← Chapters

အရာအားလုံးကို နောက်မှာချန်ထားခဲ့

Vol. 23 Ch. 309

အရာအားလုံးကို နောက်မှာချန်ထားခဲ့

Vol. 23 Ch. 309

အခန်း (၃၀၉) အရာအားလုံးကို နောက်မှာချန်ထားခဲ့

"ဘုန်း"

ပြင်းထန်သည့် အင်မော်တယ်စွမ်းအားများအောက်တွင် ဆဋ္ဌမထပ်၏မြေပြင်မှာ အက်ကြောင်းများထင်လာပြီး တန်ခိုးစွမ်းအားများ စိမ့်ထွက်လာသည်။

သို့သော် ထိုသို့ တန်ခိုးစွမ်းအားများ စိမ့်ထွက်လာသည့်အတွက် မည်သူမှ ကြောက်ရွံ့ထိတ်လန့်ကြခြင်း မရှိခဲ့ပေ။ ထိုအစား အားလုံးက စိတ်လှုပ်ရှားလျှက် ရှိကြသည်။

နောက်ဆုံးတော့ သူတို့အားလုံး ပဉ္စမထပ်သို့ ရောက်ရှိလာကြပြီး ပြင်းထန်လှသည့် ဖိအားကြီးထွက်ပေါ်လာရာ ရင်းမြစ်ကို ရှာတွေ့နိုင်မည် ဖြစ်သောကြောင့်ပင်။

နဝမထပ်မှ ဆဋ္ဌမထပ်အထိ အင်မော်တယ်များ စုစည်းလျှက် ဆဋ္ဌမထပ် အရံအတားကို ချိုးဖျက်လိုက်ကြသည်။ ပဉ္စမထပ်ကို ထိပ်တိုက်ရန်ဆိုင်ရာတွင် အားလုံး ပါဝင်နိုင်ရန်အတွက် အခြားသူများကို မှော်ရုံနယ်မြေမှပင် ဖယ်ရှားပစ်ခြင်း မပြုခဲ့ကြပေ။

ခွန်လွန်တောင်ဘက်မှ နောက်ဆုတ်သွားသည်ကိုတော့ သူတို့ အရေးမစိုက်ပေ။

အားလုံးက တူညီသည့် အနေအထားတွင် ရှိနေသောကြောင့် မည်သူမှ နောက်ပြန်လှည့်နိုင်ကြမည် မဟုတ်သလို နောက်ပြန်လှည့်ရန်လည်း ရွေးခြယ်မည် မဟုတ်ပေ။

ထိုအချိန်…

အပြင်ဘက်မှ လူအများသည်လည်း ပဉ္စမထပ်မှ အခြေနေကို သိရှိချင်နေကြပြီ ဖြစ်သည်။

ပထမထပ်မှ စတုတ္ထထပ်အထိ ပုံမှန်ပင် ဖြစ်သော်လည်း ပဉ္စမထပ်ကတော့ သူတို့မျှော်လင့်ထားသည်နှင့် မတူကွဲပြားနေခဲ့သည်။

အဋ္ဌမမင်းသားက ထိုင်ခုံတွင်ထိုင်ကာ မြေပဲများကို စားနေရင်း မဟူရာမှော်ရုံနယ်မြေဆီသို့ စူးစိုက်ကြည့်နေသည်။ လျှို့ဝှက်ချက်က နောက်ဆုံးတော့ ထွက်ပေါ်လာပေတော့မည်။

ကောင်ငယ်လေးသည်လည်း လုန်မန်၏နံဘေးတွင်ထိုင်ရင်း မြေပဲများ စားနေ၏။

ဟုန်ယာက တစ်ယောက်တည်းနေချင်သည်ဆိုသောကြောင့် ကောင်ငယ်လေး ပွဲကြည့်ရန် ပြန်ရောက်လာခြင်း ဖြစ်သည်။ သူတို့နံဘေးတွင်တော့ မျက်နှာတစ်ခုလုံး ဖူးယောင်နေသည့် ယန်ရှီးယွင်တစ်ယောက် မြေပဲများစားရင်း ငြိမ်သက်လျှက် ရှိသည်။

အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေးက သူမကို အရေးမစိုက်ပေ။

ဤမိန်းကလေး သူတို့ကို စကားလာမပြောသရွေ့ အဆင်ပြေလေသည်။ စကားလာပြောလျှင်တော့ သူတို့က ရိုက်ထုတ်မည် ဖြစ်၏။

အဋ္ဌမမင်းသားက…

"ကောင်လေး... ပဉ္စမထပ်မှာ ဘာဖြစ်နေတယ်လို့ မင်းထင်လဲ"

ကောင်ငယ်လေးက...

"ကြောက်စရာတစ်ခုခု ဖြစ်နေမှာပေါ့"

ပဉ္စမထပ်တွင် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို ကောင်ငယ်လေး နားမလည်ပေ။ ထို့အတူ အဋ္ဌမမင်းသားသည်လည်း နားလည်ခြင်း မရှိပေ။

သို့သော် ပဉ္စမထပ်မှ လျှို့ဝှက်ချက် ထွက်ပေါ်လာသည်နှင့် ကြီးမားသည့် အပြောင်းအလဲတစ်ခု သေချာပေါက် ဖြစ်လာပေလိမ့်မည်။

ထို့ပြင် မဟူရာမှော်ရုံနယ်မြေ ထိပ်ဖျားတွင် ထွက်ပေါ်နေသည့် ရောင်ဝါက လူတိုင်းတွေ့မြင်ရခြင်း မရှိသော်လည်း လုန်မန်ကတော့ တွေ့မြင်နေရသည်။

ထိုရောင်ဝါက မည်သည့်အရာဖြစ်ကြောင်း သူ မသိရှိပေ။

သို့ရာတွင် မိခင်ဖြစ်သူကတော့ ထိုရောင်ဝါနှင့်ပတ်သက်ပြီး သိရှိပေလိမ့်မည်။ ထိုကိစ္စက အကြီးအကဲပိုင်းများသာ သိရှိနိုင်မည့်ကိစ္စတစ်ခုပင်။

သူကတော့ ထိုသို့သောကိစ္စမျိုးကို သိရှိရန် အလှမ်းဝေးသေးသည်။

"ဘုန်း"

ရုတ်တရက် မဟူရာ မှော်ရုံနယ်မြေမှ အသံတစ်သံထွက်ပေါ်လာသည်။

ဆဋ္ဌမထပ် ပြိုကျသွားသည့် အသံဖြစ်လေသည်။

မှော်ရုံနယ်မြေအတွင်းမှအသံက အတော်လေး ကျယ်လောင်သည်ဖြစ်ရာ အပြင်ဘက်မှပင် ခပ်သဲ့သဲ့ ကြားလိုက်ရသည်။

အင်မော်တယ်များ ပဉ္စမထပ်သို့ ရောက်ရှိလာကြပြီ ဖြစ်သည်။

အဋ္ဌမမြောက်မင်းသားနှင့် အခြားသူများက အခြေအနေကို အလေးအနက်ထားကာ စောင့်ကြည့်နေကြ၏။

ထိုစဉ်မှာပင်…

အရံအတားများ ပျက်စီးသွားပြီး ပဉ္စမထပ်၏မြင်ကွင်းက လူတိုင်း၏မျက်စိရှေ့တွင် ထွက်ပေါ်လာသည်။

ပထမဆုံးတွေ့မြင်လိုက်ကြရသည်က ပြင်းထန်စွာတောက်လောင်နေသည့် မီးတောက်မီးလျှံများပင် ဖြစ်၏။

အမှန်ဆိုလျှင် ပဉ္စမထပ်၏ စြင်္ကံလမ်းများအောက်တွင် အစကတည်းက မီးတောက်များ ရှိနေခဲ့လေသည်။ သို့သော် ယခု မီးတောက်များက အဘယ့်ကြောင့် များပြားလွန်းနေရပါသနည်း။

ယန်ရှီးယွင် သိချင်စိတ်များ တဖွားဖွားဖြစ်ပေါ်လာမိသည်။

သူမ မြင်တွေ့နေရသည့် မီးတောက်များက တစ်ခုခု မူမမှန်ဖြစ်နေကြောင်း သူမ ခံစားနေရသည်။ ထို့ပြင် မီးတောက်အရောင်က အနီရင့်ရောင်ဖြစ်နေပြီး မှောင်မှိုင်းလျှက် ရှိသည်။

အခြေအနေက အလွန်မှ ထူးခြားလှလေသည်။

ပဉ္စမထပ်မြင်ကွင်းကို ပိုပြီး ရှင်းရှင်းလင်းလင်း တွေ့မြင်လာရပြီး တောက်ပနေသည့်မီးတောက်များကိုလည်း သေသေချာချာ တွေ့မြင်လာရသည်။

အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေးမှာ ပါးစပ်ထဲမှ မြေပဲများကို ဝါးရန်ပင်မေ့လျော့သွားကြပြီး ပဉ္စမထပ်သို့ မယုံကြည်နိုင်စွာဖြင့် ငေးစိုက်ကြည့်နေကြ၏။

ယန်ရှီးယွင်မှာလည်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

သူတို့သာ မဟုတ်ပေ။

အပြင်ဘက်မှလူများအားလုံး မယုံကြည်နိုင်စွာဖြင့် အံ့သြမှင်တက်သွားကြရသည်။

ပဉ္စမထပ်တွင် တောက်လောင်နေသည့် မီးတောက်များထဲတွင် မရေမတွက်နိုင်သည့် သားရဲကြီးများ ရုန်းကန်နေကြသည်ကို သူတို့ တွေ့မြင်လိုက်ကြရလေသည်။

ထို့ပြင် များပြားလှစွာသော ဖုတ်ကောင်များမှာလည်း အော်ဟစ်ညည်းတွားလျှက် ဝိညာဉ်ဆိုးများမှာလည်း မီးတောက်များအလယ်တွင် လူးလွန့်ှလျှက် ရှိကြ၏။

မြင်ကွင်းက ငရဲဘုံတစ်ခုအလားပင် ဖြစ်သည်။

"ပဉ္စထပ်မှာ ဘာဖြစ်နေတာလဲ"

"ဒါက တစ်ယောက်ယောက်က လုပ်ထားတာလား ၊ တခြားအကြောင်းတစ်ခု ကြောင့်ဖြစ်တာလား"

လူတိုင်းက သို့နှယ်မေးခွန်းထုတ်မိကြသည်။

အဘယ်ကြောင့်ဆိုသော် ဆဋ္ဌမထပ်မှ နဝမထပ် ၊ အထပ် (၄)ထပ်သို့ သွားရောက်ရမည့် သားရဲများနှင့် သတ္တဝါဆိုးများအားလုံးသည် ပဉ္စထပ်သို့ စုပြုံပြီး ဝင်ရောက်သွားကြဟန် ရှိသည်။

ဤသည်က တိုက်ဆိုင်မှုတစ်ခုလား ၊ သို့မဟုတ် ကြိုတင်ပြင်ဆင်ထားခြင်းလား။

ဆဋ္ဌမထပ်မှ အောက်သို့ဆင်းလာကြသည့် အင်မော်တယ်များမှာလည်း ပဉ္စမထပ်ကို အံ့အားသင်စွာဖြင့် ကြည့်နေကြသည်။

နေရာတိုင်းတွင် အဆုံးမရှိသော မီးတောက်များတောက်လောင်နေပြီး မီးတောက်ရောင်ဝါများက အရာအားလုံးကို ဖုံးလွှမ်းလျှက် ရှိသည်။

သားရဲများ၏ အော်ဟစ်သံများနှင့် သတ္တဝါဆိုးများ၏ အော်ညည်းသံများမှာ ပဉ္စမထပ်မှ ဆဋ္ဌမထက်တိုင် ပျံ့နှံ့သွားခဲ့သည်။

အားလုံးမှာလည်း မြင်ကွင်းကိုကြည့်ရင်း ကြက်သေသေလျှက် ရှိကြ၏။

မီးတောက်များက အရာအားလုံးကို စုပ်ယူဝါးမြိုလျှက်ရှိလေရာ ငရဲတံခါးကို ဖွင့်လှစ်မိပြီး မရဏလောက၏ ပုံရိပ်ယောင်များကို တွေ့မြင်လိုက်ရသည်ဟု အားလုံး ထင်မှတ်လိုက်မိကြသည်။

လုကျန်းက ပေဖန်းကို လှမ်းကြည့်ရင်း…

"အစကတည်းက ဒီအထပ်က ဒီလိုပဲလား"

ပေဖန်းက ခေါင်းခါယမ်းလိုက်သည်။

"မဟုတ်ဘူး ၊ အရင်က စြင်္ကံံလမ်းတွေရဲ့အောက်မှာ မီးတောက်တွေရှိပေမယ့် ဒီလောက် ကြောက်စရာမကောင်းဘူး ၊ ပြီးတော့ ဒီသားရဲကြီးတွေနဲ့ သတ္တဝါဆိုးတွေကလည်း ဘယ်နေရာက ရောက်လာကြတာလဲ မသိဘူး"

ဟုန်လွမ်က အရှေ့ဘက်နားရှိ မီးတောက်များအလယ်တွင် မတ်တတ်ရပ်နေသည့် လူရိပ်တစ်ခုကို လက်ညှိုးညွှန်ပြလိုက်ရင်း…

"ဟိုမှာကြည့်စမ်း ၊ လူတစ်ယောက် ရှိနေတယ်"

ဟုန်လွမ်၏ စကားဆုံးသွားသည်နှင့် အားလုံးက သူမညွှန်ပြရာသို့ လှမ်းကြည့်လိုက်ကြသည်။

ထိုသူက အခြားသူများကဲ့သို့ မဟုတ်ပေ။

သူက မီးတောက်များအလယ် မတ်တတ်ရပ်နေသော်လည်း မီးတောက်များက သူ့ကို ထိတွေ့လောင်ကျွမ်းခြင်း မရှိပေ။

ပတ်ဝန်းကျင်မှ ဖုတ်ကောင်များနှင့် သားရဲများ ၊ သတ္တဝါဆိုးကြီးများမှာ မီးတောက်များကြောင့် လောင်ကျွမ်းပျက်စီးသွားကြသော်လည်း ထိုသူကတော့ လုံး၀ ထိခိုက်ခြင်း မရှိပေ။

ထိုသူက ထူးခြားသူတစ်ယောက် ဖြစ်ရပေမည်။ မဟုတ်ပါက ပဉ္စမထပ်မှ အဖြစ်အပျက်များအားလုံးက ထိုသူပြုလုပ်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။

ထိုသူက မည်သူဖြစ်ပါသနည်း။

အဘယ့်ကြေင့် ဤနေရာမှာ ထွက်ပေါ်လာရပါသနည်း။

ဘာကြောင့် သူ့အနားပတ်ဝန်းကျင်တွင် ဖုတ်ကောင်များ ၊ သတ္တဝါဆိုးကြီးများ ရှိနေရပါနသည်း။

ထိုသူက မှော်ဝင်တိမ်တိုက်တောင်စုဝေးပွဲ၏ အဆုံးစွန်သော တန်ခိုးစွမ်းအားရှင်တစ်ယောက် ဖြစ်နိုင်ပေသည်။

အမှန်တော့…

ကျန်းလန်က ပျက်သုဉ်းခြင်းငရဲကြီးရှစ်ထပ် တန်ခိုးစွမ်းအားကို ထုတ်ဖော်အသုံးပြုထားခြင်း ဖြစ်၏။

သူက အလင်းရောင်ကြိုးမျှင်များပိုမိုရရှိရန် အခွင့်ကောင်းကို စောင့်ဆိုင်းရင်း သားရဲများ ၊ ဖုတ်ကောင်များနှင့် ဝိညာဉ်ဆိုးများကို သုတ်သင်ရှင်းလင်းနေခြင်း ဖြစ်သည်။

ပဉ္စမထပ်တစ်ခုလုံးအား ပျက်သုဉ်းခြင်းငရဲကြီးရှစ်ထပ်တန်ခိုးစွမ်းအားဖြင့် တိုက်စားသွားခြင်း ပြီးဆုံးအောင် ကျန်းလန် စောင့်ဆိုင်းနေခဲ့လေသည်။

သို့သော်…

သူ အချိန်စောင့်နေဆဲမှာပင် အပေါ်ထက်မှ အက်ကွဲသံများထွက်ပေါ်လာသည်ကို ရုတ်တရက် ကြားလိုက်ရ၏။ သူ့အလိုလို အက်ကွဲသွားခြင်းမဟုတ်ဘဲ အပေါ်ထပ်မှအင်မော်တယ်များက အရံအတားကို တမင်တကာ ချိုးဖျက်လိုက်ခြင်းဖြစ်ကြောင်း ကျန်းလန် သဘောပေါက်လိုက်သည်။

ထိုအဖြစ်အပျက်ကို သူ့အနေဖြင့် တားဆီးရန် နည်းလမ်း မရှိပေ။

ထို့နောက် ကျယ်လောင်သည့် ပြိုကျသံကြီးတစ်သံ ကြားလိုက်ရပြီး ဆဋ္ဌမထပ်သို့ ရောက်ရှိနေသည့် အင်မော်တယ်များအားလုံး ပဉ္စမထပ်သို့ ဆင်းသက်လာကြောင်း တွေ့မြင်လိုက်ရတော့၏။

ကျန်းလန် ခေါင်းမော့ကြည့်လိုက်သည်။

အပေါ်ထပ်မှ တန်ခိုးစွမ်းအားမြင့်မားသူ အင်မော်တယ်များစွာက သူ့ကို ငုံ့ကြည့်နေကြကြောင်း တွေ့မြင်လိုက်ရသည်။

ဤသည်သာမက အပြင်ဘက်မှ လူအများသည်လည်း သူ့ကို ကြည့်နေကြသည်ဟု ကျန်းလန် ခံစားလိုက်ရသည်။

ထိုစဉ် သစ်ရွက်အမြင်တန်ခိုးစွမ်းအားမှ တုံ့ပြန်မှုတစ်ခု ထွက်ပေါ်လာကြောင်း ကျန်းလန် ခံစားလိုက်ရသည်။ မဟူရာမှော်ရုံနယ်မြေအပြင်ဘက်မှ တစ်စုံတစ်ယောက်က သူ၏ လျှို့ဝှက်ချက်များကို ထိုးဖောက်ကြည့်ရန် ကြိုးစားနေခြင်းပင်။

သို့သော် ကျန်းလန်က အပြင်ဘက်မှ လူများကို အရေးမစိုက်ပေ။ သူက အပေါ်ထပ်မှ ဆင်းလာသူများကိုသာ ကြည့်နေသည်။

"မင်းတို့… ကျုပ်ကို လာရှာတာလား"

ကျန်းလန်၏ အသံထွက်ပေါ်လာသည်။

ထိုအသံက အေးစက်ခက်ထန်ပြီး ငရဲမှထွက်ပေါ်လာသည့် အသံတစ်ခုအလား ထင်မှတ်ရသည်။

ကြောက်မက်ဖွယ်ရာအသံက လူတိုင်း၏နှလုံးသားကို ချွန်ထက်သော လက်သည်းရှည်များဖြင့် ဆုပ်ကိုင်လိုက်သည့်အလား ခံစားရစေသည်။

အားလုံး သတိလက်လွတ်ဖြင့်ပင် နောက်သို့ ခြေတစ်လှမ်းခန့် ဆုတ်သွားမိကြသည်။

မီးတောက်များအလယ်မှ လူပုဂ္ဂိုလ်က သူတို့ကို ထိတ်လန့်သွားစေသည့်ဟန်ပင်။

***

အပြင်ဘက်မှ လူအများမှာလည်း ပဉ္စမထပ်တွင် ရုတ်တရက်ထွက်ပေါ်လာသူကို ကြည့်နေကြသည်။ ထိုသူက တန်ခိုးစွမ်းအားမြင့်မားသူများနှင့် အင်မော်တယ်များအားလုံးကို အံ့အားသင့်စေခဲ့သည်။

သားရဲကြီးများနှင့် သတ္တဝါဆိုးများ အဘယ့်ကြောင့် ဆဋ္ဌမထပ်မှ နဝမထပ်သို့ ရောက်ရှိလာခြင်း မရှိသည်ကို သူတို့ နားလည်သွားကြရပေပြီ။

ထိုလူထူးလူဆန်းက သားရဲများနှင့် သတ္တဝါဆိုးများအားလုံးကို ပဉ္စမထပ်သို့ ခေါ်ယူထားခဲ့သည် မဟုတ်ပါလား။

ထိုသူက အစပိုင်းမှာပင် ပဉ္စမထပ်မှလူများကို မှော်ရုံနယ်မြေအပြင်ဘက်သို့ ရှင်းထုတ်ပစ်လိုက်သည်မှာ အံ့သြစရာ မရှိတော့ပေ။ အစကတည်းက အစီအစဉ် ချထားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ထို့ပြင် ထိုသူ မည်သူဖြစ်ကြောင်း ဘယ်သူမှ မသိရှိကြပေ။

မြောင်ယွဲ့က ထိုသူကို စိုက်ကြည့်နေရင်း "ဒီတစ်ခါတော့ သိုသိုသိပ်သိပ် မလုပ်နိုင်ခဲ့ပါလား" ဟု တွေးနေမိသည်။ သို့မဟုတ် သူက အရေးကြီးကိစ္စတစ်ခုခု ပြုလုပ်ရန် ကြံစီနေသည်လား။

အဋ္ဌမမင်းသားကတော့ ထိုသူကိုတွေ့သည်နှင့် ချက်ချင်းပင် တစ်စုံတစ်ခုကို နားလည်သွားသည်။

"ပွဲပြီးသွားပြီ… အဲဒီကောင်တွေအကုန်လုံး ရှင်းပစ်ခံရတော့မယ်"

ကောင်ငယ်လေးက...

"ဘာဖြစ်လို့လဲ… အဲဒီလူက တန်ခိုးစွမ်းအား အရမ်းမြင့်မားလို့လား"

အဋ္ဌမမင်းသားက…

"အရမ်းတန်ခိုးစွမ်းအားမြင့်မားလို့လား… ဟုတ်လား"

သူက ကောင်ငယ်လေးကို ကြည့်လိုက်ရင်း…

"ဇာမဏီမျိုးနွယ်တွေက သိပ်ကို မာနကြီးလွန်းတယ် ၊ ဒါပမေဲ့ သူတို့ တန်ခိုးစွမ်းအားက ဒီအတိုင်း သာမန်လောက်ပဲ ၊ ဘာမှ မထူးခြားဘူး ၊ ဒါပေမဲ့ ဒီလူကတော့ မတူဘူးကွ ၊ သူ့ကို မြင်ဖူးတဲ့သူ နည်းနည်းလေးပဲ ရှိတယ် ၊ အဲဒီ လူနည်းနည်းလေးကပဲ သူက ဘယ်လောက်ဒဏ္ဍာရီဆန်လဲဆိုတာ သိကြတယ် ၊ ဘာလို့လဲ သိလား ၊ လောကမှာ သူ့အကြောင်း သိတဲ့သူတွေအကုန်လုံး သေကုန်ကြလို့ပဲ"

***

မဟူရာမှော်ရုံနယ်မြေ ၊ ပဉ္စမထပ်။

"မင်းက ဘယ်သူလဲ ၊ ဘာလို့ ဒီနေရာမှာ ရှိနေတာလဲ"

နတ်လူသားမျိုးနွယ်ဝင် အစစ်အမှန်အင်မော်တယ်တစ်ယောက်က ကျန်းလန်ကို မေးလိုက်သည်။

ကျန်းလန်က ထိုသူများကို တစ်ချက်ကြည့်လိုက်ပြီး အားလုံးက အလွန်ဉာဏ်ထက်သူများဖြစ်ကြောင်း နားလည်လိုက်သည်။

ကျန်းလန်က…

"မင်းတို့အလောင်းတွေကို ဒီနေရာမှာ ထားခဲ့မလို့လေ"

"မာန်တက်နေတဲ့ကောင် ၊ ကျုပ်တို့အားလုံးကို အသာထား… ကျုပ်တစ်ယောက်တည်းနဲ့တင် မင်းကို…"

"ဘုန်း"

သူ့စကားမဆုံးခင်မှာပင် လက်တစ်ဖက်က သူ့နောက်ကျောမှ ဝမ်းဗိုက်အရှေ့ဘက်သို့ ထိုးဖောက်သွားသည်။

အလင်းရောင်များ ချက်ချင်းထွက်ပေါ်လာသည်။

ထိုအင်မော်တယ်မှာ အလွန်အံ့အားသင့်သွား၏။ ထိုလူထူးလူဆန်းက သူ့နောက်သို့ မည်သည့်အချိန်က ရောက်ရှိလာပါသနည်း။

ထိုသူက သူ့ခန္ဓာကိုယ်ကို မည်သို့ ထိုးဖောက်ပစ်လိုက်ပါသနည်း။

"မင်း တစ်ယောက်တည်းနဲ့ ကျုပ်ကို ဘာလုပ်ချင်တာလဲ… ဆက်ပြောလေ"

"ဘန်း"

နတ်လူသားမျိုးနွယ်အင်မော်တယ်၏ ဒဏ်ရာကြီးက တဖြည်းဖြည်း ကြီးမားလာပြီး သွေးမှုံများအဖြစ် ပြောင်းလဲသွားသည်။

တစ်ချိန်တည်းမှာပင် အလင်းရောင်များက ထိုအင်မော်တယ်၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။ ကျန်းလန်၏ ပတ်ပတ်လည်တွင်တော့ သွေးမှုံများ လွင့်ပျံလျှက် ကျန်ရစ်ခဲ့သည်။

သူက အခြားသူများကို တစ်ချက်ဝေ့ကြည့်လိုက်ရင်း…

"ဟက်… စိတ်ရှည်ရှည်ထားပြီး တစ်ကြိမ်ကို တစ်ယောက်ပဲ လာတိုက်ကြစမ်းပါ ၊ မင်းတို့အားလုံး အဲဒီလို အတွေ့အကြုံမျိုး ရစေရမယ်"

All Chapters