အခန်း (၂၁-၂၂)
Vol. 3 Ch. 21-22
အခန်း ၂၁ မယ်တော်ကြီးက ဖိတ်ခေါ်ခြင်း
ရှန်ကွမ်ယွဲ့ရှီးသည် သူမကို အနှောင့်အယှက်ဖြစ်စေသော မေးခွန်းတစ်ခုကို သတိရသွားပြီး မေးမြန်းလိုက်လေသည်။
"အမေ... ကျွန်မရဲ့ ညီမလေးရော ဘယ်မှာလဲ..."
ဤစကားကို ကြားချိန်တွင် ရွှမ်ယွမ်လင်ယွင်က အနည်းငယ် ခေါင်းခါလိုက်သည်။
"သူက လေ့ကျင့်ဖို့ ထွက်သွားပြန်ပြီ... အခု သူ ဘယ်ရောက်နေလဲဆိုတာ အမေလည်း မသိဘူး..."
ထိုစကားကို ကြားချိန်တွင် ရှန်ကွမ်ယွဲ့ရှီးက အနည်းငယ် တန့်သွားပြီး သူမ၏ မျက်နှာပေါ်တွင် ကူကယ်ရာမဲ့မှု အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့ပေသည်။
၎င်းတို့၏ ပုံမှန် ကျင့်ကြံခြင်းများ၊တစ်ခါတစ်ရံ လေ့ကျင့်ရေး ခရီးစဉ်များနှင့် နှိုင်းယှဉ်ပါက သူမ၏ ညီမငယ်လေးသည် လုံးဝ ဆန့်ကျင်ဘက်ကို လုပ်ဆောင်နေခြင်းပင် ဖြစ်သည်။
"အကယ်၍ ညီမလေး ပြန်လာရင် ဒါမှမဟုတ် သတင်းတစ်ခုခု ပို့လိုက်ရင် ကျွန်မကို အကြောင်းကြားဖို့ မမေ့နဲ့နော်..."
"အေးပါ... အကြောင်းကြားပါ့မယ်..."
ထိုနှစ်ဦးသည် ခြံဝင်းထဲတွင် ထိုင်ကာ နန်ကုန်းယွီကို စနောက်နေကြပြီး နေ့စဉ်အကြောင်းအရာများကို တစ်ခါတစ်ရံ စကားစမြည် ပြောဆိုနေကြလေသည်။
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားပြီး လူငယ်ဘဝသည်လည်း အလျင်အမြန် မှေးမှိန်သွားတတ်ပေသည်။
ရှန်ကွမ်ယွဲ့ရှီးနှင့် အခြားတစ်ဦးတို့သည် အချိန်အတော်ကြာ စကားပြောဆိုနေခဲ့ကြပြီး သတိမထားမိမီမှာပင် ညအချိန်သို့ ရောက်ရှိသွားခဲ့ပြီ။
ရှန်ကွမ်ယွဲ့ရှီးသည်လည်း ပြန်မသွားတော့ဘဲ နန်ကုန်းယွီနှင့်အတူ ရွှမ်ယွမ်လင်ယွင်၏ နေရာတွင် ညအိပ်ခဲ့လေသည်။
နောက်တစ်နေ့ မွန်းလွဲပိုင်းတွင်။
မိခင်ဖြစ်သူ ရွှမ်ယွမ်လင်ယွင်အား နှုတ်ဆက်ပြီးနောက် ရှန်ကွမ်ယွဲ့ရှီးသည် ရှန်ကွမ်စံအိမ်မှ ထွက်လာခဲ့ချိန်မှာပင် မိန်းမစိုး ယန် လျှောက်လာသည်ကို မြင်တွေ့လိုက်ရပေသည်။
"ဒီအစေခံက ကျန်းပေ့မင်းသမီးကြီးနဲ့ မင်းသားငယ်လေးကို ဂါရဝပြုပါတယ်..."
"ဒီလို ဂါရဝပြုဖို့ မလိုပါဘူး မိန်းမစိုး ယန်..."
ရှန်ကွမ်ယွဲ့ရှီးက အနည်းငယ် ခေါင်းညိတ်လိုက်ပြီးနောက် မေးမြန်းလိုက်သည်။
"မိန်းမစိုး ယန် ဘာကိစ္စရှိလို့များ လာတာလဲ မေးခွင့်ပြုပါ..."
မိန်းမစိုး ယန်က ပြုံး၍ ပြောဆိုလိုက်သည်။
"ကျန်းပေ့မင်းသမီးကြီး... ကိစ္စက ဒီလိုပါ... မယ်တော်ကြီးက မင်းသားငယ်လေးကို တွေ့ချင်နေတယ်... ပြီးတော့
အရှင်မင်းကြီးကလည်း မင်းသမီးကြီးတို့ နှစ်ယောက်စလုံးကို နန်းတော်ဆီ ဖိတ်ခေါ်ဖို့ ကျွန် တော်မျိုးကို လွှတ်လိုက်တာပါ..."
ဤစကားကို ကြားချိန်တွင် ရှန်ကွမ်ယွဲ့ရှီးက အနည်းငယ် ခေါင်းညိတ်လိုက်သည်။
" ခဏလောက် စောင့်ပါဦး မိန်းမစိုး ယန်..."
သူမ စကားပြောဆိုနေစဉ် ဒေါ် လေးရှန်အား လှည့်ကာ ပြောဆိုလိုက်သည်။
"ဒေါ် လေးရှန်... အရင်ပြန်သွားလိုက်တော့... ယွီအာနဲ့ ကျွန်မက နန်းတော်ကို သွားလိုက်ဦးမယ်..."
"နားလည်ပါပြီ အရှင်မ..."
ဒေါ် လေးရှန်က လေးစားစွာ ခေါင်းညိတ်လိုက်ပြီးနောက် ၎င်းတို့အုပ်စု ထွက်ခွာသွားသည်ကို ကြည့်နေခဲ့ပြီးမှ ကျန်းပေ့မင်းသားစံအိမ်ဆီသို့ ဦးတည်ကာ လှည့်ထွက်သွားလေတော့သည်။
...
တိတ်ဆိတ်ငြိမ်သက်နေသော ဧကရာဇ်နန်းတော်ရှိ နန်းတွင်း ဥယျာဉ်တော်အတွင်း၌။
ခရမ်းရောင်ဝတ်ဆင်ထားသော လှပသည့် အမျိုးသမီးတစ်ဦးသည် အခန်းအောက် ခြေတွင် ထိုင်နေပြီး သူမ၏ နံဘေးတွင် ခမ်းနားစွာ ဝတ်ဆင်ထားသော အနီရောင်ဝတ် အမျိုးသမီးတစ်ဦးနှင့် နန်ကုန်းအောက်ထျန်းတို့လည်း ရှိနေကြပေသည်။
"အချိန်တွေ ဒီလောက်တောင် ကုန်သွားတာကို ဘာလို့ သူတို့ ရောက်မလာကြသေးတာလဲ... ထျန်းအာ... မင်းရဲ့ လက်အောက်ငယ်သားတွေက သိပ်ပြီး အလုပ်မတွင်ကျယ်ဘူးပဲ..."
ခရမ်းရောင်ဝတ် လှပသောအမျိုးသမီးက ဤသို့ပြောဆိုသည်ကို ကြားချိန်တွင် နန်ကုန်းအောက်ထျန်း၏ မျက်နှာအမူအရာမှာ အနည်းငယ် ကူကယ်ရာမဲ့နေပုံရသည်။အချိန်ဘယ်လောက်တောင် ကြာသွားလို့လဲ။
သူသည် အနည်းငယ် ဆွံ့အသွားခဲ့သည်။
ဆက်ပြီး မစောင့်နိုင်တော့တာက မယ်တော်ကြီးပါ... အပြစ်တွေကို လက်အောက်ငယ်သားတွေအပေါ် ပုံမချပါနဲ့...
သူ ထိုသို့ တွေးတောနေသော်လည်း ပြုံးကာ ပြောဆိုလိုက်သည်။
"မယ်တော်ကြီး ပြောတာ မှန်ပါတယ်... သားတော် နောက်ကျရင် သူတို့ကို သတိပေးလိုက်ပါ့မယ်..."
ထိုခရမ်းရောင်ဝတ် လှပသောအမျိုးသမီးမှာ အခြားသူမဟုတ်ဘဲ ချင်းယိုအင်ပါယာ၏ မယ်တော်ကြီးဖြစ်ပြီး ဧကရာဇ် နန်ကုန်းအောက်ထျန်း၏ မိခင်ဖြစ်သူ ကျီကျစ်ယွီပင် ဖြစ်ပေသည်။
"ဟူး... ကလေးငယ်လေးရဲ့ ဝိညာဉ်အမြစ်က သိပ်မကောင်းဘူးလို့ ငါ ကြားတယ်... သူ့ရဲ့ ဦးရီးတော်အနေနဲ့ မင်းက သူ့ကို အထူးဂရုစိုက်ပေးရမယ်နော်..."
သူမ စကားပြောဆိုနေစဉ် တစ်စုံတစ်ရာကို တွေးမိသွားသကဲ့သို့ သူမ၏ မျက်လုံးများ နီရဲလာခဲ့ပေသည်။
နန်ကုန်းအောက်ထျန်းသည် သူ၏ ညီငယ် သေဆုံးမှုကို တွေးမိနေကြောင်း သိသာစွာဖြင့် လေးလံစွာ ခေါင်းညိတ်လိုက်ပြီး သူ၏ လက်သီးများကို တင်းကျပ်စွာ ဆုပ်ထားလိုက်လေသည်။
လေထုသည် အနည်းငယ် လေးလံလာချိန်မှာပင် နန်းတွင်း ဥယျာဉ်တော် အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"ကျန်းပေ့မင်းသမီးကြီး... မယ်တော်ကြီးနဲ့ အရှင်မင်းကြီးက အထဲမှာ စောင့်နေပါတယ်... ကျေးဇူးပြုပြီး မင်းသားငယ်လေးကို ခေါ်သွားပါ... ဒီအစေခံကတော့ အထဲကို လိုက်မဝင်တော့ပါဘူး..."
ထိုစကားကို ကြားချိန်တွင် မယ်တော်ကြီး၏ မျက်လုံးများ တောက်ပသွားပြီး နန်းတွင်း ဥယျာဉ်တော်၏ ထောင့်တစ်နေရာသို့ ကြည့်ရန် သူမ မန်တပ်ရပ်မိသွားလေသည်။
နန်ကုန်းအောက်ထျန်းနှင့် အခြားတစ်ဦးတို့သည်လည်း ထိုလမ်းကြောင်းဆီသို့ လှည့်ကြည့်မိသွားလေသည်။
တကယ်ကိုပင်။
မကြာမီမှာပင် ရှန်ကွမ်ယွဲ့ရှီးသည် နန်ကုန်းယွီကို ပွေ့ချီကာ ထောင့်မှ ထွက်ပေါ်လာခဲ့ပြီး ၎င်းတို့ဆီသို့ တစ်လှမ်းချင်း လျှောက်လာခဲ့သည်။
ဤသည်ကို မြင်လိုက်ရချိန်၌ ကျီကျစ်ယွီ၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှု အရိပ်အယောင်တစ်ခု ထွက်ပေါ်လာပြီး ကြိုဆိုရန် မတ်တပ်ရပ်လာလေသည်။
နန်ကုန်းအောက်ထျန်းက အနည်းငယ် ပြုံးလိုက်ပြီး သူ၏ နံဘေးရှိ အနီရောင်ဝတ် အမျိုးသမီးကို မတ်တပ်ရပ်စေကာ အလျင်အမြန် လိုက်ပါသွားခဲ့သည်။
ရှန်ကွမ်ယွဲ့ရှီးသည် မယ်တော်ကြီးနှင့် အခြားနှစ်ဦးတို့က သူမအား ကြိုဆိုရန် လာနေကြသည်ကို မြင်လိုက်ရချိန်၌ သူမသည် အနည်းငယ် နေရခက်သွားပြီး သူတို့အရှေ့တွင် ရပ်ရန် အလျင်အမြန် လျှောက်သွားလိုက်လေသည်။
သူမက အနည်းငယ် ဦးညွှတ်ကာ လေးစားစွာ ပြောဆိုလိုက်သည်။
"အရှင်မင်းကြီး... ကျွန်တော်မျိုးမ ရှန်ကွမ်ယွဲ့ရှီးက သားတော် နန်ကုန်းယွီနဲ့အတူ မယ်တော်ကြီးကို ဂါရဝပြုပါတယ်... အရှင်မင်းကြီးနဲ့ မိဖုရားခေါင်ကြီးကို ဂါရဝပြုပါတယ်..."
"မြန်မြန်ထပါ... ဒီလိုမျိုးတွေ မလိုပါဘူး..."
ကျီကျစ်ယွီက သူမကို ထူပေးရန် အလျင်အမြန် ရှေ့တက်လာခဲ့သော်လည်း သူမ၏ အကြည့်များသည် သူမ၏ ရင်ခွင်ထဲရှိ နန်ကုန်းယွီဆီသို့ အလိုအလျောက် ရောက်ရှိသွားသည်။
သူမက သူမ၏ နှုတ်ခမ်းများကို အနည်းငယ် ဟကာ မေးမြန်းလိုက်သည်။
"ဒါ ယွီအာ ဖြစ်ရမယ်... အဖွား ချီလို့ ရမလား..."
ရှန်ကွမ်ယွဲ့ရှီးက စကားပြောရန် ပြင်လိုက်ချိန်မှာပင် နန်ကုန်းအောက်ထျန်းက ဝင်ပြောလိုက်သည်။
"ယွီအာက သူစိမ်းတွေနဲ့ သိပ်ပြီး ရှက်တတ်တဲ့ပုံ မပေါ်ပါဘူး... မယ်တော်ကြီး... စမ်းချီကြည့်လို့ ရပါတယ်..."
ဤစကားကို ကြားချိန်တွင် ရှန်ကွမ်ယွဲ့ရှီးသည် နန်ကုန်းယွီအား အလျင်အမြန် ကြည့်ကာ တိုးတိတ်စွာ ပြောဆိုလိုက်သည်။
"ယွီအာ... သားရဲ့ အဖွားတော်က သားကို ချီချင်နေတယ်... လိမ္မာတယ်နော်..."
ထိုသို့ပြောဆိုပြီးနောက် သူမသည် နန်ကုန်းယွီကို ဂရုတစိုက် ကမ်းပေးလိုက်ရာ ကျီကျစ်ယွီက အလျင်အမြန် ဂရုတစိုက် လှမ်းယူလိုက်လေသည်။
သူမက ငုံ့ကြည့်လိုက်ရာ နန်ကုန်းယွီသည် ငိုကြွေးခြင်း၊ ဂျီကျခြင်း မရှိသည်ကို မြင်တွေ့လိုက်ရသည်။ သူ၏ မျက်နှာငယ်လေးသည် အပြုံးများဖြင့် ပြည့်နှက်နေပြီး သူ၏ မျက်လုံးပြူးကြီးများသည် မျက်တောင်မခတ်ဘဲ သူမကို စိုက်ကြည့်နေပေသည်။
သူ၏ မျက်လုံးများသည် သိချင်စိတ်၊ အသိပညာကင်းမဲ့မှုနှင့် အပြစ်ကင်းစင်မှုများဖြင့် ပြည့်နှက်နေလေသည်။
ထိုအရာ မြင်လိုက်ရချိန်၌ ကျီကျစ်ယွီသည် အနည်းငယ် အံ့အားသင့်သွားသည်။
"အရမ်းတူတာပဲ... တကယ်ကို အရမ်းတူတာပဲ..."
သူမသည် ထိုမျက်နှာလေးကို ကြည့်ရင်း တစ်စုံတစ်ရာကို တွေးမိသွားသကဲ့သို့ သူမ၏ မျက်လုံးများ အနည်းငယ် နီရဲလာခဲ့သော်လည်း မျက်ရည်များကို အတင်းအကျပ် ထိန်းထားလိုက်ပြီး ငိုချင်နေသော အမူအရာကို ပြသလိုက်လေသည်။
နန်ကုန်းယွီသည် သူမ ဤသို့ ဖြစ်နေသည်ကို မြင်လိုက်ရချိန်၌ သူမသည် သူ၏ မွေးစားဖခင်လည်းဖြစ်သော သူမ၏ သားကို တွေးနေမိကြောင်း နားလည်လိုက်ပေသည်။
နန်ကုန်းယွီ၏ အပြုံးသည် အနည်းငယ် မှေးမှိန်သွားသော်လည်း သူ၏ မျက်လုံးပြူးကြီးများသည် သူမကို ဆက်လက်ကြည့်နေဆဲဖြစ်ပြီး သူ၏ မျက်နှာအမူအရာတွင် သံသယဖြစ်မှု အရိပ်အယောင် အနည်းငယ် ရှိနေလေသည်။
သူ ဤသို့ ဖြစ်နေသည်ကို မြင်လိုက်ရချိန်၌ ကျီကျစ်ယွီသည် ရှုပ်ထွေးသော ခံစားချက်များကို ခံစားလိုက်ရပြီး ခဏတာမျှ ဘာပြောရမည်ကို မသိခဲ့။
အနီးနားတွင် ရပ်နေသော နန်ကုန်းအောက်ထျန်းက ပြောဆိုလိုက်သည်။
"မယ်တော်ကြီး... ယွီအာကို အခန်းထဲ အရင်ခေါ်သွားပြီး အနားယူကြတာပေါ့..."
"အို... ဟုတ်သားပဲ... ငါ မေ့သွားတာ..."
ကျီကျစ်ယွီက ခေါင်းခါကာ လှည့်ထွက်သွားသော်လည်း ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားပြီး အလျင်အမြန် ပြောဆိုလိုက်သည်။
"ယွဲ့ရှီး... မင်းလည်း ဒီကိုလာခဲ့..."
"ဟုတ်ကဲ့ပါ မယ်တော်ကြီး..."
ရှန်ကွမ်ယွဲ့ရှီးက လေးစားစွာ ခေါင်းညိတ်လိုက်သော်လည်း ကျီကျစ်ယွီက သူမကို စူးရဲစွာ ကြည့်ကာ ပြောဆိုလိုက်သည်။
"ယွီအာက ငါ့ကို မယ်တော်ကြီးလို့ ခေါ်တာဆိုတော့ မင်းက ဘာလို့ ငါ့ကို မယ်တော်ကြီးလို့ ခေါ်နေရတာလဲ... ဒါက မင်းအတွက် အောက်ကျနောက်ကျ နိုင်လို့လား..."
ဤစကားကို ကြားချိန်တွင် ရှန်ကွမ်ယွဲ့ရှီးသည်လန့်သွားပြီး အလျင်အမြန် ပြင်ဆင်ပြောဆိုလိုက်သည်။
"အမေ... ဒါက ယွဲ့ရှီးရဲ့ အမှားပါ..."
ထိုစကားကို ကြားချိန်၌ ကျီကျစ်ယွီက ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
"ဒီကို လာခဲ့..."
"ဟုတ်ကဲ့ပါ အမေ..."
ဤသည်ကို မြင်လိုက်ရချိန်၌ မိဖုရားခေါင်ကြီး ဟန်လီယန်သည် ရည်ရွယ်ချက်ရှိရှိ ခြေလှမ်းနှစ်လှမ်း နောက်ဆုတ်နေခဲ့ပြီး ရှန်ကွမ်ယွဲ့ရှီး၏ လက်ကို ကိုင်ကာ ပြုံးလျက် ပြောဆိုလိုက်သည်။
"ယွီအာနဲ့ တခြားသူတွေရဲ့ ဆက်ဆံရေးကြောင့် မင်းလည်း ငါ့ကို အစ်မလို့ ခေါ်သင့်တယ်... နောက်ကျရင် ငါ့ကို နာမည်မှားပြီး မခေါ်နဲ့တော့နော်..."
ထိုစကားကို ကြားချိန်တွင် ရှန်ကွမ်ယွဲ့ရှီးသည် အနည်းငယ် အံ့အားသင့်သွားပြီး မိဖုရားခေါင်ကြီးက ဘာလုပ်ချင်နေသနည်းဆိုသည်ကို နားမလည်နိုင် ဖြစ်သွားလေသည်။ဘာလုပ်ချင်နေသနည်းဆိုသည်ကို
သို့သော် ထို့နောက် နန်ကုန်းအောက်ထျန်းက ဝင်ပြောလိုက်သည်။
"ဒီလိုပဲ ဖြစ်သင့်တာပါ... ယွဲ့ရှီး... ဒါကို မှတ်ထား... အခုကစပြီး မင်းရဲ့ အရှေ့မှာ အပြင်လူတွေ ဒါမှမဟုတ် မှူးမတ်တွေ ရှိနေရင်တောင်မှ မင်းက ငါတို့ကို အစ်ကိုတော်နဲ့ မရီးတော်လို့ပဲ ဆက်ခေါ်ရမယ်နော်..."
ထိုစကားကို ကြားချိန်တွင် ရှန်ကွမ်ယွဲ့ရှီးသည် ဘာပြောရမည်ကို မသိသော်လည်း သူမက အလျင်အမြန် ခေါင်းညိတ်လိုက်လေသည်။
"ယွဲ့ရှီး နားလည်ပါပြီ..."
သူမ ခေါင်းညိတ်သည်ကို မြင်လိုက်ရချိန်၌ ထိုနှစ်ဦးက အနည်းငယ် ပြုံးလိုက်ကြပြီး ဟန်လီယန်က သူမကို အခန်းထဲ၌ ထိုင်ရန် ဆွဲခေါ်သွားခဲ့သည်။
လူအားလုံး ထိုင်ပြီးနောက် မယ်တော်ကြီး ကျီကျစ်ယွီသည် ရှန်ကွမ်ယွဲ့ရှီးအား ကြည့်ကာ ပြုံးလျက် ပြောဆိုလိုက်သည်။
"ယွဲ့ရှီး... ဝိညာဉ်သစ်သီး အရင်စားလိုက်ဦး... ပြီးရင် ငါနဲ့အတူ နေ့လယ်စာ စားကြတာပေါ့..."
"ဟုတ်ကဲ့ပါ အမေ..."
ရှန်ကွမ်ယွဲ့ရှီးက သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်သည်။
ဝိညာဉ်သန္ဓေသားပြောင်းလဲခြင်းအဆင့်အထက်ရှိ ကျင့်ကြံသူများသည် ဆေးဖက်ဝင် အစားအစာများမှလွဲ၍ တခြားအရာများကို စားသုံးခြင်း အလွန်နည်းပေသည်။
ချင်းယိုအင်ပါယာ၏ မယ်တော်ကြီးအနေဖြင့် ကျီကျစ်ယွီ၏ အစားအစာများမှာ များသောအားဖြင့် ဆေးဖက်ဝင် အစားအစာများပင် ဖြစ်ပေသည်။ သူမ၏ ကျန်းပေ့မင်းသားစံအိမ်တွင်လည်း ထိုကဲ့သို့သော အစားအစာများ ရှိသော်လည်း နန်းတော်တွင် တစ်ကြိမ်လောက် စားသောက်ခွင့်ရခြင်းက အရှုံးတော့ မရှိ။
ထို့ပြင် မယ်တော်ကြီး ကျီကျစ်ယွီက သူမကို ဖိတ်ခေါ်ထားပြီးဖြစ်ရာ သူမတွင် ငြင်းဆန်ရန် နည်းလမ်း မရှိတော့ချေ။
သူမ သဘောတူလိုက်သည်ကို မြင်လိုက်ရချိန်၌ ကျီကျစ်ယွီက အနည်းငယ် ပြုံးလိုက်ပြီးနောက် သူမ၏ လက်ကို လှန်လိုက်ရာ သူမ၏ လက်ထဲတွင် တစ်စုံတစ်ရာ ထွက်ပေါ်လာခဲ့လေတော့သည်။
အခန်း ၂၂ မြောက်ပိုင်းမှ နောက်ထပ် အရေးပေါ်သတင်း
မယ်တော်ကြီး ကျီကျစ်ယွီသည် သူမ၏ လက်ကို လှန်လိုက်ရာ သူမ၏ လက်ထဲတွင် ပစ္စည်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
၎င်းမှာ ဒိုင်းလွှားငယ်တစ်ခု ဖြစ်သော်လည်း ၎င်းကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ထိုနေရာတွင် ရှိနေသော အခြားသူများသည် အနည်းငယ် အံ့အားသင့်သွားကြလေသည်။
အမြင့်ဆုံးအဆင့် ဝိညာဉ်ရတနာ လရောင်စီးဆင်းမှု ဒိုင်းလွှား။
ဤသည်မှာ မယ်တော်ကြီး၏ ကာကွယ်ရေး မှော်ရတနာများအနက်မှ တစ်ခုဖြစ်ပေသည်။
သူက အဲဒါကို ဘာလုပ်မလို့လဲ။
ဖြစ်နိုင်ချေတစ်ခုကို တွေးမိသွားချိန်တွင် နန်ကုန်းအောက်ထျန်းနှင့် အခြားသူများ၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။
ကျီကျစ်ယွီက ပြုံး၍ ပြောဆိုလိုက်သည်။
"ငါ့ရဲ့ မြေးတော်လေး ယွီအာနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံတာဆိုတော့ ပေးစရာ လက်ဆောင်ကောင်းကောင်း မရှိလို့ ဒီဒိုင်းလွှားလေးကိုပဲ ယွီအာကို ပေးလိုက်မယ်လေ..."
ဤစကားကို ကြားချိန်တွင် ၎င်းတို့အုပ်စု၏ မျက်နှာအမူအရာများ အနည်းငယ် ပြောင်းလဲသွားပြီး ၎င်းမှာ တကယ်ပင် ဖြစ်နေကြောင်း သဘောပေါက်သွားကြလေသည်။
ရှန်ကွမ်ယွဲ့ရှီးက သူမကို အလျင်အမြန် တားဆီးကာ ပြောဆိုလိုက်သည်။
"အမေ... ဒါက တန်ဖိုးကြီးလွန်းလို့ ကျွန်မတို့ လက်မခံနိုင်ပါဘူးနော်..."
ကျီကျစ်ယွီက သူမကို တစ်ချက်ကြည့်ကာ ပြောဆိုလိုက်သည်။
"ငါက မင်းကို ပေးနေတာ မဟုတ်ဘူး... ဘာမှ ဝင်မပြောနဲ့..."
ဤစကားကို ကြားချိန်တွင် ရှန်ကွမ်ယွဲ့ရှီးမှာ ဆွံ့အသွားပြီး အကူအညီအတွက် နန်ကုန်းအောက်ထျန်းကိုသာ ကြည့်နိုင်တော့သော်လည်း သူက ကောင်းကင်ကို မော့ကြည့်နေကာ ဤကိစ္စတွင် ဝင်မပါချင်ကြောင်း ရှင်းလင်းစွာ ပြသနေသည်ကိုသာ တွေ့လိုက်ရသည်။
ရှန်ကွမ်ယွဲ့ရှီး လှမ်းကြည့်လိုက်ချိန်၌ ဟန်လီယန်က အနည်းငယ် ပြုံးပြသော်လည်း တိတ်ဆိတ်နေခဲ့လေသည်။
ဤသည်ကို မြင်လိုက်ရချိန်၌ ရှန်ကွမ်ယွဲ့ရှီးမှာ ကူကယ်ရာမဲ့နေပုံဖြင့် မယ်တော်ကြီး ကျီကျစ်ယွီက နန်ကုန်းယွီ၏ သွေးတစ်စက်ကို ထုတ်ယူကာ လရောင်စီးဆင်းမှု ဒိုင်းလွှားကို သခင်အဖြစ် အသိအမှတ်ပြုခြင်း ပြီးမြောက်သွားသည်ကိုသာ ကြည့်နေနိုင်တော့သည်။
လရောင်စီးဆင်းမှု ဒိုင်းလွှားသည် အလင်းတန်းတစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး နန်ကုန်းယွီ၏ တန်ထျန်းအတွင်းသို့ ပျောက်ကွယ်သွားလေ၏။
ကျီကျစ်ယွီက ကြိုတင်ပြင်ဆင်ထားခဲ့ကြောင်း ရှင်းလင်းနေပေသည်။ ထိုသို့မဟုတ်ပါက မူလက သူမပိုင်ဆိုင်သော ဝိညာဉ်ရတနာသည် ပိုင်ရှင်နှင့် အချိတ်အဆက်ဖြတ်တောက်သည့် လုပ်ငန်းစဉ်ကို အဘယ်ကြောင့် မဖြတ်သန်းခဲ့ရသနည်း။
ထိုအခိုက်အတန့်၌ မယ်တော်ကြီး ကျီကျစ်ယွီက နန်ကုန်းယွီ၏ လက်ချောင်းပေါ်ရှိ အပ်ရာငယ်လေးကို ကုသရန် ဆေးပင်တစ်ပင် ထုတ်ယူလိုက်သည်ကို မြင်လိုက်ရချိန်တွင် နန်ကုန်းအောက်ထျန်းက အလျင်အမြန် ပြောဆိုလိုက်၏။
"မယ်တော်ကြီး... လောစရာ မလိုပါဘူး..."
သူ စကားပြောဆိုနေစဉ် ကျောက်စိမ်းဖြူ ယပ်တောင်တစ်ခုကို ထုတ်ယူလိုက်ပြီး နန်ကုန်းယွီ၏ သွေးတစ်စက်ကို ဖောက်ထုတ်ကာ ယပ်တောင်ထဲသို့ ပေါင်းစည်းလိုက်လေသည်။
ထိုကျောက်စိမ်းဖြူ ယပ်တောင်မှာ အလယ်အလတ်အဆင့် ဝိညာဉ်ရတနာတစ်ခု ဖြစ်ကြောင်း ရှင်းလင်းနေသည်။
ကျောက်စိမ်းဖြူ ယပ်တောင်သည် သူ၏ ပိုင်ရှင်ကို အလျင်အမြန် အသိအမှတ်ပြုသွားပြီး နန်ကုန်းယွီ၏ တန်ထျန်းအတွင်းသို့ ပျောက်ကွယ်သွားလေသည်။
ဤသည်ကို မြင်လိုက်ရချိန်၌ ဟန်လီယန်က ခေါင်းခါကာ ပြုံးမိသွား လေသည်။
"ငါက မယ်တော်ကြီးနဲ့ အရှင်မင်းကြီးတို့လောက် မချမ်းသာပေမဲ့ လက်ဆောင်သေးသေးလေး တစ်ခုတော့ ပေးနိုင်ပါတယ်... ယွီအာ သဘောကျမယ်လို့ မျှော်လင့်ပါတယ်..."
သူမ စကားပြောဆိုနေစဉ် ရွှေအပ်တစ်ချောင်းကို ထုတ်ယူလိုက်လေသည်။
နန်ကုန်းယွီ၏ သွေးတစ်စက်ကို ရွှေအပ်ထဲသို့ စုပ်ယူစေလိုက်စဉ် သူမက ရှင်းပြလိုက်သည်။
"ဒါက ငါ မတော်တဆ ရလာခဲ့တဲ့ အနိမ့်ဆုံးအဆင့် ဝိညာဉ်ရတနာတစ်ခုပါ... နာမည်က မိခင်နှင့်သားဆန်းကြယ်အပ်များ လို့ ခေါ်တယ်..."
"မိခင်နှင့်သားဆန်းကြယ်အပ်တွေကို ရန်သူတွေကို တိုက်ခိုက်ဖို့ အသုံးပြုနိုင်သလို ကိုးချောင်းအထိလည်း ပွားများနိုင်တယ်... သမားတော်တွေအတွက် အသက်ကယ် ရွှေအပ်တစ်ချောင်းအနေနဲ့ အနာဂတ်မှာ ယွီအာက ဆေးပညာကို စိတ်ဝင်စားလာမလား မသိဘူးနော်..."
သူမ စကားပြောဆိုပြီးသည်နှင့် တစ်ပြိုင်နက် ရွှေအပ်များသည် ၎င်းတို့၏ သခင်အဖြစ် အသိအမှတ်ပြုခြင်း ပြီးမြောက်သွားပြီး နန်ကုန်းယွီ၏ တန်ထျန်းအတွင်းသို့ ပျောက်ကွယ်သွားလေသည်။
ဤအခိုက်အတန့်၌ နန်ကုန်းယွီ၏ လက်ပေါ်ရှိ အပ်ရာများသည် ပျောက်ကွယ်သွားပြီဖြစ်သော်လည်း ကျီကျစ်ယွီက စိုးရိမ်နေဆဲဖြစ်သဖြင့် ဝိညာဉ်ဆေးအချို့ကို ထုတ်ယူကာ ထိုနေရာတွင် သုတ်လိမ်းပေးလိုက်ပေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် ရှန်ကွမ်ယွဲ့ရှီးသည် စိတ်လှုပ်ရှားမှုနှင့် နားမလည်နိုင်မှု နှစ်မျိုးစလုံးကို ခံစားလိုက်ရလေသည်။
သူမသည် သူမ၏ သားကို ခေါ်ဆောင်ကာ မိဘအိမ်ဖြစ်သော ရှန်ကွမ်မိသားစုသို့ ပြန်သွားခဲ့သော်လည်း ထိုခရီးစဉ်မှာ အဆုံးသတ် မလှပခဲ့။
သားဖြစ်သူသည် သူ၏ အဖွားထံမှ ဝိညာဉ်ကျောက်တုံး တစ်သိန်းနှင့် ကျင့်ကြံခြင်း အရင်းအမြစ် အချို့ကို ရရှိခဲ့သော်လည်း အခြားမည်သူ့ထံမှ ဘာမျှ မရရှိခဲ့ ပေ။
ယနေ့ သွားရောက်လည်ပတ်ရန် မူလက မစီစဉ်ထားခဲ့သော မယ်တော်ကြီးနှင့် အခြားနှစ်ဦးတို့က ၎င်းတို့ကို အထူးဖိတ်ခေါ်ခဲ့ပြီး ယွီအာအား မှော်ရတနာ သုံးခုကိုပင် လက်ဆောင်အဖြစ် ပေးအပ်ခဲ့လေသည်။
ထို့ပြင် မှော်ရတနာ သုံးခုစလုံးသည် တစ်ခုထက်တစ်ခု ပိုမိုမြင့်မားသော အဆင့်များတွင် ရှိနေကြရာ သူမကို နားမလည်နိုင် ဖြစ်သွားစေခဲ့ပေသည်။
ရှန်ကွမ်ယွဲ့ရှီးသည် သူမကိုယ်သူမ တည်ငြိမ်သွားစေရန် လုပ်ဆောင်လိုက်ပြီး အနည်းငယ် မတ်တပ်ရပ်ကာ ဦးညွှတ်လျက် ပြောဆိုလိုက်သည်။
"ယွီအာ့ကိုယ်စား ယွဲ့ရှီးက မယ်တော်ကြီး၊ အစ်ကိုတော်နဲ့ မရီးတော်ဖြစ်တဲ့ မိဖုရားခေါင်ကြီးတို့ကို ကျေးဇူးတင်ပါတယ်..."
သူမ ဤသို့ ပြုမူနေသည်ကို မြင်လိုက်ရချိန်၌ မယ်တော်ကြီး ကျီကျစ်ယွီက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
"မင်း ဘာလုပ်နေတာလဲ... ထစမ်းပါ..."
နန်ကုန်းအောက်ထျန်းကလည်း ဝင်ပြောလိုက်သည်။
"ထပါ... ဒါက ငါတို့ကနေ ယွီအာ့ကို ပေးတဲ့ လက်ဆောင်ပါ... အများကြီး မတွေးပါနဲ့..."
"ဟုတ်တယ် ညီမလေး ယွဲ့ရှီး... တကယ်လို့ မင်းက တကယ် ကျေးဇူးတင်ချင်တယ်ဆိုရင် ယွီအာ့ကို နန်းတော်ဆီ ခဏခဏ ခေါ်လာခဲ့ပါ... ငါ သူ့ကို နောက်ထပ် နည်းနည်းလောက် ထပ်ကြည့်ခွင့်ရရင်ပဲ လုံလောက်နေပါပြီ..."
ဟန်လီယန်၏ စကားကို ကြားချိန်တွင် ရှန်ကွမ်ယွဲ့ရှီးသည် အနည်းငယ် စိတ်လှုပ်ရှားသွားပြီး မတ်တပ်ရပ်ကာ ပြောဆိုလိုက်သည်။
"အကယ်၍ ရှင်တို့က စိတ်အနှောင့်အယှက် မဖြစ်ဘူးဆိုရင် အနာဂတ်မှာ ယွီအာ့ကို သေချာပေါက် ခဏခဏ ခေါ်လာခဲ့ပါ့မယ်..."
"ဒီလိုပဲ ဖြစ်သင့်တာပေါ့..."
မယ်တော်ကြီး အပါအဝင် အမျိုးသမီး သုံးဦးစလုံးက ပြုံးလျက် ပြောဆိုလိုက်ကြသည်။
၎င်းတို့အုပ်စုသည် ရယ်မောကာ စကားစမြည် ပြောဆိုနေကြသည်။
မယ်တော်ကြီးက ပြုံးနေသော နန်ကုန်းယွီကို ပွေ့ချီထားရာ ၎င်းက သူမ၏ ဝမ်းနည်းမှုအချို့ကို ပြေပျောက်သွားစေရန်လည်း ကူညီပေးခဲ့လေသည်။
အခိုက်အတန့် ကြာပြီးနောက် ရှန်ကွမ်ယွဲ့ရှီးနှင့် အခြားသူများသည် မယ်တော်ကြီး ကျီကျစ်ယွီနှင့်အတူ နေ့လယ်စာ စားသောက်နေချိန်မှာပင် နန်းတွင်းအစေခံမလေး တစ်ဦး ဝင်လာပြီး ကျီကျစ်ယွီ၏ နံဘေးသို့ တိုက်ရိုက် လျှောက်သွားခဲ့ပေ၏။
"အရှင်မ... မိန်းမစိုး ယန်က မြောက်ပိုင်းနယ်စပ်ကနေ အရေးပေါ် စစ်ရေးသတင်း ရောက်လာတယ်ဆိုပြီး အရှင်မင်းကြီးနဲ့ တွေ့ခွင့်တောင်းနေပါတယ်..."
ဤစကားကို ကြားချိန်တွင် နန်ကုန်းအောက်ထျန်း၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားလေသည်။
"မယ်တော်ကြီး... သားတော် သွားပြီး ဒီကိစ္စကို အရင် ဖြေရှင်းလိုက်ပါ့မယ်... မယ်တော်ကြီးနဲ့ ဆက်ပြီး မနေနိုင်တော့ဘူး..."
မယ်တော်ကြီးက ခေါင်းညိတ်ကာ သူမ၏ လက်ကို ဝှေ့ယမ်းလျက် ပြောဆိုလိုက်သည်။
"ကောင်းပြီ... မင်း သွားပြီး အလုပ်ပြန်လုပ်လို့ ရပါပြီ..."
နန်ကုန်းအောက်ထျန်းက ခေါင်းညိတ်လိုက်ပြီး လှည့်ကာ အလျင်အမြန် ထွက်ခွာသွားလေသည်။
သူ ထွက်ခွာသွားသည်ကို မြင်လိုက်ရချိန်၌ ဟန်လီယန်နှင့် အခြားအမျိုးသမီး၏ မျက်နှာများပေါ်ရှိ စိုးရိမ်ပူပန်နေသော အမူအရာများကို ကျီကျစ်ယွီက သတိပြုမိသွားပြီး ပြုံးမိသွားလေသည်။
"အရင်ဆုံး စားကြတာပေါ့... အများကြီး စိုးရိမ်မနေကြပါနဲ့..."
"ဟုတ်ကဲ့ပါ အမေ..."
ထိုနှစ်ဦးက ခေါင်းညိတ်လိုက်ကြလေသည်။
သို့သော် နန်းတွင်းအစေခံမလေး၏ စကားကို နန်ကုန်းယွီ ကြားလိုက်ရချိန်တွင် သူ၏ မျက်လုံးများထဲ၌ ထူးဆန်းသော အလင်းရောင်တစ်ခု လျှပ်တစ်ပြက် ထွက်ပေါ်လာသည်ကို ၎င်းတို့ မမြင်တွေ့လိုက်ကြချေ။
သို့သော် နန်ကုန်းယွီသည် ဤအရာအားလုံးကို အလွန်ကောင်းမွန်စွာ ဖုံးကွယ်ထားနိုင်ခဲ့ပြီး အခြားသူများကို သတိမထားမိစေရန် ပုံမှန်အတိုင်းပင် နေခဲ့လေသည်။
...
အခြားတစ်ဖက်တွင် နန်ကုန်းအောက်ထျန်းသည် မယ်တော်ကြီး၏ နန်းဆောင်မှ ထွက်လာခဲ့ပြီး အပြင်ဘက်၌ စောင့်ဆိုင်းနေသော မိန်းမစိုး ယန်ကို မြင်တွေ့လိုက်ရသည်။
နန်ကုန်းအောက်ထျန်းက မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်သည်။
"မြောက်ပိုင်းနယ်စပ်မှာ ဘာတွေဖြစ်နေပြန်ပြီလဲ... ပေ့ချွမ်းအင်ပါယာက ထူးထူးခြားခြား လှုပ်ရှားမှု တစ်ခုခု လုပ်နေလို့လား..."
မိန်းမစိုး ယန်က ရှုပ်ထွေးသော အမူအရာဖြင့် ခေါင်းခါလိုက်ပြီး ပြောဆိုလိုက်သည်။
"အရှင်မင်းကြီး... ဒါမဟုတ်ပါဘူး... ကျန်းပေ့တပ် အကြောင်းပါ..."
"ကျန်းပေ့တပ်..."
နန်ကုန်းအောက်ထျန်းက မျက်မှောင်ကြုတ်လိုက်သည်။
"ကျန်းပေ့တပ်မက မြောက်ပိုင်းနယ်စပ်ကို ကာကွယ်ဖို့ ကျန်းပေ့မင်းသမီးကြီးဆီကနေ အမိန့်ရထားတယ် မဟုတ်ဘူးလား... သူတို့ ဘာတွေလုပ်နေကြလို့လဲ..."
မိန်းမစိုး ယန်က အနည်းငယ် ခေါင်းခါလိုက်ပြီး ပြောဆိုလိုက်သည်။
"မနေ့က မနက်ပိုင်းမှာ ကျန်းပေ့တပ်က သူတို့ရဲ့ အင်အားစု တစ်ခုလုံးကို အသုံးပြုပြီး မြောက်ပိုင်းကာကွယ်ရေးတပ်မရဲ့ ဒုတိယစစ်သူကြီး ယောင်ကျားဝမ်ကို ဖမ်းဆီးခဲ့ပြီး သတင်းတွေကို ပိတ်ပင်ထားခဲ့ပါတယ်..."
"ဒီမနက် သတင်းတွေ ထွက်လာတဲ့အချိန်မှာတော့ ယောင်ကျားဝမ် အပါအဝင် သူတို့က စစ်သူကြီး ခြောက်ယောက်နဲ့ ဒေသဆိုင်ရာ အရာရှိ သုံးယောက်ကို ဖမ်းဆီးခဲ့ပြီးဖြစ်ရာ သူတို့အားလုံးက အရေးပါတဲ့ ရာထူးတွေမှာ ရှိနေကြသူတွေပါ..."
"အဲ့ဒီ လူကိုးယောက်ကို ဖမ်းဆီးပြီးနောက်မှာ ကျန်းပေ့တပ်က အရိပ်အယောင်မကျန် ပျောက်ကွယ်သွားခဲ့ပါတယ်..."
"စစ်သူကြီး ယန်ကျုံက ဒီသတင်းကို ကြားရချိန်မှာ အနည်းငယ် မကျေမနပ် ဖြစ်သွားခဲ့ပေမဲ့ သူတို့က ကျန်းပေ့မင်းသမီးကြီးအတွက် အလုပ်လုပ်နေတာ ဖြစ်နိုင်တယ်ဆိုတာကို ထည့်သွင်းစဉ်းစားပြီး ဒီကိစ္စကို လောလောဆယ် ဆက်မလုပ်တော့တာပါ... သူက နယ်စပ်ကာကွယ်ရေးကို အားဖြည့်ထားရုံပဲ လုပ်ဆောင်ပြီး အရှင်မင်းကြီးရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေပါတယ်..."
ထိုစကားကို ကြားချိန်တွင် ကိစ္စရပ်များမှာ ထိုမျှလောက် မရိုးရှင်းကြောင်း ခံစားမိသဖြင့် နန်ကုန်းအောက်ထျန်းက မျက်မှောင်ကြုတ်လိုက်လေသည်။
သူသည် ခဏတာ တွေးတောလိုက်ပြီးနောက် ကျန်းပေ့တပ်၏ တည်နေရာနှင့် ကျန်းပေ့တပ်က ဤသို့ လုပ်ဆောင်ရခြင်း၏ အကြောင်းရင်းများကို စုံစမ်းစစ်ဆေးရန် သူ၏ လျှို့ဝှက်သက်တော်စောင့်များကို အရင်စေလွှတ်ရန် ဆုံးဖြတ်လိုက်သည်။
သို့သော် သူ အမိန့်ပေးရန် ပြင်လိုက်ချိန်မှာပင် မိန်းမစိုးငယ် တစ်ဦးက ပြာယာခတ်စွာဖြင့် ပြေးဝင်လာခဲ့လေတော့သည်။