အခန်း (၆၂၅-၆၂၆)
Vol. 63 Ch. 625-626
အခန်း (၆၂၅) - ကတိသစ္စာပြု အမှတ်တရလက်ဆောင်လား ၊ အချစ်နွံမှာ နစ်နေသူ ၊ သခင်... စိတ်ကြိုက်သာ ခိုင်းစေပါ ၊ လွဲချော်ခဲ့ရလေခြင်း
“ဒီ ယင်ယန်ဓာတ်နှစ်ပါးပုလင်း က တောင်ပင်လယ်လျှို့ဝှက်နယ်မြေထဲက စီထော်နိုင်ငံရဲ့ အဖိုးတန်ရတနာပဲ၊ ငါက ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ”
လီယန်ချူးက တိုက်ရိုက်ပင် ငြင်းဆိုလိုက်သည်။
“ရှင်က ကျွန်မရဲ့ အသက်ကို ကယ်ခဲ့တာပဲ။ ဝတ္ထုပုံပြင်တွေထဲမှာဆိုရင်တော့ ကျွန်မက ရှင့်ကို ကိုယ်တိုင်ဆက်သပြီး ကျေးဇူးဆပ်ရမှာ။ အခုက ပုလင်းလေးတစ်လုံး လက်ဆောင်ပေးပြီး အမှတ်တရ သိမ်းထားခိုင်းတာပဲလေ၊ ဒါက ဘာများ အရေးကြီးလို့လဲ။ ရှင်သာ လက်မခံဘူးဆိုရင် ကျွန်မကို အထင်သေးရာ ရောက်လိမ့်မယ်”
မင်ဟော်က နှာခေါင်းတစ်ချက် ရှုံ့လျက် ပြောလိုက်သည်။
လီယန်ချူး၏ နှုတ်ခမ်းမှာ တစ်ချက် တုန်သွားရသည်။
“လူကယ်တယ်ဆိုတာ အခန့်သင့်လို့ ကူညီလိုက်တာပါ၊ ဒီလောက် အဖိုးတန်တဲ့ ပုလင်းကြီး ပေးစရာမလိုပါဘူး”
မင်ဟော်က မျက်လုံးလေး အဝိုင်းသားဖြင့် စိုက်ကြည့်ကာ
“ရှင်ပြောချင်တာက ကျွန်မအသက်က ဒီပုလင်းလောက်တောင် တန်ဖိုးမရှိဘူးလို့ ဆိုလိုတာလား”
“ရှင်သာ ထပ်ငြင်းနေမယ်ဆိုရင် ကျွန်မကို သူငယ်ချင်းလို့ သဘောမထားဘူးလို့ မှတ်ယူလိုက်တော့မယ်”
လီယန်ချူးက သူမကို လက်မထောင်ပြလိုက်ပြီး
“တကယ်ကို သူဌေးမကြီးပဲ”
“ဒါဆိုရင်လည်း ငါ လက်ခံလိုက်ပါ့မယ်”
“ဒါမှပေါ့... ကျွန်မမှာ မွေးရာပါ အတတ်ပညာတွေ ရှိနေတာ ရှင်လည်း သိသားပဲ၊ ဒီပုလင်းက ကျွန်မနဲ့ ကံမပါဘူးလို့ ခံစားရတယ်။ ကျွန်မလက်ထဲမှာ ရှိနေလည်း ဘာစွမ်းအားမှ ထူးထူးခြားခြား ထွက်လာမှာ မဟုတ်ဘူး”
ဟု မင်ဟော်က ပြုံးရွှင်စွာ ပြောလိုက်သည်။
“မင်းလိုမျိုး မွေးရာပါ အတတ်ပညာ ပါလာတဲ့သူကို ငါလည်း ပထမဆုံး မြင်ဖူးတာပဲ၊ တကယ်ကို ထူးခြားဆန်းကြယ်လွန်းပါတယ်”
လီယန်ချူးက ခေါင်းညိတ်လျက် ချီးကျူးမိသည်။
မင်ဟော်တွင် နှလုံးသားကိုမေးမြန်းခြင်း အတတ် ရှိနေပြီး တတိယအဆင့် ယန်ဝိညာဉ်ပညာရှင်ကြီးများပင် သူမကို ချီးကျူးရသည်။ ထို့ပြင် သူမသည် ယန်ဝိညာဉ်အဆင့်ရှိသူများ၏ လိမ်ညာမှုကိုပင် ခွဲခြားနိုင်သည်။
ဤသည်မှာ အံ့ဩစရာပင်။
ပုံမှန်အားဖြင့် မှော်အတတ်များတွင် ကန့်သတ်ချက် ရှိတတ်သည်။
ယင်ဝိညာဉ်နှင့် ယန်ဝိညာဉ်အကြား ခြားနားချက်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ပင်။ ယန်ဝိညာဉ်ပညာရှင်တစ်ဦးက ထိုနေရာတွင် ငြိမ်ငြိမ်ရပ်နေလျှင်ပင် သာမန်သူက ဒဏ်ရာရအောင် လုပ်နိုင်မည်မဟုတ်။
သို့သော် မင်ဟော်၏ မွေးရာပါ ပါရမီမှာမူ ယန်ဝိညာဉ်များကိုပင် သက်ရောက်မှု ရှိနိုင်သည်။ သူမ၏ ရှေးဟောင်းအမွေအနှစ်များကို ထည့်မတွက်လျှင်ပင် ဤအတတ်တစ်ခုတည်းနှင့်ပင် အင်မတန် အစွမ်းထက်နေပြီ ဖြစ်သည်။
မင်ဟော်မှာ ထိုစကားကို ကြားရသဖြင့် မျက်နှာတွင် အပြုံးများ ဝေဆာသွားရသည်။ ထို့နောက် တစ်စုံတစ်ခုကို သတိရသွားပုံရပြီး သက်ပြင်းချလျက်
“နှမြောစရာကောင်းတာက ကျွန်မရဲ့ အိမ်က...”
“မင်းအိမ်က ဘာဖြစ်လို့လဲ” လီယန်ချူးက စပ်စုကာ မေးလိုက်သည်။
“ဘာ... ဘာမှမဟုတ်ပါဘူး၊ ဘာမှမဟုတ်ဘူး ”
မင်ဟော်၏ မျက်နှာလေးမှာ ရဲခနဲ ဖြစ်သွားပြီး လေသံမှာလည်း အနည်းငယ် ထိတ်လန့်တုန်ယင်သွားရသည်။
တကယ်တော့ သူမ ပြောချင်သည်မှာ 'နှမြောစရာကောင်းတာက ကျွန်မအိမ်က စည်းကမ်းတွေက အရမ်းကြီးလွန်းလို့၊ မဟုတ်ရင် ရှင့်ကို ကိုယ်တိုင်ဆက်သပြီး ကျေးဇူးဆပ်လို့ ရတာပေါ့' ဟူ၍ ဖြစ်သည်။
လီယန်ချူးက စဉ်းစားကြည့်လိုက်သည်။ တစ်ဖက်လူက ဤမျှ အဖိုးတန်သော လက်ဆောင်ပေးမှတော့ မိမိဘက်ကလည်း ပေါ့ပေါ့တန်တန် လုပ်၍မရ။ ရိုးရိုးတန်းတန်း ခရီးသွားဖော်ဟု ထင်ခဲ့သော်လည်း တကယ်တမ်းမှာ သူဌေးမကြီး ဖြစ်နေသည် မဟုတ်ပါလား။
သူသည် သူ၏ သိုလှောင်အိတ်ထဲမှ ဓားပျံတစ်ခုကို ထုတ်ယူလိုက်ရာ ဓားပေါ်တွင် စိမ်းရွှေရွှေ အလင်းတန်းများ ဝင်းလက်နေသည်။
၎င်းမှာ ချင်းမော့ဓား ပင် ဖြစ်သည်။
၎င်းမှာ ယင်ရွှမ်ရှန်း၏ လက်ထဲမှ ရရှိခဲ့သော ရတနာဖြစ်သည်။ ဤဓားမှာ အင်မတန် ထက်မြက်လှပြီး ပြင်းထန်သော ဓားဆန္ဒ များ ကိန်းအောင်းနေသည်။ ဓားကျင့်ကြံသူများအတွက်မူ ရှာမှရှားသော ရတနာတစ်ပါးပင်။
“မင်းက ငါ့ကို ယင်ယန်ဓာတ်နှစ်ပါးပုလင်း ပေးခဲ့မှတော့... ငါလည်း ဒီ ချင်းမော့ဓားကို မင်းအတွက် အမှတ်တရအနေနဲ့ ပြန်ပေးပါ့မယ်”
ဟု လီယန်ချူးက မင်ဟော်၏ လေသံကို အတုယူကာ ပြုံး၍ ပြောလိုက်သည်။
မင်ဟော်မှာ မျက်နှာလေး ပို၍ နီမြန်းသွားကာ သူမ၏ ဦးနှောက်ထဲတွင် ဘာတွေ တွေးတောနေသည် မသိသော်လည်း “ကောင်းပြီလေ” ဟု ပြန်ပြောလိုက်သည်။
တကယ်တော့ လီယန်ချူး ဘာပဲပေးပေး သူမကတော့ ပျော်နေမည်သာ။ ကတိသစ္စာပြု အမှတ်တရလက်ဆောင် တွေ အပြန်အလှန် လဲလှယ်နေရသလို ခံစားနေရသောကြောင့် ဖြစ်သည်။
မင်ဟော်၏ အသွင်အပြင်မှာ အေးစက်တည်ငြိမ်ပြီး ရုပ်ရည်မှာမူ ဆွဲဆောင်မှုရှိကာ ညှို့ဓာတ်ပြည့်ဝသည်။ ထို့ပြင် ရှားပါးလှသော ပါရမီရှင်တစ်ဦးလည်း ဖြစ်သည်။ ထိုကဲ့သို့ ပြည့်စုံလွန်းသော အမျိုးသမီးမျိုးမှာ ချန်နိုင်ငံ ကျင့်ကြံခြင်းလောကတစ်ခုလုံးတွင်ပင် လက်ချိုးရေတွက်ရုံမျှသာ ရှိပေလိမ့်မည်။
ထို့ကြောင့်ပင် မင်ဟော်ကိုယ်တိုင်လည်း သူမသည် ထိုမျှအထိ အချစ်နွံမှာ နစ်မည့်သူ ဖြစ်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပါချေ။
သူတို့နှစ်ဦး လမ်းခွဲပြီးနောက် လီယန်ချူးသည် မြန်ကျိုးမြို့ သို့ အရင်သွားခဲ့သည်။ ရှင်းဟုန်ယဲ့ နှင့် နန်ကုန်း ညီအစ်မတို့ကို သွားရောက်ရှာဖွေခဲ့ခြင်း ဖြစ်သည်။
ရှင်းဟုန်ယဲ့မှာ ကျင့်ကြံမှုအဆင့် နိမ့်သော်လည်း အစီရင်အတတ် တွင် အင်မတန် ကျွမ်းကျင်သည်။ သူမသည် ယန်ဝိညာဉ်ပညာရှင် လေးဦးနှင့်အတူ မြို့တော်သို့ မလိုက်သွားဘဲ မြန်ကျိုးမြို့တွင် ကျန်ရစ်ကာ အစီရင်များ ချမှတ်နေခဲ့သည်။
သူမ၏ အစီရင်အတတ် ပါရမီမှာ ကြောက်စရာကောင်းလှပေရာ မြန်ကျိုးမြို့ရှိ အရင်းအမြစ်အားလုံးကို သုံး၍ ချမှတ်ထားသော အစီရင်မှာ အံ့မခန်း အစွမ်းထက်လှသည်။
မိစ္ဆာမျိုးနွယ်များ မြို့ကို တိုက်ခိုက်လာလျှင်ပင် အချိန်အတော်ကြာ ခုခံထားနိုင်စွမ်း ရှိသည်။
နန်ကုန်း ညီအစ်မမှာမူ အရင်အတိုင်းပင် နူးညံ့ပြီး ထက်သန်ကြသည်။ အထူးသဖြင့် ညီမဖြစ်သူ နန်ကုန်းယွီ မှာ တောက်ပလန်းဆန်းနေပြီး လီယန်ချူးကို အမြဲတမ်း ရဲရဲတင်းတင်း စနောက်ကျီစယ်တတ်သည်။
သူ့ကို စားပစ်ချင်နေသည့်အလားပင် လီယန်ချူးမှာမူ ထိုကိစ္စအတွက် အတော်လေး စိတ်ညစ်နေရသည်။
“ဝေမြို့ ကို ပြန်ရောက်ရင်တော့ မင်း နည်းနည်း ထိန်းထိန်းသိမ်းသိမ်း နေဦး၊ မဟုတ်ရင် ဒုက္ခရောက်လိမ့်မယ်”
ဟု လီယန်ချူးက မှာကြားလိုက်သည်။
အပြင်လောကမှာတော့ နန်ကုန်းယွီ၏ ထိုကဲ့သို့ ပြုမူချက်တွေကို ဘယ်သူမှ ဘာမှမပြောသော်လည်း၊ ဝေမြို့သို့ ပြန်ရောက်သည့်အခါ ဆက်၍ ထိုသို့လုပ်နေပါက ဆိုင်ရှင်မ ၏ မျက်စိစူးခြင်းကို ခံရပေလိမ့်မည်။
“ဘာဖြစ်လို့လဲ ဆိုင်ရှင်မရဲ့ စိတ်က မကောင်းလို့လား”
နန်ကုန်းယွီက စပ်စုကာ မေးလိုက်သည်။
လီယန်ချူးက သူ့တွင် ဝေမြို့၌ ချစ်သူတစ်ဦးရှိကြောင်း၊ သူမမှာ ထိုက်ဖင်တည်းခိုခန်း၏ ဆိုင်ရှင်မဖြစ်ကြောင်း ပြောပြဖူးသည်။
“စိတ်ကတော့ ကောင်းပါတယ်၊ ဒါပေမဲ့ အတော်လေး သဝန်တိုတတ်တယ်။ ပြီးတော့ သခင် လို့ ခေါ်တာကိုလည်း နောက်ပိုင်း မခေါ်နဲ့တော့”
လီယန်ချူးသည်လည်း လှပသော အမျိုးသမီးများကို နှစ်သက်သူ ဖြစ်သည်။ အမွှာညီအစ်မနှစ်ယောက်က သူ့ကို နေ့တိုင်း သခင် ဟု ဝိုင်းခေါ်နေကြခြင်းမှာ တကယ်လည်း ဇိမ်ကျလှသည်။
သို့သော် ဝေမြို့မှာတော့ အိမ်တွင်းရေး ဆူညံပွက်လောရိုက်မှာကို သူ မလိုလားပါချေ။
သူတို့ လေးဦးမှာ မှော်လွန်းပျံ ကို စီးနင်းကာ ဝေမြို့သို့ လျင်မြန်စွာ ပြန်ရောက်လာကြသည်။ အရှိန်မှာ ကြောက်စရာကောင်းလောက်အောင် မြန်လှ၏။
သို့သော် နန်ကုန်း ညီအစ်မအတွက်မူ ဤပျံသန်းမှု အတွေ့အကြုံမှာ သိပ်ပြီး မသက်သာလှပါချေ။ လွန်းပျံပေါ်မှ ဆင်းလာသည်နှင့် နန်ကုန်း ညီအစ်မမှာ မူးဝေအော့အန်ကာ မတ်တပ်ပင် မရပ်နိုင်တော့ပါချေ။
ရှင်းဟုန်ယဲ့ပင်လျှင် မျက်နှာလေး ဖြူဖျော့သွားပြီး အော့အန်ချင်စိတ်ကို အံကြိတ်ထိန်းထားရရှာသည်။
“အားနာပါတယ်၊ ပျံတာ နည်းနည်း မြန်သွားလို့”
လီယန်ချူးက အားနာစွာ ပြောလိုက်သည်။
ထို့နောက် ရှင်းဟုန်ယဲ့သည် သူမ၏ ရုံးလုပ်ငန်းခွင်သို့ ပြန်သွားခဲ့ပြီး လီယန်ချူးကမူ နန်ကုန်း ညီအစ်မကို ခေါ်၍ ထိုက်ဖင်တည်းခိုခန်းသို့ လာခဲ့သည်။
“ရှင် ပြန်လာပြီလား”
ဆိုင်ရှင်မသည် လီယန်ချူးကို မြင်သည်နှင့် မျက်လုံးလေးများ ဝင်းလက်သွားသည်။ သို့သော် သူ၏ ဘေးတွင် ပါလာသော အမွှာညီအစ်မကို မြင်လိုက်ရသည့်အခါတွင်မူ နှုတ်ခမ်းလေးကို ဆူလိုက်မိသည်။
လီယန်ချူးက ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။
“ပြောပါဦး လီတာအိုဆရာကြီးရယ်... ရှင် အပြင်ထွက်သွားတိုင်းက မိစ္ဆာနှိမ်နင်းတာလား၊ ဒါမှမဟုတ် မိန်းမတွေ လိုက်ရှာနေတာလား”
ဟု ဆိုင်ရှင်မက မနာလိုသံဖြင့် ပြောလိုက်သည်။
“တိုက်ဆိုင်သွားတာပါ” လီယန်ချူးက ရယ်ကာ ပြန်ပြောလိုက်သည်။
“ဒီအစ်မက ဆိုင်ရှင်မ ပေါ့နော် သခင် ကို အပြစ်မတင်ပါနဲ့ ကျွန်မတို့ ညီအစ်မတွေက သခင် ကျေးဇူးကြောင့်သာ အသက်ရှင်ခဲ့ရတာပါ။ နောင်တစ်ချိန်မှာ သခင်နဲ့ ဆိုင်ရှင်မကို ကောင်းကောင်း ပြုစုစောင့်ရှောက်ပါ့မယ်”
ဟု နန်ကုန်းယွီက ချိုချိုသာသာ ပြောလိုက်သည်။
ဆိုင်ရှင်မ ဆိုသည့် အသုံးအနှုန်းကြောင့် ဆိုင်ရှင်မမှာ အနည်းငယ် စိတ်ကျေနပ်သွားသော်လည်း သခင် ဆိုသည့် စကားလုံးကြောင့် မျက်ခုံးလေး မြင့်တက်သွားရသည်။
“လီတာအိုဆရာ... ရှင် တကယ်ကို ကစားတတ်တာပဲနော်”
ဆိုင်ရှင်မက သူ့ကို စောင်းကြည့်ကာ ပြောလိုက်သည်။
“ဒါနဲ့... တုန်းလင်းခရိုင်ကို သွားကူညီတဲ့သူတွေရော ဘယ်လိုနေလဲ” လီယန်ချူးက စကားလမ်းကြောင်းကို အတင်း ပြောင်းလိုက်သည်။
ထိုစဉ်က တုန်းလင်းခရိုင်တွင် မြို့ဖျက်ဆီးခံရသည့် ကိစ္စကြောင့် ချန်နိုင်ငံရှိ အမှန်တရား ကျင့်ကြံသူများ အင်မတန် ဒေါသထွက်ခဲ့ကြသည်။ ဝေမြို့ရှိ ရှောင်ရန် နှင့် အခြားသူများမှာလည်း တိုက်ပွဲမြေပြင်သို့ အပြေးအလွှား သွားရောက်ခဲ့ကြသည်။
“သူတို့က ရှင့်လိုမျိုး လေလိုလွင့်ပြီး သွားနိုင်တာမှ မဟုတ်တာ၊ အခုလောက်ဆို ရောက်တောင် ရောက်ဦးမှာ မဟုတ်ဘူး”
ဟု ဆိုင်ရှင်မက စဉ်းစားကာ ပြန်ပြောပြသည်။
“...” လီယန်ချူး။
သူ ထိုကိစ္စကို လုံးဝ မေ့သွားခဲ့သည်။ မဟုတ်လျှင် တုန်းလင်းခရိုင်ရှိ အရာရှိများကို အကြောင်းကြားကာ လာရောက်ကူညီကြသော ကျင့်ကြံသူများနှင့် ဆက်သွယ်ခိုင်းထား၍ ရသည် မဟုတ်ပါလား။
“ဟိုဘက်မှာ ရှိနေတုန်းက စုံစမ်းဖို့ မစဉ်းစားခဲ့ဘူးလား” ဟု ဆိုင်ရှင်မက မေးသည်။
“ငါ မေ့သွားလို့ပါ” လီယန်ချူး၏ နှုတ်ခမ်းမှာ တစ်ချက် တုန်သွားရသည်။
မိုင်ပေါင်း ထောင်ချီဝေးကွာသော ချင်းဖုန်းတောင်ကုန်း တွင် ကျင့်ကြံသူ တစ်အုပ်စုမှာ ဖုန်တလုံးလုံးနှင့် ရောက်ရှိလာကြသည်။
ထိုသူများထဲတွင် အဖိုးကြီးရဟန်းတစ်ပါး၊ လူငယ်ရဟန်းတစ်ပါး၊ လူငယ်ဓားသမားတစ်ဦးနှင့် အမျိုးသမီးနတ်ဆရာမ တစ်ဦးတို့ ပါဝင်ကြပြီး မျက်လုံးများမှာ တောက်ပနေကြသည်။ သို့သော် အားလုံးမှာ ခရီးပန်းလှသဖြင့် ဖုန်မှုန့်များ ပေကျံနေကြသည်။
၎င်းတို့မှာ ရှောင်ရန့်၊ ရှောင်စဲ့ နှင့် တင်းရုံ တို့ အဖွဲ့ပင် ဖြစ်သည်။ သူတို့သည် နေ့မနား ညမနား ခရီးနှင်ခဲ့ကြပြီးနောက် နောက်ဆုံးတွင် တုန်းလင်းခရိုင်၏ အချက်အချာကျသော တောင်ကြားလမ်းသို့ ရောက်ရှိလာခဲ့ကြပြီ ဖြစ်သည်။
ဤမျှမြန်မြန် ရောက်လာနိုင်ခြင်းမှာလည်း ကျင့်ကြံသူများပီပီ မိမိတို့၏ လျှို့ဝှက်နည်းလမ်းများကို အသုံးပြုခဲ့ကြသောကြောင့်ပင်။
သူတို့သည် ချင်းဖုန်းတောင်ကုန်းသို့ ရောက်ရှိလာကြသည်။ တုန်းလင်းခရိုင်၏ ထိုစစ်ရေးအရ အချက်အချာကျသော နေရာတွင် အကြီးအကျယ် ဖျက်ဆီးခံထားရသော အမှတ်အသားများကို မြင်တွေ့နေရဆဲ ဖြစ်သည်။ အဆောက်အဦများပေါ်တွင် ကြီးမားလှသော လက်သည်းရာကြီးများကို တွေ့ရပေရာ ဧရာမ သားရဲကြီးများ၏ လက်ချက်ဖြစ်ကြောင်း ထင်ရှားလှသည်။
“ကြည့်ရတာ ငါတို့ နောက်မကျသေးဘူးထင်တယ်၊ ဒီချင်းဖုန်းတောင်ကုန်းကိုတော့ ကာကွယ်ထားနိုင်ခဲ့ပုံရတယ်”
ဟု ရှောင်စဲ့ က လေးလေးနက်နက် ပြောလိုက်လေတော့သည်။
အခန်း (၆၂၆) - တိုင်းပြည်အတွက် အသက်ပေးဝံ့သည့် မျိုးချစ်ရဲဘော်များ ၊ သတင်းနောက်ကျခြင်း ၊ပြီးသွားပြီလား ၊ ငါ့ဓားကလည်း အသွားမတုံးသေးပါဘူး
သူတို့တစ်ဖွဲ့လုံး လမ်းတွင် သတင်းအချက်အလက်များကို စုံစမ်းသိရှိခဲ့ရသည်။
ချင်းမင်းသားကြီး၏ တပ်မတော်သည် မိစ္ဆာအင်အားစုများနှင့် ပူးပေါင်းကာ ချင်းဖုန်းတောင်ကုန်းကို အကြီးအကျယ် တိုက်ခိုက်နေသည်ဟူ၏။
ထို့ကြောင့် သူတို့သည် လမ်းမကြီးများမှ မသွားတော့ဘဲ မိမိတို့ တတ်ကျွမ်းသည့် နည်းလမ်းအသွယ်သွယ်ကို အသုံးပြုကြတော့သည်။ တာအိုဂိုဏ်း၏ မြေလျှိုးမိုးပျံအဆောင် ၊ လေစီးနင်းအဆောင် တို့ကို အသုံးပြုလျက် တောတောင်လျှိုမြောင်ကြားတွင် ရူးသွပ်မတတ် အပြေးနှင်ခဲ့ကြသည်။
အတိုင်းအဆမရှိသော မျိုးချစ်စိတ်ဓာတ်များဖြင့် ပြည့်လျှံနေသည့် ထိုကျင့်ကြံသူတစ်အုပ်စုသည် ဖုန်တလုံးလုံးဖြင့် ချင်းဖုန်းတောင်ကုန်းသို့ နောက်ဆုံးတွင် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ကြသည်။ ထိုအခါမှပဲ သူတို့အားလုံး သက်ပြင်းချနိုင်ကြတော့သည်။
အားလုံးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြရာ မျက်ဝန်းထဲတွင် ထက်သန်သော စိတ်ဓာတ်များဖြင့် ပြည့်နှက်နေ၏။
“မိစ္ဆာတွေကို သတ်ဖြတ်ပြီး ချင်းမင်းသားကြီး အိမ်တော်ကို အမြစ်ပြတ်ရှင်းပစ်ရမယ် ”
ရှောင်စဲ့က ဓားရိုးကို တင်းတင်းဆုပ်လျက် နာကျည်းစွာ ပြောလိုက်သည်။
အစောပိုင်းက ချင်းမင်းသားကြီးအပေါ် သူတို့ထားရှိသည့် အမုန်းတရားသည် ကျင့်ကြံသူတို့၏ နှလုံးသားထဲမှ တရားမျှတမှုအပေါ် အခြေခံသည်ဆိုလျှင်၊ ယခုမူ ထိုအမုန်းတရားက အဆပေါင်းများစွာ တိုးပွားနေလေပြီ။
အကြောင်းမှာ ဤခရီးတစ်လျှောက်တွင် သူတို့ အတော်လေး ဒုက္ခခံခဲ့ရသောကြောင့်ပင် အကယ်၍ ချင်းမင်းသားကြီးနှင့် ထိုမိစ္ဆာအုပ်စုကိုသာ အကုန်အစင် သတ်မပစ်နိုင်ပါက ထိုခရီးတစ်လျှောက် သူတို့ခံခဲ့ရသမျှ ဖုန်မှုန့်များနှင့် ဒုက္ခများမှာ အလကား ဖြစ်ပေလိမ့်မည်။
ထွားကြိုင်းသန်မာသော ရဟန်းသည် ချင်းဖုန်းတောင်ကုန်း၏ ရှေ့သို့ ရောက်လာခဲ့သည်။
ထိုစဉ် လူငယ်ဗိုလ်မှူးတစ်ဦးက အေးစက်စွာ အော်ဟစ်တားဆီးလိုက်သည်။
“ရပ်လိုက်စမ်း ဘယ်သူတွေလဲ ”
“အမိတာဘ... ဘုန်းကြီးငယ် ဇိချင်းပါ၊ ချင်းဖုန်းတောင်ကုန်းရဲ့ ဘေးအန္တရာယ်ကို ကူညီဖြေရှင်းပေးဖို့ တမင်လာခဲ့တာပါ။ အစိုးရအတွက် အင်အားဖြည့်ပေးချင်လို့ပါ”
ဇိချင်းရဟန်းက ကျယ်လောင်စွာ ဆိုသည်။
လူငယ်ဗိုလ်မှူးမှာ သက်ပြင်းချနိုင်သွားသော်လည်း သတိမူ အပြည့်ရှိနေဆဲပင်။ ချင်းဖုန်းတောင်ကုန်းသည် စစ်ပွဲကြီးတစ်ခုကို ကြုံတွေ့ခဲ့ရသည်ဖြစ်ရာ လူစိမ်းများကို အလွယ်တကူ ပေးမဝင်နိုင်ပါချေ။
သူသည် လူအချို့ကို ခေါ်ဆောင်ကာ အောက်သို့ ဆင်းလာခဲ့သည်။ သူ့ဘေးတွင် အသက်လတ်ပိုင်း တာအိုဆရာတစ်ဦး ပါလာ၏။ ထိုသူမှာ ဆံပင်နှစ်ဖက် ဖြူနေပြီး တုန်းလင်းခရိုင်မှ ကျင့်ကြံသူဖြစ်ကာ ထိုမြို့ကို ကာကွယ်ရာတွင် ပါဝင်ခဲ့သူ ဖြစ်သည်။ သူ၏ တာအိုဘွဲ့အမည်မှာ ဆွေ့ကျူ ဖြစ်၏။
လူငယ်ဗိုလ်မှူးသည် ဆွေ့ကျူတာအိုဆရာနှင့်အတူ အပြည့်အစုံ လက်နက်စွဲကိုင်ထားသည့် စစ်သည်အချို့ကို ခေါ်ကာ ထိုသူများ၏ တာအိုမှတ်ပုံတင်နှင့် ရဟန်းလက်မှတ်များကို အသေးစိတ် စစ်ဆေးတော့သည်။
ချန်နိုင်ငံတွင် တရားဝင် ဗုဒ္ဓဘာသာနှင့် တာအိုဘာသာဝင် ကျင့်ကြံသူများမှာ ထိုသို့သော သက်သေခံများ ရှိကြသလို၊ သာမန်လူများတွင်လည်း မှတ်ပုံတင် စာရွက်စာတမ်းများ ရှိကြသည်။
“ယွမ်ကျဲ ဆရာတော်ကြီး”
“တင်းရုံ”
“ရှောင်ရန့်”
ဆွေ့ကျူတာအိုဆရာက အံ့ဩတကြီး အော်ဟစ်လိုက်မိသည်။
ယွမ်ကျဲဆရာတော်ကြီးမှာ ပေဖုန်းခရိုင် မှ ကျင့်ကြံသူ ဖြစ်သော်လည်း ဗုဒ္ဓတရားတော်တွင် အင်မတန် နက်ရှိုင်းသူဖြစ်ကာ တတိယအဆင့်သို့ တက်လှမ်းရန် ခြေတစ်လှမ်းအလိုသာ လိုတော့သည်ဟု သတင်းကြီးသူ ဖြစ်သည်။ သူသည် ဗုဒ္ဓဘာသာ၏ ရဟန်းမြတ်တစ်ပါးပင်။
တင်းရုံနှင့် ရှောင်ရန့်တို့မှာမူ ချန်နိုင်ငံ တာအိုလောက၏ နာမည်ကျော် အလှပဂေးများ... မဟုတ်ပါ၊ လူငယ်ပါရမီရှင်များ ဖြစ်ကြသည်။ သူတို့ကို ဆွေ့ကျူတာအိုဆရာ မသိဘဲ မနေနိုင်ပါချေ။
လောကတွင် နတ်သမီးစာရင်း ဟု သတ်မှတ်ရာ၌ တင်းရုံနှင့် ရှောင်ရန့်တို့မှာ ထိပ်ဆုံးစာရင်းဝင်များ ဖြစ်ကြသည်။
သူတို့ကို တာအိုလောက၏ အလှပဂေး ဆယ်ဦး ဟု ခေါ်ဝေါ်ကြ၏။
(အမှန်စင်စစ် တာအိုဂိုဏ်းကိုယ်တိုင်ကတော့ ထိုသို့ သတ်မှတ်ခြင်းကို အသိအမှတ်မပြုပါချေ။ ကျင့်ကြံသူတို့အဖို့ အလှအပမှာ အရေးမကြီးဟု ယူဆသောကြောင့် ဖြစ်သည်)
ဆွေ့ကျူတာအိုဆရာသည် ယွမ်ကျဲဆရာတော်တို့နှင့် သိကျွမ်းသူ ဖြစ်ရာ၊ ယွမ်ကျဲဆရာတော်တို့၏ အထောက်အထားများမှာလည်း မှန်ကန်နေသဖြင့် သူတို့ကို စစ်စခန်းအတွင်းသို့ ခေါ်ဆောင်သွားတော့သည်။
“အခုလို အမှန်တရားကို မြတ်နိုးတဲ့ စိတ်ဓာတ်တွေ ရှိကြတာဟာ လောကသားတွေအတွက် ကံကောင်းခြင်းပါပဲ။ ဒါပေမဲ့... ချင်းဖုန်းတောင်ကုန်းရဲ့ ဒီဘေးဒုက္ခက ပြေလည်သွားပါပြီ။ ချင်းမင်းသားကြီးရဲ့ တပ်မတော်လည်း အကုန်ပျက်စီးသွားပြီ၊ ဒီနေ့ပဲ သတင်းစာရတယ်... ချင်းမင်းသားကြီး သားအဖနှစ်ယောက်စလုံးလည်း အပြစ်ပေးခံလိုက်ရပြီတဲ့”
ဟု ဆွေ့ကျူတာအိုဆရာက ပြောပြသည်။
“ဘာဖြစ်တယ်” အားလုံး အံ့ဩသွားကြသည်။
သူတို့တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြရာ မယုံကြည်နိုင်စရာပင်။ မိစ္ဆာတွေကို သတ်ဖြတ်ဖို့ ဖုန်တလုံးလုံးနဲ့ ပြေးလာခဲ့တာ ဒါပေမဲ့ ချင်းဖုန်းတောင်ကုန်းရဲ့ ဘေးက ပြေလည်သွားရုံတင်မကဘဲ၊ ချင်းမင်းသားကြီးရဲ့ စစ်တပ်နဲ့ မင်းသားကြီး သားအဖနှစ်ယောက်စလုံးပါ အသတ်ခံလိုက်ရပြီ ဟုတ်လား။
“အမိတာဘ... ဆွေ့ကျူမိတ်ဆွေ၊ ဒါက ဘယ်လိုဖြစ်ရတာလဲ”
ယွမ်ကျဲဆရာတော်က လေးနက်စွာ မေးလိုက်သည်။
“ဒီကိစ္စကို အစိုးရက မြို့တိုင်း၊ ခရိုင်တိုင်းဆီ သတင်းပို့ထားတာပဲ။ ဆရာတော်တို့ ဘာလို့ သတင်းမကြားတာလဲ”
ဟု ဆွေ့ကျူတာအိုဆရာက အံ့ဩကာ ပြန်မေးသည်။
ပုန်ကန်သူ ချင်းမင်းသားကြီးနှင့် သူ၏ စစ်တပ်ကို အစိုးရက နှိမ်နင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ အစိုးရအတွက် အင်မတန် ကြီးကျယ်သော ကုသိုလ်ဖြစ်ရာ တစ်လောကလုံး သိစေရန် ကြေညာချက်များ ကပ်ထားခဲ့သည်။
ယွမ်ကျဲဆရာတော်၏ နှုတ်ခမ်းမှာ တစ်ချက် တုန်သွားရ၏။
“ကောင်းပါလေစ... တပည့်တော်တို့က ခရီးအမြန်ရောက်ဖို့ တောတောင်တွေထဲကနေပဲ ဖြတ်သန်းလာခဲ့ကြလို့ပါ”
“ဪ... ဒါကြောင့်ကိုး၊ လေးစားပါတယ်”
ဆွေ့ကျူတာအိုဆရာက အံ့ဩတကြီး ကြည့်လိုက်မိသည်။
“တာအိုဆရာ... မြန်မြန်ပြောပါဦး၊ ဘယ်လိုဖြစ်တာလဲ ချင်းမင်းသားကြီး စစ်တပ်က ဘာလို့ ဒီလောက်မြန်မြန် ရှုံးသွားရတာလဲ ယန်ဝိညာဉ်ပညာရှင်တစ်ယောက် ပါတယ်ဆို၊ အဲဒီ ကျိုးကုန်းတာအိုဆရာရော ဘာဖြစ်သွားပြီလဲ”
ဟု ရှောင်စဲ့က မရှည်မလျားဘဲ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
ဆွေ့ကျူတာအိုဆရာက ထိုလူငယ်ကို ကြည့်လိုက်ရာ မျက်မှောင်ကြုတ်သွားသည်။
ဒီလူငယ်လေးက စကားပြောတာ အတော်လေး ဒေါသပါ ပါလား။
သို့သော် သူက ဆက်လက်ရှင်းပြလေသည်။
“အဲဒီနေ့က ချင်းဖုန်းတောင်ကုန်းမှာ ချင်းမင်းသားကြီးရဲ့ တပ်တင်မကဘူး၊ မိစ္ဆာအပေါင်းအပါတွေရော၊ ကြောက်စရာကောင်းတဲ့ ဧရာမမိစ္ဆာကြီးတွေရော ရောက်လာကြတာ။ အရှိန်အဝါက ကြောက်စရာကောင်းလိုက်တာ၊ ကိုယ်လုံးကြီးတွေက တောင်လေးတစ်လုံးစာလောက် ရှိတယ်။
အဲဒီတုန်းက ချင်းဖုန်းတောင်ကုန်းရဲ့ တပ်မတော်က လုံးဝ ခုခံနိုင်စွမ်းမရှိဘူး။ စစ်သေနာပတိချုပ်ကြီးလည်း တတိယအဆင့် ယန်ဝိညာဉ်ပညာရှင်တစ်ယောက်ရဲ့ လုပ်ကြံသတ်ဖြတ်တာကို ခံလိုက်ရတယ်။ အခြေအနေက အင်မတန် စိုးရိမ်စရာ ကောင်းခဲ့တာ”
ဆွေ့ကျူတာအိုဆရာသည် ထိုနေ့က မြင်ကွင်းကို ပြန်တွေးမိသည်နှင့် ယခုတိုင် သက်ပြင်းချမိနေဆဲပင်။
“ယန်ဝိညာဉ်ပညာရှင် နှစ်ယောက်တောင်လား”
ရှောင်စဲ့က ကြားဖြတ်မေးလိုက်သည်။
စကားပြတ်သွားသဖြင့် စိတ်ပျက်သွားသော ဆွေ့ကျူတာအိုဆရာက ရှောင်စဲ့ကို တစ်ချက် ကြည့်လိုက်ပြီး ခေါင်းညိတ်ပြသည်။
“မှန်တယ်... ကျိုးကုန်းတာအိုဆရာတင်မကဘူး၊ နောက်ထပ် ယန်ဝိညာဉ်တစ်ယောက်လည်း ပါသေးတယ်။ ယန်ဝိညာဉ်ပညာရှင် နှစ်ယောက်က အင်အားကြီးတဲ့ မိစ္ဆာမျိုးနွယ်တွေကို ခေါ်ပြီး ချင်းဖုန်းတောင်ကုန်းကို လာတိုက်ခဲ့တာ”
“အဲဒီအချိန်မှာ အစိုးရဘက်က ယန်ဝိညာဉ်ပညာရှင်တွေ ရောက်မလာသေးဘူး။ အားလုံးကပဲ ချင်းဖုန်းတောင်ကုန်းဟာ ပြာပုံဖြစ်တော့မယ်၊ ချင်းမင်းသားကြီးတပ်က မြန်ကျိုးမြို့ဆီ တည့်တည့် ချီတက်တော့မယ်လို့ ထင်နေကြတဲ့အချိန်မှာ... ရုတ်တရက် လူငယ်တာအိုဆရာတစ်ယောက် ထွက်ပေါ်လာခဲ့တယ်။
သူက ဓားအရှည်ကြီးတစ်လက်ကို ကိုင်ထားပြီး အင်မတန် ချောမောခန့်ညားတာ။ သူ့ရဲ့ အရှိန်အဝါက ကောင်းကင်ဘုံက ဆင်းသက်လာတဲ့ နတ်ဘုရားတစ်ပါးလိုပဲ”
ထိုနေရာသို့ ရောက်သောအခါ ဆွေ့ကျူတာအိုဆရာသည် ရှောင်စဲ့ကို တစ်ချက်ကြည့်လိုက်ပြီး၊ ရှောင်စဲ့၏ ခါးတွင် ချိတ်ထားသော ဓားကို ကြည့်ကာ ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။
ရှောင်စဲ့ - “...”
သူ ခံစားနေရသည်။
ဤတာအိုဆရာ၏ အကြည့်က သူ့ကို တစ်နည်းနည်းဖြင့် နှိမ်လိုက်သလိုပင်။ သို့သော် ထိုသူ၏ ဖော်ပြချက်များကို ကြားရသောအခါ သူလည်း ရင်ထဲတွင် သွေးများ ဆူပွက်လာရသည်။ ထိုပုံရိပ်ကို ကြားရရုံနှင့်ပင် တစ်စုံတစ်ဦးကို မြင်ယောင်လာမိသည်။
“အဲဒီ လူငယ်တာအိုဆရာရဲ့ မျိုးရိုးက လီ လား”
ရှောင်ရန့်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
“အေး... ဟုတ်တယ် မျိုးရိုးက လီ ပဲ လီတာအိုဆရာက လူတစ်ကိုယ် ဓားတစ်လက်တည်းနဲ့ ချင်းဖုန်းတောင်ကုန်းကို တိုက်ခိုက်နေတဲ့ မိစ္ဆာတွေအားလုံးကို သတ်ပစ်လိုက်တာ ယင်ဝိညာဉ်အဆင့် အထွတ်အထိပ်လောက်ရှိတဲ့ ကြောက်စရာကောင်းတဲ့ မိစ္ဆာကြီးတွေတောင် သူ့ဓားအောက်မှာ တစ်ချက်တည်းနဲ့ အပြတ်ပဲ ”
“ဒါတင်မကဘူး... ဒီလီတာအိုဆရာက ယန်ဝိညာဉ်ပညာရှင် နှစ်ယောက်စလုံးကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့တာ ကျိုးကုန်းတာအိုဆရာရဲ့ ကိုယ်ပွား အသတ်ခံလိုက်ရသလို၊ နောက်ထပ် ယန်ဝိညာဉ်တစ်ယောက်လည်း နေရာမှာတင် အသက်ပျောက်သွားခဲ့တယ်။
ချင်းမင်းသားကြီးရဲ့ တပ်မတော်လည်း အထိနာသွားပြီး ကျန်တဲ့သူတွေအားလုံးကတော့ ကြောက်လန့်တကြားနဲ့ လက်နက်ချ အရှုံးပေးလိုက်ကြရတယ် ”
ဆွေ့ကျူတာအိုဆရာသည် ထိုနေ့က လူတစ်ကိုယ် ဓားတစ်လက်တည်းနှင့် စစ်သည်ထောင်သောင်းကို ရင်ဆိုင်ခဲ့သည့် မြင်ကွင်းကို ပြန်တွေးမိကာ ကြည်ညိုမဆုံး ဖြစ်နေတော့သည်။
တင်ရုံနှင့် ရှောင်ရန့်တို့ ထိုစကားကို ကြားသောအခါ ရင်ထဲတွင် သွေးများ ဆူပွက်လာကြသည်။ အထူးသဖြင့် ရှောင်စဲ့နှင့် ဇိချင်းရဟန်းကဲ့သို့သော လူငယ်ကျင့်ကြံသူများဆိုလျှင် ပို၍ပင်။
လူတစ်ကိုယ်၊ ဓားတစ်လက်
စစ်သည်ထောင်သောင်းကို တစ်ယောက်တည်း ရင်ဆိုင်ခြင်း
ယန်ဝိညာဉ်ပညာရှင် နှစ်ဦးကို သတ်ဖြတ်ခြင်း
မိစ္ဆာအားလုံးကို ရှင်းလင်းပစ်ခြင်း
ဒါက တွေးကြည့်ရုံနှင့်ပင် စိတ်လှုပ်ရှားစရာ အင်မတန် ကောင်းလှသည် ရှောင်စဲ့သည် မိမိကိုယ်တိုင် ဓားကိုကိုင်၍ ယန်ဝိညာဉ်နှစ်ဦးကို ရင်ဆိုင်နေသည့် မြင်ကွင်းကို မှန်းဆကြည့်လိုက်ရာ၊ ချက်ချင်းပင် တစ်ကိုယ်လုံး ကြက်သီးမွှေးညင်းများ ထသွားပြီး ပြင်းထန်သော အရက်တစ်ခွက် သောက်လိုက်ရသလို ခံစားလိုက်ရသည်။
“ယောက်ျားကောင်းဆိုတာ ဒီလို ဖြစ်သင့်တာပဲ”
ရှောင်စဲ့နှင့် ဇိချင်းရဟန်းတို့က တစ်ပြိုင်တည်း ရေရွတ်မိကြသည်။ သူတို့နှစ်ဦး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြရာ ခဏမျှ ကြောင်သွားပြီးနောက် အချင်းချင်း ကိုယ်ချင်းစာသလို ခံစားချက်မျိုး ပေါ်လာကြသည်။
“နှမြောစရာကောင်းတာက ငါ နောက်ကျသွားတယ်၊ မဟုတ်ရင် ငါ့ဓားကလည်း အသွားမတုံးသေးပါဘူး”
ရှောင်စဲ့က ဓားရိုးပေါ်တွင် လက်တင်လျက် သက်ပြင်းချလိုက်သည်။
သူ၏ မေးစေ့ပေါ်မှ မုတ်ဆိတ်မွေး ခပ်တိုတိုလေးများက သူ့ကို ပို၍ လေးနက်တည်ငြိမ်သူတစ်ဦးအဖြစ် ဖော်ပြနေသလိုပင်။
ထိုရက်ပိုင်းအတွင်း ဖုန်တလုံးလုံးဖြင့် နေ့မနား ညမနား ခရီးနှင်ခဲ့ရခြင်းက ဤလူငယ်ဓားသမား၏ မျက်နှာပေါ်တွင် ရင့်ကျက်တည်ငြိမ်သော မုတ်ဆိတ်မွေးများကို ဖြစ်ပေါ်စေခဲ့သည်။
ထိုစကားကို ကြားရသောအခါ ဆွေ့ကျူတာအိုဆရာက ရှောင်စဲ့ကို တစ်ချက် ကြည့်လိုက်ပြီး သတိပေးလိုက်၏။
“အဲဒါ ယန်ဝိညာဉ်ပညာရှင် နှစ်ယောက်နော် ယင်ဝိညာဉ်အဆင့် အထွတ်အထိပ်ကတင် လေး၊ ငါးယောက်လောက် ပါတာ ”
ဆွေ့ကျူတာအိုဆရာသည် ရှောင်စဲ့ကဲ့သို့သော မာန်တက်နေသည့် လူငယ်များကို သိပ်ပြီး သဘောမကျလှပါချေ။
သူက စိတ်ထဲမှပင် ထိုသို့ ပြောချင်နေမိသည်
'မြန်မြန် သတိဝင်စမ်းပါဦး အရက်တွေ ဘယ်လောက်တောင် သောက်ထားလို့ ဒီလောက်အထိ မူးနေရတာလဲ ယန်ဝိညာဉ်ပညာရှင် နှစ်ယောက်နဲ့ မရေမတွက်နိုင်တဲ့ မိစ္ဆာတွေကြားထဲမှာ မင်းလို ခန္ဓာကိုယ်မျိုးနဲ့ သွားရင် ချက်ချင်း အသားဖတ် ဖြစ်သွားမှာပေါ့ '