← Chapters

အခန်း (၂၅၉-၂၆၀)

Vol. 26 Ch. 259-260

အခန်း (၂၅၉-၂၆၀)

Vol. 26 Ch. 259-260

အခန်း (၂၅၉) - မရဏအရိပ်အယောင်နှင့် နန်ကုန်းကျင်း၏ အကွက်မြင်မှုများ

လော့ထျန်းအဖွဲ့ချုပ်သို့ ပြန်ရောက်သောအခါ လော့ချန်သည် လခြမ်းတောင်ကြား တစ်ခုလုံးကို အတွင်းအပြင်မကျန် ဝေ့ကြည့်လိုက်သည်။ သူ၏ နတ်မျက်စိ အစွမ်းဖြင့် ချီစွမ်းအား လှုပ်ခတ်မှုတိုင်းကို အသေးစိတ် အာရုံခံနိုင်စွမ်း ရှိပေသည်။

တိုက်ခိုက်ရေးခန်းမဆောင်တွင် ကျန်ရှိနေသော ချီသန့်စင် အဆင့်မြင့်ကျင့်ကြံသူ နှစ်ဆယ်ခန့်မှာ တောင်ကြားမှ တံခါးပိတ်ကျင့်ကြံနေကြသည်။

ဤအတောအတွင်း ရွှေခန်းမဆောင်နှင့် ဆေးဖော်ဆောင် တို့သည် သူ့အား ဝမ်းသာစရာ သတင်းကောင်း ပေးခဲ့ကြသည်။ မိစ္ဆာသားရဲအသားနှင့် ကျောက်စိမ်းအမြုတေ ဆေးလုံးများ အလျှံပယ် ရှိနေသောကြောင့် ချီသန့်စင်အဆင့် ၆ ရှိ ကျင့်ကြံသူအချို့မှာ လဝက်အတွင်းမှာပင် အဆင့် ၇ သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ကြသည်။ ဤသည်မှာ တိုက်ခိုက်ရေးခန်းမဆောင်၏ လိုနေသော အင်အားကို အတိုင်းအတာ တစ်ခုအထိ ပြန်လည် ဖြည့်တင်းပေးနိုင်လိမ့်မည်ဟု ယူဆရပေသည်။

သို့သော် ဤအချက်ထက် အဓိကထားရမည့် အခြား ကိစ္စများလည်း ရှိနေသေးသည်။ များမကြာမီမှာပင် သူ အစီရင်ခံချက်တစ်ခု ကြားလိုက်ရသည်။ လော့ချန် မသိမသာ ခေါင်းညိတ်ပြလိုက်ပြီး တိမ်စီးကာ အရှေ့ပိုင်းလွင်ပြင်တောင်တန်းကြီး ဆီသို့ ဦးတည်ပျံသန်းသွားတော့သည်။

သူ၏ နောက်ဘက် မနီးမဝေး ဆယ်မိုင်ခန့်အကွာတွင် အနက်ရောင် ဝတ်ရုံနှင့် လူရိပ်တစ်ခုက နောက်ယောင်ခံ လိုက်ပါလာသည်။ နောက်တစ်နာရီခန့်အကြာ ချင်းဟယ်တောင် အနားသို့ရောက်သောအခါ လော့ချန် ခဏ ရပ်တန့်လိုက်သည်။

“နောက်ယောင်ခံရတာ ပင်ပန်းနေရောပေါ့ဗျာ.... အကြီးအကဲ ဖြစ်နေလိမ့်မယ်လို့ ကျွန်တော် မထင်ထားဘူးဗျ ”

တောင်အလယ်ရှိ ကျောက်ဖျာတစ်ခုပေါ်တွင် ခန့်ညားထည်ဝါသော ဝတ်ရုံနက် ဝတ်ဆင်ထားသည့် လူလတ်ပိုင်း အမျိုးသားတစ်ဦး နောက်သို့ လှည့်ကြည့်လာသည်။

ထိုသူက ခပ်ဖွဖွ ပြုံးလိုက်သည်။

“မင်းကရော ငါ့ကို တွေ့ချင်နေတာမလား.... မညာပါနဲ့ကွာ”

ထိုသူမှာ အခြားမဟုတ်။ နန်ကုန်းမျိုးနွယ်စု၏ အကြီးအကဲ နန်ကုန်းကျင်းပင် ဖြစ်သည်။

အမှန်အတိုင်းဆိုလျှင် လော့ချန်အနေဖြင့် အကြီးအကဲ နန်ကုန်းကျင်းအား ယခုမှ ပထမဆုံးအကြိမ် အပြင်၌ တွေ့ဖူးခြင်း ဖြစ်သည်။ ယခင်က နန်ကုန်း မျိုးနွယ်စုနှင့် ဆက်ဆံရာတွင် သူ၏သား နန်ကုန်းချင်မှတစ်ဆင့်သာ ဆက်သွယ်ခဲ့ခြင်း ဖြစ်သည်။

ရုတ်တရက် လော့ချန်၏ အကြည့်မှာ ကျောက်ဖျာဘေးရှိ သစ်ပင်ကြီးအောက်သို့ ရောက်သွားသည်။

မြင်ဖူးသလိုခံစားနေရသော လူရိပ်တစ်ခုမှာ ထိုသစ်ပင်အောက်တွင် ပုံလျက်သား လဲကျနေသည်။

“ငါပြောတာ နားထောင်ကွာ.... ငါတို့ နန်ကုန်း မျိုးနွယ်စုက မင်းတို့ လော့ထျန်းကို ဒုက္ခပေးဖို့ အစီအစဥ် မရှိဘူး.... ကျောက်စိမ်းအိုးဓားဂိုဏ်းကို ပမာမခန့် လုပ်ရဲဖို့ဆို ဝေးသေးကွာ.... လုပ်စရာအကြောင်းလဲ ရှိမနေဘူး.... လတ်တလော မင်းတို့ အကြောင်းတွေ ငါကြားပါတယ်.... ဒါပေမဲ့ မင်းသိထားဖို့က အဲဒီ့ မိစ္ဆာသားရဲလှိုင်းလုံးကို ငါတို့ နန်ကုန်း မျိုးနွယ်စုကနေ ကြိုးကိုင်ပြီး လုပ်ခိုင်းတာ မဟုတ်ဘူးဆိုတာပဲ.... တာဟဲမြေက လူအချင်းချင်း အထင်လွဲအမြင်လွဲ မဖြစ်အောင် မောင်ရင့်ကို လာရှင်းပြတာကွ ”

အထက်ပါအတိုင်း နန်ကုန်းကျင်းသည် အပြစ်ကင်းစင်သူတစ်ယောက်ကဲ့သို့ တည်ငြိမ်အေးဆေးစွာ ရှင်းပြနေသည်။ ထို့နောက် သူသည် သတိလစ်နေသော လူရိပ်ထံသို့ လက်ညှိုးညွှန်ပြလိုက်သည်။

“အဲဒီကောင်က ဖိုရှန်းဂိုဏ်းရဲ့ သားရဲခန်းမ ခေါင်းဆောင်ဟောင်းပဲ.... ဂိုဏ်းပျက်သွားပြီး ငါတို့ နဲ့ လီမျိုးနွယ်စုက သားရဲခန်းမရဲ့ ပိုင်ဆိုင်မှုတွေကို ခွဲယူခဲ့တယ်.... ဒီကောင်က ငါတို့ဆီမှာပဲ ဆက်နေပါရစေဆိုပြီး သနားကမား တောင်းပန်လို့ ထားထားတာ.... အဲ့လိုဆိုပေမယ့် အရင်ရာထူးနဲ့မထားပါဘူး.... ငါတို့ သားရဲခြံမှာ တောက်တိုမယ်ရ လိုသလို ခိုင်းဖို့ အနေနဲ့ပဲ”

“ဖြစ်ချင်တော့ ငါတို့ မျိုးနွယ်စု တံခါးပိတ်ကျင့်ကြံရမယ့် အခြေအနေဖြစ်သွားတယ်.... အဲ့တော့ သားရဲခန်းမဆောင်အတွက်က ယာယီတာဝန်ခံတယောက် လိုလာတယ်.... ဒီကောင်ကလည်း သားရဲခန်းမ တာဝန်တွေနဲ့က ရင်းနှီးပြီးသားဖြစ်နေတယ်.... တခြားမျက်နှာလွှဲရမယ့်လူလည်း မတွေ့ဘူး.... အဲ့လိုနဲ့ မထူးပါဘူး ဒီကောင်လည်း အပိုးကျိုးနေလောက်ပါပြီ ဆိုပြီး သူ့လက်ထဲ အပ်ထားမိတယ်ကွ.... လော့ထျန်းမှာ မိစ္ဆာသားရဲလှိုင်းလုံး ကိစ္စဖြစ်တော့ ငါဆက်စပ်စဥ်းစားကြည့်တယ်.... ဒီကောင့်လက်ချက်ဖြစ်ဖို့က သေချာသလောက်ပဲ”

ရှူး....

ချီစွမ်းအား တစ်ခုမှာ ရုတ်တရက် ပျံထွက်သွားသည်။

သတိလစ်နေသော လူမှာ နှစ်ချက်ခန့် တွန့်ခနဲဖြစ် သွားပြီးနောက် ဇဝေဇဝါဖြင့် မျက်လုံးပွင့်လာသည်။ ပထမဆုံး မြင်လိုက်ရသည်မှာ နန်ကုန်းကျင်း ဖြစ်သဖြင့် သူ့အကျင့်အရ မျက်နှာလိုမျက်နှာရ ပြုံးဖြီး ပြလေသည်။ သို့သော် ဘေးမှ လော့ချန်ကို မြင်လိုက်သောအခါ တွန့်သွားပြီး နောက်သို့ တစ်လှမ်း ဆုတ်လိုက်မိသည်။

လော့ချန်သည် ထိုခဏ၌ ထိုသူ၏ ထိတ်လန့်သွားမှုနှင့် မျက်နှာအမူအယာကို အသေးစိတ်အကဲခတ်မိလိုက်သည်။

နန်ကုန်းကျင်းက ခပ်ဖွဖွ ပြုံးလိုက်သည်။

“မောင်ရင်.... သိချင်တာ ရှိရင် သူ့ကို မေးနိုင်ပါတယ်.... ဒီနေ့ပဲ ဒီကိစ္စကို အပြတ်ရှင်းကြတာပေါ့”

ထိုသို့ပြောပြီးသည်နှင့် သူသည် အတန်ငယ်ဝေးသော နေရာသို့ ‌ ရှောင်သွားပေးလိုက်သည်။

လော့ချန်သည် အချိန်ဆွဲမနေဘဲ ထိုသူ ရှေ့သို့ တဟုန်ထိုးသွားလိုက်သည်။

“ဘယ်သူများလဲလို့.... မိတ်ဆွေဟောင်းကြီးပဲ.... မတွေ့ရတာ ကြာပြီနော်.... ခယ်ယွဲ့လင်း....”

ခယ်ယွဲ့လင်းသည် တစ်ခုခုပြန်ပြောရန် ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင် မအီမလည် အပြုံးတစ်ခုကိုသာ အနိုင်နိုင် ပြုံးလိုက်ရသည်။

“အေး.... မတွေ့ရတာ ကြာပြီကွာ.... အာ.... ဒါနဲ့ မင်း အခု အဖွဲ့ချုပ်ခေါင်းဆောင်တောင် ဖြစ်နေပြီပဲ.... အရင်ကထက် အများကြီး ပိုပြီးတော့ မြင့်သွားတာပေါ့ကွာ.... ဂုဏ်ယူတယ် ငါ့ကောင်ရေ.... ငါကတော့....”

“တော်လိုက်တော့.... ကျွန်တော် ဘာမေးချင်လဲဆိုတာ ခင်ဗျား သိပါတယ်” ဟု လော့ချန်က လေသံခပ်မာမာ ပြောလိုက်သည်။

ထိုအခါ ခယ်ယွဲ့လင်း၏ မျက်လုံးများမှာ မလုံမလဲဖြစ်နေသည်။ ယုတ္တိရှိမည့် ဆင်ခြေတစ်ခု အသည်းအသန်စဥ်းစားနေရင်း ဟိုဟိုဒီဒီ ဝေ့ကြည့်နေသည်။

သို့သော် လော့ချန် စိတ်မရှည်တော့ပေ။ သူ၏ မျက်လုံးများမှ စူးရှလှသော စိမ်းဖန့်ဖန့် အလင်းတန်းတစ်ခု ဝင်းလက်သွားသည်။

ချက်ချင်းဆိုသလိုပင် ခယ်ယွဲ့လင်းသည် လော့ချန်၏ အကြည့်အတွင်းသို့ ညို့ယူခံလိုက်ရပြီး ပိတ်ပိန်းနေသော မြူထုကြီးအတွင်းသို့ ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သားရဲကြီးတစ်ကောင်နှင့် ရင်ဆိုင်လိုက်ရသကဲ့သို့ သူ၏ တစ်ကိုယ်လုံးမှာ ထိန်းမနိုင်သိမ်းမရ တုန်ယင်လာတော့သည်။

“အို အဆန်းပါလား”

ခပ်ဝေးဝေးမှ နန်ကုန်းကျင်းထံမှ အံ့သြသံ တစ်သံ ထွက်လာသည်။

လော့ချန် ဂရုမစိုက်ဘဲ ခယ်ယွဲ့လင်းကိုသာ စိုက်ကြည့်နေလိုက်သည်။

“ပြောစမ်း.... ဒုတိယအဆင့် မျောက်ဝံရဲ့မျောက်သားပေါက်က ဘယ်ကနေ ဘယ်လို ရောက်လာတာလဲ”

“ရှေး.... အရှေ့ပိုင်းလွင်ပြင်က တောလိုက်မုဆိုးဆီက ဝယ်ခဲ့တာပါ.... နန်ကုန်း မျိုးနွယ်စုမှာ မိစ္ဆာသားရဲပေါက်တွေ မွေးပြီး ဝိညာဉ်သားရဲတွေ ဖြစ်လာအောင် လေ့ကျင့်ပေးတဲ့ အစဉ်အလာရှိပါတယ်”

“ဘယ်မုဆိုးလဲ ပြောစမ်း”

“ငါ.... ငါ မသိဘူး၊ သူ့မျိုးရိုးက လီ လို့ပဲ သိတယ်.... ချီသန့်စင်အဆင့် ၉ ပဲ”

လော့ချန် မျက်မှောင်ကြုတ်လိုက်မိသည်။ လီ မျိုးရိုး ချီသန့်စင်အဆင့် ၉ ကျင့်ကြံသူ။

တာဟဲမှ လီမျိုးနွယ်ဝင် တစ်ယောက်များပေလော။ သူ ဆက်မေးလိုက်သည်။

“ဘာလို့ လျိုချန်း ကို ရောင်းခဲ့တာလဲ.... ကျွန်တော် သိသလောက် လျိုချန်းက မျိုးနွယ်စုတွေဆီကနေ မိစ္ဆာသားရဲ ဝယ်လေ့မရှိဘူး.... ခင်ဗျားဘက်က စပြီး ဆွယ်လိုက်တာမလား”

“လော့ထျန်းအဖွဲ့က ပထမအဆင့် အရှင်လတ်လတ် မိစ္ဆာသားရဲတွေကို အများကြီးလိုက်ဝယ်နေတယ်လို့ ကြားလို့ပါ.... အဲဒါနဲ့ စျေးကောင်းကောင်းရမလားဆိုပြီး....”

“အဲ့လိုလိုက်ဝယ်နေတယ်ဆိုပြီး ဘယ်သူက ပြောတာလဲ”

မြေပြင်ပေါ်တွင် တုံးလုံးလဲနေသော ခယ်ယွဲ့လင်းသည် ခဏမျှ ရုန်းကန်နေသေးသည်။ သူ့ပါးစပ်မှ မပီမသ ပွင့်လာသော်လည်း ထွက်လာသော ဗလုံးပထွေး စကားများမှာ သူ့အမေးနှင့် ဆက်စပ်မနေပေ။

“လော့ချန်ဆိုတဲ့ ကောင်က ဘာလို့ကောင်းစားနေတာလဲ.... ပထမ မီရှုဟွာက မျက်နှာသာပေးတယ်.... နောက်တော့ ကျောက်စိမ်းအိုးဓားဂိုဏ်းက အကြီးအကဲကြီးတွေ သူ့ကို အသိအမှတ်ပြုတယ်.... ငါ အဲ့ဒါကို လုံးဝလက်မခံနိုင်ဘူး.... ဒီကောင် ကံကောင်းတတ်မှန်းသိပေမယ့် ဘာလို့ လူတိုင်းက သူ့ကို ပစားပေးနေကြတာလဲ.... ဘာ လော့ထျန်း အဖွဲ့ချုပ်ခေါင်းဆောင်လဲ.... လော့ထျန်းဆိုတာ အနေအစားချောင်ချင်တဲ့ ခွေးတအုပ် စုနေတဲ့ အဖွဲ့ပဲကို”

“ငါကတော့ လူတိုင်းရဲ့ အနှိမ်ခံ.... နန်ကုန်းတွေကလည်း သောက်ကျင့်ယုတ်တယ်.... ငါ ဒီလောက် သူတို့ သားရဲခြံမှာ ကျွန်ခံပေးတာတောင် ငါ့ရဲ့ အခြေတည်ဆေးလုံးတွေကို ခိုးသွားသေးတယ် အောက်တန်းစားသူခိုးတွေ ....ငါ့ကိုသာ အခွင့်အရေး မရစေနဲ့၊ ရတဲ့တနေ့ ငါ သေချာပေါက်....”

လော့ချန်၏ မျက်နှာမှာ မဲမှောင်သွားသည်။ သူ နောက်လှည့်ကြည့်စရာမလိုပဲ နန်ကုန်းကျင်း၏ မျက်နှာဆိုးကြီးကို မျက်လုံးထောင့်မှ မြင်နေရသည်။ ဤအသုံးမဝင်သော စကားများကို သူ ဆက်နားမထောင်လိုတော့ချေ။

လော့ချန်၏ မျက်လုံးမှ စိမ်းဖန့်ဖန့်အလင်းတန်းမှာ ပို၍ စူးရှလာသည်။

ခယ်ယွဲ့လင်း၏ ခေါင်းပေါ်တွင် မရဏအရိပ်အယောင်တစ်ခု ခပ်ရေးရေး ပေါ်လာသည်။

လော့ချန်သည် စိတ်ဝိညာဉ်ခြောက်ခြားခြင်းမှော်အတတ်ကို ခြိမ်းခြောက်ရန်အတွက်သာ ပြင်းအားကို ထိန်းညှိပြီး သုံးလိုက်သည်။ ထို့နောက် လေသံခပ်တင်းတင်း မေးလိုက်သည်။

“မေးတာပဲ ဖြေစမ်း.... လော့ထျန်းအဖွဲ့က မိစ္ဆာသားရဲတွေ ဝယ်နေတယ်ဆိုတာ ဘယ်ကောင် ပြောတာလဲ”

“အဲ့ဒါ.... တွမ်....”

“ဖရူး....”

ပြောနေရင်း ပါးစပ်ထဲမှ သွေးပျစ်များ ရုတ်တရက် ပန်းထွက်လာသည်။

ခယ်ယွဲ့လင်း၏ သူငယ်အိမ်မှာ အဆမတန် ကျယ်လာကာ မျက်လုံးများမှာလည်း ပေါက်ထွက်မတတ် ပြူးကျယ်လာလေသည်။ သူ၏ နားထင်မှ သွေးကြောများမှာ ဖောင်းတက်နေပြီး ပါးစပ်မှာလည်း ရေနည်းငါးတစ်ကောင်သဖွယ် ဟစိ ဟစိ ဖြစ်နေသည်။ သူ၏ လက်နှစ်ဖက်လုံးဖြင့် လည်ပင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားကာ ဘာအသံမှ ထွက်မလာတော့ချေ။

သွေးများ မစင်အောင် ရှောင်လိုက်သော လော့ချန်သည် တည်ကြည်သော မျက်နှာဖြင့် မတ်တပ်ရပ်လိုက်သည်။

ခယ်ယွဲ့လင်း ဇီဝိန်ချုပ်သွားလေပြီ။

“မိတ်ဆွေ သုံးတဲ့နည်းလမ်းက အဆန်းပါပဲလား”

မောင်ရင် မှသည် မိတ်ဆွေ သို့ အခေါ်အဝေါ် ပြောင်းသွားလေသည်။ လော့ချန် နှုတ်ခမ်းကို တွန့်လိုက်ရင်း ပြောလိုက်သည်။

“ဝိညာဉ်အတတ်ကို နည်းနည်း အသုံးချလိုက်ရုံတင်ပါ.... ချီးကျူးစရာ မရှိပါဘူးဗျာ”

မှန်ပေသည်။ ဤသည်မှာ အနည်းငယ်မျှသာ ဖြစ်သည်။ ယခုအခါ လော့ချန်၏ ဝိညာဉ်အခြေခံမှာ သာမန် ချီသန့်စင်အဆင့် ကျင့်ကြံသူများထက် များစွာ သာလွန်နေပြီ ဖြစ်ပြီး အခြေခံ တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများနှင့်ပင် ရင်ဘောင်တန်းနိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

စိတ်ဝိညာဉ်ခြောက်ခြားခြင်း မှော်အတတ်သည် ရန်သူကို ထိတ်လန့်သွားစေနိုင်သော အစွမ်းရှိသည်။ ၎င်းကို သူ၏ အထွတ်အထိပ် နတ်မျက်စိမှတစ်ဆင့် ထုတ်လွှတ်လိုက်ပြီး ခယ်ယွဲ့လင်းကဲ့သို့ လုံးဝ ခုခံနိုင်စွမ်းမရှိသော အခြေအနေ၌ဆိုလျှင် အသာလေး အနိုင်ရပေသည်။

နှမြောစရာမှာ ထိုလူ၏ ဝိညာဉ်မှာ အဆုံးသတ်မခံတော့သဖြင့် ရုတ်တရက် ပြိုကွဲသွားခဲ့သည်။ နောက်ထပ် သတင်းအချက်အလက်များကို ညှစ်ထုတ်ခွင့်မရနိုင်တော့ပေ။

နန်ကုန်းကျင်းသည် ရှေ့သို့ လျှောက်လာပြီး မျက်လုံးများပွင့်နေသော အသက်မဲ့နေသည့် အလောင်းကို ငုံ့ကြည့်လိုက်သည်။

“သူ့ကို အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က အမှန်အတိုင်းမပြောနိုင်အောင် ကျိန်စာ တစ်ခုခု လုပ်ထားပုံရတယ်.... အမှန်ကို ပြောလိုက်ရင်လည်း သူသေမှာပါပဲ”

“ကိစ္စမရှိပါဘူး.... တာဟဲ ဈေးမြို့တော်ထဲမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူက သိပ်အများကြီး မရှိဘူးဆိုတာ အကြီးအကဲလည်း သိမှာပါ”

နန်ကုန်းကျင်းမှာ ခဏမျှ ကြောင်သွားပြီးနောက် မျက်ခုံးပင့် ကြည့်လိုက်သည်။

ထိုအခါ လော့ချန်က သူ့အား လှောင်ပြုံးလေးဖြင့် စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။ နန်ကုန်းကျင်းသည် ဘာမှမဖြစ်သကဲ့သို့ တဟဲဟဲ ရယ်မောလိုက်သည်။

“ငါ သူ့ကို ဒီအထိ ခေါ်လာရဲတယ် ဆိုကတည်းက ငါ့လက်ချက်မဟုတ်မှန်း ရှင်းနေတာပဲကွာ.... ပြီးတော့ ခုနက မင်းစစ်လို့ရသလောက် ခေါင်းထဲမှာ အဖြေတစ်ခုခုတော့ ပေါ်လာပြီမလား”

လီ မျိုးနွယ်စု၊ တွမ် မျိူးနွယ်စု....။

၎င်းတို့မှာ ခယ်ယွဲ့လင်း မသေဆုံးမီ ထွက်လာခဲ့သော မျိုးရိုးအမည် နှစ်ခုသာ ဖြစ်သည်။

နန်ကုန်းကျင်းသည် သူ၏ အပြုံးကို ရုပ်သိမ်းလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

“တကယ်လို့ လီမျိုးနွယ်စု ဆိုရင်တော့ ဒါဟာ ငါ့ကို တမင် ဦးတည်ပြီး ချောက်တွန်းချင်တာပဲ.... ငါနဲ့ သူတို့ ကြားမှာ အကျိုးစီးပွားနဲ့ ပတ်သက်ပြီး မကျေမလည်ဖြစ်နေတာတွေ အများကြီး ရှိတယ်.... ငါတို့နန်ကုန်း မျိုးနွယ်စုကို ဓားစာခံလုပ်ပီး မင်းကို သတ်ချင်တာပဲဖြစ်ဖြစ်၊ ဒေါသထွက်အောင် လုပ်တာပဲဖြစ်ဖြစ်၊ ကျောက်စိမ်းအိုးဓားဂိုဏ်း တာဟဲပြန်ရောက်ရင် သူတို့ရော ငါတို့ရော ဘာကောင်းကျိုးမှ ရှိလာမှာမဟုတ်ဘူး.... တွမ်မျိုးနွယ်စု ဆိုရင်လည်း....”

နန်ကုန်းကျင်း စဥ်းစားရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ တွမ် မျိုးနွယ်စု နှင့် သူတို့အကြား ကြီးကြီးမားမား ပြသနာ မရှိခဲ့ဖူးပေ။ တစ်ချိန်ကဆိုလျှင် သူတို့မျိုးနွယ်စု နှစ်ခုအကြား မဟာမိတ်လက်ထပ်ပွဲ တစ်ခု ကျင်းပလုနီးပါးပင် ဖြစ်ခဲ့သည်။

“ကျွန်တော်တို့ လော့ထျန်းအဖွဲ့ချုပ်ထဲမှာတော့ တွမ်မျိုးနွယ်စု နာကျည်းနေတဲ့ သူတစ်ယောက်တော့ရှိတယ်ဗျ” ဟု လော့ချန်က အေးစက်စွာ ပြောလိုက်သည်။

နန်ကုန်းကျင်း ခဏမျှ တုံ့ဆိုင်းသွားသည်။

“ဒါဆို မင်းပြောချင်တာက လက်သည်မပေါ်၊ ခြေရာဖျောက် အကွက်နဲ့ ထောင်ချောက်ဆင်တာပေါ့လေ”

ထိုသို့ပြောပြီးနောက် သူ ခေါင်းခါလိုက်ပြန်သည်။

“ဒါပေမဲ့ ဒီလိုတွေလုပ်နေတာက ဇယားရှုပ်ပါတယ်ကွာ.... တကယ်လို့သာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်က သတ်ချင်ရင် ဒီလို ကလိမ်ကကျစ် ဉာဏ်ဆင်နေစရာမှ မလိုတာ”

“ကျွန်တော့်မှာ အကြီးအကဲ ဖန်ရင်ရှုံ ထားပေးခဲ့တဲ့ ကာကွယ်ရေးအစီအရင် တွေ ရှိတယ်လေ.... ပေါ်ပေါ်ထင်ထင်လုပ်တဲ့နည်းနဲ့ဆို တခြားလူတွေကို ကျွန်တော့်ကို တိုက်ခိုက်ဖို့ အခွင့်အရေး ပေးလိုက်သလို ဖြစ်သွားမှာပေါ့”

ထိုစကားကို ကြားသောအခါ နန်ကုန်းကျင်း မသိမသာ နှုတ်ခမ်းမဲ့လိုက်သည်။ လော့ချန်သည် ခယ်ယွဲ့လင်း၏ အသက်မဲ့အလောင်းကို ကြည့်ရင်းရေရွတ်လိုက်သည်။

“အခု တကယ်စိတ်ဝင်စားစရာက သူ့ကို ဘယ်သူက ဝိညာဉ်ကျိန်စာ တိုက်ထားတာလဲ ဆိုတာပဲ.... ဝိညာဉ်ကျိန်စာ ဆိုတာ အဆင့်မြင့်အတတ်ပဲ.... ကျွန်တော် သိသလောက် တွမ်မျိုးနွယ်စုက မှော်လက်နက် သွန်းလုပ်တာမှာ ကျွမ်းကျင်ပြီး အစီအရင်အတတ်တွေမှာလည်း တော်ကြတယ်.... လီ မျိုးနွယ်စုက ဟွိုင်ယင်းကျင့်စဥ်ကို ကျင့်ကြံတဲ့ အမျိုးသမီးတွေမှာလဲ ဒီလို အတတ်မျိုးတွေ ကျွမ်းကျင်တယ်လို့ ကြားဖူးတယ်”

သူတို့နှစ်ဦးသည် အဖြေရှာရင်းဖြင့်လမ်းပျောက်သလို ဖြစ်နေသည်။

မကြာမီ နှစ်ဦးသား အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် အချင်းချင်း နားလည်မှု ရှိသွားကြသကဲ့သို့ တဟဲဟဲနှင့် ရယ်မောလိုက်ကြသည်။

“ဟဲဟဲ.... အဲ့ဒါတွေက အခု အရေးမကြီးတော့ပါဘူးဗျာ”

“အမှန်ပဲကွ.... အရေးအကြီးဆုံးက ငါတို့ အင်အားစု နှစ်ခုကြားမှာ ရန်ငြိုးမရှိဘဲ ပူးပေါင်းလက်တွဲဖို့ပဲ.... ဒါဆို ကျောက်စိမ်းအမြုတေဆေးလုံး အရောင်းအဝယ်က....”

“ပြောင်းစရာလားဗျာ.... ကျွန်တော် အခုတောင် ဆေးပုလင်း ၅၀ ယူလာခဲ့တယ်ဗျ”

“ကောင်းတယ်ကွာ.... သိပ်ကောင်း....”

ဆေးပုလင်းများကို လွှဲပြောင်းပေးပြီးနောက် လော့ချန်သည် ခယ်ယွဲ့လင်း၏ အသက်မဲ့အလောင်းကို တစ်ချက်ပင် လှည့်မကြည့်တော့ဘဲ ကောင်းကင်ယံသို့ ပျံတက်သွားတော့သည်။

သူ ထွက်သွားပြီးမကြာမီမှာပင် ကျောက်ဖျာ အနောက်မှ လူရိပ်တစ်ခု အပြေးအလွှား ရောက်လာသည်။

“အဖေ.... ဘာဖြစ်လို့ ဒီကောင်ကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေတာလဲဗျာ” ဟု နန်ကုန်းချင်က ဇဝေဇဝါ နားမလည်ဟန်ဖြင့် ဆိုလိုက်သည်။

လော့ချန်မှာ ထူးခြားသူဖြစ်ကြောင်း သူ ဝန်ခံသည်။ ထို့ကြောင့်ပင် လော့ချန်အပေါ် အထင်သေးခဲ့မှုများကို စွန့်လွှတ်ခဲ့ပြီး ဖြစ်သည်။ သို့သော် ကြီးမြတ်လှသော အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူဖြစ်သည့် သူ့ဖခင်၏ လော့ချန်အပေါ် နှိမ့်ချဆက်ဆံနေပုံကိုမူ သူလုံးဝနားမလည်နိုင်ပေ။

နန်ကုန်းကျင်းသည် အဝေးတစ်နေရာသို့ လှမ်းကြည့်ကာ ပြန်ပြောလိုက်သည်။

“အင်း.... အချင်းချင်းဆက်ဆံတဲ့ ယဥ်ကျေးမှုဆိုတာ အင်အားအပေါ်မူတည်ပီး သတ်မှတ်ရတာပဲကွ”

“အင်အား ဟုတ်လား”

နန်ကုန်းချင်မှာ ပို၍ပင် နားမလည် ဖြစ်သွားရသည်။

သူသည် ပြင်ပသို့ စိတ်ဝိညာဉ်အာရုံ မခံတတ်သေးသဖြင့် ပတ်ဝန်းကျင် အခြေအနေကို မသိနိုင်ချေ။

သို့သော် နန်ကုန်းကျင်းကမူ မိုင်ပေါင်းများစွာ အကွာအဝေးတွင် ရှိနေသည့် လူရိပ်တစ်ခုကို ရှင်းလင်းစွာ အာရုံခံနိုင်ပေသည်။ ထိုသူသည် စွမ်းအားကို ဖုံးကွယ်ထားခြင်း မရှိသောကြောင့် ထိုစွမ်းအားမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးထက် လျော့နည်းခြင်း မရှိကြောင်း အတိုင်းသား မြင်နေရသည်။

“ပြီးတော့....”

နန်ကုန်းကျင်းသည် သူ၏ သိုလှောင်အိတ်ကို နန်ကုန်းချင်ထံ ပေးလိုက်သည်။

“ငါတို့ နန်ကုန်း မျိုးနွယ်စု အရင်လို ပြန်အင်အားတောင့်ဖို့က ဒီဆေးလုံးတွေ မရှိမဖြစ်ပဲ.... ဒီကျောက်စိမ်းအမြုတေ ဆေးလုံးတွေရှိရင် ချီသန့်စင် အဆင့် ၆ မှာတစ်နေတဲ့ လူငယ်တွေ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ကြလိမ့်မယ်”

ထိုအခါ နန်ကုန်းချင်က ထောက်ခံသောအားဖြင့် ခေါင်းညိတ်လိုက်သည်။

မကြာသေးမီကပင် တာဟဲဈေးမြို့တော်၌ ဆေးလုံးများ လိုက်ဝယ်ရသည်မှာ ပို၍ ခက်ခဲလာခဲ့သည်။ ယခင်က လျန်ယွန်းကုန်သွယ်ရေး မဟာမိတ် နှင့် မှောင်ခိုစျေးကွက်တို့ကို အားကိုးနိုင်ခဲ့သည်။ သို့သော် ရုတ်တရက် လျန်ယွန်းမဟာမိတ်မှ ဆေးလုံးဈေးနှုန်းများမှာ တရိပ်ရိပ် မြင့်တက်လာခဲ့သည်။

တစ်ဖက်တွင်လည်း မှောင်ခိုဈေးကွက်မှ ဆေးလုံးများမှာ ရှားပါးလာခဲ့သည်။ ထို့အပြင် မကြာသေးမီက လော့ထျန်းအဖွဲ့ချုပ်ဘက်မှလည်း တံခါးပိတ်ကျင့်ကြံကာ မျိုးနွယ်စုများထံသို့ ကျောက်စိမ်းအမြုတေ ဆေးလုံးများ ရောင်းချမှုကို ဖြတ်တောက်လိုက်ပြန်သည်။

ထိုအခါ နန်ကုန်း မျိုးနွယ်စုအား လည်ပင်းကြိုးကွင်းစွပ်လိုက်သကဲ့သို့ ဖြစ်သွားစေသည်။ ဤသို့ဖြင့် ဆေးလုံးများ ပြန်လည် ရရှိရန်အတွက် သားအဖ နှစ်ယောက်လုံး ယခုကဲ့သို့ ရှေ့ထွက်လှုပ်ရှားလာရခြင်း ဖြစ်သည်။

“ဒါနဲ့ ဒီလူကိုကော ဘယ်လိုလုပ်မလဲ”

နန်ကုန်းချင်က ခယ်ယွဲ့လင်း၏ အလောင်းကို ကြည့်လိုက်သည်။

“ဒီအကောင်က ငါတို့ နန်ကုန်း မျိုးနွယ်စုအပေါ်မှာ အငြိုးထားရဲတဲ့ ကောင်ပဲ.... သူ စောစောသေတော့ တစ်ရန်အေးတာပေါ့”

ထို့နောက် နန်ကုန်းကျင်းသည် လှောင်ပြုံး ပြုံးလိုက်ပြီးနောက် မီးလုံးငယ်တစ်လုံးကို ပစ်လွှတ်လိုက်သည်။ မီးလုံးမှ ပြင်းထန်လှသော မီးတောက်များမှာ အလောင်းကို ဝါးမြိုသွားပြီး တစ်ချိန်က ဖိုရှန်းဂိုဏ်း၏ နာမည်ကြီး သားရဲခန်းမ ခေါင်းဆောင်မှာ ပြာပုံအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ဝေ့လွင့်လာသောပြာများကို ခါထုတ်လိုက်ရင်း နန်ကုန်းကျင်းသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ကျောက်ဖျာအစွန်းသို့ လျှောက်သွားပြီး အဝေးတွင် တစတစ ပျောက်ကွယ်သွားသော လူရိပ်ကို လှမ်းကြည့်လိုက်သည်။

“အေး.... မင်း တစ်ခါတုန်းက သူ့ဆီမှာ အခြေခံတည်ဆောက်ခြင်းအဆင့်ထက် မနိမ့်တဲ့ ဖိအားမျိုး ရှိတယ်လို့ ပြောခဲ့တာ အံ့သြစရာ မဟုတ်ဖူးကွ.... ဒီကောင်လေးရဲ့ ဝိညာဉ်အခြေခံက အခုကြည့်ရသလောက် အတော်ခိုင်မာနေပြီ.... သူသာ အခြေခံ တည်ဆောက်ခြင်းအဆင့်ကို တက်သွားရင် သူ့စိတ်ဝိညာဉ်အာရုံကို မိုင်ပေါင်း ၅ မိုင်အထိ ဖြန့်ကျက်နိုင်လိမ့်မယ်....”

“ဒါတင်မကဘူး ကွ.... သတ္တိကလည်း ချီးကျူးစရာပဲဟေ့.... ငါ့ကိုလည်း ပြောစရာရှိတာအကုန် ရဲရဲဝံ့ဝံ့ ပြောရဲတယ်.... အဲ့တာကြောင့်လည်း ရွှေအမြုတေအဆင့် ကျင့်ကြံသူ တစ်ယောက်ရဲ့ မျက်နှာသာပေးခံရတာ နေမယ်.... လူတော်တစ်ယောက်ပဲကွ”

အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ အများစုမှာ ပထမဆုံး အဆင့်တက်စတွင် သူတို့၏ စိတ်ဝိညာဥ်အား နှစ်မိုင်ခန့်သာ ဖြန့်ကျက်နိုင်ကြသည်။ မိုင်ပေါင်း ငါးမိုင်ဆိုသည်မှာ သာမန်အဆင့်တူကျင့်ကြံသူများထက် နှစ်ဆကျော်ပင် ဖြစ်သည်။

သူ့ဖခင်၏ လော့ချန်အပေါ် အကဲဖြတ်မှုနှင့်အတူ ထိုသူ၏ ဝိညာဉ်အခြေခံမှာ ဤမျှအထိ သန်မာနေပါလား ဟူသောအတွေးဖြင့် နန်ကုန်းချင်၏ စိတ်ထဲတွင် တုန်လှုပ် သွားတော့သည်။ လော့ချန်မှာ ကျောက်စိမ်းအိုးဓားဂိုဏ်း၏ ရွှေအမြုတေ အကြီးအကဲ၏ မျက်နှာသာပေးခံရပြီး ဝိညာဥ်အမှတ်တံဆိပ်ပြား ရရှိထားသည် ဟူသော သတင်းမှာ တာဟဲမျိုးနွယ်စုများကြားတွင် လူသိများလှပေသည်။ ယခုမူ ၎င်းမှာ ကောလာဟလသက်သက် မဟုတ်ကြောင်း ထင်ရှားလှပေတော့သည်။

“ချင်လေး.... မင်း ဒီလူနဲ့ ဆက်ဆံရေး ကောင်းအောင် ကြိုးစားထားသင့်တယ်”

“ဒါပေမဲ့ အဖေ.... ချင်လျန်ချန်း ကိစ္စကကော....”

“တစ်ချို့ရန်ကြွေးတွေကို တစ်ချိန် ပြန်အကြေဆပ်ဖို့ မြဲမြဲဆုပ်ကိုင်ထားရသလို တစ်ချို့ကိုလဲ ပြန်လွှတ်ချတတ်ရမယ်.... ဒီ ချင်လျန်ချန်းက ငါတို့ မျိုးနွယ်ဝင် တော်တော်များများကို သတ်ခဲ့ပေမဲ့ သူ ကိုယ်တိုင်လည်း အထိနာခဲ့ရတာပဲ မလား”

နန်ကုန်းကျင်း သက်ပြင်းချလိုက်သည်။

“အခုလောလောဆယ် ငါတို့မှာ မဟာမိတ်ဖွဲ့ဖို့လိုအပ်နေတယ်.... အများကြီးအင်အားမတောင့်ရင်တောင် အကျိုး ရှိစေမယ့် မိတ်ဆွေမျိုးပေါ့”

“ဒါပေမဲ့ အဖေက ပရိယာယ်သုံးပီး ခေါင်းခံခိုင်းမှာလို့ ပြောခဲ့တယ် မဟုတ်လားဗျာ”

“ဟဲဟဲ.... ဒါကတော့ သူတို့ ဘယ်လောက်အထိ ငါတို့အပေါ်အကျိုးရှိစေမလဲ ဆိုတဲ့အပေါ်မှာ မူတည်တာပေါ့ ငါ့သားရယ်....”

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၂၆၀) - ထျန်းရှင်းကျီ နှင့် နှင်းရည်ပျော်မည့်လ

အရှေ့ပိုင်းလွင်ပြင် တောင်တန်းကြီးများတစ်လျှောက် ဆီးနှင်းများ ဖုံးအုပ်လွှမ်းခြုံနေသည်။ အေးစိမ့်လှသော လေရူးများသည် မတ်စောက်ရှည်မျောသော သစ်ပင်ကြီးများကြားတွင် အော်မြည်းနေကြသည်။ အေးခဲနေသော တောရိုင်း မြေပြင်ထက်တွင် လူနှစ်ဦးမှာ ယှဉ်တွဲ၍ လမ်းလျှောက်နေကြသည်။

တစ်ဦးမှာ ဆံပင်ကို စည်းနှောင်ထားပြီး ဝတ်ရုံဖြူကို ဝတ်ဆင်ထားသည်။ သူ၏ မျက်ဝန်းအစုံမှာ ကြယ်တာရာများကဲ့သို့ တောက်ပနေပြီး ခန္ဓာကိုယ်မှာ သွယ်လျလှသည်။

အခြားတစ်ဦးမှာ သန်မာထွားကျိုင်းကာ တောင့်တင်းသော ခန္ဓာကိုယ် ရှိပြီး ဆံပင်များသည် ဖရိုဖရဲဖြစ်နေကာ လေရူးမွှေ့တိုင်း လွင့်ချင်တိုင်းလွင့်နေတော့သည်။ ထိုသူသည် အကြမ်းထည် လျှော်တေဝတ်ရုံကို ဝတ်ထားကာ ကောက်ရိုးဖိနပ်ကို စီးထားသည်။ သူ၏ ကြွက်သားများမှာ ကျစ်လစ်နေသော သံမဏိကြိုးများပမာပင် ဖြစ်သည်။

“စကားပြောကြည့်တော့ အခြေအနေဘယ်လိုလဲ”

“မဆိုးဘူးလို့ပြောရမှာပဲ.... နန်ကုန်းတွေက မိစ္ဆာသားရဲကိစ္စမှာ မပါဝင်ဘူး ဆိုတာရယ်၊ နန်ကုန်းကျင်းက လော့ထျန်းနဲ့ မဟာမိတ်ဖွဲ့ချင်နေတာရယ်ကို သိလိုက်ရတယ်လေ....”

“အမ်.... ဒါဆို မိစ္ဆာသားရဲလှိုင်းလုံးက ဘယ်လိုကနေ ရောက်လာတာလဲ”

“လီမျိုးနွယ်စု နဲ့ တွမ်မျိုးနွယ်စု.... တစ်ခုခုပေါ့.... ကျွန်တော်ကတော့ တွမ်မျိုးနွယ်စု ဖြစ်နိုင်ချေဘက်ကို ပိုအလေးသာမိတယ်”

“ဩော်….”

ခွပ်….

တောင့်တင်းလှသည့် အမျိုးသားမှာ သစ်ကိုင်းကျိုးတစ်ခုကို တက်နင်းမိသွားသဖြင့် ခဏရပ်လိုက်သည်။ သူ အရှေ့မှ တောင်ငယ်လေးတစ်လုံးကို လှမ်းကြည့်လိုက်ရာ တောင်ခြေရှိ ဆီးနှင်းများမှာ မသိမသာ အရည်ပျော်နေသည့် အရိပ်အယောင် ရှိနေသည်။

လော့ချန်က တည်ငြိမ်စွာ ဆက်ပြောလိုက်သည်။

“လီမျိုးနွယ်စုက ကျွန်တော်တို့နဲ့ တိုက်ရိုက် ပဋိပက္ခ မရှိဘူး…. တကယ်တော့ ကျွန်တော်တို့ကြားမှာ ဆေးလုံးရောင်းဝယ်ရေးနဲ့ ပတ်သက်ပြီး မိတ်ဖက်ဆက်ဆံရေးတောင် ရှိနေတာ”

“တကယ်လို့ လီတွေက နန်ကုန်း မျိုးနွယ်စုကိုပဲ ပစ်မှတ်ထားချင်တာဆိုရင် လီရီရှန်းလို လူမျိုးရဲ့ အမူအကျင့်နဲ့ဆိုရင် ဒီလောက်အစီအစဉ်မကျတဲ့ ခပ်တုံးတုံးနည်းလမ်းမျိုးကို သုံးမှာမဟုတ်ဘူး"

ဝမ်ယွမ်မှာ ခဏမျှ ကြောင်သွားသည်။

ဤကဲ့သို့ လက်အငှားနှင့်သတ် ဆိုသည့် ဆိုရိုးကဲ့သို့ နောက်ကွယ်ကြိုးကိုင်သူ၏ ပရိယာယ် ဉာဏ်ဆင်မှုကိုပင် ခပ်တုံးတုံးနည်းလမ်းဟု ဝေဖန်လိုက်သော လော့ချန်အား အံ့အားသင့်သွားလေသည်။ တာအိုလမ်းစဥ် ကျင့်ကြံသူများ၏ ဉာဏ်များသည့်စိတ်ကို သူနားမလည်နိုင်အောင်ဖြစ်နေရသည်။

“အဲ့လိုမျိုး နှိုင်းယှဉ်လိုက်ရင် ဖြစ်နိုင်တာ တစ်ခုပဲကျန်တော့တယ်…. တိုက်ဆိုင်တာက တွမ်မျိုးနွယ်စုကလည်း ကျွန်တော်တို့ကို တိုက်ခိုက်ဖို့ အကြောင်းရင်းတွေ အများကြီး ရှိနေတယ်”

“ဘာအကြောင်းရင်းတွေလဲကွ”

ဝမ်ယွမ် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“တွေးကြည့်ရင် တွမ်ဖုန်း ကိစ္စပဲရှိမယ် မဟုတ်လား”

ထိုအခါ လော့ချန်က အသာအယာ ခေါင်းညိတ်ပြသည်။

“အစ်ကိုတွမ်ဖုန်းက အဓိက အကြောင်းပြချက်ပေါ့.... မမှားပါဘူး…. သူ့ရဲ့ ကျင့်ကြံဆင့် တက်နှုန်းက အရမ်းမြန်သလို သူ့ရဲ့ နာကျည်းချက်ကလည်း ပြင်းထန်တယ်…. ကျွန်တော်သာ သူ့နေရာမှာဆိုရင် ဘယ်သူမှ အန္တရာယ် မပေးနိုင်ခင်မှာပဲ အမြစ်ဖြတ်ဖို့ ကြိုးစားမှာပဲ.... ဒါပေမဲ့ အကြောင်းရင်း ဖြစ်ရုံတင်မကဘဲ သူက ငါးစာလည်း ဖြစ်နေနိုင်တယ်.... တွမ်ဖုန်းကတစ်ဆင့် တွမ်ချန်ခွန်းက လော့ထျန်းအဖွဲ့ကို အာရုံစိုက်မိလာတာဖြစ်နိုင်တယ်....”

ဝမ်ယွမ် ဇဝေဇဝါ ဖြစ်နေသည်။

“နေစမ်းပါဦးကွာ.... လော့ထျန်းအဖွဲ့ချုပ်ကို အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေက အာရုံစိုက်ပါ့မလား…. တာဟဲစျေးမြို့တော်ထဲမှာဆို ငါတို့က သူတို့လက်ခုပ်ထဲက ရေ အဆင့်လောက်ပဲကို....”

လော့ထျန်းအဖွဲ့ချုပ်သည် အပေါ်ယံတွင် ခိုင်မာကာ အင်အားတောင့် သယောင်ထင်ရသော်လည်း လက်တွေ့တွင်မူ အဖွဲ့၏ ကံကြမ္မာနှင့် ရေရည်ရပ်တည်နိုင်မှုသည် ဆေးဖော်စပ်သူ လော့ချန်အပေါ်တွင်သာ မူတည်နေကြောင်း လူတိုင်းသိကြသည်။

လော့ချန်သာ မရှိပါက ဤအဖွဲ့မှာ လေမုန်တိုင်းကြောင့် လွင့်သွားသော သဲပွင့်များသဖွယ် ပြန့်ကြဲသွားပေလိမ့်မည်။ တွမ်ဖုန်း ရှေ့ထွက်ဦးဆောင်လျှင်ပင် သူ၏ မှော်လက်နက်သွန်းလုပ်နိုင်စွမ်းနှင့် ပင်ကိုယ်စရိုက်မှာ အဖွဲ့အစည်းတစ်ခုလုံးကို ထိန်းကျောင်းနိုင်စွမ်း မရှိနိုင်ပေ။

ထို့ကြောင့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများသည် လော့ထျန်းအဖွဲ့ချုပ်ကို အထင်ကြီးခြင်း မဟုတ်ဘဲ ဆေးဖော်စပ်သူ တန်ချန်ဇီ၏ ဂုဏ်သတင်းကိုသာ တန်ဖိုးထားကြခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် လော့ချန်သည် ကျောက်စိမ်းအိုးဓားဂိုဏ်း၏ ဂုဏ်သတင်းကို အသုံးချကာ ထိုကျင့်ကြံသူများကို အတော်အသင့် ဟန့်တားနိုင်ခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သောလ အနည်းငယ်အတွင်း ငြိမ်းချမ်းရေး ကာလတစ်ခုကို ဖန်တီးနိုင်ခဲ့ခြင်းမှာလည်း ဤအချက်များကြောင့်ပင် ဖြစ်သည်။

ဝမ်ယွမ်၏ သို့လော သို့လော အတွေးများကိုရိပ်မိနေသည့် လော့ချန်သည် ခပ်လှမ်းလှမ်းရှိ မိုးထိုးနေသောတောင်ကြီးများကြားမှ ပြေပြစ်သော တောင်ကုန်းငယ်လေးတစ်ခုကို လှမ်းကြည့်လိုက်သည်။

ထိုတောင်မှာ ရှောင်ဟွမ်းတောင် ဖြစ်ပြီး တွမ်မျိုးနွယ်စု၏ နယ်မြေ ဖြစ်သည်။

“အစ်ကိုဝမ် တွေးသလိုပဲ သာမန် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေကတော့ လော့ထျန်းလို အဖွဲ့ငယ်လေးကို ခေါင်းထဲ ထည့်မှာ မဟုတ်ဘူး…. ဒါပေမဲ့ တွမ်ချန်ခွန်းကတော့ မတူဘူး”

“မင်းပြောချင်တာက.... သူ့ရဲ့ သက်တမ်းလား”

“ဟုတ်တယ်ဗျ…. သူ့ရဲ့ သက်တမ်းက မီးစာကုန် ဆီခမ်းဖြစ်နေပြီ”

လော့ချန် သက်ပြင်းတစ်ချက် ချလိုက်သည်။

“သေခါနီး လူတစ်ယောက်ဟာ သူ မရှိတော့တဲ့နောက် ကြုံလာနိုင်ချေတွေကို တွေးပြီး အစိုးရိမ်ဆုံး ဖြစ်နေတတ်တယ်ဗျ.... အဲဒါ ဓမ္မတာပဲ…. သူ့ရဲ့ အားနည်းချက်က သူတို့တွမ်မျိုးနွယ်စုပဲ…. တကယ်လို့ တွမ်ရွှေသာ အခြေခံတည်ဆောက်ခြင်းအဆင့်ကို အောင်မြင်သွားမယ်ဆို တွမ်ချန်ခွန်း သေသွားလည်း တွမ်မျိုးနွယ်စုက ဆက်ရပ်တည် နိုင်ဦးမှာပဲ…. ကံဆိုးတာက တွမ်ရွှေဆိုတဲ့ ငနဲက လူဖျင်း…. အဲ့တော့ သူမရှိတော့တာနဲ့ တွမ်မျိုးနွယ်စုဟာ သားသတ်ရုံမှာ အလှည့်ကျ အသတ်ခံဖို့စောင့်နေရတဲ့ သိုးသူငယ်လေးတွေလို ဖြစ်သွားလိမ့်မယ်.... သတ်ဖို့ ဓားကိုင်လာမယ့်လူတွေက အခြေခံတည်ဆောက်ခြင်းအဆင့် မျိုးနွယ်အင်အားစုတွေတင် မကဘူးနော်….”

ထိုစကားကို ကြားရသောအခါ ဝမ်ယွမ် ချက်ချင်း သဘောပေါက်သွားသည်။ ဤကိစ္စ၏ မြစ်ဖျားခံရာ ဇစ်မြစ်မှာ လော့ထျန်းအဖွဲ့ချုပ်နှင့် ဖူမျိုးနွယ်စု တိုက်ပွဲမှ စတင်ခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က လော့ထျန်းအား မြောင်ဝမ်မှ ဖိအားပေးခြယ်လှယ်ကာ အခြားတစ်ဖက်တွင်လည်း ကုန်သွယ်မှု လမ်းကြောင်းများ ပိတ်ဆို့ခံထားရသည်။ ထိုအကျပ်အတည်းကို ဖြေရှင်းရန် လော့ချန်သည် မတတ်သာဘဲ ဖူမျိုးနွယ်စုကို တိုက်ခိုက်ရန် ရွေးချယ်ခဲ့သည်။ ထိုလုပ်ရပ်မှာ အောင်မြင်ခဲ့ပြီး အလွန်ပင် ထိရောက်ခဲ့သည်။

ယခုအခါ ထိုသမိုင်းကြောင်းမျိုး တကျော့ပြန်လာမည်ကို တွမ်ချန်ခွန်း ကြောက်ရွံ့နေခြင်း ဖြစ်သည်။ အကယ်၍ သူသာ ကျဆုံးသွားခဲ့လျှင် ချီသန့်စင်အဆင့်မြင့် ကျင့်ကြံသူ များနှင့် အဆင့် ၉ ကျင့်ကြံသူ ဆယ်ယောက်ကျော်ရှိသော လော့ထျန်းအဖွဲ့ချုပ်ကို တွမ်မျိုးနွယ်စုအနေဖြင့် မည်သို့မျှ ယှဉ်နိုင်မည် မဟုတ်ချေ။

ဖိုရှန်းဂိုဏ်း၏ အုပ်ချုပ် ဖွဲ့စည်းပုံများနှင့် ရင်းနှီးကျွမ်းဝင်ပြီးသား လော့ထျန်းအဖွဲ့ချုပ်၏ အင်အားသည် အခြားအလားတူ အဖွဲ့အစည်းများထက် သိသိသာသာ သာလွန်နေပြီ ဖြစ်လေသည်။

“အဲဒါက အစ်ကိုတွမ်ဖုန်းကိစ္စ ပြီးရင် ဒုတိယမြောက် အကြောင်းပြချက်ပဲဗျ…. တတိယ အကြောင်းပြချက်ကတော့ဗျာ....”

လော့ချန်၏ နှုတ်ခမ်းတွင် အေးစက်စက် အပြုံးတစ်ခု ပေါ်လာသည်။

“တကယ်လို့ လော့ထျန်းအဖွဲ့ချုပ်သာ ပြိုလဲသွားရင် ကျွန်တော် တစ်ယောက်တည်းဖြစ်သွားမယ်…. အဲ့အချိန် တခြားအင်အားကြီး အဖွဲ့အစည်းတွေ အားလုံးက ကျွန်တော့်ဆီကိုပဲ အာရုံစိုက်လာကြလိမ့်မယ်.... အဲ့ဒီလိုနည်းနဲ့ တွမ်မျိုးနွယ်စုဟာ တကယ့် အင်အားကြီး ပုဂ္ဂိုလ်တွေရဲ့ အာရုံစိုက်မှုကနေ ရှောင်လွှဲနိုင်သွားမယ်…. တကယ်လို့ တွမ်ချန်ခွန်းကသာ ကစားကွက်ကို ကောင်းကောင်းခင်းပြီး ဝှက်ဖဲအနေနဲ့ အပြင်က အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ချို့ကို စည်းရုံးနိုင်မယ်ဆိုရင် သူတို့မျိုးနွယ်စုကပိုပြီးတော့တောင် လုံခြုံသွားဦးမှာလေ”

ထိုသုံးသပ်ချက်များကို ကြားပြီးသကာလ ဝမ်ယွမ်မှာ လော့ချန်အား အထင်ကြီးသွားလေသည်။

“အေးဟေ့.... ညီလေး မင်းပြောတာတွေသာ တကယ်ဆိုရင် တွမ်မျိုးနွယ်စုက ရေမရောတဲ့ တရားခံအစစ်ပဲ…. အခု မင်းဘာလုပ်ချင်လဲပြော…. ဒီကလိမ်ကကျစ်တွေကို မျိုးဖြုတ်ဖို့ မင်းနဲ့ငါ တောင်ပေါ်ကို အခု တက်သွားကြမလား”

ဟောဟောဒိုင်းဒိုင်း စရိုက်ရှိသူ ဝမ်ယွမ်တစ်ယောက် လက်သီးတပြင်ပြင် ဖြစ်နေသဖြင့် လော့ချန် မနည်းဆွဲထားရပေသည်။ လက်စားချေရန် အတွက်မှာ ပြောရလွယ်သော်လည်း အကျိုးဆက်များကို စဥ်းစားသော် လုပ်ရခက်ပေသည်။

“ဟာ.... စိတ်ထိန်းပါဦး အစ်ကိုကြီးရာ.... အစ်ကို အခုတလော သတ်မယ် ဖြတ်မယ်ဆိုတာချည်းပဲနော်....”

“ဟား ဟား.... ငါ အခု ဒုတိယအဆင့် ခန္ဓာကိုယ်ကျင့်စဉ်တွေကို လေ့လာလို့ ပြီးသလောက်ရှိနေပြီလေ…. လက်စွမ်းပြချင်နေတာနဲ့ အတော်ပဲကွ…. တစ်ပွဲတစ်လမ်း စမ်းကြတာပေါ့ကွာ....”

“အရမ်းကြီးလည်း ယုံကြည်မှု ရှိနေလို့ မရဘူးဗျ.... အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေက မိစ္ဆာသားရဲတွေနဲ့ မတူဘူးနော်…. ကျွန်တော့် အစ်ကိုကြီး ဖြစ်နေလို့ သတိပေးတာ”

ထိုအခါ ဝမ်ယွမ် ယုံကြည်မှုရှိရှိ ပြုံးလိုက်သည်။

“အရင်တုန်းကဆိုရင်တော့ ငါ စိုးရိမ်မိမှာပဲကွ.... ဒါပေမဲ့ အခုတော့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်နဲ့ ငါလက်ရည်စမ်းကြည့်ချင်တယ်....”

လော့ချန် ထပ်မတားတော့ချေ။ ယုံကြည်မှု ရှိခြင်းမှာ ကောင်းသော အရာပင်။ ဤသည်မှာ လော့ထျန်းအဖွဲ့တွင် အမှန်တကယ် အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် ယှဉ်နိုင်သော တိုက်ခိုက်ရေးစွမ်းအား ရှိလာခြင်းကို ဆိုလိုသည်။ သို့သော် ယခုအချိန်မှာ လှုပ်ရှားရန် အချိန်ကောင်း မဟုတ်သေးချေ။

“အစ်ကိုဝမ်က အဆင်သင့်ဖြစ်ပေမယ့် ကျွန်တော်က အချိန်နည်းနည်း ထပ်လိုသေးတယ်.... မလောပါနဲ့ဦးဗျာ”

လော့ချန် ထိုသို့ဖျောင်းဖျလိုက်ပြီးနော် နောက်သို့လှည့်ထွက်သွားတော့သည်။

ဝမ်ယွမ်သည်လည်း သူ့အကြံကို ခဏတာ နောက်ဆုတ်ရန် ဆုံးဖြတ်လိုက်လေသည်။ တိုက်ပွဲမရှိချိန်တွင် သူသည် ကာလနဂါးကြီးကဲ့သို့ တိတ်တိတ်ဆိတ်ဆိတ် နေတတ်လေ့ရှိသော်လည်း တိုက်ပွဲအနံ့ရလျှင်မူ ထိန်းမရသည့်စိတ်က ဆိုးလှပေသည်။

….

အချိန်….။

လော့ချန် လိုအပ်သည့် အချိန်နည်းနည်းဆိုသည်မှာ အကြာကြီးမဟုတ်ပေ။ တစ်နှစ် သို့မဟုတ် နှစ်နှစ်ခန့်သာ ဖြစ်သည်။ သူသည် ချီသန့်စင် အထွတ်အထိပ်သို့ ရောက်အောင် ကျင့်ကြံရန်နှင့် ထျန်းရှင်းကျီထံမှ အခြေတည်ဆေးလုံး သုံးလုံး ရရှိရန်အတွက် ဤအချိန်ကို လိုအပ်နေခြင်း ဖြစ်သည်။

သူ အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်သွားလျှင်မူ ဝမ်ယွမ် မကူလျှင်ပင် အခြားသော အင်အားစုအားလုံးကို ထိပ်တိုက်ရင်ဆိုင်နိုင်သည့် ယုံကြည်မှုမျိုး ရှိလာပေလိမ့်မည်။

ထိုသို့ အချိန်စောင့်ရန်ဆုံးဖြတ်လိုက်သော်လည်း တွမ်မျိုးနွယ်စုတွင် အကောက်ကြံရန် ရည်ရွယ် ချက်ရှိနေကြောင်း သိထားသဖြင့် လော့ချန် အေးအေးဆေးဆေး ငြိမ်နေ၍ မရပေ။ တာဟဲစျေးမြို့တော်အတွင်း၌ တွမ်မျိုးနွယ်စုအပေါ် စောင့်ကြည့်မှုများကို ပို၍ စိပ်စိပ်လုပ်ဆောင်လာပြီး ဝုန်းခနဲ မီးထတောက်နိုင်သည့် ကိစ္စများအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။

တစ်ဆက်တည်းမှာပင် လော့ချန်သည် ကျင့်ကြံခြင်းအတွက် အချိန်ပိုပေးခဲ့သည်။ မီးလုံးမှော်အတတ်ကို အထွတ်အထိပ်အထိ ကျွမ်းကျင်အောင် လေ့ကျင့်ပြီးနောက် ယခုအခါ အခြားသော မှော်အတတ်များကို ကျွမ်းကျင်အောင် လုပ်ဆောင်ရန် အာရုံစိုက်လာခဲ့သည်။

….

တစ်ရက်တွင် လော့ချန် အေးအေးဆေးဆေး ကျင့်ကြံနေစဥ် တွမ်ဖုန်းတစ်ယောက် တွန့်ဆုတ်ဆုတ်နှင့် သူ့ထံသို့ ရောက်လာခဲ့သည်။ တိတ်ဆိတ်လှသော ကျောက်တုံးအိမ်လေးအတွင်း၌ တွမ်ဖုန်း၏ လာရင်းကိစ္စကို ကြားပြီးနောက် လော့ချန် မျက်ခုံးပင့်လိုက်မိသည်။

“အစ်ကိုတွမ် ပြောချင်တာက မိစ္ဆာသားရဲလှိုင်းလုံးဟာ တွမ်မျိုးနွယ်စုကနေ လာတာ ဖြစ်နိုင်တယ်ပေါ့”

“ဖြစ်နိုင်တဲ့အဆင့်တင် မဟုတ်ဘူးကွ…. ကျိန်းသေ သေချာပေါက်ပဲ"

တွမ်ဖုန်း၏ မျက်နှာတစ်ခုလုံး ညိုမှောင်နေသည်။ သူ့ကြောင့် လော့ထျန်းအဖွဲ့ချုပ်သည် ဤမျှအထိ ဆုံးရှုံးမှု ကြီးမားခဲ့ရသည်ဆိုသော အပြစ်တင်စိတ်လည်းရှိနေသည်။ အဖွဲ့ဝင်ညီအစ်ကို ၁၁ ဦး ကျဆုံးခဲ့ရပြီး အဆင့်မြင့်ကျင့်ကြံသူ နှစ်ဦးမှာလည်း တိုက်ခိုက်နိုင်စွမ်း လုံးဝ ဆုံးရှုံးသွားခဲ့ရသည်။ ဤဆုံးရှုံးမှုမှာ အဖွဲ့အတွက် အလွန်နစ်နာလှပေသည်။

သူအလောတကြီး ပြောနေသော်လည်း လော့ချန်၏ တည်ငြိမ်သော အမူအရာကို မြင်သောအခါ တွမ်ဖုန်း မှင်တက်သွားသည်။

“အမ်.... မင်း မအံ့ဩဘူးလား”

လော့ချန် အံ့ဩမနေချေ။ သံသယရှိသူများစာရင်းမှာ အစကတည်းက နံပါတ်နှစ် အထိသာ ရှိခဲ့သည် မဟုတ်ပါလော။ လူလွှတ်၍ အနည်းငယ် စုံစမ်းရုံနှင့် သိနိုင်သော ကိစ္စပင်။

သို့သော် တွမ်ဖုန်း၏ နောက်ထပ် စကားများကြောင့် လော့ချန် အနည်းငယ် အံ့အားသင့်သွားရသည်။

“သူတို့က တော်တော်ကောက်ကျစ်တဲ့ ကစားကွက်ကို ခင်းခဲ့တာပဲ…. လော့ထျန်းအဖွဲ့ချုပ် ပျက်စီးသွားရင် ငါ သူတို့ဆီ ပြန်လာလိမ့်မယ်လို့ သူတို့ ထင်နေကြတာ.... ငါ့ကို ဆွဲဆောင်ဖို့အတွက် မက်လောက်စရာ ကမ်းလှမ်းချက်တွေတောင် ပေးခဲ့ကြသေးတယ်.... ဟက်…. ဒါပေမဲ့ ငါက ဘယ်လိုလုပ် စိတ်ယိုင်မှာလဲ…. သွေးကြွေးဆိုတာ ပြန်ဆပ်ရမှာပဲ”

လော့ချန် ခဏမျှ စဥ်းစားသွားလေသည်။ တွမ်ဖုန်း ပြောစကားအရဆိုလျှင် သူတို့သည် တွမ်ဖုန်းအား အပြတ်ရှင်းချင်သည် မဟုတ်ဘဲ အထင်အမြင်လွဲရန် ဉာဏ်ဆင်ကာ တွမ်မျိုးနွယ်စုဆီ ပြန်လာအောင် ဖိအားပေးလိုခြင်း ဖြစ်နေသည်။

ရုတ်တရက်ပင် ပြီးခဲ့သော ရက်သတ္တပတ်များအတွင်း တွမ်မျိုးနွယ်စုသည် တွမ်ဖုန်းထံသို့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သည်ကို သူ သတိရလိုက်သည်။

သေချာသည်မှာ တွမ်ချန်ခွန်းသည် သူ၏ မြေးအရင်းကို သတ်ရန်အထိတော့ ရက်စက်မည် မဟုတ်ချေ။ သူ အလိုချင်ဆုံးအရာမှာ တွမ်ဖုန်းက သူ၏ နာကျည်းချက်များကို ဘေးဖယ်ထားပြီး မျိုးနွယ်စုထံ ပြန်လာရန်သာ ဖြစ်သည်။ ထိုသို့ပြန်လာရန်အတွက် အကျိုးခံစားခွင့်များကိုလည်း အမြောက်အမြား ပေးလိုပေလိမ့်မည်။

ထို့ကြောင့် မိစ္ဆာသားရဲလှိုင်းလုံး၏ တိုက်ခိုက်မှုမှာ လော့ထျန်းအဖွဲ့ချုပ်သည် မည်မျှအထိ အားနည်းကြောင်း တွမ်ဖုန်းကို ပြသရန် သတိပေးချက် တစ်ခုသာ ဖြစ်ပေသည်။ သို့သော် သူတို့ မှန်းချက်နှင့် နှမ်းထွက်မကိုက် ဖြစ်ကာ ဝမ်ယွမ်နှင့် လော့ချန်၏ အစွမ်းကြောင့် မိစ္ဆာသားရဲလှိုင်းလုံးမှာ ကျော်လွှားနိုင်ခဲ့လေသည်။

လော့ချန် အသေအချာ စဉ်းစားလိုက်သည်။ အဆုံးသတ် အမှန်တရားကို သိလိုက်ရချိန်တွင် စိတ်သက်သာရာ ရသွားခြင်းထက် ပို၍ပင် ဒေါသထွက်လာခဲ့သည်။ အဆင့်မြင့်ကျင့်ကြံသူများ၏ သတိပေးချက်ဆိုသည်မှာ အောက်ခြေကျင့်ကြံသူများအတွက်မူ အသက်ရှင်ရေး သေရေး ဆုံးဖြတ်ရသည့် စမ်းသပ်ချက်တစ်ခု ဖြစ်နေသည် မဟုတ်ပါလော။

“ဟူး…. ငါ သည်းခံမှရမယ်.... ငါ အချိန်ထပ်လိုသေးတယ်....”

လော့ချန် အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် သူ၏ စိတ်ထဲမှအတွေးများ၊ ဒေါသများကို အတင်းအကျပ် နှိမ်နင်းလိုက်သည်။

….

နဂါးရတနာမှောင်ခိုစျေးကွက်တွင် နောက်ထပ် လေလံပွဲတစ်ခု ကျင်းပလျက်ရှိသည်။

လော့ချန်သည် လေလံပွဲ၏ သဘောသဘာဝကို ရင်းနှီးနေပြီ ဖြစ်သဖြင့် အထူးဧည့်သည့်တော်နေရာတွင် ထိုင်ကာ ယမန်ပွဲများထက် တဖြည်းဖြည်း နည်းပါးလာသော လူအုပ်ကြီးကို မျက်နှာထားတည်တည်ဖြင့် ကြည့်နေသည်။

လူနည်းရခြင်း၏ အကြောင်းရင်းမှာ နဂါးရတနာမှောင်ခိုစျေးကွက်တွင် ရောင်းချသော ပစ္စည်းများမှာ တဖြည်းဖြည်း နည်းပါးလာသောကြောင့် ဖြစ်သည်။

ဤအခြေအနေကြောင့် လော့ချန်သည် ပို၍ပင် စိုးရိမ်လာမိသည်။ ယခုပင်လျှင် ရောင်းသူ ဝယ်သူ တစ တစ နည်းလာကာ ခြောက်ကပ်နေသော စျေးကွက်အဖြစ်သို့ တစတစ ပြောင်းနေလေသည်။ နောက်ပိုင်းတွင် စျေးကွက် ဖွင့်နိုင်ချေလည်း မရှိသလောက်ဖြစ်သွားနိုင်သည်။ နောင်တွင် သူနှင့် ထျန်းရှင်းကျီတို့၏ အကျိုးတူ ပူးပေါင်းမှုကိုလည်း ထိခိုက်လာနိုင်ပေသည်။

ထိုပူပင်သောကများကို ခဏဘေးဖယ်ကာ လော့ချန်သည် လေလံပွဲကို ငြိမ်သက်စွာ စောင့်ကြည့်နေသည်။

မှော်လက်နက်များစွာနှင့် အမျိုးမျိုးသော ပစ္စည်းများမှာ တစ်ခုပြီးတစ်ခု လေလံတင်ခံနေရသည်။ ထျန်းရှင်းကျီသည် ယခင်လေလံပွဲများကဲ့သို့ နောက်ဆုံးရရှိမည့် ဈေးနှုန်းများကို သိပ်ပြီး ဂရုစိုက်ပုံ မရချေ။ လေလံပွဲနှင့် မတူပဲ လက်ကျန်ရှင်းပွဲ တစ်ခုနှင့်သာ ပို၍ တူနေတော့သည်။

“နောက်ထပ် လေလံတင်မယ့် ပစ္စည်းကတော့ သားရဲထိန်းချုပ်ခြင်း ကျင့်စဉ်တစ်ခု ဖြစ်တဲ့…. ဝိညာဉ်သားရဲ တစ်သောင်းကျမ်းပဲ ဖြစ်ပါတယ်"

“ဒီကျမ်းဟာ နယ်မြေရပ်ခြားက လာတာပါ…. ဒုတိယအဆင့်မှာပဲ ရှိပေမဲ့ သူ့ရဲ့ နည်းစနစ်တွေကတော့ တစ်မူထူးခြားပါတယ်…. မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ သတ်မှတ်ထားတဲ့ ဆေးလုံးတွေကို အသုံးပြုရင် ကျင့်ကြံသူတွေအနေနဲ့ အဆင့်နိမ့် မိစ္ဆာသားရဲတွေကို အမိန့်ပေးနိုင်မှာ ဖြစ်ပါတယ်…. ကောလာဟလတွေအရ ဒီကျမ်းဟာ ကျောက်စိမ်းအိုးဓားဂိုဏ်းထက်တောင် အများကြီး ပိုပြီး သန်မာတဲ့ ဂိုဏ်းကြီးဖြစ်တဲ့ ဝိညာဉ်သားရဲတစ်သောင်းဂိုဏ်းကနေ လာတာလို့ သိရပါတယ်”

“ဒုတိယအဆင့် ကျင့်စဉ်ဖြစ်ပြီး ကြမ်းခင်းစျေး ဝိညာဉ်ကျောက်တုံး ၃၀၀၀ ပါ၊ တစ်ခါတိုးရင် အနည်းဆုံး ၁၀၀ တိုးရပါမယ်"

ဤကျင့်စဉ်၏ အမည်ကို ကြားသောအခါ ကျင့်ကြံသူ အများအပြားမှာ စိတ်ဝင်စားသွားကြသည်။

၎င်းမှာ အခြေခံ တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများနှင့် သင့်တော်သော ဒုတိယအဆင့် ကျင့်စဉ် ဖြစ်သောကြောင့်တင် မဟုတ်ဘဲ မိစ္ဆာသားရဲများကို ကျွန်ပြုနိုင်သော အစွမ်းရှိသောကြောင့် ဖြစ်သည်။

မိစ္ဆာသားရဲများနှင့် အမြဲတစေ ရင်ဆိုင်နေရသော တာဟဲ ဈေးမြို့တော်ရှိ တစ်ကိုယ်တော်ကျင့်ကြံသူများအတွက်မူ ဤကျင့်စဉ်မှာ အလွန်ပင် အကျိုးရှိပေလိမ့်မည်။

ထို့အပြင် ဈေးနှုန်းမှာလည်း သိပ်မကြီးလှချေ။ ပုံမှန်အားဖြင့် ဒုတိယအဆင့် ကျင့်စဉ်တစ်ခုမှာ ဝိညာဉ်ကျောက်တုံး ၅၀၀၀ မှ စတင်လေ့ရှိသည်။ ၃၀၀၀ ဆိုသည်မှာ အမှန်တကယ်ပင် အထူးလျှော့ဈေး ဖြစ်ပေသည်။

လော့ချန်၏ မျက်လုံးများမှာ ထိုကျောက်စိမ်းလိပ်ကို ကြည့်ရင်း တောက်ပလာသည်။

လော့ချန်၌ လခြမ်းတောင်ကြား၏ မြေအောက်တွင် အကျဉ်းကျနေသော ဒုတိယအဆင့် မျောက်ဝံ တစ်ကောင် ရှိနေလေသည်။ ဤကျင့်စဉ်ကို အသုံးပြုပြီး ထိုမျောက်ကြီးအား ယဉ်ပါးအောင် သူကြိုးစားကြည့်ချင်နေသည်။

ဝိညာဉ်ကျောက်တုံး ထောင်ဂဏန်းဆိုသည်မှာ ယခုအခါ သူ့အတွက် ဘာမှမဟုတ်တော့ပေ။

ဝိညာဉ်ကျောက်တုံး ပမာဏမှာ လက်ရှိအခြေအနေတွင် သူ့အတွက် အရေးကြီးသော ကိစ္စ မဟုတ်တော့ချေ။ ထို့ကြောင့် သူသည် တွန့်ဆုတ်ခြင်းမရှိဘဲ လေလံဆွဲရာတွင် ပါဝင်လိုက်သည်။

အဆုံးသတ်တွင်မူ သူသည် ဝိညာဉ်ကျောက်တုံး ၅၅၀၀ ဖြင့် ထိုကျမ်းကို ရရှိခဲ့သည်။ ဈေးချိုသည်ဟု သတ်မှတ်၍မရသော်လည်း တန်သည်ဟု ပြောရပေမည်။ ၎င်းမှာ အဓိကကျင့်စဉ်တစ်ခု မဟုတ်သောကြောင့်လည်း အခြားသော ကျင့်ကြံသူများမှာ အသေအလဲ လုယူခြင်း မပြုခဲ့ကြခြင်း ဖြစ်သည်။

ဝိညာဉ်သားရဲ တစ်သောင်းကျမ်းကို ရရှိပြီးနောက် လော့ချန်သည် ကျန်ရှိသော လေလံပစ္စည်းများကို စိတ်မဝင်စားတော့ချေ။ ရှားပါးပစ္စည်းများ နှင့် မှော်ရတနာများသည် ပြီးခဲ့သော လအနည်းငယ်အတွင်းမှာပင် လေလံတင်ခဲ့ပြီး ဖြစ်လေသည်။ ထို့ကြောင့် ယခုလက်ကျန် များမှာ တစ်ကိုယ်တော်ကျင့်ကြံသူများအတွက် ဆွဲဆောင်မှု ရှိနိုင်သော်လည်း လော့ချန်အတွက်မူ စိတ်ဝင်စားစရာ မရှိတော့ချေ။

များမကြာမီမှာပင် ထျန်းရှင်းကျီသည် လေလံပွဲကိစ္စများကို အဆုံးသတ်ကာ လော့ချန်ထံသို့ လျှောက်လာခဲ့သည်။

“အစ်ကိုကြီး ဒါက ဒီလအတွက် သွေးအဆီအနှစ်ဆေးလုံး တွေပါ…. ဆေးလုံးအရေအတွက်ပြည့် မပြည့်စစ်ကြည့်ဦးနော်”

သူသည် ဟန်ပန်လုပ်ခြင်း သို့မဟုတ် စကားရွှန်းရွှန်းဝေအောင် ပြောခြင်းမျိုး မလုပ်တော့ချေ။

ထျန်းရှင်းကျီသည် သူ၏ ဝိညာဉ်အသိစိတ်ဖြင့် ဆေးလုံးများကို စစ်ဆေးလိုက်သည်။ အရေအတွက် မှန်ကန်ကြောင်း အတည်ပြုပြီးနောက် လော့ချန်အား ဝိညာဉ်ကျောက်များ ပေးချေလိုက်သည်။

သူတို့နှစ်ဦးသည် အပြင်မှ မည်သူမျှ မကြားနိုင်အောင် အသံလုံအစီအရင်ဖြင့် ကာရံထားသော အထူး ဧည့်သည်တော်များ နေရာတွင် ထိုင်နေကြသည်။

ထျန်းရှင်းကျီက စကားစလိုဟန်ဖြင့် သက်ပြင်းချလိုက်သည်။

“ဟူး.... အင်အားကြီး ဂိုဏ်းတွေ ဒီမှာ မရှိတော့တာက တစ်ကိုယ်တော်ကျင့်ကြံသူတွေအတွက် ပိုလွတ်လပ်သွားပေမဲ့ နေထိုင်သူတွေ တဖြည်းဖြည်းလျော့လာကုန်ပြီကွာ....”

သူ ပြောသည်မှာ ချဲ့ကားပြောခြင်း မဟုတ်ဘဲ အမှန်တရားပင် ဖြစ်သည်။

တာဟဲဈေးမြို့တော်ရှိ တစ်ကိုယ်တော်ကျင့်ကြံသူ အရေအတွက်မှာ ဆက်တိုက်ဆိုသလို လျော့နည်းလာလေသည်။

အတွင်းပိုင်းတွင် တစ္ဆေမြို့ပျက်ကြီး ရှိနေပြီး အပြင်ဘက်တွင်လည်း မိစ္ဆာသားရဲများ၏ မကြာခဏ ကျူးကျော်မှုကို ခံနေရသဖြင့် ချီစွမ်းအား ကြွယ်ဝသော နယ်မြေပင်ဖြစ်လင့်ကစား လုံခြုံမှု မရှိတော့သဖြင့် နေလိုသူမရှိတော့ပေ။

တစ်ကိုယ်တော်ကျင့်ကြံသူ အများအပြားမှာ တာဟဲဈေးမြို့တော်မှ ထွက်ခွာသွားကြပြီ ဖြစ်သည်။ ကျန်ရှိနေသော လူများမှာလည်း နွေဦးရောက်လာလျှင် အခြေအနေကို ပြန်လည် ဆန်းစစ်ပြီး နေရန် မနေရန် ဆုံးဖြတ်ကြမည့်သူများသာ ဖြစ်သည်။

“ညီလေး.... ဒီတစ်ခေါက်က အစ်ကိုတို့ရဲ့နောက်ဆုံး အရောင်းအဝယ် ဖြစ်ချင်ဖြစ်သွားလိမ့်မယ်”

ထိုစကားမှာ လေသံပျော့ပျော့ဖြင့် ခပ်တိုးတိုးပြောလိုက်ခြင်း ဖြစ်သော်လည်း လော့ချန်အတွက်မူ သူ့ခေါင်းပေါ်သို့ ကောင်းကင်ပြိုကျသွားသကဲ့သို့ ခံစားလိုက်ရသည်။

“အစ်ကိုတို့က ထွက်သွားတော့မလို့လား….”

ထျန်းရှင်းကျီက ခေါင်းညိတ်ပြသည်။ သူ၏ မျက်နှာတွင် စိုးရိမ်မှု၊ မျှော်လင့်ချက်နှင့် နောင်တတို့ ရောယှက်နေပြီး၊ အလွန်ပင် နားလည်ရခက်သော လေသံဖြင့် ပြောလိုက်သည်။

“အေးကွာ.... နောက်ရက်ပိုင်းအတွင်းမှာ ဖြစ်လိမ့်မယ်ထင်တယ်.... နှမြောစရာ ကောင်းတာကတော့ မပြီးပြတ်သေးတဲ့ ကိစ္စတွေ အများကြီး ကျန်နေသေးတာပဲ"

လော့ချန်မှာ အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ထျန်းရှင်းကျီ ထွက်သွားတော့မည်မှာ သူ လုံးဝ မထင်ထားသော ကိစ္စတစ်ခုဖြစ်သည်။ နဂါးရတနာမှောင်ခိုစျေးကွက်သည် တာဟဲစျေးမြို့တော်တွင် ရေရှည်စီမံကိန်းရှိသည်ဟု သူထင်ခဲ့သည်။ ရုတ်တရက် အလျင်စလို ထွက်သွားတော့မည်ဟု သူလုံးဝမယုံချင် ဖြစ်နေသည်။

သူမတွေးချင်သည့် နယ်မြေလုစစ်ပွဲကြီးမှာ အမှန်တကယ်များ ဖြစ်တော့မည်လားဟု တွေးမိလိုက်သည်။

လော့ချန်၏ ဇဝေဇဝါ ဖြစ်နေမှုကို မြင်သောအခါ ထျန်းရှင်းကျီသည် စကားအပိုများကို ထပ်မပြောတော့ချေ။ သူ၏ သိုလှောင်အိတ်ထဲမှ ဆေးလုံးပုံတစ်ခုကို ထုတ်လိုက်သည်။

“ဒါက အစ်ကို ညီလေးကို ကတိပေးထားတဲ့ ရောင်စဉ်အနှစ်သာရ ဆေးရည်ပုလင်း၊ စုစုပေါင်း သုံးပုလင်းဆိုတော့ ညီလေးအတွက် တော်တော်ကြာကြာလေး အသုံးခံမှာပါ....”

“ဒါကတော့ ညီလေးသူငယ်ချင်း တောင်းထားတဲ့ ဒုတိယအဆင့် ချီသန့်စင် ဆေးလုံးပါ…. ကံဆိုးတာက ညီလေး လိုချင်တဲ့ ပထမအဆင့် ဆေးလုံးတွေပဲ…. တခြားလူတစ်ယောက်က အရင်လု ဝယ်သွားလို့ ဘာမှ မတတ်နိုင်ခဲ့ဘူး"

ဆေးလုံး အဆင့်မှာ အရေးမကြီးလှချေ သူသည် မည်သည့်အဆင့်ကိုမဆို အသုံးပြုနိုင်သည်။

လော့ချန်သည် ဆေးလုံး နှစ်မျိုးလုံးကို ယူလိုက်ပြီးနောက် ထျန်းရှင်းကျီကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်သည်။

ထိုမျှော်လင့်ချက်ကြီးမားသော အကြည့်အောက်တွင် ထျန်းရှင်းကျီ အနည်းငယ် နေရခက်သွားဟန် ရှိသည်။

လော့ချန် အလိုချင်ဆုံး ဆေးလုံးကို သူတို့နှစ်ဦးလုံး ကောင်းကောင်း သိကြသည်။ သူ မလုံမလဲ ပြောလိုက်သည်။

“အခြေတည်ဆေးလုံးတွေကို အစက ညီလေးအတွက် စီစဥ်ထားတာပဲ.... ခက်တာက အဲ့ဒါက အချိန်နည်းနည်း ကြာဦးမှာဆိုတော့....”

'လခွမ်းပဲ'

အဆင့်မြင့်ကျင့်ကြံသူများ၏ အချိန်ဆိုသော အဓိပ္ပာယ်မှာ ချီသန့်စင်အဆင့် ကျင့်ကြံသူများနှင့် လုံးဝ ကွဲပြားကြောင်း လော့ချန် အစကတည်းက သိထားခဲ့သည်။

တစ်ကိုယ်တော်ကျင့်ကြံသူများအတွက် မကြာမီ ဆိုသည်မှာ ဆယ်ရက် သို့မဟုတ် လဝက်ခန့် ဖြစ်သော်လည်း အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများအတွက်မူ မကြာမီ ဆိုသည်မှာ နှစ်ပေါင်းများစွာ ဖြစ်နေနိုင်ပေသည်။

အကယ်၍ မှောင်ခိုဈေးကွက်သာ တာဟဲစျေးမြို့တော်မှ ပျောက်သွားပါက သူသည် ထျန်းရှင်းကျီကို မည်သည့်နေရာတွင် ပြန်ရှာရမည်နည်း။ စင်စစ်တွင်မူ ထိုအခြေတည်ဆေးလုံး သုံးလုံးဆိုသည်မှာ အာချောင်လိုက်သော လေထဲက ကတိစကား သက်သက်ပင် ဖြစ်ပေလိမ့်မည်။

ထိုအတွေးမှာ လော့ချန်၏ ခေါင်းထဲသို့ လျှပ်စီးသဖွယ် ဖြတ်ပြေးသွားပြီး မျက်နှာမှ အပြုံးမှာလည်း ချက်ချင်းပျောက်ကွယ်သွားတော့သည်။

ထျန်းရှင်းကျီသည်လည်း သူ၏ လုပ်ရပ်မှာ အပြောနှင့် အလုပ် မညီဘဲ သိက္ခာမဲ့သွားကြောင်း ကောင်းစွာ သိသည်။ သို့သော် သူ အမှန်တကယ် ကူညီချင်သော်လည်း အချို့ထိန်းချုပ်ရခက်သော အခြေအနေများတွင် သူ ဘာမှမတတ်နိုင်ပေ။ ရုတ်တရက် ခေါင်းငိုက်စိုက် ငြိမ်ကျသွားသော လော့ချန်ကို ကြည့်လိုက်ကာ သူ ငွေဖြူရောင် ငါးမြှောင့်ကြယ်တစ်ခုကို ထုတ်ပေးလိုက်သည်။

၎င်းမှာ သစ်သားဖြင့် ပြုလုပ်ထားသော ရုပ်သေးရုပ်နှင့် တူသယောင်ရှိလေသည်။

လော့ချန်သည် ထိုငါးမြှောင့်ကြယ်ကို လက်ထဲတွင် ကိုင်ထားရင်း ထျန်းရှင်းကျီကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။

“ဒါက အစ်ကို့ရဲ့ အမှတ်အသားတံဆိပ်ပြားပဲ…. အစ်ကိုက ကတိဖျက်တတ်တဲ့လူစားမျိုး မဟုတ်ပါဘူး.... ညီလေးကို ပေးထားတဲ့ ကတိကို အခြေအနေပေးတာနဲ့ အကောင်အထည်ဖော်ပေးပါမယ်.... အဲဒီ တံဆိပ်ပြားကို သေချာသိမ်းထား.... အလွန်ဆုံးကြာ တစ်နှစ် နှစ်နှစ်ပေါ့ကွာ…. လူကြုံတစ်ယောက်နဲ့ အခြေတည်ဆေးလုံး ရောက်အောင် ပို့ပေးမယ်…. လက်ခံယူတဲ့ အချိန်ကျရင် ဒီအမှတ်အသားတံဆိပ်ကို သက်သေအဖြစ် ပြပြီးမှ ယူလိုက်”

ထိုသို့ ရှင်းပြပြီးသောအခါ ထျန်းရှင်းကျီသည် အနည်းငယ် စိတ်သက်သာရာ ရသွားပုံ ပေါ်သည်။ ထို့နောက် သူ့မုတ်ဆိတ်မွေးကို သပ်ရင်း တဟဲဟဲ ရယ်မောလိုက်သည်။

“ဟဲဟဲ.... ညီလေးရဲ့ အသက်အရွယ်နဲ့ဆိုရင် အဲ့ဒီလောက် အချိန်ကိုတော့ စောင့်နိုင်ဦးမယ် မဟုတ်လားကွာ”

လော့ချန်မှာ သက်ပြင်းသာ ချလိုက်တော့သည်။ ဤအခြေအနေမျိုးတွင် သူ မည်သို့ တုံ့ပြန်နိုင်ဦးမည်နည်း။ အနည်းဆုံးတော့ သူ့တွင် မျှော်လင့်ချက်ရှိနေသေးသည်။ ဤအခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူသည် သူတို့နှစ်ဦး၏ ပူးပေါင်းဆောင်ရွက်မှု အဆုံးသတ်သွားသော်လည်း ဆေးလုံးများကို မရနိုင်တော့ဟု တုံးတိ မပြောခဲ့ချေ။

“ဒါဆိုရင်တော့ အစ်ကိုကြီးကိုပဲ ဒုက္ခပေးရတော့မှာပေါ့ ကူညီပါဦးဗျာ” ဟုသာ လော့ချန် အနိုင်နိုင် ပြုံးရင်း ပြောလိုက်သည်။

ထျန်းရှင်းကျီကမူ လော့ချန်၏ အမူအရာကို ဂရုမစိုက်တော့ချေ။ သူ့ထံမှ ဝယ်လက်တစ်ချို့စောင့်မျှော်နေသည့် သွေးအဆီအနှစ်ဆေးလုံး အမြောက်အမြားကို လုံလောက်စွာ စုဆောင်းနိုင်ခဲ့ပြီ ဖြစ်သည်။

လော့ချန်အတွက်လည်း သူ တတ်နိုင်သမျှ အစွမ်းကုန် လုပ်ဆောင်ပေးခဲ့ပြီး ဖြစ်ရာ သူအတွက် စိတ်မရှင်းစရာ မရှိပေ။

မှောင်ခိုစျေးကွက် ပိတ်သိမ်းခြင်း မပြုမီ ထျန်းရှင်းကျီသည် ပြန်ရန်ဟန်ပြင်နေသော လော့ချန်ကို လှမ်းခေါ်လိုက်သည်။

“ညီလေး ပြက္ခဒိန်အရ ယုန်နှစ်ရောက်ဖို့ နီးလာပြီ…. ဆီးနှင်းတွေလည်း မကြာခင် အရည်ပျော်တော့မယ်…. ပြီးတော့ ကျောက်စိမ်းအိုး ဓားဂိုဏ်းက ပြန်လာမှာ မဟုတ်ဘူးဆိုတာလည်း သေချာသလောက် ရှိနေပြီ.... အဲ့တော့ ညီလေး ပြင်ဆင်စရာ ရှိတာတွေ ပြင်ထား.... ဆေးဖော်တဲ့ သူငယ်ချင်းကိုလည်း သေချာပြောပြ….”

“တကယ်လို့ ညီလေး တာဟဲစျေးမြို့တော်ကနေ ပြောင်းအခြေချတော့မယ်ဆိုရင် အစ်ကိုရဲ့ တံဆိပ်ပြားကိုသုံးပြီး ထျန်းလန်နတ်ဘုရားမြို့တောမှာရှိတဲ့ ရုပ်သေးမျှော်စင်ဆီကို လာရှာလိုက်ပါ"

လော့ချန်၏ မျက်ဝန်းများမှာ ဝင်းလက်သွားသည်။

ရုပ်သေးမျှော်စင် ဆိုသည်မှာ ပျံလွှားဂိုဏ်း၏ လက်အောက်ခံ လုပ်ငန်းတစ်ခု ဖြစ်ပေသည်။ နောက်ဆုံးလမ်းခွဲချိန်တွင် ထျန်းရှင်းကျီက သူ၏ နောက်ခံကို မဖုံးကွယ်တော့ပဲ ရိုးရိုးသားသား ချပြလိုက်ခြင်းဖြစ်သည်။

ငါးမြှောင့်ကြယ် ရုပ်သေးရုပ်လေးကို တင်းတင်းဆုပ်ကိုင်ရင်း လော့ချန် ကျေးဇူးတင်စွာ ခေါင်းညိတ်ပြလိုက်သည်။

….

လော့ထျန်းအဖွဲ့ချုပ်သို့ ပြန်ရောက်သောအခါ လော့ချန်သည် တလွင်လွင်တိုက်ခတ်နေ‌ သော လေရူးကို ရင်ဆိုင်ရင်း မတ်တပ်ရပ်နေသည်။ သူ၏ စိတ်မှာ လုံးဝကို ကြည်လင်နေပြီ ဖြစ်ရာ ကဗျာတစ်ပုဒ်ပင် စပ်ဆိုလိုက်သေးသည်။

“နှင်းရည်ပျော် လွင့်ပြယ်ခွာ….

နွေဦးဆန်းသစ် အခါ….

ယုန်နှစ်မှာ သစ်လွင်လို့….

ရှေ့ခရီးကို လှမ်းကြစို့…."

လော့ထျန်းအဖွဲ့ချုပ်နှင့် လော့ချန် အတွက်မူ မကြာမီပင် အကြီးမားဆုံးသော စမ်းသပ်မှုကြီးစတင်တော့မည် ဖြစ်သည်။

“ကဲ ငါ အဆင်သင့်ဖြစ်ပြီ”

လော့ချန်သည် မှောင်ခိုစျေးကွက်မှ ရရှိခဲ့သော ဝိညာဉ်သားရဲ တစ်သောင်းကျမ်း စာလိပ်လေးကို ထုတ်ယူကြည့်ရင်း လေရူးနှင့်အတူ အတွေးများ ပြန့်ကျဲနေတော့သည်။

All Chapters