အခန်း (၄၇၈-၄၈၀)
Vol. 32 Ch. 478-480
အခန်း (၄၇၈) - ထျန်းကျီ စံအိမ် တည်ထောင်ခြင်း နှင့် လူနှစ်ယောက်၏ ကြီးမားလှသော ရည်မှန်းချက်
~“မင်းကို ငါ သေချာပေါက် မှတ်မိတာပေါ့ကွ”
ကျူးယောင်ဖူ သည် တွင်းနက်ကြီးထဲရှိ ရှောင်ဖန်ကူကို ငုံ့ကြည့်ရင်း ပြောလိုက်၏။ သူသည် ဤလူငယ်နှင့် မြူခိုးဂိုဏ်း တို့ကြားရှိ ပွတ်တိုက်မှုများကို ကောင်းစွာ သိရှိထားသူ ဖြစ်သည်။
ထို့ကြောင့်ပင် သူ၏ ရင်ထဲရှိ သတ်ဖြတ်လိုသော အငြိုးအာဃာတများမှာ တဖြည်းဖြည်း လျော့ကျသွားခဲ့ တော့၏။
“ဦးလေး... ကျွန်တော်တို့ အရင်က တွေ့ဖူးလို့လား”
ရှောင်ဖန်ကူသည် တွင်းထဲမှ မနည်း ကုတ်ကပ် ထလာပြီး သူ၏ ရှေ့ရှိ ဗိုက်ရွှဲရွှဲ ဦးလေးကြီးကို သေချာ ကြည့်လိုက်သော်လည်း လုံးဝ မရင်းနှီးကြောင်းသာ ထပ်မံ အတည်ပြုလိုက်နိုင်၏။
“ဦးလေး...”
ဝိညာဉ်နှုတ် ဆရာသခင် ကျူးယောင်ဖူ မှာ ဒေါသကြောင့် အံပင် ကြိတ်မိသွားသည်။
သို့သော်ငြား... သူသည် မူလကတည်းက အဘိုးအို တစ်ဦး ဖြစ်ပြီး အသွင်ပြောင်းပြီးနောက်တွင်မှ ဤကဲ့သို့သော ရုပ်ရည်မျိုး ဖြစ်လာခဲ့ခြင်း ဖြစ်ရာ... ‘ဦးလေး’ ဟု အခေါ်ခံရခြင်းမှာလည်း သိပ်တော့ ပြဿနာ မရှိလှဟု တွေးတောကာ စိတ်ကို ပြန်လည် လျှော့ချလိုက်၏။
“ဦးလေး... ဦးလေးရဲ့ သစ်သားအိမ်လေးကို ဖျက်ဆီးမိတဲ့အတွက် ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော် အခုပဲ လျော်ကြေး ပေးပါ့မယ်”
ရှောင်ဖန်ကူသည် သူ၏ ကိုယ်ပေါ်တွင် စမ်းသပ်ရှာဖွေလိုက်ပြီး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ဆယ်တုံးကို ထုတ်ပေးလိုက်သည်။
“ဝိညာဉ်ကျောက်တုံး ဆယ်တုံး တဲ့လား...”
ကျူးယောင်ဖူ မျက်လုံးလန်သွားရ၏။
သစ်သားအိမ် တစ်လုံး၏ တန်ဖိုးမှာ ငွေဒင်္ဂါး အနည်းငယ်မျှသာ ရှိပြီး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ဝက်ဖိုးပင် မတန်သည်မှာ အမှန်ပင်။
သို့သော်လည်း ကျူးယောင်ဖူ မကျေမနပ် ဖြစ်နေရခြင်း၏ အကြောင်းရင်းမှာ ထိုအရာ မဟုတ်ပေ။
အကြောင်းမူကား ဤအိမ်လေးမှာ သူကိုယ်တိုင် လက်ဖြင့် သေသေချာချာ ဆောက်လုပ်ထားသော အိမ်လေး ဖြစ်နေသောကြောင့်ပင်။
“မင်း.. ဝိညာဉ်နှုတ် ဆရာသခင် ကို သိလား”
ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ကျူးယောင်ဖူ က ရုတ်တရက် မေးလိုက်၏။
“ဝိညာဉ်နှုတ် ဆရာသခင် ဟုတ်လား...”
ရှောင်ဖန်ကူ ခေတ္တမျှ စဉ်းစားလိုက်ပြီး -
“သိတာပေါ့... အဲဒီလူက ရေပေါ်ဖြူ မြို့တော် မှာ လူပုံအလယ်ကြီး.. ယဲ့ဖုန်း ရဲ့ လက်ချက်နဲ့ အသတ်ခံလိုက်ရတာ မဟုတ်ဘူးလား”
ထိုစကားကို ကြားလိုက်ရသည့်အခါ ကျူးယောင်ဖူ မှာ ဒေါသတကြီး ခုန်ပေါက်သွားလေတော့သည်။
“ခွေးကောင် ယဲ့ဖုန်း... အဲဒီကောင်ကို တွေးမိတိုင်း ဒေါသထွက်လွန်းလို့ သေတော့မယ်”
ကျူးယောင်ဖူ သည် နေရာတွင် လူးလာခေါက်တုံ့ လျှောက်လှမ်းရင်း တတွတ်တွတ် ကျိန်ဆဲနေမိ၏။
အကယ်၍သာ သူ၏ ဘဝကို ဖျက်ဆီးမည့် ယဲ့ဖုန်း နှင့်သာ မတွေ့ခဲ့ရပါက... သူသည် ကြီးမားလှသော အောင်မြင်မှုများကို သေချာပေါက် ရရှိနေလောက်ပြီ ဖြစ်သည်။
ကံမကောင်းစွာဖြင့်... ကံကြမ္မာက သူ၏ ဆန္ဒများကို မျက်ကွယ်ပြုခဲ့၏။
မြူခိုးဂိုဏ်း ၏ အဟုန်ပြင်းလှသော တက်လမ်းနှင့်အတူ ဝိညာဉ်ဖမ်းဆီးရေး ဂိုဏ်းကြီး ပျက်စီးသွားခဲ့ရပြီး သူ၏ အစီအစဉ်များ အားလုံးမှာလည်း သဲထဲရေသွန်သကဲ့သို့ အချည်းနှီး ဖြစ်သွားခဲ့ရသည်။
“ငါဟာ... ဝိညာဉ်နှုတ် ဆရာသခင် ပဲကွ”
ကျူးယောင်ဖူ သည် သွားကို တင်းတင်းကြိတ်ကာ ရှောင်ဖန်ကူအား ဒေါသတကြီး စိုက်ကြည့်ရင်း အော်ဟစ်လိုက်၏။
သူ၏ မျက်ဝန်းများတွင် အန္တရာယ်များသော အလင်းတန်းများ တဖျပ်ဖျပ် လက်နေသည်။
အကယ်၍ ရှောင်ဖန်ကူ၏ တုံ့ပြန်မှုကသာ သူ လိုချင်သည့်အတိုင်း မဖြစ်လာပါက... သူသည် ဤနေရာတွင်ပင် ရှောင်ဖန်ကူကို ချက်ချင်း အဆုံးစီရင်ပစ်လိုက်မည် ဖြစ်သည်။
“ခင်ဗျားက ဝိညာဉ်နှုတ် ဆရာသခင် တဲ့လား...”
ရှောင်ဖန်ကူသည် အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်မိ၏။
“ဒါကြောင့်မလို့ ကျွန်တော့်ကို ဝိညာဉ်နှုတ် ဆရာသခင် အကြောင်း မေးနေတာကိုး ဒါပေမဲ့ ခင်ဗျားရဲ့ လျှို့ဝှက်ချက်ကို ကျွန်တော့်ကို ပြောပြလိုက်ပြီဆိုတော့... ကျွန်တော်က ယဲ့ဖုန်း ဆီ သွားပြီး သတင်းပေးလိုက်မှာကို မကြောက်ဘူးလားဗျ”
ကျူးယောင်ဖူ သည် မကောင်းဆိုးဝါးဆန်ဆန် ပြုံးလိုက်ရင်း -
“ငါက မင်းကို သတင်းသွားပေးဖို့ အခွင့်အရေး ပေးမယ်လို့ မင်း ထင်နေတာလား။ အဲဒီလိုဆိုရင် ငါ့ရဲ့ ဖြစ်တည်မှုအမှန်ကို မင်းကို ဘာလို့ ပြောပြနေမှာလဲကွ”
“ဟား.. ဟား.. ဟား..”
ရုတ်တရက် ရှောင်ဖန်ကူသည် အားပါတရ ရယ်ချလိုက်၏။
သူသည် မတ်တတ်ရပ်ကာ သူ၏ ဓားကို အားပြုလျက် ဆိုလိုက်သည်။
“ဒါပေမဲ့ ကျွန်တော်ကလည်း ယဲ့ဖုန်း ကိုရော... မြူခိုးဂိုဏ်း တစ်ခုလုံးကိုရော အငြိုးရှိနေတဲ့သူလေ။ ခင်ဗျားက ဝိညာဉ်နှုတ် ဆရာသခင် မှန်း သိနေရင်တောင်... ကျွန်တော်က သူတို့ကို သွားပြောမှာ မဟုတ်ပါဘူးဗျာ”“ဒါဆို... မင်းက ဘာလုပ်ဖို့ ရည်ရွယ်ထားသလဲ”
ကျူးယောင်ဖူ သည် သူ ကြားချင်သော အဖြေကို ကြားလိုက်ရသဖြင့် အလွန်အမင်း ကျေနပ်သွား၏။
“ကျွန်တော် ဘာမှ မသိသလိုပဲ ဟန်ဆောင်နေလိုက်မယ်... ပြီးရင် ချင်းယွင်ဂိုဏ်း ကို ပြန်သွားပြီး ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းကိုပဲ အသည်းအသန် ဆက်လုပ်နေတော့မယ်” ဟု ရှောင်ဖန်ကူက လေးနက်စွာ ပြောလိုက်၏။
“ဒါဆိုရင်တော့... မင်း ငါနဲ့ ပူးပေါင်းလိုက်တာ ပိုကောင်းမယ်ကွ”
ကျူးယောင်ဖူ သည် ရှောင်ဖန်ကူကို အကဲခတ်လိုက်ပြီးနောက်... ရုတ်တရက် လှုပ်ရှားလိုက်သည်။
“ဝှစ်”
ကျူးယောင်ဖူ သည် ရှောင်ဖန်ကူ၏ အရှေ့သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားပြီး... သူ၏ လက်ကို ဆန့်ထုတ်ကာ မိစ္ဆာချီများဖြင့် ဖွဲ့စည်းထားသော အစီအရင် တံဆိပ်တစ်ခုကို ရှောင်ဖန်ကူ၏ နဖူးပေါ်သို့ ရိုက်သွင်းလိုက်လေတော့သည်။
“အား... ဘာ... ဘာလုပ်တာလဲဗျ...”
ထိုအစီအရင် တံဆိပ်မှာ သူ၏ အသိစိတ် ပင်လယ်အတွင်းသို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက်... ရှောင်ဖန်ကူသည် သူ၏ ဝိညာဉ်ကို သံမှိုဖြင့် ရိုက်နှက်ခံလိုက်ရသကဲ့သို့ ပြင်းထန်လှသော နာကျင်မှုကို ခံစားလိုက်ရပြီး တစ်ကိုယ်လုံး လူးလှိမ့်နေရရှာသည်။
“ဒါက မိစ္ဆာချီ အစီအရင် တံဆိပ် လို့ ခေါ်တယ်။ မင်းသာ ငါ့ကို ဆန့်ကျင်ဖို့ ကြိုးစားရင်... ဒီတံဆိပ်ကို ငါ ဖောက်ခွဲပစ်လိုက်မှာပဲ... အဲဒီအခါကျရင် မင်းရဲ့ ဝိညာဉ်က လေထဲမှာ တစ်စစီ လွင့်စင်သွားလိမ့်မယ်ကွ”
ကျူးယောင်ဖူ က ရွံရှာဖွယ်ကောင်းအောင် ရယ်လျက် ပြောလိုက်သည်။
“ခင်ဗျား ဘာလုပ်ချင်နေတာလဲ...” ရှောင်ဖန်ကူ၏ မျက်နှာမှာ ညှိုးငယ်သွားရသည်။
သူ၏ ရှေ့ရှိ ဗိုက်ရွှဲရွှဲ ဦးလေးကြီးမှာ ဝိညာဉ်နှုတ် ဆရာသခင် ဖြစ်ကြောင်း သိလိုက်ရကတည်းက သူ သတိထားနေခဲ့သော်ငြား... သူ၏ အစစ်အမှန်ယွမ်များမှာ ကုန်ခမ်းနေပြီ ဖြစ်ရာ ခုခံရန် လုံးဝ အင်အား မရှိတော့ချေ။
“ငါတို့ ထျန်းကျီ စံအိမ် ရဲ့ အဖွဲ့ဝင် တစ်ယောက် ဖြစ်လာဖို့ပေါ့”
ကျူးယောင်ဖူ သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် အဝေးရှိ ကောင်းကင်ယံကို မော့ကြည့်ကာ ခန့်ညားလှသော လေသံကြီးဖြင့် ကြေညာလိုက်၏။
“ထျန်းကျီ စံအိမ် ဟုတ်လား...” ရှောင်ဖန်ကူမှာ အစပိုင်းတွင် နားမလည်နိုင်အောင် ဖြစ်သွားရရှာသည်။
“မှန်တယ်” ကျူးယောင်ဖူ ခေါင်းညိတ်လိုက်၏။
“အဲဒီ ထျန်းကျီ စံအိမ် ဆိုတာ ဘယ်လို အင်အားစုမျိုးလဲဗျ” ရှောင်ဖန်ကူက မေးမြန်းလိုက်သည်။
“ဒါဟာ အရာရာတိုင်းကို တွက်ချက် ဟောကိန်းထုတ်ပြီး အခွင့်အရေးတွေကို ရယူဖို့အတွက် ငါ... ဝိညာဉ်နှုတ် ဆရာသခင် ကိုယ်တိုင် တည်ထောင်ထားတဲ့ လျှို့ဝှက် မြေအောက် အင်အားစု တစ်ခုပဲ။ အခုလောလောဆယ်မှာတော့ ငါက ထျန်းကျီ စံအိမ် ရဲ့ အဆောင်တော်သခင် ပေါ့။ မင်းကတော့... တာဝန်ခံ နေရာလောက်တော့ ရနိုင်ပါတယ်လေ”
ကျူးယောင်ဖူ သည် ရှောင်ဖန်ကူဘက်သို့ လှည့်ကြည့်ကာ ခပ်အေးအေးပင် ဆိုလိုက်၏။
ရှောင်ဖန်ကူ၏ နှုတ်ခမ်းများ တွန့်သွားရသည်။
“ကျွန်တော် ရယ်လိုက်ရမလားဗျာ...”
“ဘာလဲ... မင်းက ငါ့ကို အထင်သေးနေတာလား”
ကျူးယောင်ဖူ က လှောင်ပြောင်လိုက်ရင်း -
“ကောင်းပြီလေ... တကယ့် စစ်မှန်တဲ့ ဟောကိန်းထုတ် တွက်ချက်ခြင်း နည်းစနစ် ဆိုတာ ဘယ်လိုမျိုးလဲ မင်းကို ပြရသေးတာပေါ့”
သူသည် လက်ဖြင့် မန္တန် လက်ဟန်များကို အလျင်အမြန် ဖော်လိုက်သည်။... မိစ္ဆာချီ ဒါဇင်ပေါင်းများစွာကို အသုံးပြုကာ လာမည့် သုံးရက်အတွင်း ဤအနီးအနားတွင် ပေါ်ပေါက်လာမည့် အခွင့်အရေး တစ်ခုကို တွက်ချက် ဟောကိန်းထုတ်ပြလိုက်၏။
မိစ္ဆာချီ များဖြင့် ဖွဲ့စည်းထားသော ပုံရိပ်ယောင်ကို ကြည့်ရင်း... ရှောင်ဖန်ကူ၏ မျက်လုံးများမှာ မှေးကျဉ်းသွားခဲ့ရသည်။
ဤအရာမှာ အလွန်တရာ လျှို့ဝှက်ဆန်းကြယ်ကြောင်း သူ ခံစားလိုက်ရသည်။
“ဒီည... ဒီနေရာကနေ အရှေ့မြောက်ဘက် မိုင်သုံးရာ အကွာမှာ အခွင့်အရေးတစ်ခု ပေါ်လာလိမ့်မယ်။ အံ့ဖွယ် ပန်းတစ်ပွင့် ရင့်မှည့်လာတော့မှာပဲ... အဲဒီပန်းကို စားလိုက်ရင် မင်း ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် တတိယအလွှာ ကို ချက်ချင်း တက်လှမ်းနိုင်လိမ့်မယ်”
ကျူးယောင်ဖူ သည် ပုံရိပ်ယောင်ကို ဖျက်ဆီးပစ်လိုက်ပြီး လက်ကို နောက်ပစ်ကာ တည်ငြိမ်စွာ ပြောလိုက်၏။
ရှောင်ဖန်ကူ မျက်မှောင်ကြုတ်သွားခဲ့ တော့သည်။ ဒါကြီးက လုံးဝ ယုံကြည်နိုင်စရာ မရှိဟု သူ ထင်နေမိ၏။
ဒီလောကကြီးမှာ... တကယ်ပဲ ဒီလောက်အထိ အစွမ်းထက်တဲ့ ဟောကိန်းထုတ် တွက်ချက်ခြင်း နည်းစနစ် မျိုး ရှိနိုင်ပါ့မလား။
“မင်း မယုံဘူးဆိုရင်... ဒီည ငါနဲ့အတူ အဲဒီနေရာကို လိုက်ခဲ့စမ်းပါ။ မင်းကို နေရာမှာတင် ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် တတိယအလွှာ သို့ ရောက်အောင် ငါ လုပ်ပေးမယ်” ကျူးယောင်ဖူ က ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်၏။
အဆက်မပြတ် တွက်ချက် ဟောကိန်းထုတ်မှုများကြောင့် သူသည် အကြီးစား ကံကောင်းမှုများကို ရရှိခဲ့ပြီး... ယခုအခါ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ပဉ္စမအလွှာ အထွတ်အထိပ် သို့ပင် တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
“ဒီတစ်ကြိမ်တော့ ခင်ဗျားကို ကျွန်တော် ယုံလိုက်ပါ့မယ်” ရှောင်ဖန်ကူက ဆုံးဖြတ်လိုက်၏။
မည်သို့ပင်ဖြစ်စေ သူသည် ဝိညာဉ်နှုတ် ဆရာသခင် ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိနေပြီဖြစ်ရာ စမ်းကြည့်လိုက်ခြင်းက အဆိုးတော့ မဟုတ်ပေ။
အကယ်၍ ဝိညာဉ်နှုတ် ဆရာသခင် က တကယ်ပဲ အရာရာကို ဟောကိန်းထုတ် တွက်ချက်နိုင်စွမ်း ရှိနေမည်ဆိုပါက... သူ့နောက်ကို လိုက်သွားခြင်းက ချင်းယွင်ဂိုဏ်း တွင် ဆက်နေခြင်းထက် အများကြီး ပိုကောင်းပေလိမ့်မည်။
“ဟင်... ခင်ဗျားရဲ့ ဆံပင်တွေ ဘာလို့ ကျွတ်ကျနေတာလဲဗျ...”
ထိုအခိုက်အတန့်တွင် လေပြင်းတစ်ချက် တိုက်ခတ်သွားသည်နှင့်အတူ... ဝိညာဉ်နှုတ် ဆရာသခင် ၏ ခေါင်းပေါ်မှ ဆံပင်ရှည် ဒါဇင်ပေါင်းများစွာ ကျွတ်ကျလာသည်ကို ရှောင်ဖန်ကူ သတိထားမိလိုက်၏။
“လန့်မနေပါနဲ့... ဒါ ပုံမှန်ပါပဲကွ”
ကျူးယောင်ဖူ မှာ ဤအခြေအနေကို ကျင့်သားရနေပြီ ဖြစ်ရာ... ကျွတ်ကျသွားသော ဆံပင်များကို အေးဆေးစွာ ကောက်ယူလိုက်ပြီး မိုင်သုံးရာ အကွာရှိ ခရီးစဉ်ပန်းတိုင်ကို လက်ညှိုးညွှန်ပြလျက် ဆိုလိုက်သည်။
“သွားကြစို့... အဲဒီနေရာမှာ ကြိုပြီး နေရာယူထားရအောင်”
“ကျွန်တော့်ရဲ့ အစစ်အမှန်ယွမ်တွေကို အရင် ပြန်လည် ဖြည့်တင်းပါရစေဦး”
ရှောင်ဖန်ကူသည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များကို စတင် စုပ်ယူလေတော့၏။
...
ညအမှောင်ထု လွှမ်းခြုံလာသောအခါ...
ရှောင်ဖန်ကူ နှင့် ကျူးယောင်ဖူ တို့သည် ယှဉ်တွဲလျက် ပျံသန်းလာခဲ့ကြ၏။
“အခု ငါ့နာမည်က ကျူးယောင်ဖူ ပဲ... ဝိညာဉ်နှုတ် ဆရာသခင် မဟုတ်တော့ဘူး။ မှတ်ထား... ဝိညာဉ်နှုတ် ဆရာသခင် ဆိုတဲ့ကောင်က သေသွားပြီ။ အခုချိန်မှာ ထျန်းကျီ စံအိမ် ရဲ့ အဆောင်တော်သခင် ကျူးယောင်ဖူ နဲ့ တာဝန်ခံ ရှောင်ဖန်ကူ ဆိုတာပဲ ရှိတော့တယ်”
ကျူးယောင်ဖူ သည် ပျံသန်းနေစဉ်အတွင်း ရှောင်ဖန်ကူအား သတိပေးလိုက်၏။
“နားလည်ပါပြီ” ရှောင်ဖန်ကူ ခေါင်းညိတ်လိုက်သည်။
သူတို့နှစ်ဦးသည် မကြာမီမှာပင် ခရီးစဉ်ပန်းတိုင်သို့ ရောက်ရှိလာခဲ့ကြ၏။
ထိုနေရာမှာ တောင်ကြားတစ်ခု ဖြစ်သည်။
တောင်ကြားအတွင်းရှိ ဝိညာဉ်မြေဆီလွှာ တစ်ကွက်တွင် အနီ၊ အပြာ နှင့် အဖြူရောင် သုံးရောင်ခြယ် ပန်းတစ်ပွင့် ပေါက်ရောက်နေပြီး ၎င်းမှာ လရောင်စွမ်းအား များကို အဆက်မပြတ် စုပ်ယူကာ ရင့်မှည့်လာရန် ပြင်ဆင်နေ၏။
ထိုပန်း၏ ပတ်ပတ်လည်တွင်မူ အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ် သုံးကောင် ဝပ်တွားနေကြသည်။
သူတို့သည် ထိုပန်းကို အလွန် လိုချင်တပ်မက်နေကြ၏။
သို့သော်ငြား အံ့ဖွယ် ပန်းလေးမှာ အပြည့်အဝ မရင့်မှည့်သေးသဖြင့်... သူတို့သည် အချင်းချင်း တိုက်ခိုက်ပြီး အင်အား မဖြုန်းတီးလိုကြသေးပေ။
သန်းခေါင်ယံ အချိန်... လရောင်စွမ်းအား အပြင်းထန်ဆုံး အချိန်သို့ ရောက်ရှိလာခဲ့ တော့၏။
“ဝှစ်”
အံ့ဖွယ် ပန်းလေးမှာ စတင် တုန်ခါလာပြီး ကြီးမားလှသော လရောင်စွမ်းအားများမှာ ၎င်း၏ ပွင့်ဖတ်များအတွင်းသို့ စိမ့်ဝင်သွားခဲ့ရာ... နောက်ဆုံးတွင် အပြည့်အဝ ရင့်မှည့်သွားခဲ့ပြီး မွှေးကြိုင်လှသော ရနံ့များကို ထုတ်လွှတ်လိုက်လေတော့သည်။
“ဝုန်း”
နတ်ဆိုးဗိုလ်ချုပ် သုံးကောင်စလုံး ချက်ချင်းပင် အပြိုင်အဆိုင် ခုန်အုပ်လိုက်ကြ၏။
သို့သော် ကောင်းကင်ယံမှနေ၍ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြီးတစ်ခု ကျဆင်းလာပြီး ၎င်းတို့ကို မြေပြင်ပေါ်သို့ ဖိချထားလိုက်သည်။
ကျူးယောင်ဖူ သည် အံ့ဖွယ် ပန်းလေးကို ညွှန်ပြကာ သူ၏ ဘေးရှိ ရှောင်ဖန်ကူအား
အမိန့်ပေးလိုက်၏။
“စားလိုက်စမ်း... မင်း ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် တတိယအလွှာ ကို ချက်ချင်း ရောက်သွားလိမ့်မယ်”
“ဟုတ်ကဲ့ပါဗျာ...”
ရှောင်ဖန်ကူသည် တုံ့ဆိုင်းမနေတော့ဘဲ ညွှန်ကြားချက်အတိုင်း ချက်ချင်း လုပ်ဆောင်လိုက်သည်။
အံ့ဖွယ် ပန်းလေးမှာ သူ၏ ဗိုက်ထဲသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက်... ကြီးမားလှသော စွမ်းအားများ ပြည့်နှက်လာသည်ကို သူ ခံစားလိုက်ရသည်။
ရှောင်ဖန်ကူ..မြေပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်ကာ ..လက်ရှိ အဆင့်ကို ချိုးဖြတ်ရန် စတင် ပြင်ဆင်လေတော့၏။
ကြီးမားကျယ်ပြန့်ပြီး သန့်စင်လှသော လရောင်စွမ်းအား များမှာ သူ၏ ခြေလက်များနှင့် အရိုးများကို သန့်စင်ပေးကာ ကျင့်ကြံခြင်း အဟန့်အတားကို အားနည်းသွားစေခဲ့သည်။
“ဘုန်း”
နာရီဝက်ပင် မပြည့်မီ အချိန်အတွင်းမှာပင်... ရှောင်ဖန်ကူသည် ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် တတိယအလွှာ သို့ အမှန်တကယ်ပင် ရောက်ရှိသွားခဲ့ တော့၏။ သူသည် အလွန်အမင်း ဝမ်းသာသွားပြီး သူ၏ ကျင့်ကြံခြင်းအဆင့်ကို အမြန်ဆုံး ခိုင်မာအောင် လုပ်ဆောင်လိုက်သည်။
ဤလုပ်ငန်းစဉ်အတွင်း၌ ကျူးယောင်ဖူ သည် နတ်ဆိုးဗိုလ်ချုပ် သုံးကောင်ကို ဝိညာဉ်ချေမှုန်းရေး ပြုလုပ်ခဲ့ပြီး... ရွှေရောင် အိုး တစ်လုံးအတွင်း၌ ချုပ်နှောင်ကာ သူ၏ မိစ္ဆာချီ များအတွက် အရင်းအမြစ်အဖြစ် အသုံးပြုရန် စီစဉ်ပြီးဖြစ်၏။
*
ညဥ့်နက်ချိန်ဝယ်...
ရှောင်ဖန်ကူ နှင့် ကျူးယောင်ဖူ တို့သည် တောင်ထိပ်ပေါ်တွင် ယှဉ်တွဲလျက် ရပ်နေကြသည်။
“ဘယ်လိုနေလဲ...” ကျူးယောင်ဖူ က ပြုံးလျက် မေးလိုက်၏။
“ဒီလို ပိုပြီး သန်မာလာတဲ့ ခံစားချက်က တကယ့်ကို အံ့သြဖို့ ကောင်းတာပဲ... ကျွန်တော်တော့ စွဲလမ်းသွားပြီဗျာ”
ရှောင်ဖန်ကူသည် နှုတ်ခမ်းကို သပ်လိုက်ရင်း... သူ၏ မျက်ဝန်းများတွင် စိတ်လှုပ်ရှားမှုများ အပြည့်အဝ ထင်ဟပ်နေသည်။
“ဒီနေ့ကစပြီး... မင်းဟာ ထျန်းကျီ စံအိမ် ရဲ့ အတွင်းစည်း တာဝန်ခံ တစ်ယောက် တရားဝင် ဖြစ်သွားပြီ။ ငါတို့ နှစ်ယောက်သာ ပူးပေါင်းလိုက်မယ်ဆိုရင်... အင်အားစု ထောင်သောင်းချီကို သေချာပေါက် သုတ်သင်ရှင်းလင်းပစ်နိုင်မှာပဲ။ အဲဒီအချိန်ကျရင်... မြူခိုးဂိုဏ်း ပဲ ဖြစ်ဖြစ်၊ ခရိုင်ဘုရင်မြို့တော် ပဲ ဖြစ်ဖြစ်၊ နန်းမြို့တော် ပဲ ဖြစ်ဖြစ်... အကုန်လုံး ငါတို့ ခြေရင်းမှာ အပျက်အစီးတွေပဲ ဖြစ်သွားစေရမယ်ကွ”
ကျူးယောင်ဖူ က မကောင်းဆိုးဝါးဆန်ဆန် ရယ်လျက် ကြေညာလိုက်လေသည်။
အခန်း (၄၇၉) - ဘိုးဘေး လင်မြောင် ၏ အရေးပါမှု၊ ဧရာမ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကြီး
~ထိုစကားများကြောင့် ရှောင်ဖန်ကူ၏ တစ်ကိုယ်လုံး တုန်ရီသွားခဲ့သည်။
သူသည် ခေါင်းကို မော့ကာ မြူခိုးဂိုဏ်း ရှိရာ အရပ်ဆီသို့ စူးရဲစွာ စိုက်ကြည့်လိုက်သည်။ ဟိုယွင်ကျဲ၏ လက်ချက်ဖြင့် လူပုံအလယ်တွင် နှစ်ကြိမ်တိုင်တိုင် အရှက်တကွဲ အရေးနိမ့်ခဲ့ရသည်ကို ပြန်လည် တွေးတောမိတိုင်း... သူ၏ မျက်ဝန်းများတွင် မုန်းတီးမှု အရိပ်အယောင်များ တဖျပ်ဖျပ် လက်လာခဲ့၏။
"မှန်တယ်... ကျွန်တော်က တခြားလူတွေထက် ပိုပြီး ကြီးမြတ်ချင်တာ ဒီလောကမှာ ရှိတဲ့ အင်အားစုတွေ အားလုံး... တစ်နေ့ကျရင် ကျွန်တော်တို့ ခြေရင်းမှာ ဒူးထောက်လာစေရမယ်"
ရှောင်ဖန်ကူသည် မှောင်မိုက်နေသော မျက်နှာထားဖြင့် အံကိုကြိတ်ကာ ကြေညာလိုက်၏။
သူသည် ယခင်ကလိုမျိုး အောက်ကျနောက်ကျ ဘဝမျိုးဖြင့် ဆက်လက် ရှင်သန်ချင်စိတ် မရှိတော့ချေ။
သူ အမြင့်ကို ပျံတက်ချင်သည်။
မဟာတန်ခိုးရှင် တစ်ဦး ဖြစ်ချင်သည်။
သူ့ကို စော်ကားခဲ့သူတွေကို ကလဲ့စားချေချင်သည်။
သူ့ကို အရှက်ခွဲခဲ့သူတိုင်းကို ခြေအောက်တွင် နင်းချေပြီး... သူ စိတ်ကြိုက် ညှဉ်းပန်း နှိပ်စက်ပစ်ချင်သည်။
ကျူးယောင်ဖူ သည် အမှောင်ထုဖုံးလွှမ်းလာသော ရှောင်ဖန်ကူကို ကြည့်ကာ... နှုတ်ခမ်းထောင့်များ မသိမသာ တွန့်ကွေးသွားပြီး ကျေနပ်အားရသော အပြုံးတစ်ခုကို ဖော်ပြလိုက်လေတော့၏။
...
မြူခိုးဂိုဏ်း။
ယဲ့ဖုန်းသည် စာရွက်စာတမ်းတစ်ခုကို ဖတ်ရှုနေ၏။
ဤသည်ကား ရေပေါ်ဖြူ မြို့တော် ၏ ဆယ်နှစ်တာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် ကုန်းချင်းချိုး ကိုယ်တိုင် ရေးဆွဲပြုစုထားသော အစီရင်ခံစာပင် ဖြစ်သည်။
"အင်း... အရမ်း ကောင်းတယ်... သေသေချာချာကို ရေးထားတာပဲ"
ယဲ့ဖုန်းသည် အကြံပြုချက်များကို အသေအချာ ဖတ်ရှုစစ်ဆေးလိုက်ရာ... ကုန်းချင်းချိုးသည် မြို့တော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစိတ်ကျသော စီမံချက်များကို ချမှတ်ထားကြောင်း တွေ့ရှိလိုက်ရ၏။
ဥပမာအားဖြင့်... လုပ်ငန်းကဏ္ဍ အသီးသီး၏ ဖွံ့ဖြိုးတိုးတက်မှုကို အလေးပေးထားခြင်း၊ အမျိုးသားနှင့် အမျိုးသမီး အချိုးအစား ညီမျှစေရန် ထိန်းညှိပေးပြီး လူပျိုကြီးတွေ အများကြီး မဖြစ်လာစေရန် ကာကွယ်ပေးခြင်း အစရှိသည်တို့ပင်။
သေချာသည်မှာ... မည်သူမျှ အလုပ်လက်မဲ့ မဖြစ်စေရန် အလုပ်အကိုင် အခွင့်အလမ်း သစ်များ ဖန်တီးပေးခြင်း၊ လူတိုင်း အလုပ်လုပ်ပြီး ဝင်ငွေရရှိစေရန် စီစဉ်ပေးခြင်းတို့ဖြင့် ရေပေါ်ဖြူ မြို့တော် ၏ တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှုကို အာမခံချက် ပေးထား၏။
ထို့အပြင် အခြားသော အကြံပြုချက်များစွာလည်း ပါဝင်နေသေး၏။
ယဲ့ဖုန်းသည် ၎င်းတို့ကို အကြမ်းဖျင်း ဖတ်ရှုပြီးနောက်... ကုန်းချင်းချိုး၏ အကြံဉာဏ်များမှာ အလွန်ကောင်းမွန်သည်ဟု ခံစားလိုရသည်။... လိုအပ်သော အချက်အနည်းငယ်ကိုသာ ပြင်ဆင် ဖြည့်စွက်ပေးလိုက်ပြီး သူမစိတ်ကြိုက် ဆက်လက် အကောင်အထည်ဖော်ရန် ခွင့်ပြုချက် ပေးလိုက်၏။
"ဟူး... တပည့်တွေ အကုန်လုံးက ဝိညာဉ်စွမ်းအင် စုစည်းခြင်း မျှော်စင် ထဲမှာပဲ သွားပြီး ကျင့်ကြံနေကြတော့... ကျင့်ကြံရေးမျှော်စင် ကို လာပြီး စိန်ခေါ်တဲ့သူ တော်တော်လေး နည်းသွားတာပဲ။ အဲဒီတော့... သူတို့တွေ အမွေခံတပည့် ဖြစ်လာဖို့ တိုးတက်မှုကလည်း နှေးသွားတာပေါ့"
ယဲ့ဖုန်းမှာ အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားရ၏။
လက်ရှိ အခြေအနေတွင် မိုယင်၊ ဟိုယွင်ကျဲ၊ လျန်ဝမ်ဖန်း၊ လျန်ဝမ်ရူ နှင့် လျန်ဝမ်ယွိ တို့သည် ကျင့်ကြံရေးမျှော်စင် ၏ သတ္တမအလွှာကို ဖြတ်ကျော်ပြီး ဖြစ်ကြ၏။
ပထမ နှစ်ယောက်မှာ အမွေခံတပည့်များ ဖြစ်နေကြပြီ ဖြစ်ပြီး... လျန်ညီအစ်မ သုံးဖော်သာ တာဝန် (၁၀) ခုကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်မည် ဆိုပါက သူတို့သည်လည်း အမွေခံတပည့် အဖြစ် တိုးမြှင့်ခံရရန် အရည်အချင်း ပြည့်မီသွားမည် ဖြစ်သည်။
ဤသို့ တွေးမိသည်နှင့် ယဲ့ဖုန်းသည် ကျားယွီလန်၊ ယန်ရူယွီ တို့နှင့်အတူ ပန်းစိုက်ပျိုးနည်း သင်ယူနေသော လျန်ဝမ်ဖန်း ထံသို့ အလျင်အမြန် သွားရောက်လိုက်၏။
"မင်းတို့ ညီအစ်မ သုံးယောက်အတွက် တာဝန်တစ်ခု ရှိတယ်"
ယဲ့ဖုန်းသည် လျန်ဝမ်ဖန်းကို မြင်သည်နှင့် တိုက်ရိုက်ပင် စကားစလိုက်သည်။
"မင်းတို့ သုံးယောက် အကြီးအကဲများ ခန်းမဆောင် ကို အမြန်ဆုံး သွားပြီး တာဝန် (၁၀) ခု ယူလိုက်ကြ။ ပြီးရင် အောင်မြင်အောင် ပြီးမြောက်အောင် လုပ်ပြီး... အမွေခံတပည့် ဖြစ်ဖို့ လိုအပ်ချက်တွေကို ပြည့်မီအောင် လုပ်ရမယ်"
"ဘာဖြစ်လို့လဲဟင်" လျန်ဝမ်ဖန်း က နားမလည်စွာဖြင့် မေးလိုက်၏။
"မင်းက ဝိညာဉ်ပင်လယ်အဆင့် ရှိတဲ့ နတ်ဆိုးဘုရင် တစ်ပါး ဖြစ်နေပြီကို... အခုထိ အပြင်စည်းတပည့် ဖြစ်နေတုန်းဆိုတော့ ကောင်းလို့လား။ ပြီးတော့ မင်းရဲ့ အစ်မ နှစ်ယောက်ကလည်း နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ် အဆင့်မှာ ရှိနေတာဆိုတော့... မြန်မြန်ဆန်ဆန် အမွေခံတပည့်တွေ ဖြစ်လာသင့်တာပေါ့"
ယဲ့ဖုန်းက ခပ်လွယ်လွယ်ပင် အကြောင်းပြချက် ပေးလိုက်သည်။
လျန်ဝမ်ဖန်းသည် ထိုစကားကို သဘောပေါက်သွားပြီး... လျန်ဝမ်ရူ နှင့် လျန်ဝမ်ယွိ တို့ကို ချက်ချင်း သွားရှတော့၏။.. သုံးယောက်သား အကြီးအကဲများ ခန်းမဆောင် သို့ တာဝန်ယူရန် အပြေးအလွှား ထွက်ခွာသွားကြလေတော့၏။
သူမတို့၏ ကျောပြင်များကို ကြည့်ရင်း ယဲ့ဖုန်းမှာ အလွန်ပင် ကျေနပ်အားရနေမိလေသည်။
"သိပ်ကောင်းတယ်... ဒါဆိုရင် အမွေခံတပည့် ငါးယောက် ရဖို့ တာဝန်က ပြီးသွားပြီပေါ့။ အတွင်းစည်းတပည့် နဲ့ အပြင်စည်းတပည့် တာဝန်တွေကတော့... အေးအေးဆေးဆေးပါပဲလေ"
ယဲ့ဖုန်း ပြုံးလိုက်၏။
လဝက်ပင် မကြာမီ အချိန်အတွင်းမှာပင်...
"နောက်ဆက်တွဲ တာဝန် - တပည့်များ စစ်ဆေးခြင်း" မှာ အောင်မြင်စွာ ပြီးမြောက်တော့မည် ဖြစ်သည်။
နောက်ဆက်တွဲ ရရှိလာမည့် ဆုလာဘ်များကို တွေးတောမိတိုင်း... ယဲ့ဖုန်း၏ ရင်ထဲတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေလေတော့၏။
...
ရှောင်ဖန်ကူက တုန်းချန်ကို စိန်ခေါ်ခဲ့သည့် သတင်းမှာ လေပြင်းအလား .. ရိုက်ခတ်သွားသည်။
ဤကိစ္စမှာ ပါရမီရှင်စာရင်း နှင့် သက်ဆိုင်နေသဖြင့်... တောင်ပိုင်းမြစ်ဝှမ်း ဒေသ တစ်ခုလုံးရှိ ကျင့်ကြံသူများသာမက... နန်းမြို့တော်၊ မြောက်ဘက်နယ်စပ်၊ အရှေ့တောင်တန်း နှင့် အနောက်လွင်ပြင် တို့မှ ကျင့်ကြံသူများပင်လျှင် ဤသတင်းကို ကြားသိနေကြပြီ ဖြစ်၏။
"ရှောင်ဖန်ကူ ကတော့ တကယ့်ကို ကိုယ့်အစွမ်းအစကို ကိုယ် မသိတဲ့ကောင်ပဲ"
"ငါတော့ ရယ်ရလွန်းလို့ သေတော့မယ်ဟ... သူက ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ဒုတိယအလွှာ အထွတ်အထိပ် လောက်လေးနဲ့များ... ပါရမီရှင်စာရင်း ရဲ့ အဆင့် (၉၁) နေရာမှာ ရှိတဲ့ တုန်းချန်ကို သွားပြီး စိန်ခေါ်ရဲတယ်တဲ့လေ။ ဓားဆွဲထုတ်ခြင်း နည်းစနစ် ကို ထုတ်သုံးတာတောင်မှ... အသာလေး ကစားခံလိုက်ရတာပဲ"
"တုန်းချန် က အဆင့် (၉၁) ပဲ ရှိသေးတာတောင်... သူ့ရဲ့ စွမ်းအားက ဒီလောက် ကြောက်စရာ ကောင်းနေတာဆိုတော့... သူ့အထက်က အဆင့်မြင့်တဲ့သူတွေဆိုရင် ပိုပြီးတော့တောင် ကြောက်စရာ ကောင်းနေမှာပဲ နော်..."
"ဒါတော့ သဘာဝပဲလေ"
"ကြည့်ရတာ... ပါရမီရှင်စာရင်း ရဲ့ တိကျမှန်ကန်မှုက တော်တော်လေး မြင့်မားတာပဲဗျ။ မူလနတ်ဘုရားအဆင့် မဟာတန်ခိုးရှင် ဆယ်ယောက် နဲ့ တတိယမင်းသား တို့ ကိုယ်တိုင် ဆွေးနွေး တိုင်ပင်ပြီး ထုတ်ပြန်ထားတဲ့ စာရင်းဆိုတော့လည်း... တကယ့်ကို ယုံကြည်ရလောက်ပါတယ်"
အင်အားစု အသီးသီးမှ လူများမှာ ဤကိစ္စကို အပြင်းအထန် ဆွေးနွေးနေကြ၏။
ရှောင်ဖန်ကူက တုန်းချန်ကို စိန်ခေါ်ခြင်းမှာ ပါရမီရှင်စာရင်း ၏ ပထမဆုံးသော စိန်ခေါ်ပွဲ ဖြစ်ပြီး အလွန်အမင်း လူသိများ ထင်ရှားခဲ့၏။
ထိုတိုက်ပွဲ ပြီးဆုံးသွားပြီးနောက်... မိုးရာသီ မှိုပေါက်သကဲ့သို့ လူငယ် ပါရမီရှင် အများအပြားမှာ စာရင်းထဲရှိ ကျင့်ကြံသူများကို အပြိုင်အဆိုင် စိန်ခေါ်လာကြလေတော့သည်။
တိုက်ပွဲများမှာလည်း နေရာအနှံ့အပြားတွင် ပိုမို များပြားစွာ ဖြစ်တည်လာတော့၏။
*
နန်းမြို့တော်။
ဘိုးဘေး လင်မြောင် သည် ကောင်းကင်ယံတွင် တင်ပျဉ်ခွေ ထိုင်လျက်... သူ၏ လက်အောက်ငယ်သားများထံမှ အစီရင်ခံစာများကို နားထောင်ရင်း ခပ်ရေးရေး ပြုံးလိုက်မိသည်။
"ထျန်းအာ လုပ်တာ တော်တော်လေး ကောင်းတယ်။ သူ တခြား အင်ပါယာနိုင်ငံကြီးဆီ သွားပြီး ပညာသင်ကြားလာကတည်းက... သူ့ရဲ့ အတွေးအခေါ်တွေက တော်တော်လေး တိုးတက်လာတာပဲ။ အထူးသဖြင့် ဒီ ပါရမီရှင်စာရင်း ကို တည်ထောင်လိုက်တာက... လူငယ်မျိုးဆက်တွေရဲ့ စိတ်အားထက်သန်မှုကို အကြီးအကျယ် လှုံ့ဆော်ပေးလိုက်နိုင်တာပဲ။ လူငယ်မျိုးဆက် ဆိုတာ နိုင်ငံတော်ရဲ့ အနာဂတ်လေ... ဒီအချက်က ထျန်းအာ မှာ ဧကရာဇ် တစ်ပါးရဲ့ အရည်အချင်းတွေ အပြည့်အဝ ရှိနေတယ်ဆိုတာ သက်သေပြနေတာပဲ"
ဘိုးဘေး လင်မြောင် က ချီးကျူးလိုက်၏။
သူ၏ ဘေးတွင် ရပ်နေသော တော်ဝင်ဝတ်ရုံကို ဆင်မြန်းထားသည့် လင်မြောင် ဧကရာဇ် က မျက်ဝန်းများ အရောင်တောက်လျက် မေးလိုက်၏။
"ဘိုးဘေး...ဘိုးဘေးအနေနဲ့ နောက်ထပ် ဧကရာဇ် နေရာအတွက် ဘယ်သူ့ကို ရွေးချယ်မလဲ ဆိုတာ ဆုံးဖြတ်ပြီးပြီလားဟင်"
"ထျန်းအာ ကလွဲလို့... ဘယ်သူကများ အရည်အချင်း ပြည့်မီသေးလို့လဲ" ဟု ဘိုးဘေး လင်မြောင် က ပြန်လည် မေးခွန်းထုတ်လိုက်ရာ ဧကရာဇ်မှာ ဆွံ့အသွားရသည်။
"ထျန်းအာ က ပါရမီလည်း ထူးတယ်... ငယ်လည်း ငယ်ရွယ်တယ်... ပြီးတော့ အလားအလာလည်း အများကြီး ရှိတယ်။ အဆက်အသွယ် ကွန်ရက်တွေ တည်ဆောက်တဲ့ နေရာမှာလည်း သူက တော်တော်လေး ကျွမ်းကျင်တာပဲ။ တခြား အင်ပါယာနိုင်ငံတွေဆီကနေ အတွေ့အကြုံတွေ ရလာပြီး သူ့ရဲ့ အမြင်ကျယ်လာတဲ့ အချိန်ကစလို့... သူဟာ ဧကရာဇ် နေရာအတွက် အငြင်းပွားဖွယ် မရှိတဲ့ အကောင်းဆုံး ရွေးချယ်မှု ဖြစ်လာခဲ့တာပဲ။ သူ ဝိညာဉ်ပင်လယ်အဆင့် သတ္တမအလွှာ ကို တက်လှမ်းနိုင်တာနဲ့ တစ်ပြိုင်နက်... အိမ်ရှေ့စံ မင်းသား အဖြစ် ချက်ချင်း ခန့်အပ်လိုက်မယ်" ဘိုးဘေး လင်မြောင် က သူ၏ အစီအစဉ်ကို ချမှတ်လိုက်သည်။
"ဟုတ်ကဲ့" ဧကရာဇ်မှာ လုံးဝ ကန့်ကွက်ရဲခြင်း မရှိဘဲ ခေါင်းညိတ် သဘောတူလိုက်ရ၏။
လင်မြောင် နိုင်ငံတော် တွင် နာမည်အရသာ ဧကရာဇ်က အာဏာအာဏာ အပြည့်အဝဖြင့် အုပ်ချုပ်နေသော်လည်း... လက်တွေ့တွင်မူ ဧကရာဇ်မှာ အမြင့်ဆုံးသော ပုဂ္ဂိုလ်၏ အောက် တစ်ဆင့်တွင်သာ ရှိပြီး သောင်းနှင့်ချီသော လူများ၏ အထက်တွင်သာ ရှိလေသည်။
မည်သည့် အရေးကြီးသော ဆုံးဖြတ်ချက်ကိုမဆို ဘိုးဘေး လင်မြောင် ၏ သဘောတူညီချက် ရရှိမှသာ အတည်ပြုနိုင်သည် မဟုတ်ပါလား။
ဘိုးဘေး လင်မြောင် သည် သူ၏ အတွေးများကို ရုပ်သိမ်းလိုက်ပြီး နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ဆီသို့ လှမ်းကြည့်လိုက်ရာ... ဝင်္ကပါ ပညာရှင် ဒါဇင်ပေါင်းများစွာမှာ ဝင်္ကပါ၏ ဗဟိုချက်အတွင်းသို့ နောက်ဆုံး သလင်းကျောက် ကို အလုပ်ရှုပ်စွာ တပ်ဆင်နေကြသည်ကို တွေ့လိုက်ရ၏။
အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်ရာတိတိကို နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ၏ အပေါက်များအတွင်းသို့ ထည့်သွင်းလိုက်သည်နှင့် တစ်ပြိုင်နက်... မှိန်ပျပျ ဝင်္ကပါ ပုံစံများမှာ စတင် ထွက်ပေါ်လာသည်။ ထူးခြားလှသော မြူခိုးများအဖြစ် ပြောင်းလဲသွားကာ စင်မြင့်ကြီး တစ်ခုလုံးကို လွှမ်းခြုံသွားစေခဲ့ တော့၏။
"ဘိုးဘေးကို အစီရင်ခံပါတယ်... ဧရာမ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကြီး တည်ဆောက်လို့ ပြီးစီးသွားပါပြီ"
ဝင်္ကပါ ပညာရှင် တစ်ဦးက အစီရင်ခံလိုက်ပြီး... နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ကို ထိန်းချုပ်သည့် ဟင်းလင်းပြင် နေရာရွှေ့ပြောင်းခြင်း အမိန့်ပေးတံဆိပ် ကို ဘိုးဘေး လင်မြောင် ထံသို့ လက်နှစ်ဖက်ဖြင့် ရိုသေစွာ ဆက်သလိုက်၏။
"ကောင်းတယ်..."
ဘိုးဘေး လင်မြောင် ပြုံးလိုက်သည်။
ဧရာမ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ကြီး ပြီးစီးသွားပြီ ဖြစ်ရာ... ယခုအခါ ကျောင်းယန် သန့်စင်သောမြေ၏ စီရင်ပိုင်ခွင့် အောက်တွင် ရှိသော ကျောင်းယန် သန့်စင်သောမြို့တော် သို့ အချိန်မရွေး သွားရောက်နိုင်ပြီ ဖြစ်သည်။
ကျောင်းယန် သန့်စင်သောမြို့တော် အတွင်း၌လည်း ရှန်ကျိုးတိုက်ကြီး ၏ နေရာအနှံ့အပြားသို့ ဆက်သွယ်ထားသော ဧရာမ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကြီးများ ရှိနေ၏။
ဆိုလိုသည်မှာ... နောင်တစ်ချိန်တွင် သူတို့သည် ရှန်ကျိုးတိုက်ကြီး ရှိ မည်သည့် နေရာကိုမဆို အလွယ်တကူ သွားရောက်နိုင်တော့မည် ဖြစ်၏။
ရှေးဟောင်း လျှို့ဝှက်နယ်မြေ များ။
သန့်စင်သောမြေ များ အားလုံး။
ဧရာမ မြို့တော်ကြီးများ အားလုံး။
ဤကဲ့သို့သော နေရာများကို လုံလောက်သော ဝိညာဉ်ကျောက်တုံးများ ရှိနေသရွေ့ အချိန်မရွေး သွားရောက်နိုင်ပြီ ဖြစ်သည်။
"မြန်မြန်... နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ကို စမ်းသပ်ကြည့်စမ်း"
ဘိုးဘေး လင်မြောင် သည် ဟင်းလင်းပြင် နေရာရွှေ့ပြောင်းခြင်း အမိန့်ပေးတံဆိပ် ကို အသုံးပြု၍ ဝင်္ကပါကို အသက်သွင်းလိုက်လေရာ... ဝင်္ကပါ ပညာရှင် အနည်းငယ်မှာ မှိန်ပျပျ အဖြူရောင် အလင်းတန်းများ ကြားတွင် မီးခိုးငွေ့များအဖြစ် ပြောင်းလဲသွားပြီး လုံးဝ ပျောက်ကွယ်သွားခဲ့လေတော့သည်။
အမွှေးတိုင် တစ်ဝက်စာ အချိန် ကုန်လွန်သွားပြီးနောက်...
ထို ဝင်္ကပါ ပညာရှင်များမှာ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ပေါ်တွင် ပြန်လည် ထွက်ပေါ်လာခဲ့ပြီး... သူတို့၏ အနောက်တွင်မူ ရွှေရောင်ဝတ်ရုံကို ဆင်မြန်းထားပြီး လက်နှစ်ဖက်ကို နောက်ပစ်ထားသော တည်ကြည်လေးနက်သည့် အဘိုးအို တစ်ဦး ပါလာခဲ့၏။
"ဘိုးဘေး ကျန်းလင်း... ဘယ်လေတိုက်လို့ ဒီကို ရောက်လာတာလဲဗျ"
ဘိုးဘေး လင်မြောင် သည် ထိုသူကို ကြည့်လိုက်ရာ မျက်ဝန်းများ အနည်းငယ် ကျုံ့ဝင်သွားသော်လည်း... ချက်ချင်းပင် ပြုံးပြလိုက်၏။
"ဘာလို့လဲ... ငါ ဒီအဘိုးကြီးက မင်းရဲ့ လင်မြောင် နိုင်ငံတော် ကို အလည်အပတ် လာလို့ မရဘူးလား"
ဘိုးဘေး ကျန်းလင်း သည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး လေကို တဝကြီး ရှူသွင်းလိုက်ရင်း ဆိုလိုက်၏။
"ကျောင်းယန် ရှေးဟောင်းသူတော်စင်ကြီး ရဲ့ ကောင်းချီးတွေ ရထားတဲ့ နေရာဆိုတော့... သဘာဝ ဝိညာဉ်စွမ်းအင်တွေက အများကြီး ပိုပြီး သိပ်သည်းနေတာပဲ နော်"
"ဒါတွေ အားလုံးက ရှေးဟောင်းသူတော်စင်ကြီး ရဲ့ ကျေးဇူးတွေကြောင့်ပါဗျာ" ဘိုးဘေး လင်မြောင် က ပြုံးလျက် ဖြေကြားလိုက်သည်။
"မင်းရဲ့ လင်မြောင် နိုင်ငံတော် က ဧရာမ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ကြီးလည်း အောင်မြင်စွာ တည်ဆောက်ပြီးသွားပြီ ဆိုတော့... ကြယ်လေးပွင့်အဆင့် အင်အားစု အဖြစ် တရားဝင် အသိအမှတ်ပြု ခံရမယ့် နေ့ရက်တွေကလည်း သိပ်မဝေးတော့ဘူး ထင်ပါရဲ့" ဘိုးဘေး ကျန်းလင်း က ဦးညွှတ်၍ ဂုဏ်ပြုစကား ဆိုလိုက်၏။
"နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ကြီးလည်း ပြီးသွားပြီ... ကျုပ်ကိုယ်တိုင်လည်း ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ကို တက်လှမ်းနိုင်ခဲ့ပြီ ဆိုတော့... ကျုပ်တို့ လင်မြောင် နိုင်ငံတော် က သတ်မှတ်ချက်တွေ အားလုံး ပြည့်မီသွားပါပြီ။ မနက်ဖြန်ကျရင်... ကျုပ်ကိုယ်တိုင် ကျောင်းယန် သန့်စင်သောမြို့တော် ကို သွားပြီး ကြယ်လေးပွင့်အဆင့် အင်အားစု အသိအမှတ်ပြု လက်မှတ် ကို သွားရောက် လျှောက်ထားတော့မှာပါ" ဟု ဘိုးဘေး လင်မြောင် က ရယ်လျက် ပြောလိုက်၏။
"ဒါဆိုရင်လည်း... အရာရာ အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ။ ဒါနဲ့... ငါက ဒီကို ရောက်ခဲတော့... မင်းရဲ့ လင်မြောင် နိုင်ငံတော် ထဲမှာ ခဏလောက် လျှောက်လည်ကြည့်ချင်သေးတယ်"
ပြောပြောဆိုဆိုပင် ဘိုးဘေး ကျန်းလင်း မှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့လေတော့သည်။
ထိုအခါ၊ ဘိုးဘေး လင်မြောင် က မျက်မှောင်အနည်းငယ် ကြုတ်လျက် တီးတိုး ရေရွတ်လိုက်လေ၏။
"ဒီအဘိုးကြီးကတော့...ငါတို့ လင်မြောင် နိုင်ငံတော် ထဲက ပါရမီရှင်တွေကို ခိုးမသွားဖို့ပဲ မျှော်လင့်ရတော့မှာပဲ"
အခန်း (၄၈၀) - ဘိုးဘေး ကျန်းလင်း ၏ ကောင်းကင်မျက်လုံး အဖွင့် နှင့် ရှေးဟောင်း သန့်စင်သော နတ်ဘုရား ရုပ်အလောင်း
~ဘိုးဘေး ကျန်းလင်း သည် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ မျက်စိတစ်မှိတ်အတွင်း မိုင်ပေါင်း သောင်းချီ ခရီးပေါက်သွားခဲ့သည်။ နောက်ထပ် အကြိမ်အနည်းငယ် ရွှေ့ပြောင်းလိုက်ပြီးနောက်တွင်မူ သူသည် တောင်ပိုင်းမြစ်ဝှမ်းဒေသ သို့ ရောက်ရှိသွားခဲ့ တော့၏။
“ဒီ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် လေးက အကျယ်အဝန်း မိုင်တစ်သိန်းတောင် မပြည့်ဘူးဆိုတော့... နေ့တစ်ဝက်လောက် လှည့်ပတ်ကြည့်လိုက်ရင် အကုန်လုံး နှံ့သွားမှာပဲလေ”
သူသည် တကိုယ်တည်း ရေရွတ်ရင်း ရည်ရွယ်ချက် မရှိဘဲ လေထဲတွင် ဖြည်းညှင်းစွာ ပျံသန်းနေလေတော့သည်။
*
မြူခိုးဂိုဏ်းဝယ်၊
ယဲ့ဖုန်းသည် အပန်းဖြေ ကုလားထိုင်ပေါ်တွင် သက်တောင့်သက်သာ လှဲလျောင်းနေရင်း... ငှက်ပျောရွက် ယပ်တောင်လေးဖြင့် ယပ်ခတ်နေ၏။ သူ၏ အကြည့်များမှာ လေ့ကျင့်ရေးကွင်းပြင်တွင် ချပ်ဝတ် အစောင့်အရှောက်ရုပ်ထု နှင့် အကြိတ်အနယ် ယှဉ်ပြိုင် တိုက်ခိုက်နေသော ချောင်ကျားရှီး ထံတွင် ရပ်တန့်နေပြီး ခေါင်းတညိတ်ညိတ်နှင့် ကျေနပ်နေမိ၏။
ချောင်ကျားရှီး သည် ကိုယ်ခန္ဓာကျင့်ကြံသူ တစ်ဦး ဖြစ်သည်။
ထို့ကြောင့်ပင် ဝိညာဉ်စွမ်းအင် စုစည်းခြင်း မျှော်စင် အတွင်း၌ သူ၏ ကျင့်ကြံခြင်း တိုးတက်မှုမှာ သိပ်မကောင်းလှချေ။ ထို့အစား သူသည် သူ၏ တိုက်ခိုက်ရေး စွမ်းရည်များကို မြှင့်တင်ရန်အတွက် ချပ်ဝတ် အစောင့်အရှောက်ရုပ်ထု နှင့် တိုက်ခိုက်ရန် ရွေးချယ်ခဲ့ခြင်းပင်။
“ကျားရှီး... ဟို ရူးသွပ်သော စပါးကြီးမြွေဘုရင် ရဲ့ အသားတွေကို များများစားကွာ။ အဲဒီအသားက အရသာ သိပ်မရှိတော့... တခြား ဘယ်သူမှလည်း စားချင်စိတ် မရှိကြဘူး။ မင်း ကြိုက်တယ်ဆိုရင်... အကောင်လုံး မင်းချည်းပဲ စားလိုက်တော့” ယဲ့ဖုန်းက လှမ်းပြောလိုက်၏။
“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်”
ချောင်ကျားရှီး သည် ခေါင်းညိတ်လိုက်ပြီးနောက်... ဂိုဏ်း၏ အဓိက လေ့ကျင့်ရေးကွင်းပြင် မှ ခုန်ချသွားတော့သည်။ အသားပေါင် တစ်ရာခန့်ကို ဖြတ်တောက်ယူပြီး... ဝိညာဉ်အိုင် ဘေးနားသို့ ပြေးသွားကာ အသားကင်ရန် ပြင်ဆင်လေတော့သည်။
ယဲ့ဖုန်းသည် အသားကင် စားပြီးနောက် ခွန်အားတွေ ပြည့်ဖြိုးလာသော ချောင်ကျားရှီး ကို ကြည့်ကာ အားရကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
‘မဆိုးဘူးပဲ’
‘ဒီကောင်လေး ကျားရှီး က တကယ်ကို ကြိုးစားပြီး ရိုးသားတဲ့ ကောင်လေးပဲ’
‘နတ်ဆိုးဗိုလ်ချုပ် တွေ၊ နတ်ဆိုးဘုရင် တွေရဲ့ သွေးသားတွေကို အဆက်မပြတ် စားသုံးခြင်းအားဖြင့်... သူက သွေးသားစွမ်းအင်တွေနဲ့ ခွန်အားတွေကို အမြန်ဆုံး စုဆောင်းနိုင်လိမ့်မယ်’
‘အချိန်တစ်ခု ရောက်လာရင်တော့... နောက်ထပ် အဆင့်တစ်ခုကို ချိုးဖျက်ဖို့ဆိုတာ သူ့အတွက် အများကြီး လွယ်ကူသွားမှာ သေချာတယ်’
ယခင်တုန်းက မြူခိုးဂိုဏ်း မှာ ဆင်းရဲလွန်းသဖြင့် နတ်ဆိုးဘုရင် များနှင့် နတ်ဆိုးဗိုလ်ချုပ် များ၏ အဆင့်မြင့် အသားများကို လုံလောက်စွာ မထောက်ပံ့ပေးနိုင်ခဲ့ပေ။
ထိုအချိန်က ချောင်ကျားရှီး ၏ “ရှေးဟောင်း လူ့ဘီလူး နတ်ဘုရား ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ်” မှာလည်း အခြေခံအဆင့်တွင်သာ ရှိသေးရာ... သူသည် ကျင့်စဉ်ပါ လှုပ်ရှားမှုများအတိုင်း အဆင့်ဆင့် လေ့ကျင့်ရန် လိုအပ်ခဲ့သည်။
သို့သော် ယခုအခါတွင်မူ အခြေအနေများ ပြောင်းလဲသွားခဲ့ တော့၏။
သူသည် လေ့ကျင့်ရေး အရှိန်ကို အဆပေါင်းများစွာ မြှင့်တင်နိုင်ခဲ့ပြီ ဖြစ်သည်။
ကျင့်ကြံခြင်း အစပိုင်းတွင် အရေးအကြီးဆုံးမှာ ခိုင်မာသော အခြေခံအုတ်မြစ်ကို တည်ဆောက်ရန်ပင်။
ရှေးလူကြီးများ ဆိုရိုးစကား ရှိသည် မဟုတ်ပါလား... မြင့်မားသော အဆောက်အအုံကြီးသည် မြေပြင်မှ စတင် တည်ဆောက်ရမြဲ ..ဖြစ်၏။
နောင်တစ်ချိန်တွင် ပိုမို လွယ်ကူချောမွေ့စွာ တက်လှမ်းနိုင်ရန်နှင့် အလားအလာ ပိုမို ကြီးမားလာစေရန်အတွက်... ခိုင်မာတောင့်တင်းသော အခြေခံအုတ်မြစ် ရှိရန်မှာ သဘာဝပင် ဖြစ်ပါသည်။
“ကျားရှီး က အခုလို အသည်းအသန် ကြိုးစားနေသလို... တခြားသူတွေကလည်း အပြိုင်အဆိုင် ကြိုးစားနေကြတာဆိုတော့... မကြာခင်မှာပဲ ငါ့ရဲ့ စွမ်းအားတွေလည်း နောက်ထပ် တစ်ဆင့် ခုန်ပျံကျော်လွှား တိုးတက်လာတော့မှာ သေချာတယ်”
ယဲ့ဖုန်းက တီးတိုး တွက်ဆလိုက်၏။
သူ၏ တပည့်များ တိုးတက်လာသည်နှင့်အမျှ သူလည်း အလိုအလျောက် တိုးတက်လာမည် ဖြစ်ရာ... ဒါက အမှန်တကယ်ပင် နှစ်ဦးနှစ်ဖက် အကျိုးရှိသော အခြေအနေမျိုး ဖြစ်ပါသည်။
ထို့ကြောင့်ပင် ယဲ့ဖုန်းသည် လျှို့ဝှက်နည်းစနစ်များ နှင့် အထောက်အကူပြု ကျင့်စဉ်များကို တပည့်များထံသို့ မည်သည့် ဖုံးကွယ်မှုမျှ မရှိဘဲ သင်ကြားပေးခဲ့ခြင်းပင်။
အချို့က သူ့ကို မေးဖူးကြ၏။
ဘာကြောင့် ဒီလောက်အထိ ရက်ရောနေရသနည်း... ဟူ၍ပေါ့။
ဘာဖြစ်လို့ စည်းမျဉ်းစည်းကမ်းတွေ အများကြီး သတ်မှတ်ပြီး... တပည့်တွေကို အဲဒီကျင့်စဉ်တွေအတွက် အချင်းချင်း ယှဉ်ပြိုင် လုယူခိုင်းတာမျိုး မလုပ်ရသနည်း... ဟူ၍။
ထိုမေးခွန်းများအတွက် ယဲ့ဖုန်းက ပြုံးရုံသာ ပြုံးပြခဲ့သည်။
သူ ပြောချင်သည်မှာ တစ်ခုတည်းသာ ရှိ၏။
‘ငါ့တပည့်တွေ အစွမ်းထက်လာရင်... ငါလည်း အစွမ်းထက်လာမှာပဲလေ။ ဘာလို့ ငါ့တပည့်တွေ အစွမ်းထက်လာမယ့် လမ်းကြောင်းကို အဟန့်အတားတွေ အများကြီး လုပ်ပြီး ပိတ်ပင်ထားရမှာလဲ’ ဟူ၍ပင်။
ဤကိစ္စကို တွေးမိသောအခါ၊ ယဲ့ဖုန်းသည် အပန်းဖြေ ကုလားထိုင်ပေါ်တွင် သက်တောင့်သက်သာ မှီချလိုက်၏။
... ခွက်ထဲရှိ ပျော်ရွှင်ခြင်းရေကို တစ်ငုံ သောက်လိုက်ရာ... သူ၏ မျက်ဝန်းများတွင် အပြုံးရိပ်များ ပြည့်နှက်နေလေတော့သည်။
...
ခရိုင်ဘုရင်မြို့တော်။
ဘိုးဘေး ကျန်းလင်း သည် ဤနေရာသို့ ရောက်ရှိလာခဲ့ တော့၏။
ဟင်းလင်းပြင် ဖြိုခွဲ အဆင့်ရှိ အဘိုးဘေး တစ်ဦးအနေဖြင့် သူ၏ စွမ်းအားမှာ အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလှပြီး သူ၏ ဘုန်းတန်ခိုးမှာလည်း အနှိုင်းမဲ့ပင် ဖြစ်သည်။
သူ၏ အရှိန်အဝါ တစ်မျှင်လေးကို ထုတ်လွှတ်လိုက်ရုံဖြင့်ပင် ခရိုင်ဘုရင်မြို့တော် တစ်ခုလုံးကို ဖိနှိပ်ထားနိုင်စွမ်း ရှိ၏။
သို့သော် သူက သိုသိုသိပ်သိပ် နေတတ်သူ ဖြစ်သည်။
“တောင်ပိုင်းမြစ်ဝှမ်း ဒေသ က အရင်တုန်းက ရှေးဟောင်း စစ်တလင်းကြီး ဖြစ်ခဲ့တယ်လို့ ကြားဖူးတယ်။ နောက်ပိုင်းကျမှ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် က ဒီနေရာကို သိမ်းပိုက်ပြီး တောင်ပိုင်းမြစ်ဝှမ်း လို့ နာမည်ပေးခဲ့တာ... ပြီးတော့မှ အခုလို စိုက်ပျိုးဖြစ်ထွန်းတဲ့ ကျင့်ကြံရေး နယ်မြေအဖြစ် တဖြည်းဖြည်း တိုးတက်လာခဲ့တာဆိုပဲ”
ဘိုးဘေး ကျန်းလင်း သည် ကောင်
းကင်ယံ ထက်ဝယ် ရပ်နေ၏။ သူ၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ မသိမသာ လိမ်ယှက်သွားပြီး သူ၏ ပုံရိပ်ကို လုံးဝ ဖုံးကွယ်ပေးထားသည်။
အခြားသူများ ကြည့်လိုက်မည်ဆိုပါက သူ့ကို လုံးဝ မြင်တွေ့ရမည် မဟုတ်သလို... မည်သည့် စွမ်းအင်လှိုင်းကိုမျှလည်း အာရုံခံမိမည် မဟုတ်ချေ။
သူသည် လုံးဝ ကိုယ်ပျောက်နေသည့်အလား ဖြစ်နေ၏။
မူလနတ်ဘုရားအဆင့် အထွတ်အထိပ် ရှိ မဟာတန်ခိုးရှင် တစ်ဦး၏ အသိစိတ်ဝိညာဉ် ဖြင့် ရှာဖွေလျှင်ပင် သူ၏ တည်ရှိမှုကို အာရုံခံမိနိုင်မည် မဟုတ်ပေ။
ဤနည်းစနစ်မှာ အတော်လေးကို လျှို့ဝှက်ဆန်းကြယ်လှသည်။
“ကောင်းကင်မျက်လုံး... ပွင့်စေ”
ဘိုးဘေး ကျန်းလင်း သည် မိုင်ပေါင်း သောင်းချီ မြင့်မားသော ကောင်းကင်ယံသို့ ပျံတက်သွားခဲ့ပြီး... တောင်ပိုင်းမြစ်ဝှမ်းဒေသ တစ်ခုလုံးကို အပေါ်စီးမှနေ၍ ငုံ့ကြည့်လိုက်၏။ သူ၏ မျက်ဝန်းများမှာ လရောင်ပမာ ဖြူဖွေးသွားခဲ့ပြီး မြေပြင်တစ်ခွင်လုံးကို စတင် စူးစမ်းရှာဖွေလေတော့သည်။
သို့သော် မြေအောက် မိုင်တစ်ရာခန့် အနက်တွင်မူ... တောက်ပလှသော အလင်းရောင်များ ဖြာထွက်နေသည်ကို သူ တွေ့ရှိလိုက်ရ၏။ ၎င်းမှာ ရှေးဟောင်း စစ်သည်တော် အများအပြား၏ အရိုးစုများ ကျန်ရစ်နေသည့်အလား ထင်မှတ်ရသည်။
“တကယ့်ကို ကြောက်စရာကောင်းတဲ့ ရှေးဟောင်း စစ်တလင်းကြီးပဲဟေ”
“ဒီလောက် နှစ်တွေ အများကြီး ကြာခဲ့ပြီကို... မြေအောက်က ရှေးဟောင်း စစ်သည်တော် တွေရဲ့ အရိုးတွေက လုံးဝ ပျောက်ကွယ်မသွားသေးဘူးပဲ”
“ဒါပေမဲ့ သူတို့ရဲ့ နတ်ဘုရား အနှစ်သာရ တွေကိုတော့ မြေကြီးက စုပ်ယူသွားပြီး... ဒီဒေသကို ပြန်လည် အာဟာရ ဖြည့်တင်းပေးနေတာကိုး... ဟင် အဲဒါ ဘာကြီးလဲ”
“အား... မျက်စိကျိန်းလိုက်တာ”
ဘိုးဘေး ကျန်းလင်း သည် ရေပေါ်ဖြူ မြို့တော် ၏ အနောက်မြောက်ဘက်ရှိ သစ်မာလွင်ပြင် ကြီးကို စူးစမ်းကြည့်ရှုနေစဉ်... မြေအောက်တွင် မိုင်ပေါင်း ထောင်ချီ မြင့်မားသော ကြောက်မက်ဖွယ် ဧရာမ ဘီလူးကြီး တစ်ကောင်၏ ပုံရိပ်ကို ရုတ်တရက် တွေ့ရှိလိုက်ရ၏။
ထိုဘီလူးကြီးထံမှနေ၍... တောက်လောင်နေသော နေမင်းကြီးအလား အလင်းတန်းပေါင်း သန်းထောင်ချီ ဖြာထွက်နေသည်။
အလွန် အစွမ်းထက်လှသော ဘိုးဘေး ကျန်းလင်း ပင်လျှင် ထိုကြောက်မက်ဖွယ် ပုံရိပ်ကြီးနှင့် ရင်ဆိုင်လိုက်ရသည့်အခါ... သူ၏ ဦးရေပြားများ ထုံကျဉ်သွားပြီး မျက်လုံးများ ကျိန်းစပ်လာသည်အထိ ခံစားလိုက်ရ၏။ သူသည် အလွန်အမင်း ထိတ်လန့်သွားသဖြင့် ကောင်းကင်ယံမှနေ၍ ထိန်းချုပ်မှုမဲ့စွာ ပြုတ်ကျသွားခဲ့လေတော့သည်။
“ဝုန်း”
သူသည် တောင်ထိပ်တစ်ခုပေါ်သို့ တရကြမ်း ကျဆင်းသွားခဲ့ပြီး... သူထံမှ ထွက်ပေါ်လာသော အရှိန်အဝါများကြောင့် အနီးနားရှိ တောင်ကုန်းပေါင်း ရာချီမှာ မျက်စိတစ်မှိတ်အတွင်း မြေမှုန့်များအဖြစ် ပြောင်းလဲသွားခဲ့ရ၏။
“ဖူး...”
ဘိုးဘေး ကျန်းလင်း သည် ရွှေရောင်သွေး တစ်ပွက်ကို အန်ချလိုက်ရသည်။
“ဘုရားရေ...”
“ဒီလို ဖြစ်တည်မှုမျိုးရဲ့ အရိုးစုကြီး ပါလား”
“ကျောင်းယန် ရှေးဟောင်းသူတော်စင်ကြီး ကိုယ်တိုင် ဒီကို ရောက်လာရင်တောင်... မျက်နှာ ဖြူရော်သွားလောက်တယ် မဟုတ်လား”
ဘိုးဘေး ကျန်းလင်း ၏ မျက်နှာပေါ်တွင် အလွန်အမင်း ထိတ်လန့်တုန်လှုပ်မှုများ အထင်းသား ပေါ်လွင်နေ၏။
ကျောင်းယန် ရှေးဟောင်းသူတော်စင်ကြီး က လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် ကို အလွန်အမင်း အလေးထားပြီး... ဤအင်အားစုကို ကြယ်လေးပွင့် သို့မဟုတ် ကြယ်ငါးပွင့် အဆင့်အထိ တိုးမြှင့်ပေးရန် ဆန္ဒရှိနေကြောင်း သူ ကြားဖူးခဲ့သည်။
အစပထမတွင်မူ ဘိုးဘေး ကျန်းလင်း သည် ထိုသို့ ပြုလုပ်ရန် မလိုအပ်ဟု ယူဆထားခဲ့မိ၏။
သို့သော် ယနေ့ ကောင်းကင်မျက်လုံး ကို ဖွင့်ကာ... သစ်မာလွင်ပြင် ၏ မြေအောက် အနက်ပိုင်းတွင် မြုပ်နှံနေသော မိုင်ပေါင်း ထောင်ချီ မြင့်မားသည့် ဘီလူးကြီး ကို မြင်တွေ့လိုက်ရချိန်မှသာ... ကျောင်းယန် ရှေးဟောင်းသူတော်စင်ကြီး ၏ ကြီးမားလှသော ရည်မှန်းချက် ကို သူ နားလည် သဘောပေါက်
သွားခဲ့ရလေတော့သည်။
‘တစ်ဖက်လူက ဒီဘီလူးကြီးရဲ့ ရုပ်အလောင်းကို သိမ်းပိုက်ဖို့ ကြံစည်နေတာပဲ’
“သန့်စင်သော နတ်ဘုရား ရုပ်အလောင်း.. တကယ့်ကို ကြောက်စရာ ကောင်းလွန်းတယ်”
ဘိုးဘေး ကျန်းလင်း သည် သူ၏ အရှိန်အဝါများကြောင့် ပျက်စီးသွားသော ပတ်ဝန်းကျင်ရှိ တောင်တန်းများကို တစ်ချက် ကြည့်လိုက်ရင်း မှတ်ချက်ပြုလိုက်၏။
“ကံကောင်းလို့... ဒီနားမှာ လူသူ သိပ်မရှိတာ။ မဟုတ်ရင်တော့... ဘိုးဘေး လင်မြောင် ဆိုတဲ့ အဘိုးကြီး သေချာပေါက် ဒေါသထွက်တော့မှာပဲ”
“ဝှစ်”
သူသည် ထိုနေရာမှ ထွက်ခွာရန် ချက်ချင်းပင် နေရာရွှေ့ပြောင်းလိုက်သည်။
နောက်တစ်စက္ကန့်တွင်...
ဘိုးဘေး ကျန်းလင်း သည် သစ်မာလွင်ပြင် ၏ အထက်သို့ ရောက်ရှိလာခဲ့သည်။... ခေတ္တမျှ စဉ်းစားပြီးနောက် မြေအောက်သို့ တိုးဝင်သွားကာ ထိုဧရာမ အရိုးစုကြီး၏ ဦးခေါင်း ရှိရာဆီသို့ ဆင်းသက်သွားခဲ့၏။
ယဲ့ဖုန်းသည်လည်း တစ်ချိန်က ဤနေရာတွင် တူးဖော်မှုများ ပြုလုပ်ရန် လူများကို ဦးဆောင်ခဲ့ဖူးသည်။
သို့သော် ထိုစဉ်က သူတို့သည် ဤဧရာမ ဦးခေါင်းခွံ အဖြူကြီးမှာ အချင်း မိုင်တစ်ရာကျော် ရှိပြီး အလွန်အမင်း ကြီးမားကြောင်းကိုသာ သိရှိခဲ့ကြ၏။
သူတို့ မသိခဲ့သည့် အချက်မှာ... ထိုဦးခေါင်းခွံ၏ အောက်တွင် မိုင်ပေါင်း ထောင်ချီ မြင့်မားသော ဘီလူးကြီး တစ်ကောင်၏ ပြည့်စုံသော ရုပ်အလောင်းကြီး တစ်ခု ရှိနေသည် ဆိုသည့် အချက်ပင် ဖြစ်သည်။
ဒါဟာ... သန့်စင်သော နတ်ဘုရား တစ်ပါးရဲ့ ရုပ်အလောင်းကြီးပဲ။
ဘိုးဘေး ကျန်းလင်း သည် ဦးခေါင်းခွံကို အသေအချာ စစ်ဆေးကြည့်လိုက်ရာ... သူ၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်း ပြောင်းလဲသွားခဲ့ တော့၏။
“မှန်တယ်... ဒါက သန့်စင်သော နတ်ဘုရား တစ်ပါးရဲ့ ရုပ်အလောင်းပဲ”
“နေဦး... တစ်ခုခုတော့ မှားနေပြီ။ ဦးခေါင်းခွံ အောက်က ရုပ်အလောင်းက အပြည့်အစုံ မဟုတ်ဘူး... အတင်းအဓမ္မ တပ်ဆင်ထားတဲ့ ပုံပေါက်နေတယ်။ ဒါက စစ်မှန်တဲ့ ကိုယ်ခန္ဓာ မဟုတ်ဘူးပဲ”
“ဒီ ရှေးဟောင်း သန့်စင်သော နတ်ဘုရား ရဲ့ စစ်မှန်တဲ့ ကိုယ်ခန္ဓာ က... လည်ပင်းအောက်ပိုင်းကနေ တစ်ယောက်ယောက်ရဲ့ အတင်းအဓမ္မ ဖြတ်တောက်ခံလိုက်ရတဲ့ ပုံပဲ... ဘယ်ကို ရောက်သွားမှန်းတောင် မသိရတော့ဘူး”
ဘိုးဘေး ကျန်းလင်း သည် နောက်ထပ် ကြီးမားလှသော ရှာဖွေတွေ့ရှိမှု တစ်ခုကို ပြုလုပ်နိုင်ခဲ့သည်။
သူသည် အလွန်တရာ ကြီးမားလှသော လျှို့ဝှက်ချက်ကြီးတစ်ခု နှင့် ထိတွေ့မိသွားပြီဟု ခံစားလိုက်ရ၏။
“တောင်ပိုင်းမြစ်ဝှမ်း က ရှေးဟောင်း စစ်တလင်းကြီး မှာ... ရှေးဟောင်း သန့်စင်သော နတ်ဘုရား အဆင့်ရှိတဲ့ မဟာတန်ခိုးရှင် နှစ်ပါး ကြီးစိုးခဲ့တာ ဖြစ်ရမယ်”
“အဲဒီ တိုက်ပွဲမှာ... ဒီ သန့်စင်သော နတ်ဘုရား က ခေါင်းဖြတ်ခံလိုက်ရပြီး မြေအောက်မှာ မြုပ်နှံခံလိုက်ရတာပဲ”
“ဒါဆို... အခြား သန့်စင်သော နတ်ဘုရား ကကော... သူက အနိုင်ရသွားတဲ့သူများလား”
ဘိုးဘေး ကျန်းလင်း သည် နက်နက်နဲနဲ ဦးနှောက်ကို အလုပ်ပေးနေမိ၏။
“ဝီ…”
ရုတ်တရက်... ရှေးဟောင်း သန့်စင်သော နတ်ဘုရား ၏ ဦးခေါင်းခွံကြီးမှာ ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး သစ်မာလွင်ပြင် တစ်ခုလုံးတွင် ငလျင်လှုပ်သကဲ့သို့ တုန်ဟည်းသွားခဲ့သည်။
၎င်း၏ မျက်လုံးပေါက်များ အတွင်းမှ မျက်စိကျိန်းမတတ် တောက်ပလှသော အလင်းရောင်များ ထွက်ပေါ်လာခဲ့ တော့၏။
ဘိုးဘေး ကျန်းလင်း ၏ အမြင်တွင်မူ... ၎င်းမှာ မြေအောက် အနက်ပိုင်းတွင် မြုပ်နှံထားသော နေမင်း နှစ်စင်းအလား ဖြစ်နေသည်..။အတွင်း၌ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ကိန်းအောင်းနေသဖြင့် သူ့ကို တစ်ကိုယ်လုံး တုန်ရီသွားစေခဲ့သည်။
ဘုန်း
ရှေးဟောင်း သန့်စင်သော နတ်ဘုရား ၏ အကြည့်များ တဖျပ်ဖျပ် လက်သွားခဲ့ တော့၏။
ဘိုးဘေး ကျန်းလင်း သည် သူ၏ ရင်ဘတ်ကို တောင်ထွတ်ပေါင်း များစွာဖြင့် အဆက်မပြတ် ထုနှက်ခံလိုက်ရသကဲ့သို့ ရိုက်ခတ်ခံလိုက်ရပြီး... အနောက်သို့ လွင့်စင်သွားရသည်။ မြေအောက်တွင် မိုင်တစ်ရာခန့် ရှည်လျားသော ဥမင်လှိုဏ်ခေါင်းကြီး တစ်ခု ဖြစ်ပေါ်သွားစေခဲ့၏။ နောက်ဆုံးတွင် သူသည် မြေပြင်ပေါ်သို့ ပွင့်ထွက်လာပြီး စီးဆင်းနေသော ရေမြစ် ၏ ကမ်းစပ်တွင် ပက်လက်လန်လျက် ကျဆင်းသွားခဲ့လေတော့သည်။
“အဟွတ်... အဟွတ်... အဟွတ်”
ဘိုးဘေး ကျန်းလင်း ၏ မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေရ၏။
သူသည် ဤ ရှေးဟောင်း သန့်စင်သော နတ်ဘုရား ၏ ရုပ်အလောင်းကို အနီးကပ် စောင့်ကြည့်နေရုံမျှသာ ရှိသေးသော်လည်း... ၎င်းထံမှ ထွက်ပေါ်လာသော ကျန်ရစ်နေသည့် ဖိအားများကြောင့်ပင် ဒဏ်ရာရသွားခဲ့သည် မဟုတ်ပါလား။
ရှေးဟောင်း သန့်စင်သော နတ်ဘုရား တွေဆိုတာ... တကယ့်ကို ကြောက်စရာ ကောင်းလွန်းတာပဲ။
“ကြည့်ရတာ... ငါက ဒီ ရှေးဟောင်း သန့်စင်သော နတ်ဘုရား နဲ့ ရေစက်မပါဘူး ထင်တယ်။ အနီးကပ် စောင့်ကြည့်ဖို့တောင် အရည်အချင်း မမီဘူး... ကျန်ရစ်တဲ့ စွမ်းအားတွေရဲ့ သတိပေးတာကိုတောင် ခံလိုက်ရသေးတယ်”
ဘိုးဘေး ကျန်းလင်း သည် မတ်တတ်ရပ်လိုက်ပြီး... ဝတ်ရုံကို အသာအယာ ခါလိုက်ရာ ဖုန်မှုန့်များ လုံးဝ ကင်းစင်သွားခဲ့သည်။
သူသည် မြစ်ရေပြင်ပေါ်ရှိ သူ၏ ပုံရိပ်ကို ပြန်လည် ကြည့်ရှုလိုက်ရာ... သူ၏ ဆံပင်ဖြူများ ကြားတွင် သေမင်းတမန် အငွေ့အသက်များ ရောယှက်နေသော မီးခိုးရောင် ဆံပင် ဒါဇင်ပေါင်းများစွာ ပါဝင်နေသည်ကို တွေ့ရှိလိုက်ရ၏။
“ဟူး... ငါ့ရဲ့ လျှို့ဝှက်ရောဂါဟောင်း က ပြန်ပြီး ဖောက်လာပြန်ပြီပဲ”
ဘိုးဘေး ကျန်းလင်း ..စိတ်လေးစွာ သက်ပြင်းချလိုက်သည်။
သူ့တွင် မူလကတည်းက လျှို့ဝှက်ရောဂါဟောင်း တစ်ခု ရှိနေခဲ့၏။ ၎င်းကို သူ၏ ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ကျင့်ကြံခြင်းစွမ်းအားဖြင့် ဖိနှိပ်ထားနိုင်ခဲ့သည်။ သို့သော် ယနေ့တွင်မူ ရှေးဟောင်း သန့်စင်သော နတ်ဘုရား ၏ ကျန်ရစ်သော စွမ်းအားများကြောင့် တုန်လှုပ်သွားခဲ့ရသဖြင့်... ထိုရောဂါဟောင်း ပြန်လည် ပေါက်ကွဲလာမှုကို သူ မထိန်းချုပ်နိုင်တော့ချေ။
“ငါ အမြန်ဆုံး အနားယူ ကုသဖို့ နေရာတစ်ခု ရှာမှ ဖြစ်တော့မယ်”
ဘိုးဘေး ကျန်းလင်း သည် ခေါင်းကို မော့ကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။
ထိုစဉ် သူ ကောင်းကင်မျက်လုံး ကို ဖွင့်ထားဆဲ ဖြစ်သဖြင့်... နေရာတစ်ခုမှနေ၍ တောက်ပလှသော အလင်းရောင်များ ထွက်ပေါ်လာသည်ကို မြင်လိုက်ရပြီး သူ၏ မျက်လုံးများပင် ပြာဝေသွားခဲ့ရသည်။
“အဲဒါ ဘာကြီးလဲ... ဒီလောက်တောင် တောက်ပနေရတာလဲ”
ဘိုးဘေး ကျန်းလင်း မျက်မှောင်ကြုတ်သွားခဲ့လေ၏။