← Chapters

အခန်း (၁၆၃၉-၁၆၄၀)

Vol. 164 Ch. 1639-1640

အခန်း (၁၆၃၉-၁၆၄၀)

Vol. 164 Ch. 1639-1640

အခန်း (၁၆၃၉) - မြွေလန့်အောင် ခြုံခေါက်ခြင်း

ဆဌမမြောက် ကြယ်တာရာမသေမျိုးသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် အခြေခံတည်ဆောက်မှုအဆင့် နောက်လိုက်တစ်စု၏ ရှေ့တွင် ခန့်ညားထည်ဝါစွာ ရပ်နေသည်။

ထိုအခြေခံအဆင့် ကျင့်ကြံသူများသည် သူ့ကို အလွန်အမင်း ကြည်ညိုလေးစားခြင်း၊ ကြောက်ရွံ့ခြင်းတို့ဖြင့် ငေးကြည့်နေကြ၏။

"အဟမ်း... အဟမ်း"

ဆဌမမြောက် ကြယ်တာရာက ချောင်းတစ်ချက်ဟန့်လိုက်ပြီး တည်ငြိမ်အေးဆေးစွာ မေးလိုက်သည်။

"မကြာသေးခင်က ငါတို့ ကောင်းကင်မသေမျိုး အနိုင်မရှိဂိုဏ်း ကို လာနှောင့်ယှက်တဲ့သူတွေ မရှိဘူးမလား"

"ဘိုးဘေးကြီးကို တင်ပြပါရစေ... လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ အနီးအနားက ဂိုဏ်းတွေအားလုံးဟာ ဘိုးဘေးကြီးရဲ့ ဘုန်းတန်ခိုးကို ကြောက်ရွံ့နေကြတာမို့ တစ်စိုးတစ်စိမျှတောင် ကျူးကျော်ခြင်း မပြုရဲကြပါဘူး "

ရုပ်ရည် အတန်ငယ်ရှိသေးသော အခြေခံအဆင့် အမျိုးသမီးကျင့်ကြံသူတစ်ဦးက ရိုသေကိုင်းရှိုင်းစွာ ပြန်လည်ဖြေကြားသည်။

သူမသည် မျက်လုံးထောင့်ကနေ ဆဌမမြောက် ကြယ်တာရာကို ခိုးကြည့်လိုက်ရာ ပါးပြင်ပေါ်တွင် ရှက်သွေးဖြာကာ နီမြန်းသွား၏။

"ကြည့်ရတာ ပြီးခဲ့တဲ့အကြိမ်က သူတို့ကို ငါ အတော်လေး ပညာပေးလိုက်ပုံရတယ်၊ ဒါက အရမ်းကောင်းတယ်။ ဘိုးဘေးကြီးက မကြာခဏဆိုသလို နှစ်အတော်ကြာ တံခါးပိတ်ကျင့်ကြံနေတတ်တာမို့ သာမန်အချိန်တွေမှာ ဂိုဏ်းရဲ့ စည်းကမ်းတွေကို ထိန်းသိမ်းဖို့ မင်းတို့ကိုပဲ အားကိုးရမှာပဲ"

ဆဌမမြောက် ကြယ်တာရာက ခေါင်းကို ခပ်ဖွဖွ ငြိမ့်ပြလိုက်ပြီးနောက် ထိုနေရာမှ ဖြည်းညှင်းစွာ ထွက်ခွာလာခဲ့သည်။

အင်း

သူသည် ရုတ်တရက် အဝေးသို့ လှမ်းကြည့်လိုက်ရာ၊ ပုံရိပ်တစ်ခုသည် ကောင်းကင်မသေမျိုး အနိုင်မရှိဂိုဏ်း မှ ကွက်တိ ထွက်ခွာသွားသည်ကို တွေ့လိုက်ရသည်။

"လူသားအစစ် တစ်ယောက်လား"

ဆဌမမြောက် ကြယ်တာရာ၏ မျက်နှာပေးမှာ အနည်းငယ် ထူးဆန်းသွားသော်လည်း၊ မိမိ၏ ဂိုဏ်းအတွင်း၌ သာမန်လူသားများစွာ ရှိနေသည်ကို သတိရသွားသဖြင့် အလေးအနက် မထားတော့ချေ။

ဖန့်ချန်၏ စိတ်ဝိညာဉ်သည် ဖန့်လူသား ၏ ခန္ဓာကိုယ်ထဲတွင် ပူးကပ်လျက် ရှိနေပြီး၊ အလွန်မြန်သော အရှိန်ဖြင့် ရှန်းယွမ်ဈေး ဆီသို့ ဦးတည်သွားနေသည်။

သူသည် ဝေဟင်တွင် ပျံသန်းခြင်းမပြုဘဲ မြေပြင်ပေါ်၌သာ လျှောက်လှမ်းနေခြင်း ဖြစ်သည်။ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း သူ၏ ပုံရိပ်မှာ အလွန်ဝေးကွာသော နေရာသို့ ဝေ့ဝဲရောက်ရှိသွားသည်။

ထိုသို့ဖြစ်လင့်ကစား အစွမ်းထက်သော မသေမျိုးတစ်ဦး ဖြတ်သန်းသွားမည်ဆိုလျှင်ပင် သူ၏ ကိုယ်ပေါ်မှ ကျင့်ကြံခြင်း အငွေ့အသက်ကို ခံစားမိရန် ခဲယဉ်းပေလိမ့်မည်။ အစအဆုံးတွင် ဖန့်လူသား သည် မည်သူ့ကိုမျှ အန္တရာယ်မပေးနိုင်သော သာမန်လူသားတစ်ဦးကဲ့သို့သာ မြင်တွေ့နေရသည်။

ရှန်းယွမ်ဈေး

ဖန့်ချန် ထိုနေရာသို့ တစ်ဖန် ပြန်လည်ခြေချလိုက်သောအခါ တာ့ပေ့တပ်မတော် ၏ အရိပ်အယောင်များ မရှိတော့သည်ကို တွေ့ရသည်။

သူသည် နတ်ဘုရားရင်းမြစ်ကျောက်တုံး အချို့ကို အမှတ်မထင် ဝယ်ယူရင်း ဆိုင်ရှင်ကို အမှတ်တမဲ့ မေးလိုက်သည်။

"ဆိုင်ရှင်... ပြီးခဲ့တဲ့ အတောအတွင်းမှာ တာ့ပေ့တပ်မတော်က ဒီနေရာကို မသေမျိုးဆိုး တွေကို လိုက်ဖမ်းဖို့ လာစစ်ဆေးသေးတယ်လို့ ကြားမိတယ်"

ဆိုင်ရှင်က ထိုစကားကို ကြားသောအခါ ရယ်မောလိုက်ပြီး

"မိတ်ဆွေလည်း ကြားထားတာပဲလား ဒီသတင်းက ဟန်ရှန်းဘုရားကျောင်း နယ်မြေတစ်ခုလုံးမှာ ပျံ့နေပြီထင်တယ်"

သူက ခေတ္တရပ်ပြီးမှ

"မကြာခင်တုန်းက တာ့ပေ့တပ်မတော်က ရှန်းယွမ်ဈေးကို တစ်ခေါက် ရောက်လာတာတော့ အမှန်ပဲ။ မသေမျိုးဆိုးတွေကို လိုက်ရှာနေတာလို့ သူတို့ တရားဝင် မပြောပေမဲ့ ငါတို့ကတော့ မသိဘဲ နေမလား"

"မသေမျိုးဆိုးတွေ ပေါ်လာမှသာ တာ့ပေ့တပ်မတော်က ဒီလောက်ထိ အရေးတယူ လုပ်တတ်တာကိုး။ ဒါပေမဲ့ သူတို့ တော်တော်ကြာအောင် စစ်ဆေးပြီးတာတောင် မသေမျိုးဆိုးရဲ့ ခြေရာကို ရှာမတွေ့ခဲ့ဘူး။ သတင်းက မှားနေတာဖြစ်ဖြစ်၊ ဒါမှမဟုတ် အဲဒီမသေမျိုးဆိုးက အရမ်းပါးနပ်လို့ ကြိုပြေးသွားတာဖြစ်ဖြစ် တစ်ခုခုပေါ့ "

ဆိုင်ရှင်က သက်ပြင်းချလျက်

"ဝရမ်းပြေးစာရင်းဝင်နေတဲ့ ဒီလို မသေမျိုးဆိုးတွေက ဘယ်သူကမှ အပျော့စားတွေ မဟုတ်ကြဘူးလေ။ ဥပမာပြောရရင် မကြာခင်တုန်းက ဟန်ရှန်းဘုရားကျောင်းရဲ့ ဂိုဏ်းချုပ်ကြီး ဆိုရင် ရှဲ့ဝူတီ ရဲ့ လက်ချက်နဲ့ ဒဏ်ရာအပြင်းအထန်ရပြီး ထွက်ပြေးသွားရတယ်လို့ ကြားတယ်"

"ရှဲ့ဝူတီ"

ဖန့်ချန်က အံ့သြဟန်ဆောင်လိုက်ပြီး

"ဒီလူက မသေမျိုးဆိုးစာရင်းမှာ ထိပ်ဆုံးကလူ မဟုတ်လား "

"ထိပ်ဆုံးတော့ မဟုတ်သေးပါဘူး၊ ဒါပေမဲ့ ရှေ့ဆုံး ၁၀ ယောက်စာရင်းထဲမှာတော့ အနားမှာ ရှိနေတာပဲ။ ဒီလို အစွမ်းထက်တဲ့ ပုဂ္ဂိုလ်မျိုးကို ငါတို့လိုလူတွေကတော့ မြင်ဖူးဖို့ ကံမပါလောက်ပါဘူးဗျာ"

ဆိုင်ရှင်က ပြုံးလျက် ခေါင်းခါပြသည်။

ဖန့်ချန် စိတ်ထဲတွင် ခိုးရယ်မိသည်။ စီနီယာအစ်မကြီးသည် ကျိရှန်းအင်ပါယာတွင် ထားခဲ့သော သူမ၏ နာမည်ဆိုးများကြောင့် သာမန်ကျင့်ကြံသူများပင် သူမအပေါ် အနည်းငယ် ကြည်ညိုလေးစားမှု ဖြစ်ပေါ်နေကြရသည်။

ဟန်ရှန်းဘုရားကျောင်း ဂိုဏ်းချုပ်ကြီးအပြင်၊ ယခင်ကလည်း အစွမ်းထက်သူများစွာ သူမ၏ လက်ချက်ဖြင့် အရိုက်ခံခဲ့ရဖူးပုံရပြီး ထိုမှတစ်ဆင့် ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော နာမည်ကျော်ကြားလာခြင်း ဖြစ်ပေလိမ့်မည်။

ထိုနေရာမှ ထွက်ခွာလာပြီးနောက်၊ ဖန့်ချန်သည် တစ်နေ့လျှင် မသေမျိုးကျောက်တုံး တစ်ထောင်နှုန်း ဝင်ငွေရရှိအောင် ဖန်တီးရင်း ရှန်းယွမ်ဈေးတွင် ဆက်လက်နေထိုင်ခဲ့သည်။

ယခင်က သူ မျက်စိကျထားသော နတ်ဘုရားရင်းမြစ်ကျောက်တုံးများထဲမှ အချို့မှာ ရှိနေသေးသော်လည်း၊ ကျန်အချို့မှာတော့ အခြားသူများ ဝယ်ယူသွားကြပြီ ဖြစ်သည်။

ထိုနေရာတွင် နေ့စဉ် ဝင်ထွက်သွားလာနေသူ အရေအတွက်မှာ အလွန်များပြားသလို၊ အရောင်းအဝယ်ဖြစ်နေသည့် ကျောက်တုံးများမှာလည်း ရေတွက်၍မရနိုင်အောင်ပင်။

ထို့ကြောင့် ညဘက်ရောက်တိုင်း ဖန့်ချန်သည် သူ၏ စိတ်ဝိညာဉ်ကို ခန္ဓာကိုယ်ထဲမှ ထုတ်ကာ ကုန်ပစ္စည်းများကို လိုက်လံစစ်ဆေးပြီး နောက်တစ်နေ့အတွက် ပစ်မှတ်များကို ဆုံးဖြတ်လေ့ရှိသည်။

သတ္တမမြောက် နယ်မြေ တွင် နတ်ဘုရားရင်းမြစ်ကျောက်တုံးဆိုင်ကြီး တစ်ဆိုင်ရှိသည်။ ထိုဆိုင်တွင် ရောင်းချသော ကျောက်တုံးအများစုမှာ ကျောက်တုံး ကျောက်ရိုင်း များဖြစ်သည်။

ဤကဲ့သို့သော ကျောက်တုံးမျိုးကို ဖန့်ချန်က ပိုနှစ်သက်သည်။ အဘယ်ကြောင့်ဆိုသော် ခွဲလိုက်ပြီးနောက် မိမိဘာသာ မသေမျိုးကျောက်တုံးအဖြစ် သွေးယူနိုင်သဖြင့် ရောင်းချသည့် အဆင့်ကို လျှော့ချနိုင်သောကြောင့် ဖြစ်သည်။

"ငါတို့ အရင်က လုပ်ခဲ့တဲ့ မြွေလန့်အောင် ခြုံခေါက်ခြင်း ဗျူဟာက အလုပ်ဖြစ်သွားပုံရတယ်"

ဆိုင်အတွင်း၌ မီးရောင်များ လင်းထိန်နေပြီး၊ အစိမ်းရောင် ဝတ်ရုံပွပွ ဝတ်ဆင်ထားသော သက်လတ်ပိုင်း ကျင့်ကြံသူတစ်ဦးသည် ထိုင်ခုံကြီးပေါ်တွင် ခန့်ငြားစွာ ထိုင်နေသည်။

သူ၏ ဝဲယာဘက်တွင်တော့ မျက်နှာပျက်နေသော ကျင့်ကြံသူ လေးဦးစီ ထိုင်နေကြသည်။

အစိမ်းရောင်ဝတ်ရုံနှင့်လူ၏ ကျင့်ကြံခြင်းအဆင့်မှာ မနိမ့်လှချေ။ ဖန့်ချန်၏ အာရုံခံစားမှုအရ သူသည် ရှေးဟောင်းမသေမျိုး အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

ကျန်လေးဦးမှာမူ အားလုံး အဆင့် ၆ မသေမျိုး များ ဖြစ်ကြသည်။

သူတို့အားလုံး၏ တူညီချက်တစ်ခုမှာ တစ်ကိုယ်လုံးမှ အလွန်အေးစက်သော အငွေ့အသက်များ ထွက်ပေါ်နေခြင်းဖြစ်ရာ၊ ကြည့်ရသည်မှာ အသက်ဝင်နေသော အလောင်းကောင် ငါးခုနှင့် တူနေသည်။

ကျဆုံးမသေမျိုးလား ဒါမှမဟုတ် တာ့ပေ့တပ်မတော်လား

မြွေလန့်အောင် ခြုံခေါက်တာ ဟုတ်လား

ဖန့်ချန်၏ စိတ်ထဲ လှုပ်ရှားသွားပြီး ထိုငါးဦး၏ အနားသို့ တိုးကပ်သွားသည်။

လေးဦးထဲမှ တစ်ယောက်က အစိမ်းရောင်ဝတ်ရုံနှင့်လူကို ကြည့်ကာ တည်ငြိမ်စွာ မေးလိုက်သည်။

"သခင်... ဒီလို မြွေလန့်အောင် ခြုံခေါက်လိုက်တာက တကယ့် မြွေကြီး ကို ဒီရှန်းယွမ်ဈေးမှာ အန္တရာယ်မရှိတော့ဘူးလို့ တကယ် ထင်သွားစေနိုင်မှာလား "

"ဘာလဲ မင်းက ငါ့ရဲ့ နည်းလမ်းတွေကို သံသယရှိနေတာလား "

အစိမ်းရောင်ဝတ်ရုံနှင့်လူက ထိုသူကို တစ်ချက်ကြည့်လိုက်ရာ၊ သူ၏ ကိုယ်ပေါ်မှ အငွေ့အသက်များ ရုတ်တရက် ပြင်းထန်စွာ လှိုင်းထလာပြီး အလွန်အေးစက်သော အငွေ့အသက်များ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည်။

ဖန့်ချန်သည် သူတို့၏ မသေမျိုးစွမ်းအင် မှာ သာမန်ထက် ပိုမို အေးစက်ပြီး စိမ့်ဝင်နေသည်ကို သတိထားမိလိုက်သည်။

"မဝံ့ရဲပါဘူး " ထိုကျင့်ကြံသူသည် ချက်ချင်းပင် အလျှော့ပေးလိုက်သည်။

အစိမ်းရောင်ဝတ်ရုံနှင့်လူသည် ထိုအခါမှ သူ၏ အငွေ့အသက်များကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

"မင်းက ငါ့ရဲ့ လက်အောက်ငယ်သား မဟုတ်ရင် ငါ မင်းကို စားပစ်လိုက်ပြီ။ ကံကောင်းလို့ပဲ... မကြာသေးခင်က ငါ အစာမစားရတာ ကြာပြီဖြစ်လို့ ဗိုက်အတော်လေး ဆာနေတာ"

"သခင်... အဲဒီ မြွေကြီးကိုသာ ဖမ်းမိရင် ကျွန်တော်တို့ အားလုံး ဝဝလင်လင် စားကြရမှာပါ"

အခြား ကျင့်ကြံသူတစ်ဦးက တိုးတိုးလေး ပြောလိုက်သည်။

"ဒါကို ငါကပဲ အသေအချာ ခွဲခြမ်းစိတ်ဖြာ ပြပါ့မယ်၊ မင်းတို့ ငါ့ကို အပိုတွေ လုပ်နေတယ်လို့ မထင်ရအောင်ပေါ့"

အစိမ်းရောင်ဝတ်ရုံနှင့်လူက အေးဆေးစွာ ဆိုသည်။

"ငါ သတင်းရထားတာက၊ မြွေကြီးတစ်ကောင်ဟာ မကြာခင်မှာ ရှန်းယွမ်ဈေးကို လာပြီး တစ်စုံတစ်ယောက်နဲ့ လောင်းကြေးထပ်ဖို့ ရှိနေတယ်။ ဒီသတင်းရပြီး မကြာခင်မှာပဲ ရှန်းယွမ်ဈေးထဲကို ပုန်ကန်သူ မသေမျိုး တွေ ဝင်လာပြီလို့ ငါ့ဆီ သတင်းပေးလာတဲ့သူ ရှိတယ်။ မင်းတို့ ထင်တာကတော့... အဲဒီ သတင်းပေးတဲ့လူက ဘယ်သူဖြစ်မလဲ "

လေးယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက်၊ တစ်ဦးက တွန့်ဆုတ်စွာဖြင့်

"အဲဒီ မြွေကြီးလား"

"မှန်တယ်"

အစိမ်းရောင်ဝတ်ရုံနှင့်လူက ပြုံးလျက် ခေါင်းညိမ့်ပြသည်။ သူ၏ မျက်နှာပေးမှာ အနည်းငယ် ပြေလျော့သွားပြီး မိမိ၏ လက်အောက်ငယ်သားတွင် ဤကဲ့သို့သော ဦးနှောက်ရှိသည်ကို ကျေနပ်ပုံရသည်။

"အဲဒီ မြွေကြီးပဲပေါ့... သူတို့က ငါတို့ တာ့ပေ့တပ်မတော်က လှုပ်ရှားမှု ရှိမရှိ၊ ဒီကိစ္စကို ဘယ်လောက်အထိ အလေးအနက် ထားမလဲဆိုတာကို အကဲစမ်းချင်နေကြတာ။

အခု လောလောဆယ် အပြင်လူတွေက ငါတို့က မသေမျိုးဆိုးတွေကို လိုက်ဖမ်းတယ်လို့ ထင်နေကြပေမဲ့၊ သူတို့ကတော့ ငါတို့က ပုန်ကန်သူ မသေမျိုးတွေကို လာဖမ်းတာလို့ သိနေကြတယ်"

"ဒါကြောင့် ငါက လက်အောက်က တာ့ပေ့တပ်မတော်သားတွေကို ဟန်ပြလုပ်ခိုင်းပြီး ခဏလောက် ရှာဖွေခိုင်းလိုက်တာ၊ ပြီးမှ သူတို့ကို ပြန်ရုပ်သိမ်းလိုက်တာပဲ"

"တကယ်လို့ ငါက လူတွေကို လွှတ်မစစ်ခိုင်းဘူးဆိုရင် ငါ့စိတ်ထဲမှာ တစ်ခုခုရှိနေတယ်လို့ သူတို့က သံသယဝင်ပြီး သတိထားမိသွားလိမ့်မယ်။"

"အခုလို လုပ်လိုက်တော့ ငါ ဘာမှ မသိဘူးလို့ သူတို့ မုချ ထင်သွားကြလိမ့်မယ်။ ဒီနေရာက ပြန်လည် တည်ငြိမ်သွားပြီဆိုတာနဲ့ သူတို့အတွက် အလုံခြုံဆုံးနေရာ ဖြစ်သွားလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီနေရာကို တာ့ပေ့တပ်မတော်က ရှာဖွေပြီးသွားပြီလို့ သူတို့ ထင်သွားကြလို့ပဲ"

အစိမ်းရောင်ဝတ်ရုံနှင့်လူက စကားအဆုံးတွင် လေးဦးကို ဝေ့ကြည့်လိုက်ရာ၊ တစ်စုံတစ်ခုကို စောင့်မျှော်နေပုံရသည်။ လေးဦးသားကလည်း ချက်ချင်းပင် မြှောက်ပင်လိုက်ကြသည်။

"သခင်က တကယ့်ကို အမြော်အမြင် ကြီးမားလှပါတယ်"

"အင်း..."

အစိမ်းရောင်ဝတ်ရုံနှင့်လူက ခေါင်းကို ခပ်ဖွဖွ ငြိမ့်ပြပြီး

"ငါ့ဆီက တိကျတဲ့ သတင်းအရဆိုရင်၊ နောက် ၇ ရက်ကြာရင် အဲဒီ မြွေကြီးက ဒီကို ရောက်လာလိမ့်မယ်။ အဲဒီအချိန်ကျရင် မင်းတို့ ငါနဲ့အတူ မြွေဖမ်းကြတာပေါ့။

အဲဒီ မြွေကြီးကိုသာ ဖမ်းမိရင် မင်းတို့ ငါတို့အားလုံးဟာ အောင်မြင်မှုကြီးတစ်ခု ရရှိမှာပဲ။ အထက်က သေချာပေါက် ဆုချလိမ့်မယ်၊ ငါကတော့ အဆင့် ၈ ဖြစ်ဖို့ မျှော်လင့်ချက်ရှိသလို၊ မင်းတို့လည်း အဆင့် ၇ ကို တက်လှမ်းနိုင်ဖို့ အခွင့်အရေး ရှိလာမှာပဲ"

လေးဦး၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုရိပ်များ ပေါ်လာသည်။

ဖန့်ချန်၏ မျက်နှာပေးမှာ အနည်းငယ် ထူးဆန်းသွားသည်။ အရင်က ရွှီခွန်းတို့ ပြောခဲ့သော စကားများမှာ အမှားမရှိနိုင်ပါ၊ အဘယ်ကြောင့်ဆိုသော် သူတို့သည် ယင်လောက၏ တရားဝင်နတ်ဘုရားအဖြစ် ဘွဲ့နှင်းအပ်နှံခံထားရသောကြောင့် ဖြစ်သည်။

ထိုနေရာတွင် ပုန်ကန်သူ မသေမျိုး ရှိသည်ဟု သတင်းပေးခဲ့သူမှာ ရွှီခွန်း ဖြစ်သည်မှာ သေချာသည်။

သို့သော် ယခု ကျဆုံးမသေမျိုးဟု သံသယရှိရသော တာ့ပေ့တပ်မတော်မှ ရှေးဟောင်းမသေမျိုးကတော့ ဤအချက်ကို အကဲစမ်းခြင်း ဟု ထင်မှတ်နေသည်လား။

သူပြောတဲ့ မြွေကြီးက စီနီယာအစ်မကြီးတို့များလား။

မဖြစ်နိုင်ပါဘူး၊ သူတို့သာဆိုရင် အဆင့် ၇ ရှေးဟောင်းမသေမျိုး တစ်ယောက်တည်းနဲ့ လာမှာမဟုတ်ဘူး။

ဘယ်လိုပဲဖြစ်ဖြစ်၊ အဲဒီအချိန်ကျမှပဲ စောင့်ကြည့်ရမှာပဲ။ သူတို့ရဲ့ ပစ်မှတ်က မိစ္ဆာမျိုးနွယ်တွေလည်း ဖြစ်နိုင်တာပဲ။

ထိုသို့ တွေးမိပြီးနောက် ဖန့်ချန် ထွက်ခွာရန် ပြင်လိုက်သော်လည်း၊ ကျောက်တုံးဆိုင်မှ ဆိုင်ရှင်သည် မျက်နှာချင်းဆိုင်မှ လျှောက်လာသည်ကို တွေ့လိုက်ရသည်။

ခုနက အငွေ့အသက်များ အလွန်အေးစက်နေသော ငါးဦးမှာ ချက်ချင်းပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး သာမန် မသေမျိုးများနှင့် ဘာမှမခြားတော့ချေ။

"သ... သခင် ငါးယောက်၊ ဆိုင်ရှင်က ကျွန်တော့်ကို လာမေးခိုင်းလိုက်လို့ပါ။ နောက်ပိုင်း လှုပ်ရှားမှုတွေက... ဒီဆိုင်ရဲ့ စီးပွားရေးကို မထိခိုက်နိုင်ဘူးမလား ဟင် "

ဆိုင်ရှင်က အလွန် စိုးရိမ်တကြီး မေးမြန်းလိုက်သည်။

အစိမ်းရောင်ဝတ်ရုံနှင့်လူက နွေးထွေးသော အပြုံးဖြင့်

"စိတ်ချပါ... ငါတို့ တာ့ပေ့တပ်မတော်က အလုပ်လုပ်ရင် အပြစ်မရှိတဲ့လူတွေကို မထိခိုက်စေပါဘူး။ မင်းတို့ဆိုင်ရှင်ကို အများကြီး မတွေးခိုင်းနဲ့။ ငါတို့ရဲ့ တာဝန်ကို အောင်မြင်အောင် ကူညီပေးတာဟာ မင်းတို့အတွက်လည်း ကုသိုလ်ထူး ရတာပါပဲ"

"ကောင်းပါပြီ၊ ကောင်းပါပြီ၊ ကျွန်တော်တို့ သေချာပေါက် ပူးပေါင်းပါ့မယ် "

ဆိုင်ရှင်က သက်ပြင်းချလျက် ခေါင်းကို တရစပ် ငြိမ့်ပြလိုက်သည်။

နှစ်ဦးသား ခဏမျှ စကားပြောပြီးနောက် အသီးသီး ထွက်ခွာသွားကြရာ၊ ဖန့်ချန်လည်း ဆက်လက်၍ ကုန်ပစ္စည်းများကို ကြည့်ရှုနေလိုက်သည်။

၇ ရက်အကြာတွင် ရှန်းယွမ်ဈေး၌ ပြဿနာများ ပေါ်လာနိုင်သဖြင့်၊ သူသည် အရှိန်မြှင့်ကာ အမြတ်များများ ရယူနိုင်ရန် ဆုံးဖြတ်လိုက်တော့သည်။

အခန်း (၁၆၄၀) - ယွမ်သခင်လေး

သတိမထားမိလိုက်ဘဲ ဖန့်ချန်၏လက်ဝယ်ရှိ မသေမျိုးကျောက်တုံးများမှာ တဖြည်းဖြည်းနှင့် အရေအတွက် နှစ်သောင်းအထိ ရှိလာခဲ့ပြီဖြစ်သည်။

ဤရက်ပိုင်းအတွင်း သူသည် အရှိန်မြှင့်လိုက်သဖြင့် တစ်နေ့တာ မသေမျိုးကျောက်တုံး တိုးပွားနှုန်းမှာ အနည်းဆုံး သုံးထောင်ခန့် ရှိနေ၏။

ဤမျှလောက်သော မသေမျိုးကျောက်တုံး ပမာဏမှာ မည်သူ့မျက်လုံးထဲတွင်မဆို ငွေအနည်းငယ် မဟုတ်သည်မှာ သေချာသည်။ အနည်းဆုံးတော့ အဆင့် ၇ ရှေးဟောင်းမသေမျိုးများ သို့မဟုတ် အဆင့် ၈ ရှေးဟောင်းမသေမျိုးများပင်လျှင် စိတ်လှုပ်ရှားသွားနိုင်သည့် ပမာဏမျိုး ဖြစ်သည်။

"နောက်ထပ် ငါးရက်ပဲ... ငါးရက်အကြာမှာ မသေမျိုးကျောက်တုံး လေးသောင်းအထိ ရအောင်လုပ်ရမယ် "

နတ်ဘုရားရင်းမြစ်ကျောက်တုံးဆိုင် တစ်ဆိုင်မှ ထွက်လာရင်း ဖန့်ချန်က စိတ်ထဲတွင် တိတ်တဆိတ် တွက်ချက်နေမိသည်။

မသေမျိုးကျောက်တုံး လေးသောင်းသာရှိလျှင် ယခင်က အကြွေးဟောင်းများကို ဆပ်နိုင်မည်ဖြစ်ပြီး၊ ကျန်ရှိသော ပမာဏမှာ နယ်မြေရှာဖွေရေးတပ်ဖွဲ့ ၏ အသုံးစရိတ်နှင့် ခန္ဓာကိုယ်ပွား၏ ကျင့်ကြံခြင်းအတွက်သာမက မှန်လေး ကိုပါ ဝဝလင်လင် ကျွေးမွေးရန် လုံလောက်ပေလိမ့်မည်။

ဖန့်ချန်သည် ယနေ့အတွက် သူ၏ သိုးမွှေးနုတ်ခြင်း ( အမြတ်ထုတ်ခြင်း) လှုပ်ရှားမှုကို ဆက်လက်လုပ်ဆောင်နေသည်။

တစ်ချိန်တည်းမှာပင်... အလွန်ခမ်းနားထည်ဝါသော ခန်းမကြီးတစ်ခုအတွင်း၌။

ရုပ်ရည်ချောမောသော လူငယ်တစ်ဦးသည် မျက်လုံးများကို မှိတ်ထားလျက် ဘေးနားရှိ လက်အောက်ငယ်သားတစ်ဦး၏ တိုးတိုးလေး တင်ပြနေသော သတင်းများကို နားထောင်နေသည်။

"သခင်လေး... စုံစမ်းပြီးပါပြီ။ ဒီအတောအတွင်းမှာ အဲဒီလူက မသေမျိုးကျောက်တုံး အတော်များများကို တကယ်ပဲ ပုံမှန်ဝယ်ယူနေခဲ့တာပါ။ ဒါပေမဲ့ ဝယ်ပြီးရင် ဆိုင်မှာတင် ချက်ချင်းခွဲတာမျိုး တစ်ခါမှ မလုပ်ခဲ့ပါဘူး "

"ဆိုင်မှာတင် မခွဲဘူးဆိုတာက သူတစ်ပါး အမြင်မခံချင်လို့ပဲ "

ထိုလူငယ်သည် မျက်လုံးကို မှိတ်ထားဆဲဖြစ်သော်လည်း ခေါင်းကို ခပ်ဖွဖွ ငြိမ့်ပြကာ

"ဒီလိုလူမျိုးတွေက များသောအားဖြင့် ဒီပညာရပ်မှာ အလွန်ကျွမ်းကျင်တဲ့ နတ်ဘုရားရင်းမြစ်ဆရာ တွေပဲ။ တကယ်လို့ ဒီရက်ပိုင်းမှာ သူ လှုပ်ရှားတာ နည်းနည်း မသိသာခဲ့ရင် ငါတို့လူတွေလည်း သတိထားမိမှာ မဟုတ်ဘူး "

လက်အောက်ငယ်သားဖြစ်သူက ခဏမျှ တွန့်ဆုတ်သွားပြီး တိုးတိုးလေး မေးလိုက်သည်။

"သခင်လေး... ဒါက တိုက်ဆိုင်မှုတစ်ခုပဲ ဖြစ်နေမလား အချို့လူတွေကလည်း နတ်ဘုရားရင်းမြစ်ကျောက်တုံးတွေကို ချက်ချင်းမခွဲဘဲ စုထားပြီးမှ တစ်ခါတည်းခွဲတာမျိုးက ပိုပြီး စိတ်ချမ်းသာဖို့ကောင်းတယ်လို့ ယူဆကြတာမျိုး ရှိတတ်တယ်လေ"

"ငါ မင်းတို့ကို အရင်နေ့ရက်တွေကနေ ပြန်တွက်ခိုင်းထားတာ ဘာအဖြေထွက်လာလဲ "

လူငယ်က ပြုံးလျက် မေးလိုက်သော်လည်း မျက်လုံးကိုတော့ ဖွင့်မလာသေးချေ။

လက်အောက်ငယ်သားက အသံကိုနှိမ့်ကာ

"ကျွန်တော်တို့ အရင်နေ့တွေကနေ ပြန်တွက်ချက်ကြည့်တာကတော့... အဲဒီလူ သုံးစွဲသွားတဲ့ မသေမျိုးကျောက်တုံး စုစုပေါင်း ပမာဏဟာ နှစ်သောင်းအထိ ရှိနေပါပြီ။"

"ဒါဆို မင်းပြောကြည့်... ဒါက တိုက်ဆိုင်မှုလား ဘယ်သူက မသေမျိုးကျောက်တုံး နှစ်သောင်းအထိ အကုန်အကျခံပြီး နတ်ဘုရားရင်းမြစ်ကျောက်တုံးတွေကို ဝယ်ယူပြီးတော့မှ မခွဲဘဲ နေပါ့မလဲ "

လူငယ်က ရယ်မောလိုက်သည်။

လက်အောက်ငယ်သားက အသေအချာ ပြန်စဉ်းစားကြည့်ရာ မျက်နှာတွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာပြီး

"သခင်လေး ဆုံးမတာ မှန်ပါတယ်"

"သူက နတ်ဘုရားရင်းမြစ်ကျောက်တုံးတွေကို ခွဲပြီး မသေမျိုးကျောက်တုံးတွေအဖြစ် ပြန်ရောင်းတယ်၊ ပြီးမှ အဲဒီကျောက်တုံးတွေနဲ့ပဲ နောက်ထပ် နတ်ဘုရားရင်းမြစ်ကျောက်တုံးတွေကို ထပ်ဝယ်တယ်၊ အဲဒါမှ ကျိုးကြောင်းဆီလျော်မှာပေါ့။ ဒါကပဲ သူ့ရဲ့ နည်းလမ်းတွေဟာ ငါ ဒီနှစ်တွေထဲမှာ စည်းရုံးထားတဲ့ နတ်ဘုရားရင်းမြစ်ဆရာတွေထက် အများကြီး ပိုအစွမ်းထက်တယ်ဆိုတာကို သက်သေပြနေတာ မဟုတ်လား "

လူငယ်က ထပ်မံပြုံးလိုက်ပြီး

"ရှန်းယွမ်ဈေးက ဒီမှာ ဖွင့်ထားတာဆိုတော့ ဘယ်သူမြတ်မြတ် ဘယ်သူရှုံးရှုံး ငါတို့နဲ့ မဆိုင်ပေမဲ့၊ ငါတို့ကတော့ နတ်ဘုရားရင်းမြစ်ကျောက်တုံး ရောင်းရတဲ့ ကျောက်တုံးတွေကိုပဲ အမြတ်ယူတာ။ ဒါပေမဲ့ သူ့ကိုသာ ငါ့လက်အောက်ကို စည်းရုံးနိုင်ရင်တော့ အကျိုးရှိဖို့ပဲ ရှိမယ် "

သူက ခေတ္တရပ်ပြီးမှ

"နောက်ရက်အနည်းငယ်ကြာရင် ငါ ဟိုလူနဲ့ လောင်းကစားပွဲတစ်ခု ရှိတယ်။ နတ်ဘုရားရင်းမြစ်ဆရာ သုံးယောက် စုစုပေါင်း လိုအပ်နေတာ။ ငါ့လက်အောက်မှာက မျက်စိကျလောက်တဲ့ ဆရာက နှစ်ယောက်ပဲ ရှိသေးတာ၊ အခု ကွက်တိပဲ တစ်ယောက် လိုနေတာလေ "

"သခင်လေးရဲ့ အလိုရှိတာက... ဒီလူကို စည်းရုံးဖို့လား "

"မှန်တယ်၊ မင်း သူ့ကို သွားတွေ့လိုက်။ ငါ သူ့ကို တွေ့ချင်တယ်လို့ ပြောပြီး ဒီကို ခေါ်ခဲ့၊ ငါကိုယ်တိုင်ပဲ သူ့ကို စကားပြောမယ် "

"ဟုတ်ကဲ့ပါ"

ညနေစောင်းလာသောအခါ ဖန့်ချန်သည် နောက်ဆုံး နတ်ဘုရားရင်းမြစ်ကျောက်တုံး တစ်တုံးကို ဝယ်ယူပြီးနောက် ယနေ့အတွက် သူ၏ သိုးမွှေးနုတ်ခြင်း ကို အဆုံးသတ်ကာ တည်းခိုခန်းသို့ ပြန်နားရန် ပြင်လိုက်သည်။

ကျောက်တုံးဆိုင်မှ ထွက်လာသည်နှင့် ကျင့်ကြံသူတစ်ဦးသည် မျက်နှာချင်းဆိုင်မှ လျှောက်လာသည်။

"မိတ်ဆွေ... ကျွန်တော့်ရဲ့ သခင်လေးက မိတ်ဆွေနဲ့ တွေ့ဆုံချင်လို့ပါ။ ကျွန်တော်နဲ့အတူ တစ်ခေါက်လောက် လိုက်ခဲ့ပေးလို့ ရမလား "

ထိုကျင့်ကြံသူ၏ အဆင့်မှာလည်း မနိမ့်လှချေ၊ သူသည် အဆင့် ၄ မသေမျိုး တစ်ဦး ဖြစ်သည်။ အဆင့် ၄ မသေမျိုးတစ်ဦးကို ခိုင်းစေနိုင်သူဖြစ်ရာ သူ၏ နောက်ခံအရှိန်အဝါမှာ သေချာပေါက် မသေးလှပေ။

"မင်းတို့ သခင်လေး ငါ သိတဲ့လူလား "

ဖန့်ချန်က တည်ငြိမ်စွာ မေးလိုက်သည်။

လာသူက ဖန့်ချန်ကို အသေအချာ အကဲခတ်ကြည့်ရာ ယခင်က အဝေးမှ စောင့်ကြည့်ခဲ့စဉ်ကကဲ့သို့ပင် တစ်ဖက်လူ၏ ကျင့်ကြံခြင်းအဆင့်ကို အကဲမဖြတ်နိုင်သည်ကို တွေ့ရသဖြင့် သူ၏ အမူအရာမှာ ပိုမို လေးနက်သွားပြီး ယဉ်ယဉ်ကျေးကျေးပင်

"ကျွန်တော့် သခင်လေးကိုတော့ နယ်ပယ်ပေါင်းစုံက လူတွေက အလေးထားကြတဲ့အတွက် ယွမ်သခင်လေး လို့ ဂုဏ်ပြုခေါ်ဝေါ်ကြပါတယ်။ မိတ်ဆွေ ကြားဖူးလိမ့်မယ် ထင်ပါတယ်"

"ယွမ်သခင်လေး ရဲ့ နာမည်ကြီးမှုကိုတော့ ငါ ကြားဖူးပါတယ်။ ဒါပေမဲ့ ယွမ်သခင်လေး က ဘာဖြစ်လို့ ငါ့ကို တွေ့ချင်ရတာလဲ "

ဖန့်ချန်က လက်အုပ်ချီလျက် ပြုံး၍ မေးလိုက်သည်။

သူသည် ယခင်က ကြာနီနတ်မိမယ် နှင့်အတူ ရှန်းယွမ်ဈေးတွင် အမြတ်ထုတ်နေစဉ်ကတည်းက ထိုလူ၏ အကြောင်းကို ကြားဖူးပြီးသား ဖြစ်သည်။

ကြားရသလောက်ဆိုလျှင် သူ၏ မျိုးနွယ်စုသည် ရှန်းယွမ်ဈေးတွင် အင်အားကြီးမားပြီး အလွန်ကြီးမားသော နတ်ဘုရားရင်းမြစ်ကျောက်တုံးဆိုင်ကြီး အများအပြားမှာ ဤ ယွမ်သခင်လေး ပိုင်ဆိုင်ခြင်း ဖြစ်သည်။

သူ၏ အမည်ရင်းတွင် ယွမ် ဟူသော စာလုံးမပါသော်လည်း ပြင်ပလူများက နတ်ဘုရားရင်းမြစ် ဟူသော စကားလုံးထဲမှ ယွမ် ကို ယူကာ ယွမ်သခင်လေးဟု ခေါ်ကြခြင်းဖြစ်သည်။

ထိုအချက်ကပင် သူသည် ရှန်းယွမ်ဈေးတွင် မည်မျှ နက်ရှိုင်းသော နောက်ခံရှိကြောင်း သက်သေပြနေသည်။

"ယွမ်သခင်လေးက မိတ်ဆွေကို အစွမ်းအစရှိသူတစ်ယောက်လို့ ယူဆပါတယ်။ သူက ပညာရှိကို လိုလားတောင့်တနေသူဖြစ်လို့ မိတ်ဆွေအနေနဲ့ အခွင့်အရေးပေးဖို့ မျှော်လင့်နေပါတယ်"

လာသူက ပြုံးလျက် ဆိုသည်။

"အစွမ်းအစရှိသူ ယွမ်သခင်လေးကတော့ ငါ့အပေါ် တစ်ခုခု မှားယွင်းစွာ ထင်မြင်နေပုံရပြီ။ အခုက မှောင်လည်း မှောင်နေပြီဆိုတော့ သွားဖို့ မသင့်တော်တော့ဘူး၊ ငါ ခွင့်ပြုပါဦး"

ဖန့်ချန်က ပြုံးလျက် ခေါင်းခါပြကာ နှုတ်ဆက်ပြီး ထွက်ခွာလာခဲ့သည်။

လာသူကလည်း အတင်းအကျပ် မလုပ်ဘဲ ဖန့်ချန်၏ နောက်ကျောကိုသာ တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။

"သခင်လေး ပြောသလိုပဲ၊ အစွမ်းအစရှိသူတွေဟာ များသောအားဖြင့် မာန်မာန ပြည့်နှက်နေတတ်တာပဲ။ သာမန်ကျင့်ကြံသူသာဆိုရင် သခင်လေးက စည်းရုံးတာနဲ့ ချက်ချင်း လက်အောက်ခံချင်ကြတာ၊ အခုလို ငြင်းလိုက်တာကပဲ ဒီလူဟာ သာမန်မဟုတ်ဘူးဆိုတာကို သွယ်ဝိုက်ပြီး သက်သေပြနေတာပဲ"

သူသည် ထိုသို့တွေးတောရင်း သခင်လေးထံ သတင်းပြန်ပို့ရန် လှည့်ပြန်သွားခဲ့သည်။

ထိုလူငယ်သည် လက်အောက်ငယ်သား၏ စကားကို ကြားသောအခါ စိတ်ဆိုးခြင်း မရှိသည့်အပြင် အနည်းငယ်မျှပင် ပြုံးလိုက်ကာ

"သူဟာ တကယ့် အစွမ်းအစရှိသူ ဖြစ်တာ သေချာသွားပြီ။ မနက်ဖြန်ကျရင် ငါကိုယ်တိုင်ပဲ သူ့ကို သွားတွေ့မယ် "

"သခင်လေး... ကျွန်တော့်ကို သူ့နောက်ကနေ စောင့်ကြည့်ခိုင်းရမလား တကယ်လို့ သူ ထွက်သွားရင် ကျွန်တော်တို့အတွက် စစ်သူကြီးတစ်ယောက် ဆုံးရှုံးသွားသလို ဖြစ်မှာစိုးလို့ပါ"

"ဒါက ပညာရှိကို စည်းရုံးတဲ့ နည်းလမ်း မဟုတ်ဘူး၊ ဒီလို လုပ်စရာ မလိုပါဘူး "

"ဟုတ်ကဲ့ပါ"

ဖန့်ချန် တည်းခိုခန်းသို့ ပြန်ရောက်ပြီး နာရီဝက်ခန့် ငြိမ်သက်စွာ ထိုင်နေပြီးနောက် သူ၏ စိတ်ဝိညာဉ်ကို ရုတ်တရက် ခန္ဓာကိုယ်ထဲမှ ထုတ်ကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

"ကြည့်ရတာ ဒီယွမ်သခင်လေးဆိုတဲ့လူဟာ ရက်အနည်းငယ်ကြာရင် ဖြစ်လာမယ့် လောင်းကစားပွဲရဲ့ တစ်ဖက်အဖွဲ့ ဖြစ်နိုင်ခြေရှိတယ်။ ဒါက အခွင့်အရေးပဲ။"

ဖန့်ချန်၏ မျက်လုံးထဲတွင် ပြုံးရိပ်တစ်ခု ဖြတ်ပြေးသွားသည်။

ရှန်းယွမ်ဈေးအတွင်း၌ အပြင်ပန်း မြင်တွေ့နေရသကဲ့သို့ အေးချမ်းသာယာနေသည် မဟုတ်ကြောင်း သူ ကြိုတင် သိရှိထားပြီးသား ဖြစ်သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်ကပင် တစ်စုံတစ်ယောက်က စောင့်ကြည့်နေသည်ကို သူ ခပ်ရေးရေး သတိထားမိခဲ့သော်လည်း တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို အတိအကျ မသိရသေးခြင်းသာ ဖြစ်သည်။

ယနေ့တွင် သူ၏ အရှိန်အနည်းငယ် မြင့်သွားသောအခါ တစ်ဖက်လူက အိမ်တိုင်ရာရောက် လာရှာလေပြီ။

ဤအချက်ကပင် အစွမ်းအစရှိသော နတ်ဘုရားရင်းမြစ်ဆရာ တစ်ယောက်အနေဖြင့် ရှန်းယွမ်ဈေးတွင် တစ်ကိုယ်တော် အမြတ်ထုတ်ခွင့် မရှိကြောင်း၊ အင်အားကြီးတစ်ခုခုက သေချာပေါက် လာရောက် စည်းရုံးလိမ့်မည်ဖြစ်ကြောင်း သက်သေပြနေသည်။

ပတ်ဝန်းကျင်ကို ခေတ္တမျှ ထပ်မံ စောင့်ကြည့်ပြီးနောက် မည်သူမျှ စောင့်ကြည့်ခြင်း မရှိသည်ကို အတည်ပြုနိုင်သောအခါ ဖန့်ချန်၏ စိတ်ဝိညာဉ်သည် ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်သွားပြီး ရှန်းယွမ်ဈေးမှ တိတ်တဆိတ် ထွက်ခွာခဲ့သည်။

ရှန်းယွမ်ဈေး အပြင်ဘက်တွင်တော့ နောက်မှ လိုက်ပါလာသော ဖန့်ပုဆာာ နှင့် တွေ့ဆုံကာ ကျောက်တုံးများ လွှဲပြောင်းပေးအပ်လိုက်သည်။

သူ့တွင် ယခုအခါ မသေမျိုးကျောက်တုံး စုစုပေါင်း နှစ်သောင်းသုံးထောင်ကျော် ရှိနေပြီး၊ ဖန့်ပုဆာ ကို မသေမျိုးကျောက်တုံး နှစ်သောင်းတိတိ ပေးအပ်ကာ ကျန်ရှိသော ပမာဏကိုတော့ အမြတ်ဆက်ထုတ်ရန် ချန်ထားခဲ့သည်။

ဖန့်ပုဆာ သည် မသေမျိုးကျောက်တုံးများကို သိမ်းဆည်းပြီးနောက် အရိပ်များအတွင်းသို့ တဖြည်းဖြည်း ပျော်ဝင်သွားကာ ဖန့်ချန်၏ အစစ်အမှန်ခန္ဓာကိုယ် ရှိရာသို့ ဦးတည်သွားလေသည်။

အရာအားလုံး ပြီးစီးမှသာ ဖန့်ချန်သည် တည်းခိုခန်းသို့ ပြန်ကာ အနားယူတော့သည်။

နောက်တစ်နေ့ နံနက်တွင် ဖန့်ချန် တည်းခိုခန်းမှ ထွက်လာသည်နှင့် မျက်လုံးမှိတ်ထားသော လူငယ်တစ်ဦးသည် မနေ့က ကျင့်ကြံသူ၏ ဦးဆောင်မှုဖြင့် အိမ်ရှေ့သို့ ရောက်ရှိလာသည်။

"မိတ်ဆွေ... ဒီပုဂ္ဂိုလ်က ယွမ်သခင်လေး ပါ "

မနေ့က မသေမျိုးအရှင် က ပြုံးလျက် မိတ်ဆက်ပေးလိုက်သည်။

ဖန့်ချန်သည် တည်ငြိမ်စွာပင် လက်အုပ်ချီလိုက်ပြီး

"ကျွန်တော်မျိုး ယွမ်သခင်လေးကို နှုတ်ခွန်းဆက်ပါတယ်"

"အေးအေးဆေးဆေး စကားပြောလို့ရမယ့် နေရာတစ်ခု သွားကြမလား "

ယွမ်သခင်လေးက ပြုံးလျက် ဆိုသည်။

ဤတစ်ကြိမ်တွင်တော့ ဖန့်ချန် မငြင်းတော့ဘဲ တစ်ဖက်လူနှင့်အတူ လက်ဖက်ရည်ဆိုင်ရှိ သီးသန့်ခန်းတစ်ခုသို့ လိုက်ပါသွားခဲ့သည်။

သီးသန့်ခန်းအတွင်း ရောက်သည်နှင့် နတ်ဘုရားရင်းမြစ်ကျောက်တုံး ဆယ်တုံးကို ဖန့်ချန်၏ ရှေ့တွင် တန်းစီချထားလိုက်သည်။

ယွမ်သခင်လေးက ခပ်ဖွဖွ ပြုံးလိုက်ပြီး

"မိတ်ဆွေ... ဒီနတ်ဘုရားရင်းမြစ်ကျောက်တုံး ဆယ်တုံးကို အရင်ကြည့်ပေးပါဦး။ ပြီးမှ ငါတို့ နောက်ပိုင်းကိစ္စတွေကို ဆက်ပြောကြရင်ကော ဘယ်လိုလဲ "

ဖန့်ချန်သည် ထိုအခြေအနေကို မြင်သောအခါ ရှေ့သို့ တိုးသွားပြီး နတ်ဘုရားရင်းမြစ်ကျောက်တုံး ၇ တုံးကို လက်ညှိုးထိုးပြလိုက်ရာ၊ ယွမ်သခင်လေးက ဖန့်ချန်၏ ရှေ့မှောက်တွင်ပင် ချက်ချင်း ခွဲပြလိုက်သည်။

ကျောက်တုံး ၂ တုံးမှာ ဘာမှမပါဘဲ အရှုံးပေါ်သွားသည်။

ကျန် ၅ တုံးတွင်တော့ တစ်စုံတစ်ခု ပါရှိနေသည်။

ကျန်ရှိနေသော ၃ တုံးကိုလည်း ထပ်မံခွဲကြည့်ရာ အားလုံးမှာ ဘာမှမပါသော ဗလာကျောက်တုံးများသာ ဖြစ်သည်။

စုစုပေါင်း ကျောက်တုံး ၁၀ တုံးတွင် ဖန့်ချန်က ၇ တုံးကို ရွေးပြခဲ့ရာ၊ ၂ တုံး လွဲချော်ပြီး ၅ တုံးမှာ အမြတ်ထွက်ခဲ့သည်။ ဤကဲ့သို့သော စွမ်းရည်မှာ လူသားတို့ သိရှိထားသည့် နတ်ဘုရားရင်းမြစ်ဆရာများ၏ စံနှုန်းနှင့် ကွက်တိ ကိုက်ညီနေသည်။

ထို့အပြင် နတ်ဘုရားရင်းမြစ်ဆရာများထဲတွင်ပင် ထိပ်တန်းအဆင့်ဟု ဆိုနိုင်သည်။

ယွမ်သခင်လေးက မနေနိုင်ဘဲ ခပ်ဖွဖွ လက်ခုပ်တီးလိုက်ပြီး

"ငါ တကယ်ပဲ လူမမှားခဲ့ဘူး။ မိတ်ဆွေ... ငါ့ဘက်မှာ နေပြီး ငါ့အတွက် အလုပ်လုပ်ပေးဖို့ ဆန္ဒရှိရဲ့လား "

"ယွမ်သခင်လေးကို စိတ်ပျက်အောင် လုပ်မိသလို ဖြစ်သွားပါပြီ။ ကျွန်တော်ကတော့ တစ်ပါးသူရဲ့ လက်အောက်မှာ အလုပ်လုပ်လေ့ မရှိပါဘူး။ ဒါပေမဲ့ တကယ်လို့ အကူအညီ လိုအပ်တယ်ဆိုရင်တော့ ယွမ်သခင်လေးအနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါတယ်။ ဈေးနှုန်းသာ သင့်တော်မယ်ဆိုရင် အားလုံးက ဆွေးနွေးလို့ ရပါတယ်"

ဖန့်ချန်က ခပ်ဖွဖွ ပြုံးလျက် ဆိုသည်။

ယွမ်သခင်လေးက ဟားဟားတိုက် ရယ်မောလိုက်ပြီး စိတ်ဆိုးခြင်းလည်း မရှိချေ။

သူက ခေါင်းကို ညိမ့်ပြကာ

"တကယ်ပဲ မိတ်ဆွေရဲ့ အကူအညီ လိုအပ်နေတာပါ။ နောက်ရက်အနည်းငယ် ကြာရင် ငါနဲ့ လူတစ်ယောက်ကြားမှာ ကတိတစ်ခု ရှိတယ်။ နတ်ဘုရားရင်းမြစ် လောင်းကစားပွဲတစ်ခုကို လုပ်ရမှာပေါ့ "

All Chapters