အခန်း (၄၇၂-၄၇၄)
Vol. 32 Ch. 472-474
အခန်း (၄၇၂) - ပြင်ပကမ္ဘာမှ ရှေးဟောင်း ဝိညာဉ်စွမ်းအင် စုစည်းခြင်း ဝင်္ကပါ၊ အမွေအနှစ်နှင့် မှတ်ဉာဏ်များကို စုပ်ယူခြင်း
~"ရွှစ်"
ယဲ့ဖုန်းသည် သူ၏ စိတ်အာရုံကို အာရုံစိုက်လိုက်သည်နှင့် တစ်ပြိုင်နက်... ကောင်းကင်ယံထက်တွင် လွင့်မျောနေသော လမင်းကြီးထံမှနေ၍ မျက်စိကျိန်းမတတ် တောက်ပလှသော စွမ်းအင်လှိုင်းလုံးကြီးတစ်ခု ဖွဲ့တည်၏။
ဟင်းလင်းပြင်ကိုပင် နှစ်ခြမ်းခွဲမတတ် ကြောက်မက်ဖွယ် ကောင်းလှသည်။
“ဝှစ်”
ယဲ့ဖုန်း ထပ်မံ အာရုံစိုက်လိုက်ပြန်ရာ... လရောင်စွမ်းအားများဖြင့် ရက်လုပ်ထားသော ဧရာမ ပိုက်ကွန်ကြီးတစ်ခု ထွက်ပေါ်လာပြီး တောင်ထိပ်တစ်ခုလုံးကို ဖုံးအုပ်သွားစေခဲ့၏။
၎င်းတို့အပြင်... အထက်ရှိ လမင်းကြီးသည် ကြီးမားလှသော ဖိနှိပ်မှု စွမ်းအားများကို ထုတ်လွှတ်နိုင်စွမ်း ရှိသလို၊ ဓားအရိပ် ထောင်သောင်းချီ၍ ပစ်လွှတ်ခြင်း၊ ပိုက်ကွန်များစွာ ဖန်တီးခြင်း၊ ဥက္ကာပျံများအလား ဗုံးကြဲတိုက်ခိုက်ခြင်း အစရှိသည်တို့ကိုပါ လုပ်ဆောင်နိုင်စွမ်း ရှိသည်။
ယေဘုယျအားဖြင့် ဆိုရလျှင်... ဤနတ်ဘုရားစွမ်းရည်မှာ အလွန်တရာမှ နက်နဲသိမ်မွေ့လှသည်။
တိုက်ခိုက်ရန်အတွက် ဖြစ်စေ၊ ကာကွယ်ရန်အတွက် ဖြစ်စေ အသုံးပြု၍ ရနိုင်သည် မဟုတ်ပါလား။
"ကောင်းတယ်... သိပ်ကောင်းတယ်... တကယ့်ကို အံ့မခန်းပဲဟေး"
ယဲ့ဖုန်းသည် ကောင်းကင်မှ လမင်းကြီးကို ရုပ်သိမ်းလိုက်ပြီး ရှေးဟောင်းစာအုပ်ကို သိမ်းဆည်းလိုက်သည်။ ထို့နောက် မင်ယွဲ့ နတ်မိမယ် ၏ သိုလှောင်လက်စွပ်ကို ကြည့်ကာ ခေတ္တမျှ စဉ်းစားပြီးနောက် သူရဲကောင်း ဝိညာဉ်စွမ်းအားများကို အသုံးပြု၍ လက်စွပ်ပေါ်ရှိ အမှတ်အသားကို ဖျက်ဆီးပစ်လိုက်၏။
"အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ငါးထောင်... အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ရှစ်ဆယ်... ပြီးတော့ ဒါက... အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံး ငါးတုံး တဲ့လား..."
ယဲ့ဖုန်းသည် လက်ကို ဆန့်ထုတ်လိုက်ရာ... တောက်ပလှသော သလင်းကျောက် တစ်တုံးမှာ သူ၏ လက်ဖဝါးပေါ်တွင် ပေါ်လာခဲ့သည်။
သေသေသပ်သပ် ထွင်းထုထားသော ကျောက်မျက်ရတနာ တစ်ခုအလား နူးညံ့သိမ်မွေ့သော ဖွဲ့စည်းပုံ ရှိ၏။
... အရောင်အသွေး စုံလင်စွာ တောက်ပနေကာ အတွင်း၌ အလွန် သန့်စင်ပြီး သိပ်သည်းလှသော သဘာဝ ဝိညာဉ်စွမ်းအင်များ ကိန်းအောင်းနေသည်။
"နောက်ဆုံးတော့... အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံး ကို မျက်မြင်ကိုယ်တွေ့ မြင်ရပြီပေါ့ဗျာ"
"ဒါတောင်မှ တစ်ပြိုင်နက်တည်း ငါးတုံးတောင် ရတာပဲ..."
"အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံးမှာ ပါဝင်တဲ့ သဘာဝ ဝိညာဉ်စွမ်းအင် ပမာဏက... အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်တုံးထက် အနည်းဆုံး အဆတစ်ရာလောက် ပိုများတယ်... တစ်ခါတလေ တစ်ရာ့ငါးဆယ် လောက်တောင် ရှိနိုင်တယ်လေ"
ယဲ့ဖုန်းသည် အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံးများကို ကြည့်ကာ မျက်စိပင် မခွာနိုင်အောင် ဖြစ်နေရရှာ၏။
ရှန်ကျိုးတိုက်ကြီး ဆီသို့ ရောက်ရှိလာပြီးကတည်းက ဤအထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံးများနှင့် ပထမဆုံးအကြိမ် ထိတွေ့ဖူးခြင်း ဖြစ်ရာ... သူသည် ၎င်းတို့ကို အသေအချာ စစ်ဆေးကြည့်ရှုနေမိလေတော့သည်။
ဆယ်မိနစ်ခန့် ကြာပြီးနောက်...
ယဲ့ဖုန်းသည် ဝိညာဉ်ကျောက်တုံးများကို သိမ်းဆည်းလိုက်၏။
ဤသိုလှောင်လက်စွပ်မှာ အလွန်တရာ မြင့်မားလှသော အဆင့်ရှိပြီး အဆင့်နိမ့် ဝိညာဉ်ရတနာ တစ်ခု ဖြစ်သည်။ ၎င်း၏ အတွင်းပိုင်း ဟင်းလင်းပြင်မှာ အလွန် ကျယ်ဝန်းလှပြီး ကမ္ဘာငယ်လေး တစ်ခုနှင့်ပင် ညီမျှကာ သက်ရှိများကိုပါ ထည့်သွင်း သိုလှောင်ထားနိုင်စွမ်း ရှိ၏။
"ရှေးဟောင်း မှတ်တမ်းတွေအရဆိုရင်... တချို့သော မဟာတန်ခိုးရှင်တွေရဲ့ သိုလှောင်လက်စွပ်တွေက ဧရာမ ကမ္ဘာ့ဂူပေါက်ကြီး တစ်ခုနဲ့ ညီမျှတယ်တဲ့... သူတို့ရဲ့ လူမျိုးစုတစ်ခုလုံးကို အဲဒီအထဲမှာ ထည့်ထားပြီး... မဟာတန်ခိုးရှင် သွားလေရာကို လူမျိုးစုကပါ လိုက်ပါသွားနိုင်တယ် ဆိုပဲ"
ယဲ့ဖုန်းက တကိုယ်တည်း.. တီးတိုး ရေရွတ်လိုက်၏။
ဤသိုလှောင်လက်စွပ် အတွင်း၌ ယဲ့ဖုန်းသည် အမြင့် သုံးပေ၊ အချင်း ဆယ်မီတာခန့်ရှိသော စက်ဝိုင်းပုံ စင်မြင့်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။
၎င်း၏ မျက်နှာပြင်ပေါ်တွင် အထူး ဝင်္ကပါပုံစံများကို ရေးထွင်းထား၏။
... ပတ်ဝန်းကျင်ရှိ သဘာဝ ဝိညာဉ်စွမ်းအင်များကို စုပ်ယူနိုင်စွမ်း ရှိသဖြင့် ၎င်း၏ အတွင်းပိုင်း ဝိညာဉ်စွမ်းအင် သိပ်သည်းဆမှာ ပြင်ပကမ္ဘာထက် ဆယ်ဆခန့် ပိုမို များပြားနေသည်။
"ဝိညာဉ်စွမ်းအင် စုစည်းခြင်း ဝင်္ကပါ"
"ဟော... ဒီ ဝိညာဉ်စွမ်းအင် စုစည်းခြင်း ဝင်္ကပါ က အထူး အလင်းလှိုင်းတွေကိုလည်း ထုတ်လွှတ်နိုင်စွမ်း ရှိတာပဲ... ကျင့်ကြံသူရဲ့ နားလည်သဘောပေါက်နိုင်စွမ်းကို ယာယီ မြှင့်တင်ပေးနိုင်ပြီး ကျင့်ကြံခြင်း လုပ်ငန်းစဉ်ကို ပိုပြီး မြန်ဆန်စေနိုင်တာကိုး"
"ဒီလို ဝင်္ကပါမျိုးကို အများကြီး ထုတ်လုပ်မှ ဖြစ်တော့မယ်"
ယဲ့ဖုန်းသည် လက်ခုပ်တီးလျက် အားပါတရ ရယ်လိုက်၏။
သူသည် ဂိုဏ်းသို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက်... ဤစက်ဝိုင်းပုံ စင်မြင့်၏ ဒီဇိုင်းကို အတုယူ၍ အထူး ကျင့်ကြံရေး အခန်းများကို ဖန်တီးရန် ဆုံးဖြတ်လိုက် တော့သည်။
တပည့်များ ထိုအခန်းအတွင်းသို့ ဝင်ရောက် ကျင့်ကြံသည့်အခါ သူတို့၏ တိုးတက်မှုနှုန်းမှာ ပုံမှန်ထက် အဆပေါင်းများစွာ မြန်ဆန်လာမည် မဟုတ်ပါလား။
"ဒီအရာသာ ရှိရင်... ပါရမီ နိမ့်ပါးတဲ့ တပည့်တွေတောင် အလျင်အမြန် အဆင့်တက်လှမ်းနိုင်ပြီပေါ့ဗျာ။ အကယ်၍ အဟန့်အတား တစ်ခုခုနဲ့ ကြုံလာခဲ့ရင်တောင် ကျင့်ကြံရေးမျှော်စင် ဆီကို သွားပြီး ဖြတ်ကျော်လို့ ရတာပဲ... တကယ့်ကို ပြီးပြည့်စုံတဲ့ ပေါင်းစပ်မှုပဲ"
ယဲ့ဖုန်းသည် အနာဂတ်အတွက် စိတ်ကူးယဉ်နေမိပြီ ဖြစ်၏။
သူသည် သိုလှောင်လက်စွပ် အတွင်းရှိ ရတနာများကို ဆက်လက် ရှာဖွေကြည့်ရာ... အနိမ့်ဆုံး သတ္တမအဆင့်မှ အမြင့်ဆုံး နဝမအဆင့်အထိ ရှိသော မန္တန်ပေါင်း တစ်ရာကျော်ကို တွေ့ရှိလိုက်ရသည်။
"မူလနတ်ဘုရားအဆင့် မဟာတန်ခိုးရှင် တစ်ဦးပီပီ... စုဆောင်းထားတဲ့ မန္တန်တွေရဲ့ အဆင့်ကလည်း တကယ့်ကို မြင့်မားတာပဲဗျာ"
မကြာမီမှာပင် ယဲ့ဖုန်းသည် ဝိညာဉ်လက်နက်များ၊ ကုန်ကြမ်းများ၊ ရှေးဟောင်း စာအုပ်များ، ဆေးဖက်ဝင် အပင်များ၊ ဝိညာဉ် မျိုးစေ့များ အစရှိသည်တို့ကို အများအပြား တွေ့ရှိလိုက်ရ၏။
အထောက်အကူပြု ကျင့်စဉ် အချို့ကိုပင် တွေ့လိုက်ရသေးသည်။
" 'လရောင်စွမ်းအား' ... လရောင်ကို စုပ်ယူပြီး ကိုယ့်ကိုယ်ကိုယ် သန်မာအောင် လုပ်နိုင်တဲ့ အထောက်အကူပြု ကျင့်စဉ်"
" 'နတ်ရေစင် နည်းစနစ်' ... ကိုယ့်ရဲ့ မူလစွမ်းအင်တွေကို ရေလို နူးညံ့သွားစေတဲ့ အထောက်အကူပြု ကျင့်စဉ်... မိန်းကလေးတွေ ကျင့်ကြံဖို့ အသင့်တော်ဆုံးပဲ"
" 'တောက်ပသော လမင်း ဓားသိုင်း' ... အောင်မြင်အောင် ကျင့်ကြံနိုင်ရင် တောက်ပသော လမင်း ဓားစိတ်ဆန္ဒကို သေချာပေါက် ရရှိစေမယ့် အထောက်အကူပြု ကျင့်စဉ်"
အချက်အလက်များကို ဖတ်ရှုပြီးနောက် ယဲ့ဖုန်းသည် လက်စွပ်ကို စနစ် ဟင်းလင်းပြင် အတွင်းသို့ ပစ်ထည့်လိုက်၏။ ဂိုဏ်းသို့ ပြန်ရောက်ပါက ၎င်းတို့ကို ကျီဇီလင်း ထံသို့ လွှဲပြောင်းပေးကာ ကျမ်းစာဆောင် အတွင်း၌ သိမ်းဆည်းထားရန် စီစဉ်ထားခြင်းပင်။
*
သစ်သားအိမ်လေး အရှေ့တွင် ဖြစ်သည်။
လင်ယွဲ့သည် သူမ၏ နဖူးပေါ်တွင် ကပ်ထားသော မှတ်ဉာဏ် သလင်းကျောက်ကို စုပ်ယူနေဆဲပင် ဖြစ်၏။
အချိန်များ ကုန်လွန်သွားသည်နှင့်အမျှ မှတ်ဉာဏ် သလင်းကျောက်မှာ တဖြည်းဖြည်း သေးငယ်သွားပြီး နောက်ဆုံးတွင်တော့ လုံးဝ ပျောက်ကွယ်သွားခဲ့လေတော့သည်။
"ဟူး..."
လင်ယွဲ့သည် နောက်ဆုံးတွင် မျက်လုံးများကို ဖွင့်လိုက် တော့၏။
နှစ်ပေါင်း ထောင်ချီ ကြာမြင့်ခဲ့သော အခက်အခဲများကို ဖြတ်သန်းခဲ့ရသကဲ့သို့ သူမ ခံစားလိုက်ရပြီး... လွန်ခဲ့သော အနှစ်သုံးဆယ်ခန့်က အချိန်များမှာမူ သူမ စုပ်ယူလိုက်သော မှတ်ဉာဏ်များလောက်ပင် လက်တွေ့မဆန်ဘဲ အိပ်မက်တစ်ခုပမာ ဖြစ်နေတော့သည်။
"ဒါဆို... အမှန်တကယ်ပဲ ငါက မင်ယွဲ့ နတ်မိမယ် ရဲ့ လူဝင်စား ဖြစ်နေတာကိုး။ ပြီးခဲ့တဲ့ ဘဝတုန်းက အစွမ်းထက်တဲ့ ရန်သူတွေရဲ့ တိုက်ခိုက်မှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရခဲ့ပြီး ရှန်ကျိုးတိုက်ကြီး ဆီကို ရောက်လာခဲ့တာပဲ"
"ပြီးတော့... ပြီးခဲ့တဲ့ ဘဝတုန်းက ကျွန်မဟာ ဒီပြင်ပကမ္ဘာက ကမ္ဘာငယ်လေးတစ်ခုမှာ နေထိုင်ခဲ့တာ... အဲဒီမှာ ကျွန်မက အတော်လေး နာမည်ကြီးတဲ့သူ တစ်ယောက် ဖြစ်ခဲ့ပြီး မိုင်ပေါင်း တစ်သိန်းလောက် ကျယ်ဝန်းတဲ့ အင်ပါယာနိုင်ငံကြီး တစ်ခုကိုတောင် အုပ်စိုးခဲ့ဖူးတယ်"
"နှမြောစရာပဲ... ကျွန်မ ရှုံးနိမ့်ပြီး ထွက်ပြေးခဲ့ရတော့... အဲဒီ အင်ပါယာနိုင်ငံကြီး လည်း တခြားသော မူလနတ်ဘုရားအဆင့် မဟာတန်ခိုးရှင်တွေရဲ့ ဖျက်ဆီးတာကို ခံလိုက်ရလောက်ပြီ နော်..."
လင်ယွဲ့သည် ထိုမှတ်ဉာဏ်များကို ပြန်လည် စဉ်းစားရင်း သူမ၏ အသက်ရှူသံများမှာ တဖြည်းဖြည်း မြန်ဆန်လာခဲ့သည်။
သူမသည် ရင်ဘတ်ကို ဖိထားရင်း ဖော်ပြ၍မရသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရရှာ၏။
ယဲ့ဖုန်းမှာမူ ဘေးတွင် ရပ်လျက် ထူးဆန်းသော မျက်နှာထားဖြင့် ကြည့်နေမိ၏။
သူ အမှန်တကယ် ပြောလိုက်ချင်သည်မှာ... 'ခင်ဗျားက မင်ယွဲ့ နတ်မိမယ် မဟုတ်ပါဘူးဗျာ... တကယ့် မင်ယွဲ့ နတ်မိမယ် အစစ်က ကျွန်တော့်ရဲ့ လက်ချက်နဲ့ အလင်းလုံးလေး ဖြစ်သွားပြီး စနစ် ဟင်းလင်းပြင် ထဲကို ရောက်နေပြီလေ... ဘယ်သူမှ လာမကယ်နိုင်တော့ဘူး' ဟုပင် ဖြစ်ပါသည်။
"ဒါက ပြီးခဲ့တဲ့ ဘဝက ကိစ္စဆိုပေမဲ့... ကျွန်မရဲ့ ကျင့်ကြံခြင်းတွေ အောင်မြင်လာတဲ့ တစ်နေ့ကျရင်တော့... အဲဒီ ကမ္ဘာငယ်လေးဆီကို သေချာပေါက် ပြန်သွားပြီး ဟိုရန်သူတွေရဲ့ အသက်ကို နှုတ်ပစ်ရမယ်"
လင်ယွဲ့သည် ရုတ်တရက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး လေးနက်သော မျက်နှာထားဖြင့် ဆိုလိုက်သည်။
ယဲ့ဖုန်းမှာ ရယ်ရခက်၊ ငိုရခက် ဖြစ်သွားရ တော့၏။
'ထားလိုက်ပါတော့လေ... သူမက မင်ယွဲ့ နတ်မိမယ် ရဲ့ မှတ်ဉာဏ်တွေကို လက်ခံရရှိထားပြီး အမွေခံ တစ်ယောက် ဖြစ်သွားပြီပဲ... ဒီကိစ္စတွေကို သူမဘာသာ သူမပဲ ဆုံးဖြတ်ပါစေတော့'
သူ စိတ်ထဲမှ တွေးလိုက်၏။
"ဂိုဏ်းချုပ်ယဲ့... ကျေးဇူးတင်ပါတယ်ရှင်" လင်ယွဲ့သည် လက်သီးကို ဖြေလျှော့လိုက်ပြီးနောက် လှည့်ကာ ယဲ့ဖုန်းအား လေးနက်စွာ ဦးညွှတ် နှုတ်ဆက်လိုက်သည်။
အကယ်၍ ယဲ့ဖုန်းသာ သူမနှင့်အတူ ဤနေရာသို့ လိုက်ပါမလာခဲ့ပါက... သူမသည် မှတ်ဉာဏ်များကို လက်ခံရယူနိုင်မည် မဟုတ်သလို၊ လျှို့ဝှက်နည်းစနစ် အများအပြားကို ရရှိမည် မဟုတ်သလို၊ သူမ၏ ရုပ်ခန္ဓာကိုလည်း နိုးထစေနိုင်မည် မဟုတ်ပါလား။
"ရပါတယ်ဗျာ..."
ယဲ့ဖုန်းက လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရင်း -
" သဘောတူထားတဲ့အတိုင်း... ကျန်တဲ့ ပစ္စည်းတွေကိုတော့ ကျွန်တော် ယူလိုက်ပြီနော်" ဟု ပြောလိုက်၏။
"အဲဒါတွေက ဂိုဏ်းချုပ်ယဲ့ ထိုက်တန်လို့ ရတာတွေပါရှင်" လင်ယွဲ့က နှုတ်ခမ်းလေး စေ့ကာ ရယ်လျက် ပြန်ပြောလိုက်၏။ သူမ၏ တောက်ပလှသော မျက်ဝန်းကျယ်ကြီးများဖြင့် ယဲ့ဖုန်းအား စိုက်ကြည့်နေစဉ် ပါးပြင်လေးများမှာ မသိမသာ နီမြန်းလာရပြန်သည်။
သူမ၏ ရုပ်ခန္ဓာ ပါရမီကို နိုးထစေနိုင်ခဲ့ပြီ ဖြစ်သော်ငြား... သူမ၏ နှလုံးသားကို ခုန်မြန်စေပြီး သွေးများကို ဆူပွက်စေခဲ့သော ဤခန့်ညားလှသည့် လူငယ်လေးကို မြင်လိုက်ရသည့်အခါ လင်ယွဲ့၏ ပါးပြင်များမှာ ထိန်းချုပ်၍မရအောင် နီမြန်းလာဆဲပင် ဖြစ်၏။
"ဂိုဏ်းချုပ်ယဲ့ အနေနဲ့... ချစ်ရေးချစ်ရာ ကိစ္စတွေကိုကော စိတ်ဝင်စားမှု ရှိမလား မသိဘူးရှင်။ အမွေအနှစ် မှတ်ဉာဏ်တွေအရဆိုရင်... ကိုယ် နှစ်သက်မြတ်နိုးရတဲ့ သူတစ်ယောက်နဲ့ သွေးသား စွမ်းအင်ချင်း ဖလှယ် ကျင့်ကြံမယ်ဆိုရင်... ကျင့်ကြံခြင်း တိုးတက်မှုနှုန်းက နှစ်ဆ ပိုမြန်လာနိုင်တယ်တဲ့... ဟင်း... ဟင်း... ဟင်း..."
ယဲ့ဖုန်းနှင့်အတူ အချစ်ကြမ်းကြမ်းလေး ဖန်တီးရမည့် ညတစ်ညကို တွေးမိလိုက်သည့်အခါ လင်ယွဲ့မှာ မထိန်းချုပ်နိုင်အောင်ပင် ရှက်သွေးဖြာသွားရလေတော့သည်။
ယဲ့ဖုန်းသည် မျက်လုံးများ မှိတ်ကာ ရှက်သွေးဖြာနေဟန်ရှိသော လင်ယွဲ့ကို ကြည့်ရင်း... ဤမိန်းကလေး၏ ခေါင်းထဲတွင် ဘာတွေ တွေးနေသနည်း.. နားမလည်နိုင်အောင် ဖြစ်နေရရှာ၏။
"တခြား ကိစ္စ မရှိတော့ဘူးဆိုရင်... ပြန်ကြတော့မလား" ဟု သူက မေးလိုက်သည်။
ယဲ့ဖုန်းသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ တောင်ကြားအတွင်း၌ သက်တမ်း တစ်ထောင်ကျော်ရှိသော ဆေးဖက်ဝင် အပင်အချို့ကို တွေ့ရှိလိုက်ရသဖြင့် ၎င်းတို့ကို ယူဆောင်ရန် ပြင်လိုက်၏။ အခြားသော နေရာများတွင်မူ လောလောဆယ် တန်ဖိုးရှိသော အရာများ မရှိတော့ချေ။
လင်ယွဲ့က ပန်းလေးတစ်ပွင့်ပမာ ပြုံးလျက် ဆိုလိုက်၏။
"တခြား ကိစ္စတော့ မရှိတော့ပါဘူးရှင်။ ဂိုဏ်းချုပ်ယဲ့ လိုချင်ရင် အဲဒီ နှစ်တစ်ထောင် ဆေးပင်တွေကို ယူသွားလို့ ရပါတယ်ရှင်... ကျွန်မအတွက်တော့ အသုံးမဝင်ပါဘူး"
"ဒါဆိုရင်လည်း... ကျေးဇူးပဲဗျာ" ယဲ့ဖုန်းသည် ထိုဆေးပင်များကို လွတ်ငြိမ်းခွင့် မပေးနိုင်သဖြင့် လက်ဝှေ့ယမ်းကာ ဝိညာဉ်ဆေးပင် အားလုံးကို သူ၏ အိတ်အတွင်းသို့ အလျင်အမြန် သိမ်းဆည်းလိုက်သည်။
ထို့နောက် သူတို့နှစ်ဦးသည် တောင်ကြားအတွင်း၌ နောက်တစ်ကြိမ် လှည့်ပတ် ကြည့်ရှုကြပြီး တန်ဖိုးရှိသော ရတနာများ ကျန်ရစ်ခြင်း မရှိတော့ကြောင်း သေချာသွားသည့်အခါမှသာ လာလမ်းအတိုင်း အလျင်အမြန် ပြန်လည် ထွက်ခွာလာခဲ့ကြလေတော့သည်။
ဆယ်မိနစ်ခန့် ကြာပြီးနောက်...
ထိုတောင်တန်းကြီး၏ အထက်ဝယ်။
“ဂျုန်း”
အောက်ခြေရှိ လုံးဝ စိစိညက်ညက် ကြေမွသွားသော ကျောက်တံခါးကြီးကို မြင်လိုက်ရသည့်အခါ ယဲ့ဖုန်းသည် မျက်ခုံးပင့်လိုက်ရင်း -
"ထွက်ပေါက်က လုံးဝ ပျောက်ကွယ်သွားပြီပဲ။ ကြည့်ရတာ... နောင်ကျရင် ဒီနေရာကို ထပ်ဝင်လို့ ရတော့မှာ မဟုတ်ဘူး ထင်တယ်ဗျ"
"ဒီခရီးစဉ်ကနေ ရလိုက်တာတွေက တော်တော်များနေပါပြီ။ ဒီလောက်ဆိုရင် လုံလောက်ပါပြီ... နောင်မှာ ဒီလျှို့ဝှက်နယ်မြေကို ဝင်လို့ ရရ၊ မရရ... အရေးမကြီးတော့ပါဘူးရှင်" လင်ယွဲ့မှာမူ စိတ်ပျက်နေခြင်း မရှိပေ။
သူမသည် သူမ လိုချင်သောအရာကို ရရှိခဲ့ပြီဖြစ်ရာ ဤနေရာတွင် ဆက်လက် နေထိုင်ရန် အကြောင်းပြချက် မရှိတော့ချေ။
"ပြန်ကြစို့"
ယဲ့ဖုန်းသည် လှည့်ကာ လင်ယွဲ့နှင့် ယှဉ်တွဲလျက် မိုင်ပေါင်း ထောင်ချီ ဝေးကွာသော လျှို့ဝှက်ဆန်းကြယ် နန်းမြို့တော် ဆီသို့ ဦးတည် ထွက်ခွာသွားလေ၏။
အခန်း (၄၇၃) - မင်းသဘောကျတဲ့သူက မင်းကို သဘောမကျဘူး... စာရင်းထဲမှာ နာမည်တွေ ထွက်ပေါ်လာခြင်း
~အပြန်လမ်းခရီးတွင် ဖြစ်သည်။
လင်ယွဲ့ သည် ယဲ့ဖုန်း၏ ဘေးဘက် မျက်နှာပြင်လေးကို အခါအားလျော်စွာ ခိုးကြည့်နေမိ၏။
သူမ၏ ရုပ်ခန္ဓာပါရမီမှာ နိုးထလာခဲ့ပြီဖြစ်ပြီး ခုခံနိုင်စွမ်းမှာလည်း အဆပေါင်းများစွာ တိုးတက်လာခဲ့ပြီ ဖြစ်သော်ငြား... သူမ၏ ပါးပြင်များ နီမြန်းလာခြင်းနှင့် နှလုံးခုန်နှုန်း မြန်ဆန်လာခြင်းတို့ကိုမူ လုံးဝ ထိန်းချုပ်၍ မရနိုင်သေးချေ။
‘ကြည့်ရတာ... ငါ ဂိုဏ်းချုပ်ယဲ့ ကို တကယ်ပဲ အရမ်း သဘောကျနေပြီ ထင်တယ်...’
လင်ယွဲ့၏ အသက်ရှူသံများမှာ တဖြည်းဖြည်း မြန်ဆန်လာခဲ့သည်။ ယဲ့ဖုန်း တစ်စုံတစ်ရာ ရိပ်မိသွားမည်ကို စိုးရိမ်သဖြင့် သူမကိုယ်သူမ အမြန်ပင် ပြန်လည် တည်ငြိမ်အောင် ထိန်းချုပ်လိုက်ရရှာ၏။
“ယဲ့... ဂိုဏ်းချုပ်ယဲ့... ရှင် တစ်ယောက်ယောက်ကို သဘောကျဖူးလားဟင်”
နောက်ဆုံးတွင်တော့ လင်ယွဲ့သည် မနေနိုင်တော့ဘဲ မေးမြန်းလိုက်လေတော့သည်။
သူမသည် ယဲ့ဖုန်းကို တကယ်ကို သဘောကျနေခဲ့ပြီ ဖြစ်၏။
ငယ်ရွယ်တယ်... ရုပ်ရည်ခန့်ညားတယ်... ချမ်းသာတယ်...။
ဒီလို အမျိုးသားမျိုး ဆိုတာ မိန်းကလေး အများစုရဲ့ အိပ်မက်ထဲက အချစ်တော်လေးပဲ မဟုတ်ပါလား။
လင်ယွဲ့ ကိုယ်တိုင်တောင်မှ သူ့ရဲ့ ဆွဲဆောင်မှုအောက်မှာ အလွယ်တကူ ကျရှုံးသွားခဲ့ရပြီလေ။
“တစ်ယောက်ယောက်ကို သဘောကျဖူးလား...”
ထိုမေးခွန်းကို ကြားလိုက်ရသည့်အခါ ယဲ့ဖုန်းမှာ နက်နက်နဲနဲ စဉ်းစားခန်း ဝင်သွားသည်။ သူ၏ အတွေးများမှာ ကျောင်းသားဘဝ အချိန်ကာလများဆီသို့ လွင့်မျောသွားခဲ့ တော့၏။
ဒီလောကကြီးမှာ... နွေဦးပေါက် ရာသီလို လန်းဆန်းတဲ့ အချစ်စိတ်တွေ မရှိဖူးတဲ့ လူငယ်ဆိုတာ ဘယ်ရှိပါ့မလဲ။
လူငယ်သဘာဝ အချစ်စိတ်တွေ ဖူးပွင့်စ အချိန်တုန်းက... သူလည်း သူ့ရဲ့ ခုံဖော် ကောင်မလေးကို သဘောကျခဲ့ဖူးတာပဲလေ။ အဲဒီကောင်မလေးက နည်းနည်း ကြမ်းတမ်းပြီး သူ့ရဲ့ ခါးကို ခဏခဏ လိမ်ဆွဲတတ်ပေမဲ့လည်းပေါ့...။
ဒါပေမဲ့ အဲဒါတွေက အရေးမကြီးပါဘူး။ အဓိကက သူမ လှနေဖို့ပဲ မဟုတ်လား။
အရေးအကြီးဆုံးကတော့... သူမရဲ့ လက်ရေးလေးတွေက အရမ်းကို လှပလွန်းနေတာပဲ။
ကံမကောင်းစွာနဲ့ပဲ... နောက်ဆုံးမှာတော့ ယဲ့ဖုန်းက ရှန်ကျိုးတိုက်ကြီး ဆီကို ရောက်လာခဲ့ရပြီး... အဲဒီကောင်မလေးကတော့ ထိပ်တန်း တက္ကသိုလ်ကြီးတစ်ခုကို ဝင်ခွင့်ရသွားခဲ့လေရဲ့။
အဲဒီနောက်ပိုင်း သူမ ဘာဆက်ဖြစ်သွားသလဲ ဆိုတာကိုတော့ သူ၊ ယဲ့ဖုန်း တစ်ယောက် ဘယ်လိုမှ သိနိုင်စရာ အကြောင်း မရှိတော့ချေ။
ဤအရာများကို ပြန်လည် တွေးတောမိရင်း ယဲ့ဖုန်းက ဖြေကြားလိုက်၏။
“မရှိပါဘူးဗျာ”
သူတို့နှစ်ယောက်က လုံးဝ မတူညီသော ကမ္ဘာနှစ်ခုက လူတွေ ဖြစ်သွားခဲ့ပြီလေ။
ဒီဘဝမှာတော့... သူတို့နှစ်ယောက် ပြန်ဆုံတွေ့ဖို့ အခွင့်အရေးဆိုတာ လုံးဝ ရှိလာနိုင်တော့မှာ မဟုတ်။ တစ်ချိန်တုန်းက ရှိခဲ့ဖူးသည့် အဲဒီခံစားချက်လေးကိုတော့... သူ့၏ နှလုံးသား အနက်ရှိုင်းဆုံး နေရာမှာပဲ ထာဝရ မြှုပ်နှံထားလိုက်ဖို့ သူ ဆုံးဖြတ်လိုက်လေတော့သည်။
“ဂိုဏ်းချုပ်ယဲ့ က ဘယ်သူ့ကိုမှ သဘောမကျဖူးဘူးတဲ့လား...”
လင်ယွဲ့၏ ရင်ထဲရှိ နှလုံးသားလေးမှာ ရုတ်တရက် အရှိန်အဟုန်ပြင်းစွာ ခုန်ပေါက်လာခဲ့ တော့၏။
ဆိုလိုတာက... ငါ့အတွက် အခွင့်အရေး ရှိနေပြီပေါ့... ဟုတ်လား။
ထိုသို့ တွေးမိသည်နှင့် လင်ယွဲ့သည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် ခေါင်းမော့ကာ ယဲ့ဖုန်းအား အပြုံးလေးဖြင့် ကြည့်လိုက်သည်။ ထို့နောက် ရှက်သွေးဖြာလျက် အကြည့်များကို အမြန် ပြန်လွှဲလိုက်ပြန်၏။
‘အရမ်းကို ခန့်ညားပြီး ဆွဲဆောင်မှု ရှိတာပဲ... ဂိုဏ်းချုပ်ယဲ့ ရဲ့ အသက်က ဘယ်လောက်ရှိပြီလဲတော့ ငါ မသိဘူး... ဒါပေမဲ့ သူက အသက်ပိုကြီးတဲ့ အမျိုးသမီး တစ်ယောက်နဲ့ ချစ်သူဖြစ်ရတာကိုကော လက်ခံနိုင်ပါ့မလား မသိဘူး နော်...’
လင်ယွဲ့သည် နှုတ်ခမ်းလေးကို တင်းတင်းစေ့ထားပြီး ရှက်လွန်းသဖြင့် စကားပင် ဆက်မပြောနိုင်တော့ချေ။
ယဲ့ဖုန်းကမူ လင်ယွဲ့၏ ရင်ထဲတွင် ဘာတွေ ဖြစ်ပျက်နေသနည်း ဆိုတာကို လုံးဝ မသိရှာပေ။
ထိုအခိုက်အတန့်တွင် သူသည် သူ ရရှိခဲ့သော အထူး ဝိညာဉ်စွမ်းအင် စုစည်းခြင်း ဝင်္ကပါ အကြောင်းကိုသာ တွေးတောနေမိ၏။ ထိုဝင်္ကပါက သူ၏ တပည့်များကို ကျင့်ကြံခြင်းအဆင့် လျင်မြန်စွာ တက်လှမ်းနိုင်ရန် ကူညီပေးနိုင်မည် ဖြစ်ပြီး... ထိုမှတစ်ဆင့် သူကိုယ်တိုင်လည်း ပိုပိုပြီး အစွမ်းထက်လာမည် မဟုတ်ပါလား။ ဤသို့ တွေးမိတိုင်း သူ၏ နှုတ်ခမ်းထောင့်များမှာ အလိုအလျောက် မြင့်တက်ကာ ပြုံးမိလျက်သား ဖြစ်နေတော့သည်။
‘ဂိုဏ်းချုပ်ယဲ့ ပြုံးနေတာလား...’
‘သူက ငါ သူ့ကို သဘောကျနေတာကို ရိပ်မိသွားလို့များလား...
အဲဒါကြောင့်မလို့... ဝမ်းသာလွန်းလို့ အခုလို ပြုံးနေတာများလား...’
လင်ယွဲ့သည် ယဲ့ဖုန်းကို နောက်တစ်ကြိမ် ခိုးကြည့်လိုက်ပြန်၏။
ဤသို့ ခန့်ညားထည်ဝါပြီး ဆွဲဆောင်မှု အပြည့်ရှိကာ အစွမ်းထက်လှသော အမျိုးသားတစ်ဦး၏ အနားတွင် ရှိနေရုံမျှဖြင့် သူမ၏ စိတ်အခြေအနေမှာ အဆပေါင်းများစွာ ကြည်နူးသာယာနေတော့သည်။
မကြာမီမှာပင်...
နန်းမြို့တော်ရှိ မျောင်ယင်း လက်ဖက်ရည်ဆောင် သို့ သူတို့ ပြန်လည် ရောက်ရှိလာခဲ့ကြ တော့၏။
“စံအိမ်သခင်မ လင်ယွဲ့... ကျွန်တော် တပည့်တွေနဲ့ သွားတွေ့စရာလေး ရှိသေးလို့... သွားခွင့်ပြုပါဦးဗျာ”
ယဲ့ဖုန်းသည် မျောင်ယင်း လက်ဖက်ရည်ဆောင် မှ ထွက်ခွာရန် ပြင်ဆင်လိုက်၏။
ဆက်သွယ်ရေး အမိန့်ပေးတံဆိပ်မှတစ်ဆင့် ပေးပို့လာသော သတင်းစကားများအရ ကျီဇီလင်း နှင့် အခြားသူများမှာ မျောင်ယင်း လက်ဖက်ရည်ဆောင် တွင် မရှိတော့ဘဲ... မိုင်ရာချီ ကွာဝေးသော တည်းခိုခန်း တစ်ခုတွင် အစားအသောက်များ စားသောက်ပြီး အနားယူရန် ပြင်ဆင်နေကြပြီ ဖြစ်ကြောင်း သူ သိရှိထားပြီး ဖြစ်၏။
“ဂိုဏ်းချုပ်ယဲ့... ခဏလောက် စောင့်ပါဦးရှင်...”
လင်ယွဲ့သည် သတ္တိမွေးကာ ကျောက်စိမ်းဆွဲပြား တစ်စုံကို ထုတ်ယူလိုက်ပြီး ယဲ့ဖုန်းထံသို့ တစ်ခု ကမ်းပေးလိုက်သည်။
“ဒါက ဆက်သွယ်ရေး အမိန့်ပေးတံဆိပ် အစုံလေးပါရှင်။ တောင်တန်းတွေ၊ မြစ်ပြင်တွေ ထောင်သောင်းချီ ခြားနေပါစေ... ကျွန်မတို့ အချင်းချင်း စကားပြောလို့ ရပါတယ်ရှင်”
“ဘာဖြစ်လို့
ဒါကို ကျွန်တော့်ကို ပေးရတာလဲဗျ”
ယဲ့ဖုန်း၏ ရုတ်တရက် မေးခွန်းကြောင့် လင်ယွဲ့မှာ ဘာပြောရမှန်း မသိဘဲ ခြေလှမ်းများပင် တုံ့ဆိုင်းသွားခဲ့ရ၏။
သူမသည် ထိုနေရာတွင် မလှုပ်မယှက် ရပ်နေရင်း... ‘ကျွန်မ ရှင့်ကို သဘောကျလို့ပါ’ ဟုသာ အော်ဟစ် ပြောလိုက်ချင်တော့သည်။
ထိုစဉ် ယဲ့ဖုန်းသည် သူ၏ နဖူးကို ရုတ်တရက် ရိုက်လိုက်မိ၏။
‘အော်... ဟုတ်သားပဲ၊ လင်ယွဲ့ က ငါ့ကို သဘောကျနေတာပဲ... ငါ မေ့သွားတာ’
သူသည် စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်၏။
အမွေအနှစ်များကို စုပ်ယူနေစဉ်အတွင်း မင်ယွဲ့ နတ်မိမယ် ပြောကြားခဲ့သော စကားများကို လင်ယွဲ့ မသိရှိခဲ့ပေ။
ထို့ကြောင့်ပင် ယဲ့ဖုန်း တစ်ယောက် သူမက သူ့ကို သဘောကျနေကြောင်း သိရှိထားပြီး ဖြစ်သည်ကို လင်ယွဲ့ လုံးဝ မရိပ်မိခဲ့ခြင်းပင်။
ဤအခြေအနေကြီးမှာ အတော်လေးကို အနေရခက်စရာ ကောင်းလှသည်။
“ဘာ... ဘာမှ မဟုတ်ပါဘူးရှင်... နောင်ကျရင် ဂိုဏ်းချုပ်ယဲ့ နဲ့ အလွယ်တကူ ဆက်သွယ်လို့ ရအောင်လို့ပါ။ အဓိကကတော့ ရှင်က မူလနတ်ဘုရားအဆင့် မဟာတန်ခိုးရှင် တစ်ဦး ဖြစ်နေတော့... ဒီမိန်းမငယ်လေး နားမလည်တာတွေ ရှိလာရင် ရှင့်ဆီကနေ အကြံဉာဏ်တွေ တောင်းလို့ရအောင်လို့ပါရှင်”
လင်ယွဲ့သည် ဉာဏ်ပြေးစွာဖြင့် သင့်တော်သော အကြောင်းပြချက် တစ်ခုကို ချက်ချင်း ရှာဖွေ ပြောဆိုလိုက်၏။
“အဟမ်း... ကျေးဇူးပါပဲဗျာ”
နောက်ဆုံးတွင်တော့ ယဲ့ဖုန်းသည် လင်ယွဲ့ ကမ်းပေးသော ဆက်သွယ်ရေး ကျောက်စိမ်းဆွဲပြားကို လက်ခံယူလိုက်လေတော့သည်။
လင်ယွဲ့က ဤအရာမှာ မေတ္တာသက်ဝင်မှု၏ သင်္ကေတဟု မပြောဘဲ ဆက်သွယ်ရန် လွယ်ကူစေရန်ဟုသာ အကြောင်းပြချက် ပေးလာသဖြင့် ယဲ့ဖုန်း အနေဖြင့် ငြင်းပယ်ရန် အကြောင်းပြချက် မရှိတော့ချေ။
“ဂိုဏ်းချုပ်ယဲ့... နောက်မှ ပြန်တွေ့ကြတာပေါ့ရှင်”
“နောက်မှ ပြန်တွေ့ကြတာပေါ့ဗျာ”
သူတို့နှစ်ဦးသည် အလျင်အမြန်ပင် လမ်းခွဲခဲ့ကြလေတော့၏။
*
မျောင်ယင်း လက်ဖက်ရည်ဆောင် ၏ အထက်ဝယ်။
လင်ယွဲ့သည် လေပြင်းများ တိုက်ခတ်နေသည့် ကြားမှနေ၍ ထွက်ခွာသွားသော ယဲ့ဖုန်း၏ ကျောပြင်ကို လှမ်းကြည့်နေမိ၏။
သူမ၏ နှုတ်ခမ်းနီနီလေးများမှာ မသိမသာ တွန့်ကွေးသွားပြီး ရင်ထဲတွင်လည်း ကြည်နူးချိုမြိန်လှသော ပျော်ရွှင်မှုတစ်ခုကို ခံစားနေရလေတော့သည်။
ကောင်းကင်ယံ ထက်ဝယ်။
ယဲ့ဖုန်းသည် ဖြည်းညှင်းစွာ ပျံသန်းနေ၏။
သူသည် လက်ထဲရှိ ဆက်သွယ်ရေး ကျောက်စိမ်းဆွဲပြားကို ကြည့်ရင်း နက်နက်နဲနဲ စဉ်းစားခန်း ဝင်သွားခဲ့ တော့၏။
တစ်ယောက်ယောက်က ကိုယ့်ကို သဘောကျနေတယ် ဆိုတာ သိလိုက်ရတဲ့အခါ... ဘယ်လို ခံစားရတတ်သလဲ။
လက်ရှိ ယဲ့ဖုန်း၏ အခြေအနေမှာ အတိအကျပင် ဖြစ်သည်။
သူ တွေးလေလေ... သူ၏ စိတ်နှလုံးမှာ ပိုမို ရှုပ်ထွေးလာလေလေ ဖြစ်လာတော့သည်။
‘ငါက ချစ်သူကောင်မလေး မလိုချင်လို့တော့ မဟုတ်ပါဘူး... ဒါပေမဲ့ အဲဒါက ငါ့ရဲ့ အာရုံတွေကို လွင့်ပါးသွားစေနိုင်တယ်။ ပြီးတော့ ပိုအရေးကြီးတာက... တစ်ယောက်ယောက်က ကိုယ့်ကို သဘောကျနေတယ် ဆိုတာ သိရုံနဲ့... ကိုယ်ကလည်း အဲဒီလူကို သေချာပေါက် ပြန်ပြီး သဘောကျရမယ်လို့ ဘယ်သူ သတ်မှတ်ထားလို့လဲ။
ဒီလောကကြီးမှာ... နောင်တရစရာတွေက အရမ်းကို များပြားလွန်းလှပါတယ်။
ကိုယ့်ကို သဘောကျတဲ့သူတွေကို... ကိုယ်က ပြန်ပြီး သဘောမကျနိုင်ဘူး။
ကိုယ် သဘောကျတဲ့ သူတွေကလည်း... ကိုယ့်ကို ပြန်ပြီး သဘောကျချင်မှ ကျလိမ့်မယ်။
အချင်းချင်း နှစ်ဦးနှစ်ဖက် သဘောကျနေကြတဲ့ လူတွေတောင်မှ... နောက်ဆုံးမှာ ပေါင်းဖက်ခွင့် ရချင်မှ ရကြတာလေ။
နောင်တရစရာတွေ ဆိုတာ နေရာတိုင်းမှာ ရှိနေတတ်တာပါပဲ။’
ယဲ့ဖုန်းသည် ခေါင်းကို လှည့်ကာ မိုင်ပေါင်း ဒါဇင်ချီ ဝေးကွာသော နေရာရှိ... ဝတ်ရုံများ လေတွင် တလွင့်လွင့် ဝဲပျံနေသော စံအိမ်သခင်မ လင်ယွဲ့ ကို လည်ပြန်ကြည့်လိုက်၏။
လင်ယွဲ့၏ မျက်ဝန်းများမှာ အရောင်တောက်သွားပြီး အဝေးမှနေ၍ သူ့အား အလျင်အမြန် လက်လှမ်းပြလိုက်သည်။
ယဲ့ဖုန်းသည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက်... ခေါင်းညိတ်၍ အသိအမှတ်ပြုကြောင်း ပြသလိုက်ပြီး လှည့်ကာ ကျီဇီလင်း တို့ စောင့်ဆိုင်းနေသော စားသောက်ဆိုင် ရှိရာဆီသို့ ဆက်လက် ပျံသန်းသွားလေတော့သည်။
လင်ယွဲ့ အရမ်းလှတယ် ဆိုတာကိုတော့ သူ အပြည့်အဝ ဝန်ခံပါသည်။
သို့သော်၊ သူ့ဘက်ကတော့ လင်ယွဲ့ အပေါ်မှာ အဲဒီလို ခံစားချက်မျိုး လုံးဝ မရှိခဲ့ပါ။ သူ့ရဲ့ လိင်စိတ်တိမ်းညွတ်မှုက တစ်ခုခု မှားယွင်းနေလို့ မဟုတ်ဘဲ... ဒါတွေက အရမ်းကို ပြဿနာများလွန်းသည်ဟု သူ ခံစားရ၍ပါ။
‘အမျိုးသမီးတွေ အကြောင်း မတွေးတဲ့ စိတ်ကသာ... ကျင့်ကြံခြင်းကို သဘာဝအလျောက် နတ်ဘုရားဆန်အောင် လုပ်ပေးနိုင်တာလေ...’
‘လက်ရှိ ငါ့အခြေအနေက ဂိုဏ်းချုပ်ကတော် တစ်ယောက် ထားဖို့ မသင့်တော်သေးဘူး... ကိုယ်ပိုင် အချစ်ရေး ကိစ္စတွေက ဂိုဏ်းရဲ့ ကိစ္စတွေနဲ့ ဘယ်လိုလုပ် ယှဉ်လို့ ရမှာလဲ’
ယဲ့ဖုန်း တွေးတေောလိုက်၏။
သူ့မှာ စနစ်ကြီး တစ်ခုလုံး ရှိနေတာလေ... ဒီလျှို့ဝှက်ချက်က အရမ်းကို အရေးကြီးလွန်းလှပါသည်။
အကယ်၍ ခေါင်းအုံးရာချင်း နီးစပ်မည့် သူ တစ်ယောက်သာ ရှိလာခဲ့လျှင်... အရာရာ အများကြီးက ရှင်းပြဖို့ ခက်ခဲသွားလိမ့်မည်။ ပြီးတော့ လူနှစ်ယောက် တကယ် ချစ်ကြပြီဆိုရင်... သေချာတာပေါ့... အရာရာတိုင်းကို ပွင့်ပွင့်လင်းလင်း မျှဝေကြရမည်လေ။
သို့သော်၊ စနစ်နှင့် ပတ်သက်သည့် ကိစ္စကိုတော့ ယဲ့ဖုန်း ဘယ်လိုမှ ပွင့်ပွင့်လင်းလင်း ပြောပြနိုင်မှာ မဟုတ်ပါချေ။
ဒီစိတ်ပိုင်းဆိုင်ရာ အဟန့်အတားကြီးကို သူ ဘယ်လိုမှ ကျော်ဖြတ်နိုင်မှာ မဟုတ်ပါ။
‘ရှေးလူကြီးတွေ ပြောတဲ့ စကားအတိုင်းပဲ... မိန်းမဆိုတာ ငါ့ရဲ့ ဓားဆွဲထုတ်တဲ့ အရှိန်ကို နှေးသွားစေမယ့် အရာတွေပဲ...’
ယဲ့ဖုန်းသည် ပြတ်သားစွာ ဆုံးဖြတ်လိုက်လေတော့၏။
‘သံမဏိလို ခိုင်မာတဲ့ ယောကျာ်း တစ်ယောက်ပဲ ဖြစ်ပါစေ... တခြားလူတွေ ဘာပြောပြော ဂရုစိုက်နေစရာ မလိုပါဘူးလေ။’
*
မိုင်ပေါင်း ရာချီ ဝေးကွာသော နေရာ။
ခမ်းနားထည်ဝါလှသော စားသောက်ဆိုင်ကြီး တစ်ခု အတွင်းဝယ်...။
ကျီဇီလင်း၊ လျန်ဝမ်ဖန်း နှင့် အခြားသူများအားလုံးမှာ ယဲ့ဖုန်း ရောက်ရှိလာမည့် အချိန်ကို စောင့်မျှော်နေကြ၏။
“စောင့်နေရတာ ကြာသွားလို့ တောင်းပန်ပါတယ်ကွာ”
တံခါးခုံကို ကျော်ဖြတ်ဝင်ရောက်လာရင်း ယဲ့ဖုန်းသည် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ရသော တပည့်များကို ကြည့်ကာ... သူ၏ နှုတ်ခမ်းထောင့်များမှာ အလိုအလျောက် အပြုံးရိပ်လေးများ သန်းလာခဲ့သည်။
ဘာကြောင့်မှန်း မသိပေမဲ့... ဤရင်းနှီးကျွမ်းဝင်လှသော တပည့်များကို မြင်တွေ့ရခြင်းက ယဲ့ဖုန်း၏ ရင်ထဲတွင် ကြီးမားလှသော အောင်မြင်မှု ခံစားချက်နှင့် နွေးထွေးမှုများကို ဖြစ်ပေါ်လာစေခဲ့၏။ သူတို့သည် မိသားစုဝင်များအလား သူ ခံစားနေရခြင်းပင်။
ချစ်ခင်ကြင်နာတတ်သော မိသားစုလေး တစ်ခုပေါ့။
တပည့်များနှင့်အတူ ကုန်ဆုံးရသော အချိန်များမှာ သူ အပျော်ရွှင်ဆုံး အချိန်များပင် ဖြစ်သည်။
‘ရိုးသားပြီး သစ္စာရှိလှတဲ့ ရှီလေ့။
အမြဲတမ်း ကြိုးစားအားထုတ်နေတဲ့ ဟိုယွင်ကျဲ။
ဟင်းချက်ရတာ ဝါသနာပါတဲ့ လီကျောက်ကျောက်။
အပြင်ပန်းမှာ အေးစက်နေပေမဲ့ အတွင်းစိတ်လေးက နွေးထွေးလှတဲ့ မိုယင်။
ဘယ်တော့မှ အရှုံးမပေးတတ်တဲ့ ဇွဲလုံ့လရှင် လုံထျန်းရှင်း။
ပြီးတော့... သူဌေးသမီးလေးလို ဆိုးပေမဲ့ တကယ့်တကယ်တော့ အသိဉာဏ်ရှိတဲ့ ကျားယွီလန်။
...
ပြီးတော့... တခြားသော တပည့်တွေ အများကြီး ရှိသေးတာပေါ့။’
တပည့်များ၏ အသံများနှင့် အပြုံးများကို တွေးတောမိတိုင်း ယဲ့ဖုန်းသည် ဤအရာများကသာ သူ ပိုင်ဆိုင်နိုင်စွမ်းရှိသော အကြီးမားဆုံး ပျော်ရွှင်မှုကြီး ဖြစ်ကြောင်း ခံစားလိုက်ရ၏။
“ဂိုဏ်းက... ငါ့ရဲ့ အရာရာတိုင်းပဲ...”
ယဲ့ဖုန်းသည် ပြုံးလိုက်ပြီး လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ တပည့်များကို နွေးထွေးစွာ ဖက်တွယ်လိုက်လေရာ... တပည့်များမှာ ခေတ္တမျှ မှင်သက်သွားကြပြီးနောက် အလိုအလျောက်ပင် လက်များကို ဆန့်ထုတ်ကာ ယဲ့ဖုန်းအား ပြန်လည် ဖက်တွယ်လိုက်ကြလေတော့သည်။
“ဂိုဏ်းချုပ်... ရှင်... ရှင် အဆင်ပြေရဲ့လားဟင်”
ယဲ့ဖုန်း၏ ရင်ခွင်ထဲတွင် ရောက်ရှိနေသော ကျီဇီလင်း မှာ အသက်ရှူရ အနည်းငယ် ကျပ်လာသဖြင့် အလျင်အမြန်ပင် မေးလိုက်ရရှာ၏။
ယဲ့ဖုန်းသည် သူ၏ လက်များကို လွှတ်လိုက်ပြီး တပည့်ခြောက်ယောက်စလုံး၏ ဆံပင်များကို တစ်ယောက်ပြီးတစ်ယောက် ပွတ်သပ်ပေးလိုက်ပြီးနောက် အဝေးသို့ မျှော်ကြည့်လိုက်သည်။
“ငါ အဆင်ပြေပါတယ်”
သူက နေရာရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့ တစ်ခုကို ထုတ်ယူရင်း ဆိုလိုက်၏။
“သွားကြစို့... အိမ်ပြန်ကြမယ်”
“အိမ်... ဟုတ်လား...”
တပည့်များမှာ ခေတ္တမျှ မှင်သက်သွားကြပြီးမှ... ‘အိမ်’ ဆိုသည်မှာ မြူခိုးဂိုဏ်းကို ဆိုလိုကြောင်း သတိရသွားကြသည်။
ဂိုဏ်းတွင် အချိန်အတော်ကြာ နေထိုင်လာခဲ့ကြပြီ ဖြစ်ရာ... ဂိုဏ်းကို ဒုတိယအိမ်အဖြစ် သတ်မှတ်ခေါ်ဆိုခြင်းမှာ လုံးဝ ပြဿနာ မရှိသည် မဟုတ်ပါလား။
“ဝှစ်”
ဖြူဖွေးသော အလင်းတန်းတစ်ခု တောက်ပသွားခဲ့ပြီးနောက်... ယဲ့ဖုန်း နှင့် သူ၏ တပည့်ခြောက်ဦးတို့မှာ ထွက်ခွာသွားခဲ့ကြပြီး... မကြာမီမှာပင် မြူခိုးတောင်ထိပ် ပေါ်ရှိ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ အထက်တွင် ရုတ်တရက် ပေါ်ထွက်လာခဲ့ကြ တော့သည်။
“ငါတို့ ပြန်ရောက်လာပြီဟေ့...”
ယဲ့ဖုန်းသည် သန့်စင်ခြင်း ကြာစိမ်း ၏ မွှေးရနံ့များ ရောနှောနေသော လေထုကို တဝကြီး ရှူသွင်းလိုက်ရင်း... အလွန်အမင်း လန်းဆန်းသွားသကဲ့သို့ ခံစားလိုက်ရလေတော့၏။
...
မျက်စိတစ်မှိတ်အတွင်းမှာပင် ရက်အနည်းငယ် ကုန်လွန်သွားခဲ့ တော့၏။
တတိယမင်းသား၏ ကြိုးပမ်းအားထုတ်မှုများကြောင့် အကြီးအကျယ် ပေါက်ကွဲစေမည့် သတင်းကြီးတစ်ခုမှာ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် တစ်ခုလုံးသို့ အလျင်အမြန် ဂယက်ထသွားခဲ့လေတော့သည်။
ပါရမီရှင်စာရင်းကြီး... အသစ်စက်စက် ထွက်ပေါ်လာခဲ့ပြီတည်း။
အခန်း (၄၇၄) - ပါရမီရှင်စာရင်းကြောင့် ဖြစ်ပေါ်လာသော ဂယက် နှင့် တုန်းချန်၏ စိုးရိမ်ပူပန်မှု
~ပါရမီရှင်စာရင်း ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက်... လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် တစ်ခုလုံးမှာ မီးဟုန်းဟုန်း တောက်လောင်သွားသည့်အလား အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့ တော့၏။
လမ်းဆုံလမ်းခွများ၊ ဈေးများ၊ လက်ဖက်ရည်ဆိုင်များ အစရှိသည့် နေရာတိုင်းတွင် ဤအကြောင်းကိုသာ ဆွေးနွေးနေကြလေတော့သည်။
"ပါရမီရှင်စာရင်း ဆိုတာ ဘာလဲဗျ"
"အဲဒါက နန်းမြို့တော်၊ တောင်ပိုင်းမြစ်ဝှမ်း၊ မြောက်ဘက်နယ်စပ်၊ အရှေ့တောင်တန်း၊ အနောက်လွင်ပြင်... အစရှိတဲ့ နိုင်ငံတော် အတွင်းက နေရာဒေသ အသီးသီးမှာ ရှိတဲ့ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ကျင့်ကြံသူတွေကို အဆင့် သတ်မှတ်ပေးထားတဲ့ စာရင်းလေ... တကယ့် ပါရမီရှင် အစစ်အမှန်တွေပဲ အဲဒီစာရင်းထဲမှာ ပါခွင့်ရှိတာ"
"ဟိုမှာကြည့်... စာရင်းကို ကပ်ထားလိုက်ပြီဟေ့"
"ပထမနေရာမှာတော့ နန်းမြို့တော်က ကောင်းကင်ဓားဘုရင် ရီကျွမ်း ပဲ"
"ဒုတိယနေရာမှာက တောင်ပိုင်းမြစ်ဝှမ်းက ဓားဘုရင်ဂိုဏ်း ရဲ့ ကျန်းပိုင်ကော တဲ့"
"တတိယနေရာမှာ..."
လူအုပ်ကြီးသည် အထက်မှ အောက်သို့ စာရင်းကို အလျင်အမြန် ဖတ်ရှုနေကြပြီး ရင်းနှီးသော နာမည်များကို တွေ့လိုက်ရတိုင်း ဝေဖန် မှတ်ချက်ပေးနေကြ၏။
"ဟင်... အဆင့် (၁၈) က ဖန်ယဲ့လင် နဲ့ အဆင့် (၁၉) က လျန်ကျိုးဝူ တို့ နှစ်ယောက်စလုံးက ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ပဉ္စမအလွှာ တွေချည်းပဲကို... ဘာလို့ ဖန်ယဲ့လင် က အဆင့်ပိုမြင့်နေရတာလဲဗျ"
"ဟုတ်ပါရဲ့... သခင်လေးလီ ကကော ဘာလို့ အဆင့် (၆၅) မှာပဲ ရှိနေရတာလဲ... ကျုပ်အထင်တော့ သူက ထိပ်တန်း အဆင့် (၅၀) အတွင်း ဝင်နိုင်စွမ်း ရှိတယ်လို့ ထင်တာပဲ"
"ဒီစာရင်းက တစ်ခုခုတော့ မှားနေပြီဗျ"
"ကျုပ်လည်း အဲဒီလိုပဲ ထင်တယ်"
သို့သော် မကြာမီမှာပင် ငြင်းခုံသံများ ထွက်ပေါ်လာခဲ့ တော့၏။
ကြည့်ရှုနေသူ အများအပြားမှာ ပါရမီရှင်စာရင်း ရှိ အဆင့်သတ်မှတ်ချက် အချို့ကို သဘောမတူနိုင်ကြဘဲ... မိမိတို့၏ အမြင်နှင့် ကွဲလွဲနေသည်ဟု ခံစားရသဖြင့် မကျေမနပ် ဖြစ်ကာ စာရင်းကပ်ထားသော နေရာရှေ့တွင်ပင် အပြင်းအထန် ငြင်းခုံလာကြလေတော့သည်။
အချို့မှာ ထိုနေရာတွင်ပင် တစ်ဦးနှင့်တစ်ဦး စိန်ခေါ် တိုက်ခိုက်သည်အထိ ဖြစ်လာခဲ့ကြ၏။
ဤကဲ့သို့သော ဖြစ်ရပ်များမှာ နေရာအနှံ့အပြားတွင် ဖြစ်ပွားနေခဲ့ပြီး စာရင်းထဲတွင် ပါဝင်နေသူများ ကိုယ်တိုင်ပင်လျှင် မိမိတို့ အဘယ်ကြောင့် ဤစာရင်းထဲ ရောက်နေသနည်းဟု နားမလည်နိုင်အောင် ဖြစ်နေကြရရှာသည်။
အချို့သော ပါရမီရှင်များမှာ အံ့သြနေကြ၏။
အချို့ကမူ ဇဝေဇဝါ ဖြစ်နေကြ၏။
အချို့မှာတော့ မျက်မှောင်ကြုတ်လျက် မိမိတို့၏ အဆင့်သတ်မှတ်ချက်ကို မကျေမနပ် ဖြစ်နေကြောင်း ပြသနေကြ၏။
လျူယွင်ဂိုဏ်း။
တုန်းချန်သည် ခြံဝင်းအတွင်း လူးလာခေါက်တုံ့ လျှောက်လှမ်းနေရင်း တတွတ်တွတ် ကျိန်ဆဲနေမိ၏။
"ထူးဆန်းလိုက်တာ... ငါက အမြဲတမ်း သိုသိုသိပ်သိပ် နေလာခဲ့တာကို... ဘယ်ကောင်က ငါ့ကို ပါရမီရှင်စာရင်း ထဲ ထည့်လိုက်တာလဲ။ ပြီးတော့... ငါက ဘယ်လိုလုပ် အဆင့် (၉၁) ကို ရောက်သွားရတာလဲကွ"
တုန်းချန်သည် မျက်နှာကို လက်ဖြင့် အုပ်ထားရင်း လုံးဝ စိတ်ပျက်လက်ပျက် ဖြစ်နေရရှာသည်။
တုန်းတုန်းချန် : "ဖြစ်နိုင်တာက... မင်းရဲ့ ရုပ်ခန္ဓာနဲ့ ကျင့်ကြံခြင်းအဆင့်က သာမန်မဟုတ်ဘူး ဆိုတာကို မဟာတန်ခိုးရှင် တစ်ယောက်ယောက်က ရိပ်မိသွားပြီးတော့ မင်းကို စာရင်းထဲ ထည့်ပေးလိုက်တာ နေမှာပေါ့"
နတ်ဆိုးဘုရင် ဟူယွမ် : "ဒါမှမဟုတ်... လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် ရဲ့ တော်ဝင်မိသားစုမှာ... နိုင်ငံတွင်းက ကျင့်ကြံသူတွေရဲ့ ပါရမီတွေကို တွက်ချက်နိုင်စွမ်းရှိတဲ့ အစွမ်းထက် လျှို့ဝှက်နည်းစနစ် တစ်ခုခုများ ရှိနေလို့လား... အဲဒါကြောင့် အဆင့်တွေ သတ်မှတ်နိုင်တာများလား"
တုန်းတုန်းချန်: "ဘယ်လိုမှ မဖြစ်နိုင်ဘူး"
နတ်ဆိုးဘုရင် ဟူယွမ်: "ဘာလို့ မဖြစ်နိုင်ရမှာလဲ"
တုန်းတုန်းချန်: "ငါက မဖြစ်နိုင်ဘူးလို့ ပြောရင်... မဖြစ်နိုင်ဘူးပေါ့ကွ။ အရင်တုန်းက ငါလည်း မူလနတ်ဘုရားအဆင့် မှာ နာမည်ကြီးခဲ့တဲ့ မဟာတန်ခိုးရှင် တစ်ယောက်ပဲ။ ဘိုးဘေး လင်မြောင် ရဲ့ ဖခင်နဲ့တောင် ငါ တွေ့ဖူးသေးတယ်။ ဖီးနစ်သစ်ပင် အောက်မှာ ကျုပ်တို့ အကြာကြီး ဆွေးနွေးခဲ့ကြဖူးတယ်... အဲဒီလို လျှို့ဝှက်နည်းစနစ်မျိုး မရှိဘူးလို့ သူတို့ကိုယ်တိုင် ပြောခဲ့တာကွ"
နတ်ဆိုးဘုရင် ဟူယွမ်: "ဟမ့်"
တုန်းတုန်းချန်: "ဘာလဲကွ... ချချင်လို့လား"
နတ်ဆိုးဘုရင် ဟူယွမ်: "ကြောက်မယ် ထင်နေလား... အခြေအနေ မဟန်ရင် ငါတို့ သုံးယောက်လုံး အတူတူ သေလိုက်ကြရုံပဲ"
တုန်းချန်သည် သူ၏ အသိစိတ်ဝိညာဉ် အတွင်းရှိ သက်တမ်းရင့် စီနီယာကြီး နှစ်ဦး၏ ငြင်းခုံသံများကို နားထောင်ရင်း နှုတ်ခမ်းများ တွန့်သွားရကာ... သူ၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်း ထူးဆန်းလာခဲ့၏။
'ခင်ဗျားတို့ ငြင်းကြတိုင်း... ဘာလို့ ကျွန်တော့်ကိုပါ အတူတူ သေဖို့ အမြဲတမ်း ဆွဲထည့်နေကြတာလဲဗျာ'
'တကယ့်ကို အရှုံးကြီး ရှုံးတာပဲ'
တုန်းချန်မှာ အဆုံးအစမရှိသော စိတ်ပျက်အားငယ်မှုများကို ခံစားနေရလေတော့သည်။
"နန်းမြို့တော်ကနေ သတင်းသစ် ထပ်ထွက်လာပြန်ပြီဗျို့... ဒီ ပါရမီရှင်စာရင်း ကို မူလနတ်ဘုရားအဆင့် မဟာတန်ခိုးရှင် ဆယ်ယောက် က အကြိတ်အနယ် ဆွေးနွေးတိုင်ပင်ပြီးတော့မှ ထုတ်ပြန်ထားတာတဲ့... လုံးဝကို အတိအကျ ယုံကြည်ရတဲ့ စာရင်းကြီးပဲဗျ"
ထိုအခိုက်၊ လျူယွင်ဂိုဏ်း အတွင်း၌ တပည့်တစ်ဦး၏ စိတ်လှုပ်ရှားစွာ အော်ဟစ်သံ ထွက်ပေါ်လာခဲ့၏။
သူသည် ခရိုင်ဘုရင်မြို့တော် မှ နောက်ဆုံးရ သတင်းများနှင့်အတူ ခုလေးတင် ပြန်ရောက်လာခြင်း ဖြစ်သည်။
တုန်းချန်လည်း အလျင်အမြန်ပင် ထိုနေရာသို့ သွားရောက်ခဲ့၏။
လျူယွင်ဂိုဏ်း ၏ အဓိက လေ့ကျင့်ရေးကွင်းပြင် အတွင်း၌... အရောင်အသွေး စုံလင်လှသော ပန်းချီကားချပ် တစ်ခုကို ဖြန့်ချထားသည်ကို သူ တွေ့လိုက်ရ၏။
ထိုပန်းချီကားချပ်တွင် မျောင်ယင်း လက်ဖက်ရည်ဆောင် ၏ အပေါ်ဆုံးထပ်ရှိ မြင်ကွင်းကို သရုပ်ဖော်ထားငည်။
တတိယမင်းသား၊ မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအို၊ ယဲ့ဖုန်း၊ ရှုချန်ကျွင်း နှင့် အခြားသော မဟာတန်ခိုးရှင်များ အားလုံး စုံလင်စွာ ရှိနေကြပြီး... လက်ဖက်ရည်ခွက်များကို မြှောက်ကာ ပါးစပ်ဟလျက် အပြင်းအထန် ငြင်းခုံနေကြသည့်ဟန်ကို ရေးဆွဲထားခြင်းပင်။
ပန်းချီကားချပ်ပေါ်တွင်...
တိမ်တိုက်များ ဝဲပျံနေပြီး... အနုပညာရသမှာလည်း မြူခိုးများအလား နက်နဲသိမ်မွေ့လှသည်။
တစ်ချက် ကြည့်လိုက်ရုံဖြင့်... တာအို ဆွေးနွေးနေကြသော နတ်ဘုရားများ စုဝေးနေသည့်အလား ထင်မှတ်ရပြီး လျူယွင်ဂိုဏ်း မှ တပည့်များစွာကို အလွန်ပင် အားကျသွားစေခဲ့၏။
"သြော်... ဒီ ပါရမီရှင်စာရင်း က ဂိုဏ်းချုပ်ယဲ့၊ ခရိုင်ဘုရင် နဲ့ တတိယမင်းသား တို့လို အလွန် အစွမ်းထက်ပြီး လေးစားခံရတဲ့ ပုဂ္ဂိုလ်ကြီးတွေ ကိုယ်တိုင် ဆွေးနွေးတိုင်ပင်ပြီး ထုတ်ပြန်ထားတာကိုး... ဒါဆိုရင်တော့ လုံးဝ ယုံကြည်ရမှာ အသေအချာပဲ"
"မှန်တာပေါ့ဗျာ"
လူအုပ်ကြီးမှာ ချက်ချင်းပင် ထောက်ခံလိုက်ကြပြီး သူတို့၏ အခွင့်အရေးသမား ဆန်သော သဘာဝကို ပြသလိုက်ကြ၏။
"သူတို့တွေပဲ"
တုန်းချန်၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားခဲ့ တော့သည်။
သူသည် ယဲ့ဖုန်းနှင့် တစ်ခါမက ဆုံတွေ့ဖူးသူ ဖြစ်ရာ ဤပန်းချီကားချပ်ကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက်... အဖြစ်မှန်ကို ချက်ချင်း သဘောပေါက်သွားခဲ့၏။
"ကျုပ်တို့ ဆုံခဲ့ကြတုန်းက... ငါ့ရဲ့ ကိုယ်ခန္ဓာနဲ့ ကျင့်ကြံခြင်းအဆင့်က ထူးခြားနေတာကို ယဲ့ဖုန်း သတိထားမိသွားလို့... ငါ့ကို ပါရမီရှင်စာရင်း ထဲ အမည်စာရင်း သွင်းလိုက်တာ ဖြစ်ရမယ်"
တုန်းချန်က မိမိကိုယ်မိမိ တီးတိုး ရေရွတ်လိုက်သည်။
နတ်ဆိုးဘုရင် ဟူယွမ်: "ငါတို့ ပုန်းနေတာကိုများ ရိပ်မိသွားတာလား မသိဘူးနော်..."
တုန်းတုန်းချန်: "အရူးကောင် ယဲ့ဖုန်း သာ ငါတို့ကို ရိပ်မိသွားရင်... ငါတို့ကို အရှင် ထားပါ့မလားကွ"
နတ်ဆိုးဘုရင် ဟူယွမ်: "မင်းပြောတာလည်း ယုတ္တိရှိသားပဲ"
တုန်းချန်: "စီနီယာကြီး နှစ်ယောက်က ကျွန်တော့်ရဲ့ အသိစိတ်ဝိညာဉ် ထဲမှာ သေသေချာချာ ပုန်းနေတာဆိုတော့... ဂိုဏ်းချုပ်ယဲ့ လည်း သိနိုင်မှာ မဟုတ်ပါဘူး။ သူက ကျွန်တော့်ကို အလားအလာရှိတဲ့ လူငယ်တစ်ယောက်လို့ပဲ ထင်သွားတာ ဖြစ်ရမယ်"
"အဲဒီလိုပဲ ဖြစ်ရမယ်"
တုန်းတုန်းချန် နှင့် နတ်ဆိုးဘုရင် ဟူယွမ် တို့ကလည်း သဘောတူလိုက်ကြ၏။
ဤပန်းချီကားချပ် ထွက်ပေါ်လာခြင်းနှင့်အတူ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် တစ်ခုလုံးမှာ နောက်တစ်ကြိမ် လှုပ်လှုပ်ရွရွ ဖြစ်သွားခဲ့ရပြန်သည်။
တတိယမင်းသား၏ နာမည်မှာ နိုင်ငံတော် တစ်ခုလုံးတွင် အလွန်ပင် ကျော်ကြားနေခဲ့ပြီး ဖြစ်၏။
ပါရမီရှင် အများစုကလည်း သူ ထုတ်ပြန်သော ပါရမီရှင်စာရင်း ကို အလွန်ပင် ယုံကြည်လက်ခံကြသည်။
ထို့အပြင် ယဲ့ဖုန်း၊ ခရိုင်ဘုရင် ရှုချန်ကျွင်း နှင့် အခြားသော မူလနတ်ဘုရားအဆင့် မဟာတန်ခိုးရှင် ဆယ်ဦး တို့၏ ထောက်ခံမှုပါ ပါဝင်နေသဖြင့် ဤစာရင်း၏ ယုံကြည်ရမှုမှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့ တော့၏။
"မဟာတန်ခိုးရှင် ဆယ်ယောက် နဲ့ တတိယမင်းသား တို့ ပူးပေါင်းပြီး ထုတ်ပြန်ထားတဲ့ စာရင်းဆိုမှတော့... သေချာပေါက် ယုံကြည်ရမှာပေါ့ဗျာ"
ပြည်သူလူထု၏ အမြင်မှာ လျင်မြန်စွာပင် ပြောင်းလဲသွားခဲ့သည်။
သို့သော် မကြာမီမှာပင် နောက်ထပ် ပေါက်ကွဲစေမည့် သတင်းတစ်ခု ထွက်ပေါ်လာခဲ့ပြန်၏။
ဤစာရင်းရှိ အဆင့်သတ်မှတ်ချက်များမှာ ကျင့်ကြံခြင်းအဆင့်၊ ပါရမီ၊ အသက်အရွယ် နှင့် အခြားသော အချက်အလက်များကို ပေါင်းစပ်၍ တွက်ချက်ထားခြင်း ဖြစ်ကြောင်း သိရှိလာကြသည်။
အထူးသဖြင့် စာရင်း၏ အောက်ခြေတွင် စာလုံးကြီး လေးလုံးဖြင့် မှတ်ချက်ရေးထားသည်ကို တွေ့လိုက်ရသောကြောင့်ပင်။
ရည်ညွှန်းရန် သက်သက်သာ။
"အာ... 'ရည်ညွှန်းရန် သက်သက်သာ' တဲ့လား"
"မြူခိုးဂိုဏ်း က တပည့်တွေ ပြောတာ ကြားရသလောက်တော့... ဒီစာရင်းက အကြမ်းဖျင်း သတ်မှတ်ထားတာတဲ့ဗျ။ အကယ်၍ ပါရမီရှင် တစ်ယောက်က ကိုယ့်ရဲ့ အဆင့်ကို မကျေနပ်ဘူးဆိုရင်... စာရင်းထဲက တခြား ပါရမီရှင်ကို စိန်ခေါ်လို့ ရတယ်။ နိုင်သွားရင် အဲဒီနေရာကို လုယူခွင့် ရှိတယ်တဲ့"
"တကယ်ကြီးလားဗျ"
"ဒါပေါ့... မြူခိုးဂိုဏ်း က တပည့်ကိုယ်တိုင် ပြောတာပဲ"
"ကျုပ် ကြားတာကတော့... ပါရမီရှင်စာရင်း ကို တစ်နှစ်တစ်ခါ အပြီးသတ် အဆင့် သတ်မှတ်ပေးမှာတဲ့... အဲဒီနှစ်ကုန် အဆင့်သတ်မှတ်ချက်မှာ ထိပ်တန်း အယောက် တစ်ရာ အဝင်ခံရတဲ့ ကျင့်ကြံသူတိုင်း ဆုလာဘ်တွေ ရမယ်လို့ ပြောကြတယ်"
"အဆင့်မြင့်လေ... ဆုလာဘ်က ပိုများလေပဲတဲ့"
"တကယ် ပြောနေတာလားဗျ"
"တကယ်ပေါ့ဗျာ။ အဲဒီ ဆုလာဘ်တွေကို တတိယမင်းသား ကိုယ်တိုင် တော်ဝင်ဘဏ္ဍာတိုက် ထဲကနေ ထုတ်ပေးမှာတဲ့။ ဝိညာဉ်လက်နက်တွေ၊ မန္တန်တွေ၊ အထောက်အကူပြု ကျင့်စဉ်တွေ ဒါမှမဟုတ် တခြား ရတနာတွေကို ရွေးချယ်လို့ ရတယ်လို့ ကြားတာပဲ"
"အရမ်း မိုက်တာပဲဗျာ"
"ပြီးတော့ ကြားသေးတယ်... နှစ်ကုန် အဆင့်သတ်မှတ်ချက်မှာ ထိပ်တန်း အယောက် တစ်ရာ ဝင်တဲ့ သူတွေရဲ့ နာမည်တွေကို အမြဲတမ်း မှတ်တမ်းတင်ထားမှာတဲ့... နောင်လာမယ့် ပါရမီရှင်တွေ လေ့လာ အတုယူနိုင်အောင်လို့တဲ့လေ"
"တောက်... ငါလည်း ထိပ်တန်း အယောက် တစ်ရာ ထဲ ဝင်အောင် ကြိုးစားရမယ်"
"အမလေး... လက်လျှော့လိုက်စမ်းပါကွာ။ မင်းရဲ့ စွမ်းရည်နဲ့ဆို... စာရင်းမှာ အဆင့် တစ်သောင်း အထိ ရှိရင်တောင်... မင်းက တစ်သောင်း အဝင်ခံရမှာ မဟုတ်ဘူး"
"ခွေးကောင်... မင်းကများ ငါ့ကို အထင်သေးရဲတယ်ပေါ့လေ"
သတင်းသစ်များ ပျံ့နှံ့လာသည်နှင့်အမျှ... လူအများမှာ ပါရမီရှင်စာရင်း ၏ ရည်ရွယ်ချက်ကို ကောင်းစွာ သဘောပေါက်လာကြ တော့၏။
အချို့သော ကျင့်ကြံသူများမှာ အလွန်ပင် စိတ်အားထက်သန်လာကြပြီး စာရင်းထဲရှိ ပါရမီရှင်များကို စိန်ခေါ်ကာ သူတို့၏ အဆင့်များကို လုယူရန် ပြင်ဆင်နေကြလေတော့သည်။
မြူခိုးဂိုဏ်း အတွင်း၌။
ယဲ့ဖုန်းသည် ပြင်ပမှ သတင်းများကို ကျီဇီလင်း ၏ တင်ပြချက်မှတစ်ဆင့် နားထောင်ပြီးနောက် ရယ်လျက် ပြောလိုက်၏။
"အရမ်း ကောင်းတယ်... ငါ ဖြန့်ခိုင်းလိုက်တဲ့ သတင်းတွေ အကုန်လုံးနီးပါး ထွက်သွားပြီပဲ။ အခုဆိုရင် တောင်ပိုင်းမြစ်ဝှမ်း တစ်ခုလုံးက လူတွေ ပါရမီရှင်စာရင်း အကြောင်းကို သိသွားကြလောက်ပြီ"
"ဒါက တပည့်တစ်ယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်တာပါ ဂိုဏ်းချုပ်" ဟု ကျီဇီလင်း က ရိုသေစွာ ဆိုလိုက်၏။
"ကောင်းပြီ... အခုတော့ သွားပြီး ကျင့်ကြံတော့။ မင်းလည်း ကြိုးကြိုးစားစား ကျင့်ကြံပြီးတော့ ပါရမီရှင်စာရင်း မှာ အဆင့်မြင့်မြင့် ရအောင် လုပ်ရမယ်နော်"
"ဟုတ်ကဲ့ပါရှင်... ကျွန်မ သေချာပေါက် ကြိုးစားပါ့မယ်"
ကျီဇီလင်း သည် အလျင်အမြန်ပင် ထွက်ခွာသွားသည်။
သူမသည် ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် သို့ တက်လှမ်းထားပြီး တော်တော်လေး အစွမ်းထက်လာပြီ ဖြစ်သဖြင့် ယဲ့ဖုန်းက သူမကို ပါရမီရှင်စာရင်း ၏ အဆင့် (၁၀၀) နေရာတွင် အမည်စာရင်း သွင်းပေးခဲ့ခြင်း ဖြစ်သည်။ အဆင့်မီရုံလေးသာ ဖြစ်၏။
ရလဒ်အနေဖြင့် ကျင့်ကြံသူ အများအပြားမှာ သူမကို စိန်ခေါ်ရန် ကြိုးစားလာကြမည်မှာ အသေအချာပင်။
သူမ၏ နေရာကို ထိန်းသိမ်းထားရန်နှင့် အဆင့်များ ဆက်လက် တက်လှမ်းနိုင်ရန်အတွက် ကျီဇီလင်း အနေဖြင့် အသည်းအသန် ကျင့်ကြံအားထုတ်ပြီး သူမ၏ ကျင့်ကြံခြင်းအဆင့်ကို အမြန်ဆုံး မြှင့်တင်ရပေလိမ့်မည်။
...
ချင်းယွင်ဂိုဏ်း။
ရှောင်ဖန်ကူသည် ကျောက်စားပွဲ တစ်လုံးကို လက်ဝါးဖြင့် ရိုက်ခွဲလိုက်၏။
"ဘာလို့များ... ငါ ရှောင်ဖန်ကူ ကို အထင်သေးရတာလဲ။ ကျီဇီလင်း တောင် အဆင့် (၁၀၀) ရသေးတာပဲ... ဘာလို့ ငါက စာရင်းထဲ မပါရတာလဲ။ ပြီးတော့ ဟို လျူယွင်ဂိုဏ်း က တုန်းချန်... သူ့ကို ငါ မြင်ဖူးပါတယ်... မျက်လုံးသေးသေးနဲ့ ရုပ်ကလည်း မချောသလို၊ စွမ်းအားကလည်း သာမန်ပဲလေ... သူက ဘယ်လိုလုပ်ပြီး အဆင့် (၉၁) ကို ရောက်သွားရတာလဲကွ"
ရှောင်ဖန်ကူမှာ အလွန်အမင်း ဒေါသထွက်နေ၏။
သူသည် တုန်းချန်ကို စိန်ခေါ်ပြီး စာရင်းထဲရှိ နေရာကို ဇွတ်တရွတ် လုယူရန် ပြတ်သားစွာ ဆုံးဖြတ်လိုက်လေသည်။