အခန်း (၆၂၁-၆၂၂)
Vol. 63 Ch. 621-622
အခန်း (၆၂၁) - မျက်လုံးတစ်ထောင်အတတ် ၊ သုံးဘဝဖြတ်တောက်ခြင်း ၊ အလှပဂေး၏ အကြံအစည်
အလှပဂေးအမျိုးသမီးမှာ ဦးခေါင်းနောက်ဘက်သို့ မြေခွဲပုတီး ဖြင့် အပြင်းအထန် ရိုက်နှက်ခံလိုက်ရသဖြင့် တစ်ကိုယ်လုံး မူးဝေနောက်ကျိသွားရသည်။
လီယန်ချူး၏ မျက်ဝန်းများမှာ အေးစက်သွားပြီး ဓားကို ကိုင်ဆွဲကာ သတ်ဖြတ်ရန် တိုးဝင်သွားတော့၏ အမျိုးသမီးကလည်း သူမ၏ သဘာဝလွန်စွမ်းအားကို အသုံးပြု၍ ပုံရိပ်ပေါင်း ထောင်ချီကာ ခွဲထုတ်လိုက်သည်။
လီယန်ချူး၏ လှုပ်ရှားမှုမှာ အနည်းငယ် တုံ့ဆိုင်းသွားရ၏။ တစ်ခဏအတွင်း သူ၏ အရှိန်အဝါမှာ ပြိုင်ဘက်ကို ပစ်မှတ်မထားနိုင်တော့ပါချေ။ ထိုပုံရိပ်ယောင် အမျိုးသမီးတိုင်းမှာ မျက်နှာကို လက်ဖြင့်အုပ်ကာ နာကျင်စွာ ငိုကြွေးအော်ဟစ်နေကြသည့် ပုံစံမျိုးပင်။
ဟူးးး
သူ့လက်ထဲတွင် ရှစ်ခွင်မှန် နှင့် နဂါးငါးကောင်စက်ဝိုင်း တို့ ပေါ်ထွက်လာသည်။ ကောင်းကင်ပြည့် နတ်မီးလျှံများထဲမှ မီးနဂါးငါးကောင်မှာ ဟိန်းဟောက်ကာ ထွက်ပေါ်လာပြီး၊ ပတ်ဝန်းကျင်ရှိ ပုံရိပ်ယောင်များကို အစအနမကျန် ဆွဲဖြဲပစ်လိုက်တော့သည်။
စောစောက သူ၏ မီးနတ်ဘုရားပုံရိပ်မှာ ကန့်သတ်ခံထားရသော်လည်း၊ ပုံရိပ်ယောင်ထဲမှ ဆင်းသက်လာသော ထိုမီးလျှံလက်နက် ငါးမျိုးကိုမူ သူက ဆက်လက် ထိန်းချုပ်နိုင်ဆဲပင်။
“နင်က တော်တော်လေးကို ဘဝင်မြင့်နေတာမဟုတ်လား”
“လာစမ်း တခြား ဘာအတတ်တွေ ကျန်သေးလဲ ”
လီယန်ချူးက အေးစက်စွာ ပြုံးလိုက်၏။
စကားဆုံးသည်နှင့် သူသည် ရွှေရောင်ဦးဆောင်း ကို ချက်ချင်း ဆောင်းလိုက်ရာ၊ သူ၏ ကိုယ်ထည်ရော အရှိန်အဝါပါ တစ်စုံတစ်ရာ မကျန်ဘဲ ပျောက်ကွယ်သွားတော့သည်။
အလှပဂေးအမျိုးသမီးကမူ ယုံကြည်ချက်အပြည့်ဖြင့် အေးစက်စွာ ရယ်မောလိုက်၏။
သူမ၏ ပါးစပ်မှ နားလည်ရခက်သော ဂါထာမန္တန်တစ်ခုကို ရွတ်ဖတ်လိုက်ရာ
ဖောက် ဖောက်
အမျိုးသမီး၏ ခန္ဓာကိုယ်ပေါ်ရှိ အရေပြားများကို ထိုးဖောက်ကာ မျက်လုံးပေါင်း ဆယ်ဂဏန်းခန့်မှာ စီတန်း၍ ထွက်ပေါ်လာတော့သည်။
ထိုမြင်ကွင်းမှာ အရာဝတ္ထုများ စုပြုံနေသည်ကို ကြောက်တတ်သူ များသာ မြင်လျှင် ရူးသွပ်သွားလောက်ပေသည်။ ထိုမျက်လုံးများအားလုံးမှာ မကျေနပ်ချက်နှင့် အာဃာတများ ပြည့်နှက်နေသည်။
“ငါ့မှာ မျက်လုံးတစ်ထောင်အတတ် ရှိတယ်၊ နင့်ရဲ့ မှော်လက်နက်က ငါ့ကို ဘာလုပ်နိုင်မှာမို့လို့လဲ ”
အမျိုးသမီးက ဝံကြွားစွာ ပြောလိုက်သည်။
သို့သော်လည်း သူမကိုယ်ပေါ်ရှိ မှော်မျက်စိများဖြင့် သေချာကြည့်လိုက်သောအခါတွင်မူ လီယန်ချူး၏ အရိပ်အယောင်ကို လုံးဝ ရှာမတွေ့တော့ပါချေ။
“...”
ဝူးးး
သူမကိုယ်ပေါ်ရှိ မျက်လုံးများမှာ တစ်ပြိုင်နက်တည်း အလင်းတောက်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံကြည့်ရှုလိုက်သည်။ ၃၆၀ ဒီဂရီ လုံးဝ လစ်ဟာမှုမရှိသော စောင့်ကြည့်မှုပင် ထိုမျက်လုံးများမှာ ရူးသွပ်စွာ လည်ပတ်နေသော်လည်း လီယန်ချူး၏ အရိပ်အယောင်ကိုမူ လုံးဝ ဖမ်းမမိနိုင်သေးပါချေ။
ရှူးးး
ဓားအလင်းတစ်ချက် ဖျတ်ခနဲ ဝင်းလက်သွားပြီး အမျိုးသမီး၏ ခါးမှာ တိခနဲ ပြတ်တောက်သွားတော့သည်။ အတွင်းကလီစာများနှင့် သွေးများမှာ ကောင်းကင်ယံထက်သို့ ပန်းထွက်သွားသည်။
သူမမှာ နာကျင်စွာ အော်ဟစ်လိုက်ရသည်။ ပြတ်တောက်သွားသော ခန္ဓာကိုယ်မှာ လေထုထဲရှိ ပြင်းထန်သော စွမ်းအားတစ်ခုကြောင့် အတင်းအကျပ် ပြန်လည် ပူးကပ်သွားရသည်။ သူမ၏ အတွင်းမှ အသက်စွမ်းအားများမှာလည်း ပြတ်တောက်သွားသော ကိုယ်ထည်ကို ပြန်လည် ကုသရန် ကြိုးစားနေကြသည်။
ပတ်ဝန်းကျင်တွင်မူ လီယန်ချူး၏ အငွေ့အသက်ကို လုံးဝ မခံစားရပါချေ။ အမျိုးသမီးမှာ မျက်မှောင်ကြုတ်သွား၏။
“ကိုယ်ပျောက်အတတ်လား”
စောစောက လီယန်ချူး ရွှေရောင်ဦးဆောင်း ဆောင်းလိုက်သည့် မြင်ကွင်းကို သူမ မမြင်လိုက်ရပေ။ အကြောင်းမှာ ထိုအချိန်တွင် သူမ၏ မျက်လုံးများမှာ ကန်းနေခဲ့သောကြောင့် ဖြစ်သည်။
ရှူးးး
ဓားအလင်းမှာ နောက်တစ်ကြိမ် ထပ်မံ တောက်ပလာပြန်သည်။
ဒေါင်
ကောင်းကင်နှင့် မြေကြီးကြားဝယ် ရှေးဟောင်းခေါင်းလောင်းသံကြီး ထပ်မံ ထွက်ပေါ်လာပြန်သည်။ ယခုတစ်ကြိမ်တွင်မူ အမျိုးသမီးက သူမ၏ နှစ်ပေါင်းထောင်ချီ ကျင့်ကြံထားသော မှော်စွမ်းအားအားလုံးကို အသုံးချကာ လီယန်ချူး၏ ဓားချက်ကို အတင်းအကျပ် တားဆီးလိုက်နိုင်သည်။
သို့သော်လည်း ယခုအခါ သူမ၏ ရင်ထဲ၌ ထိတ်လန့်မှုများ စတင်လာပြီ ဖြစ်သည်။ ထိုတာအိုဆရာ၏ လက်ထဲရှိ ဓားကြောင့် ရရှိသော ဒဏ်ရာမှာ ပြန်လည် ကုသ၍မရကြောင်း သူမ သိလိုက်ရခြင်းပင် အမျိုးသမီးမှာ သမုဒ္ဒရာအလား ကျယ်ပြောသော မှော်စွမ်းအားများကို အသုံးချပြီး ခန္ဓာကိုယ် မပြိုကွဲအောင် အသည်းအသန် ထိန်းထားရတော့သည်။
သူမ ခဏမျှ စဉ်းစားလိုက်ပြီးနောက် ရုတ်တရက် အဖြူရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်ယံသို့ ပျံတက်သွားတော့သည်။
“ဒီတာအိုဆရာက အရမ်းကို ကြမ်းလွန်းတယ်၊ သူ့ကို ထိပ်တိုက်ရင်ဆိုင်လို့ မဖြစ်ဘူး ”
ဟု သူမ စိတ်ထဲမှ ဆိုလိုက်သည်။
သူမ၏ ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်နှစ်ခုကို တွေးမိလိုက်သောအခါ ဤတစ်ခေါက် လာရသည်မှာ အချည်းနှီး မဟုတ်ကြောင်း သူမ သိလိုက်သည်။ ထိုနှစ်ဦးကိုသာ လုံးဝ ဝါးမြိုနိုင်ခဲ့လျှင် သူမသည် တတိယအဆင့် နောက်ဆုံးပိုင်းသို့ ဧကန်မုချ ရောက်ရှိပေလိမ့်မည် ထိုအချိန်ကျမှသာ ထိုလူငယ်တာအိုဆရာမှာ သူမ၏ ပြိုင်ဘက် မဟုတ်တော့ပါချေ။
အမျိုးသမီးသည် မြေခွေးနတ်သမီး လျှို့ဝှက်အတတ်ကို အသုံးပြုကာ မျက်စိတစ်မှိတ်အတွင်း မိုင်ပေါင်း ရာချီ၍ ပြေးထွက်သွားတော့သည်။ မိုင်ပေါင်း ရာနှင့်ချီ၍ ဝေးကွာသွားမှသာ သူမသည် အရှိန်ကို အနည်းငယ် လျှော့လိုက်ပြီး စိတ်အေးလက်အေး သက်ပြင်းချလိုက်မိသည်။
ရှူးးး
ဓားအလင်းမှာ သူမ၏ ကျောပြင်ထက်သို့ ပြင်းထန်စွာ ကျဆင်းလာပြန်သည်။
မှော်စွမ်းအား အကာအကွယ်မှာ ပျက်စီးမသွားသော်လည်း ထိုပြင်းထန်သော ရိုက်ခတ်မှုကြောင့် သူမမှာ အောက်ဘက်သို့ တရှိန်ထိုး လွင့်ကျသွားရတော့သည်။ သူမသည် မှော်စွမ်းအားကို အသုံးပြုကာ ခန္ဓာကိုယ်ကို အတင်းအကျပ် ပြန်ထိန်းလိုက်ရသည်။
“တာအိုမိတ်ဆွေက လူကိုယ်တိုင် မပြဘဲ ပုန်းလျှိုးကွယ်လျှိုး တိုက်ခိုက်နေတာဟာ အမှန်တရားလမ်း ရဲ့ အလုပ် မဟုတ်ဘူးနော် ”
အမျိုးသမီးက လီယန်ချူးကို လူကျင့်ဝတ်ဖြင့် စတင် တိုက်ခိုက်တော့သည်။
ကံဆိုးစွာဖြင့် သူမ ရင်ဆိုင်နေရသူမှာ နှစ်ပေါင်း ဆယ်ချီ၊ ရာချီ ကျင့်ကြံလာပြီး ဂုဏ်သိက္ခာကို အသက်ထက် တန်ဖိုးထားသော ဂိုဏ်းကြီးသား သို့မဟုတ် အဘိုးကြီးများ မဟုတ်ပါချေ။
လီယန်ချူးသည် မီးကျီးကန်းတစ်သောင်းအိုး ကို နှိုးဆွလိုက်ရာ၊ ကောင်းကင်ပြည့် မီးကျီးကန်းများမှာ အုံနှင့်ကျင်းနှင့် ထွက်ပေါ်လာပြီး အမျိုးသမီး၏ ပုံရိပ်ကို လုံးဝ ဖုံးလွှမ်းသွားတော့သည်။ သို့သော်လည်း ထိုအမျိုးသမီးက အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ရာ၊ ကောင်းကင်ပြည့် မီးကျီးကန်းများကို သူမ၏ ဝမ်းဗိုက်အတွင်းသို့ အကုန်လုံး ဝါးမြိုလိုက်တော့သည်။
လီယန်ချူး - “...”
“ဒီမိစ္ဆာမက အပူကန်မှာ မကြောက်ဘူးလား"
သူ၏ စိတ်ထဲတွင် အတွေးတစ်ချက် ပေါ်လာပြီး ဤထူးဆန်းသော အတတ်ရှိသည့် အမျိုးသမီးအတွက် ဖြေရှင်းနည်းကို ရှာတွေ့သွားတော့သည်။ သူသည် ကျီးကန်းတစ်သောင်းအိုးကို ထပ်မံ ထိန်းချုပ်ကာ မီးတောက်ပေါင်း များစွာကို ထပ်မံ ထုတ်လွှတ်လိုက်ပြန်သည်။ ထို့အပြင် နဂါးငါးကောင်စက်ဝိုင်းအတွင်းမှ မီးနဂါးငါးကောင်မှာလည်း ကြောက်မက်ဖွယ်ကောင်းအောင် ဟိန်းဟောက်ကာ အမျိုးသမီးထံသို့ ပြေးဝင်သွားကြသည်။
အုန်းးး
နဂါးဟိန်းသံမှာ ကောင်းကင်နှင့် မြေကြီးကြားဝယ် လှိုင်းထသွားတော့သည်။
“ငါက တကယ်ပဲ မီးကို ကြောက်တတ်တဲ့ မိစ္ဆာလို့ ထင်နေတာလား”
အမျိုးသမီး၏ မျက်ဝန်းများတွင် အေးစက်သော အငွေ့အသက်များ ဝင်းလက်သွားပြီး သူမ၏ နှုတ်ခမ်းအစုံကို ဟလိုက်သည်။ သူမသည် တစ်ကျော့တည်းဖြင့် ကောင်းကင်ပြည့် မီးကျီးကန်းများကို သူမ၏ ဝမ်းဗိုက်အတွင်းသို့ ထပ်မံ ဝါးမြိုလိုက်ပြန်သည်။
လီယန်ချူးသည် နောက်ဆုံးအချိန်တွင် ဓာတ်ငါးပါးမြေလျှိုး အတတ် ကို အသုံးပြုကာ မီးကျီးကန်းများနှင့်အတူ သူမ၏ ဝမ်းဗိုက်အတွင်းသို့ လိုက်ပါသွားတော့သည်။ အမျိုးသမီးမှာ တစ်ခဏမျှ ကြောင်အသွားရ၏။ သူမ၏ ခန္ဓာကိုယ်အတွင်းသို့ တစ်စုံတစ်ယောက်က ပြင်းထန်စွာ ဝင်ရောက်လာကြောင်း ခံစားလိုက်ရခြင်းပင်။ ထိုအရာမှာ အင်မတန် နက်ရှိုင်းသော နေရာ၊ ဝမ်းဗိုက်အတွင်းအထိပင် ရောက်ရှိသွားလေပြီ။
“မကောင်းတော့ဘူး”
အမျိုးသမီး၏ စိတ်ထဲတွင် ထိတ်လန့်သွားရသည်။
ရွှီးးး
အမျိုးသမီး၏ ခန္ဓာကိုယ်အတွင်းမှ ထက်မြက်သော ဓားအလင်းတစ်ခု ပေါ်ထွက်လာပြီး သူမ၏ ဝမ်းဗိုက်ကို တိုက်ရိုက် ခွဲထုတ်လိုက်တော့သည် လူငယ်တာအိုဆရာ တစ်ယောက်မှာ အလင်းလုံးနှစ်ခုကို ကိုင်ဆွဲကာ သူမ၏ ကိုယ်ထဲမှ ပျံထွက်လာသည်။
အမျိုးသမီးမှာ အပြင်းအထန် နာကျင်သွားရသော်လည်း ဝမ်းဗိုက်မှ ဒဏ်ရာကို ဂရုမစိုက်နိုင်တော့ပါချေ။ လီယန်ချူး၏ လက်ထဲရှိ အလင်းလုံးနှစ်ခုကို မြင်လိုက်ရသောအခါ သူမက ဒေါသတကြီး အော်ဟစ်လိုက်သည်။
“အဲဒါကို ပြန်ပေးစမ်း”
သူမသည် ချက်ချင်းပင် လေခေါ်မိုးခေါ်အတတ် ကို အသုံးပြုလိုက်သည်။
ဤလေမှာ လေနက် ဖြစ်ပြီး၊ မိုးမှာ ယင်မိုး ဖြစ်သည်။ လေနက်က လူ၏ ရုပ်ခန္ဓာကို ဖျက်ဆီးကာ၊ ယင်မိုးက လူ၏ စိတ်ဝိညာဉ်ကို ပျက်စီးစေသော အင်မတန် ယုတ်မာရက်စက်လှသော မိစ္ဆာအတတ်များပင်။
“ဘာလဲ”
“နင်က ကောင်းကင်ကို ဆန့်ကျင်ပြီး သုံးဘဝဖြတ်တောက်ခြင်း ကို ပြန်ဖြည့်ချင်နေတာလား ”
လီယန်ချူးက အေးစက်စွာ ပြုံးလိုက်၏။
အမျိုးသမီးမှာ တစ်ခဏချင်း ကြောင်အသွားပြီး သူမ၏ မျက်ဝန်းများတွင် ထိတ်လန့်တုန်လှုပ်မှုများ ပေါ်ထွက်လာတော့သည်။
“ရှင်... ရှင် ဘာတွေ ပြောနေတာလဲ”
လီယန်ချူးက အေးစက်စွာ ဆက်ပြောလိုက်သည်။
“သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် မသိကြဘဲ၊ ကိုယ့်ဘာသာ မြေခွေးနတ်သမီးကျောင်းရဲ့ နတ်ဘုရားမလို့ ဘာကြောင့် ထင်နေကြတာလဲ ဆိုတာကို ငါ စောစောကတည်းက ထူးဆန်းနေခဲ့တာ ”
“နင် သူတို့နှစ်ယောက်ကို အတင်းအကျပ် ဝါးမြိုဖို့ ကြိုးစားနေတာကို မြင်တော့မှ ငါ နားလည်သွားတာ။ နင်တို့ သုံးယောက်စလုံးဟာ မြေခွေးနတ်သမီးကျောင်းရဲ့ နတ်ဘုရားမတွေပဲ။ ပြီးတော့ နင်တို့ဟာ မြေပြင်နတ်ဘုရား တစ်ပါးတည်းကနေ ခွဲထုတ်လိုက်တဲ့ သုံးဘဝ တွေပဲ ဖြစ်လိမ့်မယ် ”
“သုံးဘဝတွေဟာ တစ်ဦးနဲ့တစ်ဦး တည်ရှိမှုကို မသိကြတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်ပဲ နတ်ဘုရားမလို့ ထင်နေကြတာ။ နင်ကတော့ ထူးခြားတဲ့ တစ်ယောက် ဖြစ်ပုံရတယ်၊ တခြား ဘဝနှစ်ခုကို ရှာဖွေပြီး ပြန်လည် ဝါးမြိုချင်နေတာကိုး။ ဒီလို လုပ်ရပ်မျိုးကိုတော့ ငါ အဖြစ်မခံနိုင်ဘူး ”
အမျိုးသမီးမှာ မျက်နှာပျက်သွားပြီး တိတ်ဆိတ်သွားရသည်။
“တာအိုမိတ်ဆွေက တကယ်ကို ဉာဏ်ကောင်းတာပဲ”
“မှန်ပါတယ်... အစပိုင်းမှာ ကျွန်မ သူတို့နှစ်ယောက် တည်ရှိနေတာကို လုံးဝ မသိခဲ့ဘူး။ ပုန်းကွယ်နေတဲ့လက်ကြီးတစ်ဖက်က ကျွန်မကို ဒီနားမှာပဲ ပိတ်လှောင်ထားသလို ခံစားခဲ့ရတယ်။ ကျွန်မ ယန်ဝိညာဉ် အလယ်လတ်အဆင့်အထိ ရောက်လာတဲ့တိုင်အောင် အဲဒီလက်ကြီးရဲ့ တည်ရှိမှုကို အတည်မပြုနိုင်ခဲ့ဘူး။ ကျွန်မက စွမ်းအားကို တောင့်တတယ်၊ သူတို့နှစ်ယောက်ကို ဝါးမြိုလိုက်မှသာ အပြစ်အနာအဆာကင်းတဲ့ ခန္ဓာကိုယ် ကို ရရှိပြီး ပြီးပြည့်စုံတဲ့ ပေါင်းစပ်မှု ဖြစ်လာလိမ့်မယ် ”
“ရှင်က သုံးဘဝဖြတ်တောက်ခြင်း အကြောင်းကို ဒီလောက် သိနေမှတော့၊ ကျွန်မကို အဲဒီလျှို့ဝှက်အတတ်ကို သင်ပေးနိုင်မလား ကျွန်မ ဘယ်လို တန်ဖိုးမျိုးကိုမဆို ပေးဆပ်ဖို့ အသင့်ပါပဲ ”
အမျိုးသမီးက ပြောလိုက်သည်။
သုံးဘဝဖြတ်တောက်ခြင်း ဆိုသည်မှာ တာအိုကျင့်စဉ်များတွင် အထူးတလည် ကျင့်ကြံရသော နည်းလမ်းတစ်ခု ဖြစ်သည်။
ကျင့်ကြံမှုအပေါ် မူတည်၍ ကွဲပြားမှုများ ရှိသော်လည်း၊ ယေဘုယျအားဖြင့် လူ၏ စွဲလမ်းမှု (၃) မျိုး (အတ္တ၊ ဒေါသ၊ မောဟ) ကို ခွဲထုတ်ခြင်းပင်။
အချို့က ကုသိုလ်ဘဝ ၊ အကုသိုလ်ဘဝ နှင့် အတ္တဘဝ ဟူ၍ သုံးမျိုး ခွဲခြားကြသည်။
ဒုတိယနည်းလမ်းမှာ အသုံးအများဆုံး ဖြစ်သော်လည်း ထိုအတတ်ကို အသုံးပြုရန်မှာ ကျင့်ကြံမှု အင်မတန် မြင့်မားသော တာအိုဆရာများသာ တတ်နိုင်ပေသည်။
မဟုတ်လျှင် ခွဲထုတ်ပြီးနောက်တွင် မိမိ၏ ပင်ကိုယ်စိတ်ပျောက်ဆုံးကာ လူတစ်ယောက်လုံး လုံးဝ ပြောင်းလဲသွားနိုင်သောကြောင့် ဖြစ်သည်။
“သင်ပေးရမယ်”
“ငါက နင်နဲ့ ရင်းနှီးနေလို့လား”
လီယန်ချူးက လှောင်ပြောင်လိုက်သည်။
“...”
စစ်မှန်သော မိစ္ဆာစွမ်းအားများဖြင့် ဖွဲ့စည်းထားသော ဓားပျံတစ်လက်မှာ အမျိုးသမီး၏ လက်ထဲတွင် ပေါ်လာသည်။ သူမ၏ အကြီးမားဆုံး လျှို့ဝှက်ချက်ကို သိသွားသည့်အပြင် အလှောင်ပြောင် ခံလိုက်ရသဖြင့် အမျိုးသမီး၏ ဒေါသမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားလေပြီ။
ရှူးးး
ဓားပျံမှာ ပြေးဝင်သွားတော့သည် လီယန်ချူး၏ ရှေ့မှ အကာအကွယ်များကို အဆင့်ဆင့် ထိုးဖောက်ကာ အစီရင်ဝတ်စုံ အထိပင် ရောက်ရှိသွားသည်။
ဒေါင်
ထိုအစီရင်ဝတ်စုံမှာ ကုသိုလ်မှတ် တစ်သိန်းအဆင့်ရှိသော ရတနာဖြစ်ရာ ထိုတိုက်ခိုက်မှုကို လွယ်ကူစွာ တားဆီးပေးလိုက်သည်။ လီယန်ချူးက အနီးကပ် ထိပ်တိုက်ရင်ဆိုင်ကာ ဓားကို မြှောက်၍ ခုတ်ချလိုက်သည်။
ဖျတ်
အမျိုးသမီး၏ ဦးခေါင်းမှာ အရှိန်ဖြင့် ကောင်းကင်သို့ လွင့်ထွက်သွားတော့သည် စောစောက သူမ၏ မှော်အတတ်က လီယန်ချူး၏ အကာအကွယ်ကို မဖောက်နိုင်ခဲ့သော်လည်း၊ လီယန်ချူး၏ ကျန့်ကျောင်းဓား ကမူ သူမ၏ မိစ္ဆာကိုယ်ထည်ကို အလွယ်တကူ ဖြတ်တောက်နိုင်ခဲ့ခြင်းပင်။
လီယန်ချူး၏ မျက်ဝန်းများတွင် စဉ်းစားဟန်များ ပေါ်လာသည်။
“ဒီမိစ္ဆာမ ကျင့်နေတာက တကယ်ပဲ သုံးဘဝဖြတ်တောက်ခြင်းအတတ်ပဲ ”
အစပိုင်းတွင် သူသည် ခန့်မှန်းရုံသာ ခန့်မှန်းခဲ့ခြင်း ဖြစ်သော်လည်း၊ အကြောင်းအရာများ ပြတ်သားလာသည်နှင့်အမျှ သူ ပထမဆုံး တွေ့ခဲ့သော ဟူမယ်မယ်၏ မည်သူမည်ဝါ ဖြစ်ကြောင်းကိုလည်း သူ ခန့်မှန်းမိသွားပြီ ဖြစ်သည်။
“တာအိုမိတ်ဆွေ... ဒီရန်ကြွေးကို ကျွန်မ မှတ်ထားမယ် နောက်တစ်နေ့မှာ လူသား တစ်သိန်းကို သတ်ပြီး ရှင်နဲ့ ရန်ကြွေးဆပ်ပြရစေမယ် ”
အမျိုးသမီးက မှော်စွမ်းအားကို နှိုးဆွလိုက်ရာ၊ လီယန်ချူး လက်ထဲရှိ အလင်းလုံးနှစ်ခုမှာ သူမ၏ လျှို့ဝှက်အတတ်ဖြင့် ပြန်လည် လုယူခြင်း ခံလိုက်ရပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။
အခန်း (၆၂၂) - လောကနိယာမ ၊ အစွမ်းထက်သော တားမြစ်ချက် ၊ ကိုယ်ကိုယ်ကိုယ် ပြန်ဖြည့်တင်း၍ အပြစ်ကင်းစင်ခြင်းသို့ ရောက်ရှိခြင်း ၊ကျွမ်းကျင်သော တိုက်ပွဲပညာ
အလှပဂေးအမျိုးသမီး၏ ကျင့်ကြံမှုမှာ ယန်ဝိညာဉ်အဆင့်သို့ ရောက်ရှိနေပြီး နှစ်ပေါင်းထောင်ချီသော မှော်စွမ်းအားများကို ပိုင်ဆိုင်ထားသည်။
သို့သော်လည်း သူမအနေဖြင့် ထိုမြေခွေးနတ်သမီးကျောင်းတွင် အခြားသော အရှင်သခင် နှစ်ဦးရှိနေသေးကြောင်းကိုမူ တစ်လျှောက်လုံး လုံးဝ မသိခဲ့ပါချေ ထိုမြင်ကွင်းမှာ အင်မတန် ထူးဆန်းပြီး ယုတ္တိမတန်သော်လည်း လက်တွေ့တွင်မူ အမှန်တကယ်ပင် ဖြစ်ပျက်နေခြင်းပင်။
သူမသည် ယခုအခါ ထိုကျင့်ကြံမှုအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ လောကနိယာမများအပေါ် မိမိဘာသာ သိမြင်မှုများ ရှိနေပြီး အချို့သော ပြဿနာများကိုလည်း ခပ်ရေးရေး ရိပ်မိနေခဲ့သည်။
သို့သော် အင်မတန် အစွမ်းထက်သော တားမြစ်ချက် တစ်ခုက သူမအား ထိုတည်ရှိမှုများကို မသိမြင်နိုင်အောင် ပိတ်ဆို့ထားခြင်းပင် ဖြစ်သည်။
ကျင့်ကြံမှု တဖြည်းဖြည်း မြင့်မားလာသည်နှင့်အမျှ သူမသည် မိမိကိုယ်ကိုယ် မူရင်းခန္ဓာ မဟုတ်ကြောင်း၊ သို့မဟုတ်... မိမိမှာ ပြီးပြည့်စုံခြင်း မရှိသေးကြောင်းကို ဝမ်းနည်းဖွယ် သိရှိလာခဲ့သည်။ ထိုခံစားချက်က သူမအား အင်မတန် ထိတ်လန့်သွားစေသလို လမ်းပျောက်သွားစေသည်။
နှစ်ပေါင်းထောင်ချီတိုင်အောင် သူမ အမှန်တကယ်ဟု သတ်မှတ်ခဲ့သော အရာများ၊ ဦးနှောက်အတွင်းရှိ မရေမတွက်နိုင်သော မှတ်ဉာဏ်များမှာ အတုအယောင်များ သို့မဟုတ် မပြည့်စုံသော အရာများသာ ဖြစ်နေခဲ့သည်။
ဤခံစားချက်မျိုးမှာ ယန်ဝိညာဉ်ပညာရှင် တစ်ဦးအတွက် အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
သူမသည် ထိုမြေပြင်နတ်ဘုရား၏ အရည်အချင်း အတော်များများကို ဆက်ခံထားပြီး စစ်မှန်သော တာအိုကျင့်စဉ်များကိုလည်း တတ်မြောက်ထားရာ၊ ဤ သုံးဘဝဖြတ်တောက်ခြင်းအတတ် ကိုလည်း အနက်ရှိုင်းဆုံး သိရှိနားလည်ထားသူ ဖြစ်သည်။
သူမသည် မိမိ၏ ခန္ဓာကိုယ်ကို ပြန်လည် ဖြည့်တင်းလို၏။ ကံဆိုးသည်မှာ သူမ၏ ဝိညာဉ်အတွင်း၌ အစွမ်းထက်သော တားမြစ်ချက်တစ်ခု ရှိနေပြီး ထိုအကြောင်းအရာကို အမြဲတစေ မသိမသာ မေ့လျော့နေအောင် လုပ်ဆောင်နေခြင်းပင်။
ထိုတားမြစ်ချက်မှာ အလွန်ပင် အစွမ်းထက်လှရာ ယန်ဝိညာဉ်ပညာရှင် တစ်ဦး၏ အတွေးအခေါ်နှင့် မှတ်ဉာဏ်ကိုပင် ပိတ်လှောင်ထားနိုင်သည်။
တစ်ဖက်လူ တည်ရှိနေခြင်းကို လုံးဝ မသိရှိစေရခြင်းမှာ သုံးဘဝဖြတ်တောက်ခြင်းအတတ်၏ နိယာမပင် ဖြစ်သည်။
အလှပဂေးမှာ ကျင့်ကြံမှု အဆင့်မြင့်လာသော်လည်း ရှေ့ဆက်တိုး၍ မရတော့ဘဲ ဖြစ်နေခဲ့သည်။ တစ်ခါတစ်ရံတွင်မူ ကောင်းကင်နှင့် လူသား အာရုံခံစားမှု ကြောင့် ဤအချက်ကို ရုတ်တရက် သတိရမိသောအခါ သူမသည် ပို၍ပင် ထိတ်လန့်သွားရသည်။
သူမသည် မိမိကိုယ်ကိုယ် ပြန်လည် ဖြည့်တင်းရန် ကြိုးစားခဲ့သော်လည်း တားမြစ်ချက်အတတ်ကြောင့် တစ်လျှောက်လုံး သတိမထားမိဘဲ ဖြစ်နေခဲ့သည်။ အခြားသော ဟူမယ်မယ် နှစ်ဦးမှာ သူမနှင့်အတူ မြေခွေးနတ်သမီးကျောင်းတွင် အေးအေးလူလူ အတူတကွ ရှိနေခဲ့ကြသည်မှာ အမှောင်ဆုံးနေရာသည် မီးခွက်အောက်တွင် ရှိနေသကဲ့သို့ပင်။
ယခုအခါတွင်မူ သူမသည် တားမြစ်ချက်ကို အောင်မြင်စွာ ဖောက်ထွက်နိုင်ခဲ့ပြီး အခြားသော ဝိညာဉ်အသိနှစ်ခုကို အခွင့်ကောင်းယူကာ ဖမ်းဆီးနိုင်ခဲ့လေပြီ။
မိမိကိုယ်ကိုယ် ပြန်လည် ဖြည့်တင်းနိုင်လျှင် အပြစ်အနာအဆာကင်းသော အဆင့် သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။ အမျိုးသမီးမှာ အင်မတန် ကျေနပ်အားရနေ၏။ ကျင့်ကြံမှုအဆင့် တိုးတက်ခြင်းထက် မိမိကိုယ်ကိုယ် ပြန်လည် ဖြည့်တင်းပြီး ပင်ကိုယ်ဝိညာဉ်ကို ရှာဖွေနိုင်ရန် သူမ ပို၍ မျှော်လင့်နေခြင်းပင်။
သို့သော်လည်း ဘယ်ကမှန်းမသိ ပေါ်လာသော ဤလူငယ်တာအိုဆရာမှာ ဤမျှအထိ ရဲရဲတင်းတင်း ရှိလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပါချေ သူသည် သိုင်းနတ်ဘုရား များကဲ့သို့ သတ်ဖြတ်ခြင်းလမ်းစဉ်ကို လျှောက်လှမ်းထားရုံသာမက၊ တစ်ကိုယ်လုံးရှိ မှော်လက်နက်များမှာလည်း ကြောက်ခမန်းလိလိပင်။
အမျိုးသမီးသည် အဆင့်မြင့် ထွက်ပြေးခြင်းအတတ်ကို အသုံးပြုကာ ကောင်းကင်ယံထက်တွင် ပျံသန်းနေသည်။ ဤလူငယ်တာအိုဆရာ၏ ကိုယ်ပျောက်အတတ်မှာ သူမ၏ အာရုံခံစားမှုကိုပင် လှည့်စားနိုင်သည်မှာ အင်မတန် အံ့ဩစရာ ကောင်းလှသည်။
ထို့ကြောင့် ဤသူသည် အစွမ်းထက်သော မှော်လက်နက်တစ်ခုခုကို ရရှိထားခြင်း ဖြစ်ရမည်ဟု သူမ သံသယဝင်မိသည်။ မဟုတ်လျှင် သူ၏ အသက်အရွယ်နှင့် ဤမျှအဆင့်မြင့်သော ကိုယ်ပျောက်အတတ်ကို မည်သို့ ကျင့်ကြံနိုင်မည်နည်း။
အမျိုးသမီး၏ စိတ်ထဲတွင် အတွေးများစွာ လည်ပတ်နေပြီး ခန္ဓာကိုယ်မှာလည်း အဆက်မပြတ် ပျံသန်းနေသည်။
သူမသည် မြေခွေးနတ်သမီး လျှို့ဝှက်အတတ်များကို တတ်မြောက်ထားရာ ခရီးသွားခြင်းနှင့် ထွက်ပြေးခြင်းအတွက် အသုံးပြုသော ခြေလှမ်းအတတ်မှာလည်း အင်မတန် လျင်မြန်လှသည်။
သို့သော်လည်း စောစောကတည်းက သူမ တွေးရခက်နေသည့် အချက်မှာ ဤလူငယ်တာအိုဆရာ၏ ပျံသန်းနှုန်းက ဘာကြောင့် ဤမျှအထိ လျင်မြန်နေရသနည်း။
ရှူးးး
သူမ စဉ်းစားနေစဉ်မှာပင် ဓားအလင်းတစ်ချက် ကျဆင်းလာပြန်သည်။
လောကကို ဖြတ်တောက်မည့် ဓားချက်ပင်
အမျိုးသမီးမှာ ပြင်းထန်သော ဖိအားကို ခံစားလိုက်ရသဖြင့် ချက်ချင်းပင် မူရင်းခန္ဓာကိုယ်ကို ဖော်ထုတ်လိုက်ရတော့သည်။ ဆယ်တောင်ကျော်ခန့် ကြီးမားသော မြေခွေးဖြူကြီးတစ်ကောင်ပင်။
သို့သော် ထိုမြေခွေးဖြူကြီး၏ ကိုယ်ပေါ်တွင် ဒဏ်ရာဒဏ်ချက်များ ပြည့်နှက်နေပြီး သွေးများ အဆက်မပြတ် စီးကျနေသဖြင့် ကြည့်ရသည်မှာ အတော်ပင် နွမ်းလျနေသည်။
မူရင်းခန္ဓာကို ဖော်ထုတ်လိုက်ပြီးနောက် သူမ၏ အရှိန်မှာ ပို၍ မြန်လာသည်။ ထို့ပြင် သူမ အသက်တစ်ချက် ရှူလိုက်တိုင်းတွင် အဖြူရောင်အငွေ့အသက် နှစ်ခုမှာ လွင့်ပျံလာပြီး ကိုယ်ပေါ်မှ ဒဏ်ရာများမှာလည်း သက်သာလာမည့် လက္ခဏာများ ပေါ်လာတော့သည်။
“ဒီဓားက တကယ်ကို ဘာပစ္စည်းမို့လို့လဲ”
အမျိုးသမီးက သူမကိုယ်ပေါ်မှ ဒဏ်ရာများကို ကြည့်ရင်း ဆဲရေးလိုက်မိသည်။ ခဏအတွင်းမှာပင် ထိုဒဏ်ရာများမှာ ပြန်လည် ကွဲအက်သွားပြန်သည်။
ဒဏ်ရာပြန်လည် ကုသမှုကို ဤမျှအထိ အစွမ်းထက်စွာ တားဆီးထားနိုင်သည့် စွမ်းအားမျိုးမှာ လုံးဝ ဖြေရှင်း၍ မရနိုင်ပါချေ။
ရှူးးး
သူမသည် မြေခွေးဖြူ ပုံရိပ်ပေါင်း ထောင်ချီကာ ခွဲထုတ်လိုက်ပြီး အရပ်ရပ်သို့ ထွက်ပြေးတော့သည်။ ထောင်ပေါင်းများစွာသော အလင်းတန်းများမှာ ကောင်းကင်ယံထက်တွင် ပျံ့နှံ့သွားသဖြင့် မျက်စိလည်စရာပင် ကောင်းလှ၏။
ဤကဲ့သို့သော ပုံရိပ်ယောင်အတတ်ကို အသုံးပြုကာ၊ သူမအား မှောလွန်းပျံ ဖြင့် လိုက်လံတိုက်ခိုက်နေသော လီယန်ချူးကို နောက်တစ်ကြိမ် ထပ်မံ ရှောင်လွှဲလိုက်ပြန်သည်။
လီယန်ချူး၏ မျက်ဝန်းများတွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒများ သိသိသာသာ ပေါ်ထွက်နေ၏။ ရွှေရောင်ဦးဆောင်း နှင့် လွန်းပျံ တို့၏ အကူအညီဖြင့် သူသည် ယင်ဝိညာဉ်အဆင့်ဖြင့် တတိယအဆင့်ရှိသော ထိုအမျိုးသမီးကို လိုက်လံတိုက်ခိုက်နေခြင်းပင် သို့သော်လည်း ယနေ့ ထိုအမျိုးသမီးကို လွှတ်ပေးလိုက်ပါက နောက်တစ်ကြိမ် သူမကို ပြန်ဖမ်းရန်မှာ ခက်ခဲသွားပေလိမ့်မည်။
သူသည် ကိုယ်ပေါ်မှ ဒိုရန်ပုတီး ကို နှိုးဆွလိုက်သည်။
ဆုတောင်းခြင်း
“မိုးကြိုးငါးပါး စစ်မှန်သော ယန်ဓာတ်၊ လောက၏ မှန်ကန်သောအတတ်... သတ်စမ်း”
လီယန်ချူး၏ အသံမှာ မိုးကြိုးပစ်သကဲ့သို့ ဟိန်းထွက်လာသည်။
ဝုန်းးး ဝုန်းးး ဝုန်းးး
ကောင်းကင်မှ မိုးကြိုးများ ပစ်ချလိုက်တော့သည်။ စစ်မှန်သော ယန်မိုးကြိုးအတတ်မှာ အမျိုးသမီး၏ ကိုယ်ပေါ်သို့ ချက်ချင်းပင် ကျရောက်သွားတော့သည်။
အမျိုးသမီး၏ ခန္ဓာကိုယ်မှာ မည်းတူးသွားပြီး အရေပြားများလည်း ကွဲအက်သွားရသည်။
အင်မတန် ပြင်းထန်လှသော မိုးကြိုးအတတ်က သူမ၏ ခန္ဓာကိုယ်အတွင်းရှိ အသက်စွမ်းအားများကို အဆက်မပြတ် ဖျက်ဆီးနေသလို၊ မိစ္ဆာအငွေ့အသက်များကိုလည်း ချေဖျက်နေတော့သည်။
အကယ်၍ သူမသည် တတိယအဆင့်ရှိသော မိစ္ဆာဘုရင်မ တစ်ဦး မဟုတ်ပါက၊ ဤမိုးကြိုးငါးပါးအတတ်ကို ခံလိုက်ရသည်နှင့် ဝိညာဉ်ပါ ပျောက်ကွယ်သွားလောက်ပေပြီ။
ထို့ပြင် မိုးကြိုးငါးပါးအဆောင်မှာ မြေခွေးနတ်သမီး လျှို့ဝှက်အတတ်ဖြင့် ထွက်ပြေးနေသော အမျိုးသမီးကို ကွက်တိ ထိမှန်သွားခြင်း ဖြစ်သည်။ ထိမှန်နှုန်းမှာ အင်မတန်မှပင် ကြောက်စရာကောင်းလှသည်။
“...” အမျိုးသမီးမှာ ဘာမှမပြောနိုင်တော့ပါချေ
ထိုမျှအထိ လျင်မြန်စွာ ပျံသန်းနေပါလျက်နှင့် မိုးကြိုးပစ်ခံရသေးသည်လား။
လီယန်ချူးက ရွှေရောင်ဦးဆောင်းကို ချွတ်လိုက်ပြီး ကိုယ်ထည်ကို ဖော်ထုတ်လိုက်သည်။ ၎င်းမှာ ခြောက်ကြိမ်မြောက် အဆင့်မြှင့်ထားသော မိုးကြိုးငါးပါးအဆောင်၏ စွမ်းအားပင်။
“နင့်ရဲ့ မိုးကြိုးအတတ်က ဆန်းကြယ်ပေမဲ့၊ ကံဆိုးတာက စွမ်းအားမလောက်လို့ ငါ့ကို မသတ်နိုင်ဘူး ”
“တာအိုမိတ်ဆွေက တကယ်ပဲ အဆုံးထိသွား ချင်နေတာလား”
အမျိုးသမီးက လေးနက်သော အမူအရာဖြင့် မေးလိုက်သည်။
ထိုလူငယ်တာအိုဆရာမှာ သတ်ဖြတ်လိုစိတ် အင်မတန် ပြင်းထန်လှသလို၊ သူ၏ အတတ်ပညာများမှာလည်း အံ့ဩစရာကောင်းလောက်အောင် မြင့်မားလှသဖြင့် သူမ အတော်ပင် ခေါင်းခဲနေရခြင်းပင်။
“လူသားတွေကို ဒုက္ခပေးတဲ့ မိစ္ဆာမှန်သမျှ အရှင်မထားဘူး”
လီယန်ချူး၏ အမူအရာမှာ အေးစက်လှပေသည်။
အမျိုးသမီးသည် မိမိထက်ပင် ပို၍ လျင်မြန်သော ဤလူငယ်တာအိုဆရာကို ရှောင်လွှဲ၍ မရနိုင်မှန်း သိလိုက်သည်။ ထို့ကြောင့် သူမသည် ဆက်လက် ထွက်မပြေးတော့ဘဲ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကိုသာ စုစည်းလိုက်တော့သည်။
ဖောက်... ဖောက်...
သူမ၏ ကိုယ်ပေါ်တွင် ပေါက်ကွဲသံသဲ့သဲ့ ထွက်ပေါ်လာပြီး မှော်စွမ်းအားများမှာလည်း ရူးသွပ်စွာ ဆူပွက်လာကာ အရှိန်အဝါမှာလည်း အဆက်မပြတ် မြင့်တက်လာတော့သည်။ သူမသည် ကိုယ်ထဲရှိ အခြားသော ဝိညာဉ်အသိနှစ်ခုကို အတင်းအကျပ် ဝါးမြိုလိုက်ခြင်းဖြင့် သူမ၏ အခြေအနေကို အထွတ်အထိပ်သို့ ရောက်ရှိအောင် လုပ်ဆောင်နေခြင်းပင်။
လီယန်ချူးကမူ ဆက်လက်၍ အဆင့်မြှင့်ရန် ရွေးချယ်လိုက်သည်။
ခုနစ်ကြိမ်မြောက် အဆင့်မြှင့်ခြင်း - ကုသိုလ်မှတ် ၇,၀၀၀ ကုန်ဆုံးသည်။
ရှစ်ကြိမ်မြောက် အဆင့်မြှင့်ခြင်း - ကုသိုလ်မှတ် ၈,၀၀၀ ကုန်ဆုံးသည်။
ကိုးကြိမ်မြောက် အဆင့်မြှင့်ခြင်း - ကုသိုလ်မှတ် ၉,၀၀၀ ကုန်ဆုံးသည်။
မိုးကြိုးငါးပါးအဆောင်ပေါ်တွင် ပြင်းထန်လှသော စစ်မှန်သော ယန်မိုးကြိုး အငွေ့အသက်များ ဖုံးလွှမ်းသွားပြီး၊ တောက်ပလွန်းသော အဖြူရောင်အလင်းတန်းများကြောင့် မျက်စိပင် မဖွင့်နိုင်လောက်အောင် ဖြစ်သွားရသည်။ စောစောက ကုသိုလ်မှတ် နှစ်သိန်းဖြင့် အဆင့်မြှင့်ထားသော မိုးကြိုးငါးပါးအဆောင်မှာမူ ယခုထက်တိုင် စွမ်းအားပြန်မပြည့်သေးပါချေ။
အမျိုးသမီးမှာ ထိုပြင်းထန်လှသော မိုးကြိုးအရှိန်အဝါကို ခံစားလိုက်ရသောအခါ သူမ၏ မျက်ဝန်းများတွင် ထိတ်လန့်မှုများ ပေါ်ထွက်လာတော့သည်။
“ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့ မိုးကြိုးအရှိန်အဝါလဲ၊ ဒီတာအိုဆရာရဲ့ ကိုယ်ပေါ်က မိုးကြိုးအရှိန်အဝါက ဘာလို့ ဒီလောက်တောင် အားကောင်းနေရတာလဲ ”
ဖျတ်... ဖျတ်...
သူမ၏ ကျောဘက်တွင် ရုတ်တရက် နောက်ထပ် အမြီးနှစ်ချောင်း ပေါ်ထွက်လာပြန်သည်။ အမြီးသုံးချောင်းမှာ တညီတည်း ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ကို ထောက်ထားသည့် ကျောက်စိမ်းတိုင်ကြီး သုံးတိုင်အလား လီယန်ချူးထံသို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။
ထိုခန္ဓာကိုယ်မှာ ဆယ်တောင်ကျော်သာ ရှိသော်လည်း ထိုအမြီးများမှာမူ ကြောက်ခမန်းလိလိပင် ကြီးမားလှသည်။
လီယန်ချူး၏ ကိုယ်ပေါ်မှ ကြွက်သားများမှာ ဖောင်းကြွလာပြီး၊ သူ၏ သွေးချီစွမ်းအားများမှာ အတိုင်းအဆမရှိ ကျယ်ပြောသော ပုံရိပ်ကြီးအဖြစ် ပေါ်ထွက်လာသည်။
အနီရောင်အလင်းတန်းများမှာ လောကတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး၊ သူ၏ ကိုယ်ပေါ်တွင် တောက်လောင်နေသော နေမင်းကြီး တစ်စင်းကို ဆောင်ထားသကဲ့သို့ပင် သိပ်သည်းလှသော အသက်စွမ်းအားများမှာ ထိုပတ်ဝန်းကျင် တစ်ခုလုံးတွင် ပြည့်နှက်နေတော့သည်။
ဝုန်းးး
သူသည် ဓားဖြင့် တစ်ချက် ခုတ်ချလိုက်သည်။
ပြင်းထန်လှသော သွေးချီစွမ်းအားနှင့် ထိုအမြီးသုံးချောင်းမှာ ထိပ်တိုက် တိုးမိသွားကြသည်။ အမျိုးသမီးက အလောတကြီး စုစည်းထားသော အမြီးသုံးချောင်းလုံးမှာ လီယန်ချူး၏ ဓားချက်အောက်တွင် ပြတ်တောက်သွားရတော့၏။
သူမ၏ အရှိန်အဝါမှာလည်း အောက်ခြေသို့ တဟုန်ထိုး ကျဆင်းသွားရသည်။
“နင့်ရဲ့ ဒီလောက်လေးရှိတဲ့ ကျင့်ကြံမှုနဲ့များ ငါ့ရှေ့မှာ လာပြီး ရဲတင်းနေသေးတယ် ”
လီယန်ချူးက အေးစက်စွာ လှောင်ပြောင်လိုက်သည်။
အမျိုးသမီးက လီယန်ချူးကို ကြည့်လိုက်ရာ သူမ၏ မျက်နှာတွင် မကျေနပ်မှု၊ အံ့ဩမှုနှင့် နာကျည်းမှုများ ရောပြွမ်းနေတော့သည်။ မြေခွေးနတ်သမီး လျှို့ဝှက်အတတ်မှာ သာမန်မဟုတ်ပါချေ။ တစ်ချိန်က မြေပြင်နတ်ဘုရား တစ်ပါးကိုပင် မွေးထုတ်ပေးနိုင်ခဲ့ဖူးသည်။ ၎င်းမှာ အလွန်ပင် အစွမ်းထက်သော အမွေအနှစ်ပင် ဖြစ်သည်။
ဝုန်းးး
မြေခွေးနတ်သမီး လျှို့ဝှက်အတတ်အတွင်းမှ သဘာဝလွန်စွမ်းအား တစ်ခုမှာ အစီရင်ဝတ်စုံ၏ အကာအကွယ်ကိုပင် ကျော်လွန်ကာ လီယန်ချူး၏ ကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားတော့သည်။
သို့သော် လီယန်ချူးမှာမူ မည်သို့မျှ မဖြစ်ဘဲ၊ ထိုမိုးကြိုးငါးပါးအဆောင်အသစ်ကိုသာ ဆက်လက်၍ အဆင့်မြှင့်နေတော့၏။
ကိုးကြိမ်မြောက် အဆင့်မြှင့်ခြင်းကို ကျော်လွန်ကာ၊ ကုသိုလ်မှတ် တစ်သိန်း ကုန်ဆုံးလိုက်သည်။
မိုးကြိုးငါးပါးအဆောင်အသစ် တစ်ခု ပေါ်ထွက်လာလေပြီ
အဆောင်ပေါ်မှ ဂါထာများမှာ မိုးကြိုးအလင်းများ ဝင်းလက်နေပြီး အရှိန်အဝါမှာလည်း ကြောက်ခမန်းလိလိပင်။
အမျိုးသမီးမှာ ဆက်တိုက် ဒဏ်ရာရထားပြီး ဒဏ်ရာများကိုလည်း ကုသ၍ မရနိုင်တော့မှန်း သိလိုက်သောအခါ ဆက်လက် တိုက်ခိုက်လိုစိတ် မရှိတော့ပါချေ။
သူမသည် သဘာဝလွန်စွမ်းအားကို အသုံးပြု၍ ထွက်ပြေးရန် ပြင်လိုက်စဉ်မှာပင်
ဝုန်းးး ဝုန်းးး ဝုန်းးး
လီယန်ချူးက စိတ်ညွှန်းလိုက်ရာ ကုသိုလ်မှတ် တစ်သိန်းအဆင့် အဆင့်မြှင့်ထားသော မိုးကြိုးငါးပါးအဆောင်မှာ ပေါက်ကွဲထွက်သွားတော့သည်။
ဝုန်းးး
ကောင်းကင်နှင့် မြေကြီးကြား မိုးကြိုးများ ပစ်ချလိုက်တော့သည်။
လောကတစ်ခုလုံးမှာ အဖြူရောင် အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားသည်။
စွမ်းအားအတော်များများ ကုန်ဆုံးနေသော အမျိုးသမီးမှာ တစ်ခဏအတွင်းမှာပင် ဝိညာဉ်ပါ ပျောက်ကွယ်သွားရတော့သည်။
ပြာအဖြစ် ပြောင်းလဲသွားလေပြီ
ကုသိုလ်မှတ် တစ်သိန်း ရရှိသည်
လီယန်ချူး၏ ဦးနှောက်အတွင်းတွင် ခမ်းနားလှသော အသံကြီး ပဲ့တင်ထပ်သွားသည်။ ထိုအမျိုးသမီး တစ်ဦးတည်းကပင် ကုသိုလ်မှတ် တစ်သိန်းအထိ ပေးစွမ်းနိုင်ခဲ့သည် ဤသည်မှာ လီယန်ချူးအနေဖြင့် အစွမ်းထက်သော မှော်လက်နက်များကို အသုံးပြုခဲ့သလို၊ အစပိုင်းတွင် ကျန့်ကျောင်းဓားဖြင့် သူမအား အပြင်းအထန် ဒဏ်ရာရအောင် လုပ်ဆောင်နိုင်ခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။
“ဒီမိစ္ဆာမက ရွှေရောင်အတောင်ပံငှက် ထက်တောင် ပိုပြီး စွမ်းသေးတယ် ”
လီယန်ချူး၏ မျက်ဝန်းများတွင် စဉ်းစားဟန်များ ပေါ်လာသည်။ ထိုမိစ္ဆာမမှာ အင်မတန် အစွမ်းထက်သော သဘာဝလွန်စွမ်းအား အမွေအနှစ်တစ်ခုကို ပိုင်ဆိုင်ထားပုံရသည်။
အမျိုးသမီးအနေဖြင့် သူမသည် နောက်ဆုံးတွင် ဤကဲ့သို့သော မိုးကြိုးဘေးအန္တရာယ်အောက်တွင် သေဆုံးသွားရလိမ့်မည်ဟု သေခါနီးအထိ တွေးမိခဲ့မည် မဟုတ်ပါချေ။ ဝိညာဉ်ပါ ပျောက်ကွယ်သွားရသည်အထိပင်။
သူမ၏ ကျင့်ကြံမှုအဆင့်နှင့် အားအပြည့်ရှိနေချိန်တွင်ဆိုပါက ကုသိုလ်မှတ် တစ်သိန်းအဆင့် မိုးကြိုးငါးပါးအဆောင်မှာ သူမအား သတ်နိုင်ချင်မှ သတ်နိုင်ပေလိမ့်မည်။
ထို့ကြောင့် တိုက်ပွဲတစ်ခုတွင် အဆုံးအဖြတ်ပေးသည်မှာ ကျင့်ကြံမှု အဆင့်အတန်း တစ်ခုတည်း မဟုတ်ဘဲ၊ ကောင်းကင်၊ မြေကြီးနှင့် လူသားတို့၏ အခြေအနေများ ပေါ်တွင်လည်း မူတည်ကြောင်း ဆိုနိုင်ပေသည်။
လီယန်ချူး၏ မျက်ဝန်းများအတွင်း မှော်အလင်းများ ဝင်းလက်သွားပြီး၊ ဝိညာဉ်မျက်စိအတတ် နှင့် အရှိန်ဝါကြည့်အတတ် တို့ဖြင့် ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သည်။ တစ်ချိန်တည်းမှာပင် လက်ထဲမှ ရှစ်ခွင်မှန် ကို လေထဲသို့ ပျံတက်စေပြီး ဘေးပတ်ဝန်းကျင်ကို စောင့်ကြည့် စစ်ဆေးနေတော့၏။
“ဒီကောင်က တော်တော်လေးကို စိတ်ရှည်နိုင်တာပဲ”
လီယန်ချူးမှာ အနည်းငယ် အံ့ဩသွားမိသည်။