← Chapters

အခန်း (၂၅၉၉-၂၆၀၀)

Vol. 200 Ch. 2599-2600

အခန်း (၂၅၉၉-၂၆၀၀)

Vol. 200 Ch. 2599-2600

အခန်း(၂၅၉၉)

“မဟာယာနအဆင့် ပါရမီရှင် သုံးယောက်တောင်ပါလား”

ကောင်းကင်ယံကို လွှမ်းမိုးထားသည့် အရှိန်အဝါသုံးခုကို ခေါင်းမော့၍ ကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ထိုမဟာယာန အရှိန်အဝါသုံးခုထဲတွင် ကျန်းချန်နှင့် မစိမ်းသည့် အရှိန်အဝါမှာ ဟွမ်ယွမ်ဓားဂိုဏ်းမှ ယွမ်ထျန်းချီပင် ဖြစ်သည်။

ယွမ်ထျန်းချီက အချိန်တိုအတွင်း လျင်မြန်စွာပြန်လည် နာလန်ထူနိုင်သည်ကို ကျန်းချန် မအံ့ဩခဲ့ပေ။

အဆုံးသတ်တွင် ကျန်းချန်က လူသားအဖြစ်ပြောင်းလဲစေသော ဓားချက်ဖြင့် ယွမ်ထျန်းချီ၏ ကျင့်ကြံခြင်းအဆင့်အားလုံးကို ဖြတ်‌တောက်လိုက်သော်လည်း မဟာယာနအဆင့်နှင့် ညီမျှသည့် အသိကမူ ယွမ်ထျန်းချီတွင် ရှိနေဆဲ မဟုတ်လော။

လုံလောက်သော အရင်းအမြစ်ကောင်းများ ရှိသရွေ့ ယွမ်ထျန်းချီ အတွက် ပြန်လည် နာလန်ထူရန်မှာ မခက်ခဲပေ။

ဟွမ်ယွမ်ဓားဂိုဏ်း၏ နောက်ခံအင်အားဖြင့်သာ ဆိုလျှင် ယွမ်ထျန်းချီ ပြန်လည် နာလန်ထူလာစေရန် အတွက် အထောက်အပံ့ပေးဖို့ လုံလောက်၏။

ကျန်းချန်က ကြိုတင် ခန့်မှန်းထားပြီးသား ဖြစ်၍ သိပ်ဂရုမစိုက်ခဲ့ပေ။

သူက ယွမ်ထျန်းကျီနှင့် အခြားသူများ၏ ကျင့်ကြံခြင်းအဆင့်ကို ဖျက်ဆီးပစ်ခဲ့၍ ၎င်းတို့ ပြန်လည် နာလန်ထူရန် ကြိုးစားနေချိန်တွင် သူက ဟွမ်ယွမ်ဓား‌ရေကန် ထဲ၌ ကျင့်ကြံရန်အတွက် အချိန် အလုံအလောက် ရရှိခဲ့သည်။

ယခုအခါတွင် သူက အောင်မြင်စွာ အဆင့်တက်နိုင်ခဲ့ပြီ ဖြစ်သလို ဟွမ်ယွမ်ဓားရေကန် ထဲရှိ ဟွမ်ယွမ် အင်မော်တယ် စွမ်းအားများကိုလည်း တော်တော်များများ စုပ်ယူပြီးပြီ ဖြစ်၍ ယွမ်ထျန်းချီ၏ ကျင့်ကြံခြင်းအဆင့် ပြန်လည်ရရှိလာခြင်းသည် သူ့အတွက် ကြီးကြီးမားမား သက်ရောက်မှု မရှိတော့ပေ။

ယွမ်ထျန်းချီ ခေါ်ဆောင်လာသော မဟာယာနအဆင့် ပါရမီရှင် နှစ်ယောက်ကိုလည်း ကျန်းချန်က ဂရုမစိုက်ခဲ့ပေ။

ယွမ်ထျန်းချီက မဟာယာနအဆင့်ကို ထိုးဖောက်နိုင်ခဲ့လျှင် ဂိုဏ်းကြီးဆယ်ဂိုဏ်းမှ ယွမ်ထျန်းချီနှင့် အပြိုင်နာမည်ကျော်ကြားသော ပါရမီရှင်များသည်လည်း ထိုးဖောက်နိုင်ကြမည်သာ ဖြစ်သည်။

သို့သော်လည်း သူ၏ လက်ရှိစွမ်းရည်ဖြင့်သာ ဆိုလျှင် ထိုကဲ့သို့ မဟာယာနအဆင့် ပါရမီရှင်များကို မျက်စိထဲ ထည့်စရာမလိုတော့ပေ။

မဟာယာနအဆင့် ပါရမီရှင်သုံးယောက် မပြောနှင့်၊ ဆယ်ယောက်ခန့် ရှိနေလျှင်ပင် သူ့ကို အနည်းငယ်မျှ ခြိမ်းခြောက်နိုင်မည် မဟုတ်ချေ။

ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေပြီး ဟင်းလင်းပြင်ထဲကနေ ထွက်ပေါ်လာကြသည့် လူသုံးယောက်ကို တည်ငြိမ်စွာ စောင့်ကြည့်နေခဲ့သည်။

မကြာမီမှာပင် ကျန်းချန်နှင့် မီတာတစ်ရာခန့် အကွာရှိ ဟင်းလင်းပြင် ထဲတွင် ပုံရိပ်သုံးခု ပေါ်လာခဲ့၏။

ယွမ်ထျန်းချီက အောက်ဘက်ရှိ ကျန်းချန်ကို အေးစက်စက်အကြည့်ဖြင့် ငုံ့ကြည့်လိုက်သည်။

“မင်း ဟွမ်ယွမ်ဓားရေကန်ထဲကနေ ထွက်လာခဲ့ပြီပေါ့”

“ယွမ်ထျန်းချီ.. မင်း ငါ့ဆီကို နောက်တစ်ခါ ပြန်လာရှာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

ကျန်းချန်က ယွမ်ထျန်းချီကို မော့ကြည့်ကာ ပြောလိုက်သည်။

သူ၏ မျက်နှာထက်တွင် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့၏။

ယွမ်ထျန်းချီက မထီမဲ့မြင် ပြုံးလိုက်သည်။

“မေဘေး.. မင်း ငါတို့ ဟွမ်ယွမ်ဓားဂိုဏ်းထဲမှာ ရမ်းကားဝံ့ရင် မင်းကို ငါ လုံးဝ အလွှတ်မပေးဘူးလို့ အစကတည်းက ပြောခဲ့သားပဲ”

ကျန်းချန်က ယွမ်ထျန်းချီ၏ နံဘေးမှ လူနှစ်ယောက်ကို တစ်ချက် ကြည့်လိုက်ကာ အေးစက်စက် ပြောလိုက်သည်။

“ဘာလဲ အကူနှစ်ယောက် ပါလာတာနဲ့ပဲ မင်းက ငါ့ရှေ့မှာ ရမ်းကားနိုင်မယ်လို့ ထင်နေတာလား.. မင်းသိထားဖို့က မဟာယာနအဆင့် ပါရမီရှင်ဆိုတာ ငါ့ရှေ့မှာ ပုရွက်ဆိတ်ထက်မပိုဘူး”

“ခွေးသား မောက်မာမနေနဲ့.. အားလုံးပဲ ဒီကောင့်ကို အတူတူ ဝိုင်းသတ်ကြစို့”

ယွမ်ထျန်းချီက ဒေါသတကြီး အော်ဟစ်လိုက်သည်။

သူတစ်ဦးတည်းဆိုလျှင် ကျန်းချန်၏ ပြိုင်ဘက် မဟုတ်နိုင်မှန်း သိထားသဖြင့် သူက ကျိကျီထျန်းနှင့် မုချင်းယွမ်ကို အတူတူ တိုက်ခိုက်ရန် ချက်ချင်းပင် လှုံ့ဆော်လိုက်သည်။

ကျိကျီထျန်းနှင့် မုချင်းယွမ် တို့သည်လည်း သူတို့ရှေ့မှလူက ယွမ်ထျန်းချီကိုပင် ဖိနှိပ်နိုင်သည့် ကြောက်မက်ဖွယ်ရာကောင်းသော ကျင့်ကြံသူ ဖြစ်မှန်း သိထားကြသဖြင့် သူတို့၏ ခန္ဓာကိုယ်အတွင်းမှ အဆီအနှစ် စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်လိုက်ကြသည်။

ချက်ချင်းဆိုသလိုပင် မဟာယာနအဆင့် ပါရမီရှင် သုံးဦးစလုံးသည် သူတို့၏ ထူးခြားသော နတ်စွမ်းအားများကို ထုတ်ဖော်လိုက်ကြပြီး ကိုယ်ပိုင် မှော်လက်နက်များကိုပါ ထုတ်ယူလိုက်ကြသည်။

ထိုအခိုက်အတန့်တွင် မီတာထောင်ချီ ရှည်လျားသော ဓားချီ၊ ခရမ်းရောင် အလင်းတန်းနှင့် တောက်ပသော အပြာရောင်အလင်းတန်း ကဲ့သို့ နတ်စွမ်းအားများနှင့် မြင်ကွင်းမျိုးစုံသည် ကောင်းကင်နှင့်မြေကြီး ကြားတွင် ပေါ်ထွက်လာခဲ့သည်။

ဤစွမ်းအား တစ်ခုချင်းစီသည် ကမ္ဘာကြီးကိုပင် တုန်လှုပ်စေနိုင်ပြီး မဟာယာန အစောပိုင်းအဆင့် ကျင့်ကြံသူများကိုပင် ချက်ချင်းဆိုသလို သတ်ဖြတ်ရန် လုံလောက်၏။

ကျန်းချန်က ယွမ်ထျန်းချီကို ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ကြည့်လိုက်သည်။

“ယွမ်ထျန်းချီ.. ဟွမ်ယွမ်ဓားရေကန်ကို အသုံးပြုပြီး ကျင့်ကြံချင်လို့သာ မဟုတ်ရင် ဒီအင်မော်တယ် စိတ်ကူးယဥ်ဟင်းလင်းပြင်ထဲမှာ မင်းအခုထိ အသက်ရှင်နေမယ်လို့များ ထင်နေလား.. မင်းက ဒီလောက်တောင် သေချင်နေမှတော့ ငါ ဒီနေ့ မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်”

“မအေဘေး.. ပါးစပ်ပိတ်ထားစမ်း”

ယွမ်ထျန်းချီက ‌ဒေါသတကြီး ကြုံးဝါးလိုက်ပြီး သူ၏ လက်ထဲမှ နတ်ဓားကို ဝှေ့ယမ်းလိုက်ရာ ဧရာမ ဟင်းလင်းပြင် ဓားတစ်လက်သည် ဟင်းလင်းပြင်ထဲတွင် ထွက်ပေါ်လာခဲ့ပြီး တောက်ပသော သက်တန့်တစ်စင်းနှယ် ကောင်းကင်ယံကို ဖြတ်ကျော်ကာ ကျန်းချန်ထံ ဦးတည်လာခဲ့သည်။

ယွမ်ထျန်းချီက ခန္ဓာကိုယ်ထဲမှ စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်ကာ သူ၏ အားအကိုးရဆုံး ဓားကွက်ကို အသုံးပြုလိုက်ခြင်း ဖြစ်၏။

“ဝုန်း..”

“ဝုန်း..”

ထိုခဏဝယ် ဟင်းလင်းပြင်ထဲတွင် ပေါက်ကွဲသံများ ခပ်စိတ်စိတ် ထွက်ပေါ်လာခဲ့သည်။

“ဒီလောက်ပဲလား”

ကျန်းချန်က မထီမဲ့မြင် ပြုံးလိုက်ပြီး သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ဟင်းလင်းပြင်ကို ဖမ်းဆုပ်လိုက်ရာ သူ့ဆီသို့ ဦးတည်၍ လာနေသော ဧရာမ ဟင်းလင်းပြင်ဓားသည် ကျန်းချန်၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရသည်။

ထိုမြင်ကွင်းကို မြင်လျှင် ယွမ်ထျန်းချီသည် ထိတ်လန့်သွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် ကျန်းချန်က ယွမ်ထျန်းချီ၏ ထိတ်လန့်သွားသော အကြည့်ရှေ့မှာပင် ထိုဧရာမ ဟင်းလင်းပြင်ဓားကို ယွမ်ထျန်းချီထံ ပစ်လွှတ်လိုက်သည်။

ဧရာမ ဟင်းလင်းပြင်ဓားကြီးသည် အရာအားလုံးကို ချေမှုန်းနိုင်လောက်သည့် ကြောက်မက်ဖွယ်စွမ်းအားကို သယ်ဆောင်ကာ ယွမ်ထျန်းချီ ထံသို့ ဦးတည်၍ လာခဲ့သည်။

“ဟင်းလင်းပြင်ဓားချပ်ဝတ်.. ပေါင်းစည်းစမ်း”

ယွမ်ထျန်းချီက ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့ပြီး ပါးစပ်ကနေ ကျယ်‌လောင်စွာ ကြုံးဝါးလိုက်သည်။

ကြောက်မက်ဖွယ်ရာ ကောင်းသော ဓားအလင်းများသည် သူ၏ ခန္ဓာကိုယ်က‌နေ ပေါက်ကွဲထွက်လာခဲ့ပြီး အနက်ရောင် ချပ်ဝတ်တန်ဆာ အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ ယွမ်ထျန်းချီ၏ ခန္ဓာကိုယ်ကို ဖုံးအုပ်သွားခဲ့သည်။

ထိုအခိုက်အတန့်မှာပင် ကျန်းချန် ပြုလုပ်လိုက်သော ဧရာမဟင်းလင်းပြင်ဓားကြီးသည် ယွမ်ထျန်းချီ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာခဲ့၏။

ယွမ်ထျန်းချီက ခပ်သဲ့သဲ့ ညည်းညူလိုက်ရပြီး ခန္ဓာကိုယ် တစ်ခုလုံးသည် မီတာ ထောင်ပေါင်း များစွာ အကွာအဝေးအထိ အရှက်တကွဲ လွင့်စင်သွားခဲ့သည်။

သူ၏ ခန္ဓာကိုယ်ပေါ်မှ အနက်ရောင် ချပ်ဝတ်တန်ဆာသည်လည်း အက်ကွဲသွားခဲ့၏။

“ဒီကောင်က ဘယ်လိုလုပ်ပြီး ပိုအစွမ်းထက်လာရတာလဲ”

ဖြူဖျော့သော မျက်နှာဖြင့် ကျန်းချန်ကို ကြည့်နေသည့် ယွမ်ထျန်းချီ၏ မျက်ဝန်းထဲတွင် ထိတ်လန့် တုန်လှုပ်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

သူက ကျန်းချန်နှင့် နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ဖူး၍ ကျန်းချန်၏ စွမ်းအားက သူ့ထက် များစွာ သာလွန်ကြောင်း သိထားသော်လည်း ယခုလောက် အစွမ်းထက်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ယခုတစ်ကြိမ်တွင် ကျန်းချန်သည် မည်သည့်နည်းစနစ်ကိုမျှ အသုံးမပြုခဲ့ဘဲ လက်တစ်ဖက်ကို အသာအယာ မြှောက်ရုံမျှဖြင့် သူ၏ တိုက်ကွက်ကို ချေမှုန်းနိုင်ခဲ့ကာ သူ့ကို ဒဏ်ရာအပြင်းအထန် ရရှိအောင် လုပ်ဆောင်နိုင်ခဲ့သည်။

“မအေဘေး ငါ့ရဲ့လက်ဝါးကို မြည်းကြည့်လိုက်စမ်း”

ကျိကျီထျန်းက လက်ဝါးရိုက်ချက် တစ်ချက်ကို ထုတ်ဖော်ကာ ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။

“ဝုန်း..”

ဟင်းလင်းပြင်က ပေါက်ကွဲသွားခဲ့ပြီး‌ နေမင်းထက်ပင် ပို၍ တောက်ပသော ခရမ်းရောင်နတ်အလင်းတန်း တစ်ခုသည် ဘုံးကိုးပါးကို လှည့်ပတ်နေသော နတ်နဂါးတစ်ကောင် ကဲ့သို့ ကောင်းကင်ယံတွင် လှည့်ပတ်ပျံသန်းရင်း ခရမ်းရောင်နဂါးကိုးကောင် အဖြစ် ပြောင်းလဲသွားခဲ့ကာ ကောင်းကင်ယံကို ဖြတ်ကျော်ပြီး ကျန်းချန်ထံ ပျံသန်းလာခဲ့သည်။

ဤသည်က ဝူကျိ အင်မော်တယ်ဂိုဏ်း၏ ထိပ်တန်းကျင့်စဥ်သုံးခု အနက် တစ်ခု ဖြစ်သည့် ကောင်းကင်ကိုးပါး ခရမ်းရောင်လက်ဝါးသိုင်း ဖြစ်သည်။

လက်ဝါးရိုက်ချက်ကို ထုတ်ဖော်လိုက်ရုံဖြင့် နဂါးကိုးကောင် တစ်ပြိုင်နက်တည်း ပေါ်ထွက်လာခြင်းဖြစ်၏။

ကျန်းချန်က လက်တစ်ဖက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ ဓားချီကိုးခုသည် တစ်ပြိုင်နက် ထွက်ပေါ်လာခဲ့ပြီး သူ့ဆီသို့ ဦးတည်၍ ပျံသန်းလာသည့် ခရမ်းရောင်နဂါး ကိုးကောင်ကို ချေမှုန်းပစ်လိုက်သည်။

ထို့နောက်တွင် ကျန်းချန်သည် အပြာရောင် နတ်တောင်တန်းဖြင့် သူ့ကို ဖိနှိပ်ရန် ရောက်ရှိလာသည့် မုချင်းယွမ်ကို တစ်ချက် ကြည့်လိုက်ပြီး ကောင်းကင်ယံသို့ တိုက်ရိုက်ပင် ပျံသန်းကာ အပြာရောင်နတ်တောင်တန်းကို လက်သီးဖြင့် ထိုးချလိုက်သည်။

“ဝုန်း..”

ကျန်းချန်၏ လက်သီးချက်အောက်တွင် အပြာရောင်နတ်တောင်တန်းသည် တိုက်ရိုက်ပင် ချေမှုန်းခံလိုက်ရပြီး ပြိုကွဲသွားခဲ့သည်။

မုချင်းယွမ်၏ ခန္ဓာကိုယ် တစ်ခုလုံးက တုန်ယင်သွားခဲ့ပြီး ပါးစပ်ကနေလည်း သွေးများကို အဆက်မပြတ် အန်ထုတ်လိုက်ရ၏။

“ဒီကောင်က အရမ်းကို အစွမ်းထက်လွန်းတာပဲ”

မုချင်းယွမ်၏ မျက်နှာထက်တွင် ထိတ်လန့်တုန်လှုပ်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

သူက ခန္ဓာကိုယ်အတွင်းရှိ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို ဖိနှိပ်လိုက်ကာ ထွက်ပြေးရန် ပြင်လိုက်၏။

သူတို့ရှေ့မှလူသည် သူတို့ ရင်ဆိုင်နိုင်သောသူ မဟုတ်ပေ။

သို့သော်လည်း ယခုတစ်ကြိမ်တွင် ကျန်းချန်သည် ထိုသုံးယောက်ကို အလွှတ်ပေးရန် အစီအစဥ် မရှိဘဲ လက်ညှိုးမှစွမ်းအားဖြင့် မုချင်းယွမ်ကို တိုက်ခိုက်လိုက်သည်။

မုချင်းယွမ်က ထိတ်လန့်သွားခဲ့ပြီး ကျန်းချန်၏ တိုက်ခိုက်မှုကို ဟန့်တားရန်အတွက် သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် အပြာရောင် အကာအကွယ် အတားအဆီးတစ်ခုကို လျင်မြန်စွာ ဖွဲ့စည်းလိုက်၏။

သို့သော်လည်း အရာအားလုံးမှာ အချည်းနှီးပင်။

ကျန်းချန်သည် ဟွမ်ယွမ်ဓားရေကန် ထဲတွင် လဝက်မျှ ကျင့်ကြံခဲ့ပြီးနောက် အုပ်စိုးသူ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားခဲ့သည်သာမက သူ၏ ခန္ဓာကိုယ်နှင့် သွေးကြောများသည်လည်း အဆင့်တစ်ဆင့် မြင့်သွားခဲ့ပြီ ဖြစ်သည်။

ရှင်းလင်းစွာဆိုရလျှင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ မဟာယာန အထွတ်အထိပ် အဆင့် ထိပ်တန်းကျင့်ကြံသူ တစ်ဦးသည်ပင် သူ့ကိုယှဥ်ပြိုင်ရန် မလွယ်တော့ပေ။

“ဖောက်..”

သို့ဖြစ်ရာ မဟာယာနအဆင့်သို့ ယခုမှသာ စတင် ထိုးဖောက်ခဲ့သည့် မုချင်းယွမ် ဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။

ကျန်းချန်၏ လက်ညှိုးမှ ဓားစွမ်းအားသည် မုချင်းယွမ်၏ ခန္ဓာကိုယ် ပတ်ပတ်လည်ရှိ အကာအကွယ် အတားအဆီးကို တိုက်ရိုက်ပင် ထိုးဖောက်သွားခဲ့ပြီး မုချင်းယွမ်၏ မျက်ခုံးနှစ်ခုကြားထဲသို့ ဖောက်ဝင်သွားခဲ့သည်။

အခန်း(၂၅၉၉)ပြီး၏။

အခန်း(၂၆၀၀)

“ဝုန်း..”

ကျန်းချန်၏ လက်ညှိုးစွမ်းအားအောက်တွင် မုချင်းယွမ်သည် တုံ့ပြန်ရန် အခွင့်အ‌ရေးပင် မရလိုက်ပေ။

သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ဟင်းလင်းပြင်ထဲတွင် ပေါက်ကွဲသွားခဲ့ပြီး အပြာရောင်အလင်းစက်များ အဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့သည်။

မုချင်းယွမ်ကို သတ်ဖြတ်ပြီးနောက်တွင် ကျန်းချန်သည် ကျိကျီထျန်း ဆီသို့ ရိုးရှင်းသော လက်သီးချက် တစ်ချက်ကို ထိုးနှက်လိုက်၏။

ထိုလက်သီးချက်ကြောင့် ဟင်းလင်းပြင်က ပေါက်ကွဲသွားခဲ့ပြီး လောကကြီး တစ်ခုလုံး ဇောက်ထိုးမိုးမျှော် ဖြစ်သွားခဲ့သည်။

ကျိကျီထျန်းက အကြီးအကျယ် မျက်နှာပျက်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ် အတွင်းရှိ အဆီအနှစ် စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်လိုက်သည်။

“ခရမ်းရောင်နတ်နယ်မြေ”

ကျိကျီထျန်းက ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။

ထိုခဏဝယ် သူ၏ ခန္ဓာကိုယ်သည် ခရမ်းရောင် ကမ္ဘာတစ်ခုအဖြစ်သို့ ချက်ချင်းပင် အသွင်ပြောင်းသွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် ထိုခရမ်းရောင်ကမ္ဘာထဲကနေ ခရမ်းရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် နတ်စစ်သူကြီး ကဲ့သို့ ပေတစ်ထောင်ခန့်မြင့်မားသည့် ပုံရိပ် တစ်ခု ထွက်ပေါ်လာခဲ့၏။

သို့သော်လည်း ထိုနတ်စစ်သူကြီးသည် ကျန်းချန်၏ လက်သီးချက်အောက်တွင် အသုံးမဝင်ခဲ့ပေ။

“ဝုန်း..”

ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်၏ လက်သီးချက်အောက်တွင် နတ်စစ်သူကြီး ကဲ့သို့ ခရမ်းရောင် ပုံရိပ်သည် ပေါက်ကွဲထွက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ခရမ်းရောင်ကမ္ဘာသည်လည်း အနည်းငယ်မျှပင် တောင့်မခံနိုင်ဘဲ တစ်ခဏအတွင်း ပြိုကွဲပျက်စီးသွားခဲ့သည်။

အဆုံးသတ်တွင် ကျိကျီထျန်း၏ ခန္ဓာကိုယ်သည် ကြောက်မက်ဖွယ် လက်သီးချက်အောက်တွင် ချေမှုန်းခံလိုက်ရပြီး ကောင်းကင်နှင့်မြေကြီး ကြားတွင် လုံးဝပျောက်ကွယ်သွားခဲ့၏။

လက်သီးတစ်ချက်တည်းဖြင့် မဟာယာနအဆင့် ပါရမီရှင် ကျိကျီထျန်း သေဆုံးသွားခဲ့ချေပြီ။

ကျိကျီထျန်းကို အလွယ်တကူ ရှင်းပစ်ပြီးနောက်တွင် ကျန်းချန်၏ အကြည့်သည် ယွမ်ထျန်းချီ ဆီသို့ တိုက်ရိုက်ပင် ကျရောက်သွားခဲ့သည်။

“ယွမ်ထျန်းချီ.. ဒီတစ်ခေါက် မင်းအလှည့်ပဲ”

ယွမ်ထျန်းချီက မျက်မှောင်ကြုတ်နေခဲ့ပြီး စကားတစ်ခွန်းမျှ မပြောဘဲ ကျန်းချန်ကို စိုက်ကြည့်နေခဲ့သည်။

သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ စွမ်းအားက ဤမျှအထိ အားကောင်းလိမ့်မည်ဟု သူတစ်ခါမှ မတွေးမိခဲ့ပေ။

သူတို့ မဟာယာနအဆင့် ပါရမီရှင် သုံးဦး ပူးပေါင်းလိုက်လျှင်ပင် ထိုလူငယ်၏ လက်ထဲတွင် ပြန်လည် တိုက်ခိုက်နိုင်စွမ်း လုံးဝ မရှိခဲ့ချေ။

“ယွမ်ထျန်းချီ သွားသေလိုက်တော့”

ကျန်းချန်က ယွမ်ထျန်းချီကို အေးစက်စက်တစ်ချက် ကြည့်လိုက်ပြီး လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ်ဓားအလင်းသည် ယွမ်ထျန်းချီ ထံသို့ သက်ရောက်သွားခဲ့သည်။

ကျန်းချန်၏ ဓားအလင်းကို မြင်လျှင် ယွမ်ထျန်းချီသည် ခုခံရန် မလွယ်ကူမှန်း ကောင်းစွာ သိရှိခဲ့သည်။

ထို့ကြောင့် သူက ခုခံမနေတော့ဘဲ ကျန်းချန်၏ ဓားချက်ကို သူ၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက် ဝင်ရောက်ခွင့်ပေးလိုက်၏။

သူ၏ အေးစက်စက် အသံသာလျှင် ကောင်းကင်နှင့်မြေကြီးကြားတွင် ပဲ့တင်ထပ်၍ ကျန်ရစ်ခဲ့သည်။

“မေဘေး.. မင်း အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ထဲမှာ ထာဝရနေနိုင်မယ်လို့ ငါမယုံဘူး.. အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ထဲကနေ မင်းထွက်လာတဲ့နေ့က မင်းအတွက် သေနေ့ပဲ”

ယွမ်ထျန်းချီ၏ စကားသံကို ကြားသော်လည်း ကျန်းချန်၏ မျက်နှာထက်တွင် မည်သည့် အမူအရာမျှ ရှိမနေခဲ့ပေ။

ရှင်းလင်းစွာဆိုရလျှင် ယွမ်ထျန်းချီ၏ စကားကို သူက လုံးဝဂရုမစိုက်ခဲ့ပေ။

ယခုတစ်ကြိမ် အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံသို့ သူရောက်လာရသည့် ရည်ရွယ်ချက်မှာ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာက နတ်ဘုရားနယ်မြေကို ကျူးကျော်ခြင်းမှ တားဆီးရန် ဖြစ်၍ သူမည်သူမည်ဝါ ဖြစ်မှန်း ပေါ်ပေါက်သွားမည်မှာ ရှောင်လွဲ၍ မရနိုင်သော အချက်တစ်ခုပင်။

လက်ရှိအချိန်တွင် ဟွမ်ယွမ်ဓားရေကန်၏ အကူအညီဖြင့် ကျန်းချန်၏ စွမ်းအားသည် နောက်ထပ် တစ်ဖန် များစွာ တိုးတက်သွားခဲ့ပြီး အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာအတွင်း၌ ပြိုင်ဘက်ကင်း အဆင့်သို့ပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ထိပ်တန်း အင်မော်တယ်ဂိုဏ်ကြီး ဆယ်ဂိုဏ်း ဖြစ်နေလျှင်ပင် သူ့ကို ဘာမျှ တတ်နိုင်တော့မည် မဟုတ်ချေ။

ကျန်းချန်က ယွမ်ထျန်းချီလို မဟာယာနအဆင့် ပါရမီရှင် သုံးဦးကို သတ်ဖြတ်လိုက်သည့်အချိန်မှာပင် ဟွမ်ယွမ်ဓားဂိုဏ်းထဲသို့ ဝင်ရောက်လာကြသော ပါရမီရှင်များသည် အဆုံးသတ်တွင် အ‌ပြေးအလွှား ရောက်ရှိလာကြသည်။

ဟင်းလင်းပြင်ထဲတွင် ဝင့်ကြွားစွာ ရပ်နေသော ကျန်းချန်နှင့် ကောင်းကင်ယံတွင် ပဲ့တင်ထပ်နေသော ယွမ်ထျန်းချီ၏ စကားသံကို ကြားလိုက်ရလျှင် သူတို့အားလုံးသည် အချိန်အတော်ကြာသည် အထိ မှင်တက်သွားခဲ့ကြသည်။

ယွမ်ထျန်းချီတို့ ထိပ်တန်း ပါရမီရှင် သုံးဦးသည်ပင် ဤမျှအထိ လျင်မြန်စွာ ရှုံးနိမ့်သွားလိမ့်မည်ဟု သူတို့ မည်သို့မျှ မတွေးထားခဲ့ပေ။

သိထားရမည့်အချက်မှာ ယွမ်ထျန်းချီတို့ သုံးဦးစလုံးသည် မဟာယာန အဆင့်ကို ထိုးဖောက်ထားသည့် မဟာယာနအဆင့်ပါရမီရှင်များ ဖြစ်ကြသည်။

ထိုမဟာယာနအဆင့် ပါရမီရှင်သုံးဦး ပူးပေါင်းလိုက်မည်ဆိုလျှင် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ တစ်ခုလုံးတွင်ပင် သူတို့ကို ယှဥ်နိုင်သည့်သူမှာ လက်ချိုးရေတွက်၍ပင် ရ၏။

သို့သော်လည်း သူတို့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်ကမူ ယွမ်ထျန်းချီတို့ သုံးဦးကို အလွယ်တကူပင် သတ်ဖြတ်ပစ်ခဲ့သည်။

“ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"သခင်ကြီးရဲ့စွမ်းအားက တကယ်ကို ပိုပြီး ကြောက်စရာကောင်းလာတာပဲ”

လူအုပ်ထဲရှိ ရွှယ်ချန်ကျဲသည် ဟင်းလင်းပြင်တွင် ဝင့်ကြွားစွာ ရပ်နေသော ကျန်းချန်ကို ကြည့်ကာ အသက်ရှူရပ်မတတ်ပင် ဖြစ်သွားခဲ့သည်။

ယွမ်ထျန်းချီတို့ သုံးယောက် ဟွမ်ယွမ်ဓားဂိုဏ်းထဲသို့ ဝင်ရောက်လာချိန်မှစ၍ ဤနေရာသို့ ရောက်ရှိလာချိန်သည် အသက်ရှူ​ကြိမ် တစ်ရာပင် မပြည့်သေးပေ။

သို့သော်လည်း ဤမျှ တိုတောင်းသော အချိန်အတွင်းမှာပင် ကျန်းချန်သည် ယွမ်ထျန်းချီတို့ သုံးဦးလုံးကို အမှန်တကယ်ပင် သတ်ဖြတ်ပစ်ခဲ့သည်။

ရွှယ်ချန်ကျဲက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်သည်။

ကျန်းချန်က ယွမ်ထျန်းချီတို့ သုံးဦးကို အင်မော်တယ်စိတ်ကူးယဥ် ဟင်းလင်းပြင်ကနေ ဖယ်ထုတ်လိုက်ခြင်းသည် ဟွမ်ယွမ်ဓားဂိုဏ်း ဦးဆောင်သည့် ထိပ်တန်း အင်မော်တယ် ဂိုဏ်းကြီးသုံးဂိုဏ်း၏ ဒေါသကို ဆွပေးသကဲ့သို့ ဖြစ်သွားခဲ့ရာ ကျန်းချန် မည်သူမည်ဝါဖြစ်ကြောင်း သိပ်မကြာခင်တွင် ပေါ်ပေါက်သွားတော့မည် ဖြစ်၏။

ထိုအချိန်သို့ ရောက်လျှင် သူတို့ သွေးနတ်ဆိုးဂိုဏ်းသည်လည်း အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတစ်ခုလုံး၏ ဘုံရန်သူ ဖြစ်လာရန် သေချာသလောက်ပင်။

“ဒီကောင်က ဘယ်သူလဲ.. ဘယ်လိုလုပ်ပြီး ဒီလောက်ကြောက်ဖို့ကောင်းတဲ့ စွမ်းအားတွေကို ပိုင်ဆိုင်နေရတာလဲ”

“အားလုံးပဲ မြန်မြန် ထွက်ပြေးကြစို့.. ယွမ်ထျန်းချီတို့ သုံးယောက်တောင် ရှုံးနိမ့်သွားပြီ ဆိုတော့ ငါတို့ ဒီမှာ ဆက်နေရင်လည်း သေလမ်းတစ်လမ်းပဲ ရှိတယ်”

“............”

အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာမှ လူငယ်ပါရမီရှင်များသည် ထိတ်လန့်နေသော ငှက်ငယ်လေးများ ကဲ့သို့ လျင်မြန်စွာ ထွက်ပြေးသွားခဲ့ကြသည်။

ရွှယ်ချန်ကျဲ တစ်ဦးတည်းသာလျှင် ကျန်းချန်၏ နံဘေးသို့ ရောက်ရှိလာပြီး ရိုသေလေးစားသော အမူအရာဖြင့် သခင်ကြီး ဟုခေါ်လိုက်၏။

ကျန်းချန်က ခေါင်းညိတ်ပြလိုက်ပြီး ထွက်ပြေးသွားကြသော လူငယ် ပါရမီရှင်များကို ဂရုစိုက်မနေဘဲ ရွှယ်ချန်ကျဲကို တည်ငြိမ်စွာ ပြောလိုက်သည်။

“အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်က သိပ်မကြာခင် ပိတ်တော့မယ်ထင်တယ်.. ဒီဟွမ်ယွမ်ဓားဂိုဏ်းထဲမှာ ငါတို့အတွက် ဘာအကျိုးအမြတ်တွေ ရဦးမလဲဆိုတာ သွားကြည့်ကြစို့”

ထိုစကားကို ပြောပြီးသည်နှင့် ကျန်းချန်သည် ရွှယ်ချန်ကျဲနှင့်အတူ ဟွမ်ယွမ်ဓားဂိုဏ်း၏ ရတနာတိုက် ဆီသို့ ဦးတည်ကာ လျှောက်လှမ်းသွားခဲ့သည်။

----------------------

ကျန်းချန်က ယွမ်ထျန်းချီတို့ သုံးဦးကို သတ်ဖြတ်လိုက်သည့်အချိန်မှာပင် ဟွမ်ယွမ်သူတော်စင်မြို့တော်ရှိ မြို့စားစံအိမ်တွင် ထိုက်ယီ အင်မော်တယ်ဂိုဏ်းမှ မုချင်းယွမ်၏ ခန္ဓာကိုယ်သည် နှစ်ခြိုက်စွာ အိပ်ပျော်နေရာကနေ ပထမဆုံး နိုးထလာခဲ့သည်။

“ချင်းယွမ်.. မင်း.. မင်း ဘယ်လိုလုပ်ပြီး ဖယ်ထုတ်ခံလိုက်ရတာလဲ”

ထိုက်ယီ အင်မော်တယ်ဂိုဏ်းမှ မဟာယာန နှောင်းပိုင်းအဆင့် အကြီးအကဲသည် ရုတ်တရက် နိုးထလာသော မုချင်းယွမ်ကို မြင်လျှင် မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံ မကျင်းပမီ ထိုက်ယီအင်မော်တယ်ဂိုဏ်းသည် မုချင်းယွမ်ကို မဟာယာန အဆင့်သို့ ထိုးဖောက်နိုင်ရန် အတွက် အစွမ်းကုန် ကြိုးစား၍ အရင်းအမြစ်များ ထောက်ပံ့ခဲ့သည်။

မုချင်းယွမ်၏ စွမ်းအားဖြင့်သာ ဆိုလျှင် မဟာယာန အဆင့်ပါရမီရှင်ဖြစ်သည့် ယွမ်ထျန်းချီနှင့် ရင်ဆိုင်ရ၍ ရှုံးနိမ့်ခဲ့လျှင်ပင် ထွက်ပြေးရန် မခက်ခဲပေ။

သို့သော်လည်း ယခုအခါတွင် မုချင်းယွမ်သည် အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ထဲကနေ ဖယ်ထုတ်ခံလိုက်ရသည်မှာ မယုံကြည်နိုင်စရာ ကောင်းနေခဲ့သည်။

“အကြီးအကဲချင်းဟယ်.. အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ထဲမှာ ပြဿနာတက်နေပြီ”

မုချင်းယွမ်က အနည်းငယ်မျှပင် ဖုံးကွယ်မထားဘဲ ဟင်းလင်းပြင်ထဲတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို အလျင်အမြန်ပင် ရှင်းပြလိုက်သည်။

ပြင်ပစကြဝဠာမှ လျှို့ဝှက်ဆန်းကြယ်သော လူငယ်တစ်ဦးက အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ထဲတွင် ပေါ်လာပြီး တစ်ကိုယ်တော် စွမ်းရည်ဖြင့် မုချင်းယွမ် အပါအဝင် မဟာယာနအဆင့် ပါရမီရှင် သုံးဦးကို အလွယ်တကူ ဖိနှိပ်ခဲ့သည်ဟု ကြားလိုက်ရလျှင် အကြီးအကဲ ချင်းဟယ်၏ မျက်နှာအမူအရာသည် အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

“သွားစို့.. ဟွမ်ယွမ်ဓားဂိုဏ်းက လူတွေကို သွားရှာကြမယ်”

ထိုစကားကို ပြောပြီးသည်နှင့် အကြီးအကဲ ချင်းဟယ်သည် မုချင်းယွမ်ကို ခေါ်ဆောင်ကာ နေရာကနေ ပျောက်ကွယ်သွားခဲ့သည်။

နောက်ထပ် တစ်ခဏတွင် သူတို့ နှစ်ဦးသည် ဟွမ်ယွမ်သူတော်စင်မြို့တော်ရှိ မြို့စားစံအိမ်၏ ဗဟိုခန်းမ အပြင်ဘက်တွင် ပေါ်လာခဲ့သည်။

သူတို့ ပေါ်လာသည့် အခိုက်အတန့်မှာပင် သူတို့၏ နံဘေး၌ ရုတ်တရက် ဟင်းလင်းပြင် လှိုင်းလုံးများ ဖြစ်ပေါ်လာခဲ့သည်။

မကြာမီမှာပင် ဟင်းလင်းပြင်ထဲကနေ ပုံရိပ်နှစ်ခု ထွက်ပေါ်လာခဲ့၏။

ထိုပုံရိပ်မှာ ကျိကျီထျန်းနှင့် ဝူကျိ အင်မော်တယ်ဂိုဏ်းမှ မဟာယာန နှောင်းပိုင်းအဆင့် အကြီးအကဲတို့ ဖြစ်ကြသည်။

မုချင်းယွမ် ဖယ်ထုတ်ခံရပြီးနောက်တွင် ဝူကျိအင်မော်တယ်ဂိုဏ်းမှ မဟာယာနအဆင့် ကျိကျီထျန်းသည်လည်း ပြင်ပစကြဝဠာမှ လျှို့ဝှက်ဆန်းကြယ်သော လူငယ်၏ လက်ချက်ဖြင့် ဖယ်ထုတ်ခံလိုက်ရသည်မှာ ထင်ရှားနေခဲ့သည်။

“ဝူကျိ အင်မော်တယ်ဂိုဏ်းနဲ့ ထိုက်ယီ အင်မော်တယ်ဂိုဏ်းက မိတ်ဆွေတို့.. ကျေးဇူးပြုပြီး အထဲကို ကြွခဲ့ကြပါ”

နှစ်ဖက်စလုံး စကားမပြောနိုင်သေးမီမှာပင် ခန်းမထဲကနေ အိုမင်းသော စကားသံ တစ်သံ ထွက်ပေါ်လာခဲ့သည်။

သူတို့လေးဦးက တုံ့ဆိုင်းမနေဘဲ ခန်းမထဲသို့ အလျင်အမြန်ပင် ဝင်ရောက်သွားကြ၏။

သူတို့က ခန်းမထဲတွင် ဟွမ်ယွမ်ဓားဂိုဏ်းမှ ယွမ်ထျန်းချီကိုပါ မြင်လိုက်ရသည်။

ယွမ်ထျန်းချီသည်လည်း နှစ်ခြိုက်စွာ အိပ်ပျော်နေရာကနေ နိုးထလာခဲ့ချေပြီ။

သူတို့ အင်မော်တယ်ဂိုဏ်းကြီး သုံးဂိုဏ်းမှ မဟာယာနအဆင့် ပါရမီရှင် သုံးဦးစလုံးသည် အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ထဲကနေ တစ်ချိန်တည်း ဖယ်ထုတ်ခံလိုက်ရသည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။

အခန်း(၂၆၀၀)ပြီး၏။

All Chapters