← Chapters

အခန်း (၂၅၉၁-၂၅၉၂)

Vol. 200 Ch. 2591-2592

အခန်း (၂၅၉၁-၂၅၉၂)

Vol. 200 Ch. 2591-2592

အဆတစ်ရာစနစ် စာစဥ်(၂၀၀)

အခန်း(၂၅၉၁)

"ကောင်လေး.. ဒီလောက် နှစ်ပေါင်းများစွာအတွင်း ငါ့ရှေ့မှာ ဒီလိုစကားမျိုး ပြောရဲတာ မင်းပထမဆုံးပဲ"

ယွမ်ထျန်းချီက သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေခဲ့သည်။

သူက ဓားကိုပင် မဆွဲထုတ်ရသေးသော်လည်း သူ၏ ပိန်ပါးပါး ခန္ဓာကိုယ်ကနေ ထက်ရှသော ဓားအရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။

တစ်လောကလုံးသည် သူ၏ ဓားအရှိန်အဝါအောက်တွင် ရှိနေပြီး သူ့စိတ်ကြိုက် ပိုင်းဖြတ်နိုင်သလို ဖြစ်နေခဲ့၏။

"ဒီတစ်ကြိမ် အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံက ငြီးငွေ့ဖို့ကောင်းမယ်လို့ ငါထင်ထားပေမဲ့ မင်းလို မဟာယာနအဆင့် ပါရမီရှင် တစ်ယောက် ရှိနေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး"

စကားပြောနေရင်း ယွမ်ထျန်းချီက ကျောဘက်ရှိ ဓားအိမ်ကနေ ဓားရှည် တစ်လက် ထုတ်ယူလိုက်သည်။

ထိုဓားရှည်ထံကနေ ပေရာချီ ရှည်လျားသော ရွှေရောင်ဓားအရှိန်အဝါများ ထွက်ပေါ်နေခဲ့၏။

ယွမ်ထျန်းချီသည် ရွှေရောင်ဓားရှည်ကို ကိုင်ဆွဲကာ ဓားဖျားဖြင့် ကျန်းချန်ကို ချိန်ရွယ်လိုက်ပြီး မထီမဲ့မြင် လေသံဖြင့် ပြောလိုက်သည်။

"တိုက်စမ်း.. မင်းရဲ့ မဟာယာနအဆင့် ပါရမီရှင် ဆိုတဲ့ ခွန်အားကို ငါကြည့်ချင်တယ်"

ထိုစကားကိုကြားလျှင် ကျန်းချန်က ဟွမ်ယွမ်ဓားရေကန် ထဲကနေ ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး လှောင်ပြုံး ပြုံးကာ ပြောလိုက်သည်။

"ငါ့ရဲ့ ခွန်အားကို မြင်ချင်တယ်လား.. မင်းမှာ အဲဒီလောက်ထိ အရည်အချင်း မရှိသေးဘူး"

ယွမ်ထျန်းချီ၏ မျက်နှာက ခက်ထန်သွားခဲ့သည်။

သူ၏ မျက်ဝန်းထဲတွင် ဒေါသရိပ်များ ဖြစ်ပေါ်လာခဲ့၏။

"ဟက်.. လေလုံးထွားရဲတဲ့ကောင်.. သေဖို့သာပြင်ထားလိုက်တော့"

ယွမ်ထျန်းချီက နှာခေါင်းရှုံ့ကာ အေးစက်စက် ရေရွတ်လိုက်ပြီး သူ၏ လက်ကောက်ဝတ်ကို အနည်းငယ် လှုပ်ခါလိုက်ရာ သူ၏ လက်ထဲရှိ ရွှေရောင်ဓားရှည် ထံကနေ ကောင်းကင်တုန်ဟည်းမတတ် ဓားသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

မကြာမီမှာပင် ကျန်းချန်၏ ဦးခေါင်းအထက်ရှိ ဟင်းလင်းပြင်က ရုတ်တရက် ပွင့်သွားခဲ့ပြီး လျှပ်စစ်အလင်းတန်း ကဲ့သို့ ရွှေရောင် ဓားအလင်း တစ်ခု ထွက်ပေါ်လာကာ ကျန်းချန်ဆီသို့ အရှိန်အဟုန်ဖြင့် ကျဆင်းလာခဲ့၏။

ထိုရွှေရောင်ဓားအလင်းတွင် ပါဝင်နေသော ကြောက်မက်ဖွယ် အရှိန်အဝါသည် မြင်ရသူကို စိတ်နှလုံး တုန်လှုပ်စေနိုင်စွမ်း အပြည့် ရှိသည်။

သာမန် မဟာယာန အဆင့် ကျင့်ကြံသူ တစ်ဦးသည်ပင် ယွမ်ထျန်းချီ၏ ထိုဓားချက်ကို ရင်ဆိုင်ရလျှင် အသက်ရှူရကြပ်သလို ခံစားရပေလိမ့်မည်။

"ပျက်စီးစမ်း"

ကျန်းချန်က တည်ငြမ်သော အမူအရာဖြင့် လက်ချောင်းမှ ဓားစွမ်းအားကို ထုတ်ဖော်ကာ ယွမ်ထျန်းချီ၏ ရွှေရောင်ဓားအလင်းကို ပစ်ခတ်လိုက်သည်။

"ဖောက်"

ဓားစွမ်းအားက ယွမ်ထျန်းချီ၏ ရွှေရောင်ဓားအလင်း ပေါ်သို့ ကျရောက်သွားခဲ့ပြီး ရွှေရောင် ဓားအလင်းကို ဘာမှ မကျန်ရှိသည်အထိ ဖျက်ဆီးပစ်လိုက်သည်။

လက်ညှိုး တစ်ချောင်းတည်းဖြင့် ယွမ်ထျန်းချီ၏ တိုက်ကွက်ကို ချေမှုန်းလိုက်ပြီးနောက်တွင် ကျန်းချန်က ခနဲ့လိုက်သည်။

"ဟွမ်ယွမ်ဓားဂိုဏ်းရဲ့ မဟာယာနအဆင့် ပါရမီရှင်က ဒီလောက်ပဲလား"

"စိတ်ဝင်စားဖို့ ကောင်းသားပဲ.. မင်းကလည်း ဓားကျင့်ကြံသူတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"

ယွမ်ထျန်းချီ၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားခဲ့ပြီး ကျန်းချန် ထံသို့ ဓားချက် တစ်ချက် ထပ်မံ ထုတ်ဖော်လိုက်သည်။

ဤဓားချက်သည် လေထဲတွင် ချက်ချင်းပင် ဓားအလင်း ငါးခု အဖြစ် ကွဲထွက်သွားခဲ့ပြီး မတူညီသော လမ်းကြောင်းငါးခုကနေ ကျန်းချန် ထံသို့ တန်းတန်းမတ်မတ် ဝင်လာခဲ့သည်။

ဓားအလင်း ငါးခုက ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် ပြေးဝင်လာခဲ့ရာ အံ့ဖွယ် ဓားအလင်း ငါးခုကြောင့် တစ်လောကလုံး အရောင်အသွေး စုံလင်သွားခဲ့သည်။

ကျန်းချန်က အတော်လေး တည်ငြိမ်နေခဲ့၏။

ယွမ်ထျန်းချီ၏ အလွန် အားကောင်းသော ဓားအလင်းသည် သူ၏ စိတ်ကို အနည်းငယ်မျှပင် မလှုပ်ရှားစေခဲ့ပေ။

သူက လက်ဖဝါးကို လှုပ်ရှားလိုက်ရာ လူသားဧကရာဇ်ဓား သည် သူ၏ လက်ထဲတွင် ပေါ်လာခဲ့သည်။

ယင်းနောက်တွင် သူက ဓားချက် တစ်ချက်ကို ထုတ်ဖော်လိုက်၏။

ဤဓားချက်သည် အလွန်ပင် ရိုးရှင်းပြီး မည်သည့် စွမ်းအင်လှိုင်းမျှ မထွက်ပေါ်သော်လည်း ဓားအလင်းသည် ယွမ်ထျန်းချီ၏ ဓားအလင်း ငါးခုလုံးကို မျက်တောင်တစ်ခတ် အတွင်း ချေမှုန်းပစ်လိုက်သည်။

ကျန်းချန်သည် ဟွမ်ယွမ်ဓားရေကန် ထဲတွင် ဓားတစ်လက်နှင့် အတူ ဝင့်ကြွားစွာ ရပ်နေခဲ့ပြီး သူ၏ အမူအရာက အလွန်ပင် တည်ငြိမ်နေခဲ့သည်။

သူ၏ ခွန်အား ၉၀ ရာခိုင်နှုန်း ထည့်သွင်းထားသော တိုက်ကွက်သည်ပင် တစ်ဖက်မှ အနက်ရောင် ဝတ်စုံဝတ် လူငယ်ကို ဒဏ်ရာမရစေသည်အား မြင်လျှင် ယွမ်ထျန်းချီ ရုတ်တရက် မျက်နှာပျက်သွားခဲ့သည်။

"ကောင်လေး.. မင်းမှာ စွမ်းရည်တချို့ ရှိနေတာကိုး.. ငါတို့ ဟွမ်ယွမ်ဓားဂိုဏ်းကို လာပြီး မောက်မာရဲတာ မဆန်းတော့ဘူး"

"ဒီနှစ်ပေါင်းများစွာအတွင်း အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာရဲ့ ရွယ်တူတွေထဲမှာ ငါယွမ်ထျန်းချီ အလေးအနက်ထား ရင်ဆိုင်ရတဲ့ ပထမဆုံးပြိုင်ဘက်က မင်းပဲ.. ဒါပေမဲ့ ဒါက ဒီလောက်ပါပဲ"

ယွမ်ထျန်းချီ၏ အေးစက်စက် ရေရွတ်သံ အဆုံးသတ်သည်နှင့် ကောင်းကင်နှင့် မြေကြီးကြားရှိ လေစီးကြောင်းများသည် ပြင်းထန်စွာ တုန်ခါလာခဲ့ကာ ဟင်းလင်းပြင်ထဲကနေ မရေမတွက်နိုင်သော ကြယ်အလင်းများ ထွက်ပေါ်လာခဲ့သည်။

အကယ်၍ အသေအချာ ကြည့်ရှုမည် ဆိုလျှင် ကြယ်အလင်းများသည် တကယ်တမ်းတွင် ဟင်းလင်းပြင် ဓားအလင်းများ ဖြစ်နေသည်ကို တွေ့ရမည် ဖြစ်သည်။

ဟင်းလင်းပြင် ဓားအလင်းများသည် ကောင်းကင်ယံရှိ ကြယ်တာရာများ ကဲ့သို့ ဟင်းလင်းပြင် တစ်ခုလုံးတွင် ပျံ့နှံ့နေကာ အရေအတွက် သောင်းချီမက ရှိ၏။

ထိုဟင်းလင်းပြင် ဓားအလင်းများသည် လေထဲတွင် အလျင်အမြန် ပေါင်းစည်းသွားခဲ့ပြီး ကျန်းချန်ကို ပြေးပေါက် မရှိအောင် လွှမ်းခြုံပစ်လိုက်သည်။

ဤဓားချက်သည် ကျန်းချန် နှင့် ပတ်ဝန်းကျင် ဟင်းလင်းပြင်ရှိ သက်ရှိအားလုံးကို အကုန်အစင် သုတ်သင်မည့်နှယ် ဖြစ်နေခဲ့သည်။

"လူသားအဖြစ် ပြောင်းလဲစေသော ဓားချက်"

ကျန်းချန်၏ တည်ငြိမ်သော အမူအရာဖြင့် သူ၏ လက်ထဲမှ လူသားဧကရာဇ်ဓားကို လေထဲတွင် ဝှေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ် ဓားအလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဤဓားအလင်းတွင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများ ကိန်းအောင်းနေပြီး ယွမ်ထျန်းချီ၏ ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးပစ်နိုင်လောက်သည့် ဟင်းလင်းပြင် ဓားအလင်းများကို သာမန် မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် အလျင်အမြန် အားပျော့သွားစေခဲ့ကာ အဆုံးသတ်တွင် လုံးဝ ပျောက်ကွယ်သွားစေခဲ့၏။

ဓားချက် တစ်ချက်တည်းဖြင့် ယွမ်ထျန်းချီ၏ တိုက်ကွက်ကို ချေမှုန်းလိုက်ပြီးနောက်တွင် လက်ကျန် ဓားစွမ်းအားများသည် ယွမ်ထျန်းချီ ထံသို့ တိုက်ရိုက်ပင် ဦးတည်သွားခဲ့သည်။

ယွမ်ထျန်းချီ တုံ့ပြန်ရန် အချိန်မရမီမှာပင် သူ၏ ခန္ဓာကိုယ်ကို ဓားစွမ်းအားက သက်ရောက်သွားခဲ့၏။

ထိုအခိုက်အတန့်တွင် ယွမ်ထျန်းချီသည် သူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားများက ထိုဓားစွမ်းအား၏ သက်ရောက်မှုကြောင့် ကြောက်မက်ဖွယ်ရာ ကောင်းသော အရှိန်အဟုန်ဖြင့် ယိုစိမ့်သွားသည်ဟု ခံစားလိုက်ရသည်။

ယွမ်ထျန်းချီက စိတ်ထဲတွင် ထိတ်လန့်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ဓားစွမ်းအားများကို ဖယ်ထုတ်ရန် သူ၏ စစ်မှန်သော အဆီအနှစ် စွမ်းအားများကို အလျင်အမြန် အသုံးချလိုက်ရသည်။

"ဒီကောင်ရဲ့ ဓားသိုင်းက ဘယ်လိုဖြစ်ပြီး ဒီလောက်အထိ ဆန်းကြယ်နေရတာလဲ"

ဟွမ်ယွမ်ဓားရေကန် ထဲတွင် ဝင့်ကြွားစွာ ရပ်နေသော ကျန်းချန်ကို ကြည့်ရင်း ယွမ်ထျန်းချီ၏ မျက်ဝန်းထဲတွင် ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

အကယ်၍ ခုနက သူသာ အစွမ်းကုန် မတိုက်ခိုက်ခဲ့လျှင် ပြိုင်ဘက်၏ လျှို့ဝှက်ဆန်းကြယ်သော ဓားစွမ်းအား သက်ရောက်မှုကြောင့် သူ၏ ကျင့်ကြံခြင်း အဆင့်သည် နိမ့်ကျသွားပေလိမ့်မည်။

ယွမ်ထျန်းချီက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ကျန်းချန်ကို စိုက်ကြည့်ကာ မေးလိုက်သည်။

"အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှာ မင်းလို မဟာယာနအဆင့် ပါရမီရှင်မျိုး ရှိဖို့ လုံးဝ မဖြစ်နိုင်ဘူး.. မင်း.. မင်း ဘယ်သူလဲ"

ဟွမ်ယွမ်ဓားဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင် အနေဖြင့် ယွမ်ထျန်းချီသည် သူ၏ ပါရမီနှင့် ခွန်အား အပေါ်တွင် အမြဲတစေ ယုံကြည်မှု ရှိခဲ့သူ ဖြစ်သည်။

အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ တစ်ခုလုံး​တွင်ပင် သူ့ကို ယှဉ်နိုင်သူမှာ မရှိသလောက်ပင်။

သူက မဟာယာန အဆင့်ကို ထိုးဖောက်နိုင်ခဲ့သည်မှာ မကြာသေးသော်လည်း သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကမူ သာမန် မဟာယာန ကျင့်ကြံသူများထက် များစွာ သာလွန်၏။

အကယ်၍ သူသာ အစွမ်းကုန် တိုက်ခိုက်မည် ဆိုလျှင် သာမန် မဟာယာန အလယ်အလတ် အဆင့် ကျင့်ကြံသူ တချို့ကိုပင် အနိုင်ယူနိုင်လိမ့်မည်ဟု ယွမ်ထျန်းချီ ယုံကြည်ထားခဲ့သည်။

သို့သော်လည်း ယခု သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်ကမူ သူ့ကို အပြတ်အသတ် ဖိနှိပ်ထားနိုင်၏။

ယွမ်ထျန်းချီသည် တားမြစ်နည်းစနစ်များကို အစွမ်းကုန် အသုံးပြုလျှင်ပင် သူ့ရှေ့ရှိ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ လက်ထဲ၌ မည်သည့် အသာစီးမှ ရလိမ့်မည် မဟုတ်ဟု ခံစားမိခဲ့သည်။

အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ တိုက်ခိုက်ရေးစွမ်းရည်သည် အနည်းဆုံး မဟာယာန နှောင်းပိုင်းအဆင့်ရှိ အင်အားကြီး ပုဂ္ဂိုလ်များနှင့် ယှဉ်နိုင်လောက်၏။

ဝူကျိ အင်မော်တယ်ဂိုဏ်း နှင့် ထိုက်ယီ အင်မော်တယ်ဂိုဏ်းတို့တွင် မဟာယာန အဆင့် ပါရမီရှင်များ ရှိနေလျှင်ပင် ဤမျှအထိ ကောင်းကင်ကို ဆန့်ကျင်နေသော ပါရမီရှင်မျိုး မရှိနိုင်ကြောင်း ယွမ်ထျန်းချီ ယုံကြည်ခဲ့သည်။

ထို့အပြင် ဝူကျိ အင်မော်တယ်ဂိုဏ်း နှင့် ထိုက်ယီ အင်မော်တယ်ဂိုဏ်း တို့သည် ဓားလမ်းစဥ်ကို အထူးပြုသောဂိုဏ်းများ မဟုတ်၍ ဤကဲ့သို့ ကောင်းကင်ကိုပင် ဆန့်ကျင်နေသော ဓားလမ်းစဥ် ပါရမီရှင်ကို မည်ကဲ့သို့ ပျိုးထောင်နိုင်ပါမည်နည်း။

ထိုဂိုဏ်းနှစ်ဂိုဏ်းမှ လွဲ၍ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာရှိ အခြားသော အင်အားစုများတွင် ဤကဲ့သို့သော မဟာယာနအဆင့် ပါရမီရှင်မျိုး မွေးထုတ်နိုင်ရန်မှာ ပို၍ပင် မဖြစ်နိုင်ပေ။

ထိုထက် အရေးကြီးသည်မှာ သူတို့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ ဓားသိုင်းနှင့် သူတို့၏ ဓားသိုင်း ကြားတွင် ရှင်းပြ၍မရသော ကွဲပြားမှုအချို့ ရှိနေပုံရနေခြင်းပင်။

ဤအကြောင်းကြောင့်ပင် ယွမ်ထျန်းချီသည် သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်က အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှလူ မဟုတ်ဟု ခံစားမိခဲ့ခြင်း ဖြစ်သည်။

အကယ်၍ ဤအနက်ရောင်ဝတ်စုံဝတ် လူငယ်သာ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကလူ အမှန်တကယ် မဟုတ်ခဲ့လျှင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာထဲကို မည်ကဲ့သို့ ဝင်ရောက်လာပြီး အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံကို ပါဝင်နိုင်ခဲ့ပါသနည်း။

သိထားရမည့်အချက်မှာ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံတွင် ပါဝင်ရန် အတွက် အနည်းဆုံး မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူကို ပိုင်ဆိုင်ထားသည့် ထိပ်တန်း အင်အားစုမှ ဖြစ်ရမည်ဟု သတ်မှတ်ထားခြင်းပင်။

အခန်း(၂၅၉၁) ပြီး၏

အခန်း(၂၅၉၂)

ကျန်းချန်သည် ယွမ်ထျန်းချီကို လုံးဝဂရုမစိုက်ဘဲ လျစ်လျူရှုထားလိုက်သည်။

သူက လက်ထဲရှိ လူသားဧကရာဇ်ဓားကို လျင်မြန်စွာ ဝှေ့ယမ်းလိုက်ပြီး အင်မော်တယ်သတ်ဖြတ်ခြင်း ဓားသိုင်းကို အသုံးပြုကာ ယွမ်ထျန်းချီကို ကရုဏာမဲ့စွာ ခုတ်ပိုင်းလိုက်၏။

ကျန်းချန်၏ ဓားချက်မှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ခံစားလိုက်ရလျှင် ယွမ်ထျန်းချီ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

"ဟင်းလင်းပြင်ဖျက်ဆီးခြင်း ဓားသိုင်း.. ဓားတစ်သောင်းရဲ့ မူလအစ"

ယွမ်ထျန်းချီက ကျယ်လောင်စွာ ကြုံးဝါးလိုက်ရာ ဟင်းလင်းပြင်စွမ်းအားများ ထွက်ပေါ်နေသည့် ဆန်းကြယ်သော ဓားသင်္ကေတ တစ်ခုသည် သူ၏ မျက်ခုံးနှစ်ခုကြားတွင် ချက်ချင်းပင် လင်းလက်လာခဲ့သည်။

ထို့နောက်တွင် ချက်ချင်းဆိုသလို ကြောက်မက်ဖွယ်ရာ ကောင်းသော ဓားစွမ်းအား တစ်ခုသည် ယွမ်ထျန်းချီ ထံမှ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို ပြင်းထန်စွာ တုန်ခါသွားစေခဲ့၏။

ထိုအခိုက်အတန့်တွင် ကောင်းကင်နှင့် မြေကြီးသည် အဆုံးမဲ့ ဓားပင်လယ်ကြီး အဖြစ် ပြောင်းလဲသွားခဲ့ပြီး ဓားတစ်လက်ချင်းစီတိုင်းတွင် ကြောက်မက်ဖွယ် စွမ်းအားများ ကိန်းအောင်းနေခဲ့သည်။

အချို့က ရေခဲနှင့် နှင်းများကဲ့သို့ အေးစက်ပြီး မိုင်ပေါင်းထောင်ချီ အေးခဲသွားစေနိုင်သလို အချို့က မီးကဲ့သို့ ပြင်းထန်ပြီး အရာရာကို လောင်ကျွမ်းစေနိုင်၏။

ဓားပင်လယ် ပေါင်းစည်းသွားသည့် အချိန်မှာပင် ကျန်းချန် အသုံးပြုလိုက်သော အင်မော်တယ် သတ်ဖြတ်ခြင်း ဓားသိုင်းသည် ပေါက်ကွဲအားအပြည့်ဖြင့် ရောက်ရှိလာခဲ့သည်။

"ဝုန်း"

ဟင်းလင်းပြင်က တုန်ခါသွားပြီး ကြောက်မက်ဖွယ် စွမ်းအင်ချင်း ထိပ်တိုက် တွေ့ဆုံသံသည် ပတ်ဝန်းကျင်အနှံ့ ပဲ့တင်ထပ်သွားခဲ့သည်။

ယွမ်ထျန်းချီ၏ အစွမ်းထက် ဓားပင်လယ်သည် ကျန်းချန်၏ ဓားချက်အောက်တွင် တွန့်လိမ်သွားခဲ့ပြီး အဆုံးသတ်တွင် ဓားပင်လယ် တစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ချေမှုန်းခံလိုက်ရ၏။

ယွမ်ထျန်းချီက ညည်းတွားလိုက်ပြီး ခန္ဓာကိုယ် တစ်ကိုယ်လုံး ပေရာချီ အကွာအဝေးသို့ အရှက်တကွဲ လွင့်စင်သွားခဲ့ကာ နှုတ်ခမ်းထောင့်မှလည်း သွေးများ အဆက်မပြတ် စီးကျလာခဲ့သည်။

"ဒါ အင်မော်တယ်ဓားသိုင်းပဲ.. ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ဟွမ်ယွမ်ဓားရေကန်တွင် ဝင့်ကြွားစွာ ရပ်နေသော ကျန်းချန်ကို ဖြူဖျော့သော မျက်နှာဖြင့် ကြည့်ရင်း ဟွမ်ထျန်းချီ၏ မျက်နှာထက်တွင် မယုံကြည်နိုင်လောက်အောင် အံ့သြထိတ်လန့်သော အမူအရာများ ရှိနေခဲ့သည်။

အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် အင်မော်တယ်လမ်းစဥ် ပြတ်တောက်သွားသည်မှာ ကြာပြီဖြစ်၍ အင်မော်တယ်နှင့် ပတ်သက်သည့် အရာများသည် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာတွင် အလွန်ပင် ရှားပါး၏။

သို့သော် ဟွမ်ယွမ်ဓားဂိုဏ်းသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ နံပါတ်တစ် အင်မော်တယ်ဂိုဏ်းကြီး ဖြစ်သည့် အလျောက် အင်မော်တယ် ကျင့်စဥ်များ လုံးဝ မရှိသည်တော့ မဟုတ်ပေ။

ဟွမ်ယွမ်ဓားဂိုဏ်း၏ အမွေအနှစ် ခန်းမတွင် အင်မော်တယ်အဆင့် ဓားကျင့်စဥ် တစ်ပိုင်းတစ်စ ရှိနေခဲ့သည်။

ဟွမ်ယွမ်ဓားဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင် အနေဖြင့် ယွမ်ထျန်းချီသည် အမွေအနှစ်ခန်းမ အတွင်းရှိ အင်မော်တယ်အဆင့် ဓားကျင့်စဥ် တစ်ပိုင်းတစ်စကို မြင်တွေ့ခဲ့ဖူး၏။

သို့သော် သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ် အသုံးပြုလိုက်သော ဓားချက်သည် ဟွမ်ယွမ်ဓားဂိုဏ်းရှိ ဓားသိုင်းထက် သိသိသာသာပင် ပိုမို ကြောက်မက်ဖွယ် ကောင်းနေခဲ့သည်။

စစ်မှန်သော အင်မော်တယ်အဆင့် ဓားကျင့်စဥ်သာလျှင် ဤမျှ ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအားမျိုး ပိုင်ဆိုင်နိုင်မည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။

ယွမ်ထျန်းချီက စိတ်ထဲမှ ထိတ်လန့်မှုကို ဖိနှိပ်ရင်း အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်သည်။

သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ ပါရမီနှင့် ခွန်အားက သူ့ထက် ပိုမို အားကောင်းနေသည့် အပြင် စစ်မှန်သော ဓားအင်မော်တယ် ဓားသိုင်းကိုပါ တတ်မြောက်ထား၏။

သူ၏ လက်ရှိခွန်အားဖြင့် ထိုကောင်၏ ပြိုင်ဘက် လုံးဝ မဟုတ်ပေ။

အကယ်၍ သူသာ ဤနေရာမှာ ဆက်ရှိနေလျှင် ထိုကောင်၏ လက်ထဲတွင် ကျဆုံးကာ ဖယ်ထုတ်ခံရနိုင်ခြေ အမှန်တကယ် ရှိနေခဲ့သည်။

ယွမ်ထျန်းချီက ကျန်းချန်ကို စူးစိုက်၍ ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် ဓားအလင်းတန်း အဖြစ် ပြောင်းလဲကာ ဟင်းလင်းပြင် ထဲသို့ ထွက်ပြေးသွားခဲ့သည်။

ကျန်းချန်၏ နားထဲတွင်မူ ယွမ်ထျန်းချီ၏ အေးစက်စက် အသံတစ်သံသာ ကျန်ရစ်ခဲ့သည်။

"မေဘး.. မင်း စောင့်နေလိုက်.. ငါတို့ ဟွမ်ယွမ်ဓားဂိုဏ်းက မင်းကို အလွယ်တကူ အလွှတ်ပေးမှာ မဟုတ်ဘူး"

ကျန်းချန်က ယွမ်ထျန်းချီ ပျောက်ကွယ်သွားသော ဘက်သို့ တစ်ချက် ကြည့်လိုက်သော်လည်း လိုက်လံ တိုက်ခိုက်ခြင်း မပြုခဲ့ပေ။

ယွမ်ထျန်းချီသည် မဟာယာန အဆင့် ပါရမီရှင် တစ်ဦး ဖြစ်သော်လည်း မဟာယာန အဆင့်သို့ ရောက်ရှိသည်မှာ မကြာသေးပေ။

ယွမ်ထျန်းချီ၏ တိုက်ခိုက်ရေးစွမ်းရည်က ထူးခြားသည်ဟု ဆိုနိုင်သော်လည်း အလွန်ဆုံး မဟာယာန အလယ်အလတ်အဆင့်နှင့်သာ နှိုင်းယှဉ်နိုင်၏။

ကျန်းချန်၏ လက်ရှိခွန်အားဖြင့် ဆိုလျှင် သူသာ ယွမ်ထျန်းချီကို အမှန်တကယ် သတ်ချင်လျှင် ယွမ်ထျန်းချီတွင် ထွက်ပြေးရန် အခွင့်အရေး လုံးဝ ရှိမည် မဟုတ်ပေ။

ဤအင်မော်တယ် ဟင်းလင်းပြင်သည် ဟွမ်ယွမ်ကောင်းကင်နယ်မြေကို ပုံတူ ကူးထားခြင်းသာ ဖြစ်သည်။

သူသာ ယွမ်ထျန်းချီကို သတ်လိုက်လျှင် ယွမ်ထျန်းချီသည် အင်မော်တယ် စိတ်ကူးယဉ် ဟင်းလင်းပြင် ထဲမှ ဖယ်ထုတ်ခံရမည် ဖြစ်သည်။

ဟွမ်ယွမ်ဓားဂိုဏ်း၏ မဟာယာန အဆင့် ပါရမီရှင် အနေဖြင့် ယွမ်ထျန်းချီသာ ယခုအချိန်တွင် ဖယ်ထုတ်ခံရလျှင် ဟွမ်ယွမ်ဓားဂိုဏ်းသည် ဤကိစ္စကို အကြီးအကျယ် အာရုံစိုက်လာနိုင်၏။

ထို့အပြင် ယွမ်ထျန်းချီသည် သူက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှလူ မဟုတ်မှန်း ခပ်ရေးရေး ခန့်မှန်းမိနေခဲ့​သည်။

အကယ်၍ ယွမ်ထျန်းချီသာ ဤသတင်းကို ထုတ်ဖော်လိုက်လျှင် သူ၏ အခြေအနေက အလွန် ဆိုးရွားသွားပေလိမ့်မည် မဟုတ်ပါလား။

ကျန်းချန်သည် ဤတစ်ကြိမ် အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံသို့ လာရောက်ရာတွင် သူမည်သူမည်ဝါ ဖြစ်ကြောင်းကို ထုတ်ဖော်ပြသရန် အစီအစဉ် ရှိသော်လည်း ယခုအချိန်တွင်တော့ မဟုတ်သေးပေ။

သိထားရမည့်အချက်မှာ ဟွမ်ယွမ်ဓားဂိုဏ်းသည် အင်မော်တယ် စိတ်ကူးယဉ် ဟင်းလင်းပြင်ကို ဖွင့်လှစ်သည့် နည်းလမ်းအား ကျွမ်းကျင်သလို ပိတ်ပစ်သည့် နည်းလမ်းကိုလည်း ကျွမ်းကျင်ထားနိုင်ခြေ အလွန်များသည်။

အကယ်၍ ဟွမ်ယွမ်ဓားဂိုဏ်းသာ အရာအားလုံးကို ယခုအချိန်တွင် သိသွားခဲ့လျှင် သူတို့သည် အင်မော်တယ် စိတ်ကူးယဉ် ဟင်းလင်းပြင်ကို အချိန်မတိုင်မီ ပိတ်ပစ်နိုင်၏။

ထိုသို့ ဖြစ်လာမည်ကို ကျန်းချန် လုံးဝ မလိုလားပေ။

ဤအကြောင်းကြောင့်ပင် ကျန်းချန်သည် ယွမ်ထျန်းချီကို လွှတ်ပေးရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

သို့မှသာ မည်သူ့ကိုမျှ သတိမပြုမိစေဘဲ အင်မော်တယ် ဟင်းလင်းပြင်ကို အသုံးချကာ တစ်လကြာ ကျင့်ကြံနိုင်မည် ဖြစ်ပြီး အုပ်စိုးသူ အထွတ်အထိပ် အဆင့်သို့ တစ်ထိုင်တည်း ရောက်ရှိရန် ကြိုးစားနိုင်မည် ဖြစ်၏။

ထိုအချိန်သို့ရောက်လျှင် သူ မည်သူမည်ဝါ ဖြစ်မှန်း ထုတ်ဖော်လိုက်လျှင်ပင် မည်သူ့ကိုမျှ ကြောက်စရာ မလိုတော့ပေ။

"ဒီကောင်က သူ့ရဲ့ ဟွမ်ယွမ်ဓားဂိုဏ်းက ညီနောင်တွေကို ခေါ်ပြီး လာအသေခံမယ့်လမ်းကို မရွေးဖို့ မျှော်လင့်ရတာပဲ"

ကျန်းချန်က သူ့ဘာသာသူ တီးတိုး ရေရွတ်လိုက်ပြီးနောက်တွင် ခေါင်းခါယမ်းကာ ပြန်လည်၍ ကျင့်ကြံခဲ့သည်။

ယွမ်ထျန်းချီသည် ဤမျှအထိ အလွယ်တကူ လက်လျှော့မည်မဟုတ်ကြောင်း သူကောင်းစွာ သိထားခဲ့သည်။

ယခု ကျန်းချန် လုပ်နိုင်သည်မှာ အချိန် ရတုန်းရခိုက် ဟွမ်ယွမ်ဓားရေကန်ကို အသုံးပြု၍ အစွမ်းကုန် ကျင့်ကြံပြီး အုပ်စိုးသူ အထွတ်အထိပ် အဆင့်သို့ အမြန်ဆုံး ထိုးဖောက်နိုင်ရန် ကြိုးစားခြင်းသာ ဖြစ်သည်။

-----------------------

ယွမ်ထျန်းချီက ဟွမ်ယွမ်ဓားဂိုဏ်းမှ ထွက်ပြေးခဲ့ပြီးနောက်တွင် ဂိုဏ်း၏ အပြင်ဘက်ရှိ ဟင်းလင်းပြင်တွင် ပေါ်လာခဲ့သည်။

အောက်ဘက်ရှိ ဟွမ်ယွမ်ဓားဂိုဏ်းကို စိုက်ကြည့်ရင်း သူ၏ အမူအရာက သုန်မှုန်နေခဲ့သည်။

အမြဲတမ်းလိုလို ယွမ်ထျန်းချီသည် သူ့ကိုယ်သူ ဤစကြဝဠာ၏ နံပါတ်တစ် ပါရမီရှင်အဖြစ် သတ်မှတ်ထားပြီး မည်သူမျှ သူ့ကို မယှဉ်နိုင်ဟု ယူဆထားသူ ဖြစ်သည်။

ဤတစ်ကြိမ် အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံတွင်လည်း ယွမ်ထျန်းချီသည် ရွယ်တူများထဲတွင် မည်သူမျှ သူ၏ ပြိုင်ဘက် ဖြစ်လာလိမ့်မည် မဟုတ်ဟု တွေးထားခဲ့သည်။

သို့သော်လည်း အင်မော်တယ် စိတ်ကူးယဉ် ဟင်းလင်ပြင် ထဲတွင် လျှို့ဝှက်ဆန်းကြယ်သော လူငယ်တစ်ဦး ရှိနေပြီး သူ့အနေဖြင့် ပြန်လည် တိုက်ခိုက်ရန်ပင် မစွမ်းနိုင်သည် အထိ အစွမ်းထက်နေလိမ့်မည်ဟု ယွမ်ထျန်းချီ လုံးဝ မမျှော်လင့်ထားခဲ့ပေ။

အစောပိုင်းက ရင်ဆိုင်မှုတွင် ယွမ်ထျန်းချီသည် သူ၏ စွမ်းအားကို အစွမ်းကုန် မထုတ်ဖော်ရသေးသော်လည်း အကယ်၍ အစွမ်းကုန် တိုက်ခိုက်လျှင်ပင် သူက ထိုလူငယ်၏ ပြိုင်ဘက် မဖြစ်နိုင်ကြောင်း ကောင်းစွာ သိထားခဲ့သည်။

"ဟွမ်ယွမ်ဓားဂိုဏ်းရဲ့ အရင်းအမြစ်ကို အပြင်လူတွေ ကျူးကျော်ခွင့်ပေးလို့ မဖြစ်ဘူး"

ယွမ်ထျန်းချီ အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့၏။

သူက လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်ရာ သူ၏ ရင်ဘတ်ရှေ့တွင် ဓားအလင်းတန်း ဆယ်ခုကျော် ထွက်ပေါ်လာခဲ့သည်။

ယင်းနောက် ထိုဓားအလင်းတန်းများပေါ်တွင် နာမည်တစ်ခုပြီး တစ်ခု ရေးထွင်းလိုက်၏။

ဓားအလင်းတန်း အားလုံးတွင် နာမည်ရေးထွင်းပြီးသည်နှင့် ဓားအလင်းတန်း ဆယ်ခုကျော်သည် အရပ်မျက်နှာ အနှံ့သို့ လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။

ဟွမ်ယွမ်ဓားဂိုဏ်းကို ကျူးကျော်လာသည့် အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် အလွန်တရာ အစွမ်းထက်၍ သူတစ်ဦးတည်း ခွန်အားဖြင့်မူ ထိုလူငယ်၏.ပြိုင်ဘက် မဟုတ်ပေ။

ယခု သူလုပ်ဆောင်နိုင်သည်မှာ ဟွမ်ယွမ်ဓားဂိုဏ်းမှ တပည့်အားလုံးကို ဆင့်ခေါ်ပြီး အတူတူ ပူးပေါင်း၍ အတွင်းထဲမှ အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို ရင်ဆိုင်ရန်သာ ဖြစ်သည်။

သိထားရမည့်အချက်မှာ ဟွမ်ယွမ်ဓားရေကန်သည် ဟွမ်ယွမ်ဓားဂိုဏ်း၏ တပည့်အားလုံး ဂိုဏ်းထဲသို့ ဝင်ရောက်ပြီးနောက် သွားချင်ကြသည့် နံပါတ်တစ် နေရာ ဖြစ်၍ သူက ဟွမ်ယွမ်ဓားဂိုဏ်းမှ တပည့်များကို တတ်နိုင်သမျှ အမြန်ဆုံး စုစည်းရပေလိမ့်မည်။

အကယ်၍ ဟွမ်ယွမ်ဓားဂိုဏ်းမှ တပည့်များက ဘာမှမသိဘဲ ဟွမ်ယွမ်ဓားဂိုဏ်းထဲသို့ ဝင်သွားခဲ့လျှင် အတွင်းထဲမှ ကောင်၏ လက်ထဲတွင် သေချာပေါက် ကျဆုံးသွားပေလိမ့်မည် မဟုတ်ပါလား။

ပို၍ အရေးကြီးသည်မှာ အင်မော်တယ် ဟင်းလင်းပြင် ထဲသို့ ဝင်ရောက်လာသော ဟွမ်ယွမ်ဓားဂိုဏ်းမှ တပည့်များကိုသာ စုစည်းနိုင်မည် ဆိုလျှင် သူတို့ ဟွမ်ယွမ်ဓားဂိုဏ်း၏ ပြိုင်ဘက်ကင်း ဓားဗျူဟာကို အသုံးပြုနိုင်မည် ဖြစ်၏။

ထိုအချိန်သို့ရောက်လျှင် အတွင်းထဲရှိ လူငယ်သည် မဟာယာန နှောင်းပိုင်းအဆင့်နှင့် နှိုင်းယှဉ်နိုင်သော ခွန်အား ရှိနေလျှင်ပင် သူတို့အနေဖြင့် လုံးဝ ယှဉ်ပြိုင် တိုက်ခိုက်နိုင်ပေမည်။

အခန်း(၂၅၉၂) ပြီး၏

All Chapters