← Chapters

အခန်း (၁၆၃၁-၁၆၃၂)

Vol. 164 Ch. 1631-1632

အခန်း (၁၆၃၁-၁၆၃၂)

Vol. 164 Ch. 1631-1632

အခန်း (၁၆၃၁) - ဒါက တကယ်ကို ကောင်းသွားတာပဲ

"စီနီယာအစ်မကြီး ပေးထားတဲ့ နတ်ဘုရားခရီးနှင်ခြင်း အဆောင်ကို ဒီနေရာမှာတင် ဖြုန်းတီးပစ်လို့တော့ မဖြစ်ဘူး၊ ငါတို့ တစ်နေရာရာမှာ ခဏလောက် ပုန်းနေကြမလား"

အမာခံတပည့် ချန်က ဖန့်ချန်တို့ နှစ်ဦးကို ကြည့်ကာ စိတ်ချင်းဆက်သွယ်၍ အကြံပြုလိုက်သည်။

ကြာနီနတ်မိမယ်၏ မျက်နှာမှာလည်း အတော်လေး တည်ကြည်လေးနက်နေသည်။

"မသေမျိုးလောကငယ် မှတ်တမ်းတွေထဲမှာတော့ တာ့ပေတပ်ဖွဲ့က ရင်ဆိုင်ရ တော်တော်ခက်တယ်လို့ ဆိုတယ်။ သူတို့နဲ့ တစ်ခါ ငြိမိပြီဆိုရင် တာ့ပေတပ်ဖွဲ့ဝင်တွေ တစ်သုတ်ပြီးတစ်သုတ် ရောက်လာတတ်တာ။ သူတို့လက်ကနေ ရုန်းထွက်ဖို့ဆိုတာ မလွယ်ဘူး။"

"ဒါဆိုရင် အရင်ဆုံး ရှောင်လိုက်ကြတာပေါ့"

ဖန့်ချန်က ခပ်ဖွဖွ ခေါင်းငြိမ့်ပြလိုက်သည်။

မကြာမီမှာပင် သူတို့ သုံးယောက်သည် အခြားထွက်ပေါက်တစ်ခုမှတစ်ဆင့် လက်ဖက်ရည်ဆိုင်အတွင်းမှ ထွက်ခွာခဲ့ကြသည်။ သူတို့ ထွက်ခွာသွားချိန်မှာပင် တာ့ပေတပ်ဖွဲ့ဝင်များသည် ဆိုင်အတွင်းသို့ ဝင်ရောက်လာပြီး လူတိုင်း၏ မသေမျိုးနိုင်ငံသား မှတ်ပုံတင်များကို စတင်စစ်ဆေးနေပြီ ဖြစ်သည်။

သူတို့ သုံးယောက် အသက်ရှူချောင်ချိန်ပင် မရသေးမီ အဝေးတစ်နေရာမှ အခြား တာ့ပေတပ်ဖွဲ့တစ်စု ထပ်မံလျှောက်လှမ်းလာပြီး လမ်းတစ်လျှောက်ရှိ လူများကို ရွေးချယ်စစ်ဆေးနေသည်ကို တွေ့လိုက်ရပြန်သည်။

"ဘာတွေဖြစ်နေတာလဲ။ နတ်ဘုရားရင်းမြစ်ကျောက် နယ်မြေထဲကို မသေမျိုးဆိုးတွေ ရောက်နေလို့လား"

"မသိဘူးလေ။ ဒါပေမဲ့ တာ့ပေတပ်ဖွဲ့ဝင်တွေ ဒီလောက်အများကြီး ထွက်လှုပ်ရှားနေတယ်ဆိုရင်တော့ ကောင်းတဲ့လက္ခဏာတော့ မဟုတ်ဘူး"

ဘေးပတ်ဝန်းကျင်ရှိ လူများမှာ တိုးတိုးတိတ်တိတ် ရေရွတ်နေကြသည်။

"ဒီနေရာမှာ ကြာကြာနေလို့ မဖြစ်တော့ဘူးပဲ"

ဖန့်ချန်က ခပ်တိုးတိုး သက်ပြင်းချလိုက်မိသည်။

အနည်းငယ်တော့ နှမြောစရာပင်။ ယခုအချိန်အထိ သူသည် မသေမျိုးကျောက်တုံး တစ်သောင်းနီးပါးသာ ရှာဖွေနိုင်သေးသည်။ အကယ်၍ နောက်ထပ် အချိန်အနည်းငယ်သာ ဆက်နေနိုင်လျှင် သူရှာဖွေရရှိမည့် မသေမျိုးကျောက်တုံးများမှာ နောင်နှစ်ပေါင်း ရာချီအထိ သုံးမကုန်နိုင်အောင် ရှိပေလိမ့်မည်။

သူတို့ သုံးယောက် တိုင်ပင်ပြီးနောက် ဤပြဿနာများရှိရာ နယ်မြေမှ ယာယီ ထွက်ခွာရန် ဆုံးဖြတ်လိုက်ကြသည်။ သူတို့ သုံးဦး၏ ကျင့်ကြံမှုအဆင့်အရ နတ်ဘုရားရင်းမြစ်ကျောက် နယ်မြေမှ မသိမသာ ထွက်ခွာသွားရန်မှာ ခက်ခဲသော ကိစ္စမဟုတ်ချေ။

နာရီအနည်းငယ် ကြာပြီးနောက် သူတို့ သုံးယောက်သည် နတ်ဘုရားရင်းမြစ်ကျောက် နယ်မြေနှင့် အလှမ်းဝေးရာသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ကြာနီနတ်မိမယ်က စကားတစ်ခွန်း ပြောရန် ပြင်လိုက်စဉ်မှာပင် သူမ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ပျော့ခွေသွားတော့သည်။ သူမသည် ဖန့်ချန်၏ ပခုံးကို အတင်းလှမ်းဆွဲရန် ကြိုးစားသော်လည်း လက်ထဲမှ အင်အားများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားကာ မြေပြင်ပေါ်သို့ ပုံလျက်သား လဲကျသွားတော့သည်။

ဖန့်ချန်သည် ကြာနီနတ်မိမယ်ကို ဆွဲပွေ့လိုက်ပြီး မသေမျိုးစွမ်းအား များကို လှည့်ပတ်လျက် အမာခံတပည့် ချန်နှင့် ချက်ချင်းပင် အကွာအဝေးတစ်ခုသို့ နောက်ဆုတ်လိုက်သည်။

သူ ခုနက ရပ်နေခဲ့သော နေရာမှာ အမာခံတပည့် ချန်၏ လက်ဝါးရိုက်ချက်ကြောင့် နက်ရှိုင်းသော ကျင်းကြီးတစ်ခု ဖြစ်သွားခဲ့သည်။ အကယ်၍ ဖန့်ချန်သာ အချိန်မီ မရှောင်တိမ်းနိုင်ခဲ့လျှင် အရိုးများ ကြေမွသွားသည်အထိ ဒဏ်ရာရသွားနိုင်ပေသည်။

အမာခံတပည့် ချန်မှာ အနည်းငယ် အံ့အားသင့်သွားပုံရသည်။ သူသည် အဆင့် ၄ မသေမျိုး တစ်ဦး ဖြစ်ပါလျက် ရုတ်တရက် တိုက်ခိုက်မှုကို တစ်ဖက်လူက ရှောင်တိမ်းနိုင်ခဲ့သောကြောင့် ဖြစ်သည်။

"ဒီအမြန်နှုန်းက... လူသားမသေမျိုး တစ်ယောက်ရဲ့ အမြန်နှုန်းမျိုး မဟုတ်ဘူးပဲ"

အမာခံတပည့် ချန်က ခပ်ဖျော့ဖျော့ ရယ်မောလိုက်ပြီး မသေမျိုးစွမ်းအားများကို အပြင်းအထန် လှည့်ပတ်ကာ အတင်းအကြပ် ထပ်မံတိုက်ခိုက်ရန် တိုးဝင်လာတော့သည်။ ဖန့်ချန်မှာမူ ကြာနီနတ်မိမယ်ကို ပွေ့ချီလျက် လှည့်ထွက်ကာ ထွက်ပြေးရတော့သည်။

သူသည် ရိပ်ခြေဗုဒ္ဓပညာရပ် ကို အသုံးမပြုသေးဘဲ ဓားအသွင်ပြောင်းပညာရပ် ကိုသာ အသုံးပြု၍ အမာခံတပည့် ချန်နှင့် ဘေးကင်းသော အကွာအဝေးတစ်ခုကို ထိန်းထားလိုက်သည်။

"မိတ်ဆွေ ချန်... မင်းနဲ့ ငါက ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့်တွေပဲ၊ ဘာလို့ ငါ့ကို တိုက်ခိုက်ရတာလဲ"

ဖန့်ချန်က ပြုံးလျက် စိတ်ချင်းဆက်သွယ်ကာ မေးလိုက်သည်။

"မင်းက နည်းနည်းလေးတောင် အံ့သြမသွားဘူးလား။ ဘယ်တုန်းက သိသွားတာလဲ"

အမာခံတပည့် ချန်က ဖန့်ချန်၏ မေးခွန်းကို မဖြေဘဲ အံ့အားသင့်သည့် အမူအရာဖြင့် ပြန်မေးလိုက်သည်။

"မင်းက ငါနဲ့ ကြာနီနတ်မိမယ် နတ်ဘုရားရင်းမြစ်ကျောက် နယ်မြေမှာ အများကြီး နိုင်ခဲ့တယ်လို့ ပြောခဲ့တယ်လေ။ မိတ်ဆွေ ချန်... ကျောက်ကစားတဲ့သူ ၁၀၀ မှာ ၉၉ ယောက်က ရှုံးကြတာ။ ငါ့ရဲ့ ကံကောင်းမှုကို မင်းက မရောက်လာခင်ကတည်းက ဘယ်လိုလုပ် သိနေတာလဲ။

မိတ်ဆွေ ရွှီတို့နဲ့ ဆုံခဲ့လို့လား၊ ဒါမှမဟုတ် ရွှီခွန်းကလည်း မင်းလိုပဲ ငါ့ကို လုပ်ကြံဖို့ ကြံစည်နေတာလား"

"ဒီလောက်လေးနဲ့ပဲ မင်းက ငါ့ကို သံသယဝင်ခဲ့တာလား"

အမာခံတပည့် ချန်မှာ အတော်လေး အံ့သြသွားရသည်။ သူသည် ကျွယ်မင်နန်းတော်၏ အမာခံတပည့်တစ်ဦး ဖြစ်ပါလျက်နှင့် တစ်ဖက်လူမှာ ဤမျှအထိ သံသယကြီးလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ဖန့်ချန်၏ အမြန်နှုန်းမှာ အလွန်ပင် မြန်ဆန်လှပြီး ကြာနီနတ်မိမယ်ကို ပွေ့ချီထားသည့်တိုင် အဆင့် ၄ မသေမျိုးဖြစ်သော သူ့ကို ရင်ဘောင်တန်းနိုင်နေသည်ကို တွေ့ရသောအခါ... ဖန့်ချန်တွင် ခန္ဓာကိုယ်အမြန်နှုန်းကို မြှင့်တင်ပေးသော အဆောင် သို့မဟုတ် ဝိညာဉ်လက်နက် တစ်ခုခု ရှိနေမည်ဟု သူ ခန့်မှန်းလိုက်သည်။

"မိတ်ဆွေ ဖန့်... မပြေးပါနဲ့တော့။ မင်းရဲ့ ခန္ဓာကိုယ်ထဲက မသေမျိုးစွမ်းအားက ငါ့ရဲ့ သုံးပုံတစ်ပုံတောင် မရှိဘူး။ ဒီအရှိန်နဲ့ ပြေးနေမယ်ဆိုရင် အလွန်ဆုံး ရက်အနည်းငယ်လောက်ဆိုရင်ပဲ မင်းရဲ့ စွမ်းအားတွေ ကုန်ခမ်းသွားလိမ့်မယ်။

ငါတို့ အေးအေးဆေးဆေး စကားပြောကြတာပေါ့။ ငါတို့ကြားမှာ ရန်ငြိုးရန်စလည်း မရှိပါဘူး။ ငါက လူတစ်ယောက်ရဲ့ အကူအညီတောင်းမှုကို လက်ခံထားလို့ မင်းကို ပညာပေးချင်ရုံ သက်သက်ပါ"

ဟု အမာခံတပည့် ချန်က ဖျောင်းဖျလိုက်သည်။

"မိတ်ဆွေ ချန်... ငါ့ကို သုံးနှစ်သားကလေးများ မှတ်နေသလား။ မင်း ငါ့ကို တိုက်ခိုက်ခဲ့ပြီးပြီ။ ဒီကိစ္စကို စီနီယာအစ်မကြီး သိသွားရင် သူမရဲ့ စိတ်နေစိတ်ထားအရ မင်း သေရမှာ အသေအချာပဲ။ ငါတို့ကြားမှာ ဘာစကားပြောစရာ ကျန်သေးလို့လဲ"

ဖန့်ချန်က ရယ်မောကာ ပြန်ပြောလိုက်သည်

"ငါ့ကို နတ်ဘုရားခရီးနှင်ခြင်း အဆောင်ကို ဖျက်ဆီးပစ်အောင် မတွန်းအားပေးပါနဲ့။ မင်း အမှားကို သိပြီး ပြန်လှည့်သွားတာက ပိုကောင်းပါလိမ့်မယ်။

တစ်ခုတော့ ရယ်စရာပဲ။ ငါက အချိန်မရွေး ဒီကနေ ထွက်သွားနိုင်မှန်း သိလျက်နဲ့ မင်းက ဘာလို့ တိုက်ခိုက်ရဲရတာလဲ"

အမာခံတပည့် ချန်၏ မျက်လုံးများထဲတွင် လှောင်ပြုံးတစ်ခု ဖြတ်ပြေးသွားသည်။

"မင်းဆီမှာ နတ်ဘုရားခရီးနှင်ခြင်း အဆောင် ရှိနေလို့ပဲ ငါက မင်းကို တိုက်ခိုက်ရဲတာပေါ့။

ဒါက ရှဲ့အာမန်မှာ တခြား နောက်ကွယ်က အစီအစဉ်တွေ မရှိတော့ဘူးဆိုတာ သက်သေပြနေတာပဲ။ အဲဒီအဆောင်က မင်းတို့ရဲ့ လုံခြုံရေးအတွက် သူမ ထားခဲ့တဲ့ နောက်ဆုံး လက်နက်ပဲလေ။

ဒါပေမဲ့ နှမြောစရာပဲ... မင်းကတော့ အဆောင်ကို သုံးပြီး ထွက်သွားနိုင်ပေမဲ့ ကြာနီနတ်မိမယ်ကော သုံးနိုင်ပါ့မလား"

"သူမက သတိမေ့နေပြီဆိုတော့ အဆောင်ကို သုံးလို့မရဘူး။ မင်း တကယ်ပဲ မင်းရဲ့ အဖော်ကို ဒီမှာ ထားခဲ့ပြီး တစ်ယောက်တည်း ထွက်ပြေးမှာလား"

ဖန့်ချန်သည် ရင်ခွင်ထဲတွင် သတိမေ့နေဆဲဖြစ်သော ကြာနီနတ်မိမယ်ကို တစ်ချက် ကြည့်လိုက်သည်။

သူသည် ကြာနီနတ်မိမယ်ကို ပစ်ထားခဲ့ပြီး ထွက်ပြေးမည့်သူ မဟုတ်ချေ။ သူတို့သည် ဂိုဏ်းချင်း မတူကြသော်လည်း ယခုအချိန်အထိ ဆက်ဆံခဲ့သမျှတွင် ကြာနီနတ်မိမယ်သည် သူ့ကို ရန်မူရန် တစ်ခါမှ မကြံစည်ခဲ့ချေ။ အကယ်၍ သူသာ သတိမေ့သွားခဲ့လျှင်လည်း ကြာနီနတ်မိမယ်က သူ့ကို ကာကွယ်ပေးလိမ့်မည်ဟု သူ ယုံကြည်သည်။

ထို့ပြင်...

အမာခံတပည့် ချန်ကဲ့သို့သော သူမျိုးကို သူက စာရင်းထဲပင် ထည့်မထားချေ။ ယခု တစ်ပါတည်း ထွက်လာကြသော အမာခံတပည့်များထဲတွင် မည်မျှသော သူများက သစ္စာဖောက်များ ဖြစ်နေကြသနည်း ဆိုသည်ကိုသာ သူ သိလိုခြင်း ဖြစ်သည်။

ဖန့်ချန်သည် နတ်ဘုရားခရီးနှင်ခြင်း အဆောင်ကို သုံးရန် အစီအစဉ် မရှိသလို ထွက်ပြေးခြင်းကိုလည်း မရပ်တန့်သည်ကို တွေ့သောအခါ အမာခံတပည့် ချန်၏ မျက်လုံးထဲတွင် အောင်နိုင်သူ၏ အပြုံးတစ်ခု ပေါ်လာသည်။

နောက်တစ်ခဏတွင်... အရပ်လေးမျက်နှာမှ မသေမျိုးစွမ်းအားများ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော မသေမျိုးပညာရပ်များစွာ ဖန့်ချန်ဆီသို့ ဦးတည် တိုက်ခိုက်လာတော့သည်။

ဖန့်ချန်သည် အလင်းတန်းတစ်ခုကဲ့သို့ ခန္ဓာကိုယ်ကို ရုတ်တရက် အောက်သို့ အရှိန်အဟုန်ဖြင့် နှိမ့်ချလိုက်ပြီး ထိုတိုက်ခိုက်မှုများ၏ ကြားမှ ကံကောင်းထောက်မစွာ ရှောင်တိမ်းနိုင်ခဲ့သည်။

ဝုန်း

မသေမျိုးပညာရပ်များစွာ တစ်ခုနှင့်တစ်ခု ထိမိပြီး ပေါက်ကွဲသွားရာ ကြောက်မက်ဖွယ်ရာ တုန်ခါမှုလှိုင်းများ အရပ်မျက်နှာ အနှံ့အပြားသို့ ပျံ့နှံ့သွားတော့သည်။

ခဏချင်းမှာပင် အမာခံတပည့် ချန်အပါအဝင် စုစုပေါင်း အမာခံတပည့် ငါးဦးသည် ဖန့်ချန်နှင့် ကြာနီနတ်မိမယ်ကို ပတ်ပတ်လည် ဝိုင်းရံထားလိုက်ကြပြီ ဖြစ်သည်။

"ဟောင်းချန်... မင်းကလည်း ညံ့ဖျင်းလိုက်တာ။ အဆင့် ၄ မသေမျိုး ဖြစ်နေပြီးတော့ အဆင့် ၃ ရောက်ကာစ လူသားမသေမျိုးလေး တစ်ယောက်ကိုတောင် မဖမ်းနိုင်ဘူးလား"

ရွှီခွန်းက သက်ပြင်းတစ်ချက် ချလိုက်သည်။

သူ့ဘေးတွင် အမြဲရှိနေသော အမာခံတပည့် နှစ်ဦးမှာမူ စကားမပြောဘဲ ဖန့်ချန်ကို အေးစက်သော မျက်လုံးများဖြင့်သာ စိုက်ကြည့်နေကြသည်။

ကျန်ရှိသော တစ်ဦးမှာမူ အစောကတည်းက အမာခံတပည့် ချန်နှင့်အတူ ထွက်ခွာသွားသော အဆင့် ၄ မသေမျိုး အမာခံတပည့်ပင် ဖြစ်သည်။

ယခုအခါတွင် အဆင့် ၄ မသေမျိုး နှစ်ဦး၊ အဆင့် ၃ မသေမျိုး တစ်ဦးနှင့် အဆင့် ၂ မသေမျိုး နှစ်ဦး... စုစုပေါင်း အမာခံတပည့် ငါးဦးက ဖန့်ချန်ကို ဝိုင်းထားခြင်း ဖြစ်သည်။

သူတို့ ဝတ်ဆင်ထားသော ခါးချိတ်တံဆိပ်ပြားများမှာ အားလုံး ခရမ်းရောင်များ ဖြစ်ကြသည်။

ထိုအချက်မှာ ဤငါးဦးစလုံးသည် အပြင်စည်းကျင့်ကြံသူများအဖြစ် ရွေးချယ်ခံရစဉ်က သာမန်ကျင့်ကြံသူများထက် အဆပေါင်းများစွာ သာလွန်သော ရလဒ်များဖြင့် ကျွယ်မင်နန်းတော်၏ အသိအမှတ်ပြုခြင်းကို ခံထားရသူများ ဖြစ်ကြောင်း သက်သေပြနေသည်။

သူတို့သည် တူညီသော အဆင့်အတန်းရှိသူများထဲတွင် ထိပ်တန်း အတော်ဆုံးများ ဖြစ်ကြသည်။

"မိတ်ဆွေ ဖန့်က ငါတို့ကို တစ်ခုခု ဖုံးကွယ်ထားတာပဲ။ သူက သာမန် လူသားမသေမျိုး တစ်ယောက်တော့ မဟုတ်တာ အသေအချာပဲ"

အမာခံတပည့် ချန်က ပြုံး၍ ပြောလိုက်ရင်း မြေပြင်ပေါ်သို့ မျိုးစေ့တစ်ခုကို ပစ်ချလိုက်သည်။

ထိုမျိုးစေ့မှာ မျက်စိရှေ့မှာတင် အညှောက်ပေါက်လာပြီး အလွန်လှပသော ပန်းတစ်ပွင့်အဖြစ် ပြောင်းလဲသွားသည်။ ပန်းပွင့်လွှာများ တုန်ခါသွားသည်နှင့် အလွန်တောက်ပသော ဝတ်မှုန်များ လေထဲသို့ ပျံ့လွင့်သွားပြီး သဘာဝ အစီရင်အတားအဆီးတစ်ခုကို တည်ဆောက်လိုက်တော့သည်။

ဖန့်ချန်သည် ရှေးဦးနတ်ဘုရားမျက်လုံး ကို ဖွင့်ကြည့်လိုက်ရာ သူ၏ အမြင်အာရုံထဲတွင် ပတ်ဝန်းကျင်ရှိ လိုင်းကြောင်းများမှာ ထူးခြားစွာ ပြောင်းလဲသွားပြီး လူတိုင်းကို ထူးဆန်းသော အာကာသနယ်မြေတစ်ခုအတွင်းသို့ ဆွဲခေါ်သွားသလို ခံစားလိုက်ရသည်။ ဘေးပတ်ဝန်းကျင် မြင်ကွင်းများမှာလည်း လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

"မိတ်ဆွေ ဖန့်... ဒီပန်းရဲ့ နာမည်ကို သိလား"

အမာခံတပည့် ချန်၏ မျက်နှာတွင် အပြုံးမှာ ပို၍ပင် တောက်ပလာသည်။

ရွှီခွန်းတို့ အုပ်စု၏ မျက်လုံးထဲတွင်လည်း အရာအားလုံးကို ထိန်းချုပ်ထားနိုင်ပြီဟူသော အပြုံးများ ပေါ်လာကြသည်။

"မမြင်ဖူးဘူး၊ အဲဒါ ဘာပစ္စည်းလဲ" ဖန့်ချန်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"ဒီပန်းရဲ့ နာမည်က ရက်တစ်ရာနီ လို့ ခေါ်တယ်။ နာမည်အတိုင်းပဲ သူက တကယ် ပွင့်လာဖို့ ရက်ပေါင်း တစ်ရာ ကြာတယ်။

သူ ကြီးထွားနေတဲ့ ကာလအတွင်းမှာ သူ့ကိုယ်သူ ကာကွယ်ဖို့အတွက် ပတ်ဝန်းကျင် အရာအားလုံးကို ပုံဖျက်ပစ်ပြီး သီးခြားနယ်မြေ တစ်ခုအဖြစ် ဖန်တီးလိုက်တာ။"

အမာခံတပည့် ချန်က အေးအေးဆေးဆေးပင် ဆက်ပြောပြသည်။

"ဆိုလိုတာကတော့ အခုကစပြီး ရက်ပေါင်း တစ်ရာ ပြည့်တဲ့အထိ မင်း ဒီနေရာကနေ ထွက်သွားလို့ မရတော့ဘူး။ နတ်ဘုရားခရီးနှင်ခြင်း အဆောင်တောင် မင်းအတွက် ဘာမှ အသုံးဝင်မှာ မဟုတ်တော့ဘူး။

ကျင့်ကြံသူတစ်ယောက်အနေနဲ့ မိန်းမကိစ္စတွေမှာ စိတ်မနစ်မွန်းသင့်ဘူး၊ အဲဒါက မင်းကို ဒုက္ခပေးလိမ့်မယ်။ မင်းသာ တကယ် တတ်သိလိမ္မာမယ်ဆိုရင် ခုနကတည်းက နတ်ဘုရားခရီးနှင်ခြင်း အဆောင်ကို သုံးပြီး ထွက်ပြေးသွားသင့်တာ"

"ဒါက တကယ်ကို ကောင်းသွားတာပဲ"

ဖန့်ချန်က စိတ်အေးသွားသလို သက်ပြင်းချလိုက်သည်။

တစ်ချိန်တည်းမှာပင်...

ပြင်ပ ဟင်းလင်းပြင်အတွင်း၌ အဖြူရောင် အလင်းတန်းတစ်ခု ပေါ်လာပြီး ဆဋ္ဌမမြောက် ကြယ်တာရာမသေမျိုး မှာ ဘာမှမရှိသော ကွင်းပြင်ကို ကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်လျက် ချွေးစေးများ ပြန်လာတော့သည်။

"သွားပြီ... စီနီယာအစ်မ အာမန်တော့ ငါ့ကို သတ်တော့မှာပဲ..."

အခန်း (၁၆၃၂) - သေခါနီးအချိန်လေးမှာ

အမာခံတပည့် ချန်က အနည်းငယ် မှင်သက်သွားပြီး မိမိကြားလိုက်သည်ကို မှားယွင်းနေသည်ဟု ထင်မှတ်ကာ

"ခုနက မင်း ဘာပြောလိုက်တာလဲ"

"ငါက ပြောတာပါ... ဒါက တကယ်ကို ကောင်းသွားတာပဲလို့"

ဖန့်ချန်က ပြန်ပြောလိုက်သည်။

ရွှီခွန်းနှင့် ကျန်သူများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး မျက်လုံးများထဲတွင် မသိမသာ အထင်သေးသည့် အရိပ်အယောင်များ ပေါ်လာကြသည်။

ရွှီခွန်းက ပြုံးလျက်

"မိတ်ဆွေ ဖန့်... မင်း နတ်ဘုရားရင်းမြစ်ကျောက်တွေအကြောင်းကို အသေအချာ လေ့လာထားတာကိုတော့ ငါဝန်ခံပါတယ်၊ ဒါကိုလည်း ငါတကယ် အထင်ကြီးတယ်။

မင်းရဲ့ဦးခေါင်းကို ခွဲပြီး မင်းရဲ့ကျောက်ခွဲပညာရပ်တွေကို စားပစ်ချင်စိတ်တောင် ပေါက်မိတယ်။ မင်းရဲ့ အစီရင်ဗဟိုချက်အပေါ် နားလည်နိုင်စွမ်းကလည်း သာမန်ထက် အများကြီး သာလွန်တာကိုလည်း လက်ခံပါတယ်။

ငါ ကျွယ်မင်နန်းတော်ကို ရောက်ပြီး အမာခံတပည့်ဖြစ်တာ နှစ်ပေါင်းများစွာ ကြာခဲ့ပေမဲ့ အခုထိ လှေနဲ့လူတစ်ထပ်တည်း ကျခြင်းကို မလုပ်နိုင်သေးဘူး၊ အစီရင်မသေမျိုးပညာရပ်ကိုလည်း အသုံးမချနိုင်သေးဘူး"

"ဒါပေမဲ့ အခုက နတ်ဘုရားလောက ထဲမှာလေ။ မင်းမှာ ကိုယ်ပိုင် ရှာဖွေရေးအဖွဲ့ မရှိဘူး၊ ဒါကြောင့် မသေမျိုးလှေအစီရင်ကို အသုံးမပြုနိုင်ဘူး။ စီနီယာအစ်မကြီးတို့လို မင်းရဲ့ ကျောထောက်နောက်ခံတွေလည်း မရှိတော့ဘူး။

အခုအချိန်မှာ ဘယ်သူမှ မင်းကို ကူညီနိုင်မှာ မဟုတ်ဘူး။ ဒီလိုအချိန်မျိုးအထိ မင်းက မင်းရဲ့သိက္ခာကို ထိန်းချင်လို့ပဲ တည်ငြိမ်ချင်ယောင် ဆောင်နေတာလား"

"ငါ သေမှာ သေချာနေပြီလို့ မင်း ထင်နေတာလား"

ဖန့်ချန်က ရွှီခွန်းကို တစ်ချက် ကြည့်လိုက်သည်။

ရွှီခွန်းက ခပ်ဖွဖွ ခေါင်းညိမ့်ပြသည်

"ဘယ်လိုပဲ ကြည့်ကြည့် မင်းမှာ အနိုင်ရမယ့် အခွင့်အရေး မရှိဘူး။ ငါတို့ သုံးယောက် လက်မပါရင်တောင် အဆင့် ၄ မသေမျိုး နှစ်ယောက်တည်းနဲ့တင် မင်းကို နှိမ်နင်းလို့ ရနေပြီ"

"ဒါဆိုရင် ပြောပြကြပါဦး... ဘာလို့ ငါ့ကို သတ်ချင်ကြတာလဲ"

ဖန့်ချန်က ပြုံးလျက်ပင် ဆက်မေးသည်

"ငါ မှန်းကြည့်ရရင်တော့... မင်းတို့က ကျိထျန်းကျွင်းလိုပဲ ရှောက်ကွမ်းယင် ရဲ့ လူတွေ မဟုတ်လား။ ငါ့ကို ရှင်းထုတ်ချင်တာက စီနီယာအစ်မကြီးက ငါနဲ့ ပဉ္စမစီနီယာအစ်ကိုကြီးကို ရှဲ့ကျစ် မသေမျိုးတွေအဖြစ် သတ်မှတ်ပြီး မိစ္ဆာကပ်ဘေး အကြောင်းကို စုံစမ်းခိုင်းဖို့ စီစဉ်ထားလို့လား"

"ကြည့်ရတာ မိစ္ဆာဘေးဒုက္ခက မင်းတို့နဲ့ တကယ်ပဲ ပတ်သက်နေတာပဲ၊ ဒီသတင်းက တော်တော်လေး အဖိုးတန်တဲ့ အောင်မြင်မှုမှတ်တမ်း ဖြစ်လာမှာပဲ"

"မင်းကပဲ အစအဆုံး အကုန်ပြောနေတော့ ငါတို့က ဘာပြောရတော့မှာလဲ"

ရွှီခွန်းက မျက်လုံးတစ်ချက် လှန်လိုက်သည်။

"မင်းတို့က မိစ္ဆာမျိုးနွယ် တွေ မဟုတ်လား။ အရင်ဘဝက မှတ်ဉာဏ်တွေ နိုးထလာကြပြီ ထင်တယ်"

ဖန့်ချန်က ရုတ်တရက် ဆိုလိုက်သည်။

ရွှီခွန်း၏ အမူအရာမှာ ချက်ချင်းပင် လှုပ်ခတ်သွားပြီး ဖန့်ချန်ကို ကြည့်သည့် မျက်လုံးများမှာ အလွန်တရာ တည်ကြည်သွားတော့သည်။ ကျန်ရှိသော သူများ၏ မျက်လုံးများမှာလည်း ထိုစကားကြောင့် ပြောင်းလဲသွားကြသည်။

"မင်းက မိစ္ဆာမျိုးနွယ်အကြောင်း သိတဲ့အပြင် အရင်ဘဝမှတ်ဉာဏ်အကြောင်းကိုပါ သိနေတာလား။ မင်းက ဟိုရင်ဆိုင်ရခက်တဲ့ ယန်နတ်ဘုရား တွေလိုပဲ မင်းရဲ့ သိစိတ်အာရုံတွေက ပိတ်လှောင် မခံထားရဘူးပေါ့"

အမာခံတပည့် ချန်က မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး

"ဒါကြောင့်လည်း ကျိထျန်းကျွင်းက ရှောက်ကွမ်းယင်ကို မင်းကို သတ်ခိုင်းတာကိုး။ သူကတော့ မင်းရှိနေတာက မင်းသမီးလေး ကို အသုံးချပြီး သူ့ရဲ့ အဆင့်အတန်းကို မြှင့်တင်ဖို့ ကြိုးစားရာမှာ အနှောင့်အယှက်ဖြစ်တယ်လို့ပဲ ရိုးရိုးသားသား ထင်နေတာ။

ဒါပေမဲ့ ကံကောင်းထောက်မစွာနဲ့ပဲ... ဒီလိုအချိန်မျိုးမှာ သိစိတ်အာရုံပိတ်လှောင်မှုကို ချိုးဖျက်နိုင်တဲ့သူဟာ သွေးသန့်လူသားမျိုးနွယ် ဖြစ်ဖို့ အခွင့်အလမ်း အများကြီး ရှိတယ်"

"သွေးသန့်လူသားမျိုးနွယ် ဟုတ်လား။ ဒီတစ်ခေါက်တော့ ငါတို့အတွက် အမြတ်ထွက်တာပဲ"

ရွှီခွန်း၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာသည်။

"သွေးသန့်လူသားမျိုးနွယ် တစ်ယောက်ကို ဒီလို နတ်ဘုရားလောကလို နေရာမျိုးမှာ သုတ်သင်နိုင်တာဟာ ငါတို့မျိုးနွယ်အတွက် မတည်ငြိမ်တဲ့ အကြောင်းရင်း တစ်ခုကို အမြစ်ပြတ်ဖယ်ရှားလိုက်တာနဲ့ အတူတူပဲ"

"မိတ်ဆွေ ဖန့်... တကယ်တော့ မင်း စိတ်မကောင်းဖြစ်နေဖို့ မလိုပါဘူး။ မင်း ဒီတစ်ခေါက် အသက်မရှင်နိုင်တော့ပေမဲ့ မင်း အသက်ရှင်နေတဲ့ အချိန်မှာ ကြာနီနတ်မိမယ်လို မြင့်မြတ်တဲ့ အဆင့်အတန်းရှိသူနဲ့ အဖော်ပြုနိုင်ခဲ့တာပဲ။ ဒါက ငါတို့အတွက်တောင် အတော်လေး မနာလိုဖြစ်စရာ ကောင်းတဲ့ ကိစ္စပဲ"

အမာခံတပည့် ချန်က သက်ပြင်းတစ်ချက်ချလျက် ပြောဆိုပြီးနောက် ကြာနီနတ်မိမယ်ကို လက်ညှိုးထိုးပြကာ အံ့သြချင်ယောင် ဆောင်လိုက်သည်။

"မင်း သိဦးမှာ မဟုတ်ဘူး ထင်တယ်။ ဒီတစ်ယောက်ကလည်း မိစ္ဆာမျိုးနွယ်ပဲ"

"ငါ သိတာပေါ့။ ကျွယ်မင်နန်းတော်ကို မဝင်ခင်ကတည်းက ငါ သိပြီးသားပါ"

ဖန့်ချန်က ပြုံးလျက် ခေါင်းငြိမ့်ပြလိုက်သည်။

ဤတစ်ကြိမ်တွင်မူ အမာခံတပည့် ချန်နှင့် အပေါင်းအပါများ အံ့အားသင့်သွားကြရသည်။

"မင်းရဲ့ သိစိတ်အာရုံက ကျွယ်မင်နန်းတော်ကို ရောက်ပြီးမှ ပွင့်လာတာ မဟုတ်ဘူးလား"

အမာခံတပည့် ချန်က အမူအရာမပျက် မေးလိုက်သည်။

"မင်းက ဘာလို့ အဲဒီလို ထင်ရတာလဲ။ ဒါမှမဟုတ်... အစီရင်ဗဟိုချက် နဲ့ စာချုပ်ချုပ်နိုင်ရင် သိစိတ်အာရုံတွေ ပွင့်သွားနိုင်တဲ့ အခွင့်အရေး ရှိလို့လား"

ဖန့်ချန်၏ အမူအရာမှာ လှုပ်ခတ်သွားသည်။

အမာခံတပည့် ချန်တို့အုပ်စုမှာ နှုတ်ဆိတ်သွားကြသဖြင့် ဖန့်ချန်သည် မိမိခန့်မှန်းချက် မှန်ကန်သွားကြောင်း နားလည်လိုက်သည်။

"ဒါတွေကို သိနေလည်း မင်းအတွက် အသုံးမဝင်တော့ပါဘူး။ ဒါပေမဲ့ ငါ သိချင်တာက... ကြာနီနတ်မိမယ်က မိစ္ဆာမျိုးနွယ်မှန်း မင်း ဘယ်လိုလုပ် သိနေတာလဲ"

အမာခံတပည့် ချန်က ရုတ်တရက် ရယ်မော၍ မေးသည်။

"သူမက မိစ္ဆာမျိုးနွယ်မှန်း သိရုံတင်မကဘူး၊ မိစ္ဆာမျိုးနွယ်ရဲ့ ထျန်းယွမ် (နက်ရှိုင်းသော ချောက်ကမ္ဘာ) က လာတဲ့ မင်းသမီးတစ်ပါး ဖြစ်မှန်းလည်း ငါ သိတယ်"

ဖန့်ချန်က ပြောလိုက်သည်။

"မိတ်ဆွေ ချန်... ကြည့်ရတာ ယန်နတ်ဘုရား ရဲ့ လက်ချက်ပဲ ဖြစ်ရမယ်"

ရွှီခွန်းက အေးစက်စွာ ရယ်မောလိုက်သည်

"ငါတို့ ဒီတစ်ခါ လူမိသွားရင်တောင် ဒါက တန်ပါတယ် "

အမာခံတပည့် ချန်က ခေါင်းညိမ့်ထောက်ခံသည်

"သေချာတာပေါ့၊ လူမိသွားရင်တောင် တန်တယ်။ အကယ်၍ သူ့ကိုသာ ရှဲ့ကျစ် အဖွဲ့ထဲ ဝင်ခွင့်ပေးလိုက်ရင် ငါတို့အတွက် ပြဿနာပဲ။ ရှဲ့ကျစ် အဖွဲ့ထဲမှာ ငါတို့လူတွေက အနည်းဆုံး ခုနစ်ပုံသုံးပုံ ကျော် ရှိနေမှသာ စိတ်ချရမှာ"

ခဏမျှ ရပ်တန့်ပြီးနောက် အမာခံတပည့် ချန်က ကြာနီနတ်မိမယ်ကို ကြည့်ကာ လှောင်ပြောင်လိုက်သည်။

"မင်းသမီးလေးကတော့ သူမက မင်းကို ကောင်းကောင်းသိတယ် ထင်နေတာ၊ တကယ်တော့ သူမက ဘာမှ မသိရှာဘူး။ အမှန်တရားကို သိသွားရင်တော့ သူမ တကယ်ကို ဝမ်းနည်းသွားမှာပဲ"

"မိတ်ဆွေ ဖန့်... မင်းရဲ့ ဒီလုပ်ရပ်က ယောကျ်ားကောင်းတစ်ယောက်ရဲ့ လုပ်ရပ်တော့ မဟုတ်ဘူးနော်"

ရွှီခွန်းက သက်ပြင်းချလိုက်သည်။

"မင်းတို့ စိတ်ချပါ၊ ငါကတော့ ဒီအကြောင်းကို မိတ်ဆွေ ကြာနီကို လောလောဆယ် သိအောင် လုပ်မှာ မဟုတ်ဘူး"

ဖန့်ချန်ကလည်း သက်ပြင်းချကာ ပြန်ပြောလိုက်သည်။

ရွှီခွန်းက ထူးဆန်းသော မျက်နှာပေးဖြင့် ဆိုသည်

"မင်း သေပြီးသွားရင်တော့ ငါတို့က ဒီအကြောင်းတွေကို မိတ်ဆွေ ကြာနီကို ပြောပြမှာပေါ့။ ပြီးတော့ သူမကို ငါတို့အတွက် အကာအကွယ်ပေးခိုင်းရဦးမယ်။

မင်းက မိန်းမတစ်ယောက်ကို လိမ်ညာနေတဲ့ လူယုတ်မာတစ်ယောက်မှန်း သိသွားမှသာ ငါတို့လုပ်သမျှဟာ သူမအကျိုးအတွက်ဆိုတာ သူမ နားလည်မှာပေါ့။ သေသွားတဲ့သူ တစ်ယောက်အတွက် ငါတို့က ဘာလို့ ဒီလျှို့ဝှက်ချက်ကို ထိန်းသိမ်းပေးမယ်လို့ မင်း ထင်နေရတာလဲ"

"ဘာလို့လဲဆိုတော့... သေမယ့်သူတွေက မင်းတို့ ဖြစ်နေလို့ပဲ"

ဖန့်ချန်က ခပ်တိုးတိုး သက်ပြင်းချလိုက်သည်။

အားလုံးမှာ စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် ဝိုင်း၍ ရယ်မောလိုက်ကြတော့သည်။

ရွှီခွန်းမှာ ဗိုက်နှိပ်၍ပင် ရယ်မောနေသည်

"မိတ်ဆွေ ဖန့်... မင်းသာ ငါတို့လူ ဖြစ်ရင် သိပ်ကောင်းမှာပဲ။ မင်းနဲ့ အတူရှိရတာ တကယ်ပဲ ပျော်ဖို့ကောင်းတယ်။ မင်းက တကယ် စိတ်ဝင်စားဖို့ကောင်းတဲ့ ကောင်ပဲ"

သူက အမာခံတပည့် ချန်ကို လှည့်ကြည့်ကာ

"ဒါမှမဟုတ် သူ့ကို ငါတို့ဘက်ပါအောင် သိမ်းသွင်းကြည့်မလား။ ငါတို့ဘက်ကို ကူးပြောင်းလာတဲ့ သွေးသန့်လူသားမျိုးနွယ်တွေလည်း ရှိတာပဲ။ ငါကြည့်ရသလောက်တော့ သူ့ကို နည်းနည်းလောက် ပညာပေးလိုက်ရင် အနာဂတ်မှာ ကြီးကြီးမားမား ဖြစ်လာနိုင်တယ်"

"သူ့မှာ လုံလောက်တဲ့ လောဘနဲ့ ရည်မှန်းချက် မရှိဘူး၊ သူက ငါတို့နဲ့ တစ်ဖက်တည်း ရပ်တည်မယ့်သူ မဟုတ်တာ သေချာတယ်"

အမာခံတပည့် ချန်က ခပ်အေးအေးပင် ပြောလိုက်သည်။

"ဒါဆိုရင်တော့ စိတ်မကောင်းပါဘူး... မိတ်ဆွေ ဖန့်"

ရွှီခွန်းက သက်ပြင်းချလိုက်သည်။

"မသေခင်မှာ ငါ မင်းတို့ကို တစ်ခုလောက် မေးချင်တယ်"

ဖန့်ချန်က ဆိုသည်။

"မေးလေ၊ ငါတို့မှာ အချိန်တွေ အများကြီး ရှိပါတယ်"

ရွှီခွန်းက ခေါင်းညိမ့်ပြသည်။ အမာခံတပည့် ချန်ကလည်း ကန့်ကွက်ခြင်း မရှိချေ။

"ဒီတစ်ခေါက် အထက်ကလူတွေက ရှဲ့ကျစ် အဖွဲ့ကို ရုတ်တရက် ဖွဲ့စည်းခိုင်းတာက... မင်းတို့ မိစ္ဆာမျိုးနွယ်တွေ စစ်ရှုံးခဲ့လို့လား။ ဒါမှမဟုတ် မင်းတို့ရဲ့ ခြေရာလက်ရာတွေ ပေါ်သွားလို့လား"

ဖန့်ချန်က မေးလိုက်သည်။

လူတိုင်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြရာ မျက်လုံးများထဲတွင် သိသိသာသာပင် စိုးရိမ်ပူပန်မှုများ ရှိနေကြသည်။

"တကယ်တော့ လူကြီးမင်း တစ်ယောက်က အောင်မြင်မှုရချင်ဇောနဲ့ လောကြီးသွားလို့ ခြေရာလက်ရာအချို့ ပေါ်သွားတာပါ။ ဒါပေမဲ့ အဲဒီအတွက် ပြန်ရလိုက်တာကတော့ ထိုက်ချန်းနယ်မြေ ရဲ့ တစ်ဝက်နီးပါးကို ငါတို့မျိုးနွယ်က ထိန်းချုပ်နိုင်လိုက်တာပဲ"

အမာခံတပည့် ချန်က ခေါင်းညိမ့်၍ ဆိုသည်။

ထိုက်ချန်းနယ်မြေလား

ဖန့်ချန်သည် ထိုနယ်မြေအကြောင်းကို သိပ်မကြားဖူးချေ။ ကျွယ်မင်အမာခံတပည့်တွေရဲ့ အမြင်မှာတော့ နတ်ဘုရားဘုရင်နယ်မြေ တစ်ခုတည်းကသာ သတိထားရမယ့် နယ်မြေလို့ ထင်ရသည်။ ထိုက်ချန်းနယ်မြေရဲ့ အခြေခံအင်အားကတော့ စိတ်ဝိညာဥ် နဲ့ နတ်ဘုရားဘုရင် နယ်မြေတွေရဲ့ နောက်မှာပဲ ရှိပုံရသည်။

ဒီလိုဆိုရင်... ဒီနှစ်တွေမှာ မိစ္ဆာမျိုးနွယ်တွေက အောက်ပိုင်းနယ်မြေ ၆ ခုမှာ စမ်းသပ်မှုတွေ လုပ်ပြီးတဲ့နောက်၊ ထိုက်ချန်းနယ်မြေမှာ အကြီးအကျယ် စတင်လှုပ်ရှားပြီး အဘက်ဘက်ကနေ လုယက်တိုက်ခိုက်နေကြပြီပေါ့။

"ငါ ခန့်မှန်းရသလောက်တော့ နောက်ထပ် နှစ်ပေါင်း ထောင်ချီကြာရင် ထိုက်ချန်းနယ်မြေဟာ ငါတို့မျိုးနွယ်ရဲ့ လက်အောက် ရောက်သွားလိမ့်မယ်။ အဲဒီအချိန်ကျရင် စိတ်ဝိညာဥ်နယ်မြေနဲ့ နတ်ဘုရားဘုရင်နယ်မြေတွေလည်း ငါတို့နဲ့ ရင်ဆိုင်နိုင်စွမ်း ရှိတော့မှာ မဟုတ်ဘူး"

အမာခံတပည့် ချန်က ဆိုသည်။

"မမေ့နဲ့ဦးလေ၊ လူ့လောကနယ်မြေကိုးခုမှာ ယန်နတ်ဘုရားတွေ ရှိနေသေးတယ်ဆိုတာ။ သူတို့က မှတ်ဉာဏ် သိပ်မကောင်းကြပေမဲ့ အမြဲတမ်း မှတ်မိနေတဲ့ ကိစ္စတစ်ခုတော့ ရှိတယ်"

ဖန့်ချန်က ဆိုသည်။

"ဘယ်ကိစ္စလဲ" အမာခံတပည့် ချန်က လှောင်ပြောင်သော မျက်နှာထားဖြင့် မေးသည်။

"အဲဒါကတော့... မင်းတို့လို မိစ္ဆာကောင်တွေကို အပြတ်ရှင်းဖို့ပဲ"

ဖန့်ချန်သည် ရွှီခွန်းတို့ သုံးယောက်ဆီသို့ ဓားတစ်ချက် ဝှေ့ယမ်းလိုက်သည်။

စုစည်းထားသော ဓားဆန္ဒ မှာ လောကတွင် အမြင့်မားဆုံးသော စွမ်းအားတစ်ခုကဲ့သို့ ဖြစ်ပေါ်လာသည်။

ရွှီခွန်းတို့ သုံးယောက်မှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ဓားတစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရတော့သည်။ လွင့်ထွက်သွားသော ဝိညာဉ်သုံးခုမှာ ဘာဖြစ်သွားမှန်း မသိဘဲ ကြောင်တောင်တောင် ဖြစ်နေကြသည်။

အမာခံတပည့် ချန်နှင့် ကျန်ရှိသော အဆင့် ၄ မသေမျိုး တစ်ဦးတို့မှာ မျက်နှာပျက်သွားကြတော့သည်

ရွှီခွန်းတို့ သုံးယောက်မှာလည်း ကျွယ်မင်အမာခံတပည့်တွေ ဖြစ်ကြပြီး တင်းကျပ်လှတဲ့ စမ်းသပ်မှုတွေကို ကျော်ဖြတ်ပြီးမှ ဒီရာထူးကို ရထားတာပါ။ ရွှီခွန်းရဲ့ ကျင့်ကြံမှုအဆင့်ကလည်း ဒီဖန့်ချန်ထက် မနိမ့်ပါဘူး။ အဲဒါကို ဘယ်လိုဖြစ်လို့ ဓားတစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရတာလဲ။

"ဓားကျင့်ကြံသူ .. မင်းက ဓားမသေမျိုး လမ်းစဉ်ကို လိုက်နေတာလား"

သူတို့ နှစ်ဦးမှာ ရုတ်တရက် သဘောပေါက်သွားကြပြီး မျက်လုံးများမှာ အလွန်တရာ တည်ကြည်လေးနက်သွားတော့သည်။

All Chapters