← Chapters

အခန်း (၂၅၉၇-၂၅၉၈)

Vol. 200 Ch. 2597-2598

အခန်း (၂၅၉၇-၂၅၉၈)

Vol. 200 Ch. 2597-2598

အခန်း(၂၅၉၇)

ပြင်ပစကြဝဠာမှ လျှို့ဝှက်ဆန်းကြယ်သော ပါရမီရှင်က ဟွမ်ယွမ်ဓားဂိုဏ်း၏ ယွမ်ဟောင်ယွီကို သတ်ဖြတ်ခဲ့ပြီး ဟွမ်ယွမ်ဓားဂိုဏ်းထဲသို့ ကျူးကျော် ဝင်ရောက်သွားသည့် သတင်းပျံ့နှံ့သွားပြီးနောက်တွင် အင်မော်တယ် စိတ်ကူးယဥ်ဟင်းလင်းပြင် အတွင်းရှိ အင်အားစုများမှ ပါရမီရှင်တပည့်များသည် ဟွမ်ယွမ်ဓားဂိုဏ်း ဆီသို့ စုရုံး၍ ရောက်ရှိလာခဲ့ကြသည်။

ရက်ပိုင်းအတွင်းမှာပင် ဟွမ်ယွမ်ဓားဂိုဏ်း၏ အပြင်ဘက်တွင် အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ကို ဝင်ရောက်လာသော လူငယ်ပါရမီရှင် တစ်ရာထက်မနည်း စုဝေးရောက်ရှိနေခဲ့ကြသည်။

သို့သော်လည်း ဟွမ်ယွမ်ဓားဂိုဏ်းတွင် အကာအကွယ် ဓားအစီအရင် ရှိနေသဖြင့် သူတို့သည် အတင်းအကျပ် ကျူးကျော်ဝင်ရောက်၍ မရနိုင်ဘဲ ဟွမ်ယွမ်ဓားဂိုဏ်း၏ အပြင်ဘက်တွင်သာ စောင့်ဆိုင်းနေကြရ၏။

ဤလူငယ်ပါရမီရှင်များထဲတွင် ရှေ့ဆုံး၌ ရပ်နေသူမှာ အပြာရောင်ဝတ်စုံကို ဝင်ဆင်ထားသည့် စာပေသမား အသွင်အပြင်နှင့် လူငယ်တစ်ဦး ဖြစ်သည်။

ထိုလူငယ်၏ မျက်နှာထက်တွင် စိတ်မရှည်သော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့၏။

သူက နံဘေးရှိ ဓားကျင့်ကြံသူ တစ်ဦးကို ကြည့်ကာ နှာခေါင်းရှုံ့၍ အေးစက်စက် ပြောလိုက်သည်။

“ယွီဝမ်ကျန့်.. မင်းတို့ ဟွမ်ယွမ်ဓားဂိုဏ်းက ဘာသဘောလဲ.. ပြင်ပစကြဝဠာက ပါရမီရှင်တစ်ယောက် ဟွမ်ယွမ်ဓားဂိုဏ်းထဲကို ကျူးကျော်လာလို့ ငါတို့ကို အကူအညီ တောင်းပြီးကာမှ ဘာလို့ ဟွမ်ယွမ်ဓားဂိုဏ်းရဲ့ အကာအကွယ် ဓားအစီအရင်ကို မဖွင့်လှစ်ပေးဘဲ အထဲ ဝင်ခွင့်မပေးရတာလဲ”

ထိုစကားကို ပြောလိုက်သူမှာ ထိုက်ယီ အင်မော်တယ်ဂိုဏ်းမှ နာမည်ကျော် မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင် မုချင်းယွမ် ဖြစ်ပြီး ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းတွင် ယွမ်ထျန်းချီနှင့် အတူ နာမည်ကျော်ကြားသည့် ပါရမီရှင်သုံးဦး အနက် တစ်ဦးလည်း ဖြစ်သည်။

“ဟုတ်တယ် ယွီဝမ်ကျန့်.. မင်းတို့က ငါတို့ကို အကူအညီလာတောင်းပြီးမှတော့ ငါတို့ရဲ့အချိန်ကို မဖြုန်းတီးပါနဲ့.. ငါတို့ကို ဟွမ်ယွမ်ဓားဂိုဏ်းထဲ အမြန် ဝင်ခွင့်ပေးစမ်းပါ”

မုချင်းယွမ်၏ စကားကို ဤနေရာ၌ စုဝေးနေကြသည့် လူငယ်ပါရမီရှင် အများအပြားက ဝိုင်းဝန်း ထောက်ခံလိုက်ကြသည်။

ဤလူငယ်ပါရမီရှင်များ ဟွမ်ယွမ်ဓားဂိုဏ်းသို့ ရောက်လာကြသည့် အကြောင်းရင်းမှာ အမှန်တကယ် အကူအညီပေးချင်၍ မဟုတ်ဘဲ အားလုံးတွင် ကိုယ်ပိုင် အကြံအစည်များ ရှိနေခဲ့ကြသည်။

အဆုံးသတ်တွင် ဟွမ်ယွမ်ဓားဂိုဏ်းသည် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ၏ နံပါတ်တစ် အင်မော်တယ်ဂိုဏ်းကြီး ဖြစ်ပြီး အခြေခံအုတ်မြစ်သည် မှန်းဆ၍ မရနိုင်လောက်အောင် နက်ရှိုင်း၏။

စင်စစ် ပါရမီရှင် လူငယ်များသည် အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ထဲရှိ ဟွမ်ယွမ်ဓားဂိုဏ်း၏ အရင်းအမြစ်များကို မက်မောနေကြခြင်းသာ။

ကံဆိုးစွာဖြင့် ဟွမ်ယွမ်ဓားဂိုဏ်းတွင် အကာအကွယ် အတားအဆီး အစီအရင် ရှိနေသဖြင့် ဟွမ်ယွမ်ဓားဂိုဏ်းမှ တပည့်များက ထိုအစီအရင်ကို ဖွင့်မပေးသရွေ့ တခြားသော အင်အားစုများမှ ပါရမီရှင်များသည် ဟွမ်ယွမ်ဓားဂိုဏ်း ထဲသို့ ဝင်ရောက်၍ မရနိုင်ပေ။

ဤအချက်ကြောင့်ပင် အင်မော်တယ်စိတ်ကူးယဥ် ဟင်းလင်းပြင် ဖွင့်လှစ်သည့် အကြိမ်တိုင်းတွင် အခြားသော အင်အားစုများမှ ပါရမီရှင် လူငယ်များသည် ဟွမ်ယွမ်ဓားဂိုဏ်း၏ အရင်းအမြစ်များကို ထိတွေ့ခွင့် မရရှိခဲ့ကြခြင်း ဖြစ်သည်။

ယခုတစ်ကြိမ်တွင်မူ ပြင်ပစကြဝဠာမှ လျှို့ဝှက်ဆန်းကြယ်သော ပါရမီရှင်တစ်ဦး ဟွမ်ယွမ်ဓားဂိုဏ်း ထဲသို့ ကျူးကျော်ဝင်ရောက်လာခဲ့၍ ဟွမ်ယွမ်ဓားဂိုဏ်း ကိုယ်တိုင် အကူအညီ တောင်းခံလာခြင်း ဖြစ်သည်။

ယင်းသည် လူငယ်ပါရမီရှင်များအတွက် အခွင့်ကောင်းတစ်ခု ဖြစ်နေသည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။

သူတို့က ဟွမ်ယွမ်ဓားဂိုဏ်းကို အကူအညီပေးရန် လာရောက်ကြခြင်းမှာ အဓိကအားဖြင့် ဟွမ်ယွမ်ဓားဂိုဏ်း ထဲသို့ ဝင်ရောက်ပြီး ဟွမ်ယွမ်ဓားဂိုဏ်း၏ အရင်းအမြစ် အချို့ကို ရယူရန်ပင် ဖြစ်၏။

သို့သော်လည်း ယခုအခါတွင် သူတို့သည် ဟွမ်ယွမ်ဓားဂိုဏ်း၏ အပြင်ဘက်တွင်သာ စောင့်ဆိုင်းနေရသည် ဖြစ်ရာ မည်ကဲ့သို့ ကျေနပ်နိုင်ပါအံ့နည်း။

“ညီနောင်မု.. မင်းတို့ကို ဟွမ်ယွမ်ဓားဂိုဏ်းထဲ ဝင်ခွင့်မပေးတာမဟုတ်ပါဘူး.. ငါကိုယ်တိုင်လည်း ဝင်လို့မရလို့ပါ”

ယွီဝမ်ကျန့်က ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။

“ငါတို့ဂိုဏ်းရဲ့ ဂိုဏ်းကာကွယ်ရေး အစီအရင်ကို အကြီးအကဲကပဲ ဖွင့်လှစ်ပေးလို့ရတယ်.. ဒါ့အပြင် ဟွမ်ယွမ်ဓားဂိုဏ်းရဲ့ အဓိကတပည့်တွေပဲ လွတ်လွတ်လပ်လပ် ဝင်ထွက်နိုင်တယ်”

“ချီး..မင်းက ငါတို့ကို ဟွမ်ယွမ်ဓားဂိုဏ်းထဲ ဝင်ခွင့်မပေးနိုင်ဘူး ဆိုမှတော့ ဘာလို့ ငါတို့ကို ဖိတ်ခေါ်ရတာလဲ..ဒါက ငါတို့ရဲ့အချိန်တွေကို ဖြုန်းနေတာပဲ မဟုတ်ဘူးလား”

မုချင်းယွမ်၏ မျက်နှာက ချက်ချင်းဆိုသလိုပင် သုန်မှုန်သွားခဲ့သည်။

သူ ဤနေရာသို့ လာရောက်ရန် ရွေးချယ်ခဲ့သည့် အကြောင်းရင်းမှာ ဟွမ်ယွမ်ဓားဂိုဏ်း ထဲသို့ ဝင်ရောက်ပြီး ဟွမ်ယွမ်ဓားဂိုဏ်း၏ အမွေအနှစ် အရင်းအမြစ် အချို့ကို ရယူလိုသောကြောင့်သာ ဖြစ်သည်။

အကယ်၍ သူက ဟွမ်ယွမ်ဓားဂိုဏ်း ထဲသို့ ဝင်၍ မရခဲ့လျှင် အခြားသော နေရာများသို့ သွားကာ အရင်းအမြစ် ရှာဖွေ၍ ကျင့်ကြံခြင်းသည် ပို၍ ကောင်းမွန်ပေလိမ့်မည် ဖြစ်ရာ ဤနေရာတွင် အဘယ်ကြောင့် အချိန်ဖြုန်းနေရပါမည်နည်း။

“ယွီဝမ်ကျန့်.. ညီနောင်မု ပြောတာမှန်တယ်.. မင်း ငါတို့ကို ဟွမ်ယွမ်ဓားဂိုဏ်းထဲ ဝင်ခွင့်မပေးနိုင်ဘူး ဆိုရင် ငါတို့လည်း မင်းနဲ့အတူ ရှိမနေနိုင်တာကို နားလည်ပေးပါ”

ဝူကျိအင်‌မော်တယ်ဂိုဏ်းမှ တပည့်တစ်ဦးက လှောင်ပြုံး ပြုံးကာ ပြောလိုက်သည်။

အင်မော်တယ် စိတ်ကူးယဥ်ဟင်းလင်းပြင် ဖွင့်လှစ်သည့်အချိန်သည် အကန့်အသတ်ရှိ၏။

သူတို့ ဟွမ်ယွမ်ဓားဂိုဏ်း ဆီသို့ လာရောက်ခဲ့ကြခြင်းမှာ ဟွမ်ယွမ်ဓားဂိုဏ်း၏ အရင်းအမြစ်များထဲမှ ဝေစုတစ်စုကို ရယူလိုသောကြောင့်သာ ဖြစ်သည်။

ဆိုရလျှင် ဟွမ်ယွမ်ဓားဂိုဏ်းထဲသို့ တစ်စုံတစ်ယောက်ကျူးကျော်ဝင်ရောက်သွားခြင်းသည် သူတို့နှင့် သက်ဆိုင်မှုမရှိပေ။

“မင်းတို့ အားလုံး စိတ်အေးအေးထားကြပါ.. စိတ်မပူပါနဲ့.. ငါ စီနီယာအစ်ကို ထျန်းချီကို ဆက်သွယ်ထားပါတယ်”

ပါရမီရှင်အားလုံးက ထွက်သွားရန် ပြင်နေသည်ကို မြင်လျှင် ယွီဝမ်ကျန့်သည် အလျင်အမြန်ပင် ပြောလိုက်သည်။

ထိုစကားကို ပြောနေသော်လည်း ယွီဝမ်ကျန့်၏ မျက်နှာထက်တွင် စိုးရိမ်ပူပန်သော အရိပ်အယောင်များ ရှိနေခဲ့သည်။

ယခုအခါတွင် ယွမ်ထျန်းချီနှင့် အခြားသူများ ဟွမ်ယွမ်ဓားဂိုဏ်းထဲသို့ ဝင်ရောက်သွားသည်မှာ ဆယ်ရက်ကျော်နေပြီဖြစ်၏။

သို့သော်လည်း ဟွမ်ယွမ်ဓားဂိုဏ်းထဲတွင် မည်သည့်လှုပ်ရှားမှုမျှ မရှိသေးပေ။

ယွီဝမ်ကျန့်ကို ပို၍ ထိတ်လန့်စေသောအရာမှာ သူက ယွမ်ထျန်းချီ၊ ယွမ်ချင်းယွီနှင့် အခြားသော စီနီယာများကို တစ်ယောက်ပြီး တစ်ယောက် ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း မည်သည့် တုံ့ပြန်မှုမှ မရရှိခဲ့ခြင်းပင်။

ရှင်းလင်းစွာဆိုရလျှင် ဟွမ်ယွမ်ဓားဂိုဏ်းထဲကို ဝင်ရောက်သွားသည့် စီနီယာအားလုံးသည် လေထဲတွင်ပင် ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေခဲ့၏။

ယွီဝမ်ကျန့်၏ စိတ်ထဲတွင် အလွန် ဆိုးရွားသော ခံစားချက်တစ်ခုကို ရရှိနေခဲ့သည်။

ဟွမ်ယွမ်ဓားဂိုဏ်းထဲသို့ ဝင်ရောက်သွားသည့် သူ၏ စီနီယာများသည် အမှန်တကယ်ပင် တစ်စုံတစ်ရာ ဖြစ်သွားခဲ့ပါသလော။

သို့သော်လည်း ထိုလူထုထဲတွင် မဟာယာနအဆင့် ပါရမီရှင်တစ်ဦး၊ မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင် တစ်ဦးနှင့် ကပ်ဘေးအဆင့် ပါရမီရှင်ဆယ်ဦး ပါဝင်နေခဲ့သည်။

ဤမျှ အစွမ်းထက်သော လူအင်အားဖြင့် ဆိုလျှင် ဟွမ်ယွမ်ဓားဂိုဏ်း၏ ကောင်းကင်ပုံရိပ် ၁၂ပါး ဓားဗျူဟာကို ခင်းကျင်းနိုင်မည် ဖြစ်ရာ မဟာယာန နှောင်းပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်နေလျှင်ပင် သူတို့ကို ယှဥ်နိုင်မည် မဟုတ်ပေ။

အကယ်၍ ဟွမ်ယွမ်ဓားဂိုဏ်းထဲသို့ ကျူးကျော် ဝင်ရောက်လာသူသာ ယွမ်ထျန်းချီ တို့ကို အမှန်တကယ် ရှင်းပစ်နိုင်ခဲ့သည် ဆိုလျှင် ထိုလူသည် မည်မျှအထိ ကြောက်မက်ဖွယ်ရာကောင်းသော တည်ရှိမှုမျိုး ဖြစ်နိုင်ပါသနည်း။

ထိုလျှို့ဝှက်ဆန်းကြယ်သော ပါရမီရှင်ကို ကြောက်ရွံ့နေခြင်းကြောင့်ပင် ယွီဝမ်ကျန့်သည် ဟွမ်ယွမ်ဓားဂိုဏ်း ထဲသို့ ဝင်ရောက်စုံစမ်းရန် မဝံ့မရဲ ဖြစ်နေခဲ့သည်။

မုချင်းယွမ်က နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။

“ငါ ရေနွေးအိုး တစ်ကျက်စာလောက်ပဲ စောင့်တော့မယ်.. တကယ်လို့ အဲဒီ အချိန်အတွင်းမှာ ဟွမ်ယွမ်ဓားဂိုဏ်းထဲကို ဝင်လို့မရသေးဘူး ဆိုရင် မင်းတို့ ဟွမ်ယွမ်ဓားဂိုဏ်းရဲ့ ကိစ္စတွေကို ငါလုံးဝ စိတ်မဝင်စားတော့ဘူး”

ထိုစကားကိုကြားလျှင် ယွီဝမ်ကျန့်သည် မျက်ခုံး အနည်းငယ် တွန့်ကွေးသွားခဲ့သည်။

သူက စကားပြောရန် ပြင်လိုက်စဥ်မှာပင် တည်ငြိမ်သော စကားသံ တစ်သံက ဟွမ်ယွမ်ဓားဂိုဏ်း၏ အတွင်းဘက်ကနေ ရုတ်တရက် ပျံ့လွင့်လာခဲ့သည်။

“မုချင်းယွမ်.. ငါတို့စကြဝဠာထဲကို အပြင်လူ ရောနှောဝင်ရောက်လာတာက ငါတို့ ဟွမ်ယွမ်ဓားဂိုဏ်း တစ်ဂိုဏ်းတည်းရဲ့ ကိစ္စမဟုတ်ဘူး.. မင်းတို့ရဲ့ အကြံအစည်ကို ငါ‌‌ကောင်းကောင်းသိတယ်.. ပြင်ပစကြဝဠာက ပါရမီရှင်ကို ဖြေရှင်းပြီးတဲ့ အခါကျရင် ဟွမ်ယွမ်ဓားဂိုဏ်းက မင်းတို့ကို မေ့ထားမှာ မဟုတ်ဘူး”

စကားသံ ဆုံးသည်နှင့် ထက်ရှသော မျက်ခုံးအစုံနှင့် လူငယ်တစ်ဦးသည် ဟွမ်ယွမ်ဓားဂိုဏ်း ထဲကနေ ဖြည်းညင်းစွာ လျှောက်ထွက်လာခဲ့သည်။

ထိုလူငယ်မှာ ဟွမ်ယွမ်ဓားဂိုဏ်း၏ မဟာယာနအဆင့် ပါရမီရှင် ယွမ်ထျန်းချီပင် ဖြစ်သည်။

ဆယ်ရက်ကျော် ကာလအတွင်း ယွမ်ထျန်းချီသည် ဟွမ်ယွမ်ဓားဂိုဏ်း၏ ရတနာတိုက်က်ထဲတွင် နေထိုင်ခဲ့ပြီး ဟွမ်ယွမ်ဓားဂိုဏ်း၏ အထွတ်အမြတ် နတ်ဆေးရည်များ၏ အကူအညီဖြင့် သူ၏ ဖြတ်တောက်ခံလိုက်ရသော ကျင့်ကြံမှု အားလုံးကို အဆုံးသတ်တွင် ပြန်လည် ထူထောင်နိုင်ခဲ့သည်။

“စီနီယာအစ်ကိုထျန်းချီ”

အပြင်ဘက်သို့ ထွက်လာသော လူငယ်ကိုမြင်လျှင် ယွီဝမ်ကျန့် အလွန်အမင်း ဝမ်းသာသွားခဲ့ပြီး အလျင်အမြန်ပင် ရှေ့တိုးကာ ဂါဝရပြုလိုက်သည်။

ယွမ်ထျန်းချီက ခေါင်းညိတ်ပြလိုက်ပြီး သူ၏ အကြည့်သည် မုချင်းယွမ် ထံသို့ တိုက်ရိုက်ပင် ကျရောက်သွားခဲ့သည်။

ထို့နောက်တွင် ယွမ်ထျန်းချီက အံ့ဩသော အမူအရာဖြင့် ပြောလိုက်၏။

“မုချင်းယွမ်.. မင်းလည်း မဟာယာနအဆင့်ကို ထိုး‌ဖောက်နိုင်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. ဒါက ငါ့ကို တကယ်ပဲ အံ့အားသင့်စေတယ်”

မုချင်းယွမ်က တည်ငြိမ်စွာ ပြုံး၍ ပြောလိုက်သည်။

“ဘာလဲ မင်းတစ်ယောက်တည်းပဲ မဟာယာနအဆင့်ကို ထိုးဖောက်နိုင်မယ်လို့ ထင်နေတာလား”

ထိုခဏဝယ် ယွမ်ထျန်းချီသည် ဟင်းလင်းပြင်ရှိ နေရာတစ်ခုကို လှမ်းကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

“ကျိကျီထျန်း.. မင်းလည်း ဒီမှာ ရှိနေတာကို ငါသိတယ်..ဒီကိုရောက်နေမှတော့ ဘာလို့ မထွက်လာသေးတာလဲ”

ယွမ်ထျန်းကျီ၏ စကားသံ အဆုံးသတ်သည်နှင့် တစ်ပြိုင်နက် ခရမ်းရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးသည် ဟင်းလင်းပြင်ထဲကနေ ထွက်ပေါ်လာခဲ့သည်။

ကျိကျီထျန်းသည် ဝူကျိအင်မော်တယ်ဂိုဏ်း၏ နံပါတ်တစ်ပါရမီရှင် ဖြစ်ပြီး ယွမ်ထျန်းချီ၊ မုချင်းယွမ်တို့နှင့် အပြိုင် ကျော်ကြားသော ပါရမီရှင်သုံးဦး အနက်မှ တစ်ဦးလည်း ဖြစ်သည်။

ယခုအခါတွင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ထိပ်တန်း ပါရမီရှင်သုံးဦးသည် ဤနေရာတွင် ရောက်ရှိနေကြပြီ ဖြစ်သည်။

“မင်းလည်း မဟာယာနအဆင့်ကို ထိုးဖောက်နိုင်ခဲ့ပြီပဲ”

ယွမ်ထျန်းချီ၏ အကြည့်က ကျိကျီထျန်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားပြီးနောက်တွင် ယွမ်ထျန်းချီ၏ မျက်ဝန်းထဲ၌ ထက်ရှသော အလင်းတန်း တစ်ခု လင်းလက်သွားခဲ့သည်။

“ငါတို့ မဟာယာနအဆင့် ပါရမီရှင်သုံးဦး ပူးပေါင်းလိုက်မယ်ဆိုရင် ဒီကောင်က တိုက်ခိုက်ရေးစွမ်းရည် ဘယ်လောက်ပဲ ပြိုင်ဘက်ကင်းနေပါစေ.. သေရမှာ သေချာသလောက်ပဲ”

အခန်း(၂၅၉၇)ပြီး၏။

အခန်း(၂၅၉၈)

“ယွမ်ထျန်းချီ မင်းတို့ ဟွမ်ယွမ်ဓားဂိုဏ်းထဲကို တကယ်ပဲ တစ်စုံတစ်ယောက်က ကျူးကျော်ဝင်ရောက်ခဲ့တယ်လား”

ကျိကျီထျန်းက ယွမ်ထျန်းချီကို ကြည့်ကာ မေးလိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့၏။

ဝူကျိအင်မော်တယ်ဂိုဏ်း၏ တပည့်တစ်ဦး အနေဖြင့် ကျိကျီထျန်းသည် ဟွမ်ယွမ်ဓားဂိုဏ်း၏ ဂိုဏ်းကာကွယ်ရေး အစီအရင်က မည်မျှအထိ ကြောက်မက်ဖွယ်ရာကောင်းမှန်း ကောင်းစွာ သိရှိထားခဲ့သည်။

မဟာယာန အထွတ်အထိပ်အဆင့်ရှိ ထိပ်တန်း ကျင့်ကြံသူတစ်ဦးပင်လျှင် ဟွမ်ယွမ်ဓားဂိုဏ်း၏ ဂိုဏ်းကာကွယ်ရေးအစီအရင်ကို ထိုးဖောက်ရန် အလွန်တရာ ခက်ခဲ၏။

ထိုလူက ဟွမ်ယွမ်ဓားဂိုဏ်း ထဲသို့ မည်ကဲ့သို့ ကျူးကျော်ဝင်ရောက်ခဲ့သည်ကို ကျိကျီထျန်း အမှန်တကယ်ပင် သိချင်စိတ် ပြင်းပြနေခဲ့သည်။

“ငါက မင်းကို နောက်ပြောင်နေတယ် ထင်လို့လား”

ယွမ်ထျန်းချီက လေးနက်စွာ ပြောလိုက်သည်။

“ပြင်ပစကြဝဠာက လျှို့ဝှက်ဆန်းကြယ်တဲ့ ပါရမီရှင်က ဟွမ်ယွမ်ဓားဂိုဏ်းက တပည့်တစ်ယောက်ကို သတ်ပြီး သူ့ရဲ့မှတ်ဥာဏ်ကို အတင်းအကျပ် လုယူခဲ့တယ်.. အဲဒီနည်းနဲ့ ဟွမ်ယွမ်ဓားဂိုဏ်းထဲ ဝင်ရောက်နိုင်တဲ့ နည်းလမ်းကို ရသွားတာပဲ”

ယွမ်ထျန်းချီ၏ စကားကိုကြားလျှင် ဤနေရာတွင် ရှိနေကြသည့် လူငယ်ပါရမီရှင်အားလုံးသည် အသက်ရှူမှားမတတ်ပင် ဖြစ်သွားခဲ့ကြသည်။

လူတိုင်းသည် ဟွမ်ယွမ်ဓားဂိုဏ်းမှ တပည့်များတွင် ဟွမ်ယွမ်ဓားဂိုဏ်း ထဲသို့ ဝင်ရောက်နိုင်သည့် နည်လမ်းရှိသည်ကို ကောင်းစွာ သိထားခဲ့ကြသည်။

သို့သော်လည်း အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင် ဖွင့်လှစ်သည့် အကြိမ်တိုင်းတွင် မည်သူကမျှ ဟွမ်ယွမ်ဓားဂိုဏ်း၏ တပည့်ထံမှ အစီအရင်ဖွင့်လှစ်သည့် နည်းလမ်းကို သိရှိရန် ဤနည်းလမ်းကို အသုံးမပြုရဲကြပေ။

သိထားရမည့်အချက်မှာ အင်မော်တယ် စိတ်ကူးယဥ်ဟင်းလင်းပြင် ထဲတွင် သေဆုံးခြင်းသည် အစစ်အမှန် သေဆုံးခြင်း မဟုတ်ချေ။

မည်သူမဆို ဤနည်းလမ်းဖြင့် ဟွမ်ယွမ်ဓားဂိုဏ်းမှ တပည့်ကို အသုံးချခဲ့လျှင် ဟွမ်ယွမ်ဓားဂိုဏ်း၏ ဒေါသကို ဆွပေးသလို ဖြစ်သွားပေလိမ့်မည်။

ဟွမ်ယွမ်ဓားဂိုဏ်း ဆိုသည်မှာ အင်‌မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ နံပါတ်တစ် အင်မော်တယ်ဂိုဏ်းကြီး ဖြစ်၏။

ဝူကျိ အင်မော်တယ်ဂိုဏ်းနှင့် ထိုက်ယီ အင်မော်တယ်ဂိုဏ်း တို့သည်ပင် ဟွမ်ယွမ်ဓားဂိုဏ်းကို အလွယ်တကူ မ‌စော်ကားဝံ့ကြပေ။

မုချင်းယွမ်က အနည်းငယ် စဥ်းစားပြီးမှ သုံးသပ် ပြောဆိုလိုက်သည်။

“ယွမ်ထျန်းချီ.. ကျူးကျော်ဝင်ရောက်လာတဲ့ ပါရမီရှင်က ရင်ဆိုင်ဖို့ သိပ်မလွယ်လောက်ဘူးထင်တယ်.. ဟုတ်တယ်မဟုတ်လား”

မုချင်းယွမ်သည် ယွမ်ထျန်းချီ၏ ပါရမီနှင့်စွမ်းအားကို ကောင်းစွာ သိရှိထားခဲ့သည်။

ဤနှစ်ပေါင်းများစွာ အတွင်း သူနှင့် ကျိကျီထျန်းသည် ယွမ်ထျန်းချီ၏ နောက်တွင်သာ ရှိခဲ့ကြသည်။

လက်ရှိအချိန်တွင် သူတို့သည် မဟာယာန အဆင့်ကို ထိုးဖောက်နိုင်ခဲ့ပြီ ဖြစ်သော်လည်း တစ်ဦးချင်းသာ တိုက်ခိုက်မည်ဆိုလျှင် ယွမ်ထျန်းချီ၏ ပြိုင်ဘက်ဖြစ်နိုင်ရန် ခဲယဥ်းနေသေးသည်။

ယခုအခါတွင်မူ အမြဲတစေ မောက်မာလွန်း၍ ယွမ်ထျန်းချီသည် မာနကို ခဝါချပြီး သူတို့နှစ်ဦးကို ပူးပေါင်းရန် ကမ်းလှမ်းနေခဲ့သည်။

ဤသည်ကို ကြည့်ချင်းအားဖြင့် ဟွမ်ယွမ်ဓားဂိုဏ်း ထဲသို့ ကျူးကျော် ဝင်ရောက်လာသူ၏ စွမ်းရည်သည် မှန်းဆ၍ မရလောက်အောင် နက်ရှိုင်းမည်မှာ သိသာနေခဲ့၏။

ကျိကျီထျန်းက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“ညီနောင်မု ပြောတာမှန်တယ်...အဲဒီကောင်ကို ရင်ဆိုင်ဖို့က မလွယ်လောက်ဘူး.. ပထမအဆင့် ပြိုင်ပွဲပြီးလို့ အစစ်အမှန်ကမ္ဘာကို ပြန်ရောက်မှ အဲဒီကောင်ကို ဖြေရှင်းမယ်ဆိုရင် မင်းတို့ ဟွမ်ယွမ်ဓားဂိုဏ်း အတွက် ပိုပြီး မလွယ်ကူသွားဘူးလား ယွမ်ထျန်းချီ”

ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး သုံးဂိုဏ်းသည် တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း ပြိုင်ဘက်များ ဖြစ်ကြသည်။

လက်ရှိတွင် အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ထဲတွင် ပြင်ပစကြဝဠာမှ လျှို့ဝှက်ဆန်းကြယ်သော ပါရမီရှင်သည် ဟွမ်ယွမ်ဓားဂိုဏ်း ထဲသို့ ကျူးကျော် ဝင်ရောက်လာခဲ့သည်။

ယင်းမှာ သူတို့ အတွက် ထိခိုက်မှု မရှိသည့်အပြင် အကျိုးကျေးဇူးပင် ရှိစေနိုင်၏။

အဆုံးသတ်တွင် ပြင်ပစကြဝဠာမှ ပါရမီရှင်သည် ဟွမ်ယွမ်ဓားဂိုဏ်း၏ တပည့်များ ပိုင်ဆိုင်မည့် အရင်းအမြစ်များကို သိမ်းပိုက်လိုက်ခြင်း ဖြစ်ရာ ယင်းသည် ဟွမ်ယွမ်ဓားဂိုဏ်းမှ တပည့်များ၏ ကြီးထွားမှုကို ကန့်သတ်လိုက်သည်နှင့် အတူတူပင် မဟုတ်ပါလော။

အကယ်၍ လုံလောက်သာ အကျိုးအမြတ် မရှိလျှင် သူတို့သည် အဘယ်ကြောင့် ယွမ်ထျန်းချီကို အကူအညီပေးပြီး ပြင်ပစကြဝဠာမှ ပါရမီရှင်ကို ဖြေရှင်းပေးရပါမည်နည်း။

ယွမ်ထျန်းချီ၏ မျက်ဝန်းများက လက်ခနဲဖြစ်သွားခဲ့ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“ပြင်ပစကြဝဠာက ပါရမီရှင်ကို ဖြေရှင်းပြီးတာနဲ့ မင်းတို့နှစ်ယောက်လုံးကို ငါတို့ ဟွမ်ယွမ်ဓားဂိုဏ်းရဲ့ ဟွမ်ယွမ်ဓားရေကန်ထဲမှာ ကျင့်ကြံခွင့်ပေးမယ်”

ဟွမ်ယွမ်ဓားဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင် အနေဖြင့် ယွမ်ထျန်းချီသည် ငတုံးတစ်ယောက် မဟုတ်ပေ။

ကျိကျီထျန်းနှင့် မုချင်းယွမ်တို့ မည်ကဲ့သို့ တွေးတောနေသည်ကို သူကောင်းစွာ ရိပ်စားမိခဲ့၏။

ဤနှစ်ယောက်ကို သူ သဘောမကျသော်လည်း ဟွမ်ယွမ်ဓားဂိုဏ်း နယ်မြေအတွင်း အပြင်လူများ လာရောက်ရမ်းကားနေသည်ကို ခွင့်မပြုနိုင်ပေ။

ထိုနှစ်ယောက်ကို လုံလောက်သော အကျိုးအမြတ် မပေးလျှင် ထိုနှစ်ယောက်သည် သူ့ကို အလွယ်တကူ ကူညီမည် မဟုတ်မှန်း ယွမ်ထျန်းချီ အသေအချာ သိထားခဲ့သည်။

ဤအချက်ကြောင့်ပင် ယွမ်ထျန်းချီသည် ကျိကျီထျန်းနှင့် မုချင်းယွမ်တို့ ငြင်းဆို၍ မရနိုင်မည့် အခြေအနေ တစ်ရပ်ဖြင့် ကမ်းလှမ်းခဲ့ခြင်းသာ။

ယွမ်ထျန်းချီ၏ ကမ်းလှမ်းချက်ကို ကြားလိုက်ရလျှင် ကျိကျီထျန်းနှင့် မုချင်းယွမ် တို့၏ မျက်ဝန်းများက အနည်းငယ်‌ တောက်ပသွားခဲ့သည်။

ဟွမ်ယွမ်ဓားဂိုဏ်း၏ ဟွမ်ယွမ်ဓားရေကန် အကြောင်းကို သူတို့နှစ်ယောက်စလုံးသည် ကောင်းစွာ သိရှိထားကြ၏။

ယင်းက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ တစ်ခုလုံးရှိ အံ့ဖွယ် အကောင်းဆုံး နေရာများ အနက်မှ တစ်ခုလည်းဖြစ်သည်။

ဒဏ္ဍာရီများအရ ထိုဓားရေကန်ကို ရှေးဟောင်း အင်မော်တယ် တစ်ပါးက ချန်ထားခဲ့ခြင်း ဖြစ်ပြီး ဓားရေကန်ထဲတွင် အလွန်ထူးဆန်းသော စွမ်းအားများ ရှိသည်ဟု ဆိုကြ၏။

အကယ်၍ သူတို့သာ ဟွမ်ယွမ်ဓားရေကန် ထဲတွင် အချိန်အတိုင်းအတာ တစ်ခုအထိ ကျင့်ကြံခွင့်ရမည်ဆိုလျှင် ယင်းသည် သူတို့ အတွက် အိပ်မက်တစ်ခုလိုပင် ဖြစ်နေပေလိမ့်မည်။

“ညီနောင်ထျန်းချီရဲ့ ကမ်းလှမ်းချက်က တကယ်ကို ငြင်းဖို့ခက်ခဲတာပဲ.. ဟွမ်ယွမ်ဓားဂိုဏ်းရဲ့ ဟွမ်ယွမ်ဓားရေကန် နာမည်ကို ကြားဖူးခဲ့တာ ကြာပါပြီ.. ငါတကယ်ပဲ စိတ်ဝင်စားမိပါတယ်”

ကျိကျီထျန်းက ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ယွမ်ထျန်းချီ၏ ကမ်းလှမ်းချက်ကို သဘောတူလိုက်သည်။

မုချင်းယွမ်ကမူ စကားများစွာ ပြောမနေတော့ဘဲ ယွမ်ထျန်းချီကို စေ့စေ့ကြည့်ကာ ပြောလိုက်သည်။

“မင်းတို့ ဟွမ်ယွမ်ဓားဂိုဏ်းရဲ့ ဂိုဏ်းကာကွယ်ရေး အစီအရင်ကို ငါတို့ အတင်းအကျပ် မဖောက်ဝင်ရဲဘူး.. မင်းမှာ ငါတို့ကို အထဲ ဝင်ခွင့်ပေးနိုင်မဲ့ နည်းလမ်းရှိလား”

“ဒီအတွက်‌တော့ စိတ်မပူပါနဲ့.. အကြီးအကဲဆီကနေ ဂိုဏ်းကာကွယ်ရေးအစီအရင် ဖွင့်လှစ်နည်းကို ငါ ရထားပြီးသားပါ”

ထိုစကားကို ပြောပြီးသည်နှင့် ယွမ်ထျန်းချီသည် လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်ရာ ဆန်းကြယ်သော ဓားသင်္ကေတများ ထွက်ပေါ်လာခဲ့သည်။

သူက ထိုဓားသင်္ကေတကို ဟွမ်ယွမ်ဓားဂိုဏ်း၏ ကာကွယ်ရေးအစီအရင်ရှိရာ ဟင်းလင်းပြင် ဆီသို့ ပို့လွှတ်လိုက်သည်။

“ဟွမ်ယွမ်ကောင်းကင်ဓားအစီအရင် ပွင့်စမ်း..”

ယွမ်ထျန်းချီက ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။

သိပ်မကြာခင်မှာပင် ဂိုဏ်းပတ်ပတ်လည်ရှိ‌ ကြီးကျယ်ခမ်းနားသော ဟွမ်ယွမ်ကောင်းကင်ဓား အစီအရင်သည် အဆုံးသတ်တွင် လုံးဝ ပျောက်ကွယ်သွားခဲ့၏။

“သွားကြစို့”

ယွမ်ထျန်းချီက လုံးဝ တုံ့ဆိုင်းမနေဘဲ ဟင်းလင်းပြင်ထဲသို့ တိုက်ရိုက်ပင် ခြေလှမ်းလိုက်ကာ ဟွမ်ယွမ်ဓားဂိုဏ်း၏ အတွင်းဘက် ဆီသို့ အလျင်အမြန်ပင် လျှောက်လှမ်းသွားခဲ့သည်။

ကျိကျီထျန်းနှင့် မုချင်းယွမ် တို့သည်လည်း တစ်ဦးကို တစ်ဦး ကြည့်လိုက်ကြပြီး အနောက်ကနေ လိုက်ပါသွားကြသည်။

“ဟွမ်ယွမ်ဓားဂိုဏ်းက လုံးဝပွင့်သွားခဲ့ပြီ.. အားလုံးပဲဝင်ကြစို့”

ဤမြင်ကွင်းကိုမြင်လျှင် အခြားသော လူငယ်ပါရမီရှင်များသည်လည်း မျက်ဝန်းများ တောက်ပလာခဲ့သည်။

သူတို့က ချက်ချင်းဆိုသလို ဟွမ်ယွမ်ဓားဂိုဏ်း ထဲသို့ အပြေးအလွှား ဝင်ရောက်သွားကြ၏။

ဤသည်မှာ အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင် ပေါ်ပေါက်လာကတည်းကပင် ဟွမ်ယွမ်ဓားဂိုဏ်း၏ ကာကွယ်ရေး အစီအရင်က ပထမဆုံးအကြိမ် ပွင့်လာခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ရှားပါးသော အခွင့်အရေးက လက်တစ်ကမ်းတွင် ရှိနေပြီ ဖြစ်ရာ သူတို့က အဘယ်ကြောင့် ဟွမ်ယွမ်ဓားဂိုဏ်းထဲကို ဝင်ပြီး အခွင့်အရေး မယူဘဲ နေရပါမည်နည်း။

“အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာရဲ့ ထိပ်တန်း ပါရမီရှင်သုံးယောက်စလုံးက မဟာယာနအဆင့်ကို ရောက်ရှိနေလိမ့်မယ်လို့ မထင်ထားမိဘူး.. ဒီအတိုင်းဆို သခင်ကြီးတော့ ဒုက္ခရောက်တော့မှာပဲ”

လူငယ်ပါရမီရှင် အုပ်စု၏ နောက်ဆုံးတွင် မထင်မရှား ရှိနေသည့် ရွှယ်ချန်ကျဲသည် သူ့ရှေ့မှ အခြေအနေကို ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

တစ်စုံတစ်ယောက်က ဟွမ်ယွမ်ဓားဂိုဏ်းထဲကို ကျူးကျော်ဝင်ရောက်သွားသည် ဟူသော သတင်းကို ရရှိကတည်းကပင် ထိုလူမှာ ကျန်းချန် ဖြစ်နိုင်မှန်း သူခန့်မှန်းမိခဲ့သည်။

အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ထဲတွင် ဟွမ်ယွမ်ဓားဂိုဏ်းထဲကို ကျူးကျော်ဝင်ရောက်ရန် သတ္တိရော၊ အရည်အချင်းရော ရှိသူမှာ ကျန်းချန် တစ်ယောက်တည်းသာ ရှိပေလိမ့်မည် မဟုတ်ပါလော။

ထို့ကြောင့်လည်း ရွှယ်ချန်ကျဲသည် ဟွမ်ယွမ်ဓားဂိုဏ်း ရှိရာ ဆီသို့ အလျင်အမြန် ရောက်ရှိလာခဲ့ခြင်းဖြစ်၏။

ယခုအခါတွင် ယွမ်ထျန်းချီသည် ကျိကျီထျန်းနှင့် မုချင်းယွမ်တို့နှင့် ပူးပေါင်းကာ ကျန်းချန်ကို နှိမ်နင်းတော့မည် ဖြစ်ရာ ရွှယ်ချန်ကျဲ၏ မျက်ဝန်းထဲတွင် စိုးရိမ်သော အရိပ်အယောင်များ ပေါ်လာခဲ့သည်။

ထိုပါရမီရှင် သုံးဦးစလုံးသည် မဟာယာနအဆင့်ကို ထိုးဖောက်ထားသည့် မဟာယာနအဆင့် ပါရမီရှင်များ ဖြစ်ကြသည်။

အကယ်၍သာ တစ်ဦးချင်း တိုက်ခိုက်မည် ဆိုလျှင် ကျန်းချန်သည် ထိုသုံးယောက်အနက် မည်သူ့ကိုမှ ကြောက်စရာမလိုမှန်း ရွှယ်ချန်ကျဲ ယုံကြည်ထားခဲ့သည်။

သို့သော်လည်း ထိုမဟာယာနအဆင့် ပါရမီရှင်သုံးဦး ပူးပေါင်းလိုက်မည် ဆိုလျှင် မဟာယာနအဆင့် ကျင့်ကြံသူ ဖြစ်နေသည့်တိုင် နေရာမှာပင် အသက်ပျောက်သွားနိုင်သည်ဟု သူတွေးမိခဲ့သည်။

ရွှယ်ချန်ကျဲက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ဟွမ်ယွမ်ဓားဂိုဏ်း ရှိရာ ဆီသို့ အလျင်အမြန်ပင် ဝင်ရောက်သွားခဲ့သည်။

ယွမ်ထျန်းချီက ဟွမ်ယွမ်ကောင်းကင်ဓားအစီအရင်ကို ဖွင့်လှစ်လိုက်ပြီး လူငယ်ပါရမီရှင် များစွာက ဟွမ်ယွမ်ဓားဂိုဏ်းထဲသို့ ဝင်ရောက်သွားချိန်နှင့် တစ်ပြိုင်နက်တည်းမှာပင် ဟွမ်ယွမ်ဓားရေကန်ထဲရှိ ကျန်းချန်သည် ဓားရေကန်ထဲကနေ ထွက်လာခဲ့ပြီး ဟွမ်ယွမ်ဓားဂိုဏ်း တည်ရှိရာ ကမ္ဘာငယ်လေးထဲကနေ ပြင်ပသို့ ထွက်ခွာရန် ပြင်လိုက်သည်။

ဟွမ်ယွမ်ဓားရေကန်ထဲရှိ ဟွမ်ယွမ် အင်မော်တယ်စွမ်းအားသည် အကန့်အသတ်မရှိ ရှိနေသည်တော့ မဟုတ်ပေ။

သို့ဖြစ်ရာ ဟွမ်ယွမ်ဓားရေကန် ထဲတွင် ဆက်လက် ကျင့်ကြံနေခြင်းသည် ကျန်းချန်အတွက် အဓိပ္ပာယ် သိပ်မရှိတော့ပေ။

ဆယ်ရက်ကျော်ကြာ စဥ်ဆက်မပြတ် စုပ်ယူပြီးနောက်တွင် ဟွမ်ယွမ်ဓားရေကန် ထဲရှိ ဟွမ်ယွမ် အင်မော်တယ်စွမ်းအားများသည် ကုန်ခမ်းလုနီးပါး ဖြစ်သွားခဲ့ပြီး ပြန်လည် ပြည့်လာရန်အတွက် အချိန်အတော်ကြာ လိုအပ်လိမ့်မည် ဖြစ်သည်။

သို့ဖြစ်၍ လက်ကျန် အချိန်များတွင် ကျန်းချန်သည် ဟွမ်ယွမ်ဓားဂိုဏ်း၏ အခြားသော နေရာများသို့ သွားရောက်ရန် စီစဥ်ထားခဲ့သည်။

ကျန်းချန်၏ ပုံရိပ်က လက်ခနဲ ဖြစ်သွားခဲ့ပြီး ဟွမ်ယွမ်ဓားရေကန် တည်ရှိရာ ကမ္ဘာငယ်လေးထဲကနေ တိုက်ရိုက်ပင် ထွက်ခွာလိုက်သည်။

ယင်းအခိုက်အတန့်မှာပင် မဟာယာနအဆင့် ကျင့်ကြံသူသုံးဦး၏ ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါများသည် ကျန်းချန်၏ ဦးခေါင်းအထက်တွင် လျင်မြန်စွာ ပျံ့နှံ့လာခဲ့၏။

အခန်း(၂၅၉၈)ပြီး၏။

All Chapters