← Chapters

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း ၁ လူသားတို့ရဲ့နှလုံးသား

ရွှမ်လင်တိုက်ကြီး၊ ချင်းယိုအင်ပါယာ။

ချန်ချင်းခန်းမအတွင်း၌ ချင်းယိုအင်ပါယာ၏ ဧကရာဇ် နန်ကုန်းအောက်ထျန်းသည် မှူးမတ်များနှင့် တိုင်းရေးပြည်ရာများကို ဆွေးနွေးတိုင်ပင်နေပေ၏။

ဤအချိန်၌ မထင်မှတ်ထားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"သတင်းပို့ပါတယ်..."

"မြောက်ပိုင်းနယ်စပ်က အရေးပေါ်သတင်းပါ..."

ခန်းမအပြင်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာသော အထိတ်တလန့် အသံကြောင့် လူတိုင်း မျက်မှောင်ကြုတ်သွားကြပေ၏။

အသံပိုင်ရှင်ဖြစ်သော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် တယိမ်းတယိုင်နှင့် ပြေးဝင်လာကာ ခန်းမဆောင်မကြီး၏ အလယ်၌ ချက်ချင်း ဒူးထောက်ချလိုက်သည်။

သူ၏ မျက်နှာပေါ်တွင် တစ်စုံတစ်ရာကို အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့နေသည့် အမူအရာများ အထင်းသားပေါ်လွင်နေပြီး တည်ငြိမ်မှုများ လုံးလုံးလျားလျား ပျောက်ဆုံးနေလေ၏။

ဤမြင်ကွင်းက ညီလာခံတက်ရောက်နေသူ အားလုံးကို အံ့အားသင့်သွားစေပြီး တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်းကို သွယ်ဝိုက်သောအားဖြင့် ခံစားလိုက်ကြရသည်။

ထိုသူကား မည်သူမည်ဝါဖြစ်ကြောင်း သူတို့ ကောင်းစွာ သိရှိကြသည်။ သူသည် စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးဌာန၏ အကြီးအကဲ ဝမ်ချုံမင်ပင် ဖြစ်သည်။

စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးဌာနသည် အင်ပါယာ၏ ဒေသအသီးသီးမှ စစ်သူကြီးများ တင်သွင်းသော အစီရင်ခံစာများကို လက်ခံပေးပို့ခြင်း၊ စစ်တပ်နှင့် စစ်သူကြီးများ၏ လက်ရှိသတင်းအချက်အလက်များကို စုဆောင်းခြင်း၊ ဧကရာဇ်၏ အမိန့်တော်များကို စစ်တပ်အသီးသီးထံသို့ ပေးပို့ခြင်း စသည့်တာဝန်များကို အဓိက ထမ်းဆောင်ရသည်။

ယေဘုယျအားဖြင့် ထောက်လှမ်းရေးဌာန၏ အကြီးအကဲသည် ညီလာခံသို့ တက်ရောက်လေ့မရှိသော်လည်း နန်းတော်အတွင်းသို့ လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့်နှင့် ဧကရာဇ်ကို တိုက်ရိုက်တွေ့ဆုံခွင့် ရရှိထားသူဖြစ်သည်။

နယ်စပ်မှ အလွန်အရေးကြီးသော စစ်ရေးသတင်းကြောင့်သာ ဝမ်ချုံမင်တစ်ယောက် ညီလာခံကို အနှောင့်အယှက်ဖြစ်စေမည့် အရေးကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ယခုကဲ့သို့ ပြာယာခတ်နေခြင်း ဖြစ်ရပေမည်။

အကယ်၍များ... ဤအချက်ကို တွေးမိချိန်တွင် မှူးမတ်များအားလုံး ထိတ်လန့်သွားကြပေ၏။

မှူးမတ်များ တွေးတောမိသကဲ့သို့ပင် ဧကရာဇ် နန်ကုန်းအောက်ထျန်းလည်း အခြေအနေကို ရိပ်မိလိုက်သည်။ သူ၏ စိတ်သားထဲတွင် မကောင်းသော နိမိတ်တစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

သူက အောက်ဘက်ရှိ ဝမ်ချုံမင်ကို အေးစက်သောအမူအရာဖြင့် ငုံ့ကြည့်လိုက်သည်။

"မင်းကို ဒီလောက်တောင် ပြာယာခတ်သွားစေတဲ့ ကိစ္စက ဘာများလဲ..."

ဝမ်ချုံမင်က အသက်တစ်ချက် ရှူသွင်းလိုက်သည်။

"အရှင်မင်းကြီး... မြောက်ပိုင်းနယ်စပ်က အရေးပေါ်သတင်းပါ... ပေ့ချွမ်းအင်ပါယာက ငြိမ်းချမ်းရေးစာချုပ်ကို ဗြောင်ကျကျ ဖျက်ဆီးပစ်လိုက်ပါပြီ... မနေ့ညက ထိုပါ့ဆာယဲ့က သူ့ရဲ့တပ်တွေကို ဦးဆောင်ပြီး မြောက်ပိုင်းနယ်စပ်က ကျန်းရှန်းတောင်ကြားစခန်းကို ဝင်ရောက်စီးနင်းခဲ့ပါတယ်... ကျန်းပေ့မင်းသားက ထိုပါ့ဆာယဲ့နဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ သိုင်းပညာရှင်တစ်ယောက်ရဲ့ ချုံခိုတိုက်ခိုက်မှုကို ခံလိုက်ရပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့ပါတယ်..."

ဤစကားကို ကြားလိုက်ရချိန်၌ ခန်းမဆောင်အတွင်းရှိ မှူးမတ်အားလုံး အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားကြပြီး သူတို့၏ မျက်လုံးများတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ပြည့်နှက်သွားလေသည်။

"မင်း ဘာပြောလိုက်တယ်..."

နန်ကုန်းအောက်ထျန်းက အောက်ဘက်ရှိ ဝမ်ချုံမင်ကို ငုံ့ကြည့်ရင်းပြောလိုက်သော်လည်း သူ၏ အေးစက်စက် အသံသည် အနည်းငယ် တုန်ရီနေသည်။

ဝမ်ချုံမင်သည် အလွန်အမင်း ကြောက်ရွံ့နေသော်လည်း ခေါင်းကိုသာ ငုံ့ထားရင်း စိတ်ကိုတင်းကာ ပြောဆိုလိုက်သည်။

"အရှင်မင်းကြီး... ကျန်းပေ့မင်းသားက ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားပါတယ်... အခုအခါမှာ သူက စစ်တပ်ကို ဦးဆောင်ပြီး ပေ့ကျီမြို့ကို ဆုတ်ခွာကာကွယ်နေရပါတယ်... ကျန်းပေ့မင်းသားက အရှင်မင်းကြီးဆီကနေ စစ်ကူတောင်းခံထားပါတယ်..."

ဤစကားကို ကြားချိန်တွင် လူတိုင်း အသက်ရှူမှားသွားကြပြီး သူတို့၏ မျက်လုံးများထဲ၌ မယုံကြည်နိုင်မှုများ အထင်းသား ရှိနေဆဲပင်။

ကျန်းပေ့မင်းသားသည် ကပ်ဘေးပျက်သုဉ်းခြင်းအဆင့် နောက်ပိုင်းအဆင့်သို့ ရောက်ရှိနေသော သိုင်းပညာရှင်တစ်ဦးဖြစ်သည်။ သူသည် ချင်းယိုအင်ပါယာ စစ်တပ်၏ ထိပ်တန်းသိုင်းပညာရှင်တစ်ဦးဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေး စစ်သူကြီးချုပ် မင်ထျန်အန်း ပြီးလျှင် ဒုတိယအသန်မာဆုံး ပုဂ္ဂိုလ်ပင်။

ဤသို့သော အဖြစ်အပျက်မျိုးက မည်သို့လျှင် ဖြစ်နိုင်မည်နည်း။

သို့သော်လည်း ဝမ်ချုံမင်သည် ဧကရာဇ်ကို လိမ်လည်ဝံ့မည် မဟုတ်ပေ။ ထို့ကြောင့် ဤသတင်းမှာ သေချာပေါက် မှန်ကန်နေရပေမည်။

ဤအကြောင်းကို တွေးမိချိန်တွင် မှူးမတ်များ၏ မျက်နှာအမူအရာများ ပျက်ယွင်းသွားကြပြီး အနည်းငယ် တွေဝေထိတ်လန့်သွားကြသည်။

နန်ကုန်းအောက်ထျန်းက အသက်တစ်ချက် ရှူသွင်းလိုက်သည်။

" မြင်းသည်တော် စစ်သူကြီး ယန်ကျုံ ဘယ်မှာလဲ..."

နန်ကုန်းအောက်ထျန်း၏ အသံထွက်ပေါ်လာချိန်၌ ခန်းမဆောင်၏ ညာဘက် ဒုတိယနေရာတွင် ရပ်နေသော လူလတ်ပိုင်းအရွယ် စစ်သူကြီးတစ်ဦးက ရှေ့သို့ ထွက်လာခဲ့သည်။

"ဒီငယ်သား ရှိပါတယ်..."

နန်ကုန်းအောက်ထျန်းက ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်ပြီး သူ၏ တည်ကြည်လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"ယန်ကျုံ... မင်းကို ငါ့ရဲ့အမိန့်တော်ပြန်တမ်းနဲ့အတူ အကြီးအကဲခန်းမကို သွားဖို့ အမိန့်ပေးတယ်... အကြီးအကဲ နှစ်ယောက်ကို ပင့်ဖိတ်ပြီး မြောက်ပိုင်းနယ်စပ်ကို မင်းနဲ့အတူ ခေါ်သွား... မင်း မြောက်ပိုင်းနယ်စပ်ကို ထိန်းထားနိုင်ရမယ့်အပြင် ကျန်းပေ့မင်းသားကိုပါ ဘေးကင်းကင်းနဲ့ ပြန်ခေါ်လာခဲ့ရမယ်..."

"နားလည်ပါပြီ..."

ယန်ကျုံက တုံ့ပြန်လိုက်ပြီး အမိန့်တော်ကို လက်ခံကာ ထွက်ခွာသွားလေသည်။

...

မြောက်ပိုင်းနယ်စပ်၊ ဖူကွမ်းမြို့၊ ကျန်းပေ့မင်းသားစံအိမ်။

စံအိမ်၏ နောက်ဘက်ခြံဝင်းအတွင်း၌ ခရမ်းရောင်ဝတ်ရုံကို ဆင်မြန်းထားသော အလွန်လှပတင့်တယ်သည့် အမျိုးသမီးတစ်ဦးသည် အပန်းဖြေကုလားထိုင်ပေါ်တွင် တစ်ကိုယ်တည်း ထိုင်နေပေသည်။

သူမသည် လူ့လောကသို့ ဆင်းသက်လာသော နတ်မိမယ်တစ်ပါးအလား သူမ၏ ပြီးပြည့်စုံသော မျက်နှာထားက မြင်သူတကာ၏ စိတ်ကို ဖမ်းစားထားနိုင်ပေသည်။

သူမ၏ အသားအရေသည် နှင်းပွင့်များပမာ ဖြူစင်နူးညံ့ပြီး ကျောက်စိမ်းဖြူကဲ့သို့ ချောမွေ့နေ၏။ သူမ၏ မျက်ခုံးတန်းများက အဝေးမှ တောင်တန်းများပမာ သွယ်လျလှပကာ မျက်လုံးထောင့်စွန်းများက အနည်းငယ် ကော့တက်နေပြီး ဆွဲဆောင်မှုအပြည့် ရှိနေပေသည်။

သူမ၏ မျက်လုံးများက ကြယ်ရောင်များအလား တောက်ပပြီး လူတို့၏ စိတ်အတွင်းပိုင်းအထိ ထိုးဖောက်မြင်နိုင်စွမ်းရှိသည့်အလား နက်ရှိုင်းကြည်လင်နေသည်။ ဖြောင့်တန်းလှပသော နှာတံလေးက သူမ၏ မျက်နှာပုံပန်းသဏ္ဍာန်ကို ပိုမိုပီပြင်စေသည်။

နှင်းဆီပွင့်ဖတ်များကဲ့သို့ နူးညံ့သော နှုတ်ခမ်းအစုံသည် အနည်းငယ် ပြုံးယောင်သန်းနေချိန်တွင် လူကို ယစ်မူးစေသော နွေဦးလေညင်းလေးနှင့် တူပေ၏။ သူမ၏ နှုတ်ခမ်းနီနီလေး ပွင့်ဟသွားချိန်တွင် လောက၌ အလှပဆုံးသော စကားလုံးများ ထွက်ပေါ်လာမည်ဟု ထင်မှတ်ရသည်။

သူမ၏ လှပသော ဆံကေသာသည် မည်းနက်တောက်ပနေပြီး ရေတံခွန်တစ်ခုပမာ ခါးအထိ ဖြာကျနေကာ လေပြေလေညင်းနှင့်အတူ ညင်သာစွာ ယိမ်းနွဲ့နေရင်း ညို့ယူဖမ်းစားနိုင်သော အလင်းရောင်တစ်ခုကို ထုတ်လွှတ်နေသည်။

သူမ၏ ကိုယ်ဟန်အမူအရာက ထူးခြားစွာ မြင့်မြတ်နေပေ၏။ လှုပ်ရှားမှုတိုင်းက ကျက်သရေရှိပြီး တည်ငြိမ်မှုကို ဖော်ညွှန်းနေကာ လူတိုင်းကို အလိုအလျောက် ကျရှုံးသွားစေနိုင်သည့် ထူးခြားသော ဆွဲဆောင်မှုတစ်ခု ရှိနေသလို သူမ၏ မြင့်မြတ်သော အငွေ့အသက်ကြောင့်လည်း အလိုအလျောက် ကြောက်ရွံ့ရိုသေစိတ်များ ဖြစ်ပေါ်လာစေသည်။

တစ်ခုတည်းသော အပြစ်အနာအဆာဟု ဆိုရမည်ဆိုလျှင် သိသိသာသာ ကြီးမားနေသော သူမ၏ ဝမ်းဗိုက်လေးပင် ဖြစ်ပေမည်။ ဤသည်က သူမသည် အိမ်ထောင်ရှင်မတစ်ဦး ဖြစ်နေပြီဖြစ်ကြောင်း ကြေညာနေသည့်အလား။

ထိုအမျိုးသမီးက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။

"ဘာတွေ ဖြစ်နေတာလဲ... ဒီမသက်မသာ ဖြစ်နေတဲ့ ခံစားချက်က ဘယ်ကနေ ရောက်လာတာလဲ..."

သူမ၏ စိတ်ထဲမှ မသက်မသာဖြစ်မှုက လျင်မြန်စွာ ရောက်လာသကဲ့သို့ လျင်မြန်စွာပင် ပျောက်ကွယ်သွားခဲ့သဖြင့် သူမ၏ အာရုံစိုက်မှုကို သိပ်မရလိုက်ချေ။

သူမက ဖောင်းမို့နေသော ဝမ်းဗိုက်လေးကို ညင်သာစွာ ပွတ်သပ်လိုက်ရာ သူမ၏ မျက်နှာပေါ်တွင် နူးညံ့သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ထိုအပြုံးက မတ်လ၏ နွေဦးလေညင်းပမာ ညို့ယူဖမ်းစားနိုင်ပြီး ယစ်မူးဖွယ် ကောင်းလှပေ၏။

"ကလေးလေး... မေမေကတော့ သားလေးကို ဒီလောကကြီးထဲ ကျန်းကျန်းမာမာနဲ့ အမြန်ဆုံး ရောက်လာစေချင်ပြီ... ဖေဖေရော မေမေရောက သားလေး ရောက်လာမယ့်အချိန်ကို မျှော်လင့်စောင့်စားနေကြတာ..."

သူမ စကားပြောပြီးသည်နှင့် ဝမ်းဗိုက်အတွင်းမှ အနည်းငယ် နာကျင်သွားမှုကို ရုတ်တရက် ခံစားလိုက်ရသည်။ ဤသည်က ဝမ်းဗိုက်ထဲမှ ကလေးငယ်လေးက သူမကို တုံ့ပြန်လိုက်သည့်အလားပင်။

ဤသည်ကို မြင်ချိန်တွင် အမျိုးသမီးသည် အနည်းငယ် ပြုံးလိုက်မိပြီး သူမ၏ မျှော်လင့်တောင့်တမှုများက ပိုမိုပြင်းပြလာခဲ့သည်။

သို့သော်လည်း ထိုအချိန်တွင် လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးက အလျင်စလို လျှောက်လာခဲ့သည်။ သူမ၏ မျက်နှာပေါ်တွင် အထိတ်တလန့်ဖြစ်နေသော အမူအရာများ ရှိနေသော်လည်း တစ်စုံတစ်ခုကို ပြောရန် တုံ့ဆိုင်းနေပုံရပေ၏။

"ဒေါ်လေးရှန်... ဘာဖြစ်လို့လဲ..."

ကျန်းပေ့မင်းသားစံအိမ်၏ အိမ်တော်ထိန်းဖြစ်သော ဒေါ်လေးရှန်တစ်ယောက် ယခုကဲ့သို့ အခြေအနေဖြစ်နေသည်ကို မြင်ချိန်တွင် အမျိုးသမီးက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး နှုတ်ခမ်းနီနီလေးကို ဟကာ မေးမြန်းလိုက်သည်။

ဒေါ်လေးရှန်က အမျိုးသမီး၏ ဝမ်းဗိုက်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် အံကိုတင်းတင်းကြိတ်ကာ ပြောဆိုလိုက်၏။

"မင်းသားကတော်... အရေးကြီးတဲ့ကိစ္စ ဘာမှမရှိပါဘူး... ဒီအစေခံက မင်းသားကတော် နားနေဖို့အတွက် ကူညီပြီး တွဲခေါ်သွားပေးပါ့မယ်..."

ဤသည်ကို မြင်ချိန်တွင် အမျိုးသမီးသည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားလိုက်ရပြီး ဆက်လက်မေးမြန်းရန် ပြင်လိုက်စဉ် တန်ဖိုးကြီး ပိုးသားဝတ်ရုံကို ဆင်မြန်းထားသော အမျိုးသမီးတစ်ဦး ပြေးဝင်လာသည်ကို မြင်လိုက်ရသည်။

"အစ်မတော်... ဒုက္ခပါပဲ... မြောက်ပိုင်းနယ်စပ်က ကျန်းရှန်းတောင်ကြားစခန်း တိုက်ခိုက်ခံရပြီး မင်းသားက ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ်တဲ့... သူ့အခြေအနေက..."

သို့သော် သူမ စကားမဆုံးမီမှာပင် ဒေါ်လေးရှန်က မျက်လုံးပြူးကာ စူးရဲစွာ ကြည့်လိုက်ပြီး တိုးညင်းသောအသံဖြင့် ဆူပူကြိမ်းမောင်းလိုက်၏။

"ပါးစပ်ပိတ်ထားစမ်း ကျင်ကိုယ်လုပ်တော်... မင်းသားကတော်ကို အနှောင့်အယှက်ပေးဖို့ ဘယ်သူက နင့်ကို ခွင့်ပြုထားလို့လဲ..."

ရုတ်တရက် ဆူပူခံလိုက်ရသဖြင့် ကျင်ကိုယ်လုပ်တော်က သူမကို တစ်ချက်ကြည့်လိုက်ပြီး တိတ်တဆိတ် နောင်တရသွားကာ ဆက်မပြောရဲတော့ချေ။

သူမသည် ကျန်းပေ့မင်းသား နန်ကုန်းအောက်ချန်၏ ကိုယ်လုပ်တော်တစ်ဦး ဖြစ်သော်လည်း ဒုတိယမင်းသားကတော်အဆင့်ပင် မရှိသေးပေ။ မင်းသားစံအိမ်၏ အိမ်တော်ထိန်းချုပ်ဖြစ်သော ဒေါ်လေးရှန်ကို စော်ကားမိပါက သူမ၏ ရှေ့ဆက်ရမည့်ဘဝသည် ခက်ခဲကြမ်းတမ်းသွားနိုင်ပေသည်။

သို့ရာတွင် သူမ၏ ရည်ရွယ်ချက်က အောင်မြင်သွားပုံရသည်။

ကျန်းပေ့မင်းသားကတော်၏ မျက်နှာအမူအရာ ပြင်းထန်စွာ ပျက်ယွင်းသွားခဲ့၏။

"မင်း ဘာပြောလိုက်တယ်... မင်းသားက..."

"ရှီး..."

ကျန်းပေ့မင်းသားကတော်သည် အလွန်အမင်း ထိတ်လန့်သွားပြီး စကားပြောလိုက်သည်နှင့် တစ်ပြိုင်နက် ဝမ်းဗိုက်အတွင်းမှ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရကာ ဗိုက်ကို ကိုင်ထားရင်း အသက်ရှူကြပ်လာခဲ့သည်။

ဤသည်ကို မြင်ချိန်တွင် ဒေါ်လေးရှန်၏ မျက်နှာအမူအရာ ထပ်မံပျက်ယွင်းသွားပြန်သည်။

"မြန်မြန်... နန်းတွင်းသမားတော်နဲ့ လက်သည်ကို မြန်မြန်သွားခေါ်ကြစမ်း..."

သူမ အသံက သိပ်မကျယ်သော်လည်း မင်းသားစံအိမ် တစ်ခုလုံးသို့ ချက်ချင်း ပျံ့နှံ့သွားခဲ့ပြီး စံအိမ်အတွင်းရှိ လူတိုင်းကို အလွန်အမင်း အလုပ်များသွားစေခဲ့သည်။

ထို့နောက် သူမက ကျင်ကိုယ်လုပ်တော်ကို စူးရဲစွာ စိုက်ကြည့်လိုက်ပြီး ကျန်းပေ့မင်းသားကတော်ကို အလျင်အမြန် တွဲ၍ ထွက်ခွာသွားလေ၏။

အနည်းငယ် ကြာပြီးနောက်...

"ဝါး..."

ကလေးငယ်တစ်ဦး၏ ငိုသံထွက်ပေါ်လာချိန်၌ ဒေါ်လေးရှန်၏ အသံလည်း ထွက်ပေါ်လာခဲ့သည်။

"မင်းသားကတော်... သခင်လေးပါ..."

ဤစကားကို ကြားချိန်၌ ကုတင်ပေါ်တွင် ဖြူဖျော့စွာ လဲလျောင်းနေသော ကျန်းပေ့မင်းသားကတော်သည် ဆက်လက်တောင့်ခံမထားနိုင်တော့ဘဲ သတိလစ်မေ့မြောသွားတော့သည်။

ဤသည်ကို မြင်ချိန်တွင် ဒေါ်လေးရှန်၏ မျက်နှာအမူအရာ ထပ်မံပျက်ယွင်းသွားပြန်ကာ အလျင်စလို အော်ဟစ်လိုက်ပေ၏။

"နန်းတွင်းသမားတော်..."

သူမ၏ အသံထွက်ပေါ်လာသည်နှင့် ဆေးသေတ္တာကို ထမ်းလာသော နန်းတွင်းသမားတော်တစ်ဦးက အလျင်အမြန် ပြေးဝင်လာခဲ့သည်။ သူက လက်ကိုင်ပဝါတစ်ထည်ကို ထုတ်ယူကာ မင်းသားကတော်၏ လက်ကောက်ဝတ်ပေါ်တွင် တင်လိုက်ပြီး သွေးခုန်နှုန်းကို စတင်စမ်းသပ်လိုက်သည်။

ဒေါ်လေးရှန်က အခြားသူများအားလုံးကို ထွက်သွားရန် အမိန့်ပေးလိုက်သည်။ သူမက ငိုသံတိတ်သွားသော ကလေးငယ်လေးကို ပွေ့ချီထားရင်း နန်းတွင်းသမားတော်၏ ရောဂါရှာဖွေစစ်ဆေးမှုကို ဘေးမှနေ၍ စိုးရိမ်တကြီး စောင့်ကြည့်နေခဲ့သည်။

အခိုက်အတန့် ကြာပြီးနောက် နန်းတွင်းသမားတော်သည် လက်ကိုင်ပဝါကို ပြန်သိမ်းကာ မတ်တတ်ရပ်လိုက်ပြီး ပြောဆိုလိုက်၏။

"မင်းသားကတော်က အသက်အန္တရာယ် မစိုးရိမ်ရပါဘူး... ခန္ဓာကိုယ် အားနည်းတာရယ် ချီနဲ့ သွေး ပြောင်းပြန်စီးဆင်းသွားတာရယ် ပေါင်းစပ်သွားလို့ သတိလစ်သွားတာပါ... ကျွန်တော် ဆေးညွှန်းတစ်ခု ရေးပေးခဲ့ပါ့မယ်... သေချာလေး အနားယူလိုက်ရင် ပြန်ကောင်းလာပါလိမ့်မယ်..."

"ကျေးဇူးတင်ပါတယ် နန်းတွင်းသမားတော် ကျန်း..."

ဒေါ်လေးရှန်က အလျင်အမြန် ကျေးဇူးတင်စကားဆိုလိုက်ပြီး သူမ၏ ရင်ခွင်ထဲမှ ကလေးငယ်ကို မင်းသားကတော်၏ နံဘေးတွင် ချထားပေးခဲ့သည်။ ထို့နောက် နန်းတွင်းသမားတော် ကျန်းကို သူမကိုယ်တိုင် အပြင်သို့ လိုက်လံပို့ဆောင်ပေးလိုက်၏။

ကလေးငယ်လေးသည် ဒေါ်လေးရှန် ထွက်သွားသည်ကို ကြည့်နေခဲ့ပြီး စိမ်းသက်နေသော ပတ်ဝန်းကျင်ကို မြင်ချိန်၌ သူ၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်သွားခဲ့သည်။

"ငါ ကူးပြောင်းလာတာလား... အဲ့ဒါကလည်း မွေးကင်းစကလေးငယ် တစ်ယောက်အဖြစ်နဲ့..."

သူ၏ နာမည်က နန်ကုန်းယွီ ဖြစ်သည်။

သူသည် မူလက ကမ္ဘာမြေ၏ ၂၁ ရာစုတွင် ဆွေမျိုးသားချင်း တစ်ဦးတစ်ယောက်မျှ မရှိသော မိဘမဲ့တစ်ဦး ဖြစ်ခဲ့သည်။ သူ လူလားမြောက်သည်အထိ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပြီးမှ အသက်ရှင်ရပ်တည်ရန် လုံလောက်သော အလုပ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။

သို့ရာတွင် မထင်မှတ်ထားဘဲ သူ သဘောကျခဲ့သော နတ်မိမယ်လေးတစ်ဦးကို မတော်တဆ ကယ်တင်မိခဲ့ရာမှ မုဒိမ်းမှုဖြင့် လုပ်ကြံစွပ်စွဲခြင်းကို ခံခဲ့ရပြီး ရဲများ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။

တစ်ဖက်လူက သူ အကျဉ်းထောင်ထဲတွင် တစ်သက်လုံး ပုပ်သိုးသွားစေရန် သေချာစေမည့် 'သက်သေအထောက်အထား' ကိုပင် ဖန်တီးခဲ့သည်။ နန်ကုန်းယွီသည် မိမိကိုယ်ကို ကာကွယ်နိုင်စွမ်း မရှိခဲ့ဘဲ ဒေါသအမျက်ချောင်းချောင်းထွက်ကာ အသဲကွဲပြီး သေဆုံးခဲ့ရသည်။

သူ မမွေးဖွားလာမီက သူ၏ သိစိတ်များ အကြိမ်အနည်းငယ် ဝေဝါးစွာ ပြန်လည်နိုးထလာခဲ့ဖူးသည်။ သူသည် ငရဲပြည်သို့ ရောက်သွားပြီဟုသာ ထင်မှတ်ခဲ့သော်လည်း သန္ဓေသားတစ်ဦးအဖြစ် ကူးပြောင်းလာလိမ့်မည်ဟု ဘယ်သောအခါမှ မထင်မှတ်ထားခဲ့ပေ။

နန်ကုန်းယွီက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး တွေးတောလိုက်၏။

"လူတွေရဲ့ စိတ်သားဆိုတာ ခန့်မှန်းရ အခက်ဆုံးပဲ..."

သူက သက်ပြင်းတစ်ချက် ချလိုက်သည်။ ကူးပြောင်းလာသော ဇာတ်လိုက်များတိုင်းတွင် ရှိတတ်သည့် 'ရွှေလက်ချောင်း' ကို တွေးမိချိန်၌ သူ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက် အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။

"စနစ်..."

မည်သည့် တုံ့ပြန်မှုမှ မရရှိသဖြင့် နန်ကုန်းယွီက မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

"စနစ်..."

"စနစ်..."

နန်ကုန်းယွီသည် သူ၏ စိတ်ထဲမှ အချိန်အတော်ကြာအောင် ခေါ်ဆိုနေခဲ့သော်လည်း မည်သည့် တုံ့ပြန်မှုမှ မရရှိခဲ့သဖြင့် သူ၏ မျက်နှာပေါ်တွင် စိတ်ပျက်သွားသော အမူအရာများ ပေါ်လာတော့သည်။

သို့သော် ထိုအချိန်၌ သူ၏ စိတ်ထဲမှ သတင်းစကားတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့ရာ သူ၏ မျက်နှာလေးသည် ဝမ်းသာအားရဖြင့် လင်းလက်သွားပေ၏။

"စနစ်... မင်းလား..."

နန်ကုန်းယွီက သူ၏ စိတ်ထဲမှ မေးမြန်းလိုက်သော်လည်း ရုတ်တရက် အိပ်ချင်မူးတူး ဖြစ်လာကာ အလိုအလျောက် အိပ်မောကျသွားတော့သည်။

...

မြောက်ပိုင်းနယ်စပ်၊ ပေ့ကျီမြို့။

ဤအချိန်၌ မြို့တစ်မြို့လုံးသည် အလောင်းများနှင့် ပြည့်နှက်နေပြီး သွေးချောင်းစီးနေကာ အလွန်ကြေကွဲဖွယ် ကောင်းလှသော မြင်ကွင်းတစ်ခု ဖြစ်နေပေ၏။

ဖြူဖျော့ယိမ်းယိုင်နေသော လူငယ်တစ်ဦးသည် မြို့ရိုးပေါ်တွင် ရပ်နေသော်လည်း သူ၏ ဂုဏ်သိက္ခာများကတော့ တည်ရှိနေဆဲ။

သူက မလှမ်းမကမ်းတွင် ရှိနေသော တောင့်တင်းခိုင်မာသည့် လူလတ်ပိုင်းအရွယ် အမျိုးသားကို ကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းများမှ တည်ကြည်လေးနက်သော အသံတစ်ခုဖြင့် ပြောလိုက်သည်။

"ထိုပါ့ဆာယဲ့... မင်းတို့ ပေ့ချွမ်းအင်ပါယာက ငါတို့နိုင်ငံနှစ်ခုကြားမှာ စစ်မီးတောက်လောင်အောင် တကယ် ဆွပေးချင်နေတာလား... ပြီးတော့ ချင်းယိုအင်ပါယာရဲ့ အမျက်ဒေါသကို ခံယူချင်နေတာလား..."

ဤစကားကို ကြားချိန်၌ ထိုပါ့ဆာယဲ့က လှောင်ပြုံးပြုံးလိုက်သည်။

"အဲ့ဒီတော့ ဘာဖြစ်လဲ... ငါတို့က ဒီလိုလုပ်ပြီဆိုမှတော့ ပေ့ချွမ်း က သဘာဝကျကျပဲ ကြိုတင်ပြင်ဆင်ပြီးသားပေါ့... နန်ကုန်းအောက်ချန်... မင်းက အဆိပ်မိနေပြီပဲ... ဘယ်လောက်ကြာကြာ တောင့်ခံထားနိုင်မှာမလို့လဲ..."

ဤစကားကို ကြားချိန်၌ နန်ကုန်းအောက်ချန်၏ မျက်နှာအမူအရာက ပြောင်းလဲမသွားသော်လည်း သူ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်မဲ့နေသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။

သူ၏ ခန္ဓာကိုယ်အကြောင်းကို သူကောင်းကောင်းသိသည်။ ပြင်းထန်လှသော အဆိပ်က သူ၏ နှလုံးသားဆီသို့ ရောက်ရှိနေပြီဖြစ်ရာ နောက်ကြောင်းပြလှည့်၍မရတော့။

"ထိုပါ့ဆာယဲ့... ပေ့ချွမ်းအင်ပါယာရဲ့ အင်ပါယာကာကွယ်ရေး စစ်သူကြီးချုပ် ဖြစ်တဲ့မင်းက ဒီလောက် ယုတ်မာတဲ့ နည်းလမ်းတွေကို အသုံးပြုလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး..."

ဤစကားကို ကြားချိန်၌ ထိုပါ့ဆာယဲ့၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး သူက စကားပြောရန် ပြင်လိုက်စဉ် အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့တော့... ပြဿနာတွေ ထပ်မတက်လာခင် သူ့ကို မြန်မြန်သာ အဆုံးစီရင်လိုက်စမ်းပါ..."

ထိုအသံသည် ထိုပါ့ဆာယဲ့နှင့် မလှမ်းမကမ်းတွင်ရှိသော ဝတ်ရုံနက်ဝတ်ထားသောလူသား၏ အမည်းရောင် မျက်နှာဖုံးအောက်မှ ထွက်ပေါ်လာခြင်းဖြစ်သည်။

ဤစကားကို ကြားချိန်၌ ထိုပါ့ဆာယဲ့သည် စကားအပိုတွေပြောနေခြင်းကို ရပ်တန့်လိုက်ပြီး သူတို့နှစ်ဦးစလုံး နန်ကုန်းအောက်ချန်ထံသို့ ပျံသန်းသွားကြလေ၏။

သို့ရာတွင် ဤအချိန်၌ နန်ကုန်းအောက်ချန်၏ နှုတ်ခမ်းများက ခါးသီးသော အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားခဲ့သည်။

"ယွဲ့ရှီး... ကိုယ်တောင်းပန်ပါတယ်... ကိုယ်တို့ရဲ့ ကလေးလေး မွေးလာမယ့်အချိန်အထိ ကိုယ် စောင့်မနေနိုင်တော့ဘူး..."

သူက တောင်ဘက်သို့ လှည့်ကြည့်လိုက်ပြီးနောက် ခေါင်းကို ပြန်လှည့်လိုက်ချိန်တွင် သူ၏ နှုတ်ခမ်းများပေါ်၌ အေးစက်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

"ဒါဆိုလည်း တမလွန်ခရီးကို အတူတူ သွားကြတာပေါ့..."

သူ၏ အသံထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူ၏ အငွေ့အသက်တစ်ခုလုံး ရုတ်တရက် အရှိန်အဟုန်ဖြင့် မြင့်တက်လာပြီး ထိတ်လန့်ဖွယ်ကောင်းလှပေ၏။

"ဒုက္ခပဲ..."

ဤသည်ကို သတိပြုမိသွားချိန်၌ ဝတ်ရုံနက်ဝတ်လူသားက အော်ဟစ်လိုက်သည်။

"မြန်မြန်ဆုတ်... သူက သူ့ကိုယ်သူ ဖောက်ခွဲတော့မှာ..."

သို့သော် သူ၏ အသံမဆုံးမီမှာပင် ကျယ်လောင်သော ရယ်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ဟားဟား... နောက်ကျသွားပြီ..."

ထိုပါ့ဆာယဲ့နှင့် အခြားတစ်ယောက်တို့သည် ထိတ်လန့်ဖွယ်ကောင်းလှသော နန်ကုန်းအောက်ချန်က သူတို့ရှေ့သို့ ရုတ်တရက် ရောက်လာသည်ကို မျက်လုံးအပြူးသားဖြင့် ကြည့်နေခဲ့ကြသည်။

"ဘုန်း..."

ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီး ပေ့ကျီမြို့အထက်ရှိ ဟင်းလင်းပြင်ကြီး တုန်ခါသွားကာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းကြီးတစ်ခုက တိုက်ခတ်သွားပြီး ပေ့ကျီမြို့သည် ချက်ချင်းပင် အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ပေ့ကျီမြို့အတွင်း အချင်းချင်း တိုက်ခိုက်သတ်ဖြတ်နေကြသော အင်ပါယာစစ်သည်များသည်လည်း မလွတ်မြောက်နိုင်ခဲ့ကြဘဲ ဤပေါက်ကွဲမှုအတွင်း အားလုံး သေဆုံးသွားခဲ့ကြသည်။

...

ချင်းယိုအင်ပါယာ၊ နန်းတွင်း၌…

နန်ကုန်းအောက်ထျန်းသည် နန်ကုန်းအောက်ချန် စစ်မြေပြင်တွင် ကျဆုံးသွားပြီဖြစ်ကြောင်း သတင်းကို မကြာမီ လက်ခံရရှိခဲ့ပြီးနောက် သူ၏ မျက်နှာအမူအရာမှာ အေးခဲသွားတော့သည်။

အခန်း (၂) - အချိန်ဟင်းလင်းပြင်ကုန်သည်အသင်း

"ညီတော်..."

သူက နာကျင်ကြေကွဲစွာဖြင့် အော်ဟစ်လိုက်ပြီး သူ၏ နှလုံးသားထဲတွင် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသောကြောင့် နဂါးပလ္လင်ကို အားပြု၍ မှီချလိုက်သည်။

မိခင်တစ်ဦးတည်းမှ မွေးဖွားလာသော သွေးသားအရင်းချာ ညီတော်သည် အဖြစ်ဆိုးဖြင့် သေဆုံးသွားခဲ့ရပြီဖြစ်ရာ သူ မည်သို့လျှင် ဝမ်းမနည်းဘဲ နေနိုင်မည်နည်း။

နန်ကုန်းအောက်ထျန်း၏ မျက်နှာအမူအရာသည် ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်နေပြီး ဤရက်စက်သော အမှန်တရားကို လက်ခံရန် ခက်ခဲနေသည်။

ခန်းမဆောင်မကြီးအတွင်းရှိ မှူးမတ်များသည် မည်သည့်အသံမျှ မထွက်ရဲဘဲ တိတ်ဆိတ်နေကြသည်။

အချိန်အတော်ကြာပြီးနောက် နန်ကုန်းအောက်ထျန်းက ခေါင်းမော့လာခဲ့ပြီး တွင်းနက်ကြီးတစ်ခုပမာ နက်ရှိုင်းအေးစက်နေသော အသံဖြင့် ပြောဆိုလိုက်လေ၏။

"လာကြစမ်း... အင်ပါယာရဲ့ စွမ်းရည်ရှိတဲ့ စစ်သည်တွေကို စုဆောင်းပြီး စစ်လက်နက်ရိက္ခာတွေ ပြင်ဆင်ကြ... ငါကိုယ်တော်တိုင် ပေ့ချွမ်းအင်ပါယာကို အင်တိုက်အားတိုက်နဲံ မြောက်ပိုင်းကိုစစ်ချီပြီးတိုက်ခိုက်မယ်... ငါ့ညီတော်ရဲ့ နာရေးအတွက် အဲ့ဒီပေ့ချွမ်းအင်ပါယာက လူတွေကို အသက်နဲ့ ပေးဆပ်စေရမယ်..."

ဤစကားကို ကြားရချိန်တွင် မှူးမတ်အားလုံး အလွန်အမင်း ထိတ်လန့်သွားကြပေ၏။

နန်းတွင်းမှူးမတ်များစွာသည် နန်ကုန်းအောက်ထျန်း၏ အမျက်ဒေါသကို ရိပ်မိနေကြသဖြင့် ရှေ့သို့ မထွက်ရဲကြချေ။ သို့သော်လည်း ဖြောင့်မတ်သော မှူးမတ်အချို့ကမူ တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ကာ တားမြစ်လျှောက်တင်ကြလေ၏။

"အရှင်မင်းကြီး... ဒီလို မလုပ်သင့်ပါဘူး..."

"အရှင်မင်းကြီး... မြောက်ပိုင်းစစ်ချီမယ့်ကိစ္စကို ပြန်လည်သုံးသပ်ပေးတော်မူပါ..."

"မှန်ပါတယ် အရှင်မင်းကြီး... မြောက်ပိုင်းစစ်ချီတဲ့ကိစ္စက အလွန်အရေးကြီးပါတယ်... ပြန်လည်စဉ်းစားပေးတော်မူပါ..."

ဤတားမြစ်ချက်များကို ကြားချိန်၌ နန်ကုန်းအောက်ထျန်း၏ တင်းမာနေသော မျက်နှာပေါ်ရှိ ဒေါသများကို ဆက်လက်ထိန်းချုပ်ထားနိုင်ခြင်း မရှိတော့ဘဲ သူ၏ အေးစက်စက် အသံက ထွက်ပေါ်လာပေ၏။

"ငါ့ရဲ့ ညီတော်အရင်း သေဆုံးသွားလို့ ကလဲ့စားချေချင်တာကို မင်းတို့က မလုပ်သင့်ဘူးလို့ ပြောနေကြတာလား... ပြန်လည်စဉ်းစားရမယ်ပေါ့လေ... အခုချက်ချင်း မင်းတို့ကို ဒီနေရာမှာတင် ကွပ်မျက်နိုင်တယ်ဆိုတာ ယုံလား..."

ဤစကားကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ခန်းမဆောင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး မှူးမတ်အားလုံးက ခေါင်းပင်မမော့ရဲဘဲ ဦးညွှတ်ထားကြလေ၏။

သို့တိုင်အောင် လူတစ်ဦးက တိုးညင်းသောအသံဖြင့် ဆက်လက်လျှောက်တင်ခဲ့သည်။

"အရှင်မင်းကြီး... ကျွန်တော်တို့ ချင်းယိုအင်ပါယာ အခုချိန်မှာ အကြပ်အတည်း ဖြစ်နေပါတယ်... အရှေ့ဘက်မှာ အရှေ့မီးတောက်အင်ပါယာက မျက်စိကျနေသလို တောင်ဘက်မှာလည်း ငွေလမင်းအင်ပါယာက အချိန်အတော်ကြာကတည်းက စောင့်ကြည့်နေခဲ့တာပါ... သူတို့နှစ်ခုလုံးက ကျွန်တော်တို့ ချင်းယိုအင်ပါယာကို ဝါး မျိုချင်နေကြတာပါ..."

"အနောက်ဘက်က အနောက်မြူခိုးအင်ပါယာက ကျွန်တော်တို့နဲ့ ဆက်ဆံရေးကောင်းတယ်ဆိုပေမဲ့ တကယ်လို့ ချင်းယိုသာ ပြဿနာတက်သွားခဲ့ရင် သူတို့လည်း ဝင်ပြီးအမြတ်ထုတ်မှာမဟုတ်ဘူးလို့ ဘယ်သူမှ အာမမခံနိုင်ပါဘူး..."

"လက်ရှိအခြေအနေက ရှုပ်ထွေးနေပြီး မြောက်ပိုင်းစစ်ချီမယ့်ကိစ္စကလည်း အလွန်အရေးကြီးပါတယ်... ကျေးဇူးပြုပြီး ပြန်လည်စဉ်းစားပေးတော်မူပါ အရှင်မင်းကြီး..."

သို့သော် ဒေါသအမျက်ချောင်းချောင်း ထွက်နေသော နန်ကုန်းအောက်ထျန်းက သူ၏ အကြံပြုချက်ကို နားမထောင်နိုင်တော့ဘဲ အေးစက်စွာ ပြောဆိုလိုက်၏။

"ပါးစပ်ပိတ်ထားစမ်း... မင်းက ဧကရာဇ်လား… ငါက ဧကရာဇ်လား..."

ဤစကားကို ပြောလိုက်ပြီးနောက် ခန်းမဆောင်တစ်ခုလုံး ထပ်မံတိတ်ဆိတ်သွားပြန်ကာ မည်သူမျှ စကားမပြောရဲကြတော့ချေ။

သို့သော် နန်ကုန်းအောက်ထျန်းက ဤမျှနှင့် အဆုံးသတ်ရန် ရည်ရွယ်မထားဘဲ ဆက်လက်ပြောဆိုလိုက်သည်။

"လာကြစမ်း... ခုနက ငါ့ကို တားမြစ်တဲ့လူတွေကို ဖမ်းပြီး တစ်လတိတိ အကျယ်ချုပ်ချထားလိုက်... ပြီးတော့ သူတို့ရဲ့ လစာကို ခြောက်လ ဖြတ်ပစ်လိုက်စမ်း..."

"နားလည်ပါပြီ..."

နန်ကုန်းအောက်ထျန်း၏ အသံအဆုံးတွင် ကျယ်လောင်ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာပြီး နန်းတွင်း သက်တော်စောင့် တစ်ဆယ့်နှစ်ဦး ပြေးဝင်လာကာ ထိုလူများကို ဖမ်းဆီးခေါ်ဆောင်သွားကြလေ၏။

ဤသည်ကို မြင်ချိန်တွင် မည်သူမျှ ဝင်ရောက်မပြောဆိုရဲကြသကဲ့သို့ ခုခံရန်လည်း ပို၍ပင် မရဲဝံ့ကြချေ။

နန်ကုန်းအောက်ထျန်း၏ နောက်သို့ နှစ်ပေါင်းများစွာ လိုက်ပါအမှုထမ်းခဲ့သော မှူးမတ်များအနေဖြင့် သူချမှတ်လိုက်သော ဆုံးဖြတ်ချက်များကို အလွယ်တကူ ပြောင်းလဲ၍မရနိုင်ကြောင်း သဘာဝကျစွာပင် သိရှိထားကြသည်။

အကယ်၍ နန်ကုန်းအောက်ထျန်းတွင် ဆင်ခြင်တုံတရား အနည်းငယ်မျှသာ မကျန်ရှိတော့ပါက သူ့ကို တားမြစ်ခဲ့သူများ၏ ပြစ်ဒဏ်သည် ဤမျှ ရိုးရှင်းမည်မဟုတ်ကြောင်းကို သူတို့ ပို၍ပင် သိရှိထားကြပေ၏။

ထိုလူများကို ဆွဲခေါ်သွားသည်ကို ကြည့်ရင်း နန်ကုန်းအောက်ထျန်းက ထပ်မံပြောဆိုလိုက်၏။

"အင်ပါယာကာကွယ်ရေး စစ်သူကြီးချုပ် မင်ထျန်အန်း... မင်းကို စစ်တပ်ကို စုစည်းပြီး တစ်လအတွင်း မြောက်ပိုင်းကို စစ်ချီဖို့ အမိန့်ပေးတယ်... ကျန်တဲ့သူတွေအားလုံးက အပြည့်အဝ ပူးပေါင်းပါဝင်ကြရမယ်..."

"နားလည်ပါပြီ..."

စစ်ဘက်ဆိုင်ရာ အရာရှိများ၏ ရှေ့ဆုံးတွင် ရပ်နေသော အဘိုးအိုက ဦးညွှတ်ကာ အမိန့်တော်ကို လက်ခံလိုက်ပြီး အခြားသူများကလည်း ခါးသီးစွာ ပြုံးရင်း ဦးညွှတ်လိုက်ကြသည်။

"ဒီလောက်ပဲ... မင်းတို့ သွားကြတော့"

နန်ကုန်းအောက်ထျန်းက လက်ကို ဝှေ့ယမ်းလိုက်သည်။ သူ၏ မျက်နှာတွင် ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်နေပြီး နန်းဆောင်အတွင်းပိုင်းဆီသို့ တယိမ်းတယိုင်ဖြင့် လျှောက်သွားလေ၏။

...

ကျန်းပေ့မင်းသား စစ်မြေပြင်တွင် ကျဆုံးသွားပြီဖြစ်ကြောင်းနှင့် ဧကရာဇ်က မြောက်ပိုင်းသို့ စစ်ချီလိုကြောင်း သတင်းသည် ချင်းယိုအင်ပါယာ အနှံ့အပြားသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

အင်ပါယာတစ်ဝန်းလုံး တုန်လှုပ်သွားခဲ့ပေ၏။

မရေမတွက်နိုင်သော လူများစွာက ကျန်းပေ့မင်းသား ကျဆုံးသွားသည့် အမှန်တရားကို လက်မခံနိုင်ဘဲ အထိန်းအကွပ်မဲ့စွာ ငိုကြွေးခဲ့ကြသည်။ မြောက်ပိုင်းနယ်စပ်ကို ကာကွယ်ပေးပြီး ငြိမ်းချမ်းသာယာအောင် စောင့်ရှောက်ပေးခဲ့သော သူတို့၏ ကျန်းပေ့မင်းသားသည် တကယ်ပဲ စစ်မြေပြင်တွင် ကျဆုံးသွားခဲ့ပြီလော။

ဝမ်းသာအားရ ဖြစ်နေသူများလည်း ရှိကြသော်လည်း သူတို့က ထုတ်ဖော်မပြရဲကြဘဲ တိတ်တဆိတ်သာ ကြိတ်ရယ်နေနိုင်ကြသည်။

မကြာမီမှာပင် အကြောင်းပြချက်မရှိဘဲ ကောလာဟလတစ်ခု ပျံ့နှံ့လာခဲ့ပြီး ချင်းယိုအင်ပါယာ တစ်ခုလုံးဆီသို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့သည်။

"မင်းတို့ ကြားပြီးကြပြီလား... ကျန်းပေ့မင်းသားရဲ့ သားက နိမိတ်မကောင်းတဲ့ ကလေးတဲ့... သူ မွေးလာတာနဲ့ တစ်ပြိုင်နက် ကျန်းပေ့မင်းသား သေဆုံးသွားတာပဲ..."

"ဟုတ်မယ်... ဒီသတင်းက ကောင်းကင်လျှို့ဝှက်ချက်စံအိမ် ကနေ ထွက်လာတာဆိုတော့ မမှားနိုင်ပါဘူး..."

"ဟူး... နိမိတ်မကောင်းတဲ့ ကလေးတစ်ယောက် လူ့လောကထဲ ရောက်လာလို့ ကျန်းပေ့မင်းသားလည်း စစ်မြေပြင်မှာ ကျဆုံးသွားရပြီ... တကယ်လို့ သူ့ကို ဖယ်ရှားမပစ်ရင် ချင်းယိုအင်ပါယာအတွက် ကပ်ဘေး ဆိုက်လာမှာကို စိုးရိမ်ရတယ်..."

"အဓိပ္ပာယ်မရှိတာတွေ... ကျန်းပေ့မင်းသားက အင်ပါယာကို ဆယ်စုနှစ်ချီပြီး ကာကွယ်ပေးခဲ့တာ... အခု သူ စစ်မြေပြင်မှာ ကျဆုံးသွားတာကို မင်းတို့က သူ့ရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူအပေါ် ကောလာဟလတွေ ဖြန့်ရဲသေးတယ်ပေါ့လေ..."

"ငါတို့ မှားနေလို့လား... ဒါက ကောင်းကင်လျှို့ဝှက်ချက်စံအိမ် ကနေ ထွက်လာတာလေ... မှားနိုင်ပါ့မလား..."

"အဲ့ဒီလိုဆိုရင်တောင် မင်းတို့ ဒီလိုမပြောသင့်ဘူး... အရာအားလုံးက အရှင်မင်းကြီး ဆုံးဖြတ်ဖို့ပဲ ရှိတယ်... မင်းတို့က ဒီလို ကောလာဟလတွေကို ဘယ်လိုလုပ် ဖြန့်ရဲရတာလဲ..."

"ကျိုးကြောင်းမဆီလျော်လိုက်တာ..."

လူအုပ်ကြီးက သဘောထားမတိုက်ဆိုင်သော လူငယ်ကို စူးရဲစွာ စိုက်ကြည့်လိုက်ကြပြီးနောက် အုံလိုက်ကျင်းလိုက် လူစုကွဲသွားကြလေ၏။

ဤကဲ့သို့သော မြင်ကွင်းများသည် ချင်းယိုအင်ပါယာ၏ မြို့ရွာလမ်းချိုးများ နေရာအနှံ့အပြားတွင် ရှိနေပြီး တစ်နေရာနှင့်တစ်နေရာ သိပ်မကွာခြားလှပေ။ ကွဲပြားနိုင်သော တစ်ခုတည်းသော နေရာမှာ ချင်းယိုအင်ပါယာ၏ မြောက်ပိုင်းနယ်စပ်ပင် ဖြစ်သည်။

မြောက်ပိုင်းနယ်စပ် တစ်ခုလုံးတွင် ဝမ်းနည်းပူဆွေးမှု အငွေ့အသက်များ လွှမ်းခြုံနေခဲ့သည်။ မြောက်ပိုင်းနယ်စပ်မှ စစ်သည်များနှင့် ပြည်သူများအားလုံးသည် တိတ်ဆိတ်စွာ ခေါင်းငုံ့ထားကြပြီး သူတို့၏ အစောင့်အရှောက် နတ်ဘုရားကို အထူးရိုးရာဓလေ့တစ်ခုဖြင့် နှုတ်ဆက်ခွဲခွာနေခဲ့ကြပေ၏။

...

ဖူကွမ်းမြို့၊ ကျန်းပေ့မင်းသားစံအိမ်။

သတင်းအမျိုးမျိုး ရောက်ရှိလာချိန်၌ အသိစိတ် ပြန်လည်နိုးထလာခါစဖြစ်သော ကျန်းပေ့မင်းသားကတော် ရှန်ကွမ်ယွဲ့ရှီးသည် ထိုရိုက်ခတ်မှုကို မခံနိုင်တော့ဘဲ ထပ်မံ၍ သတိလစ်မေ့မြောသွားခဲ့ပြန်သည်။

ဒေါ်လေးရှန်က လေးလံသော စိတ်ဖြင့် ရှေ့သို့တိုးကာ သူမကို စစ်ဆေးကြည့်လိုက်ပြီး ရှန်ကွမ်ယွဲ့ရှီးတွင် ကြီးကြီးမားမား အခြေအနေမရှိကြောင်း မြင်တွေ့ရချိန်မှသာ အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။ သို့ရာတွင် သတိလစ်နေသော ကျန်းပေ့မင်းသားကတော်နှင့် သူမ၏ ရင်ခွင်ထဲမှ ကလေးငယ်လေးကို ကြည့်ရင်း ထိုကောလာဟလများကို တွေးမိချိန်၌ သူမ၏ ရင်ထဲတွင် ဒေါသများ ပြည့်နှက်လာခဲ့သည်။

"ဒီခွေးကောင်တွေ... ကျန်းပေ့မင်းသားက မြောက်ပိုင်းနယ်စပ်ကို ဆယ်စုနှစ်ချီပြီး ကာကွယ်ပေးခဲ့တယ်... တောင်ဘက်ကို ကျူးကျော်ချင်နေတဲ့ ပေ့ချွမ်းအင်ပါယာရဲ့ ရည်မှန်းချက်တွေကို မရေမတွက်နိုင်အောင် ရိုက်ချိုးခဲ့တာ... အခုတော့ သူတို့က သခင်လေးကို ဒီလိုမျိုး စွပ်စွဲပုတ်ခတ်နေကြတယ်... သူတို့က တကယ် သေသင့်တဲ့ကောင်တွေ..."

စကားပြောနေရင်း သူမ၏ အသံတွင် သတ်ဖြတ်လိုခြင်း အရိပ်အယောင်များ ပါဝင်လာခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူမ၏ အခြေအနေ မှားယွင်းနေကြောင်းကို လျင်မြန်စွာ သတိပြုမိသွားခဲ့သဖြင့် သတ်ဖြတ်လိုစိတ်များကို အလျင်စလို ပြန်လည်ရုပ်သိမ်းလိုက်သည်။ ထို့နောက် ရင်ခွင်ထဲမှ ကလေးငယ်လေးကို ရှန်ကွမ်ယွဲ့ရှီး၏ နံဘေးတွင် ချထားပေးခဲ့ပြီး အပြင်ဘက် တံခါးဝသို့ ထွက်ကာ စောင့်ကြပ်နေခဲ့သည်။

နန်ကုန်းယွီသည် သူမ ထွက်သွားသည်ကို ကြည့်နေခဲ့ပြီး သူ၏ မျက်လုံးများထဲတွင် လူကြီးတစ်ယောက်ကဲ့သို့ အကူအညီမဲ့နေသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။ ခုနက ဒေါ်လေးရှန်နှင့် အခြားသူများ ပြောခဲ့သည်ကို သူ ကြားခဲ့ရသည်။ သူတို့၏ ဘာသာစကားကို သူ နားမလည်သော်လည်း အကြောင်းတစ်ခုခုကြောင့် လူတစ်ယောက်က သူ့အတွက် ဘာသာပြန်ပေးနေသည့်အလား ဆိုလိုရင်းကိုတော့ နားလည်နေခဲ့ပေ၏။

"ငါ ဒီကို ကူးပြောင်းလာတာတောင် မကြာသေးဘူး... စစ်မြေပြင်မှာ ကျဆုံးသွားတဲ့ အဖေနဲ့ကြုံလိုက်ရတဲ့အပြင် နိမိတ်မကောင်းတဲ့ ကလေးတစ်ယောက်အဖြစ် သတ်မှတ်ခံနေရပြီလား..."

"ဒီကိစ္စကြောင့် ငါ့ဘေးနားက လူတွေက ငါ့ကို အန္တရာယ်များ ပေးလာမလား မသိဘူး... ငါ သတိထားမှ ရတော့မယ်ထင်တယ်..."

သို့သော် နန်ကုန်းယွီ ဤအကြောင်းကို တွေးမိချိန်၌ သူ၏ စိတ်ထဲတွင် ခါးသီးစွာ ပြုံးလိုက်မိလေသည်။ မွေးကင်းစ ကလေးငယ်တစ်ယောက်အနေဖြင့် သူ မည်သို့ သတိထားနိုင်မည်နည်း။

နန်ကုန်းယွီက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး စိတ်ကို ငြိမ်သက်စေလိုက်ရာ သူ၏ အသိစိတ်က ထူးခြားသော ဟင်းလင်းပြင်တစ်ခုဆီသို့ ရောက်ရှိသွားခဲ့သည်။

ဤဟင်းလင်းပြင်သည် ကြယ်ရောင်များ လင်းလက်တောက်ပနေသည့် ကြယ်စင်ကောင်းကင်ကြီးတစ်ခုနှင့် တူပြီး အနက်ရောင် ကောင်းကင်ယံတွင် အဖိုးတန် ကျောက်မျက်ရတနာများကို မြှုပ်နှံထားသည့်အလား တောက်ပနေပေ၏။ ဤကြယ်စင်ကောင်းကင်ကြီး၏ အောက်တွင် အရာအားလုံးက သေးငယ်ပြီး အရေးမပါတော့သကဲ့သို့ ထင်မှတ်ရကာ နန်ကုန်းယွီသည် လူ့လောက၏ ဆူညံပွက်လောရိုက်မှုများနှင့် ဝေးကွာသော အိပ်မက်ကမ္ဘာတစ်ခုထဲသို့ ရောက်နေသကဲ့သို့ ခံစားလိုက်ရသည်။

သို့သော် သူ၏ နုနယ်သော အသိစိတ်ခန္ဓာကိုယ်ကို ကြည့်ရင်း သူ မျက်မှောင်ကြုတ်လိုက်မိသည်။ ယုတ္တိတန်တန် တွေးကြည့်မည်ဆိုလျှင် သူသည် ယခင်ဘဝက လူကြီးတစ်ယောက် ဖြစ်ခဲ့သောကြောင့် သူ၏ အသိစိတ်ခန္ဓာကိုယ်သည်လည်း လူကြီးတစ်ယောက်၏ ပုံစံ ဖြစ်နေသင့်ပေသည်။ သို့သော် ရလဒ်အနေဖြင့် သူ၏ လက်ရှိ အသိစိတ်ခန္ဓာကိုယ်သည် ကလေးငယ်တစ်ယောက်မျှသာ ဖြစ်ပြီး ယခုလေးတင် မွေးဖွားလာသည့် ကလေးငယ်တစ်ယောက်နှင့် တူနေပေသည်။

နန်ကုန်းယွီက ခေါင်းခါလိုက်ပြီး ထိုအကြောင်းကို သိပ်မတွေးတော့ဘဲ ဟင်းလင်းပြင်အတွင်းရှိ အခြေအနေများကို လှည့်ပတ်ကြည့်ရှုလိုက်သည်။

သူ၏ ရှေ့တွင် ဖန်စင်တန်းများ ရှိနေသကဲ့သို့ ရွှေရောင်ပြကွက်စင် တစ်ခုလည်း ရှိနေပြီး ၎င်းတို့အားလုံးပေါ်တွင် ပစ္စည်းအမျိုးမျိုး ပြည့်နှက်နေပေ၏။ လက်နက်များ၊ ကျမ်းစာများ၊ အဝတ်အစားများ၊ သစ်သီးများ...

ဤစင်များပေါ်ရှိ ပစ္စည်းများသည် ထူးဆန်းပြီး မျိုးစုံလှကာ အရာအားလုံး ပါဝင်နေသဖြင့် နန်ကုန်းယွီ၏ မျက်လုံးများကို ပြာသွားစေခဲ့သည်။ သူ၏ ဘေးတွင် လျှို့ဝှက်ဆန်းကြယ်ပြီး နက်နဲသော ပုံစံများ ရေးဆွဲထားသည့် ဗလာကျင်းနေသော စားပွဲဝိုင်းတစ်ခု ရှိနေလေ၏။ ထိုစားပွဲဝိုင်း၏ နံဘေးတွင် အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး ရိုးရှင်းပုံရသော ကုလားထိုင်တစ်လုံး ရှိနေသော်လည်း အခြားထူးခြားချက်များတော့ မရှိချေ။

သူက နောက်သို့ လှည့်ကာ မလှမ်းမကမ်းတွင်ရှိသော စင်တစ်ခုကို ကြည့်လိုက်သည်။ ၎င်းသည် အတန်းလိုက် အကွက်ကိုးကွက်စီပါဝင်သော ကျောက်စိမ်းဖြူစင်တစ်ခုဖြစ်ပြီး အကွက်ပေါင်း ရှစ်ဆယ့်တစ်ကွက် ပါဝင်ပေ၏။ ပထမဆုံး အကွက်ခြောက်ကွက်ထဲတွင် တစ်ကွက်လျှင် ပစ္စည်းတစ်ခုစီ ရှိနေသည်။ ၎င်းတို့မှာ ကျမ်းစာအုပ်တစ်အုပ်၊ ကျောက်စိမ်းပြား နှစ်ခု၊ လျှို့ဝှက်ဆန်းကြယ်သော ရွှေရောင်ကျောက်တုံးတစ်တုံး၊ အလင်းနှင့် အမှောင် တစ်လှည့်စီ ဖြစ်ပေါ်နေသော အလင်းကွင်းတစ်ခုနှင့် ပကတိအတိုင်း ဖြစ်တည်နေသကဲ့သို့ ထင်ယောင်ထင်မှား ဖြစ်စေသော အရွက်မရှိသည့် သစ်ပင်ငယ်လေးတစ်ပင်တို့ ဖြစ်ကြ၏။

နန်ကုန်းယွီသည် ဤမြင်ကွင်းကို ကြည့်ရင်း အနည်းငယ် ရှုပ်ထွေးသွားသလို ခံစားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သူ၏ ဤထူးခြားသော ဟင်းလင်းပြင်ထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်လာခြင်း ဖြစ်သောကြောင့်ပင်။ ယခင်က သူသည် စနစ်ကို ခေါ်ခဲ့သော်လည်း စနစ်က ရောက်မလာခဲ့ချေ။ ယင်းအစား သူ၏ စိတ်ထဲသို့ သတင်းစကားတစ်ခု ဝင်ရောက်လာခဲ့ပြီး ထိုအရာက ဤထူးခြားသော ဟင်းလင်းပြင်အတွင်းသို့ ဝင်ရောက်ရန် နည်းလမ်းဖြစ်နေခဲ့သည်။

ထိုအချိန်တုန်းက သူသည် ဝင်ရောက်ကြည့်ရှုရန် ရည်ရွယ်ခဲ့သော်လည်း အကြောင်းတစ်ခုခုကြောင့် သူ အိပ်ချင်မူးတူး ဖြစ်လာကာ အလိုအလျောက် အိပ်မောကျသွားခဲ့ရသည်။ တစ်ဖန် ပြန်လည်နိုးထလာပြီးနောက် ဤဟင်းလင်းပြင်ကို တွေးမိကာ နန်ကုန်းယွီ ဝင်ရောက်လာခဲ့ခြင်း ဖြစ်ပေ၏။ သို့သော် ဤဟင်းလင်းပြင်က ဘာအတွက်လဲဆိုတာနှင့် ထိုပစ္စည်းများကို ယူသွားလို့ ရမရ ဆိုသည်ကိုတော့ သူ လုံးလုံးလျားလျား မသိရှိခဲ့။

နန်ကုန်းယွီ တွေးတောနေစဉ်မှာပင် စားပွဲဝိုင်းပေါ်တွင် စာလုံးများ ရှိနေပုံရသည်ကို ရုတ်တရက် သတိပြုမိလိုက်သဖြင့် သူ စပ်စုချင်စိတ်ကို မထိန်းနိုင်တော့ချေ။ သူ၏ စိတ်ဆန္ဒလေး တစ်ချက်အောက်မှာပင် သူသည် စားပွဲဝိုင်းရှေ့သို့ ရောက်ရှိသွားခဲ့ရာ သူ့ကို အနည်းငယ် အံ့အားသင့်သွားစေခဲ့သည်။ အမှန်တကယ်တော့ သူသည် လမ်းလျှောက်သွားရန် သို့မဟုတ် တွားသွားရန်ပင် ရည်ရွယ်ခဲ့သော်လည်း ဤမျှ အဆင်ပြေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

စားပွဲဝိုင်းပေါ်တွင် စာလုံးလေးလုံးသာ ထွင်းထုထား၏။ နန်ကုန်းယွီသည် ထိုစာလုံးများကို မမှတ်မိသော်လည်း တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုစာလုံးလေးလုံး၏ အဓိပ္ပာယ်ကို နားလည်နိုင်ခဲ့သည်။

အချိန်ဟင်းလင်းပြင်ကုန်သည်အသင်း။

သူ ထိုစာလုံးလေးလုံးကို စိုက်ကြည့်နေစဉ်မှာပင် သတင်းအချက်အလက် တစ်ခုက သူ၏ စိတ်ထဲ၌ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ အခိုက်အတန့် ကြာပြီးနောက် ထိုသတင်းအချက်အလက်၏ ဆိုလိုရင်းကို နားလည်သွားချိန်၌ နန်ကုန်းယွီသည် အလွန်အမင်း ဝမ်းသာအားရ ဖြစ်သွားခဲ့ပေ၏။

ဤသည်မှာ သေချာနေပေပြီ။ ဤအချိန်တွင် ဟင်းလင်းပြင်ကုန်သည်အသင်း သည် သူ၏ ကူးပြောင်းခြင်းအတွက် ရွှေလက်ချောင်း သေချာပေါက် ဖြစ်ရပေမည်။

အချိန်ဟင်းလင်းပြင်ကုန်သည်အသင်းသည် အချိန်နှင့် ဟင်းလင်းပြင် အသီးသီးမှ ရတနာများကို ရောင်းချပေးသည်။ နန်ကုန်းယွီ စဉ်းစားလို့မရသော အရာဆိုသည်မှာ မရှိသလို အချိန်ဟင်းလင်းပြင်ကုန်သည်အသင်း မရောင်းချနိုင်သော အရာဟူသည်လည်း မရှိပေ။

သေချာပေါက် ကြိုတင်သတ်မှတ်ချက် တစ်ခုတော့ ရှိပေ၏။ ၎င်းသည် သူ ရောက်ဖူးသော ကမ္ဘာတစ်ခု ဖြစ်ရမည်ဖြစ်ပြီး လက်ရှိ အချိန်နှင့် ဟင်းလင်းပြင် သို့မဟုတ် အတိတ် အချိန်နှင့် ဟင်းလင်းပြင် ဖြစ်ရပေမည်။ အနာဂတ်ကတော့ ရနိုင်ပုံမပေါ်။

ဥပမာအားဖြင့် သူ မူလက လာခဲ့သော ကမ္ဘာတွင် လက်ရှိ အချိန်နှင့် ဟင်းလင်းပြင်၌ တည်ရှိနိုင်သော ပစ္စည်းများ သို့မဟုတ် အတိတ် အချိန်နှင့် ဟင်းလင်းပြင်၌ တည်ရှိနိုင်သော ပစ္စည်းများ အားလုံးကို အချိန်ဟင်းလင်းပြင်ကုန်သည်အသင်း တွင် ရရှိနိုင်ပေသည်။ သို့မဟုတ် ဥပမာအားဖြင့် သူ လက်ရှိရောက်ရှိနေသော ကမ္ဘာတွင် အတိတ် အချိန်နှင့် ဟင်းလင်းပြင်၌ ပေါ်လာမည့် ပစ္စည်းများ သို့မဟုတ် လက်ရှိ အချိန်နှင့် ဟင်းလင်းပြင်၌ ပေါ်လာမည့် ပစ္စည်းများကိုလည်း အချိန်ဟင်းလင်းပြင်ကုန်သည်အသင်း မှတဆင့် ဝယ်ယူနိုင်သည်။

ထို့အပြင် သူသည် ဝိညာဉ်ကျောက်တုံးများကို အသုံးပြု၍ အမှတ်များအဖြစ် လဲလှယ်နိုင်သည်။ သူ့ထံတွင် အမှတ်များ လုံလုံလောက်လောက် ရှိနေသရွေ့ သူသည် ပိုမိုနက်ရှိုင်းသော စင်များကို သော့ဖွင့်နိုင်ပြီး ၎င်းတို့ပေါ်ရှိ မည်သည့်ပစ္စည်းများကိုမဆို အမှတ်များဖြင့် ဝယ်ယူနိုင်ပေသည်။ သူသည် ကုန်သွယ်ရေး ကုလားထိုင်ပေါ်တွင် ထိုင်ကာ သူရောင်းချလိုသော ပစ္စည်းများကို စားပွဲဝိုင်းပေါ်သို့ တင်ထားနိုင်ပြီး စားပွဲဝိုင်းက ဈေးနှုန်းသတ်မှတ်ပေးမည် ဖြစ်သည်။ အကယ်၍ သူက ဈေးနှုန်းသင့်လျော်သည်ဟု ခံစားရပါက ပစ္စည်းများကို ရောင်းချရန် ရွေးချယ်နိုင်ပြီး အမှတ်များကို ရယူနိုင်သည်။

ထို့အပြင် အချိန်ဟင်းလင်းပြင်ကုန်သည်အသင်းသည် သူ့ထံတွင် ချိတ်ဆက်ထားပြီးဖြစ်ရာ သူသည် အကျိုးကျေးဇူး လေးခုကို ရရှိခဲ့သည်။

ပထမအချက်အနေဖြင့် အချိန်ဟင်းလင်းပြင်ကုန်သည်အသင်း အတွင်းတွင်ရှိသော အရာအားလုံးကို ခွဲခြားသိမြင်နိုင်သည်။ သူက ပစ္စည်းတစ်ခုကို ကျောက်စိမ်းဖြူစင်ပေါ်တွင် တင်ထားပြီး သူ၏ အာရုံကို စူးစိုက်လိုက်သရွေ့ ထိုပစ္စည်းနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ရရှိနိုင်ပေသည်။သူသည် ဤနည်းလမ်းဖြင့် အခြားစင်များပေါ်ရှိ ကုန်ပစ္စည်းများနှင့် ပတ်သက်သော သတင်းအချက်အလက်များကိုလည်း ရရှိနိုင်သေးသည်။ ဤအကျိုးကျေးဇူးမှာ သာမန်မျှသာ ဖြစ်သော်လည်း အသင့်အတင့် ကောင်းမွန်သော စွမ်းရည်တစ်ခုဟု သတ်မှတ်နိုင်သည်။ ဤကမ္ဘာကြီးအကြောင်းကို ဘာမျှမသိသောလူတစ်ယောက်အတွက် ၎င်းသည် အဆင့်နိမ့် ရွှေလက်ချောင်း တစ်ခုအဖြစ်ပင် သတ်မှတ်နိုင်ပေသည်။

ဒုတိယအချက်အနေဖြင့် နှစ်စဉ် သူ၏မွေးနေ့ရောက်ချိန်တွင် အချိန်ဟင်းလင်းပြင်ကုန်သည်အသင်း အတွင်း၌ ရွှေရောင်ပြကွက်စင် တစ်ခု ပေါ်လာမည်ဖြစ်ပြီး ၎င်းပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော လက်ဆောင်သေတ္တာ ရှစ်ဆယ့်တစ်လုံး ရှိနေမည်ဖြစ်သည်။ သူသည် လက်ဆောင်သေတ္တာ တစ်လုံးကို အခမဲ့ ရွေးချယ်နိုင်သည်။ ထိုလက်ဆောင်သေတ္တာထဲတွင် အချိန်ဟင်းလင်းပြင်ကုန်သည်အသင်း ၏ အဆင့်မြင့်စင်များ၌သာ ရှိနိုင်သော ထိပ်တန်းရတနာများ ပါဝင်နေနိုင်သကဲ့သို့ လုံးလုံးလျားလျား ဗလာကျင်းလည်း ဖြစ်နေနိုင်သည်။ လက်ဆောင်သေတ္တာထဲမှ သူ ဘာရရှိမည်လဲ ဆိုသည်က သူ၏ ကံကြမ္မာအပေါ်တွင်သာ မူတည်နေပေသည်။

ထို့နောက် အထူးအခွင့်အရေး တစ်ခု ရှိသေး၏။

အချိန်ဟင်းလင်းပြင်ကုန်သည်အသင်း မှတဆင့် နန်ကုန်းယွီ ရရှိလာသော ကျင့်စဉ်များနှင့် ဝိညာဉ်ပညာရပ်များ ကဲ့သို့သော အရာများကို စိတ်ဆန္ဒလေး တစ်ချက်ဖြင့် သင်ယူနိုင်ပြီး အပြည့်အဝ ကျွမ်းကျင်ပိုင်နိုင်သွားမည် ဖြစ်သည်။ သန့်စင်ရန်နှင့် သခင်အဖြစ် အသိအမှတ်ပြုခံရန် လိုအပ်သော ပစ္စည်းများကိုလည်း စိတ်ဆန္ဒလေး တစ်ချက်ဖြင့် သန့်စင်ပြီး အသိအမှတ်ပြုခံနိုင်သည်။ ဝိညာဉ်အမြစ်များ၊ ခန္ဓာကိုယ်များ စသည့် ပေါင်းစည်းရန် လိုအပ်သော အရာများကိုလည်း အလွယ်တကူ ပေါင်းစည်းနိုင်သည်...

ရိုးရိုးရှင်းရှင်း ပြောရလျှင် အချိန်ဟင်းလင်းပြင်ကုန်သည်အသင်း မှ ထုတ်လုပ်လိုက်သော အရာများသည် သူ တိုက်ရိုက် အသုံးပြုနိုင်မည်ဖြစ်ကြောင်း အာမခံထားပေသည်။ သေချာပေါက် ဤအထူးအခွင့်အရေးက နန်ကုန်းယွီအတွက်သာ ကန့်သတ်ထားခြင်း ဖြစ်သည်။ အကယ်၍ နန်ကုန်းယွီက ၎င်းတို့ကို ဝယ်ယူပြီး အခြားသူများကို ပေးလိုက်မည်ဆိုပါက ထိုသူတို့သည် ဤအခွင့်အရေးကို ရရှိမည် မဟုတ်။

နောက်ဆုံးတွင် ချိတ်ဆက်မှု လက်ဆောင်အထုပ် ရှိနေပေသည်။ ချိတ်ဆက်မှု လက်ဆောင်အထုပ်ကို နန်ကုန်းယွီ လက်ရှိရောက်ရှိနေသော ကမ္ဘာ၏ နောက်ခံအကြောင်းအရာပေါ် မူတည်၍ ထုတ်ပေးခြင်းဖြစ်ပြီး စုစုပေါင်း ပစ္စည်းခုနစ်မျိုး ပါဝင်ပေ၏။

၎င်းတို့မှာ မဟာဟင်းလင်းပြင် မူလပြန်လည်ရောက်ရှိခြင်း ကျင့်စဉ်၊ ဝိညာဉ်ပညာရပ် တိတ်ဆိတ်နက်ရှိုင်းခြင်း၊ မဟာဟင်းလင်းပြင်ဝိညာဉ်အမြစ်၊ နတ်ဘုရားအရိပ် တာအိုခန္ဓာ၊ ထိုက်ရွှီး နတ်ဘုရားရွှေ၊ ရွှမ်လင်တိုက်ကြီး ကျင့်ကြံသူများ၏ အထွေထွေဗဟုသုတ စွယ်စုံကျမ်း (အပိုင်း ၁) နှင့် အမှတ် တစ်ထောင်တို့ ဖြစ်ကြသည်။

ကျောက်စိမ်းဖြူစင်ပေါ်တွင် တင်ထားသော ပစ္စည်းခြောက်မျိုးမှာ ချိတ်ဆက်မှု လက်ဆောင်အထုပ် အတွင်းရှိ ပထမဆုံး ပစ္စည်းခြောက်မျိုးပင် ဖြစ်ပေ၏။ ထိုကျောက်စိမ်းဖြူစင်ကို သိုလှောင်ရေး ဟင်းလင်းပြင်တစ်ခုကဲ့သို့ နန်ကုန်းယွီအတွက် အထူးရည်ရွယ်၍ ပြင်ဆင်ထားပေးခြင်း ဖြစ်သည်ဟုလည်း ဆိုနိုင်ပေသည်။ သူသည် အချိန်ဟင်းလင်းပြင်ကုန်သည်အသင်း မှ ဝယ်ယူထားသော ပစ္စည်းများကို ထိုနေရာတွင် ထားသိုနိုင်သကဲ့သို့ ပြင်ပကမ္ဘာမှ ပစ္စည်းများကိုလည်း ထိုနေရာတွင် သိမ်းဆည်းထားနိုင်ပေ၏။

သို့သော် အချက်တစ်ချက်တော့ ရှိပေသည်။ စင်၏ အကွက်တစ်ကွက်စီတွင် ပစ္စည်းတစ်မျိုးတည်းကိုသာ ထားရှိနိုင်ပြီး အရေအတွက်က ၉၉၉ ထက် မကျော်လွန်နိုင်ချေ။ ဥပမာအားဖြင့် နန်ကုန်းယွီက ဆေးလုံးတစ်မျိုးကို တင်ထားမည်ဆိုပါက သူသည် တူညီသော ဆေးလုံး ၉၉၉ လုံးကို တင်ထားနိုင်ပေသည်။

ထို့အပြင် အလွန်ဆိုးရွားသော ထောင်ချောက်တစ်ခုလို ထင်ရသည့် အခြားအချက်တစ်ချက်လည်း ရှိနေသေး၏။

All Chapters