← Chapters

Hunt or Be Hunted - Part I

Vol. 1 Ch. 20

Hunt or Be Hunted - Part I

Vol. 1 Ch. 20

အာဇာဂါနာမြို့တော်ကြီး၏ အောက်ပိုင်းမြို့၊ အသီးအရွက်ဖောက်ကားရေး မြို့နယ်အတွင်းသို့ ဒုတိယအကြိမ် ပြန်လည်ရောက်ရှိလာလေပြီ။ သို့သော် ယခုအခါတွင်ကား ဆော်လ်နမ် ရောင်းရန်မဟုတ်တော့။

လီယိုနာ့ဒ်မှာ ဝူးလို့(စ်)ကို စီးနင်းလျက် အနှီမြို့နယ်အတွင်းသို့ မောင်းဝင်လာသည်တွင်၊ သူ့ကိုမြင်သည့်အခါ ပြည်သူများမှာ မျက်လုံးပြူး၊ မျက်ဆန်ပြူး မျက်နှာထားများဖြင့် ဘေးသို့ရှဲပေးကြသည့်ပြင် တချို့သောသူများမှာ “နဂါးသူရဲကောင်း၊ နဂါးသူရဲကောင်း ရောက်လာပြီဟ” ဟုပါအော်ဟစ်ကြသဖြင့် စျေးကြီးတစ်ခုလုံး ငြိမ်ကျသွားလေတော့သည်။

ဤသည်တို့ကို ဂရုမစိုက်အား။ သူသည် ရေညှိတက်နေသော အဖြူရောင် တိုက်မြင့်ကြီးများကို တစ်ခုပြီးတစ်ခု ကျော်လာပြီးနောက်၊ တောင်တစ်တောင် နီးပါးမျှကြီးမားသော လှေကားထစ်ကြီး၏ အောက်ခြေသို့ ရောက်သည့်အခါ၊ ဝူးလို့(စ်)ကိုရပ်၍ အပေါ်သို့မော့ကြည့်လိုက်၏။ “လက်ဖလက်ဆီ ဖြန့်ချိရေးဗဟို”ဟူကား ထိုလှေကားထစ်ကြီး၏ အပေါ်ဆုံးလွှာ၌ တည်ရှိနေသည်။

ယင်းနောက် လှေကားထစ်များပေါ်၌ ဖွင့်လှစ်ထားသော ဆိုင်ခန်းများကို ဝူးလို့(စ်)ကြီးဖြင့် လွှားခနဲ၊ လျားခနဲ ခုန်ကျော်ကာ အပေါ်ဆုံးလွှာသို့ တက်လာလေလျှင် ဆိုရင်း(န်)နှင့် ဟက်(စ်)တန်တို့မှာလည်း သူ့နောက်က ထက်ကြပ်မကွာ လိုက်လာကြလေသည်။

အပေါ်ဆုံးလွှာသို့ရောက်သရော် သူ့မြင်ကွင်းကို စီးကြိုနေသည်ကား မိုယာအနှစ်သားများဖြင့် ဆောက်လုပ်ထားသော ဂိုဒေါင်ကြီးတစ်ခု။ ဂိုထောင်ရှေ့ဝယ် နီစွေးနေသော လက်ဖလက်ဆီ ပန်းဖူးကြီးများကို တောင်းကြီးများဖြင့် အထပ်လိုက် အပြုံလိုက် စုထားသည့်သာမက၊ ဂိုဒေါင်ပတ်ပတ်လည်ကိုလည်း လက်ဖလက်ဆီရိုးတံပင်များဖြင့် ခြံစည်းရိုးသဖွယ် ဝန်းရံထားလေရာ ၊ ပုံမှန်ဆိုပါက အနှီနေရာတွင် အရောင်းအဝယ်ကြီးကြီးမားမား ဖြစ်နိုင်ပေသော်ငြား ယခုလီယိုနာ့ဒ်တို့ ရောက်လာချိန်၌ အရောင်းဝန်ထမ်းယောင် ဆောင်ထားသော မန်းဒရိတ်(ခ်)များက စျေးဝယ်များကို နှင်ထုတ်နေကြပြီဖြစ်သည် ။

“ဒီနေ့ပိတ်ပြီ … ခင်ဗျားသွားတော့ … မနက်ဖြန်မှ ပြန်လာခဲ့”

“ဟမ် … ခုနလေးကတောင် ရောင်းနေသေးတာမလား ။ ဒီမှာ တောင်းထဲမှာလည်း အများကြီး ကျန်သေးတယ်လေ ။ လုပ်ပါဗျာ နည်းနည်းရောင်းပါ ။ ကျုပ်သားလေးက အချိုကြိုက်လို့ ဂျီကျနေတာ ။ လက်ဖလက်ဆီလေး ကျွေး …”

“အဲဒါတွေက ရောင်းဖို့မဟုတ်ဘူး ။ ဟေ့ကောင် သွားတော့”

“မင်းကစျေးဝယ်ကို ဒါမျိုးပြောရသလား”

“ပြောတော့ **ဖြစ်လား ရူရိုင်း**မသား … မင်းငါ့ကိုဘာထင်နေလဲ”

ထိုစဉ် တဒုန်းဒုန်းအသံကြီးများနှင့်အတူ ဂိုဒေါင်ကြီး၏ ရှေ့သို့ ဂရာဗိုးရက်(စ်) ပင့်ကူယန္တရားကြီးများ ရောက်ရှိလာသဖြင့် အုံကျွက်နေသော လူထုကြီးမှာ ရှဲခနဲဖြစ်သွား၍ ၊ တချို့မှာ ထွက်ပြေးကြလေသည် ။

လီယိုနာ့ဒ် ဘေးဝန်းကျင်ကို အကဲခတ်လိုက်သည် ။ သူတို့ယခုရောက်ရှိနေသည်မှာ ထိုဂိုဒေါင်ကြီးကိုကာထားသော ခြံစည်းရိုးဘေးတွင်ဖြစ်ပြီး ၊ အရောင်းဝန်ထမ်းများရှိရာ ဂိုဒေါင်ရှေ့ပေါက်ဝ၏ မလှမ်းမကမ်း၌ ဖြစ်လေသည် ။

အချိန်မှာ ညနေရောက်ခါနီးဖြစ်ရကား နေအလင်းရောင်နှင့် သလင်းတုံးအလင်းရောင်တို့မှာ စတင်နွမ်းဖျော့နေ၍ ပတ်ဝန်းကျင်၌ နွေးစိမ့်စိမ့်လေးဖြစ်နေသည့်ပြင် ၊ အချိုဓာတ်သင်းသော လက်ဖလက်ဆီ ပန်းဖူးနံ့တို့မှာလည်း ထုံသင်းနေပြီး ၊ လှေကားထစ်စိုက်ပျိုးရေး စနစ်ကြီး၏ထိပ်ဆုံး၌ ရောက်ရှိနေသည့်အလျောက် အောက်ကစျေးဝယ်ပြည်သူများ လှေကားထစ်များပေါ်တွင် လှုပ်လှုပ်ရွရွ သွားနေကြသည်ကိုလည်း စီးမိုးကာမြင်နေရလေရာ ၊ လက်ရှိပြဿနာကိုသာ ဘေးဖယ်ထားလိုက်ပါက အင်မတန်လှပသည့် မြင်ကွင်းပင် ။ မိနစ်နှစ်ဆယ်ပြည့်ပြီး တစ်စက္ကန့်စကျော်လာလင့်ကစား ရန်သူဘက်က လှုပ်ရှားမှုကိုမတွေ့ရသေးဘဲ မြို့ကြီးမှာပုံမှန်အတိုင်း လည်ပတ်နေဆဲ ။ စီးမျောနေဆဲ ။ သက်ဝင်နေဆဲ ။

“အား … လက်ဖလက်ဆီနံ့လေးက မွှေးနေတာပဲ ။ တစ်ပင်လောက်ကိုက်ဝါးပြီး ငုံထားချင်တာ ဟိဟိ”

ဆိုရင်း(န်)၏ ဝူးလို့(စ်)ပေါ်က ဆင်းလာပြီးပြောသံ ။

“လေဒီအော်ရကယ် စားချင်ရင် … ဒီကလူကြီးလူကောင်းက ယူပေးမှာပေါ့ ။ ဒီခြံစည်းရိုးကဟာတွေက မမှည့်သေးဘူး”

ဟု ဟက်(စ်)တန်ကဆို၍ ဂိုဒေါင်ရှေ့သို့ သွားမည်ပြုစဉ် ၊ သူကဖမ်းတားလိုက်ရသည် ။ ထိုအခါချင်းက မှော်ဦးထုပ်ကို ဆွဲမော့လိုက်၍

“ခင်ဗျားက ဘာသဘောလဲ … ဒီမှာ လေဒီအော်ရကယ်က စားချင်တယ်ပြောနေတယ်လေ”

“ဟယ် … ဒီ ဟက်(စ်)တန် အရူးကောင် အလိုက်ကမ်းဆိုး မသိဘူး ။ ငါက စားချင်တယ်ပဲပြောတာ … စားမယ်ပြောလို့လား”

“ဘာပဲပြောပြော လေဒီအော်ရကယ်ရဲ့ ဆန္ဒကိုဖြည့်ဆည်းပေး …”

“ဟေ့ကောင် တိတ်စမ်း”

သူ ပိတ်ဟောက်ပစ်လိုက်သည် ။ အဘယ့်ကြောင့်ဆိုသော် ယန္တရားရုပ်ကြီးများရောက်လာစေကာမူ ထွက်မပြေးဘဲ ကျန်ရှိနေသော စျေးဝယ်များနှင့် အရောင်းဝန်ထမ်းများကြားက တင်းမာမှုမှာအဆုံးထိ ရောက်ရှိနေသောကြောင့်ဖြစ်သည် ။

“မင်းက ငါ့ကို ဆဲတယ် ဟုတ်လား ။ ငါဒီမှာအားပေးလာတာ မင်းဆိုတဲ့ကောင် မရောက်ခင်ကတည်းကကွ ။ မင်းတို့ အကြီးကို အခုချက်ချင်း ခေါ်လိုက်စမ်း … မင်းဆိုတဲ့ကောင် ငါ့ရှေ့မှာ ကောင်းကင်နတ်ဘုရားမကို တိုင်တည်ပြီး ဒူးထောက်တောင်းပန်မှ ကျေနပ်မယ်ကွ”

“ဟေ့လူ … ဘာမျှမရောင်းဘူး ပြောနေတယ် ။ ခင်ဗျားမသွားရင် ကျုပ်အဆိုးမဆိုနှင့်တော့နော်”

ထိုအခါ စျေးဝယ်များက ဝန်ထမ်းများကို ပတ်ပတ်လည်ဝိုင်းလျက် ၊ လက်ညှိုးငေါက်ငေါက်ထိုးလျက် အော်ဟစ်ကြိမ်းမောင်းကြကုန်လျှင် ၊ ဝန်ထမ်းယောင်ဆောင် မန်းဒရိတ်(ခ်)များကလည်း ယင်းတို့ကို ပြန်ဆဲကြသည်သာမက စျေးဝယ်လူသားမိန်းမ တစ်ယောက်ကိုပါ နားရင်းအုပ်ပစ်လိုက်သဖြင့် ၊ ဤနေရာ၌ သာမန်ပြဿနာဖြစ်နေသည့်အသံများမှ အဓိပ္ပာယ်မရှိသော ဝူးဝူးဝါးဝါးအော်သံများသို့ ကူးပြောင်း ညံပွက်လာလေပြီး ၊ ထိုလူအုပ်အတွင်းက အာပေါဿရေသူထီးတစ်ယောက်မှာ မည်သည့်စကားမျှမဆိုဘဲ ခဲတစ်လုံးကို ကောက်ကိုင်လိုက်လေသည် ။ ၎င်း၏မျက်လုံးများကား အသေကောင်အတိုင်း ။

“ဟက်(စ်)တန် … မင်းမှော်ဆေးရည် သောက်တော့”

“ဘာ … ဘာလို့သောက် …”

“အခုသောက်တော့ … မြန်မြန် ၊ မင်းရဲ့တေဇောအစွမ်းစုတော့”

ထိုအခါ အနှီမှော်ကျောင်းသားငယ်က ခါးပတ်၌ချိတ်ထားသော ပုလင်းတစ်ပုလင်းကို ဖြုတ်ယူ၍ ၎င်းအတွင်းက အနက်ရောင် ဆေးရည်များကို မော့ချပစ်လိုက်သည်တွင် ၊ ယင်း၏လည်ပင်းကြောကြီးများမှာ အပြိုင်းပြိုင်းထောင်ထလာသည်နှင့်အတူ နှာခေါင်းမှလည်း အငွေ့ဖြူများပန်းထွက်လာ၏ ။

ထို့နောက် တောင်ဝှေးကို မျက်နှာရှေ့တည့်တည့်တွင် ဒေါင်လိုက်အနေအထားဖြင့် ကိုင်လိုက်သည့်အခါ ၊ မှော်တောင်ဝှေးထိပ်က ခွေးသွားစိပ် ယန္တရားများ စတင်လည်ပတ်လာသည်နှင့်အတူ ၊ ယင်း၏ခါးကြား၌ ချိတ်ထားသော ဖန်ကြုတ်လေးအတွင်းက ဝင်းလက်နေသော လိမ္မော်ရောင်အမှုန်လေးများမှာလည်း တောင်ဝှေးထိပ်သို့ ပျံသန်းလာ၍ စတင်စုဝေးလေတော့သည် ။

ဤသည်ကား တေဇောအင်အား ။ သက်ရှိများအားလုံးကို တည်ဆောက်ထားသော ဓာတ်ကြီးလေးပါးထဲက တစ်ခု ။ နတ်ဘုရားမ ဟေရင်းအီရစု၏ လူသားများအပေါ်ပေးသနားထားသော လက်ဆောင်တော် ။

ထိုအကြိုက်၌ အာပေါဿရေသူထီးသာမက ၊ ချင်း၏ဘေးက ကျန်ဝါယောနပိုးကောင်မနှင့် လူသားများကလည်း ကျောက်ခဲတုံးကြီးများကို တစ်ချိန်တည်း ကောက်ကိုင်လိုက်ကြ၍ ပြိုင်တူပစ်လတ်သရော် ၊ အရောင်းဝန်ထမ်းများထံသို့ ခဲများက မိုးရွာသကဲ့သို့ကျလာပြီး ကျောက်ခဲကြီးတစ်လုံးမှာ ရှေ့ဆုံးကဝန်ထမ်း၏ နဖူးတည့်တည့်ကို ထိမှန်ရာ၌ ၊ နေရောင်ဖျော့ဖျော့အောက်ဝယ် သွေးများဖြာခနဲ ပန်းထွက်လာပြီးနောက် ဤဝန်ထမ်းမှာ ဖင်ထိုင်လျက်သား လဲကျလေသည် ။

“**ရိုး”

ဆဲဆဲဆိုဆို ကျန်ဝန်ထမ်းတစ်ယောက်က လက်ဖလက်ဆီတောင်းတွင်းသို့ လက်နှိုက်၍ ဆွဲထုတ်လိုက်သည့်အခါ ၊ ယင်း၏လက်တွင်း၌ ရောင်ခြည်သေနတ်တစ်လက် ပါလာပြီးနောက် ၊ စျေးဝယ်ကိုပစ်ရန် ရွယ်လိုက်၏ ။ ထိုစဉ်

“ရှီး”

ဟူသည့် အသံကြီးထွက်လာပြီး ၊ ၎င်းမှာ သေနတ်ကို ကိုင်ထားလျက်ပင် ဦးခေါင်းတစ်ခုလုံး အရည်ပျော်သွား၍ ၊ ခေါင်းပြတ်ခန္ဓာကိုယ်ကြီးမှာ လက်ဖလက်ဆီ ခြင်းတောင်းကြီးထဲသို့ မှောက်လျက်သား ထိုးကျ၏ ။ အနှီဝန်ထမ်းကို ဘေးက ဝန်ထမ်းက ပြန်ပစ်လိုက်ခြင်းဖြစ်ပြီး ၊ ထိုကဲ့သို့ပစ်သော ဝန်ထမ်း၏ မျက်လုံးများမှာလည်း ငေးကြောင်နေလျက် ။ ၎င်းနောက် လူအုပ်ကြီးမှာ မည်သည့်စကားမျှမဆိုတော့ဘဲ ဝန်ထမ်းများကို ဝင်လုံးကြလေပြီ ။ ဝန်ထမ်းများလည်း အချင်းချင်းပြန်ပစ်ကုန်လေပြီ ။

ဤအခါ ဂိုဒေါင်အတွင်းက ဝန်ထမ်းများမှာ သေနတ်များကိုယ်စီကိုယ်င ဆွဲကိုင်လျက် အခင်းဖြစ်နေသည့်နေရာသို့ ပြေးလာကြပြီးနောက် အချင်းချင်း ပြန်လည် ပစ်ခတ်ကြသောကြောင့် ၊ ရှီးခနဲ ရွှီးခနဲ ရောင်ခြည်သေနတ်သံများသာမက ယင်းတို့၏ လက်များ ၊ ခြေများလည်း အရည်ပျော်ကျကုန်ရာမှ မချိမဆန့်အော်သံများလည်း ညံစီနေ၍ ၊ ကြွက်သားနှင့်အရေပြားများ မီးကျွမ်းသည့်အလျောက် ထောင်းထလာသော ညှော်နံ့များမှာလည်း ဂိုဒေါင်ရှေ့၌ ကမ္ဘာကွက်ပျက်သည့်အလား အလုံးလိုက် အရင်းလိုက် ထကြွလာလေတော့သည် ။

“လီယိုနာ့ဒ်ကြီး မကူသေးဘူးလား”

“မလိုသေးဘူး”

လေကြောင်းကာကွယ်ရေးဌာန၌ အရောင်းဝန်ထမ်းယောင်ဆောင် ထားသည့် မန်းဒရိတ်(ခ်)နှင့် ဝိုက်ဗန်အမ်းများ ရာချီရှိသည့်ပြင် ၊ ရန်သူက အကွက်စုံထုတ်မသုံးသေးဟု ယူဆထား​သည့်အတွက် သူသည်ကလေးနှစ်ယောက်၏ ရှေ့တွင်ရပ်လျက် ယခုတိုက်ပွဲကို မလှမ်းမကမ်းကပင် စောင့်ကြည့်နေခိုက် ၊ သူ့ထံသို့ ဇိုက်(ခ်)က ဆက်သွယ်လာလေသည် ။

“ခေါင်းဆောင် ခင်ဗျားဘက် အခြေအနေဘယ်လိုရှိလဲ”

“စောင့်ကြည့်ဆဲပဲ … မင်းတို့ဘက်ကော”

“အခြေအနေလုံးဝမကောင်းဘူး ။ ကျုပ်တို့အထပ်ထပ်ဝိုင်းပိတ်ထားတဲ့ကြားက အချင်းချင်းတွေ ပြန်ပစ်ကုန်ကြပြီ ။ ရှေ့မှာလည်း ပြည်သူတွေ … ပြည်သူတွေက လူသားဒိုင်းလိုတက်လာ … “

“အုံး”

ပြောနေလျက် ဆိုနေလျက်ပင် ဇိုက်(ခ်)ဘက်ကထွက်လာသည့် ပေါက်ကွဲသံကြီး ။ ထို့နောက်၎င်းက သူ့ကိုမဟုတ်ဘဲ တခြားသူကိုလှမ်းအော်လေ၏ ။

“ဘာ … ယန္တရားထိန်းချုပ်ရေးဌာနကို ဝင်အစီးခံလိုက်ရပြီလား ။ မင်းတို့ ရီးလုပ်နေကြတာလား …. ခေါင်းဆောင် … ခေါင်းဆောင် … ဂရာဗိုးရက်(စ်)တွေကို မယုံတော့နှင့် … ရန်သူက ဝင်ထိန်းချုပ်နေ”

“အုံး”

ဤအခါပေါက်ကွဲမှုမှာ သူ့ဘက်ကထွက်လာခြင်းဖြစ်ရကား အသံလာရာသို့ လှည့်ကြည့်လိုက်သည့်အခါ ၊ ပင့်ကူယန္တရားကြီးနှစ်ကောင်မှာ ဒုံးကျည်များဖြင့် ဝန်ထမ်းယောင်ဆောင် မန်းဒရိတ်(ခ်)များကို ပြန်ထုသဖြင့် ၎င်းတို့၏ခန္ဓာကိုယ်တို့ အစိတ်စိတ်အမြွှာမြွှာ ပြတ်ထွက်ကုန်၍ လက်ပြတ်နှစ်ခုပင် သူတို့နားသို့ လွင့်စဉ်လာလေသည် ။ ဂိုဒေါင်ရှေ့၌ မီးလုံးကြီးများလည်း လျှံတက်လာ၏ ။ မီးခိုးများလည်း အူထလာ၏ ။

“အုံး”

ဒုံးကျည်ဖြင့် နောက်တစ်ချက် ထပ်ထုသဖြင့် ဂိုဒေါင်အမိုးကြီးပါ ပြိုကျသွားသည်တွင် ၊ အပြိုအပျက်များကြားမှ ဝတ်စုံပြည့် ၊ ချပ်ဝတ်ပြည့် တပ်ဆင်ထားကြသော မန်းဒရိတ်(ခ်)များနှင့် ဝိုက်ဗန်အမ်းများ အစုလိုက်အပြုံလိုက် တိုးထွက်လာကြပြီးနောက် ယန္တရားရုပ်ကြီးများကို ပြန်လည်ပစ်ခတ်လေသရော် ၊ ယန္တရားရုပ်ကြီး နှစ်ရုပ်ကလည်း မျက်လုံးသုံးလုံးက ရောင်ခြည်တန်းကြီးသုံးချောင်းဖြင့် ပြန်ထိုးသောကြောင့် တိုက်ပွဲမှာ ပိုမိုပြင်းထန်လာကြိုက် ၊ အယောက်ငါးဆယ်မျှရှိသော တုတ်ဓားများကိုင်ဆောင်ထားသည့် လူအုပ်ကြီးမှာ စကားမပြော ၊ ညာသံမပေး ၊ မျက်လုံးသေများနှင့်သာ ပြေးဝင်လာကြလျက် နတ်နဂါးတပ်သားများကို ဝင်ရောက်ရိုက်နှက်ရကား တပ်သားများ ဖရိုဖရဲဖြစ်ကုန်၍လည်းကောင်း ၊ လဲကျသွားသော မန်းဒရိတ်(ခ်)များကို အပေါ်ကတက်ခွလျက် မျက်လုံးနှစ်လုံးကို လက်မနှစ်ဖက်ဖြင့် နှိုက်ဖောက်သည့်အတွက် ၎င်းတို့မှာအာခေါင်ခြစ်အော်ကာ ခြေများလက်များ ဆန့်ကာ ငင်ကာနှင့် အကြောဆွဲကုန်၍လည်းကောင်း ၊ ဝိုက်ဗန်အမ်းများ၏ အာမန်တီတိုက် ခမောက်တို့ကို ဆွဲချွတ်ပြီး နားရွက်နှင့်နှာခေါင်းများကို အကွင်းလိုက်ပြတ်ထွက်သည်အထိ ကိုက်ဖြတ်ကြသည့်အလျောက် ယင်းတို့၏မျက်နှာတစ်ခုလုံး သွေးများရေလျှံသကဲ့သို့ ထွက်ကျကာ စူးစူးဝါးဝါးအော်လျက် လဲကျကုန်၍လည်းကောင်း အကွဲကွဲအပြားပြား ကစဉ့်ကလျား ဖြစ်လာကြလေလျှင် ၊ နတ်နဂါးတပ်သားများကလည်း

“အဲ‌ ကိုယ်**ကိုယ်ရိုး**တွေကိုပစ် … **မသားတွေကိုပစ် … အဲကောင်တွေ လူမဟုတ်တော့ဘူး … ပစ် …မင်း**ရိုး …”

“ရွှီး … ရွှီး … ရှီး …”

ဟုဆဲရေးကာ ပြန်လည်ပစ်ခတ်ကြသဖြင့် ထိုပြည်သူတို့၏ခြေများ ၊ လက်များ ၊ ခန္ဓာကိုယ်များ အရည်ပျော်ကျကုန်လင့်ကစား ၊ ချင်းတို့မှာ အသံတစ်ချက်မျှပင် မထွက်ဘဲ သေကြလေ၏ ။ ဤသည်တို့ကား မီဇိုဗာကပ်ပါးကောင်ထိထားသည့် လူသားဒိုင်းများ ။

စိတ်ညှို့ခံပြည်သူများကို မဲနေကြစဉ် မန်းဒရိတ်(ခ်)များထံသို့ သတ္တဝါကြီးလေးကောင်ခန့် ခုန်ဝင်လာသည် ။ ယင်းကြီးတို့မှာ လူအရပ်နှစ်ပြန်စာမျှကြီးပြီး မီးခိုးရောင်အသားအရေကို ပိုင်ဆိုင်ထားကြ၏ ။ ကြွက်သားထုထည်ကြီးများကလည်း အမြောင်းများထကာ ဖုထစ်နေကြသည့်ပြင် ၊ ငွေရောင် လက်သည်းရှည်ကြီးများကလည်း နေရောင်အောက်၌ မျက်စိစူးလောက်အောင် ပြိုးပြက်နေ၏ ။ ခန္ဓာကိုယ်၌ အဝတ်မပါစေကာမူ ဦးခေါင်းနှင့်လည်ပင်းအား အနက်ရောင် အာမန်တီတိုက် ခမောက်ကြီးဖြင့် ကာထား၏ ။ Awakened Luthos စူပါစစ်သည်များ ။ သင်းတို့ ထွက်လာကြလေပြီ ။

ထိုအခါ မန်းဒရိတ်(ခ်)များမှာ ယင်းကြီးတို့အား မော့ကြည့်ကုန်လျက် သေနတ်ကိုင်ထားသော လက်များတုန်ယင်လာကြပြီး

“ဟ … ဟမ် … ဟာ … ဘ … ဘာကောင်ကြီးတွေလဲ … တပ်မှူးကို သတင်းပို့ … ငါ့ဆက်သွယ်ရေးစက်ကော .. ငါ့ဆက်သွယ်ရေးစက်ကော … ဘယ်ရောက်နေတာလဲ”

“ဟေ့ကောင် … စိတ်ငြိမ်ငြိမ်ထား … ဂိုဒေါင်ထဲမှာလည်း အချင်းချင်းပြန်ပစ်နေကြပြီ … ငါတို့ မြေအောက်ခန်းထဲကို ပြန်ဆုတ် …”

“လခွမ်းစိတ်ငြိမ်ငြိမ်ထား … အား … ရွှီး … ရှီး …”

ဟု အော်ဟစ်လျက် ယင်းကြီးတို့ကို ပစ်ခတ်လေလျှင် ၊ ရောင်ခြည်တန်းများက ခန္ဓာကိုယ်ကိုထိသော်လည်း အပြာရောင်မီးခိုးများသာ အူတက်လာပြီး ၎င်းကြီးတို့ကား ဖြုံပုံမပေါ် ။

https://mmxianxia.com/wp-content/uploads/2026/04/C639D7E3-ADF0-44C1-ACC9-E12B0965C059.webp

Awakened Luthos ကြီးက မန်းဒရိတ်(ခ်)တစ်ယောက်၏ ဗိုက်တွင်းသို့ လက်သည်းငါးချောင်းလုံး စုသွင်းလိုက်ပြီးနောက် ကျန်လက်တစ်ဖက်က ဦးခေါင်းကို ဆုပ်ကိုင်ထားလျက် ခန္ဓာကိုယ်ကို ဆွဲဖြဲပစ်လိုက်ရာ ၊ အကြင်မန်းဒရိတ်(ခ်)မှာ ခါးတစ်ပိုင်းပြတ်ထွက်သွား၍ မိုးပေါ်သို့ အူများ အခွေလိုက် လွင့်ထွက်ကုန်၏ ။ ၎င်းနောက် လူးသို့(စ်)ကြီးတစ်ကောင်က တခြားမန်းဒရိတ်(ခ်)တစ်ယောက်၏ လည်မျိုအတွင်းသို့ လက်သည်းများထိုးသွင်းပြီး ဆောင့်ဆွဲပစ်လိုက်ရာ ခေါင်းတစ်ခုလုံး လက်သည်းကြား၌ ပြတ်ပါလာ၏ ။

ယင်းသို့ဖြင့် ပင့်ကူယန္တရားများ၏ ဒုံးကျည်ဒဏ်များ ၊ ရောင်ခြည်တန်းဒဏ်များ ၊ စိတ်ညှို့ခံ ပြည်သူများ၏ အသေခံလူသားဒိုင်းကာမှုများ ၊ Awakened Luthos များ၏ သတ်ဖြတ်မှုများပြင် ၊ အချင်းချင်း ပြန်လည်ပစ်ခတ်မှုများကြောင့် ဤစစ်မျက်နှာမှာ သူ့မျက်စိရှေ့မှာပင် မရှုမလှအရေးနိမ့်လာလေပြီ ။

ဟက်(စ်)တန်ကို လှည့်ကြည့်လိုက်သည့်အခါ ၎င်း၏မှော်တုတ်ထိပ်၌ လိမ္မော်ရောင်အလုံးငယ်လေး ဖြစ်နေသောကြောင့်

“ကောင်လေး … မင်းပြီးပြီလား”

“ရူဒ (Ruda) အဆင့်ထိပြီးပြီ”

“မူဟ (Muha) အဆင့်ထိ ဆက်စုနိုင်လား”

ဟုမေးသော် ယင်း၏မှော်ဦးထုပ်အောက်က နှုတ်ခမ်းလေးမဲ့သွား၍ အသံထွက်မလာသရော် လီယိုနာ့ဒ်မှာ နှုတ်ခမ်းတင်းတင်းစေ့လျက် ယင်းအားစိုက်ကြည့်လိုက်ကာ ။

“ဟေ့ကောင် … မင်းရှေ့မှာဘာဖြစ်နေလဲမြင်လား ။ မင်းအပေါက် ပိတ်နေရမဲ့အချိန် မဟုတ်ဘူး”

“ကျုပ် … ကျုပ် … မူဟ (Muha) အဆင့်ကို မပိုင်သေးဘူး ။ စစ်ပွဲတွင်းမှာမစုနိုင် ဒါပေမဲ့ …”

“မင်း … တေဇောပညာ တစ်ခုတည်းကိုတောင် ရူဒ ပဲရတာလား ။ ကျောင်းမှာဘာလုပ်နေတာလဲ”

သူ့စကားကြောင့် ၎င်းလေးမှာ ခေါင်းသာငုံ့သွားသည် ။ မှော်ပညာတစ်ခုကို အသုံးချရာ၌ စွမ်းအားပြင်းထန်မှုအပေါ်မူတည်၍ ရူဒ (Ruda) ၊ မူဟ (Muha) နှင့် နူအ (Nua) ဟူ၍ သုံးဆင့်ခွဲထားပြီး ၊ တေဇောပညာတစ်ခုတည်းကိုပင် ရူဒ (Ruda) အဆင့်သာသုံးနိုင်သော ယင်း၏ မှော်ပညာကား အခြေအနေ ဆိုးလွန်းလှ၏ ။ သူနှင့်ယခင်က တွဲဖက်ခဲ့ဖူးသော မှော်ဝိဇ္ဇာများဆိုလျှင် တေဇောနှင့်ပထဝီကို နူအ (Nua) အဆင့်အထိရရုံမျှမက ဝါယောကိုပါ မူဟ (Muha) အထိ ပိုင်နိုင်ကြလေသည် ။ သို့သော်ဤအချိန်မှာ အပြစ်တင်ရမည့်အချိန်မဟုတ်သည့်အားလျော်စွာ

“ရပြီ … တော်ပြီ … မူဟ (Muha) ထိ ဆက်မသွားနှင့်တော့ ။ ရူဒ (Ruda) အဆင့်နှင့်ပဲ တိုက်ပွဲဖြစ်နေတဲ့နားက လက်ဖလက်ဆီတွေအားလုံးကို မီးလှမ်းမြှိုက်စမ်း … အခုလုပ်”

“ဟမ် … အပင်တွေကိုလား … ဟိုကောင်ကြီးတွေကို မဟုတ်ဘူးလား”

“ဟယ် လျှာရှည်တာ … လီယိုကြီးပြောရင် ပြောတဲ့အတိုင်းလုပ်လေ”

ဆိုရင်း(န်)က ဝင်ဟောက်သောအခါမှ ဟက်(စ်)တန်မှာ မှော်တုတ်ကိုမြှောက်လိုက်လေရာ ယင်း၏ မှော်တုတ်တံထိပ်က ခွေးသွားစိပ်များမှာ တထောင်းထောင်းအသံများ ထွက်လာသည်အထိ မွတ်နေအောင် လည်ပတ်လာသည်နှင့်အတူ လိမ္မော်ရောင်အလုံးလေးမှာလည်း လေးပေနီးပါး အချင်းရှိသော မီးလုံးကြီးအသွင်သို့ ကူးပြောင်းသွားပြီး ၊ ဤအခါ ၎င်းက တုတ်တံကို ယမ်းလိုက်သည်တွင် ၊ အနှီမီးလုံးကြီးကား တိုက်ပွဲဖြစ်နေရာသို့ ပျံဝဲသွား၍ လက်ဖလက်ဆီများ သိုလှောင်ရာ တောင်းကြီးများပေါ်သို့ ပြုတ်ကျလေသည် ။

ခြင်းတောင်းပေါ်သို့ ရောက်သည်နှင့် မှော်မီးလုံးကြီးမှာ သာမန်မီးများကဲ့သို့ တည်တည်ငြိမ်ငြိမ်နှင့် မလောင်ဘဲ ဘောလုံးတစ်လုံးကို ပစ်လိုက်သည့်နှယ် ကျန်နေရာများသို့ပါ ခုန်ပေါက် ပျံလွှားနေသဖြင့် ယင်းနှင့် ထိမိသည့်နေရာတိုင်း မီးစွဲကုန်ပြီး ၊ တစ်နေရာနှင့် ထိမိသည့်အခါတိုင်း အဆိုပါမီးလုံး၏ အရွယ်အစားမှာ ငယ်သွား၍ နောက်ဆုံးတွင် ပျောက်ကွယ်သွားလင့်ကစား ၊ မပျောက်ကွယ်မီ အနှီမှော်မီးလုံးမှာ ဂိုဒေါင်ရှေ့က လက်ဖလက်ဆီခြင်းတောင်းများ အားလုံးနီးပါးကို မီးလောင်တိုက်သွင်း သွားလေပြီ ။

လက်ဖလက်ဆီကား မီးလောင်လွယ်သည် ။ လောင်ပါကလည်း မီးခိုးမည်းများနှင့် ထူပိတ်နေအောင်လောင်သည် ။ ထိုကဲ့သို့ လက်ဖလက်ဆီများ အုံလိုက်ကျင်းလိုက် သိုလှောင်ထားရာကို မှော်အစွမ်းနှင့် မီးတိုက်လေသော် ပြောစရာကား မလိုတော့ပြီ ။

တိုက်ပွဲတွင်း မီးများဟုန်းဟုန်းတောက်လာ၏ ။ ဘေးပတ်ပတ်လည်ဝန်းကျင်တစ်ခုလုံး အနက်ရောင်မီးခိုးများကြောင့် မှောင်မိုက် သိပ်သည်းလာသည့်အလျောက် ၊ ဤသည်ကိုပင် အခွင့်ကောင်းယူကာ လီယိုနာ့ဒ်တို့သုံးယောက်မှာ ဝူးလို့(စ်)များ စီးနင်းလျက် စစ်တလင်းအတွင်းသို့ ချဉ်းကပ်လာကြပြီးနောက် ၊ သူက “Dragon Vision” ဟု စိတ်တွင်းက ရေရွတ်လိုက်လေသော် နဂါးခေါင်းခမောက်တွင်းက U I (User Interface) မှာ မီးခိုးမည်းများကို ထိုးဖောက်မြင်နိုင်သော အစိမ်းရောင်အမြင်အဖြစ် ပြောင်းလဲသွားလေသည် ။

တိုက်ပွဲများကား ပြင်းထန်နေဆဲ ။ သို့သော် အနီးဆုံးနေရာ၌ စိတ်ညှို့ခံထားရသော မန်းဒရိတ်(ခ်)တချို့နှင့် ပြည်သူတချို့မှာ မီးခိုးထုထဲတွင် ငူငူကြီးရပ်နေကြပြီး ၊ ယင်းတို့နှင့်အတူ လူးသို့(စ်)ကြီးတစ်ကောင်နှင့် ပင့်ကူယန္တရားကြီး တစ်ရုပ်မှာလည်း ခပ်လှမ်းလှမ်းက မန်းဒရိတ်(ခ်) များကို ပစ်ခတ် ၊ ခုတ်ထစ် ၊ သတ်ဖြတ်လျက်ရှိသည် ။ တစ်ဘက်ကလည်း ရောင်ခြည်တန်များဖြင့် ပြန်ပစ်နေ၏ ။ ထိုစဉ် ဘေးချင်းကပ်လျက် ဝူးလို့(စ်)ပေါ်က ဆိုရင်း(န်)က

“လီယိုနာ့ဒ်ကြီး ဘယ်လိုလုပ်မှာလဲ”

“နောက်က ဝင်တိုက်ရင် စိတ်ညှို့ခံတွေ အငိုက်မိသွားနိုင်ပေမဲ့ ယန္တရားရုပ်နှင့် လူးသို့(စ်)တစ်ကောင်က ချက်ချင်းစစ်ကူရောက်လာနိုင်တယ် ။ တခြားရှုထောင့် ရှာကြည့်ဦးမယ်”

“မဟုတ်ဘူး … ဝင်တိုက်တော့ … လူးသို့(စ်)နှင့်ယန္တရားရုပ်လာရင် နင်က လူးသို့(စ်)ကို ရင်ဆိုင်နိုင်တယ်မလား ။ ယန္တရားရုပ်ကို ငါကြည့်ရှင်းမယ်”

သူလှည့်ကြည့်သရော် ခေါင်းတုံးမလေးက ဝူးလို့(စ်)၏ ဇက်ကြိုးကိုဆွဲထားလျက် ခေါင်းညိတ်ပြနေပြီး သူ(မ)နောက်က ထိုင်လိုက်နေသော ဟက်(စ်)တန်ကမူ တေဇော ရူဒအစွမ်းကို ထပ်မံစုစည်းနေလေသည် ။ ထို့ကြောင့် သူလည်းခေါင်းညိတ်ပြလိုက်၍ ဝူးလို့(စ်)၏ နံကြားကို ခြေမျက်စိဖြင့် ခတ်လိုက်သည့်အခါ ၊ ၎င်းကြီးကား မီးခိုးထုကြီးကြားသို့ လွှားခနဲ ခုန်ဝင်လေ၏ ။ တိုက်ပွဲမှာကား စတင်လေပြီ ။

*************

လီယိုနာ့ဒ်သည် ဝူးလို့(စ်)ကြီးစီးလျက် မီဇိုဗာကပ်ပါးကောင် ထိထားသော မန်းဒရိတ်(ခ်) နှစ်ယောက်ထံသို့ ခုန်ဝင်လာပြီးနောက် ဟေဆွန်ရောင်ခြည်ဓားနှင့် ၎င်း၏လည်မျိုကို စီးမိုးကာပိုင်းချလေရာ ၊ ထောပတ်တုံးကို လှီးရသည့်နှယ် အနှီမန်းဒရိတ်(ခ်)၏ခေါင်း ပြတ်ထွက်သွားပြီး လည်ပင်းကသွေးများ မိုးပေါ်ထောင်ပန်းလာ၏ ။

ထိုအခါ ကျန်သော မန်းဒရိတ်(ခ်)က သူ့ကိုရောင်ခြည်သေနတ်နှင့် ပစ်မည်အပြု ၊ စီးနင်းထားသော ဝူးလို့(စ်)ကြီးက မတ်တတ်ထရပ်၍ ယင်း၏မျက်နှာကို လက်ဝါးကြီးဖြင့် ဖြတ်ရိုက်ပစ်လိုက်သော် ၊ သန်မာလှသော အင်အားကြောင့် မန်းဒရိတ်(ခ်)၏ ပါးစပ်ထဲမှ ဖူးခနဲ သွေးများပန်းထွက်လာသည့်ပြင် ထိုသွေးထဲမှ အဖြူရောင် အပိုင်းအစများပါ လွင့်ထွက်လာ၏။ သွားများ။

ဤမျှမက လက်သည်းချွန်ကြီးပါများထုတ်၍ ကုတ်ဆွဲပစ်လိုက်ရကား မျက်နှာတစ်ခုလုံး၌ ဆွဲဖြဲရာကြီးလေးချက်ပေါ်လာ၍၊ အတွင်းက နှာခေါင်းရိုးနှင့် ပါးရိုးဖွေးဖွေးကြီးများပင် သွေးစများကြား လှစ်ခနဲဟလာ၏။ ပြင်းလွန်းလှသည့် ရိုက်အားကြောင့် ၎င်း၏တစ်ကိုယ်လုံးမှာ လေပေါ်မြောက်တက်ကာ တစ်ပတ်မျှ လည်ထွက်သွား၏။ ပြန်ကျလာသည့်အခါ အသက်ပါမလာတော့ ။

ထို့နောက် စိတ်ညှို့ခံပြည်သူများ ပြေးဝင်လာလျှင် သူကလည်း ဝူးလို့(စ်)ကြီးအား စီးထားလျက်ပင် တစ်ယောက်၏ ကုပ်ကိုပိုင်းသရော် ၊ ဇက်ပြတ်၏ ။ တစ်ယောက်၏ မျက်နှာကို ရောင်ခြည်ဓားဖြင့် တည့်တည့်ထိုးပစ်လိုက်သော် ၊ ချင်း၏ မျက်နှာတစ်ခုလုံး အရည်ပျော်ကျ၏ ။ ကျန်တစ်ယောက်ကိုမူ ဝူးလို့(စ်)ကြီးက တက်ခွထားပြီး ၊ ယင်း၏နဖူးကို နှုတ်သီးကြီးဖြင့် ဒုတ်ခနဲ ဒုတ်ခနဲမြည်အောင် ပေါက်နေသဖြင့် မြေအိုးကိုဆောက်နှင့် ထုခွဲသည့်အလား နဖူးတစ်ခုလုံးပွင့်ထွက်သွား၍ အတွင်းက ဖြူနီရောင် ဦးနှောက်အပိုင်းအစများမှာ လမ်းပေါ် ဖွာလန်ကြဲကုန်၏ ။ သူ့ချပ်ဝတ်နက်၌ သွေးများရွှဲနေသကဲ့သို့ ဝူးလို့(စ်)ကြီး၏ ငွေရောင်အကြေးခွံပေါ်တွင်လည်း သွေးများ ရဲပတောင်းခတ်နေသည် ။

ကျန်စိတ်ညှို့ခံများက သူတို့ကို ဝိုင်းလာသောကြောင့် ဝူးလို့(စ်)ကြီးပေါ်က ဆင်းပြီးနောက် ဟေဆွန်ဓားနှင့် မန်းဒရိတ်(ခ်)၏ တံတောင်ဆစ်ကို လှမ်းပိုင်းသည့်အခါ လက်ဖျံတစ်ခုလုံးပြတ်ကျ၏။ ယင်းနောက် သင်း၏မျက်နှာကို ယန္တရားလက်သီးနှင့် ထိုးသွင်းပစ်လိုက်သရော် မျက်နှာတစ်ခုလုံး နောက်သို့ ကျွံဝင်ထွက်သွား၏။ ကြွက်သားတုများဖြင့် တိုက်ခိုက်သောကြောင့် မောခြင်းပန်းခြင်း အလျင်းမရှိ ။ ခြေတစ်လှမ်းလှမ်းလေတိုင်း သူ့တစ်ကိုယ်လုံး ကြွတက်နေပြီး ၊ လက်တစ်ခါ ယမ်းလေတိုင်း သူ့ဘေးနားက စိတ်ညှို့ခံများ၏ ခန္ဓာကိုယ်များ အပိုင်းပိုင်းအစစ ပြတ်ထွက်ကာ အရည်ပျော်ကျကုန်၏ ။

ဤသို့ဖြင့် အယောက်နှစ်ဆယ်နီးပါး သတ်ပြီးသည့်အခါ၌ ခြေပြတ် ၊ လက်ပြတ် ၊ ခေါင်းပြတ်များနှင့် ပြန့်ကျဲနေသော မြေပြင်ကြီး တုန်ဟီးလာပြီးနောက် သူ့ထံသို့ ဂရာဗိုးရက်(စ်)ယန္တရားရုပ်ကြီးမှာ ပြေးဝင်လာ၍ ရောင်ခြည်တန်းကြီးသုံးတန်းဖြင့် လှမ်းထိုးသည်တွင် ၊ သူကလည်း ဘယ်လက်ကို မြှောက်ပေးလတ်သော် ၊ ဘယ်ဘက်လက်ဖျံ၌ စက်ဝိုင်းသဏ္ဌာန် ဒိုင်းဝိုင်းပြားတစ်ခုကား ပွင့်အာ ပြန့်ကားလာလေ၏ ။ အနှီဒိုင်းနှင့် ရောင်ခြည်တန်းထိသရော် အပြာရောင်မီးခိုးများ အူထလာလေပြီ ။

ဤသည်ကို အာခရီလီယမ် (Acrylium) ဟုခေါ်သည်။ ၎င်းသည်ယန္တရားချပ်ဝတ်များ ၊ အဝတ်များအပေါ်တွင် မှုတ်ထားနိုင်သော အထူးဆေးတစ်မျိုးဖြစ်သည် ။ အပူဒဏ် (Heat Damage Type) ဖြစ်သည့် ရောင်ခြည်များ ၊ မီးများကို အာခရီလီယမ် ဆေးမှုတ်ထားသော ဒိုင်းများ ၊ ချပ်ဝတ်များဖြင့် တိုက်ရိုက်ကာနိုင်သည် ။

သို့သော်ရောင်ခြည်တန်းများ ၊ မီးများ ၊ အပူများနှင့် ထိပါများလေလေ ၊ အာခရီလီယမ်မှာ အငွေ့ပျံလေလေ ဖြစ်ပြီး အာခရီလီယမ်သာ ကုန်သွားပါက ယန္တရားချပ်ဝတ်ဝတ်ထားသော်လည်း ရောင်ခြည်ဒဏ်ကို မခံနိုင် ။ အာမန်တီတိုက်သတ္တုက အပူဒဏ်ကိုခံနိုင်သည့်တိုင် ၊ သတ္ထုချပ်ဝတ်အတွင်းက ခန္ဓာကိုယ်မှာ အပူဒဏ်ကြောင့် သေရပေအံ့ ။ အရည်ပျော်ကျရလတ္တံ့။

ဤသို့ဖြင့် ပင့်ကူယန္တရားကြီးက သူ့ကိုမဲနေခိုက် ဆိုရင်း(န်)မှာ ဝူးလို့(စ်)ကြီးစီးလျက် သူ့အနားသို့ခုန်ဝင်လာ၍ ယန္တရားရုပ်ကြီးကို လက်ညှိုးထိုးကာ

“မဒက်(စ်) နဲလက်(စ်) နူးရက်(စ်) ရန်း ရူနော့ ဂူ ခိုရော့ ခု(လ်)“

ဟု ရေရွတ်လိုက်လေလျှင် ၊ ဂါထာဆုံးသည်နှင့် အနှီယန္တရားကြီး၏ မျက်လုံးများမှာ နီနေရာမှ စိမ်းသွား၍ ၊ သူ့ကိုထိုးနေသည့် ရောင်ခြည်တန်းကိုလည်း ရပ်ပစ်လိုက်၏ ။ ထို့နောက် ယင်း၏မျက်နှာနေရာဝယ် အောက်ဖော်ပြပါ အက္ခရာများ ပေါ်လာလေသည် ။

https://mmxianxia.com/wp-content/uploads/2026/04/3F995AE8-2F80-48D3-BEC9-B0AEB2D27B3E.webp

၎င်းနောက် တတီတီအသံများထွက်လာကာ သူတို့ကို နောက်ကျောပေးသွား၏ ။ သူ့ကိုလည်း ရှိသည်ဟုပင် မထင်တော့သည့်အလား ။ ဆိုရင်း(န်)မှာ ယန္တရားရုပ်ကြီးကို နတ်ဘုရားစကားဖြင့် ပြန်လည်အမိန့်ပေး ထိန်းချုပ်လိုက်ပြီတကား ။

သို့လင့်ကစား ဤမျှနှင့်ပြီးမသွား ။ သူ့နားအတွင်းသို့ တဒုံးဒုံးအသံကြီးများ ဆင့်ဝင်လာပြီးနောက် ၊ မီးခိုးထုတွင်းမှ ပင့်ကူယန္တရားရုပ်ကြီးတစ်ရုပ် ထပ်ထွက်လာ၍ လီယိုနာ့ဒ်ကို တက်နင်းရန် ခြေတစ်ချောင်းကိုကြွကြိုက် ၊ ဆိုရင်း(န်) ထိန်းချုပ်ထားသော ယန္တရားကြီးက ထိုယန္တရားရုပ်ကြီးကို ဒုံးကျည်များဖြင့် လှမ်းပစ်လိုက်သည့်အတွက်ကြောင့် တအုံးအုံး ပေါက်ကွဲသံကြီးများ ဆင့်ထွက်လာသည်နှင့်အတူ ယင်းကြီးလည်း ယိုင်ထိုးသွားလေသော် လီယိုနာ့ဒ်မှာ နောက်သို့ပြေးဆုတ်လေ၏ ။

၎င်းနောက် ဂရာဗိုးရက်(စ်)ကြီးနှစ်ရုပ်မှာ တစ်ရုပ်ကိုတစ်ရုပ် ရောင်ခြည်တန်းနီကြီးများ ၊ ဒုံးကျည်များဖြင့် အပြန်အလှန်ပစ်ခတ်ကြ၍ လည်းကောင်း ၊ ခြေထောက်များဖြင့် ခွနင်းကြ၍လည်းကောင်းတိုက်ခိုက်နေကြသဖြင့် ဤသည်ကို အခွင့်ကောင်းယူလျက် ဆိုရင်း(န်)မှာ ဒုတိယယန္တရားရုပ်ကြီး အနားသို့ကပ်သွားစဉ်

“ရွှီး”

ဟူသည့်အသံနှင့်အတူ အနီရောင် ရောင်ခြည်တန်းတစ်ခုက သူ(မ)၏ ရင်ဝကိုတည့်တည့်ဝင်မှန်လေသည်။ အနက်ရောင် ချည်ကြမ်းဝတ်လုံကြီးကို ထိမိပြီး ဝတ်လုံပေါ်တွင် မီးခိုးပြာများ အူတက်လာလေ၏ ။

ရန်သူ ယန္တရားရုပ်ကြီးနောက်က မန်းဒရိတ်(ခ်)နှင့် ဝိုက်ဗန်အမ်း ဆယ်ယောက်ခန့်ရောက်ရှိလာ၍ ဆိုရင်း(န်)ကို ဖိနှိပ်ပစ်ခတ်သည့်အတွက် ၊ သူ(မ)မှာ ဂါထာမရွတ်နိုင်တော့ဘဲ သူ(မ)ထိန်းချုပ်ထားနိုင်သော ယန္တရားရုပ်ကြီး၏ နောက်သို့သာ ဝူးလို့(စ်)ဖြင့် ခုန်ဝင်ပြီးနောက် ပုန်းကွယ်နေရသည် ။ ဝတ်လုံပေါ်က အာခရီလီယမ် ကုန်သည်နှင့် သူ(မ)အရည်ပျော်သွားနိုင်သည် မဟုတ်ပါလား ။

ဤသို့ဖြင့် ယန္တရားရုပ်ကြီးနှစ်ရုပ်က အလယ်မှာ လုံးထွေးသတ်ပုတ်နေကြပြီး ကျန်သူများက ၎င်းကြီးတို့ကို အကာအကွယ် အသီးသီးယူကြလျက် စိတ်ညှို့ခံများက ဆိုရင်း(န်)ကို ပစ်ခတ်၍လည်းကောင်း ၊ ဆိုရင်း(န်)ကလည်း သူ(မ)ထိန်းချုပ်ထားသော ပင့်ကူယန္တရားကြီးကို မည်သည့်အချိန်၌ မည်ကဲ့သို့လုပ်ဟူသော အမိန့်များတိုက်ရိုက်ပေး၍လည်းကောင်း တိုက်ပွဲတစ်ခု စတင်လာ၏ ။

“လီယိုကြီး … နင် အဲသည်စိတ်ညှို့ခံတွေကို ရှင်းပေး ။ ငါ ဒုတိယယန္တရားရုပ်ကို ပြန်ထိန်းချုပ်ပေးမယ်”

ထိုအခါ လီယိုနာ့ဒ်မှာ ဝူးလို့(စ်)ကို ပြန်လည်စီးနင်းပြီးနောက် ဆိုရင်း(န်)ကို ပစ်ခတ်နေကြသော စိတ်ညှို့ခံများရှိရာသို့ လွှားခနဲခုန်ဝင်သည်တွင် ၊ လေပေါ်သို့ရောက်သည်နှင့် မီးခိုးများကြားမှ လူသဏ္ဌာန်အရာကြီးတစ်ခုမှာလည်း သူ့ထံသို့ခုန်ပျံလာကာ လေပေါ်၌ပင် သူ့ကိုဆွဲဖက်လိုက်လေလျှင် ၊ ထင်မထားသော ရှုထောင့်မှ တိုးကပ်လာသည့်အလျောက် တုံ့ပြန်ခြင်းငြား မစွမ်းသာတော့ ။ ရင်တွင်း ထိတ်ခနဲဖြစ်သွား၍ သူကိုယ်တိုင်မှာလည်း ဝူးလို့(စ်)ပေါ်က ပြုတ်ကျလေပြီ ။

“ဂျစ် … ဂျစ် … ဂျစ် … ထန်း”

လမ်းမပေါ်၌ သုံးပတ်မျှ လိမ့်ထွက်သွားသဖြင့် ချပ်ဝတ်နှင့် ကျောက်သားလမ်းမ ပွတ်ဆွဲရာမှထွက်လာသံများ ။ ဤကြိုက် ထိုအရာကြီးကလည်း လေပေါ်မှပြန်ကျလာ၍ သူ့ရှေ့လမ်းမပေါ်၌ ဒူးတစ်ဖက်ထောက်နေလျက် ။ ဤသည်ကား စူပါစစ်သည် Awakened Luthos လူးသို့(စ်)ကြီးဖြစ်ပြီး ၎င်း၏တံတောင်ကွေးအတွင်း၌ကား သူ၏ဝူးလို့(စ်)ကြီးမှာ ရုန်းကန်နေလေသည် ။

ယင်းနောက် ၎င်းကြီးက ငွေရောင်လက်သည်းရှည်ကြီးများဖြင့် ဝူးလို့(စ်)၏ မျက်လုံးတွင်းသို့ နှိုက်သွင်းပစ်လိုက်ပြီး ၊ တံတောင်ကွေးဖြင့် လည်မျိုကိုဖိညှစ်ကာ ဝူးလို့(စ်)၏ခေါင်းကိုတစ်ဖက်သို့ ဆွဲလှည့်ပစ်လိုက်သော်

“ဖျောက် … ဖျစ် … ဖျစ် … ကျီ … အိအိ”

ဟူသည့် အရိုးကျိုးသံ ၊ အရွတ်များပြတ်ထွက်သံနှင့် ၊ စီးတော်ကြီး၏ အသက်ငင်သံတို့မှာ ပြိုင်တူထွက်ပေါ်လာ၍ ဝူးလို့(စ်)ကြီး၏ မျက်လုံးများကြားက သွေးများစီးကျလာ၏ ။ နှုတ်သီးပေါက်မှ အဖြူရည်များယိုထွက်လာ၏ ။ တံတောင်ကွေးကြားက အကြေးခွံများဖုံးနေသည့် လည်မျိုမှာ ငိုက်စိုက်ကျသွား၏ ။ သူ့ရှေ့၌ပင် လည်ချိုးအသတ်ခံလိုက်ရလေပြီ ။

တိုက်ပွဲတွင်း ဝူးလို့(စ်)များ ကျဆုံးသည်ကို အကြိမ်ကြိမ်အခါခါမြင်ဖူးသည့်အလျောက် အထူးတလည်မခံစားရ ၊ စိတ်တွင်း၌သာ စပ်ဖျဉ်းဖျဉ်း ဖြစ်သွား၍ လူးသို့(စ်)ကြီးထံသို့ ခြေသံပြင်းပြင်းဖြင့်နင်းလာသရော် ၊ ၎င်းကြီးကလည်း ဝူးလို့(စ်)အလောင်းကို မီးခိုးထုထဲ လွှင့်ပစ်လိုက်ပြီးနောက် အနားကပ်လာသောသူ့မျက်နှာကို လက်သည်းကြီးဖြင့် လွှဲကုတ်သည်တွင် ၊ သူကလည်း ထိုကုတ်ချက်ကိုမရှောင်ဘဲ ချင်း၏လက်မောင်းကို ဟေဆွန်ဓားဖြင့် ပြန်ခုတ်လေသည် ။

သူ့နဂါးခေါင်းခမောက်နှင့် လက်သည်းခြစ်မိသည့်နေရာ၌ မီးပွါးများပွင့်ထွက်သွားသကဲ့သို့ ဟေဆွန်ဓားနှင့် ၎င်းကြီး၏ လက်မောင်းထိသည့်နေရာတွင်လည်း မီးခိုးပြာများအူထလာသည် ။ ယင်းကြီး၏ ခန္ဓာကိုယ်ကိုလည်း အာခရီလီယမ်ဆေးများ သုတ်လိမ်းထားခြင်းပင် ။

ခုတ်မရသည်နှင့် နောက်ပြန်ဆုတ်၏ ။ ယင်းနောက် သူသည် နောက်ကျော၌လွယ်ထားသော ယန္တရားနဂါးဓား၏ ဓားရိုးကိုကိုင်ကာ လီဗာကိုအဆုံးထိ ဆွဲတင်လိုက်သည့်ပြင် ယန္တရားချပ်ဝတ်က ၇၀% သောစွမ်းအင်များကိုလည်း ဓားကိုင်ထားသည့်လက်က ကြွက်သားတုများထံသို့ ပို့လွှတ်လိုက်၏ ။ ရောင်ခြည်ဓားနှင့်မရပါက ယန္တရားနဂါးဓားဖြင့် ခုတ်သတ်ရလတ္တံ့ ။

ထိုအခါ သူ့ထက်လေးပေကျော်မျှ ပိုမြင့်သော၎င်းကြီးမှာ ခေါင်းထိုးကာပြေးဝင်လာရကား ၊ လီယိုနာ့ဒ်မှာလည်း ကျောကဓားကိုထုတ်“လျက်”ခုတ်ချ (QuickDraw) ပစ်လိုက်ရာ

“ဒေါင်း”

ဟူသည့်အသံကြီးနှင့်အတူ ဦးခေါင်းပေါ်တည့်တည့်ကျသော ဓားချက်မှာ အာမန်တီတိုက် ခမောက်ကြီးကို တိုးမဖောက်နိုင်ဘဲ သူ့လက်များသာ ကျဉ်တက်သွားရပြီး ၊ ခေါင်းတည့်တည့်အား ခုတ်ခံလိုက်ရသော ၎င်းကြီးမှာမူ တုံ့ခနဲသာယိုင်သွားလေ၏။ ဦးခေါင်းကိုခါယမ်းလိုက်သည့်အခါ ခမောက်ကြားက ချွေးများဖြာထွက်လာ၏ ။

သူ့မျက်လုံးများပြူးသွားရသည် ။ အနှီဓားချက်ကား ယန္တရားဓား၏ ဂျက်အင်ဂျင်နှင့် ချပ်ဝတ်ကကြွက်သားတု၏ ၇၀% သောအင်အားတို့ ပူးပေါင်းခုတ်သည့် ဓားချက်ဖြစ်သည့်အတွက် ၊ အာမန်တီတိုက် ခမောက်ကို မဖောက်နိုင်သည့်တိုင် ခမောက်အောက်က ဦးခေါင်းမှာ ရိုက်အား ( Blunt Force ) ကြောင့် စိစိညက်ညက်ကျေသွားရလတ္တံ့ ဟု ခန်းမှန်းထားပေသော်ငြား ယခုကဲ့သို့ ခေါင်းခါယမ်းလျက်ပြီးသွားသည်မှာ သင်း၏ခေါင်းကား တော်တော်တန်တန်မဟုတ် ။

မာတိုရိုပြောခဲ့သည့် “ဦးခေါင်းမှာ ဟာကွက်မဟုတ်” ဟူသော စကားများပြန်လည်ကြားယောင်လာစဉ် ၊ ဤဘီလူးကြီးက သူ့လည်ပင်းကို ဆွဲမ၍ လွှင့်ပစ်လိုက်သရော် ခန္ဓာတစ်ကိုယ်လုံးမှာ အရုပ်တစ်ခုသဖွယ် မြောက်တက်ကာ ဆယ်ပေနီးပါးဝေးရာသို့ လွင့်ထွက်သွားလေသည်။ သူ့ခန္ဓာကိုယ်မှာ လမ်းမပေါ်သို့ ပြုတ်ကျသည်နှင့်တစ်ပြိုင်နက် ၎င်းကြီးကား သူ့ထံသို့ ခုန်ဝင်လာ၏ ။ ခြေနှစ်ဖက်လုံးဖြင့် ခုန်နင်းရန် ဖြစ်ပြီး ၊ ဤအလေးချိန်ကြီးဖြင့် အနင်းခံရပါက သက်သာမည်မဟုတ် ။

ထို့ရကား လီယိုနာ့ဒ်မှာ ဘေးသို့လှိမ့်ပေးလိုက်၏။ ဤအခါ လူးသို့(စ်)ကြီး၏နင်းချက်မှာ သူ့ကိုမမိဘဲ၊ ခြေထောက်ကြီးသာ သူ့ရှေ့တည့်တည့်သို့ကျလာ၏။ ထိုသရော် သူကလည်း ဒူးတစ်ဖက်ထောက်ထ၍ ယင်းကြီး၏ပေါင်အရင်းပိုင်းကို ယန္တရားဓားဖြင့် ခုတ်ချလိုက်လေသည် ။

တင်းမာ ကျစ်လျစ်နေသော ရော်ဘာတုံးကြီးအား လှီးလိုက်ရသည့် ခံစားချက်နှင့်အတူ ဓားသွားမှာပေါင်သားအတွင်း အလျားလိုက် နစ်ဝင်သွားပြီးနောက် အလယ်နေရာတွင် ထောက်သွားသဖြင့် ၊ ဓားရိုးကလီဗာကို ဆွဲတင်ကာ ဂျက်အင်ဂျင်အားနှင့် ပေါင်ရိုးကြီးကိုပါ ဖြတ်ချပစ်လိုက်လေ၏ ။

“ဂါး …”

စူးစူးရှရှအော်သံကြီးနှင့်အတူ ခြေတစ်ဖက်လုံး ပေါင်ရင်းက ပြတ်ထွက်သွား၍ ကော်ကဲ့သို့ စေးပျစ်နေသည့်သွေးများလည်း လမ်းပေါ်တွင် ရွှဲနစ်သွားသည့်ပြင် ၊ ခြေပြတ်သွားသည့် ပေါင်ငုတ်တိုနေရာ၌ အဝါရောင်အမျှင်ကြီးတစ်ခုမှာ မြွေကြီးတစ်ကောင်နှယ်တိုးထွက်လာ၏ ။

“ဒီကောင်တွေရဲ့ အာရုံကြောတွေက အပြင်ကိုထွက်နိုင်တယ်”

မာတိုရို၏ စကားများဒုတိယအကြိမ် သူ့နားတွင်းဝင်လာ၍ ဖင်ထိုင်လျက်လဲကျနေသော ၎င်းကြီးကို အဆုံးသတ်ရန် အနားသို့ကပ်လာခိုက် ၊ မည်သည့်အချိန်ကတည်းက ပုန်းအောင်းနေမှန်း မသိသော နောက်လူးသို့(စ်)တစ်ကောင်မှာ မီးခိုးငွေ့များကြားက ပြေးထွက်လာ၍ သူ့ရင်ဝကို ခြေထောက်ကြီးဖြင့် ဆောင့်ကန်ပစ်လိုက်သည် ။

“ဒုန်း”

အလစ်အငိုက်ဖြစ်သဖြင့် သူ မရှောင်နိုင် ။ ရင်ဝတစ်ခုလုံး ဆို့တက်သွားပြီး ငါးပေအကွာသို့ လွင့်ထွက်သွား၏ ။ ချပ်ဝတ်နှင့် ကျောက်သားလမ်းမကြီးတို့ ပွတ်ဆွဲသွားသံမှာလည်း “ဂျီး” ခနဲ ။ မီးပွါးများလည်း ဖွာခနဲ။ အောင့်လွန်းသည့်အလျောက် သုံးစက္ကန့်မျှထိ အသက်ရှူမရ ။ ယန္တရားချပ်ဝတ်မပါဘဲ ဤကန်ချက်ကို ခံမိပါက ရင်ဝရိုးနှင့်နံရိုးများအားလုံး ကျိုးကြေသွားနိုင်သည် ။

ထိုအခိုက်၌ ခြေပြတ်သွားသော လူးသို့(စ်)ကြီးမှာ ၎င်းကြီး၏ ခြေပြတ်ကြီးကိုကိုင်၍ ပြတ်နေသည့် ပေါင်ငုတ်တိုနေရာသို့ တေ့ပေးလိုက်သောအခါ ၊ ပေါင်ရင်းအတွင်းက အဝါရောင်အာရုံကြောကြီးမှာ ခြေပြတ်ကြီးအတွင်းသို့ တိုးဝင်သွားပြီးနောက် ယင်းခြေကြီးမှာ ဆန့်တငင်ငင်နှင့် ပြန်လည်လှုပ်ရှားလာသည်သာမက ကော်ကဲ့သို့စေးပျစ်နေသော သွေးများကလည်း ခြေပြတ်ကို ပြန်ဆက်နေလေပြီ ။

“ငါ**မသား”

ဟုသာဆဲလိုက်မိ၏ ။ Dragon Vision ဖြင့် လှမ်းကြည့်သော် ၊ အဝေးက လူးသို့(စ်)နှစ်ကောင်မှာလည်း သူ့ထံပြေးလာနေသဖြင့် ခြေပြတ်နေသောလူးသို့(စ်)သာ ခြေထောက်ပြန်ဆက်ပြီးပါက လေးယောက်နှင့်တစ်ယောက် ဖြစ်တော့ပေအံ့ ။

ဘေးက ဆိုရင်း(န်)တို့တိုက်ပွဲမှာလည်း ပြင်းထန်နေ၍ ၊ ယန္တရားရုပ်ကြီးများ ကိုယ်ထည်ဖြင့် အပြန်အလှန်ဆောင့်မှုများကြောင့် အနီးက ခေါင်မိုးမရှိတော့သော ဂိုဒေါင်၏နံရံကြီး ပြိုကျသွားသည်သာမက အဝေးတစ်နေရာက ရောင်ခြည်သေနတ်သံများလည်း ညံပွက်နေဆဲ ။ ဟက်(စ်)တန်မှာလည်း မှော်အစွမ်းစုနေဆဲ ၊ မပြီးသေးသဖြင့် ချက်ချင်းအကူအညီမရနိုင် ။ အခြေအနေကား လုံးဝမကောင်း ။

ထို့ကြောင့် ရောင်ခြည်ဓားနှင့်လည်း ခုတ်မရ ၊ ခြေလက်ကိုလည်း ဖြတ်မရ ၊ ခေါင်းကိုလည်း ထုနှက်မရသည့် လူးသို့(စ်)ကြီးအား မာတိုရိုပြောသကဲ့သို့ နှလုံးနှစ်ခုကိုသာ ဖျက်ဆီးပစ်ရလေအံ့ဟု တွေး၍ လီယိုနာ့ဒ်မှာ ယန္တရားဓားကို လက်နှစ်ဖက်လုံးဖြင့်ကိုင်ကာ ၊ ဓားဦးအား သူ့ကိုကန်ခဲ့သော လူးသို့(စ်)ကြီး၏ နှလုံးရှိရာသို့ ချိန်ရွယ်ထားလိုက်လေပြီ။ ယခုအခါ သူ့စိတ်တွင်း၌ ၎င်းကြီး၏ ဘယ်ဘက်ရင်အုံကလွဲပြီး ကျန်သောအရာမရှိတော့ ။ နောက်ဆုံးအနေနှင့် အသက်ကို အဆုံးထိရှူသွင်းလေသော် မီးခိုးနံ့မွှန်မွှန်ထူထူများက သူ့အဆုတ်ထဲထိ ချင်းနင်းလာ၏ ။ အဆုံးအဖြတ်ပေးမည့် အချိန်အခါကား ရောက်ရှိလို့လာလေပြီ ။

လူးသို့(စ်)ကြီးကား သူ့ဆီသို့ ခြေသံပြင်းပြင်းဖြင့် လှမ်းလာသည့်အခါ သူကလည်း ဓားကိုကိုင်ထားလျက် ခြေတစ်လှမ်းပြီးတစ်လှမ်း နောက်ဆုတ်ပေးသည် ။

နောက်သို့ အဆက်မပြတ်ဆုတ်ပေးနေရကား ယင်းကြီး၏ ခြေလှမ်းများမှာ ပြေးဝင်သည့်အဆင့်ထိ မြန်ဆန်လာ၍ ၊ ခြောက်ပေအကွာသို့ရောက်သည့်အခါ ၎င်းကြီးသည် ထက်မြနေသော လက်သည်းရှည်ကြီးများကို ဘေးသို့ဖြန့်ကြက်လျက် လီယိုနာ့ဒ်ကို ခုန်အုပ်ချလိုက်လျှင် ၊ သူကလည်း ဤသည်ကို မရှောင်ဘဲ ရှေ့ကရန်သူကို နောက်ကျောပေးလိုက်ပြီးနောက် ယန္တရားဓားကြီးကို ပခုံးပေါ်သို့ထမ်းတင်ကာ နောက်သို့ ပင့်ထိုးချပစ်လိုက်၏ ။

လူးသို့(စ်)ကြီး၏ လက်သည်းချွန်ဆယ်ချောင်းလုံးက သူ့ပခုံးနှစ်ဖက်လုံးကို ဆွဲကုတ်လိုက်သဖြင့် တချို့သော လက်သည်းချွန်များက ချပ်ဝတ်နှစ်ခုကြားသို့ဝင်၍ ကြွက်သားတုများကိုပင် ဖောက်သွားပြီး ပခုံးသားထိထိုးစိုက်မိလေရာ ၊ သူ့ပခုံးတစ်လျှောက်လုံး စူးနစ်နာကျင်သွားလေ၏။ တစ်ချိန်တည်းမှာပင် သူ၏ယန္တရားဓားကြီးကလည်း အရှိန်နှင့်ခုန်ဝင်လာသော လူးသို့(စ်)ကြီး၏ ဘယ်ဘက်ရင်အုံကို ထုတ်ချင်းပေါက် စိုက်ဝင်သွားလေပြီ ။

“မင်းက ငါ့ပခုံး ။ ငါက မင်းနှလုံး”

ဟု သူ တီတိုးရေရွတ်လိုက်၏ ။ နဂါးဟူသည် မာကျောလှသော အကြေးခွံများကို ပိုင်ဆိုင်ထားသည့်အလျောက် ၊ တိုက်ပွဲအတွင်း၌ ရန်သူ၏ တန်ပြန်တိုက်ခိုက်မှုအားလုံးကို ရှောင်တိမ်းရန်မလို ။ ကိုယ့်ဘက်ကသာ အမြတ်ထွက်မည်ဆိုပါက သူတစ်ချက် ကိုယ်တစ်ချက်လည်း အထိခံတိုက်ရမည် ။ အနာခံခုတ်ရမည်။ ဤသည်ကား နဂါးသူရဲကောင်းများကို စစ်နတ်ဘုရား အက်(စ်)မန်းဒက်(စ်)က သင်ကြားပေးခဲ့သော နတ်နဂါး၏အသွင် ခုနစ်မျိုးထဲက စတုတ္ထအသွင် “နဂါးအကြေးခွံ” တိုက်ကွက်ပေတည်း (Divine Dragon’s Fourth Form “Dragon Scale”) ။

“အား … ဂါး …”

သူ့ခေါင်းပေါ်က ထွက်လာသည့် မချိမဆန့်အော်သံကြီးကား ဘေးကတိုက်ပွဲသံများကိုပင် ဖုံးလွှမ်းသွား၏ ။ သူ့နားများလည်း အူထွက်သွား၏ ။ ယင်းကြီး၏ ခမောက်ကြားက ပူပျစ်နေသည့် သွားရည်များလည်း သူ့ခေါင်းပေါ်သို့ ပြိုဆင်းလာ၏ ။ ကုပ်ကြားထဲသို့ တိုးဝင်လာ၏။

သို့သော် မပြီးသေး ။ ၎င်း၌ ဒုတိယနှလုံးကျန်သေးသည် ဟုတွေးလျက်ပင် သူသည် လူးသို့(စ်)ကြီးနှင့် မျက်နှာချင်းပြန်ဆိုင်၍ ၎င်း၏ရင်ဝဝယ် စိုက်ဝင်နေသော ဓားကြီး၏ဓားရိုးကို ဆွဲကိုင်ပြီးနောက် ချင်း၏ပေါင်ကြားကို ဆောင့်ကန်ပစ်လိုက်ရာ ၊ ယန္တရားဓားကြီးမှာ ယင်းကြီး၏ရင်ဝမှ ကျွတ်ထွက်သွားသည့်ပြင် ခန္ဓာကိုယ်ကြီးမှာလဲ ဖွဲအိတ်ကြီးနှယ် လမ်းပေါ်ပြိုကျသွားလေသည်။

သို့သော် ၎င်းကြီးကား ပြန်ထမည့်ဟန်ပြုနေသဖြင့် လီယိုနာ့ဒ်မှာ သင်းကြီးကို ခွနင်း၍ ညာဘက်ရင်အုံကို ဓားဖြင့် ထပ်ဆင့်ထိုးစိုက်ချလိုက်သောအခါမှ ၊ အနှီစစ်သည်ကြီး၏ ရင်ဝနှင့် ခမောက်ကြားမှ ကော်စေးသကဲ့သို့ သွေးများစီးကျလာလျက် ၊ တဂီးဂီးအသံကြီးများပြုလျက်နှင့် ငြိမ်သက်သွားလေတော့သည် ။

ညှီနံ့များနှင့်ညှော်နံ့များကား ဟောင်ထနေ၏ ။ ယင်းတို့နှင့်အတူ စူပါစစ်သည် လေးကောင်အနက် ပထမဆုံးတစ်ကောင်မှာလည်း ဇီဝိန်ကြွေလေပြီ ။ ။

*************

All Chapters