Hunt or Be Hunted - Part II
Vol. 1 Ch. 21
သက်ပြင်းချရန် စောလွန်းသေးသည် ။ အခြေအနေကို အကဲခတ်သော် ခြေထောက်ကို အပြီးတိုင်ပြန်ဆက်ပြီးသွားသော လူးသို့(စ်)ကြီးနှင့် ကျန်စစ်ကူ လူးသို့(စ်)နှစ်ကောင် ၊ စုစုပေါင်း စူပါစစ်သည်သုံးကောင်မှာ သူ့ရှေ့သို့ ရောက်လာကြသည့်အတွက် ၊ “တစ်ကောင်ကိုပင် မနည်းတိုက်နေရသောသူသည် သုံးကောင်ကို တစ်ပြိုင်တည်းမတိုက်နိုင် ၊ ဉာဏ်ကိုလွှာသုံးရပေအံ့” ဟုတွေးပြီးနောက် ပတ်ဝန်းကျင်ကို အကဲခတ်ရာ၌ ၊ သူ့ဘေးဝယ် မီးမလောင်သေးသော လက်ဖလက်ဆီ ခြံစည်းရိုးကြီးကို မြင်မိသည့်ပြင် ဟက်(စ်)တန်၏ မှော်တုတ်တံထိပ်ဖျားက လိမ္မော်ရောင် မီးလုံးလေးမှာလည်း ဝင်းပနေပြီဖြစ်သည့်အလျောက်
“ဟေ့ကောင် … မင်းရဲ့ မီးလုံးကို ငါ့ဆီလှမ်းပစ်စမ်း”
ဟု ဆိုလတ်သည်တွင် ၊ ယင်းလေးထံမှ စောဒကတက်သံမကြားရဘဲ သူ့ဆီသို့ လေးပေနီးပါးကြီးသော မှော်မီးလုံးကြီးသာပျံဝဲလာလေသည်။ တစ်ချိန်တည်းမှာပင် လူးသို့(စ်)သုံးကောင်မှာလည်း ပြိုင်တူပြေးတက်လာကြ၏ ။
လီယိုနာ့ဒ်မှာ နောက်သို့ ခြေတစ်လှမ်းဆုတ်၍ ဓားနှောင့်က ပိုမယ်(လ်) (Pommel) ဝိတ်သီးကြီးကို နာရီလက်တံပြောင်းပြန်သဏ္ဌာန် ကိုင်လှည့်လိုက်လေရာ ၊ ယန္တရားနဂါးဓား၏ အသွားကြီးမှာ အပြာဖန့်ရောင် တောက်လာ၏။ ထို့နောက် သူ့ထံသို့ပျံဝဲလာသော ဟက်(စ်)တန်၏ မှော်မီးလုံးကြီးကို ခုတ်ပိုင်းပစ်လေလျှင် ၊ အနှီမီးလုံးကြီးမှာ ဒေါင်လိုက် နှစ်ခြမ်းကွဲထွက်သွားလေသည် ။
ယင်းနောက် ကွဲသွားသော မှော်မီးလုံးကြီး နှစ်ခြမ်းမှာ ဓားပြားကြီး၏ တစ်ဖက်တစ်ချက်တွင် ကပ်နေလေပြီး ၊ တစ်စက္ကန့်အတွင်းမှာပင် မီးတောင်ထိပ်က ချော်ရည်များနှယ် အရည်ပျော်ကျလာ၏ ။ နဂါးခေါင်းခမောက်အတွင်းက သူ့မျက်နှာကိုလည်း အပူလှိုင်းများ ဟပ်လာ၏ ။ သတ္တုတစ်ခု အရည်ပျော်သည့် စူးတူးတူး ထက်မြမြ အနံ့တစ်ခုမှာလည်း ဓားကြီးမှ လှိုင်ထွက်လာ၏ ။
https://mmxianxia.com/wp-content/uploads/2026/04/IMG_6970.webp
၎င်းနောက် လူတစ်ရပ်စာနီးပါးမျှ ကြီးမားသော ယန္တရားနဂါးဓားကြီး၏ ဓားသွားတစ်ခုလုံးမှာ မီးဟုန်းဟုန်းတောက်လာ၍ ၊ အနှီမီးဓားကြီးဖြင့် စူပါစစ်သည်များကို ဝှေ့ယမ်းခုတ်ပိုင်း ပစ်လတ်သရော် ၊ မီးဓားကြီးမှ လခြမ်းသဏ္ဌာန် မီးလှိုင်းကြီးတစ်ခုထွက်လာပြီးနောက် ၊ ရှေ့ကပြေးတက်လာသော လူးသို့(စ်)သုံးကောင်ကို ဝင်ဆောင့်ရာ၌ ၎င်းတို့၏ ကိုယ်များတွင် အပြာရောင်မီးခိုးများ အူထလာရကား ယင်းကြီးတို့၏ ခြေလှမ်းများလည်း ရပ်တန့်သွားကြလေသည် ။
မီးကိုလည်း အာခရီလီယမ်က ကာနိုင်သည် ။ ဤသည်ကား အဖြေမဟုတ် ။ စစ်မှန်သောအဖြေမှာ သူ့ဘေးက ခြံစည်းရိုးကြီးသာ ဖြစ်သည့်အားလျော်စွာ ၊ တိုက်ကွက်အသစ်ကြောင့် ခေတ္တမျှတုံ့နှေးသွားကြသော သင်းတို့ကို အခွင့်ကောင်းယူလျက် လီယိုနာ့ဒ်မှာ မီးဓားအား ဝှေ့ယမ်းလျက် ခြံစည်းရိုးကြီးကို မီးလောင်တိုက်သွင်းတော့သည် ။
မီးခိုးနက်များ အူတက်လာ၏ ။ ထိုနှင့်အတူ အချိုနံ့နှင့်အတူးနံ့ ရောနေသည့် အနံ့စူးစူးကြီးလည်း သူ့နှာခေါင်းတွင်းသို့ တိုးဝင်လာ၏ ။ ထိုစဉ် လူးသို့(စ်)ကြီးသုံးကောင်မှာလည်း သူ့ထံပြေးဝင်လာသော် ၊ သူသည် Dragon Vision ကို ဖွင့်ကာ မီးခိုးထုအတွင်းပြေးဝင်ပြီးနောက် ချင်းတို့ကို မီးဓားကြီးဖြင့် ပြန်လည်ဝှေ့ယမ်းခုတ်ပိုင်း၏ ။ ၎င်းတို့ ပတ်ပတ်လည် ဝိုင်းရန်ကြိုးပမ်းလာလျှင် ပတ်ပြေး၏ ။
မီးခိုးနက်များအတွင်း ဖြစ်နေသည့်အလျောက် ယင်းတို့မှာ သူ့ကို အမိအရထိအောင် မစွမ်းဆောင်နိုင် ။ အလွန်ဆုံးလုပ်နိုင်သည်မှာ လက်သည်းကုတ်ချက်များသာဖြစ်ပြီး ဤသည်တို့မှာလည်း အာမန်တီတိုက် ချပ်ဝတ်ကို တိုးမပေါက် ။ တစ်ချိန်တည်းမှာပင် သူ၏မီးဓားကြီးကား အနီးကပ်တိုက်စရာမလို ။
မီးခိုးများကြား၌နေလျက် အဝေးမှ လခြမ်းသဏ္ဌာန်မီးလှိုင်းများ ထုတ်လွှတ်နေနိုင်သဖြင့် ၊ မီးအကြိမ်ကြိမ်လောင်လာသော ယင်းတို့၏အရေပြားများမှာ မီးခိုးရောင်မှ အနက်ရောင်သို့ ပြောင်းလဲသွားကြလေသည် ။ အာခရီလီယမ်များ အားလုံးအငွေ့ပျံကုန်သဖြင့် အရေပြားအရောင်အမှန် ထွက်ပေါ်လာခြင်းပင် ။ ထို့အတူ သူသည်လည်း မီးခိုးများကြောင့် အသက်ရှူကျပ်လာသဖြင့် ယန္တရားချပ်ဝတ်ကို အမိန့်ပေးကာ အောက်ဆီဂျင်စရှူလေသည် ။
သို့သော် တဖြည်းဖြည်းနှင့် အခြေအနေပြန်ဆိုးလာ၏ ။ အကြောင်းကား မည်မျှပင် မီးခိုးထုတွင်းပြေးဝင် ရှောင်တိမ်းသော်လည်း အချိန်ကြာလာသည်နှင့်အမျှ အနှီလူးသို့(စ်)တို့ကလည်း ပတ်ဝန်းကျင်ကိုကျွမ်းကျင်လာပုံရသည့်အတွက် သုံးယောက်တစ်ယောက် ဝိုင်းညှပ်သည့်ဒဏ်ကို ဆက်လက်ကာ တောင့်မခံနိုင်တော့ဘဲ ၊ တစ်ချီ အလစ်အငိုက်တွင် လူးသို့(စ်)ကြီးတစ်ကောင်က သူ့ကို ဒိုင်ဗင်ပစ်ဖမ်းလိုက်သဖြင့် သူတို့နှစ်ယောက်လုံး လမ်းမပေါ်၌ လုံးထွေးသွားကြပြီး ၊ ကျန်နှစ်ကောင်မှာလည်း အမဲဖျက်ရန် ပြေးဝင်လာလေသည် ။
ထိုကြိုက် ဘေးဘက်၌ ဆိုရင်း(န်)ထိန်းချုပ်ထားသော ပင့်ကူယန္တရားကြီးက ရန်သူယန္တရားရုပ်ကြီး၏ ကိုယ်လုံးပေါ်သို့ တက်ခွ၍ ခြေချောင်း ၆ ချောင်းလုံးဖြင့် ရန်သူ့ခန္ဓာကိုယ်ကို ကုပ်ညှစ်ပစ်လိုက်ရကား ၊ အခွခံထားရသော ယန္တရားရုပ်ကြီးမှာ အကြိမ်ကြိမ် ရုန်းကန်လင့်ကစား ၊ အခါခါ ခါချပေသော်ငြား မရသည့်အဆုံးဝယ် ၊ ၎င်းကြီးသည် မျက်လုံးက ရောင်ခြည်တန်းကြီး သုံးတန်းဖြင့် ဘေးပတ်ဝန်းကျင်ကို ပတ်ထိုးလေတော့သည်။ ထိုအခါ လူ့ပေါင်လုံးမျှတုတ်သော ရောင်ခြည်တန်းကြီးသုံးချောင်းမှာ သူတို့ထံသို့တန်းတန်းမတ်မတ် တိုးဝင်လာ၏ ။
ဤသည်ကား ယန္တရားရုပ်ကို ထိန်းချုပ်သော အေ အိုင် ကြောင်သွားသောကြောင့် ပတ်ရမ်းနေခြင်း။ သို့လင့်ကစား လူးသို့(စ်)ကြီးက သူ့ကို အပေါ်က ဖိချုပ်ထားသဖြင့် မရှောင်နိုင်တော့။ လာမည့်ဘေးကို ပြေးတွေ့ရန် အသက်ကိုသာ တစ်ဆုံးထိရှိုက်သွင်းထားလိုက်တော့သည် ။
“ကျီး … ရွှီး”
“ဂါး …”
ရောင်ခြည်တန်းကြီးမှာ သူတို့နှစ်ယောက်လုံးကို ဖြတ်တောက်သွား၏ ။ သူ့တစ်ကိုယ်လုံး နွေးတက် ကျပ်ညှပ်လာ၏ ။ အာခရီလီယမ် မရှိတော့သော လူးသို့(စ်)ကြီး၏ တစ်ကိုယ်လုံး အရည်ပျော်ကျပြီး သူ့ယန္တရားချပ်ဝတ်ပေါ်၌လည်း အပြာရောင်မီးခိုးများ တထောင်းထောင်း ထလာသည်သာမက ၊ ရောင်ခြည်ကြောင့် အရည်ဖျော်ခံလိုက်ရသော စူပါစစ်သည်ကြီး၏ ခန္ဓာကိုယ်အရည်များမှာလည်း သူ့တစ်ကိုယ်လုံး ရွှဲနစ်လာသည် ။ စေးကပ်လာသည် ။ တူးနက်သွား၏ ။
U I က Acrylium Status ကိုကြည့်သည့်အခါ သူ့ချပ်ဝတ်၌ အာခရီလီယမ် ၃၀% သာကျန်တော့သည် ။ ဂရာဗိုးရက်(စ်)ကြီး၏ ရောင်ခြည်တန်းဒဏ်ကို စက္ကန့်ပိုင်းမျှခံလိုက်ရာမှ ချပ်ဝတ်၏ အာခရီလီယမ် ၇၀% ထိ ဆုံးရှုံးသွားခြင်းပင် ။
ကျန်လူးသို့(စ်) နှစ်ကောင်မှာလည်း သူတို့နှစ်ယောက်အဖြစ်ကြောင့် ပြေးဝင်မလာတော့ဘဲ ၊ နောက်ပြန်ဆုတ်သွားကြ၍ ၎င်းတို့ခန္ဓာကိုယ်များလည်း ယိုင်ထိုးလာကြ၏ ။ ထိုအခါလီယိုနာ့ဒ်က ကုန်းရုန်းထပြီးနောက် ၎င်းတို့အား မီးလောင်နေသော ဓားဦးနှင့် ချိန်ရွယ်လျက် “သင်းတို့က နှစ်ယောက် ၊ ငါကတစ်ယောက် ၊ သို့သော် ငါကဤမီးခိုးကြား၌ အသက်ရှူနိုင်ပြီး သင်းတို့က အသက်မရှူနိုင် ။ တိုက်ဦးမည်လော” ဟုအဓိပ္ပာယ်ပါသော စိန်ခေါ်ဟန်ကို ပြုလေရာ၌ ၊ ယင်းကြီးတို့မှာ ဆက်မတိုက်တော့ဘဲ ထွက်ပြေးကြလေသည် ။
ချင်းတို့နောက်လိုက်ရန် အချိန်မရှိ ။ ဘေးက ဆိုရင်း(န်)၏တိုက်ပွဲကို အဆုံးသတ်ပေးရအံ့ဟု တွေးကာ သူသည် ခြေထောက်က ကြွက်သားတုများထံ စွမ်းအားအကုန် ပို့လွှတ်လျက် နဂါးတစ်ကောင်၏ မာန်အပြည့်ဖြင့် ယန္တရားရုပ်ကြီးနှစ်ရုပ် တိုက်ပွဲဖြစ်နေရာသို့ ပြေးဝင်သွားလေသည် ။ ။
*************
ဆိုရင်း(န်)က ရန်သူဂရာဗိုးရက်(စ်)ကြီး ကို ထိန်းချုပ်ထားနိုင်သဖြင့် လီယိုနာ့ဒ်တိုက်ပွဲတွင်းသို့ ဝင်ရောက်လာသည်နှင့် အခြေအနေမှာ သူတို့ဘက်သို့ လုံးလုံးလျားလျား ရောက်ရှိသွားပြီးလျှင် ၊ သူသည်နောက်တန်းက စိတ်ညှို့ခံများထံသို့ ဖောက်ဝင်၍ တစ်ယောက်ပြီးတစ်ယောက် စတင်သုတ်သင်တော့သည် ။
ဟေဆွန်ဓားနှင့် ဇက်ကိုပိုင်းသော် ခေါင်းပြတ်ထွက်၏ ။ ခေါက်ဒိုင်းကိုဖွင့်၍ မန်းဒရိတ်(ခ်)၏နားရင်းကို ဒိုင်းစွန်းဖြင့် လွှဲရိုက်ပစ်ရာ ခေါင်းခွံတစ်ခုလုံး ကြေမွ၍ မျက်လုံးများ ကျွတ်ထွက်ကုန်၏ ။ ၎င်းတို့ကား ရောင်ခြည်သေနတ်များဖြင့် ပြန်ပစ်၏ ။ သို့သော် ကျန်သေးသည့် အာခရီလီယမ် ၃၀% မှာအလကားထား ထားသည်မဟုတ် ။
လီယိုနာ့ဒ်ကို ထိမှန်သော ရောင်ခြည်တန်းမှန်သမျှ အပြာရောင်မီးခိုးများအဖြစ်သာ ပြောင်းလဲကုန်၏။ သူသည် မန်းဒရိတ်(ခ်)တစ်ယောက်၏ နောက်စေ့ကို ဆွဲကိုင်ကာ သင်း၏မျက်နှာကို ဒူးနှင့်ပင့်တိုက်ပစ်လိုက်လျှင် မျက်နှာတစ်ခုလုံး နောက်စေ့အထိ ကျွံဝင်သွားသည် ။
နောက်ဆုံးဝိုက်ဗန်အမ်းဗိုလ်မှာ တစ်ကိုယ်လုံးကို အာမန်တီတိုက်ချပ်ဝတ်များဖြင့်ကာထားသည် ။ ကိစ္စမရှိ ။ ဟေဆွန်ဓားကိုသိမ်း၍ ယန္တရားဓားကြီးကို လီဗာအပြည့်ဆွဲတင်လျက် ယင်း၏လည်မျိုကို ခုတ်ပိုင်းပစ်သော် ၊ ဒန်းခနဲ မြည်သံကြီးနှင့်အတူ ချင်းကား ငါးပေအကွာသို့ လွင့်စဉ်ထွက်သွားလေသည် ။ လည်ပင်းကိုကာထားသည့် ရမထာသိင်္ဂီ နတ်ကလျာ၏ အရေပြားတော်မှာ ဆေးသာပွန်းသွားသော်လည်း အတွင်းကလူကမူ လည်ပင်းရိုးကျိုးကြေကာ ဇီဝိန်ချုပ်လေပြီ ။
တစ်ယောက်ပြီးတစ်ယောက် သတ်သည် ။ လူတစ်ယောက်ကို သတ်တိုင်း၌ “ငါ့ကိုတိုက်လျှင် တိုက်ဝံ့သူအားလုံး ထိုကဲ့သို့သေရလတ္တံ့” ဟူသော ကြောက်စိတ်ကိုပါ တစ်ပြိုင်တည်းသွင်းရန် အရက်စက်ဆုံးနည်းဖြင့် သတ်သည် ။ အကြမ်းကြုတ်ဆုံးနည်းဖြင့် ချေမှုန်းသည် ။
ယခုအခါ ၎င်းတို့မှာ စိတ်ညှို့ခံထားရသဖြင့်သာ သူ့ကိုပြန်လည် ပစ်ခတ်နေကြခြင်းဖြစ်၍ သာမန်သူများရှေ့တွင် ထိုကဲ့သို့ သတ်ပြလိုက်ပါက ပြန်မတိုက်ရဲတော့ဘဲ ထွက်ပြေးနေလောက်ပြီ ။ ဤသည်ကား နဂါးတစ်ကောင်၏ဗီဇ ။ ခြေတစ်ဖက် ၊ လက်တစ်ဖက်ပြတ်ထွက်သွားတိုင်း ၊ ခေါင်းတစ်လုံးကို ဖြတ်လိုက်ရတိုင်း သူ့စိတ်များပိုမို တည်ငြိမ်လာ၏ ။ ခံစားချက်များလည်း ပိုမဲ့လာ၏ ။ လူကိုလည်း ပိုသတ်ချင်လာ၏ ။
ထိုအခိုက်မှာပင် စိတ်ညှို့ခံလူတစ်ယောက်က သူ့ထံ ပြေးဝင်လာသောကြောင့် အကဲခတ်လိုက်ရာ ၊ ၎င်းမှာသွေးများ ပေလူးနေသော ငွေရောင်စလွယ်ကို ဝတ်ဆင်ထားသည့် ခေါင်းတုံးအဘိုးကြီး ။ ဆက်ဖီဘီယမ် မိန်းမပျိုတစ်ယောက်ကို ကားစင်တင်ခဲ့စဉ်က ပြည်သူများကို မှိုင်းတိုက်ခဲ့သည့် အဘိုးကြီး ။
ယခုတွင်ကား ဤအဘိုးကြီးမှာ မည်သည့်စကားမျှ မဆိုနိုင်တော့ဘဲ ၊ သူ့ဆီသို့ လက်နှစ်ဖက်လုံး ဆန့်တန်းလျက် မျက်လုံးကြောင်များနှင့် ပြေးဝင်လာသည်တွင် ၊ အနားရောက်လာသော် သူကပင် ချင်း၏လည်မျိုကို ဦးစွာဖမ်းညှစ်ပစ်လိုက်၍ ဆွဲမလိုက်လျှင် ၊ သင်းမှာလေပေါ်၌ ခြေကားယားနှင့်ဖြစ်နေ၏။ ယင်းနောက် သူ၏ယန္တရားလက်ကို ကုန်းကိုက်ရန် ကြိုးစားနေသည့်အတွက် နှုတ်ခမ်းကိုမဲ့လိုက်ပြီးနောက် ၎င်း၏နဖူးကို သူ့ဦးခေါင်းဖြင့် ဆောင့်ချလိုက်၏ ။
“ခွပ်”
ခပ်အုပ်အုပ်အသံနှင့်အတူ အဘိုးကြီး၏နဖူးမှ သွေးများဖြာထွက်လာသော်၊ သူသည် ယင်းကို လမ်းမပေါ်သို့ လွှင့်ပစ်လိုက်၏ ။ သို့သော် အဘိုးကြီးက လူးလဲ၍ ပြန်ထလာပြန်ရကား လီယိုနာ့ဒ်မှာ သင်း၏မျက်နှာကို ယန္တရားဖိနပ်ကြီးဖြင့် တက်နင်းပစ်လိုက်တော့သည် ။
“ဂျွတ် … ဂျစ် … ဂျစ် … ဖျစ် … ဖျစ်”
ဦးခေါင်းခွံကို လမ်းမနှင့် ဖိကျိတ်ရာမှ ထွက်လာသော အသံများ ။ ဤနင်းချက်ကြောင့် ခေါင်းတစ်ခုလုံး စိစိညက်ညက်ပြားသွား၏ ။ ဦးနှောက်အဖတ် များလည်း လမ်းပေါ်ဝယ် ပြန့်ကျဲသွား၏ ။ အဘိုးကြီး၏ မျက်လုံးတစ်လုံးမှာ ဦးခေါင်းအကြေများကြားမှ သူ့ခြေဖျားနားသို့ လိမ့်လာ၏ ။ ထို့အတူ သူ့မျက်လုံးများမှာလည်း ပို၍ပင် တောက်ပလာလေတော့သည် ။
စိတ်ညှို့ခံများအားလုံး သေသွားသည့်ပြင် ၊ ရန်သူယန္တရားရုပ်ကြီးမှာလည်း အပေါ်က တက်ခွခံထားရသောကြောင့် ဆိုရင်း(န်)ဂါထာရွတ်ရန် အခွင့်ကောင်းဟု ဆိုနိုင်လင့်ကစား သူ့အမြင်အရ ၊ ယင်းပင့်ကူကြီးမှာ ထိန်းချုပ်ရန်ပင် မတန်တော့သော အဖြစ်သို့ရောက်ရှိနေသည့်အတွက်ကြောင့် ဖျက်ဆီးပစ်ရန်သာ ဆုံးဖြတ်လိုက်သည့်နောက် ၊ သူသည် ကြွက်သားတုများသုံးလျက် ၎င်းကြီး၏ မျက်နှာရှိရာသို့လွှားခနဲ ခုန်ဝင်ပြီး ယန္တရားဓားကြီးဖြင့် မျက်လုံးသုံးလုံး၏ အလယ်ကို ထိုးစိုက်ပစ်လိုက်သဖြင့် ၊ ယင်းကြီး၏ မျက်လုံးများကို ကာထားသော မှန်သားပြင်ပေါ်ဝယ် ပင့်ကူအိမ်သဏ္ဌာန် အက်ကွဲရာကြီးပေါ်လာ၍ ယန္တရားရုပ်ကြီးမှာ ခါယမ်းပေသော်ငြား အပေါ်ကဖိချုပ်ထားသည့် ဆိုရင်း(န်)၏ယန္တရားရုပ်ကြီးကို မကျော်လွှားနိုင်ရှာ ။
၎င်းနောက်သူက ဓားရိုးကလီဗာကို ဆွဲတင်လျက် ဓား၏ဂျက်အင်ဂျင်အားဖြင့် ဂရာဗိုးရက်(စ်)ကြီး၏ မျက်နှာကို ကန့်လန့်ဖြတ် ဆွဲဖြဲပစ်လိုက်သရော် ၊ မျက်လုံးသုံးလုံးနေရာမှ မီးပွါးများပန်းထွက်လာ၏ ။ ဝိုင်ယာကြိုးပြတ်များ ပွင့်ထွက်လာ၏ ။ သံတိုသံစ ၊ မှန်တိုမှန်စများ လွင့်စဉ်လာ၏ ။ နောက်ဆုံး တကျွီကျွီအသံများ အော်မြည်သံနှင့်အတူ ပင့်ကူယန္တရားကြီးမှာ ခြေထောက်များ ညွတ်လာ၍ လမ်းပေါ်တွင် အရုပ်ကြိုးပြတ် ပုံကျသွားတော့သည် ။
https://mmxianxia.com/wp-content/uploads/2026/04/1356AB73-445C-46D1-87BC-535A4B76232A.webp
ဘေးကတိုက်ပွဲသံများ အားလုံးလည်း ငြိမ်ကျသွားလေပြီ ။ ထိုကြိုက် ဆိုရင်း(န်)မှာ ဝူးလို့(စ်)ကြီးကိုစီးလျက် ၊ ဟက်(စ်)တန်မှာမူ ခြေလျင်လျှောက်လျက်ပြေးလာ၍ အနားရောက်လျှင် သူ(မ)မှာ ငြိမ်သက်နေပြီဖြစ်သော ဂရာဗိုးရက်(စ်)ကြီးကို တစ်လှည့် ၊ လီယိုနာ့ဒ်ကို တစ်လှည့်ကြည့်ပြီးနောက် နှုတ်ခမ်းစူကာ
“လီယိုနာ့ဒ်ကြီး ဘာဖြစ်လို့ ဖျက်ဆီးပစ်ရတာလဲ ။ ငါပြန်ထိန်းချုပ်လို့ ရတယ်လို့”
“ပြန်ထိန်းချုပ်လည်း သုံးမရတော့ဘူး အော်ရကယ်ချုပ်”
ထိုအခါ သူ(မ)က ခြေတစ်ချက်ဆောင့်၍
“သုံး … သုံးမရလည်း ဘာဖြစ်လဲဟာ ။ အနည်းဆုံး ပြန်ထိန်းချုပ်လိုက်ရင် သူအသက်ရှိနေဦးမှာကို ။ ဘာဖြစ်လို့ အသုံးကျတယ် မကျဘူးနှင့် တန်ဖိုးဖြတ်နေရတာလဲ … အခုတော့သေရှာပြီ … နောက် … နောက်တစ်ခါ အဲလိုလက်လွတ်စပယ် မသတ်နှင့်”
ဟုဆိုသောကြောင့် နဂါးခမောက်တွင်းက သူ့မျက်ခုံးများ အနည်းငယ်ပင့်တက်သွားရသည် ။ အော်ရကယ်ချုပ်ကို ကြည့်ရသည်မှာ ယန္တရားရုပ်များကို သာမန်ထက်ပိုသော သံယောဇဉ်ရှိနေပုံ ။
“မှန်ပါ … နောက်ဆင်ခြင်ပါ့မယ် အော်ရကယ်ချုပ်”
ဟုဆိုလိုက်သောအခါမှ သူ(မ)၏ မျက်နှာလေးမှာ ပြန်လည်ရွှင်ပျလာလေသည် ။ ကြာကြာစိတ်ဆိုးတတ်ပုံလည်း မပေါ် ။ ၎င်းနောက် ချင်းလေးမှာ နှာခေါင်းကို လက်ညှိုး ၊ လက်မနှင့် ဖိပိတ်လိုက်၍
“စကားမစပ် … လီယိုကြီး … ဒီတိုက်ပွဲပြီးတာနှင့် ရေချက်ချင်းချိုး”
ဟုဆိုသောအခါမှ သူ့တစ်ကိုယ်လုံး၌ အရည်ပျော်ကျသွားခဲ့သော လူးသို့(စ်)ကြီး၏ ခန္ဓာရည် ( Body Fluid ) များနှင့် နံဟောင်နေသည်ကို သတိထားမိသွားသည် ။ သူတစ်ပါးကို ဝေဖန်နေသော ကလေးမလေးကိုယ်တိုင်မှာလည်း ခေါင်းတုံးပေါ်က ချွေးစက်များမှာ မေးစေ့ထိသို့ တစ်စက်ပြီးတစ်စက် စီးကျနေသည့်ပြင် မျက်နှာတစ်ခုလုံးလည်း ဆီများ မြေကြီးအနှစ်များနှင့် ပေတူးနေလေ၏။
ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း ခြေပြတ်လက်ပြတ်များ ၊ ခန္ဓာကိုယ်တစ်ဝက် အရည်ပျော်ကျနေသော အလောင်းများ ပြန့်ကျဲနေပြီး မီးခိုးများလည်း အူထနေသဖြင့် ကောင်းကင်ကိုပင် ကောင်းကောင်းမမြင်ရတော့ချေ ။
မျက်လုံးဘေးက U I ကိုအကဲခတ်လေရာ ယန္တရားချပ်ဝတ်၏ ဘက်ထရီမှာ ၄၀% သာကျန်တော့ပြီး ဟေဆွန်ဓားကိုလည်း ၁၀ ချက်သာ ခုတ်နိုင်တော့မည်ဟု ပြနေလေသည် ။ မော်ဒယ်နိမ့် ချပ်ဝတ်ဖြစ်သည့်အတွက် တိုက်ပွဲတစ်ခုပင် လုံးလုံးလျားလျားမပြီးသေး ၊ ဘက်ထရီက မနိုင်တော့ပေ ။
ထိုစဉ်မီးခိုးများကြားက ဆယ်ယောက်ခန့်ရှိသော မန်းဒရိတ်(ခ်)များမှာ သူတို့ဆီသို့ ပြေးလာကြ၍ ၊ ဆိုရင်း(န်)ကိုမြင်လျှင်
“ဟာ … အော်ရကယ်ချုပ် … ကျုပ်တို့ဘက်မှာ အော်ရကယ်ချုပ်နှင့် နဂါးသူရဲကောင်းတစ်ယောက် ရှိနေပါလား ။ ဒါကြောင့်ခုနက မိစ္ဆာလေးကောင်ကို ကျုပ်တို့ရှင်းပစ်နိုင်ခဲ့တာ … အက်(စ်)မန်းဒက်(စ်)ရဲ့ ကျေးဇူးတော်ကြီးလှပါ …”
“ဟေ့ကောင်တွေ တော်တော့ … လေးကောင်ထဲက နှစ်ကောင်ထွက်ပြေးသွားတယ် ။ ပြီးတော့ မင်းတို့ရဲ့ ထိန်းချုပ်ဌာနက ဘယ်မှာလဲ”
သူဝင်ဟန့်လိုက်သော အခါမှ မန်းဒရိတ်(ခ်)တစ်ယောက်က
“ဂိုဒေါင်အောက် မြေအောက်ခန်းထဲမှာပါ သူရဲကောင်း”
“မင်းတို့အပေါ်တက်လာတော့ အောက်မှာ အစောင့်ထားခဲ့တဲ့ သူတွေရှိတယ်မလား ။ မင်းတို့အခု ဆက်သွယ်ကြည့်စမ်း”
ထိုအခါ၎င်းက နားထင်ကို လက်နှစ်ဖက်ဖြင့် ထောက်နေပြီးနောက် တဒင်္ဂမျှကြာသရော် မျက်နှာတစ်ချက် ပျက်သွားလေသည် ။
“မ … မရတော့ပါဘူး သူရဲကောင်း”
“ဒါဆို တိုက်ပွဲမပြီးသေးဘူး … ငါတို့ဂိုဒေါင်အောက်ကို ဝင်ရလိမ့်မယ် ။ ဟက်(စ်)တန် မင်းရဲမှော်ပညာကို အခုစစုတော့ အောက်မှာ အန္တရာယ်ရှိတယ်”
ဟုဆို၍ သူတို့နှင့်မန်းဒရိတ်(ခ်) ဆယ်ယောက်တို့မှာ ပြိုကျနေသော အမိုးများ ၊ နံရံများကို ဖယ်ရှားပြီးနောက် လေးထောင့်သဏ္ဌာန် အပေါက်ကြီးမှတစ်ဆင့် ဂိုဒေါင်ကြီး၏ မြေအောက်ခန်းရှိရာသို့ ဆင်းလာကြလေ၏ ။ ယခုအခါ ၎င်းကြီးတို့၌ အာခရီလီယမ် ( Acrylium ) မရှိတော့ ။ ထို့ကြောင့် ရောင်ခြည်ဓားနှင့် ရောင်ခြည်သေနတ်တို့မှာ ချင်းတို့ကို ကောင်းကောင်းကြီး ဒုက္ခပေးနိုင်တော့မည် ။
ထို့ကြောင့်လည်း သူသည် ဘယ်ဘက်လက်၌ တပ်ဆင်ထားသော ခေါက်ဒိုင်းကိုဆွဲချွတ်ပစ်လိုက်၍၊ ဟေဆွန်ဓား နောက်တစ်လက်နှင့် အစားထိုးလိုက်လေရာ၊ သူ၏လက်နှစ်ဖက်လုံးမှာ ရောင်ခြည်ဓားနှစ်လက်နှင့် ဖြစ်သွားလေသည်။ အာခရီလီယမ် မကျန်တော့သော ဒိုင်းထက် နောက်ဓားတစ်လက်က ပိုအသုံးကျသည် မဟုတ်ပါလား။ မည်သို့ပင်ဆိုစေကာမူ သူ့စိတ်တွင်း၌ကား ခံစားချက်များကို ဖဲ့ထုတ်ထားသူပမာ တည်ငြိမ်နေဆဲ ။ ။
************
မြေအောက်ခန်းကြီးကား အပေါ်ဂိုဒေါင်နှင့်လားလားမျှ မဆိုင်တော့ ။ အခန်းတွင်း၌ မီးစိမ်းလေးများနှင့် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော တိုင်လုံးသဏ္ဌာန် ယန္တရားကြီးများရှိနေ၍ ၊ အခန်း၏ အလယ်ဗဟိုတွင်မူ အပြာရောင်သလင်းတုံးလေး တစ်တုံးသာ ပျံဝဲနေသောကြောင့် အခန်းထောင့်များမှာ အမှောင်ကျနေပြီး ၊ ထိုသလင်းတုံးလေး၏ မှိန်ပျပျ မီးပြာရောင်အောက်ဝယ် ခြေပြတ် ၊ လက်ပြတ် ၊ ခေါင်းပြတ်များနှင့် ခန္ဓာကိုယ်အပိုင်းအစများမှာ သွေးအိုင်အတွင်း မွစာကြဲနေသည့်ပြင် ၊ တစ်ခန်းလုံးမှာလည်း သွေးညှီနံ့များ တထောင်းထောင်းထနေလေရာ ၊ ဟက်(စ်)တန်၏ မှော်တောင်ဝှေးပေါ်က လိမ္မော်ရောင် တေဇောဓာတ်လုံးလေးမှာ တုန်ခါလာပြီး
“ဒ … ဒါ … လူကြီးလူကောင်းတွေရဲ့ လုပ်ရပ်မဟုတ်ဘူး … ဟေ့ … ဟေ့ကောင် … ငါ့ … ငါ့ကိုလာရင်ဆိုင်”
ဟု လှမ်းအော်လေသည် ။ ၎င်း၏လေသံကိုကြားရသည်မှာ မကြာမီသေးထွက်ကျတော့မည့် ကောင်လေးတစ်ယောက်နှယ် ။ မန်းဒရိတ်(ခ်) တစ်ယောက်ကမူ
“အော်ရကယ်ချုပ်ကို ကာကွယ်ကြ”
ဟုအမိန့်ပေးလျှင် ကျန်ဆယ်ယောက်မှာ ဆိုရင်း(န်)နှင့်ဟက်(စ်)တန်ကို ဝိုင်းလိုက်ကြလေသည် ။ သေချာပါသည် ။ သည်နေရာ၌ သင်းတို့ရှိနေသည် ။ သူတို့ကို အမဲလိုက်ရန် အကွက်ကောင်းကို စောင့်နေကြသည် ။ သို့သော် မည်သူက မုဆိုး ၊ မည်သူက သားကောင်နည်း ။ သေချာသည်ကား ဤနေရာက သားရဲတွင်းတစ်ခု ။
ထိုစဉ်အမှောင်ထုတစ်နေရာမှ လူးသို့(စ်)ကြီးတစ်ကောင်မှာ မန်းဒရိတ်(ခ်) ယောက်ထံသို့ ဝုန်းခနဲ ခုန်ဝင်လာရာ၌ အသင့်ပြင်ထားသော မန်းဒရိတ်(ခ်)ကလည်း ရောင်ခြည်သေနတ်ဖြင့်ပစ်လိုက် လေလျှင် ၊ အနက်ရောင် အရိပ်ကြီးမှာ သူတို့ရှေ့မှာပင် မြူမှုန်အလားပျောက်ကွယ်သွား၏ ။
“ဟာ … ဒါ … ဒါဘာလဲ … မင်းတို့မြင်လိုက်ကြလား”
“မြင်လိုက်တယ် … ဒါအတုလား … အစစ်လား”
ထိုအခိုက်၌ လူးသို့(စ်)ကြီးနှစ်ကောင်က ယန္တရားတိုင်လုံးကြီး၏နောက်မှ ထွက်လာကြပြီး ၊ မန်းဒရိတ်(ခ်) တစ်ယောက်ကို ပြိုင်တူခုန်အုပ်လိုက်သောကြောင့် အနှီမန်းဒရိတ်(ခ်) သာမက ကျန်မန်းဒရိတ်(ခ်)များကလည်း ယင်းတို့နှစ်ကောင်ကို ဝိုင်းပစ်သည်တွင် ၊ စူးစူးဝါးဝါးအော်သံတစ်ခုနှင့်အတူ ယင်းစူပါစစ်သည်ကြီး နှစ်ကောင်မှာလည်း ခုန်အုပ်လျက်ပင် ပျောက်ကွယ်သွားပြန်၏ ။
သို့သော် ထွက်လာခဲ့သည့် စူးစူးဝါးဝါးအော်သံမှာ ခုန်အုပ်လိုက်သည့် အကောင်ကြီး နှစ်ကောင်၏ ဆန့်ကျင်ဘက်နေရာ ၊ သူတို့၏နောက်ကျောမှ ထွက်လာသောကြောင့် သူတို့အားလုံးလှည့်ကြည့်လိုက်သည့်အခါ ၊ မန်းဒရိတ်(ခ်) ယောက်မရှိတော့ပေ ။ ကြမ်းပြင်၌ သွေးစွတ်ကြောင်းကြီး နှစ်ခုသာကျန်ခဲ့ပြီး ယင်းသွေးစွတ်ကြောင်းကြီးများက အမှောင်ထုထဲသို့ တန်းတန်းမတ်မတ် ။
“အား … အားး … ငါတို့ကို လှည့်စားနေပြီး … ငါ့မျက်လုံးတွေ”
မန်းဒရိတ်(ခ်)များ၏အသံကား သွေးရူးသွေးတန်း ။ ထိုစဉ် လူးသို့(စ်)သုံးကောင်တိတိမှာ လီယိုနာ့ဒ်ထံ ခုန်ဝင်လာသဖြင့် သူလည်း ရောင်ခြည်ဓားနှစ်လက်လုံးကို ပြိုင်တူထုတ်ကာ နှစ်ကောင်ကို ခုတ်ပစ်လိုက်သည်တွင် ၊ ထိုနှစ်ကောင်လုံး ကမြူမှုန်အဖြစ် ပြောင်းလဲသွား၍ ကျန်တစ်ကောင်ကမူ သူ့ရင်ဝကို လက်သည်းရှည်များဖြင့် ကုတ်ဆွဲလေရာ ၊ ဤကုတ်ချက်ကို မရှောင်နိုင်တော့သောကြောင့် တိုက်ရိုက်သာ ခံပေးလတ်သော် ၊ ထန်းခနဲ အသံကြီးနှင့်အတူ သူ့ရင်ဝယန္တရားချပ်ဝတ်ပေါ်၌ မီးပွါးများ ပွင့်ထွက်လာ၏ ။
သုံးကောင်အနက် နှစ်ကောင်ကအတု ၊ တစ်ကောင်ကအစစ် ။ အတုနှစ်ကောင်ကို ရောင်ခြည်ဓားနှင့် ခုတ်လိုက်သဖြင့် ဟေဆွန်ဓားကို နောက်ထက် ( ၈ ) ခါသာ သုံးနိုင်တော့မည် ။
ထိုကြိုက် သူ့နောက်တွင်လည်း အကောင်နှစ်ဆယ် ( ၂၀ ) နီးပါးခန့်ရှိသော လူးသို့(စ်)ကြီးများ ယန္တရားတိုင်လုံးများကြားမှ အုံလိုက်ကျင်းလိုက်တက်လာလေလျှင် မန်းဒရိတ်(ခ်)များက ဝိုင်းပစ်ကြသော်လည်း ပစ်ခံရသော လူးသို့(စ်)များမှာ မြူမှုန်များအဖြစ် အသွင်ကူးကုန်၏ ။ ရောင်ခြည်သေနတ်သံများ ၊ မချိမဆန့်အော်သံများတစ်ခန်းလုံး ခေတ္တမျှဖုံးလွှမ်းသွား၍ ၊ အသံများပြန်ငြိမ်သွားသရော် စစ်သားလေးဦးခန့်မှာ လည်ပင်းများပြတ်နေလျက် အသက်ငင်နေကြလေပြီ ။ အပြာရောင် သလင်းတုံးရောင်အောက်၌ သွေးများက နီစွေးလျက် ။
“အော်ရကယ်ချုပ် … ခွီး … ခွီး … ကျွန်တော်တို့ စစ်နတ်ဘုရား အပေါ် သစ္စာစောင့်သိကြောင်း ပြောပေး … ခွီး …”
လည်ပင်းပြတ်က သွေးများလျှံကျနေကာ ဆိုရင်း(န်)လက်တွင်းမှာပင် ဇက်ကျိုးသွားလေ၏ ။ ထိုအခါ ဟက်(စ်)တန်က အားခနဲ ထအော်၍ မှော်တောင်ဝှေးကို မြှောက်လျက်
“ဟေ့ကောင်ကြီး … မင်းကိုငါသတ်မှာ … ငါ့ရဲ့လေဒီအော်ရကယ်ကို မထိခင်ငါ့ကိုရင်ဆိုင် … အား … ရူဒ”
“ဟက်(စ်)တန် နင်ရူးနေလား ။ နင့်မှော်ပညာကို ကိုင်ထားစမ်း ။ နင့်ဟာက သေနတ်တွေလို လက်ညှိုးကွေးတာနှင့် ထွက်တာမဟုတ်ဘူး ။ တစ်ခါသုံးဖို့ အကြာကြီး စုနေရတာကို ဒါမျိုးတွေလျှောက်မလုပ်နှင့်”
ခေါင်းတုံးမလေးက အလောင်းကို ဘေးချ၍ ဟက်(စ်)တန်ကို ဝင်ဆွဲသောကြောင့် အခြေအနေကား ဝရုန်းသုန်းကား ။ ကျန်သော မန်းဒရိတ်(ခ်)များ၏ ရောင်ခြည်သေနတ်ကိုင်ထားသော လက်များမှာလည်း တုန်ယင်နေရကား သူလည်းအံကိုကြိတ်လျက် မာတိုရို၏စကားများပြန်လည်ကြားယောင်လာလေ၏ ။
“ဒီကောင်ကြီးတွေရဲ့ ကုပ်ကနေ အမှုန်တစ်မျိုး လွှတ်နိုင်တယ် ။ အဲအမှုန်ကို ရှူမိရင် ခင်ဗျားတို့ မြင်ရကြားရတာတွေကို တစ်ခုမျှမယုံနှင့်တော့”
သူတို့အားလုံး ထိုအမှုန်များကို ရှူခဲ့ခြင်းသာ ။ ယန္တရားချပ်ဝတ်တွင်းက အောက်ဆီဂျင်ကိုလည်း အပေါ်ထပ်၌ တိုက်ခဲ့စဉ်က အကုန်သုံးခဲ့ပြီးဖြစ်သောကြောင့် ယခုအခါသည်ကား ကိုယ့်အာရုံက ကိုယ့်ကိုပြန်သစ္စာဖောက်နေသော အခြေအနေ ။
တုံ့ဆိုင်းနေပါက တစ်ယောက်ပြီးတစ်ယောက်ပြင် နောက်ဆုံး အော်ရကယ်ချုပ်ပါ အသက်ဆုံးသွားနိုင်သည့် အခြေအနေ ။ မည်ကဲ့သို့လုပ်ရမည်နည်း ။ ဘေးဘီကိုကြည့်သော် ပိတ်မှောင်နေသည့် အခန်းထောင့်များက သူ့ကိုကျီစားနေသယောင် ။ ဆိတ်ငြိမ်နေကြသော ယန္တရားတိုင်လုံးကြီးများကလည်း သူ့အသိစိတ်ကို တစ်စတစ်စ လုယူနေသယောင် ။ မကြာမီ ၎င်းတို့ဘက်က နောက်ဆုံးအချီ လာရော့ပေအံ့ ။ မာယာစစ်တပ်ကြီး ချီပေတော့လတ္တံ့ ။
အနှီအချင်းအရာကို ရင်ဆိုင်ရန်ကား တစ်နည်းသာ ရှိတော့သည့်အလျောက် လီယိုနာ့ဒ်မှာ မျက်လုံးကို စုံမှိတ်လိုက်၏ ။ ဟေဆွန်ဓားကို ပြန်သိမ်းပြီးနောက် လက်နှစ်ဖက်ကို ကြက်ခြေခတ်သဏ္ဌာန်ထားလိုက်၍ ခြေနှစ်ဖက်ကိုလည်း ကွေးလိုက်၏ ။ ပင့်သက်တစ်ချက်ကိုရှိုက်လျက် ပစ္စုပ္ပန်မှ တဒင်္ဂမျှ ထွက်ခွါလိုက်သည့်အခါ ၊ သူ့ဘေးဝယ် အရာရာအားလုံး အမှောင်ကျသွားလေတော့သည် ။
ယခုအခါ လီယိုနာ့ဒ်သည် ထိုအခန်းတွင်း ရောက်မနေတော့သကဲ့သို့ သူကလည်း သူမဟုတ်တော့ ။ သူသည် မိုးပေါ်မှကျလာသည့် ရေစက်ကလေးတစ်ခုဖြစ်သွား၍ သူ့အောက်၌ကား ရေကန်ကြီးတစ်ကန် ရှိနေပြီး ၊ အကြင်ရေကန်အတွင်းဝယ် လုံးဝန်းနေသော အဝါရောင်လပြည့်ဝန်းကြီးတစ်ခုက စောင့်ကြိုနေ၏ ။ သူသည် ရေကန်အတွင်းသို့ ထိုးဆင်းနေလျက် စစ်နတ်ဘုရား အက်(စ်)မန်းဒက်(စ်)၏ အဆုံးအမများကို ပြန်လည်ကြားယောင်နေလေသည် ။
“ဒီဓားကွက်ကို ကျင့်နေရင်း သူ့အကြောင်းတွေကို သင်မေ့လာလိမ့်မယ် အသင်လူသား ။ သူဟာဖမ်းဆုပ်ဖို့ ကြိုးစားတိုင်းမှာ ပျောက်ကွယ်နေမယ် ။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သူဟာ သင့်အနားမှာ အမြဲရှိနေလိမ့်မယ် ။ အလိုအပ်ဆုံး အချိန်တိုင်းမှာ အသင့်ဖြစ်နေလိမ့်မယ် ။ ဒီဝိရောဓိ ( Paradox ) ကို အောင်နိုင်တဲ့အချိန်ဟာ သတ္တမအသွင်ကို သင်တစ်ဖက်ကမ်းခပ် တတ်တဲ့ အချိန်ပေပဲ”
ရေကန်ကြီးနှင့်သူမှာ နီးသည်ထက် ပိုနီးလာသကဲ့သို့ ကျစ်ကျစ်ပါအောင်ဆုပ်ထားသော လက်သီးများလည်း ပြေလျော့လာ၏ ။ နှုတ်မှလည်း
“My mind is Mirage . My Blade … Empty . All Forms … Nothing”
ဟု တီတိုးရေရွတ်လေကြိုက် ၊ သူဟူသော ရေစက်လေးမှာ လရိပ်ကြီးတည့်တည့်ရှိရာ ရေကန်မျက်နှာပြင်ပေါ်သို့ ပြုတ်ကျသွားသည့်အခါ လပြည့်ဝန်းကြီးမှာ လူးသို့(စ်)ကြီးအဖြစ် ပြောင်းလဲသွား၍ သူ့ကိုခုန်အုပ်လာ၏။ ဤသရော် ကြတ်ခြေခတ်ထားသော သူ့လက်နှစ်ဖက်လုံးမှာလည်း ပြိုင်တူ လှုပ်ရှားသွားပြီး ထိုလှုပ်ရှားသွားသော လက်နှစ်ဖက်မှလည်း ရောင်ခြည်ဓားနှစ်လက် အပြိုင်ထွက်လာလေသည် ။ ( ၆ ခါ ကျန် )
သို့သော် ဤသည်ကား ဓားမဟုတ်သကဲ့သို့ ၊ သူကလည်း သူမဟုတ် ။ သူသည်ကားဓား ၊ ဓားသည်ကသူ ။ သူနှင့်ဓား တစ်သားတည်းကျသွားလေခိုက်၊ ရေကန်မျက်နှာပြင်ပေါ်တွင်လည်း ရေစက်လေးကျသွားကာ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ကြက်ခွပ်လှိုင်းလေးများဖြင့် လူးခတ်သွားလေပြီ ။
“ရွှီး … ဂီး …. ဂါး …”
ထိုအော်သံကြီးကြောင့် မျက်လုံးပြန်ဖွင့်လိုက်သည့်အခါ ၊ သူ့ရှေ့၌ သူ့အား အုပ်မိုးထားသော လူးသို့(စ်)ကြီးမှာ ခါးတစ်ပိုင်းလုံး လုံးလုံးလျားလျား စပြတ်နေကာ ၎င်း၏ ခန္ဓာကိုယ်အပေါ်ပိုင်းက လေပေါ်သို့မြောက်တက်နေပြီး ၊ အောက်ပိုင်းခန္ဓာကြီးကမူ ဒူးနှစ်ဖက်လုံး စထောက်နေ၏ ။ ခါးပြတ်က ပန်းထွက်နေသော သွေးထုကြီးလည်း သူ့ထံသို့ ချီတက်လာ၏ ။ အရာရာအားလုံးကား အနှေးပြကွက်များအလား ။
https://mmxianxia.com/wp-content/uploads/2026/04/F71912A7-3BE1-45B3-B8B0-80B12D7DA750.webp
ဤသည်ကား လွင့်မျောသွားသည့် အခိုက်အတန့် ။ ဤသည်ကား သမာဓိတို့၏အစ ၊ ဥဒ္ဒိစ္စတို့၏အလွန် ။ ဤသည်ကား မာယာမြူထုကို ပညာအမြင်ဖြင့်ခွင်းသည့် “နတ်နဂါး၏ သတ္တမအသွင် : အသွင်မဲ့ဝိရောဓိ ၊ ရေကန်ထဲကလရိပ် ဓားဆွဲကွက်” (Divine Dragon’s 7th Form: Formless Paradox , Moonlit QuickDraw) ပေတည်း ။
“ဝုန်း … ဗွမ်း”
ခန္ဓာနှစ်ပိုင်းလုံး ကြမ်းပြင်ပေါ်က သွေးအိုင်ထဲ ပစ်ကျသည် ။ ယင်းနောက် ချင်းကြီးမှာ ဗိုက်အောက်က အာရုံကြောမျှင်ကြီးများကို ထုတ်လျက် အောက်ပိုင်းနှင့် ပြန်ဆက်ရန်ကြိုးစားနေသရော် ၊ သူလည်း အနှီခါးပြတ်ပေါ်သို့ တက်ခွပြီး ဟေဆွန်ဓားနှစ်လက်လုံးဖြင့် ယင်း၏ ရင်အုံနှစ်ဖက်လုံးကို ပြိုင်တူထိုးစိုက်ပစ်လိုက်သောအခါမှ ၊ ၎င်းကြီးမှာ တဂီးဂီးတဂဲဂဲ အော်သံကြီးနှင့်အတူ သတ္တုခမောက်ဆောင်းထားသော ဦးခေါင်းကြီးမှာလည်း ဆန့်ခါ ငင်ခါနှင့် ဖြစ်လာ၍ တဒင်္ဂမျှအကြာ၌ ငြိမ်သက်သွားလေတော့သည် ။ စူပါစစ်သည်ကြီးတစ်ကောင် ဇီဝိန်ထပ်ကြွေလေပြီ ။ ( ၄ ချက်ကျန် )
သို့လင့်ကစား တစ်ဘက်က မန်းဒရိတ်(ခ်)များအားလုံးကို သတ်ပြီးသွား၍ ၊ သူ့ထံသို့ပြေးဝင်လာသော လူးသို့(စ်)ကြီးကိုမူ မတုံ့ပြန်နိုင်တော့။
“ဝုန်း”
ပခုံးနှင့်ဝင်ဆောင့်ချက်ကို သူမရှောင်တိမ်းနိုင်တော့ဘဲ တစ်ကိုယ်လုံး အောင့်တက်သွားကာ ကြမ်းပြင်ပေါ်သို့ နှစ်ပတ်မျှလိမ့်ထွက်သွားသည်သာမက ယန္တရားဓားလည်း အလောင်းပုံကြားထဲသို့ လွင့်စဉ်သွားလေသည် ။
ပြန်ထမည်အပြု ၊ ၎င်းကြီးက သူ့ကိုယ်ပေါ်တွင် တက်ခွကာ နဂါးခေါင်းခမောက်ကို လက်ကြီးဖြင့် ဆုပ်ကိုင်ပြီးနောက် သူ့လည်မျိုကိုချိုးရန် ကြိုးစားလာရာ၌ ၊ လီယိုနာ့ဒ်ကလည်း လည်ပင်းနေရာက ကြွက်သားတုများထံသို့ စွမ်းအားကုန်ပို့လွှတ်၍ တောင့်ခံလိုက်ပေသော်ငြား ၊ ဘက်ထရီမှာ ၃၇% သာကျန်တော့သည့်အလျောက် ကြွက်သားတုများကို စွမ်းအင်အပြည့်ပေးရန် မစွမ်းသာတော့သည်တွင် ၊ လူးသို့(စ်)ကြီး၏ ခွန်အားက ချပ်ဝတ်၏ကြွက်သားတုများကို အနိုင်ရလာပြီး ကြွက်သားတုများထံမှ တဖျစ်ဖျစ်မြည်သံများပြင် ၊ မီးပွါးများပါ ပွင့်ထွက်လာသကဲ့သို့ သူ့လည်ပင်းမှာလည်း တဖြည်းဖြည်းနှင့် လိမ်လာလေပြီ ။ သူ့လက်နှစ်ဖက်လုံးကိုလည်း ၎င်းကြီးက ဒူးနှင့်တက်ဖိထားသဖြင့် လှုပ်မရ ။
လည်မျိုကို လိမ်ချိုးခံနေရသဖြင့် သူ့ခေါင်းမှာ ညာဘက်သို့ တဖြည်းဖြည်းစောင်းလာသော် ၊ ဘေးရှိ သွေးအိုင်တွင်းက ဝိုက်ဗန်အမ်း၏ ခေါင်းပြတ်တစ်ခုနှင့် မျက်လုံးချင်းဆိုင်မိသွား၏ ။ ခေါင်းပြတ်၏ မျက်လုံးများမှာ ပြူးထွက်နေပြီး ပါးစပ်မှာလည်း ပြဲဟနေသဖြင့် ယင်းကိုကြည့်လျက် သူ့ကျောရိုးတစ်လျှောက်လုံး စိမ့်တက်လာ၏ ။ အကြင်သူကား မသေမီမည်မျှထိ နာကျင်ခဲ့ရသနည်း ။ သူလည်း ယင်းကဲ့သို့ သေရတော့မည်လော ။ သူလည်း စီးတော်ဝူးလို့(စ်)ကြီးနောက်သို့ လိုက်ရတော့မည်လော ဟူသော ဝိသာဒမရဏအတွေးများ ပေါ်ပေါက်လာခိုက်
“ရူဒ”
ဟူသည့် အသံသဲ့သဲ့မှာ သူ့ကိုတက်ခွထားသော စူပါစစ်သည်ကြီး၏ နောက်က ထွက်လာလေသည်။ ယင်းနောက် ဤဆက်ဖီဘီယမ်ကြီးမှာ ကျောကော့သွားပြီးနောက် ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံး မီးများစတင်လောင်ကျွမ်းလာသည့်ပြင် ၊ သူ့လက်ကိုဖိထားသော ဒူးများလည်း အားပျော့သွားလေရာ ၊ အကြင်အခွင့်အရေးကို လက်လွှတ်မခံတော့ဘဲ ဒူးကြားက လက်နှစ်ဖက်လုံးကို ရုန်းထွက်၍ ၎င်းကြီး၏ နံကြားနှစ်ဖက်ကို ရောင်ခြည်ဓားနှစ်လက်ဖြင့် ထိုးစိုက်ပစ်လိုက်သည်တွင် ၊ မီးလောင်နေသောခန္ဓာကိုယ်ကြီးမှာ တွန့်သွားကာ ကြွတက်လာရကား လီယိုနာ့ဒ်မှာလည်း သင်းအောက်မှ ရုန်းကန်လျက် ပြန်ထွက်လာနိုင်လေသည် ။ ( ၂ ချက်ကျန် )
ထိုအခါ ၎င်းကြီးက သူ့နားထင်ကို လက်ဝါးကြီးနှင့် လွှဲရိုက်၏ ။ သင်း၏လက်ကို ရောင်ခြည်ဓားနှင့် ခုတ်ဖြတ်ရန်ကြံ၏။ သို့သော် ဟေဆွန်ဓား ဘက်ထရီမှာ ၂ ချက်ခုတ်စာသာ ကျန်တော့ပြီး ဤနှစ်ချက်မှာ နှလုံးနှစ်ခုကို ဖောက်ပစ်ရန်အတွက် ချန်ထားရမည်ဖြစ်သောကြောင့် ၊ သူသည် ယန္တရားလက်ဖြင့်သာ ချင်းကြီး၏လက်ဖျံကို ဖမ်းကိုင်လိုက်၏ ။
ဤသို့ဖြင့် ခွန်အားချင်း ပြန်ပြိုင်မိကြသရော် ဘက်ထရီကျနေသော ကြွက်သားတုများက ယင်းကြီး၏အားကို မယှဉ်နိုင်ဘဲ သူ့လက်သာ ညွတ်ကျလာစဉ် ၊ လူးသို့(စ်)ကြီး၏ နောက်ကျောကို ဝင်မှန်ပြီးနောက် ဘေးသို့ကန်ထွက်သွားသော မှော်မီးလုံးမှာ အခန်းနံရံကို ဝင်ရိုက်၍ သူတို့နှစ်ယောက်ထံသို့ ပြန်ကန်လာ၏ ။ ၎င်းနောက် သူနှင့်အားချင်းပြိုင်နေသော ဤလူးသို့(စ်)ကြီး၏နံကြားကို ဝင်ဆောင့်လေရာ ၊ သင်းကြီးမှာ အူးခနဲအော်မြည်ကာ ဟန်ချက်ပျက်သွားတော့သည် ။
ထိုအခါ လီယိုနာ့ဒ်က ၎င်း၏ပေါင်ကြားကို ယန္တရားဖိနပ်ဖြင့် ဆောင့်ကန်ပစ်လိုက်၏။ တစ်ကိုယ်လုံးမီးစွဲနေသည့် ခန္ဓာကိုယ်ကြီးမှာလည်း သွေးအိုင်ထဲသို့ ဘိုင်းခနဲလဲကျ၏။ နောက်ဆုံး သူသည် အနှီလူးသို့(စ်)ကြီး၏ကိုယ်ပေါ် ပြန်ခွထိုင်၍ ရင်အုံနှစ်ဖက်လုံးကို ဟေဆွန်ဓားဖြင့် ပြိုင်တူထိုးစိုက်ချ လိုက်လေတော့သည် ။ ( ရောင်ခြည်ဓား ဘတ်ထရီ ကုန်ပြီ )
“အား … အယား … ဂါး … ဂါး …”
တစ်ကိုယ်လုံး မီးလောင်နေသည့်အလျောက် သင်းကြီး၏ အော်သံများမှာ မပီသတော့ဘဲ ပျက်ယွင်းနေသည် ။ ယန္တရားချပ်ဝတ်က အာခရီလီယမ်များအားလုံး အငွေ့ပျံသွားသောကြောင့် မီးလောင်နေသော ရင်အုံကြီးကို ထိထားသည့် သူ့လက်သီးများ ပူခြစ်လာသည် ။ ဤသို့ဖြင့် လူးသို့(စ်)ကြီး၏ နှလုံးနှစ်ခုလုံး အရည်ပျော်ကာ ငြိမ်သက်သွားလေတော့သည် ။
သို့ပေသော်ငြား မီးလောင်သံများ ပိုကျယ်လာ၏ ။ ညှော်နံ့များ ပိုပြင်းလာ၏ ။ သွေးအိုင်ကို နင်းလာသည့်ခြေသံများ သူ့ထံပိုမိုနီးကပ်လာ၏ ။ တိုက်ပွဲမှာကား ပြီးဆုံးသွားလေပြီ ။ ။
*************