← Chapters

အခန်း (၄၇၅-၄၇၇)

Vol. 32 Ch. 475-477

အခန်း (၄၇၅-၄၇၇)

Vol. 32 Ch. 475-477

အခန်း (၄၇၅) - ရှောင်ဖန်ကူ နှင့် တုန်းချန် တို့၏ တိုက်ပွဲ၊ ကျင့်ကြံရေး ခန်းမဆောင် ဖန်တီးခြင်း

~ရှောင်ဖန်ကူက တုန်းချန်ကို စိန်ခေါ်တော့မည်ဟူသော သတင်းကို ကြားလိုက်ရသည့်အခါ ပိုင်မင်လုသည် ပါးစပ်ထဲမှ မြက်မြစ်ကို ထွေးထုတ်လိုက်ရင်း -

“ညီလေး ရှောင်... စိတ်လိုက်မာပါ မလုပ်စမ်းပါနဲ့ကွာ” ဟု တားမြစ်လိုက်၏။

သို့သော်ငြား ရှီးရှင်းယွီကမူ သူ့ကို အားပေးအားမြှောက် ပြုနေလေ၏။

“ကျွန်မကတော့ မောင်လေး ရှောင် သေချာပေါက် နိုင်မယ်လို့ ယုံကြည်တယ်ရှင်။ သူက အရမ်း အစွမ်းထက်တာပဲ... တုန်းချန်ကို အသာလေး အနိုင်ယူနိုင်မှာ အသေအချာပါပဲ”

'တကယ့် တုံးအတဲ့ မိန်းမပဲ'

ပိုင်မင်လုက စိတ်ထဲမှ တိတ်တဆိတ် ကျိန်ဆဲလိုက်မိ၏။

ယဲ့ဖုန်းကဲ့သို့သော ပုဂ္ဂိုလ်မျိုးက လူမသိသူမသိ တုန်းချန် ဆိုသူကို ပါရမီရှင်စာရင်း၏ အဆင့် (၉၁) နေရာတွင် အကြောင်းမဲ့သက်သက် ထည့်ထားမည် မဟုတ်ကြောင်းကို သူ အပြည့်အဝ ယုံကြည်ထားခြင်းပင်။

ရှောင်ဖန်ကူအနေဖြင့် တုန်းချန်ကို စိန်ခေါ်မည့်အစား အဆင့် (၁၀၀) နေရာရှိ ကျီဇီလင်းကို အရင်ဆုံး စိန်ခေါ်ကြည့်သင့်သည် မဟုတ်ပါလား။

အကယ်၍ နိုင်သွားမှသာ အထက်အဆင့်များကို ဆက်လက် စိန်ခေါ်လျှင်လည်း နောက်ကျမည် မဟုတ်ပေ။

ပိုင်မင်လုသည် သူ၏ အတွေးများကို ပြောပြလိုက်သော်လည်း ရှောင်ဖန်ကူကမူ လုံးဝ လက်မခံဘဲ ဆန့်ကျင်လိုက်၏။

“ကျီဇီလင်းက သာမန်ပါပဲဗျာ။ သူမမှာ ထူးခြားတဲ့ အောင်မြင်မှုတွေ ဘာမှမရှိဘူးလို့ ကြားတယ်။ စိန်ခေါ်ရတာ ဘာအရသာမှ ရှိမှာ မဟုတ်ဘူး... အဲဒီတော့ တုန်းချန်ကို တိုက်ရိုက် သွားစိန်ခေါ်တာက ပိုကောင်းပါတယ်”

ဆုံးဖြတ်ချက် ချပြီးသည်နှင့် တစ်ပြိုင်နက်... ရှောင်ဖန်ကူသည် ယနေ့တွင်ပင် လျူယွင်ဂိုဏ်းသို့ စိန်ခေါ်လွှာ ပို့ရန် ပြတ်သားစွာ ဆုံးဖြတ်လိုက်လေတော့သည်။

“ဝှစ်’

သူသည် ဓားပျံကို စီးနင်းကာ ထွက်ခွာသွားခဲ့ တော့၏။

ပိုင်မင်လုသည် သူ့ကို ထပ်မံ မတားဆီးတော့ဘဲ ခေါင်းကိုသာ ခါယမ်းနေမိတော့သည်။

“ဟူး... တကယ့်ကို စိတ်လိုက်မာပါ နိုင်လွန်းတဲ့ ကောင်ပဲ”

ပိုင်မင်လုက ပခုံးတွန့်လိုက်ရင်း - ဆိုလိုက်၏။

“ငါ့အမြင်ကို ပြောရရင်တော့... ကျီဇီလင်းကို စိန်ခေါ်တာထက် အဆင့် (၉၉) က ဝမ်ဖင်းအန်းကို စိန်ခေါ်တာကမှ ပိုပြီး လွယ်ကူဦးမယ် ထင်တယ်”

ထိုအခါ၊ ရှီးရှင်းယွီသည် ပိုင်မင်လုအား မကျေမနပ်ဖြစ်ဟန်ဖြင့် စိုက်ကြည့်လိုက်ရင်း -

“စီနီယာအစ်ကို ပိုင်... ရှင်က ဘာဖြစ်လို့ မောင်လေး ရှောင်ကို အမြဲတမ်း အထင်သေးနေရတာလဲဟင်”

ပိုင်မင်လုမှာ စကားပင် မပြောနိုင်တော့ချေ။

'ငါက သူ့ကို အထင်သေးတာ မဟုတ်ပါဘူး... သူက တကယ်ကို စိတ်လိုက်မာပါ နိုင်လွန်းပြီးတော့ ကိုယ့်အစွမ်းအစကို ကိုယ်တောင် သေသေချာချာ မသိလို့ပါကွ'

အချစ်ကြောင့် အသိဉာဏ်ကင်းမဲ့နေသော ရှီးရှင်းယွီကဲ့သို့ အမျိုးသမီး တစ်ဦးနှင့် ဆက်လက် ငြင်းခုံလိုစိတ် မရှိတော့သဖြင့် သူသည် လှည့်ကာ ထွက်ခွာသွားလေတော့သည်။

*

လျူယွင်ဂိုဏ်း။

တုန်းချန်သည် ကျင့်ကြံအားထုတ်နေ၏။

ရုတ်တရက် ကောင်းကင်ယံထက်မှနေ၍ လေးနက်ခန့်ညားသော အသံကြီးတစ်သံ ထွက်ပေါ်လာခဲ့ပြီး လျူယွင်ဂိုဏ်း တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့ တော့၏။

“တုန်းချန်... မင်းက ပါရမီရှင်စာရင်းရဲ့ အဆင့် (၉၁) နေရာကို ရထားတယ်လို့ ငါ ကြားတယ်... ငါ ရှောင်ဖန်ကူ က မင်းကို စိန်ခေါ်တယ်ကွ”

ဟိန်းဟောက်သံကြီးမှာ ကောင်းကင်နှင့် မြေကြီးကိုပင် ပဲ့တင်ထပ်သွားစေခဲ့၏။

တုန်းချန်မှာ လန့်ဖြတ်သွားပြီး ယိုင်လဲမတတ်ပင် ဖြစ်သွားရရှာ၏။

“ဒီ ရှောင်ဖန်ကူ ဆိုတဲ့ကောင်... တော်တော် အနှောင့်အယှက် ပေးတာပဲ”

တုန်းချန်သည် ချွေးများကို သုတ်လိုက်ပြီး မသိဟန်ဆောင်ကာ နေရန် ပြင်လိုက်သော်လည်း... ခေတ္တမျှ စဉ်းစားပြီးနောက် တိုက်ရိုက်ပင် ငြင်းပယ်ရန် ဆုံးဖြတ်လိုက်၏။

“ငါ...”

“လက်ခံလိုက်စမ်း”

တုန်းတုန်းချန် နှင့် နတ်ဆိုးဘုရင် ဟူယွမ် တို့ နှစ်ဦးစလုံးမှာ တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြရာ တုန်းချန်မှာ စကားစပင် ပြတ်သွားခဲ့ရပြီး မျက်နှာပေါ်တွင် အံ့သြမှုများ အထင်းသား ပေါ်လွင်နေသည်။

“ဗျာ...”

တုန်းချန်မှာ လုံးဝ ဇဝေဇဝါ ဖြစ်သွားရ တော့၏။

“မင်း ကျင့်ကြံလွန်းလို့ ရူးသွားပြီလား။ ရှောင်ဖန်ကူက အခုမှ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ဒုတိယအလွှာ အထွတ်အထိပ်ပဲ ရှိသေးတာလေ... မင်းရဲ့ ပြိုင်ဘက်တောင် မဟုတ်ဘူး။ ဘာကို ကြောက်နေရတာလဲ။ မင်းက ရှောင်ဖန်ကူကိုတောင် မနိုင်ဘူးဆိုရင်တော့... ငါ ဒီနေရာမှာတင် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပြီး သေလိုက်တော့မယ်”

တုန်းတုန်းချန်က စိတ်မရှည်စွာဖြင့် အော်ဟစ်လိုက်၏။

“သောက်အဘိုးကြီး... မင်း သေချင်ရင်လည်း ငါ့ကို ဆွဲမသွင်းနဲ့ကွ” နတ်ဆိုးဘုရင် ဟူယွမ်ကလည်း ဝင်ရောက် ကျိန်ဆဲလာသည်။

တုန်းချန်ခမျာ.. တိတ်ဆိတ်သွားခဲ့ တော့၏။

သူသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ဆိုလိုက်၏။

“ကောင်းပြီလေ... ကျွန်တော် သူ့ရဲ့ စိန်ခေါ်မှုကို လက်ခံလိုက်မယ်။ ကျွန်တော် ကျင့်ကြံနေတာကို လာပြီး အနှောင့်အယှက် ပေးရဲတဲ့အတွက်... သူ့ကို သေသေချာချာ မှတ်လောက်သားလောက်အောင်ကို ရိုက်နှက်ပစ်မယ်”

“ဘုန်း”

တုန်းချန်သည် ကောင်းကင်ယံသို့ တဟုန်ထိုး ပျံတက်သွားခဲ့ပြီး လျူယွင်ဂိုဏ်း ၏ အထက်တွင် ရပ်တန့်လိုက်သည်။

သူသည် လေထဲတွင် ဓားပျံစီးကာ ရပ်နေသော ရှောင်ဖန်ကူကို စိုက်ကြည့်ရင်း -

“ရှောင်ဖန်ကူ... မင်းရဲ့ စိန်ခေါ်မှုကို ငါ လက်ခံတယ်။ ပြောစမ်း... ဘယ်တော့ စချမလဲ”

“နောက်သုံးရက်နေရင်... ရေပေါ်ဖြူ မြို့တော် အနီးနားမှာ”

ရှောင်ဖန်ကူက ပြတ်သားစွာ ကြေညာလိုက်သည်။

သူသည် အရာရာကို အတိအကျ တွက်ချက်ထားပြီး ဖြစ်၏။

လူသူကင်းမဲ့သော တောတောင်ထဲတွင် တုန်းချန်ကို အနိုင်ယူခြင်းက သိပ်ပြီး ဂုဏ်ယူစရာ မကောင်းလှပေ။ သူ၏ အောင်ပွဲကို ပိုမို ထင်ရှားစေရန်အတွက် လူစည်ကားသော နေရာကို ရွေးချယ်ရမည် မဟုတ်ပါလား။

ထို့အပြင် ရေပေါ်ဖြူ မြို့တော် ကို တမင်တကာ ရွေးချယ်ခဲ့ခြင်းမှာလည်း... တုန်းချန်ကို အနိုင်ယူပြီးနောက် မြူခိုးဂိုဏ်း အား သူ၏ အစွမ်းအစကို သက်သေပြလိုသောကြောင့်ပင် ဖြစ်သည်။

'ယဲ့ဖုန်း... ငါ မြူခိုးဂိုဏ်း ကနေ ထွက်လာပြီးနောက်ပိုင်း တိုးတက်မှု မရှိတော့ဘူးလို့ မင်း ထင်နေတာလား။ ဒီတိုက်ပွဲက ငါ့ရဲ့ အလှပဆုံးသော အောင်ပွဲပဲ ဖြစ်စေရမယ်ကွာ'

ဤသို့ တွေးတောရင်း ရှောင်ဖန်ကူသည် ရွှေရောင် သတ္တုပြား တစ်ချပ်ကို စိန်ခေါ်လွှာ အဖြစ် ချန်ထားရစ်ခဲ့ပြီးနောက် ပျံသန်း ထွက်ခွာသွားလေတော့၏။

“ဝါး... ငါတို့ရဲ့ စီနီယာအစ်ကို တုန်းချန် ကို လာပြီး စိန်ခေါ်ရဲတယ်ဆိုတော့... ရှောင်ဖန်ကူက တော်တော်လေး ဘဝင်မြင့်နေတာပဲ”

“ကျွန်တော်တို့ စီနီယာအစ်ကိုကြီး.. သေချာပေါက် နိုင်မှာပါဗျာ”

လျူယွင်ဂိုဏ်းမှ တပည့်များမှာ အပြိုင်အဆိုင် အော်ဟစ် အားပေးနေကြ၏။

တုန်းချန်သည် စိန်ခေါ်လွှာကို လှမ်းဖမ်းလိုက်ပြီး... ရေပေါ်ဖြူ မြို့တော် အနီးတွင် တိုက်ခိုက်ရမည်ကို တွေးမိကာ စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။

အကယ်၍သာ ယဲ့ဖုန်းက သူ၏ လျှို့ဝှက်ချက်များကို သိရှိသွားပါက... အခြေအနေမှာ အလွန် ဆိုးရွားသွားနိုင်သည် မဟုတ်ပါလား။

“မလန့်ပါနဲ့... ယဲ့ဖုန်းက အရင်တုန်းကတောင် မသိခဲ့ဘူးဆိုရင်... အခုလည်း သေချာပေါက် သိမှာ မဟုတ်ပါဘူး။ ရှောင်ဖန်ကူနဲ့ ချိန်းထားတဲ့အတိုင်း သွားသာ တိုက်လိုက်စမ်းပါ။ ဒါပေမဲ့ မှတ်ထားနော်... သူ့ကို မြေကြီးထဲ မြုပ်သွားတဲ့အထိ ပြင်းပြင်းထန်ထန်ကို ရိုက်နှက်ပစ်ခဲ့ရမယ်”

တုန်းတုန်းချန်က လေးနက်သော လေသံဖြင့် သတိပေးလိုက်၏။

“ဟုတ်ကဲ့ပါ အကြီးအကဲ...” တုန်းချန် ခေါင်းတရစပ် ညိတ်လိုက်သည်။

*

မြူခိုးတောင်ထိပ်။

ယဲ့ဖုန်းသည် နက်နက်နဲနဲ စဉ်းစားခန်း ဝင်နေ၏။

သူ၏ ရှေ့တွင်မူ ဧရာမ စက်ဝိုင်းပုံ စင်မြင့်ကြီးတစ်ခု ရှိနေပြီး ၎င်းမှာ မင်ယွဲ့ နတ်မိမယ် ၏ သိုလှောင်လက်စွပ် အတွင်းမှ သူ ထုတ်ယူလာခဲ့သော အရာပင် ဖြစ်သည်။

ယဲ့ဖုန်းသည် ဂုဏ်သတင်းတန်ဖိုး ငါးသောင်းကို ရင်းနှီးမြှုပ်နှံ၍ ဤထူးခြားလှသော ဝိညာဉ်စွမ်းအင် စုစည်းခြင်း ဝင်္ကပါ ၏ တည်ဆောက်ပုံ နည်းစနစ်ကို ရယူထားခဲ့ပြီး ဖြစ်၏။

လိုအပ်သော ကုန်ကြမ်းများကိုလည်း အားလုံး စုဆောင်းပြီးပြီ ဖြစ်သည်။

ယခုအခါ စတင် သွန်းလုပ်ရမည့် အချိန်သို့ ရောက်ရှိနေပြီ ဖြစ်သော်ငြား ယဲ့ဖုန်းမှာ အနည်းငယ် တုံ့ဆိုင်းနေမိ၏။

“ကျုပ်တို့ မြူခိုးဂိုဏ်း ရဲ့ နယ်မြေက သိပ်မကျယ်သေးဘူး... ဝိညာဉ်စွမ်းအင် စုစည်းခြင်း ဝင်္ကပါ တွေ အများကြီး ဆောက်မယ်ဆိုရင် မြေနေရာ တော်တော်များများကို ယူလိမ့်မယ်”

“ဒါဆို... ဘယ်လို လုပ်ရမလဲ”

“ဟုတ်ပြီ ဝိညာဉ်စွမ်းအင် စုစည်းခြင်း မျှော်စင် တစ်ခု တည်ဆောက်ပြီးတော့... အဲဒီအထဲမှာ လျှို့ဝှက်အခန်းတွေ အများကြီး ဖွဲ့စည်းလိုက်မယ်။ အခန်းတိုင်းမှာ ဝင်္ကပါ တစ်ခုစီ ထည့်ထားလိုက်ရင်... မြေနေရာလည်း သက်သာသလို လုံလောက်တဲ့ တိတ်ဆိတ်ငြိမ်သက်မှုလည်း ရနိုင်တာပေါ့”

ယဲ့ဖုန်း၏ ခေါင်းထဲတွင် အကြံဉာဏ်တစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

ကျင့်ကြံအားထုတ်နေစဉ်အတွင်း မည်သည့် အနှောင့်အယှက်မျှ မရှိစေရန်မှာ အလွန် အရေးကြီးသည် မဟုတ်ပါလား။

ထို့ကြောင့် ဝိညာဉ်စွမ်းအင် စုစည်းခြင်း မျှော်စင် တစ်ခု တည်ဆောက်ပြီး တံခါးပိတ် ကျင့်ကြံရန်အတွက် လျှို့ဝှက်အခန်းများ ဖန်တီးပေးခြင်းက အကောင်းဆုံးသော ဖြေရှင်းချက် ဖြစ်ပေလိမ့်မည်။

ဤသို့ တွေးမိသည်နှင့် ယဲ့ဖုန်း၏ နှုတ်ခမ်းထောင့်များမှာ အလိုအလျောက် မြင့်တက်သွားခဲ့ တော့၏။

“မျှော်စင်ရဲ့ အတွင်းပိုင်းကို ကမ္ဘာငယ်လေး တစ်ခုအဖြစ် ဖန်တီးလိုက်မယ်ဆိုရင်တော့... နေရာအခက်အခဲအတွက် ပူစရာ မလိုတော့ဘူးပေါ့”

ယဲ့ဖုန်းသည် ထပ်မံ တုံ့ဆိုင်းမနေတော့ဘဲ ချက်ချင်းပင် စတင် အလုပ်လုပ်လေတော့သည်။

“ချလွင်”

များပြားလှသော ကုန်ကြမ်းများကို လက်နက်သွန်းလုပ်သည့် မီးဖိုအတွင်းသို့ လောင်းထည့်လိုက်ရာ... သွန်းလုပ်သံများ ဆူညံစွာ ထွက်ပေါ်လာခဲ့ပြီး ယဲ့ဖုန်း လိုအပ်သော ဝိညာဉ်လက်နက် အစိတ်အပိုင်းများကို အဆက်မပြတ် ဖန်တီးပေးနေလေတော့သည်။

“သတင်းထူးဗျို့”

“ချင်းယွင်ဂိုဏ်း က ရှောင်ဖန်ကူ က လျူယွင်ဂိုဏ်း က တုန်းချန် ကို စိန်ခေါ်လိုက်ပြီတဲ့။ နောက်သုံးရက်နေရင် ရေပေါ်ဖြူ မြို့တော် အနီးနားမှာ ချကြမှာတဲ့ဗျ”

“ဝါး...”

“ဒါဆိုရင် ကျုပ်တို့ သွားကြည့်လို့ ရပြီပေါ့ဗျာ”

မြူခိုးဂိုဏ်း အတွင်း၌ ဤသတင်းကြောင့် အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့ တော့၏။

ယဲ့ဖုန်းသည် ဝိညာဉ်စွမ်းအင် စုစည်းခြင်း မျှော်စင် ကို သွန်းလုပ်နေစဉ်အတွင်း ဤဆူညံသံများကို ကြားလိုက်ရရာ... သူ၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်း ထူးဆန်းလာခဲ့သည်။

“ရှောင်ဖန်ကူ က တုန်းချန်ကို စိန်ခေါ်တယ် ဟုတ်လား... အရိုက်ခံချင်နေတာများလား”

ရှောင်ဖန်ကူ၏ လုပ်ရပ်အပေါ် ယဲ့ဖုန်းမှာ လုံးဝ စကားမပြောနိုင်တော့ဘဲ ခေါင်းကိုသာ ခါယမ်းနေမိတော့သည်။

ရှောင်ဖန်ကူ၏ သေးမွှားလှသော စွမ်းအားလေးဖြင့်... မှော်ပညာနှင့် ကိုယ်ခံပညာ နှစ်မျိုးစလုံးကို ပေါင်းစပ် ကျင့်ကြံထားပြီး ကြီးမားလှသော ကံကောင်းမှုများ ပိုင်ဆိုင်ထားသည့် တုန်းချန်၏ အရှေ့တွင်မူ... အရိုက်ခံရုံ သက်သက်သာ ရှိလိမ့်မည် မဟုတ်ပါလား။

ဤစိန်ခေါ်မှုမှာ သူ့အတွက်တော့ လုံးဝ စိတ်ဝင်စားစရာ မကောင်းလှပေ။

ယဲ့ဖုန်းသည် ဝိညာဉ်စွမ်းအင် စုစည်းခြင်း မျှော်စင် ကိုသာ ဆက်လက် သွန်းလုပ်နေလေတော့၏။

သုံးရက် ကြာပြီးနောက်...

လက်နက်သွန်းလုပ်သည့် မီးဖို၏ အဖုံးမှာ ဆယ်ကြိမ်မြောက်အဖြစ် ပွင့်ထွက်သွားခဲ့ပြီးနောက်... ထူးခြားလှသော ပုံသဏ္ဌာန်ရှိသည့် ဝိညာဉ်လက်နက် အစိတ်အပိုင်းတစ်ခု ထွက်ပေါ်လာခဲ့ရာ ယဲ့ဖုန်းက အလျင်အမြန် ဖမ်းယူလိုက်သည်။

“နောက်ဆုံးတော့ ပြီးသွားပြီဟေ့”

ယဲ့ဖုန်းသည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိ၏။

ဝိညာဉ်စွမ်းအင် စုစည်းခြင်း မျှော်စင် ကို သွန်းလုပ်ရန်အတွက် သူသည် ရှားပါးလှသော ကုန်ကြမ်းများစွာကို အသုံးပြုခဲ့ရပြီး... နတ်ဆိုးဧကရာဇ်၏ အရိုး အမြောက်အမြားနှင့် တန်ဖိုးဖြတ်၍မရသော အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံးကိုပင် ထည့်သွင်း အသုံးပြုခဲ့ရသည်။

“ဒီ ဝိညာဉ်စွမ်းအင် စုစည်းခြင်း မျှော်စင် က အစိတ်အပိုင်း ဆယ်ခုနဲ့ ဖွဲ့စည်းထားတာ။ အကုန်လုံးကို ပေါင်းစပ်လိုက်မယ်ဆိုရင်တော့... အဆင့်မြင့် ဝိညာဉ်လက်နက် ထက်တောင် သာလွန်သွားပြီး အဆင့်နိမ့် ဝိညာဉ်ရတနာ နီးပါးလောက် အစွမ်းထက်မှာ သေချာတယ်”

ယဲ့ဖုန်းသည် ထိုဝိညာဉ်လက်နက် အစိတ်အပိုင်း ဆယ်ခုကို တစ်ပေခန့် မြင့်မားသော ကိုးထပ် မျှော်စင်ငယ်လေး တစ်ခုအဖြစ် ပေါင်းစပ်လိုက်၏။

ထို့နောက် သူသည် အထူး ဝိညာဉ်ရည် တစ်မျိုးကို ဖော်စပ်ကာ မျှော်စင်၏ အထက်မှနေ၍ လောင်းချလိုက်ရာ... ဝင်္ကပါပုံစံများ အားလုံးအတွင်းသို့ စိမ့်ဝင်သွားပြီး နောက်ဆုံးတွင်တော့ မျှော်စင်ကြီးမှာ အပြည့်အဝ အသက်ဝင်လာခဲ့ တော့သည်။

“ဝိညာဉ်စွမ်းအင် စုစည်းခြင်း မျှော်စင်... ပွင့်စေ”

ယဲ့ဖုန်းသည် မျှော်စင်ငယ်လေးကို လေထဲသို့ ပစ်လွှတ်လိုက်ရာ... တောင်လေးလုံးအကြားရှိ ဝိညာဉ်အိုင် ဘေးနားရှိ... သူ အသိဉာဏ် ပွင့်စေခဲ့သော ကျောက်ပြားကြီးနှင့် ကပ်လျက် နေရာတွင် ကျဆင်းသွားခဲ့၏။

“ဝီ…”

ဝိညာဉ်စွမ်းအင် စုစည်းခြင်း မျှော်စင် မှာ ချက်ချင်းပင် ကြီးမားလာခဲ့ တော့၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် မျှော်စင်ကြီးမှာ အမြင့် မီတာ သုံးဆယ်၊ အောက်ခြေ အချင်း ဆယ်မီတာခန့်အထိ ကြီးမားလာခဲ့သည်။ အပြင်ပန်းမှ ကြည့်လျှင် သိပ်မကြီးမားလှသော်လည်း... အထပ်တိုင်း၏ အတွင်းပိုင်းတွင်မူ ကမ္ဘာငယ်လေး တစ်ခုစီ ဖန်တီးထား၏။

အောက်ဆုံးထပ်မှ အပေါ်ဆုံးထပ်သို့ တက်သွားလေလေ... အတွင်းရှိ ဝိညာဉ်စွမ်းအင် သိပ်သည်းဆမှာ ပိုမို များပြားလာလေလေ ဖြစ်သည်။

“နောက်ဆုံးတော့ အားလုံး ပြီးပြည့်စုံသွားပြီ”

ယဲ့ဖုန်းသည် မျှော်စင်ကြီး၏ အောက်ခြေတွင် ရပ်လျက်... ပထမထပ် တံခါးအထက်ရှိ “ဝိညာဉ်စွမ်းအင် စုစည်းခြင်း မျှော်စင်” ဟု ရေးထိုးထားသော ဆိုင်းဘုတ်ကြီးကို မော့ကြည့်ကာ အလွန်အမင်း ကျေနပ်နေမိလေတော့သည်။

“ဟိုမှာကြည့်... အဲဒါ ဘာကြီးလဲ”

“ဘာလို့ နောက်ထပ် မျှော်စင်ကြီး တစ်ခု ပေါ်လာပြန်တာလဲဟာ။ ကြည့်ရတာ ရှေးဟောင်း နတ်ဘုရားတွေရဲ့ အငွေ့အသက်တွေတောင် ရနေသလိုပဲ... ကျင့်ကြံရေးမျှော်စင် ထက်တောင် နှစ်ထပ်လောက် ပိုမြင့်သေးတယ်။ ပြီးတော့ အရပ်မျက်နှာ အသီးသီးက ဝိညာဉ်စွမ်းအင်တွေကိုလည်း စုပ်ယူနေတာပဲ”

တပည့်များမှာ ထိုမျှော်စင်ကြီးကို ကြည့်ကာ အံ့သြတကြီး ဆွေးနွေးနေကြသည်။

“ဒါက ဝိညာဉ်စွမ်းအင် စုစည်းခြင်း မျှော်စင် လို့ ခေါ်တယ်။ အတွင်းထဲမှာ ဝိညာဉ်စွမ်းအင် စုစည်းခြင်း ဝင်္ကပါ တွေ ထည့်သွင်းထားပြီး ကျင့်ကြံခြင်းအရှိန်ကို အဆပေါင်းများစွာ မြှင့်တင်ပေးနိုင်တယ်။ ကျုပ်တို့ မြူခိုးဂိုဏ်း က တပည့်တွေ အားလုံး... မျှော်စင်ထဲမှာ ဝင်ရောက် ကျင့်ကြံပြီး အဆင့်တွေကို အမြန်ဆုံး ဖြတ်ကျော်နိုင်အောင် ကြိုးစားကြပါ”

ယဲ့ဖုန်း၏ လေးနက်ခန့်ညားလှသော အသံမှာ လျင်မြန်စွာ ပြန့်နှံ့သွားခဲ့ပြီး မြူခိုးဂိုဏ်း အတွင်းရှိ ကျင့်ကြံသူတိုင်း၏ နားထဲသို့ ရောက်ရှိသွားခဲ့လေတော့၏။

“ဒါ တကယ်ကြီး ဝိညာဉ်စွမ်းအင် စုစည်းခြင်း မျှော်စင် လား...”

“သိပ်ကောင်းတာပေါ့ဗျာ... အခုပဲ သွားပြီး ကျင့်ကြံကြစို့”

တပည့်များမှာ ဝမ်းသာအားရ ဖြစ်သွားကြပြီး... ဝိညာဉ်စွမ်းအင် စုစည်းခြင်း မျှော်စင် ရှိရာဆီသို့ ဓားပျံများကို စီးနင်းလျက် အပြေးအလွှား သွားရောက်ကြတော့သည်။

အခန်း (၄၇၆) ဝိညာဉ်စွမ်းအင် စုစည်းခြင်း မျှော်စင်၏ အကျိုးကျေးဇူးများ နှင့် အပြတ်အသတ် အနိုင်ရမည့် တိုက်ပွဲ

~ယဲ့ဖုန်းသည် ဝိညာဉ်စွမ်းအင် စုစည်းခြင်း မျှော်စင်၏ အောက်ခြေတွင် ရပ်နေ၏။ ခေတ္တမျှ တွေးတောပြီးနောက် သူသည် “ဂိုဏ်းချုပ် သီးသန့်” ဟု ရေးထိုးထားသော ကျောက်ပြားကြီးပေါ်တွင် သက်တောင့်သက်သာပင် ထိုင်ချလိုက်လေတော့သည်။

“ဂိုဏ်းချုပ်ကြီးကို ဂါရဝပြုပါတယ်ရှင်”

တပည့်များ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် ယဲ့ဖုန်းအား အလွန်တရာ ရိုသေလေးစားစွာဖြင့် နှုတ်ဆက် ဂါရဝပြုလိုက်ကြ၏။

“မျှော်စင်ရဲ့ အတွင်းပိုင်း ဝိညာဉ်စွမ်းအင် သိပ်သည်းဆက အောက်ထပ်ကနေ အပေါ်ထပ်ကို တဖြည်းဖြည်း မြင့်တက်သွားတာ... အောက်ဆုံးထပ်က ပုံမှန်ထက် ငါးဆလောက် ရှိတယ်။ ကိုယ့်ရဲ့ ကျင့်ကြံခြင်းအဆင့်က မလုံလောက်ဘူး ဆိုရင်တော့ အပေါ်ထပ်တွေကို မတက်တာ အကောင်းဆုံးပဲ... မဟုတ်ရင် အတွင်းက ဝိညာဉ်ဖိအားတွေကြောင့် ဒုက္ခရောက်သွားလိမ့်မယ်” ဟု ယဲ့ဖုန်းက သတိပေးလိုက်၏။

“လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်”

တပည့်များသည် လက်သီးဆုပ်၍ အရိုအသေပြုပြီးနောက် ဝိညာဉ်စွမ်းအင် စုစည်းခြင်း မျှော်စင် အတွင်းသို့ တစ်ယောက်ပြီး တစ်ယောက် ဝင်ရောက်သွားကြလေတော့သည်။

မျှော်စင်အတွင်းဝယ်...

တပည့်များသည် မျှော်စင်၏ အတွင်းပိုင်းမှာ သီးခြား ကမ္ဘာငယ်လေးတစ်ခုပမာ ကျယ်ဝန်းလှကြောင်း တွေ့ရှိလိုက်ရ၏။ အထပ်တိုင်းတွင် ကျင့်ကြံရန်အတွက် လုံလောက်သော လျှို့ဝှက်အခန်းငယ် တစ်ရာစီ ပါဝင်နေ၏။

သူတို့သည် လွတ်နေသော အခန်းများကို အလျင်အမြန် ရှာဖွေကာ ဝင်ရောက်သွားကြပြီး တံခါးကို ပိတ်လိုက်သည်နှင့် တစ်ပြိုင်နက်... အခန်းတွင်းရှိ ဝင်္ကပါများမှာ အလိုအလျောက် အသက်ဝင်လာပြီး သဘာဝ ဝိညာဉ်စွမ်းအင်များကို အဆမတန် စုစည်းပေးနေကြောင်း တွေ့ရှိလိုက်ရ၏။

ထို့အပြင် တရားထိုင်ခုံပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်သည့်အခါ... သူတို့၏ စိတ်အာရုံများမှာ အလွန်တရာ ကြည်လင်လန်းဆန်းလာပြီး ကျင့်ကြံခြင်း အခြေအနေသို့ လွယ်ကူလျင်မြန်စွာ ဝင်ရောက်သွားနိုင်ကြောင်းကိုပါ အံ့သြဖွယ်ရာ သိရှိလိုက်ရ၏။

သူတို့၏ ကျင့်ကြံခြင်း အရှိန်အဟုန်မှာလည်း ပုံမှန်ထက် အဆပေါင်းများစွာ မြန်ဆန်လာခဲ့ တော့၏။

ကျင့်ကြံခြင်း အဟန့်အတားများကို ချိုးဖျက်ရမည့် အခက်အခဲမှာလည်း သိသိသာသာ လျော့ကျသွားခဲ့၏။

“တကယ့်ကို အံ့သြစရာကောင်းတဲ့ ဝိညာဉ်စွမ်းအင် စုစည်းခြင်း မျှော်စင်ကြီးပဲဗျာ”

တပည့်များမှာ အလွန်အမင်း စိတ်လှုပ်ရှားသွားကြပြီး မျက်လုံးများ မှိတ်ကာ ကျင့်ကြံခြင်းကို ချက်ချင်းပင် ဆက်လက် လုပ်ဆောင်နေကြလေတော့သည်။ ဤကဲ့သို့သော အထောက်အကူပြု ပစ္စည်းမျိုးနှင့် ပထမဆုံးအကြိမ် ထိတွေ့ဖူးခြင်း ဖြစ်ရာ... သူတို့သည် စားသောက်ခြင်း၊ အိပ်စက်ခြင်း အပါအဝင် ကိစ္စအဝဝကို ဤမျှော်စင်အတွင်း၌သာ ပြုလုပ်ချင်စိတ် ပေါက်လာကြသည်အထိပင်။

ဤမျှော်စင်အတွင်း၌ တစ်နှစ်ခန့် ကျင့်ကြံခြင်းမှာ အပြင်ဘက်တွင် နှစ်ပေါင်းများစွာ ကျင့်ကြံခြင်းနှင့် ညီမျှနေသည် မဟုတ်ပါလား။

အကယ်၍သာ ဝိညာဉ်စွမ်းအင် သိပ်သည်းဆ ပိုမိုမြင့်မားသော အပေါ်ထပ် အခန်းများဆီသို့ တက်လှမ်းနိုင်မည် ဆိုပါက... ကျင့်ကြံခြင်း အရှိန်အဟုန်မှာ ဆယ်ဆ၊ နှစ်ဆယ်ဆ သို့မဟုတ် ထိုထက်မက မြန်ဆန်လာနိုင်သည်။

ဤနေရာတွင် တစ်နှစ် ကျင့်ကြံခြင်းက အခြားသူများ၏ ဆယ်နှစ်စာ ကျင့်ကြံမှုနှင့်ပင် ညီမျှနေနိုင်သည်။

“ဝိညာဉ်စွမ်းအင် စုစည်းခြင်း မျှော်စင်... စိတ်ဝင်စားစရာပဲ”

မိုယင်သည် အပြင်ဘက်မှ လေ့ကျင့်ရေး ခရီးစဉ် ပြီးဆုံး၍ ခုလေးတင် ပြန်ရောက်လာခြင်း ဖြစ်ပါသည်။... သူမအား 'ပါရမီရှင်စာရင်း' တွင် အမည်စာရင်း တင်သွင်းခံရကာ ယာယီ အဆင့် (၃၀) ရရှိထားကြောင်း သိရှိလိုက်ရ၏။

“ကွက်တိပဲ... ဒီမျှော်စင်ကို သုံးပြီး ငါ့ရဲ့ ကျင့်ကြံခြင်း အရှိန်ကို မြှင့်တင်ရမယ်။ ပြီးရင် ငါ့ရဲ့ အဆင့်ကို အမြန်ဆုံး ချိုးဖျက်နိုင်အောင် ကြိုးစားမယ်”

သူမသည် မျှော်စင်အတွင်းသို့ ဝင်ရောက်သွားပြီး... ဝိညာဉ်စွမ်းအင်အပေါ် သူမ၏ ကိုယ်ပိုင် အာရုံခံနိုင်စွမ်းကို အသုံးပြု၍ စတုတ္ထအထပ်ဆီသို့ တိုက်ရိုက် တက်လှမ်းသွားခဲ့၏။ ထိုနေရာရှိ ဝိညာဉ်စွမ်းအင် သိပ်သည်းဆမှာ ပြင်ပထက် ဆယ်ဆခန့် ပိုမိုများပြားနေပြီး... ကျင့်ကြံခြင်း အရှိန်ကို ဆယ်ဆနီးပါး မြှင့်တင်ပေးနိုင်ကြောင်း တွေ့ရှိလိုက်ရ၏။

သေချာသည်မှာ ထိုနေရာရှိ ဝိညာဉ်ဖိအားမှာလည်း အလွန် ကြီးမားလှသည်။

အကယ်၍သာ သူမ၏ ကျင့်ကြံခြင်းအဆင့် မလုံလောက်ပါက ထိုဖိအားကို မည်သို့မျှ တောင့်ခံနိုင်မည် မဟုတ်ချေ။

“ကြည့်ရတာ... ကျင့်ကြံခြင်းအဆင့် မြင့်လေလေ၊ တိုးတက်မှုနှုန်းက ပိုမြန်လေလေပဲ။ အဆင့်မြင့်လေလေ၊ ကျင့်ကြံရတာ ပိုလွယ်လေလေ ဖြစ်လာတာကိုး”

မိုယင်၏ မျက်ဝန်းများမှာ အရောင်တောက်သွားခဲ့၏။

သူမ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် ကျင့်ကြံရေးမျှော်စင် အတွင်း၌ ကျင့်ကြံခြင်းမှာ သိပ်ပြီး မမြန်ဆန်တော့ပေ။ ယခုမူ ဤဝိညာဉ်စွမ်းအင် စုစည်းခြင်း မျှော်စင် ရှိလာပြီဖြစ်ရာ... သူမ၏ ကျင့်ကြံခြင်းအဆင့် တိုးတက်မှုကို အရှိန်မြှင့်တင်နိုင်မည့် အခွင့်အရေးကို မြင်တွေ့လိုက်ရပြီပင်။

ဟိုယွင်ကျဲ၊ ကျီဇီလင်း၊ ဝမ်ဖင်းအန်း၊ ရှီလေ့ နှင့် အခြားသော တပည့်များမှာလည်း သတင်းကြားသည်နှင့် တစ်ပြိုင်နက် ရောက်ရှိလာကြပြီး မျှော်စင်၏ တတိယထပ် နှင့် စတုတ္ထထပ်များသို့ ဝင်ရောက်သွားကြ၏။

ထိုနေရာတွင် သူတို့သည် ယခင်ကထက် အဆပေါင်းများစွာ မြန်ဆန်သော ကျင့်ကြံခြင်း အရှိန်ကို ကိုယ်တွေ့ ခံစားလိုက်ရပြီး... အလွန်အမင်း စိတ်လှုပ်ရှားလွန်းသဖြင့် အပြင်သို့ပင် ပြန်မထွက်ချင်တော့အောင် ဖြစ်နေကြရရှာသည်။

“ကြိုးကြိုးစားစား ကျင့်ကြံကြပါကွာ... ကိုယ့်ရဲ့ အဆင့်တွေကို မြှင့်တင်နိုင်မှ... ငါ့ရဲ့ စွမ်းအားတွေလည်း ပိုပြီး တိုးတက်လာမှာပေါ့” ဟု ယဲ့ဖုန်းက တီးတိုး ရေရွတ်လိုက်၏။

...

ရေပေါ်ဖြူ မြို့တော်။

ရှောင်ဖန်ကူက တုန်းချန်ကို စိန်ခေါ်မည့် သတင်းမှာ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်ရာ ကျင့်ကြံသူ အများအပြား၏ စိတ်ဝင်စားမှုကို ရရှိနေခဲ့ တော့သည်။

“ခင်ဗျားတို့ ဘယ်လို ထင်လဲ... တုန်းချန် ရှုံးသွားမလား”

“ကျုပ်ကတော့ တုန်းချန်ကို သိပ်ပြီး မရင်းနှီးဘူးဗျ။ အရင်က သူက ပါရမီနည်းပြီး ထူးခြားချက် ဘာမှမရှိဘူးလို့ ကြားဖူးတယ်။ ဒါပေမဲ့ ရုတ်တရက်ကြီး စွမ်းအားတွေ တိုးလာတယ်ဆိုတော့... ကံကောင်းမှု တစ်ခုခုများ ကြုံတွေ့ခဲ့ရလို့လား မသိဘူးနော်”

“ဖြစ်နိုင်တယ်ဗျ”

“ဒါနဲ့... စိန်ခေါ်တဲ့ ရှောင်ဖန်ကူက သိပ်ပြီး မစွမ်းပေမဲ့... နာမည်တော့ တော်တော်ကြီးတာပဲ နော်”

“ဘာကို ဆိုလိုတာလဲဗျ”

“ခင်ဗျား အဲဒါကို မသိဘူးလား”

“အရင်တုန်းက ရှောင်ဖန်ကူက မြူခိုးဂိုဏ်း ရဲ့ ပါရမီရှင် တပည့် တစ်ယောက်လေ။ နောက်ပိုင်းကျမှ ချင်းယွင်ဂိုဏ်း က အကြီးအကဲ တစ်ယောက်ရဲ့ မျက်စိကျတာ ခံရပြီး... မြူခိုးဂိုဏ်း ကနေ ထွက်သွားခဲ့တာ။ ပြီးတော့ ရွှမ်ယဲ့ ဓားပျံ ကိုတောင် ယူသွားသေးတာဗျ”

“ပြီးတော့ကော...”

“ပြီးတော့လား... ခင်ဗျား မသိဘူးလား။ ရှောင်ဖန်ကူက ဟိုယွင်ကျဲ ကို စိန်ခေါ်ခဲ့ဖူးတယ်လေ... အဲဒီမှာတင် အပြတ်အသတ်ကို နှိမ်နင်းခံလိုက်ရတာ... ဟားဟားဟား”

“သြော်... အခုမှ သတိရတယ်။ မြင့်မြတ်သော လေဓားဂိုဏ်း ရဲ့ ဓားကလေး ခန့်အပ်ပွဲတုန်းကလည်း... ရှောင်ဖန်ကူက ဟိုယွင်ကျဲ ကို ထပ်ပြီး စိန်ခေါ်သေးတယ်လေ... အဲဒီမှာလည်း ထပ်ပြီး နှိမ်နင်းခံရပြန်တာပဲ... ဟားဟားဟား”

“တကယ်ကြီးလားဗျ”

“တကယ်ပေါ့ဗျာ... လုံးဝ အတိအကျပဲ။ ခင်ဗျားကို လိမ်ရင် ကျုပ် ခွေးဖြစ်ပါစေရဲ့”

ယခုအခါတွင် ကျင့်ကြံသူ အများအပြားမှာ ရေပေါ်ဖြူ မြို့တော် အနီးရှိ တောင်ထိပ်များပေါ်သို့ စုရုံးရောက်ရှိနေကြပြီ ဖြစ်ပြီး... အချင်းချင်း အပြိုင်အဆိုင် ဆွေးနွေးပြောဆိုနေကြ၏။ အချို့မှာလည်း အတိတ်က ဇာတ်လမ်းဟောင်းများကို ပြန်လည် တူးဖော်ကာ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနေကြ၏။

ကောင်းကင်ယံ ထက်ဝယ်။

အောက်ခြေမှ လူများ၏ ပြောဆိုသံများကို ကြားလိုက်ရသည့်အခါ ရှောင်ဖန်ကူ၏ မျက်နှာမှာ ပြာနှမ်းသွားခဲ့ရ တော့၏။

“ဟိုယွင်ကျဲ... ဟမ့်”

ရှောင်ဖန်ကူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။

သူနှင့် ဟိုယွင်ကျဲ တို့ကြားရှိ ကွာဟချက်မှာ ပိုမို ကြီးမားလာနေကြောင်းကို သူကိုယ်တိုင် အသိအမှတ် ပြုရပေလိမ့်မည်။ ယနေ့အချိန်အထိပင် သူသည် ဟိုယွင်ကျဲ၏ ကျောပြင်ကိုပင် လှမ်းမမြင်နိုင်တော့ချေ။ ဤအစွမ်းမဲ့သော ခံစားချက်ကြီးက ရှောင်ဖန်ကူကို အကြီးအကျယ် ထိုးနှက်နေ၏။

“စိတ်မပျက်ပါနဲ့ မောင်လေး ရှောင်။ နင် သေချာပေါက် လုပ်နိုင်မှာပါလို့ ငါ ယုံတယ်”

ရှီးရှင်းယွီက အလျင်အမြန် နှစ်သိမ့်ပေးလိုက်သည်။

ထိုအခါမှသာ ရှောင်ဖန်ကူ၏ စိတ်ဓာတ်မှာ အနည်းငယ် ပြန်လည် တက်ကြွလာခဲ့ရသည်။ သူတို့နှစ်ဦးသည် ခေါင်းငုံ့ကာ အောက်သို့ လှမ်းကြည့်ရင်း တုန်းချန် ရောက်လာမည့် အချိန်ကို စောင့်ဆိုင်းနေကြ၏။

“ရှောင်ဖန်ကူ... မင်း ဘယ်မှာလဲ”

မကြာမီမှာပင် လူငယ်တစ်ဦး၏ အသံထွက်ပေါ်လာခဲ့ပြီးနောက်... သာမန်ရုပ်ရည်နှင့် မျက်လုံးသေးသေးလေးများ ပိုင်ဆိုင်ထားသော လူငယ် တစ်ဦးမှာ လေထဲတွင် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရသည်။

သူ၏ အနောက်တွင်မူ လျူယွင်ဂိုဏ်း မှ တပည့်များစွာ လိုက်ပါလာကြ၏။ ထိုအထဲတွင် မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီး တပည့် ဖန်ဟိုင်ယွင် လည်း ပါဝင်၏။

ရှင်းကွမ်ရွှမ် မှာမူ လွင့်မျောနေသော တောင်ထိပ်တစ်ခုပေါ်တွင် ပိုင်ဟွာရှောင် နှင့် ယှဉ်တွဲရပ်လျက် အောက်ခြေသို့ ငုံ့ကြည့်နေသည်။

ယဲ့ဖုန်းကတော့ သူတို့၏ ဘေးနားရှိ အပန်းဖြေ ကုလားထိုင်ပေါ်တွင် ထိုင်ကာ... လုံးဝ ပျင်းရိငြီးငွေ့နေသည့်ဟန်ဖြင့် အောက်သို့ ငုံ့ကြည့်နေ၏။

ယနေ့သာ သူ တကယ် မပျင်းနေခဲ့ပါက... ရှောင်ဖန်ကူ နှင့် တုန်းချန် တို့၏ တိုက်ပွဲကို လာရောက် ကြည့်ရှုနေမည်ပင် မဟုတ်ချေ။

“ဂိုဏ်းချုပ်ယဲ့... ရှင် ဘယ်သူ နိုင်မယ်လို့ ထင်လဲဟင်” ပိုင်ဟွာရှောင်က အနည်းငယ် ဦးညွှတ်ကာ ညင်သာသော လေသံလေးဖြင့် မေးမြန်းလိုက်၏။

သူမသည် ရှင်းကွမ်ရွှမ်၏ ချစ်သူဖြစ်ပြီး ရှင်းကွမ်ရွှမ်မှာလည်း ယဲ့ဖုန်းနှင့် ခင်မင်ရင်းနှီးမှု ရှိသော်ငြား... ယဲ့ဖုန်းအား လေးစားသမှုဖြင့် သတိထား ဆက်ဆံရပေမည်။ အကြောင်းမူကား သူသည် လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် တစ်ခုလုံးတွင် သြဇာလွှမ်းမိုးထားနိုင်သော ခန့်ညားထည်ဝါလှသည့် ဂိုဏ်းချုပ်ယဲ့... မူလနတ်ဘုရားအဆင့် မဟာတန်ခိုးရှင် တစ်ဦး ဖြစ်နေသောကြောင့်ပင်။

“တုန်းချန် နိုင်ဖို့ များပါတယ်ဗျာ” ယဲ့ဖုန်းက ဖြေကြားလိုက်၏။

အခြားသူများ မသိသော်ငြား... သူကတော့ တုန်းချန် အလွန် အစွမ်းထက်နေကြောင်း ရှင်းရှင်းလင်းလင်း သိမြင်နေ၏။ အကယ်၍သာ မြူခိုးဂိုဏ်း တွင် ထားမည်ဆိုပါက... တပည့် ကိုးဆယ် ရာခိုင်နှုန်းခန့်ကို လွှမ်းမိုးထားနိုင်လောက်အောင် အစွမ်းထက်ပေလိမ့်မည်။

သေချာသည်မှာ... သူ၏ လက်ရှိ စွမ်းအားဖြင့်ဆိုလျှင် မိုယင်၊ ဟိုယွင်ကျဲ၊ လုံထျန်းရှင်း၊ ချောင်ကျားရှီး တို့ကဲ့သို့သော သူများကိုတော့ ယှဉ်နိုင်ဦးမည် မဟုတ်ချေ။

ကောင်းကင်ယံ ထက်ဝယ်။

“တုန်းချန်... မင်း နောက်ဆုံးတော့ ရောက်လာပြီပဲ။ ငါ ရှောင်ဖန်ကူ... ချင်းယွင်ဂိုဏ်း ရဲ့ အမွေခံတပည့်... ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ဒုတိယအလွှာ အထွတ်အထိပ် ကနေ... ဒီနေ့ ပါရမီရှင်စာရင်း ရဲ့ အဆင့် (၉၁) နေရာမှာ ရှိတဲ့ မင်းကို စိန်ခေါ်တယ်ကွ”

“ငါတို့ နှစ်ယောက်ကြားမှာ... ဘယ်သူက ပိုသာသလဲ ဆိုတာကိုပဲ အဆုံးအဖြတ် ပေးမယ်... အသေအကြေ တိုက်မှာ မဟုတ်ဘူး” ဟု ရှောင်ဖန်ကူက အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်၏။

သူသည် တုန်းချန်နှင့် အသေအကြေ တိုက်ခိုက်ရန် လုံးဝ ရည်ရွယ်ထားခြင်း မရှိပေ။

တုန်းချန်ကို အနိုင်ယူနိုင်မည်ဟု ယုံကြည်ထားသော်ငြား... လက်ရည်ယှဉ်ခြင်းနှင့် အသေအကြေ တိုက်ပွဲမှာ လုံးဝ မတူညီကြောင်းကို သူ ကောင်းစွာ သိရှိထား၏။ အမှားအယွင်း အနည်းငယ် ရှိသွားသည်နှင့် သူကိုယ်တိုင် သေဆုံးသွားနိုင်သည် မဟုတ်ပါလား။

ထို့ကြောင့်ပင် သူသည် အသေအကြေ တိုက်ပွဲ မဟုတ်ကြောင်းကို တမင်တကာ ထည့်သွင်း ပြောဆိုလိုက်ခြင်းပင်။

ရည်ရွယ်ချက်မှာမူ ဤသည်မှာ လက်ရည်ယှဉ်ခြင်း သက်သက်သာ ဖြစ်ပြီး အသေအကြေ တိုက်ပွဲ မဟုတ်သဖြင့်... ရက်ရက်စက်စက် မတိုက်ခိုက်ရန် တုန်းချန်အား သတိပေးလိုသောကြောင့်ပင်။

“ပြဿနာ မရှိပါဘူး” တုန်းချန် ခေါင်းညိတ်လိုက်၏။

သူသည် လေထဲတွင် လွင့်မျောနေရင်း... လက်သီးများကို ဆုပ်ကာ လက်များကို သဘာဝအတိုင်း ချထားလိုက်သည်။ သူ၏ တောက်ပနေသော မျက်ဝန်းများမှာ အာရုံစူးစိုက်မှု အပြည့်ဖြင့် အဝေးရှိ ရှောင်ဖန်ကူကို စိုက်ကြည့်နေ၏။

“မင်း အရင် စတိုက်လေ”

တုန်းချန်သည် ရှောင်ဖန်ကူ၏ ကျင့်ကြံခြင်းအဆင့်မှာ သိပ်မမြင့်မားကြောင်း သိရှိထားသဖြင့် ပထမဆုံး တိုက်ခိုက်ခွင့်ကို ပေးလိုက်၏။

“မင်းက ငါ့ကို အထင်သေးနေတာလား” ရှောင်ဖန်ကူ၏ မျက်နှာထားမှာ ပြောင်းလဲသွားခဲ့ တော့သည်။

“ဟမ့်... ပါရမီရှင်စာရင်း မှာ အဆင့် (၉၁) ရထားရုံနဲ့ တခြားသူတွေကို အထင်သေးလို့ ရပြီ ထင်နေတာလား။ ရော့... ဒါကို ယူလိုက်စမ်း... ကိုးကြိမ်လည် အစိမ်းရောင်အလင်း ဓားသိုင်း”

ရှောင်ဖန်ကူ၏ ဘယ်လက်မှ မန္တန် လက်ဟန် ဖော်လိုက်ပြီး... ညာလက်က ဓားကို ကိုင်ဆောင်လျက် အစွမ်းကုန် ပိုင်းချလိုက်လေတော့သည်။

"ရွှစ်"

အစိမ်းရောင် ဓားအလင်းတန်း ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက်... လေထဲတွင် ကိုးကြိမ်တိတိ လည်ပတ်သွားခဲ့သည်။ လည်ပတ်မှု တစ်ကြိမ်တိုင်းတွင် ၎င်း၏ စွမ်းအားမှာ ငါးဆယ် ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့၏။ နောက်ဆုံးတွင်မူ ဓားအလင်းတန်း၏ စွမ်းအားမှာ မူလထက် ငါးဆခန့် ပိုမို အစွမ်းထက်လာခဲ့ပြီး အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသည်။

“ဒီလောက်လေးပဲလား...”

တုန်းချန်သည် မျက်တောင်လေး တစ်ချက် ခပ်လိုက်၏။ သူ၏ မျက်နှာပေါ်တွင် မည်သည့် ကြောက်ရွံ့မှုမျှ မရှိဘဲ... ရွှေရောင် လက်သီးကို မြှောက်ကာ ဓားအလင်းတန်းပေါ်သို့ တိုက်ရိုက်ပင် ပစ်သွင်းလိုက်လေတော့သည်။

"ခွပ်"

ဓားအလင်းတန်းကြီးမှာ တစ်စစီ ကြေမွသွားခဲ့ တော့၏။

ကြည့်ရှုနေသူများ အားလုံးမှာ ဤမြင်ကွင်းကြောင့် မှင်သက်သွားကြရသည်။

အထူးသဖြင့် ရှောင်ဖန်ကူမှာ လုံးဝကို အံ့အားသင့်သွားရရှာ၏။

ထိုတိုက်ကွက်မှာ သူ၏ အစွမ်းထက်ဆုံး ဓားချက်ဖြစ်ပြီး... စတုတ္ထအဆင့် မန္တန်များနှင့်ပင် ရင်ပေါင်တန်းနိုင်သော စွမ်းအား ရှိပါလျက်... ဤမျှ လွယ်လွယ်ကူကူ ဖျက်ဆီးခံလိုက်ရသည်တဲ့လား။

‘ဒါက ငါ.. တွေးထားခဲ့တာနဲ့ လုံးဝကို တခြားစီ ဖြစ်နေပြီလေ’

အခန်း (၄၇၇) - ရှောင်ဖန်ကူ အလဲထိုးခံရခြင်း နှင့် ကျူးယောင်ဖူ နှင့် မထင်မှတ်ဘဲ ဆုံတွေ့ခြင်း

~ရှောင်ဖန်ကူ၏ ရင်ထဲတွင် နောင်တတရားများက ဆစ်ခနဲ အောင့်တက်လာခဲ့၏။

တုန်းချန်၏ အစွမ်းအစကို သူ အလွန်အမင်း အထင်သေးမိခဲ့ကြောင်း ယခုမှသာ သူ သဘောပေါက်သွားခဲ့ တော့သည်။

အခြားအရာများကို ဘေးဖယ်ထားဦး... ထိုလက်သီးတစ်ချက်တည်း၌ ပါဝင်နေသော ကြီးမားလှသည့် အင်အားကြီးကပင် သူ့အား မျှော်လင့်ချက်မဲ့သွားစေရန် လုံလောက်နေခဲ့သည် မဟုတ်ပါလား။

"မင်းမှာ တခြား တိုက်ကွက်တွေ ရှိသေးလား"

တုန်းချန်သည် ဆက်လက်၍ အတင်း မတိုက်ခိုက်တော့ဘဲ သူ၏ လက်မောင်းများကို သဘာဝအတိုင်း ချထားလျက် ရှောင်ဖန်ကူအား ကြည့်ကာ ဆိုလိုက်သည်။

"မင်းမှာ တခြား တိုက်ကွက်တွေ မရှိတော့ဘူး ဆိုရင်တော့... ဒီတိုက်ပွဲကို ငါ အဆုံးသတ်လိုက်ရလိမ့်မယ်"

သူ၏ အသိစိတ်ဝိညာဉ် အတွင်းရှိ တုန်းတုန်းချန် နှင့် နတ်ဆိုးဘုရင် ဟူယွမ် တို့ နှစ်ဦးစလုံးကလည်း ရှောင်ဖန်ကူ၏ စွမ်းအားမှာ မဆိုးလှကြောင်း သိရှိထားကြသော်ငြား... တုန်းချန် နှင့် နှိုင်းယှဉ်လိုက်ပါကမူ လုံးဝကို ကွာခြားလွန်းနေကြောင်း ကောင်းစွာ သိမြင်နေကြ၏။

ပြိုင်ဘက်ကို အလဲထိုးရန်မှာ လက်ဖဝါးလှန်လိုက်သလိုပင် လွယ်ကူလှသည်။

"မောက်မာလိုက်တာ ၊ ငါ့ကို မင်းသဘောကျ အသာလေး နှိမ်နင်းနိုင်မယ်လို့ တကယ် ထင်နေတာလား"

ရှောင်ဖန်ကူမှာ ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူ၏ ဓားကို ဓားအိမ်အတွင်းသို့ ရုတ်တရက် ပြန်ထည့်လိုက်၏။

"သေသေချာချာ ကြည့်ထားစမ်း... ငါ ရှောင်ဖန်ကူ ကလည်း ဓားဆွဲထုတ်ခြင်း နည်းစနစ် ကို သုံးနိုင်တယ်ကွ"

သူသည် သူ၏ ကိုယ်ပတ်လည်ရှိ စွမ်းအင်များကို ချက်ချင်းပင် စုစည်းလိုက်သည်။

သူ၏ ကိုယ်ခန္ဓာမှာ စတင် တောက်ပလာပြီး အရောင်အသွေး စုံလင်လှသော အရှိန်အဝါများမှာ သူ၏ ဓားအတွင်းသို့ အဟုန်ပြင်းစွာ စီးဝင်သွားခဲ့ရာ ဓားကြီးမှာ ပိုမို လေးလံလာသကဲ့သို့ ဖြစ်လာတော့၏။

"ရွှစ်"

ရှောင်ဖန်ကူက ဓားကို ဆွဲထုတ်လိုက်သည့် ခဏ၌... ဝိညာဉ်ဓား၏ ဓားသွားတစ်ခုလုံးမှာ တောက်ပကြည်လင်လှသော အလင်းရောင်များကို ထုတ်လွှတ်လိုက်သည်။... ကောင်းကင်ယံထက်တွင် ချိတ်ဆွဲထားသော နေမင်းငယ်လေး တစ်စင်းအလား မျက်စိကျိန်းမတတ် တောက်ပလွန်းလှသည်။

"တကယ်ကြီး ဓားဆွဲထုတ်ခြင်း နည်းစနစ် ပါလား"

"ညီလေး ရှောင် တောင် အဲဒါကို သင်ယူတတ်မြောက်သွားတာလား"

အဝေးရှိ တောင်ထိပ်ပေါ်တွင် ရပ်နေကြသော ပိုင်မင်လု၊ ရှီးရှင်းယွီ နှင့် အခြားသူများမှာ ရှောင်ဖန်ကူ၏ ဓားဆွဲထုတ်ခြင်း နည်းစနစ် ကို ကြည့်ကာ မျက်လုံးများ ပြူးကျယ်လျက် အလွန်အမင်း အံ့အားသင့်နေကြ၏။

လူတိုင်း၏ မျက်လုံးများမှာ ဝိုင်းစက်သွားကြ တော့သည်။

"တကယ့် ဓားဆွဲထုတ်ခြင်း နည်းစနစ် ပဲ"

တုန်းချန် ကိုယ်တိုင်ပင် အနည်းငယ် အံ့အားသင့်သွားပြီး ဖိအားအချို့ကို ခံစားလိုက်ရ၏။

ထိုအခါ၊ တုန်းတုန်းချန်က အလျင်အမြန် သုံးသပ်ပြလိုက်၏။

"မလန့်ပါနဲ့... ရှောင်ဖန်ကူရဲ့ ဓားဆွဲထုတ်ခြင်း နည်းစနစ် က နုနယ်ပါသေးတယ်။ မြူခိုးဂိုဏ်း က ဟိုယွင်ကျဲ ရဲ့ နည်းစနစ်နဲ့တော့ ဘယ်လိုမှ ယှဉ်လို့ မရဘူး... စွမ်းအားက အတော်လေး သာမန်ပါပဲ။ မင်းရဲ့ စွမ်းအားနဲ့ဆိုရင် အသာလေး တားနိုင်ပါတယ်"

"တကယ်လားဗျ"

တုန်းချန်၏ မျက်ဝန်းများမှာ အရောင်တောက်သွားခဲ့ တော့၏။

သူသည် သူ၏ အသိစိတ်ဝိညာဉ် စွမ်းအားများကို အသုံးပြု၍ ချက်ချင်းပင် စူးစမ်းကြည့်လိုက်သည်။... ရှောင်ဖန်ကူ၏ ဓားမှ ပေါက်ကွဲထွက်လာမည့် အရှိန်အဝါများမှာ ပြင်းထန်ထက်ရှသော်လည်း တစ်ခုခု လိုအပ်နေသေးကြောင်း သူ တွေ့ရှိလိုက်ရ၏။

"ထင်တဲ့အတိုင်းပဲ... အပြင်ပန်းက ကြည့်ကောင်းပေမဲ့ သိပ်တော့ အသုံးမဝင်ဘူးပဲ"

တုန်းချန်သည် အားနည်းချက်ကို မြင်တွေ့သွားပြီ ဖြစ်ရာ... အားပါးတရ ပြုံးလိုက်၏။ သူ၏ လက်သီးကို မြှောက်ကာ သူ ပိုင်ဆိုင်ထားသော အပြင်းထန်ဆုံး ကိုယ်ခန္ဓာစွမ်းအားများကို ထုတ်ဖော်လိုက်လေတော့သည်။

ထိုအခိုက်အတန့်တွင် ရှောင်ဖန်ကူသည်လည်း သူ၏ ဓားတစ်လက်လုံးကို ဓားအိမ်ထဲမှ အပြည့်အဝ ဆွဲထုတ်လိုက် တော့၏။

“ချွင်”

ကြောက်မက်ဖွယ်ကောင်းသော ဓားချီကြီးမှာ ဟင်းလင်းပြင်ကို ပိုင်းဖြတ်ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်တစ်ခုလုံးကိုပင် နှစ်ခြမ်းခွဲပစ်လိုက်မည့်အလား အဟုန်ပြင်းလှသည်။ လူတိုင်း၏ မျက်ဝန်းများမှာ မျက်စိကျိန်းမတတ် တောက်ပလှသော ဓားအလင်းများကြောင့် အလိုအလျောက် မှေးကျဉ်းသွားကြရ၏။

"အာဏာရှင် လက်သီး"

တုန်းချန်သည် သူ၏ လက်သီးများကို ဝှေ့ယမ်းကာ စွမ်းအားများကို စုစည်းလိုက်ပြီးနောက် အားကုန် ပစ်သွင်းလိုက်လေတော့သည်။

သူ၏ နောက်ကွယ်တွင် ဧရာမ လက်သီးပုံရိပ်ကြီးတစ်ခု ပေါ်ထွက်လာခဲ့ပြီး ဓားချီများနှင့် မိုးကြိုးပစ်သံအလား ကျယ်လောင်လှသော အသံကြီးနှင့်အတူ ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့ တော့၏။

“ဝုန်း”

ရှောင်ဖန်ကူ၏ ဓားချီကြီးမှာ နေရာတွင်ပင် တစ်စစီ ကြေမွသွားခဲ့၏။ လက်သီးပုံရိပ်ကြီးမှာမူ အရှိန်မပျက်ဘဲ ရှောင်ဖန်ကူ၏ ရင်ဘတ်ကို ပြင်းထန်စွာ ထိမှန်သွားခဲ့ရာ... သူ့အား မိုင်ဒါဇင်ပေါင်းများစွာ အဝေးသို့ လွင့်စဉ်သွားစေခဲ့သည်။ အနီးနားရှိ စီးဆင်းနေသော ရေမြစ် အတွင်းသို့ အရှိန်အဟုန်ဖြင့် ကျဆင်းသွားစေခဲ့လေတော့သည်။

“ဝရော..”

အေးမြကြည်လင်လှသော မြစ်ရေများမှာ လေထဲသို့ ပန်းထွက်သွားခဲ့ပြီး လှိုင်းတံပိုးများ လိပ်တက်လာ၏။ ပြန်လည် ကျဆင်းလာခဲ့ရာ... ရှောင်ဖန်ကူမှာ ရေနစ်နေသော ကြွက်တစ်ကောင်အလား တစ်ကိုယ်လုံး စိုရွှဲသွားခဲ့ရသည်။

"အဟွတ် အဟွတ် အဟွတ်"

သူသည် ကမ်းစပ်သို့ မနည်း ကုတ်ကပ် တက်လာခဲ့ရ၏။ သူ၏ ချိုင့်ဝင်နေသော ရင်ဘတ်ကို ကြည့်လိုက်ရာ နံရိုးမည်မျှ ကျိုးသွားခဲ့ပြီကိုပင် မသိနိုင်တော့ချေ။ သူ၏ အင်္ကျီများမှာလည်း သွေးများဖြင့် နီရဲနေပြီး တစ်ကိုယ်လုံး အားအင်ကုန်ခမ်းလျက် ကမ်းစပ်သို့ပင် မနည်း ရောက်အောင် လာခဲ့ရရှာသည်။

"ညီလေး ရှောင်"

ရှီးရှင်းယွီသည် စူးရှစွာ အော်ဟစ်လိုက်ပြီး အပြေးအလွှား ရောက်လာကာ ရှောင်ဖန်ကူကို တွဲထူပေးရင်း ဒဏ်ရာကုသရေး ဆေးများကို အမြန် တိုက်ကျွေးလိုက်၏။

"ညီလေး... မင်း ဆက်တိုက်နိုင်စွမ်း မရှိတော့ဘူး... အရှုံးပေးလိုက်တော့" ပိုင်မင်လုကလည်း အလျင်အမြန် ရောက်လာခဲ့သည်။

အားအင်ချည့်နဲ့နေသော ရှောင်ဖန်ကူ၏ ကိုယ်ခန္ဓာကို ကြည့်ရင်း ပိုင်မင်လုသည် ခေါင်းကိုသာ ခါယမ်းနေမိတော့သည်။ သူသည် တကယ်ကို ကိုယ့်အစွမ်းအစကို ကိုယ်မသိလွန်းသူပင် ဖြစ်၏။

တုန်းချန်နှင့် သူ၏ တိုက်ပွဲမှာ တစ်ဖက်သတ် အနှိမ်ခံရခြင်း သက်သက်သာ ဖြစ်ပြီး... သူတို့ နှစ်ဦးကြားရှိ ကွာဟချက်မှာ ချောက်ကမ်းပါးကြီးတစ်ခုပမာ ကျယ်ဝန်းလွန်းလှသည်။

"ငါ လက်မခံနိုင်ဘူး..."

ရှောင်ဖန်ကူသည် မြေပြင်ကို ဒေါသတကြီး ထုနှက်လိုက်ရာ မြေပြင်ပေါ်တွင် ပင့်ကူအိမ်အလား အက်ကြောင်းများစွာ ပေါ်ထွက်လာခဲ့၏။

သူသည် အမောတကော အသက်ရှူရင်း ကောင်းကင်ယံတွင် မားမားမတ်မတ် ရပ်နေသော တုန်းချန်ကို မော့ကြည့်လိုက်ရာ... တစ်ဖက်လူ၏ ပုံရိပ်မှာ လုံးဝ ကျော်ဖြတ်၍မရနိုင်သော ဧရာမ တောင်ကြီးတစ်လုံးအလား ခန့်ညားထည်ဝါနေသည်ကို ခံစားလိုက်ရသည်။

"တောက်"

ရှောင်ဖန်ကူသည် မြေပြင်ကို ဆက်လက်၍ ထုနှက်နေမိ၏။

နောက်ဆုံးတွင်မူ သူသည် ကောင်းကင်ယံရှိ တုန်းချန်ကို မော့ကြည့်ကာ တိုးညှင်းလှသော အသံဖြင့် ရေရွတ်လိုက်လေတော့သည်။

"ငါ... ရှုံးသွားပြီ"

သူသည် ဒဏ်ရာ အလွန် ပြင်းထန်နေပြီ ဖြစ်ရာ ဆက်လက် တိုက်ခိုက်ရန် အင်အား လုံးဝ မရှိတော့ချေ။

"နှုတ်ဆက်ပါတယ်"

ရှောင်ဖန်ကူက အရှုံးပေးလိုက်သည်ကို ကြားသည်နှင့် တုန်းချန်သည် လက်သီးဆုပ်၍ အရိုအသေပြုလိုက်ပြီး... မှင်သက်နေကြသော ကြည့်ရှုသူများကို တစ်ချက် ကြည့်လိုက်သည်။ ထို့နောက်၊ လျူယွင်ဂိုဏ်း မှ တပည့်များနှင့်အတူ ထိုနေရာမှ ချက်ချင်း ထွက်ခွာသွားလေတော့သည်။

"စီနီယာအစ်ကို တုန်း... ခင်ဗျားက တကယ်ကို အစွမ်းထက်လွန်းတာပဲ"

"ကျုပ်တို့ လျူယွင်ဂိုဏ်း ကတော့ ခင်ဗျားအတွက် ဂုဏ်ယူနေရမှာပဲဗျာ"

လျူယွင်ဂိုဏ်းမှ တပည့်များမှာ တုန်းချန်အား လေးစားအားကျမှုများ အပြည့်ဖြင့် ကြည့်နေကြပြီး... မြေပြင်ပေါ် ဒူးထောက်ကာ လက်မြှောက်၍ပင် ချီးကျူးဂုဏ်ပြုချင်နေကြလေတော့

သည်။

*

စီးဆင်းနေသော ရေမြစ် ၏ ကမ်းစပ်ဝယ်။

ရှောင်ဖန်ကူသည် သူ၏ ဒဏ်ရာများကို အနည်းငယ် ကုသပြီးနောက်... ယနေ့ သူ၏ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရမှုကို ပြန်လည် တွေးတောမိသည်။ လူတိုင်း၏ ထူးဆန်းသော အကြည့်များကိုပါ သတိရသွားသည့်အခါ သူ၏ ရင်ထဲတွင် အမည်တပ်၍ မရနိုင်သော ဒေါသမီးများ ဟုန်းဟုန်းတောက်လာခဲ့၏။

"ငါ့ကို တစ်ယောက်တည်း ထားခဲ့ကြ"

သူသည် ရှီးရှင်းယွီ၏ လက်ကို ပုတ်ချလိုက်ပြီး... လူတိုင်း၏ ရှေ့တွင် ဓားပျံစီးကာ ထွက်ခွာသွားခဲ့ တော့သည်။ သူသည် သူ၏ အစစ်အမှန်ယွမ်များ ကုန်ခမ်းသွားမည်ကိုပင် ဂရုမစိုက်တော့ဘဲ အမြန်ဆုံး နှုန်းဖြင့် အသည်းအသန် ထွက်ပြေးသွားလေတော့၏။

"မောင်လေး ရှောင်"

ရှီးရှင်းယွီသည် နောက်မှ လိုက်သွားရန် ပြင်လိုက်သော်လည်း... ပိုင်မင်လုက လက်ဆန့်တန်းကာ တားဆီးလိုက်ရင်း ဆိုလိုက်သည်။

"သူက ရှုံးနိမ့်မှုကို ခံစားလိုက်ရတာဆိုတော့... သူ့စိတ်တွေ တော်တော် ရှုပ်ထွေးနေမှာပဲ။ သူ တစ်ယောက်တည်း အချိန်နည်းနည်း လိုတယ်... သွားပြီး မနှောင့်ယှက်ပါနဲ့တော့"

ရှီးရှင်းယွီမှာ သက်ပြင်းတစ်ချက်ကိုသာ ချလိုက်ရရှာသည်။

ရှောင်ဖန်ကူ ရှုံးနိမ့်သွားခဲ့သော်ငြား... သူမ၏ ရင်ထဲတွင်တော့ သူက အမြဲတမ်း သူမ၏ သူရဲကောင်း ဖြစ်နေဆဲပင်။

တစ်နေ့နေ့ တစ်ချိန်ချိန်ကျလျှင်... ရှောင်ဖန်ကူ ပြန်လည် ထကြွလာပြီး လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် တစ်ခုလုံးကို သူ၏ အစွမ်းအစများ ပြသနိုင်လိမ့်မည်ဟု သူမ အကြွင်းမဲ့ ယုံကြည်ထား၏။

*

မြူခိုးဂိုဏ်း ၏ မဟာတောင်ထိပ် လေးခုဝယ်။

ကြည့်ရှုသူများ သိပ်မများလှပေ။

အကြောင်းမူကား တပည့် အနည်းဆုံး သုံးရာခန့်မှာ ဝိညာဉ်စွမ်းအင် စုစည်းခြင်း မျှော်စင် အတွင်းသို့ ဝင်ရောက်နေကြပြီး... ရာနှင့်ချီသော တပည့်များမှာလည်း ကျင့်ကြံရေးမျှော်စင် အတွင်း၌ ရှိနေကြသည်။

အခြားသော တပည့်များစွာမှာလည်း တာဝန်များဖြင့် အပြင်ရောက်နေကြသဖြင့် ဂိုဏ်းအတွင်း၌ လူသိပ်မကျန်တော့ချေ။

"ဟူး... ရှောင်ဖန်ကူ ကတော့ အကြိမ်ကြိမ် ရှုံးနေရက်နဲ့ကို... ဆက်ပြီးတော့ တိုက်နေတုန်းပဲ နော်"

အိုးယန်ဖုန်း နှင့် အိုးယန်ယွီ မောင်နှမ နှစ်ယောက်မှာ ခေါင်းခါယမ်းလျက် ဆိုလိုက်ကြ၏။

ပထမမျိုးဆက် တပည့်များ ဖြစ်ကြသည့်အတိုင်း... သူတို့သည် ရှောင်ဖန်ကူ နှင့် ဟိုယွင်ကျဲ တို့၏ စိန်ခေါ်ပွဲ ဖြစ်စဉ်များကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရဖူးသူများ ဖြစ်သည်။

မြူခိုးဂိုဏ်း အပေါ် သစ္စာဖောက်သွားခဲ့သော ဤပါရမီရှင်အတွက်မူ... သူတို့၏ ရင်ထဲတွင် ရွံရှာမုန်းတီးမှုမှလွဲ၍ ဘာမှ မရှိချေ။

သို့သော်ငြား အကြိမ်ကြိမ် ရှုံးနိမ့်နေသည့်တိုင် အရှုံးမပေးဘဲ ဆက်လက် ကြိုးစားနေသော ရှောင်ဖန်ကူ၏ စိတ်ဓာတ်ကိုတော့ အနည်းငယ် ချီးကျူးရပေလိမ့်မည်။

လွင့်မျောနေသော တောင်ထိပ် ပေါ်ဝယ်။

ယဲ့ဖုန်းသည် သမ်းဝေလိုက်ရင်း တီးတိုး ရေရွတ်လိုက်၏။

"ထင်တဲ့အတိုင်းပဲ"

ထိုအခါ၊ ရှင်းကွမ်ရွှမ်လည်း ပခုံးတွန့်လိုက်ရင်း

ဆိုလိုက်သည်။

"ရှောင်ဖန်ကူ က အရင်ကထက် အများကြီး အစွမ်းထက်လာပြီ ထင်နေတာ... နောက်ဆုံးတော့လည်း ဒီလောက်လေးပဲကိုး ၊ ဒါပေမဲ့ သူက ဓားဆွဲထုတ်ခြင်း နည်းစနစ် ကို သင်ယူတတ်မြောက်သွားတာကတော့ အတော်လေး အံ့သြဖို့ ကောင်းတယ်ဗျ"

"ဘာပဲဖြစ်ဖြစ်... သူ့ရဲ့ စွမ်းအားက ကျွန်မတို့ နှစ်ယောက်စလုံးထက်တော့ သာနေတာပဲလေ... သူက တကယ်ကို သန်မာပါတယ်" ဟု ပိုင်ဟွာရှောင် က ဝင်ပြောလိုက်သည်။

"ဒါလည်း ဟုတ်တာပါပဲ" ရှင်းကွမ်ရွှမ် က ခေါင်းညိတ် ထောက်ခံလိုက်၏။

ယဲ့ဖုန်း ပေးအပ်ခဲ့သော သွေးကြော ပြန်လည် နုပျိုခြင်း ဆေးလုံး ကြောင့်... ရှင်းကွမ်ရွှမ်သည် ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် သို့ အစောကြီးကတည်းက တက်လှမ်းနိုင်ခဲ့ပြီး... မကြာမီမှာပင် ပိုင်ဟွာရှောင် လည်း အဆင့်ချိုးဖျက်နိုင်ခဲ့ တော့၏။

ထို့နောက်တွင် သူတို့နှစ်ဦးစလုံးမှာ ကောင်းကင် နှင်းရည် ကြောင့် သူတို့၏ ကျင့်ကြံခြင်းအဆင့်များ သိသိသာသာ တိုးတက်လာခဲ့ကြသည်။

ယနေ့အချိန်အထိဆိုလျှင် ရှင်းကွမ်ရွှမ်သည် ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် တတိယအလွှာ သို့ ရောက်ရှိနေပြီ ဖြစ်၏။

ပိုင်ဟွာရှောင် မှာမူ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ဒုတိယအလွှာ အထွတ်အထိပ် တွင် ရှိနေသည်။

"ကောင်းပြီလေ... ကျုပ်တို့လည်း ထမင်းမစားရသေးဘူးဆိုတော့... ဒီနေ့ ဂိုဏ်းချုပ်ယဲ့ က ဒကာခံမယ်ဗျာ။ ခင်ဗျားတို့ ဇနီးမောင်နှံလည်း ဒီမှာ ထမင်းစားပြီးမှ ပြန်ကြပါလား" ယဲ့ဖုန်းသည် မတ်တတ်ရပ်ကာ ထိုဇနီးမောင်နှံအား ဖိတ်ခေါ်လိုက်၏။

"ဒါဆိုရင်လည်း... ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ယဲ့" ရှင်းကွမ်ရွှမ် နှင့် ပိုင်ဟွာရှောင် တို့မှာ အလျင်အမြန်ပင် ဦးညွှတ်၍ ကျေးဇူးတင်စကား ဆိုလိုက်ကြသည်။

သူတို့သာ အရင်ကတည်းက ယဲ့ဖုန်း နှင့် ခင်မင်ရင်းနှီးမှု မရှိခဲ့ပါက... ယခုအချိန်တွင် ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ရှိသူ တစ်ယောက်အနေဖြင့် ယဲ့ဖုန်း နှင့်အတူ စားပွဲတစ်ဝိုင်းတည်း ထိုင်ခွင့်ရရန် ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်သည် မဟုတ်ပါလား။

ဤသို့ တွေးမိသည်နှင့် ဇနီးမောင်နှံ နှစ်ဦးစလုံးမှာ ရွှေအိုးကြီး ကောက်ရလိုက်သကဲ့သို့ ဝမ်းသာပီတိ ဖြစ်နေကြလေတော့သည်။

...

ရှောင်ဖန်ကူသည် ရူးသွပ်စွာ ပျံသန်းနေ၏။

သူသည် သူ၏ ပင်ပန်းနွမ်းနယ်မှုများကို လျစ်လျူရှုကာ အသည်းအသန် ဆက်လက် ပျံသန်းနေခဲ့၏။

နောက်ဆုံးတွင်မူ ရှောင်ဖန်ကူသည် အားအင်ကုန်ခမ်းကာ လေထဲမှ ပြုတ်ကျသွားခဲ့လေတော့သည်။

သူသည် မီတာ ဒါဇင်ပေါင်းများစွာ အမြင့်မှနေ၍ တောင်ကြားတစ်ခု၏ အလယ်ဗဟိုသို့ တိုက်ရိုက် ကျဆင်းသွားခဲ့၏။... အသစ်စက်စက် ဆောက်လုပ်ထားသော သစ်သားအိမ်လေး တစ်လုံးကို ဖြိုခွဲကာ တွင်းနက်ကြီး တစ်ခု၏ အလယ်ဗဟိုတွင် ပက်လက်လန်လျက် အမောတကော အသက်ရှူနေရလေတော့သည်။

"ဘယ်က မျက်လုံးမပါတဲ့ သူတောင်းစားက ငါ အသစ်ဆောက်ထားတဲ့ အိမ်လေးကို လာဖျက်ဆီးရတာလဲကွ" ဒေါသတကြီး ဆဲရေးတိုင်းထွာသံ တစ်သံ ထွက်ပေါ်လာခဲ့ တော့၏။

ရှောင်ဖန်ကူသည် ချောင်းဆိုးလိုက်ရင်း မှုန်ဝါးနေသော မျက်လုံးများကို ဖွင့်ကာ ခြေသံလာရာဆီသို့ လှမ်းကြည့်လိုက်၏ယငည်။ ထိုအခါ အသက်လတ်ပိုင်း အရွယ်၊ ထိပ်ပြောင်ပြောင်နှင့် ဗိုက်ရွှဲရွှဲ ဦးလေးကြီး တစ်ယောက်မှာ ဒေါသထွက်နေသော မျက်နှာထားဖြင့် သူ၏ ရှေ့တွင် ပေါ်လာသည်ကို တွေ့လိုက်ရ၏။

"ဟင်... ရှောင်ဖန်ကူ"

ကျူးယောင်ဖူ သည် တွင်းထဲရှိ လူကို မြင်လိုက်ရသည့်အခါ အံ့သြတကြီး ရပ်တန့်သွားပြီးနောက် အော်ဟစ်လိုက်သည်။

"ခင်ဗျား... ခင်ဗျားက ကျွန်တော့်ကို သိလို့လား"

ရှောင်ဖန်ကူသည် ထိုဗိုက်ရွှဲရွှဲ ဦးလေးကြီး၏ မျက်နှာကို သေသေချာချာ ကြည့်လိုက်သော်လည်း လုံးဝ မရင်းနှီးသလို တစ်ခါမျှလည်း မမြင်ဖူးကြောင်း တွေ့ရှိလိုက်ရလေ၏။

All Chapters