်။ သူ ဖြတ်သန်းလာခဲ့သော လမ်းကြောင်းမှာ သွေးများနှင့် အလောင်းများစွာဖြင့် ပြည့်နှက်နေသော လမ်းကြောင်းကြီး ဖြစ်သွားခဲ့သည်။

“အဖွဲ့ချုပ်ခေါင်းဆောင်ဟေ့....”

“ဟေး.... အဖွဲ့ချုပ်ခေါင်းဆောင် ရောက်လာပြီကွ....”

“အဖွဲ့ချုပ်ခေါင်းဆောင် နောက်ဆုံးတော့ မိစ္ဆာတွေကို အပြတ်ရှင်းနေပြီဟေ့....” စသည့် ကြွေးကြော်သံများမှာ ချက်ချင်းပင် ဆူညံသွားတော့သည်။

လော့ချန်မှာမူ မည်သို့မျှ ပြန်မပြောချေ။ သူ၏ အကြည့်မှာ ဝေးလံသော လွင်ပြင်တစ်နေရာ ဆီသို့သာ ရောက်နေသည်။ ထိုနေရာမှ မိုးခြိမ်းသံကဲ့သို့သော ဟိန်းဟောက်သံများမှာ ဆက်တိုက် ထွက်ပေါ်နေဆဲ ဖြစ်သည်။ မြေကြီးတုန်ခါသံများ ပို၍ ကျယ်လောင်လာခြင်းမှာ မမြင်နိုင်သော အန္တရာယ်ကြီးတစ်ခု ချဉ်းကပ်လာနေကြောင်း နိမိတ်ပြနေခြင်းပင် ဖြစ်သည်။

“အင်း.... ငါ ဒီတိုက်ပွဲကို မြန်မြန်အဆုံးသတ်မှ ဖြစ်တော့မယ်”

ထို့နောက် သူ ပြတ်သားစွာ အော်ဟစ် အမိန့်ပေးလိုက်သည်။

“အားလုံး.... နောက်ဆုတ်ကြစမ်း”

လော့ချန်သည် တွန့်ဆုတ်မနေဘဲ ချက်ချင်း ဓားအမြုတေကို ထွေးထုတ်လိုက်သည်။ သူ၏ လှုပ်ရှားမှုများမှာ ပြတ်သားပြီး တည်ငြိမ်လှသည်။ သူ၏ အမိန့်ကြောင့် လော့ထျန်းအဖွဲ့ချုပ်၏ ကျင့်ကြံသူများ တုန်လှုပ်သွားကြသည်။ တိုက်ပွဲအတွင်း ပိတ်မိနေကြသော်လည်း သူတို့ အထွန့်တက်ကာ မလွန်ဆန်ရဲကြပေ။ ရှေ့မှ သားရဲများကို ဖြစ်သည့်နည်းဖြင့် မရရအောင် တွန်းထုတ်ကာ ကောင်းကင်ယံသို့ ပျံတက်၍ ဆုတ်ခွာလိုက်ကြသည်။ သို့တိုင်အောင် သူတို့၏ မျက်နှာများမှာ အံ့ဩမှုနှင့် ဝေခွဲမရမှုများဖြင့် ပြည့်နှက်နေသည်။

ထိုသို့ဇဝေဇဝါ ဖြစ်နေကြစဉ်မှာပင် ဓားအမြုတေမှာ လေထဲတွင် ကြီးမားလာပြီး ပြင်းထန်လှသော အလင်းရောင်တန်းများ ထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းသည် အရှိန် တဟုန်းဟုန်းတောက်လောင်နေသော အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

“သွားစမ်း”

လော့ချန်သည် လက်ညှိုးနှင့် လက်ခလယ်ကို ဓားသဏ္ဌာန်စုလိုက်သည်။ သူ၏ အထွတ်အထိပ်အဆင့် ဆွဲငင်ခြင်း မှော်အတတ်ဖြင့် ဓားအလင်းတန်း ဒါဇင်ပေါင်းများစွာမှာ ဓားစွမ်းအင် လေဆင်နှာမောင်းတစ်ခုအဖြစ် လည်ပတ်ကာ မိစ္ဆာသားရဲလှိုင်းလုံးအတွင်းသို့ အရှိန်အဟုန်ဖြင့် ကျဆင်းသွားတော့သည်။

ဓားအမြုတေ၏ စွမ်းအားသည် မိစ္ဆာသားရဲများ၏ မည်မျှထူသော အရေခွံဖြစ်စေ၊ မည်မျှမာသော အသားဖြစ်စေ အရေးထားပုံမရပေ။ ထိုအမြုတေသည် ကျောက်စိမ်းအိုး ဓားဂိုဏ်း၏ လက်နက်တစ်ခုဖြစ်ပြီး မူလပိုင်ရှင်မှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ကာ ဆယ်စုနှစ်ပေါင်းများစွာ ချီစွမ်းအင်ဖြင့် မွေးမြူထားခဲ့ခြင်း ဖြစ်လေသည်။

ယခုအချိန်တွင် အဆင့်မတက်နိုင်သေးသော်လည်း ၎င်း၏ ထက်မြက်မှုမှာ လျော့နည်းမသွားချေ။

လေဆင်နှာမောင်းသဖွယ် ဓားစွမ်းအင်များမှာ မိစ္ဆာသားရဲလှိုင်းလုံးအတွင်းသို့ တိုးဝင်သွား သော မျက်စိတစ်မှိတ်အတွင်းမှာပင် ရလဒ်ကောင်းများစွာကို ရရှိခဲ့လေသည်။ မိစ္ဆာသားရဲ ဒါဇင်ပေါင်းများစွာမှာ မည်သည့်ခုခံမှုမှ မလုပ်နိုင်သေးခင်ပင် သွေးမြူများအဖြစ် ကြေမွသွားရတော့သည်။ သို့သော်လည်း သူတို့၏ သားရဲအပေါင်းအဖော်များ သုတ်သင် ခံနေရချိန်မှာပင် သန်မာ ထွားကျိုင်းလှသော မျောက်ဝံ သုံးကောင်မှာ ဒေါသတကြီး ဟိန်းဟောက်လျက် လော့ချန်ထံသို့ အရှိန်ဖြင့် ပြေးဝင်လာကြသည်။

သို့သော် လော့ချန်က အေးစက်စွာ ပြုံးလိုက်ပြီး သူ၏ လက်ညှိုးကို တစ်ဖန် လှုပ်ရှားလိုက်ပြန်သည်။ ဓားစွမ်းအင် လေဆင်နှာမောင်းမှာ နောက်ထပ် ပုံစံသစ် တစ်ခုသို့ ပြောင်းလဲသွားပြန်သည်။

ကြီးမားလှသော ဓားကြီးတစ်စင်းသည် လရောင်အောက်တွင် ကောင်းကင်မှ ကျဆင်းလာခဲ့သည်။ ၎င်း၏ အရှိန်မှာ အလွန်မြန်ဆန်လှပြီး ထက်မြက်လှသည်။

ရှေ့ဆုံးမှ ပြေးလာနေသော ချီသန့်စင် အထွတ်အထိပ်နှင့် တူညီသော မျောက်ဝံကြီးမှာ မည်သည့် ခုခံမှုမှ မလုပ်နိုင်ဘဲ မျက်စိတစ်မှိတ်အတွင်း နှစ်ပိုင်း ပြတ်သွားရတော့သည်။

၎င်း၏ သွေးများမှာ တိုက်ပွဲမြေပြင်တစ်ခုလုံးသို့ ပန်းထွက်သွားသည်။ ကျန်ရှိနေသော မျောက်ဝံနှစ်ကောင်မှာ ထိတ်လန့်သွားပြီး သူတို့၏ တိရစ္ဆာန်ဗီဇအရ အသက်အန္တရာယ်ကို သတိပြုမိလိုက်ကြကာ ကြောက်လန့်တကြား အော်ဟစ်၍ နောက်လှည့်ပြေးကြတော့သည်။

လော့ချန်မှာမူ လိုက်လံ မတိုက်ခိုက်တော့ချေ။ ဤအကောင်များမှာ ဒုတိယအဆင့် သားရဲမှ စေခိုင်းထားသော အဆင့်နိမ့် မိစ္ဆာသားရဲများသာ ဖြစ်သည်။ သူတို့အပေါ် ထိန်းချုပ်မှုမှာ အားနည်းသွားပြီး စုစည်းမှုမှာလည်း ပြိုကွဲသွားခဲ့ပြီ ဖြစ်သည်။ အထူးသဖြင့် ဒုတိယအဆင့် မျောက်ဝံမှာ ဝမ်ယွမ်နှင့် တိုက်ပွဲဖြစ်နေသဖြင့် သူတို့အား ထိန်းချုပ်လမ်းပြမည့်သူ မရှိတော့ချေ။

“ကဲ အားလုံးပဲ.... ကျန်နေတဲ့ မိစ္ဆာသားရဲတွေကို အတူတူ တိုက်ခိုက်ပြီး အပြတ်ရှင်းကြစို့”

လော့ချန် ထိုသို့ အမိန့်ပေးလိုက်ရင်း သူ့လက်ကို ဆန့်ထုတ်လိုက်ရာ ဓားအမြုတေမှာ သုံးပေခန့်ရှည်သော ပြာလွင်သည့် ဓားတစ်စင်းအဖြစ် ပြောင်းလဲကာ သူ၏ လက်ထဲသို့ ပြန်လည်ရောက်ရှိလာသည်။ သူသည် ဓားရှည်ကို မြေပြင်သို့ စောင်း၍ ချိန်လိုက်သည်။

“သတ်ကြစမ်း”

လော့ချန်သည် သူရောက်လာသည့် အစမှ အဆုံးအထိ လှုပ်ရှားမှု သုံးခုသာ ပြုလုပ်ခဲ့သည်။ ပထမဦးစွာ မီးလုံးများနှင့် ကျောက်စိမ်းစေ့များကို အသုံးပြု၍ မိစ္ဆာသားရဲလှိုင်းလုံးအတွင်းသို့ တိုးဝင်ခဲ့သည်။

ထို့နောက် ဓားစွမ်းအင် လေဆင်နှာမောင်းကို ထုတ်လွှတ်ရင်း သားရဲအုပ်၏ အထူထပ်ဆုံး အစိတ်အပိုင်းကို မျက်စိတစ်မှိတ်အတွင်း ဖြိုခွဲခဲ့သည်။ နောက်ဆုံး ဧရာမဓားကြီးဖြင့် အထွတ်အထိပ် ပထမအဆင့် မိစ္ဆာသားရဲကို ကွပ်မျက်၍ ကျန်ရှိနေသော မိစ္ဆာသားရဲများကို ထိတ်လန့်စေခဲ့သည်။

သို့သော် ထိုတိုက်ခိုက်မှု သုံးခုတည်းနှင့်ပင် သူသည် အပြတ်အသတ် အောင်ပွဲကို ရယူနိုင်ခဲ့ပြီ ဖြစ်သည်။ သူ၏ လှုပ်ရှားမှုများကြောင့် လော့ထျန်းအဖွဲ့ချုပ်၏ ကျဆင်းနေသော စိတ်ဓာတ်များမှာ အဆပေါင်းများစွာ ပြန်လည်မြင့်တက်ကာ သွေးကြွလာခဲ့သည်။

“အဖွဲ့ချုပ်ခေါင်းဆောင်....”

ဘေးနားမှ စူးရှသော အမျိုးသမီး အသံတစ်သံ ထွက်ပေါ်လာရာ လော့ချန် လှည့်ကြည့်လိုက်သည်။ စီမာဟွေ့နန်သည် နောင်တရနေသော မျက်နှာထားဖြင့် သူ၏ ဘေးသို့ လာရပ်သည်။

“ကျွန်မအမှားပါ.... တောင်းပန်ပါတယ်.... ကျွန်မ ဒီကိစ္စကိုကိုင်တွယ်တာ တော်တော်လေး ညံ့ဖျင်းခဲ့ပါတယ်” ဟု သူမ ဝန်ခံလေသည်။

လော့ချန်က ဂရုမစိုက်ဟန်ဖြင့် လက်ဝှေ့ယမ်းပြလိုက်သည်။

“နေဦး.... အခုက ဆုပေးဒဏ်ပေး လုပ်နေရမယ့် အချိန် မဟုတ်သေးဘူး၊ ဒီအကြောင်းကို နောက်မှ ပြောကြတာပေါ့”

စီမာဟွေ့နန် ကြောင်သွားပြီး လော့ချန် စိုက်ကြည့်နေသော ဝေးလံသော လွင်ပြင်ဆီသို့ လိုက်ကြည့်လိုက်သည်။ ဒုတိယအဆင့် သားရဲဗိုလ်ချုပ်မှာ အသက်ရှင်နေဆဲ ဖြစ်သည်။ အမှန်တကယ်ပင် လော့ချန်ပြောသကဲ့သို့ လက်ရှိအချိန်မှာ အချိန်ကောင်း မဟုတ်သေးချေ။

“လောလောဆယ် ကျိုးယွမ်လီကို သွားကူညီပေးလိုက်၊ ပြီးတော့ ကျန်တဲ့ကျင့်ကြံသူတွေကို တိုက်ပွဲအတွက် စုစည်းလိုက်ဦး၊ ဓာတ်ကြီးငါးပါးအစီရင်ငယ်ကို ရပ်လိုက်လို့ ရပြီ၊ တောင်ကြားထဲမှာ ရှိနေတဲ့ ချီသန့်စင် အလယ်အလတ်အဆင့် ကျင့်ကြံသူတွေကို အပြင်ထွက်ခိုင်းပြီး တိုက်ပွဲအတွေ့အကြုံ ယူခိုင်းလိုက်”

လော့ချန် အမိန့်များကို ဆက်တိုက် ထုတ်ပြန်လိုက်သည်။ စီမာဟွေ့နန်သည် တွန့်ဆုတ်မနေဘဲ သူ၏ အမိန့်များကို လုပ်ဆောင်ရန် အမြန် ပြေးထွက်သွားတော့သည်။

သူမ ထွက်သွားပြီးနောက် မုရုံချင်းလျန် သူ့အနားသို့ရောက်လာသည်။

“ခန်းမခေါင်းဆောင်ဝမ်ကို သွားကူညီပေးဖို့ လိုဦးမလား.... ဟိုမှာသူတစ်ယောက်ထဲရယ်....” ဟု သူမ စိုးရိမ်ပူပန်နေဟန်ဖြင့် မေးလိုက်သည်။

လော့ချန်၏ အကြည့်မှာ ဆယ်မိုင်ခန့် ဝေးကွာသော စစ်မြေပြင်ဆီသို့ ရောက်ရှိနေသည်။ ခဏမျှ ကြာပြီးနောက် သူ ခေါင်းခါလိုက်သည်။

“ဒီက ကိစ္စတွေကို အရင် ရှင်းဖို့ပဲ အာရုံစိုက်လိုက်နော် ဒေါ်လေး.... ကြည့်ရသလောက် ဟိုမှာ သူ့အတွက် အကူအညီ မလိုဘူး”

မကြာမီမှာပင် စီမာဟွေ့နန်သည် လခြမ်းတောင်ကြားရှိ ချီသန့်စင် အလယ်အလတ်အဆင့် ကျင့်ကြံသူများကို ဦးဆောင်ကာ တိုက်ပွဲအတွင်းသို့ ဝင်ရောက်လာရာ၊ အခြေအနေမှာ လုံးဝ တည်ငြိမ်သွားတော့သည်။ မမျှော်လင့်ထားသော ဖြစ်ရပ်များသာ ထပ်မရှိပါက၊ နောက်ပိုင်းတွင် အပြတ်အသတ် သတ်ဖြတ်အောင်နိုင်ပွဲသာ ရှိပေလိမ့်မည်။

“အင်း.... အခုတော့.... အဲ့ဒီ ဒုတိယအဆင့် မျောက်ဝံပဲ ကျန်တော့တယ်”

လော့ချန် ဓားအမြုတေကို ပြန်သိမ်းလိုက်သည်။ ချက်ချင်းပင် သူ၏ လက်ထဲသို့ ကြီးမားလှသော အပြာရောင်ကတိုး မြွေနဂါးအလံ ရောက်ရှိလာသည်။

“ထွက်စမ်း”

သူ ဟိန်းဟောက်လိုက်ရာ စိမ်းပြာရောင် သစ်သားနဂါး သုံးကောင်သည် တံတိုင်းပေါ်မှနေ၍ ဝဲပျံထွက်လာခဲ့သည်။ လော့ချန်၏ မျက်နှာမှာ မပြောင်းလဲဘဲ ချီစွမ်းအင်များကို ထုတ်လွှတ်လိုက်သည်။

လော့ချန်သည် သူ၏ သူမတူသော မှော်လက်နက် ထိန်းချုပ်ခြင်း အတတ်ဖြင့် နောက်ထပ် နဂါး သုံးကောင်ကို ထပ်မံ ဆင့်ခေါ်လိုက်ပြန်သည်။

အကယ်၍ ချီသန့်စင် အထွတ်အထိပ်အဆင့်ရှိ ကျင့်ကြံသူ ချိုးပိုင်သာ ဤမြင်ကွင်းကို မြင်ခဲ့လျှင် မေးရိုးပြုတ်ကျမတတ် အံ့ဩသွားမည်မှာ သေချာသည်။ ချီသန့်စင် အထွတ်အထိပ် ကျင့်ကြံသူတစ်ဦးသည်ပင် နဂါးခြောက်ကောင်ကို ခေါ်ယူရန် အစွမ်းကုန် ကြိုးစားရမည် ဖြစ်သည်။ သို့သော် လော့ချန်ကမူ အေးအေးဆေးဆေးပင် နဂါးခြောက်ကောင်ကို ခေါ်ယူလိုက်ခြင်း ဖြစ်သည်။

သူ၏ ပုံစံအရဆိုလျှင် နောက်ထပ် ၁၊၂ ကောင်ခန့်ကိုပင် ခေါ်ယူနိုင်ဦးမည့်ပုံ ပေါ်နေသည်။

လော့ချန်သည် ရှေ့ဆုံးမှ နဂါး၏ ဦးခေါင်းပေါ်သို့ ဆင်းသက်လိုက်ကာ ကျန်သူများကို အမိန့်ပေးလိုက်သည်။

“ဒီနေရာကို ရှင်းလင်းတိုက်ခိုက်ဖို့ မင်းတို့အားလုံးကို တာဝန်ပေးခဲ့မယ်.... ဟို လွင်ပြင်က စစ်မြေပြင် နားကိုတော့ ဘယ်သူမှ မလာကြနဲ့”

ထိုအမိန့်နှင့်အတူ သူသည် နဂါးခြောက်ကောင် ခြံရံကာ ကောင်းကင်ယံမှ ဆင်းသက်လာသော စစ်နတ်ဘုရားတစ်ပါးကဲ့သို့ စစ်မြေပြင်ဆီသို့ ဦးတည် ပျံသန်းသွားတော့သည်။

တစ်ဖက်တွင်လည်း စစ်မြေပြင်အတွင်းရှိ ကျင့်ကြံသူများမှာ အလွန် စိတ်လှုပ်ရှားနေကြသည်။

အဖွဲ့ချုပ်ခေါင်းဆောင်သည် တိုက်ခိုက်ရေးခန်းမ ခေါင်းဆောင်ဝမ်နှင့်အတူ ဒုတိယအဆင့် မျောက်ဝံကို နှိမ်နင်းတော့မည် မဟုတ်ပါလော။

ထိုလူအုပ်ကြီးထဲတွင် စီမာဟွေ့နန်သည် အံ့ဩမှုနှင့် သံသယများကြား ဝေခွဲမရ ဖြစ်နေသည့် မျက်နှာထားဖြင့် ရပ်နေသည်။

ထိုစဉ် မောင်ဖြစ်သူ စီမာဝမ်ကျဲ အံ့ဩတကြီး ရောက်ရှိလာသည်။

“အစ်ကိုကြီး ပြောတာ မှန်တယ်နော်.... အဲ့ဒီ အဆင့်မြင့် မှော်လက်နက်က အဖွဲ့ချုပ်ခေါင်းဆောင်ဆီမှာ တကယ် ရှိနေတာပဲ”

အပြာရောင်ကတိုး မြွေနဂါးအလံသည် နဂါး ခြောက်ကောင်ကို ထိန်းချုပ်နိုင်စွမ်း ရှိသည်။ ထို့အပြင် ၎င်းသည် ကျင့်ကြံသူများ၏ ချီစွမ်းအား လည်ပတ်မှုကို ဟန့်တားနိုင်သော ကတိုးရနံ့များကိုလည်း ထုတ်လွှတ်နိုင်သည်။ စီမာဟွေ့နန် တိုးတိုးလေး ရေရွတ်လိုက်သည်။

“ဒါ.... ဒါဆိုရင်.... မြောက်ဘက် လမ်းကြားမှာ ငါတို့တွေကို ကယ်ခဲ့တဲ့လူက အဖွဲ့ချုပ်ခေါင်းဆောင် ဖြစ်နေတာပေါ့”

မောင်ဖြစ်သူ ဝမ်ကျဲက အဆက်မပြတ် ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်တယ် မမ.... ပြီးတော့ ခုနက အဖွဲ့ချုပ်ခေါင်းဆောင် သုံးသွားတဲ့ ကျောက်စိမ်းစေ့တွေကလည်း လျိုဟန်ရဲ့ အစီအရင်ကို ဖျက်ဆီးတုန်းက နည်းလမ်းနဲ့ အတူတူပဲ”

အစောပိုင်းက လော့ချန် ပေါ်လာချိန်တွင် ကျောက်စိမ်းစေ့ ထောင်ပေါင်းများစွာကို ပစ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ထိုနည်းလမ်းမှာ လော့ချန်၏ အမှတ်အသား ဖြစ်လာခဲ့ပြီ ဖြစ်သည်။

စီမာဝမ်ကျဲသည် အခြားလူများထံမှလည်း သတင်းအချက်အလက်များကို စုဆောင်းခဲ့သည်။

ထိုစဉ်က မြောက်ဘက်လမ်းကြား တိုက်ပွဲတွင် အစ်ကိုကြီးမှာ သေလုနီးပါး ဖြစ်ခဲ့ပြီး ဒုတိယမမမှာလည်း ဒဏ်ရာ ပြင်းထန်ခဲ့ရာ သူ တစ်ဦးတည်းသာ သတိအရှိဆုံး ဖြစ်ခဲ့သည်။

အကယ်၍ ဖူမိသားစုနှင့် စစ်ပွဲတွင် အစ်ကိုကြီး စီမာရှန့် မသေချာခဲ့ဘူးဆိုလျှင်ပင် ယခုအကြိမ်တွင်မူ သူသည် အကြိမ်ပေါင်း ထောင်ချီ၍ သေချာသွားခဲ့ပြီ ဖြစ်သည်။ သူတို့ကို ကယ်တင်ခဲ့သူမှာ လော့ချန် ဖြစ်ပေသည်။

မောင်လေး၏ အသံကို နားထောင်ရင်း ဝေးကွာသွားသော ကျောပြင်ကို ကြည့်ရင်း စီမာဟွေ့နန် သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့ထားမိသည်။ သူမ၏ စိတ်ထဲတွင် အတွေးများစွာ ဖြစ်ပေါ်နေသည်။

ထို့နောက် သူမ နောက်သို့ လှည့်ကြည့်လိုက်သည်။

“အချိန်မဆွဲကြနဲ့.... တခြားလူတွေ အခွင့်ကောင်းမယူနိုင်အောင် ဒီမိစ္ဆာသားရဲတွေကို မြန်မြန် ရှင်းပစ်ကြ”

....

“အစ်ကိုဝမ်.... အစ်ကို အဲ့ဒီ သွေးကျင့်စဉ်တွေကို တကယ် လေ့ကျင့်ဖြစ်သွားတာပဲ”

လော့ချန်သည် နဂါးပေါ်တွင် ရပ်ရင်း လွင်ပြင်မှ စစ်မြေပြင်ကို စိုက်ကြည့်နေမိသည်။

လူတစ်ယောက်နှင့် ဧရာမ မျောက်တစ်ကောင်....။

မည်သူမျှ နောက်မဆုတ်ဘဲ အပြန်အလှန် သတ်ပုတ်ထိုးနှက်နေကြသည်။ ပြင်းထန်လှသော သွေးစွမ်းအင်များမှာ နေရာအနှံ့သို့ ပြန့်နှက်နေပြီး အသက်ရှူရပင် ခက်ခဲစေလောက်သည်။ မိုင်ပေါင်းများစွာရှိသော မြေပြင်မှာလည်း နေရာအနှံ့တွင် အက်ကွဲကြောင်းများနှင့် ကျင်းများ ဖြစ်ပေါ်နေသည်။

ဒုတိယအဆင့် မျောက်ဝံကြီးတွင် ဤကဲ့သို့သော ဖျက်ဆီးနိုင်စွမ်း ရှိနေခြင်းမှာ မထူးဆန်းလှပေ။ မည်သို့ပင်ဖြစ်စေ မျောက်ဝံမျိုးနွယ်သည် ဖျက်ဆီးနိုင်စွမ်း အကြီးမားဆုံးသော မိစ္ဆာသားရဲများထဲမှ တစ်မျိုး ဖြစ်သည်။ လော့ချန် ဖော်စပ်ထားသည့် သွေးအဆီအနှစ်ဆေးလုံး၏ ပြင်းထန်သော စွမ်းအားမှာလည်း ဤမျောက်ဝံကြီး၏ သွေးကို အဓိက အသုံးပြုထားသောကြောင့် ဖြစ်သည်။

သို့သော် ဝမ်ယွမ် ပြသနေသည့် ဖျက်ဆီးနိုင်စွမ်းမှာမူ ထူးခြားလှသည်။

သွေးနီရောင် မြွေကြီးများမှာ သူ၏ ကိုယ်ခန္ဓာမှ အဆက်မပြတ် ထွက်ပေါ်နေသည်။ လက်သီးတစ်ချက် ပစ်လိုက်တိုင်း သွေးမြွေကြီးတစ်ကောင် ပါဝင်နေသည်။

ပြင်းထန်လှသော အားအင်များကြောင့် ဒုတိယအဆင့် မိစ္ဆာသားရဲပင်လျှင် မယှဉ်နိုင်တော့ချေ။

“ဒါက ခန္ဓာကိုယ်ကျင့်ကြံခြင်း ဒုတိယအဆင့်ရဲ့ စွမ်းအားလား”

“ဒါမှမဟုတ် သွေးကျင့်စဉ် နည်းလမ်းတွေနဲ့ ပေါင်းစပ်ပြီး ဖြစ်ပေါ်လာတဲ့ ထူးခြားတဲ့ စွမ်းအားလား”

လော့ချန် ခံစားမိသည်မှာ ဝမ်ယွမ်သည် နောက်ကျမကျန်ရုံသာမက တိုက်ပွဲ ကြာလာလေလေ သူ၏ အရှိန်အဝါမှာ ပိုမို မြင့်တက်လာလေလေ ဖြစ်နေသည်။

ထိုသွေးမြွေကြီးများသည် မျောက်ဝံကြီး၏ ကိုယ်ပေါ်သို့ ရောက်ရှိသွားတိုင်း မျောက်ဝံကြီး၏ အသားနှင့် သွေးများကို ဝါးမြိုပစ်နေကြသည်။ ထို့နောက် မြွေငယ်လေးများမှတစ်ဆင့် ဝမ်ယွမ်၏ ကိုယ်ထဲသို့ စွမ်းအင်များကို ပြန်လည် ဖြည့်တင်းပေးနေကြသည်။ ဤသို့ဖြင့် တစ်ဖက်က လျော့နည်းသွားပြီး တစ်ဖက်က တိုးပွားလာရာ ဝမ်ယွမ်မှာ ပိုမို သန်မာလာနေသည်။

“အားရစရာပဲ”

“တကယ်ပဲ အားရစရာ ကောင်းလိုက်တာ”

“ပျော်စရာကြီးကွ.... ညီလေး မင်း ဝင်စရာ မလိုဘူး.... ဒီအကောင်ကြီးကို ငါတစ်ယောက်တည်း အပြတ်ရှင်းပစ်မယ်”

သို့သော် လော့ချန်သည် ဝမ်ယွမ်၏ အပြောကို လော့ချန် ပြတ်သားစွာ ငြင်းပယ်လိုက်သည်။

“အချိန်မဆွဲပါနဲ့ဗျ.... တခြားလူတွေ ကြည့်နေမှာ စိုးရတယ်”

ဝမ်ယွမ်သည် တိုက်ပွဲကြားမှ မျက်မှောင်ကြုတ်လိုက်သော်လည်း လော့ချန်၏ စကားနောက်ကွယ်က အဓိပ္ပာယ်ကို ချက်ချင်း သဘောပေါက်သွားသည်။ ယခု သူ၏တိုက်ခိုက်ရေး နည်းစနစ်များမှာ သွေးညှီနံ့ အလွန် ပြင်းလှသည်။ အကယ်၍ အဆင့်မြင့် ကျင့်ကြံသူများသာ ဤမြင်ကွင်းကို မြင်သွားပါက သူ့အား သွေးမိစ္ဆာကျင့်ကြံသူအဖြစ် သတ်မှတ်ကြတော့မည်မှာ ဧကန်မုချဖြစ်သည်။

“ကောင်းပြီလေ.... မင်းပဲ လာခဲ့တော့”

လော့ချန် ခေါင်းညိတ်ပြလိုက်ပြီး နဂါးပေါ်မှနေ၍ လှုပ်ရှားလိုက်သည်။

နဂါးခြောက်ကောင်သည် ဘေးပတ်ပတ်လည်တွင် ဝဲပျံရင်း ကတိုးအဆိပ်မြူများကို အဆက်မပြတ် ထုတ်လွှတ်လိုက်ကြသည်။

ဝမ်ယွမ်သည် လော့ချန်၏ သတိပေးချက်ကို ကြိုတင် ရရှိထားပြီးဖြစ်ရာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ ထိုအဆိပ်ငွေ့များ မဝင်အောင် ထိန်းချုပ်ထားနိုင်သည်။ အနည်းငယ် ဝင်လာလျှင်ပင် သူ၏ ပြင်းထန်သော သွေးစွမ်းအင်များဖြင့် ချက်ချင်း ချေဖျက်ပစ်လိုက်သည်။

သို့သော် ဒုတိယအဆင့် မျောက်ဝံကြီးမှာမူ ထိုသို့သော ဉာဏ်ရည် မရှိချေ။

ဝူး....

တတိယလူတစ်ဦး ဝင်ရောက်လာသည်ကို သိလိုက်ရသောအခါ သူသည် ပိုမို ကြမ်းတမ်းလာကာ ကြီးမားလှသော လက်ဝါးကြီးများဖြင့် ရမ်းခါ တိုက်ခိုက်နေသည်။

ဝမ်ယွမ်သည်လည်း နောက်မဆုတ်ဘဲ ထိုတိုက်ခိုက်မှုများကို ရင်ဆိုင် တိုက်ခိုက်နေသည်။

ဘုန်း.... ဘုန်း.... ဘုန်း....

ပြင်းထန်သော အသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။

လော့ချန်သည် အပြင်ဘက်မှနေ၍ အလံကို ထိန်းချုပ်နေသော်လည်း ထိုကိုယ်ခန္ဓာချင်း တိုက်ခိုက်မှုများ၏ ပြင်းထန်မှုကို ခံစားနေရသည်။

“ခန္ဓာကိုယ်ကျင့်ကြံခြင်း ဒုတိယအဆင့်က ဒီလောက်အထိ တောင် သန်မာတာလား၊ ခန္ဓာကိုယ်ရဲ့ သန်မာမှုက မိစ္ဆာသားရဲတွေနဲ့တောင် ယှဉ်လို့ရနေပြီ”

“အစ်ကိုဝမ် ပြောတဲ့ တတိယအဆင့်ဆိုရင် ဘယ်လို အပြောင်းအလဲတွေ ရှိလာမလဲ မသိဘူး၊ အသက်တောင် ရှည်လာနိုင်တယ်လို့ ပြောခဲ့တာပဲ”

“ငါလည်း အနှစ်သာရမွေးမြူရည်တွေ၊ ကျောက်စိမ်းဆေးရည်တွေကို သုံးပြီး ဝိညာဉ်စွမ်းအင်နဲ့ အမြဲတမ်း လေ့ကျင့်နေတာပဲ၊ ငါ့ရဲ့ ကိုယ်ခန္ဓာက သူတို့နဲ့ယှဉ်ရင် ဘယ်လောက်လောက် ကွာခြားနေမလဲ”

သူ့စိတ်ထဲတွင် အတွေးများစွာ ရှိနေသော်လည်း လက်မှ အလုပ်မှာ ရပ်မသွားပေ။

နဂါးခြောက်ကောင်၏ တိုက်ခိုက်မှုအောက်တွင် ခဏချင်းမှာပင် မျောက်ဝံကြီး၏ အရှိန်အဝါမှာ လျော့နည်းလာခဲ့သည်။ အဆိပ်ငွေ့များစွာ ရှူရှိုက်မိခြင်းကြောင့် သူ၏ မိစ္ဆာစွမ်းအင်များကို ကောင်းစွာ မထိန်းချုပ်နိုင်တော့ပေ။ လှုပ်ရှားမှုများမှာ နှေးကွေးလာပြီး တိုက်ခိုက်မှုများမှာလည်း အားနည်းလာခဲ့သည်။

မျောက်ဝံကြီးသည် သေဘေးကို ခံစားမိပုံရသည်။ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး သူ၏ ကိုယ်ပေါ်မှ မီးနီရောင် အလင်းတန်းများစွာ ပေါက်ကွဲ ထွက်ပေါ်လာသည်။

“သတိထား၊ သူ အသေခံ တိုက်တော့မယ်”

ဝမ်ယွမ် သတိပေးလိုက်သော်လည်း သူကိုယ်တိုင်မှာမူ နောက်မဆုတ်ဘဲ ရှေ့သို့ ပြေးဝင်သွားခဲ့သည်။ သူသည် ပြေးရင်းနှင့် လက်မကို ထောင်၍ သူ၏ ကိုယ်ပေါ်ရှိ အရေးကြီးသော အပ်စိုက်မှတ် ၁၂ မှတ်ကို အလျင်အမြန် ထိုးနှက်လိုက်သည်။

“ဒါက နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်း ကျင့်စဉ် အပ်စိုက်မှတ် အချက် ၁၂ မှတ်လား”

လော့ချန် ထိုအရာအားလုံးကို ချက်ချင်း နားလည်သွားခဲ့သည်။

နောက်တစ်ခဏမှာပင် ဝမ်ယွမ်၏ ကိုယ်ခန္ဓာမှာ ကြီးမားလာခဲ့ပြန်သည်။

ယခင်က ၇ ပေခန့် ရှိသော်လည်း ယခုအခါ ၁၀ ပေကျော် အထိ ကြီးမားလာခဲ့သည်။

ထို့အပြင် ရပ်တန့်မသွားသေးပေ။

၁၅ ပေ၊ ပေ ၂၀....။

နောက်ဆုံးတွင် ပေ ၂၀ ခန့်ရှိသော ဧရာမ လူသားကြီးတစ်ဦးအဖြစ် ရပ်တန့်သွားသည်။

သူ၏ အဝတ်အစားများမှာ စုတ်ပြတ်သွားပြီး ကြွက်သားကြီးများမှာ သစ်ပင်မြစ်များကဲ့သို့ ကိုယ်ပေါ်တွင် တွန့်လိမ်နေကြသည်။ သူ၏ အရိုးများမှာ ကျောက်စိမ်းဖြူကဲ့သို့ လင်းလက်နေသည်။ သူ ပြေးလွှားလိုက်သောအခါ မြစ်ရေများ စီးဆင်းသကဲ့သို့ အသံများ ထွက်ပေါ်လာသည်။ ၎င်းမှာ သူ၏ သွေးများမှာ ပြင်းထန်သော အားအင်များကို ထုတ်လွှတ်နေခြင်းပင် ဖြစ်သည်။

“သူက ဒုတိယအဆင့် မိစ္ဆာသားရဲရဲ့ အသေခံတိုက်ခိုက်မှုကို ကိုယ်တိုင် ရင်ဆိုင်မလို့လား”

လော့ချန် မျက်မှောင်ကြုတ်လိုက်မိသည်။ ဝမ်ယွမ်သည် တိုက်ပွဲဝင်ချိန်တွင် စရိုက် လုံးဝ ပြောင်းလဲသွားသည်ကို သူ သတိထားမိလိုက်သည်။

ပုံမှန်အချိန်တွင် သူသည် ဤမျှအထိ ရူးသွပ်သော ပုံစံမျိုး မရှိချေ။

“ဝူး”

“သေစမ်း”

သားရဲနှင့် လူသားတို့၏ ဟိန်းဟောက်သံများမှာ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။

နှစ်ဦးသားမှာ လော့ချန်၏ ရှေ့မှောက်တွင် တိုက်ခိုက်နေကြသည်။

ဘုန်း.... ဘုန်း.... ဘုန်း....

ပြင်းထန်သော ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။

အရှိန်မှာ အလွန်မြန်လှသဖြင့် လော့ချန်၏ အထွတ်အထိပ် နတ်မျက်စိမှော်အတတ်နှင့်ပင် မြင်နိုင်ရန် ခက်ခဲလှသည်။ ၎င်းမှာ ရွှေအမြုတေအဆင့် ကျင့်ကြံသူများကဲ့သို့ ကြီးမားလှသော အဝေးတိုက်ခိုက်မှုမျိုး မဟုတ်ပေ။ လက်သီးတစ်ချက်၊ ခြေထောက်တစ်ချက်တိုင်းတွင် ပြင်းထန်လှသော အားအင်များကို စုစည်းထားခြင်း ဖြစ်သည်။ သာမန်လူဆိုလျှင် လက်သီးတစ်ချက်ပင် ခံနိုင်မည် မဟုတ်ချေ။

လော့ချန်၏ အမြင်အရဆိုလျှင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးပင်လျှင် လက်သီး ၁ချက် ၂ ချက်ထက် ပိုခံနိုင်မည် မဟုတ်ပေ။

“ဒါပေမဲ့.... အရှုံးအမြတ်ကတော့ ပေါ်သွားပြီ”

လော့ချန် ရေရွတ်လိုက်ပြီးနောက် တိုက်ပွဲ အခြေအနေမှာ ရှင်းလင်းသွားခဲ့သည်။

ဝမ်ယွမ်သည် သူ၏ လက်ဖဝါးကို မျောက်ဝံကြီး၏ ကိုယ်ပေါ်တွင် ကပ်ထားပြီး ၇ ကြိမ် ဆက်တိုက် ရိုက်နှက်လိုက်သည်။

တောင်စဉ်ခုနစ်ထပ် ကျင့်စဥ်အတတ်ပင်ဖြစ်သည်။

ပြင်းထန်လှသော စွမ်းအင်များမှာ ၇ ကြိမ် ဆက်တိုက် ပေါက်ကွဲ ထွက်ပေါ်လာပြီး တစ်ကြိမ်ထက် တစ်ကြိမ် ပိုမို ပြင်းထန်လာသည်။ ခဏချင်းမှာပင် တောင်ကြီး ၇ လုံးနှင့် ဖိနှိပ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားခဲ့သည်။ မျောက်ဝံကြီး၏ ကိုယ်ခန္ဓာမှာ ပြင်းထန်စွာ ထိခိုက်သွားပြီး နောက်သို့ လွင့်စင်သွားခဲ့သည်။

ခြေလှမ်းတစ်လှမ်း၊ နှစ်လှမ်း.... ခုနစ်လှမ်း....။

ခုနစ်လှမ်းအကြာတွင် သူသည် မြေပြင်ပေါ်တွင် ဒူးထောက် လဲကျသွားခဲ့ပြီး တစ်ကိုယ်လုံး သွေးချင်းချင်းနီနေခဲ့သည်။ သူ၏ ရင်ဘတ်တွင်လည်း ကြီးမားသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်နေသည်။

“နိုင်သွားပြီလား”

“မဟုတ်ဘူး၊ သူ အင်အား ရှိသေးတယ်”

ဝမ်ယွမ်၏ သတိပေးသံ ထွက်ပေါ်လာသည်။

လော့ချန် သေချာ ကြည့်လိုက်သောအခါ မျောက်ဝံကြီး၏ ရင်ဘတ်မှ မိစ္ဆာအမြုတေ တစ်ခု ပျံထွက်လာသည်ကို တွေ့လိုက်ရသည်။

ထို့နောက် ဖျက်ဆီးနိုင်စွမ်းရှိသော အရှိန်အဝါများ ထွက်ပေါ်လာသည်။

ယခုအခါ မျောက်ဝံကြီး၏ ကိုယ်ခန္ဓာမှာ ပြန်လည် သေးငယ်သွားပြီး ပေ ၂၀ ခန့်သာ ရှိတော့သည်။ သူသည် ဝမ်ယွမ်နှင့် လော့ချန်တို့ နှစ်ဦးကို လှည့်မကြည့်တော့ဘဲ တောနက်ကြီးထဲသို့ နောက်မလှည့်ဘဲ ထွက်ပြေးသွားလေတော့သည်။

“ထွက်ပြေးချင်တယ် ဟုတ်လား”

လော့ချန် အေးစက်စွာ ပြုံးလိုက်သည်။ သူသည် ဘေးမှ ကြည့်နေရုံသက်သက် မဟုတ်ပေ။ သူ၏ အဖြူရောင် ဝတ်ရုံမှာ လေမတိုက်ဘဲ လွင့်လှုပ်နေသည်။ သူ၏ ခြေလှမ်းအောက်တွင် တိမ်တိုက်များ ပေါ်လာပြီး ကောင်းကင်ယံသို့ ပျံတက်သွားသည်။

သူ လက်ထဲမှ အလံကို အဆက်မပြတ် ဝှေ့ယမ်းလိုက်ရာ သစ်သားနဂါး ခြောက်ကောင်မှာ နေရာအသီးသီးမှ ပျံထွက်သွားပြီး မျောက်ဝံကြီးကို ခဏချင်းမှာပင် အမှီလိုက်နိုင်သွားသည်။

ဘုန်း.... ဘုန်း....

ရှေ့ဆုံးမှ နှစ်ကောင်မှာ ချက်ချင်း ပေါက်ကွဲသွားခဲ့သည်။ ၎င်းက မျောက်ဝံကြီး၏ ထွက်ပြေးမှုကို တားဆီးလိုက်သည်။ ကျန်ရှိသော လေးကောင်မှာ မျောက်ဝံကြီး၏ ခြေလက်များကို ဝိုင်းဝန်း ချည်နှောင်လိုက်ကြသည်။

အဆိပ်ငွေ့များ ထုတ်လွှတ်လိုက်ရာ ထိုနေရာ တစ်ဝိုက်လုံးမှာ စိမ်းပြာရောင် မြူခိုးများဖြင့် ပြည့်နှက်သွားခဲ့သည်။ အဆိပ်ငွေ့များ အဆက်မပြတ် ထုတ်လွှတ်ပြီးနောက် နဂါး လေးကောင်၏ ကိုယ်ခန္ဓာမှာလည်း သေးငယ်သွားခဲ့သည်။ နောက်ဆုံးတွင်မူ လေထဲတွင် ပျောက်ကွယ်သွားခဲ့သည်။

မျောက်ဝံကြီးမှာမူ မြေပြင်ပေါ်တွင် သတိလစ် မေ့မြောနေခဲ့ပြီ ဖြစ်သည်။

ထိုအချိန်မှသာ လော့ချန် မြေပြင်သို့ ကြည့်လိုက်နိုင်သည်။

မမျှော်လင့်ထားသည်မှာ မိစ္ဆာအမြုတေမှာ ပေါက်ကွဲမသွားခဲ့ခြင်း ဖြစ်သည်။ သေးငယ်လှသော မြွေနီလေးပေါင်း ရာချီမှာ ထိုအမြုတေကို အလွှာလိုက် ဝိုင်းရံထားကြသည်။ ယခုအခါ ပုံမှန် အရွယ်အစားသို့ ပြန်ရောက်သွားသော ဝမ်ယွမ်သည် မိစ္ဆာအမြုတေကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ၊ ခေါင်းမော့၍ လော့ချန်ကို ကြည့်ရင်း တဟားဟားအော်ရယ်နေတော့သည်။

“ဘာတွေ အဲ့ဒီလောက် သဘောကျနေတာလဲ.... ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ကြည့်ပြီး အရှက်လုံအောင် တစ်ခုခုနဲ့ ဖုံးထားလိုက်ဦးဗျ”

လော့ချန်က စိတ်ပေါက်ပေါက်ဖြင့် ငေါက်လိုက်သည်။ ထို့နောက် နှစ်ဦးသား အချင်းချင်းပြန်ကြည့်ကာ ရယ်မောမိလိုက်ကြသည်။ မည်သို့ပင်ဆိုစေကာမူ သူနှင့် ဝမ်ယွမ်တို့သည် ဒုတိယအဆင့် မိစ္ဆာသားရဲတစ်ကောင်ကို အရှင်လတ်လတ် ဖမ်းဆီးနိုင်ခဲ့ခြင်းပင် ဖြစ်ပေတော့သည်။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၂၅၆) - ခေါင်းဆောင်ကောင်းမှ နောက်လိုက်ကောင်း၏။

အရှင်လတ်လတ် ဖမ်းမိထားသော ဒုတိယအဆင့် မျောက်ဝံတစ်ကောင်သည် မည်မျှအထိ တန်ဖိုးရှိသည်ကို ကျင့်ကြံလောကမှ ကျင့်ကြံသူတိုင်းလိုလို သိကြပေလိမ့်မည်။

ဤသားရဲသည် မီးဓာတ်သဘာဝရှိပြီး စိတ်ရိုင်းဝင်တတ်ကာ အသိဉာဏ်ကင်းမဲ့သည့်အပြင် ယဉ်ပါးအောင် သွေးဆောင်ရန်လည်း အလွန်ခက်ခဲသည်။

အကယ်၍ ထူးခြားသော သားရဲထိန်းကျောင်းမှု အတတ်ပညာသာ မရှိပါက ဤသားရဲ၏ တန်ဖိုးမှာ မမြင့်မားလှပေ။ သတ်ဖြတ်ပြီး အစိတ်အပိုင်းများ ထုတ်ယူရုံသာဖြစ်ပြီး အလွန်ဆုံးမှ ဝိညာဉ်ကျောက်တုံး ၄၀၀၀ သို့မဟုတ် ၅၀၀၀ သာ ရရှိနိုင်သည်။

၎င်းသည် လော့ချန် မကြာမီက ဝယ်ယူထားသည့် တိမ်မီးလျှံ ဂဠုန်ငှက်ကြီး နှင့် လုံးဝ ကွာခြားသည်။ ထိုဂဠုန်ငှက်ကြီးသည်လည်း ဒုတိယအဆင့် မိစ္ဆာသားရဲ ဖြစ်သော်လည်း ရှားပါးပြီး ဖမ်းဆီးရခက်သော ငှက်မျိုးနွယ် သတ္တဝါဖြစ်သည်။ ၎င်း၏ တောင်ပံများသာ မပျက်စီးလျှင် ဒုတိယအဆင့် လက်နက်သွန်း လုပ်ရန်အတွက် အဖိုးတန် ကုန်ကြမ်းများအဖြစ်ပင် သတ်မှတ်ကြသည်။ ထိုအကြောင်းကြောင့်ပင် တိမ်မီးလျှံ ဂဠုန်ငှက်၏ ဈေးနှုန်းမှာ အမြဲ မိုးထိုးအောင် မြင့်မားနေလေ့ရှိသည်။ ထိုဂဠုန်ငှက်နှင့် နှိုင်းယှဉ်လျှင် မျောက်ဝံတစ်ကောင်၏ တန်ဖိုးမှာ အတော်လေး နိမ့်ပါးလှသည်။

သို့သော် တန်ဖိုးဆိုသည်မှာ ပိုင်ဆိုင်ထားသောလူများ အပေါ်တွင်လည်း မူတည်သည့်အချက်ကို မေ့ထား၍မရပေ။

အထူးသဖြင့် လော့ချန်ကဲ့သို့ ဆေးဖော်စပ်သူ တစ်ဦးအဖို့မူ မျောက်ဝံ၏ သွေးကို အထူးပြုအသုံးပြုရမည့် ဆေးနည်းတစ်ခု သူ့တွင်ရှိနေသည်။ ဤခဏ၌ လော့ချန်သည် ဒဏ်ရာဗရပွနှင့် သတိလစ်နေသော မျောက်ဝံကြီးကို ကြည့်ရင်း စိတ်လှုပ်ရှားမှုများ တိုးလျှံလာတော့သည်။

“အင်း.... တကယ်လို့ ငါသာ ဒုတိယအဆင့် မျောက်ဝံရဲ့ သွေးကိုသုံးပြီး သွေးအဆီအနှစ် ဆေးလုံးကို ဖော်စပ်လိုက်ရင် အဲ့ဒီဆေးလုံးက ဘယ်လောက်တောင် အစွမ်းထက်သွားမှာလဲ.... ဒါဆိုရင် အဲ့ဒီဆေးလုံးက အခြေခံ တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေအတွက်ပါ သင့်တော်သွားနိုင်မလား....”

အကယ်၍ ထိုသို့သာ ဖြစ်လာခဲ့လျှင် သွေးအဆီအနှစ်ဆေးလုံး၏ တန်ဖိုးမှာ ထိုးတက်သွားပေလိမ့်မည်။ ယခုအချိန်၌ပင် ထိုဆေးလုံး၏ ဈေးနှုန်းမှာ သာမန် ဒုတိယအဆင့် ဆေးလုံးများနှင့် တန်းတူ ဖြစ်နေပေသည်။ သို့သော် ထိုဆေးလုံးဈေးကြီးခြင်းသည် ၎င်း၏ ထူးခြားသော အာနိသင်ကြောင့်သာ ဖြစ်သည်။ အကယ်၍ ဒုတိယအဆင့် မိစ္ဆာသားရဲသွေးကို အဓိက ပါဝင်ပစ္စည်းအဖြစ် အသုံးပြုပြီး ဆေးလုံးအဆင့်ကို မြှင့်တင်လိုက်ပါက ၎င်းမှာ အစွမ်းပိုထက်သော စစ်မှန်သည့် ဒုတိယအဆင့် ဆေးလုံးကြီး ဖြစ်လာပေလိမ့်မည်။

“ဟဲဟဲဟဲ....”

“မင်းက ဘာတွေ တဟဲဟဲ ဖြစ်နေတာလဲကွ”

အပျက်အစီးများဖြင့် ပြည့်နှက်နေသော စစ်မြေပြင်အလယ်တွင် ဝမ်ယွမ်သည် မြက်ခင်းပြင်ပေါ်၌ လမ်းလျှောက်နေသကဲ့သို့ ပျော်ရွှင်မြူးထူးနေသော ခြေလှမ်းများဖြင့် လျှောက်လာသည်။ လော့ချန် သူ့အနားသို့ရောက်လာသောအခါ သူ မျက်ခုံးပင့်ရင်း မေးလိုက်သည်။

“မင်း ဒီအကောင်ကြီးကို မသတ်ဘူးလား”

“နေပါဦးဗျာ.... ဒီသားရဲက အသုံးဝင်ချင်ဝင်ဦးမှာ၊ လောလောဆယ်တော့ အရှင်ထားလိုက်ဦးမယ်”

လော့ချန်သည် ဒုတိယအဆင့် မျောက်ဝံကို သတ်ရန် အစီအစဉ် မရှိချေ။ ဤအကောင်ကို အကျဉ်းချထားပြီး ဆေးပညာအတွက် သွေးဖောက်ယူခြင်းကသာ အကျိုးအမြတ်ကို အမြင့်ဆုံး ရရှိစေမည်ဟု သူယူဆလျက်ရှိသည်။

“ဒါဖြင့်လဲ ရော့.... ဒီမိစ္ဆာအမြုတေကို ယူထားလိုက်ကွာ”

ပြောပြောဆိုဆိုနှင့် ဝမ်ယွမ်သည် သူလုယူထားသော မိစ္ဆာအမြုတေကို လော့ချန်ထံသို့ ပေါ့ပေါ့ပါးပါးပင် ပစ်ပေးလိုက်သည်။ လော့ချန်ဖမ်းယူလိုက်သည့် ခဏ၌ သူ၏ ခြေရင်းတွင် သတိလစ်နေသော မျောက်ဝံကြီးမှာ တဆတ်ဆတ် တုန်ခါသွားသည်။

“အိုး.... သူ့ရဲ့ ဗီဇက မိစ္ဆာအမြုတေကို ပြန်လိုချင်နေတာပဲ”

လော့ချန် ပြုံးလိုက်ရင်း သူ၏ လက်ထဲရှိ မိစ္ဆာအမြုတေကို စစ်ဆေးလိုက်သည်။ လက်သီးဆုပ်ခန့်ရှိသော ဖန်သားအမြုတေကို သွေးရောင် မျှင်တန်းများစွာက သေးငယ်သော မြွေငယ်များသဖွယ် ရစ်ပတ်ထားကြသည်။ အမြုတေ၏ အတွင်းပိုင်း၌ သန့်စင်သော မိစ္ဆာစွမ်းအားများ ဝဲဂရက်ထနေသည်ကို ခပ်ရေးရေး မြင်နေရသည်။

ထိုသွေးမျှင်တန်းများအပြင် မြွေနဂါးအလံတော်မှ ထွက်ပေါ်လာသော ပြာလွင်သည့် အကာအကွယ် မြူတစ်ခုကလည်း အမြုတေကို ဖုံးအုပ်ထားသည်။ ဝမ်ယွမ်အနေဖြင့် အမြုတေကို အလိုအလျောက် ဖောက်ခွဲဖျက်ဆီးခြင်းမှ တားဆီးနိုင်ခဲ့သည်မှာ လော့ချန်၏ ကူညီမှုကြောင့်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပေသည်။

လခြမ်းတောင်ကြားတွင် ကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စများစွာ ကျန်ရှိနေသေးသဖြင့် သူတို့နှစ်ဦး အချိန်မဖြုန်းတော့ချေ။ လော့ချန်သည် သူ၏ ချီစွမ်းအားကို ထည့်သွင်းကာ မျောက်ဝံ၏ လှုပ်ရှား၍မရသော ခန္ဓာကိုယ်ကို တင်းတင်းကျပ်ကျပ် ချည်နှောင်မည့် သံကြိုးများကို ဖန်တီးလိုက်သည်။ ထို့နောက် သတိလစ်နေသော သားရဲကြီးကို ဆွဲယူရင်း လခြမ်းတောင်ကြားဆီသို့ ပျံသန်းသွားတော့သည်။

“နှမြောစရာပဲဗျာ.... ဒီကောင်ကြီး ခန္ဓာကိုယ်က အများကြီး ကျုံ့သွားတာ.... မဟုတ်ရင် သူ့အသားတွေကို ရောင်းရုံနဲ့တင် ကျွန်တော်တို့ ပွပေါက်တိုးနေပြီ”

လော့ချန်၏ ငွေမက်သော လေသံကို ကြားလိုက်ရသဖြင့် ဘေးတွင် လမ်းလျှောက်နေသော ဝမ်ယွမ် မရယ်ဘဲ မနေနိုင်တော့ချေ။

“ငါ့ကောင်ရ.... မိစ္ဆာသားရဲတွေမှာ အရွယ်အစား ကြီးတိုင်း ကောင်းတာ မဟုတ်ဘူးကွ”

“ဟင်”

“မင်း အချိန်ရရင် ဟင်္သာအသွင်ပြောင်းလဲခြင်း ကျင့်စဉ်ကို သေချာဖတ်ကြည့်ဦး၊ အဲ့ဒီထဲမှာ မိစ္ဆာသားရဲတွေအကြောင်း သိစရာတွေ အများကြီးပါတယ်”

ဝမ်ယွမ်၏ ရှင်းပြချက်ကြောင့် ဒုတိယအဆင့် မိစ္ဆာသားရဲများမှာ အဘယ်ကြောင့် ခန္ဓာကိုယ် အရွယ်အစားကို ထူးထူးခြားခြား ပြောင်းလဲနိုင်သည်ကို လော့ချန် နောက်ဆုံးတွင် သဘောပေါက်သွားတော့သည်။ ခန္ဓာကိုယ် ကြီးမားလေလေ အာဟာရ လိုအပ်ချက် ပိုများလေလေ ဖြစ်သည်။ အနည်းငယ်လှုပ်ရှားမိသည်ကပင် သူတို့၏ အသက်စွမ်းအားကို လျင်မြန်စွာ ကုန်ခမ်းစေနိုင်သည်။ ထိုအကြောင်းကြောင့် မိစ္ဆာသားရဲ အများအပြားသည် ဒုတိယအဆင့်သို့ တက်လှမ်းပြီးသည်နှင့် သူတို့၏ ကျင့်ကြံခြင်း အာရုံစိုက်မှုကို ဗီဇအရ ပြောင်းလဲလိုက်ကြသည်။ ရုပ်ပိုင်းဆိုင်ရာ အင်အားကို ဆက်လက် မြှင့်တင်မည့်အစား မိစ္ဆာစွမ်းအားများကို စုဆောင်းရန်အတွက်သာ အားထုတ်ကြတော့သည်။

ထိုသို့ ပြောင်းလဲကျင့်ကြံခြင်းမှုကြောင့်ပင် မိစ္ဆာသားရဲတစ်ကောင်၏ တိုးတက်မှုနောက်ဆုံးရလဒ်ဖြစ်သော မိစ္ဆာအမြုတေ ဖြစ်ပေါ်လာခြင်းသို့ ဦးတည်စေသည်။ သာမန်အားဖြင့် ရွှေအမြုတေအဆင့် ရောက်မှသာ အမြုတေကို ဖြစ်ပေါ်စေသော လူသားကျင့်ကြံသူများနှင့် မတူဘဲ မိစ္ဆာသားရဲများသည် ဒုတိယအဆင့်မှာပင် မိစ္ဆာအမြုတေကို ဖန်တီးနိုင်ကြသည်။

ဤအဆင့်တွင် သူတို့သည် လူသားများနှင့် ဆင်တူသော ကျင့်ကြံခြင်း လမ်းစဉ်ကို လျှောက်လှမ်းကြသည်။ ချီစွမ်းအားများကို စုပ်ယူသန့်စင်ပြီး မိစ္ဆာအမြုတေအတွင်း သိုလှောင်ကာ ၎င်းတို့ကို ဗီဇမိစ္ဆာစွမ်းအားများအဖြစ် ပြောင်းလဲကြသည်။ တိုက်ပွဲဝင်ချိန်၌ သိုလှောင်ထားသော စွမ်းအားအမြောက်အမြားကို ထုတ်လွှတ်ကာ အစွမ်းထက်သော မိစ္ဆာအတတ်များကို အသုံးပြုနိုင်သကဲ့သို့ ခန္ဓာကိုယ် အရွယ်အစားကိုလည်း စိတ်တိုင်းကျ ပြောင်းလဲနိုင်ကြခြင်း ဖြစ်သည်။

ဤရှင်းပြချက်ကို ကြားလိုက်ရပြီးနောက် ဈေးကွက်အတွင်း ရောင်းချနေသော မိစ္ဆာသားရဲ အသားအများစုမှာ အဘယ်ကြောင့် ပထမအဆင့် သားရဲများ၏ အသားများသာ ဖြစ်နေရသည်ကို လော့ချန် ရုတ်တရက် သဘောပေါက်သွားသည်။ ယုတ္တိဗေဒအရဆိုလျှင် ဒုတိယအဆင့် မိစ္ဆာသားရဲများသည် ပိုမိုကြီးမားပြီး အလေးချိန်ပိုစီးသဖြင့် အသားပိုရသင့်သည်။ သို့သော် အမှန်တကယ်တွင်မူ သူတို့၏ အနှစ်သာရ အားလုံးမှာ မိစ္ဆာအမြုတေအတွင်း၌သာ စုစည်းသွားသဖြင့် သူတို့၏ အသားမှာကျုံ့ကာ တန်ဖိုး များစွာ လျော့နည်းသွားခြင်း ဖြစ်သည်။

ထိုအချက်ကြောင့်ပင် ရှုကွမ်းသည် တိမ်မီးလျှံ ဂဠုန်ငှက်ကြီးကို သူ့ထံ ရောင်းချစဉ်က အဘယ်ကြောင့် မိစ္ဆာအမြုတေနှင့် တောင်ပံများကိုသာ အဓိကထားစျေးခေါ် ခဲ့သည်ကို သဘောပေါက်သွားသည်။ ရှုကွမ်းသည် ပေါင်ချိန် ထောင်သောင်းချီရှိသော အသားများကို အလေးပင် မထားခဲ့ချေ။ အမှန်စင်စစ် သူသည် ထိုပိုလျှံနေသော အသားများကို ချီသန့်စင်အဆင့် ကျင့်ကြံသူများထံသို့ အပိုပစ္စည်းသဖွယ် ပေါ့ပေါ့တန်တန် ရောင်းချရန်သာ ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

“ဩော်.... ဟင်္သာအသွင်ပြောင်းလဲခြင်း ကျင့်စဉ်မှာ တကယ့်ကို ထူးခြားတဲ့ ဗဟုသုတတွေ ပါနေတာပဲ”

လော့ချန်သည် ထိုကျင့်စဉ်ကို ချီးကျူးလိုက်ရင်း အတွေးတစ်ခု ဝင်လာသည်။ သူ၏ သိုလှောင်အိတ်ထဲတွင် ထိုအမျိုးအစား မိစ္ဆာသားရဲ၏ အလောင်းတစ်ခု ရှိနေသည် မဟုတ်ပါလော။ အကယ်၍ သူသာ ထိုသားရဲကို သေချာ သန့်စင်လိုက်လျှင် အနှစ်သာရ သွေးအမြောက်အမြားကို ထုတ်ယူနိုင်မည်ဖြစ်ပြီး ၎င်းမှာ ဝမ်ယွမ်၏ ကျင့်စဉ်အတွက် အလွန်ပင် အထောက်အကူ ဖြစ်စေပေလိမ့်မည်။

လော့ချန်၏ အတွေးကို မသိသော ဝမ်ယွမ်က သက်ပြင်းချရင်း ပြောလိုက်သည်။

“အင်းလေ.... ခန္ဓာကိုယ်ကျင့်ကြံခြင်းရဲ့ တတိယအဆင့် ဆိုတော့လည်း သူ့မှာ ကောင်းကွက်တွေ ရှိနေတာပေါ့ကွာ”

“စကားမစပ် အစ်ကိုဝမ်.... ခုနက အစ်ကို သုံးသွားတဲ့ ခန္ဓာကိုယ် ပြောင်းလဲတဲ့ နည်းစနစ်က ဟင်္သာအသွင်ပြောင်းလဲခြင်း ကျင့်စဉ်ကနေ ရလာတာလား” ဟု လော့ချန် စပ်စုလိုက်သည်။

ထိုအခါ ဝမ်ယွမ်က ခေါင်းခါပြသည်။

“မဟုတ်ဘူးကွ.... အဲ့ဒီနည်းလမ်းကို ငါ သိနေတာ ကြာပြီ၊ သာမာန် သွေးစွမ်းအားနဲ့ ခန္ဓာကိုယ်ကျင့်ကြံတာကို အသုံးချတဲ့ နည်းလမ်းတစ်ခုပါပဲ၊ ဒါပေမဲ့ ဟင်္သာအသွင်ပြောင်းလဲခြင်း ကျင့်စဥ်က ငါ့ကို အတွေးသစ်တွေ ပေးခဲ့တာတော့ အမှန်ပဲ”

“ဒါဆို အစ်ကိုက အဲ့ဒီကျင့်စဉ်ကို ကျင့်ချင်တာလား”

လော့ချန် မျက်တောင်ခတ်လိုက်ရင်း ထပ်မေးလိုက်သည်။ လော့ချန်သည် စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်သည်၊ အကယ်၍ ဝမ်ယွမ်သာ တကယ် လိုအပ်ပါက တိမ်မီးလျှံ ဂဠုန်ငှက်ကြီး၏ အနှစ်သာရသွေး အချို့ကို ပေးလိုက်မည် ဖြစ်သည်။ ကျန်ရှိသော အစိတ်အပိုင်းများမှာ သူ နောင်တစ်ချိန်တွင် နတ်ဒေဝါပျားရည် ဖော်စပ်ရန်အတွက် လုံလောက်နေသေးသည်။

သို့သော် မထင်မှတ်ဘဲ ဝမ်ယွမ်က ဂရုမထားဟန်ဖြင့် နှုတ်ခမ်းမဲ့လိုက်သည်။

“တော်ပါကွာ.... ငါက လူသားပုံသဏ္ဌာန်ကို စွန့်လွှတ်ပြီး သားရဲတစ်ကောင်အဖြစ် ပြောင်းလဲဖို့ ဘာကိစ္စ ကြိုးစားရမှာလဲ.... ဒီကျင့်စဉ်က ဒီအတိုင်းကိုးကားဖို့အတွက်ပဲ အသုံးဝင်တာပါ.... ငါ့ရဲ့ ဒုတိယအဆင့် ခန္ဓာကိုယ် ကျင့်စဉ်ကို ပိုပြီး ပြည့်စုံအောင် ကူညီပေးနိုင်ရင်တင် လုံလောက်ပါပြီ.... အဆုံးထိ လေ့ကျင့်ဖို့လား.... ဒီလို အသေးအဖွဲ ကိစ္စအတွက်နဲ့ ငါ့ရဲ့ အခြေခံကို ဘယ်တော့မှ အပျက်စီးခံမှာမဟုတ်ဘူးကွ”

ထိုစကားကို ကြားလိုက်သောအခါ လော့ချန် ထောက်ခံသောအားဖြင့် ခေါင်းညိတ်လိုက်သည်။ အမှန်ပင်ဖြစ်သည်။ မိစ္ဆာသားရဲများသည် သန်မာသော်လည်း အနိုင်မတိုက်နိုင်သည်တော့မဟုတ်ပေ၊ အဆင့်တူကျင့်ကြံသူတစ်ဦးသည် နည်းစနစ်များ လုံလောက်စွာ ရှိနေသရွေ့ မိစ္ဆာသားရဲတစ်ကောင်ကို အနိုင်ယူနိုင်စွမ်း ရှိသည်။ ထို့ကြောင့် သားရဲအသွင် ပြောင်းလဲခြင်းသည် အကောင်းဆုံး လမ်းစဉ် မဟုတ်နိုင်ချေ။ ထို့အပြင် ဟင်္သာအသွင်ပြောင်းလဲခြင်းမှာ မပြည့်စုံသော ကျင့်စဉ်ဖြစ်သဖြင့် ၎င်းကို အဆုံးထိ ကျင့်ကြံရန်မှာလည်း မဖြစ်နိုင်ပေ။ သူတို့နှစ်ဦး မသိလိုက်မသိဘာသာ စကားပြောရင်းနှင့်ပင် လခြမ်းတောင်ကြား အပြင်ဘက်နားသို့ ရောက်ရှိလာခဲ့ကြသည်။

“အဖွဲ့ချုပ်ခေါင်းဆောင် ပြန်လာပြီဟေ့”

“ဟာ.... ဟိုမှာ ကြည့်စမ်း အဲ့ဒါ ဘာကြီးလဲ”

“အားပါးပါး.... မိစ္ဆာသားရဲကြီးပဲ”

“ဟာ.... ကြည့်ရတာ အသက်ရှင်နေသေးတဲ့ ပုံပဲဟေ့”

ထိုကဲ့သို့ အံ့အားသင့်သော တစ်ယောက်တစ်ပေါက် ဝေဖန်သံများ ဆူညံသွားတော့သည်။

လော့ချန်နှင့် ဝမ်ယွမ်တို့ ပြန်ရောက်လာသည်နှင့် တိုက်ပွဲအပြီး နားနေကြသော လော့ထျန်းအဖွဲ့ဝင်များမှာ သူတို့အနားသို့ လျင်မြန်စွာ စုရုံးလာကြသည်။

ကြွေးကြော်သံများမှာ ဆက်တိုက် ထွက်ပေါ်နေသည်။ အရှင်လတ်လတ် ဖမ်းဆီးလာသော မျောက်ဝံကြီးကို မြင်လိုက်ရသောအခါ လူအုပ်ကြီးအတွင်း အံ့သြတုန်လှုပ်သံများ ပျံ့နှံ့သွားတော့သည်။ သူတို့အနားသို့ရောက်လာသော စီမာဟွေ့နန်နှင့် အခြားသူများပင်လျှင် ထိတ်လန့်အံ့သြသော အမူအရာများကို ဖုံးကွယ်ထားနိုင်ခြင်း မရှိကြချေ။

အကြောင်းမူ ၎င်းမှာ ဒုတိယအဆင့် မိစ္ဆာသားရဲကြီး ဖြစ်ပေသည်။ သာမန် ချီသန့်စင်အဆင့် ကျင့်ကြံသူများဆိုလျှင် ဤသားရဲ၏ တိုက်ခိုက်မှု တစ်ချက်ကိုပင် ခံနိုင်ရည် ရှိကြမည် မဟုတ်ချေ။ ၎င်းကို အနိုင်တိုက်ရန်မှာပင် ကောင်းကင်သို့ တက်လှမ်းရသကဲ့သို့ ခက်ခဲလှသည်ကို အားလုံးသိနားလည် လက်ခံထားကြသည်။ ယခုမူ ဤနှစ်ဦးသည် သားရဲကြီးကို အရှင်လတ်လတ် ဖမ်းဆီးလာနိုင်ခဲ့သည်။

ဤသည်မှာ သူတို့နှစ်ဦး၏ ပေါင်းစပ်အင်အားသည် ဒုတိယအဆင့် မိစ္ဆာသားရဲတစ်ကောင်၏ အစွမ်းထက် ကျော်လွန်နေပြီဟု ဆိုလိုခြင်း ဖြစ်နေသည်။ အခြေခံ တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးနှင့် နှိုင်းယှဉ်လျှင်ပင် တိုက်ရည်ခိုက်ရည် သိပ်ကွာခြားတော့မည် မဟုတ်ချေ။ လူအုပ်ကြီးထဲတွင် တွမ်ဖုန်းသည် တောက်ပနေသော မျက်လုံးများဖြင့် ဤမြင်ကွင်းကို ကြည့်နေသည်။

“ဒါပဲလေ....ယောက်ျားကောင်းဆိုတာ ဒီလိုပဲ ဖြစ်ရမယ်”

များပြားလှသော အကြည့်များ ဝန်းရံနေခြင်းက ဝမ်ယွမ်ကို အနေခက်ကာ မျက်မှောင်ကြုတ်သွားစေသည်။ ဤတိုက်ပွဲက သူ့အား များစွာ ပင်ပန်းနွမ်းနယ်စေခဲ့ပြီ ဖြစ်လေသည်။ သူ ဤနေရာတွင် ဆက်နေချင်စိတ်မရှိတော့ပေ။ လော့ချန်သည်သာ နောက်ဆက်တွဲ အခြေအနေအရပ်ရပ်ကို ကိုင်တွယ်ရန် ပို၍ သင့်တော်သူ ဖြစ်သည်။ ထို့ကြောင့် ဝမ်ယွမ်သည် မည်သည့်စကားမျှ မဆိုတော့ဘဲ လခြမ်းတောင်ကြားအတွင်းသို့ တိုက်ရိုက် ပျံသန်းဝင်ရောက်သွားတော့သည်။

လော့ချန်သည် လူအုပ်ကြားထဲသို့ ဣန္ဒြေရရ လျှောက်သွားလိုက်သည်။ သူ၏ ဓားတစ်စင်းကဲ့သို့ စူးရှထက်မြက်သောအကြည့်ဖြင့် လူအုပ်ကြီးကို ခဏ ဝေ့ကြည့်လိုက်ရာ လူတိုင်းမှာ ပင်ကိုယ်အသိစိတ်အရ မျက်လွှာချလိုက်ကြရသည်။ သို့သော် နောက်တစ်စက္ကန့်မှာပင် သူတို့၏ အားကျမြတ်နိုးသော အကြည့်များမှာ လော့ချန်၏ နောက်သို့ စိတ်အားထက်သန်စွာ လိုက်ပါသွားကြပြန်သည်။

မည်သို့ပင်ဆိုစေကာမူ ယနေ့တိုက်ပွဲသည် လော့ချန်အတွက်မူ အဖွဲ့ချုပ်အတွင်းရှိ သူ၏အဆင့်အတန်းကို ထပ်မံ၍ အခိုင်အမာ တည်ဆောက်ပေးလိုက်ခြင်းပင် ဖြစ်တော့သည်။ အကြောင်းမူ သူသည် ဆေးဖော်ပညာရပ်တွင် ကျွမ်းကျင်ရုံသာမက ယုံကြည်အားကိုးထိုက်သော စွမ်းအား ရှိနေကြောင်း အဖွဲ့ဝင်များ သဘောပေါက်သွားကြခြင်းကြောင့် ဖြစ်လေသည်။

ပထမတွင် သူသည် မိစ္ဆာသားရဲလှိုင်းလုံးအတွင်းသို့ တစ်ဦးတည်း ဖြတ်သန်းကာ ထိထိရောက်ရောက် တိုက်ခိုက်နိုင်ခဲ့သည်။ ထိုမျှမက ဒုတိယအဆင့် မိစ္ဆာသားရဲတစ်ကောင်ကိုပင် အရှင်ဖမ်းဆီးပြနိုင်လိုက်သေးသည်။

လော့ထျန်းအဝင်တံတိုင်း၏ တံခါးမကြီးအနီးသို့ ရောက်သောအခါ လော့ချန် နောက်လှည့်ကြည့်လိုက်သည်။ ထို့နောက် အပိုစကားများ မပြောဘဲ စတင် အမိန့်ပေးလေတော့သည်။

“ကဲ.... ချီသန့်စင် အဆင့်မြင့် ကျင့်ကြံသူ နှစ်ယောက် ရှေ့ထွက်ခဲ့ကြ၊ ဒီမျောက်ဝံကို မြေအောက်လှိုဏ်ဂူထဲ ခေါ်သွားလိုက်၊ သူ ရုန်းပြီး ထွက်ပြေးသွားမှာ မပူနဲ့၊ သူ့ မိစ္ဆာအမြုတေက ငါ့လက်ထဲမှာ ရှိတယ်.... ပြီးတော့ ဒီကောင်က အဆိပ်တွေ အများကြီးမိထားတာဆိုတော့ လောလောဆယ် သူ ဘာမှ ပြန်မလုပ်နိုင်ဘူး”

သူ့စကားဆုံးသည်နှင့် အဆင့်မြင့် ကျင့်ကြံသူ နှစ်ဦးသည် ချက်ချင်း ရှေ့ထွက်လာကာ သူတို့၏ ဆွဲငင်မှော်အတတ်ကို အသုံးပြုလိုက်ကြသည်။ ချီစွမ်းအားများကို သံကြိုးများအဖြစ် အသုံးပြုကာ မျောက်ဝံ၏ ခန္ဓာကိုယ်ကို လခြမ်းတောင်ကြားအတွင်းသို့ ဆွဲခေါ်သွားကြတော့သည်။

လော့ထျန်းအဖွဲ့ချုပ်သည် တောင်ကြားတွင် အခြေချရန် စတင် ပြင်ဆင်စဉ်ကပင် မြေအောက်ဘက်ကို နေရာချဲ့ထွင်ထားပြီး ဖြစ်သည်။ မြေအောက်အတွင်းပိုင်း၌ သဘာဝအတိုင်း ဖြစ်ပေါ်နေသော ဧရာမ ဂူကြီးများ ရှိနေသဖြင့် အနည်းငယ်မျှ ပြုပြင်လိုက်ရုံနှင့် အသုံးချ၍ ရနေပြီ ဖြစ်သည်။ မျောက်ဝံကို နေရာချထားပြီးနောက် လော့ချန် ထပ်အမိန့်ပေးလိုက်သည်။

“ဒေါ်လေး မုရုံ.... ဒီတိုက်ပွဲမှာ ကျဆုံးသူစာရင်းနဲ့ တိုက်ခိုက်ကျွမ်းကျင်သူစာရင်းကို ပြုစုလိုက်နော်.... ဆုပေးဒဏ်ပေးကိစ္စတွေကိုတော့ မနက်ဖြန်ကျမှ လုပ်ကြတာပေါ့....”

“မိန်းကလေးချိုင်ယီ.... အဘွားယွမ်နဲ့အတူ ဒဏ်ရာရထားတဲ့ ညီအစ်ကိုတွေကို စောင့်ရှောက်ပေးလိုက်၊ အစ်ကိုတွမ်ဖုန်း.... တချို့ကျင့်ကြံသူတွေကို ခေါ်သွားပြီးတော့ လုံခြုံရေးအကာအကွယ်တွေကို ပြင်ဆင်ပေးပါ၊ အစီအရင်ရဲ့ အားနည်းချက်တွေကိုလည်း လိုသလိုကြည့်ပြီး ဖာထေးပေးပါ၊ နောက်ဘယ်လို အခြေအနေမျိုးမှာမှ ကျူးကျော်တိုက်ခိုက်သူတွေကို အခွင့်အရေးပေးလို့မရဘူး”

ဤမျှကြီးမားသော တိုက်ပွဲ တစ်ခု လခြမ်းတောင်ကြားတွင် ဖြစ်ပွားခဲ့ခြင်းကို ဘေးပတ်ဝန်းကျင်မှ သူများ သတိမပြုမိဘဲ နေမည်မဟုတ်ချေ။ အခြေအနေမှာ ရှင်းလင်းခြင်း မရှိသေး၍သာ ထို အခွင့်အရေးယူချင်သည့် ကျင့်ကြံသူများ မဆင်မခြင် မလှုပ်ရှားရဲကြခြင်းဖြစ်လိမ့်မည်။ လော့ချန်သည် အကြည့်တစ်ချက် ဝေ့ကြည့်လိုက်ရုံနှင့်ပင် အဝေးတွင် ချောင်းမြောင်းနေသော ပြင်ပမှ ကျင့်ကြံသူ အချို့ကို သတိပြုမိလိုက်သည်။

အစစအရာရာ စိတ်ချရစေရန်အတွက် သူသည် လိုအပ်သည့်ညွှန်ကြားချက်များကို တစ်ခုပြီးတစ်ခု တရစပ် မှာကြားနေလိုက်သည်၊ ထို့အပြင် စီမာရှန့်နှင့် ချင်လျန်ချန်းတို့ကိုလည်း ကင်းလှည့်အဖွဲ့ နှစ်ဖွဲ့ကို ဦးဆောင်ကာ ဘေးပတ်ဝန်းကျင်ကို စောင့်ကြည့်ရန် တာဝန်ပေးလိုက်သည်။

နောက်ဆုံးတွင် သူ လေးနက်သော အသံဖြင့် အော်ပြောလိုက်သည်။

“စီမံခန့်ခွဲရေးမှူး စီမာဟွေ့နန် နဲ့ ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ကျိုးယွမ်လီ.... ငါနဲ့အတူ လိုက်ခဲ့”

All Chapters