အခန်း (၉-၁၀)
Vol. 1 Ch. 9-10
အခန်း ၉ ဝိညာဉ်အမြစ်ကို တိုင်းတာခြင်း
ယန်ကျုံ၏ စကားကို ကြားချိန်တွင် ရှန်ကွမ်ယွဲ့ရှီးက အနည်းငယ် ခေါင်းညိတ်လိုက်၏။
"စောစောက အရှင်မင်းကြီးရဲ့ နှုတ်မိန့်တော်ကို ကြားပြီးချိန်မှာတော့ နည်းနည်း နားလည်သွားပြီလို့ ထင်တယ်..."
သူမ ဤစကားကို ပြောဆိုပြီးသည်နှင့် ယန်ကျုံက တည်ကြည်လေးနက်သော အမူအရာဖြင့် ချက်ချင်း မေးမြန်းလိုက်သည်။
"ကျန်းပေ့မင်းသားက စစ်တပ်အမိန့်ပေး တံဆိပ်ပြားမပါဘဲ မြောက်ပိုင်းဒေသမှာ တပ်တွေကို ရွှေ့ပြောင်းတယ်လို့ ကောလာဟလ ထွက်နေတယ်... ပြီးတော့ မြောက်ပိုင်းဒေသအတွက် စစ်တပ်အမိန့်ပေး တံဆိပ်ပြားတွေ အားလုံးက အရှင်မရဲ့ လက်ထဲမှာ ရှိနေတယ်ဆိုတာ တကယ်ပဲလား..."
ရှန်ကွမ်ယွဲ့ရှီးသည် မငြင်းဆန်ဘဲ ခေါင်းညိတ်လိုက်ပေ၏။
ဤသည်ကို မြင်လိုက်ရချိန်၌ ယန်ကျုံ၏ မျက်နှာပေါ်တွင် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားသော အရိပ်အယောင်များ ထွက်ပေါ်လာပြီး အလျင်အမြန် ဦးညွှတ်ကာ ပြောဆိုလိုက်သည်။
"အရှင်မအနေနဲ့ မြောက်ပိုင်းဒေသအတွက် စစ်တပ်အမိန့်ပေး တံဆိပ်ပြားတွေကို ဒီလက်အောက်ငယ်သား စစ်သူကြီးဆီ လွှဲပြောင်းပေးဖို့ တောင်းဆိုပါတယ်... ဒါမှ ပေ့ချွမ်းအင်ပါယာက တောင်ဘက်ကို တက်လာတာကို တားဆီးဖို့ မြောက်ပိုင်းဒေသ စစ်တပ်ကို ပြန်လည်ဖွဲ့စည်းနိုင်မှာဖြစ်ပြီး မြောက်ပိုင်းစစ်ချီဖို့လည်း ပြင်ဆင်နိုင်မှာပါ..."
ဤစကားကို ကြားချိန်တွင် ရှန်ကွမ်ယွဲ့ရှီးက အနည်းငယ် ခေါင်းညိတ်လိုက်သော်လည်း သူမက ပြန်လည်မေးမြန်းလိုက်၏။
"မြောက်ပိုင်းဒေသရဲ့ စစ်တပ်အမိန့်ပေး တံဆိပ်ပြားတွေထဲမှာ ကျန်းပေ့တပ်ရဲ့ စစ်တပ်အမိန့်ပေး တံဆိပ်ပြား ပါဝင်သေးလားဆိုတာ စစ်သူကြီး ယန်ကို မေးခွင့်ပြုပါ..."
ဤစကားကို ကြားချိန်၌ စစ်သူကြီး ယန်က ချက်ချင်း ခေါင်းခါလိုက်သည်။
"သေချာပေါက် မပါပါဘူး... ကျန်းပေ့တပ်က မင်းသားငယ်လေးပိုင်တာပါ... ဒါက အရှင်မင်းကြီးရဲ့ အမိန့်တော်ပါပဲ..."
ရှန်ကွမ်ယွဲ့ရှီးက ပြုံးကာ ခေါင်းညိတ်လိုက်၏။ ယန်ကျုံ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် မြောက်ပိုင်းဒေသ စစ်တပ်အမိန့်ပေး တံဆိပ်ပြားများကို နောက်ဆုံးတွင် လွှဲပြောင်းပေးရမည်ကို သူမ သိထားပြီးဖြစ်သလို ကြိုတင်ပြင်ဆင်ထားပြီးလည်း ဖြစ်ပေသည်။
သို့သော် နန်ကုန်းအောက်ထျန်းက မြောက်ပိုင်းဒေသ၏ အသန်မာဆုံး စစ်ရေးအင်အားစုဖြစ်သော ကျန်းပေ့တပ်ကို နန်ကုန်းယွီထံသို့ တိုက်ရိုက် လွှဲပြောင်းပေးအပ်လိမ့်မည်ဟု သူမ ဘယ်သောအခါမှ မထင်မှတ်ထားခဲ့ချေ။
ဤသည်ကို ဝမ်းသာဖွယ် အံ့သြစရာတစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။
ချက်ချင်းပင် သူမသည် စစ်တပ်အမိန့်ပေး တံဆိပ်ပြား သုံးခုကို ထုတ်ယူလိုက်၏။
"စစ်သူကြီး ယန်... ဒါတွေက မြောက်ပိုင်းဒေသရဲ့ တပ်သုံးခုဖြစ်တဲ့ အမှောင်မြင်းသည်တော် တပ်၊ မြောက်ပိုင်းကာကွယ်ရေး တပ် နဲ့ အမှောင်နတ်ဆိုး တပ်တို့ရဲ့ စစ်တပ်အမိန့်ပေး တံဆိပ်ပြားတွေပါ... ကျေးဇူးပြုပြီး သေချာ သိမ်းဆည်းထားပေးပါ..."
ဤစကားကို ကြားချိန်တွင် ယန်ကျုံသည် စစ်တပ်အမိန့်ပေး တံဆိပ်ပြားများကို အလျင်အမြန် လက်ခံရယူလိုက်လေသည်။
"အရှင်မကို ကျေးဇူးတင်ပါတယ်..."
"ရပါတယ်... စစ်သူကြီး ယန်မှာ လုပ်စရာ အရေးကြီးတာဝန်တွေ ရှိနေသေးတယ်ဆိုတော့ ဒီမင်းသမီးက ဆက်ပြီး မတားထားတော့ပါဘူး..."
ရှန်ကွမ်ယွဲ့ရှီးက ပြုံး၍ ပြောဆိုလိုက်ပြီး ယန်ကျုံသည်လည်း အနည်းငယ် ပြုံးကာ ပြောဆိုလိုက်၏။
"ဒါက သင့်လျော်ပါတယ်..."
ရှန်ကွမ်ယွဲ့ရှီးသည် ယန်ကျုံနှင့် အခြားတစ်ဦး ထွက်ခွာသွားသည်ကို ကြည့်နေခဲ့ပြီးနောက် လျိုမင်ယွဲ့ဘက်သို့ လှည့်ကာ အနည်းငယ် ဦးညွှတ်လိုက်သည်။
"စီနီယာ လျိုကို ဒုက္ခပေးမိတဲ့အတွက် တောင်းပန်ပါတယ်... စီနီယာ... ကျေးဇူးပြုပြီး အထဲဝင်ပါဦး... ယွဲ့ရှီးက စီနီယာ အနားယူရမယ့်နေရာကို လိုက်ပို့ပေးပါ့မယ်..."
ဤစကားကို ကြားချိန်၌ လျိုမင်ယွဲ့က ခေါင်းခါလိုက်၏။
"မလိုပါဘူး... ငါ အနားယူဖို့ မလိုအပ်ဘူး... ဒီကာလအတွင်းမှာ မင်းနဲ့ မင်းသားလေးရဲ့ နံဘေးမှာ ငါနေပေးမယ်... ဘယ်လောက်ကြာကြာ ကာကွယ်ပေးရမလဲဆိုတာကတော့ အရှင်မင်းကြီးဆီက ငါ့ကို ပြန်ခေါ်မယ့် အမိန့်တော် ဘယ်တော့ထွက်မလဲဆိုတဲ့အပေါ်မှာ မူတည်တယ်..."
သူမ စကားပြောဆိုနေစဉ် ရှန်ကွမ်ယွဲ့ရှီး၏ ရင်ခွင်ထဲရှိ နန်ကုန်းယွီကို ရှုပ်ထွေးသော အမူအရာဖြင့် တစ်ချက်ကြည့်လိုက်သည်။
"ဒီကလေးငယ်လေးက သူ့ရဲ့ ဝိညာဉ်အမြစ်ကို တိုင်းတာပြီးပြီလား..."
"မလုပ်ရသေးပါဘူး..."
ရှန်ကွမ်ယွဲ့ရှီးက ခေါင်းခါလိုက်ပြီး လွန်ခဲ့သော နှစ်ရက်အတွင်း သူမ၏ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်နေခဲ့သဖြင့် နန်ကုန်းယွီ၏ ဝိညာဉ်အမြစ်ကို စမ်းသပ်ရန် အချိန်မရခဲ့ကြောင်း ရှင်းပြလိုက်၏။
လျိုမင်ယွဲ့က အနည်းငယ် ခေါင်းညိတ်လိုက်သည်။
"ဒါဆို အခု အချိန်ရနေပြီဆိုတော့ တိုင်းတာကြည့်ကြတာပေါ့... သူ့ရဲ့ နောက်ပိုင်း ကျင့်ကြံခြင်းတွေအတွက် ပြင်ဆင်ဖို့ အထောက်အကူ ဖြစ်စေမှာပါ..."
"ကောင်းပါပြီ..."
ရှန်ကွမ်ယွဲ့ရှီးနှင့် လျိုမင်ယွဲ့တို့သည် နန်ကုန်းယွီကို ခေါ်ဆောင်ကာ အရှေ့ဘက်ခြံဝင်းမှ ထွက်ခွာသွားကြပြီး ဒေါ်လေးရှန်ကမူ သူမ၏ လုပ်ငန်းဆောင်တာများကို ဆက်လက်လုပ်ဆောင်နေခဲ့လေသည်။
မကြာမီမှာပင် ရှန်ကွမ်ယွဲ့ရှီးနှင့် လျိုမင်ယွဲ့တို့သည် နန်ကုန်းယွီကို ကျန်းပေ့မင်းသားစံအိမ်အတွင်းရှိ စစ်ရေးလေ့ကျင့်ကွင်းတစ်ခုသို့ ခေါ်ဆောင်သွားခဲ့ကြပေ၏။
အစောင့်အချို့က ကြီးမားလှသော ကျောက်တိုင်ကြီးတစ်ခုကို သယ်ဆောင်လာပြီး သိုင်းပညာစင်မြင့်ပေါ်တွင် စိုက်ထူလိုက်သည်ကို ၎င်းတို့ မြင်တွေ့လိုက်ရသည်။
ထိုကျောက်တိုင်မှာ အခြားမဟုတ်ဘဲ ဝိညာဉ်ကြော တိုင်းတာရေး ကျောက်တုံးပင် ဖြစ်ပေ၏။
ဝိညာဉ်ကြော တိုင်းတာရေး ကျောက်တုံးသည် သက်ရှိတစ်ဦး၏ ဝိညာဉ်အမြစ် အရည်အသွေးနှင့် သဘာဝကို တိုင်းတာနိုင်စွမ်းရှိသောကြောင့် အဖွဲ့အစည်းတိုင်းအတွက် မရှိမဖြစ်လိုအပ်သော ပစ္စည်းတစ်ခု ဖြစ်ပေသည်။
မြောက်ပိုင်းဒေသ၏ တစ်ဦးတည်းသော မင်းသားဖြစ်သည့် ကျန်းပေ့မင်းသားအနေဖြင့် သူ၏စံအိမ်တွင် ဝိညာဉ်ကြော တိုင်းတာရေး ကျောက်တုံး မည်သို့လုပ်၍ မရှိဘဲ နေမည်နည်း။
"ဒီဝိညာဉ်ကြော တိုင်းတာရေး ကျောက်တုံးက လူသားအဆင့်ပဲ ရှိတာ... ဒီကလေးငယ်လေးက ဒါကို ပေါက်ကွဲသွားအောင် လုပ်နိုင်မလား မသိဘူး..."
လျိုမင်ယွဲ့က တိုးတိတ်စွာ ရေရွတ်လိုက်ပြီး သူမ၏ ရင်ထဲတွင် အလွန်အမင်းကြီးမားခြင်း မရှိသော မျှော်လင့်ချက် အငွေ့အသက်တစ်ခုကို ခံစားနေရပေ၏။
ရှန်ကွမ်ယွဲ့ရှီးက အနည်းငယ် ခေါင်းခါလိုက်သည်။
"စီနီယာ လျိုက နောက်နေတာပဲ ဖြစ်ရမယ်... ဝိညာဉ်ကြော တိုင်းတာရေး ကျောက်တုံးတွေကို လူသားအဆင့်၊ မြေကြီးအဆင့်၊ ကောင်းကင်အဆင့်နဲ့ မြင့်မြတ်သောအဆင့်ဆိုပြီး ခွဲခြားထားတာလေ... လူသားအဆင့် ဝိညာဉ်ကြော တိုင်းတာရေး ကျောက်တုံးက အထွတ်အထိပ် ဝိညာဉ်အမြစ်အထိ တိုင်းတာပေးနိုင်တယ်... ကျွန်မတို့ ချင်းယိုအင်ပါယာမှာ မြေကြီး ဝိညာဉ်အမြစ် ထွက်ပေါ်မလာတာ နှစ်တစ်ရာကျော်နေပြီလေ..."
သူမ ဤသို့ ပြောဆိုခဲ့သော်လည်း သူမ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက် အရိပ်အယောင်တစ်ခု ကျန်ရစ်နေသေးပေ၏။
မည်သို့ပင်ဆိုစေကာမူ သူသည် သူမ၏ သားပင် ဖြစ်သည်။ အကယ်၍ သူသာ မြေကြီး ဝိညာဉ်အမြစ် သို့မဟုတ် ကောင်းကင် ဝိညာဉ်အမြစ်ကို တကယ်ပဲ ပိုင်ဆိုင်ထားမည်ဆိုပါက သူမ အလွန် ပျော်ရွှင်မိမည် ဖြစ်သည်။
"ကောင်းပြီလေ... ကလေးငယ်လေးကို သူ့ရဲ့ ဝိညာဉ်အမြစ်ကို အရင်တိုင်းတာခိုင်းလိုက်ပါ... ငါ့ကိုလည်း ကြည့်ခွင့်ပြုပါဦး..."
လျိုမင်ယွဲ့က အနည်းငယ် ပြုံးလိုက်သော်လည်း သူမ၏ မျက်လုံးများထဲတွင် ရှုပ်ထွေးသော ခံစားချက်တစ်ခု လျှပ်တစ်ပြက် ထွက်ပေါ်လာပေ၏။
လွန်ခဲ့သော နှစ်များစွာက နန်ကုန်းအောက်ချန် သူ၏ ဝိညာဉ်အမြစ်ကို တိုင်းတာခဲ့သည်ကို သူမ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရပုံကို သူမ ပြန်လည်အမှတ်ရသွားသည်။ သူ၏ အထွတ်အထိပ် ဝိညာဉ်အမြစ်ဖြင့် သူသည် ထူးထူးခြားခြား တောက်ပနေခဲ့ပေ၏။
သူသည် မျှော်လင့်ချက်များကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ခဲ့ပြီး အနှစ်နှစ်ဆယ်ကျော် ကာလအတွင်းမှာပင် မြောက်ပိုင်းဒေသ၏ နာမည်ကျော် ကျန်းပေ့မင်းသား ဖြစ်လာခဲ့လေသည်။
သို့သော် ယခုအခါ နန်ကုန်းအောက်ချန်သည် ငယ်ရွယ်စဉ်မှာပင် သေဆုံးသွားခဲ့ပြီဖြစ်ရာ သူမက သူ၏ ကလေးငယ် ဝိညာဉ်အမြစ် တိုင်းတာသည်ကို မြင်တွေ့ရတော့မည်လော။
လျိုမင်ယွဲ့က အနည်းငယ် ခေါင်းခါလိုက်ပြီး သူမ၏ အတွေးများကို ရပ်တန့်လိုက်ကာ ဝိညာဉ်ကြော တိုင်းတာရေး ကျောက်တုံးဆီသို့ နန်ကုန်းယွီကို ပွေ့ချီလာသော ရှန်ကွမ်ယွဲ့ရှီးအား လှည့်ကြည့်လိုက်လေသည်။
ရှန်ကွမ်ယွဲ့ရှီးသည် နန်ကုန်းယွီကို ဝိညာဉ်ကြော တိုင်းတာရေး ကျောက်တုံး၏ နံဘေးတွင် ချထားလိုက်ပြီး သူ၏ လက်ငယ်လေးကို ညင်သာစွာ ဆုပ်ကိုင်ကာ ကျောက်တုံးပေါ်သို့ တင်ပေးလိုက်သည်ကို သူမ မြင်တွေ့လိုက်ရ၏။
နန်ကုန်းယွီသည် မဆင်မခြင် လှုပ်ရှားခြင်း မပြုခဲ့။ သူသည် သူ ပြုပြင်မွမ်းမံပြီး ဖုံးကွယ်ထားသော ဝိညာဉ်အမြစ်ကို ဤကျောက်တုံးက တိုင်းတာနိုင်စွမ်း ရှိမရှိ သိချင်စိတ်ဖြင့် သူ၏ အရှေ့ရှိ ဝိညာဉ်ကြော တိုင်းတာရေး ကျောက်တုံးကို ကြည့်နေခဲ့သည်။
သို့သော် ၎င်းက တိုင်းတာနိုင်လိမ့်မည် မဟုတ်ဟု သူ တွေးလိုက်ပေ၏။
မည်သို့ပင်ဆိုစေကာမူ ကောင်းကင်တာအိုကပင် မသိရှိနိုင်ပါလျှင် သာမန် လူသားအဆင့် ဝိညာဉ်ကြော တိုင်းတာရေး ကျောက်တုံးလေးက မည်သို့လုပ်၍ သိရှိနိုင်မည်နည်း။
တကယ်ကိုပင်။
နန်ကုန်းယွီ၏ လက်ငယ်လေးသည် ဝိညာဉ်ကြော တိုင်းတာရေး ကျောက်တုံးပေါ်သို့ ရောက်ရှိသွားပြီး တစ်စက္ကန့်မျှပင် မကြာသေးမီ ကျောက်တုံးဆီမှ အေးစက်သော စွမ်းအင်စီးကြောင်းတစ်ခု ထွက်ပေါ်လာကာ နန်ကုန်းယွီ၏ ခန္ဓာကိုယ်အတွင်းသို့ ချက်ချင်း ဖြတ်သန်းသွားပြီးနောက် ကျောက်တုံးဆီသို့ ပြန်လည်ရောက်ရှိသွားလေသည်။
တစ်ချိန်တည်းမှာပင် ဝိညာဉ်ကြော တိုင်းတာရေး ကျောက်တုံးသည် ပြောင်းလဲသွားပေ၏။ ကျောက်တုံး၏ အောက်ခြေမှ ရွှေဝါရောင် အလင်းတန်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး သတ္တုသဘာဝ အငွေ့အသက်တစ်ခုကို ထုတ်လွှတ်လိုက်သည်။
ဝိညာဉ်ကြော တိုင်းတာရေး ကျောက်တုံး၏ အောက်ခြေတစ်ဝက်တစ်ခုလုံးသည် အလင်းရောင်များဖြင့် ဖုံးလွှမ်းသွားသော်လည်း ၎င်းသည် ထပ်မံ၍ မြင့်တက်လာခြင်း မရှိတော့ပေ။
ဤသည်ကို မြင်လိုက်ရချိန်၌ ဘေးပတ်လည်ရှိ စောင့်ကြည့်နေသူများသည် အနည်းငယ်ခေါင်းခါမိသွားကြပြီး ၎င်းတို့၏ မျက်လုံးများသည် နောင်တရမှုများဖြင့် ပြည့်နှက်နေပေသည်။
အလယ်အလတ်အဆင့် သတ္တု ဝိညာဉ်အမြစ်။
အကယ်၍ ဤဝိညာဉ်အမြစ်သည် သာမန်မိသားစုတစ်ခု၏ ကလေးငယ်တွင် ထွက်ပေါ်လာပါက ၎င်းသည် ကြီးမားသော အာရုံစိုက်မှုကို သေချာပေါက် ရရှိစေမည် ဖြစ်သည်။
သို့သော် ကျန်းပေ့မင်းသား နန်ကုန်းအောက်ချန်နှင့် ရှန်ကွမ်ယွဲ့ရှီးတို့၏ ကလေးငယ်တွင် ထွက်ပေါ်လာခြင်း၊ ကျန်းပေ့မင်းသားငယ်လေးတွင် ထွက်ပေါ်လာခြင်းက မျှော်လင့်ထားသည်ထက် အတော်လေး လျော့နည်းနေခဲ့ပေ၏။
မည်သို့ပင်ဆိုစေကာမူ နန်ကုန်းအောက်ချန်တွင် အထွတ်အထိပ် ဝိညာဉ်အမြစ် ရှိပြီး ရှန်ကွမ်ယွဲ့ရှီးတွင်လည်း အထွတ်အထိပ် ဝိညာဉ်အမြစ် ရှိပေသည်။ ၎င်းတို့၏ ကလေးငယ်သည် အလယ်အလတ်အဆင့် ဝိညာဉ်အမြစ်ကိုသာ ပိုင်ဆိုင်ထားခြင်းက အနည်းငယ် စိတ်ပျက်စရာကောင်းလှပေ၏။
ရှန်ကွမ်ယွဲ့ရှီး၏ မျက်လုံးများသည် အနည်းငယ် မှေးမှိန်သွားပြီး စိတ်ပျက်သွားပုံရသော်လည်း ဤစိတ်ပျက်မှုသည် သူမ ဖယ်ရှားမပစ်မီ အခိုက်အတန့်မျှသာ ကြာမြင့်ခဲ့လေသည်။
သူမသည် နန်ကုန်းယွီကို ပွေ့ချီလိုက်ပြီး ပြုံးလျက် ပြောဆိုလိုက်သည်။
"ငါ့ရဲ့ ယွီအာလေးမှာ အလယ်အလတ်အဆင့် သတ္တု ဝိညာဉ်အမြစ် ရှိတယ်... ပြီးတော့ သူက ကျင့်ကြံလို့ရတယ်လေ... ဒါက တကယ့်ကို ကောင်းမွန်တာပဲ..."
သူမ၏ အမြင်တွင် အကယ်၍ နန်ကုန်းယွီသည် အလယ်အလတ်အဆင့် သတ္တု ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ထားပြီး ကြိုးစားပမ်းစား ကျင့်ကြံပါက အနည်းဆုံးတော့ ဝိညာဉ်ပြောင်းလဲခြင်းအဆင့်သို့ ရောက်ရှိနိုင်ကာ သက်တမ်း အနှစ်လေးထောင်ကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။
အနှစ်လေးထောင်ဆိုသည်မှာ နန်ကုန်းယွီ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းရန်အတွက် လုံလောက်သော အချိန်တစ်ခု ဖြစ်နိုင်ပေ၏။
ထို့ပြင် သူ့အတွက် သက်တမ်းရှည်စေသော ဝိညာဉ်ဆေးများကို သူမ ရှာဖွေပေးလို့ မရနိုင်ဘူးလော။ နောက်ထပ် ကျင့်စဉ်အဆင့်တစ်ခုကို ထိုးဖောက်ကျော်လွန်နိုင်ပြီး သူ၏ သက်တမ်းကို အနှစ်နှစ်ထောင် တိုးမြှင့်ပေးနိုင်မယ့် အခွင့်အရေးတချို့ကို သူမ ရှာဖွေပေးလို့ မရနိုင်ဘူးလော။
နောက်ထပ် အဆင့်နှစ်ဆင့်ကို ထိုးဖောက်ကျော်လွန်ကာ သူ၏ သက်တမ်းကို အနှစ်ရှစ်ထောင်အထိ တိုးမြှင့်ရန်ပင် ဖြစ်နိုင်ချေရှိပေသည်။
ဤကဲ့သို့သော အရာများ သေချာပေါက် တည်ရှိနေရမည်ဟု သူမ ယုံကြည်ထားလေ၏။
အကယ်၍ သူမ၏ သားသည် သံသရာလည်ခြင်းထဲသို့ တကယ်ပင် ဝင်ရောက်သွားခဲ့ပါက ၎င်းတို့ မိသားစု ပြန်လည်ဆုံစည်းနိုင်ကောင်း ဆုံစည်းနိုင်မည် မဟုတ်ပါလော။
ရှန်ကွမ်ယွဲ့ရှီးသည် အကောင်းမြင်စိတ်ဖြင့် တွေးတောလိုက်ရာ သူမ၏ စိတ်ခံစားချက်သည် အကြောင်းပြချက်မရှိဘဲ သိသိသာသာ တိုးတက်ကောင်းမွန်လာခဲ့ပေ၏။
မိခင်ဖြစ်သူ၏ စစ်မှန်သော အပြုံးကို မြင်လိုက်ရသဖြင့် နန်ကုန်းယွီသည်လည်း ပျော်ရွှင်သွားပြီး သူ၏ မျက်နှာငယ်လေးသည် အပြုံးများဖြင့် ဖုံးလွှမ်းသွားလေသည်။
သို့သော် သူသာ မိခင်ဖြစ်သူ၏ အမှန်တကယ် တွေးတောနေမှုများကို သိရှိပါက သူ ဤမျှလောက် ပျော်ရွှင်နေမည် မဟုတ်။
မည်သို့ပင်ဆိုစေကာမူ ယခုအခါ သူသည် ရွှေလက်ချောင်းဖြစ်သော အချိန်ဟင်းလင်းပြင်ကုန်သည်အသင်းကို ပိုင်ဆိုင်ထားပြီး အထူး မဟာဟင်းလင်းပြင်ဝိညာဉ်အမြစ်၊ အမည်မသိ မဟာဟင်းလင်းပြင် မူလပြန်လည်ရောက်ရှိခြင်း ကျင့်စဉ်နှင့် နတ်ဘုရားအရိပ် တာအိုခန္ဓာ ကဲ့သို့သော ကြီးမားသည့် လိမ်လည်မှုများလည်း ပါဝင်နေပေ၏။
အချိန်အလုံအလောက်သာ ပေးမည်ဆိုပါက သူသည် မိခင်ဖြစ်သူကို အထွတ်အထိပ်သို့ သေချာပေါက် ခေါ်ဆောင်သွားနိုင်မည်ဖြစ်ပြီး အဆုံးမဲ့ သက်တမ်းကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။ မည်သူက သံသရာလည်ခြင်းထဲသို့ ဝင်ရောက်ချင်မည်နည်း။
ထိုစဉ် လျိုမင်ယွဲ့သည် ဖြည်းညင်းစွာ လျှောက်လာခဲ့လေသည်။ သူမ၏ နီရဲသော နှုတ်ခမ်းများကို ညင်သာစွာ ဟလိုက်ပြီး သားအမိနှစ်ယောက်၏ နားထဲသို့ သိမ်မွေ့သော အသံတစ်သံ ထွက်ပေါ်လာသည်ကို သူမ မြင်တွေ့လိုက်ရပေ၏။
အခန်း ၁၀ မထင်မှတ်ထားသော အပြောင်းအလဲ
လျိုမင်ယွဲ့၏ နီရဲသော နှုတ်ခမ်းများ အနည်းငယ် ဟသွားပြီး သူမ၏ ကြည်လင်၍ အေးစက်သော အသံသည် လွင့်ပျံလာခဲ့ပေ၏။
"မဆိုးပါဘူး..."
"ကလေးငယ်လေး... မင်းရဲ့အမေနဲ့ မင်းရဲ့ ဦးရီးတော်က မင်းကို ကျောထောက်နောက်ခံ ပေးထားတာဆိုတော့ အခုကစပြီး မင်းသာ ကောင်းကောင်း ကျင့်ကြံမယ်ဆိုရင် မင်းလည်း ငြိမ်းချမ်းစွာနဲ့ စိုးရိမ်ပူပန်မှုကင်းကင်း နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်နိုင်မှာပါ..."
ဤစကားကို ကြားချိန်တွင် ရှန်ကွမ်ယွဲ့ရှီး၏ သိမ်မွေ့သော မျက်ခုံးများသည် အနည်းငယ် တွန့်ချိုးသွားပြီး နားမလည်နိုင်သော အမူအရာဖြင့် မေးမြန်းလိုက်သည်။
"စီနီယာ လျို... ယွီအာ့မှာ ကျန်းပေ့တပ် ရှိနေသေးတယ် မဟုတ်ဘူးလား... အဲ့ဒါကလည်း သူ့ရဲ့ အဆုံးအဖြတ်ပေးနိုင်တဲ့ ဖဲချပ်အဖြစ် သတ်မှတ်သင့်တာ မဟုတ်ဘူးလား..."
သို့သော် လျိုမင်ယွဲ့က အနည်းငယ်သာခေါင်းခါခဲ့သည်။
"ကျန်းပေ့တပ်က နန်ကုန်းအောက်ချန်အပေါ် အပြည့်အဝ သစ္စာရှိတယ်... ပြီးတော့ သူတို့က ဒီကလေးငယ်လေးကို ကာကွယ်ပေးကောင်း ကာကွယ်ပေးလိမ့်မယ်... ဒါပေမဲ့ လူတွေရဲ့ စိတ်က ပြောင်းလဲလွယ်တယ်လေ... အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး... သူ အားကိုးနိုင်တာက မင်းနဲ့... အရှင်မင်းကြီးပဲ ရှိတယ်..."
သေချာ နားထောင်ကြည့်မည်ဆိုပါက လျိုမင်ယွဲ့က အရှင်မင်းကြီးကို ရည်ညွှန်းပြောဆိုချိန်တွင် အတင်းအကျပ် ထည့်သွင်းပြောဆိုလိုက်သကဲ့သို့ ခဏတာမျှ တုံ့ဆိုင်းသွားသည်ကိုပင် သတိပြုမိနိုင်ပေသည်။
ကလေးတစ်ယောက်၏ အားကိုးရာမှာ သူ၏ မိဘများသာ ဖြစ်နိုင်ပြီး ကျန်လူအားလုံးမှာ ထိန်းချုပ်၍မရသော အကြောင်းရင်းများဖြစ်ကြောင်း သူမ၏ အမြင်တွင် ထင်ရှားနေပေ၏။
သူမ၏ စကားများကို ကြားချိန်တွင် ရှန်ကွမ်ယွဲ့ရှီးသည် လျိုမင်ယွဲ့၏ ပြောဆိုချက်ကို အကြောင်းပြချက်မရှိဘဲ သဘောတူသွားကာ တိတ်တဆိတ် ခေါင်ညိတ်ကြလေသည်။
သူမသည် ရင်ခွင်ထဲရှိ နန်ကုန်းယွီကို ကြည့်ကာ ရင်ထဲတွင် တွေးတောလိုက်၏။
'ငါ့သားလေး... သူ့ကို ငါကာကွယ်မယ်...'
...အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားပြီး မျက်တောင်တစ်ခတ်အတွင်း သုံးရက် ကုန်လွန်သွားခဲ့လေပြီ။
ဝိညာဉ်အရှင်မြတ်အဆင့် သိုင်းပညာရှင် နှစ်ဦးဖြစ်သော လျိုမင်ယွဲ့နှင့် ရှဲဒိုးချမ်းတို့၏ အတည့်အလင်းနှင့် လျှို့ဝှက် ကာကွယ်မှုအောက်တွင် မရဏစံအိမ်မှ လုပ်ကြံသတ်ဖြတ်သူများသည် ထွက်ပေါ်လာမည့် အရိပ်အယောင်မျှပင် မပြသခဲ့ကြပေ။
သို့မဟုတ် ၎င်းတို့ ထွက်ပေါ်လာခဲ့သော်လည်း ရှဲဒိုးချမ်းက ၎င်းတို့ကို လျှို့ဝှက်စွာ ရှင်းလင်းပစ်ခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။
သုံးရက်အကြာတွင် ဒေါ်လေးရှန်သည် အလုပ်များဖြင့် ရှုပ်ထွေးနေခဲ့သော်လည်း ရှန်ကွမ်ယွဲ့ရှီး၏ ညွှန်ကြားချက်များကို အောင်မြင်စွာ ပြီးမြောက်နိုင်ခဲ့လေသည်။
ကျင့်ကြံသူများကမ္ဘာတွင် စည်းကမ်းချက်များ သိပ်မများလှ။ ကျန်းပေ့မင်းသား၏ နာရေးကို အလျင်စလို အဆုံးသတ်လိုက်ပြီး မြောက်ပိုင်းဒေသရှိ ကျန်းပေ့မင်းသားစံအိမ်၏ တရားဝင် ပိုင်ဆိုင်မှုများကို ဒေါ်လေးရှန်က ကိုင်တွယ်ဖြေရှင်းခဲ့သည်။ ရှန်ကွမ်ယွဲ့ရှီးအနေဖြင့် ချင်းယို ဧကရာဇ်မြို့တော်သို့ အချိန်မရွေး ထွက်ခွာနိုင်ပြီ ဖြစ်ပေသည်။
ထို့ပြင် ရှန်ကွမ်ယွဲ့ရှီးကလည်း ထိုသို့ ပြုလုပ်ရန် ရည်ရွယ်ထားလေသည်။
လျိုမင်ယွဲ့ ရှိနေသော်လည်း လျိုမင်ယွဲ့ ဘယ်အချိန် ထွက်သွားမည်ကို မည်သူ သိနိုင်မည်နည်း။
မရဏစံအိမ်မှ လုပ်ကြံသတ်ဖြတ်သူများ ပုန်းခိုနေသောကြောင့် ၎င်းတို့ မြောက်ပိုင်းဒေသတွင် ဆက်နေရန်မှာ လုံခြုံမှုမရှိသောကြောင့် သူမအနေဖြင့် နန်ကုန်းယွီအတွက် စဉ်းစားပေးရန် လိုအပ်ပေသည်။
ရှန်ကွမ်ယွဲ့ရှီးသည် ကျန်းပေ့မင်းသားစံအိမ်ရှိ လူအားလုံးကို စုရုံးစေလိုက်ပြီး ချင်းယို ဧကရာဇ်မြို့တော်သို့ သွားမည့် သူမ၏ ရည်ရွယ်ချက်ကို ကြေညာလိုက်၏။
ခဏတာမျှ လူအားလုံး အနည်းငယ် အံ့အားသင့်သွားကြလေသည်။
သို့သော် ရှန်ကွမ်ယွဲ့ရှီးက ၎င်းတို့ကို ဂရုမစိုက်ဘဲ သူမ၏ နီရဲသော နှုတ်ခမ်းများကို အနည်းငယ် ဟလိုက်ပြီး ဆက်လက်ပြောဆိုလိုက်သည်။
"ဒီမင်းသမီးနဲ့ ယွီအာက မြို့တော်ကို လူတွေ အများကြီး ခေါ်သွားမှာ မဟုတ်ဘူး... နန်ကုန်းတယ်၊ ရှောင်အာ၊ ပြီးတော့ အစောင့်ဆယ်ယောက်အပြင် အစေခံမိန်းကလေး လေးယောက်ဖြစ်တဲ့ ချွန်းကျီ၊ ရှာ့လျန်၊ ချိုးယဲ့ နဲ့ တုန်းရွှယ် တို့က ဒီမင်းသမီးနဲ့ လိုက်ခဲ့ရမယ်..."
သူမ စကားပြောဆိုနေစဉ် လူအားလုံးကို ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်လိုက်ပြီးနောက် ဆက်လက်ပြောဆိုလိုက်၏။
"တခြားလူတွေအနေနဲ့ ကျန်းပေ့မင်းသားစံအိမ်ကနေ ထွက်သွားချင်တာပဲဖြစ်ဖြစ် ဒီမှာပဲ ဆက်နေချင်တာပဲဖြစ်ဖြစ် ဒီမင်းသမီးက တားဆီးမှာ မဟုတ်ပါဘူး... အကယ်၍ မင်းတို့တွေ ဆက်နေမယ်ဆိုရင် ဒီမင်းသမီးက စံအိမ်ကို စီမံခန့်ခွဲဖို့ တစ်ယောက်ယောက်ကို စီစဉ်ပေးခဲ့မှာဖြစ်ပြီး မင်းတို့ကိုလည်း မတရား ဆက်ဆံမှာ မဟုတ်ပါဘူး..."
သူမ စကားပြောဆိုပြီးနောက် နန်ကုန်းအောက်ချန်၏ တစ်ဦးတည်းသော ကိုယ်လုပ်တော်ဖြစ်ပြီး မျက်နှာသာမပေးခံရသည့် ကျင်ကိုယ်လုပ်တော်အား လှည့်ကြည့်လိုက်လေသည်။
သို့သော် သူမ စကားမပြောနိုင်မီ အောက်ဘက်ရှိ လူများသည် အစုလိုက်အပြုံလိုက် ဒူးထောက်နေကြပြီ ဖြစ်၏။
"မင်းသမီးကြီးနဲ့ မင်းသားငယ်လေးကို ဆက်ပြီး အလုပ်အကျွေးပြုနိုင်ဖို့အတွက် ကျွန်တော်မျိုးတို့ကို မြို့တော်ဆီ ခေါ်သွားပေးဖို့ တောင်းဆိုပါတယ်..."
၎င်းတို့၏ အသံများသည် ကျယ်လောင်နေပြီး ကျန်းပေ့မင်းသားစံအိမ် တစ်ခုလုံး ပဲ့တင်ထပ်သွားကာ အဝေးသို့တိုင်အောင် ပျံ့နှံ့သွားပေ၏။
ခဏမကြာမီမှာပင် ကျန်းပေ့မင်းသမီးကြီးက မင်းသားငယ်လေးကို ခေါ်ဆောင်ကာ ချင်းယို ဧကရာဇ်မြို့တော်သို့ သွားမည်ဟူသော သတင်းသည် ဖူကွမ်းမြို့ တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့လေသည်။
စံအိမ်အတွင်း၌ ရှန်ကွမ်ယွဲ့ရှီးသည် အောက်ဘက်ရှိ လူအုပ်ကြီးကို ကြည့်လိုက်သော်လည်း သူမက အနည်းငယ် ခေါင်းခါရုံသာ ပြုလုပ်ခဲ့၏။
"ထကြပါ... ဒီတစ်ခါ မြို့တော်ကို လူတွေအများကြီး သွားဖို့ဆိုတာ မသင့်လျော်ဘူး... တကယ်လို့ နောင်တစ်ချိန်မှာ လိုအပ်လာခဲ့ရင် ကျန်းပေ့မင်းသားစံအိမ်မှာ ကျန်ရစ်ခဲ့တဲ့သူတွေကို ပြန်ပြီး ဆင့်ခေါ်ပါ့မယ်..."
ဤစကားကို ကြားချိန်တွင် လူအားလုံးမှာ ဆန္ဒမရှိကြသော်လည်း ၎င်းတို့သည် ကူကယ်ရာမဲ့စွာဖြင့် လက်ခံလိုက်ကြရပေ၏။
ရှန်ကွမ်ယွဲ့ရှီးသည် ကျင်ကိုယ်လုပ်တော်ကို လှည့်ကြည့်လိုက်ပြီး သူမ၏ အသံမှာ အနည်းငယ် အေးစက်နေလေသည်။
"ကျင်ကိုယ်လုပ်တော်... ဒီနေရာကို စီမံခန့်ခွဲဖို့ အိမ်တော်ထိန်း ချန်ကို ငါ လွှတ်လိုက်မယ်... ညီမလေးက ဒီမှာနေပြီး ကျန်းပေ့မင်းသားစံအိမ်ကို စောင့်ရှောက်ရမယ်..."
"ဟုတ်ကဲ့ပါ... ညီမလေးက အစ်မကြီး စကားကို နားထောင်ပါ့မယ်..."
ကျင်ကိုယ်လုပ်တော်က လိမ္မာစွာဖြင့် ခေါင်းညိတ်လိုက်၏။ ယခုအခါ ကျန်းပေ့မင်းသား မရှိတော့သဖြင့် သူမ၏ အစီအစဉ်များအားလုံး ပျက်စီးသွားခဲ့လေပြီ။ သူမက ဘာများ ဆက်လုပ်နိုင်ဦးမည်နည်း။
ထိုစဉ် မထင်မှတ်ထားသော အပြောင်းအလဲတစ်ခု ဖြစ်ပွားလာခဲ့ပေသည်။
ချင်းယို ဧကရာဇ်မြို့တော် ကင်းလှည့်တပ်ဖွဲ့မှ သိုင်းပညာရှင် ဆယ့်နှစ်ဦးသည် ပြေးဝင်လာကြပြီး ၎င်းတို့၏ ပစ်မှတ်မှာ ရှင်းလင်းနေကာ ကျင်ကိုယ်လုပ်တော်အား တိုက်ရိုက် ဖမ်းဆီးထိန်းချုပ်လိုက်ကြလေသည်။
"ရှင်တို့တွေ ဘာလုပ်နေကြတာလဲ... ငါက ကျန်းပေ့မင်းသားရဲ့ လူနော်... မင်းသားရဲ့ မုဆိုးမကို ဒီလို ဆက်ဆံတာအတွက် အရှင်မင်းကြီးက ရှင်တို့ကို အပြစ်ပေးမှာ မကြောက်ဘူးလား..."
ကျင်ကိုယ်လုပ်တော်သည် ကင်းလှည့်တပ်ဖွဲ့မှ သိုင်းပညာရှင် နှစ်ဦး၏ ချက်ချင်း ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး သူမ၏ ကျင့်ကြံခြင်း စွမ်းအင်များကိုလည်း ပိတ်လှောင်ခံလိုက်ရပေ၏။ သူမ၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ပြည့်နှက်သွားပြီး ၎င်းတို့ကို ပြင်းပြင်းထန်ထန် အပြစ်တင်လိုက်သည်။
ကင်းလှည့်တပ်ဖွဲ့၏ ခေါင်းဆောင်က သူမကို အေးစက်စက် တစ်ချက်ကြည့်ကာ အေးစက်စွာ ပြောဆိုလိုက်၏။
"သူ့ကို ပါးစပ်ပိတ်ထားလိုက်..."
သူ၏ အသံတိတ်ဆိတ်သွားသည်နှင့် ကျင်ကိုယ်လုပ်တော်၏ မျက်နှာပေါ်တွင် ကြောက်ရွံ့ထိတ်လန့်မှုများ ပြည့်နှက်သွားပြီး သူမ၏ မျက်လုံးများ ပြူးကျယ်သွားသော်လည်း သူမသည် စကားတစ်ခွန်းမျှပင် ဆက်လက် မပြောဆိုနိုင်တော့ပေ။
ဤအခိုက်အတန့်၌ ကင်းလှည့်တပ်ဖွဲ့၏ ခေါင်းဆောင်သည် ရှန်ကွမ်ယွဲ့ရှီး၏ အရှေ့သို့ ရောက်လာပြီး ဦးညွှတ်လိုက်သည်။
"ချင်းယို ကင်းလှည့်တပ်ဖွဲ့က ကျန်းချန်က မင်းသမီးကြီးနဲ့ မင်းသားငယ်လေးကို ဂါရဝပြုပါတယ်..."
အခြားသော ကင်းလှည့်တပ်ဖွဲ့ဝင်များသည်လည်း အနည်းငယ် ဦးညွှတ်လိုက်ကြ၏။
"မင်းသမီးကြီးနဲ့ မင်းသားငယ်လေးကို ဂါရဝပြုပါတယ်..."
ရှန်ကွမ်ယွဲ့ရှီး၏ မျက်နှာအမူအရာသည် ရှေးဟောင်းရေတွင်းတစ်ခုကဲ့သို့ တည်ငြိမ်နေပေသည်။
"မင်းတို့တွေ ဘာလုပ်နေကြတာလဲ... ဒါက ဘယ်သူ့ရဲ့ အမိန့်လဲ..."
သူမ၏ မေးခွန်းကို ကြားချိန်တွင် ကျန်းချန်က အနည်းငယ် မော့ကြည့်လိုက်၏။
"မင်းသမီးကြီးကို လျှောက်တင်ပါတယ်... အရှင်မင်းကြီးရဲ့ အမိန့်တော်အရ ရွှီကျင်နဲ့ ရွှီမိသားစုရဲ့ လက်ကျန်လူတွေကို ဖမ်းဆီးဖို့ ကျွန်တော်တို့ အမိန့်ရထားပါတယ်... အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်... မင်းသမီးကြီးက ကျွန်တော်တို့ကို ခွင့်လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်..."
"အို... ဘာတွေဖြစ်ခဲ့လို့လဲ..."
ရှန်ကွမ်ယွဲ့ရှီးသည် ကျန်းချန်၏ စကားကို ကြားချိန်ကတည်းက တစ်စုံတစ်ရာ မှားယွင်းနေပြီဖြစ်ကြောင်း ခံစားမိပြီးဖြစ်ရာ သူမက မေမိသွားလေသည်။
ကျန်းချန်က ထိတ်လန့်နေသော ကျင်ကိုယ်လုပ်တော်အား တစ်ချက်ကြည့်လိုက်ပြီးနောက် ပြောဆိုလိုက်၏။
"မင်းသမီးကြီးကို လျှောက်တင်ပါတယ်... မင်းသားငယ်လေးက ကံဆိုးစေတဲ့ကြယ် ဆိုတဲ့ ကောလာဟလကို ဝိညာဉ်ကွန်ရက်ကနေတစ်ဆင့် ရွှီကျင်နဲ့ ရွှီမိသားစုဝင်တွေ ဖြန့်ဝေခဲ့တာဖြစ်ကြောင်း အရှင်မင်းကြီးက အတည်ပြုပြီးပါပြီ..."
"ဘာ..."
ရှန်ကွမ်ယွဲ့ရှီး အံ့အားသင့်သွားပြီး သူမ၏ မျက်နှာအမူအရာသည် ချက်ချင်းပင် အလွန်အမင်း ကြည့်ရဆိုးသွားလေတော့သည်။ ကျန်းချန်၏ စကားများကို သူမ လုံးလုံးလျားလျား သံသယမဝင်ခဲ့။ မည်သို့ပင်ဆိုစေကာမူ ၎င်းကို စုံစမ်းစစ်ဆေးခဲ့သူမှာ နန်ကုန်းအောက်ထျန်းပင် ဖြစ်ပေသည်။
သူမသည် ကျင်ကိုယ်လုပ်တော်အား ကြည့်လိုက်ရာ သူမ၏ အရေခွံကို ဆုတ်ခွာပြီး သွေးများကို ဖောက်ထုတ်ပစ်ချင်စိတ် ပေါက်သွားလေသည်။
ဒေါ်လေးရှန်နှင့် အခြားသူများသည်လည်း ဒေါသတကြီး စိုက်ကြည့်လိုက်ကြ၏။
"ကျင်ကိုယ်လုပ်တော်... နင်က ဒီလောက်တောင် ရဲတင်းရဲတာလား... မင်းသား ချန်ထားခဲ့တဲ့ ဆက်ခံသူမင်းသားလေးကို ဒုက္ခပေးတာ နောင်တချိန် ငရဲကျမှာကို မကြောက်ဘူးလား..."
ကျင်ကိုယ်လုပ်တော်၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုများ လျှပ်တစ်ပြက် ထွက်ပေါ်လာပြီး နောင်တရမှု အရိပ်အယောင်တစ်ခုလည်း ပါဝင်နေပေ၏။ သူမသည် သနားညှာတာရန် တောင်းပန်ချင်ခဲ့သော်လည်း စကားလုံးဝ မပြောနိုင်တော့ပေ။
ထိုစဉ် ကျန်းချန်က ထပ်မံ ပြောဆိုလိုက်သည်။
"မင်းသမီးကြီး... မင်းသမီးကြီးနဲ့ မင်းသားငယ်လေးကို အမြန်ဆုံး မြို့တော်ဆီ လာခဲ့ဖို့ အရှင်မင်းကြီးက တောင်းဆိုလိုက်ပါတယ်... ရွှီမိသားစုက မင်းသမီးကြီးနဲ့ မင်းသားငယ်လေးကို ပစ်မှတ်ထားဖို့ လုပ်ကြံသတ်ဖြတ်သူတွေကို လာဘ်ထိုးထားပုံရပါတယ်..."
ဤစကားက ထိုနေရာတွင် ရှိနေသူအားလုံးကို တုန်လှုပ်သွားစေခဲ့သည်။ ဒေါ်လေးရှန်နှင့် အခြားသူများ၏ မျက်နှာအမူအရာများသည် အလွန်အမင်း တည်ကြည်လေးနက်သွားကြပေ၏။
လွန်ခဲ့သော လေးရက်ခန့်က မရဏစံအိမ်မှ လုပ်ကြံသတ်ဖြတ်သူများကို မြင်တွေ့ခဲ့ရသူများအနေဖြင့် ဤစကားများ၏ မှန်ကန်မှုကို ၎င်းတို့ လုံးလုံးလျားလျား သံသယမဝင်ခဲ့ကြချေ။
ရှန်ကွမ်ယွဲ့ရှီး၏ မျက်လုံးများသည် မီးတောက်များ မှုတ်ထုတ်နေသကဲ့သို့ နီရဲလာပြီး အလွန်အမင်း ဒေါသထွက်နေကြောင်း သိသာထင်ရှားနေပေသည်။
"ကျင်ကိုယ်လုပ်တော်..."
သူမ၏ အေးစက်သော အသံသည် နှုတ်ခမ်းဖျားမှ ထွက်ပေါ်လာပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ သတ်ဖြတ်လိုခြင်း အငွေ့အသက်များ ထုတ်လွှတ်ကာ သူမ၏ ဓားဖြင့် ကျင်ကိုယ်လုပ်တော်အား ချိန်ရွယ်လိုက်၏။
"မင်းသားက နင့်ရဲ့ ရွှီမိသားစုအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တာကို နင်က ဒီလိုလုပ်ရဲတယ်ပေါ့လေ..."
သူမသာမကဘဲ စံအိမ်ရှိ လူအများစုသည်လည်း ကျင်ကိုယ်လုပ်တော်အား သတ်ဖြတ်လိုသော အကြည့်များဖြင့် ကြည့်လိုက်ကြလေသည်။
သို့သော် ၎င်းတို့ မလှုပ်ရှားနိုင်မီမှာပင် ကျန်းချန်က ကျင်ကိုယ်လုပ်တော်အား အလျင်အမြန် ကာကွယ်လိုက်၏။
"မင်းသမီးကြီး... ကျေးဇူးပြုပြီး ဒေါသကို လျှော့ပါဦး..."
"ဒီမင်းသမီးက ရှင်းလင်းရေးလုပ်တာကို မင်းက တားဆီးမလို့လား..."
ရှန်ကွမ်ယွဲ့ရှီးသည် ကျန်းချန်အား အေးစက်စွာ ကြည့်လိုက်ရာ သူမ၏ အသံသည် ခြောက်ခြားဖွယ်ကောင်းပြီး အေးစက်နေကာ သူမ၏ နူးညံ့သိမ်မွေ့သော မျက်နှာနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေလေသည်။
ကျန်းချန်သည် ချက်ချင်းပင် ဒူးတစ်ဖက်ထောက်ချလိုက်သည်။
"ကျန်းချန် မလုပ်ရဲပါဘူး... ဒါပေမဲ့ သူ့ရဲ့ အသက်ကို ချမ်းသာပေးဖို့ မင်းသမီးကြီးကို တောင်းဆိုပါတယ်..."
"ဟမ့်..."
ရှန်ကွမ်ယွဲ့ရှီးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ့ကို အေးစက်စက် တစ်ချက်ကြည့်ကာ သူမ၏ သတ်ဖြတ်လိုခြင်း အငွေ့အသက် သုံးပုံတစ်ပုံခန့်ကို ပြန်လည်ရုပ်သိမ်းလိုက်လေသည်။
သို့သော် သူမက ပြောဆိုလိုက်၏။
"နင်က ကျန်းချန် ဆိုတာလား... သူ့ကို မသတ်ရမယ့် အကြောင်းပြချက်တစ်ခု ပေးစမ်း..."
မည်သို့ပင်ဆိုစေကာမူ ဤသူသည် နန်ကုန်းအောက်ထျန်း စေလွှတ်လိုက်သူဖြစ်ပြီး ချင်းယို ဧကရာဇ်မြို့တော် ကင်းလှည့်တပ်ဖွဲ့မှ ဖြစ်ပေသည်။ သူမသည် မြို့တော်သို့ သွားရတော့မည်ဖြစ်သောကြောင့် သူ့ကို မျက်နှာသာ အနည်းငယ် ပေးရမည် ဖြစ်သည်။
ရှန်ကွမ်ယွဲ့ရှီး ဤသို့ ပြောဆိုသည်ကို မြင်လိုက်ရချိန်၌ ကျန်းချန်သည်လည်း အနည်းငယ် သက်ပြင်းချလိုက်နိုင်ပြီး သူ၏ ရှင်းပြချက်ကို အလျင်အမြန် တင်ပြလိုက်တော့သည်။