အခန်း (၂၅၇-၂၅၈)
Vol. 26 Ch. 257-258
အခန်း (၂၅၇) - ကြိုးဆွဲရာ ကရန် မည်သူစေခိုင်းသနည်း
လင်းစန္ဒာခန်းမ အတွင်း၌ လော့ချန်သည် ထိပ်ဆုံးနေရာတွင် ထိုင်နေပြီး မျက်လုံးများကို အသာအယာ မှိတ်ထားသည်။ မြူသန့်စင်ဆေးလုံးကို သောက်သုံးထားပြီး ဖြစ်သကဲ့သို့ နွေဦးကျင့်စဉ်၏ သဘာဝအတိုင်း ချီစွမ်းအား ပြန်လည်ဖြည့်တင်းပေးနိုင်စွမ်းကြောင့် သူ အလွန်အမင်း အသုံးပြုခဲ့ရသော စွမ်းအားများမှာ တဖြည်းဖြည်း ပြန်လည် နိုးထလာနေပြီ ဖြစ်သည်။
သူ၏ အောက်ဘက်နေရာတွင်မူ စီမာဟွေ့နန်နှင့် ကျိုးယွမ်လီတို့သည် ဘေးတစ်ဖက်တစ်ချက်စီ၌ ရိုသေစွာ ရပ်နေကြပြီး အသက်ပင် ပြင်းပြင်း မရှူဝံ့ကြချေ။
ယခုအခါ လခြမ်းတောင်ကြား တိုက်ပွဲ၊ ဖူမျိုးနွယ်စု တိုက်ပွဲနှင့် မိစ္ဆာသားရဲလှိုင်းလုံး ကျူးကျော်မှုများကို ဖြတ်သန်းပြီးနောက် လော့ချန်၏ သတ်ဖြတ်ခြင်း အငွေ့အသက်များမှာ ပိုမို နက်ရှိုင်းလာခဲ့ပြီ ဖြစ်သည်။ အာဏာရှိသော ရာထူးတစ်ခုတွင် အချိန်အတန်ကြာ နေထိုင်ခဲ့ပြီးဖြစ်၍ သူ၏ စကားလုံးတိုင်း၊ လှုပ်ရှားမှုတိုင်းသည် ခေါင်းဆောင်တစ်ဦး၏ အရှိန်အဝါများ လွှမ်းမိုးနေတော့သည်။
လော့ထျန်းသို့ ရောက်ရှိနေသူများထဲတွင် သူ့နောက်သို့ အကြာဆုံး လိုက်ပါခဲ့သူ ကျိုးယွမ်လီသည် ဤအပြောင်းအလဲကို အသိသာဆုံး ခံစားရသူ ဖြစ်သည်။ ယခင်ကဆိုလျှင် လော့ချန်သည် မကြာခဏ နောက်ပြောင်တတ်ပြီး တစ်ခါတစ်ရံတွင် ကလေးဆန်စွာပင် ပြုမူတတ်သေးသည်။
ယခုအခါ ထိုသို့သော အချိန်မျိုးမှာ အလွန်ပင် ရှားပါးသွားခဲ့လေပြီ။ အကြောင်းမှာ ထိုသို့ပြုမူရန် မသင့်တော်တော့ခြင်းကြောင့် ဖြစ်နိုင်သလို သူ၏ ရာထူးအခြေအနေက သူ၏ အပြုအမူအလေ့အကျင့်ကို ပုံဖော်ပေးလိုက်ခြင်းလည်း ဖြစ်နိုင်ပေသည်။
အတန်ကြာပြီးနောက်တွင် လော့ချန် မျက်လုံးဖွင့်လိုက်သည်။ သူသည် ရှေ့မှ လူနှစ်ဦးအား အေးစက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ ထို့အကြည့်သည် နွေးထွေးခြင်း မရှိသလို မုန်းတီးသော သဘောလည်း မရှိချေ။
“ကိုင်း....ပြောပါဦး.... ဒီမိစ္ဆာသားရဲလှိုင်းလုံးက ဘယ်ကနေ ရောက်လာတာလဲ”
သူစကားစလိုက်သည်နှင့် ပြသနာ၏ အဓိက အချက်ကို တဲ့တိုးမေးလိုက်ခြင်းဖြစ်သည်။ ထိုအခါ ကျိုးယွမ်လီက ဦးညွှတ်ကာ ပြန်ဖြေသည်။
“ကျွန်တော်တို့ သိရသလောက်ဆိုရင် တာဟဲဈေးမြို့တော်ရဲ့ အတွင်းပိုင်းက ဝိညာဉ်ကြော ပိတ်ဆို့ထားတဲ့ အစီအရင် ပျက်စီးသွားတဲ့အတွက် မိုင်ပေါင်းတစ်ထောင်ပတ်လည်မှာ ချီစွမ်းအားတွေ အမြောက်အမြား ပျံ့နှံ့သွားပြီး ချီစွမ်းအား ကြွယ်ဝတဲ့ နယ်မြေတစ်ခု ဖြစ်လာပါတယ်.... အဲ့ဒါကြောင့် အခုဒီ ကိစ္စ မတိုင်ခင်ကတည်းက အဆင့်နိမ့် မိစ္ဆာသားရဲတွေဟာ အပြင်မြို့ဘက်ကို သူတို့ ပင်ကိုဗီဇအရ လှည့်လည်သွားလာနေကြတာပါ”
လော့ချန်က လက်မခံနိုင်ဟန်ဖြင့် ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်သည်။
“အဲ့ဒါ ငါရှာနေတဲ့ အဖြေမဟုတ်ဘူး”
ထိုအခါ စီမာဟွေ့နန်က ခဏမျှ တုံ့ဆိုင်းနေပြီးမှ စကားဆိုသည်။
“အဆင့်နိမ့် ကျင့်ကြံ သူတွေရဲ့ အစီရင်ခံချက်အရဆိုရင်.... ဒီမိစ္ဆာသားရဲလှိုင်းလုံးဟာ အဓိကအားဖြင့် မျောက်မျိုးနွယ် မိစ္ဆာသားရဲတွေနဲ့ ဖွဲ့စည်းထားတာပါ၊ အနီးဆုံး တောင်တန်းတွေထဲမှာဆိုရင် အရှေ့ပိုင်းလွင်ပြင် တောင်တန်းထဲက ကျိုးယီတောင် တစ်ခုတည်းမှာပဲ ဒီလိုသတ္တဝါတွေ အမြောက်အမြား ရှိနေတာပါ.... ဒါကြောင့် မိစ္ဆာသားရဲလှိုင်းလုံးဟာ ကျိုးယီတောင်ကနေ လာတာ သေချာသလောက် ရှိပါတယ်”
လော့ချန်၏ မျက်နှာမှာ အနည်းငယ် အုံ့မှိုင်းသွားပြီး သူတို့နှစ်ဦးကို စိုက်ကြည့်လိုက်သည်။
“ကျိုးယီတောင်က လခြမ်းတောင်ကြားနဲ့ဆိုရင် မိုင်ပေါင်း ရာနဲ့ချီ ဝေးတယ်.... မိစ္ဆာသားရဲတွေက မြန်မြန် သွားနိုင်တယ်ဆိုရင်တောင် သူတို့က ကိုယ့်နယ်မြေကို ကိုယ် အရမ်းကာကွယ်တတ်တဲ့ အမျိုးတွေ.... သူတို့က ဘာဖြစ်လို့ သူတို့နယ်မြေကို စွန့်ခွာပြီး ဒီအထိ ရောက်လာရတာလဲ.... တကယ်လို့ သူတို့က ချီစွမ်းအား ကြွယ်ဝတာကို မက်မောလို့ လာတာဆိုရင် ဒီထက် ပိုနီးတဲ့ အပြင်မြို့ဘက်ကိုပဲ ဦးတည်သွားသင့်တာပေါ့.... ဟုတ်တယ်မလား”
စီမာဟွေ့နန်နှင့် ကျိုးယွမ်လီတို့မှာ စိုးရိမ်တကြီးဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ခဏမျှ သူတို့ ဘာပြန်ပြောရမှန်း မသိ ဖြစ်သွားကြသည်။ လော့ချန်၏ မျက်လုံးများမှာ လေးနက်စွာ စဥ်းစားနေဟန်ဖြင့် မှေးစက်သွားသည်။
“ဖြစ်နိုင်ချေရှိတာကို ကောက်ချက်ချရမယ်ဆိုရင် ဒီဖြစ်ရပ်က.... တစ်ယောက်ယောက်က လော့ထျန်းအဖွဲ့ချုပ်ကို တမင်တကာ ဦးတည်တိုက်ခိုက်ချင်တာဖြစ်ဖို့များတယ်.... အဲ့ဒါကြောင့်လဲ သားရဲမိစ္ဆာတွေကို ကြိုးကိုင်ခြယ်လှယ်ထားတာပဲ ဖြစ်ရမယ်”
သူ ထိုသို့ ပြောလိုက်သည်နှင့် သူ၏ အောက်တွင် ရပ်နေသော လူနှစ်ယောက်မှာ အလိုလို တုန်လှုပ်သွားကြတော့သည်။ သူတို့သည်လည်း မိစ္ဆာသားရဲလှိုင်းလုံးမှာ ပုံမှန်မဟုတ်ကြောင်း သတိထားမိသော်လည်း အလွန်အမင်း နက်နက်ရှိုင်းရှိုင်း မတွေးတောခဲ့မိကြချေ။ ထိုတွင်မက မကြာသေးမီက တာဟဲဈေးမြို့တော် အပြင်မြို့တွင် မိစ္ဆာသားရဲများ လှည့်လည်သွားလာနေသည်ကို သူတို့ အကြိမ်ကြိမ် တွေ့မြင်ခဲ့ရသည် မဟုတ်ပါလော။
ထူးဆန်းသည့် တစ်ချက်မှာ ကျိုးယီတောင်မှ သားရဲများက အဘယ်ကြောင့် ဤမျှအထိ ဝေးဝေးလံလံ လာခဲ့ရသနည်း ဆိုသည့်အချက်ပင်။ ယခုကဲ့သို့ လော့ချန်က ထောက်ပြလိုက်သောအခါ ထင်ထားသည်ထက် လှည့်ကွက်များပါနေသော ဤကိစ္စကို ရင်လေးကာ ထိတ်လန့်လာသဖြင့် သူတို့၏ ကျောရိုးထဲအထိ အေးစိမ့်သွားရတော့သည်။ လော့ထျန်းအဖွဲ့ချုပ်ကို ပစ်မှတ်ထားရန် ဤမျှအထိ အားထုတ်မည့်သူမှာ မည်သူနည်းဟု အသီးသီး စိတ်ထဲမှ မေးခွန်းထုတ်နေကြလေသည်။
လော့ချန် စိတ်မသက်သာစွာဖြင့် သက်ပြင်းချလိုက်မိသည်။ မကောင်းသော အတိတ်နိမိတ်တစ်ခုမှာ သူ၏ ခေါင်းထဲသို့ ရောက်လာသည်။ တာဟဲစျေးမြို့တော်၏ အတွင်းမြို့မှာ တစ္ဆေမြို့တော် ဖြစ်သွားခဲ့သည်မှာ သုံးလေးလခန့် ရှိပြီဖြစ်သည်။ ဤအချိန်အတောအတွင်း ကျောက်စိမ်းအိုးဓားဂိုဏ်းဆီမှ ဘာအသံမှ ထွက်မလာခဲ့ချေ။
တစ်ကိုယ်တော်ကျင့်ကြံသူများအတွက်မူ ၎င်းမှာ သတင်းကောင်း ဖြစ်နိုင်သော်လည်း သူ့အတွက်မူ စိတ်အေးစရာ လုံးဝ မဟုတ်ချေ။ အကြောင်းမူ ဖန်ရင်ရှုံနှင့် ကျောက်စိမ်းအိုးဓားဂိုဏ်း၏ နောက်ခံ နှင့် အချင်းချင်းပုဂ္ဂိုလ်ရေး ရင်းနှီးမှုကို အသုံးချကာ တာဟဲကျင့်ကြံသူများ၏ အမြင်တွင် ဟန်ပါပါနေနိုင်ခဲ့ခြင်းဖြစ်လေသည်။ သူ လော့ထျန်းအဖွဲ့အား တာဟဲစျေးမြို့တော်တွင် ခြေကုပ်ယူနိုင်ခဲ့ခြင်းမှာလည်း ကျောက်စိမ်းအိုး ဓားဂိုဏ်း၏ ကျေးဇူးနှင့် မကင်းပေ။ သို့ရာတွင် ထို ရွှေရောင် နေ့ရက်များမှာ ကုန်ဆုံးစပြုလာပြီ ဖြစ်သည်။
အကယ်၍ ကျောက်စိမ်းအိုး ဓားဂိုဏ်းသာ နောက်ထပ် နှစ်လအတွင်း တာဟဲမြေသို့ ပြန်မလာခဲ့ပါက၊ တစ်စုံတစ်ယောက်သည် လော့ထျန်းအဖွဲ့အား စတင် တိုက်ခိုက်လာတော့မည်မှာ မလွဲဧကန်ပင်ဖြစ်သည်။ ဤမိစ္ဆာသားရဲလှိုင်းလုံး ကျူးကျော်မှုမှာ ကြိုတင် စမ်းသပ်မှုတစ်ခု ဖြစ်နိုင်ပြီး အခြေခံ တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများမှာ သံသယအရှိရဆုံး လူများပင် ဖြစ်သည်။
“မိစ္ဆာသားရဲလှိုင်းလုံးကို တစ်ယောက်ယောက်က ဒီကို တမင်တကာ မျှားခေါ်လာတာ သေချာတယ်.... ဒါပေမဲ့ သူတို့ ဘယ်လိုလုပ်လဲဆိုတာမှာတော့ ခုထိစဥ်းစားလို့မရဘူး.... ဘာလို့လဲဆိုတော့ တာဟဲဈေးမြို့တော်က ဘယ်အင်အားစုမှ မိစ္ဆာသားရဲလှိုင်းလုံးရဲ့ တိုက်ခိုက်မှုကို ရေရှည် ခံနိုင်ရည် ရှိမှာမဟုတ်ဘူး.... တွေးရခက်လိုက်တာ....”
ထို့နောက် လော့ချန်သည် ရှေ့မှ လူနှစ်ယောက်ကို သေချာ ကြည့်လိုက်သည်။
“ရပြီ.... လောလောဆယ်ဆယ် ပြန်နားကြတော့.... လော့ထျန်းအဖွဲ့ချုပ်အတွင်းမှာ ယိုပေါက်မရှိအောင် အသေးစိတ် စုံစမ်းစစ်ဆေးကြ.... ဒုတိယအဆင့် မျောက်ဝံတွေကို ဒီကို ဆွဲဆောင်နိုင်မယ့် ဘယ်အရာမျိုးမဆို မြေလှန် ရှာကြ”
“နားလည်ပါပြီ အဖွဲ့ချုပ်ခေါင်းဆောင်”
ထိုသူနှစ်ဦး ထွက်သွားသောအခါ လော့ချန် သူ၏ နားထင်ကို နှိပ်လိုက်မိသည်။ သစ်ပင်က ငြိမ်ချင်သော်လည်း လေက မတိုက်ဘဲ မနေချေ။ တာဟဲဈေးမြို့တော်မှာ အပေါ်ယံတွင် အေးချမ်းနေပုံရသော်လည်း အောက်ခြေတွင်မူ လှိုင်းတံပိုးများက ဘယ်သောအခါမှ မငြိမ်သက်ခဲ့ချေ။ လော့ထျန်းအဖွဲ့ချုပ် ဆက်လက် ကြီးထွားလာသည်နှင့်အမျှ လူအများက ၎င်းကို ခွဲဝေစားသောက်ရမည့် အဆီတစ်တုံးအဖြစ် မြင်လာကြမည်မှာ ရှောင်လွှဲ၍ မရချေ။
သူ ရှေ့ဆက်ရမည့် လမ်းကို ရှာဖွေရန် လိုအပ်သည်။ သူ စိုးရိမ်မိသော်လည်း အလွန် ကြောက်ရွံ့နေခြင်းမျိုးတော့ မရှိချေ။ တာဟဲဈေးမြို့တော်တွင် ဆက်နေရန် သူ ဆုံးဖြတ်ခဲ့ကတည်းက ဤကဲ့သို့သော အခြေအနေမျိုး တစ်နေ့ဖြစ်လာနိုင်သည်ကို သူ တွက်ဆထားပြီး ဖြစ်သည်။ ယခုအခါ တည့်တည့်ရင်ဆိုင်ရမည့် အချိန်သို့ ရောက်ရှိလာခြင်းသာ ဖြစ်သည်။
“အခုမှ ကျဥ်းထဲကျပ်ထဲ ရောက်တော့တာပဲ.... ဘာဖြစ်ဖြစ်.... သေမြေကြီး ရှင်ရွှေထီးပဲလေ.... အရင်တုန်းက ဖြစ်ရပ်တွေကနေ သင်ခန်းစာပြန်ယူပြီး ရှေ့ဆက်ရမှာပဲလေ”
ထိုသို့ လော့ချန်၏ တိုးညှင်းသော ရေရွတ်သံမှာ ခန်းမကြီးအတွင်း ပဲ့တင်ထပ်သွားတော့သည်။
....
နောက်တစ်နေ့ နံနက်စောစောတွင်ဖြစ်သည်။
ချီသန့်စင်အဆင့် ၉ ကျင့်ကြံသူများဖြစ်သော ကျိုးယွမ်လီ၊ တွမ်ဖုန်း၊ ချင်လျန်ချန်း၊ မုရုံချင်းလျန် တို့မှာ တစ်ဦးပြီးတစ်ဦး လစန္ဒာခန်းမအတွင်းသို့ ဝင်ချည်ထွက်ချည် ခြေရှုပ်နေကြသည်။
လော့ချန်သည် ဧည့်ခန်းမ ထိပ်ဆုံးနေရာတွင် ဘာမှမပြောဘဲ ထိုင်နေပြီး၊ စီမာဟွေ့နန်ကိုသာ အရာအားလုံး စီမံခန့်ခွဲစေခဲ့သည်။ သူသည် ဘေးမှ နားထောင်နေရုံသာ ဖြစ်ပြီး အလွန်အရေးကြီးသော ကိစ္စများ ပေါ်ပေါက်လာမှသာ စကားပြောလေသည်။
“မနေ့ညက တိုက်ပွဲကြောင့် တောင်ကြားထဲမှာ ပျက်စီးမှု နည်းပါးပေမဲ့ တိုက်ခိုက်ရေးခန်းမဆောင်ကတော့ တော်တော် အထိနာသွားပါတယ်.... ခန်းမဆောင်က ကျင့်ကြံသူ စုစုပေါင်း ၁၁ ယောက်ဟာ မိစ္ဆာသားရဲလှိုင်းလုံးထဲမှာ ကျဆုံးသွားခဲ့ပါတယ်.... ဒါ့အပြင် တခြား ကျင့်ကြံသူ နှစ်ယောက်ဟာလည်း တိုက်ခိုက်နိုင်စွမ်း ဆုံးရှုံးသွားပြီး သူတို့ရဲ့ အထွတ်အထိပ် အစွမ်းကို ဘယ်တော့မှ ပြန်ရတော့မှာ မဟုတ်ပါဘူး”
ကျင့်ကြံသူ ၁၁ ယောက် သေဆုံးပြီး နှစ်ယောက် ပြင်းထန်စွာ ဒဏ်ရာရခြင်းမှာ တိုက်ခိုက်ရေးခန်းမဆောင် အင်အား၏ ထက်ဝက်နီးပါးပင် ဖြစ်သည်။ အကယ်၍ လော့ချန်သာ အချိန်မီ ပြန်မလာခဲ့ပါက လော့ထျန်းအဖွဲ့ အနေဖြင့် တိုက်ပွဲတွင် အောင်နိုင်ခဲ့လျှင်ပင် တိုက်ခိုက်ရေးခန်းမဆောင်မှာ ပျက်စီးသွားပေလိမ့်မည်။
မုရုံချင်းလျန်က သူမ၏ အစီရင်ခံချက်ကို ဆက်လက် တင်ပြလေသည်။
“ကာကွယ်ရေးအစီအရင်တွေရဲ့ ပျက်စီးမှုကတော့ အရမ်းကြီး မပြင်းထန်ပါဘူး၊ ဒါပေမဲ့ ဝိညာဉ်ကျောက်တုံး အလတ်စား ဆယ်တုံးတိတိကို သုံးခဲ့ရပါတယ်.... ခေါင်းဆောင်တွမ်က ခံတပ်တွေကို အရှိန်မြှင့် ပြင်ဆင်နေပြီး ဓာတ်ကြီးငါးပါး အကာအကွယ်အစီရင်ငယ်ကို အထွတ်အထိပ် အခြေအနေ ပြန်ရောက်အောင် ကြိုးစားနေပါတယ်.... အဲ့ဒီအတွက် အဖွဲ့အစည်းကနေ ထပ်ဆောင်း ရန်ပုံငွေတွေ လိုအပ်ပါလိမ့်မယ်”
“ဒီရန်ပုံငွေကိစ္စနဲ့ ပတ်သက်ပြီး စီမံခန့်ခွဲရေးမှူးရဲ့ အမြင်ကို သိပါရစေ”
မုရုံချင်းလျန်၏ အစီရင်ခံချက် ပြီးဆုံးသွားသောအခါ စီမာဟွေ့နန် မျက်မှောင်ကြုတ်လိုက်မိသည်။ ထို့နောက် သူမ မဆိုင်းမတွ ပြောလိုက်သည်။
“ကာကွယ်ရေး အစီအရင်တွေကို ပြင်ဆင်ဖို့က အရေးအကြီးဆုံးပဲ.... ဝိညာဉ်ကျောက်တုံး ဘယ်လောက်လိုလဲဆိုတာကို ပြောပါ.... ကျွန်မ ချက်ချင်း စီစဉ်ပေးပါမယ်.... ပြီးတော့ ကျန်ရှိနေတဲ့ တိုက်ခိုက်ရေးခန်းမဆောင် ကျင့်ကြံသူတွေကိုလည်း ထိုက်ထိုက်တန်တန် ဆုချရမယ်....”
“ဆုချီးမြှင့်တဲ့ စံနှုန်းတွေကတော့ တိုက်ပွဲမတိုင်ခင်က ချမှတ်ထားတဲ့ အစီအစဉ်အတိုင်းပါပဲ.... ဒါပေမဲ့ ကန့်သတ်ချက်တွေကို အနည်းငယ် လျှော့ပေါ့ပေးနိုင်ပါတယ်.... သူတို့ကို တန်ဖိုးတူ ပစ္စည်းတွေနဲ့ အဆင့်မြင့် မှော်လက်နက်တွေ၊ မှော်စာရွက်တွေကို လဲလှယ်ခွင့် ပေးလိုက်မယ်.... ဒဏ်ရာ ပြင်းပြင်းရထားတဲ့ ကျင့်ကြံသူတွေကိုလည်း ဂရုမစိုက်လို့မဖြစ်ဘူး.... ကျွန်မသဘောကတော့ သူတို့ မတိုက်ခိုက်နိုင်တော့ရင်တောင် တခြားနိုင်ရာ တာဝန်ပေးပြီး ဆက်ပြီး ကြည့်ရှုစောင့်ရှောက်ဖို့လိုမယ်ထင်တယ်”
သူမသည် ဆုံးဖြတ်ချက်များကို တစ်ခုပြီးတစ်ခု ချမှတ်လိုက်သည်။ အစမှ အဆုံးအထိ လော့ချန် ဝင်ရောက် စွက်ဖက်ခြင်း မရှိချေ။ ဤကိစ္စများမှာ သူမနှင့် လော့ချန်တို့ ကြိုတင် ညှိနှိုင်းထားပြီးသား ကိစ္စများသာ ဖြစ်သည်။
လော့ထျန်းအဖွဲ့ချုပ်၏ ဆုံးရှုံးမှုမှာ ပြင်းထန်သော်လည်း ပစ္စည်းပိုင်းဆိုင်ရာ ပျက်စီးမှုထက် လူအင်အား ထိခိုက်မှုတွင်သာ အဓိကဆုံးရှုံးမှု ဖြစ်နေသည်။ သို့ရာတွင် အကောင်းဘက်မှ ကြည့်ပါက တိုက်ပွဲအတွင်း သတ်ဖြတ်နိုင်ခဲ့သော မိစ္ဆာသားရဲ ၂၀၀ ကျော်မှာ တိုက်ပွဲ၏အကျိုးအမြတ် ဖြစ်လာခဲ့သည်။ ထို ပထမအဆင့် မိစ္ဆာသားရဲ အသားများမှာ တန်ဖိုးရှိပြီး ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ မှ ၂၀၀၀၀ အထိ အလွယ်တကူ ပြန်လည် ရရှိနိုင်သည်။
လော့ချန် ကိုယ်တိုင် ဝင်ရောက် ကိုင်တွယ်ခဲ့သည့် တစ်ခုတည်းသော ကိစ္စမှာ အသက်ရှင်ကျန်ရစ်သော ကျင့်ကြံသူများအတွက် ဆုပေးစံနှုန်းပင် ဖြစ်သည်။ ယခုအခါ ကျင့်ကြံသူများသည် သူတို့၏ ထူးချွန်မှတ်များနှင့်အတူ တန်ဖိုးတူ ပစ္စည်းများကို အသုံးပြုကာ လော့ထျန်းအဖွဲ့ချုပ်၏ သိုလှောင်ရုံရှိ အထူးအဆင့် မြင့်မားသော မှော်လက်နက်များနှင့် မှော်စာရွက်များကို လဲလှယ်နိုင်ပြီ ဖြစ်သည်။ ဤလှုပ်ရှားမှုနောက်ကွယ်မှ ရည်ရွယ်ချက်မှာ ရှင်းလင်းလှသည်။ အကယ်၍ လူအင်အား မလုံလောက်ပါက တစ်ဦးချင်းစီ၏ တိုက်ခိုက်နိုင်စွမ်းဖြင့် အစားထိုးရပေမည်။
ဆွေးနွေးစရာရှိသည်များကို ဆွေးနွေးကာ မုရုံချင်းလျန် ကျေနပ်စွာ ထွက်သွားပြီးနောက် လစန္ဒာခန်းမအတွင်း၌ ပြန်လည် တိတ်ဆိတ်သွားတော့သည်။ စီမာဟွေ့နန်မှာမူ တိုက်ပွဲစဖြစ်ချိန်မှ ယခုအချိန်အထိ စိတ်ဒုန်းဒုန်း မချနိုင်သေးပဲ ဖြစ်နေလေသည်။ ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာ ဆိုသကဲ့သို့ သူမ စီမံခန့်ခွဲရေးမှူးအဖြစ် တာဝန်ယူပြီးပြီးချင်းမှာပင် အဖွဲ့ချုပ်အတွင်း၌ ဤမျှ ပြင်းထန်သော သေကျေပျက်စီးမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“စိတ်အေးအေးထားပါ.... ဘာပြောပြော မင်း ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်.... အဖွဲ့ချုပ်ရဲ့ ဗာဟီရကိစ္စတွေကို မင်း အခုလိုကိုင်တွယ်ပေးနေတော့ ငါ စိတ်အေးရတာပေါ့”
လော့ချန် ခဲယဥ်းစွာ ပြုံးလိုက်ရင်း စီမာဟွေ့နန်အား ထူးထူးခြားခြား ချီးကျူးစကား ဆိုလိုက်သည်။ ထိုအခါမှသာ သူမ သက်ပြင်းချနိုင်တော့သည်။ ထို့နောက် လော့ချန်က သူမအား အနားသို့ လာရန် အချက်ပြလိုက်သဖြင့် သူမ ရှေ့သို့ တိုးသွားသည်။
လော့ချန်၏ ရှေ့တွင် အသံလွှင့်စက္ကူကြိုးကြာ တစ်ခုနှင့် ကြိုးကြာအသိုက်နှစ်ခု ရုတ်တရက် ပေါ်လာသည်။
“ရော့ ဟွေ့နန်.... ဒါက အသံလွှင့်စက္ကူကြိုးကြာပဲ.... မင်းနဲ့ ငါ တစ်ယောက် အသိုက်တစ်ခုစီ ယူထားကြမယ်.... နောင်အရေးကြီးကိစ္စရှိရင် ဒီကနေတဆင့် ငါ့ကို ချက်ချင်းသတင်းပို့ပေတော့.... ဒီကြိုးကြာက မိုင်ပေါင်း တစ်ထောင်လောက်အထိ ကောင်းကောင်း ဆက်သွယ်လို့ရတယ်”
တွန့်ဆုတ်စွာဖြင့် စက္ကူကြိုးကြာကို ယူလိုက်သော စီမာဟွေ့နန်၏ မျက်နှာတွင် အံ့သြသော အမူအရာများ ထွက်ပေါ်လာသည်။ ကျင့်ကြံခြင်းလောကတွင် ဤကဲ့သို့ မှော်ပစ္စည်းအထူးအဆန်းများလည်း ရှိပါလားဟု သူမ တွေးမိသွားသည်။ သူမ တစ်ခုခု ပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် အပြင်ဘက်မှ ကမူးရှူးထိုး ပြေးဝင်လာသော ခြေသံများကို ကြားလိုက်ရသည်။ ကျိုးယွမ်လီတစ်ယောက် မျက်နှာပျက်ပျက်ဖြင့် ဝင်လာသည်။
“အဖွဲ့ချုပ်ခေါင်းဆောင်.... အကြောင်းရင်းကို ရှာတွေ့ပါပြီဗျ....”
ရုတ်တရက် လော့ချန်၏ မျက်လုံးများမှာ ဝင်းလက်သွားပြီး ချက်ချင်း ထရပ်ကာ ကျိုးယွမ်လီ နောက်သို့ လိုက်သွားတော့သည်။
....
ကျိုးယွမ်လီ၏ လမ်းပြမှုဖြင့် မကြာမီမှာပင် အညစ်အကြေးအနံ့ဆိုးများ ထွက်နေသည့် အဆောက်အဦးတစ်ခုသို့ ရောက်ရှိလာခဲ့သည်။ သူ ထိုနေရာကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။
“ဒါက သားရဲခြံ မဟုတ်လား”
ကျိုးယွမ်လီက ခေါင်းညိတ်ပြပြီး တံခါးကို တွန်းဖွင့်လိုက်သည်။ လျိုချန်း၏ မလုံမလဲဖြစ်နေသော မျက်နှာမှာ သူတို့ရှေ့တွင် ပေါ်လာတော့သည်။
“အဖွဲ့ချုပ်ခေါင်းဆောင်.... ကျွန်.... ကျွန်တော်....”
သူ့စကားအပြီးထိ မစောင့်တော့ဘဲ လော့ချန် အတွင်းသို့ ဝင်လိုက်ရာ သူ၏ အကြည့်မှာ တစ်ကိုယ်လုံး မီးတောက်ကဲ့သို့ နီမြန်းနေသော အမွှေးများ ဖုံးလွှမ်းနေသည့် မျောက်ငယ်လေးတစ်ကောင်ဆီသို့ တိုက်ရိုက် ရောက်ရှိသွားသည်။
“မျောက်ပေါက်လေးပါလား.... ဟမ် ပထမအဆင့် မျောက်ဝံပဲ.... ဒါဆို မိစ္ဆာသားရဲလှိုင်းလုံးကြီး ဒီကို ရောက်လာတာက ဒီအကောင်လေးကြောင့်ပေါ့လေ”
သူ၏ စကားအဆုံးတွင် လျိုချန်းသည် ချက်ချင်း ဒူးထောက်ကာ တောင်းပန်လေတော့သည်။
“ခေါင်းဆောင်.... ဒါ ကျွန်တော့်အမှားပါပဲ.... ဒီသားရဲကို အပြင်ကနေ ဝယ်လာခဲ့မိတာဗျာ.... အခု ဖွတ်ထွက်မှ တောင်ပို့မှန်းသိ ဖြစ်နေပြီ....”
လော့ချန် ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်သည်။ ဤသည်မှာ လျိုချန်း၏ အမှား မဟုတ်ချေ။ အကြောင်းမူ လော့ချန် ကိုယ်တိုင်က အရှင်လတ်လတ် မိစ္ဆာသားရဲများကို ဝယ်ယူရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။ ထိုသတ္တဝါများသည် လော့ချန်၏ စိတ်ဝိညာဉ်ခြောက်ခြားခြင်းမှော်အတတ်ကို လေ့ကျင့်ရန်အတွက် လိုအပ်သော ချီလမ်းကြောင်းဆေးလုံးများ ဖော်စပ်ရန်အတွက် ဖြစ်သည်။
သူ မျောက်ဝံငယ်လေးကို သေချာ စစ်ဆေးလိုက်သည်။ ၎င်း၏ မိစ္ဆာစွမ်းအားမှာ အားနည်းနေသော်လည်း နီမြန်းသော ခန္ဓာကိုယ်အရောင်မှာ မြေအောက်လှိုဏ်ဂူထဲတွင် ပိတ်လှောင်ထားသော ဒုတိယအဆင့် မျောက်ဝံကြီးနှင့် ဆင်တူလှပေသည်။
“နေဦး.... ဒါက အဲ့ဒီ ဒုတိယအဆင့် မိစ္ဆာသားရဲရဲ့ ရင်သွေးများလား”
“အစစ်ပါပဲ.... သံသယဖြစ်စရာ မရှိပါဘူး.... ကျွန်တော် ဒီနှစ်ကောင်ရဲ့ သွေးကို သေချာလေး စစ်ဆေးပြီးပါပြီ.... ဒီမိစ္ဆာသားရဲ နှစ်ကောင်ဟာ တိုက်ရိုက် သွေးချင်းဆက်စပ်နေပြီးတော့ အဲ့ဒီ ဆက်နွှယ်မှုက အရမ်းကို ပြင်းထန်ပါတယ်.... မျောက်မိစ္ဆာသားအမိဖြစ်နိုင်ပါတယ်ဗျ”
ထိုသို့ဆိုပါက အရာအားလုံး ရှင်းသွားပြီ ဖြစ်သည်။ ဒုတိယအဆင့် မျောက်ဝံသည် ရင်သွေးကို ဆုံးရှုံးခဲ့ရခြင်း ဖြစ်ပြီး ၎င်းမှာ သာမန် ရင်သွေးမဟုတ်ဘဲ အလွန်သန့်စင်သော သွေးမျိုးဆက်ရှိသည့် ရင်သွေး ဖြစ်နေသည်။ ထို့ကြောင့် သူ ဒေါသပုန်ထကာ မိစ္ဆာသားရဲလှိုင်းလုံးကို ဦးဆောင်၍ သူတို့အား လာရောက် တိုက်ခိုက်ခဲ့ခြင်းပင်ဖြစ်လေသည်။ သို့သော် ထိုအရာအားလုံးထက် ပိုအရေးကြီးသော အဓိက ပြဿနာ ရှိနေသေးသည်။ လော့ချန်သည် လျိုချန်းဘက်သို့ လှည့်လိုက်သည်။
“ထပြီး စကားပြောစမ်း.... ဒီသားရဲကို မင်း ဘယ်ကနေ ဝယ်ခဲ့တာလဲ”
“နန်ကုန်းကျင်းရဲ့ သားရဲခြံကနေ ဝယ်ခဲ့တာပါ”
“နန်ကုန်း”
လော့ချန် မျက်မှောင်ကြုတ်လိုက်မိသည်။
“မင်းကို ဘယ်သူက ရောင်းလိုက်တာလဲ”
လျိုချန်းက အမြန်အဆန် ပြန်ဖြေလိုက်သည်။
“ခယ်ယွဲ့လင်း ပါဗျ.... အရင်တုန်းက ဖိုရှန်းဂိုဏ်းရဲ့ သားရဲခန်းမခေါင်းဆောင်ဟောင်းကြီးလေ.... အခုတော့ သူက နန်ကုန်း မျိုးနွယ်စုမှာ အမှုထမ်းနေပြီး သူတို့ရဲ့ သားရဲခြံကို စီမံနေတာပါ.... သူကိုယ်တိုင်ပဲ ဒီသားရဲကို ကျွန်တော့်ကို ရောင်းခဲ့တာပါ”
“ဩော်.... ခယ်ယွဲ့လင်း.... ခယ်ယွဲ့လင်း....”
လော့ချန်၏ မျက်လုံးများမှာ မှေးစက်သွားပြီး ထိုအမည်ကို တိုးတိုးလေး ရေရွတ်လိုက်တော့သည်။
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၂၅၈) - နောက်ကွယ်မှ လက်သည်တရားခံရှာပွဲ
မြောက်လေရူးသည် တာဟဲတစ်ခွင် တိုက်ခတ်နေကာ ဝင်လုဆဲဆဲ သိင်္ဂီရွှေရောင်နေမင်းကို အမီလိုက်ရန်ကြိုးစားနေသကဲ့သို့ အချိန်ရေစီးကြောင်းသည်လည်း အရှိန်အဟုန်ဖြင့် စီးဆင်းသွားလေသည်။ မျက်စိတစ်မှိတ်အတွင်း အချိန်များသည် မြန်ဆန်စွာ လွင့်ပျံသွားကြသည်။ ထိုသို့နှင့်ပင် ရက်သတ္တပတ် နှစ်ပတ်ခန့် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
ဤနှစ်ပတ်အတွင်း လော့ထျန်းအဖွဲ့ချုပ်သည် ပြင်ပလောကနှင့် အဆက်အသွယ် လုံးဝနီးပါး ဖြတ်တောက်ထားခဲ့သည်။ အဖွဲ့ဝင်များ အပြင်သို့ ထွက်ခွာခြင်း မရှိတော့သလို ကျောက်စိမ်းအမြုတေဆေးလုံးများကိုလည်း အခြေခံ တည်ဆောက်ခြင်းအဆင့်ရှိသော အင်အားကြီး မျိုးနွယ်စုများ အပါအဝင် မည်သည့် ပြင်ပအဖွဲ့အစည်းကိုမျှ ရောင်းချပေးခြင်း မရှိတော့ချေ။
ဤကဲ့သို့ ပုံမှန်မဟုတ်သော အခြေအနေကြောင့် တစ်ကိုယ်တော်ကျင့်ကြံသူ အများအပြား၏ အာရုံစိုက်မှုကို ခံခဲ့ရသော်လည်း မည်သူမျှ ထုတ်ဖော် မမေးမြန်းရဲကြချေ။ အကြောင်းရင်းမှာ ရှင်းလင်းလှသည်။
လော့ထျန်းအဖွဲ့ချုပ်သည် ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာသားရဲလှိုင်းလုံး၏ တိုက်ခိုက်မှုကို ခံခဲ့ရကြောင်း လူတိုင်း သိထားကြသောကြောင့် ဖြစ်သည်။ ဒုတိယအဆင့် မိစ္ဆာသားရဲတစ်ကောင် ကိုယ်တိုင် ဦးဆောင်ခဲ့သည်ဟုလည်း ကောလာဟလများ ထွက်ပေါ်နေခဲ့သည်။
အဆုံးသတ်တွင်မူ အထူးအဆင့်မြင့် ကာကွယ်ရေး အစီအရင်ကြောင့်သာ လော့ထျန်းအဖွဲ့ချုပ်သည် မနည်းတောင့်ခံနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ကြားသိရသည်။ ထိုသို့ဆိုလျှင်ပင် လော့ထျန်းအဖွဲ့ချုပ်သည် ဆုံးရှုံးမှု ကြီးမားခဲ့ပြီး ချီသန့်စင် အဆင့်မြင့်ကျင့်ကြံသူ ၁၁ ယောက်ထက်မနည်း မိစ္ဆာသားရဲလှိုင်းလုံးအတွင်း ကျဆုံးခဲ့ရသည်။
သို့သော် ပြင်ပလူများ မသိနိုင်သည့် အချက်မှာ လော့ထျန်းအဖွဲ့ချုပ်အတွင်း၌ ယခင်က မရှိဖူးသေးသော ပြင်းထန်သည့် လေ့ကျင့်ရေးအစီအစဥ်ကို ကျိတ်လုပ်နေကြခြင်းပင် ဖြစ်သည်။ ထို့အပြင် တိုက်ပွဲအတွင်း ရရှိခဲ့သော ပထမအဆင့် မိစ္ဆာသားရဲအလောင်းပေါင်း ၂၀၀ ကျော်မှ ရရှိလာသည့် အသားအမြောက်အမြားမှာ သိုလှောင်ရုံအတွင်း တောင်ပုံရာပုံ ရှိနေသည်။ ၎င်းမှာ ပိဿာပေါင်း ၂၀၀,၀၀၀ အထိ ရှိသော မယုံနိုင်စရာ ပမာဏကြီးပင် ဖြစ်သည်။
စီမာဟွေ့နန်သည် ဝိညာဉ်ကျောက်တုံးများ ပြန်လည်ရရှိရန်အတွက် တစ်ဝက်ကို ရောင်းချလိုက်ပြီး ကျန်ရှိသော တစ်ဝက်ကိုမူ လော့ထျန်းအဖွဲ့ဝင်များ စားသုံးရန်အတွက် သီးသန့် ချန်ထားခဲ့သည်။ ထို့အပြင် လော့ချန် ကိုယ်တိုင်ကလည်း ဆယ်ရက်တိတိ အချိန်ပေးကာ ကျောက်စိမ်းအမြုတေ ဆေးလုံး အလတ်စား စုစုပေါင်း ၁၆၀၀ ကို ဖော်စပ်ခဲ့သည်။ သူသည် ဆေးလုံး ၆၀၀ ကို မိမိအတွက် သိမ်းဆည်းထားပြီး ကျန်ရှိသော ၁၀၀၀ ကိုမူ အဖွဲ့ဝင်များအတွက် ပုံမှန်ဈေး၏ ထက်ဝက်ဖြင့် ရောင်းချပေးလိုက်သည်။
ထိုသို့ဖြည့်ဆည်းပေးခဲ့ခြင်းများအတွက် လော့ချန်တွင် တောင်းဆိုချက် သုံးခုသာ ရှိသည်။
ပထမအချက် - ဤလေ့ကျင့်ရေးကာလအတွင်း မည်သူမျှ အပြင်သို့ ထွက်ခွာခြင်း မပြုရ။
ဒုတိယအချက် - တိုက်ခိုက်ရေးခန်းမဆောင် ကျင့်ကြံသူများသည် နည်းစနစ်သစ်များနှင့် မှော်လက်နက်များကို ကျွမ်းကျင်အောင်အစွမ်းကုန် လေ့ကျင့်ရမည်။
တတိယအချက် - ရိက္ခာထောက်ပံ့ရေးဆောင်မှ ကျင့်ကြံသူများသည် ဆေးလုံးများကို ကြိုးစားသောက်သုံးပြီး ကျင့်ကြံဆင့် မြင့်မားလာစေရန် အားထုတ်ရမည်။
ထိုသို့တင်းကျပ်သော အမိန့်သုံးချက်ကို နေ့ညမပြတ်လုပ်ဆောင်နေရသဖြင့် လူတိုင်းသည် လွန်စွာအန္တရာယ် ကြီးမားသော မုန်တိုင်းတစ်ခု သူတို့အနီးသို့ နီးကပ်လာနေပြီ ဖြစ်ကြောင်း အာရုံခံမိနေကြသည်။
....
ချန်ယင်းတောင် အထက်တစ်နေရာ၌ လော့ချန်သည် လေထဲတွင် ဝတ်ရုံစ တဖျတ်ဖျတ် လွင့်နေလျက် ဖြူလွှလွှ တိမ်တိုက်များပေါ်တွင် ရပ်နေသည်။ သူသည် စွမ်းအားများကို အနည်းငယ်မျှပင် ဖုံးကွယ်ထားခြင်း မရှိဘဲ နယ်မြေစစ်ဆေးသည့် ဘုရင်တစ်ပါးကဲ့သို့ တောင်တန်းကို ဝေ့ကြည့်နေသည်။
များမကြာမီမှာပင် တောင်တန်းများကြားမှ အော်မြည်းသံကြီးတစ်သံ ထွက်ပေါ်လာသည်။ လော့ချန်သည် တောင်ထိပ်ပေါ်တွင် ပေါ်လာသော အိုမင်းနေသည့် ဧရာမ ဒုတိယအဆင့် နှင်းဝံပုလွေ ကြီးကို ကြည့်လိုက်သည်။
“ဟုတ်ပြီ.... ဒုတိယအဆင့် နှင်းမိစ္ဆာဝံပုလွေတစ်ကောင်ပဲ.... လေ့ကျင့်ဖို့အတွက် မဆိုးတဲ့ ပြိုင်ဘက်ပဲ”
လော့ချန်၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာပြီး ဓားအလင်းတန်းတစ်ခု ပျံထွက်သွားတော့သည်။ ရုတ်တရက် အာရုံခံလိုက်မိသော တောင်ထိပ်ပေါ်ရှိ မိစ္ဆာဝံပုလွေကြီးသည် ချွန်ထက်နေသော ရေခဲဆူး သုံးချောင်းဖြင့် ဓားအလင်းတန်းကို လမ်းကြောင်းလွဲသွားစေသည်။ ဓားအမြုတေမှာ နောက်တစ်ကြိမ် ထပ်ပျံဝဲလာပြန်ရာ ဝံပုလွေကြီးက ၎င်း၏ ဧရာမ ခြေဖဝါးပေါ်တွင် ထူထဲလှသော နှင်းခဲလွှာများ ဖုံးအုပ်ကာ ဖမ်းဆွဲရန် ကြိုးစားလိုက်သည်။
သို့သော် ဓားအမြုတေ မရောက်မီမှာပင် ရုတ်တရက် တောက်ပလှသော ရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ဓားရောင်ခြည် ရာပေါင်းများစွာအဖြစ် ပြန့်ကျဲသွားသည်။
ဝံပုလွေကြီးသည် သူ့ နှာခေါင်းမှ အဖြူရောင်မြူများကို အရှိန်ပြင်းသောမုန်တိုင်းကဲ့သို့ မှုတ်ထုတ်ကာ ရေခဲလွှာများဖြင့် ဓားအလင်းတန်းများကို ငြိမ်းသတ်လိုက်သည်။ သို့သော် သူ မလှုပ်ရှားနိုင်မီမှာပင် ကြောက်မက်ဖွယ် အန္တရာယ်အရိပ်အယောင်တစ်ခု တိုးဝင်လာသည်။ အဝေးမှ ကောင်းကင်ယံ၌ လော့ချန်သည် ဤမြင်ကွင်းကို ကြည့်နေပြီး သူ၏ လက်ဖဝါးပေါ်ရှိ သေးငယ်သော မီးလုံးမှာ ပို၍ ပို၍ ပူပြင်းလာတော့သည်။
“ထင်တဲ့အတိုင်းပဲ.... မိစ္ဆာသားရဲတွေက အသက်ကြီးလာလေလေ ဗီဇအာရုံခံနိုင်စွမ်း ပိုပြီးတော့ ထက်မြက်လာလေလေပဲ”
လော့ချန် သူ၏ လက်ကို ဖြည်လွှတ်လိုက်သည်နှင့် တပြိုင်နက် အရှိန်ဟုန်းဟုန်းတောက်နေသော မီးလုံးသည် တောင်ထိပ်ဆီသို့ တိုက်ရိုက် ကျဆင်းသွားတော့သည်။
ဖုန်း....
အသူရာနေမင်းကဲ့သို့ တောက်ပပြီး ကြာနီပွင့်ကဲ့သို့ နီမြန်းနေသော ဧရာမ မီးလုံးကြီးမှာ နားကွဲမတတ် အော်မြည်းသံနှင့်အတူ ပေါက်ကွဲထွက်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော ချီစွမ်းအားနှင့် မီးလျှံအပူရှိန်တို့သည် တောင်ထိပ်ကို ဝါးမြိုသွားကာ မတ်စောက်စောက် တောင်ထိပ်မှာ ဝုန်းခနဲ ပြိုကျသွား တော့သည်။
ခဏအကြာတွင် မီးလောင်ပြင်ကဲ့သို့ ပူပြင်းလှသော အပူရှိန်ကြားမှ အဖြူရောင်ဝံပုလွေ ကြီးမှာ လေထဲသို့ ခုန်ထွက်လာခဲ့သည်။ ၎င်း၏ အမွှေးများမှာ မီးလောင်ကျွမ်းပြီး မည်းတူးနေကာ ရင်ဘတ်မှ အသားစများနှင့် သွေးများသည် ဗရပွ ဖြစ်နေသည်။ ပုံစံကြည့်ရသည့်မှာ သေလုမျောပါး ဒဏ်ရာ ရသွားပုံပေါ်လေသည်။
ဝံပုလွေကြီးသည် နှာမှုတ်ကာ ရန်သူကို ကမူးရှူးထိုး လိုက်ရှာဖွေသော်လည်း လော့ချန်သည် လွန်ခဲ့သော အချိန်ပိုင်းလေးကပင် လစ်ထွက်သွားသဖြင့် အရိပ်အယောင်မျှပင် မမြင်ရတော့ချေ။
....
ကျဉ်းမြောင်းလှသော မိုင်းတွင်းလမ်းကြောင်းအတွင်း လော့ချန် တည်တည်ငြိမ်ငြိမ်ပင် တစ်လှမ်းချင်း လျှောက်လာသည်။
“အဲ့ဒီ ဝံပုလွေအိုကြီးက ထင်ထားသလို လွယ်မနေဘူးပဲ.... တော်တော် အသက်ပြင်းတဲ့ ကောင်ကြီး”
မှန်းချက်နှင့် နှမ်းထွက်မကိုက်သော်လည်း လော့ချန် စိတ်ပျက်ခြင်း မရှိပေ။ အကြောင်းမှာ သူ ပြန်ထွင်ထားသော မှော်အတတ်တစ်ခုကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သောကြောင့် ဖြစ်သည်။ ၎င်းမှာ မီးလုံးမှော်အတတ်၏ အထွတ်အထိပ်အဆင့်ကို ကျော်လွန်သွားသော နေမီးလျှံမှော်အတတ်ပင် ဖြစ်သည်။
နေမီးလျှံ အတွက် သူ၏ ဝိညာဥ်စွမ်းအား ထက်ဝက်ခန့်ကိုသာ သုံးခဲ့ရသော်လည်း သန်မာလှသော နှင်းဝံပုလွေကြီးကို ပြင်းထန်သော ဒဏ်ရာများ ရရှိစေခဲ့သည်။ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် အချိန်အလုံအလောက်သာ ရမည်ဆိုပါက သူသည် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကို နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရဲမည်မှာ သေချာလှပေသည်။
ယခုအခါ သူသည် အလျင်နှုန်းအပြင် ပေါက်ကွဲအားပြင်းသည့် တိုက်ခိုက်မှုပါ ပိုင်ဆိုင်သွားပြီ ဖြစ်ရာ အခြေခံတည်ဆောက်ခြင်းအဆင့်ရှိသော ကျင့်ကြံသူတစ်ဦးနှင့် လက်ရည်တူမဟုတ်လျှင်ပင် သူမသာ ကိုယ်မသာ တိုက်ခိုက်နိုင်လိမ့်မည်ဟု မျှော်လင့်ရပေသည်။
“အဟက်.... ငါလာပြီ နန်ကုန်းတို့ ရေ.... အဆင်သင့် ပြင်ထားကြပေတော့”
လော့ချန်သည် မိုင်းတွင်းလမ်းကြောင်းမှ ထွက်လာရင်း လှောင်ပြုံး ပြုံးလိုက်တော့သည်။