← Chapters

အခန်း (၄၆၉-၄၇၁)

Vol. 32 Ch. 469-471

အခန်း (၄၆၉-၄၇၁)

Vol. 32 Ch. 469-471

အခန်း (၄၆၉) - ကနဦး အဆင့်စာရင်း ထွက်ပေါ်လာခြင်း နှင့် မျောင်ယင်း လက်ဖက်ရည်ဆောင် ပိုင်ရှင်

~’အဆင့်တူထားရင်... ရှုပ်ထွေးသွားမှာ မဟုတ်ဘူးလား’

လူတိုင်း၏ စိတ်ထဲတွင် ဤမေးခွန်းက ချက်ချင်းပင် ပေါ်လာခဲ့၏။

ယဲ့ဖုန်းလည်း ခေတ္တမျှ တွေးတောလိုက်ပြီး ထိုနည်းလမ်းမှာ အမှန်တကယ်ပင် မသင့်တော်ကြောင်း သဘောပေါက်သွားသဖြင့် အမြန်ပင် ပြင်ပြောလိုက်သည်။

“ဟုတ်တာပေါ့ဗျာ... မဲနှိုက်ပြီး အဆင့်ခွဲလို့လည်း ရသလို... နာမည်ရဲ့ စာလုံးရေ အနည်းအများနဲ့ ခွဲရင်လည်း ရတာပဲလေ... အသက်အရွယ်ကို ကြည့်ပြီး ခွဲရင်လည်း အဆင်ပြေပါတယ်။ ကျင့်ကြံခြင်းအဆင့် တူနေရင်... အသက်ပိုငယ်တဲ့သူက အဆင့် ပိုမြင့်မှာပေါ့ဗျာ။ အကယ်၍ အဲဒါမှ အဆင်မပြေသေးဘူး ဆိုရင်... ရုပ်ခန္ဓာပါရမီ၊ အခြေခံအုတ်မြစ်၊ ရုပ်ရည်၊ မိသားစု နောက်ခံ... အစရှိတာတွေကို ခြုံငုံသုံးသပ်ပြီး ဆုံးဖြတ်လို့ ရတာပဲ မဟုတ်လား”

ယဲ့ဖုန်းက ဆက်လက်၍ အကြံပြုလာသည်။

“ဘာပဲဖြစ်ဖြစ်... သေသေချာချာ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် လူတစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ကွာခြားချက်တွေကတော့ အမြဲတမ်း ရှိနေမှာပါပဲ။ ဒီအချက်တွေအပေါ် အခြေခံပြီးတော့...ကျွန်တော်တို့ရဲ့ ပထမဆုံး ကနဦး အဆင့်စာရင်းကို အတည်ပြုလို့ ရတာပေါ့။”

“ဒီစာရင်းကို ဟိုလူငယ် ပါရမီရှင်တွေက လက်ခံမလား၊ လက်မခံဘူးလား ဆိုတာကိုတော့ ကျွန်တော်တို့ စိတ်ပူနေစရာ မလိုပါဘူး။ လက်မခံရင် ပိုတောင် ကောင်းသေးတယ်... အဲဒါမှ သူတို့က အဆင့်ပိုမြင့်တဲ့ သူတွေကို စိန်ခေါ်ဖို့ တွန်းအားတွေ ဖြစ်လာပြီး... စာရင်း အပြောင်းအလဲကလည်း ပိုပြီး မြန်ဆန်လာမှာပေါ့ဗျာ”

ဤနေရာအရောက်တွင် ယဲ့ဖုန်းသည် အာပေါက်မတတ် ပြောခဲ့ရသဖြင့် အာခေါင်များပင် ခြောက်လာသည်ဟု ခံစားလိုက်ရ၏။ သူသည် လက်ဖက်ရည် တစ်ခွက်ကို အမြန်သောက်လိုက်ပြီးနောက် ဆက်လက်၍ ရှင်းပြနေလေတော့သည်။

ယခုအခါ ယဲ့ဖုန်းသည် ‘ဆရာကြီးယဲ့’ ဟူသော အမည်နှင့် လိုက်ဖက်စွာပင် အကြောင်းအရာများကို အဆက်မပြတ် ရှင်းလင်းဟောပြောနေတော့၏။ သူ တီထွင်ပြောဆိုလိုက်သော ဝေါဟာရ အသစ်အဆန်းများကြောင့် ထိုနေရာရှိ လူတိုင်းမှာ ပါးစပ် အဟောင်းသား ဖြစ်သွားကြရလေတော့သည်။

နောက်ဆုံးတွင်မူ ယဲ့ဖုန်း၏ အဆင့်ခွဲခြားမှု စည်းမျဉ်းများကို လူတိုင်းက တညီတညွတ်တည်း သဘောတူ လက်ခံလိုက်ကြ၏။

ပါရမီရှင်စာရင်း၏ အထက်မှ အောက်အထိ အဆင့်များကို ကြည့်မည်ဆိုလျှင်... ကောင်းကင်ဓားဘုရင် ရီကျွမ်း မှာ လောလောဆယ်တွင် ပြိုင်ဘက်ကင်း ပထမနေရာ၌ ရပ်တည်နေပြီး... ဒုတိယနေရာတွင်မူ ဓားဘုရင်ဂိုဏ်း မှ ကျန်းပိုင်ကော က နေရာယူထား၏။

ကျန်ရှိသော အဆင့်များကိုလည်း စနစ်တကျ ခွဲခြား သတ်မှတ်လိုက်ကြ တော့၏။

ပထမဆုံးအနေဖြင့် ကျင့်ကြံခြင်းအဆင့်ကို အခြေခံ၍ စီစဉ်ကြသည်။

ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် သတ္တမအလွှာ တွင် လူဆယ်ဦးခန့် ရှိနေပြီး ၎င်းတို့ကို လက်ရှိ ထိပ်တန်း အဆင့်အဖြစ် သတ်မှတ်လိုက်ကြ၏။ ဆဋ္ဌမအလွှာတွင်လည်း လူအနည်းငယ် ရှိနေသေးသည်။ သို့သော် အများစုမှာမူ တတိယအလွှာ သို့မဟုတ် စတုတ္ထအလွှာများတွင်သာ ရှိနေကြ၏။

အကယ်၍ ကျင့်ကြံခြင်းအဆင့် တူညီနေပါက အသက်အရွယ်နှင့် အခြေခံအုတ်မြစ်များကို နှိုင်းယှဉ်၍ အဆင့်ခွဲခြားကြရာ... နောက်ဆုံးတွင်တော့ အဆင့်တူသူဟူ၍ မရှိတော့ပေ။ ဤသို့ဖြင့် ပါရမီရှင်စာရင်း၏ ကနဦးဗားရှင်းမှာ အောင်မြင်စွာ ထွက်ပေါ်လာခဲ့လေသည်။

လူတိုင်းသည် မိမိတို့၏ နေရာများတွင် ထိုင်လျက် တောက်ပနေသော စာရင်းကြီးကို ကြည့်နေကြ၏။ ထိုစာရင်းထဲတွင် ပါရမီရှင် တစ်ဦးစီ၏ အမည်၊ ဆက်နွှယ်နေသော အင်အားစု နှင့် ကျား/မ အစရှိသည့် အခြေခံ အချက်အလက်များ အစုံအလင် ပါဝင်နေသည်။

“အကြီးအကဲများအားလုံး ကူညီပေးကြတဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်ဗျာ။ အခုဆိုရင် ပါရမီရှင်စာရင်းကြီး အသစ်စက်စက် ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပြီး... လူကြီးမင်းတို့ရဲ့ အကူအညီတွေက တကယ့်ကို အရေးပါခဲ့ပါတယ်။ ကျွန်တော် အရင်က ကတိပေးထားတဲ့အတိုင်း... ဆုလာဘ်တွေကို တစ်ခုချင်းစီ သေချာပေါက် ပေးအပ်သွားပါ့မယ်”

တတိယမင်းသားသည် ပါရမီရှင်စာရင်းကို သိမ်းဆည်းလိုက်ပြီးနောက် လူတိုင်းကို ဦးညွှတ်၍ ကျေးဇူးတင်စကား ဆိုလိုက်၏။

“လာကြဗျာ..အစီအစဥ်အတွက် ဂုဏ်ပြုပါတယ်...”

ခရိုင်ဘုရင် ရှုချန်ကျွင်း က သူ၏ လက်ဖက်ရည်ခွက်ကို အရက်အစားထိုး၍ မြှောက်လိုက်၏။

“အစီအစဥ်အတွက် ဂုဏ်ပြုပါတယ် ...”

အခြားသူများကလည်း အပြိုင်အဆိုင် ခွက်များကို မြှောက်၍ အောင်ပွဲခံလိုက်ကြ၏။

ပါရမီရှင်စာရင်း ကိစ္စမှာ အချိန်တိုအတွင်းမှာပင် ပြီးစီးသွားခဲ့သော်လည်း ယဲ့ဖုန်းက ရုတ်တရက် ထပ်မံ အသံထွက်လာပြန်သည်။

“ပါရမီရှင်စာရင်းကတော့ ပြီးသွားပြီထား... ဒါဆိုရင် ဆယ်ပါးသော ကောင်းကင်ဘုံဘုရင်များ ကိစ္စကကောဗျ”

ထိုစကားကြောင့် လူတိုင်းမှာ အံ့အားသင့်သွားကြရ၏။

“အို... ဟုတ်သားပဲ... ကျွန်တော်.. အဲဒါကိုတောင် မေ့နေပြီ”

တတိယမင်းသားသည် လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး သူ၏ နဖူးကို အသာ ရိုက်လိုက်သည်။ သို့သော်ငြား သူက ဆက်လက်၍ ပြောလာ၏။

“ဒါပေမဲ့ အခုလောလောဆယ်တော့... ကျွန်တော်တို့ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် တစ်ခုလုံးမှာ အသက် (၃၀) အောက်နဲ့ ဝိညာဉ်ပင်လယ်အဆင့် ရောက်နေတဲ့သူ ဆယ်ယောက်တောင် မပြည့်သေးဘူးလေ... အဲဒီတော့ ဆယ်ပါးသော ကောင်းကင်ဘုံဘုရင်များ စာရင်းကို ခဏလောက် ရပ်ထားလိုက်ရင်ကော ဘယ်လိုလဲဗျာ”

“ရပါတယ်...”

ယဲ့ဖုန်းကလည်း သဘောတူလိုက်၏။

“လူကြီးမင်းတို့... ကျုပ်မှာ အရေးကြီးတဲ့ ကိစ္စလေးတွေ ရှိသေးလို့ ခွင့်ပြုပါဦးဗျာ”

“ကျွန်တော်လည်း သွားမှ ဖြစ်မယ်... မနက်ဖြန်ကျရင် ကျွန်တော့်ရဲ့ ဆယ့်ရှစ်ယောက်မြောက် မယားငယ်လေးရဲ့ ဆယ့်ရှစ်နှစ်ပြည့် မွေးနေ့ ရှိလို့ဗျ... သွားခွင့်ပြုပါဦး”

“သွားခွင့်ပြုပါဦးဗျာ”

ပါရမီရှင်စာရင်း ကိစ္စ ပြီးဆုံးသွားပြီဖြစ်ရာ ထိုနေရာရှိ မူလနတ်ဘုရားအဆင့်ရှိ မဟာတန်ခိုးရှင်များမှာ တစ်ဦးပြီးတစ်ဦး မတ်တတ်ရပ်ကာ အချင်းချင်း အရိုအသေပြု၍ ပြန်လည် ထွက်ခွာသွားကြလေတော့သည်။

“ဂိုဏ်းချုပ်ယဲ့... ကျုပ်လည်း လုပ်စရာလေးတွေ ရှိသေးလို့ ခရိုင်ဘုရင်မြို့တော် ကို ပြန်လိုက်ပါဦးမယ်ဗျာ... နောက်မှ ပြန်တွေ့ကြတာပေါ့” ရှုချန်ကျွင်း သည် ရှုဟုန်ယွီ နှင့်အတူ ယဲ့ဖုန်းအနားသို့ လာရောက် နှုတ်ဆက်ပြီးနောက် ထွက်ခွာသွား၏။

“ဂိုဏ်းချုပ်ယဲ့... လက်ဖက်ရည်ဖိုးတော့ ကျွန်တော် ရှင်းခဲ့ပြီးပါပြီဗျာ... ကျွန်တော်လည်း နန်းတော်ကို ပြန်လိုက်ပါဦးမယ်... နောက်မှ ပြန်တွေ့ကြတာပေါ့”

တတိယမင်းသား နှင့် မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအို တို့လည်း ထွက်ခွာသွားကြတော့၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် အပေါ်ဆုံးထပ် လက်ဖက်ရည်ခန်းမဆောင် အတွင်း၌ ယဲ့ဖုန်း နှင့် သူ၏ အနောက်တွင် ရပ်နေသော အတွင်းစည်းတပည့် ခြောက်ဦးသာ ကျန်ရစ်ခဲ့လေတော့သည်။

“ဂိုဏ်းချုပ်... ကျွန်မတို့ ပြန်ကြတော့မလားဟင်” ကျီဇီလင်း က မေးလိုက်ခြင်းပါ။

သူမ၏ ရှေ့တွင်မူ မင်မခြောက်သေးသော စက္ကူတစ်ချပ် ရှိနေ၏။ ၎င်းမှာ ပါရမီရှင်စာရင်း ကို ကိုယ်တိုင် လက်ရေးဖြင့် ကူးယူထားသော ပုံတူ တစ်ခုပင် ဖြစ်သည်။ ခုနက အားလပ်နေစဉ်အတွင်း တတိယမင်းသားက ပါရမီရှင်စာရင်းကို အတည်ပြုထုတ်ပြန်လိုက်ချိန်၌ သူမက အကြမ်းဖျင်း ကူးရေးထားခဲ့ခြင်းပင်။

“သွားကြစို့... အခုပဲ ပြန်ကြမယ်”

ယဲ့ဖုန်းသည် မတ်တတ်ရပ်ကာ သူ၏ ပစ္စည်းများကို စတင် သိမ်းဆည်းလေတော့သည်။

“ဂိုဏ်းချုပ်ယဲ့... ခဏလောက် စောင့်ပါဦးရှင်...”

ထိုအခိုက်အတန့်တွင် တံခါးအပြင်ဘက်မှနေ၍ သာယာငြိမ့်ညောင်းလှသော အမျိုးသမီး အသံလေးတစ်ခု ထွက်ပေါ်လာခဲ့ရာ အခန်းတွင်းရှိ လူတိုင်း၏ အာရုံကို ဖမ်းစားသွားခဲ့၏။

အရပ်ရှည်ရှည်နှင့် ရင်သပ်ရှုမောဖွယ် လှပလှသော အမျိုးသမီး တစ်ဦးသည် အရောင်အသွေး စုံလင်လှသော နတ်မိမယ်ဝတ်ရုံကို ဆင်မြန်းလျက် ကျက်သရေရှိလှသော ခြေလှမ်းများဖြင့် လက်ဖက်ရည်ဆောင် အတွင်းသို့ ဝင်ရောက်လာသည်။

သူမ၏ ဆံပင်ရှည်များကို အပေါ်သို့ စုတင်ကာ ပန်းပွင့်ပုံသဏ္ဌာန်ရှိသော ပုလဲဆံထိုးလေးဖြင့် ထိုးထား၏။... မျက်နှာကိုမူ ပါးလွှာလှသော ပုဝါလေးဖြင့် ဖုံးအုပ်ထားသော်လည်း သူမ၏ လှပလွန်းလှသော မျက်နှာသွင်ပြင်ကိုမူ မသိမသာ မြင်တွေ့နေရ၏။

သူမသည် မြေပြင်ပေါ်တွင် လျှောက်လှမ်းလာရင်း ဝိညာဉ်ပင်လယ်အဆင့် ပဉ္စမအလွှာ ၏ အရှိန်အဝါများကို ထုတ်လွှတ်နေပြီး... ယဲ့ဖုန်း နှင့် သုံးမီတာခန့် အကွာတွင် ရပ်တန့်ကာ အပြုံးလေးဖြင့် ပြောလိုက်၏။

“ဂိုဏ်းချုပ်ယဲ့... ကျွန်မက မျောင်ယင်း လက်ဖက်ရည်ဆောင် ရဲ့ ပိုင်ရှင်... စံအိမ်သခင်မ လင်ယွဲ့ ပါရှင်...”

ထိုအမျိုးသမီးသည် မိမိကိုယ်မိမိ မိတ်ဆက်လိုက်သည်။

ယဲ့ဖုန်း နှင့် ကျီဇီလင်း အပါအဝင် အခြားသူများမှာ အံ့သြသွားကြရ၏။ ထိုအမျိုးသမီး၏ မျက်နှာကို မမြင်ဖူးသော်ငြား... သူမ၏ အလှအပမှာ ကောလာဟလများထဲမှ မျောင်ယင်း လက်ဖက်ရည်ဆောင် ပိုင်ရှင်၏ အလှအပနှင့် အတိအကျ တူညီနေသည် မဟုတ်ပါလား။

“ခင်ဗျားက မျောင်ယင်း လက်ဖက်ရည်ဆောင် ရဲ့ ပိုင်ရှင်လား...” ယဲ့ဖုန်းက လင်ယွဲ့ ကို စူးစမ်းစွာ ကြည့်လိုက်ရင်း မေးလိုက်၏။

“စံအိမ်သခင်မ... ဘာကိစ္စများ ရှိလို့ ရုတ်တရက် ရောက်လာတာလဲဗျ...”

“ကျွန်မမှာ အကူအညီတောင်းစရာလေး တစ်ခု ရှိလို့ပါရှင်...”

လင်ယွဲ့ က စကားပလ္လင် မခံတော့ဘဲ တိုက်ရိုက်ပင် ပြောလိုက်သည်။

“ဂိုဏ်းချုပ်ယဲ့... ကျွန်မတို့ နှစ်ယောက်တည်း သီးသန့် စကားပြောလို့ ရမလားဟင်...”

“ကျစ်လင်း... မင်းတို့တွေ လက်ဖက်ရည်ဆောင် ထဲမှာ ဆက်ပြီးတော့ လက်ဖက်ရည်သောက်နေကြ... ငါနဲ့ စံအိမ်သခင်မ လင်ယွဲ့ နဲ့ ဆွေးနွေးစရာ ကိစ္စလေးတွေ ရှိလို့... အော်... ဟုတ်သားပဲ၊ ဒါလေး ယူထားလိုက်... အရေးကြုံရင် ကာကွယ်ဖို့ပေါ့”

ယဲ့ဖုန်းက နေရာရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့ တစ်ခုကို ကျီဇီလင်း ထံသို့ ကမ်းပေးလိုက်၏။

သူမ၏ ကျင့်ကြံခြင်းအဆင့်မှာ သိပ်မမြင့်မားသော်လည်း သူမသည် ဉာဏ်ရည်ထက်မြက်ပြီး အားအကိုးရဆုံးသူ ဖြစ်သည်။ အကယ်၍ အန္တရာယ် တစ်ခုခု ကျရောက်လာပါက ကျီဇီလင်းသည် ဤအဆောင်လက်ဖွဲ့ကို အသုံးပြု၍ တပည့်များ အားလုံးကို ဘေးကင်းစွာ ဆုတ်ခွာနိုင်လိမ့်မည်ဟု ယဲ့ဖုန်း အကြွင်းမဲ့ ယုံကြည်ထားခြင်းပင်။

“ဝှစ်…”

ယဲ့ဖုန်းသည် စံအိမ်သခင်မ လင်ယွဲ့ ၏ နောက်မှ လိုက်ပါ၍ အပေါ်ဆုံးထပ်မှ ထွက်ခွာလာခဲ့ပြီး... ကောင်းကင်ယံသို့ ပျံတက်လိုက်သည်။ တိမ်တိုက်များအထက်တွင် လွင့်မျောနေသော တိတ်ဆိတ်ငြိမ်သက်လှသည့် နန်းတော်ကြီး တစ်ခု၏ အရှေ့သို့ ရောက်ရှိလာခဲ့၏။

နန်းတော်ကြီးမှာ လရောင်ပမာ ဖြူဖွေးလှပြီး ယဲ့ဖုန်းကတော့ အစပိုင်းတွင် ၎င်းမှာ ‘လွင့်မျောနေသော စက်လုံးကြီး’ နှင့် လုပ်ဆောင်ချက် တူညီမည်ဟု ထင်မှတ်ထားခဲ့သော်လည်း... တိမ်တိုက်များ ကြားမှနေ၍ ဧရာမ ဦးခေါင်းကြီး တစ်ခု ထွက်ပေါ်လာသည်ကို မြင်လိုက်ရမှသာ သူ အံ့သြသွားခဲ့ရ၏။

“ဂိုဏ်းချုပ်ယဲ့... ဒါက ကျွန်မရဲ့ ဝိညာဉ်သားရဲ... သက်တမ်း သုံးရာ ရှိနေပြီဖြစ်တဲ့ ‘ရနံ့ကိုးပါး ကောင်းကင်လိပ်ကြီး’ ပါရှင်။ သူက ဒီနန်းတော်ကြီးကို သယ်ဆောင်ပေးနေတာပါ... ရှင့်ရဲ့ မြူခိုးဂိုဏ်း က ‘မြောက်ပိုင်းမဟာ တောင်ထိပ်ခုနစ်ခု’ နဲ့ ယှဉ်ရင်တော့ ဘာမှ မဟုတ်ပါဘူးရှင်...” စံအိမ်သခင်မ လင်ယွဲ့ က ရှင်းပြလိုက်၏။

သူတို့ နှစ်ဦးသည် နန်းတော်ကြီး အတွင်းသို့ ဝင်ရောက်သွားခဲ့ကြသည်။ ထိုနေရာတွင် ယဲ့ဖုန်း နှင့် လင်ယွဲ့ နှစ်ဦးတည်းသာ ရှိနေပြီး မည်သည့် အစေခံမျှ မရှိသဖြင့် အလွန်ပင် သီးသန့်ဆန်လှသော ပတ်ဝန်းကျင်တစ်ခု ဖြစ်နေသည်။.. လေထုမှာ တဖြည်းဖြည်းနှင့် ထူးဆန်းလာသလို ယဲ့ဖုန်း ခံစားလိုက်ရ၏။

“ဂိုဏ်းချုပ်ယဲ့... ကျွန်မ ရှင့်ကို လာရှာရတဲ့ အကြောင်းရင်းကတော့ လျှို့ဝှက်နယ်မြေ တစ်ခုကို ဖွင့်လှစ်ဖို့အတွက် အကူအညီ တောင်းချင်လို့ပါရှင်။ ကျွန်မ အလိုအပ်ဆုံး ဖြစ်နေတဲ့ ရတနာကလွဲရင်... ကျန်တဲ့ ရတနာတွေ အားလုံးကို ရှင့်ကို ပေးပါ့မယ်ရှင်...”

သူမတို့၏ စကားကို ခိုးနားထောင်မည့်သူ မရှိတော့ကြောင်း သေချာသွားသည့်အခါ... လင်ယွဲ့ က သူမ၏ ရည်ရွယ်ချက်ကို ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်လေတော့သည်။

လျှို့ဝှက်နယ်မြေ တစ်ခုကို ဖွင့်လှစ်ဖို့ အကူအညီ တောင်းတာတဲ့လား...။

ထိုစကားကို ကြားလိုက်ရသည့်အခါ ယဲ့ဖုန်းမှာ မှင်သက်သွားရပြီး မျက်လုံးများ ပြူးကျယ်သွားခဲ့၏။

“ဘာလို့ ကျွန်တော့်ကို ရွေးရတာလဲဗျ...” သူက နားမလည်နိုင်စွာဖြင့် -

မေးလိုက်၏။

စံအိမ်သခင်မ လင်ယွဲ့ ၏ အလှအပ နှင့် သူမ၏ နောက်ကွယ်ရှိ ကြီးမားလှသော အင်အားတို့ဖြင့်ဆိုလျှင်... မူလနတ်ဘုရားအဆင့်ရှိ မဟာတန်ခိုးရှင် တစ်ဦးကို အကူအညီတောင်းရန်မှာ လုံးဝ ပြဿနာ မဟုတ်ပေ။

သို့ဆိုလျှင်... သူမသည် အဘယ်ကြောင့် နန်းမြို့တော်သို့ ခုလေးတင်မှ ရောက်ရှိလာသော သူ့အား လာရောက် ရှာဖွေရသနည်း။

ယဲ့ဖုန်း တကယ်ကို နားမလည်နိုင်အောင် ဖြစ်နေရရှာသည်။

“အဲဒါကို ရှင်းပြရရင်တော့ နည်းနည်း ရှုပ်ထွေးပါတယ်ရှင်...”

စံအိမ်သခင်မ လင်ယွဲ့ သည် သူမ၏ လှပလှသော မျက်နှာလေး နီမြန်းလျက် ခေါင်းငုံ့ကာ ပြောလိုက်၏။

“ဒါပေမဲ့ စိတ်ချပါ ဂိုဏ်းချုပ်ယဲ့... ကျွန်မ ရှင့်ကို လုံးဝ မလိမ်ပါဘူးရှင်...”

ယဲ့ဖုန်းသည် မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး မျက်နှာလေး နီမြန်းနေသော လင်ယွဲ့ ကို စူးစမ်းစွာ အကဲခတ်ကြည့်လိုက်သည်။

... ဤအမျိုးသမီးက မည်ကဲ့သို့သော လှည့်ကွက်များကိုများ ဖွက်ထားသနည်း။

ခေတ္တမျှ စဉ်းစားပြီးနောက် သူ၏ အန္တရာယ် အာရုံခံနိုင်စွမ်း ကို အသုံးပြု၍ အခြေအနေကို အမြန်ဆုံး တွက်ချက်ကြည့်လိုက်ရာ... မည်သည့် အန္တရာယ်မှ မရှိကြောင်း သိလိုက်ရသဖြင့်

မေးလိုက်၏။

“ဒီ လျှို့ဝှက်နယ်မြေ က ဘယ်လိုလဲဗျ...”

ထိုမေးခွန်းကို ကြားလိုက်ရမှသာ လင်ယွဲ့ သည် သက်ပြင်းတစ်ချက်ကို အသာအယာ ချနိုင်သွားလေတော့သည်။ ယဲ့ဖုန်းက ချက်ချင်း ငြင်းပယ်မသွားသရွေ့ သူမအတွက် အခွင့်အရေး ရှိနေသေးသည် မဟုတ်ပါလား။

“ဒီ လျှို့ဝှက်နယ်မြေ ဟာ မူလနတ်ဘုရားအဆင့် အဆင့်မြင့် မှာရှိတဲ့ ပညာရှင်ကြီးတစ်ယောက် ချန်ထားရစ်ခဲ့တာပါရှင်... သူမရဲ့ အမွေအနှစ်တွေ အကုန်လုံး အဲဒီထဲမှာ ရှိနေပါတယ်။ အဲဒီထဲမှာ ကျွန်မအတွက် မရှိမဖြစ် အရေးကြီးနေတဲ့ ရတနာတစ်ခု ပါနေလို့ ကျွန်မ သေချာပေါက် ရမှ ဖြစ်မှာပါ... ကျန်တဲ့ အရာတွေကိုတော့ ဂိုဏ်းချုပ်ယဲ့ လိုချင်သလောက် ယူလို့ ရပါတယ်ရှင်...”

လင်ယွဲ့ က ဆက်လက် ရှင်းပြလာပါသည်။

အခန်း (၄၇၀) - လင်ယွဲ့၏ ဖိတ်ကြားချက်၊ ပြင်ပကမ္ဘာမှ မဟာတန်ခိုးရှင်၏ အမွေအနှစ် လျှို့ဝှက်နယ်မြေ

~‘မူလနတ်ဘုရားအဆင့် အဆင့်မြင့် ပညာရှင်ဆိုတော့... အတော်လေးတော့ လက်ခံနိုင်စရာ ရှိသားပဲ’

ယဲ့ဖုန်းသည် ခေတ္တမျှ စဉ်းစားပြီးနောက် သွားရောက်ရန် ဆုံးဖြတ်လိုက်၏။

တပည့်များ၏ ကျင့်ကြံခြင်းနှုန်းမှာ အလွန်နှေးကွေးလွန်းလှသည်။

ယခုမူ မူလနတ်ဘုရားအဆင့် အဆင့်မြင့် ပညာရှင်ကြီးတစ်ဦး ချန်ရစ်ခဲ့သော လျှို့ဝှက်နယ်မြေနှင့် ကြုံဆုံနေရပြီဖြစ်ရာ သွားရောက် စူးစမ်းလေ့လာသင့်သည်မှာ သဘာဝပင် ဖြစ်၏။ ကံကောင်းပါက ကျင့်ကြံခြင်းအရှိန်ကို မြှင့်တင်ပေးနိုင်မည့် ရတနာများ သို့မဟုတ် နည်းလမ်းများကို ရှာဖွေတွေ့ရှိနိုင်ပေလိမ့်မည်။

ထိုသို့မဟုတ်ဘဲ ကျင့်ကြံရေးမျှော်စင် တစ်ခုတည်းကိုသာ အားကိုးနေရမည်ဆိုပါက တိုးတက်မှုနှုန်းမှာ လုံလောက်စွာ မြန်ဆန်နိုင်မည် မဟုတ်ချေ။

"ဒါဆို... ဂိုဏ်းချုပ်ယဲ့ သဘောတူတယ် ဆိုတဲ့သဘောလားရှင်" စံအိမ်သခင်မ လင်ယွဲ့၏ လေသံတွင် အံ့ဩဝမ်းသာမှုများ စွက်ယှက်နေပြီး အတည်ပြုချက်ကို အမြန်ပင် တောင်းခံလိုက်၏။

"ဟုတ်ပါတယ်" ယဲ့ဖုန်း ခေါင်းညိတ်လိုက်သည်။

"ဒါဆိုရင် ဒီနေ့ပဲ ခရီးစကြမလားဟင်၊ ဂိုဏ်းချုပ်ယဲ့ ဒီနေ့ အားပါ့မလားရှင်"

"ဒီလောက်တောင် အမြန်ကြီးလားဗျ"

"သိပ်ပြီးတော့တော့ အရေးမကြီးလှပါဘူးရှင်၊ ဒါပေမဲ့ လျှို့ဝှက်နယ်မြေထဲက ရတနာတွေကို အမြန်ဆုံး ရနိုင်ရင်တော့ အကောင်းဆုံးပေါ့"

"ဒါဆိုလည်း ထွက်ကြတာပေါ့ဗျာ"

အနည်းငယ် တိုင်ပင်ဆွေးနွေးပြီးနောက် သူတို့နှစ်ဦးသည် ခရီးစဉ်ပန်းတိုင်ဆီသို့ တိုက်ရိုက်ပင် ပျံသန်းထွက်ခွာသွားကြလေတော့သည်။

ခရီးမထွက်ခွာမီ ယဲ့ဖုန်းသည် ဆက်သွယ်ရေး အမိန့်ပေးတံဆိပ်ကို ထုတ်ယူကာ ကျီဇီလင်းအား ညွှန်ကြားချက်အချို့ ပေးအပ်ခဲ့ပြီးမှသာ အဝေးဆီသို့ စိတ်အေးလက်အေး ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။

လမ်းခရီးတစ်လျှောက်ဝယ်...

လင်ယွဲ့နှင့် ယဲ့ဖုန်းတို့သည် ယှဉ်တွဲလျက် ပျံသန်းနေကြ၏။

ဘေးနားရှိ ခန့်ညား ချောမောလှသော ယဲ့ဖုန်းကို ခိုးကြည့်လိုက်မိတိုင်း လင်ယွဲ့၏ ပါးပြင်လေးများမှာ ပိုမို နီမြန်းလာရ၏။ မျက်နှာတစ်ခုလုံး ပူထူလာသဖြင့် အကြည့်ကို အမြန်ပင် လွှဲဖယ်လိုက်ရရှာသည်။

'ကြည့်ရတာ ငါ့ရဲ့ တုံ့ပြန်မှုက တကယ့်အစစ်အမှန်ပဲ။ ဆိုလိုတာက ဒီတစ်ကြိမ် လျှို့ဝှက်နယ်မြေရဲ့ စမ်းသပ်မှုတွေကို ငါ သေချာပေါက် အောင်မြင်ကျော်ဖြတ်နိုင်တော့မှာပဲ'

သူမသည် စိတ်လှုပ်ရှားစွာဖြင့် နှုတ်ခမ်းနီနီလေးကို ကိုက်လျက် မိမိကိုယ်မိမိ တီးတိုးရေရွတ်လိုက်၏။ ဤလောကတွင် သူမ၏ အလွန်ထူးခြားလှသော ရုပ်ခန္ဓာအကြောင်းကို သူမတစ်ဦးတည်းကသာ သိရှိထားခြင်း ဖြစ်သည်။

၎င်းမှာ အတော်လေးကို ထူးဆန်းလှသော ရုပ်ခန္ဓာပါရမီတစ်ခုပင်။ မိမိ နှစ်သက်မြတ်နိုးရသူနှင့် ဆုံတွေ့ရသည့်အခါတိုင်း သူမ၏ မျက်နှာမှာ နီမြန်းလာတတ်ပြီး နှလုံးခုန်နှုန်းများ မြန်ဆန်လာကာ ပါးပြင်နှစ်ဖက်စလုံး ပူနွေးလာတတ်၏။

လင်ယွဲ့သည် သူမ၏ ဘဝတစ်လျှောက်လုံးတွင် ဤသို့ မျက်နှာနီမြန်းခဲ့ရသည့် အကြိမ်ပေါင်း မနည်းလှတော့ပေ။ သို့သော် သူမသည် မည်သည့်အခါမျှ ရှေ့သို့ တိုးမသွားခဲ့သလို သူမ နှစ်သက်ခဲ့သူများကိုလည်း သူမ၏ ခံစားချက်များကို ထုတ်ဖော်ပြသခဲ့ခြင်း မရှိခဲ့ချေ။ အကြောင်းမူကား သာမန် နှစ်သက်သဘောကျမှုမျိုးက သူမ၏ မျက်နှာကို အနည်းငယ်မျှသာ နီမြန်းစေနိုင်ပြီး ခံစားချက်များမှာလည်း သိပ်မနက်ရှိုင်းလှသဖြင့် သူမက လျစ်လျူရှုထားနိုင်ခဲ့သောကြောင့်ပင်။

သို့သော် ယခုတစ်ကြိမ်တွင်မူ လုံးဝ ကွဲပြားခြားနားနေခဲ့ တော့၏။

ယဲ့ဖုန်းနှင့် တတိယမင်းသားတို့ မျောင်ယင်း လက်ဖက်ရည်ဆောင် အတွင်းသို့ မဝင်ရောက်မီ အဝေးမှနေ၍ ယဲ့ဖုန်းအား တစ်ချက်မျှ လှမ်းကြည့်လိုက်ရုံဖြင့် လင်ယွဲ့၏ ပါးပြင်များမှာ မီးလောင်မတတ် ပူထူလာခဲ့ပြီး ရင်ဘတ်ထဲမှ နှလုံးသားလေးမှာလည်း အပြင်သို့ ခုန်ထွက်မတတ် တဒိတ်ဒိတ် ခုန်လာကာ အသက်ရှူပင် ကျပ်လာခဲ့ရသည် မဟုတ်ပါလား။

အစပထမတွင်မူ လင်ယွဲ့သည် မိမိ၌ ဤကဲ့သို့သော ရုပ်ခန္ဓာမျိုး အဘယ်ကြောင့် ရှိနေရသနည်းဟု စူးစမ်းနေခဲ့မိသော်လည်း... တစ်နေ့တွင် သူမ၏ အတိတ်ဘဝ မှတ်ဉာဏ် အစိတ်အပိုင်းအချို့ နိုးထလာခဲ့၏။ ထိုအချိန်မှစ၍ သူမသည် ပြင်ပကမ္ဘာမှ လျှို့ဝှက်ဆန်းကြယ်လှသော မူလနတ်ဘုရားအဆင့် မဟာတန်ခိုးရှင် တစ်ဦး၏ လူဝင်စားဖြစ်ကြောင်းကို သိရှိသွားခဲ့ရသညိ။

ယခင်ဘဝက အဆင့်မချိုးဖျက်မီ သူမ ချန်ရစ်ခဲ့သော လျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်ပြီး ထိုအရေးကြီးလှသော မှတ်ဉာဏ်ကျောက်တုံးကို ရယူနိုင်မှသာ သူမ၏ အတိတ်ဘဝ မှတ်ဉာဏ်များအားလုံးကို အပြည့်အဝ နိုးထစေနိုင်မည်။ သူမ၏ ထူးခြားသော ရုပ်ခန္ဓာမှ ပေးစွမ်းနေသည့် ဆိုးရွားသော သက်ရောက်မှုများကိုလည်း ချေဖျက်နိုင်မည် ဖြစ်သည်။ ထိုအချိန်ကျမှသာ သူမ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း တစ်ဟုန်ထိုး တိုးတက်လာမည် ဖြစ်၏။

သို့သော်ငြား လျှို့ဝှက်နယ်မြေကို ဖွင့်လှစ်ရန်အတွက် သူမ နှစ်သက်မြတ်နိုးရသူ တစ်ဦးကို ရှာဖွေရန် လိုအပ်၏။ ထိုသူမှာ အစွမ်းထက်လေလေ၊ သူမက ပို၍ နက်ရှိုင်းစွာ နှစ်သက်လေလေ၊ လျှို့ဝှက်နယ်မြေကို ဖွင့်လှစ်ရန် ပို၍ လွယ်ကူလေလေ ဖြစ်သည်။

ထို့ကြောင့်ပင် ယဲ့ဖုန်းကို မြင်လိုက်ရသည့်အခါ လင်ယွဲ့သည် သူမ၏ ရင်တွင်းမှ စိတ်လှုပ်ရှားမှုများကို မထိန်းချုပ်နိုင်တော့ဘဲ လက်ဖက်ရည်ပွဲ ပြီးဆုံးသည်နှင့် တစ်ပြိုင်နက် ချက်ချင်းပင် ထွက်ပေါ်လာခဲ့ရခြင်း ဖြစ်လေတော့သည်။

"ဒီလျှို့ဝှက်နယ်မြေရဲ့ နာမည်က ဘာလဲဗျ" ယဲ့ဖုန်းက ရုတ်တရက် မေးလိုက်၏။

လင်ယွဲ့သည် ယဲ့ဖုန်း၏ မျက်နှာဘေးဘက်ကို ခိုးကြည့်လိုက်ရာ ပါးပြင်လေးများမှာ ပိုမို၍ပင် နီမြန်းသွားရပြန်ပြီး အလွန်တိုးညှင်းလှသော အသံလေးဖြင့် ဖြေကြားလာသည်။

"မင်ယွဲ့ နတ်မိမယ် လို့ ခေါ်ပါတယ်ရှင်"

"ဗျာ..."

"ဒီလျှို့ဝှက်နယ်မြေမှာ နာမည်တော့ မရှိပါဘူး။ ဒါပေမဲ့ ပိုင်ရှင်ရဲ့ နာမည်က 'မင်ယွဲ့ နတ်မိမယ်' ဆိုတာတော့ ကျွန်မ သိပါတယ်။ သူက ပြင်ပကမ္ဘာက ရန်သူတွေကို ရှောင်တိမ်းရင်း ရှန်ကျိုးတိုက်ကြီး ဆီကို လမ်းလွဲရောက်လာခဲ့တဲ့ ပါရမီရှင်အဆင့် မူလနတ်ဘုရား မဟာတန်ခိုးရှင် တစ်ဦးပါ။ နောက်ဆုံးမှာတော့ နန်းမြို့တော်ကနေ မိုင်ပေါင်း သောင်းချီဝေးတဲ့ နေရာမှာပဲ ကျဆုံးသွားခဲ့ရပါတယ်ရှင်"

လင်ယွဲ့က ရှင်းပြလိုက်သည်။

သူမ၏ စိတ်အာရုံအတွင်းရှိ မှတ်ဉာဏ် အပိုင်းအစလေးများအရ သူမသည် မင်ယွဲ့ နတ်မိမယ်၏ လူဝင်စားဖြစ်ကြောင်း သိရှိထားပြီး သူမနှင့် ပတ်သက်သည့် အချက်အလက် အနည်းအကျဉ်းကိုလည်း သိထားခဲ့ခြင်းပင်။

သေချာသည်မှာ ပိုမို အသေးစိတ်ကျသော အချက်အလက်များကိုမူ မှတ်ဉာဏ်ကျောက်တုံးကို ရရှိပြီးမှသာ သိရှိနိုင်မည် ဖြစ်၏။

"သြော်... ပြင်ပကမ္ဘာက မဟာတန်ခိုးရှင် တစ်ပါးကိုး"

ယဲ့ဖုန်း စိတ်ဝင်စားသွား တော့၏။

သူသည် ပြင်ပကမ္ဘာနှင့် ပတ်သက်၍ အလွန်ပင် စူးစမ်းလိုစိတ် ရှိနေခဲ့သည် မဟုတ်ပါလား။

ရှေ့ဖြစ်ဟော မျိုးနွယ်စု နှင့် နတ်ဘုရား မျိုးနွယ်စု ကဲ့သို့သော ပြင်ပကမ္ဘာမှ သက်ရှိများတွင် ရှန်ကျိုးတိုက်ကြီး နှင့် လုံးဝ ကွဲပြားခြားနားသော အရာများ ရှိနေပြီး သူတို့ထံမှ လေ့လာသင်ယူကာ ပိုမို အစွမ်းထက်လာစေရန် အသုံးချနိုင်စွမ်း ရှိသည်။

ယခုတစ်ကြိမ်တွင် ပြင်ပကမ္ဘာမှ အစွမ်းထက် မျိုးနွယ်စုများထံမှ တစ်ခုခုကို ရရှိနိုင်မည်ဆိုပါက ရလဒ်မှာ အလွန်ပင် ကြီးမားလှပေလိမ့်မည်။

ကျင့်ကြံသူတစ်ဦးအတွက် မိုင်ပေါင်း သောင်းချီသော ခရီးမှာ သိပ်မဝေးလှပေ။ တစ်နာရီခန့် အကြာတွင်မူ ယဲ့ဖုန်းနှင့် လင်ယွဲ့တို့သည် တစ်နှစ်ပတ်လုံး မြူနှင်းများ ဖုံးလွှမ်းနေသော တောင်တန်းကြီးတစ်ခု၏ အထက်တွင် ဆင်းသက်လိုက်ကြ၏။

"လျှို့ဝှက်နယ်မြေရဲ့ ဝင်ပေါက်က ဒီနေရာမှာပါရှင်"

လင်ယွဲ့သည် ကျိုးပဲ့နေသော ကျောက်တံခါးကြီးတစ်ခု၏ အရှေ့တွင် ရပ်တန့်လိုက်သည်။

"ကျောက်တံခါးကို ပြန်လည် ဆက်စပ်ပြီး လျှို့ဝှက်နယ်မြေရဲ့ ပထမဆုံး အဟန့်အတားထဲကို ဝင်ဖို့ အထူးမန္တန် တစ်ခု လိုအပ်ပါတယ်ရှင်"

သူမသည် လက်နှစ်ဖက်ဖြင့် လက်ဟန်များကို အလျင်အမြန် ဖော်လိုက်ရာ လရောင်စွမ်းအားများ ကိန်းအောင်းနေသော လက်ဝါးရိုက်ချက်များ ထွက်ပေါ်လာပြီး ကျောက်တံခါး အပိုင်းအစများအတွင်းသို့ စီးဝင်သွားလေတော့သည်။ ထိုအခါ ကျောက်တုံးများမှာ လေထဲသို့ မြင့်တက်လာပြီး အလင်းတံခါးကြီး တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ တော့၏။

သူတို့နှစ်ဦးသည် အလင်းကန့်လန့်ကာကို ဖြတ်သန်းကာ ကမ္ဘာငယ်လေးတစ်ခု အတွင်းသို့ ဝင်ရောက်သွားကြသည်။

"ရှေ့မှာ မြူခိုးတွေ ရှိတယ်။ အဲဒီ မြူခိုးတွေထဲ ဝင်ပြီး ခဏလောက် စောင့်နေလိုက်ရင် ဒုတိယ အဟန့်အတားဆီကို ဝင်လို့ ရပါပြီရှင်။ ဒါပေမဲ့ ဒုတိယ အဟန့်အတားကတော့ အတော်လေး ခက်ခဲပါတယ်..."

ထိုသို့ ပြောရင်း လင်ယွဲ့ ခေတ္တမျှ တုံ့ဆိုင်းသွားခဲ့၏။

"တကယ့်ကို ထူးဆန်းတဲ့ အဟန့်အတားပဲဗျာ"

ယဲ့ဖုန်းနှင့် လင်ယွဲ့တို့သည် မြူခိုးများကြားတွင် ရပ်လျက် ဝေဝါးနေသော ပတ်ဝန်းကျင်ကို ကြည့်နေမိကြသည်။ ဤမြူခိုးများကြားတွင် ရပ်နေရုံမျှဖြင့် အဟန့်အတားကို မည်သို့ ဖြတ်ကျော်နိုင်မည်ကို ယဲ့ဖုန်း နားမလည်နိုင်အောင် ဖြစ်နေရရှာ၏။

“ဝရူး…”

လေပြင်းတစ်ချက် တိုက်ခတ်လာပြီး မြူခိုးများ လွင့်စင်သွားသည့်အခါ သူတို့နှစ်ဦး ရှေ့ဆက် သွားနိုင်ပြီ ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။

"ဒုတိယ အဟန့်အတားက ရှေ့မှာပါရှင်" လင်ယွဲ့က ရှေ့ရှိ ရေကန်လေးတစ်ခုကို လက်ညှိုးညွှန်ပြလိုက်၏။

ထိုရေကန်၏ အထက်တွင် အချင်း နှစ်မီတာခန့်ရှိသော စက်ဝိုင်းပုံ စင်မြင့်တစ်ခု လွင့်မျောနေသည်။

၎င်း၏ မျက်နှာပြင်ပေါ်တွင် ရှုပ်ထွေးလှသော ဝင်္ကပါပုံစံများကို ရေးထွင်းထားသည်။

ယဲ့ဖုန်းနှင့် လင်ယွဲ့တို့သည် ထိုစင်မြင့်ပေါ်သို့ တက်ရောက်လိုက်ကြ၏။

"ဒီပေါ်မှာ ရပ်နေရုံနဲ့တင် ဒုတိယ အဟန့်အတားကို ဖြတ်ကျော်ပြီးသား ဖြစ်သွားတာလားဗျ"

ယဲ့ဖုန်းမှာ သံသယများ ပြည့်နှက်နေပြီး ဤအဟန့်အတားမှာ ပို၍ပင် ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။

လင်ယွဲ့က ပါးပြင်လေးများ နီမြန်းလျက် -

"ဟုတ်ကဲ့ပါရှင်" ဟု ဖြေကြားလိုက်၏။

မှတ်ဉာဏ် အပိုင်းအစများအရ သူမသည် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများနှင့် ချိတ်ဆက်ကာ လျှို့ဝှက်နယ်မြေ၏ အဓိက နယ်မြေဆီသို့ သွားရာလမ်းကြောင်းကို ဖွင့်လှစ်ရန်အတွက် သူမ နှစ်သက်မြတ်နိုးရသူ တစ်ဦးနှင့်အတူ ဤစက်ဝိုင်းပုံ စင်မြင့်ပေါ်တွင် ယှဉ်တွဲ ရပ်နေရမည် ဖြစ်သည်။

မကြာမီမှာပင် စင်မြင့်ပေါ်ရှိ ဝင်္ကပါပုံစံများမှနေ၍ လရောင်အလင်းတန်းများ မြင့်တက်လာပြီး သူတို့နှစ်ဦးကို လွှမ်းခြုံကာ ကောင်းကင်ယံသို့ တောက်ပလှသော အလင်းရောင်များကို ဖြာထွက်စေလိုက်လေတော့၏။

“ဝီ”

နတ်ဘုံနတ်နန်းမှ ပန်းမိုးများ ရွာသွန်းဖြိုးနေသည့်အလား သာယာလှသော အသံများ ပဲ့တင်ထပ် ထွက်ပေါ်နေသည်။

အလင်းတံခါးကြီးတစ်ခု နောက်ဆုံးတွင် ပွင့်ဟသွားခဲ့၏။

"အောင်မြင်သွားပြီ"

လင်ယွဲ့သည် အတိုင်းထက်အလွန် စိတ်လှုပ်ရှားသွားပြီး ယဲ့ဖုန်း၏ လက်ကို အလိုအလျောက် ဆုပ်ကိုင်လိုက်မိသည်။

ထို့နောက် သူနှင့်အတူ လေထဲသို့ ပျံတက်ကာ အလင်းတံခါးကို ဖြတ်သန်းပလိုက်၏။ ငှက်များ၏ သီကျူးသံ၊ ပန်းရနံ့များ သင်းကြိုင်နေသော အေးချမ်းတိတ်ဆိတ်လှသည့် တောင်ကြားလေးတစ်ခု အတွင်းသို့ နောက်ဆုံး၌ ရောက်ရှိသွားခဲ့လေတော့သည်။

ရှေ့တည့်တည့်တွင် ရှိနေသည်က သစ်သားအိမ်လေး တစ်လုံး။

သစ်သားအိမ်ရှေ့ရှိ ကျောက်စားပွဲပေါ်တွင် ပစ္စည်းသုံးမျိုး တင်ထား၏။ သိုလှောင်လက်စွပ် တစ်ကွင်း၊ သစ်ကြားသီးအရွယ်ခန့် ရှိသော အရောင်တောက်တောက်.. သလင်းကျောက် တစ်တုံး နှင့် ရှေးဟောင်း စာအုပ်တစ်အုပ် တို့ပင် ဖြစ်သည်။

"နောက်ဆုံးတော့ ရှာတွေ့သွားပြီ"

လင်ယွဲ့သည် အပြေးအလွှား သွားရောက်ကာ သစ်ကြားသီးအရွယ် တောက်ပနေသော သလင်းကျောက်ကို ကောက်ယူလိုက်ပြီး သူမ၏ နဖူးပေါ်တွင် ကပ်လိုက်၏။ သူမသည် မင်ယွဲ့ နတ်မိမယ်၏ အမွေအနှစ်ဖြစ်သော သူမ၏ အတိတ်ဘဝ မှတ်ဉာဏ်များကို လက်ခံရယူရန် ပြင်ဆင်လိုက်ခြင်းပင်။

ထိုအခိုက်အတန့်တွင် ကြီးမားလှသော မှတ်ဉာဏ်လှိုင်းလုံးကြီးများ သူမ၏ စိတ်အာရုံအတွင်းသို့ အဟုန်ပြင်းစွာ စီးဝင်လာခဲ့လေတော့သည်။

ကြယ်တာရာ ကောင်းကင်ယံ၊ ပြင်ပကမ္ဘာ၊ လျှို့ဝှက်ဆန်းကြယ်လှသော မဟာစစ်ပွဲကြီး၊ လျှို့ဝှက်နည်းစနစ်များ၊ နတ်ဘုရား စွမ်းရည်များ...

ဤမှတ်ဉာဏ်များမှာ အလွန်ပင် များပြားလှပြီး ဖရိုဖရဲ ဖြစ်နေသဖြင့် အလွယ်တကူ နားလည်သဘောပေါက်ရန် ခက်ခဲလှသည်။

ယဲ့ဖုန်းမှာမူ ဘေးတွင် ပျင်းရိစွာ ရပ်နေရင်း စားပွဲပေါ်ရှိ ရှေးဟောင်းစာအုပ်ကို လှန်လှော ကြည့်ရှုနေ၏။

" 'လမင်းအထွတ်အထိပ်' လို့ ခေါ်တဲ့ နတ်ဘုရားစွမ်းရည် တစ်ခု ပါလား"

ယဲ့ဖုန်း၏ မျက်လုံးများမှာ အရောင်တောက်သွားခဲ့ တော့၏။

ဒါက တကယ်ကို နတ်ဘုရားစွမ်းရည် တစ်ခု ဖြစ်နေတာပဲ

နဝမအဆင့် မန္တန်များကိုပင် ကျော်လွန်နိုင်သော အစွမ်းထက် လျှို့ဝှက်နည်းစနစ် တစ်ခု။

၎င်းကို ထုတ်ဖော်လိုက်သည်နှင့် ကောင်းကင်နှင့် မြေကြီးမှ လမင်း၏ စွမ်းအားများကို ဆွဲယူကာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အင်အားကို ထုတ်လွှတ်နိုင်စွမ်း ရှိ၏။

"ဒီနတ်ဘုရားစွမ်းရည်က မဆိုးဘူးပဲ... ကျွန်တော် ယူလိုက်မယ်ဗျာ"

ယဲ့ဖုန်းသည် ထိုစာအုပ်ကို သူ၏ စနစ် ဟင်းလင်းပြင် အတွင်းသို့ ပစ်ထည့်လိုက်၏။

လင်ယွဲ့က ပစ္စည်းတစ်ခုကိုသာ လိုချင်သည်ဟု ပြောထားခဲ့ပြီး ယခုအခါ သူမ လိုချင်သော အရာမှာ ထိုတောက်ပနေသည့် သလင်းကျောက် ဖြစ်ပုံရရာ ကျန်ရှိသောအရာ အားလုံးမှာ ယဲ့ဖုန်း ပိုင်ဆိုင်သည်မှာ သေချာသွားခဲ့ တော့၏။

သူသည် သိုလှောင်လက်စွပ်ကို ကောက်ယူလိုက်ပြီး သူ၏ အသိစိတ်ဝိညာဉ် စွမ်းအားများကို အတွင်းသို့ ထိုးဖောက် ဝင်ရောက်စေလိုက်သည်။

သို့သော် ထိုအခိုက်အတန့်တွင် လက်စွပ်အတွင်းမှနေ၍ အလွန်တရာ ထူးဆန်းလှသော အရှိန်အဝါကြီးတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာပြီး လင်ယွဲ့၏ စိတ်အာရုံအတွင်းသို့ အဟုန်ပြင်းစွာ တိုးဝင်သွားခဲ့လေရာ သလင်းကျောက်မှာ မျက်စိကျိန်းမတတ် အလင်းရောင်များကို ရုတ်တရက် ဖြာထွက်စေလိုက်လေတော့သည်။

"အား..."

လင်ယွဲ့၏ ကိုယ်ခန္ဓာမှာ ပြင်းထန်စွာ တုန်ယင်သွားပြီး နာကျင်စွာ အော်ဟစ်လိုက်၏။

ယဲ့ဖုန်းသည် သူမကို လှမ်းကြည့်လိုက်ရာ သူ၏ မျက်ဝန်းအိမ်များမှာ ရုတ်တရက် ကျုံ့ဝင်သွားခဲ့ရလေတော့သည်။

"ဒါ... ခန္ဓာကိုယ်ကို ဝင်ပူးနေတာပဲ”

အခန်း (၄၇၁) - မင်ယွဲ့ နတ်မိမယ်၏ တွက်ကိန်းများ နှင့် ကိုယ်ပိုင်စီးနင်းခြင်း အစီအစဉ် ကျရှုံးခြင်း

~ဤသိုလှောင်လက်စွပ်အတွင်း၌ ပြင်းထန်လှသော အသိစိတ်ဝိညာဉ် စွမ်းအားတစ်ခု ကိန်းအောင်းနေခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လင်ယွဲ့၏ အသိစိတ် ပင်လယ်အတွင်းသို့ အရှိန်အဟုန်ဖြင့် တိုးဝင်သွားခဲ့ပြီး သူမ၏ ဝိညာဉ်ကို ဇွတ်တရွတ်.. လုယူရန် ကြိုးစားလေတော့သည်။

ယဲ့ဖုန်းကိုယ်တိုင်ပင် ဤအခြေအနေကို ကြိုတင် မတွက်ဆထားမိခဲ့ချေ။

သူသည် လေဓာတ် ဝိညာဉ်စွမ်းအင် တစ်မျှင်ကို အလျင်အမြန် ထုတ်ယူကာ လင်ယွဲ့၏ အသိစိတ် ပင်လယ်ကို တည်ငြိမ်သွားစေရန် ပြုလုပ်ပေးလိုက်သည်။ ထိုအသိစိတ်ဝိညာဉ် စွမ်းအား၏ ဝါးမြိုခြင်းကို မခံရစေရန် အကာအကွယ် ပေးလိုက်၏။

“ဘုန်း”

တုံးတိတိ အသံကြီးတစ်သံ ထွက်ပေါ်လာခဲ့၏။

နောက်တစ်စက္ကန့်တွင် လင်ယွဲ့၏ အသိစိတ် ပင်လယ်အတွင်းသို့ ဝင်ရောက်သွားသော ထိုအစွမ်းထက် အသိစိတ်ဝိညာဉ် စွမ်းအားမှာ လေဓာတ် ဝိညာဉ်စွမ်းအင်၏ တွန်းကန်မှုကြောင့် အပြင်သို့ ပြန်လည် လွင့်စင်လာခဲ့ပြီး လေထဲတွင် လူပုံရိပ်တစ်ခုအဖြစ် စုစည်းသွားခဲ့လေတော့သည်။

၎င်းမှာ လရောင်ပမာ ဖြူဖွေးလှသော ဝတ်ရုံကို ဆင်မြန်းထားသည့် အလွန်တရာ လှပသော အမျိုးသမီး တစ်ဦးပင် ဖြစ်သည်။

သူမ၏ အသားအရေမှာ ကျောက်စိမ်းပမာ ဖြူဝင်းနူးညံ့နေပြီး ခါးသိမ်သိမ်လေးနှင့်အတူ... နှုတ်ခမ်းနီနီ၊ သွားဖြူဖြူလေးများက သူမအား မင်းသမီးတစ်ပါးနှယ် ခန့်ညားထည်ဝါစေသော်လည်း သူမ၏ မျက်ဝန်းများမှာမူ ရေခဲပမာ အေးစက်နေ၏။

"ဘယ်သူကများ.. ငါ့ရဲ့ အစီအစဉ်ကို လာဖျက်ဆီးရဲတာလဲ"

လွင့်မျောနေသော ထိုပုံရိပ်ထံမှ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာခဲ့ပြီး ယဲ့ဖုန်းအား စူးရဲစွာ စိုက်ကြည့်လိုက်၏။

“ဝုန်း”

ကြောက်မက်ဖွယ်ကောင်းသော အင်အားကြီးတစ်ခုမှာ ထိုအမျိုးသမီးထံမှ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့ပြီး ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်သွားစေနိုင်သော မူလနတ်ဘုရား အဆင့် အရှိန်အဝါများကို ထုတ်လွှတ်လိုက်လေတော့သည်။

"ခင်ဗျားက မင်ယွဲ့ နတ်မိမယ် လား"

ယဲ့ဖုန်းသည် သူ၏ လက်ကို ဆန့်ထုတ်ကာ သူရဲကောင်း ဝိညာဉ်စွမ်းအားများကို အသုံးပြု၍ ရွှေရောင် ဒိုင်းလွှားတစ်ခု ဖန်တီးလိုက်ပြီး သူမထံမှ ထွက်ပေါ်လာသော ဖိအားများကို တားဆီးရင်း အံ့သြတကြီး မေးလိုက်၏။

"မှန်တယ်... ငါပဲ"

မင်ယွဲ့ နတ်မိမယ် က အေးစက်စွာ ပြောလိုက်သည်။

"မင်းက ဒီကောင်မလေးနဲ့အတူ ဒီကို ဝင်လာနိုင်တယ်ဆိုတော့... ကြည့်ရတာ မင်းက သူ့ရဲ့ အချစ်တော်လေး ဖြစ်ရမယ်။ မင်းမှာ ဒီလောက် အစွမ်းရှိနေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး... တကယ့်ကို အံ့သြဖို့ ကောင်းတာပဲ"

"ဗျာ... အချစ်တော်..."

ယဲ့ဖုန်းမှာ လုံးဝ ဇဝေဇဝါ ဖြစ်သွားရ၏။

ဒါက ဘယ်လို အခြေအနေကြီးလဲ။

ငါက ဘယ်လိုလုပ် လင်ယွဲ့ ရဲ့ အချစ်တော် ဖြစ်သွားရတာလဲ။

ယဲ့ဖုန်း တွေးလေလေ... တစ်ခုခု မှားယွင်းနေပြီဟု ခံစားရလေလေ ဖြစ်လာပြီး သူ၏ ခြေလှမ်းများမှာ နောက်သို့ အလိုအလျောက် ဆုတ်သွားမိသည်။

ထိုစဉ် သူသည် မင်ယွဲ့ နတ်မိမယ် အား အသေအချာ အကဲခတ်ကြည့်လိုက်ရာ သူမ၏ ရုပ်ရည်မှာ လင်ယွဲ့ နှင့် လုံးဝ မတူညီကြောင်း တွေ့ရှိလိုက်ရသဖြင့် အတော်လေး အံ့အားသင့်သွားရပြန်သည်။

"လင်ယွဲ့ က ခင်ဗျားရဲ့ လူဝင်စား မဟုတ်ဘူးလား"

ယဲ့ဖုန်းက စမ်းသပ်သည့်အနေဖြင့် မေးမြန်းလိုက်၏။

"ဟား... ဒီကောင်မလေးက ငါ့ရဲ့ လူဝင်စား ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အဲဒါတွေက ငါ ဟင်းလင်းပြင်ကို ဖြတ်ပြီး သူမရဲ့ ခေါင်းထဲကို ထည့်ပေးထားတဲ့ မှတ်ဉာဏ် အတုတွေချည်းပဲ။ မဟုတ်ရင် ငါနဲ့ ရုပ်ခန္ဓာ ပါရမီတူတဲ့ ဒီကောင်မလေးက ဒီကို ရောက်လာအောင် ငါ ဘယ်လို လှည့်စားလို့ ရမှာလဲ"

မင်ယွဲ့ နတ်မိမယ် က လှောင်ပြုံးပြုံးလျက် ပြောလိုက်သည်။

သူမသည် သေဆုံးသွားခဲ့ပြီ ဖြစ်၏။ သို့သော် မသေနိုင်သော အသိစိတ်ဝိညာဉ် တစ်မျှင် ကျန်ရစ်ခဲ့ပြီး လွန်ခဲ့သော အနှစ်သုံးဆယ်ခန့်ကမှ သူမနှင့် ရုပ်ခန္ဓာပါရမီ တူညီသော လင်ယွဲ့ ကို ရှာဖွေတွေ့ရှိခဲ့ခြင်းပင်။

မင်ယွဲ့ နတ်မိမယ် သည် လျှို့ဝှက်နည်းစနစ်များကို အသုံးပြု၍ လင်ယွဲ့ ၏ အိပ်မက်များမှတစ်ဆင့် လွှမ်းမိုးကာ သူမသည် မင်ယွဲ့ နတ်မိမယ် ၏ လူဝင်စားဖြစ်ကြောင်း မှတ်ဉာဏ်အတုများကို ရိုက်သွင်းခဲ့ခြင်း ဖြစ်သည်။ ရည်ရွယ်ချက်မှာမူ လင်ယွဲ့ အား ဤနေရာသို့ သူမ သဘောဆန္ဒအလျောက် လာရောက်စေရန် မြူဆွယ်ပြီး သူမ၏ ကိုယ်ခန္ဓာကို အလွယ်တကူ ဝင်ရောက်စီးနင်းကာ အသက်ပြန်လည်ရှင်သန်ရန်နှင့် မကြာမီတွင် အမြင့်ဆုံးအဆင့်သို့ ပြန်လည် တက်လှမ်းနိုင်ရန်ပင် ဖြစ်သည်။

"သြော်... ဒါက လှည့်စားမှု သက်သက်ပဲကိုး"

ယဲ့ဖုန်း သဘောပေါက်သွားခဲ့ တော့၏။

"ဆိုတော့... ခင်ဗျားက လင်ယွဲ့ ကို ဒီခေါ်လာတာ သူ့ရဲ့ ခန္ဓာကိုယ်ကို ဝင်ပူးဖို့ သက်သက်ပဲပေါ့။ ဒါပေမဲ့ ကျွန်တော် သိချင်တာက... ဘာလို့ အဲဒီ ရယ်စရာကောင်းတဲ့ အဟန့်အတား နှစ်ခုကို ဖန်တီးထားရတာလဲဗျ"

လူနှစ်ယောက် မြူခိုးတွေထဲမှာ ရပ်နေလိုက်တာနဲ့ မြူခိုးတွေ ကင်းစင်သွားတယ်။

ကန်ရေပြင်အထက်က လွင့်မျောနေတဲ့ စင်မြင့်ပေါ်မှာ ရပ်လိုက်တာနဲ့ ဒီတောင်ကြားကို လာတဲ့ လမ်းကြောင်း ပွင့်သွားတယ်တဲ့လား...။

ဤရယ်စရာကောင်းလှသော အဟန့်အတား နှစ်ခုနှင့် ပတ်သက်၍ ယဲ့ဖုန်းမှာ လုံးဝ စကားမပြောနိုင်အောင် ဖြစ်နေရရှာသည်။

အကယ်၍သာ တခြားသော ရည်ရွယ်ချက် မရှိခဲ့လျှင် မင်ယွဲ့ နတ်မိမယ် ၏ ဤလုပ်ရပ်မှာ လူသားတို့၏ ဉာဏ်ရည်ကို စော်ကားခြင်း သက်သက်သာ ဖြစ်လိမ့်မည်ဟု သူ ယူဆထားမိခြင်းပင်။

"ဟားဟားဟား... မင်းက နားမလည်ပါဘူး"

မင်ယွဲ့ နတ်မိမယ် သည် မျက်လုံးမှိတ်ထားဆဲဖြစ်သော လင်ယွဲ့ ကို တစ်ချက် ကြည့်လိုက်ပြီး မကောင်းဆိုးဝါးဆန်ဆန် ပြုံးလိုက်၏။

"ငါနဲ့ ဒီကောင်မလေးက ထူးခြားတဲ့ ရုပ်ခန္ဓာပါရမီ တူကြတယ်။ ကိုယ် သဘောကျ နှစ်သက်တဲ့သူကို မြင်လိုက်ရင်... နှလုံးခုန်မြန်လာမယ်၊ မျက်နှာတွေ နီလာမယ်၊ သွေးတွေ ဆူပွက်လာပြီး ကျင့်ကြံခြင်း နှုန်းကလည်း အဆပေါင်းများစွာ မြန်ဆန်လာတတ်တယ်လေ"

"အဲဒါကြောင့် ဒီနေရာကို ဝင်လာနိုင်ဖို့အတွက်... သူ..နှစ်သက်တဲ့သူ တစ်ယောက်ကို ရှာတွေ့အောင် လုပ်ရတာပေါ့"

"ပြီးတော့ သူ..နှစ်သက်တဲ့သူရဲ့ ကျင့်ကြံခြင်းအဆင့်က မြင့်လေလေ... ပိုကောင်းလေလေပဲ။ ဘာလို့လဲဆိုတော့... ငါက ထူးဆန်းတဲ့ နတ်ဘုရားစွမ်းရည် တစ်ခုကို သုံးပြီး ဒီကောင်မလေး နှစ်သက်တဲ့သူရဲ့ ကျင့်ကြံခြင်းအစွမ်းတွေကို အကြောင်းတရား နိယာမ ကနေတစ်ဆင့် အတင်းအဓမ္မ စုပ်ယူလို့ ရတယ်လေ..."

စကားပြောနေရင်းဖြင့် မင်ယွဲ့ နတ်မိမယ် သည် ယဲ့ဖုန်းအား စူးရဲစွာ စိုက်ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းများအတွင်းရှိ အေးစက်မှုများမှာ ပိုမို နက်နဲလာခဲ့သည်။

ယဲ့ဖုန်း၏ ရင်ထဲတွင် ဒိတ်ခနဲ ဖြစ်သွားရ တော့၏။

‘ကျစ်။

ဒီ မင်ယွဲ့ နတ်မိမယ် က လင်ယွဲ့ ရဲ့ ငါ့အပေါ် ထားတဲ့ ခံစားချက်ကို အသုံးချပြီး... ငါ့ရဲ့ ကျင့်ကြံခြင်းအစွမ်းတွေကို အတင်း စုပ်ယူလို့ ရတယ်တဲ့လား။ ဒီနတ်ဘုရားစွမ်းရည်က တကယ်ကို ရူးချင်စရာကြီးဟ’

ဤသို့ တွေးမိသည်နှင့် ယဲ့ဖုန်း၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး ကြောက်ရွံ့နေဟန် ဆောင်လိုက်၏။

၎င်းကို မြင်သောအခါ မင်ယွဲ့ နတ်မိမယ် က လှောင်ပြောင်လိုက်သည်။

"ကောင်လေး... မင်းလည်း မူလနတ်ဘုရား အဆင့်မှာ ရှိနေတယ်ဆိုပေမဲ့... 'လင်ယွဲ့' ဆိုတဲ့ ဒီကောင်မလေးရဲ့ အချစ်တော် ဖြစ်နေမှတော့ မင်းကံဆိုးပြီသာ မှတ်ပေတော့"

"နတ်ဘုရားစွမ်းရည်... ကျင့်ကြံခြင်း ဝါးမြိုမှု"

မင်ယွဲ့ နတ်မိမယ် သည် နောက်ဆုံးတွင် ဤတိုက်ကွက်ကို ထုတ်ဖော်လိုက်လေတော့၏။

သူမထံမှ ထူးဆန်းသော အရှိန်အဝါများ ထွက်ပေါ်လာပြီး လင်ယွဲ့ ၏ ကိုယ်ခန္ဓာအတွင်းသို့ စိမ့်ဝင်သွားကာ... ထိုမှတစ်ဆင့် ပန်းရောင် မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး ယဲ့ဖုန်း ဆီသို့ တိုးဝင်လာခဲ့သည်။

ယဲ့ဖုန်းသည် မျက်လုံးများ ပြူးကျယ်လျက် မလှုပ်မယှက် ရပ်နေလိုက်၏။

တစ်ချက် ရှူချိန်။

သုံးချက် ရှူချိန်။

...

ဆယ်ချက် ရှူချိန် ကုန်လွန်သွားခဲ့ တော့သည်။

ယဲ့ဖုန်းသည် မင်ယွဲ့ နတ်မိမယ် ကိုသာ စိုက်ကြည့်လျက် နေရာတွင် ရပ်နေဆဲပင် ဖြစ်၏။

"ထူးဆန်းလိုက်တာ... ဘာလို့ အလုပ်မဖြစ်ရတာလဲ"

မင်ယွဲ့ နတ်မိမယ် မှာ အနည်းငယ် ဂဏာမငြိမ် ဖြစ်လာခဲ့ တော့သည်။

သူမ မည်သို့ပင် မန္တန်များကို ထုတ်ဖော်စေကာမူ ယဲ့ဖုန်းထံမှ ကျင့်ကြံခြင်းအစွမ်း အနည်းငယ်ကိုမျှ စုပ်ယူ၍ မရနိုင်ကြောင်း တွေ့ရှိလိုက်ရသဖြင့် သူမ၏ မျက်ဝန်းများမှာ အံ့သြမှုမှတစ်ဆင့် ထိတ်လန့်မှုအဖြစ်သို့ ပြောင်းလဲသွားခဲ့ရ၏။

"မကောင်းတော့ဘူး... မင်းက ဟင်းလင်းပြင် ဖြိုခွဲ အဆင့်က သက်တမ်းရင့် ဘီလူးကြီး တစ်ကောင်ပဲ"

သူမ၏ ကျင့်ကြံခြင်းအဆင့်ထက် ကြီးမားသော အဆင့်တစ်ခုလုံး သာလွန်နေသူသာလျှင် ဤနတ်ဘုရားစွမ်းရည်ကို လျစ်လျူရှုထားနိုင်စွမ်း ရှိသည်။

ထို့ကြောင့် မင်ယွဲ့ နတ်မိမယ် က ယဲ့ဖုန်းအား သူ၏ စစ်မှန်သော ကျင့်ကြံခြင်းကို ဖုံးကွယ်ထားပြီး သာမန်လောကတွင် လှည့်လည် ကစားနေသော ဟင်းလင်းပြင် ဖြိုခွဲ အဆင့်ရှိ ဧကရာဇ်တစ်ပါးဟု ယုံကြည်သွားခဲ့လေတော့သည်။

“ဝှစ်”

မင်ယွဲ့ နတ်မိမယ် သည် လှည့်၍ ထွက်ပြေးရန် ပြင်လိုက်၏။

ယဲ့ဖုန်းသည် သူမကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းကုတ်လိုက်မိသည်။

"သြော်... ကြည့်ရတာ ကျင့်ကြံခြင်းအဆင့် မရှိတာကလည်း ကောင်းကျိုးတွေ ရှိနေတာကိုး"

သူသည် ထိုအချက်ကို အပြည့်အဝ သဘောတူလိုက်ပြီးနောက်... ထွက်ပြေးနေသော မင်ယွဲ့ နတ်မိမယ် ဆီသို့ လက်ကို ဆန့်ထုတ်ကာ အားကုန် ဆုပ်ကိုင်လိုက်၏။

"အား..."

မင်ယွဲ့ နတ်မိမယ် မှာ လေထဲတွင် ချက်ချင်း လည်ပင်းညှစ်ခံလိုက်ရပြီး မလှုပ်နိုင်တော့ချေ။ သူမသည် တစ်ချိန်က အဆင့်မြင့် မူလနတ်ဘုရား အဆင့်တွင် ရှိခဲ့ပြီး အသိစိတ်ဝိညာဉ်မှာ အလွန် အစွမ်းထက်ခဲ့သော်ငြား... ယခုအခါတွင်မူ ဝိညာဉ်အကြွင်းအကျန်မျှသာ ကျန်ရှိတော့ရာ အရင်ကလို မဟုတ်တော့ပေ။ ယဲ့ဖုန်း၏ လှုပ်ရှားမှု တစ်ချက်တည်းနှင့်ပင် သူမကို အသာလေး နှိမ်နင်းနိုင်ခဲ့ တော့၏။

"ပြန်လာခဲ့စမ်း"

ယဲ့ဖုန်းက ဆွဲယူသည့် ဟန်ပန် ပြုလုပ်လိုက်ရာ မင်ယွဲ့ နတ်မိမယ် မှာ မျက်စိတစ်မှိတ်အတွင်း ပြန်လည် ဆွဲယူခြင်း ခံလိုက်ရ၏။ သူ၏ ကျန်လက်တစ်ဖက်က သူမ၏ လည်ပင်းကို ဆုပ်ကိုင်ထားလိုက်သည်။

"လင်ယွဲ့ က အိပ်ပျော်နေတုန်းပဲဆိုတော့... သူမ အန္တရာယ် ရှိနိုင်မလားဗျ"

ယဲ့ဖုန်းသည် လင်ယွဲ့ အပေါ် မည်သည့် ခံစားချက်မျှ မရှိသော်ငြား... တစ်ဖက်လူက သူ့ကို အလွန်အမင်း သဘောကျနေကြောင်း သိရှိထားသဖြင့် ရင်ထဲတွင် လှုပ်ရှားမှု မရှိဘဲ မနေနိုင်သလို... သူမ အန္တရာယ် ကြုံနေရသည်ကိုလည်း လက်ပိုက် ကြည့်မနေနိုင်ချေ။

"သူမက ကျွန်မ ချန်ထားခဲ့တဲ့ အမွေအနှစ်တွေကို လက်ခံရယူနေတာပါ... နောက်ထပ် နာရီဝက်လောက်ဆိုရင် ပြန်ကောင်းသွားမှာပါရှင်"

မင်ယွဲ့ နတ်မိမယ် က အလျင်အမြန် ရှင်းပြလိုက်သည်။

"စီနီယာ... ကျွန်မကို သနားပြီး အသက်ချမ်းသာပေးပါရှင်။ ကျွန်မ သီချင်းဆိုတတ်တယ်... တူရိယာ တီးခတ်တတ်တယ်... အကုန်လုံး လုပ်တတ်ပါတယ်ရှင်။ ကျွန်မရဲ့ ဒီ အသက်ငယ်လေးကို ချန်ထားပေးမယ်ဆိုရင်... နောင်ကျရင် စီနီယာ ခိုင်းတာ အကုန် လုပ်ပါ့မယ်ရှင်"

"အိုး..."

ယဲ့ဖုန်းက တည်ငြိမ်သော မျက်နှာထားဖြင့် ရေရွတ်လိုက်၏။

"အိုး..."

မင်ယွဲ့ နတ်မိမယ် က မျက်တောင်လေး ခပ်ကာ ယဲ့ဖုန်း သဘောတူလိုက်ပြီဟု ထင်မှတ်လိုက်သည်။

သို့သော် နောက်တစ်စက္ကန့်တွင် သူမ၏ ကိုယ်ပေါ်သို့ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြီးတစ်ခု ကျရောက်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် လက်မအရွယ်ခန့်ရှိသော အလင်းလုံးလေး တစ်ခုအဖြစ် ဖိသိပ်ခြင်း ခံလိုက်ရလေတော့သည်။

"အရင်ဆုံး စနစ်ဟင်းလင်းပြင် ထဲမှာပဲ ပိတ်လှောင်ထားလိုက်မယ်... နောက်မှ ပြင်ပကမ္ဘာနဲ့ ပတ်သက်ပြီး သိချင်တာ ရှိရင် ထုတ်ပြီး စစ်ဆေးရတာပေါ့"

ယဲ့ဖုန်းက တီးတိုး ပြောလိုက်၏။

ထို့နောက် သူသည် အမွေအနှစ် မှတ်ဉာဏ်များကို စုပ်ယူနေဆဲဖြစ်သော လင်ယွဲ့ ကို ကြည့်လိုက်သည်။ သူမ၏ ကိုယ်ခန္ဓာ ပတ်လည်တွင် လေဓာတ် ဝိညာဉ်စွမ်းအင် တစ်မျှင်ကို အကြိမ်အနည်းငယ် လှည့်ပတ်စေပြီး မည်သည့် အန္တရာယ်မျှ မရှိကြောင်း အတည်ပြုပြီးမှသာ ဘေးနားရှိ သစ်သားကုလားထိုင်ပေါ်တွင် သက်တောင့်သက်သာ ထိုင်ချလိုက်၏။

"လမင်းအထွတ်အထိပ်" ဟု အမည်ရသော နတ်ဘုရားစွမ်းရည် စာအုပ်ကို ဖွင့်ကာ ယဲ့ဖုန်း စတင် လေ့လာလေတော့သည်။

ဆယ်မိနစ်ခန့် ကြာပြီးနောက်...

"တီ..တီ… ဂုဏ်သတင်းတန်ဖိုး (၅၀,၀၀၀) နှုတ်ယူသွားပါပြီ။ ဂိုဏ်းချုပ်ကြီးအနေနဲ့ 'လမင်းအထွတ်အထိပ်' နတ်ဘုရားစွမ်းရည်ကို ပြီးပြည့်စုံသော အဆင့်အထိ တတ်ကျွမ်းသွားပြီး အခြားသော စွမ်းရည်တွေနဲ့ နှိုင်းယှဉ်သိမြင်နိုင်စွမ်း ရရှိသွာတဲ့အတွက် ဂုဏ်ပြုပါတယ်"

ယဲ့ဖုန်းသည် တန်ဖိုးပေး၍ အောင်မြင်မှုကို ရယူရန် ရွေးချယ်လိုက်ခြင်းပင် ဖြစ်သည်။

အကြောင်းမူကား ဆယ်မိနစ်ခန့် ကြည့်ရှုပြီးနောက် ဤနတ်ဘုရားစွမ်းရည်ကို သူ လုံးဝ နားမလည်နိုင်ကြောင်း သဘောပေါက်သွားသောကြောင့်ပင်။ ထို့ကြောင့် တန်ဖိုးပေး၍ ရယူခြင်းက အကောင်းဆုံးသော ဖြေရှင်းချက် ဖြစ်လာခဲ့လေတော့သည်။

"ဒီနတ်ဘုရားစွမ်းရည်က နေရာတိုင်းမှာ ရှိနေတဲ့ လရောင်စွမ်းအား တွေနဲ့ ချိတ်ဆက်နိုင်တယ်... ပြီးတော့ လရောင်စွမ်းအား ဆိုတာ ညဘက်မှ ရှိတာ မဟုတ်ဘူး... နေ့ဘက်မှာလည်း စုပ်ယူလို့ ရတယ်တဲ့။ ဒါပေမဲ့ ညဘက်မှာတော့ အကျိုးသက်ရောက်မှု အကောင်းဆုံး ဖြစ်မှာပေါ့"

ယဲ့ဖုန်းသည် ဤနတ်ဘုရားစွမ်းရည်၏ မိတ်ဆက်စာကို ဖတ်ရှုရင်း ခေါင်းညိတ်လိုက်၏။

နတ်ဘုရားစွမ်းရည် ဆိုသည်မှာ မန္တန်များနှင့် လုံးဝ ကွဲပြားခြားနားသည်။ မန္တန်များကို ထုတ်ဖော်ရာတွင် ဝိညာဉ်စွမ်းအင်များ အပေါ် အခြေခံ၍ တည်ဆောက်ထားသော စွမ်းအားများကို အသုံးပြုရပြီး ၎င်းတို့၏ အစွမ်းမှာလည်း ကန့်သတ်ချက် ရှိ၏။

သို့သော် နတ်ဘုရားစွမ်းရည်များမှာမူ မတူညီပေ။ ၎င်းတို့သည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို ချယ်လှယ်နိုင်သော အံ့ဖွယ် လျှို့ဝှက်နည်းစနစ်များ ဖြစ်ကြသည်။ ကျင့်ကြံခြင်းအဆင့် မရှိလျှင်ပင် နားလည်သဘောပေါက်မှု အနည်းငယ် ရှိရုံဖြင့် ၎င်းတို့ကို ထုတ်ဖော် အသုံးပြုနိုင်စွမ်း ရှိသည်။

"လမင်းအထွတ်အထိပ်"

ယဲ့ဖုန်းသည် ဘာလုပ်ရမှန်း မသိဖြစ်နေစဉ် လက်ချောင်းကို တောက်လိုက်ရာ... လရောင်စွမ်းအားများဖြင့် ဖွဲ့စည်းထားသော တောက်ပလှသည့် လမင်းကြီးတစ်စင်းမှာ ကောင်းကင်ယံတွင် ရုတ်တရက် ပေါ်ထွက်လာခဲ့၏။

၎င်းမှာ အထက်တွင် လွင့်မျောနေပြီး တောက်ပသော လရောင်များကို ဖြာထွက်စေလျက် ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်သွားစေနိုင်သော ကြီးမားလှသည့် လှိုင်းတံပိုးများကို ထုတ်လွှတ်နေလေသည်။

All Chapters