← Chapters

အခန်း (၂၅၉၃-၂၅၉၄)

Vol. 200 Ch. 2593-2594

အခန်း (၂၅၉၃-၂၅၉၄)

Vol. 200 Ch. 2593-2594

အခန်း(၂၅၉၃)

အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ရှိ ဟွမ်ယွမ်ဓားဂိုဏ်း၏ အပြင်ဘက်တွင် ယွမ်ထျန်းချီသည် ဟွမ်ယွမ်ဓားဂိုဏ်း၏ တပည့်အားလုံးထံသို့ လျှို့ဝှက်နည်းစနစ်များ အသုံးပြု၍ သတင်းစကားများ ပေးပို့လိုက်ပြီးနောက်တွင် ဟွမ်ယွမ်ဓားဂိုဏ်း၏ အထက် ကောင်းကင်ယံတွင် ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့သည်။

မကြာမီမှာပင် ဓားအလင်းတန်း တစ်ခုသည် ဥက္ကာခဲ တစ်ခုနှယ် ကောင်းကင်ယံမှ ကျဆင်းလာခဲ့ပြီး ယွမ်ထျန်းချီ၏ နံဘေးသို့ တိုက်ရိုက်ပင် ဆင်းသက်လာခဲ့၏။

ဓားအလင်းတန်း ပျောက်ကွယ်သွားသောနေရာတွင် ခရမ်းရောင်ဆံပင်နှင့် လူငယ်တစ်ဦး၏ ပုံရိပ် ပေါ်ထွက်လာခဲ့သည်။

ထိုခရမ်းရောင်ဆံပင်နှင့်လူငယ်သည် အလွန်တရာပင် သန်မာပြီး ဟွမ်ယွမ်ဓားဂိုဏ်း၏ ကပ်ဘေး အထွတ်အထိပ်အဆင့်ပါရမီရှင် လူငယ်တစ်ဦး ဖြစ်၏။

ခရမ်းရောင်ဆံပင်နှင့်လူငယ်က ဟွမ်ယွမ်ဓားဂိုဏ်း၏ အထက်ကောင်းကင်ယံတွင် ဝင့်ကြွားစွာ ရပ်နေသော ယွမ်ထျန်းချီကို ကြည့်ကာ အလျင်အမြန်ပင် မေးလိုက်သည်။

“စီနီယာအစ်ကို.. ကျွန်တော်တို့ကို ဟွမ်ယွမ်ဓားဂိုဏ်းဆီ အရေးပေါ် ဆင့်ခေါ်လိုက်တာ ဘာကိစ္စအတွက်လဲ ဆိုတာ သိပါရစေ”

ယွမ်ထျန်းချီက ထိုလူငယ်ကို တစ်ချက်ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။

“တစ်စုံတစ်ယောက်က ဟွမ်ယွမ်ဓားဂိုဏ်းထဲကို ကျူးကျော်ဝင်ရောက်သွားတယ်.. လူစုံမှပဲ ငါ မင်းကို အသေးစိတ်ရှင်းပြတော့မယ်”

ယွမ်ထျန်းချီ၏ စကားကိုကြားလျှင် ခရမ်းရောင်ဆံပင်နှင့်လူငယ်သည် အံ့ဩ ထိတ်လန့်သွားခဲ့သည်။

ဤနေရာသည် အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ထဲတွင် ပုံတူကူးထားသည့် ဟွမ်ယွမ်ဓားဂိုဏ်း ဖြစ်သော်လည်း ၎င်းထံတွင် ဟွမ်ယွမ်ကောင်းကင်ဓားအစီအရင်၏ အကာအကွယ် ရှိနေဆဲ ဖြစ်သည်။

ကောင်းကင်ဓားတံဆိပ်ပြားကို ထုတ်ဖော်နိုင်သည့် လျှို့ဝှက်နည်းစနစ်အား တတ်ကျွမ်းထားခြင်း မရှိလျှင် မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦး အတွက်ပင် ကျူးကျော်ဝင်ရောက်ရန် မဖြစ်နိုင်ပေ။

ဤအင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ထဲတွင် သူ့ရှေ့မှ စီနီယာအစ်ကို ယွမ်ထျန်းချီမှ လွဲ၍ ဒုတိယမြောက် မဟာယာနအဆင့် ပါရမီရှင် မရှိနိုင်လောက်ပေ။

သို့ဖြစ်ရာ ဟွမ်ယွမ်ဓားဂိုဏ်းထဲကို မည်သူက ဝင်ရောက်နိုင်စွမ်း ရှိနေပါသနည်း။

အရေးကြီးဆုံးအချက်မှာ ယွမ်ထျန်းချီ အပေါ် သူ၏ နားလည်မှုအရ ယွမ်ထျန်းချီသည် အမြဲတစေ မောက်မာသူဖြစ်ပြီး ဟွမ်ယွမ်ဓားဂိုဏ်း၏ အခြားသော တပည့်များကို ဘယ်သောအခါမှ မျက်စိထဲ ထည့်လေ့မရှိပေ။

‌ဘေးကျပ်နံကျပ် အခြေအနေကို မရောက်သရွေ့ ယွမ်ထျန်းချီသည် ဟွမ်ယွမ်ဓားဂိုဏ်းမှ တပည့်များကို ဆင့်ခေါ်ရန် အမိန့်ထုတ်ပြန်လိမ့်မည် မဟုတ်ပေ။

တစ်နည်းအားဖြင့် ဆိုရလျှင် ယွမ်ထျန်းချီသည် ဟွမ်ယွမ်ဓားဂိုဏ်းထဲကို ဝင်ရောက်ခဲ့ပြီးပြီ ဖြစ်ကာ ထိုကျူးကျော်သူနှင့် တိုက်ခိုက်ခဲ့ပြီး အကြီးအကျယ် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်ဖို့များ၏။

ယင်းသို့ တွေးမိလျှင် ခရမ်းရောင်ဆံပင်နှင့် လူငယ်၏ မျက်ဝန်းထဲ၌ ထိတ်လန့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။

ယွမ်ထျန်းချီသည် ဟွမ်ယွမ်ဓားဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင်ဖြစ်ပြီး အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ တစ်ခုလုံးတွင်ပင် သူ့ကို ယှဥ်နိုင်သည့် ပါရမီရှင်လူငယ်မှာ အလွန်တရာပင် ရှားပါးသည်။

ယွမ်ထျန်းချီသည် မဟာယာန တစ်ပိုင်းအဆင့်တွင် ရှိနေစဥ်ကပင် မဟာယာန အစောပိုင်းအဆင့် ကျင့်ကြံသူများကို ယှဥ်ပြိုင်ရန် လုံလောက်သော ခွန်အားကို ပိုင်ဆိုင်ခဲ့၏။

ယခုအခါတွင် မဟာယာန အဆင့်သို့ ထိုးဖောက်သွားပြီ ဖြစ်ရာ မဟာယာန အလယ်အလတ်အဆင့်ရှိ ကျင့်ကြံသူတချို့ပင်လျှင် ယွမ်ထျန်းချီ၏ ပြိုင်ဘက် မဖြစ်နိုင်ပေ။

ယွမ်ထျန်းချီ၏ ခွန်အားဖြင့်ပင် ပြိုင်ဘက်၏ လက်ထဲတွင် အကြီးအကျယ် ရှုံးနိမ့်ခဲ့ခြင်းသည် အလွန်တရာပင် အံ့ဩဖွယ် ကောင်းနေခဲ့၏။

ဟွမ်ယွမ်ဓားဂိုဏ်းထဲကို ကျူးကျော် ဝင်ရောက်လာသူသည် မည်မျှပင် ကြောက်စရာကောင်းပြီး အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် ဤကဲ့သို့ ပါရမီရှင်မျိုး မည်ကဲ့သို့ ရှိနေနိုင်ပါသနည်း။

ခရမ်းရောင်ဆံပင်နှင့် လူငယ်က သူ၏ စိတ်ထဲမှ ထိတ်လန့်မှုကို ဖိနှိပ်လိုက်ပြီး ဘာမှ ထပ်မမေးတော့ဘဲ ယွမ်ထျန်းချီ၏ အနောက်တွင် ရပ်ကာ ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့သည်။

ထိုသို့ စောင့်ဆိုင်းနေစဥ်မှာပင် ဓားအလင်းတန်းများသည် တစ်ခုပြီး တစ်ခု ယွမ်ထျန်းချီ ရှိရာသို့ ဆက်တိုက်ဆိုသလို ဆင်းသက်လာခဲ့သည်။

နှစ်ရက်ခန့်ကြာပြီးနောက်တွင် ယွမ်ထျန်းချီ ဆင့်ခေါ်လိုက်သော ဟွမ်ယွမ်ဓားဂိုဏ်းမှ တပည့်အရေအတွက်သည် တစ်ဆယ့်တစ်ဦး တိတိ ရှိလာခဲ့သည်။

ထိုအထဲတွင် ဟွမ်ယွမ်ဓားဂိုဏ်း၏ အခြားသော မဟာယာနတစ်ပိုင်းအဆင့် ပါရမီရှင် ဖြစ်သည့် ယွမ်ချင်းယွီလည်း ပါဝင်နေခဲ့သည်။

သူက နံဘေးရှိ ယွမ်ထျန်းချီကို ကြည့်ကာ မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

“စီနီယာအစ်ကိုထျန်းချီ.. အားလုံးနီးပါး ရောက်နေကြပြီ.. ကျွန်တော်တို့ကို ဆင့်ခေါ်လိုက်တာ ဘာကိစ္စအတွက်လဲဆိုတာ ပြောပြလို့ရမလား”

ယွမ်ထျန်းချီက အားလုံးကို တစ်ချက် ဝေ့ကြည့်လိုက်သည်။

အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ထဲသို့ ဤတစ်ကြိမ်ဝင်ရောက်လာရသည့် ဟွမ်ယွမ်ဓားဂိုဏ်းမှ တပည့် အရေအတွက်သည် စုစုပေါင်း ဆယ့်ငါးဦး ရှိသည်။

ဖယ်ထုတ်ခံလိုက်ရသော ယွမ်ဟောင်ယွီကို ဖယ်လိုက်လျှင် သုံးဦးသာ ရောက်ရန် ကျန်ရှိတော့သဖြင့် အားလုံးနီးပါး စုံနေပြီဟု ဆိုနိုင်၏။

“ဂိုဏ်းတူညီလေးတို့.. မင်းတို့ကို အခုလို ဆင့်ခေါ်လိုက်တဲ့ အဓိကအကြောင်းအရင်းက ဟွမ်ယွမ်ဓားဂိုဏ်းထဲကို တစ်စုံတစ်ယောက်က ကျူးကျော် ဝင်ရောက်သွားလို့ပဲ”

ယွမ်ထျန်းချီက လေးနက်စွာ ပြောလိုက်သည်။

“မကြာသေးခင်က ဟွမ်ယွမ်ဓားဂိုဏ်း ဆီမှာ ချန်ထားရစ်ခဲ့တဲ့ကိုယ်ပွားဆီကနေ အကြီးအကဲရဲ့ သတင်းစကားကို ရရှိခဲ့တယ်.. တစ်စုံတစ်ယောက်က ယွမ်ဟောင်ယွီရဲ့ မှတ်ဥာဏ်ကို အတင်းအကျပ် ဖတ်ရှုပြီး ဟွမ်ယွမ်ဓားဂိုဏ်းထဲကို ကျူးကျော် ဝင်ရောက်သွားခဲ့တယ်တဲ့”

ထိုစကားကိုကြားလျှင် ဟွမ်ယွမ်ဓားဂိုဏ်းမှ တပည့်များသည် ရုတ်တရက် မျက်နှာပျက်သွားခဲ့ကြသည်။

အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် အင်မော်တယ်စိတ်ကူးယဥ် ဟင်းလင်းပြင် ပေါ်ပေါက်လာကတည်းကစ၍ အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံ ကျင်းပသည့် အကြိမ်တိုင်းတွင် မည်သူကမျှ ဟွမ်ယွမ်ဓားဂိုဏ်းကို မနှောင့်ယှက်ရဲခဲ့ပေ။

သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ တစ်စုံတစ်ယောက်သည် ဟွမ်ယွမ်ဓားဂိုဏ်းထဲသို့ ကျူးကျော် ဝင်ရောက်ခဲ့သည်။

ထို့အပြင် ထိုသူသည် မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင် ယွမ်ဟောင်ယွီကို သတ်ဖြတ်ကာ မှတ်ဥာဏ်ကို အတင်းအကျပ် ဖတ်ရှု၍ ဟွမ်ယွမ်ဓားဂိုဏ်းထဲကို ဝင်ရောက်သွားခြင်း ဖြစ်၏။

သိထားရမည့်အချက်မှာ ယွမ်ဟောင်ယွီသည် သူတို့ ဟွမ်ယွမ်ဓားဂိုဏ်း၏ မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင် ဖြစ်ပြီး အခြားသော အင်အားစုများမှ မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင်များပင်လျှင် အနိုင်ယူရန် မလွယ်ကူသော ပါရမီရှင်ဖြစ်သည်။

ထို့ကြောင့် ဤအင်မော်တယ် ဟင်းလင်းပြင်ထဲတွင် ယွမ်ဟောင်ယွီကို သတ်ပစ်ရန် ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ပေ။

သို့ဆိုလျှင် ဟွမ်ယွမ်ဓားဂိုဏ်းထဲကို ကျူးကျော်ဝင်ရောက်လာသူသည် မဟာယာနအဆင့် ပါရမီရှင် တစ်ယောက် ဖြစ်နေပါသလော။

မဟာယာနအဆင့် ပါရမီရှင်တစ်ဦး ဖြစ်မှသာလျှင် ယွမ်ထျန်းချီသည် ဤမျှအထိ အလေးအနက်ထားလိမ့်မည် ဖြစ်ကြောင်း သူတို့ ခန့်မှန်းမိခဲ့ကြသည်။

ယွမ်ချင်းယွီ၏ မျက်ဝန်းများက လင်းလက်သွားခဲ့ပြီး ယွမ်ထျန်းချီကို လေးနက်စွာ မေးလိုက်သည်။

“စီနီယာအစ်ကိုထျန်းကျီ.. တစ်ဖက်လူရဲ့ နောက်ခံကိုရော သိရပြီလား”

“မသိသေးဘူး”

ယွမ်ထျန်းချီက ခေါင်းခါရမ်းလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

“သူ့ရဲ့ခွန်အားက ငါ့ထက် အများကြီးသာတယ်.. သူက အနည်းဆုံး မဟာယာန နှောင်းပိုင်းအဆင့်နဲ့ နှိုင်းယှဥ်နိုင်တဲ့တိုက်ခိုက်ရေးစွမ်းရည်ရှိဖို့ များတယ်.. ဒါ့အပြင် သူ့ရဲ့ဓားသိုင်းက အရမ်းကို ဆန်းကြယ်တယ်.. သူက အင်‌မော်တယ် ကျင့်ကြံခြင်း စကြဝဠာက မဟုတ်ဘူးလို့ ငါခံစားမိတယ်”

“အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကလူ မဟုတ်ဘူး.. ဟုတ်လား”

“ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ယွမ်ထျန်းချီ၏ စကားကိုကြားလျှင် ဟွမ်ယွမ်ဓားဂိုဏ်းမှ တပည့်များ၏ မျက်ဝန်းထဲတွင် ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ကြယ်တာရာ ကောင်းကင်ယံကနေ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာထဲသို့ ဝင်ရောက်နိုင်သည့် နေရာများစွာ မရှိပေ။

ဝင်ပေါက်တိုင်းကို ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းမှ ပေးပို့ထားသည့် အင်အားကြီး ပုဂ္ဂိုလ်များက စောင့်ကြပ်နေကြသဖြင့် အပြင်လူများ အနေဖြင့် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာထဲသို့ ဝင်ရောက်ရန်မှာ အလွန်ပင် ခက်ခဲ၏။

သို့ဆိုလျှင် အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ထဲတွင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှ မဟုတ်သော အပြင်လူများ မည်ကဲ့သို့ ရှိနေပါသနည်း။

“စီနီယာအစ်ကိုထျန်းချီ.. တကယ်လို့ ဟွမ်ယွမ်ဓားဂိုဏ်းထဲကို ကျူးကျော်ဝင်ရောက်လာသူက အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာကလူ မဟုတ်တာ အမှန်တကယ်ဆိုရင် ဒါက ဟွမ်ယွမ်ဓားဂိုဏ်း တစ်ဂိုဏ်းတည်းနဲ့တင် မသက်ဆိုင်တော့ဘူး.. အခြား အင်အားစုက လူတွေကိုလည်း ဆင့်ခေါ်သင့်တယ်လို့ ကျွန်တော် ထင်တယ်”

ယွမ်ချင်းယွီက အနည်းငယ် စဥ်းစားပြီးမှ ပြောလိုက်သည်။

အကယ်၍ ဟွမ်ယွမ်ဓားဂိုဏ်း အတွင်းသို့ ကျူးကျော်ဝင်ရောက်သွားသောသူသည် မဟာယာန နှောင်းပိုင်းအဆင့်နှင့် နှိုင်းယှဥ်နိုင်သော ကြောက်မက်ဖွယ်ခွန်အား အမှန်တကယ် ရှိနေခဲ့လျှင် သူတို့ ဟွမ်ယွမ်ဓားဂိုဏ်း၏ တပည့်အားလုံး စုပေါင်းလျှင်ပင် ထိုသူ၏ ပြိုင်ဘက် ဖြစ်နိုင်မည် မဟုတ်ပေ။

“ငါတို့ ဟွမ်ယွမ်ဓားဂိုဏ်းက အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာရဲ့ နံပါတ်တစ် အင်မော်တယ်ဂိုဏ်းကြီးပဲ.. ဒီလိုပြဿနာလေး အတွက် အခြား အင်အားစုတွေဆီက အကူအညီယူမယ်ဆိုရင် နောင်အနာဂတ်မှာ ငါတို့အနေနဲ့ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှာ ဘယ်လိုမျက်နှာပြရတော့မှာလဲ"

"အခု ငါတို့ တစ်ဆယ့်နှစ်ယောက် ဒီမှာ စုမိနေပြီ ဆိုတော့ ဟွမ်ယွမ်ဓားဂိုဏ်းရဲ့ အဆင့်မြင့် ဓားဗျူဟာကို အသုံးပြုလို့ရသွားပြီ.. ဒီဓားဗျူဟာနဲ့သာဆိုရင် မဟာယာန နှောင်းပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်နေရင်တောင် ငါတို့ အနိုင်ယူနိုင်တယ်.. ငါနဲ့အတူ ဟွမ်ယွမ်ဓားဂိုဏ်းထဲကို ဝင်ကြစို့”

ထိုစကားကို ပြောပြီးသည်နှင့် ယွမ်ထျန်းချီက ရှေ့ဆုံးကနေ ဦးဆောင်ကာ ဟွမ်ယွမ်ဓားဂိုဏ်းရှိရာ ဘက်သို့ ပျံသန်းသွားခဲ့သည်။

ဟွမ်ယွမ်ဓားဂိုဏ်းမှ တပည့်များသည် ယွမ်ထျန်းကျီ၏ အမိန့်ကို ရလျှင် တုံ့ဆိုင်းမနေတော့ဘဲ ကောင်းကင်ဓား တံဆိပ်ပြားကို အသီးသီး ထုတ်ဖော်ကာ ဟွမ်ယွမ်ဓားဂိုဏ်းထဲသို့ ဝင်ရောက်သွားခဲ့ကြသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ယွမ်ချင်းယွီသည် မျက်မှောင်ခပ်တင်းတင်း ကြုတ်လိုက်မိသည်။

ယွမ်ထျန်းချီသည် သူတို့ကို မဆင့်ခေါ်မီကတည်းကပင် ဟွမ်ယွမ်ဓားဂိုဏ်းထဲသို့ ဝင်ရောက်ခဲ့ပြီးပြီ ဖြစ်သည်။

ကျူးကျော်လာသူသည် ယွမ်ထျန်းချီကိုပင် နောက်ဆုတ်သွားအောင် ဖိအားပေးနိုင်သည် ဖြစ်ရာ ထိုသူ၏ ခွန်အားသည် မှန်းဆ၍ မရလောက်အောင် နက်ရှိုင်းပြီး ရင်ဆိုင်ဖို့ မလွယ်ကူမည်မှာ သေချာသလောက်ပင်။

ယွမ်ထျန်းချီက သူတို့ကို ဆင့်ခေါ်လိုက်သည့်တိုင် တစ်ဖက်လူ၏ လက်ထဲတွင် မည်သို့မှ အသာစီးရလိမ့်မည် မဟုတ်ဟု သူ တွေးမိခဲ့သည်။

ယွမ်ချင်းယွီက အနည်းငယ် တုံ့ဆိုင်းနေသော်လည်း အဆုံးသတ်တွင်မူ လိုက်သွားရန် ဆုံးဖြတ်လိုက်သည်။

သို့သော်လည်း သူက ကောင်းကင်ဓား တံဆိပ်ပြားကို ထုတ်ဖော်ကာ ဟွမ်ယွမ်ဓားဂိုဏ်းထဲသို့ မဝင်ရောက်မီတွင် ဓားအလင်းတန်း တစ်ခုကို အလျင်အမြန် ထုတ်ဖော်လိုက်ပြီး အရေးပေါ် သတင်းစကား တစ်ခုကို ပို့လွှတ်လိုက်သည်။

အခန်း(၂၅၉၃)ပြီး၏။

အခန်း(၂၅၉၄)

အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ရှိ ဟွမ်ယွမ်ဓားဂိုဏ်းနှင့် မိုင်ပေါင်းသိန်းချီ ဝေးကွာသော နေရာတွင် လူငယ်တစ်ဦးသည် ဓားပျံကို စီးနင်းကာ ဟွမ်ယွမ်ဓားဂိုဏ်း ရှိရာ အရပ်ဆီသို့ အလျင်အမြန် ခရီးနှင်လာခဲ့၏။

ရုတ်တရက်ဆိုသလို တောက်ပသော ဓားအလင်းတန်း တစ်ခုသည် ကောင်းကင်ယံကနေ ကျဆင်းလာခဲ့ပြီး ထိုလူငယ်၏ ရှေ့တွင် ချက်ချင်းဆိုသလို ရပ်တန့်သွားခဲ့သည်။

“ဒါက စီနီယာအစ်ကိုချင်းယွီ ဆီက သတင်းစကားပဲ”

ထိုလူငယ်က တစ်ခဏမျှ အံ့အားသင့်သွားပြီးနောက်တွင် လက်လှမ်း၍ ဓားအလင်းတန်းကို ဖမ်းယူလိုက်ရာ သတင်းစကား တစ်ခုသည် သူ၏ စိတ်ထဲသို့ လျင်မြန်စွာ စီးဝင်လာခဲ့သည်။

သတင်း အချက်အလက်ကို သိရှိလိုက်ရလျှင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အသက်ရှူမှားမတတ်ပင် ဖြစ်သွားခဲ့ရသည်။

တစ်စုံတစ်ယောက်သည် ယွမ်ဟောင်ယွီကို သတ်ဖြတ်ခဲ့ပြီး ယွမ်ဟောင်ယွီ၏ မှတ်ဥာဏ်ကို အတင်းအကျပ် လုယူကာ ဟွမ်ယွမ်ဓားဂိုဏ်းထဲကို ကျူးကျော်ဝင်ရောက်သွားခဲ့သည်။

ထို့အပြင် ဟွမ်ယွမ်ဓားဂိုဏ်းကို ကျူးကျော်ဝင်ရောက်လာသူသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှ ကျင့်ကြံသူ မဟုတ်နိုင်သော်လည်း မဟာယာန နှောင်းပိုင်းအဆင့်နှင့် ယှဥ်နိုင်သော ကြောက်မက်ဖွယ်စွမ်းအားရှိပြီး ယွမ်ထျန်းချီကိုပင် အလွယ်တကူ အနိုင်ယူခဲ့သည်။

ယခုအခါ ယွမ်ထျန်းချီသည် ဟွမ်ယွမ်ဓားဂိုဏ်းမှ ပါရမီရှင် ဆယ့်တစ်ဦးကို စုစည်းကာ ထိုလူငယ်ကို ရင်ဆိုင်ရန် တစ်ဖန်ပြန်သွားခဲ့ပြီ ဖြစ်၏။

ယွမ်ချင်းယွီက ထိုလူ၏ ပြိုင်ဘက် မဟုတ်မည်ကို စိုးရိမ်သဖြင့် ဤသတင်းအချက်အလက်ကို သူ့ထံသို့ ပေးပို့ခဲ့ခြင်းဖြစ်ကာ အင်မော်တယ် စိတ်ကူးယဥ်ဟင်းလင်းပြင် တစ်ခုလုံးကို သတင်းဖြန့်ပေးရန် တောင်းဆိုခဲ့သည်။

လူငယ်က တစ်ခဏမျှ စဥ်းစားလိုက်ပြီးနောက်တွင် သူ၏ ဦးတည်ချက်ကို ပြောင်းလဲလိုက်ကာ ဓားအလင်းတန်း တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ဟွမ်ယွမ်သူတော်စင်မြို့တော်ဆီသို့ ဦးတည်သွားခဲ့သည်။

မကြာမီမှာပင် သတင်းစကားတစ်ခုသည် ဟွမ်ယွမ်သူတော်စင်မြို့တော် အတွင်း လျင်မြန်စွာ ပျံ့နှံ့သွားခဲ့၏။

မဟာယာန နှောင်းပိုင်းအဆင့်ထက် မနိမ့်ကျသော စွမ်းအားရှိသည့် ပြင်ပစကြဝဠာမှ လျှို့ဝှက်ဆန်းကြယ်သော ပါရမီရှင်တစ်ဦးသည် အင်မော်တယ် ဟင်းလင်းပြင် အတွင်းသို့ ရောနှောဝင်ရောက်လာခဲ့သည်။

ဟွမ်ယွမ်ဓားဂိုဏ်း၏ မဟာယာနအဆင့် ပါရမီရှင် ယွမ်ထျန်းချီပင်လျှင် ထိုလူ၏ ပြိုင်ဘက် မဟုတ်ပေ။

ဟွမ်ယွမ်ဓားဂိုဏ်းသည် ပြင်ပစကြဝဠာမှ လျှို့ဝှက်ဆန်းကြယ်သော ပါရမီရှင်ကို အတူတကွ ရင်ဆိုင်ရန် အတွက် အင်မော်တယ်ဟင်းလင်းပြင် အတွင်းရှိ ပါရမီရှင်အားလုံးကို ရည်ရွယ်ချက်ရှိရှိ ဆင့်ခေါ်ထားခဲ့သည်။

တစ်ခဏအတွင်းမှာပင် အင်မော်တယ် စိတ်ကူးယဥ်ဟင်းလင်းပြင် အတွင်းရှိ ထိုသတင်းကို ရရှိခဲ့သော လူငယ်ပါရမီရှင် အားလုံးသည် ဟွမ်ယွမ်ဓားဂိုဏ်း ဆီသို့ အပြေးအလွှား ရောက်ရှိလာခဲ့ကြသည်။

အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ရှိ မရေမတွက်နိုင်သော လူငယ်ပါရမီရှင်များ ထိုသတင်းကို ရရှိသည့် အချိန်နှင့်တစ်ပြိုင်နက်တည်းမှာပင် ယွမ်ထျန်းချီသည် ဟွမ်ယွမ်ဓားဂိုဏ်းမှ ပါရမီရှင်တပည့် ဆယ့်တစ်ဦးကို ဦးဆောင်ကာ ဟွမ်ယွမ် ဓားရေကန် တည်ရှိရာ ကမ္ဘာငယ်လေးဆီသို့ တစ်ဖန်ပြန်ရောက်လာခဲ့၏။

ဓားရေကန်ထဲမှ ကျန်းချန်သည် သူ၏ မျက်လုံးများကို ရုတ်တရက် ဖွင့်ကြည့်လိုက်ရာ သူ၏ မြင်ကွင်းထဲတွင် ပေါ်လာသော ယွမ်ထျန်းချီတို့ လူစုကို မြင်လိုက်ရသည်။

သူ၏ မျက်နှာထက်တွင် စိတ်မရှည်သော အရိပ်အယောင်များ ထင်ဟပ်နေခဲ့သည်။

“ယွမ်ထျန်းချီ မင်းထပ်လာရဲသေးတယ်လား.. ငါ မင်းကို မသတ်ရဲဘူးလို့ တကယ်ပဲ ထင်နေလား”

ယွမ်ထျန်းချီ၏ မျက်ဝန်းများက အေးစက်နေခဲ့၏။

“မင်းဘာသာ ဘယ်သူပဲဖြစ်ဖြစ် ငါတို့ ဟွမ်ယွမ်ဓားဂိုဏ်းရဲ့ နယ်မြေမှာ ရမ်းကားချင်တိုင်း ရမ်းကားခွင့် မရှိဘူး”

ကျန်းချန်က ယွမ်ထျန်းချီ၏ အနောက်မှ ဟွမ်ယွမ်ဓားဂိုဏ်း၏ တပည့် ဆယ့်တစ်ဦးကို မြင်လျှင် မထီမဲ့မြင် ပြုံးလိုက်သည်။

“ဒီပုရွက်ဆိတ်တစ်အုပ်ရဲ့ အကူအညီကို ရတာနဲ့ပဲ ငါ့ကို ယှဥ်နိုင်မယ်လို့ မင်းထင်နေတာလား”

ဤနေရာသို့ ရောက်လာသည့် ဟွမ်ယွမ်ဓားဂိုဏ်းမှ လူငယ်ပါရမီရှင်များထဲတွင် အားအနည်းဆုံးသူ၏ ကျင့်ကြံခြင်းအဆင့်သည် ကပ်ဘေးအဆင့်ကို ရောက်ရှိနေပြီး တစ်ဦးချင်းစီသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် ရှားပါးသော လူငယ်ပါရမီရှင်များ ဖြစ်ကြသည်။

သို့သော်လည်း ကျန်းချန်၏ မျက်ဝန်းထဲတွင်မူ သူတို့သည် ပုရွက်ဆိတ်များနှင့် မခြားပေ။

“စီနီယာအစ်ကိုထျန်းချီ.. သူနဲ့ ဘာလို့ လေကုန်ခံပြီး ပြောနေတာလဲ.. သူ့ကို အပြတ်ရှင်းလိုက်ကြစို့”

ကျန်းချန်က သူတို့ကို လုံးဝ အရေးမစိုက်သည်အား မြင်လျှင် ယွမ်ထျန်းချီ၏ အနောက်တွင် ရပ်နေသည့် ဟွမ်ယွမ်ဓားဂိုဏ်းမှ တပည့်များ၏ မျက်နှာထက်တွင် ဒေါသရိပ်များ ဖြစ်ပေါ်လာခဲ့သည်။

သူတို့အားလုံးသည် ဟွမ်ယွမ်ဓားဂိုဏ်း၏ နာမည်ကျော် ပါရမီရှင်များ ဖြစ်ကြသည်။

ယခုအခါတွင်မူ သူတို့နှင့် ရွယ်တူ လူငယ်တစ်ဦး၏ အထင်သေးခြင်းကို ခံရသည်ဖြစ်ရာ သူတို့၏ စိတ်ထဲတွင် အဘယ်ကဲ့သို့ ဒေါသမထွက်ဘဲ နေနိုင်ပါအံ့နည်း။

ယွမ်ထျန်းချီက ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်လိုက်ပြီး နှုတ်ကနေ ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။

“ညီနောင်တို့ ငါ အမိန့်ကိုနာခံပြီး ကောင်းကင်ပုံရိပ် ၁၂ပါး ဓားဗျူဟာကို ခင်းကျင်းကြ”

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

ယွမ်ထျန်းချီ၏ အမိန့်ပေးသံ အဆုံးတွင် ယွမ်ချင်းယွီအပါအဝင် ဟွမ်ယွမ်ဓားဂိုဏ်းမှ တပည့်အားလုံးသည် ၎င်းတို့၏ အရှိန်အဝါများကို အစွမ်းကုန် ထုတ်ဖော်လိုက်ကြသည်။

သူတို့၏ ပုံရိပ်များက လျင်မြန်စွာ လှုပ်ရှားသွားခဲ့ပြီး မကြာမီမှာပင် မတူညီသော နေရာ ၁၂ ခုတွင် နေရာယူလိုက်ကာ ဓားဗျူဟာ တစ်ခုကို အတူတကွ ခင်းကျင်းလိုက်ကြသည်။

ထိုဓားဗျူဟာ၏ အရှိန်အဝါသည် ကျန်းချန်နှင့် ဓားရေကန်တစ်ခုလုံးကိုပင် လွှမ်းခြုံသွားခဲ့သည်။

ဓားဗျူဟာထဲတွင် ကမ္ဘာဖျက်မိုးကြိုးများ ပါဝင်သော မိုးကြိုးဓားကြီးများ၊ ကောင်းကင်ကိုပင် လောင်ကျွမ်းစေနိုင်သော စွမ်းအားများ ပါဝင်သည့် မီးလျှံဓားကြီးများ စသည့် ဓားကြီးများ ပါဝင် ရောယှက်နေခဲ့ပြီး အနှိုင်းမဲ့ နတ်စွမ်းအားများကို ထုတ်လွှတ်နေခဲ့သည်။

“ဒါက ငါတို့ ဟွမ်ယွမ်ဓားဂိုဏ်းရဲ့ ကောင်းကင်ပုံရိပ် ၁၂ပါး ဓားဗျူဟာပဲ.. မင်းမှာ မဟာယာန နှောင်းပိုင်းအဆင့်နဲ့ ယှဥ်နိုင်တဲ့ စွမ်းအားရှိရင်တောင် ဒီနေ့ သေချာပေါက် သေရလိမ့်မယ်”

ဓားဗျူဟာ၏ အလယ်ဗဟိုတွင် ရှိနေသော ကျန်းချန်ကို ကြည့်နေသည့် ယွမ်ထျန်းချီ၏ အကြည့်တွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။

သို့ရာတွင် ယွမ်ထျန်းချီတို့ လူစု၏ ဓားဗျူဟာနှင့် ရင်ဆိုင်နေရသော်လည်း ကျန်းချန်၏ အမူအရာက တည်ငြိမ်နေဆဲပင်။

သူက ဓားဗျူဟာကို တစ်ချက် ကြည့်လိုက်ကာ ခေါင်းခါရမ်း၍ ပြောလိုက်၏။

“ဓားဗျူဟာကတော့ မဆိုးပါဘူး.. နှမြောဖို့ကောင်းတာက ဒီဓားဗျူဟာကို ခင်းကျင်းတဲ့လူတွေက အရမ်းကို အားနည်းလွန်းတာပဲ”

ကျန်းချန်၏ မြင်နိုင်စွမ်းအရ ယွမ်ထျန်းချီတို့ လူစု ခင်းကျင်းထားသော ဓားဗျူဟာသည် အမှန်တကယ်ပင် ထူးခြားပြီး ၎င်းတို့၏ စွမ်းအားထက် သာလွန်သော အင်အားကို ထုတ်ဖော်နိုင်မှန်း မြင်နိုင်ရန် မခက်ခဲပေ။

အကယ်၍ မဟာယာနအဆင့် ကျင့်ကြံသူ ဆယ့်နှစ်ဦးဖြင့်သာ ဤဓားဗျူဟာကို ခင်းကျင်းမည် ဆိုလျှင် မဟာယာန အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေသော ကျင့်ကြံသူများကိုပင် ခြိမ်းခြောက်ရန် လုံလောက်လိမ့်မည် ဖြစ်သည်။

ကံမကောင်းစွာဖြင့် ဓားဗျူဟာ ခင်းကျင်းသည့် ဆယ့်နှစ်ဦးထဲတွင် ယွမ်ထျန်းချီ တစ်ဦးတည်းသာ မဟာယာနအဆင့် ကျင့်ကြံသူ ဖြစ်နေခဲ့သည်။

ယင်းကြောင့် ဤဓားဗျူဟာသည် အလွန်ဆုံး မဟာယာန‌ နှောင်းပိုင်းအဆင့် စွမ်းအားကိုသာ ထုတ်ဖော်နိုင်လိမ့်မည် ဖြစ်သည်။

“သွားသေလိုက်တော့”

ကျန်းချန်က သူတို့ကို အလေးမထားသည်အား မြင်လျှင် ယွမ်ထျန်းချီ ဒေါသတကြီး ကြုံးဝါးလိုက်သည်။

“မိုးကြိုးတစ်သောင်းဓားစွမ်းအား.. ပေါင်းစည်းစမ်း”

ယွမ်ထျန်းချီက လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်ပြီး မိုးကြိုးသင်္ကေတကို ဖွဲ့စည်းလိုက်ရာ ကြောက်မက်ဖွယ်ရာကောင်းသော မိုးကြိုးလှိုင်းများသည် ဓားဗျူဟာပေါ်တွင် ရုတ်တရက် လှိုင်းထလာခဲ့ပြီး တောက်ပသော မိုးကြိုးဓားအလင်း အဖြစ်သို့ ပြောင်းလဲသွားကာ နဂါးတစ်ကောင် ကဲ့သို့ ကောင်းကင်နှင့်မြေကြီး ကြားတွင် ကခုန်နေခဲ့သည်။

“ခရက်”

မိုးကြိုးဓားအလင်း၏ ရှေ့မှ ဟင်းလင်းပြင်သည် ကွဲအက်သွားခဲ့သည်။

ကျန်းချန်က သူ၏ ဦးခေါင်းအထက်တွင် ကြီးမားသော အက်ကြောင်းတစ်ခု ပေါ်လာသည်ကို မြင်လိုက်ရ၏။

ကြောက်မက်ဖွယ်ရာကောင်းသော မိုးကြိုးဓားအလင်းသည် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သော စွမ်းအားဖြင့် ကျန်းချန်ကို ဦးခေါင်းထက်ကနေ ဖိနှိပ်လိုက်သည်။

ဤဓားအလင်းသည် အလွန်တရာပင် ကြောက်မက်ဖွယ်ရာကောင်းပြီး မဟာယာန နှောင်းပိုင်းအဆင့် ကျင့်ကြံသူများကိုပင် နောက်ဆုတ်သွားစေရန် လုံလောက်၏။

ကျန်းချန်က သူ၏ ဦးခေါင်း အထက်ကနေ ကျဆင်းလာသော မိုးကြိုးဓားအလင်းကို မော့ကြည့်လိုက်သည်။

ယင်းနောက်တွင် တောက်ပသော ဓားအလင်းများသည် သူ၏ ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာခဲ့ပြီး ရွှေရောင်ဓားတစ်လက်အဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်ယံသို့ ထိုးတက်၍ မိုးကြိုးဓားအလင်းကို တစ်ခဏအတွင်း ဖျက်ဆီးပစ်လိုက်၏။

ရွှေရောင်ဓားကြီးသည် ကမ္ဘာဖျက် မိုးကြိုးဓားအလင်းကို ဖျက်ဆီးပြီးနောက်တွင် စွမ်းအားများ လျော့ပါးသွားခြင်း မရှိဘဲ ကောင်းကင်ပုံရိပ် ၁၂ပါး ဓားဗျူဟာထဲသို့ တိုက်ရိုက်ပင် တိုးဝင်သွားခဲ့သည်။

“ဝုန်း..”

ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ပုံရိပ် ၁၂ပါး ဓားဗျူဟာသည် ရွှေရောင်ဓားကြီးလက်ချက်ဖြင့် ကြီးမားသော အပေါက်ကြီးတစ်ခု ဖြစ်သွားခဲ့သည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်ပုံရိပ် ၁၂ပါး ဓားဗျူဟာကို ခင်းကျင်းထားကြသည့် ဟွမ်ယွမ်ဓားဂိုဏ်းမှ တပည့်များသည် ရုတ်တရက် ခန္ဓာကိုယ်များ တုန်ယင်သွားခဲ့ပြီး ချက်ချင်းဆိုသလို မျက်နှာများ ဖြူဖျော့သွားခဲ့ကြသည်။

“ဖျက်ဆီးစမ်း”

ကျန်းချန်က ခံစားချက် ကင်းမဲ့သော အမူအရာဖြင့် ရွှေရောင်ဓားကြီးကို ထိန်းချုပ်၍ ခုတ်ပိုင်းလိုက်ရာ ယိုင်နဲ့နေပြီ ဖြစ်သော ကောင်းကင်ပုံရိပ် ၁၂ပါး ဓားဗျူဟာသည် လုံးဝကို အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားခဲ့သည်။

“ဝေ့ါ”

ယွမ်ထျန်းချီမှလွဲ၍ မဟာယာန တစ်ပိုင်းအဆင့် ယွမ်ချင်းယွီ အပါအဝင် အားလုံးသည် သွေးတစ်လုတ်စီ အန်ထုတ်လိုက်ရသည်။

ထိုအခိုက်အတန့်တွင် ဓားရေကန်ထဲ၌ ဝင့်ကြွားစွာ ရပ်နေသော ကျန်းချန်ကို ကြည့်ကာ သူတို့၏ မျက်ဝန်းထဲတွင် ထိတ်လန့်တုန်လှုပ်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့သည်။

သူတို့ ဆယ့်နှစ်ယောက် ပူးပေါင်း၍ ခင်းကျင်းထားသည့် ကောင်းကင်ပုံရိပ် ၁၂ပါး ဓားဗျူဟာကို ထိုလူသည် သာမန်တိုက်ခိုက်မှုလေး တစ်ခုဖြင့်ပင် ဖျက်ဆီးပစ်ခဲ့သည် မဟုတ်ပါလား။

“ဒါ.. ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

အခန်း(၂၅၉၄)ပြီး၏။

All Chapters