အခန်း (၁၆၃၇-၁၆၃၈)
Vol. 164 Ch. 1637-1638
အခန်း (၁၆၃၇) - သူတို့တွေ သေသွားကြပြီ
အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ အမာခံတပည့် ချန်နှင့် ကျန်လူများမှာ ရူးသွပ်လုနီးပါး ဖြစ်နေကြပြီဖြစ်ရာ၊ သူတို့သည် စကားလုံးဖြင့် ဖော်ပြ၍မရနိုင်သော နာကျင်မှုကို အံကြိတ်ခံစားနေကြရသည်။
ဖန့်ချန်က ခပ်တိုးတိုး သက်ပြင်းချလိုက်သည်။ လက်ရှိ အခြေအနေကို သူ မအံ့သြမိပါ။
အစကတည်းကပင် ဤကဲ့သို့ အရေးကြီးသော မေးခွန်းမျိုးသည် အမာခံတပည့် ချန်တို့ကို အသေခံ၍ ခုခံသည့် စိတ်ဓာတ်မျိုး ဖြစ်ပေါ်စေမည်ကို သူ ကြိုတင်တွက်ဆထားပြီးသား ဖြစ်သည်။
ထို့ကြောင့်ပင် ရှေ့ပိုင်းတွင် မျိုးနွယ်စုနှစ်ခုကြား အားပြိုင်မှုအပေါ် များစွာ သက်ရောက်မှုမရှိသည့် အရေးမပါသော အချက်အလက်များကိုသာ သူ ဦးအောင် မေးမြန်းခဲ့ခြင်း ဖြစ်သည်။
"မင်းတို့ ဒီအတိုင်း ဝိညာဉ်လွင့်စင်သွားရင်၊ တကယ်လို့ မိစ္ဆာမျိုးနွယ်တွေ နိုင်သွားခဲ့ရင်တောင် မင်းတို့ကတော့ အဲဒီနေ့ကို မြင်ရမှာ မဟုတ်ဘူး"
ဖန့်ချန်က အေးစက်စွာ ဆိုလိုက်သည်။
"အဲဒါ ဘာဖြစ်လဲ... ဒီနေ့အထိ ငါတို့မျိုးနွယ်စုမှာ သေခဲ့ရတဲ့လူတွေ မနည်းတော့ဘူး။ ဝိညာဉ်လွင့်စင်သွားရုံတင်ပဲလေ၊ ငါတို့မျိုးနွယ်စုရဲ့ ရည်မှန်းချက်ကြီးနဲ့ ယှဉ်ရင် ဒါက ဘာမှမဟုတ်ပါဘူး "
အမာခံတပည့် ချန်က နာကျင်စွာ ရယ်မောလျက် ပြောသည်။
သူ၏ ပုံရိပ်မှာ တဖြည်းဖြည်း မှိန်ဖျော့သွားသည်။ ရွှီခွန်းနှင့် ကျန်လူများမှာလည်း ထိုနည်းတူပင်။
"ထားလိုက်ပါတော့... မင်းတို့ကို နောက်ဆုံးခရီး ပို့ပေးလိုက်ပါ့မယ်"
ဖန့်ချန်က လက်ကို အသာအယာ ဝေ့ယမ်းလိုက်သည်။
လောင်ကျွမ်းနေသည့် အရှိန်မှာ ချက်ချင်းပင် အဆပေါင်းများစွာ မြန်ဆန်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ဝိညာဉ်ငါးခုမှာ လုံးဝ ပျောက်ကွယ်သွားကာ တိမ်အငွေ့အဖြစ် ပြောင်းလဲသွားတော့သည်။
ဖန့်ချန်သည် ထိုနေရာတွင် ခဏမျှ ရပ်တန့်နေပြီးနောက်၊ ကြာနီနတ်မိမယ်နံဘေးသို့ လှည့်လာကာ သူမ၏ ခန္ဓာကိုယ်အတွင်းပိုင်း အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။
သူမ၏ ခန္ဓာကိုယ်ထဲတွင် မည်သည့် ပြင်ပအားအင်မှ လည်ပတ်နေခြင်း မရှိသလို၊ အခြေအနေ အားလုံးမှာလည်း ပုံမှန်ပင် ဖြစ်သည်။ တကယ့်ကို အိပ်ပျော်နေသည့် လူတစ်ယောက်ကဲ့သို့ပင်။
အချိန်များ ကုန်ဆုံးသွားသည်။
ရက်တစ်ရာ နီရဲခြင်း ၏ အချိန်ကန့်သတ်ချက် ပြည့်သွားသောအခါ၊ လှပသော ပန်းတစ်ပွင့်သည် ဖြည်းညှင်းစွာ ပွင့်အာလာပြီးနောက် ဖန့်ချန်နှင့် ကြာနီနတ်မိမယ်၏ ပုံရိပ်မှာလည်း တဖြည်းဖြည်း ပေါ်ထွက်လာတော့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ဆဌမမြောက် ကြယ်တာရာမသေမျိုး သည် ဖန့်ချန်ရှေ့သို့ ချက်ချင်း ပြေးလာသည်။
"မိတ်ဆွေ ဖန့်... မင်း ဘာမှမဖြစ်ဘူးမလား ဒီမိတ်ဆွေ ကြာနီကော ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားတာလား စိတ်မပူပါနဲ့၊ မသေမချင်းတော့ ငါ ကယ်နိုင်ပါသေးတယ်"
သူ၏ မျက်လုံးများထဲတွင် အားနာခြင်း၊ ရှက်ရွံ့ခြင်း၊ လောဆောခြင်းနှင့် စိုးရိမ်ပူပန်ခြင်းများကို ဖန့်ချန် အထင်အရှား မြင်နေရသည်။
သူက ပြုံးလိုက်ပြီး
"မိတ်ဆွေ ကြာနီ ဘာမှမဖြစ်ပါဘူး၊ အိပ်ပျော်နေရုံတင်ပါ"
"အိပ်ပျော်နေရုံပဲလား ဒါဆိုရင် တော်သေးတာပေါ့"
ဆဌမမြောက် ကြယ်တာရာမသေမျိုး က သက်ပြင်းအရှည်ကြီး ချလိုက်ပြီးနောက်၊ ထူးဆန်းသော မျက်နှာပေးဖြင့် ဆိုသည်။
"ခုနက ငါ ဝင်ရောက်ကူညီဖို့ အချိန်မမီခင်မှာပဲ သူတို့က မင်းကို ရက်တစ်ရာ နီရဲခြင်း ထဲ ဆွဲခေါ်သွားတာ။ စိတ်ဝိညာဉ် နယ်မြေ ထဲမှာတောင် နှစ်ပေါင်းများစွာ ပျောက်ကွယ်နေတဲ့ ဒီလို ထူးဆန်းတဲ့ အရာမျိုး သူတို့ဆီမှာ ရှိနေလိမ့်မယ်လို့ ငါ တကယ် မထင်ထားမိဘူး"
"သူတို့ဆီမှာ သမိုင်းမှတ်တမ်း မသေမျိုးကျမ်းစာတောင် ရှိနေတာပဲ၊ ဒီလို ပစ္စည်းမျိုး ရှိနေတာကလည်း မထူးဆန်းပါဘူး။ ဒါနဲ့ ဆဌမမြောက် ကြယ်တာရာမသေမျိုး... မင်းက စီနီယာအစ်မကြီး လွှတ်လိုက်တဲ့ အစောင့်အရှောက်လား"
ဖန့်ချန်က မေးလိုက်သည်။
"ဟုတ်တယ်လေ၊ အာမန်အစ်မကြီးက ပိုးကောင်တွေကို တစ်ခါတည်း အမြစ်ပြတ် ဖမ်းချင်တယ်ဆိုတာနဲ့ ငါ လိုက်လာတာ"
ဆဌမမြောက် ကြယ်တာရာက အားနာနေသော မျက်နှာဖြင့်
"ရလဒ်ကတော့ ငါ ဘာမှမကူညီနိုင်ခဲ့ဘူး..."
စကားပြောရင်းနှင့် သူ ရုတ်တရက် မှင်သက်သွားသည်။ တစ်စုံတစ်ခုကို အခုမှ သတိပြုမိသွားပုံရသည်။
သူသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း အမာခံတပည့် ချန်တို့၏ အငွေ့အသက်ကို မတွေ့ရချေ။
"မိတ်ဆွေ ဖန့်... မင်းကို တိုက်ခိုက်ခဲ့တဲ့ အမာခံတပည့် ငါးယောက်က အခု ဘယ်မှာလဲ..."
"သူတို့တွေ သေသွားကြပြီ" ဟု ဖန့်ချန်က ဆိုသည်။
"သေကုန်ပြီ... အာမန်အစ်မကြီး ပြောတော့ မင်းက အဆင့် ၃ မသေမျိုးပဲရှိသေးတာဆို။ ခုနက ငါးယောက်ထဲမှာ နှစ်ယောက်က အဆင့် ၄ မသေမျိုးတွေလေ..."
ဆဌမမြောက် ကြယ်တာရာသည် ဖန့်ချန်ကို အပေါ်အောက် အကဲခတ်ကြည့်လိုက်သည်။
ထိုအခါမှ ဖန့်ချန်၏ လက်ရှိ အငွေ့အသက်မှာ သူတို့နောက်သို့ လိုက်လာစဉ်ကထက် များစွာ ပိုမိုအားကောင်းနေသည်ကို သတိထားမိသွားသည်။
"တိုက်ပွဲအတွင်းမှာပဲ အဆင့်တက်သွားတာလား မဖြစ်နိုင်တာ၊ ဆေးသောက်ပြီး အဆင့်တက်တာတောင် အချိန်အတိုင်းအတာတစ်ခု လိုတာပဲ။ အဲဒီအချိန်အတွင်းမှာ အဆင့် ၃ မသေမျိုးဆိုတာ အဆင့် ၄ မသေမျိုးရဲ့ လက်ချက်နဲ့ အသားစိမ်းတုံး ဖြစ်နေလောက်ပြီ"
ဆဌမမြောက် ကြယ်တာရာက တိုးတိုးလေး ရေရွတ်နေမိသည်။
ဖန့်ချန်က ကြာနီနတ်မိမယ်ကို ပွေ့ချီကာ မတ်တပ်ရပ်လိုက်သည်။ မိမိ၏ ပုခုံးခန့်သာ အရပ်ရှိပြီး ကလေးမျက်နှာနှင့် စဉ်းစားခန်း ဝင်နေသော ဆဌမမြောက် ကြယ်တာရာမသေမျိုး ကို ကြည့်ကာ
"ဆဌမမြောက် ကြယ်တာရာ... ရွှီခွန်းတို့က ကျိရှန်းအင်ပါယာရဲ့ တာ့ပေ့တပ်မတော်ဆီကို ငါ့အကြောင်း သတင်းပေးထားတယ်။ တာ့ပေ့တပ်မတော်က အချိန်မရွေး ရောက်လာနိုင်တာမို့ ငါတို့ ဒီကနေ အရင် ထွက်သွားကြမလား"
"ဟုတ်သားပဲ၊ ငါ ခေါ်သွားပေးမယ်"
ဆဌမမြောက် ကြယ်တာရာက ထိုမေးခွန်းကို ထပ်မစဉ်းစားတော့ဘဲ ဖန့်ချန်ကို ဖမ်းကိုင်လိုက်သည်။ ထို့နောက် သူတို့ သုံးဦးစလုံးမှာ အဖြူရောင် အလင်းတန်းများကြားတွင် ပျောက်ကွယ်သွားတော့သည်။
"ဒီနေရာက ငါ နတ်ဘုရားလောက ထဲမှာ တိတ်တဆိတ် တည်ထောင်ထားတဲ့ ကျင့်ကြံရေးဂိုဏ်းလေးပဲ။ ဒီမှာ ငါ့ရဲ့ အပေါ်ယံ အဆင့်အတန်းက ရွှေအမြုတေ အဆင့် အဘိုးကြီးပေါ့"
ဆဌမမြောက် ကြယ်တာရာက ထိုနေရာကို ဖန့်ချန်အား မိတ်ဆက်ပေးသည်။
ဖန့်ချန်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ဤဂိုဏ်းတွင် ချီသန့်စင်ခြင်းအဆင့် နှင့် အခြေခံတည်ဆောက်မှု အဆင့် အနည်းငယ်သာ ရှိသည်ကို တွေ့ရသည်။ အဆင့်မရှိဘဲ ခက်ခဲစွာ ရပ်တည်နေရသော ဂိုဏ်းငယ်လေးတစ်ခုသာ ဖြစ်သည်။
"စိတ်ဝိညာဉ် နယ်မြေထဲက လောကနှစ်ခုကြား ကူးလူးသွားလာနိုင်တဲ့ ကျင့်ကြံသူတွေဟာ ဒီဘက်မှာ အမည်နာမ အမျိုးမျိုး၊ အဆင့်အတန်း အမျိုးမျိုး ယူထားကြတာ များတယ်။ ကျဆုံးမသေမျိုးတွေ ရိပ်မိသွားပြီး အိမ်တိုင်ရာရောက် လာရှာမှာစိုးလို့လေ။ စိတ်မပူပါနဲ့၊ ဒီနေရာက အရမ်းလုံခြုံပါတယ်။ အာမန်အစ်မကြီးရဲ့ အလုပ်တွေ ပြီးသွားရင် မင်းတို့ကို စိတ်ဝိညာဉ် နယ်မြေထဲ ပြန်ပို့ပေးဖို့ ငါ တာဝန်ယူပါတယ်"
ဟု ဆဌမမြောက် ကြယ်တာရာက ဆိုသည်။
"ဆဌမမြောက် ကြယ်တာရာ... ပဉ္စမစီနီယာ အစ်ကိုကြီးဘက်ကကော ဘယ်လိုရှိလဲ..."
ဖန့်ချန် စိတ်ပူသွားမိသည်။
"စိတ်မပူပါနဲ့၊ စီနီယာအစ်မကြီး ကိုယ်တိုင် လှုပ်ရှားလိုက်ပြီဆိုရင် တစ်ဖက်လူအတွက် ဘာအခွင့်အရေးမှ ရှိမှာ မဟုတ်ဘူး"
ဆဌမမြောက် ကြယ်တာရာက ဆိုသည်။
စစ်မှန်သော ဘုရင်မျိုးနွယ် က အဲဒီ အဆင့် ၈ စစ်မှန်သော မသေမျိုးလား။
ဖန့်ချန် စိတ်အေးသွားရသည်။ ထိုပုဂ္ဂိုလ်သာ ရှိနေလျှင် နန်မင်ရုယွဲ့အတွက် စိုးရိမ်စရာ မရှိတော့ချေ။
"စီနီယာအစ်မကြီးက ငါ့ကိုပဲ မင်းနောက် လိုက်ခိုင်းတာကိုလည်း စိတ်မဆိုးပါနဲ့။ သူမက မင်းကို တိုက်ခိုက်မယ့်လူတွေဟာ အဆင့်သိပ်မမြင့်လောက်ဘူးလို့ ယူဆထားတာ။ ငါလည်း သူတို့ဆီမှာ ရက်တစ်ရာ နီရဲခြင်း ရှိနေလိမ့်မယ်လို့ မထင်ထားမိဘူး။ အစကတည်းကသာ ငါ ဝင်တိုက်ခဲ့ရင် သူတို့ ရက်တစ်ရာ နီရဲခြင်း ကို သုံးခွင့်တောင် ရမှာ မဟုတ်ဘူး။ ငါ့ရဲ့ ပေါ့ဆမှုကြောင့်ပါ၊ မင်း အပြစ်တင်ချင်ရင် ငါ့ကိုပဲ အပြစ်တင်ပါ"
ဆဌမမြောက် ကြယ်တာရာမသေမျိုး က အားနာနေသော မျက်နှာဖြင့် ဆိုသည်။
ဖန့်ချန်က သူ့ကို ကြည့်ရင်း ထူးဆန်းသော ခံစားချက်တစ်ခု ပေါ်လာသည်။
မိမိရှေ့မှာ ရပ်နေသူသည် နှစ်ပေါင်းများစွာ ကျင့်ကြံလာပြီး လောကအလှည့်အပြောင်းတွေကို မြင်တွေ့ဖူးသည့် အဆင့် ၆ မသေမျိုးကြီးတစ်ဦးနှင့် မတူဘဲ၊ လောကအတွေ့အကြုံ မရှိသေးသော လူငယ်လေးတစ်ယောက်နှင့် ပိုတူနေသည်။
ထိုသို့ တွေးကြည့်မည်ဆိုလျှင် အရင်တုန်းက ကျိမိသားစု မှာ သူ ပြခဲ့သော အမူအရာများမှာ ဟန်ဆောင် ပြနေခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က လူတွေ အများကြီး ရှိနေသဖြင့် သူ လူကြောက်ရောဂါ ဖြစ်နေခဲ့ခြင်း မဟုတ်ပါလား။
"ဆဌမမြောက် ကြယ်တာရာ... ဒီကိစ္စက မင်းကို အပြစ်တင်လို့ မရပါဘူး။ နောက်ပြီး ကိစ္စတွေကလည်း ပြေလည်သွားပြီပဲ၊ နောင်တရမနေပါနဲ့တော့"
ဖန့်ချန်က ဆိုသည်။
ခေတ္တမျှ ရပ်တန့်ပြီးနောက် သူက သိလိုစိတ်ဖြင့် မေးလိုက်သည်။
"မင်း အခုလို အဆင့် ၆ မသေမျိုးအထိ ရောက်ဖို့ ဘယ်လောက်ကြာအောင် ကျင့်ကြံခဲ့ရတာလဲ"
"အကြာကြီးပေါ့... နှစ်ပေါင်း နှစ်ထောင်၊ သုံးထောင်လောက် ရှိမလားပဲ"
ဆဌမမြောက် ကြယ်တာရာက ခဏစဉ်းစားပြီးနောက် ရှက်ကိုးရှက်ကန်းနှင့် ရယ်မောလျက် ဆိုသည်။
"အတိအကျတော့ ငါလည်း မမှတ်မိတော့ဘူး၊ အချိန်အတော်များများကို ကျင့်စဉ်ကျောက်ဂူထဲမှာပဲ ကုန်ဆုံးခဲ့တာဆိုတော့"
"ဪ... အချိန်အတော်များများက ကျင့်စဉ်ကျောက်ဂူထဲမှာလား လောကအပြင်ဘက်ကို ထွက်ပြီး အတွေ့အကြုံ မယူခဲ့ဖူးဘူးလား "
ဖန့်ချန်၏ အကြည့်က လှုပ်ရှားသွားသည်။
ဆဌမမြောက် ကြယ်တာရာက ခေါင်းကို ခပ်ဖွဖွ ခါယမ်းလိုက်ပြီး
"ငါတို့ ကောင်းကင်မသေမျိုး တွေဟာ ကောင်းကင်မသေမျိုး သက်ဆင်းခြင်း ဆိုတဲ့ မသေမျိုးအတတ်ကို မတတ်မြောက်ခင်အထိ လောကထဲ ထွက်ပြီး အတွေ့အကြုံ ယူလို့ မရဘူး။ လူ့လောကရဲ့ လောဘ၊ ဒေါသ၊ မောဟ အာရုံတွေက ငါတို့ရဲ့ ကောင်းကင်မသေမျိုး လမ်းစဉ်အပေါ် သက်ရောက်မှု ရှိစေတယ်။
ထိတွေ့ရတဲ့လူ နည်းလေလေ၊ ငါတို့ရဲ့ မသေမျိုးစွမ်းအင် က ပိုပြီး သန့်စင်လေလေပဲ။ မဟုတ်ရင် ကောင်းကင်မသေမျိုး သက်ဆင်းခြင်း ကို သုံးလို့မရတော့ဘူး၊ အဲဒီလိုဆိုရင် ငါတို့ရဲ့ နည်းလမ်းတွေက တခြားလမ်းစဉ်က မသေမျိုးတွေထက် အများကြီး နိမ့်ကျသွားလိမ့်မယ်"
"ဒါကြောင့်ကိုး..."
ဖန့်ချန်သည် မိမိရှေ့က လူ၏ စိတ်နေစိတ်ထားက ဘာကြောင့် လူငယ်လေးတစ်ယောက်လို ဖြစ်နေရသည်ကို နောက်ဆုံးတွင် နားလည်သွားတော့သည်။
ထိုကဲ့သို့သော အဆင့်မျိုးတွင် ကျင့်စဉ်ကျောက်ဂူထဲ တစ်ကြိမ်ဝင်လျှင်ပင် နှစ်ပေါင်း ရာချီ ကြာမြင့်တတ်သည်။
အကယ်၍ တစ်ဖက်လူသည် အမြဲတမ်း တံခါးပိတ် ကျင့်ကြံနေခဲ့ပြီး ကောင်းကင်မသေမျိုး သက်ဆင်းခြင်း ကို တတ်မြောက်မှသာ လောကထဲ ခြေဆန့်ခွင့် ရခဲ့သည်ဆိုလျှင်၊ သူ၏ စိတ်နေစိတ်ထားမှာ လူ့လောကက အသက် ၁၆-၁၇ အရွယ် လူငယ်လေးနှင့် တကယ်ပင် တူညီနေပေလိမ့်မည်။
"မိတ်ဆွေ ဖန့်... မင်း မိတ်ဆွေ ကြာနီကို ဒီအတိုင်း ပွေ့ချီထားရတာ ပင်ပန်းနေမှာပေါ့။ ငါ အရင်ဆုံး သူမကို ထားဖို့ ကျောက်ဂူတစ်ခု စီစဉ်ပေးပါ့မယ်။ စိတ်မပူပါနဲ့၊ ငါ ဒီမှာ ရှိနေသရွေ့ မိတ်ဆွေ ကြာနီအတွက် ဘာအန္တရာယ်မှ ရှိမှာ မဟုတ်ဘူး"
ဆဌမမြောက် ကြယ်တာရာက ရင်ဘတ်ကို ပုတ်ကာ အာမခံလိုက်သည်။
ဖန့်ချန်က ခပ်ဖွဖွ ခေါင်းညိမ့်ပြလိုက်ပြီးနောက်၊ သူနှင့်အတူ ကျောက်ဂူတစ်ခုဆီသို့ လိုက်သွားကာ ကြာနီနတ်မိမယ်ကို အနားယူစေပြီးနောက် စောင့်ဆိုင်းနေလိုက်တော့သည်။
"ဒါနဲ့... စီနီယာအစ်မကြီးက ဒီတစ်ခေါက် နတ်ဘုရားလောကကို လာတာက ပိုးကောင်ဖမ်းဖို့ တစ်ခုတည်းအတွက် မဟုတ်လောက်ဘူးနော်။ သူမက ဟန်ရှန်းဘုရားကျောင်း ဘက်ကို သွားနေတယ်လို့ ထင်ရတယ်"
ဖန့်ချန်က ဆဌမမြောက် ကြယ်တာရာမသေမျိုးကို သိလိုစိတ်ဖြင့် ကြည့်လိုက်သည်။
ထိုလူ တစ်ခုခု သိထားနိုင်ပေသည်။
အခန်း (၁၆၃၈) - ဒီလိုဆိုရင်လည်း ဟုတ်သားပဲ
ဆဌမမြောက် ကြယ်တာရာမသေမျိုး၏ မျက်လုံးများထဲတွင် ပြုံးရိပ်တစ်ခု ပေါ်လာပြီး
"အာမန်အစ်မကြီးက ဟန်ရှန်းဘုရားကျောင်းကို သွားတာ မှန်ပါတယ်။ မင်း သိထားမှာ မဟုတ်ဘူး၊ သူမက ကျိရှန်းအင်ပါယာထဲက မသေမျိုးဆိုး တွေထဲမှာ ထိပ်တန်းစာရင်းဝင်ပဲ။ လူတွေက သူမကို ရှဲ့ဝူတီ လို့ ခေါ်ကြတယ်"
"ရှန်းယွမ်ဈေးမှာ ရှိတုန်းက တစ်ယောက်ယောက် အဲဒီအကြောင်း ပြောတာ ကြားလိုက်သေးတယ်။ အဲဒီတုန်းက စီနီယာအစ်မကြီး ဖြစ်နိုင်မလားလို့ ငါ တွေးနေခဲ့တာ။ ဒါဆိုရင် စီနီယာအစ်မကြီးက နတ်ဘုရားလောကကို အကြိမ်ပေါင်းများစွာ လာဖူးတာပေါ့"
ဖန့်ချန်က သိလိုစိတ်ဖြင့် မေးလိုက်သည်။
ဆဌမမြောက် ကြယ်တာရာက ရယ်မောလျက်
"လူ့လောကနယ်မြေကိုးခုမှာ ရှာမတွေ့တဲ့၊ စိတ်ဝိညာဉ်နယ်မြေ ထဲမှာလည်း မရှိတဲ့ မသေမျိုးဆေးဝါးတွေ အများကြီး ရှိနေတာကိုး။ ဒါကြောင့် အာမန်အစ်မကြီးတင် မဟုတ်ဘူး၊ အထက်နယ်မြေသုံးခု က အမာခံတပည့်တွေထဲမှာ လောကနှစ်ခုကြား ကူးလူးနိုင်တဲ့ စွမ်းရည်ရှိသူတိုင်းဟာ နတ်ဘုရားလောကကို တစ်ခါတစ်ရံ လာတတ်ကြတယ် "
"သူတို့တွေကလည်း ငါ့လိုပဲ နတ်ဘုရားလောကထဲမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် အဆင့်အတန်း အမျိုးမျိုး ယူထားကြတာပဲ။ အာမန်အစ်မကြီး ဆိုရင် အစောပိုင်းတုန်းက ကျိရှန်းအင်ပါယာရဲ့ တာ့စီးတပ်မတော် ထဲအထိတောင် ရောနှော ဝင်ရောက်နိုင်ခဲ့သေးတယ်"
"တာ့စီးတပ်မတော်နဲ့ တာ့ပေ့တပ်မတော်ဟာ ကျိရှန်းအင်ပါယာမှာ လုပ်ပိုင်ခွင့် အရှိဆုံး အင်အားစုနှစ်ခုလို့ လူတွေ ပြောတာ ကြားဖူးတယ်။ တာ့စီးတပ်မတော်က မြို့တော်မှာ အခြေစိုက်ပြီး၊ တာ့ပေ့တပ်မတော်ကတော့ လောကအနှံ့ လှည့်လည်သွားလာနေတာပေါ့"
ဖန့်ချန် အတန်ငယ် အံ့သြသွားမိသည်။ ရှဲ့အာမန်သည် ယခင်က တာ့စီးတပ်မတော်ထဲအထိ ခြေဆန့်နိုင်ခဲ့လိမ့်မည်ဟု မထင်ထားခဲ့ချေ။
တာ့စီးတပ်မတော်၏ ထူးခြားသော အဆင့်အတန်းအရဆိုလျှင် ကျိရှန်းအင်ပါယာ၏ လျှို့ဝှက်ချက်များစွာကို သိရှိနိုင်သလို၊ နောက်ကွယ်မှာ ပုန်းအောင်းနေသည့် ကျဆုံးမသေမျိုးအချို့ကိုလည်း ရှာဖွေနိုင်ပေလိမ့်မည်။
"မှန်တယ်၊ ဒီအင်အားစုနှစ်ခုက ကျိရှန်းအင်ပါယာမှာ အဆင့်အတန်း အရမ်းမြင့်မားပြီး အင်ပါယာထဲက တခြားအင်အားစုအားလုံးထက် သာလွန်တယ်။"
ဆဌမမြောက် ကြယ်တာရာက ပြုံးလျက် ခေါင်းညိမ့်ပြကာ
"ငါတို့ ရရှိထားတဲ့ လက်ရှိသတင်းတွေအရဆိုရင် တာ့စီးတပ်မတော်ထဲမှာ အနည်းဆုံး အဆင့် ၉ ကျဆုံးမသေမျိုး သုံးယောက် ရှိနေတယ်"
သုံးယောက်... အဆင့် ၉ ကျဆုံးမသေမျိုး။
ဖန့်ချန်၏ မျက်နှာပေးမှာ လေးနက်သွားသည်။
ထိုသို့ဆိုလျှင် ကျိရှန်းအင်ပါယာ၏ တာ့စီးတပ်မတော် တစ်ခုတည်းတင်ပင် အင်အားတောင့်တင်းမှုမှာ ကျွယ်မင်နန်းတော်ထက် များစွာ သာလွန်နေပေလိမ့်မည်။
သို့သော်လည်း သူ တွက်ချက်ကြည့်သည်မှာ ကျဆုံးမသေမျိုးများသည် လောကနှစ်ခုကြား ကူးလူးနိုင်စွမ်း မရှိသည့်အတွက် နတ်ဘုရားလောက ထဲတွင် အစီရင်မသေမျိုးလှေ တစ်ခုမှ ရှိလိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် သူတို့တွင် အစီရင်မသေမျိုးလှေ စစ်ခင်းကျင်းမှု လည်း မရှိနိုင်ပါ။
တကယ်လို့ ကျွယ်မင်နန်းတော် ဂိုဏ်းချုပ်ကြီးကသာ အစီရင်မသေမျိုးလှေ စစ်ခင်းကျင်းမှု ကို အသုံးချပြီး လူ့လောကနယ်မြေကိုးခုကို စစ်တလင်းလုပ်မည်ဆိုလျှင်... အဆင့် ၉ ကျဆုံးမသေမျိုး သုံးယောက်ကို တစ်ယောက်တည်းနှင့် ရင်ဆိုင်ရန်မှာလည်း မခက်ခဲလောက်ပါလား။
"ဒီတစ်ခေါက် အာမန်အစ်မကြီး ဟန်ရှန်းဘုရားကျောင်းကို သွားတာက၊ ရှောက်ကွမ်းယင်ဟာ တကယ်တော့ ဟန်ရှန်းဘုရားကျောင်းကနေ ထွက်လာတဲ့လူလို့ သူမ သံသယရှိနေလို့ပဲ"
ဆဌမမြောက် ကြယ်တာရာက တိုးတိုးလေး ပြောလိုက်သည်။
"ပြီးခဲ့တဲ့အကြိမ်က ရှောက်ကွမ်းယင်က အာမန်အစ်မကြီးကို အကွက်ဆင်ပြီး လုပ်ကြံခဲ့ကတည်းက သူမက ဒီကိစ္စကို အမြဲတမ်း စုံစမ်းစစ်ဆေးနေခဲ့တာ။ စိတ်ဝိညာဉ်နယ်မြေထဲက သူငယ်ချင်းအချို့ဖြစ်တဲ့ ရှီးကျဲကျဲ တို့နဲ့ ဆက်သွယ်ပြီး နောက်ဆုံးမှာတော့ ရှောက်ကွမ်းယင်ရဲ့ နောက်ခံနဲ့ ပတ်သက်တဲ့ သဲလွန်စအချို့ကို ရှာတွေ့ခဲ့တာပဲ"
"ရှောက်ကွမ်းယင်က ဟန်ရှန်းဘုရားကျောင်းက ထွက်လာတာ ဟုတ်လား အဲဒီလိုဆိုရင် နတ်ဘုရားလောကထဲက အချို့လူတွေဟာ လောကနှစ်ခုကြား ကူးလူးနိုင်တဲ့ စွမ်းရည်ရှိတယ်လို့ မင်းတို့ ယူဆထားတာလား "
ဖန့်ချန်၏ အကြည့်က လှုပ်ရှားသွားသည်။
"နတ်ဘုရားလောကဘက်ကလူတွေမှာ လောကနှစ်ခုကြား ကူးလူးနိုင်စွမ်း မရှိဘူး၊ သွေးတံခါး နယ်စပ် မှာ ဟာကွက် ရှိနေဖို့လည်း မဖြစ်နိုင်ဘူး"
ဆဌမမြောက် ကြယ်တာရာက ယုံကြည်မှုအပြည့်ဖြင့် ဆိုသည်။
"စိတ်ဝိညာဉ်နယ်မြေဘက်က တစ်ယောက်ယောက်က သူတို့ကို တိတ်တဆိတ် ခေါ်ဆောင်လာတာပဲ ဖြစ်ရမယ်။ ဒီကိစ္စက တစ်ယောက်တည်းနဲ့ လုပ်ဖို့ ခက်ခဲတယ်၊ ဘာလို့လဲဆိုတော့ ဒီဘက်ကနေ သွေးတံခါးနယ်စပ်ကို ပြန်သွားတဲ့အခါ အလွန်တင်းကျပ်တဲ့ စစ်ဆေးမှုတွေကို ခံယူရလို့ပဲ။ ဒါကြောင့် ငါတို့ သံသယရှိတာက သွေးတံခါးနယ်စပ်ကို စောင့်ကြပ်နေတဲ့လူတွေထဲမှာ တစ်ဖက်နဲ့ ပူးပေါင်းနေတဲ့လူ ရှိနေလိမ့်မယ်"
ခဏရပ်ပြီးနောက် သူက ခပ်အေးအေးပင် ရယ်မောလျက်
"တကယ်တော့ ဒါက ပြဿနာအကြီးကြီး မဟုတ်ပါဘူး။ လူတိုင်းက သူတို့နဲ့ ပူးပေါင်းနေမှာမှ မဟုတ်တာ။ ဒါကြောင့် သူတို့ တိတ်တဆိတ် ခေါ်ထုတ်ချင်တိုင်းလည်း လူအများကြီး ခေါ်လို့မရဘူး။ ဒီတစ်ခေါက် ငါတို့ စုံစမ်းလို့ အဖြေထွက်လာရင် အသေအချာ ပြန်လည်ပြုပြင်လိုက်တာနဲ့ ဒီလိုကိစ္စမျိုးတွေ ရပ်တန့်သွားမှာပါ"
"ဒီကိစ္စက ကျဆုံးမသေမျိုးတွေရဲ့ လက်ချက်လို့ မင်းတို့ ထင်နေတာလား ရှောက်ကွမ်းယင်က ကျဆုံးမသေမျိုး ဖြစ်နိုင်မလား"
ဖန့်ချန်က ဆဌမမြောက် ကြယ်တာရာကို ကြည့်ကာ မေးလိုက်သည်။
ရှောက်ကွမ်းယင်သည် ကျဆုံးမသေမျိုး မဟုတ်ဘဲ မိစ္ဆာမျိုးနွယ် ဖြစ်ကြောင်း ဖန့်ချန် သိပါသည်။
သို့သော် ယခုအခါတွင် ကျဆုံးမသေမျိုးနှင့် မိစ္ဆာမျိုးနွယ် နှစ်ခုလုံးမှာ အလွန်တူညီနေပြီး မူလအစမှာလည်း တစ်ခုတည်းပင် ဖြစ်သည်။
အကယ်၍ ထိုက်ချန်းနယ်မြေ ကိစ္စကြောင့် စိတ်ဝိညာဉ်နယ်မြေနှင့် နတ်ဘုရားဘုရင်နယ်မြေတို့က သတိရှိလာကြသော်လည်း၊ ကျဆုံးမသေမျိုးတွေရဲ့ အကွက်ထဲမှာသာ လည်နေမည်ဆိုပါက...
စိတ်ဝိညာဉ်နယ်မြေနှင့် နတ်ဘုရားဘုရင်နယ်မြေ၏ အင်အားအများစုသည် ကျဆုံးမသေမျိုးများအပေါ်တွင်သာ အချည်းနှီး ကုန်ဆုံးသွားပြီး၊ နောက်ကွယ်က တကယ့်တရားခံဖြစ်သည့် မိစ္ဆာမျိုးနွယ်စုကို လျစ်လျူရှုမိသွားနိုင်သည်။
"အဲဒါကတော့... ငါတို့လည်း အတိအကျ မပြောနိုင်သေးဘူး "
ဆဌမမြောက် ကြယ်တာရာက စဉ်းစားဆင်ခြင်လျက်
"ငါ ရရှိထားတဲ့ သတင်းတွေအရဆိုရင် ကျဆုံးမသေမျိုးတွေအပြင် နောက်ထပ် ဖြစ်နိုင်ခြေတစ်ခု ရှိနေသေးတယ်။ ဒါပေမဲ့ အဲဒီကိစ္စက တွေးကြည့်ရင်တောင် မဖြစ်နိုင်သလောက်ပဲ။ ဘာလို့လဲဆိုတော့ နှစ်ပေါင်းများစွာ ကြာသွားပြီဖြစ်လို့ သူတို့တွေ အကုန် သေကုန်ကြပြီပဲ ဖြစ်ရမယ်"
"အသေးစိတ် ပြောပြပါဦး" ဖန့်ချန်က လက်အုပ်ချီလျက် တောင်းဆိုလိုက်သည်။
ဆဌမမြောက် ကြယ်တာရာ၏ မျက်နှာတွင် အခက်တွေ့ဟန် ပေါ်လာပြီး
"မင်းက တရားဝင် ရှဲ့ကျစ် မသေမျိုး မဖြစ်သေးဘူးလေ၊ ဒီလို ကိစ္စတွေကို ငါ မင်းကို မပြောပြသင့်သေးဘူး..."
"ရပါတယ်၊ ငါက မကြာခင် ရှဲ့ကျစ် မသေမျိုး ဖြစ်လာတော့မှာပဲ။ စီနီယာအစ်မကြီးကိုယ်တိုင်လည်း ငါနဲ့ ပဉ္စမစီနီယာအစ်ကိုကြီးဟာ တစ်ဦးတည်းသော ရွေးချယ်ခံတွေလို့ ပြောထားတာပဲ။ ဆဌမမြောက် ကြယ်တာရာလည်း ရှဲ့ကျစ် ဖြစ်နေပြီ မဟုတ်လား ဒါဆိုရင် ငါတို့က နောင်မှာ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လာမှာပဲလေ။ ဒီသတင်းတွေကို စောစောစီးစီး သိထားတာက ငါ့အတွက်လည်း ကောင်းတဲ့အချက်ပဲ မဟုတ်လား"
ဖန့်ချန်က ဆဌမမြောက် ကြယ်တာရာကို လေးလေးနက်နက်နှင့် အကြောင်းပြချက် ပေးလိုက်သည်။
"ဒီလိုဆိုရင်လည်း ဟုတ်သားပဲ"
ဆဌမမြောက် ကြယ်တာရာက အားနာစွာ ပြုံးလိုက်ပြီး
"တကယ်တော့ အရင်တုန်းက လောကသုံးပါး ရုန်းရင်းဆန်ခတ် ဖြစ်ချိန်မှာ ပြင်ပမျိုးနွယ်စု တစ်ခုက အဲဒီမငြိမ်မသက်မှုတွေမှာ ပါဝင်ခဲ့ဖူးတယ်။ ဒါမှမဟုတ် သူတို့ကိုယ်တိုင်ကပဲ အဓိက ကြိုးကိုင်ခဲ့တာလို့ ပြောလို့ရတယ်။ ငါတို့ အခုထိ အဲဒီမျိုးနွယ်စု ဘယ်မှာ နေထိုင်တယ်ဆိုတာ မသိရသေးသလို၊ သူတို့နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေလည်း ထပ်မရတော့ဘူး "
"သိရသလောက်ကတော့ သူတို့ရဲ့ နည်းလမ်းတွေက သာမန်မဟုတ်ဘူး။ လောကသုံးပါးမှာ ပရမ်းပတာတွေ ဖြစ်အောင် နည်းလမ်းပေါင်းစုံ သုံးခဲ့ကြတာ။ နောက်ဆုံးမှာ အဲဒီရုန်းရင်းဆန်ခတ်မှုကို နှိမ်နင်းနိုင်ခဲ့ပြီး အဲဒီပြင်ပမျိုးနွယ်စုလည်း အမြစ်ပြတ် သုတ်သင်ခံလိုက်ရတယ် ဆိုပေမဲ့၊ သူတို့ ချန်ထားခဲ့တဲ့ အရာတွေကတော့ ပျက်စီးယိုယွင်းနေတုန်းပဲ "
"နတ်ဘုရားလောကမှာ ကျဆုံးမသေမျိုးတွေ၊ သားရဲ တွေ၊ နတ်ဆိုးတွေ ပေါ်လာတယ်။ ယင်လောက လည်း အပိုင်းနှစ်ပိုင်း ကွဲသွားပြီး ရှေးဟောင်းအမွေအနှစ်တွေလည်း အစိတ်စိတ်အမွှာမွှာ ပျက်စီးကုန်တယ်။ နောက်ဆုံးတော့..."
ဆဌမမြောက် ကြယ်တာရာက တစ်စုံတစ်ခုကို သတိရသွားပုံရသည်။
"နောက်ဆုံးတော့ ဘာဖြစ်လဲ"
ဖန့်ချန်၏ မျက်နှာတွင် မျှော်လင့်ချက်ရိပ်များ ပေါ်လာသည်။
အကယ်၍ တစ်ဖက်လူသာ မိမိဘာသာ အမှန်တရားကို သိမြင်သွားမည်ဆိုလျှင် သူ နောက်ထပ် အသင်းဖော်တစ်ယောက် ရဦးမည် မဟုတ်ပါလား။
"ဘာမှမဟုတ်ပါဘူး"
ဆဌမမြောက် ကြယ်တာရာက ပြုံးလိုက်ပြီး
"အဲဒီတုန်းက အဲဒီပြင်ပမျိုးနွယ်စုက သူတို့ကိုယ်သူတို့ မိစ္ဆာမျိုးနွယ် လို့ ခေါ်ခဲ့ကြတာ။ ငါတို့ ဘိုးဘေးတွေနဲ့ တိုက်ပွဲဖြစ်တဲ့အခါ သူတို့ တစ်ယောက်ပြီးတစ်ယောက် သေဆုံးကုန်ကြတာ အခုဆိုရင် ဘယ်လောက်တောင် ကြာသွားပြီလဲ မသိတော့ဘူး။ သူတို့ရဲ့ ခြေရာလက်ရာကို ဘယ်သူမှ မတွေ့ရတော့ဘူး"
"မကြာသေးခင်ကမှ အကြီးအကဲအချို့က ထူးခြားတဲ့ အပြောင်းအလဲအချို့ကို တွေ့လိုက်ရပြီး၊ ထိုက်ချန်းနယ်မြေမှာ မိစ္ဆာမျိုးနွယ်တွေ ကျူးကျော်နေပြီလို့ သတင်းပေးလာတာ"
တကယ်ပဲ အဘိုးကြီးတို့ သတင်းပေးလိုက်တာကိုး။
ဖန့်ချန် စိတ်အေးသွားရသည်။
ထိုထိပ်တန်းအင်အားစုကြီးများသည် မိစ္ဆာမျိုးနွယ်စု၏ လှည့်ကွက်နောက် မလိုက်ဘဲ ကျဆုံးမသေမျိုးတွေနဲ့တင် လုံးပန်းမနေကြလျှင် အားလုံး အဆင်ပြေနိုင်ပါသည်။
"ဒါပေမဲ့ ဒီသတင်းက ဟုတ်မဟုတ် ငါတို့ အတည်မပြုနိုင်သေးဘူး။"
"မင်းလည်း သိတဲ့အတိုင်းပဲ... ဒီ ထူးခြားတဲ့ အပြောင်းအလဲ တွေနဲ့ ပတ်သက်ရင် အားလုံးက ပြဿနာရှိနေကြတာလေ "
ဆဌမမြောက် ကြယ်တာရာက သူ၏ ဦးခေါင်းကို ညွှန်ပြရင်း ခါးသီးစွာ ပြုံးလိုက်သည် ။
"အကြီးအကဲ တော်တော်များများကတော့ ဒါက အခြေအမြစ်မရှိတဲ့ စကားလို့ ထင်ကြတယ်။ အခုဖြစ်နေတဲ့ ထူးဆန်းတဲ့ကိစ္စတွေဟာ ကျဆုံးမသေမျိုးတွေရဲ့ လက်ချက်ဖြစ်ပြီး၊ သူတို့က လောကသုံးပါးကို အပြည့်အဝ ထိန်းချုပ်ချင်လို့ နောက်ကွယ်ကနေ ကြိုးကိုင်နေတာလို့ ယူဆကြတယ်"
ဖန့်ချန် စိတ်ထဲတွင် မချိတင်ကဲ သက်ပြင်းချမိသည်။
ယန်နတ်ဘုရားများ သည် တားမြစ်ထားသော အတတ်ကို အသုံးပြုပြီး မိစ္ဆာမျိုးနွယ်စု၏ နည်းလမ်းကို အတင်းအဓမ္မ ဖိနှိပ်ထားသည့်အတွက်၊ လူဝင်စားလာသော မိစ္ဆာများသည် အရင်ဘဝ မှတ်ဉာဏ်များကို အလွယ်တကူ မရရှိနိုင်ကြချေ။
(ယန်နတ်ဘုရားက ထူးခြားသူတွေနော် )
ထို့ကြောင့်ပင် သူတို့တွင် အတိတ်မေ့သကဲ့သို့သော ဘေးထွက်ဆိုးကျိုးများ ရှိနေရခြင်းဖြစ်သော်လည်း၊ အပြင်လူများကတော့ သူတို့၏ ဦးနှောက်တွင် ပြဿနာရှိနေသည်ဟုသာ မှတ်ယူကြတော့သည်။
"ဆဌမမြောက် ကြယ်တာရာ... မင်းကော ဒီကိစ္စကို ဘယ်လို မြင်လဲ ကျဆုံးမသေမျိုးလား ဒါမှမဟုတ် အရင်တုန်းက လောကသုံးပါးကို မွှေနှောက်ခဲ့တဲ့ မိစ္ဆာမျိုးနွယ်လား "
ဖန့်ချန်က မေးလိုက်သည်။
"ငါကတော့ ပထမတစ်ခုဘက်ကို ပိုနီးစပ်တယ်။ ဘာလို့လဲဆိုတော့ နောက်ဆုံးတစ်ခုက ပျောက်ကွယ်သွားတာ နှစ်ပေါင်းများစွာ ကြာပြီလေ။ တကယ်လို့ လောကထဲ ပြန်ပေါ်လာတယ်ဆိုရင်လည်း ဘာသဲလွန်စမှ မရှိဘဲတော့ မဖြစ်နိုင်ဘူး"
ဆဌမမြောက် ကြယ်တာရာက လေးလေးနက်နက် ဆိုသည်။
သဲလွန်စ မရှိတာပေါ့။
ဖန့်ချန် စိတ်ထဲတွင် သက်ပြင်းချမိသည်။
ထိုမိစ္ဆာမျိုးနွယ်များသည် ယခုအခါတွင် လူသားမျိုးနွယ်နှင့် ဘာမှမခြားတော့ချေ၊ ဝိညာဉ်အဆင့်မှာသာ ကွာခြားမှု ရှိတော့ခြင်း ဖြစ်သည်။
နှစ်ဦးသား ခဏမျှ ထပ်မံစကားပြောပြီးနောက် ဆဌမမြောက် ကြယ်တာရာက နှုတ်ဆက်၍ ထွက်ခွာသွားသည်။
ဖန့်ချန် စိတ်ကူးတစ်ခု ရလိုက်သည်။
သူ၏ နံဘေးတွင် ပုံရိပ်တစ်ခု ပေါ်လာပြီး၊ ထိုသူမှာ ဖန့်လူသား ပင် ဖြစ်သည်။
ဤနေရာသည် ဟန်ရှန်းဘုရားကျောင်း၏ နယ်မြေဖြစ်သလို၊ ရှန်းယွမ်ဈေးနှင့်လည်း သိပ်မဝေးလှချေ။
သူ၏ ခန္ဓာကိုယ်ပွား ကို တစ်ခေါက် လွှတ်ရန် သူ ဆုံးဖြတ်လိုက်သည်။
ပထမအချက်မှာ မသေမျိုးကျောက်တုံး များ ရရှိရန်ဖြစ်ပြီး၊ ဒုတိယအချက်မှာ တာ့ပေ့တပ်မတော်၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရန် ဖြစ်သည်။